← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အပိုင်း(၈)

ရှောင်းဟွေ့နျန်သည် အထည်ဆိုင်လေးမှ ထွက်ခွာလာချိန်တွင် သူမ၏ အင်္ကျီလက်အိတ်အတွင်းရှိ လေးလံလှသော ကြေးပြားများကို ဆုပ်ကိုင်ထားရင်း အိမ်မက်တစ်ခုလိုပင် ခံစားနေရဆဲ။

သူတို့သည် ပန်းထိုးလက်ကိုင်ပဝါ တစ်ခြင်းလုံးကို မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချလိုက်မိသည်သာမက အထည်ဆိုင်ပိုင်ရှင်ကပင် နောက်ပိုင်းတွင် ပန်းထိုးလက်ကိုင်ပဝါများ ရှိပါက လာရောက်ရောင်းချရန် ကမ်းလှမ်းခဲ့သည်။ ထိုဆိုင်ပိုင်ရှင် ပေးသောစျေးမှာ သူတို့ဘာသာ ရောင်းချသည့်စျေးကို မမီသော်ငြားလည်း ကုန်သည်များ ပေးသောစျေးထက် အဆမတန် မြင့်မားလှသည့်အပြင် ရှိသမျှ အားလုံးကို ဝယ်ယူမည်ဟုလည်း ဆိုခဲ့သည်။

တစ်ခုတည်းသော တောင်းဆိုချက်မှာ ပန်းထိုးလက်ရာမှာ ယနေ့ရောင်းချခဲ့သော ပစ္စည်းများထက် မညံ့ဖျင်းစေရန်သာ။

စျေးတန်းအတွင်း၌ ဆူညံသံများ ဖုံးလွှမ်းနေဆဲ ဖြစ်သကဲ့သို့ နေရောင်ခြည်ကြောင့် နှင်းများ အရည်ပျော်လာကာ ရာသီဥတုမှာလည်း ပိုအေးစက်လာသည်။

ရှောင်းဟွေ့နျန်သည် သူမနှင့်အတူ ယှဉ်တွဲလျှောက်လှမ်းလာသော ဝိန်းယွီကို လှည့်ကြည့်မိ၏။ ဝိန်းယွီမှာ တည်ငြိမ်အေးဆေးသော အမူအယာကို ပိုင်ဆိုင်ထားပြီး မျက်နှာပေါ်မှ အနီစက်များကို ပိုးသားပဝါဖြင့် ဖုံးကွယ်ထားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ နူးညံ့လှသော နံနက်ခင်း နေရောင်ခြည်မှာ သူမ၏ မျက်ခုံးနှင့် မျက်ဝန်းများပေါ်သို့ ကျရောက်နေပြီး အနီစက်ငယ်လေးများကို မှေးမှိန်သွားစေရာ ရှောင်းဟွေ့နျန်၏ မျက်လုံးထဲတွင် ဝိန်းယွီမှာ တစ်ကိုယ်လုံး အလင်းရောင်များ ဝန်းရံထားသကဲ့သို့ ထင်မှတ်မိသည်။ သူမ ဝတ်ဆင်ထားသော ဖာထေးထားသည့် အင်္ကျီအဟောင်းလေးမှာပင် သူမ၏ ဂုဏ်ကျက်သရေကို မဖုံးကွယ်နိုင်တော့ချေ။

ရှောင်းဟွေ့နျန်မှာ ဤမိန်းကလေးကို ယနေ့မှ အသစ်တစ်ဖန် စတင်သိကျွမ်းရသကဲ့သို့ ခံစားလိုက်ရတော့သည်။

အိမ်တွင် ရှိနေချိန်တွင် သူမမှာ သနားစဖွယ်ကောင်းလောက်အောင် လိမ္မာယဉ်ကျေးသူ ဖြစ်သော်လည်း စျေးတန်းထဲတွင်တော့ ပန်းထိုးလက်ကိုင်ပဝါများကို တည်တည်ငြိမ်ငြိမ် ရောင်းချနေပုံနှင့် နိမ့်ချထောင်လွှားခြင်းမရှိဘဲ အထည်ကုန်သည်နှင့် စီးပွားရေး စကားပြောဆိုနေပုံများမှာ ရှောင်းဟွေ့နျန်ကို 'မြင့်မြတ်ခြင်း' ဟူသော စကားလုံးကို ပြေးမြင်စေခဲ့၏။

