အခန်း ၄၇
Vol. 5 Ch. 47
အပိုင်း (၄၇)
ကန်းအဆင့် အသေခံစစ်သည်က သိကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငုံ့အရိုအသေပေးလိုက်လေသည်။
ဖေစုန့်က ဆက်မေးလိုက်၏။ "အဲ့ဒီကိုယ်ရံတော်ရဲ့ ရုပ်ရည်ကို မင်း မှတ်မိလိုက်သလား"
ကန်းအဆင့် အသေခံစစ်သည်က ပြန်ဖြေလိုက်သည်။ "အဲ့ဒီညက ခြုံခိုတိုက်ခိုက်ချိန်မှာ မှောင်နေပြီး မိုးလည်းရွာနေတော့ ကျွန်တော်တို့ သေချာ မမြင်လိုက်ရပါဘူး။ ယေဘုယျ ပုံပန်းသဏ္ဌာန်လောက်ပဲ မှတ်မိပါတော့တယ်"
ဖေစုန့်သည် အနားက သူ့ကိုယ်ရံတော်ကို အချက်ပြလိုက်သည်။ "သူ့ကို ပန်းချီဆရာဆီ ခေါ်သွားလိုက်။ ၃၀ ရာခိုင်နှုန်းလောက်ပဲ တူရင်တောင်မှ ငါ အဲ့ဒီပုံကို လိုချင်တယ်။ အဲ့ဒီကိုယ်ရံတော်ရဲ့ နောက်ခံကို ငါတို့ သေချာပေါက် စုံစမ်းရမယ်"
ကန်းအဆင့် အသေခံစစ်သည်သည် တစ်ခုခုကို သတိရသွားပုံဖြင့် ပြောလိုက်သည်။ "အဲ့ဒီညက သူ့သခင်ကို ကာကွယ်ရင်း အဖမ်းခံရချိန်မှာ လျန်ပြည်ထောင်ဟောင်း အကြွင်းအကျန် ဟန့်ယန်က သူ့ကို 'ရှောင်းလိ'လို့ ခေါ်လိုက်ပါတယ်။ ဒါပေမယ့် စာလုံးပေါင်း အတိအကျကိုတော့ ဒီလက်အောက်ငယ်သား မသိပါဘူး"
ဖေစုန့်၏ စားပွဲပေါ်တွင် ခေါက်နေသော လက်ချောင်းများ ရပ်တန့်သွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "ပန်းချီဆရာဆီ အရင်သွားလိုက်"
ကန်းအဆင့် အသေခံစစ်သည်သည် ကိုယ်ရံတော်နောက်သို့ လိုက်ကာ တဲအပြင်သို့ ထွက်သွားပြီးနောက် ဖေစုန့်သည် ခပ်ဖျော့ဖျော့ အပြုံးဖြင့် အေးစက်စွာ ရေရွတ်လိုက်သည်။ "အဲ့ဒီတုန်းက ယုံချန်တောင်ပိုင်းမှာ ပြဿနာရှာခဲ့တဲ့သူက ဘယ်သူလဲဆိုတာ မကြာခင် ရှင်းလင်းသွားတော့မှာပဲ"
တဲအပြင်ဘက်မှ အစောင့်တစ်ယောက်၏ သတင်းပို့သံ ထွက်ပေါ်လာ၏။ "အမတ်ချုပ်ကြီး... ကျန်းမေရန်က တွေ့ခွင့်တောင်းနေပါတယ်"
ဖေစုန့်၏ မျက်နှာအမူအရာသည် အနည်းငယ် နူးညံ့သွားပြီး သူ၏အပြုံး ပိုမိုနက်ရှိုင်းသွားကာ ပြောလိုက်သည်။ "ဝင်ခဲ့"
ခဏအကြာတွင် အပြာရောင် မြေခွေးသားမွေး ခြုံလွှာကို ဝတ်ဆင်ထားသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦးသည် ဟင်းရည်အိုးတစ်အိုးကို ကိုင်ဆောင်လျက် ဝင်ရောက်လာပြီး သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်နေလေသည်။ "ကျွန်မ... အမတ်ချုပ်ကြီးအတွက် နှင်းဖားဟင်းရည် နည်းနည်း ပြင်ဆင်လာပါတယ်"
ဖေစုန့်သည် ခေါင်းကို လက်ဖြင့် ထောက်ထားလျက် ကျန်းယီချူးက ဟင်းရည်အိုးကို ကိုင်ဆောင်ကာ ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေသည်။ သူမသည် ဟင်းရည်အိုးကို သူ့စားပွဲပေါ်တွင် ချထားပြီးနောက် ဖြူစင်သော ကျောက်စိမ်းပန်းကန်လုံး အသေးလေးဖြင့် ဟင်းရည်ကို ခပ်ကာ သူ့ကို ကမ်းပေးလိုက်၏။
