← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း (၅)

အခန်းထဲတွင် မီးမှိန်နေသဖြင့် ပန်းထိုးရန် ခက်ခဲသည်။ ဝိန်းယွီသည် နံရံကို မှီထားသည့် တုတ်တစ်ချောင်းကို ကောက်ယူလိုက် ပြတင်းပေါက်ကို ထောက်ထားလိုက်၏။ အေးစက်သည့် လေပြေက ချက်ချင်းဆိုသလို အခန်းထဲသို့ တိုးဝင်လာပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် ဖုံးအုပ်နေသည့် နှင်းများသည် တဖျတ်ဖျတ် ကြွေကျလာတော့သည်။

သူမ၏လက်ပေါ်သို့ နှင်းအချို့ ကျလာ၏။ နီမြန်းနေသည့် အစက်အပြောက်များ ရှိနေသည့် သူမ၏ သွယ်လျလျ လက်ချောင်းလေးများသည် ပွင့်အာလာသည့် သစ်ခွပွင့်ချပ်လေးများနှင့် တူနေပြီး သူမ၏ အသားအရည်မှာ ကြွေထည်ကဲ့သို့ ချောမွတ်နေလေသည်။ နှင်းပွင့်လေးများသည် ထိုအနီစက်များကို တစ်ဝက်ခန့် ဖုံးအုပ်ထားရာ "နှင်းထဲက ဆီးပန်းပွင့်နီလေးများ" ဟု တင်စားရလောက်ပေသည်။

လက်ဖမိုးပေါ်တွင် အေးစက်နေသော်ငြားလည်း ဝိန်းယွီသည် ထိုအေးမြသည့် ခံစားမှုကို မဖယ်ရှားလိုက်ချေ။ ထို့အစား သူမသည် ခြံဝင်းတံတိုင်း၏ အပြင်ဘက်က ကျယ်ပြောလှသည့် နှင်းတောကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။

ငါ ယာယီ ခိုလှုံစရာတော့ ရှာတွေ့သွားပြီ။ ငါ့ရဲ့ အနီးကပ် အစေခံတွေကို ဆက်သွယ်ဖို့ နည်းလမ်းလဲ ရှိပြီ။

သူမ၏ ယုံကြည်ရသော နောက်လိုက်များသည် ထိုအမှတ်အသားကို မြင်သည်နှင့် သူမကို အမြန်ဆုံး လာရောက်ရှာဖွေလိမ့်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။ ခရီးလမ်းတွင် သူမသည် အချိန်အတော်ကြာ နှောင့်နှေးခဲ့ရပြီ ဖြစ်၏။ ဖုန်းယန်မြို့၏ အခြေအနေမှာ စိုးရိမ်ရသဖြင့် စစ်ကူတောင်းရန် နန်ချန်သို့ အမြန်ဆုံး သွားရန် လိုအပ်လေသည်။

ထိုစဉ် တံခါးအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရ၏။ ဝိန်းယွီသည် မည်သူဖြစ်မည်ကို ခဏတာ ဝေခွဲမရဖြစ်နေပြီးမှ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"ဝင်ခဲ့ပါ”

တံခါးကို တွန်းဖွင့်ကာ ကန့်လန့်ကာကို မ,ကာ ဝင်လာသူမှာ ရှောင်းလိ ပင်။

အလင်းကို ကျောပေးထားသဖြင့် သူ၏ မြင့်မားလှသော အရိပ်ကြီးက တံခါးဝမှ အလင်းရောင်အားလုံးကို ကွယ်ထားသယောင် ရှိနေ၏။ သူက မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်သည့် မျက်လုံးများမှာ နက်မှောင်သော ကျောက်မျက်များကဲ့သို့ပင်။

ဝိန်းယွီသည် မသိစိတ်ကအလိုလို တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ ပြတင်းပေါက်ဘောင်ပေါ်က သူမ၏ လက်ကလေးမှာ အနည်းငယ် တင်းကြပ်သွား၏။ သူမသည် နူးညံ့သိမ်မွေ့ဟန် ပေါက်နေသော်လည်း ခန္ဓာကိုယ်ထဲက အကြောအခြင်များမှာတော့ အသင့်အနေအထားဖြင့် သတိထားနေမိသည်။

