အခန်း ၂
Vol. 1 Ch. 2
အပိုင်း (၂)
နှင်းများအပြီး ကောင်းကင်သည် ကြည်လင်နေကာ တိမ်ကင်းစင်နေသော်လည်း ခြောက်သွေ့အေးစက်သော လေကြောင့် အဝေးမှ အရက်ဆိုင်၏အလံမှာ တဖျတ်ဖျတ် မြည်နေ၏။
ရှောင်းလိသည် ကိုယ်ကိုတစ်ပိုင်း ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏တံတောင်ကို ဒူးပေါ်သို့ ပေါ့ပေါ့ပါးပါး တင်ထားလိုက်သည်။ အင်္ကျီလက်ကို ချည်နှောင်ထားသော သားရေလက်ပတ်မှာ ဟောင်းနွမ်းနေပြီ ဖြစ်၏။ သူသည် ပါးစပ်ထဲတွင် ကိုက်ထားသော သစ်သားစကို ထွေးထုတ်လိုက်ပြီး ညှိနှိုင်းလိုသော လေသံဖြင့် မေးလိုက်သည်။
"သခင်ကြီးချန် လောင်းကစားဝိုင်းကို ပေးစရာရှိတဲ့ ငွေလျန်၄၀က ၆ လတောင် ကြာနေပြီနော်။ ဘယ်တော့ ပြန်ဆပ်ဖို့ စိတ်ကူးထားတာလဲ"
ကျွန်ကုန်သည်၏ နဖူးပေါ်တွင် ချွေးအေးများ စိမ့်ထွက်လာပြီး သူသည် ငိုနေသည်ထက် ပို၍ကြည့်ရဆိုးသော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ကာ ပြောလိုက်သည်။
"ရှောင်းအစ်ကို(၂)ရယ်... ကျွန်တော့်ကို မလှောင်ပါနဲ့ဗျာ။ ကျွန်တော်မျိုးက အစ်ကို့ရှေ့မှာ ဘယ်လိုလုပ်ပြီး သခင်ကြီးလို့ ခေါ်ခံဝံ့မှာလဲ။ အစ်ကိုကမှ ကျွန်တော့်ရဲ့ သခင်ကြီးပါ။ လောင်းကစားဝိုင်းက ကြွေးတွေကို အသေအချာ ပြန်ဆပ်မှာပါ။ ကျွန်တော့်မှာ ဘယ်လောက်ပဲ သတ္တိတွေ ရှိနေပါစေ ဒီယုံချန်မြို့ထဲမှာ ဟန်အိမ်တော်ရဲ့ အကြွေးကိုတော့ လုံးဝ မလိမ်ရဲပါဘူးဗျာ"
ရှောင်းလိသည် ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီး မြေပြင်ပေါ်သို့ ကျသွားသော ကျွန်ကုန်သည်၏ ကျာပွတ်ကို ကောက်ယူကာ ကျွန်ကုန်သည်၏ ရုပ်ဆိုးသော မျက်နှာကို ခပ်သာသာ ပုတ်လိုက်ပြီး မေးလိုက်သည်။
"မလိမ်ရဲဘူး ဟုတ်လား။ မလိမ်ရဲရင် မင်းက ဘာဖြစ်လို့ ဒီလဝက်လုံးလုံး ငါ့ညီအစ်ကိုတွေဆီကနေ ပုန်းနေရတာလဲ"
ဘေးမှ အမျိုးသားတစ်ယောက်က ပြောလိုက်သည်။ "အစ်ကို(၂)၊ ဒီကောင်က အရမ်း လည်တာဗျ။ သူ့ကို ပညာပေးတဲ့အနေနဲ့ အရင်ဆုံး ခြေထောက်တစ်ဖက်လောက် အရင် ချိုးထားလိုက်ရမလား___ ပညာပေးလိုက်မယ်လေ"
ကျွန်ကုန်သည်မှာ ကြောက်လန့်တကြားဖြင့် တောင်းပန်တော့သည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့။ အစ်ကိုရှောင်း... သခင်ကြီးရှောင်း။ ကျွန်တော် ငွေပြန်ဆပ်ပါ့မယ်။ ဒီယုံချန်ကနေ ထွက်သွားတဲ့ လဝက်အတွင်းမှာ ကျွန်တော် အလုပ်ကိစ္စတွေ သွားလုပ်နေတာပါ။ မိန်းကလေး တော်တော်များများကို ခက်ခက်ခဲခဲ ရှာလာခဲ့တာပါ။ သူတို့ကို ဈေးကောင်းကောင်းနဲ့ ရောင်းရရင် လောင်းကစားဝိုင်းက ကြွေးတွေကို ဆပ်နိုင်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် အဲ့ဒီမိန်းမယုတ်က လိမ်ဆင်ခဲ့တယ်လေ။ အင်ပြင်ထနေတာကို ကူးစက်ရောဂါလို့ ဟန်ဆောင်ခဲ့တာ။ အဲ့တာကြောင့် ကျွေးဟုန်ဂေဟာက ဝူမားမားက ကျွန်တော့်ဆီက မိန်းကလေးတွေကို မဝယ်ရဲတော့တာ။ ကျွန်တော်လည်း အဲ့ဒီမိန်းမယုတ်ရဲ့ လှည့်ကွက်ထဲမှာ ပါသွားပြီး မိန်းကလေးတွေမှာ ရောဂါကူးနေပြီဆိုပြီး ကြောက်သွားတာနဲ့ အကုန်လုံးကို ဈေးလျှော့ပြီး ရောင်းလိုက်ရတာဗျ။ အခုဆို အရင်းတောင် မရလိုက်ပါဘူး"
သူသည် ဝိန်းယွီကို လက်ညိုးထိုးပြလိုက်ပြီး သူ့ကံဆိုးမှုအားလုံးကို သူမ၏အပေါ်သို့ ပုံချကာ ငိုကြွေးလေသည်။
ဝိန်းယွီသည် သူမ၏ကျောပြင်ပေါ်မှ နာကျင်မှုကို ခက်ခဲစွာ သည်းခံနေရစဉ်တွင် ဤအကြွေးတောင်းသူများ၏ ပြဿနာထဲသို့ ဆွဲထည့်ခံရမှာ စိုးရိမ်သဖြင့် ထရပ်ကာ ထောင့်တစ်ခုသို့ ကပ်ထိုင်နေလိုက်သည်။ ကျွန်ကုန်သည်၏ လက်ညိုးထိုးခြင်းကို ခံလိုက်ရသောအခါ သူမ၏နှလုံးသားမှာ မွှန်းကြပ်သွားတော့သည်။
ဒီလူတွေက တကယ့် ပြဿနာပဲ။ ဒီလူတွေသာ ကျွန်ကုန်သည်ဆီက ငွေပြန်မရနိုင်တဲ့အပြင် သူမမှာ ကူးစက်ရောဂါ မရှိဘူးဆိုတာ သိသွားရင် သူမ အင်ပြင်ပျောက်သွားတဲ့အထိစောင့်ပြီး သူမကို ဆောင်ကြာမြိုင်ဆီ ရောင်းဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လို လုပ်မလဲ။
ဝိန်းယွီ၏စိတ်ထဲတွင် စိတ်ကူးတစ်ခု ဖျတ်ခနဲ ပေါ်လာ၏။ သူမသည် မြေကြီးပေါ်သို့ ချိနဲ့စွာ လဲကျသွားပြီး ချောင်းဆိုးရင်း အသက်ကို ဖမ်းရှူလိုက်သည်။ သူမ၏ကျောပြင်ပေါ်က ရဲရဲတောက်နေသော အနီရောင်ကျာပွတ်ရာနှင့် ယှဉ်လျှင် သူမသည် အပ်ချည်မျှင်လေးတစ်ခုပေါ်တွင် တွဲလောင်းချိတ်ခံထားရသယောင်ပင်။ သူမသည် ထိုဘက်သို့ ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်လေရာ အနီစက်များ ပြည့်နေသော သူမ၏မျက်နှာတစ်ခြမ်းမှာ ပေါ်ထွက်လာတော့သည်။
သူမ၏သရုပ်ဆောင်ချက်က ကြွေးတောင်းသူများထဲက တစ်ယောက်ကို အောင်အောင်မြင်မြင် ထိတ်လန့်သွားစေပြီး ထိုသူမှာ ရွံရှာစွာဖြင့် စုပ်သပ်လိုက်လေသည်။ "ဟ ဒီတစ်ယောက်က သေမလောက် ရိုက်ခံထိထားပါလား။ ဒီမျက်နှာက ပျားအိမ်တစ်ခုလိုပဲ။ ကြည့်လိုက်ရတာနဲ့ မနေ့က စားထားတာတွေတောင် ပြန်ထွက်ချင်လာပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်းလိ၏ အကြည့်များသည် မြေပြင်ပေါ်တွင် ဝပ်တွားနေသည့် အမျိုးသမီးထံသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။ သူသည် သူမ၏ အားနည်းလှသည့် ကျောပြင်နှင့် ထင်ရှားနေသည့် ကျာပွတ်ရာပေါ်တွင် ၂ ချက်လောက် စိုက်ကြည့်နေမိလေသည်။
ကျွန်ကုန်သည်က အလောတကြီး ရှင်းပြလိုက်၏။ "အနားယူလိုက်ရင် အင်ပြင်တွေက ပျောက်သွားမှာပါ။ ကျွန်တော် သူ့ကို တစ်ချက်ပဲ ရိုက်ရသေးတာ၊ သူ မသေနိုင်ပါဘူး..."
