အခန်း ၆
Vol. 1 Ch. 6
အပိုင်း (၆)
နောက်တစ်နေ့တွင် ဝိန်းယွီသည် မျက်လုံးအောက်၌ အနည်းငယ် ညိုမည်းနေသော အကွင်းလေးများနှင့်အတူ သမ်းဝေရင်း အခန်းထဲမှ ထွက်လာခဲ့သည်။
ထိုအခန်းမှာ မူလက ထိုလူမိုက်၏အခန်းဖြစ်မှန်း သိခဲ့ရကတည်းက သူမတစ်ယောက် ပြောင်းဖူးခွံခေါင်းအုံးကို မှီအိပ်ရင်း ဟောင်းနွမ်းနေသော စောင်ကို ခြုံထားပြီး ညဘက်အိပ်ရာဝင်ချိန်တိုင်း စိတ်ထဲ၌ တစ်မျိုးကြီး ခံစားနေရသည်။
ခေါင်းအုံး သို့မဟုတ် အိပ်ရာခင်းများမှ ထူးခြားသော အနံ့ဆိုးများ ထွက်ပေါ်နေခြင်းမျိုး မဟုတ်ပေ။ ဝေ့မင်းဆက်၏ လူမှုရေးထုံးတမ်းစဉ်လာများမှာ အတန်ငယ် လွတ်လပ်သည်ဆိုသော်လည်း အိမ်ထောင်မကျသေးသော အမျိုးသားနှင့် အမျိုးသမီးတို့က စောင်တစ်ထည်တည်းကို အတူတူ မျှဝေသုံးစွဲသည်ဆိုသည်မှာ လုံးဝကို မကြားဖူးသည့်ကိစ္စ ဖြစ်လေသည်။
ယခုအခြေအနေမှာ ပုံမှန်စံနှုန်းများဖြင့် တိုင်းတာ၍မရသော ထူးခြားသည့် အခြေအနေဖြစ်ကြောင်းကိုတော့ ဝိန်းယွီလည်း ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
ကျွန်ကုန်သည်က သူမကို ပို့ဆောင်ခဲ့စဉ်က သူမသည် အအေးမိကာ အဖျားကြီးနေပြီး တစ်ကိုယ်လုံးတွင်လည်း အနီစက်များ ထွက်နေခဲ့သည်။ ထို့ကြောင့် ထိုလူမိုက်သည် သူမကို သူ့မိခင်ဖြစ်သူနှင့် တစ်ခန်းတည်း မထားရဲဘဲ ယခုကဲ့သို့ စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း အကြောင်းပြချက်ကို နားလည်ခြင်းက တစ်ကြောင်းဖြစ်ပြီး စိတ်ထဲတွင် လုံးဝ မထည့်ခြင်းမှာ နောက်ထပ် အကြောင်းအရာတစ်ခု ဖြစ်နေသည်။
လက်ရှိတွင် သူမ၏ အအေးမိရောဂါမှာ လုံးဝပျောက်ကင်းသွားခြင်း မရှိသေးသလို အနီစက်များမှ ကျန်ရစ်ခဲ့သည့် အနီကွက်များကလည်း မြင်သာနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် ရှောင်းဟွေ့နျန်၏ အခန်းထဲသို့ သွားအိပ်ရန်မှာလည်း မဖြစ်နိုင်ပေ။
ကြမ်းတမ်းလှသော ဆောင်းရာသီညတွင် လေနှင့်နှင်းများ တိုက်ခတ်ပြီးနောက် အိမ်တံစက်မြိတ်များတွင် တွဲလောင်းကျနေသော ရေခဲချောင်းများမှာ ၁ပေခန့်ပင် ရှည်လျားနေလေပြီ။ ကျွန်ကုန်သည်၏ အရိုက်အနှက်များမှ လွတ်မြောက်လာပြီး သေမင်းနှင့် တစ်ချက်ဆုံခဲ့ရသည့် ဝိန်းယွီသည် သူမ၏အသက်ကို အလွန်တန်ဖိုးထားသူ ဖြစ်သည်။ ထို့ကြောင့် ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ အိပ်ရာစောင်မပါဘဲ အအေးဒဏ်ကို တစ်ညလုံး အောင့်ခံနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ညရောက်လာသည့်အခါတွင် သူမသည် စောင်ကို ခြုံကာ အိပ်စက်နေရဆဲပင်။ သို့သော်လည်း စောင်ပေါ်မှ ခပ်ဖျော့ဖျော့ ရနံ့မှာ ရုတ်တရက် ပိုမိုစူးရှလာသလို ခံစားရပြီး သူမ၏နှာခေါင်းနားတွင် ရစ်ဝဲနေကာ သူမကို တစ်ညလုံးနီးပါး အိပ်မရအောင် ဖြစ်စေခဲ့သည်။
