အခန်း ၁၀၃
Vol. 11 Ch. 103
အပိုင်း (၁၀၃)
တိမ်မည်းများက လမင်းကို ဖုံးကွယ်ထားပြီး မှောင်မိုက်နေသော ညကောင်းကင်အောက်တွင် အဝေး ကျိုးအိမ်တော်တွင်တော့ မီးခိုးငွေ့များ လိပ်တက်နေကာ မီးတောက်များက ကောင်းကင်သို့တိုင် ထိုးတက်နေသည်။ လောင်ကျွမ်းနေသော အနံ့အသက်များကို ညလေပြေက အဝေးသို့တိုင် သယ်ဆောင်သွား၏။
လမ်းဘေးရှိ ပြည်သူများသည် လောင်ကျွမ်းသံများနှင့် အော်ဟစ်သံများကို ကြားရသော်လည်း ဟနေသော တခါးကြားများမှတစ်ဆင့် လမ်းမပေါ်တွင် ပြည့်နှက်နေသော ပြည်နယ်စစ်သည်များနှင့် ကျိုးအိမ်တော်ဆီသို့ လွင့်ပျံသွားသော အမြောက်စာများကို မြင်တွေ့ရသောအခါ တံခါးဖွင့်ရန် သတ္တိမရှိကြတော့ချေ။ အားလုံးက နားပင်း၊ ဆွံ့အဟန်ဆောင်ကာ မိမိတို့အိမ်၏ တံခါးနှင့် ပြတင်းပေါက်များကို တင်းကြပ်စွာ ပိတ်ထားကြပြီး ကလေးငယ်များ၏ ညသန်းခေါင် ငိုကြွေးသံများကိုပင် အသံတိတ်သွားစေရန် ဖုံးအုပ်ထားလိုက်ကြသည်။
ရှောင်းလိသည် ကျိုးအိမ်တော်မှ ထွက်ပြေးလွတ်မြောက်လာသော ကျိုးစွေနှင့် သူ၏လူများကို ခေါ်ဆောင်ကာ လမ်းကြားထဲသို့ ဦးဆောင်သွားလိုက်၏။ ကျိုးစွေမှာ ထိုလေးထောင့်စပ်စပ် မျက်နှာနှင့် လူသန်ကြီး၏ ဆွဲခေါ်မှုကြောင့် လမ်းတစ်လျှောက်လုံး အသည်းအသန် ပြေးလွှားခဲ့ရသည်။ ယခုအချိန်တွင် ရေညှိများ ဖုံးလွှမ်းနေသော အုတ်နံရံကို မှီထိုင်နေရပြီး ဆံပင်အရင်းများမှာ ချွေးများဖြင့် စိုရွှဲနေကာ မျက်နှာပေါ်ရှိ သွေးကွက်များသည် အပူကြောင့် ပိုလို့ပင် စေးကပ်နေတော့သည်။ သို့သော် သူသည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ချေ။
ပိန်လှီသော ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ပျက်စီးနေသည့် လေမှုတ်ပြောင်းလို အဆက်မပြတ် မောဟိုက်နေသည်။ သူက ရှောင်းလိကို ပြတ်တောင်းပြတ်တောင်းဖြင့် ပြောလိုက်လေသည်။ "ငါ သတင်းရတာက... ဒေါ်ဒေါ်က အုပ်ချုပ်ရေးမှူးရုံးတော်ရဲ့ နောက်ဖေးခြံဝင်း အနောက်ဘက်အဆောင်မှာ ရှိနေတာတဲ့။ ငါ့လူတွေက သွားကယ်ဖို့ ကြိုးစားပေမယ့် ချောင်ပိတ်ဖမ်းခံလိုက်ရပြီး စစ်ရေးပြမြေပုံကို ခိုးယူတယ်ဆိုတဲ့ ပြစ်မှုနဲ့ စွပ်စွဲခံလိုက်ရတယ်။ အဲဒီနောက် ချက်ချင်းပဲ ချန်းကျီတပ်က မြို့သိမ်းလက်နက်ကြီးတွေကို ယူလာပြီး အိမ်တော်ကို ဝိုင်းရံသတ်ဖြတ်တော့တာပဲ..."
စောစောက သူသည် စကားတစ်ခွန်းပင် မပြောနိုင်လိုက်မီ ကျိုးအိမ်တော် အရှေ့ဘက်ခြံဝင်းမှ ဝင်ရောက်တိုက်ခိုက်လာသော စစ်သည်များသည် နောက်ဖေးခြံဝင်းဆီသို့ ပြုံတိုးဝင်လာကြသည်။ အခြေအနေက အရေးပေါ်ဖြစ်နေသဖြင့် ရှောင်းလိက သူတို့ကို ဦးဆောင်ကာ အရင်ဆုံး ဖောက်ထွက်လာခဲ့လိုက်သည်။
ယခုအချိန်တွင်တော့ ဤနေ့ဝက်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောဆိုနေချိန်၌ သူ၏ မျက်လုံး၂လုံးက တစ်ဖန် သွေးရောင်လွှမ်းကာ နီရဲလာပြီး မျက်ရည်များက မျက်လုံးများထဲမှ လိမ့်ဆင်းလာခဲ့သည်။ သူသည် ခေါင်းကို အစွမ်းကုန် မော့ထားပြီး လည်ဇလုတ်က အထက်အောက် လှုပ်ရှားနေသော်လည်း သူ့ကို အသက်ရှူမဝလောက်အောင် ဖိစီးနေသော နာကျင်မှုများကို မျိုချလို့ မရနိုင်ခဲ့ချေ။ လက်ချောင်း၅ချောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူက ပြောလိုက်လေသည်။ "ဒါက ကြိုတင်ကြံစည်ထားတာပဲ။ ဖေစုန့်က ငါတို့ ကျိုးမိသားစုရဲ့ ယုံကျိုးမှာရှိတဲ့ အင်အားအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ အများကြီး အားထုတ်ခဲ့တာ။ ဒေါ်ဒေါ် သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတဲ့ သတင်းက အမှန်လား အမှားလားဆိုတာ ငါ မသိတော့ဘူး..."
