← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အပိုင်း (၄)

"ပြန်လာပြီလား" ရှောင်းဟွေ့နျန်က မီးဖိုဘေးတွင် နောက်ထပ်နေရာလွတ်တစ်ခုကို ရှင်းလင်းပေးလိုက်ပြီး ပြောလိုက်သည်။ "အပြင်မှာ လေနဲ့နှင်းတွေ အရမ်းကျနေတာ။ ဒီကိုလာပြီး လက်ခြေတွေ နွေးအောင် လုပ်လိုက်ဦး"

"အဆိုးကြီးလည်း မဟုတ်သလို အရမ်းလည်း မအေးပါဘူး"

ရှောင်းလိက ဝါးခမောက်ကို ချွတ်ပြီး တံခါးဘေးရှိ နံရံတွင် ချိတ်ဆွဲလိုက်ရင်း မီးဖိုဘေးတွင် ထိုင်နေသည့် ဝိန်းယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် အထုပ်အချို့ကို ကိုင်ဆောင်လျက် အထဲသို့ ဝင်လာခဲ့သည်။

"ဖုန်းချင်းဂေဟာကို ဖြတ်လာရင်း အမေ ကြိုက်တတ်တဲ့ မုန့်တွေ ဝယ်လာခဲ့တယ်"

ရှောင်းဟွေ့နျန်သည် သူမ၏သား ခက်ခက်ခဲခဲ ရှာဖွေထားသည့် ငွေများအတွက် နှမြောနေမိပြီး မနေနိုင်ဘဲ ပြောမိတော့၏။

"ငွေတွေကို ထပ်ပြီး ဖြုန်းနေပြန်ပြီ။ အမေ ဒါတွေကို မကြိုက်ပါဘူးလို့ ပြောထားသားနဲ့..."

ရှောင်းလိသည် မုန့်ထုပ်များကို စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။

"နှစ်သစ်ကူးပွဲတော်အတွင်း ဖုန်းချင်းဂေဟာမှာ မုန့်တွေကို တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် ပေးနေတာလေ။ အများကြီး မပေးရပါဘူး"

ဝိန်းယွီ အစောပိုင်းက မဆင်မခြင် မေးလိုက်သည့် မေးခွန်းသည် သားအမိနှစ်ယောက်၏ စကားဝိုင်းအောက်တွင် နစ်မြုပ်သွားတော့သည်။

ရှောင်းလိသည် သူ့ခြေထောက်ဖြင့် ခုံတန်းရှည်တစ်ခုကို ဆွဲယူလိုက်ပြီး လက်ကို အပူပေးရန် မီးဖိုဘေးတွင် ထိုင်လိုက်သည်။ နေရာလွတ်က ကျယ်ဝန်းသော်ငြား သူ၏အရပ်အမောင်းနှင့် ခြေတံရှည်များကြောင့် မီးဖိုထောင့်သည် ကျဉ်းကျပ်သွားသယောင် ခံစားရသည်။ သူသည် ပြင်းထန်သည့် နှင်းမုန်တိုင်းထဲမှ ပြန်လာကာ ဤကျဉ်းမြောင်းသည့် နေရာတွင် ခြေသည်းလက်သည်းများကို ပြန်ရုပ်သိမ်းထားသည့် သားရဲကြီးတစ်ကောင်နှင့် တူနေတော့သည်။

သူ အခန်းထဲသို့ ဝင်လာကတည်းက ဝိန်းယွီသည် ခေါင်းပြန်မမော့တော့ဘဲ ထောင့်တစ်နေရာတွင် သူမ၏ လက်ကိုင်ပုဝါကိုသာ တိတ်တိတ်လေး ပန်းထိုးနေလိုက်သည်။ သို့သော်လည်း တစ်ဖက်လူ၏ လွှမ်းမိုးမှုကြောင့် မသိစိတ်အလိုလို အာရုံကြောများ တင်းကြပ်နေမိသည်။

"ဒီနေ့ ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ။ နေ့လယ်ကျရင် အပြင် ထပ်သွားဦးမှာလား"