ဝိန်းယွီသည် မိုးသောက်ယံ ၄ချက်တီးအချိန်ခန့်မှသာ ခဏတဖြုတ် အိပ်ပျော်သွားခဲ့သော်လည်း အရုဏ်တက်ချိန်တွင် အဝေးမှ ကြက်တွန်သံကြောင့် နိုးလာခဲ့ရပြန်သည်။
သူမသည် အိပ်ချင်စိတ်များ ပျောက်ဆုံးသွားသဖြင့် အဝတ်အစားများကို ကောက်စွပ်ကာ ထလိုက်တော့သည်။
တစ်ညလုံး လေပြင်းများ တိုက်ခတ်ပြီးနောက် သူမ အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည့်အခါ နှင်းများမှာ တံခါးခုံအထိပင် ဖုံးလွှမ်းနေပြီး ခြံဝင်းတစ်ခုလုံးမှာလည်း ဖြူဖွေးနေတော့သည်။
သူမသည် ခြေတစ်ဝက်ခန့် နက်သော နှင်းများထဲသို့ လက်ညှိုးလေးဖြင့် တို့ကြည့်လိုက်မိသည်။ မနေ့ မနက်တုန်းကတော့ ရေအိုးနှုတ်ခမ်းနှင့် ခြံစည်းရိုးတံတိုင်းများပေါ်တွင်သာ နှင်းများ ရှိနေပြီး မြေပြင်မှာတော့ ရှင်းလင်းနေခဲ့သည်ကို ပြန်စဉ်းစားလိုက်မိ၏။ သူမှာ တစ်စုံတစ်ယောက်က လှည်းကျင်းထားခြင်း ဖြစ်ဟန်တူသည်။
ရှောင်းဟွေ့နျန်မှာ အိပ်ပျော်နေဆဲဖြစ်ပြီး ထိုလူမိုက်မှာလည်း မနေ့ညက ပြန်မလာခဲ့ချေ။ ဝိန်းယွီသည် အိမ်ထဲတွင် ရှာဖွေကြည့်လိုက်ပြီး တံခါးနောက်တွင် တံမြက်စည်းတစ်ခုကို တွေ့သဖြင့် အဝင်ဝမှ နှင်းပုံများကို စတင်လှည်းကျင်းလိုက်သည်။
ထိုစဉ် ခြံစည်းရိုးတံတိုင်း အပြင်ဘက်မှ ထူးခြားသော အသံများကို ကြားလိုက်ရသည်။ သူမက တံမြက်စည်းကို အမှီပြုကာ မော့အကြည့်တွင် တစ်ညလုံး ပြန်မလာခဲ့သော ထိုလူမိုက်မှာ တံတိုင်းကို ကျော်ဝင်လာသည်ကို မြင်လိုက်ရ၏။ သူ၏ လှုပ်ရှားမှုများမှာ အိမ်ပြန်ရောက်လာသည့် တောလိုက်ကျားသစ်တစ်ကောင်ကဲ့သို့ အလွန်ပင် ဖျတ်လတ်လေသည်။
သူမကို သတိပြုမိသွားသည့် ရှောင်းလိသည်လည်း အံ့ဩသွားကာ ခဏလောက် ရပ်တန့်သွားခဲ့သည်။ သူ့အကြည့်မှာ သူမလက်ထဲက တံမြက်စည်းပေါ်သို့ ကျရောက်သွားပြီးနောက် မျက်မှောင်ကြုံ့လိုက်၏။ ထို့နောက် အနားသို့ လျှောက်လာကာ တံတိုင်းအပြင်ဘက် ထောင့်စွန်းမှ ဝါးခက်တံမြက်စည်းတစ်ခုကို ယူကာ သူမထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ခြံလှည်းဖို့အတွက် ဒါကို သုံးပါ"
