← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အပိုင်း (၃)

ဝိန်းယွီသည် အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေလေသည်။

သူမသည် အဖျားတက်လွန်းသဖြင့် နှုတ်ခမ်းများ ခြောက်သွေ့နေကာ လည်ချောင်းထဲတွင်လည်း ခဲများ လောင်းထည့်ထားသကဲ့သို့ ခံစားနေရ၏။ ကျောပြင်ပေါ်မှ ကျာပွတ်ဒဏ်ရာများမှာ ပူလောင်နေပြီး နာကျင်မှုမှာ ခန္ဓာကိုယ်၏ အာရုံကြောတိုင်းသို့ ပျံ့နှံ့နေသဖြင့် သူမ၏နားထင်တွင် ချွေးများ စိုစွတ်နေတော့သည်။

အိပ်မက်ထဲတွင် လေနှင့်နှင်းများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေကာ လော့ယန်မြို့တံခါးကို ပုန်ကန်သူများက ချိုးဖျက်ဝင်ရောက်လာကြလေသည်။ မြင်းခွာသံများမှာ ရှုပ်ထွေးနေပြီး မီးတောက်များက လမ်းဘေးရှိ အိမ်များကို ဝါးမြိုနေကာ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ငိုကြွေးသံများမှာ စူးရှလှသည်။

"စစ်သူကြီးရဲ့ အမိန့်ပဲ! ချန်လျန်ဝမ်ရဲ့ သမီးတော် ဟန့်ယန်မင်းသမီးကို အရှင်ဖမ်းမိတဲ့သူကို ရွှေလျန်၁၀၀ ဆုချမယ်!"

ဤအော်ဟစ်သံမှာ ကြောက်မက်ဖွယ်ကောင်းပြီး နားကွဲမတတ် စူးရှလှ၏။ မီးရောင်အောက်တွင် မြင်တွေ့နေရသည်မှာ လောဘဇောတိုက်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာများဖြစ်ပြီး လူသားအရေခြုံထားသည့် သားရဲများနှင့် တူလှပေသည်။

သူမမှာမူ မီးတောက်များ တောက်လောင်နေသည့် ရှန်ဝူလမ်းမကြီး၏ အလယ်တွင် ရပ်နေမိ၏။

ပြေး!

မြန်မြန် ပြေးကြ!

သူမ၏ လက်ချောင်းထိပ်များကို ဖြူဆုတ်နေသည်အထိ ဆုပ်ထားသော်လည်း တစ်ကိုယ်လုံးမှာ ထိုနေရာတွင် သံမှိုရိုက်ထားသကဲ့သို့ ဖြစ်နေကာ ခြေလှမ်းတစ်လှမ်းပင် မလှမ်းနိုင်ဘဲ သူမအား လှမ်းဖမ်းနေသည့် မြောက်မြားစွာသော လက်များကိုသာ ငေးကြည့်နေရတော့သည်။

သူမသည် အော်ဟစ်ချင်သော်လည်း လည်ချောင်းထဲမှ အသံထွက်မလာချေ။ ထိုအခိုက်အတန့်တွင် ခြေထောက်များက လွတ်မြောက်သွားသဖြင့် သူမသည် နောက်သို့ လှည့်မကြည့်ဘဲ အမှောင်ထုထဲသို့ အပြေးထွက်ခဲ့တော့သည်။

နှင်းတောထဲတွင် ဗလာခြေဗလာဖြင့် ခြေလှမ်းအနည်းငယ်သာ လှမ်းရုံရှိသေးသည်။ ကျာပွတ်တစ်ချက်က သူမ၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့လေသည်။ အရေပြားကို ဖောက်ထွင်းသွားသော ထိုနာကျင်မှုမှာ အိပ်မက်နှင့်မတူဘဲ အမှန်တကယ် ဖြစ်ပျက်နေသကဲ့သို့ပင်။

ဝိန်းယွီသည် မြေပြင်ပေါ်တွင် နာကျင်စွာ လဲကျသွားခဲ့သည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ နှင်းတောထဲတွင် ကျွန်ကုန်သည် ချန်လောင်လျို့က အရောင်တဝင်းဝင်း ကျာပွတ်ကို ကိုင်ကာ သူမဆီသို့ လျှောက်လာပြီး ရုပ်ဆိုးစွာ ရယ်မောရင်း ပြောလိုက်လေသည်။ "ပြေးဦးမလား။ ဆက်ပြီး ပြေးစမ်းပါဦး!"