အလွန် နာကျင်နေသောကြောင့် ဖြစ်နိုင်သည်။ နောက်ပိုင်း စကားများ ပြောရာတွင် သူ၏ အသံမှာ အက်ကွဲသွားခဲ့လေသည်။
အဝေးမှ မီးရောင်က ကောင်းကင်တစ်ဝက်ကို နီရဲနေစေပြီး ရှောင်းလိ၏ မျက်နှာတစ်ဝက်ကျော်မှာ အမှောင်ထုထဲတွင် ပုန်းကွယ်နေသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူသည် ကျိုးစွေ၏ ပခုံးပေါ်သို့ လက်တင်ကာ ပုတ်လိုက်ပြီး ပြောလိုက်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"
ကျိုးစွေသည် အစက မေးရိုးကို တင်းတင်းကြပ်ကြပ် တင်းထားသော်လည်း နောက်ဆုံးတွင် မျက်လုံးထဲ၌ ပိုပြီး စုဝေးလာသော ဝမ်းနည်းမှုများကို အရှုံးပေးလိုက်ရတော့သည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး ပြိုလဲသွားသည့်နှယ် အက်ကွဲစွာ ငိုကြွေးရင်း ပြောလိုက်လေသည်။ "ငါက အရည်အချင်းမရှိဘဲ ငါ့ကိုယ်ငါ ဉာဏ်ကောင်းတယ်လို့ ထင်ခဲ့လို့ ဦးလေးကျုံးတို့ကို သေအောင် လုပ်မိတာပဲ..."
သူက ဖေစုန့်ဘက်မှ ရိက္ခာပို့ဆောင်မည့် စစ်ရေးလျှို့ဝှက်ချက်ကို သိရှိထားပြီဟု ထင်မှတ်ခဲ့ပြီး ဖေစုန့်က အခြားကိစ္စများတွင် သူ့ကို ထပ်မံ ထောင်ချောက်ဆင်လိမ့်မည် မဟုတ်ကြောင်း သေချာနေခဲ့သည်။ အကယ်၍ ရှောင်းဟွေ့နျန်ကို အောင်မြင်စွာ ကယ်တင်နိုင်ပါက ရွှီမိသားစု၏ ရေကြောင်းသွားလာရေး လမ်းကြောင်းကို အသုံးပြုပြီး ရှောင်းဟွေ့နျန်ကို ဖိန်ကျိုးသို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်ထားခဲ့၏။ အကယ်၍ ကျရှုံးသွားခဲ့ပါက သူသည် တပ်ဖွဲ့ဝင်ဟောင်းများနှင့်အတူ အသေခံတိုက်ခိုက်ပြီး ယုံကျိုးတွင် ကျန်ရစ်ခဲ့သော ဖေစုန့်၏ ခွေးတပည့်များကို အငိုက်ဖမ်း သတ်ဖြတ်ပြီးနောက် ရှောင်းဟွေ့နျန်နှင့် တပ်ဖွဲ့ဝင်ဟောင်းများကို ခေါ်ဆောင်ကာ တောင်ဘက်ရှိ ဝိန်းယွီထံသို့ ခိုလှုံရန် သွားရောက်နိုင်လိမ့်မည်။
ဤသို့ဆိုလျှင် ဖေစုန့်က သူ့ကို အမှန်တကယ် ဖယ်ရှားရန် လက်မလှမ်းမီတွင် သူက ဖေစုန့်ကို အရင်ဆုံး အကျပ်ရိုက်အောင် လုပ်နိုင်လိမ့်မည်။
သို့သော် သူ၏ ပြည့်စုံလှသည်ဟု ဆိုသော အစီအစဉ်မှာ အစမှအဆုံးတိုင်အောင် ရယ်စရာတစ်ခုသာ ဖြစ်ခဲ့လေသည်။
ဤသည်မှာ သူ့ကို ရည်ရွယ်ပြီး ခင်းကျင်းထားသော သေမင်းတမန် ထောင်ချောက်တစ်ခုသာပင်။
ဖေစုန့်ကသာ စစ်တုရင်ခုံ၏ အပြင်ဘက်တွင် ရှိနေပြီး တစ်ပွဲလုံးကို စီစဉ်ကွပ်ကဲနေသူ အစစ်အမှန် ဖြစ်နေ၏။
သူ၏စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုက သေဘေးမှ လွတ်မြောက်လာသော အိမ်တော်စောင့်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများကိုပါ မျက်လုံးများ နီရဲလာစေသည်။ မြားမိုးနှင့် အမြောက်စာများကြားတွင် သေဆုံးသွားခဲ့ရသော လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်အမှတ်ရလာသောအခါ အားလုံး၏ စိတ်ထဲတွင် အလွန် ဝမ်းနည်းကြေကွဲနေကြတော့သည်။
ရှောင်းလိက ကျိုးစွေ၏ ပခုံးပေါ်တွင် တင်ထားသော လက်ကို အားစိုက်ကာ ဆုပ်ကိုင်လိုက်သော်လည်း နှစ်သိမ့်စကား ထပ်မပြောတော့ချေ။
အချို့သော နာကျင်မှုများသည် မည်မျှပင် ပြောဆိုနေစေကာမူ အချည်းနှီးသာ ဖြစ်လေသည်။ မိမိကိုယ်တိုင်သာ အံကြိတ်ကာ သည်းခံရင်း၊ မုန်းတီးရင်း၊ မှတ်သားထားရင်း၊ ကလဲ့စားချေရလိမ့်မည်။
အဝေးမှ ဖရိုဖရဲ ခြေသံများ ထွက်ပေါ်လာပြီး ပြည်နယ်စစ်သည်များ၏ အော်ဟစ်ရှာဖွေနေသော အသံများကို သဲ့သဲ့လေး ကြားလိုက်ရသဖြင့် ရှောင်းလိသည် မျက်လုံးများကို ပင့်ကာ ထိုဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