ဝိန်းယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသည့် အရှိန်အဝါကြောင့်ပင် အထည်ဆိုင်မှ အမျိုးသမီးများနှင့် မိန်းမပျိုလေးများမှာ သူမကို အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြခြင်း ဖြစ်ပေလိမ့်မည်။ ပစ္စည်းဝယ်ယူရာတွင်လည်း ချေးများခြင်း၊ စျေးဆစ်ခြင်းမျိုး လုံးဝမရှိကြပေ။

ရှောင်းဟွေ့နျန်သည် ဝိန်းယွီကို ငေးကြည့်နေမိရာမှ ဆန့်ကျင်ဘက်မှ မောင်းနှင်လာသော နွားလှည်းကိုပင် သတိမထားမိတော့ချေ။ ဝိန်းယွီက သူမကို ဆွဲလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒေါ်ဒေါ် သတိထားဦးလေ”

ရှောင်းဟွေ့နျန်က ပြန်ပြောလိုက်၏။ “ဒီငွေတွေက ဒီတိုင်းပဲ အိတ်ထဲ ရောက်လာတာဆိုတော့ ငါတော့ အိမ်မက်မက်နေသလိုပဲ။ ခြေလှမ်းတွေတောင် လွင့်နေပြီး ဂွမ်းပေါ် လမ်းလျှောက်နေရသလို ခံစားနေရတယ်”

ဝိန်းယွီက မနေနိုင်ဘဲ ခပ်ဖွဖွလေး ပြုံးလိုက်သည်။ “နောက်တစ်ခါ စျေးပတ်တဲ့အခါကျရင် ပန်းထိုးလက်ကိုင်ပဝါတွေ အများကြီး ပိုယူလာခဲ့ပါဦး။ ဒီထက် ပိုရောင်းရမှာပါ”

ငွေကြေးကိစ္စကို ပြောဆိုမိသည်တွင် ရှောင်းဟွေ့နျန်သည် အိတ်ကပ်ထဲမှ ကြေးပြားများကို စမ်းကြည့်ရင်း ဝိန်းယွီကို ရုတ်တရက် လှမ်းခေါ်လိုက်၏။

“အားယွီ... မင်းသာ မပါခဲ့ရင် ဒီပန်းထိုးလက်ကိုင်ပဝါတွေကို ငါ ရောင်းနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဒီငွေတွေကို မင်းပဲ ယူထားလိုက်ပါ”

ဝိန်းယွီ၏ လက်ထဲသို့ ကြေးပြားအထပ်လိုက် ရောက်ရှိလာပြီး လေးလံလှသော အလေးချိန်ကြောင့် သူမ အံ့ဩသွားတော့သည်။ ရှောင်းဟွေ့နျန် ပေးလိုက်သော ပမာဏမှာ ယနေ့ရရှိသော ငွေ၏ တစ်ဝက်နီးပါး ဖြစ်နေ၏။

သူမက အလျင်အမြန် ငြင်းဆန်လိုက်တော့သည်။ “ဒါ ဘယ်ဖြစ်မလဲ ဒေါ်ဒေါ်ရယ်။ ဒီပိုးပဝါတွေက အများစုက ဒေါ်ဒေါ် ထိုးထားတာလေ။ ကျွန်မက ခုနစ်ထည်၊ ရှစ်ထည်လောက်ပဲ ထိုးရသေးတာ။ ဒါ့အပြင် အပ်ချည်နဲ့ အထည်ဖိုးတွေလည်း ရှိသေးတယ်လေ။ ကျွန်မက ဒေါ်ဒေါ်တို့ အိမ်မှာပဲ နေပြီး စားသောက်နေတာဆိုတော့ ဒီငွေတွေကို ကျွန်မ လုံးဝ မယူနိုင်ပါဘူး”

ရှောင်းဟွေ့နျန်ကတော့ အတင်းအကြပ် တိုက်တွန်းနေတော့သည်။

“တစ်ကဏ္ဍစီ ခွဲရမှာပေါ့။ ဒီနေ့ မင်းစဉ်းစားတဲ့ နည်းလမ်းကြောင့်သာ ပန်းထိုးလက်ကိုင်ပဝါတွေ အကုန်ရောင်းလိုက်ရတာ။ အထည်ကုန်သည်နဲ့လည်း အဆက်အသွယ် ရခဲ့တာပဲ။ ငါ့အတွက် တစ်ဝက်ချန်ထားတာတောင် အရင်က ချန်လောင်အာ့ ဆီမှာ ရောင်းရတာထက် အများကြီး ပိုရနေပြီပဲ။ မင်း နောက်ပိုင်းကျရင် မင်းရဲ့မိသားစုတွေကို ပြန်သွားရှာရဦးမှာ မဟုတ်လား... ယူထားလိုက်ပါ...”