ရှောင်းဟွေ့နျန်သည် မီးဖိုထဲသို့ ထင်းနှစ်စ ထပ်ထည့်လိုက်ပြီး မီးညှပ်ကို အသုံးပြုကာ တောက်လောင်နေသည့် မီးသွေးခဲများကို အနီးရှိ ရွှံ့အုတ်ဖြင့် ဖုံးအုပ်ထားသည့် မြေအိုးထဲသို့ ထည့်လိုက်သည်။

"သွားရဦးမယ်။ ဒီနေ့ သားသတ်သမားလီဆီကနေ ကြွေးသွားတောင်းရမှာ။ အိမ်နဲ့ နီးနေတာနဲ့ ထမင်းစားဖို့ ပြန်လာတာ"

ရှောင်းလိ၏ ခန္ဓာကိုယ်ပေါ်မှ နှင်းပွင့်များသည် မီးအပူကြောင့် အရည်ပျော်သွားပြီး စိုစွတ်မှုက ကျန်ရစ်ခဲ့သည်။ သူသည် ကျိုးနေသည့် ထင်းစတစ်ခုကို ကောက်ယူရန် ကိုယ်ကို ကိုင်းလိုက်ရာ ထိုအနေအထားကြောင့် ဝိန်းယွီအနားသို့ ရုတ်တရက် တိုးကပ်သွားသလို ဖြစ်သွားပြီး သူမကို ဖိအားပေးနေသယောင် ရှိနေတော့သည်။

ဝိန်းယွီ၏ လက်ထဲမှ အပ်သည် သူမ၏ လက်ထိပ်ကို ရုတ်တရက် စူးသွားသဖြင့် သူမသည် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားတော့သည်။ သူမသည် ဘာအသံမှ မထွက်သော်ငြား သူမ၏လက်မှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။

ရှောင်းလိသည် မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး သူ၏ အရိုင်းဆန်ကာ စူးစမ်းနေသည့် အကြည့်သည် သူမ၏ အကြည့်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသွားတော့သည်။

ဝိန်းယွီသည် သူ့မျက်လုံးများကို မကြည့်ရဲသဖြင့် အကြည့်လွှဲလိုက်ပြီး ဒဏ်ရာရသွားသည့် လက်ချောင်းကို ကွေးထားလိုက်၏။ မီးရောင်အောက်တွင် သူမ၏ ပါးပေါ်မှ အနီစက်များမှာ အနည်းငယ် မှိန်ဖျော့နေပုံရသည်။

"အပ်စူးသွားတာလား။ ပြပါဦး "

ဝိန်းယွီ၏လက် တုန်ယင်သွားသည်ကို ရှောင်းဟွေ့နျန် သတိထားမိလိုက်သဖြင့် တစ်ခုခု မှားယွင်းနေမှန်း သိလိုက်သည်။ သူမသည် ဝိန်းယွီ၏လက်ကို ကိုင်လိုက်ပြီး လက်ထိပ်တွင် ပဲစေ့ခန့် သွေးစက်ကလေး ထွက်နေသည်ကို မြင်လိုက်ရသောအခါ သနားသွားတော့သည်။

"ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အနက်ကြီး စူးသွားရတာလဲ"

ဝိန်းယွီက ပြောလိုက်သည်။ "ကျွန်မက နမော်နမဲ့ နိုင်တာပါ။ ဒေါ်ဒေါ့် လက်ကိုင်ပုဝါကို ပေကျံသွားအောင် လုပ်မိပြီ"

ရှောင်းဟွေ့နျန်က ပြောလိုက်သည်။ "လက်ကိုင်ပုဝါပေါ်မှာ သွေးနည်းနည်းပေတာ ဘာမှမဖြစ်ပါဘူး၊ လျှော်လိုက်ရင် ပြောင်သွားမှာပဲ။ အဲ့ဒီဘက်မှာ အလင်းရောင်က သိပ်မကောင်းဘူးလား။ ပန်းထိုးဖို့အတွက် ဒီနားကို တိုးထိုင်လိုက်"

သူမသည် ပြောရင်းဖြင့် သူမဘေးရှိ ခုံတန်းရှည်ကို ပုတ်ပြလိုက်သည်။

ထိုနေရာတွင် ထိုင်လိုက်ပါက ဤလူမိုက်နှင့် အလွန်နီးကပ်သွားလိမ့်မည်။ ဝိန်းယွီက ငြင်းရန် ပြင်လိုက်သော်ငြား ထိုလူမိုက်သည် ကျိုးနေသည့် ထင်းစကို မီးထဲသို့ ပစ်ထည့်လိုက်ပြီး မတ်တတ်ရပ်ကာ ရှောင်းဟွေ့နျန်ကို မေးလိုက်သည်ကို မြင်လိုက်ရသည်။