မိန်းမလှလေး၏ သွယ်လျသော လက်လေးဖြင့် ကမ်းပေးလာသော ဟင်းရည်ပန်းကန်လုံးကို မြင်သော်လည်း သူသည် လှမ်းမယူလိုက်ချေ။ ထို့အစား သူသည် ဟင်းရည်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အစ်မက ငါ့အတွက် ရုတ်တရက်ကြီး ဒီလို ဟင်းရည်လာပို့ပေးတော့ ငါ တော်တော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ ဒါမှမဟုတ်... ငါက ဘယ်သူလဲဆိုတာကို အစ်မ မှတ်မိသွားပြီလား"
ကျန်းယီချူး၏ မျက်နှာပေါ်တွင် အနည်းငယ် ထိတ်လန့်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ ဟင်းရည်ပန်းကန်လုံးကို ကိုင်ထားရင်း သူမ၏ ရှည်လျားသော မျက်တောင်များကို အောက်သို့ ချထားကာ ပြောလိုက်၏။ "အမတ်ချုပ်ကြီး... မနောက်ပါနဲ့ရှင်။ ဒီ အပြစ်ရှိတဲ့ မိန်းမက—"
ထိုစကားများ သူမ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖေစုန့်၏ မျက်နှာအမူအရာ ရုတ်တရက် မည်းမှောင်သွားသည်ကို သတိထားမိလိုက်ပြီး ချက်ချင်း ပြင်ပြောလိုက်သည်။ "ကျွန်တော်မျိုးမက မင်းသားအိမ်တော်ကို အသက် ၁၈နှစ်မှာ လက်ထပ်ဝင်ရောက်ခဲ့ပြီး အခုဆိုရင် ၂၃နှစ် ရှိနေပါပြီ။ အမတ်ချုပ်ကြီးနဲ့ တစ်ခါမှ မဆုံဖူးပါဘူး၊ အမတ်ချုပ်ကြီးရဲ့ 'အစ်မ' လို့ အခေါ်ခံရအောင် ကျွန်တော်မျိုးမက ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
"ဒီဟင်းရည်က တင်းကျိုးမှာ အရမ်းအေးနေတာရယ်၊ အမတ်ချုပ်ကြီးက စစ်ရေးကိစ္စတွေနဲ့ အရမ်းပင်ပန်းနေတာရယ်ကြောင့် အမတ်ချုပ်ကြီးကို နွေးထွေးပြီး အားအင်ပြည့်ဝစေဖို့အတွက် ကျွန်တော်မျိုးမ အထူးတလည် ယူလာခဲ့တာပါ။ တကယ်လို့ အမတ်ချုပ်ကြီးက ဟင်းရည်ထဲမှာ တစ်ခုခုများ ခတ်ထားမလားလို့ စိုးရိမ်တယ်ဆိုရင် အဆိပ်ရှိမရှိ ကျွန်တော်မျိုးမ စမ်းသောက်ပြပါ့မယ်"
သူမ၏ ပထမစကားကို ကြားရချိန်တွင် ဖေစုန့်၏ မျက်နှာအမူအရာမှာ တိုးတက်မလာခဲ့သော်လည်း သူမ၏ နောက်ဆက်တွဲ ရှင်းပြချက်ကို ကြားသောအခါ သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ "အစ်မ မမှတ်မိဘူးဆိုရင်လည်း အေးဆေး အချိန်ယူပြီး စဉ်းစားလို့ ရပါတယ်။ ဒီဟင်းရည်ကတော့... အစ်မကို အရင် မြည်းစမ်းကြည့်ဖို့ ဒုက္ခပေးရလိမ့်မယ်"
ကျန်းယီချူးသည် ဖြူစင်သော ကျောက်စိမ်းပန်းကန်လုံးကို ချထားလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မတော်မျိုးမ နောက်ထပ်ပန်းကန်လုံး တစ်လုံး ယူခိုင်းလိုက်ပါ့မယ်"
သို့သော် ဖေစုန့်သည် ထိုပန်းကန်လုံးကိုပင် ကောက်ယူကာ ကျန်းယီချူးကို တိုက်ရိုက် ကမ်းပေးလိုက်သည်။ သူ၏ လက်ညှိုးတွင် ဝတ်ဆင်ထားသော သားရဲခေါင်းပုံစံ သံလက်စွပ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဟိန်းဟောက်နေသယောင်။ သူ၏ နှုတ်ခမ်းတွင် နူးညံ့ပြီး သန့်စင်သော အပြုံးတစ်ခု ပေါ်လွင်နေလေသည်။ "ဒုက္ခခံစရာ မလိုပါဘူး။ အစ်မ ဒီအတိုင်း မြည်းစမ်းကြည့်လို့ ရပါတယ်"