သူမသည် ဝိန်းယွီ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ငွေများကို ပြန်မပေးရန် တားဆီးထားသည်။

သူမ၏ လက်ဖဝါးမှာ ပူနွေးနေပြီး ဝိန်းယွီ၏ လက်ထဲတွင်လည်း ကြေးပြားများကြောင့် နွေးထွေးမှုကို ခံစားနေရ၏။ ထိုနွေးထွေးမှုသည် ဝိန်းယွီ၏ နှလုံးသားထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားတော့သည်။

သူမက လေသံကို လျှော့ကာ ပြောလိုက်သည်။

“ဒါဆိုရင်လည်း ဒေါ်ဒေါ်ပဲ သိမ်းထားပေးပါဦး။ ကျွန်မက အာ့လန်ကို ငွေလျန် ၃၀ တောင် ပေးဖို့ ကျန်သေးတာပဲလေ”

ရှောင်းဟွေ့နျန်သည် နောက်ဆုံးစကားကြောင့် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ဝမ်၁၀၀ကို ထုတ်ပေးကာ ပြောလိုက်၏။

“ဒါဆိုရင်တော့ ဒီဝမ်၁၀၀ ကို ယူထားလိုက်။ စျေးထဲမှာ တစ်ခုခု တွေ့ရင် ဝယ်လို့ရတာပေါ့”

သည်တစ်ကြိမ်တွင်တော့ ဝိန်းယွီ ထပ်မငြင်းတော့ချေ။

သူတို့နှစ်ဦး ရှေ့သို့ ဆက်လျှောက်လာချိန်တွင် နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ရှေ့က မျက်နှာဖုံးနဲ့ မိန်းကလေး... ခဏလောက် စောင့်ပါဦး”

ဝိန်းယွီနှင့် ရှောင်းဟွေ့နျန်တို့မှာ တစ်ပြိုင်နက်တည်း ခြေလှမ်းများကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

ဆံပင်ကို အထုံးနှစ်ခု ထုံးထားသော အမျိုးသမီးငယ်တစ်ဦးမှာ အပြေးအလွှား လိုက်လာသည်ကို တွေ့လိုက်ရသည်။ သူမ ဝတ်ဆင်ထားပုံမှာ အဆင့်အတန်းရှိလှပြီး အိမ်ကြီးအိမ်ကောင်းမှ အစေခံမလေးတစ်ဦးနှင့် တူလေသည်။

သူတို့ရှေ့သို့ ရောက်သောအခါ ထိုအစေခံမလေးက မေးလိုက်၏။

“ခုနက အထည်ဆိုင်မှာ စူးကျိုးပန်းထိုးလက်ကိုင်ပဝါတွေ ရောင်းခဲ့တာ ရှင်တို့နှစ်ယောက်လား”

သူမသည် လက်ထဲရှိ စူးကျိုးပန်းထိုးလက်ကိုင်ပဝါ တစ်ထည်ကို ဖြန့်ပြလိုက်ပြီး ပန်းထိုးလက်ကိုင်ပဝါ၏ ထောင့်တွင် ရဲရဲနီနေသော နှင်းဆီပွင့်လေး တစ်ပွင့်နှင့် မည်သည့်အမှတ်အသားမှန်း မသိရသော တံဆိပ်လေးတစ်ခုမှာ အလွန်ပင် လိုက်ဖက်လှသည်။

ဝိန်းယွီသည် ထိုပန်းထိုးလက်ကိုင်ပဝါမှာ သူမ ရောင်းချခဲ့သော ပစ္စည်းမှန်း မှတ်မိလိုက်သဖြင့် ဤအစေခံမလေးက မည်သည့်ကိစ္စကြောင့် လိုက်လာရသနည်းဟု တွေးတောနေမိ၏။

ရှောင်းဟွေ့နျန်မှာလည်း ထူးဆန်းနေသဖြင့် ဝိန်းယွီကိုယ်စား ပြန်မေးလိုက်သည်။

“ဟုတ်ပါတယ်... ဘာဖြစ်လို့လဲရှင်”

အစေခံမလေးမှာ ဝမ်းသာသွားဟန်ဖြင့် ထပ်မေးလိုက်၏။

“ဒီအပေါ်က ပန်းထိုးတွေကလည်း ရှင်တို့ပဲ ထိုးတာလား”

ဝိန်းယွီက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်မ ထိုးထားတာပါ”

အစေခံမလေးက ပြောလိုက်သည်။

“ဒါဆိုရင်တော့ မိန်းကလေး ကျွန်မနဲ့ ခဏလောက် လိုက်ခဲ့ပေးပါ။ ကျွန်မတို့ သခင်မကြီးက တွေ့ချင်လို့ပါ”