အခန်းထဲတွင် သူတို့နှစ်ယောက်တည်း ရှိနေသည့် အခြေအနေမှာ တောင်တစ်တောင်တွင် ဘုရင်လုပ်နေသည့် သားရဲနှစ်ကောင်ကို တစ်နေရာတည်းတွင် အတင်းအကျပ် ထည့်ထားသကဲ့သို့ပင်။

တစ်ယောက်က အားနည်းဟန်ဆောင်နေပြီး ကျန်တစ်ယောက်ကတော့ အမှန်တရားကို သိရန် တစ်လှမ်းချင်း တိုးကပ်လာနေလေသည်။

ဝိန်းယွီသည် သူမ၏ မျက်နှာကို ကြောက်ရွံ့ပြီး အပြစ်ကင်းစင်ဟန် ပေါက်အောင် ကြိုးစားရင်း တိုးညှင်းစွာ မေးလိုက်၏။

"ရှင် ဘာများ လိုအပ်လို့လဲ”

ပြောပြီးသည်နှင့် သူမသည် ပါးစပ်ကို ပိတ်ကာ ချောင်းဆိုးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှ တွေးနေမိသည်။ သူက စားသောက်ပြီးတဲ့ ပန်းကန်တွေကို မသိမ်းလို့ ငါ့ကို လာဆူတာလား။

သူမသည် သိမ်းရန် ရည်ရွယ်ထားသော်လည်း ရှောင်းလိ စားပြီးသည့်အခါ သူကိုယ်တိုင် ပန်းကန်များနှင့် တူများကို သိမ်းဆည်းသွားသဖြင့် သူမက လိုက်လုပြီး လုပ်နေရန် မသင့်တော်ဟု တွေးမိခဲ့သည်။

ပြတင်းပေါက်နားတွင် ရပ်နေသူသည် ကြောက်ရွံ့သောကြောင့်လား။ သို့မဟုတ် တစ်ခြားအကြောင်းကြောင့်လား မသိသော်လည်း အလွန်အမင်း တောင့်တင်းနေသည်ကို ရှောင်းလိ သတိထားမိလိုက်၏။

ပြတင်းပေါက်ဘောင်ပေါ်က သူမ၏ လက်ဖမိုးပေါ်တွင် နှင်းအချို့ အရည်ပျော်ကာ အေးစက်သော ရေစက်များ ဖြစ်နေပြီး လက်ဆစ်များကြားမှ စီးကျနေသည်။ ပြတင်းပေါက်ဘောင်ကို ဖိထားသည့် သူမ၏ လက်ချောင်းလေးများသည် အအေးဒဏ်ကြောင့် နီမြန်းနေပြီး ထူးဆန်းစွာပင် မျက်စိကျစရာ ဖြစ်နေလေသည်။

ရှောင်းလိသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ့အကြည်ကို သူမထံတွင် ဆက်ပြီး ရစ်တွယ်မထားတော့ဘဲ အခန်းထောင့်က သေတ္တာဆီသို့ လျှောက်သွားကာ ပြောလိုက်၏။

"ငါ အဝတ်အစား လာလဲတာ”

ဝိန်းယွီ၏ တောင့်တင်းနေသော အာရုံကြောများမှာ ရုတ်တရက် ထုံသွားသလို ခံစားလိုက်ရပြီး သူမ၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်သွားသည်။

ရှောင်းလိသည် အခန်းထောင့်သို့ လျှောက်သွားကာ သေတ္တာအဖုံးကို ဖွင့်ပြီး အမျိုးသား အဝတ်အစားတစ်စုံကို ထုတ်ယူကာ ထွက်သွားရန် ပြင်လိုက်သည်ကို သူမ ကြည့်နေမိသည်။

တံခါးဝသို့ ရောက်သည့်အခါ သူသည် ခဏတာ ရပ်လိုက်ပြီး သူမကို ပြန်ကြည့်ကာ အနည်းငယ် အေးစက်သော လေသံဖြင့် ပြောလိုက်၏။

"ငါ့အမေက စိတ်သဘောထား ကောင်းတဲ့သူ။ ဒီလို အေးစက်တဲ့ လေထဲမှာ ပန်းထိုးရင်းနဲ့ မင်း အအေးမိသွားတာကို သူ သိသွားရင်ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလိမ့်မယ်။ ငါတို့အိမ်မှာ မီးသွေး ပြတ်လပ်မနေပါဘူး”