ကျန်းယီချူးသည် ဖြူစင်သော ကျောက်စိမ်းပန်းကန်လုံးကို တောင့်တင်းစွာ လက်ခံယူလိုက်သည်။ အတွင်းရှိ ဇွန်းကို အသုံးမပြုဘဲ ပန်းကန်လုံး၏ အစွန်းမှနေ၍ အနည်းငယ် မြည်းစမ်းလိုက်ပြီး ပြောလိုက်၏။ "အခုတော့ အမတ်ချုပ်ကြီး စိတ်ချလို့ ရပါပြီ"
ဖေစုန့်သည် ပြုံးလိုက်ပြီး ကျောက်စိမ်းပန်းကန်လုံး အသေးလေးကို ပြန်ယူကာ သူ၏လက်ထဲတွင် လှည့်လိုက်ပြီးနောက် ကျန်းယီချူး သောက်ခဲ့သော နေရာတစ်ခုထဲမှ ကျန်ရှိနေသော ဟင်းရည်များကို သောက်လိုက်သည်။ ထို့နောက် ကျန်းယီချူး၏ နီရဲကာ ဖြူဖျော့နေသော မျက်နှာကို ကြည့်လျက် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "အရသာရှိတယ်"
ကျန်းယီချူး၏ မျက်နှာအမူအရာသည် ပိုလို့ပင် တောင့်တင်းသွားသည်။
ပန်းကန်လုံးကို ချထားပြီးနောက် ဖေစုန့်သည် ကျန်းယီချူး၏ လက်တစ်ဖက်ကို ဆွဲကိုင်ကာ အားဖြင့် ဆွဲယူလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ ကျန်းယီချူး၏ ထိတ်လန့်နေသော မျက်နှာအမူအရာကြားတွင် သူသည် လက်လှမ်းကာ သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး စူးစိုက်ကြည့်လျက် တိုးညှင်းစွာ ပြောလိုက်သည်။ "စကားပုံတစ်ခု ရှိတယ်လေ... 'အကျိုးမရှိဘဲ ဆုလာဘ်ကို လက်မခံသင့်ဘူး' တဲ့။ အစ်မ ရုတ်တရက်ကြီး ဒီလောက် အလိုက်တသိ ရှိနေတာ— ငါ့ဆီကနေ တစ်ခုခု လိုချင်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ် မဟုတ်လား"
ပါးနီများ အောက်တွင်ပင် ဖြူဖျော့နေသော ကျန်းယီချူး၏ နှုတ်ခမ်းများသည် အကြိမ်ကြိမ် တင်းနေအောင် စေ့သွားလေသည်။ သူမ၏ အသံသည် အနည်းငယ် တုန်ယင်နေပြီး ပြောလိုက်၏။ "လျန်ပြည်ထောင်ဟောင်းက အမတ်ဟောင်းတွေ အလုပ်ကြမ်းစခန်းကို အပို့ခံရတာကို ကျွန်မ တွေ့ခဲ့တယ်... တင်းကျိုးက လေနဲ့ နှင်းတွေက အရမ်းကြမ်းတမ်းတယ်၊ သူတို့မှာ အအေးဒဏ်ကို ကာကွယ်ဖို့ သင့်တော်တဲ့ အဝတ်အစားတွေတောင် မရှိဘူး။ တချို့ဆိုရင် ကြီးကြပ်ရေးမှူးတွေရဲ့ ရိုက်နှက်မှုကြောင့် သေလုမြောပါး ဖြစ်နေကြပြီ။ သူတို့ ရက်အကြာကြီး မခံနိုင်မှာ ကျွန်မ စိုးရိမ်မိတယ်။ အမတ်ချုပ်ကြီးက ပြည်မကြီးကို စည်းလုံးချင်တယ်ဆိုရင် မေတ္တာတရားနဲ့ ကိုယ်ကျင့်တရားကို အသုံးပြုပြီး လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်တာက ပိုကောင်းလိမ့်မယ်။ ကျွန်မ တောင်းပန်ပါတယ်... သူတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ အမတ်ချုပ်ကြီးကို တောင်းဆိုပါတယ်"
ဖေစုန့်သည် အေးစက်စွာ ရယ်မောလိုက်ပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာသည်ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "ဒါဆို အစ်မက အဲ့ဒီ လူအိုကြီးတွေအတွက် တောင်းပန်နေတာပေါ့..."
သူသည် သူ၏ စကားလုံးများကို ဖြည်းညှင်းစွာ ဆွဲဆန့်လိုက်သည်။ "မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."