စကားပြောနေစဉ်မှာပင် ပြောင်လက်နေသည့် ကျာပွတ်အဖျားက သူ၏ မေးစေ့ကို တစ်ဖန် လာရောက် ထိမှန်ပြန်သည်။ ကျွန်ကုန်သည်၏ စဉ်းလဲသည့် မျက်လုံးများက ရှောင်းလိ၏ ပြတ်သားသည့် မေးရိုးနှင့် စိတ်မရှည်တော့သည့် အမူအယာကိုသာ မြင်တွေ့လိုက်ရ၏။ "ချန်လိုင့်ဇီ၊ မင်းရဲ့ ရှုံးနိမ့်သွားတဲ့ စီးပွားရေးအတွက် ငါက အရှုံးခံပေးရမယ်လို့ မင်း မျှော်လင့်နေတာလား"
ကျွန်ကုန်သည်မှာ ကြောက်လန့်တကြားဖြင့် ချက်ချင်း ငြင်းဆိုလိုက်လေသည်။ "မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော့်မှာ အခုလောလောဆယ် ငွေမရှိသေးလို့ပါ..." ရှောင်းလိသည် လက်ထဲက ကျာပွတ်ကို အရှေ့သို့ အနည်းငယ် ဖိလိုက်ရာ ကျွန်ကုန်သည်၏ မေးစေ့အသားထဲသို့ နစ်ဝင်သွားတော့သည်။ သူ၏ မည်းနက်သည့် မျက်တောင်များက အောက်သို့ စိုက်ကျနေပြီး မျက်လုံးများကို တစ်ဝက်ခန့် မှေးစင်းထားကာ ပျင်းရိလေးတွဲ့စွာ ပြောလိုက်လေသည်။ "အကြွေးဆပ်ဖို့ ငွေမရှိဘူး ဟုတ်လား။ ကောင်းပြီလေ။ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကိုပဲ အပေါင်ပစ္စည်းအနေနဲ့ ယူရတော့မှာပေါ့"
ထိုသို့ ပြောပြီးနောက် သူသည် ဓားတစ်ချောင်းကို တောင်းဆိုလိုက်သည့်အလား နောက်က နောက်လိုက်များထံသို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။
ကျွန်ကုန်သည်မှာ ကြောက်လန့်လွန်းသဖြင့် ဆီးပင် ထွက်တော့မလို ဖြစ်သွား၏။ အခြားသူများက အကြွေးကြောင့် ခြေလက်များကို ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်လျှင် လိမ်ညာခြင်း ဖြစ်နိုင်သော်ငြားလည်း ဒီအရှင်သခင်ကမူ ပြောသည့်အတိုင်း အမှန်တကယ် လုပ်မည့်သူ ဖြစ်လေသည်။
သူသည် တုန်တုန်ယင်ယင်ဖြင့် သူ၏ အင်္ကျီအတွင်းမှ ငွေအိတ်ကို ထုတ်ယူလိုက်ပြီး မျက်ရည်၊ နှပ်ချေးများဖြင့် ငိုယိုကာ ပြောလိုက်လေသည်။ "ရှောင်းအစ်ကို(၂)၊ သခင်လေးရှောင်း! ဒါက ကျွန်တော့်မှာ ရှိသမျှ အကုန်ပါပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ရက်နည်းနည်းလောက် ထပ်ပေးပါဦး! ကျွန်တော့်မှာ စောင့်ရှောက်ရမယ့် လူကြီးမိဘတွေနဲ့ ကလေးတွေ အိမ်မှာ ရှိပါသေးတယ်!"
ရှောင်းလိသည် လက်ထဲက ငွေအိတ်ကို ချိန်ဆကြည့်လိုက်ပြီးနောက် နောက်က နောက်လိုက်ထံသို့ ပစ်ပေးလိုက်သည်။ ကျွန်ကုန်သည်၏ မျက်ရည်များဖြင့် ပေကျံနေသည့် သနားစဖွယ် မျက်နှာကို ကြည့်ရင်း သူက ပြောလိုက်လေသည်။ "ကောင်းပြီ၊ မင်းကို ၂ ရက် အချိန်ပေးမယ်။ အဲ့ဒီအချိန်အထိ ငွေကို မမြင်ရဘူးဆိုရင်တော့—"
သူ၏ ကျာပွတ်က လျှပ်တပြတ်အတွင်း ဝှေ့ယမ်းလိုက်၏။ ကျွန်ကုန်သည်၏ မျက်နှာပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာတစ်ခု ချက်ချင်း ပေါ်ထွက်လာပြီး သူသည် အော်ဟစ်လိုက်တော့သည်။
ရှောင်းလိသည် ကျာပွတ်ကို ချလိုက်ပြီး ထရပ်လိုက်ကာ ထိုလူကို အထက်မှ ငုံ့ကြည့်လိုက်လေသည်။ "မင်း ငါ့ရဲ့ စည်းမျဉ်းတွေကို သိပါတယ်"
ကျွန်ကုန်သည်သည် သွေးထွက်နေသည့် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားရင်း နာကျင်မှုကြောင့် ကွေးနေကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။ "ကျွန်တော် သိပါတယ်၊ ကျွန်တော် သိပါတယ်… ကျွန်တော် ငွေကို ၂ ရက်အတွင်း ပြန်ဆပ်ပါ့မယ်…"
အကြွေးတောင်းသူများ မရောက်လာခင်ကတည်းက ဈေးထောင့်ရှိ လမ်းသွားလမ်းလာများသည် အစောကြီးကတည်းက ထွက်ပြေးသွားကြပြီ ဖြစ်သည်။
ဝိန်းယွီ၏ ကျောပြင်ပေါ်မှ ကြိမ်ဒဏ်ရာများမှာ ပြင်းထန်စွာ နာကျင်နေလေသည်။ ကျွန်ကုန်သည်က သူမ၏ လက်များကို မြင်းလှည်းတွင် ချည်နှောင်ထားသဖြင့် သူမသည် ထောင့်လေးတစ်ခုတွင်သာ ကွေးနေပြီး တတ်နိုင်သမျှ သတိမထားမိအောင် နေနေရသည်။
ယခုအချိန်တွင် လူငယ်သည် ထရပ်လိုက်ပြီး သူ၏ နောက်လိုက်များနှင့်အတူ သူမရှိရာသို့ လျှောက်လာချိန်တွင် သူမသည် မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထားလိုက်ပြီး အားနည်းဟန်ဆောင်ကာ သူတို့ကို မကြည့်ဘဲ နေလိုက်သည်။
