← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အပိုင်း (၁၀)

ညနေခင်းနှောင်းပိုင်းတွင် လေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်ယံမှ နှင်းစက်များ ကျဲကျဲပါးပါး ပြန်လည်ကျဆင်းလာလေသည်။ ဝိန်းယွီသည် ရှောင်းဟွေ့နျန်နှင့် သူမကို လာရောက်ကြိုဆိုသည့်သူ—ယခုအခါတွင်တော့ ရှောင်းလိဟု ခေါ်ရတော့မည့်သူကို လက်ဖက်ရည်ဆိုင်ရှေ့တွင် ထိုင်ရင်း မေးထောက်ကာ စောင့်ဆိုင်းနေခဲ့သည်။

မြေထည်လက်ဖက်ရည် ပန်းကန်လုံးအတွင်းသို့ နှင်းမှုန်လေးတစ်ခု ကျရောက်သွားပြီး ရေလှိုင်းငယ်လေးများ ထသွားသည်။ သူမသည် ကြိုးလေးဖြင့် သီထားသော ဝမ်၁၀ပြားကို လက်ချောင်းများဖြင့် လှုပ်ယမ်းကစားနေမိ၏။

'လိ'၊ ရှေးအခေါ်အဝေါ်အရ ဓားသွေးကျောက်ကို ဆိုလိုပြီး ယခုခေတ်တွင်တော့ ဓားသွားကို ပိုမိုထက်မြက်အောင် သွေးယူခြင်းဟု အဓိပ္ပာယ်ရသည်။ ရှောင်းဟွေ့နျန်က သူ့ကို အလွန်ချစ်ပုံရပါလျက်နှင့် အဘယ်ကြောင့် သည်လို ကြမ်းတမ်းခက်ထန်လှသည့် နာမည်ကို ပေးထားရပါသနည်း။

အုတ်ကြွပ်ဈေးမှာ ပိတ်သိမ်းရန် အချိန်နီးကပ်နေပြီ ဖြစ်သော်လည်း ရှောင်းဟွေ့နျန်တို့ သားအမိနှစ်ယောက်မှာ ပြန်မရောက်လာသေးချေ။ သူမသည် မျှော်လင့်တကြီး လှည့်ကြည့်နေစဉ် ဈေးသိမ်းပြီး ပြန်လာသည့် ကုန်သည်တချို့၏ စကားသံများကို ကြားလိုက်ရသည်။

"အရှေ့ဘက် ၃ခုမြောက် ဆိုင်တန်းက လျိုမျိုးနွယ် ခွေးသူခိုးတော့ ဝဋ်လည်ပြီဟေ့။ နေ့တိုင်း လူမိုက် ၃ယောက်ဆီမှာ သတင်းပေးပြီး ဖားနေတာ။ သူ့ထက် စီးပွားရေးကောင်းတဲ့သူ ရှိရင် အဲ့ဒီလူမိုက်တွေဆီ သွားပြီး သွေးထိုးတတ်တာလေ။ အခုတော့ ဝဋ်လည်တာပဲ”

အတွင်းရေးကို မသိသူတစ်ဦးက ဝင်မေးလိုက်သည်။ "ဒီနေ့ ဘာဖြစ်တာလဲ။ ကျွန်တော် မသိလိုက်ဘူး။ မတွေ့လိုက်ရဘူး။ ဘာဖြစ်တာလဲဆိုတာ ပြောပြပါဦး"

ပြောပြသူက ရယ်မောရင်း "ဒီနေ့ အဲ့ဒီလူမိုက် ၃ယောက်က ဘာတွေ ဒေါသထွက်နေလဲ မသိဘူး။ အဲ့ဒီခွေးသူခိုးဆီ သွားပြီးတော့ သူ့ရဲ့ ကုန်ပစ္စည်းတွေကို အမှုန့်ဖြစ်အောင် ရိုက်ခွဲပစ်လိုက်တာ။ လူကိုလည်း ရိုက်နှက်သွားလိုက်တာ မျက်နှာတစ်ခုလုံး ဖူးရောင်နေတာပဲ။ တကယ့်ကို ကျေနပ်စရာပဲ"