ကျန်းယီချူးသည် သူ့ကို စိုက်ကြည့်နေမိပြီး သူမ၏နှလုံမှာလဲ ဆက်တိုက်ဆိုလို ခုန်နေကာ သူမ၏ မျက်လုံးများတွင် အံ့ဩမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူမ၏ မေးရိုးတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူက ရှေ့သို့ တိုးလာကာ သူမကို နမ်းလိုက်သည်။
၎င်းသည် ကွယ်လွန်သွားသော သူမ၏ ခင်ပွန်းပေးလေ့ရှိသည့် နူးညံ့ပြီး သန့်စင်သော အနမ်းမျိုးနှင့် လုံးဝ မတူညီချေ။ ဤအမျိုးသားသည် အရိုးကို ကိုက်ခဲနေသော တောခွေးရိုင်းတစ်ကောင်နှယ် နမ်းရှိုက်နေပြီး သူ၏ ထက်မြက်သော သွားများသည် သူမ၏ နှုတ်ခမ်းများကို အကြိတ်အနယ် ကိုက်ခဲနေကာ သူမ၏ ပါးစပ်မှစ၍ သူမကို တစ်စစီ ဝါးမျိုပစ်တော့မည့်နှယ်ပင်။
သူ၏ အသက်ရှူသံများ ပိုပြင်းထန်လာသည်။ လက်တစ်ဖက်က သူမ၏ခါးကို ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်က သူမ၏ ရင်သားကို အားပြင်းပြင်းဖြင့် နယ်ဖတ်နေ၏။ ကြောက်လန့်တကြားဖြင့် သူမ စတင် ရုန်းကန်လိုက်သော်လည်း သူက သူမကို ပိုပြီး တင်းကျပ်စွာ ဆွဲဖက်ထားလိုက်သည်။ သူမ၏ခါးစည်းကြိုးက ပြေကျသွားပြီး သူမ၏ လည်ပင်းတစ်လျှောက်သို့ အနမ်းများ ခြွေချလိုက်သည်။
ကြောက်ရွံ့မှုကြောင့် ကျန်းယီချူး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာခဲ့သည်။ သူမ၏ အသည်းအသန် ရုန်းကန်မှုများကြားတွင် သူမသည် ဖေစုန့်၏ ဝမ်းဗိုက်ကို မတော်တဆ ဖိမိသွားခဲ့၏။ သူသည် ရုတ်တရက် ညည်းတွားလိုက်ပြီး သူမကို ဖက်ထားသော လက်များကို လျှော့ချလိုက်သည်။
သူမ၏ ကော်လာကို ဆုပ်ကိုင်လျက် ကျန်းယီချူးသည် ဖြူဖျော့သော မျက်နှာဖြင့် တဲအပေါက်ဝသို့ နောက်ဆုတ်သွားသည်။
ထူးဆန်းသည်မှာ ဖေစုန့်၏ မျက်နှာသည်လည်း ဖြူဖျော့နေသည်။ သူသည် ဝမ်းဗိုက်ကို လက်ဖြင့် ဖိထားပြီး နားထင်များတွင် ချွေးစေးများ စို့နေ၏။ သူ မော့ကြည့်လိုက်ပြီး ကျန်းယီချူးက သူ့ကို စောင့်ကြည့်နေသည်ကို မြင်သောအခါ စကားတစ်ခွန်းကိုသာ အေးစက်စွာ ပြောလိုက်သည်။ “သွားတော့”
ကျန်းယီချူးသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ပင်မစစ်တဲမှ ထွက်ပြေးသွားတော့သည်။ အပြင်ဘက်ရှိ အစောင့်များသည် သူမ၏ ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို မြင်တွေ့ရပြီး ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်ကြသည်။
သို့သော် ကျန်းယီချူးတွင် ထိုအရာများကို တွေးတောရန် စိတ်ကူးမရှိချေ။ သူမသည် ဖေစုန့်၏ဝမ်းဗိုက်ကို ဖိထားသည့် မြင်ကွင်းကိုသာ အကြိမ်ကြိမ် ပြန်လည် မြင်ယောင်နေမိ၏။
သူ ဒဏ်ရာရထားတာပဲ။
ပြီးတော့ သူက စစ်တပ်တစ်ခုလုံးကို ဖုံးကွယ်ထားတာပဲ။