သို့သော်လည်း လူငယ် ဖြတ်သွားသည့်အချိန်တွင် အလွန် နီးကပ်လွန်းသဖြင့် အေးစက်သည့် လေပြေကြောင့် လွင့်ပါလာသည့် သူ၏ ဝတ်ရုံအနားသတ်က သူမ၏ အေးခဲကာ ပြာနှမ်းနေသည့် လက်ချောင်းလေးများကို အသာအယာ ရှပ်ထိသွားခဲ့သည်။
သူမသည် အချိန်အတော်ကြာ အေးစက်နေခဲ့သဖြင့် ထိုအခိုက်အတန့်တွင် ထိုအဝတ်စသည် အံ့ဩစရာကောင်းလောက်အောင် နွေးထွေးနေသလို ခံစားလိုက်ရ၏။
ထိုအဖွဲ့ အဝေးသို့ ရောက်သွားပြီးမှသာ ကျွန်ကုန်သည်သည် ညည်းတွားရင်း ထရပ်ဖို့ ကြိုးစားတော့သည်။ သူ၏ သားမွေးဝတ်ရုံပေါ်တွင် ရွှံ့များ ပေကျံနေပြီး သူ၏ ဦးထုပ် ပြုတ်ကျသွားသဖြင့် အနာဖေးများဖြင့် ပြည့်နေသည့် သူ၏ ကတုံးခေါင်းမှာ ပေါ်လွင်နေလေသည်။ အေးစက်သည့် လေပြေတစ်ချက် တိုက်ခတ်လာသဖြင့် သူသည် ပြင်းထန်စွာ တုန်ယင်သွားတော့သည်။
ဝိန်းယွီ၏ တင်းကြပ်စွာ ချည်နှောင်ခံထားရသည့် လက်များသည် နှင်းရည်များထဲတွင် နစ်ဝင်နေပြီး အုတ်ခဲကျိုးတစ်ခုကို ဖိထားလေသည်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသည့် ဆံနွယ်များအောက်မှ သူမ၏ မည်းနက်သည့် မျက်လုံးများသည် အရာအားလုံးကို ရင်းနှီးဖို့ ပြင်ဆင်ထားသူတစ်ယောက်ကဲ့သို့ တည်ငြိမ်စွာဖြင့် ကျွန်ကုန်သည်ကို စောင့်ကြည့်နေလေသည်။
ငါ့မှာ တိုက်ခိုက်ဖို့ အခွင့်အရေး ၁ ကြိမ်ပဲ ရှိတော့တယ်။
မျက်နှာတစ်ခုလုံး ဝက်ဦးခေါင်းကဲ့သို့ ဖောင်းကားနေသည့် ကျွန်ကုန်သည်သည် နှာခေါင်းသွေးထွက်နေသည်ကို ရပ်တန့်ရန် အသည်းအသန် ကြိုးစားနေလေသည်။ ရှောင်းလိ၏ ကျာပွတ်က ထောင့်ဖြတ် ကျရောက်ခဲ့သဖြင့် သူ၏ နှာခေါင်းရိုးမှာ ကျိုးလုနီးပါး ဖြစ်သွားခဲ့ရ၏။
သူသည် အဝတ်စတစ်ခုကို ဆွဲဖြဲကာ သူ၏ နှာခေါင်းထဲသို့ ထိုးထည့်ရန် ကြိုးစားသော်လည်း နှာခေါင်းဘေးကို အနည်းငယ် ထိမိရုံမျှဖြင့် နာကျင်လွန်းသဖြင့် အသက်ရှူပင် မှားသွားတော့သည်။
နောက်ဆုံးတွင် နှာခေါင်းကို အဝတ်ဖြင့် ပိတ်နိုင်သွားသည့် ကျွန်ကုန်သည်သည် ရှောင်းလိနှင့် သူ့လူများ ထွက်ခွာသွားသည့် ဘက်သို့ ဒေါသတကြီး တံတွေးထွေးလိုက်လေသည်။ ထိုသို့ လှုပ်ရှားလိုက်သဖြင့် သူ၏ မျက်နှာကြွက်သားများ ဆွဲဆန့်ခံလိုက်ရကာ ပြင်းထန်သည့် နာကျင်မှု တစ်ဖန် ခံစားလိုက်ရပြန်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာပြီး တိုးတိုးလေး ကျိန်ဆဲလိုက်လေသည်။ "ဒီ ဖာသည်မသား..."
သူ လှည့်ကြည့်လိုက်ချိန်တွင် ဝိန်းယွီကို တွေ့လိုက်ရသော်လည်း သူသည် အလွန် နာကျင်နေသဖြင့် သူမကို ထပ်ပြီး ဒုက္ခမပေးနိုင်တော့ပေ။ သူသည် ကြမ်းတမ်းစွာဖြင့်သာ ဟိန်းဟောက်လိုက်လေသည်။ "မြန်မြန် လှည်းပေါ် တက်စမ်း!"
ဝိန်းယွီ၏ "ကပ်ရောဂါ"မှာ လိမ်ညာမှု ဖြစ်ကြောင်း သိသွားပြီးနောက် သူသည် သူမကို လွှတ်ပေးရန် စိတ်ကူး လုံးဝ မရှိတော့ချေ။
ဝိန်းယွီသည် မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ထရပ်လိုက်သော်လည်း ချက်ချင်း မတ်မတ် မရပ်လိုက်ချေ။ သူမသည် ကျွန်ကုန်သည်ကို နှုတ်ဆိတ်ကာ စောင့်ကြည့်နေလေသည်။ သူက ပြုတ်ကျနေသည့် ကျာပွတ်ကို ကောက်ယူရန် လှည့်လိုက်သည့် အခိုက်အတန့်တွင် သူမသည် လက်နှစ်ဖက်ဖြင့် အုတ်ခဲကျိုးကို မ လိုက်ပြီး သူ၏ ဦးခေါင်းကို ရှိသမျှ အားဖြင့် ထုနှက်လိုက်တော့သည်။
သို့သော်လည်း သူမသည် အလွန် အားနည်းနေလေသည်။ သူမ၏ ထုနှက်မှုကို ခံလိုက်ရပြီးနောက် ကျွန်ကုန်သည်သည် စူးရှစွာ အော်ဟစ်လိုက်သော်လည်း ချက်ချင်း လဲကျမသွားခဲ့ချေ။
သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီးနောက် သူ၏ ခေါင်းမှ သွေးများကို သုတ်လိုက်ပြီးနောက် ကမ္ဘာပျက်သွားသလို ခံစားလိုက်ရလေသည်။ သူသည် လက်များ တင်းကြပ်စွာ ချည်နှောင်ခံထားရသည့် ဝိန်းယွီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေ၏။ အံ့ဩသွားခြင်းလား သို့မဟုတ် ဒေါသထွက်သွားခြင်းလား တော့မသိ။ သူ့လက်များ တုန်ယင်နေရင်း ကျာပွတ်ဖြင့် သူမကို ချိန်ရွယ်ကာ ပြောလိုက်လေသည်။ "ဒီကောင်မစုတ်၊ ငါ နင့်ကို သေအောင် ရိုက်သတ်မယ်!"