သူသည် ကျာပွတ်ကို မြှောက်ကာ သူမအား ထပ်မံ ရိုက်ရန် ပြင်လိုက်စဉ် ဝိန်းယွီ၏ စိတ်ထဲတွင် စုပြုံနေသော ကြောက်ရွံ့မှုများမှာ ဒေါသအဖြစ် ပြောင်းလဲသွားပြီး သူမသည် လမ်းဆုံးသို့ ရောက်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ကျွန်ကုန်သည်ကို ပြန်လည် တိုက်ခိုက်လိုက်တော့သည်—

"ချလွမ်း—" ဟူသော အပြင်ဘက်မှ ပစ္စည်းတစ်ခုခု ကွဲအက်သွားသည့် အသံတစ်ခု။

ဝိန်းယွီသည် အိပ်မက်ဆိုးမှ ရုတ်တရက် မျက်လုံးပွင့်လာတော့သည်။ သူမ၏ ဆံပင်အဖျားများနှင့် ကျောပြင်တစ်ခုလုံးမှာ ချွေးများဖြင့် စိုရွှဲနေပြီး ရေထဲမှ ဆွဲတင်ထားသည့်အလား ဖြစ်နေကာ အဖာအထေးများဖြင့် ကုတင်ခန်းဆီးကို ကြည့်ရင်း အသက်ရှူမဝ ဖြစ်နေ၏။

အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ တိုးညှင်းသော စကားသံကို ကြားလိုက်ရ၏။ "ကျွန်တော် သိမ်းလိုက်ပါ့မယ်။ အမေ နေမကောင်းတာကို အခန်းထဲမှာပဲ နားနေပါ၊ ဒါတွေ ဘာလို့ လာလုပ်နေတာလဲ"

"အဲ့ဒီကလေးမလေးက တစ်နေ့နဲ့တစ်ညလုံး အဖျားတက်နေတာ၊ သတိလည်း မရသေးဘူး။ သူ ဒီအခိုက်ကို မကျော်နိုင်မှာစိုးလို့ မီးဖိုချောင်ကနေ စွပ်ပြုတ်ပူပူလေး တစ်ခွက် သွားတိုက်မလို့လေ။ ပြောမရဘူးလေ၊ အသက်ရှင်လာနိုင်တာပဲ မဟုတ်လား" ကြင်နာတတ်သော အမျိုးသမီးကြီး၏ အသံကို ကြားလိုက်ရလေသည်။

ဝိန်းယွီသည် အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်ပြီး သတိပြန်ဝင်လာကာ စိတ်ထဲတွင်လည်း ပိုမိုကြည်လင်လာတော့သည်။ သူမသည် စုတ်ပြတ်သော်လည်း သန့်ရှင်းနေသော အခန်းကို လှမ်းကြည့်လိုက်ပြီးနောက် စိုးရိမ်နေသော စိတ်မှာ ပြေလျော့သွားတော့၏။

ဟုတ်ပါသည်။ သူမ အသက်ရှင်နေသေး၏။

ကျွန်ကုန်သည်က သူမအား ထိုအမျိုးသမီးကြီးထံ ပို့ဆောင်ပေးခဲ့သဖြင့် ယာယီအားဖြင့် ဘေးကင်းသွားပြီ ဖြစ်သည်။

အပြင်ဘက်မှ စကားသံများ ဆက်လက် ထွက်ပေါ်နေသည်။

"သေရင်လည်း သေပါစေပေါ့၊ ဆေးဖိုး သက်သာတာပေါ့။ ချန်လောင်လျို့ ဆိုတဲ့ ခွေးမသားကတော့၊ ကျွန်တော်က စေတနာနဲ့ လွှတ်ပေးပြီး ငွေရှာဖို့ ၂ ရက် အချိန်ပေးလိုက်တာကို အမေ့ဆီ လာလိမ်သွားတယ်။ အကြွေးစာချုပ်ကို ကျွန်စာချုပ်လို့ ဟန်ဆောင်ပြီး သေလုမျောပါး ဖြစ်နေတဲ့လူကို အမေ့ဆီ အစေခံဆိုပြီး လာပို့သွားတာပဲ။ သူ့ကိုသာ တွေ့ကြည့်လိုက်၊ သူ့ခြေထောက် နှစ်ဖက်စလုံးကို မချိုးပစ်ရင် ကျွန်တော် မဟုတ်ဘူး!"