သူမ၏ အင်္ကျီလက်ထဲရှိ လက်ချောင်းလေးများသည် အနည်းငယ် တုန်ယင်နေလေသည်။ သူမ၏ ယောက္ခထီးနှင့် ခင်ပွန်းအပေါ် သစ္စာရှိဆဲဖြစ်သော၊ အလုပ်ကြမ်းသမားများအဖြစ် ရာထူးချခံထားရသော အကြံပေးများနှင့် အမတ်ဟောင်းများကို တွေ့ဆုံရန် နည်းလမ်းရှာပြီး ဤသတင်းကို ပြောပြရမည်။
သူတို့က ဖေစုန့်ကို လုပ်ကြံဖို့ နည်းလမ်းတစ်ခု ရှာတွေ့နိုင်ကောင်းပါရဲ့။
___
ရှောင်းလိ နောက်တစ်ကြိမ် ပြန်နိုးလာချိန်တွင်နှစ်ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လုံးဝ မရင်းနှီးသော၊ ဟောင်းနွမ်းစုတ်ပြတ်နေသည့် အခန်းလေးကို စိုက်ကြည့်ရင်း ထထိုင်လိုက်ချိန်တွင် သူ့အရိုးများကို ဖြုတ်ပြီး ပြန်ဆက်ထားသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ စောင်သည် သူ့ကိုယ်ပေါ်မှ ပြုတ်ကျသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် သူ၏ ဒဏ်ရာများ အားလုံးကို အသစ်တဖန် ပတ်တီးစည်းပေးထားသည်ကို တွေ့လိုက်ရ၏။ အခန်းထဲတွင် ဆေးဖက်ဝင်အပင်များ၏ အနံ့အသက်များ ပျံ့နှံ့နေသည်။
ဒါက ဘယ်နေရာလဲ။
ဝိန်းယွီကော ဘယ်မှာလဲ။
သတိလစ်နေစဉ်အတွင်း သူ မက်ခဲ့သော ထူးဆန်းသည့် အိပ်မက်များကို ပြန်သတိရသွားပြီး သူ့အောက်နှုတ်ခမ်းကို စမ်းကြည့်လိုက်ရာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဘာဖြစ်ခဲ့သည်ကို နားမလည်နိုင်သဖြင့် သူသည် ခေါင်းကို ခါလိုက်ပြီး အဝတ်အစားများကို ကောက်ဝတ်ကာ မတ်တတ်ရပ်လိုက်သည်။
ခြံဝင်းထဲမှ ခပ်တိုးတိုးအသံများ ထွက်ပေါ်လာ၏။ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ရုတ်တရက် တောက်ပလာသော နေ့ခင်းဘက် အလင်းရောင်ကြောင့် မျက်လုံးများကို ကာကွယ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်ရသည်။
ခြံဝင်းထဲတွင် ဆေးဖက်ဝင်အပင်များကို အခြောက်ခံနေသော အဘွားအိုတစ်ဦးက သူ့ကို သတိထားမိပြီး ပြောလိုက်သည်။ "လူငယ်လေး... နိုးလာပြီလား"
အနည်းငယ် နေသားကျသွားပြီးနောက် ရှောင်းလိသည် လက်ကို အောက်ချလိုက်ပြီး ဆေးဖက်ဝင်အပင်များ ပြည့်နှက်နေသော ခြံဝင်းကို ကြည့်လိုက်သည်။ တုံ့ဆိုင်းစွာဖြင့် သူက မေးလိုက်၏။ "ခင်ဗျားက ကျွန်တော့်ကို ကယ်ခဲ့တာလား။ ကျွန်တော်နဲ့အတူ အမျိုးသမီးငယ် တစ်ယောက် ပါသေးတယ်..."
"မင်းရဲ့ မိန်းမလား... သူက ဆေးဖက်ဝင်အပင်တွေအကြောင်း နည်းနည်းသိလို့ အဘိုးကြီးရယ်၊ အားနျိုရယ်နဲ့ အတူ ဆေးခင်းဆီ သွားတယ်လေ" အဘွားအိုက သူ့ကို ရွှင်လန်းစွာ ရယ်မောရင်း ပြောလိုက်သည်။ "တောင်ပေါ်မှာ ဆေးရှာနေတဲ့ အဘိုးကြီးနဲ့ အားနျိုတို့ကို မတော်တဆ သွားတွေ့လို့ မင်းက အသက်ရှင်ဖို့ ကံကောင်းသွားတာပဲ။ မင်းရဲ့ ဒဏ်ရာတွေနဲ့ဆိုရင် သူတို့နဲ့သာ မတွေ့ခဲ့ရင် အသက်ရှင်ဖို့ ခက်မှာပဲ..."