သူက ဝိန်းယွီကို ကျာပွတ်ဖြင့် ရိုက်ရန် ပြင်လိုက်သော်လည်း သူမသည် အသည်းအသန် ရုန်းကန်ရင်း ကျန်ရှိနေသည့် အုတ်ခဲတစ်ဝက်ဖြင့် သူ့ကို လှမ်းပစ်လိုက်သည်။ ထို့နောက် နွားလှည်း၏ တံပိုးဆီသို့ ပြေးသွားကာ ထိုနေရာတွင် ချည်နှောင်ထားသည့် ကြိုးကို ဖြည်ရန် ကြိုးစားတော့သည်။
ကျွန်ကုန်သည်သည် သူမ ပစ်လိုက်သည့် အုတ်ခဲတစ်ဝက်ကို ရှောင်လိုက်ပြီး လက်ထဲက ကျာပွတ်ကို ဝှေ့ယမ်းကာ သူမကို ဆက်လက် ရိုက်နှက်ရန် နောက်မှ လိုက်လာတော့သည်။ ထိုအချိန်တွင် လမ်းထောင့်မှ ပျင်းရိလေးတွဲ့သည့် အသံတစ်သံ ထွက်ပေါ်လာ၏။ "ဟေး”
ထိုအသံကို ကြားလိုက်ရချိန်တွင် ကျွန်ကုန်သည်၏ အမူအယာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် အပြုံးတစ်ခုကို အတင်းလုပ်ယူကာ ပြုံးပြလိုက်ပြီး လမ်းထောင့်ရှိ နံရံကို မှီကာ လက်ပိုက်ရပ်နေသည့် ရှောင်းလိကို လှည့်ကြည့်လိုက်၏။ သူသည် ထိုမြင်ကွင်းကို ဘယ်အချိန်ကတည်းက စောင့်ကြည့်နေမှန်း မသိချေ။
ရှောင်းလိက သူ၏ အစောပိုင်းက ကျိန်ဆဲသံများကို ကြားသွားမှာကို စိုးရိမ်သဖြင့် ကျွန်ကုန်သည်သည် တတ်နိုင်သမျှ မြှောက်ပင့်ကာ ပြုံးပြလိုက်သော်လည်း သူ၏ နဖူးပေါ်တွင် ချွေးအေးများ စိမ့်ထွက်နေလေသည်။ "ရှောင်းအစ်ကို(၂) ဘာများ ထပ်ပြီး အမိန့်ရှိဦးမလို့လဲ"
ရှောင်းလိသည် အစောပိုင်းက ကျွန်ကုန်သည် ပေးခဲ့သည့် အိတ်အလွတ်ကို ပြန်ပစ်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားရင်း ပြောလိုက်လေသည်။ "ငါ အကြွေးတောင်းတဲ့အခါ ငွေကလွဲရင် တခြား ဘာကိုမှ မယူဘူး"
ထိုအိတ်လေးတွင် ဟောင်းနွမ်းနေသည့် ပန်းပွားလေးတစ်ခု ရှိနေပြီး အတွင်းထဲတွင် အဆောင်တစ်ခု ထည့်ထားလေသည်။ ထိုအဆောင်မှာ လွန်ခဲ့သည့် နှစ်က သူ့အမေက ဘုရားကျောင်းမှ ယူလာပေးခဲ့သည့် အဆောင် ဖြစ်လေသည်။
ရှောင်းလိကို အလွန် ကြောက်လန့်သွားသဖြင့် ကျွန်ကုန်သည်သည် ဝိန်းယွီအပေါ် ဒေါသပုံချရန် စိတ်ကူးများ ပျောက်ကွယ်သွားတော့သည်။ သူသည် ထိုအိတ်လေးကို ထပ်ခါထပ်ခါ ကြည့်နေမိပြီး ရှောင်းလိက ဘာဖြစ်လို့ ဒါကို ပြန်လာပေးပါလိမ့်ဟု နားမလည်နိုင် ဖြစ်နေလေသည်။
ဝိန်းယွီသည် ရှောင်လွှဲမရနိုင်သည့် ရိုက်နှက်မှုကို ခံယူရန် ပြင်ဆင်ထားခဲ့သော်လည်း ကျွန်ကုန်သည်က သူမကို ဘာမှ မလုပ်သည်ကို မြင်လိုက်ရသဖြင့် စိတ်အနည်းငယ် လျော့သွားကာ နွားလှည်းဘေးတွင် ကွေးနေလိုက်လေသည်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသည့် ဆံနွယ်များကြားမှ သူမသည် လူငယ် ထွက်ခွာသွားသည့် ဘက်သို့ မျက်လုံးလေး ပင့်ကြည့်လိုက်မိသည်။
____
ထိုနေ့မှာပင် ကျွန်ကုန်သည်သည် ဝိန်းယွီကို ပြန်လည် ရောင်းချရန်အတွက် သူ၏လုပ်ဖော်ကိုင်ဖက် အချို့ထံသို့ ခေါ်ဆောင်သွားခဲ့သည်။ သူက သူမကို မည်သို့ပင် ချီးကျူးပြောဆိုနေပါစေ အခြားသူများက သူမ၏ မျက်နှာပေါ်မှ နီရဲနေသည့် အင်ပြင်များကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ယဉ်ကျေးစွာ ငြင်းဆိုကြသည်မဟုတ်လျှင် ဈေးကို မတရားလျှော့ပေးကြလေသည်။