လမ်းတစ်လျှောက် ကျိုးစွေကို ကာကွယ်ပေးလာသော လေးထောင့်စပ်စပ် မျက်နှာနှင့် လူသန်ကြီးမှာလည်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကျိုးစွေကို ပြောလိုက်၏။ "သခင်လေး... သူရဲကောင်းတစ်ယောက် ကလဲ့စားချေဖို့ဆိုတာ ၁၀နှစ်ကြာလည်း နောက်မကျသေးပါဘူး။ ကျွန်တော်တို့ အရင်ဆုံး မြို့ပြင်ထွက်ဖို့ နည်းလမ်းရှာကြရအောင်"
ရှောင်းလိသည် သူ့ဓားကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ထိုလူသန်ကြီးကို ပြောလိုက်လေသည်။ "မင်းတို့ရဲ့ သခင်လေးကို ခေါ်သွားလိုက်"
စောစောက ကျိုးအိမ်တော်မှ တိုက်ခိုက်ဖောက်ထွက်လာစဉ်ကတည်းက ထိုလူသန်ကြီးသည် ရှောင်းလိ၏ ပြိုင်ဘက်ကင်းသော သိုင်းပညာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဖြစ်သည်။ ရှောင်းလိနှင့် အတူသွားလျှင် သူတို့ အများကြီး ပိုလုံခြုံမည်ကို အသေအချာ သိထားသဖြင့် ရှောင်းလိက လမ်းကြားအပြင်ဘက်သို့ ထွက်သွားသည်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်လေသည်။ "ခင်ဗျားက ကျွန်တော်တို့နဲ့ အတူတူ မလိုက်ဘူးလား"
ရှောင်းလိသည် လမ်းကြားအဝသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မီးရောင်ကြောင့် နီရဲနေသော ကောင်းကင်အောက်တွင် မျက်နှာကို တစ်ဝက်လှည့်ကာ ပြန်ပြောလိုက်၏။ "ငါ လိုက်လာတဲ့သူတွေကို အာရုံလွှဲဖို့ သွားလိုက်မယ်"
ကျိုးအိမ်တော်တစ်ခုလုံးက မီးတောက်များ၏ ဝါးမြိုခံလိုက်ရဟန်တူသည်။ အဝေးမှ မီးရောင်က မှေးမှိန်သွားပြီး ညကောင်းကင်ယံ၏ ခပ်ဖျော့ဖျော့ အနီရောင်အောက်တွင် မီးခိုးရောင် အမည်းကွက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုဘက်မှ တိုက်ခတ်လာသော လေပြေထဲတွင်ပင် ပြာမှုန်များ ရောနှောနေလေသည်။
ရှောင်းလိသည် မြေပြင်ပေါ်တွင် လဲကျနေသော နောက်ဆုံး ပြည်နယ်စစ်သည်၏ ခန္ဓာကိုယ်ထဲမှ ရှည်လျားသော ဓားကို ဆွဲထုတ်လိုက်၏။ သူ၏ ဝတ်ရုံအစွန်းတွင် သွေးစက်များ ပေကျံနေပြီး အနောက်ဘက်မှ ဖရိုဖရဲ ခြေသံများကို ထပ်မံ ကြားလိုက်ရသဖြင့် သူသည် ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။
လိုက်လာသော ကျိုးအိမ်တော်၏ တပ်ဖွဲ့ဝင်ဟောင်း အချို့သည် သူ၏ တည်ငြိမ်အေးစက်နေသော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ ထို့နောက် သူ၏ ခြေရင်းတွင် ဖရိုဖရဲ လဲကျနေသော အလောင်းများကို မြင်လိုက်ရသောအခါ မသိစိတ်က အလိုလို တံတွေးမျိုချလိုက်မိကြ၏။ သူတို့သည် ပေအနည်းငယ် အကွာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး လာရသည့် အကြောင်းရင်းကို ပြောလိုက်လေသည်။ "ကျွန်တော်တို့က သခင်လေးရဲ့ အမိန့်အရ... ခင်ဗျားကို လာကူညီပေးတာပါ"
စကား၏ဒုတိယပိုင်းက သိသိသာသာကို ယုံကြည်မှု ကင်းမဲ့နေလေသည်။
ရှောင်းလိက ရောက်လာသော ထိုလူများကို ထပ်မကြည့်တော့ဘဲ ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ ပြောလိုက်လေသည်။ "မင်းတို့ သခင်လေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ လိုက်လာတဲ့သူတွေကို ငါ ရှင်းလင်းပြီးပြီ။ မင်းတို့ ပြန်လို့ ရပါပြီ"
ထိုလူများက ရှောင်းလိမှာ သူတို့နှင့်အတူ ခရီးဆက်ရန် လုံးဝ ဆန္ဒမရှိကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် အနည်းငယ် စိုးရိမ်သွားကြပြီး စကားကောင်းများ ထပ်ပြောရန် အသည်းအသန် စဉ်းစားကာ ပြောလိုက်လေသည်။ "ဒါက... လူကြီးမင်း..."