"မိန်းမ" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ရှောင်းလိသည် ခဏတာ အံ့ဩသွားပြီး သူ တကယ်ပဲ နိုးလာတာလား ဒါမှမဟုတ် နောက်ထပ် အိပ်မက်တစ်ခုထဲမှာ ပိတ်မိနေတာလားဟု မသေချာဖြစ်သွားတော့သည်။
ထိုအချိန်တွင် ဝိန်းယွီသည် ဆေးခြင်းတောင်းကို ကိုင်ဆောင်လျက် အပြင်မှ ပြန်ရောက်လာသည်။ သူ့ကို မြင်သောအခါ သူမက မေးလိုက်၏။ "ရှင် နိုးပြီလား"
အဘွားအိုက နောက်ပြောင်လိုက်သည်။ "ဟုတ်ပါ့တော်! သူ နိုးလာတာနဲ့ မင်းကို ရှာတော့တာပဲ!"
ဆေးဖက်ဝင်အပင်များကို ပခုံးပေါ်တွင် ထမ်းလျက် ဝိန်းယွီ၏ နောက်မှ လိုက်ပါလာသော ခန္ဓာကိုယ်ထွားကြိုင်းသည့် အမျိုးသားကြီးသည် ရှောင်းလိကို အရူးတစ်ယောက်လို ပြုံးပြကာ မပီမသ လေသံဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီး... နိုးပြီ!"
ထိုခန္ဓာကိုယ်ကြီးမားသော အမျိုးသားကို မြင်သောအခါ အစပိုင်းတွင် သတိထားနေမိသော ရှောင်းလိသည် သူက ဉာဏ်ရည်မမီသူ ဖြစ်ကြောင်း သဘောပေါက်သွားချိန်တွင် အနည်းငယ် စိတ်အေးသွားတော့သည်။
ဝိန်းယွီသည် သူမ၏ ဆေးခြင်းတောင်းကို တံစက်မြိတ်အောက်တွင် ချထားလိုက်ပြီး အဘွားအိုကို ပြောလိုက်လေသည်။ "အဘွား... ကျွန်မ ဒီ ဇီဟွားမုရွှိပင်တွေကို ဒီမှာပဲ ခဏ ထားလိုက်မယ်နော်"
အဘွားအိုက ပြန်ဖြေလိုက်သည်။ "အဲ့ဒီမှာပဲ ထားလိုက်ပါ။ အဘွား နောက်မှ ရှင်းလိုက်မယ်။ မင်းရဲ့ ယောက်ျားက ထမင်းမစားရတာ ၂ ရက်ရှိပြီ— မီးဖိုချောင်ထဲသွားပြီး သူ့အတွက် ထမင်းသွားနွှေးပေးလိုက်ဦး!"
ထမင်းအကြောင်း ကြားလိုက်ရချိန်တွင် ခန္ဓာကိုယ်ကြီးမားသော အမျိုးသားသည် သူ၏ ဆေးခြင်းတောင်းနှစ်ခုကို ချက်ချင်း ချလိုက်ပြီး ထန်းရွက်ယပ်တောင်ကဲ့သို့ ကြီးမားလှသော ခြေထောက်ကြီးများဖြင့် ကောက်ရိုးဖိနပ်များကို ဆွဲတိုက်ကာ မီးဖိုချောင်ဆီသို့ လျှောက်သွားသည်။ "ထမင်း! အားနျို ဆာပြီ!"
အဘွားအိုက သူ့ကို ပြန်ခေါ်လိုက်သည်။ "အားနျို... ဒီကို ပြန်လာခဲ့"
အားနျိုသည် မကျေမနပ်ဖြင့် ပြန်လာခဲ့ပြီး တောင်တန်းကြီးတစ်ခုနှယ် သူ့ခန္ဓာကိုယ်ကို ခွေးခြေငယ်လေးတစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ ခူးဆွတ်လာသော ဆေးဖက်ဝင်အပင်များကို စတင် သန့်စင်နေပြီး တတွတ်တွတ်ဖြင့်လည်း ရေရွတ်နေ၏။ "ထမင်း..."