"ဒီကိစ္စက အမေပဲ သားကို ဒုက္ခပေးမိတာပါ။ ဒါပေမယ့် အဲ့ဒီကလေးမလေးက ကြည့်ရတာ အရမ်း သနားဖို့ ကောင်းတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အသက်ပဲ။ သူ့ကို စွပ်ပြုတ်လေး တိုက်ကြည့်ရအောင်၊ ဒီညကို ကျော်ဖြတ်နိုင်မလားဆိုတာ ကြည့်ရမှာပေါ့"

"ကောင်းပါပြီ၊ အမေ အခန်းထဲမှာပဲ နားနေလိုက်ပါ။ ကျွန်တော် သွားတိုက်လိုက်မယ်။ ချန်လောင်လျို့က လိမ်တတ်တဲ့လူဆိုတော့ အဲ့ဒီကလေးမလေးမှာ ဖြစ်နေတာက ကူးစက်ရောဂါ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ။ အမေ အဲ့ဒီအခန်းထဲကို မသွားတာ ပိုကောင်းမယ်"

အမျိုးသမီးကြီးက ခေါင်းငြိမ့်ပြကာ ချောင်းဆိုးရင်း အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

ဝိန်းယွီသည် ထိုလူမိုက်၏ လေသံမှာ မကောင်းလှသည်ကို ကြားလိုက်ရသဖြင့် သူမ၏ အခန်းတံခါးဆီသို့ လျှောက်လာသော ခြေသံကို ကြားသောအခါ စိုးရိမ်စိတ်ဖြင့် မျက်လုံးများကို မှိတ်ကာ အိပ်ချင်ဟန် ဆောင်နေလိုက်၏။

တံခါးဝမှ ထူထဲသော ခန်းဆီးစကို မလိုက်သောအခါ အပြင်ဘက်မှ အလင်းရောင်များ အထဲသို့ တိုးဝင်လာလေသည်။ ဝိန်းယွီသည် တစ်ဖက်လူက သူမအား အတင်းအကျပ် စွပ်ပြုတ်တိုက်မှာကို စိုးရိမ်သဖြင့် မျက်တောင်များကို လှုပ်ခတ်ကာ ယခုမှ နိုးလာသည့်အလား မျက်လုံးကို ဖွင့်လိုက်လေသည်။

"နိုးပြီလား"

ရှောင်းလိသည် တံခါးခန်းဆီးကို ဘေးရှိ ချိတ်တွင် ချိတ်လိုက်လေသည်။ သူသည် မြေပန်းကန်လုံးကို ကိုင်ထားကာ ခြေလှမ်းကျဲဖြင့် ဝင်လာ၏။ သူသည် အရပ်မြင့်လှသဖြင့် ကျဉ်းမြောင်းသော ဤအခန်းမှာ သူ ဝင်လာပြီးနောက်တွင် ပိုကျပ်ညပ်သွားသယောင် ရှိကာ လေထုထဲတွင်လည်း သူနှင့်အတူ ပါလာသော နှင်းများ၏ အေးစက်သောအငွေ့အသက်များ ရှိနေလေသည်။ သူ၏ အနက်ရောင် မျက်လုံးများဖြင့် ကြည့်လာချိန်တွင် သားကောင်ကို စိုက်ကြည့်နေသော သိန်းငှက်တစ်ကောင်အလား ဖြစ်နေသဖြင့် လူတစ်ယောက်အနေနှင့် သူ၏အကြည့်ကို တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့မရဲ ဖြစ်ရစေသည်။