သို့သော် စကားမဆုံးခင်မှာပင် မြို့အနောက်ဘက်မှ တစ်စုံတစ်ခု ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ထိုလူများက လှည့်ကြည့်လိုက်သောအခါ မြို့အနောက်ဘက်တွင်လည်း ကောင်းကင်သို့တိုင် ထိုးတက်နေသော မီးတောက်များကို မြင်တွေ့လိုက်ရသည်။
မြို့တွင်း မြေမျက်နှာသွင်ပြင်ကို ကောင်းစွာ သိရှိသော ကျိုးအိမ်တော်မှ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်လေသည်။ "မြို့အနောက်ဘက် တဝိုက်က လူနေရပ်ကွက်တွေချည်းပဲ. ဒီည ဘယ်လိုဖြစ်လို့ မီးလောင်နေရတာလဲ"
ရှောင်းလိသည် ထိုမီးတောက်များကို မြင်လိုက်ရသောအခါ မျက်ခုံးများက ရုတ်တရက် တွန့်ချိုးသွားတော့သည်။ နောက်ဘက် လမ်းမကြီးပေါ်တွင် မြင်းစီးစစ်သည်များ ထပ်မံ လိုက်လံလာပြီး အဝေးမှနေ၍ သူတို့ကို လက်နက်ချရန် စတင် အော်ဟစ်နေကြသည်။
ကျိုးအိမ်တော်၏ တပ်ဖွဲ့ဝင်ဟောင်း အချို့သည် ရှောင်းလိက မြို့အနောက်ဘက်မှ မီးတောက်များကို စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ သူ့ကို အော်ခေါ်လိုက်ပြီး လမ်းကြားများထဲမှ လမ်းခွဲပြီး အမြန်ထွက်ပြေးရန် ပြောလိုက်ကြသည်။ သို့သော် ရှောင်းလိကတော့ ပိုပြီး ပြင်းထန်စွာ လောင်ကျွမ်းနေသော မြို့အနောက်ဘက်မှ မီးတောက်များကိုသာ စိုက်ကြည့်နေပြီး ပတ်ဝန်းကျင်မှ အသံအားလုံးကို လျစ်လျူရှုထားခဲ့သည်။
အလွန်လျင်မြန်စွာ ဒုန်းစိုင်းလာသော လူတစ်ယောက်နှင့် မြင်းတစ်ကောင်က သူ့ကို ဝင်တိုက်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရ၏။ မြင်းပေါ်မှ မြင်းစီးစစ်သည်သည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖြင့် ခါးမှ ဓားကို ဆွဲထုတ်ကာ ရှောင်းလိထံသို့ ပိုင်းချလိုက်သည်။ ကျိုးအိမ်တော် တပ်ဖွဲ့ဝင်ဟောင်းများမှာ အလွန်ထိတ်လန့်သွားကြပြီး သူ့ကို ဘေးသို့ တွန်းထုတ်ရန် ပြေးသွားချင်သော်လည်း ဘယ်လိုမှ အချိန်မမီတော့ချေ။
စစ်မြင်း၏ ဟီသံများ ထွက်ပေါ်လာပြီး ခွာအောက်တွင် သွေးရောင်များ ဖြန်းပက်သွားသော်လည်း ယင်းမှာ ရှောင်းလိ၏ သွေးများ မဟုတ်ခဲ့ချေ။
ကျိုးအိမ်တော် တပ်ဖွဲ့ဝင်ဟောင်းများ ထိတ်လန့်မှုမှ သတိပြန်ဝင်လာချိန်တွင် မြေပြင်ပေါ်၌ ထိုမြင်းစီးစစ်သည်၏ အလောင်းသာ ကျန်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ရှောင်းလိကတော့ မြင်းကို လုယူကာ မြို့အနောက်ဘက်သို့ တန်းတန်းမတ်မတ် ဒုန်းစိုင်းသွားလေပြီ။
_____
လွန်ခဲ့သော ၂နာရီခန့်က၊ ယုံကျိုး အုပ်ချုပ်ရေးမှူးရုံးတော်။
ဆွေးနွေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ စစ်သူကြီးချုပ်သည် တမင်တကာ နောက်ဆုံးမှ ထွက်ခွာသွားသောကျိုးစွေ အဝေးသို့ ရောက်သွားသည်ကို ကြည့်ပြီးနောက် ဆွေးနွေးပွဲ ခန်းမဆောင်၏ အခန်းကန့်တံခါးကို တွန်းဖွင့်လိုက်ကာ အတွင်းရှိ လူကို ရိုသေစွာဖြင့် ပြောလိုက်လေသည်။ "အမတ်ချုပ်... ငါးစာချလိုက်ပါပြီ"
အခန်းတွင်းရှိ ပြတင်းပေါက်ကို အက်ကွဲကြောင်းလေး တစ်ခုသာ ဖွင့်ထားသဖြင့် အလင်းရောင်က အနည်းငယ် မှိန်ပျပျ ဖြစ်နေသည်။ စန္ဒကူးသစ်သား စားပွဲရှည်၏ အဆုံးတွင် အဝကျယ်သော ကြာအိုးတစ်လုံးကို ထားရှိပြီး လက်ဖဝါးအရွယ်ရှိ ကြာရွက်အချို့က အလယ်က သွယ်လျလျ ကြာပန်းနှစ်ပွင့်ကို ဝန်းရံထားသည်။ အောက်ခြေတွင် လက်မအရွယ်အစားရှိ အနီရောင် ငါးငယ်လေးများ ကူးခတ်နေသည်ကို ခပ်ရေးရေး မြင်တွေ့နေရ၏။
ပြတင်းပေါက်၏ ထိုအက်ကွဲကြောင်းလေးမှတစ်ဆင့် မျက်နှာချင်းဆိုင် စင်္ကြံလမ်းမှ ဖြတ်လျှောက်သွားသော ကျိုးစွေ၏ ကျောပြင်ကို ကွက်တိပင် မြင်တွေ့နိုင်လေသည်။