ဝိန်းယွီက မေးလိုက်၏။

“ရှင်တို့ သခင်မကြီးက ဘယ်သူလဲ... ဘာဖြစ်လို့ ကျွန်မကို တွေ့ချင်ရတာလဲ”

အစေခံမလေးမှာ ဝိန်းယွီ၏ အဝတ်အစားများမှာ နွမ်းပါးနေသော်လည်း သူမ၏ အေးစက်စက် မျက်ဝန်းများကြောင့် အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲသွားသလို ခံစားလိုက်ရသဖြင့် အလျင်အမြန် ရှင်းပြလိုက်တော့သည်။

“ကျွန်မတို့ သခင်မကြီးရဲ့ မျိုးရိုးက ရွှီ ပါ။ ခုနက အထည်ဆိုင်မှာ အထည်သွားရွေးရင်း အမျိုးသမီးတစ်ယောက်ရဲ့ လက်ထဲမှာ ရှားပါးလှတဲ့ စူးကျိုးပန်းထိုးလက်ကိုင်ပဝါကို တွေ့လိုက်တာပါ။ မေးကြည့်တော့မှ မိန်းကလေးဆီက ဝယ်ခဲ့တာဆိုတာ သိလိုက်ရတာ။ သခင်မကြီးက မိန်းကလေးကို ရှာတာက ကောင်းတဲ့ ကိစ္စအတွက်ပါပဲ... စိတ်ချလက်ချ လိုက်ခဲ့ပါ”

သူမသည် မနီးမဝေးမှ နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။

“ကျွန်မတို့ သခင်မကြီးရဲ့ မြင်းလှည်းက ဟိုမှာ ရပ်ထားပါတယ်”

ဝိန်းယွီက ရှောင်းဟွေ့နျန်ကို ကြည့်လိုက်သည်။

“ဒေါ်ဒေါ်... ကျွန်မ ခဏ သွားတွေ့လိုက်ရမလား”

ရှောင်းဟွေ့နျန်မှာ ယနေ့ ဆက်တိုက် ဖြစ်ပေါ်နေသော ဝမ်းသာစရာ ကိစ္စများကြောင့် ပျော်ရွှင်နေပြီး အကယ်၍ ထိုသူဌေးက ဝိန်းယွီ၏ လက်ရာကို သဘောကျပါက ဝိန်းယွီအတွက် ငွေရှာရန် လမ်းစသစ် တစ်ခု ဖြစ်လာနိုင်ကြောင်း သိသဖြင့် ပြန်ပြောလိုက်၏။

“သခင်မကြီးက စောင့်နေတာဆိုတော့လည်း သွားလိုက်ပါဦး”

ဝိန်းယွီသည် အစေခံမလေး၏ ဦးဆောင်မှုဖြင့် မြင်းလှည်းရှိရာသို့ လိုက်သွားလိုက်သည်။ အစေခံမလေးက သတင်းပို့နေစဉ် ဝိန်းယွီမှာ ခြေလှမ်းငါးလှမ်းခန့် အကွာမှ စောင့်ဆိုင်းနေသည်။

ဤခံစားချက်မှာ သူမအတွက် အလွန်ပင် ထူးဆန်းလှပေသည်။ လွန်ခဲ့သော ၁၀နှစ်ကျော်လုံးလုံး သူမသည် မြင်းလှည်းအတွင်းမှ ထိုင်နေရသူ ဖြစ်သော်လည်း ယခုမူ မြင်းလှည်းအပြင်ဘက်မှ စောင့်ဆိုင်းနေရသူ ဖြစ်လာခဲ့သည်။

သူမ၏ အကြည့်မှာ စျေးတန်းအတွင်း၌ အဆင့်အတန်း မြင့်မားသည်ဟု ဆိုနိုင်သော ထိုမြင်းလှည်းပေါ်သို့ ရောက်ရှိသွားသော်လည်း မြင်းလှည်းပေါ်တွင် မည်သည့် မိသားစု တံဆိပ်ကိုမှ မတွေ့ရသဖြင့် မြင်းလှည်းပိုင်ရှင်မှာ ကုန်သည်မိသားစုမှ ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်၏။

မကြာမီ အစေခံမလေးက ဝိန်းယွီကို အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။