ငွေရရန် အသည်းအသန် ဖြစ်နေသည့် ကျွန်ကုန်သည်သည် ဝိန်းယွီကို ဈေးပေါပေါဖြင့် မရောင်းချလိုပေ။ နောက်ဆုံးတွင် သူသည် နွားလှည်းကို မောင်းနှင်ကာ လမ်းကြားများစွာကို ဖြတ်ကျော်ပြီးနောက် လူနေရပ်ကွက်တစ်ခုရှိ လမ်းကြားထဲသို့ ရောက်ရှိသွားတော့သည်။ သူက တံခါးတစ်ခုကို ခေါက်လိုက်သည့်အခါ ပိန်လှီလှသည့် အမျိုးသားတစ်ယောက် ထွက်လာသည်။ ကျွန်ကုန်သည်၏ အခြေအနေကို မြင်လိုက်ရသည့်အခါ ထိုအမျိုးသားက ပြောလိုက်၏။ "ဟေး၊ ချန်လိုင့်ဇီ၊ မင်းမျက်နှာက ဘာဖြစ်တာလဲ"
ချန်လိုင့်ဇီသည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်၏။ "မမေးပါနဲ့တော့ သူငယ်ချင်းရာ။ ဒီတစ်ခါတော့ မင်း ငါ့ကို ကူညီပေးမှရမယ်..."
အခြေအနေကို အကျဉ်းချုံး ရှင်းပြပြီးနောက် သူသည် နွားလှည်းပေါ်မှ ဝိန်းယွီကို ညွှန်ပြလိုက်လေသည်။ "ဒီကောင်မလေးက တကယ့်ကို ပထမတန်းစား အလှပဂေးလေးပါ။ မင်းသာ သူ့ကို ဝယ်ထားပြီး နောက်မှ ဆောင်ကြာမြိုင် ရပ်ကွက်ကို ပြန်ရောင်းမယ်ဆိုရင် အမြတ်ရမှာ သေချာတယ်!"
ထိုအမျိုးသား လှည့်ကြည့်လိုက်ချိန်တွင် ဝိန်းယွီသည် သူမ၏ အစောပိုင်းက နည်းလမ်းအတိုင်း အင်ပြင်များဖြင့် ပြည့်နေသည့် သူမ၏ မျက်နှာကို ပြသလိုက်လေသည်။
ထိုအမျိုးသားသည် ချက်ချင်းပင် တွေဝေသွားတော့သည်။ "မင်းကတော့ တုံးလိုက်တာ။ သူ့မျက်နှာ ပြန်ကောင်းသွားလို့ ကျွေးဟုန်ဂေဟာကို ရောင်းမယ်ဆိုရင်တောင် အများဆုံးမှ ငွေ ၁၀လျန်ပဲ ရမှာ။ အဲ့ဒါက မင်းရဲ့ လောင်းကစားအကြွေးကို ဆပ်ဖို့ ဘယ်လိုလုပ် လောက်မှာလဲ။ အဲ့ဒီအစား ဒီကောင်မလေးကို အဲဒီရှောင်းဆိုတဲ့ လူငယ်ကိုပဲ ပေးလိုက်ပါလား။ သူ့ဆီကနေ အချိန်ထောင်းပြီး ငွေရဖို့ တခြား စီးပွားရေးတစ်ခု ထပ်ရှာလိုက်ပေါ့"
ချန်လိုင့်ဇီသည် လုံးဝ စိတ်ပျက်သွားသည့် ပုံစံဖြင့် ပြောလိုက်လေသည်။ "သူ့ပုံစံကို မင်း မြင်သားပဲ။ သူ ပြန်ကောင်းဖို့ အချိန်အတော်ကြာမှာ။ အဲ့ဒီ မိစ္ဆာရှောင်းဆီကို ငါက ဘယ်လိုလုပ်ပြီး ပို့ရဲမှာလဲ"
ထိုအမျိုးသားက အကြံပေးလိုက်လေသည်။ "ရှောင်းလိက ပြီးခဲ့တဲ့ ၂ရက်က သူ့ရဲ့အမေအိုကြီးအတွက် အစေခံတစ်ယောက် ဝယ်ချင်လို့ အကျိုးဆောင်ဆီ ရောက်လာသေးတယ်၊ ဒါပေမယ့် သူ သဘောကျတာ မတွေ့ခဲ့ဘူးလေ။ အဲ့ဒီတော့ သူ့အမေကို ပြုစုဖို့ ပို့ပေးတာလို့ ပြောလိုက်ပါလား။ အစပိုင်းမှာ အဲ့ဒီ လူကြမ်းကြီးက မင်းကို ခွင့်မလွှတ်ဘူး ဆိုရင်တောင် ခဏလောက် ငြိမ်နေလိုက်ပေါ့။ နောက်မှ ဒီလို နူးညံ့တဲ့ အလှလေးကို မြင်သွားရင် သူ ဘယ်လိုလုပ် စိတ်ဆိုးနေတော့မှာလဲ"
ချန်လိုင့်ဇီသည် ထိုအကြံကို သဘောကျသွားပြီး ပြုံးလိုက်လေသည်။ "ညီအစ်ကို၊ မင်း တကယ့်ကို ဉာဏ်ကောင်းတာပဲ။ ကျေးဇူးတင်ပါတယ်"
ထိုနေ့ နေ့လည်ပိုင်းတွင် ရှောင်းလိ အိမ်မှာ မရှိသည်ကို အတည်ပြုပြီးနောက် ချန်လိုင့်ဇီသည် ဝိန်းယွီကို သူ၏ အိမ်တံခါးဝသို့ ခေါ်ဆောင်သွားတော့သည်။