ဖေစုန့်သည် ဘေးကငါးစာဘူးထဲမှ ငါးစာအနည်းငယ်ကို ယူကာ ကြာအိုးထဲသို့ ဖြူးချလိုက်သည်။ အနီရောင် ငါးငယ်လေးများက ငါးစာကို လုစားနေသည်ကို ကြည့်ရင်း သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။ "ငါးလေးတွေက ဉာဏ်ကောင်းပြီး အရမ်း သတိကြီးနေကြတာပါ။ ဒါပေမယ့် ချထားတဲ့ ငါးစာက လုံလုံလောက်လောက် များနေမယ်ဆိုရင်တော့ ပေါ့ဆသွားမယ့် အချိန်တစ်ခု သေချာပေါက် ရှိလာမှာပါ"
သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ပင့်တက်သွားပြီး စစ်သူကြီးချုပ်ကို ကြည့်လိုက်၏။ "နောက်တစ်ဆင့်ကတော့ အချိန်မရွေး ငါးမျှားတံ ပြန်ရုပ်ဖို့ ပြင်ဆင်ထားရတော့မယ်"
စစ်သူကြီးချုပ်က လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းညိတ်ပြလိုက်လေသည်။ "ကျွန်တော် နားလည်ပါပြီ"
စစ်သူကြီးချုပ် ထွက်ခွာသွားပြီးနောက် ကိုယ်ရံတော်သည် အမှောင်ထဲမှ ထွက်လာပြီး ဖေစုန့်ကို ပြောလိုက်လေသည်။ "သခင်... ဖိန်ကျိုးဘက်က သတင်းရောက်လာပါတယ်။ ရှောင်းလိ သေသွားပြီတဲ့"
ဖေစုန့်သည် ပုဝါကို ယူကာ ငါးစာ ကိုင်တွယ်ထားသော လက်များကို သုတ်လိုက်၏။ သူသည် မျက်ခုံးကို ခပ်ဖွဖွ ပင့်လိုက်ပြီး လေသံက အရင်လို ပေါ့ပါးနေဆဲ ဖြစ်သော်လည်း သိသိသာသာ လှောင်ပြောင်မှုများ ပါဝင်နေသည်။ "တကယ်ကို သူတို့ ဝိန်းမိသားစုရဲ့ မျိုးရိုးစဉ်ဆက် လုပ်ရပ်အတိုင်းပဲ"
ကိုယ်ရံတော်က မြှောက်ပင့်ကာ ပြောလိုက်လေသည်။ "သခင်က အမြော်အမြင် ကြီးမားလှပါတယ်။ ယန်ချွဲ့ကို သူလျှိုအဖြစ် အရင် စေလွှတ်လိုက်တဲ့ အတိတ်က သင်ခန်းစာ ရှိထားတော့ ဟန့်ယန်က မြွေပွေးကိုက်ခံရဖူးရင် ကြိုးခွေမြင်တိုင်း လန့်နေမှာပဲ မဟုတ်လား။ သူတို့ လျန်သူပုန်တွေက ကိုယ်ကျင့်တရားနဲ့ သစ္စာတရားကို ပါးစပ်ဖျားမှာ တဖွဖွ ပြောနေကြတာဆိုတော့ သခင်က ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ ဝိန်းမိသားစုရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို တစ်လောကလုံး သိအောင် ဖော်ထုတ်လိုက်လို့ ရပါတယ်"
"သံသယကြောင့် သစ္စာရှိတဲ့ သူတွေကို မှားယွင်းသတ်ဖြတ်တယ်ဆိုတဲ့ သတင်း ထွက်လာတာနဲ့ ဟန့်ယန် အများကြီး အားထုတ်တည်ဆောက်ထားတဲ့ နာမည်ကောင်းတွေ အကုန် ပျက်စီးသွားမှာပဲ။ အဲဒီအခါ အမတ်ချုပ်က ဒီ၁၀စုနှစ်များအတွင်းမှာ မတရားစွပ်စွဲခံရတဲ့ အမတ်တွေအတွက် အမှုပြန်ဖွင့်ပေးလိုက်ရင် ဝိန်းမိသားစုရဲ့ ဟန့်ယန်က လူတိုင်းရိုက်သတ်ချင်တဲ့ လမ်းဘေးကြွက် ဖြစ်သွားလိမ့်မယ်။ သခင်က ကိုယ်တိုင် ဝင်ပါဖို့တောင် မလိုဘဲ သူတို့ တောင်ဘက်နယ်စပ်က အုပ်စုက သူ့အလိုလို ပြိုကွဲသွားမှာပါ"
ကိုယ်ရံတော်မှာ ပြောလေပြောလေ မျက်နှာအမူအရာက ပိုမို စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သို့သော် ဖေစုန့်က သူ့စကားကို မထောက်ခံခဲ့ဘဲ လက်များကို သေသေချာချာ သုတ်ပြီးမှ ပုဝါကို ချလိုက်ကာ မေးလိုက်လေသည်။ "ဟန့်ယန်က ရှောင်းလိ သူလျှိုဆိုတဲ့ ကိစ္စကို ကြေညာလိုက်ပြီလား"
ကိုယ်ရံတော်က ဖေစုန့်၏ စကားထဲတွင် အဓိပ္ပာယ်တစ်စုံတစ်ရာ ပါဝင်နေကြောင်း သိလိုက်ရသဖြင့် မျက်နှာပေါ်မှ အပြုံးများကို အနည်းငယ် ရုပ်သိမ်းလိုက်ပြီး ဖေစုန့်၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ပြန်ပြောလိုက်လေသည်။ "မကြေညာသေးပါဘူး။ အခု ဖိန်ကျိုးက အပြင်ဘက်ကို သတင်းထုတ်ထားတာက ရှောင်းလိက ဓားပြနှိမ်နင်းရင်း နာတာရှည်ရောဂါ ရသွားလို့ ယန်ထန်ကို တပ်သားသစ်တွေ လေ့ကျင့်ပေးရင်း အနားယူနေတယ်လို့ ပြောပါတယ်။ စစ်ပွဲကြီး မဖြစ်ခင် စစ်တပ်ထဲမှာ စိတ်ဓာတ်တွေ မတည်မငြိမ် မဖြစ်စေဖို့ သတင်းကို ဖုံးအုပ်ထားတာ ဖြစ်နိုင်ပါတယ်"