ဝိန်းယွီသည် ပစ်ပေးလိုက်သည့် ဝါးတံမြက်စည်းကို တိတ်တဆိတ် ကြည့်နေမိသည်။ မင်းသားအိမ်တော်ထဲတွင် ရှိစဉ်က အစေခံမလေးများမှာ ရိုးရိုးတံမြက်စည်းများဖြင့် နှင်းလှည်းသည်ကို သူမ မြင်ဖူးခဲ့သည်။ ထို့ကြောင့် အိမ်ထဲတွင် ရိုးရိုးတံမြက်စည်းကို တွေ့လိုက်ရသည့်အခါ သူမက တုံ့ဆိုင်းမနေဘဲ နှင်းလှည်းရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ကံကောင်းစွာပင် ထိုလူမိုက်မှာ သူမကို ဆက်ပြီး မဝေဖန်ခဲ့ချေ။ သူသည် ဆံပင်နှင့် ပုခုံးပေါ်တွင် တင်နေသော နှင်းမှုန်များကို သုတ်ဖယ်ရင်း အိမ်ထဲသို့ ဝင်သွားလေသည်။ ချောမောသော မျက်နှာတွင် သိသာထင်ရှားသော ပင်ပန်းနွမ်းနယ်မှုများ ရှိနေပြီး သူက ပျင်းရိလေးတွဲ့စွာဖြင့် ပြောလိုက်၏။
"ငါ ခဏလောက် အိပ်လိုက်ဦးမယ်။ မနက်စာအတွက် ငါ့ကို လာမနှိုးနဲ့တော့"
သူသည် မီးဖိုဘေးရှိ ထိုင်ခုံရှည်ပေါ်သို့ တန်းတန်းမတ်မတ် သွားကာ ပါးလွှာသော စောင်ကို ခြုံပြီး ချက်ချင်းပင် အိပ်ပျော်သွားသည်ကို ဝိန်းယွီ ကြည့်နေမိသည်။ သူသည် တစ်ညလုံး မျက်စိမှိတ်ခဲ့ပုံ မရဘဲ မနေ့ညက ဘာတွေလုပ်နေခဲ့မှန်းလည်း မသိရချေ။
ဝိန်းယွီသည် နှင်းများကို ဆက်လက် လှည်းကျင်းနေသော်လည်း သူမ၏ လှုပ်ရှားမှုများမှာ သိသိသာသာ ပိုပြီး ညင်သာလာခဲ့သည်။ မကြာမီတွင် ရှောင်းဟွေ့နျန်လည်း နိုးလာသည်။ သူမသည် ထိုင်ခုံပေါ်တွင် ခေါင်းစောင်းကာ အိပ်ပျော်နေသော သားဖြစ်သူကို မြင်သည့်အခါ လျောကျနေသော စောင်ကို ကောက်ယူကာ အသာအယာ ပြန်ခြုံပေးလိုက်၏။
ရှောင်းလိသည် အလွန်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အနည်းငယ်သော ဆူညံသံက အနှောင့်အယှက် မဖြစ်ခဲ့ချေ။ သူ၏ ခက်ထန်လှသော မျက်ခုံးတန်းများမှာ အနည်းငယ် တွန့်ချိုးနေပြီး အိပ်မက်ထဲတွင်ပင် စိတ်အေးလက်အေး ရှိပုံမရပေ။
ရှောင်းဟွေ့နျန် အပြင်သို့ ထွက်လာသည့်အခါ ဝိန်းယွီက တိုးတိုးလေး ပြောလိုက်လေသည်။
"အစ်ကို(၂)က ဒီမနက်စောစောကမှ ပြန်ရောက်လာပြီး ခဏလောက် အိပ်ချင်တယ်လို့ ပြောပါတယ်၊ ဒါကြောင့် မနက်စာ မစားဘူးတဲ့"
ရှောင်းဟွေ့နျန်က သက်ပြင်းသာသာ ချလိုက်ပြီး ပြောလိုက်၏။
"သူ အေးအေးဆေးဆေး အနားယူပါစေ။ ငါ့ကြောင့်ပဲ သူ ဒီလိုတွေ ပင်ပန်းနေရတာ။ တကယ်လို့ သူသာ ကောင်းမွန်တဲ့ အလုပ်တစ်ခု ရခဲ့မယ်ဆိုရင် ဒီလိုမျိုး ရက်အနည်းငယ်ခြားတစ်ခါ တစ်ညလုံး အပြင်မှာ နေစရာ လိုမှာ မဟုတ်ဘူး"
ဝိန်းယွီသည် ရှောင်းဟွေ့နျန် ပြောလိုသည့် အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ချေ။ လောင်းကစားရုံက လစာကောင်းပြီး သူမ၏ ဆေးဖိုးဝါးခများက များပြားနေသောကြောင့် ထိုလူမိုက်မှာ ရွေးချယ်စရာမရှိဘဲ ထိုနေရာတွင် အလုပ်လုပ်နေရခြင်းလား။ သို့မဟုတ်... တစ်ခြား တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် လောင်းကစားရုံတွင်သာ အလုပ်လုပ်နိုင်ခြင်းလား။
ဒါတွေက သူမ စပ်စုသင့်သည့် ကိစ္စများ မဟုတ်သဖြင့် သူမက ရိုးရိုးရှင်းရှင်းသာ မေးလိုက်သည်။