မြင်းလှည်းအတွင်းမှ မျိုးရိုးမြင့်အမျိုးသမီးမှာ ယုန်မွေးများ ပါရှိသော ရွှေချည်ထိုး အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ရေနွေးအိုးငယ်လေးကို ကိုင်ဆောင်ထားကာ အလွန်ပင် ချမ်းသာကြွယ်ဝပုံ ပေါ်သည်။ သူမသည် ဝိန်းယွီကို အထက်အောက် အကဲခတ်ကြည့်ပြီးနောက် အေးအေးလူလူပင် မေးလိုက်၏။

“ဘာဖြစ်လို့ မျက်နှာကို ဖုံးထားရတာလဲ”

ဝိန်းယွီသည် ထိုအထက်တန်းလွှာများ၏ အမူအယာများကို သိထားသဖြင့် မျက်လွှာကို ချထားလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကျွန်မရဲ့ ရုပ်ရည်က ရုပ်ဆိုးလှတဲ့အတွက် သခင်မကြီးရဲ့ မျက်စိကို အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ”

သခင်မကြီးမှာ သူမ၏ ရုပ်ရည်ကို စိတ်မဝင်စားဟန်ဖြင့် ထပ်မေးလိုက်၏။

“မင်း စူးကျိုးပန်းထိုးပညာ တတ်သလား”

ဝိန်းယွီက ပြန်ဖြေသည်။

“ဟုတ်ကဲ့... တတ်ပါတယ်”

သခင်မကြီးက ထပ်မေးပြန်၏။

“သင်တာ ဘယ်လောက် ကြာပြီလဲ”

ဝိန်းယွီက ဆိုလိုက်သည်။

“ငယ်ငယ်ကတည်းက အမေဆီကနေ သင်ယူခဲ့တာပါ”

သခင်မကြီးမှာ မျက်တောင်ကို အသာပင့်ကာ မေးလိုက်ပြန်၏။

“နှစ်ဖက်လှ ပန်းထိုးတတ်သလား”

ဝိန်းယွီ၏ မျက်ခုံးများမှာ သိသိသာသာပင် အနည်းငယ် တွန့်ချိုးသွားသော်လည်း ပြန်ဖြေလိုက်၏။

“တတ်ပါတယ်... ဒါပေမယ့် မကျွမ်းကျင်ပါဘူး”

သခင်မကြီးမှာ သူမ၏ ဒူးပေါ်ရှိ ရေနွေးအိုးလေးကို လက်ချောင်းများဖြင့် အသာအယာ ခေါက်ရင်း စဉ်းစားဟန် ပြုပြီးနောက် ပြောလိုက်သည်။

“မင်းရဲ့ ပန်းထိုးလက်ကိုင်ပဝါပေါ်က ပန်းထိုးလက်ရာက အရမ်းကို သိမ်မွေ့ပြီး သေသပ်တာကို တွေ့လိုက်တယ်။ နာမည်ကြီး ပန်းထိုးဆရာမတွေနဲ့တောင် မခြားနားပါဘူး။ ငါ့အတွက် ယပ်တောင်မျက်နှာပြင် တစ်ခုကို ပန်းထိုးပေးနိုင်မလား... တစ်လအတွင်း အပြီးထိုးပေးနိုင်မလား”

ဝိန်းယွီမှာ ယခုအချိန်တွင် ငွေကြေး လိုအပ်နေသဖြင့် ငြင်းဆန်ရန် အကြောင်းမရှိချေ။ ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ရပါတယ်”

သခင်မကြီး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ပိုသက်တောင့်သက်သာရှိသော အနေအထားဖြင့် ထိုင်လိုက်ကာ ပြောလိုက်၏။

“ဒီပစ္စည်းကို ငါက တခြားသူကို လက်ဆောင်ပေးမှာမို့လို့ မင်း အထူးတလည် ဂရုစိုက်ပြီး ထိုးပေးရမယ်။ အောင်မြင်သွားရင်တော့ မင်းအတွက် ဆုလာဘ်တွေ အများကြီး ရမှာပါ။ တစ်ဖက်တည်း ပန်းထိုးတာဆိုရင်တော့ မင်းကို ဝမ်၅၀၀၀ ပေးမယ်။ ဒါပေမယ့် မင်းသာ နှစ်ဖက်လှ ပန်းထိုးနိုင်မယ်ဆိုရင်တော့...”