ပြောပြီးသည်နှင့် သူသည် ကန့်လန့်ကာကို ချကာ ထွက်သွားတော့သည်။

ဝိန်းယွီသည် မှင်သက်စွာ ကျန်ရစ်ခဲ့ပြီး သူမ၏ အကြည့်က ရိုးရှင်းသော သစ်သားခုတင်လေးပေါ်သို့ ဖြည်းဖြည်းချင်း ရောက်သွား၏။

တကယ်တော့ ဒီအခန်းက ရှောင်းလိရဲ့ အိပ်ခန်းလား။

ဒီအချက်ကို သိလိုက်ရချိန်တွင် ဝိန်းယွီ၏ စိတ်ထဲ၌ အတော်လေး အံ့ဩသွားမိသည်။

သူမသည် ရှောင်းလိက အပြင်ဘက်တွင် ရှောင်းဟွေ့နျန်ကို လှမ်းပြောသည်ကို ကြားလိုက်ရသည်။

"အမေ... ကျွန်တော် ဒီည ပြန်မလာတော့ဘူး”

ရှောင်းဟွေ့နျန်က နှင်းကျပြီး လမ်းချော်နေသဖြင့် ဂရုစိုက်ရန် အတွင်းခန်းမှ ပြန်ပြောလိုက်၏။ သိပ်မကြာခင်မှာပင် ရှောင်းလိ၏ ခြေသံများ ဝေးကွာသွားလေသည်။ ခြံတံခါး ပွင့်ပြီး ပြန်ပိတ်သွားသည့် အသံအရ သူ ထွက်သွားပြီ ဖြစ်ကြောင်း သိသာသည်။

ဝိန်းယွီသည် ခဏတာ မှင်သက်နေရာမှ တစ်စုံတစ်ခုကို အတည်ပြုရန် တံခါးကန့်လန့်ကာကို မ,လိုက်၏။ ရှောင်းဟွေ့နျန်မှာ အတွင်းခန်းတွင် အနားယူနေသဖြင့် အပြင်ခန်းမှာ အလွတ်ကြီး ဖြစ်နေသည်။ ဝိန်းယွီသည် တံခါးကို တွန်းဖွင့်ကာ ဝင်းထဲသို့ ထွက်လာခဲ့သည်။ နှင်းများသည် ငှက်မွေးများကဲ့သို့ အုံလိုက်ကျင်းလိုက် ကျဆင်းနေပြီး မြေပြင်ပေါ်တွင် နှင်းကော်ဇောကြီး ခင်းထားသယောင်။ နံနက်ခင်းက ပါးပါးလေး ကျထားသည့် နှင်းများသည် ယခုတော့ ခြေလှမ်းတိုင်းတွင် တကျွတ်ကျွတ် မြည်နေတော့သည်။ ရေစည်အိုး၏ အနားသတ်မှာ နှင်းများ ပုံနေသဖြင့် မြေခွေးဖြူ သားမွေးပုဝါ ပတ်ထားသည့်နှယ်ပင်။

ဝိန်းယွီသည် ခြံဝင်းကို ဝေ့ကြည့်လိုက်သော်လည်း ယာယီ မီးဖိုချောင် အဆောင်လေးကိုသာ တွေ့ရ၏။ ဒီအိမ်တွင် အပိုအခန်း လုံးဝ မရှိသည်မှာ သေချာသည်။

သူမသည် မီးဖိုဘေးက မှီထိုင်ခုံလေးဆီသို့ လှည့်ကြည့်လိုက်မိသည်။ ဒါဆိုရင်... ရှောင်းလိက ပြီးခဲ့တဲ့ နှစ်ညလုံး အဲ့ဒီမှာပဲ အိပ်ခဲ့တာလား။

ရှောင်းလိသည် နေမစောင်းမီ အချိန်တွင် လောင်းကစားရုံသို့ ရောက်ရှိလာခဲ့၏။ သူသည် ဝါးခမောက် ဆောင်းထားသော်လည်း သူ၏ လည်ပင်းတွင် နှင်းများ ဖုံးလွှမ်းနေလေသည်။ အပြင်ဘက်တွင် နေကြာစေ့စားရင်း စကားပြောကာ စောင့်ကြည့်နေသည့် လူတစ်ယောက်က သူ့ကို မြင်သည်နှင့် နေကြာစေ့များကို ပန်းကန်ထဲသို့ အမြန်ပစ်ထည့်လိုက်သည်။