ဝိန်းယွီသည် တစ်နေ့လုံး ငတ်မွတ်မှုနှင့် အအေးဒဏ်ကို အသည်းအသန် ခံစားနေရပြီး ကြိမ်ဒဏ်ရာများနှင့် လေကြောင့်ဖြစ်သည့် အင်ပြင်များမှာလည်း ပိုမို ဆိုးရွားလာလေသည်။ လမ်းမှာ ရှိနေစဉ်မှာပင် သူမသည် ပြင်းထန်သည့် ဖျားနာမှုကို ခံစားနေရပြီး သတိမှာလည်း ဝိုးတဝါးသာ ရှိတော့သည်။
ချန်လိုင့်ဇီက သူမကို နွားလှည်းပေါ်မှ အတင်းအကျပ် ဆွဲချလိုက်ပြီးနောက် တံခါးတစ်ခုကို ခေါက်လိုက်သည်ကို သူမ မြင်တွေ့လိုက်ရ၏။ ဟောင်းနွမ်းနေသည့် ဝတ်ရုံအဟောင်းကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူ ကျိုးကျဲနှင့် အမျိုးသမီးအိုကြီးတစ်ယောက် ထွက်လာခဲ့သည်။
သူမ၏ မျက်ဝန်းထောင့်များတွင် အရေးအကြောင်းများ ရှိနေသော်လည်း ငယ်စဉ်က အလွန် ချောမောခဲ့သူ ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း သူမ၏ ကျန်းမာရေးမှာ ကောင်းပုံမရဘဲ တံခါးဖွင့်စဉ်မှာပင် အကြိမ်အနည်းငယ် ချောင်းဆိုးနေလေ၏။ သူမက ချန်လိုင့်ဇီကို သတိဖြင့် ကြည့်ပြီး မေးလိုက်လေသည်။ "ဘယ်သူ့ကို ရှာတာလဲ"
ချန်လိုင့်ဇီကအတင်းလုပ်ယူထားသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။ "ဒီမှာ၊ ဒါက ရှောင်းလိ၊ ရှောင်းအစ်ကို(၂)ရဲ့ အိမ်လား"
ရှောင်းဟွေ့နျန်၏ အကြည့်များသည် ချန်လိုင့်ဇီနောက်တွင် လက်များ ချည်နှောင်ခံထားရပြီး အားနည်းလှသည့် ဝိန်းယွီထံသို့ ရောက်ရှိသွားသည်။ သူမက တွေဝေစွာဖြင့် ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်... ဒါပေမယ့် အခု ကျွန်မသား အိမ်မှာ မရှိဘူး။ သူ့ကို တွေ့ချင်ရင် နောက်မှ ပြန်လာခဲ့ပါ"
ချန်လိုင့်ဇီက အလောတကြီး ပြောလိုက်လေသည်။ "မလိုပါဘူး၊ မလိုပါဘူး။ ဒါ ရှောင်းလိရဲ့ အိမ်ဆိုရင် ရပါပြီ။ ကျွန်တော်က ခင်ဗျားအတွက် အစေခံတစ်ယောက် ပို့ပေးမလို့ပါ"
သူက ဝိန်းယွီကို အရှေ့သို့ တွန်းလိုက်လေသည်။ "မြန်မြန်၊ သခင်မကြီးကို နှုတ်ဆက်လိုက်စမ်း!"
တွန်းလိုက်သဖြင့် ယိုင်သွားစဉ်မှာပင် ဝိန်းယွီ၏ ဖရိုဖရဲ ဖြစ်နေသည့် ဆံနွယ်များကြားမှ လေကြောင့် နီရဲနေသည့် သူမ၏ မျက်ဝန်းလေးများမှာ ပေါ်လွင်သွားတော့သည်။
သူမ၏ မျက်ဝန်းများတွင် အလွန် ပင်ပန်းနွမ်းနယ်မှုများ၊ ဒဏ်ရာနှင့် ဖျားနာမှုကြောင့် ထုံထိုင်းမှုများ ရှိနေသော်လည်း ထိုမျက်ဝန်း၏ အောက်ခြေတွင်တော့ ပြင်းထန်သည့် မီးတောက်တစ်ခုကဲ့သို့သော တစ်စုံတစ်ခုက သူမကို ထောက်ပံ့ပေးထားသလို တောက်လောင်နေလေသည်။ သူမသည် အားနည်းနေသော်လည်း ကျောကို မတ်မတ် ဆန့်ထား၏။
ရှောင်းဟွေ့နျန်သည် သူမ၏ ငယ်စဉ်ဘဝတွင် လူပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသဖြင့် ဤ ဖရိုဖရဲ ဖြစ်နေသည့် အမျိုးသမီးတွင် ဖော်ပြရခက်သည့် မြင့်မြတ်သည့် အငွေ့အသက် ရှိနေသည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်လေသည်။
အခြေအနေမှာ ရှုပ်ထွေးနေကြောင်း ခံစားမိသဖြင့် သူမက ချန်လိုင့်ဇီကို လှည့်မေးလိုက်သည်။ "ရှင်က ဘယ်သူလဲ။ ဘာဖြစ်လို့ ကျွန်မကို အစေခံ ပေးရတာလဲ"