ဖေစုန့်သည် သူ့ကို ပေါ့ပေါ့ပါးပါးဖြင့် တစ်ချက် လှမ်းကြည့်လိုက်လေသည်။ "ဒီလိုဆိုမှတော့ ဟန့်ယန်က ရှောင်းလိဟာ သစ္စာဖောက်လို့လည်း မထုတ်ဖော်ဘူး၊ ရှောင်းလိ သေသွားပြီဆိုတဲ့ သတင်းကိုလည်း မကြေညာဘူးဆိုရင် ဟန့်ယန်က သစ္စာရှိတဲ့ သူတွေကို မှားယွင်းသတ်ဖြတ်တယ်ဆိုပြီး မင်းက တစ်လောကလုံးကို ဘယ်လိုလုပ် ကြေညာမှာလဲ"
ကိုယ်ရံတော်မှာ ခဏတာ ဆွံ့အသွားတော့သည်။ ဟုတ်ပေသည်။ အကယ်၍ ဟန့်ယန်က ရှောင်းလိကို သူတို့၏ သူလျှိုဟူသော အမည်ဖြင့် သတ်ဖြတ်လိုက်ပြီး တလောကလုံး သိသွားပါက သူတို့ဘက်မှ ငြင်းဆိုခြင်းဖြင့် ဤဓားကို ၂ကြိမ် အသုံးပြုနိုင်မည် ဖြစ်ပြီး ကောလာဟလများနှင့် လူများ၏ စိတ်နှလုံးများက ဟန့်ယန်ကို နောက်တစ်ကြိမ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးနိုင်လိမ့်မည်။
သို့သော် ယခု ပြဿနာမှာ ဟန့်ယန်က ထိုသို့ မလုပ်ခဲ့ဘဲ ဤကိစ္စကို ခေတ္တ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူတို့က ဤအကြောင်းပြချက်ကို အသုံးပြုပြီး ကြီးကြီးကျယ်ကျယ် လုပ်ဆောင်နိုင်မည့် ဖြစ်နိုင်ခြေအားလုံးကို သိသိသာသာ တားဆီးလိုက်ခြင်းပင်။
ကိုယ်ရံတော်သည် ဤအရာအားလုံးကို တွေးတောနားလည်သွားသောအခါ မိမိကိုယ်ကို ရှက်ရွံ့သွားပြီး ခေါင်းငုံ့ကာ ပြောလိုက်လေသည်။ "ကျွန်တော်က တုံးအလွန်းပြီး ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်လို့ ထင်နေမိတာပါ"
ဖေစုန့်သည် ကြာအိုးထဲတွင် ငါးစာကို လုစားနေကြသော အနီရောင် ငါးငယ်လေးများကို ကြည့်ရင်း မျက်လုံးများက မည်းမှောင်နေသော်လည်း လေသံကတော့ ပေါ့ပါးနေလေသည်။ "သူတို့ ဝိန်းမိသားစုဝင်တွေက အမြဲတမ်း အသက်ရှင်ချင်ပြီး သေရမှာကို ကြောက်ကြတာပဲ။ ဒါပေမယ့် သူတို့က မတုံးအကြဘူးလေ"
ကိုယ်ရံတော်က အခြားကိစ္စတစ်ခုကို သတိရသွားပြီး ချိန်ဆကာ ပြောလိုက်လေသည်။ "သခင်... ရှောင်းလိ သေသွားပြီဆိုတော့ အနောက်ဘက်အဆောင်မှာ နေတဲ့ အဲဒီအမျိုးသမီးကိစ္စကိုလည်း သခင်ရဲ့ ဆန္ဒအတိုင်း ကျိုးစွေကို တမင် သတင်းဖိတ်စင်အောင် လုပ်လိုက်ပါပြီ။ သခင်က နောက်ထပ် ကျင်ကျိုးကိုလည်း ဆက်သွားရဦးမှာဆိုတော့ အဲဒီအမျိုးသမီးကို... ဘယ်လို စီစဉ်ရမလဲ"
ဖေစုန့်၏ ဤခရီးစဉ်သည် ယုံကျိုး တစ်ခုတည်းအတွက် မဟုတ်ချေ။ ကျိုးစွေနှင့် သူ့အနောက်က ကျိုးမိသားစု တပ်ဖွဲ့ဝင်ဟောင်းများကို ထောင်ချောက်ဆင် ဖယ်ရှားခြင်းသည် ရည်ရွယ်ချက် တစ်ခုသာ။ ရိက္ခာများကို ရေလမ်းမှ ပို့ဆောင်ရမည် ဖြစ်ရာ သူကိုယ်တိုင် ရေကြောင်းသွားလာရေး လမ်းကြောင်းများကို လာရောက်ကြည့်ရှုရမည် ဖြစ်ပြီး လမ်းကြုံ ကျင်းကျိုးသို့ သွားကာ မြို့ကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်မှု အခြေအနေကို စစ်ဆေးရမည် ဖြစ်သည်။
ငါးစာကို ကျိုးစွေထံသို့ ပစ်ချပေးလိုက်ပြီ။ သူက ရေကြောင်းသွားလာရေး စစ်ရေးပြင်ဆင်မှု၏ အမှားအမှန်ကို သံသယဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူက စုံစမ်းရန် ကြံရွယ်လိုက်သည်နှင့် ထိုပြစ်မှုက အစစ်အမှန် ဖြစ်သွားလိမ့်မည်။
ကျိုးစွေကို ရှောင်းဟွေ့နျန်၏ နေအိမ်အား တမင် သိခွင့်ပေးခြင်းသည်လည်း ငါးစာတစ်ခုပင်။
ဖေစုန့် ပြောသကဲ့သို့ပင် ချထားသော ငါးစာက လုံလုံလောက်လောက် များပြားနေချိန်တွင် မည်မျှပင် ပါးနပ်သော ငါးဖြစ်စေကာမူ နောက်ဆုံးတွင် ဇဝေဇဝါ ဖြစ်သွားမည့် အချိန်တစ်ခု ရှိလာမည်သာ။
ကျိုးစွေက မည်သည့်ငါးစာကိုမဆို ကိုက်လိုက်သည်နှင့် ငါးမျှားချိတ်က ချက်ချင်း ဆွဲတင်ခံရလိမ့်မည်။