"အမေ ဆေးသောက်ပြီးပြီလား"

ရှောင်းဟွေ့နျန်က ပြောလိုက်သည်။ "မသောက်ရသေးဘူး။ ထမင်းချက်ရင်း နွှေးမလို့ပါပဲ"

သူသည် မီးဖိုထဲမှ တောက်လောင်နေသည့် ထင်းစတစ်ခုကို ကောက်ယူပြီး အပြင်သို့ ထွက်သွားတော့သည်။

"ကျွန်တော် နွှေးပေးမယ်"

သူ ထွက်သွားသောအခါမှ ဝိန်းယွီသည် အသက်ကို ဝဝရှူနိုင်တော့သဖြင့် ရှောင်းဟွေ့နျန် အကြံပြုသည့်အတိုင်း တိုးထိုင်လိုက်တော့သည်။ ရှောင်းဟွေ့နျန်သည် ဝိန်းယွီက သူမ၏သားကို ကြောက်ရွံ့နေသည်ကို သတိထားမိပုံရသဖြင့် ပြုံးကာ ပြောလိုက်သည်။

"ကျွငါ့သားက လောင်းကစားရုံမှာ အလုပ်လုပ်တယ်ဆိုပေမယ့် သူက လူရိုင်းတစ်ယောက် မဟုတ်ပါဘူး။ သူ့ကို မကြောက်ပါနဲ့"

ဝိန်းယွီက နာခံစွာ ခေါင်းညိတ်လိုက်သော်လည်း သူမ၏ နှလုံးသားထဲမှ စိုးရိမ်မှုများကတော့ ရှိနေဆဲ။ သူမသည် ချန်လိုင့်ဇီ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရဖူးသလို သူသည် အခြားသူများကို ကြာပွတ်ဖြင့် ရိုက်နှက်နေသည်ကိုလည်း မြင်ဖူးခဲ့သည်။ ချန်လိုင့်ဇီ၏ လိမ်ညာမှုကြောင့် ကျွန်အဖြစ် ရောင်းစားခံခဲ့ရပြီး ကြွေးဆပ်ရန် ဤလူထံသို့ ပို့ဆောင်ခံခဲ့ရသည့် အစေခံတစ်ယောက် အနေဖြင့် သူမသည် ထိုလူကို မကြောက်ဘဲ အဘယ်မှာ နေနိုင်မည်နည်း။ ထို့ကြောင့် ထိုလူမိုက် ရှိနေသည့် အချိန်တိုင်း သူမသည် သူမ၏ တည်ရှိမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားလေ့ ရှိသည်။

ရှောင်းဟွေ့နျန်သည် ပန်းထိုးကွင်းကို သိမ်းဆည်းရင်း အခြားကိစ္စများကို တတွတ်တွတ် ပြောနေသည်။ ဝိန်းယွီ၏ သွေးစွန်းနေသည့် လက်ကိုင်ပုဝါကို မြင်လိုက်ရသောအခါ သူမ၏ အကြည့်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူမသည် လက်ကိုင်ပုဝါကို ယူပြီး အလင်းထဲတွင် သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ဝိန်းယွီကို စူးစမ်းသည့် အကြည့်ဖြင့် ဝမ်းသာအားရ ကြည့်လိုက်သည်။

"မင်းက စူးကျိုးပန်းထိုးပညာကို တတ်တာလား"

ဝိန်းယွီက ခေါင်းညိတ်လိုက်သည်။ "ကျွန်မရဲ့ အမေက စူးကျိုးနဲ့ ဟန့်ကျိုးကဆိုတော့ စူးကျိုးပန်းထိုးပညာကို ကျွမ်းကျင်ပါတယ်။ ကျွန်မ သူ့ဆီကနေ နည်းနည်း သင်ယူခဲ့တာပါ"