"အစ်ကိုရှောင်း... ရောက်လာပြီလား”

ရှောင်းလိသည် ခမောက်ကို လှမ်းပေးလိုက်ပြီး သူ၏ လည်ကုပ်ပေါ်က နှင်းများကို ခါချကာ အတွင်းသို့ ခြေလှမ်းကျဲဖြင့် ဝင်လာခဲ့သည်။

"အခြေအနေ ဘယ်လိုရှိလဲ”

ထိုလူက ခေါင်းခါပြပြီး ဘေးဘီကို ဝေ့ကြည့်ကာ လေသံနှိမ့်ပြီး ပြောလိုက်၏။

"မကောင်းဘူး။ ဟိုကောင် ဝမ်ချင်းက သခင်ကြီး နားထဲမှာ အဆိပ်ခတ်နေတယ်။ မင်းက ချန်လိုင့်ဇီ ဆီကနေ လာဘ်စားပြီး သူ့ကို လွှတ်ပေးလိုက်တယ်လို့ ပြောနေတာ။ သူ ဘာကို လိုချင်နေလဲဆိုတာ လူတိုင်း သိပါတယ်။ အခု အစ်ကိုစုန့်က အာဏာရှိတဲ့ ရာထူးကနေ ဆင်းသွားပြီဆိုတော့ ဝမ်ချင်းက ချန်လိုင့်ဇီ ကိစ္စကို သုံးပြီး မင်းကို အဲ့ဒီနေရာအတွက် စိန်ခေါ်နေတာ”

ရှောင်းလိက နှာခေါင်းရှုံ့လိုက်ပြီး "အပေါစား စိတ်ကူးတွေပါ”

သို့သော် ထိုလူက စိုးရိမ်နေဆဲပင်။ "သခင်ကြီးကလဲ သိပ်ပြီး သဘောကျပုံ မရဘူး။ ခုနတင် စာရင်းကိုင်ကို အပေါ်ထပ်ကို ခေါ်လိုက်သေးတယ်”

ရှောင်းလိ၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွား၏။ ထိုလူက ထပ်ပြောမည် အပြုတွင် ရှောင်းလိက လက်မြှောက်ကာ တားလိုက်သည်။

ယခု သူတို့သည် ခန်းမဆောင်ကြီး၏ အဝင်ဝတွင် ရောက်နေပြီး အရက်သောက်ရင်း ဂိမ်းကစားနေသည့် လူတစ်စုမှာ သူတို့ဆီသို့ တစ်ပြိုင်နက် လှည့်ကြည့်လာကြသည်။ မုတ်ဆိတ်တိုနှင့် လူတစ်ယောက်က ထိုင်ခုံကို ကန်ထုတ်ကာ လက်ပိုက်ပြီး မတ်တတ်ရပ်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ရန်စလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူ့လက်အောက်ငယ်သားများကလည်း သူ့နောက်တွင် လိုက်ပြီး ထရပ်ကြလေသည်။

ထိုလူမှာ တစ်ခြားသူမဟုတ် ဝမ်ချင်း ပင်။

အစောင့်က ရှောင်းလိကို စိုးရိမ်တကြီး ကြည့်လိုက်၏။

"သခင်ကြီးက အပေါ်ထပ်မှာ ရှိနေတုန်းပဲ။ သူ ဘာလုပ်ဖို့ ကြံနေတာလဲ”

ရှောင်းလိသည် ဘာမှ ပြန်မပြောဘဲ သူတို့နှင့် မျက်လုံးချင်း ဆုံသည့်အခါမှ သူ၏ ထုံးစံအတိုင်း ခပ်နောက်နောက် အပြုံးမျိုးကို ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဒီနေ့ နှင်းတွေ အတော်ကျတာပဲ။ ငါကတော့ သခင်ကြီးအတွက် ကြွေးမြီတွေ လိုက်တောင်းရင်း တစ်နေကုန် ပတ်ပြေးနေရတာ။ မင်းတို့တွေကိုတော့ အားကျမိပါရဲ့။ အထဲမှာ နွေးနွေးထွေးထွေးနဲ့ အရက်သောက်လိုက်၊ အံစာတုံးကစားလိုက်နဲ့ လေဒဏ် မိုးဒဏ်လဲ မထိဘူးပေါ့”