ရှောင်းဟွေ့နျန်မှာ လုံးဝ အသုံးမဝင်တော့သည်က ထင်ရှားသည်။ ကိုယ်ရံတော်၏ ဤအမေးစကားနောက်ကွယ်ရှိ အစစ်အမှန် ရည်ရွယ်ချက်မှာ ဖေစုန့်အနေဖြင့် ရှောင်းဟွေ့နျန်၏ အသက်ကို အဆုံးသတ်ချင်သလားဟု မေးမြန်းခြင်းပင်။
____
ဖေစုန့်သည် အုပ်ချုပ်ရေးမှူးရုံးတော်၏ အနောက်ဘက်အဆောင်သို့ ဝင်ရောက်လာချိန်တွင် ရှောင်းဟွေ့နျန်သည် ခွေးခြေလေးတစ်လုံး ယူကာ တံခါးဝတွင် ထိုင်ပြီး အပ်ချုပ်အလုပ် လုပ်နေသည်။ သူ့ကို မြင်သောအခါ သူမသည် အလွန် ဝမ်းသာသွားပြီး နောက်ထပ် ခွေးခြေတစ်လုံးကို အလျင်အမြန် ရှာကာ သူ့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်လေသည်။ သူမသည် သူ့ကို ရင်းနှီးစွာဖြင့် စကားများကို အဆက်မပြတ် ပြောဆိုနေပြီး သူ ရေဆာနေမှာ စိုးရိမ်သဖြင့် အိမ်ထဲသို့ အလျင်အမြန် ပြေးဝင်ကာ ရေနွေးကြမ်း သွားငှဲ့ပေးလေသည်။
ဖေစုန့်သည် ရှောင်းဟွေ့နျန် ယူလာပေးသော ခွေးခြေလေးပေါ်တွင် ထိုင်လိုက်၏။ ရှောင်းဟွေ့နျန် ကမ်းပေးသော ရေနွေးပန်းကန်ကို လှမ်းယူလိုက်ချိန်တွင် သူ့အမူအရာက အနည်းငယ် သဘာဝမကျ ဖြစ်သွားသော်လည်း သူ၏ မျက်နှာကတော့ အရင်အချိန်များထက် ပိုပြီး နွေးထွေးနေပုံ ပေါက်နေသည်။ "တောင်းပန်ပါတယ်။ ဒေါ်ဒေါ်... ကျွန်တော် မှားသွားတာပါ။ ဒေါ်ဒေါ့်သားက ယုံကျိုးကို မပြန်လာဘူး။ အခုလောလောဆယ် သူ ဘယ်မှာရှိနေလဲဆိုတာလည်း မသိရသေးပါဘူး။ ကျွန်တော် သခင်လေးကို တွေ့ခဲ့ပြီးပြီ။ သခင်လေးက ဒေါ်ဒေါ့်ကို အရမ်း စိတ်ပူနေပါတယ်။ ဒါပေမယ့် အခု ယုံကျိုးကို အုပ်ချုပ်နေတာက စစ်သူကြီးဖေ ဖြစ်နေတော့ လူတွေ အမြင်မရှုပ်ရအောင် သခင်လေးက ဒေါ်ဒေါ့်ဆီ လာတွေ့ဖို့ အဆင်မပြေဘူး ဖြစ်နေတယ်"
ရှောင်းဟွေ့နျန်သည် သားဖြစ်သူ၏ သတင်းကို မကြားရဘူးဟု ကြားလိုက်ရသောအခါ မျက်လုံးများက မှေးမှိန်သွားခဲ့သည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက အလျင်အမြန် ပြန်လည် ပွင့်လန်းလာပြီး ပြောလိုက်လေသည်။ "ဘာမှမဖြစ်ပါဘူး။ သတင်းမကြားရတာကပဲ အကောင်းဆုံး သတင်းပါပဲ။ ဟွမ်အာက ဒီမြို့က စစ်သူကြီးကို သတ်ခဲ့တာဆိုတော့ သေချာပေါက် သတိထားပြီး ပုန်းနေရမှာပေါ့"
သည်နေရာသို့ ရောက်သောအခါ သူမ၏ မျက်နှာအမူအရာတွင် အနည်းငယ် အားနာမှုများ ပါဝင်လာခဲ့သည်။ "မင်းနဲ့ သခင်လေးကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ။ ဒီ၆လအတွင်းမှာ မင်းကပဲ ငါ့လို အဘွားကြီးကို ခေါ်ပြီး ဟိုပုန်းဒီရှောင် လုပ်ပေးခဲ့ရတာ။ ငါ့စိတ်ထဲမှာလေ... အမြဲတမ်း အားနာနေမိတယ်"
သူမ၏ အကြည့်က ကရုဏာသက်ပြီး ငြိမ်းချမ်းနေလေသည်။ ဖေစုန့်၏ စိတ်ထဲတွင် ထိုထူးဆန်းသော ခံစားချက်က တဖန် ပေါ်လာပြန်သည်။ လမ်းဘေးမှ မိမိ၏ မွေးမိခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော သူတောင်းစားလေး တစ်ယောက်ပင်လျှင် သူမ၏ ဤကဲ့သို့ ကြည့်ရှုခြင်းကို ခံရပါက သူမက မိမိ၏ မိခင်ရင်းဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားမှာကို သူ လုံးဝ သံသယ မဝင်ခဲ့ချေ။
ဖေစုန့်က မျက်လွှာချလိုက်ပြီး ရှောင်းဟွေ့နျန်ကို ထပ်မကြည့်တော့ဘဲ ပြောလိုက်လေသည်။ "ဒေါ်ဒေါ်က အားနာလွန်းနေပါပြီ။ ဒေါ်ဒေါ့်ကို ယုံကျိုးကနေ ခေါ်ထုတ်ပြီး လတ်တလော ပြဿနာတွေကနေ ရှောင်နေဖို့က သခင်လေးရဲ့ အစီအစဉ်ပါ။ ကျွန်တော်က အမိန့်အရ လုပ်ဆောင်ရုံပါပဲ"
ရှောင်းဟွေ့နျန်သည် ကြင်နာစွာ ပြုံးနေဆဲပင်။ "သခင်လေးနဲ့ သခင်မတို့က ဘုရားလောင်းလို စိတ်ထားမျိုး ရှိကြတာပါ။ ဒါပေမယ့် မင်းတို့လို ကိုယ်ရံတော်တွေကရော မပင်ပန်းဘဲ နေပါ့မလား။ ပြီးတော့ မင်းက ငါ့အပေါ် ဘယ်လို ဆက်ဆံတယ်ဆိုတာကို ငါ သိပါတယ်..."