ရှောင်းဟွေ့နျန်သည် ဝိန်းယွီ ထိုးထားသည့် အပ်ချက် အနည်းငယ်ကို လေ့လာပြီး ချီးကျူးလိုက်သည်။

"မင်းရဲ့ လက်ရာက တကယ်ကို ထူးခြားတာပဲ။ ဒီပညာနဲ့ အသက်မွေးနေတဲ့ ပန်းထိုးသမတွေတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

လော့ယန်၏ အထင်ကရ အမျိုးသမီးတစ်ယောက် အနေနှင့် သူမကို အသိအမှတ်ပြုခံရစေသည်မှာ သူမ၏ အဆင့်အတန်းကြောင့်သာ မဟုတ်ချေ။ ဝိန်းယွီ၏ အမူအရာ၊ ပန်းထိုးလက်ရာနှင့် အရည်အချင်းများမှာ ဆရာသမားများ၏ တင်းကြပ်သည့် သွန်သင်မှုအောက်တွင် လေ့ကျင့်ထားခြင်း ဖြစ်သည်။ အတိတ်ကို ပြန်စဉ်းစားမိသောအခါ ဝိန်းယွီ၏ မျက်လုံးများမှာ အနည်းငယ် မှေးမှိန်သွားပြီး သူမ၏ လည်ချောင်းထဲမှ ယားယံလာသလို ခံစားလိုက်ရသည်။ သူမသည် နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။

"ဒေါ်ဒေါ်က ကျွန်မကို မြှောက်ပင့်လွန်းနေပါပြီ"

ရှောင်းဟွေ့နျန်သည် ဝိန်းယွီ၏ လက်ရာကို ပိုသဘောကျလာပြီး သူမကို ပြုံးပြလိုက်၏။

"ဒီလက်ကိုင်ပုဝါကို ဈေးတန်းမှာ နှစ်ဆလောက်နဲ့ ရောင်းမယ်ဆိုရင်တောင် ချက်ချင်း ရောင်းထွက်သွားမှာ သေချာတယ်"

ဝိန်းယွီက ပြန်ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မ အားတဲ့အချိန်တွေမှာ ဒေါ်ဒေါ့်ကို ကူပြီး ထိုးပေးပါ့မယ်"

ဒါက သူမရဲ့ ပန်းထိုးအရည်အချင်းကို ထုတ်ပြလိုက်ရတဲ့ တကယ့်ရည်ရွယ်ချက်ပဲ။ သူမရဲ့ အအေးမိတာက အနည်းငယ် သက်သာလာပြီ ဆိုပေမယ့် သူမရဲ့ ခန္ဓာကိုယ်ကတော့ အားနည်းနေတုန်းပဲ။ အရင်တုန်းက အခွင့်ထူးခံ ဘဝနဲ့ နေခဲ့ရတဲ့အတွက် သူမက ပင်ပင်ပန်းပန်း အလုပ်တွေကို မလုပ်တတ်ဘူးလေ။

ဒါပေမယ့် အဲ့ဒီနေ့က လူမိုက် ပြောခဲ့တဲ့ စကားအရဆိုရင် သူက သူမကို အိမ်အလုပ်တွေ အကုန်လုပ်ခိုင်းပြီး သူ့အမေကို ပြုစုခိုင်းဖို့ ရည်ရွယ်ထားတာလေ။ သူမက အဲ့ဒီအလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်ရင် သူတို့တွေက သူမကို မုန်းတီးသွားမှာကို စိုးရိမ်မိတယ်။ အဲ့ဒီလိုဆိုရင် သူမရဲ့ အခြေအနေက ပိုပြီး ဆိုးသွားလိမ့်မယ်။

ရှောင်းဟွေ့နျန်ရဲ့ ကြင်နာမှုက သနားတာကြောင့် ဖြစ်ပေမယ့် ဒီလို သနားစိတ်က ဘယ်လောက်အထိ ကြာမှာလဲ။ ရှောင်းမိသားစုက ချမ်းသာပုံ မရဘူး။ လူပိုတစ်ယောက် ရှိနေတာက အပိုအသုံးစရိတ် ရှိနေသလိုပဲ။ သူမက လေးလံတဲ့ အလုပ်တွေကို မလုပ်နိုင်တဲ့အပြင် ပင်ပန်းတဲ့ အလုပ်တွေကိုလည်း မလုပ်နိုင်တဲ့အတွက် အချိန်ကြာလာရင် သူတို့က သူမကို စိတ်ပျက်လာနိုင်တယ်။