"အစ်ကို(၂)က အကြွေးတောင်းဖို့ ညဘက်တွေမှာ ခဏခဏ အပြင်ထွက်ရတာလားဟင်"
ရှောင်းဟွေ့နျန်က ပြန်ဖြေသည်။ "အကြွေးတောင်းတာ မဟုတ်ပါဘူး။ လောင်းကစားရုံက ညဘက်တွေမှာလည်း မပိတ်ဘူးလေ၊ ပြဿနာတွေ မတက်အောင်လို့ အလုပ်သမားတွေက တစ်ယောက်တစ်လှည့် စောင့်ကြည့်ပေးကြရတာ"
ဤရှင်းပြချက်ကြောင့် ဝိန်းယွီ အားလုံးကို နားလည်သွားခဲ့သည်။
ထိုလူမိုက်မှာ မနေ့ညက လောင်းကစားရုံကို စောင့်ကြပ်ပေးနေခဲ့ခြင်း ဖြစ်ပေသည်။ သူက ညဘက် ပြန်မလာဘူးဟု ပြောစဉ်က ရှောင်းဟွေ့နျန်က လမ်းခရီးတွင် ဂရုစိုက်ရန်သာ မှာကြားခဲ့ပြီး အများကြီး မမေးမြန်းခဲ့သည်မှာလည်း မဆန်းတော့ချေ။
သူမက အကြည့်ကို နှိမ့်ချကာ အတွေးထဲ နစ်ဝင်နေစဉ် ရှောင်းဟွေ့နျန်က ရုတ်တရက် ပြောလိုက်၏။
"ငါ အပြင်ကို ခဏသွားလိုက်ဦးမယ်။ ဒီနေ့က ဈေးနေ့လေ၊ လမ်းထောင့်မှာ လူသုံးကုန်ပစ္စည်းတွေ ရောင်းတဲ့ လီအာ့လန်က အမြဲတမ်း စောစောထွက်တတ်တယ်။ ဒီလက်ကိုင်ပဝါတွေကို သူ့ကိုပေးပြီး ဈေးမှာ ရောင်းပေးဖို့ သွားပြောလိုက်ဦးမယ်။ အားယွီ... ဟွမ်အာအတွက် မီးဖိုလေးတစ်ခုလောက် ဖိုပေးလို့ ရမလား"
သူမ၏ ငယ်နာမည်ကို ကြားလိုက်ရသဖြင့် ဝိန်းယွီ သတိပြန်ဝင်လာပြီး ရှောင်းဟွေ့နျန်မှာ ခြင်းတောင်းတစ်ခုကို ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ သူမက အလျင်အမြန်ပင် လှမ်းခေါ်လိုက်၏။
"ဒေါ်ဒေါ်... ခဏလောက် စောင့်ပါဦး။ ကျွန်မလည်း မနေ့က တစ်ချို့ကို ထိုးထားပါတယ်၊ အတူတူ ယူသွားပေးပါလား"
သူမသည် တံမြက်စည်းကို ချထားလိုက်ကာ သူမ၏ အခန်းထဲသို့ ဝင်သွားပြီး လက်ကိုင်ပဝါ ၇ထည်၊ ၈ထည်လောက်ကို ယူလာခဲ့လေသည်။
ရှောင်းဟွေ့နျန်မှာ အလွန်ပင် အံ့အားသင့်သွားပြီး "မင်း ဒီလောက်တောင် အများကြီး ထိုးနိုင်တာလား"
ဝိန်းယွီက ပြောလိုက်၏။ "ဒေါ်ဒေါ်တို့ရဲ့ စေတနာကြောင့် ကျွန်မမှာ နေစရာ ရှိနေခဲ့တာပါ။ အားယွီမှာ အဖိုးတန်တဲ့ အရာတွေ မရှိပေမယ့် ကျွန်မရဲ့ ပန်းထိုးကျွမ်းကျင်မှုကတော့ အတော်အသင့် ရှိပါတယ်၊ ဒါကြောင့် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးချင်လို့ပါ"
ဤသည်မှာ သူမ၏ အခြွေအရံများနှင့် ပိုမိုမြန်ဆန်စွာ ဆက်သွယ်နိုင်ရေးအတွက်လည်း အရေးကြီးသဖြင့် သူမအနေဖြင့် ပေါ့ဆလို့ မဖြစ်ချေ။ ရှောင်းဟွေ့နျန်မှာ စိတ်လှုပ်ရှားသွားပြီး သူမ၏ လက်ကို ကိုင်ကာ ခဏခဏ မြည်တမ်းနေတော့သည်။ "လိမ္မာလိုက်တဲ့ကလေး"