ဝမ်ချင်း၏ မျက်နှာမှာ ဒေါသကြောင့် ဆတ်ခနဲ တွန့်သွားသော်လည်း ဒေါသကို မြိုသိပ်ကာ လှောင်ပြုံး ပြုံးလိုက်၏။

"မင်းက စကားအပြောကောင်းတယ်ဆိုတာ ငါတို့ အားလုံး သိပါတယ် ရှောင်းလိ။ ဒါပေမဲ့ ချန်လိုင့်ဇီကို လွှတ်ပေးဖို့ လာဘ်စားခဲ့တာကတော့ ငြင်းလို့မရတဲ့ အချက်ပဲ။ မင်းရဲ့ အပြောကောင်းတာတွေကို သခင်ကြီး အတွက်ပဲ ချန်ထားလိုက်ပါဦး”

ရှောင်းလိက ပျင်းရိပျင်းတွဲဖြင့် ပြုံးလိုက်ပြီး

"ငါကတော့ သခင်ကြီးကို သေသေချာချာ ရှင်းပြမှာပါ။ သူ့နောက်ကွယ်မှာ မဟုတ်မမှန် လုပ်ကြံပြောဆိုနေတာတွေကို ကြားမနေရအောင်ပေါ့”

"မင်း!" ဝမ်ချင်းသည် လက်ကို ဖြည်လိုက်ပြီး မျက်လုံးများ နီမြန်းလာတော့သည်။ သူ့နောက်လိုက်များကလည်း တစ်ပြိုင်နက် စိုက်ကြည့်လာကြ၏။

ရှောင်းလိ နောက်က လိုက်လာသည့်လူက အမြန်အော်လိုက်သည်။

"ဒါ ဘာလုပ်တာလဲ။ ငါ့ရဲ့ တခြား ညီအစ်ကိုတွေ ကြွေးမြီလိုက်တောင်းနေတုန်း အခွင့်ကောင်းယူပြီး ငါတို့ကို အုပ်စုလိုက် အနိုင်ကျင့်ဖို့ ကြံနေတာလား”

ရှောင်းလိသည် စားပွဲပေါ်က မုန့်ပန်းကန်ထဲမှ သကြားလုံးတစ်လုံးကို ကောက်ယူကာ လက်ထဲတွင် နှစ်ချက်လောက် မြှောက်ကစားရင်း ပျင်းရိစွာ ကြည့်ကာ ရယ်မောလိုက်သည်။

"နှစ်သစ်ကူးတော့မှာဆိုတော့ သူတို့တွေက သူတို့ရဲ့ သခင်လေးရှောင်းကို ဦးချချင်လို့များလား”

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချင်း၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာချိန်၌ ရှောင်းလိ၏ လက်ထဲက သကြားလုံးမှာ ဝမ်ချင်း၏ နဖူးဆီသို့ တန်းတန်းမတ်မတ် လွင့်စင်သွားတော့သည်။ ဝမ်ချင်းက ဘေးသို့ ရှောင်လိုက်ချိန်တွင် ရှောင်းလိသည် သစ်သားလက်ရန်းကို တွန်းကန်ကာ ခန်းမထဲသို့ ခုန်ဝင်လိုက်၏။ လက်အောက်ငယ်သား တစ်ယောက်က သူ့ဆီသို့ ပြေးဝင်လာသော်လည်း ရှောင်းလိက ထိုလူ၏ နောက်စေ့ကို ဖမ်းဆုပ်ကာ အောက်သို့ ဆောင့်ချလိုက်သည်။ ထိုလူ၏ ခေါင်းမှာ စားပွဲနှင့် ဗုန်းခနဲ မြည်အောင် ရိုက်မိသွားပြီး ရှောင်းလိ လွှတ်ပေးလိုက်သည့်အခါ နဖူးမှ သွေးများ စီးကျလျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ရှောင်းလိသည် နောက်တစ်ယောက် ပစ်ပေါက်လိုက်သည့် ထိုင်ခုံကို ခေါင်းကို စောင်းကာ ရှောင်လိုက်ပြီး တိုက်ခိုက်သူကို တံတောင်နှင့် အားရပါးရ တိုက်လိုက်သဖြင့် ထိုလူ နောက်သို့ ယိုင်သွား၏။ ထို့နောက် ဓားဆွဲရန် ကြိုးစားသည့် နောက်တစ်ယောက်ကိုလည်း ကန်ထုတ်လိုက်သည်။ သူသည် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးဆေးဆေးပင် ဝမ်ချင်းဆီသို့ တိုးကပ်သွားပြီး လေသံကိုတော့ ချိုသာစွာ ထိန်းထားဆဲ။