သခင်မကြီးက ဝိန်းယွီကို တစ်ချက်ကြည့်လိုက်၏။

“စျေးနှုန်းကို နောက်ထပ် ဆယ်ဆလောက် တိုးပေးလို့တောင် ရတယ်”

ဝိန်းယွီ၏ မျက်တောင်ရှည်လေးများမှာ ရုတ်တရက် တုန်ခါသွားတော့သည်။

ဆယ်ဆဆိုသည်မှာ ဝမ် ၅၀၀၀၀ ဖြစ်ပြီး လျန်ငွေဖြင့်ဆိုလျှင် လျန်၅၀ တိတိ ဖြစ်ပေ၏။

ဤငွေမှာ သူမ၏ လွတ်လပ်ခွင့်အတွက်သာမက မိသားစုကို လိုက်ရှာရန် လူငှားရမ်းသည့် စရိတ်အတွက်ပါ လုံလောက်သည်။

သို့သော်လည်း နှစ်ဖက်လှ ပန်းထိုးခြင်းမှာ အလွန် အချိန်ပေးရပြီး လူကို ပင်ပန်းရစေ၏။

စူးကျိုးဒေသရှိ ပန်းထိုးဆရာမ အများအပြားမှာ နှစ်ဖက်လှ ပန်းထိုးရင်းနှင့်ပင် မျက်စိများ ပျက်ဆီးခဲ့ကြမိသည်။

သခင်မကြီးမှာ ဝိန်းယွီ ဘာမှပြန်မပြောသဖြင့် သူမ ပေးသော ငွေပမာဏကြောင့် အံ့ဩသွားသည်ဟု ထင်မှတ်ကာ အောက်မှ အစေခံမလေးကို လှမ်းခေါ်လိုက်၏။

အစေခံမလေးမှာ အဓိပ္ပာယ်ကို နားလည်သဖြင့် ငွေစ တစ်စကို ထုတ်ပေးကာ ဝိန်းယွီကို ပြောလိုက်သည်။

“ဒါက စရန်ငွေပါ။ ဒီတစ်လအတွင်းမှာ တခြားအလုပ်တွေကို မလုပ်ဘဲ ကျွန်မတို့ သခင်မကြီး ခိုင်းတဲ့အလုပ်ကိုပဲ အာရုံစိုက်ပြီး လုပ်ပေးပါ။ မိန်းကလေးတို့ အိမ်က ဘယ်မှာလဲ... ညနေပိုင်းကျရင် သခင်မကြီးက အထည်တွေ၊ အပ်ချည်တွေနဲ့ ပုံစံတွေကို အိမ်အရောက် ပို့ပေးခိုင်းလိုက်ပါ့မယ်”

ဝိန်းယွီသည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးဖြစ်သဖြင့် ငွေစကို လက်ခံလိုက်ပြီးနောက် ရှောင်းမိသားစု နေထိုင်ရာ လမ်းကြားအမည်ကို ပြောပြလိုက်သည်။

သခင်မကြီးက သူမကို ပြန်နိုင်ပြီဟု လက်ဟန်ပြသောအခါ ဝိန်းယွီသည် ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။ သူမသည် တစ်ချိန်လုံး မျက်လွှာကိုသာ ချထားသော်လည်း သူမ၏ မြင့်မြတ်ပြီး မတုန်လှုပ်သော အရှိန်အဝါကိုတော့ လူတိုင်း ခံစားနေမိသည်။

သခင်မကြီးမှာ သူမ ထွက်ခွာသွားသည်ကို ကြည့်ကာ ထူးဆန်းစွာ ရေရွတ်လိုက်၏။

“သူ့ရဲ့ အရှိန်အဝါက ပန်းထိုးပြီး စားသောက်နေရတဲ့ သူတစ်ယောက်နဲ့ လုံးဝ မတူဘူးပဲ”

အစေခံမလေးကလည်း ဝိန်းယွီ၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။

“အရင်က ချမ်းသာတဲ့ မိသားစုက ဖြစ်နိုင်ပါတယ်။ စစ်ပွဲတွေကြောင့် ဒီကို ထွက်ပြေးလာတာ ဖြစ်မှာပါ”

သခင်မကြီးက အကြည့်ကို လွှဲလိုက်ကာ ပြောလိုက်၏။

“ထားလိုက်ပါတော့... သူ ဘယ်သူပဲဖြစ်ဖြစ် ငါလိုချင်တဲ့ ပစ္စည်းကို သေသေချာချာ ထိုးပေးနိုင်ရင် ပြီးတာပါပဲ”

___

ဝိန်းယွီ ပြန်ရောက်လာသောအခါ သခင်မကြီးရွှီက ယပ်တောင် မျက်နှာပြင် ပန်းထိုးခိုင်းသည့်အကြောင်း ရှောင်းဟွေ့နျန်ကို ပြောပြလိုက်သည်။