ဝိန်းယွီ အလျင်စလို ထိုးထားသည့် လက်ကိုင်ပဝါများမှာ သူမ၏ ပုံမှန် လက်ရာများလောက် မသေသပ်သော်လည်း ဈေးထဲတွင် ရောင်းချရန်အတွက်တော့ လုံလောက်သည်ထက်ပင် ပိုလေသည်။ ထူးခြားသည်ကတော့ သူမ၏ ပန်းထိုးဒီဇိုင်းများမှာ တစ်မူထူးခြားနေခြင်းပင်။
ရှောင်းဟွေ့နျန်သည် လက်ကိုင်ပဝါ ၇-၈ ထည်ကို အမြန်ကြည့်ရှုပြီးနောက် ခြင်းတောင်းထဲသို့ ထည့်ကာ ထွက်သွားလေသည်။ ခြံတံခါး ပွင့်သွားသည့်အခါ ပတ္တာသံမှာ အလွန်ပင် ကျယ်လောင်လှ၏။ ထိုစဉ် အိမ်ထဲမှနေ၍ ခပ်တိုးတိုးနှင့် အနည်းငယ် အက်ရှနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"အမေ ဘယ်သွားမလို့လဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဝိန်းယွီမှာ လန့်သွားတော့သည်။ ထိုင်ခုံပေါ်တွင် မျက်လုံးမှိတ်ကာ အိပ်နေသော ထိုလူမှာ ယခုတော့ နိုးနေလေပြီ။
ရှောင်းဟွေ့နျန်က တံခါးအပြင်ဘက်မှ လှမ်းအော်လိုက်၏။
"ထပ်ပြီး အိပ်လိုက်ဦး။ ငါ လီအာ့လန်ဆီ သွားမလို့"
ထို့နောက် တံခါးမှာ ကျယ်လောင်သော အသံနှင့်အတူ ပြန်ပိတ်သွားလေသည်။
ထိုအခါမှသာ ရှောင်းလိသည် အိပ်ရာပေါ်တွင် ပြန်လဲလျောင်းလိုက်လေသည်။ ဝိန်းယွီမှာ အနည်းငယ် အံ့ဩသွားရ၏။ ဒါဆို ခုနတုန်းက ဒီလူမိုက်က တံတိုင်းကို ကျော်ဝင်လာတာက တံခါးသံကြောင့် သူ့အမေ နိုးသွားမှာကို စိုးရိမ်လို့ပေါ့လေ။
သူသည် မိဘအပေါ် အတော်လေးကို သိတတ်သူတစ်ယောက် ဖြစ်နေပြန်သည်။
သူမက အကြည့်ကို လွှဲလိုက်ပြီးနောက် မီးဖိုတွင် မီးမွှေးရန် ရှောင်းဟွေ့နျန် မှာကြားခဲ့သည်ကို သတိရလိုက်သည်။ သူမက မီးဖိုချောင်ထဲသို့ သွားသော်လည်း ပတ်ပတ်လည် ရှာဖွေကြည့်လိုက်သောအခါ မီးမွှေးရန် မီးခတ်ကျောက်ကို မတွေ့ရချေ။ မီးဖိုအောက်ခြေရှိ အပေါက်လေးတစ်ခုထဲတွင်သာ မီးခတ်ကျောက်နှင့် သံခတ်ကိရိယာ တစ်ခုကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုံ့မိသွားတော့သည်။
သူမသည် မီးခတ်ကျောက်ကို မည်သို့သုံးရမည်ကို မသိချေ။
စာအုပ်များထဲတွင် တွေ့ဖူးထား၍သာ ဒါကို မှတ်မိနေခြင်း ဖြစ်သည်။ စာအုပ်များထဲတွင်တော့ မီးမွှေးရန် သံကို မီးခတ်ကျောက်ဖြင့် ရိုက်ရမည်ဟု ဆိုထား၏။
ဝိန်းယွီသည် ထင်းပုံထဲမှ ခြောက်သွေ့သော ရေညှိအနည်းငယ်ကို ယူကာ အောက်တွင် မီးခတ်ကျောက်ကို ထားပြီး သံဖြင့် အတော်ကြာအောင် ရိုက်ကြည့်နေမိသည်။ သို့သော်လည်း သူမ၏လက်များသာ နာကျင်လာပြီး မီးပွားတစ်စပင် မထွက်ပေါ်လာချေ။ သူမသည် ထိုကိရိယာများကို အတန်ကြာ စဉ်းစားကြည့်ပြီးနောက် အိမ်ရှေ့ခန်းသို့ ယူလာခဲ့လေသည်။