အဘွားအိုသည် သူ့ကို စွေကြည့်လိုက်ပြီးနောက် ရှောင်းလိကို တောင်းပန်သည့်အနေဖြင့် ရှင်းပြလိုက်သည်။ "ကျွန်မတို့ရဲ့ အားနျိုက ငယ်ငယ်က အဖျားကြီးပြီး ဉာဏ်ရည်ထိခိုက်သွားတာပါ။ အခုလို ရယ်စရာဖြစ်သွားလို့ တောင်းပန်ပါတယ်"
ရှောင်းလိက ပြောလိုက်သည်။ "ပြင်းထန်တဲ့ ရောဂါကနေ အသက်ရှင်လွတ်မြောက်လာတယ်ဆိုရင် နောက်ပိုင်းမှာ ကံကောင်းခြင်းတွေ ရလာတတ်ပါတယ်"
အဘွားအိုနှင့် သူမ၏ ခင်ပွန်းတို့သည် သူတို့၏ မြေးဖြစ်သူ၏ အခြေအနေကို အစောကြီးကတည်းက လက်ခံထားပြီး ဖြစ်သော်လည်း ရှောင်းလိ၏ စကားကြောင့် သူမသည် နှစ်သိမ့်မှုရသွားပြီး ပြုံးလိုက်သည်။ "လူငယ်လေး... မင်း အခုလေးတင် ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲကလည်း ကျွန်မတို့ရဲ့ အားနျို ကြုံတွေ့ခဲ့ရတာထက် မသေးပါဘူး။ ဒါပေမယ့် ဒီလို လှပပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ မိန်းမတစ်ယောက် ရှိတာက အကြီးမားဆုံး ကံကောင်းခြင်းပဲ မဟုတ်လား"
ဝိန်းယွီသည် သူတို့၏ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်ရန်အတွက် သူတို့သည် ဇနီးမောင်နှံဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်မည်ဟု ရှောင်းလိ ခန့်မှန်းမိသော်လည်း အဘွားအိုက သူမကို သူ့မိန်းမအဖြစ် အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုနေသည်ကို ကြားရသောအခါ သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။
သူသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်... မီးဖိုချောင်ထဲ သွားကူလိုက်ပါဦးမယ်"
အဘွားအိုသည် ထွက်ခွာသွားသော သူ့ကျောပြင်ကို ကြည့်ကာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။ "ဒီလူငယ်လေးက တော်တော် ရှက်တတ်တာပဲ။ သူ့မိန်းမက မရှက်ဘဲနဲ့ သူက ရှက်ရတယ်လို့"
မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားချိန်တွင် ရှောင်းလိသည် ဝိန်းယွီက မီးဖိုအနောက်တွင် ကျွမ်းကျင်စွာ မီးမွှေးနေသည်ကို တွေ့လိုက်ရပြီး နောက်တစ်ကြိမ် အံ့ဩသွားပြန်သည်။ သူသည် မသိစိတ်က အလိုလို ပြောလိုက်မိ၏။ "ငါ လုပ်လိုက်ပါ့မယ်"
သူမ သူတို့အိမ်သို့ စတင်ရောက်ရှိလာချိန်က မီးခတ်ကျောက်ကိုပင် မည်သို့အသုံးပြုရမည်ကို မသိခဲ့ကြောင်း သူ မှတ်မိနေသေး၏။
မီးခိုးငွေ့များကြောင့် ဝိန်းယွီသည် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်သော်လည်း မီးဖိုထဲမှ မီးတောက်ကတော့ တည်ငြိမ်စွာ လောင်ကျွမ်းနေသည်။ သူမက ပြောလိုက်သည်။ "ရပါတယ်။ ဒီရက်ပိုင်းအတွင်း အဘွားတို့ဆီကနေ ဒီအလုပ်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ သင်ယူထားပါတယ်။ သမားတော်ထောင်က ရှင့်ရဲ့ နံရိုးနှစ်ချောင်း ကျိုးသွားတယ်လို့ ပြောတယ်။ ဒါပေမယ့် ကံကောင်းတာက ကိုယ်တွင်းအင်္ဂါတွေကို မထိသွားဘူး၊ မဟုတ်ရင် အခြေအနေ တော်တော်ဆိုးသွားလိမ့်မယ်။ ရှင် ရက်နည်းနည်းလောက် သေချာ အနားယူသင့်တယ်"
ရှောင်းလိက မေးလိုက်၏။ "ငါ သတိလစ်နေတဲ့နှစ်ရက်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ"