သူ ဝင်လာသည်ကို မြင်သောအခါ ဝိန်းယွီသည် ဆက်ပြီး လဲမနေရဲတော့ဘဲ အိပ်ရာပေါ်မှ ထရန် ကြိုးစားလိုက်စဉ် ကျောပြင်မှ ကြိမ်ဒဏ်ရာများ နာကျင်သွားသဖြင့် သူမ၏မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ သို့သော် သူမသည် နာကျင်မှုကို သည်းခံကာ အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီးနောက် ခြောက်သွေ့နေသော နှုတ်ခမ်းများကြားမှ ချောင်းဆိုးလိုက်သည်။ သူမသည် အားနည်းနေသော်လည်း အရိုးထဲထိ စွဲမြဲနေသော ဟန်ပန်များကတော့ ကျန်ရစ်နေလေသည်။

ရှောင်းလိသည် အနားသို့ တိုးမလာဘဲ သူမကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူသည် ဂျင်းစွပ်ပြုတ်ထည့်ထားသည့် မြေပန်းကန်လုံးကို အိပ်ရာနှင့် မဝေးလှသော စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် နံရံကို မှီကာ ရပ်လိုက်ပြီး ပြောလိုက်၏။ "နိုးပြီဆိုရင်လည်း ဒါကို သောက်လိုက်။ မင်းကို မေးစရာ ရှိတယ်"

ဝိန်းယွီသည် လက်ရှိတွင် သူတစ်ပါးအိမ်၌ ခိုလှုံနေရသူဖြစ်ပြီး ခုနက သူပြောသော စကားများကိုလည်း ကြားခဲ့ရသဖြင့် သူ ဒေါသထွက်မှာကို စိုးရိမ်သောကြောင့် ဂျင်းစွပ်ပြုတ်ကို ယူကာ သောက်လိုက်၏။ သူမသည် တစ်နေ့နှင့်တစ်ညလုံး သတိမေ့နေခဲ့သဖြင့် ဘာမှ မစားခဲ့ရချေ။ ယခင်ကလည်း ထွက်ပြေးစဉ်အတွင်း ကျွန်ကုန်သည် ချန်လောင်လျို့က သူမကို ထမင်း ၂ နပ် အငတ်ထားခဲ့သဖြင့် အစာအိမ်ထဲတွင် အဆာလွန်ပြီး နာကျင်နေပြီ ဖြစ်သည်။

သူမသည် စွပ်ပြုတ်ကို အငမ်းမရ သောက်လိုက်သော်လည်း အစာအိမ်ထဲတွင် ဘာမှ မရှိသည်မှာ ကြာနေပြီ ဖြစ်သဖြင့် ဂျင်း၏ စပ်ရှရှ အရသာကြောင့် ပျို့အန်ချင်လာကာ ကုတင်ဘေးတွင်ပင် ပြန်အန်ထုတ်လိုက်တော့သည်။

ရှောင်းလိသည် ချက်ချင်း မျက်နှာပျက်သွားတော့သည်။ သူသည် သူမကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်လေသည်။ "မင်းက တကယ်ပဲ ငါ့အိမ်မှာ လာသေချင်နေတာလား"

ဝိန်းယွီသည် သူမ၏နှုတ်ခမ်းပေါ်မှ စွပ်ပြုတ်များကို သုတ်လိုက်ပြီး မျက်ရည်များ ဝဲနေသည့်ကြားမှ ကုတင်ဘေးကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကျွန်မ မသေဘူး"

ပြောပြီးသည်နှင့် သူမသည် ဂျင်းစွပ်ပြုတ်ကို ကုန်အောင် သောက်လိုက်ပြီးနောက် ကုတင်ဘေးကို မှီကာ ချောင်းဆိုးနေတော့သည်။

ရှောင်းလိသည် မျက်မှောင်ကြုံ့လိုက်၏။ ဤမိန်းကလေးထံမှ ဤကဲ့သို့သော ပြတ်သားမှုကို မြင်ရသည်မှာ ဒါသည် ဒုတိယအကြိမ် ဖြစ်လေသည်။ အသက်ရှင်ရန်အတွက် သည်လောက် အားတင်းထားနိုင်သောလူကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

သူသည် အားနည်းလှသော သူမကို ကြည့်ကာ ချောင်းဆိုးသံ ရပ်သွားမှသာ ပြောလိုက်လေသည်။ "ဒါဆိုရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင် ဒီလိုနှစ်သစ်ကူး အချိန်ကြီးမှာ ငါ့အိမ်မှာ လာသေနေရင် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"