ရှောင်းလိသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကာနီးတွင် တချောက်ချောက် အသံများကို ဆက်တိုက် ကြားလိုက်ရသဖြင့် မျက်မှောင်ကြုံ့ကာ မျက်လုံးဖွင့်ကြည့်လိုက်၏။ ထိုအခါ အမျိုးသမီးတစ်ယောက်မှာ မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သံကို မီးခတ်ကျောက်ဖြင့် ရိုက်နေသည်ကို မြင်လိုက်ရ၏။ သို့သော် သူမ၏ ရိုက်ချက်အရှိန်နှင့် ထောင့်မှာ လုံးဝကို မှားယွင်းနေလေသည်။
အကြိမ်ကြိမ် အနှောင့်အယှက် ခံလိုက်ရသဖြင့် သူ့မျက်နှာမှာ လုံးဝကို မကြည်မလင် ဖြစ်နေတော့သည်။
"မင်းက မီးတောင် မမွှေးတတ်ဘူးလား" သူက မေးလိုက်၏။
မီးခတ်ကျောက်များမှာ မီးဖိုချောင်ထဲတွင် ရှိနေပါလျက်နှင့် သူမက တကူးတက ဤနေရာသို့ ယူလာကာ ရိုက်နေခြင်းမှာ တမင်ရည်ရွယ်ပြီး လုပ်နေခြင်းဟု သံသယဝင်စရာပင်။ သို့သော် ထိုအမျိုးသမီးမှာ ဘာစကားမှ မပြောဘဲ ခေါင်းငုံ့ထားသဖြင့် သူအနေဖြင့် ဒေါသပုံချရန်လည်း မဖြစ်နိုင်တော့ပေ။
ရှောင်းလိသည် သူ့မျက်နှာကို ပွတ်သပ်ကာ သက်ပြင်းချရင်း ထထိုင်လိုက်တော့သည်။ သူက သူမလက်ထဲမှ သံခတ်ကိရိယာကို လှမ်းယူလိုက်သော်လည်း တစ်ညလုံး မအိပ်ရသေးဘဲ အိပ်ပျော်ကာနီးမှ ပြန်နိုးလာခြင်းကြောင့် သူ့အခြေအနေမှာ အကောင်းဆုံးတော့ မဟုတ်ချေ။ သူက ကိရိယာကို ယူလိုက်စဉ် သူ့လက်ဖဝါးမှာ သူမ၏ လက်ခုံနှင့် မတော်တဆ ထိမိသွားလေသည်။
မယုံနိုင်လောက်အောင် ချောမွေ့အေးမြပြီး နွေးထွေးသော သူမ၏ အသားအရေ အတွေ့အထိကြောင့် သူ့မှာ ချက်ချင်းပင် နိုးကြားသွားတော့သည်။ ထိုအမျိုးသမီးမှာလည်း လန့်သွားဟန်တူပြီး သူမ၏လက်ကို အလျင်အမြန်ပင် ပြန်ရုတ်လိုက်၏။
ရှောင်းလိက တစ်စုံတစ်ရာ ရှင်းပြချင်သဖြင့် မျက်မှောင်ကြုံ့လိုက်သော်လည်း စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားသည်။ ဒါက မရည်ရွယ်ဘဲ ဖြစ်သွားသည့် ကိစ္စပင်။ ရှင်းပြနေလျှင်လည်း တမင်သက်သက် လုပ်နေသယောင် ပိုဖြစ်သွားပေလိမ့်မည်။
သူသည် သံကို မီးခတ်ကျောက်ဖြင့် ရိုက်လိုက်ရာ ထွက်ပေါ်လာသော မီးပွားများက အောက်ရှိ ခြောက်သွေ့သော ရေညှိများကို ချက်ချင်းပင် လောင်ကျွမ်းစေလေသည်။ ထို့နောက် ရှောင်းလိက ဝါးကတ်ခြောက် ၂ ခုကို မီးပေါ်သို့ တင်လိုက်ရာ မီးမှာ အရှိန်ဖြင့် တောက်လောင်လာတော့သည်။
မီး၏ အပူရှိန်ကြောင့် သူ့လက်ဖဝါးမှာ နွေးထွေးလာသော်လည်း ခဏတဖြုတ် ထိမိခဲ့သည့် ထိုချောမွေ့သော အတွေ့အထိမှာ စိတ်ထဲတွင် ကျန်ရစ်နေဆဲ။ မနေ့တုန်းက မြင်ကွင်းကိုလည်း မရည်ရွယ်ဘဲ ပြန်လည် မြင်ယောင်လာခဲ့မိ၏။ သူမ၏ လက်ခုံပေါ်တွင် နှင်းများ အရည်ပျော်ကာ လက်ချောင်းများကြားမှ စီးကျနေသည့် မြင်ကွင်း။