"မလောပါနဲ့။ မင်းတို့ရဲ့ သခင်လေးရှောင်းကို ဦးချချင်တယ်ဆိုရင် တစ်ယောက်ချင်းစီ လာကြပါ။ အားလုံးအတွက် အချိန်ပေးနိုင်ပါတယ်”

လက်အောက်ငယ်သားများမှာ ရှေ့သို့ မတိုးရဲတော့ဘဲ ရှောင်းလိ အနားသို့ ရောက်လာသည်နှင့် တစ်လှမ်းချင်း နောက်ဆုတ်သွားကြတော့သည်။ ဝမ်ချင်းသည် အရှက်ရပြီး ဒေါသထွက်လွန်းသဖြင့် စားပွဲကို ထုကာ ဟိန်းဟောက်လိုက်၏။

"အားလုံး ဝိုင်းတိုက်ကြစမ်း”

ဓားများနှင့် တုတ်များကိုကိုင်ဆောင်ထားသည့် လက်အောက်ငယ်သား တစ်စုမှာ ရှောင်းလိဆီသို့ တစ်ဖန် ပြေးဝင်လာကြပြန်သည်။ သူသည် ထိုင်ခုံရှည်တစ်ခုကို ဘေးသို့ ကန်လိုက်ရာ ရှေ့ဆုံးက လူများ၏ ဒူးကို ထိမှန်ပြီး လဲကျသွားကြတော့သည်။ ဆူညံသံများက ကျယ်လောင်လွန်းသဖြင့် အပေါ်ထပ်က လူများပါ သတိထားမိသွားကြ၏။

ဒုတိယထပ်က သစ်သားလက်ရန်းနားတွင် တာဝန်ခံ ပေါ်လာပြီး အော်လိုက်သည်။

"ဒါ ဘာတွေ ဆူညံနေတာလဲ။ သခင်ကြီးက စာရင်းတွေ စစ်နေတာ”

ဓားနှင့် တုတ်များကိုကိုင်ထားသည့် လူများမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ဝမ်ချင်းကို ကြည့်လိုက်ကြ၏။ ဝမ်ချင်းက လက်ဟန်ပြလိုက်သဖြင့် သူတို့သည် မကျေမနပ်ဖြင့် နောက်ဆုတ်သွားကြတော့သည်။

ရှောင်းလိသည် သူ၏ ချောမောသော်ငြား လူမိုက်ဆန်ဆန် ဖြစ်နေသည့် မျက်နှာကို အပေါ်သို့ မော့လိုက်ကာ တာဝန်ခံကို ပြုံးပြလိုက်ပြီး ပြောလိုက်၏။

"အကိုကြီး... ဒါက ကျွန်တော့်အပြစ် မဟုတ်ပါဘူးနော်။ ကျွန်တော်က သခင်ကြီးဆီ အစီရင်ခံဖို့ ပြန်လာတာပါ။ ဒါပေမဲ့ အစ်ကိုဝမ်ချင်းကတော့ အတော်လေးကို ယဉ်ကျေးလွန်းပါတယ်။ သူက သူ့လူတွေကို ကျွန်တော့်ကို နှစ်သစ်ကူး ဦးချခိုင်းနေလို့ပါ”

နှုတ်ခမ်းမွေးပါးပါးနှင့် တာဝန်ခံက ထိုစကားကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"သခင်ကြီးက အခန်းထဲမှာ စောင့်နေတယ်။ အပေါ်ကို တက်ခဲ့”

ရှောင်းလိက ပျော်ရွှင်စွာဖြင့် သဘောတူလိုက်ပြီး အပေါ်သို့ တက်လာခဲ့၏။ သူ့မျက်နှာမှာ အရိပ်ထဲသို့ ရောက်သွားသည့် အခါမှသာ မည်းမှောင်သွားတော့သည်။