ရှောင်းဟွေ့နျန်သည် ဝိန်းယွီက နှစ်ဖက်လှ ပန်းထိုးနိုင်လိမ့်မည်ဟု မထင်ထားချေ။ ထိုပညာမှာ အလွန်ခက်ခဲလှသည့်အပြင် တစ်လအတွင်း အပြီးထိုးရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။

တစ်ဖက်တည်း ပန်းထိုးလျှင်ပင် ဝမ်၅၀၀၀ ရမည်မှာ အလွန်ပင် များပြားလှသော်လည်း ရှောင်းဟွေ့နျန်ကတော့ ဝမ်းမသာနိုင်ဘဲ မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“သခင်မကြီး ပေးလိုက်တဲ့ ပုံစံက အရမ်းခက်ခဲမှာကို ငါ စိုးရိမ်မိတယ်။ ဒီလိုပစ္စည်းမျိုးက သေသေချာချာ ထိုးရတာဆိုတော့ တစ်လဆိုတာ အရမ်းကို အလျင်လိုလွန်းတယ်...”

ဝိန်းယွီက ပြန်ပြောလိုက်သည်။

“ဒေါ်ဒေါ် ကျွန်မအတွက် စိတ်မပူပါနဲ့။ ကျွန်မ စီစဉ်ထားတာ ရှိပါတယ်”

ရှောင်းဟွေ့နျန်က သက်ပြင်းချကာ ဆိုလိုက်၏။

“အဲ့ဒီ လျန်ငွေ၃၀ ကို စိတ်ထဲမှာ အရမ်းကြီး ဖိအားမထားပါနဲ့။ ဒီကိစ္စက အဓိကက ချန်လိုင့်ဇီ ကြောင့်လေ။ ဟွမ်အာတို့ဘက်က ချန်လိုင့်ဇီကို တွေ့တာနဲ့ ဒီငွေတွေကို သူပဲ ပြန်ဆပ်ရမှာပါ။ မင်းလို ကလေးတစ်ယောက်က ချန်လိုင့်ဇီရဲ့ လောင်းကစားကြွေးကို ဘယ်လိုလုပ်ပြီး ဆပ်ရမှာလဲ”

သို့သော်လည်း ပြဿနာမှာ ချန်လိုင့်ဇီကို ရှာမတွေ့မချင်း ဤကြွေးမြီမှာ ပိုင်ရှင်မဲ့ ဖြစ်နေခြင်းပင်။ ဝိန်းယွီမှာ ချန်လိုင့်ဇီက သူမ၏ သားဖြစ်သူထံသို့ အကြွေးအတွက် ပေးအပ်ခဲ့သူ ဖြစ်ရာ ရှောင်းဟွေ့နျန်မှာလည်း သူမ၏ သားခွင့်ပြုချက် မရှိဘဲ ဝိန်းယွီကို လွှတ်မပေးနိုင်သဖြင့် တတ်နိုင်သမျှ ကောင်းကောင်း ဆက်ဆံပေးရန်သာ ရှိလေသည်။

ဤအကြောင်းများကို တွေးမိသည်တွင် ရှောင်းဟွေ့နျန်မှာ စိတ်မကောင်း ဖြစ်သွားရပြီး ပန်းထိုးကိစ္စကို ပြန်ပြောလိုက်၏။

“နောက်တစ်လကျရင် မင်းက အဲ့ဒီယပ်တောင်ကိုပဲ အာရုံစိုက်ပြီး ထိုးပါ။ ပန်းထိုးလက်ကိုင်ပဝါတွေကိုတော့ ငါပဲ ထိုးလိုက်ပါ့မယ်။ မင်းက ပုံစံအသစ်လေးတွေပဲ ပြင်ဆင်ပေးရင် ရပြီ။ ပုံစံအသစ်ဆိုရင် အထည်ဆိုင်ပိုင်ရှင်က ဝယ်မှာပဲလေ”

ဝိန်းယွီသည် ရှောင်းဟွေ့နျန်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ထိုငွေစကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ရှောင်းဟွေ့နျန်က မယူလိုသော်လည်း ဝိန်းယွီက ဇွတ်ပေးသဖြင့် ယူလိုက်ရတော့သည်။

“ဒေါ်ဒေါ် သိမ်းထားလိုက်ပါ။ အိမ်မှာ စားဝတ်နေရေးအတွက် ငွေတွေ အများကြီး လိုအပ်တယ် မဟုတ်လား။ ဒါကို ကျွန်မ အကြွေးထဲက တစ်လျန် ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ”

ရှောင်းဟွေ့နျန်သည် ငွေစကို ဆုပ်ကိုင်ထားရင်း စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေရပြီး ဝိန်းယွီကို ကြည့်နေသော အကြည့်မှာ သနားစိတ်နှင့် အားနာစိတ်များ ရောပြွမ်းနေတော့သည်။

“ဒီကလေးကတော့လေ...”