ထိုလက်လေးမှာ အလွန်ပင် လှပပြီး သွယ်လျသော လက်ချောင်းများ ရှိကာ သူမ၏ အသားအရေမှာလည်း လင်းလက်နေသယောင် ထင်ရသည်။ လက်ချောင်းထိပ်များမှ စတင်သည့် အေးခဲနေသော အနီရောင်လေးမှာ လက်ခုံပေါ်က အနီကွက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး နှင်းထဲက သစ်ခွပန်းလေးလိုလို၊ ပွင့်လန်းနေသည့် မက်မွန်ပွင့်လေးလိုလို တူလှပေသည်။
သို့သော်လည်း အရေပြားအောက်ရှိ အကြောများနှင့် အရိုးများမှာ တင်းမာနေသဖြင့် ထိုသစ်ခွပန်းလေးမှာ ရည်ရွယ်ချက် ရှိနေသလို၊ မက်မွန်ပွင့်လေးမှာလည်း ခွန်အားရှိနေသလို ခံစားရစေသည်။
သူသည် သူမ၏ ကြောက်ရွံ့နေသည့် ပုံစံနောက်ကွယ်တွင် ဘာတွေ ရှိနေမည်ကို မူလက စိတ်မဝင်စားခဲ့သော်လည်း ယခုအခိုက်အတန့်တွင်တော့ ထိုသစ်ခွပန်း၏ ရည်ရွယ်ချက်နှင့် မက်မွန်ပွင့်၏ ခွန်အားကို ဖော်ထုတ်လိုစိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
မီးမှာ ယခုအခါ တဟုန်းဟုန်း တောက်လောင်နေလေပြီ။ ရှောင်းလိသည် နောက်ဆုံး ထင်းတစ်စကို မီးထဲသို့ ထည့်လိုက်၏။ သူ၏ ချောမောသော မျက်နှာမှာ မီးရောင်အောက်တွင် လင်းလက်နေပြီး မျက်လုံးထဲက ခံစားချက်ကိုတော့ ခန့်မှန်းရ ခက်လှသည်။
ဝိန်းယွီကတာ့ ခုနက ကိစ္စကြောင့် စိတ်မအေးဖြစ်နေရသည်။ ယခုတော့ ထိုလူမိုက်မှာ ဘာစကားမှ မပြောဘဲ မီးတောက်သံများကိုသာ ကြားနေရသဖြင့် လေထုထဲတွင် မမြင်ရသော တင်းမာမှုတစ်ခုက သူမကို ရစ်ပတ်ထားသလို ခံစားနေရ၏။ သူမက လက်ခုံပေါ်ရှိ အနီကွက်များကို ငုံ့ကြည့်လိုက်မိ၏။ အလွန်ပင် ထင်ရှားနေဆဲ။
ဒါမျိုး မဖြစ်သင့်ဘူး...
သူမ၏ မျက်နှာပေါ်က နီရဲရောင်ရမ်းမှုများမှာ အနည်းငယ်သာ သက်သာသွားသေးပြီး လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ သူမ၏ ရုပ်ရည်ကြောင့် တစ်စုံတစ်ရာ ပြဿနာ ဖြစ်လာနိုင်စရာ မရှိနိုင်ပေ။
သူမက ထိုတင်းမာနေသော တိတ်ဆိတ်မှုကို ဖြိုခွဲရန် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ခြံတံခါးကို လာခေါက်သည့် အသံကို ကြားလိုက်ရသည်။ ရှောင်းဟွေ့နျန် ပြန်လာသည်ဟု ထင်လိုက်သဖြင့် ဝိန်းယွီမှာ စိတ်အေးသွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်၏။
"ကျွန်မ တံခါးသွားဖွင့်လိုက်ပါ့မယ်"
သူမက လှေကားထစ်များမှ ဆင်းကာ ခြံတံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူမှာ သူမကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး ဝိန်းယွီ ဘာမှမပြောရသေးခင်မှာပင် သူမကို တွန်းဖယ်ကာ ခြံထဲသို့ ဝင်သွားတော့သည်။
"အစ်ကို(၂)... ကျွန်တော် ဒီမနက် လောင်းကစားရုံကို သွားခဲ့တယ်၊ မျောက်ကလေးက အစ်ကို ကျွန်တော့်အတွက် မှာစရာရှိတယ်လို့ ပြောတယ်!"