ဝိန်းယွီသည် မီးဖိုထဲသို့ ထင်းများ ထပ်ထည့်လိုက်သည်။ သူက ဆေးမသောက်ရန် ငြင်းဆန်ခဲ့သဖြင့် နောက်နေ့တွင် အဖျားကြီးပြီး သတိလစ်သွားခဲ့ရသည့်အတွက် သူမ အနည်းငယ် ဒေါသထွက်ခဲ့သော်လည်း သူ၏ ပြိုလဲမှုသည် နောက်ဆုံးတွင် ပြင်းထန်သော ဒဏ်ရာများနှင့် သူတို့တွင် လုံလောက်သော ဆေးဝါးများ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းကိုလည်း သူမ သိနေခဲ့၏။
သူ သတိလစ်နေသော ထိုနှစ်ရက်အတွင်း ညဘက် သူမ နိုးလာသည့်အခါတိုင်း သူ အသက်မရှင်နိုင်ဘဲ သေဆုံးသွားမှာကို ကြောက်ရွံ့မိသဖြင့် သူ့အသက်ရှူသံများကို နားထောင်ရန် အနားသို့ တိုးသွားလေ့ရှိခဲ့သည်။ ယခုတော့ သူသည် သူမရှေ့တွင် ဘေးကင်းလုံခြုံစွာ မတ်တတ်ရပ်နေပြီဖြစ်သဖြင့် သူမ၏ ဒေါသများ ပျောက်ကွယ်သွားသည်။ သူမက ပြောလိုက်သည်။ "အဲ့ဒီနေ့က ကျွန်မ နိုးလာတဲ့အချိန်မှာ ရှင်က အဖျားတက်နေပြီး ဆေးမထည့်ထားတဲ့ ဒဏ်ရာတွေကနေ သွေးတွေ စိမ့်ထွက်နေတာကို တွေ့လိုက်ရတယ်။ အပြင်ဘက်မှာ အသုံးဝင်မယ့် ဆေးဖက်ဝင်အပင်တွေ ရှာနေတုန်း ချောက်ကမ်းပါးစွန်းမှာ ဆေးရှာနေတဲ့ သမားတော်ထောင်နဲ့ သူ့မြေးကို တွေ့ခဲ့တာပါ။ ရှင့်ရဲ့ ဒဏ်ရာတွေကို သမားတော်ထောင်က ကုသပေးခဲ့တာဖြစ်ပြီး သူ့မြေးက ရှင့်ကို ပြန်သယ်လာပေးခဲ့တာပါ"
သူမသည် အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။ "အားနျိုလို့ခေါ်တဲ့ အဲ့ဒီကလေးက လူငယ်တစ်ယောက်လို ရိုးရှင်းတဲ့ ဉာဏ်ရည်မျိုး ရှိပေမယ့် အံ့ဩစရာကောင်းလောက်အောင် ခွန်အားကြီးတယ်။ ဒီရွာက သီးခြားဖြစ်နေပြီး အသက်အရွယ်တူ လူပျိုတွေ အများကြီး ရှိတယ်။ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ကျွန်မတို့က ဇနီးမောင်နှံတွေလို့ ကျွန်မ သူတို့ကို ပြောထားလိုက်တယ်"
ထိုအသေးစိတ် အချက်အလက်များကို သိပြီးနောက် ရှောင်းလိသည် အခြေအနေကို နားလည်သွားခဲ့သည်။ သို့သော် သူက သူမ၏ လက်ကောက်ဝတ်ကို ဖိထားခဲ့သည့် ထိုထူးဆန်းသော အိပ်မက်ကို ပြန်လည်သတိရမိချိန်တွင် သူသည် ၎င်းကို ယုတ္တိမတန်ဟု ထင်မြင်မိသလို တစ်ချိန်တည်းမှာပင် နားထင်များတွင် စူးရှသော နာကျင်မှုတစ်ခု တဆစ်ဆစ် ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရ၏။
သူသည် အတွေးများကို ရပ်တန့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်ရာ အဘွားအိုနှင့် ဉာဏ်ရည်မမီသော အမျိုးသားတို့ ဆေးဖက်ဝင်အပင်များကို ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၏။ "ငါ သတိလစ်နေတာ နှစ်ရက်ရှိပြီဆိုတော့ ငါတို့ရဲ့ ခရီးစဉ်လည်း နှောင့်နှေးသွားပြီ။ စစ်သားတွေ လိုက်မမီနိုင်အောင် အမြန်ဆုံး ထွက်ခွာသင့်တယ်"
ဝိန်းယွီက ပြောလိုက်သည်။ "ကျွန်မ ထင်တာမမှားဘူးဆိုရင် ကျွန်မတို့ကို ခြုံခိုတိုက်ခိုက်ခဲ့သူတွေက ဖေစုန့်ရဲ့ သိမ်းငှက်အမဲ့လိုက်ခွေးတွေ ဖြစ်ရမယ်။ သူတို့က ထူးကဲတဲ့ အာရုံခံနိုင်စွမ်း ရှိကြပြီး လူထောင်ပေါင်းများစွာထဲကနေ ရွေးချယ်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေလေ။ ရှင်က သူတို့နဲ့ တိုက်ရိုက် ရင်ဆိုင်ခဲ့ရတယ်ဆိုတော့ ရှင့်ရဲ့ ရုပ်ပုံကို ပန်းချီဆွဲပြီးထားလောက်ပြီ။ ကျွန်မတို့ရဲ့ ရှေ့ဆက်ရမယ့် ခရီးစဉ်အတွက် ကျွန်မတို့နှစ်ယောက်လုံး ရုပ်ဖျက်သွားတာ ပိုကောင်းလိမ့်မယ်"
...