အောက်ထပ်တွင် ဒီလောက် ဆူညံနေသည်တွင် သခင်ကြီးက အခုမှ ကြားတာ ဖြစ်နိုင်စရာ မရှိချေ။

သူသည် စောစောကလဲ ဝင်မတားခဲ့သလို၊ နောက်မှလဲ ဝင်မတားခဲ့ပေ။ ရှောင်းလိက ဝမ်ချင်း၏ လက်အောက်ငယ်သားများကို အမှုန့်ကြိတ်တော့မည့် အခြေအနေ ရောက်မှသာ ဝင်တားခဲ့သည်။ ဒါသည် ဝမ်ချင်း၏ မျက်နှာကို ဆယ်ပေးခြင်းပင်။ မဟုတ်လျှင် ဝမ်ချင်းက လောင်းကစားရုံတွင် ဘယ်လိုလုပ်ပြီး ဩဇာပါညောင်းတော့မည်နည်း။ ဝမ်ချင်းကို ဒီလို လုပ်ခွင့်ပေးခြင်းဖြင့် သခင်ကြီးသည် ရှောင်းလိ၏ မောက်မာမှုကို နှိမ်ချရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။

ရှောင်းလိ ဒုတိယထပ်သို့ ရောက်သည့်အခါ သူ့မျက်လုံးထဲက မည်းမှောင်မှုများအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူသည် ထုံးစံအတိုင်း လူမိုက်ဆန်ဆန် အပြုံးကို ဆင်မြန်းကာ ဖြတ်သွားသမျှ လူတိုင်းကို ပြုံးပြလိုက်၏။

နှုတ်ခမ်းမွေးနှင့် တာဝန်ခံက သူ့ကို သီးသန့်အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး တံခါးကို နှစ်ချက်ခေါက်ကာ ရိုသေစွာ ပြောလိုက်သည်။

"သခင်ကြီး... သူ ရောက်ပါပြီ”

အတွင်းဘက်မှ ယဉ်ကျေးသိမ်မွေ့သော အသံတစ်သံ ပြန်ထွက်လာ၏။

"ဝင်ခဲ့”

တာဝန်ခံက တံခါးကို တွန်းဖွင့်ပေးပြီး ရှောင်းလိကို ဝင်ရန် အချက်ပြလိုက်သည်။

ရှောင်းလိ အတွင်းသို့ ဝင်လိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ မအောင့်နိုင်သည့် ဒေါသအရိပ်အယောင် အနည်းငယ်ကို ပြသလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"သခင်ကြီး... ဒီနေ့ အခြေအနေကို မြင်သားပဲ။ ဝမ်ချင်းနဲ့ သူ့လူတွေက ကျွန်တော့်ကို တမင်သက်သက် လာရန်စနေတာ”

သူသည် ဒီအရှက်ရမှုကို ငြိမ်ခံနေမည့်သူ မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်။

လောင်းကစားရုံပိုင်ရှင် သခင်ကြီးဟန်သည် အသက် ၄၀ ကျော်ခန့်ရှိသည့် ပိန်ပိန်ပါးပါး လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။ ရှောင်းလိ၏ တိုင်တောသံကို ကြားသည့်အခါ သူသည် စာရင်းစာအုပ်မှ ခေါင်းကိုပင် မဖော်ဘဲ မေးလိုက်၏။

"မင်း တစ်ခုခု ထိခိုက်သွားလို့လား”

ရှောင်းလိက ရယ်မောလိုက်ပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုအခါမှ သခင်ကြီးက ခေါင်းမော့ကြည့်လိုက်ပြီး စားပွဲရှေ့က ထိုင်ခုံကို ညွှန်ပြကာ ပြောလိုက်သည်။

"ထိုင်”