နောက်မှ လိုက်လာသူကလည်း ဝင်ပြောလိုက်သည်။ "ဒါတင် ဘယ်ကမလဲ။ မင်းက စောစောပြန်သွားလို့ မမြင်လိုက်တာပါ။ အဲ့ဒီလူမိုက်တွေ ထွက်သွားပြီးတဲ့နောက် အဲ့ဒီကောင်က သုံးလို့ရတာလေးတွေကို ပြန်ကောက်ပြီး ခြင်းတောင်းထဲ ထည့်နေတုန်း နောက်ထပ် လူမိုက်တစ်ယောက် ထပ်ရောက်လာပြန်ရော။ အဲ့ဒီလူက အရင်လူတွေထက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ သူက အဲ့ဒီခြင်းတောင်းကို ခြေထောက်နဲ့ တစ်ချက်တည်း ကန်လိုက်တာ အကုန်လုံး လွင့်ထွက်သွားတော့တာပဲ။ အဲ့ဒီခွေးသူခိုးကတော့ အသည်းအသန် ငိုယိုပြီး တောင်းပန်နေရတာ တကယ့်ကို ဟာသပဲ"

ဝိန်းယွီသည် ထိုစကားများကို ကြားလိုက်ရသောအခါ မျက်ခုံးများကို အသာအယာ ပင့်လိုက်မိသည်။ အရှေ့ဘက် ၃ခုမြောက် ဆိုင်လား။ ထိုနေရာသည် အစောပိုင်းက လူမိုက် ၃ယောက် ပြောပြသွားသည့် ဈေးသည်၏ နေရာ မဟုတ်လား။

အဲ့ဒီလူမိုက် ၃ယောက်က ဒီတစ်ခါ သူတို့ကို ပြိုင်ဖက်နဲ့ တိုးပြီးတော့ အဲ့ဒီဈေးသည်ကို ဒေါသပုံချသွားတာလား။ ဈေးသည်တွေ ပြောနေတဲ့ ဒုတိယမြောက် လူမိုက်ဆိုတာကတော့ ရှောင်းလိ ဖြစ်မယ်။ သူ့အမေက ဒီဈေးထဲမှာ ဈေးရောင်းရင်း နှောင့်ယှက်ခံရလို့ သွားပြီး သတိပေးတာ ဖြစ်ရမယ်။

စဉ်းစားနေစဉ်မှာပင် လူအုပ်ကြားထဲမှ ရှောင်းဟွေ့နျန်တို့ သားအမိကို မြင်လိုက်ရသည်။ ရှောင်းဟွေ့နျန်က ဘာတွေ ထပ်ဝယ်လာသည်မသိ။ နှစ်ယောက်လုံး၏ လက်ထဲတွင် ပစ္စည်းအထုပ်အပိုးများဖြင့် ပြည့်နှက်နေသည်။

ဝိန်းယွီသည် ထရပ်ကာ သူတို့ကို ကြိုဆိုလိုက်သည်။ "ဒေါ်ဒေါ်!"

ရှောင်းဟွေ့နျန်သည် ဝိန်းယွီကို မြင်သည်နှင့် တတွတ်တွတ် မေးတော့သည်။ "ဟွမ်အာ ပြောပြလို့ တစ်ယောက်ယောက်က လာပြီး ရန်စတယ်ဆိုတာ သိရတယ်။ ကလေး... လန့်မသွားဘူးမလား"

ဝိန်းယွီ: "အစ်ကို(၂) အချိန်မီ ရောက်လာလို့ ဘာမှ မဖြစ်ခဲ့ပါဘူး..."

အစောပိုင်းက လူမိုက် ၃ယောက်ရှေ့တွင် ရှောင်းလိ၏ နာမည်ကို မှားခေါ်ခဲ့မိသဖြင့် သူမ စိတ်ထဲတွင် ရှက်ကိုးရှက်ကန့် ဖြစ်နေပြီး သူရှိရာဖက်သို့ မကြည့်ဘဲ သတိနှင့် ရှောင်နေမိသည်။

ရှောင်းဟွေ့နျန်က "ဒါဆိုရင်လည်း တော်သေးတာပေါ့" ဟု ပြောလိုက်ချိန်တွင် ရှောင်းလိက ဝိန်းယွီကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပစ္စည်းများကို ချပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ "ကျွန်တော် နွားလှည်း တစ်စီး သွားငှားလိုက်ဦးမယ်"