တကယ်လို့ သူမက ပန်းထိုးအလုပ်ကို လုပ်နိုင်မယ်ဆိုရင်တော့ ဒီအတိုင်း အလကား ထိုင်စားနေတာ မဟုတ်တော့ဘူးပေါ့။

သို့သော် ရှောင်းဟွေ့နျန်မှာ ရက်စက်တတ်သူ မဟုတ်သဖြင့် ဝိန်းယွီ နေမကောင်းဖြစ်နေစဉ်တွင် ထိုသို့ ကူညီခိုင်းရန် ငြင်းဆန်လေသည်။

"မင်း အအေးမိတာက လုံးဝ မပျောက်သေးဘူးလေ။ အခုတော့ အနားယူဖို့ကိုပဲ အာရုံစိုက်ပါ"

ဝိန်းယွီက ခေါင်းမာမာဖြင့် ပြောလိုက်သည်။ "ဒီအတိုင်း အားနေတာကလည်း ဘာမှ အကျိုးမရှိပါဘူး။ အပ်နဲ့ ချည်ကို ကိုင်နေတာက အချိန်ကုန်တာ ပိုမြန်စေပါတယ်"

ထိုသို့ ပြောလိုက်သောအခါ ရှောင်းဟွေ့နျန်လည်း ထပ်ပြီး မငြင်းနိုင်တော့ချေ။ သူမသည် ပြုံးကာ သဘောတူလိုက်ပြီး ဝိန်းယွီ ထိုးထားသည့် လက်ကိုင်ပုဝါကို စစ်ဆေးရင်း ပြောလိုက်သည်။

"မင်း ထိုးထားတဲ့ ပုံစံလေးက အရမ်းလှတာပဲ။ အရင်က ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"ဒါက လော့ယန်မှာ ခေတ်စားနေတဲ့ ပုံစံပါ။ ဒီဘက်ကိုတော့ ရောက်ဦးမှာ မဟုတ်ပါဘူး"

ထိုစကားကို ကြားသောအခါ ရှောင်းဟွေ့နျန်၏ မျက်လုံးများမှာ ပိုတောက်ပလာတော့သည်။

"ဒါဆိုရင်တော့ အကောင်းဆုံးပဲ! ခေတ်စားတဲ့ ပုံစံပါတဲ့ လက်ကိုင်ပုဝါတွေဆိုရင် ဈေးနေ့တွေမှာ နာရီဝက်လောက်နဲ့တင် ရောင်းကုန်သွားတတ်တာ။ တစ်ခုပဲရှိတာက ဒီပုံစံတွေကို တခြားလူတွေက လိုက်ကူးကြတာပဲ။ သိပ်မကြာခင်မှာပဲ လမ်းမတွေပေါ်မှာ ဒီလိုပိုးသား လက်ကိုင်ပုဝါတွေက အများကြီး ဖြစ်သွားလိမ့်မယ်။ ရေရှည်ကို ကြည့်မယ်ဆိုရင်တော့ ပန်းထိုးတဲ့ လက်ရာကပဲ တကယ် အရေးကြီးတာပါ"

ထိုစကားကို ကြားလိုက်ရသောအခါ ဝိန်းယွီ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုများ ပေါ်လာခဲ့သည်။

"လမ်းမတွေပေါ်မှာ ပြန့်သွားလိမ့်မယ် ဟုတ်လား"

သူမက အခြေအနေကို နားမလည်ဟု ထင်ကာ ရှောင်းဟွေ့နျန်က ရှင်းပြလိုက်သည်။

"နာမည်ကြီးတဲ့ ပုံစံတွေကို ပန်းထိုးသမတွေက အမြဲတမ်း အတုယူကြတာလေ။ သူတို့က ဒါနဲ့ပဲ အသက်မွေးကြတာကိုး"

ဝိန်းယွီသည် အကြည့်ကို နှိမ့်ချလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မ လော့ယန်က နောက်ဆုံးပေါ် ပုံစံတွေကို သုံးပြီး ထိုးပါ့မယ်"