ရှောင်းလိသည် တုံ့ဆိုင်းမနေဘဲ လျှောက်သွားကာ ရဲရဲတင်းတင်းပင် ထိုင်ချလိုက်၏။

သခင်ကြီးက ပြောလိုက်သည်။ "မင်း ၁၅ နှစ်သားမှာ စုန့်ချင်ရဲ့ လက်အောက်မှာ ငါ့ရဲ့ လောင်းကစားရုံမှာ စပြီး အလုပ်လုပ်ခဲ့တာ။ အခု ၆ နှစ် ရှိပြီပေါ့။ မင်းကို စုန့်ချင်ကိုယ်တိုင် သင်ကြားပေးခဲ့တာဆိုတော့ တိုက်ခိုက်တဲ့ နေရာမှာ လောင်းကစားရုံ တစ်ခုလုံးမှာ မင်းထက် တော်တဲ့သူ မရှိဘူး။ ဒီနှစ်တွေမှာ မင်း ကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ စုန့်ချင် ရာထူးက ဆင်းသွားတဲ့အခါ အဲ့ဒီ လွတ်နေတဲ့ အာဏာရှိတဲ့ နေရာကို မင်းကို ပေးရမှာပဲ”

သူက ဒီနေရာတွင် ခေတ္တရပ်လိုက်ပြီး ရှောင်းလိကို ခဏတာ စိုက်ကြည့်ကာ ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ဝမ်ချင်းကလဲ လောင်းကစားရုံရဲ့ ဝါရင့်တစ်ယောက်ပဲ။ စုန့်ချင် ရှိတုန်းက သူက စုန့်ချင် အောက်မှာပဲ ရှိခဲ့တာ။ အခု စုန့်ချင် ရာထူးက ဆင်းသွားချိန်မှာ သူ့ထက် ၁၂ နှစ်လောက် ငယ်တဲ့ မင်းလို လူငယ်တစ်ယောက်က သူ့အပေါ်ကနေ ထပ်ပြီး အုပ်ချုပ်မယ်ဆိုရင် သူက မကျေမနပ် ဖြစ်လိမ့်မယ်”

ရှောင်းလိက နှာခေါင်းရှုံ့လိုက်ပြီး "ကျွန်တော်တို့ အလုပ်မှာ အားလုံးက လက်သီးနဲ့ပဲ ဆုံးဖြတ်ကြတာ မဟုတ်ဘူးလား”

သခင်ကြီးက ပြန်ဖြေလိုက်၏။ "အဲ့ဒါက မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ မင်းက သူ့ထက် အမြဲ သာနေမယ်ဆိုရင် သူက လက်မခံနိုင်တာက တစ်ကြောင်းပေါ့။ အခုလို အရေးကြီးတဲ့ အချိန်မှာ သူက မင်းရဲ့ အမှားကို ဖမ်းမိသွားတယ်။ အခု လောင်းကစားရုံက လူတိုင်းက မင်း ချန်လိုင့်ဇီ ဆီကနေ လာဘ်စားပြီး သူ့ကို လွှတ်ပေးလိုက်တယ်ဆိုတာ သိကုန်ကြပြီ။ ငါက မင်းကို အဲ့ဒီရာထူး ပေးလိုက်မယ်ဆိုရင် နောင်ကျရင် ဘယ်လို စံနမူနာ ဖြစ်သွားမလဲ”

ရှောင်းလိက ပြောလိုက်၏။ "သခင်ကြီး... အများကြီး ရှင်းပြမနေပါနဲ့တော့။ ချန်လိုင့်ဇီ ကိစ္စက ကျွန်တော့်အပြစ်ပါ။ အဲ့ဒီ ရာထူးကို ဝမ်ချင်းကိုပဲ ပေးလိုက်ပါ”

သို့သော် သခင်ကြီးက သူ့ကို ကြည့်ပြီး ပြောလိုက်လေသည်။ "ငါက သူ့ကို ပေးမယ်လို့ ဘယ်သူပြောလဲ”

သူက ထိုင်ခုံကို မှီလိုက်ပြီး ဆက်ပြောလိုက်၏။ "မင်းက ငါ အမြဲတမ်း မျက်စိကျနေတဲ့သူပါ”

ရှောင်းလိက မျက်လုံးကို မော့ကာ သူ့ကို ကြည့်လိုက်၏။

သခင်ကြီးက ပြုံးလိုက်ပြီး "မင်းအတွက် အလုပ်တစ်ခု ရှိတယ်။ မင်း အဲ့ဒါကိုကိုင်တွယ်နိုင်မယ်ဆိုရင် ချန်လိုင့်ဇီ ကိစ္စက ပြဿနာ မဟုတ်တော့ဘူး။ ဒါက မင်းရဲ့ သစ္စာရှိမှုကို ငါ ကြည့်ဖို့ အခွင့်အရေး တစ်ခုပဲ”

...

All Chapters