ဝိန်းယွီသည် ရှောင်းဟွေ့နျန်ကို ငွေကြေးကိစ္စ ထပ်မပြောစေရန်အတွက် အခြားသူများကို ငှားရမ်းပြီး ပန်းထိုးလက်ကိုင်ပဝါများ အတူတူထိုးရန် အကြံပြုလိုက်၏။ အကြောင်းမှာ သူမကိုယ်တိုင် စူးကျိုးပန်းထိုးလက်ကိုင်ပဝါများ ထိုးရန် အချိန်မရှိတော့သောကြောင့်ပင်။ ထိုပန်းထိုးလက်ကိုင်ပဝါများမှာ ပုံစံအသစ်အဆန်းများကြောင့်သာ ရောင်းရခြင်း ဖြစ်သဖြင့် တစ်သုတ်လျှင် ပုံစံအသစ်များ များများထည့်နိုင်မှသာ ငွေပိုရနိုင်လိမ့်မည်။

ရှောင်းဟွေ့နျန်မှာ ထိုအကြံကို သဘောကျသွားပြီး စျေးတန်းအထွက်သို့ ရောက်နေပြီ ဖြစ်သော်လည်း နောက်သို့ ပြန်လှည့်ရန် ပြင်လိုက်တော့သည်။

“မဖြစ်ဘူး... လူငှားပြီး ထိုးမှာဆိုရင်တော့ ပိုးထည်တွေ ပိုဝယ်ထားမှ ဖြစ်မယ်”

သူတို့နှစ်ဦးသည် နှစ်သစ်ကူးအတွက် ပစ္စည်းအတော်များများ ဝယ်ယူထားသဖြင့် ဝိန်းယွီ၏ လက်ထဲတွင်လည်း လေးလံနေပြီ ဖြစ်ကာ ထပ်ဝယ်လျှင် သယ်ရန် ခက်ခဲမှာ စိုးရိမ်မိသဖြင့် တားလိုက်၏။

“ဒေါ်ဒေါ်... နောက်တစ်ခါမှ ဝယ်ပါလား။ ဒီနေ့ ကျွန်မတို့တွေ ပစ္စည်းတွေ အများကြီး ဝယ်ထားပြီးပြီလေ”

ရှောင်းဟွေ့နျန်က နေ့ရက်များကို တွက်ချက်ကြည့်ပြီးနောက် ခေါင်းခါကာ ပြောလိုက်၏။

“နောက်တစ်ခါ စျေးပတ်ဖို့ဆိုတာ နှစ်ကူးပြီးမှ ဖြစ်တော့မှာ။ ငါ နောက်ကို ပြန်သွားပြီး ပိုးထည်တစ်လိပ် ထပ်ဝယ်လိုက်ဦးမယ်။ ဟိုရှေ့မှာ လက်ဖက်ရည်ဆိုင် ရှိတယ်... အားယွီ မင်း အဲ့ဒီမှာ ပစ္စည်းတွေနဲ့ စောင့်နေနော်။ ငါ ခဏနေရင် ပြန်လာခဲ့မယ်”

ဝိန်းယွီက ထပ်တားရန် ပြင်သော်လည်း ရှောင်းဟွေ့နျန်မှာ လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် သူမသည် ပစ္စည်းများကို သယ်ဆောင်ကာ လက်ဖက်ရည်ဆိုင်တွင် သွားရောက်စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။

သူမသည် ဆိုင်ဝန်ထမ်းလေးကို ရေနွေးတစ်အိုး မှာလိုက်ပြီး ပစ္စည်းများကို ချကာ ထိုင်လိုက်၏။

သို့သော်လည်း ဆိုင်ဝန်ထမ်းလေး ရေနွေးမလာပေးနိုင်သေးခင်မှာပင် လူမိုက်အချို့သည် ကွာစေ့ခွံများကို ထွေးထုတ်ရင်းနှင့်ပင် သူမ၏ စားပွဲဆီသို့ လျှောက်လာကြတော့သည်။

“မိန်းကလေး... ဒီနေ့ စျေးထဲမှာ အကြီးအကျယ် အရောင်းအဝယ် ဖြစ်ခဲ့တယ်ဆို။ ပစ္စည်းတွေ ဒီလောက်တောင် ဝယ်ထားတာဆိုတော့ ငါတို့တွေကိုရော တစ်ခုခုလောက် ဂါရဝမပြုချင်ဘူးလား”

...

All Chapters