ထိုလူမှာ လူမိုက်ကို လာရှာခြင်း ဖြစ်သဖြင့် ဝိန်းယွီက မတားတော့ဘဲ သူ၏ ကျောပြင်ကိုသာ မျက်မှောင်ကြုံ့ကာ ကြည့်နေမိသည်။ ရှောင်းလိမှာ အိပ်ရန် စိတ်ကူးကို လက်လျှော့လိုက်ဟန်တူပြီး ထိုမုတ်ဆိတ်ဗလပွနှင့် လူဝင်လာသည့်အခါ အနားရှိ ခုံတန်းလျားကို ညွှန်ပြကာ ပြောလိုက်၏။
"ထိုင်ပြီးမှ ပြော"
ထိုလူမှာ အလွန် အရပ်ရှည်ပြီး ထွားကြိုင်းလှကာ ရှောင်းလိထက်ပင် ပိုကြီးသည့် လူထွားကြီး ဖြစ်နေသည်။ သူက ထိုင်လိုက်သည့်အခါ တောင်ငယ်တစ်လုံးနှင့်ပင် တူလှ၏။ သူက အပြင်ဘက်တွင် တံမြက်စည်းဖြင့် နှင်းများကို လှည်းနေသော ဝိန်းယွီကို တစ်ချက်ကြည့်ကာ ညည်းတွားလိုက်သည်။
"ဒါက ချန်လိုင့်ဇီက ကဒေါ်တို့ဆီ လှည့်စားပြီး ပို့လိုက်တဲ့ အစေခံမလေးလား။ အစ်ကို(၂)... အစ်ကို တကယ်ပဲ သူ့ကို လောင်းကစားရုံကို ခေါ်လာသင့်တာဗျာ။ ဆိုင်ရှင်နဲ့ ညီအစ်ကိုတွေကို ပြလိုက်ရမှာ။ သူက ဘယ်လောက်တောင် ရုပ်ဆိုးပြီး ကြည့်မကောင်းလဲဆိုတာကို။ အဲ့ဒီတော့မှ ဝမ်ချင်းဆိုတဲ့ ကောင်က အစ်ကိုက ချန်လိုင့်ဇီဆီက လာဘ်စားလို့ လွှတ်ပေးလိုက်တာ မဟုတ်ဘူးဆိုတာကို သိသွားမှာ..."
အပြင်ဘက်တွင် နှင်းလှည်းချင်ယောင်ဆောင်ကာ အထဲမဝင်ဘဲ နေနေသော ဝိန်းယွီ: "..."
ထိုလူ၏ အသံမှာ အလွန် ကျယ်လောင်သောကြောင့် သူမအနေဖြင့် မကြားချင်ယောင် ဆောင်ရန်ပင် ခက်ခဲလှသည်။ သူ၏ စကားလုံးများမှာ စော်ကားသည့်ပုံစံ ဖြစ်နေသော်လည်း ဝိန်းယွီကတော့ စိတ်အေးသွားခဲ့ရသည်။
ဒါကလည်း သူမ မျှော်လင့်ထားသည့် အတိုင်းပင်။ သူမက မိမိကိုယ်ကို ယခုကဲ့သို့ ဖြစ်အောင် တမင်လုပ်ခဲ့ခြင်းမှာ တစ်ခြားသူများ မြင်လျှင်မြင်ချင်း ရှောင်သွားစေလိုသောကြောင့်ပင်။
ဒါပေမယ့် အဲ့ဒီလူမိုက်ကရော... သူ့မှာ တစ်စုံတစ်ရာ ထူးဆန်းတဲ့ အကြိုက်များ ရှိနေတာလား။ သူက ဘာလို့ သူမကိုပဲ စိုက်ကြည့်နေတာလဲ။ ဝိန်းယွီသည် သူမ၏ အတွေးကြောင့်ပင် ကျောချမ်းသွားပြီး ထိုအတွေးကို အမြန်ပင် ဖျောက်ဖျက်လိုက်ရ၏။
"...ပြီးတော့ အဲ့ဒီကောင် ချန်လိုင့်ဇီက အစ်ကို့ကို ဘယ်လိုတောင် လှည့်စားရဲတာလဲ။ သခင်ကြီးကရော ဘာပြောလဲ"
အထဲမှ စကားဝိုင်းမှာ ဆက်ပြောဆိုနေသည်။ ချန်လိုင့်ဇီ၏ မိုက်မဲသော လုပ်ရပ်ကြောင့် ထိုလူမိုက် ပြဿနာ တက်နေပုံရကြောင်း ဝိန်းယွီ ခံစားမိလိုက်သည်။ ထိုပြဿနာ၏ အရှိန်က သူမထံသို့ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် သူမက အထဲမှ စကားများကို အာရုံစိုက်ကာ နားထောင်နေမိတော့သည်။
...