သူမက အရင်ကတော့ သူမရဲ့ ကိုယ်ရံတော်တွေနဲ့ ဘယ်လို အဆက်အသွယ် လုပ်ရမလဲဆိုတာ မသိဘဲ ဖြစ်နေခဲ့တာ။ ဒါပေမယ့် ရှောင်းဟွေ့နျန်ရဲ့ စကားက သူမကို လမ်းစတစ်ခု ပေးလိုက်သလိုပဲ။ တကယ်လို့ ပန်းထိုးပုံစံတွေကို အတုယူတဲ့သူတွေ များပြီး လမ်းမတွေပေါ်မှာ ပျံ့နှံ့သွားမယ်ဆိုရင် သူမက ဝိန်းမိသားစုရဲ့ သေမင်းတမန် စစ်သည်တွေကို ဆက်သွယ်ဖို့ သုံးတဲ့ လျှို့ဝှက်အမှတ်အသားကို နည်းနည်းလေး ပြုပြင်ပြီး လက်ကိုင်ပုဝါပေါ်မှာ ထည့်ထိုးလိုက်လို့ ရတာပဲ။ သူမရဲ့ ကိုယ်ရံတော်တွေက ဒါကို မြင်လိုက်ရင် သူမ ဒီမှာရှိနေတာကို သိသွားကြမှာပဲ။

ထိုအကြံကို ရရှိသွားသောအခါ ဝိန်းယွီသည် သူမ၏လက်မှ နာကျင်မှုနှင့် ရှောင်းဟွေ့နျန်၏ အကြံပြုချက်များကို လျစ်လျူရှုကာ ချက်ချင်းပင် မီးဖိုဘေးတွင် ဆက်ပြီး ပန်းထိုးနေလိုက်တော့သည်။ ရှောင်းလိသည် ထမင်းသယ်ပြီး အခန်းထဲသို့ ဝင်လာသောအခါ ချန်လိုင့်ဇီက သူ့ကို ရောင်းစားခဲ့သည့် အမျိုးသမီးသည် မီးဖိုဘေးတွင် ထိုင်ကာ ခေါင်းပင်မမော့ဘဲ သူမ၏ ပန်းထိုးအလုပ်ကိုသာ အာရုံစိုက်နေသည်ကို မြင်လိုက်ရ၏။

ရှောင်းလိသည် အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမက အိပ်ရာပေါ်က ထနိုင်တာနဲ့ တပြိုင်နက် အလုပ်မလုပ်ဘူးလို့ သူ ထင်သွားမှာကို ကြောက်လို့ အလုပ်ရှာနေတာလား။

သူကိုယ်သူ ကြင်နာတတ်သူဟု မယူဆသော်ငြား ထိုလောက်အထိတော့ ရက်စက်သူ မဟုတ်ပါချေ။

သူမက သူ့ကို သားရဲကြီးတစ်ကောင်ကို ကြည့်သလို ကြည့်နေသည်ကို စဉ်းစားမိသောအခါ သူသည် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း အလေးအနက် မထားလိုက်ချေ။ သူမက သူ့ကို ကြောက်ရွံ့နေခြင်းက သူ့အမေကို ပိုပြီး ဂရုတစိုက် ပြုစုစေနိုင်သလို အခြား မကောင်းသည့် စိတ်ကူးများလည်း မရှိနိုင်သည့်အတွက် ဒါက ကောင်းသည့် ကိစ္စတစ်ခုပဲ ဖြစ်သည်။

သို့သော်လည်း သူမက ချန်လိုင့်ဇီကို အုတ်ခဲနှင့် ထုခဲ့စဉ်က ရဲရင့်ခဲ့သည့် ပုံစံကို ပြန်စဉ်းစားမိပြီး ယခုလို ကြောက်ရွံ့ပြီး နာခံနေသည့် ပုံစံကို ကြည့်လိုက်မိချိန်တိုင်း တစ်ခုခု မှားယွင်းနေသယောင် ခံစားရ၏။

သူ့အကြည့်သည် သူမကို တစ်ချက်လေး ကြည့်ရုံသာ ကြည့်သင့်သော်လည်း ဝိန်းယွီအပေါ်တွင် အချိန်ခဏ ကြာသွားခဲ့သည်။ သူ၏ စူးရှသည့် အကြည့်မှာ သူမ၏ ကျောရိုးကို ခွဲပြီး အထဲမှ တစ်ခုခုကို ရှာဖွေနေသယောင် ရှိနေတော့၏။