သူမက ပြောရင်း ဖေစုန့်ကို ချစ်စနိုးဖြင့် တစ်ချက် ကြည့်လိုက်သည်။ ဤမသိစိတ်က အလိုလို ပြသလိုက်သော ရင်းနှီးမှုသည် ဟန်ဆောင်လို့ မရနိုင်သော နီးကပ်မှုမျိုး ဖြစ်ပြီး လူများကို သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်မှုကို ခံစားရစေသည်။
ဖေစုန့်မှာ ခဏတာ မှင်သက်သွားတော့သည်။ ဤအချိန်အတွင်း ရှောင်းဟွေ့နျန်သည် အပ်ချုပ်ခြင်းတောင်း အောက်ခြေမှ ယခုလေးတင် ချုပ်ပြီးစီးထားသော ပိုးဖိနပ်တစ်ရံကို ထုတ်ယူကာ သူ့ကို ကမ်းပေးရင်း ပြောလိုက်လေသည်။ "မင်းတို့ကလေ... တနေကုန် အပြင်မှာပဲ ပြေးလွှားနေရတော့ ဖိနပ်တွေ အမြန် ပျက်တာပေါ့။ မင်းခြေထောက်က ငါ့ရဲ့ ဟွမ်အာနဲ့ အရွယ်အစား သိပ်မကွာဘူးလို့ ထင်လို့ သူ့အရွယ်အစားအတိုင်း အပ်ချည်နှစ်ထပ်နဲ့ ချုပ်ပေးထားတယ်။ စျေးက ဝယ်တဲ့ ဖိနပ်တွေထက် ပိုပြီး အကြမ်းခံလိမ့်မယ်"
ငေးမောနေမိသောကြောင့် ထိုဖိနပ်တစ်ရံ သူ့လက်ထဲသို့ ရောက်ရှိလာချိန်အထိ ဖေစုန့်သည် မည်သို့ ငြင်းပယ်ရမည်ကို မစဉ်းစားနိုင်ခဲ့ချေ။ ရှောင်းဟွေ့နျန်ကတော့ အပ်ချုပ်ခြင်းတောင်းထဲမှ တဝက်တပျက် ချုပ်လက်စ အဝတ်စကို ယူကာ သူ့ကိုယ်ပေါ်တွင် အတိုင်းအတာ မှန်းဆရင်း ပါးစပ်မှလည်း ရေရွတ်နေလေသည်။ "မင်းအတွက် အင်္ကျီ၁စုံ ထပ်ချုပ်ပေးမယ်။ နောက်တခါ မင်းလာရင် ယူသွားပြီး ဝတ်လို့ ရလောက်ပြီ..."
ဖေစုန့်မှာ ပိုလို့ပင် တိတ်ဆိတ်သွားတော့သည်။ ရှောင်းဟွေ့နျန် ဆက်ပြီး တတွတ်တွတ် ပြောနေချိန်တွင် သူက စကားစလိုက်လေသည်။ "ဒေါ်ဒေါ်... ရှင်းလျဲ့ သေဆုံးမှု ပြဿနာတွေ ပြီးသွားပြီဆိုပေမယ့် ရုံးတော်ဘက်က သိပ်မလုံခြုံသေးဘူး။ သခင်လေးက တစ်ခုခု အမှားအယွင်း ဖြစ်မှာစိုးလို့ ကျွန်တော့်ကို ဒေါ်ဒေါ့်အတွက် တခြားနေရာတစ်ခု ရှာပြီး ထားပေးဖို့ ခိုင်းထားတယ်"
ရှောင်းဟွေ့နျန်မှာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ကောင်းတာပေါ့။ ပြဿနာတွေ ပြီးသွားပြီဆိုရင် ငါတို့အိမ်ကလည်း ယုံချန်မှာ အရင်ကတည်းက ရှိပြီးသားပဲလေ။ ငါ အိမ်ပြန်ပြီး စောင့်နေတာက ပိုကောင်းပါတယ်။ ဒါမှ ငါ့ရဲ့ ဟွမ်အာ ပြန်လာတဲ့နေ့ကျရင် လူကို မတွေ့တာမျိုး မဖြစ်ရအောင်လို့ပေါ့"
...