ဝိန်းယွီသည် ခေါင်းငုံ့ထားကာ ဘာမှ ပြန်မပြောချေ။

ရှောင်းလိက ဆက်ပြောသည်။ "ချန်လောင်လျို့က မင်းကို ငါ့ဆီမှာ ပေါင်ထားတာ၊ မင်း သိလား"

ဝိန်းယွီသည် ထိုစကား၏ ရည်ရွယ်ချက်ကို မသိသဖြင့် ငြိမ်သက်စွာ ခေါင်းညိတ်လိုက်၏။

ရှောင်းလိက ပြောလိုက်သည်။ "အဲ့ဒီခွေးကောင်က လောင်းကစားဝိုင်းမှာ လျန်၃၀ အကြွေးတင်နေတာ။ အခုတော့ အပြင်ကို ထွက်ပြေးသွားပြီ။ ငါ့အိမ်မှာတော့ အလကားစားမယ့်လူ မထားဘူး။ သူက မင်းကို အမေ့အတွက် အစေခံအဖြစ် ပေးသွားတာဆိုတော့ သူ မင်းကို ပြန်လာမရွေးခင်အထိ မင်းက ငါတို့ရှောင်းအိမ်ရဲ့ အစေခံပဲ"

ဝိန်းယွီသည် စောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မက လူကောင်းမိသားစုကပါ၊ ကျွန်စာချုပ်ရှိတဲ့ ကျွန်မဟုတ်ပါဘူး။ ထွက်ပြေးလာတဲ့ လမ်းမှာ လူပြန်ပေးဆွဲခံရပြီး ဒီကို ရောက်လာတာပါ..."

ရှောင်းလိသည် သူမကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။ "မင်း ဘယ်လိုဖြစ်ပြီး ချန်လောင်လျို့ လက်ထဲ ရောက်သွားတယ်ဆိုတာ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ သိထားတာက သူက ငါ့ကို ငွေပေးဖို့ ရှိတယ်၊ ငါ့အမေ့ကို လိမ်ပြီး မင်းကို ငါ့ဆီမှာ ပေါင်သွားတယ်ဆိုတာပဲ"

ဝိန်းယွီသည် သူ့စကားထဲမှ အဓိပ္ပာယ်တစ်ခုကို သိလိုက်ရသဖြင့် ကြောက်လန့်ဟန်ဆောင်ကာ ခေါင်းငုံ့ပြီး မေးလိုက်လေသည်။ "သခင်မကြီးရဲ့ ကြင်နာမှုကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။ ဒါပေမယ့် ကျွန်မသာ ချန်လောင်လျို့ရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးမယ်ဆိုရင် ကျွန်မကို သွားခွင့်ပြုမလား"

လျန်၃၀ ဆိုသည်မှာ နည်းသော ပမာဏ မဟုတ်ချေ။ သာမန်မိသားစုတစ်ခုအနေနှင့် ၁၀နှစ်ခန့် စုဆောင်းမှသာ ရရှိနိုင်သည့် ပမာဏ ဖြစ်သည်။

ရှောင်းလိသည် သူမကို လှောင်ရယ်လိုက်ပြီး ပြောလိုက်လေသည်။ "ရတာပေါ့။ မင်းသာ အဲ့ဒီလျန်၃၀ကို ပြန်ဆပ်နိုင်မယ်ဆိုရင် မင်းကို အခုချက်ချင်း သွားခွင့်ပြုမယ်"

ဝိန်းယွီသည် သူ၏လှောင်ပြောင်မှုကို မကြားချင်ယောင်ဆောင်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။ ရက်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရပြီးနောက် ယခုမှသာ သူမအတွက် မျှော်လင့်ချက် အလင်းရောင်လေး တစ်ခုကို တွေ့လိုက်ရခြင်းပင်။ သူမ၏နောက်လိုက်များသာ သူမကို တွေ့သွားခဲ့လျှင် လျန်၃၀ မဆိုထားနှင့်၊ လျန်၃၀၀ ပေးရန်ပင် ခက်ခဲလိမ့်မည် မဟုတ်ချေ။