သို့သော်လည်း ဝိန်းယွီသည် ဘာကိုမှ မသိသလို အပ်နှင့် ချည်ကိုသာ ဆက်ပြီး ကိုင်တွယ်နေလိုက်သည်။

ရှောင်းလိက အကြည့်ကို လွှဲလိုက်ပြီး စားပွဲပေါ်သို့ အစားအသောက်များကို တင်လိုက်ကာ လှမ်းခေါ်လိုက်သည်။

"အမေ ထမင်းစားရအောင်"

မီးဖိုဘေးတွင် ဝိန်းယွီ ပန်းထိုးနေသည်ကို ကြည့်နေသည့် ရှောင်းဟွေ့နျန်က "အေး" ဟု ပြန်ထူးလိုက်ပြီး ဝိန်းယွီကိုလည်း လှမ်းခေါ်လိုက်သည်။

"အားယွီ၊ ထမင်းစားပြီးမှ ဆက်ထိုးလေ။ ဒီလောက်လေးက ခဏနေမှ လုပ်လည်း ရပါတယ်"

ပန်းထိုးရာတွင် အာရုံစိုက်နေသည့် ဝိန်းယွီသည် "အားယွီ" ဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ အပ်သည် သူမ၏ လက်ထိပ်ကို နောက်တစ်ကြိမ် စူးမိလုနီးပါး ဖြစ်သွားသည်။ ဖုန်းယန်မှ ထွက်လာကတည်းက သူမကို ဘယ်သူမှ ထိုသို့ မခေါ်ခဲ့ကြချေ။ သူမသည် စိတ်ထဲမှ ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး "ဟုတ်ကဲ့" ဟု ပြန်ထူးလိုက်သည်။

စားပွဲ၏ တစ်ဖက်မှာ နံရံနှင့် ကပ်နေပြီး ရှောင်းဟွေ့နျန်နှင့် ရှောင်းလိတို့က တစ်ဖက်ထဲတွင် ထိုင်နေကြသည်။ ဝိန်းယွီ အနားသို့ တိုးသွားသောအခါ ကျန်နေသည့် တစ်ဖက်တွင်လည်း ပန်းကန်နှင့် တူတစ်စုံကို ချထားပေးပြီး ပန်းကန်ထဲတွင်လည်း သူမအတွက် ပြင်ဆင်ထားသည့် ဆန်ပြုတ်ကဲ့သို့ ဟင်းရည်တစ်မျိုးကို ထည့်ထားသည်ကို သတိထားမိလိုက်သည်။

သူမသည် သံသယ ဖြစ်နေသော်လည်း ချက်ချင်း မထိုင်ရဲသေးချေ။ အမှန်စင်စစ် မင်းသားအိမ်တော်တွင် မည်မျှပင် မျက်နှာသာပေးခံရသည့် အစေခံ ဖြစ်ပါစေ သခင်များ ထမင်းစားနေသည့် အချိန်တွင် ဘေးမှနေ၍ ဟင်းခပ်ပေးရလေ့ ရှိသည်။ ထို့ကြောင့် သူမသည် တူကို ကိုင်ပြီး ရှောင်းဟွေ့နျန် ဘေးတွင် ရပ်ကာ မေးလိုက်သည်။

"သခင်မ၊ ဘာစားချင်ပါသလဲ"

ရှောင်းဟွေ့နျန်သည် မျှစ်ကြော်တချို့ကို ယူရင်း သူမကို ထူးဆန်းသလို ကြည့်ကာ ပြောလိုက်သည်။

"ထိုင်ပြီး စားလေ။ ငါ စားချင်တာကို ကိုယ့်ဘာသာ ယူစားလို့ ရပါတယ်"

အမှန်အတိုင်း ပြောရလျှင် စားပွဲပေါ်တွင် မျှစ်ကြော် တစ်ပန်းကန်၊ ပဲတောင့်ရှည်ပြုတ်တစ်ပန်းကန်နှင့် အချဉ်တစ်ပန်းကန်မှလွဲ၍ အခြား ဟင်းများများစားစား မရှိချေ။