ချန်လိုင့်ဇီက အမြန် ရှင်းပြလိုက်လေသည်။ "ကျွန်တော်က ချန်လျို့ပါ၊ အကျိုးဆောင်ဆီမှာ အလုပ်လုပ်နေတာပါ။ ... သူက အင်ပြင်တွေ ထနေလို့ ချက်ချင်း ရောင်းလို့ မရသေးဘူးလေ၊ အဲ့ဒါကြောင့် ခင်ဗျားကို လေးစားတဲ့အနေနဲ့ လာပို့ပေးတာပါ"
သူသည် ကျွန်ကုန်သည် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ရှောင်းဟွေ့နျန်၏ အမူအယာမှာ အေးစက်သွားတော့သည်။ "ကျွန်မ ဘာသာ ကျွန်မ စောင့်ရှေုက်နိုင်ပါတယ်။ အစေခံ မလိုဘူး။ သူ့ကို ပြန်ခေါ်သွားပါ"
သူမက တံခါးပိတ်ရန် ပြင်လိုက်စဉ်မှာပင် ချန်လိုင့်ဇီက တံခါးကို ဆွဲထားလိုက်လေသည်။ "သခင်မကြီး၊ သခင်မကြီး၊ ကျွန်တော်က စေတနာနဲ့ပါ။ ဒီကောင်မလေးက အရမ်း ခေါင်းမာတယ်၊ ဆောင်ကြာမြိုင်ကို မရောင်းရအောင် သူကိုယ်တိုင် သူ့မျက်နှာကို ဖျက်ဆီးထားတာ။ ကျွန်တော်ကလည်း ဖူခရိုင်ကို အလုပ်ကိစ္စနဲ့ အမြန် သွားရတော့မယ်... တကယ်လို့ ခင်ဗျား လက်မခံဘူး ဆိုရင်တော့ သူ့ကို ဆောင်ကြာမြိုင်ကိုပဲ ဈေးလျှော့ပြီး ရောင်းရတော့မှာပေါ့"
ကောင်မလေးသည် ဆောင်ကြာမြိုင်သို့ မရောက်ရှိရန် သူမကိုယ်သူမ ဖျက်ဆီးခဲ့သည်ကို ကြားလိုက်ရချိန်တွင် ရှောင်းဟွေ့နျန်သည် သနားစိတ် ဖြစ်သွားတော့သည်။ ခဏလောက် တွေဝေသွားပြီးနောက် နောက်ဆုံးတွင် ခွင့်ပြုလိုက်လေသည်။ "ဒါဆိုရင်လည်း သူ့ကို ဒီမှာ ထားခဲ့လိုက်တော့"
ချန်လိုင့်ဇီသည် ချက်ချင်းပင် ဝမ်းသာသွားတော့သည်။ သူသည် သူ၏အင်္ကျီအတွင်းမှ စာအိတ်တစ်ခုကို ထုတ်ယူကာ ရှောင်းဟွေ့နျန်ထံသို့ ကမ်းပေးရင်း ပြောလိုက်လေသည်။ "ဒီထဲမှာ ကောင်မလေးရဲ့ အရောင်းအဝယ် စာချုပ် ရှိပါတယ်။ ဒါကို ရှောင်းအစ်ကို(၂)ကို ပေးလိုက်ပါဦး"
ရှောင်းဟွေ့နျန်သည် ထိုစာအိတ်ကို ယူလိုက်ပြီး သဘောတူလိုက်၏။ ထို့နောက် ဘေးသို့ရွှေ့ကာ လမ်းဖယ်ပေးလိုက်သည်။ သူမက ချောင်းဆိုးရင်း ပြောလိုက်လေသည်။ "ရာသီဥတုက အရမ်း အေးတာပဲ။ အထဲဝင်ပြီး ရေနွေးကြမ်း တစ်ခွက်လောက် သောက်ပါဦး"
သို့သော်လည်း ချန်လိုင့်ဇီသည် ထွက်ပြေးရန် အလျင်လိုနေသဖြင့် ဆက်မနေဝံ့တော့ချေ။ သူက အလျင်စလို ပြန်ဖြေလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် သခင်မကြီး၊ ရေနွေးကတော့ မသောက်တော့ပါဘူး။ နောက်မှ သခင်မကြီးနဲ့ ရှောင်းအစ်ကို(၂)ဆီကို လာလည်ပါ့မယ်!"
ထိုသို့ ပြောပြီးနောက် သူသည် လမ်းကြားထဲမှ အပြေးထွက်သွားတော့သည်။
ရှောင်းဟွေ့နျန်သည် သူ အဝေးသို့ ရောက်သွားသည်အထိ စောင့်ကြည့်နေပြီးမှ ဝိန်းယွီဘက်သို့ လှည့်လာခဲ့သည်။ သူမ၏ အမူအယာမှာ နူးညံ့သွားပြီး ပြောလိုက်လေသည်။ "ကလေး၊ မကြောက်နဲ့နော်။ အခုကစပြီး ဒါက မင်းရဲ့ အိမ်ပဲ။ ငါနဲ့အတူ အထဲဝင်ရအောင်"
သူမသည် ဝိန်းယွီ၏လက်ကို ဆွဲရန် လက်ကမ်းလိုက်သော်လည်း ပြင်းထန်သည့် အအေးဒဏ်နှင့် ဖျားနာမှုကို အသည်းအသန် ခံစားနေရသည့် ဝိန်းယွီသည် ခံနိုင်ရည်ကို ကျော်လွန်သွားပြီဖြစ်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
...