ရှောင်းလိသည် သူမ၏ ကျေးဇူးတင်စကားကို ကြားသောအခါ သူမတစ်ယောက်တော့ ကျွန်ကုန်သည်၏ ရိုက်နှက်မှုကြောင့် ရူးသွားပြီဟုပင် ထင်သွားတော့သည်။ သူသည် ထွက်သွားရန် ပြင်လိုက်ပြီးမှ တံခါးဝတွင် ရပ်ကာ လှည့်မေးလိုက်လေသည်။ "မင်းမှာ နာမည်ရှိလား"

ဝိန်းယွီက ဘာမှ ပြန်မပြောသဖြင့် သူက မျက်မှောင်ကြုံ့ကာ ရှင်းပြလိုက်လေသည်။ "ထုံးစံအရတော့ ဝယ်လာတဲ့ အစေခံတွေကို နာမည်အသစ် ပေးရတယ်။ ဒါပေမယ့် မင်းက အပေါင်ပစ္စည်းအနေနဲ့ ရောက်လာတာဆိုတော့ မင်းမှာ နာမည်ရှိရင် နာမည်အရင်းကိုပဲ သုံးပေါ့"

နောက်မှနေ၍ တိုးညှင်းသော အသံလေး ထွက်ပေါ်လာလေသည်။ "အမေက ကျွန်မကို အားယွီလို့ နာမည်ပေးထားပါတယ်"

ရှောင်းလိက မေးလိုက်လေသည်။ "ဘယ်လို ယွီ လဲ"

ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ငါးလည်းသေ ကွန်လည်းပြတ်ဆိုတဲ့ ယွီ ပါ"

ရှောင်းလိသည် သူမကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ထွက်သွားတော့သည်။ တံခါးခန်းဆီးကို ပြန်ချလိုက်သောအခါ အခန်းထဲတွင် မှောင်အတိ ပြန်ကျသွားလေသည်။

ဝိန်းယွီသည် အပြင်ဘက်မှ လေတိုက်သံများကို နားထောင်ရင်း သူမ၏နာမည်ကို ပြန်လည် မြင်ယောင်နေမိတော့သည်။ 'အားယွီ' ဆိုသည်မှာ သူမ၏မိခင်က ပေးထားသော နာမည်လေး ဖြစ်သည်။

"အားယွီ... အားယွီ... မေမေရဲ့ ငါးလေးက ကြီးလာရင် အရမ်းလှတဲ့ မိန်းကလေး ဖြစ်လာမှာပဲ"

ထိုစဉ်က မိခင်ဖြစ်သူသည် သူမကို ပွေ့ဖက်ကာ ဖခင်ဖြစ်သူအား ပြုံးရယ်လျက် ပြောခဲ့ခြင်း ဖြစ်၏။ ဝိန်းယွီသည် မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များကို အမှောင်ထဲတွင် စီးကျခွင့် ပြုလိုက်တော့သည်။

လောကတွင် သူမကို ဟန့်ယန်မင်းသမီးဟုသာ သိကြပြီး သူမ၏နာမည်ရင်းကို သိသူပင် မရှိသလောက် ရှားလှပေသည်။

သည်နာမည်ကို ထုတ်ဖော်လိုက်သဖြင့် ဒုက္ခရောက်မှာကို သူမ မကြောက်ပေ။

ဆန့်ကျင်ဖက်အနေဖြင့် ဤနာမည်လေးကို ခေါ်ဆိုခြင်းဖြင့်သာ သူမသည် မိမိကိုယ်ကို အသက်ရှင်နေသေးကြောင်း ခံစားရလေသည်။

....