ဝိန်းယွီသည် တူကို ကိုင်ကာ ထိုနေရာတွင် ကြောင်စီစီဖြင့် ရပ်နေမိ၏။

သူမက ဟင်းခပ်ပေးစရာ မလိုဘူးလား။

သူမသည် ထိုလူမိုက်ဘက်သို့ သံသယ အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

ရှောင်းလိသည် သူမ၏ အကြည့်ကြောင့် ဟင်းရည် သီးသွားတော့သည်။ သူသည် နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါတို့အိမ်မှာ ဒီလောက် စည်းကမ်းတွေ မများပါဘူး။ ထိုင်ပြီး စားလို့ ပြောနေရင် ထိုင်ပြီး စားလိုက်ပါ"

ထိုအခါမှ ဝိန်းယွီသည် စားပွဲ၏ အခြားတစ်ဖက်တွင် ထိုင်လိုက်သည်။ သူမသည် ဘာဂျုံမှုန့်အမျိုးအစားဖြင့် ပြုလုပ်ထားမှန်း မသိသည့် ဟင်းရည်ကို သောက်ရင်း တစ်စုံတစ်ခုကို ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်။ ဤလူမိုက်က သူမကို သူ့အမေအတွက် အစေခံ ဖြစ်ရမည်ဟု ပြောခဲ့သော်လည်း သူရော သူ့အမေပါ အဆင့်အတန်း ခွဲခြားတာကို သိပ်ပြီး ဂရုစိုက်ပုံမရချေ။

သူမ၏ အတွေးများထဲတွင် နစ်မြုပ်နေစဉ် ရှောင်းဟွေ့နျန်က သူမ၏ ပန်းကန်ထဲသို့ မျှစ် တစ်မျှင် ထည့်ပေးလိုက်သဖြင့် လန့်သွားတော့သည်။

"ဘာလို့ ဟင်းရည်ပဲ သောက်နေတာလဲ။ ဟင်းတွေလည်း စားဦးလေ"

ဝိန်းယွီ၏ နှလုံးသားထဲတွင် ထူးဆန်းသည့် ခံစားချက်မှာ ပိုလေးလံလာပြီး ဝမ်းနည်းသလို ခံစားချက်မျိုး ဖြစ်လာသည်။ သူမသည် ခေါင်းငုံ့ကာ ဆီများ ဝေ့နေသည့်မျှစ်ကို စားရင်း တိုးညှင်းစွာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ရှောင်းဟွေ့နန်သည် သူမ၏ ပိန်လှီလှသည့် ခန္ဓာကိုယ်ကို ကြည့်ပြီး ပိုသနားသွားတော့သည်။

"အားမနာပါနဲ့။ ဒေါ်ဒေါ် ပြောသလိုပဲ အခုကစပြီး ဒီနေရာကို ကိုယ့်အိမ်လိုပဲ သဘောထားလိုက်ပါ"

ရှောင်းလိကတော့ ဟင်းရည်သောက်ရင်း သူမကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ဘာမှ မပြောချေ။

ထမင်းစားပြီးနောက် ရှောင်းဟွေ့နျန်သည် ဆေးတစ်ခွက် ထပ်သောက်လိုက်ပြီး ပင်ပန်းနေသဖြင့် အနားယူရန် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

မီးဖိုချောင်ထဲမှ ပန်းကန်ဆေးသံများကို နားထောင်ရင်း ဝိန်းယွီသည် မီးဖိုဘေးတွင် ပန်းထိုးတာကို ဆက်လုပ်ရမလား သို့မဟုတ် အခန်းထဲ ပြန်ရမလား စဉ်းစားနေမိသည်။ နောက်ဆုံးတွင်တော့ သူမသည် သူမ၏ အပ်ချုပ်ခြင်းတောင်းကို ယူပြီး သူမ၏ အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။

ရှောင်းလိသည် ပန်းကန်များ ဆေးပြီးနောက် ပြန်လာသောအခါ မီးဖိုဘေးတွင် ဘယ်သူ့ကိုမှ မတွေ့ရသဖြင့် မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။

သူသည် ဝိန်းယွီ၏ အခန်းရှေ့သို့ လျှောက်သွားပြီး တံခါးကို ခေါက်လိုက်လေသည်။

...

All Chapters