ဝိန်းယွီသည် ဖျားနာမှုနှင့် ဒဏ်ရာများကြောင့် အားနည်းနေပြီး အချိန်တိုလေးသာ သတိပြန်လည်လာခဲ့သည်။ ရိုးရိုးဆန်ပြုတ်တစ်ခွက်ကို သောက်လိုက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ နိုးလာချိန်မှသား အင်အား ပြန်ရှိလာတော့သည်။

အပြင်ဘက်တွင် နှင်းများ ကျဆင်းနေဆဲ ဖြစ်ပြီး အေးစက်သော လေများကြောင့် တံခါးမှာ တကျွီကျွီ မြည်နေပြီး တစ္ဆေများနှင့် ဝံပုလွေများက ငိုးညည်းနေသည့်အလားပင်။

သူမသည် အိပ်ရာပေါ်မှ ခက်ခဲစွာ ထရပ်လိုက်ပြီး ကုတင်အောက်ရှိ ဖိနပ်ကို စီးလိုက်လေသည်။

သည်လိုဖိနပ်မျိုးကို ယခင် မင်းသားအိမ်တော်တွင် အစေခံများပင် ဝတ်ဆင်ကြမည် မဟုတ်ချေ။

သို့သော် ဝိန်းယွီအတွက်တော့ ယခင်က သူမ စီးခဲ့သော စုတ်ပြတ်နေသည့် ဖိနပ်ထက် ပိုနွေးထွေးလှပေသည်။ စက္ကူပြတင်းပေါက်ကို အပေါက်အကြီးကြီးတစ်ခုကို ဖာထေးချုပ်ထားသော ဆီပေနေသည့်အဝတ်စဖြင့်ကာထားပြီး တံခါးရော ပြတင်းပေါက်ပါ ဖွင့်မထားသဖြင့် အခန်းက မှောင်မည်းလို့နေသည်။

ဝိန်းယွီသည် နံရံကို အားပြုကာ တံခါးဝသို့ လျှောက်သွားပြီး တံခါးခန်းဆီးကို မလိုက်သောအခါ အေးစက်သော လေများက သူမ၏လည်ပင်းကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။ သူမသည် မတတ်သာဘဲ တံခါးကို မှီချလိုက်ပြီး ခေါင်းငုံ့ကာ ခေါင်းဆိုးလိုက်၏။

ရှောင်းဟွေ့နျန်သည် တံခါးကို အနည်းငယ် ဟ,ထားပြီး အလင်းရောင်ကို အားပြုကာ ပန်းထိုးနေလေသည်။ သူမသည် ဝိန်းယွီကို မြင်သောအခါ ပန်းထိုးနေသည်ကို ရပ်လိုက်ပြီး ခုံပုလေးကို ဆွဲပေးကာ ပြောလိုက်သည်။ "ဘာလို့ ထလာတာလဲ ဒီကိုလာပြီး မီးလှုံလိုက်ဦး၊ မင်းရဲ့အဖျားက မပျောက်သေးဘူး၊ လေတိုက်ခံလို့ မဖြစ်ဘူးလေ"

ထိုလူမိုက် အိမ်မှာ မရှိဘူး ထင်သည်။

ဝိန်းယွီသည် အနားသို့ လျှောက်သွားပြီး ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် သခင်မကြီး။ ကျွန်မ အိပ်တာ ကြာသွားလို့ ခေါင်းမူးနေတာနဲ့ ထလာတာပါ"

ထိုနေ့က သူမ ရောက်ရှိလာစဉ် အဖျားတက်နေသဖြင့် ချက်ချင်း သတိမေ့သွားခဲ့ပြီး ယခုမှသာ အိမ်၏ အနေအထားကို သေချာ ကြည့်နိုင်တော့သည်။ အခန်းအလယ်တွင် စားပွဲတစ်လုံး ရှိပြီး တံခါးနားတွင် မီးဖို ရှိလေသည်။

ပင်မအခန်းကို တံခါးနှစ်ခုဖြင့် ဆက်ထားပြီး တစ်ခုက ဝိန်းယွီအိပ်ခဲ့သည့် အခန်းငယ်လေးဆီသို့ သွားသည့်တံခါးဖြစ်ကာ နောက်တံခါးတစ်ခု၏ နောက်တွင်‌တော့ ဝိန်းယွီခန့်မှန်းချက်အရာ အမျိုးသမီးကြီး၏အခန်း ဖြစ်လောက်သည်။

ဒါဆိုရင် အဲဒီလူမိုက်က ပုံမှန်ဆို ဘယ်မှာနေတာလဲ။

ဒါမှမဟုတ် ခြံဝင်းအပြင်ဘက်မှာ တခြားအခန်းတွေ ရှိသေးတာလား။

ဝိန်းယွီသည် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားတော့သည်။ သူမ၏အကြည့်က တံခါး၏ဟနေသည့် နေရာကို ဝေ့ကြည့်လိုက်သောအခါ ပါးလွှာသည့်နှင်းများ ဖုံးလွှမ်းနေသော ခြံဝင်းငယ်လးထဲတွင် ရေစည်အိုးတစ်လုံးကို တွေ့လိုက်ရသည်။ ထောင့်တွင်တော့ ဟင်းရွက်ခင်းလေးတစ်ခုကို စိုက်ထားပုံရပြီး စုပုံနေသည့် နှင်းများအောက်တွင် အရောင်လဲ့နေသော အစိမ်းရောင်လေးကို ခပ်မှိန်မှိန် တွေ့နေရသည်။

"သခင်မကြီးလို့ မခေါ်ပါနဲ့။ ငါ့ကို 'ဒေါ်ဒေါ်' လို့ပဲ ခေါ်ပါ" ရှောင်းဟွေ့နျန်က ပန်းထိုးရန် ပြန်ပြင်လိုက်သော်လည်း အပ်ချည်မှာ တိုနေပြီး သူမ၏ မျက်စိမကောင်းသောကြောင့် အပ်ထဲသို့ ထည့်ရန် ခက်ခဲနေလေသည်။

ဝိန်းယွီက ပြောလိုက်၏။ "ကျွန်မ လုပ်ပေးမယ်"

အပ်ချည်နှင့် အပ်ကို လှမ်းပေးလိုက်ပြီးနောက် ရှောင်းဟွေ့နျန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။ "အသက်ကြီးလာတော့ မျက်စိက မကောင်းတော့ဘူးကွယ်"

ဝိန်းယွီသည် ခြင်းတောင်းထဲမှ ပန်းထိုးပြီးသား လက်ကိုင်ပုဝါများကို သတိထားမိလိုက်ပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။ "ဒါတွေကို ဘာလုပ်ဖို့ ပန်းထိုးနေတာလဲဟင်"

ရှောင်းဟွေ့နျန်က စိတ်မကောင်းဟန်ဖြင့် ပြန်ဖြေလေသည်။ "ဟွမ်အာက အခုဆို အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေပြီလေ။ ဒါပေမယ့် အိမ်က ငွေတွေက အဒေါ့်ရဲ့ ဆေးဖိုးတွေနဲ့ပဲ ကုန်နေတာ။ အဲ့တာကြောင့် ပန်းထိုးပြီး ငွေစုပေးမလို့ပါ"

'ဟွမ်' လား။

အဲ့ဒါ လူမိုက်ရဲ့ နာမည်လား။

ဝိန်းယွီသည် အပ်ပေါက်ထဲ အပ်ချည်ထည့်ကာ ဆွဲထုတ်လိုက်ပြီး အထုံးလေးတစ်ခု ထုံးလိုက်၏။ သည်မိသားစုအကြောင်း ဘာမှမသိသလောက် ဖြစ်နေသဖြင့် သူမက မေးလိုက်သည်။ "အိမ်ရှင် သခင်ကြီးကော။ အိမ်ကိစ္စတွေကို သူ ဂရုမစိုက်ဘူးလား"

ရှောင်းဟွေ့နျန်သည် ခေါင်းခါပြလိုက်ပြီး တစ်ခုခုပြောရန် သက်ပြင်းချလိုက်သော်လည်း ရုတ်တရက် ကျွီခနဲ တံခါးမြည်သံ ထွက်လာခဲ့သည်။ ဝိန်းယွီက ‌မော့ကြည့်လိုက်သောအခါ တံခါးကို တွန်းဖွင့်လိုက်သည့် ထိုလူမိုက်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများက လေးနှင့်နှင်းတို့၏ အေးစိမ့်စိမ့်အငွေ့အသက် ရောစွက်နေသည်။ သူသည် သူနှင့်အတူ ဆီးနှင်းနှင့်နှင်းများကို သယ်ဆောင်လာသယောင်။ သူက ပြောလိုက်၏။ "အမေ၊ ကျွန်တော် ပြန်လာပြီ"

...

All Chapters