ဝိန်းယွီသည် ရှောင်းဟွေ့နျန်ကို ကူညီကာ ပစ္စည်းများကို စားပွဲပေါ်သို့ တင်ပေးရင်း မနေနိုင်ဘဲ မေးလိုက်တော့သည်။ "ဒေါ်ဒေါ်... ဘာလို့ ပစ္စည်းတွေ အများကြီး ဝယ်လာတာလဲဟင်"

ရှောင်းဟွေ့နျန်က ပြုံးလိုက်ပြီး "ငါ့ရဲ့ အင်္ကျီအဟောင်းက မင်းနဲ့ဆိုရင် အိုစာနေတာပေါ့။ ဒါကြောင့် မင်းအတွက် အင်္ကျီအသစ်တစ်ထည် ဝယ်လာတယ်။ ပြီးတော့ ဂွမ်းတွေနဲ့ ဖျင်စတွေလည်း ဝယ်လာတယ်၊ နောက်မှ မင်းအတွက် ဖိနပ်တစ်စုံ ထပ်ချုပ်ပေးရမယ်"

ဝိန်းယွီသည် ရှောင်းဟွေ့နျန်၏ စေတနာကြောင့် တစ်ဖန် စိတ်လှုပ်ရှားသွားရပြန်သည်။ သူမသည် ပစ္စည်းများကို ကိုင်ထားသည့် လက်များ တုံ့ခနဲ ဖြစ်သွားပြီး "ဒေါ်ဒေါ့်ကို အားနာလိုက်တာ"

ရှောင်းဟွေ့နျန်က သူမကို ဆူပူနေသလို တစ်ချက်ကြည့်လိုက်ပြီး "ဒီကလေးကတော့... ဘာတွေ ပြောနေတာလဲ"

ရှောင်းဟွေ့နျန် လက်ဖက်ရည် တစ်ခွက် သောက်ပြီးချိန်တွင် နွားလှည်း ရောက်လာခဲ့သည်။ ရှောင်းလိက ပစ္စည်းများကို လှည်းပေါ်တင်ပြီး ရှောင်းဟွေ့နျန်နှင့် ဝိန်းယွီကို လှည်းပေါ်သို့ တက်ခိုင်းလိုက်သည်။ သို့သော် လှည်းနောက်ပိုင်းမှာ ကျဉ်းမြောင်းလှသည့်အပြင် ပစ္စည်းများကလည်း များပြားလှသဖြင့် လူနှစ်ယောက် ထိုင်ပြီးနောက်တွင် ပစ္စည်းများကိုပါ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရတော့သည်။

ဝိန်းယွီသည် အမိုးအကာမရှိသော ဤကဲ့သို့သော နွားလှည်းမျိုးကို ပထမဆုံးအကြိမ် စီးဖူးခြင်း ဖြစ်သည်။ လှည်းဆရာက ကျာပွတ်ကို ဝှေ့ယမ်းလိုက်ပြီး လှည်းဘီးက ချိုင့်တစ်ခုထဲသို့ ကျသွားချိန်တွင် ဝိန်းယွီသည် ရှေ့သို့ အရှိန်ဖြင့် ငိုက်ကျသွားပြီး ရင်ခွင်ထဲက အင်္ကျီအသစ်ထုပ်မှာလည်း အောက်သို့ ပြုတ်ကျသွားသည်။

သူမသည် ကပျာကယာ တစ်ခုခုကို လှမ်းဖမ်းရန် ကြိုးစားလိုက်ပြီး ကျန်လက်တစ်ဖက်ကလည်း အင်္ကျီထုပ်ကို လှမ်းဆွဲလိုက်သည်။

ထိုအခိုက်တွင် လူရိပ်တစ်ခု လှုပ်ရှားသွားပြီး သူမ၏ တံတောင်ဆစ်ကို သံညှပ်ကဲ့သို့သော လက်ကြီးတစ်ဖက်က တင်းကြပ်စွာ ဖမ်းဆုပ်လိုက်ကာ သူမကို ထိန်းပေးလိုက်သည်။ အောက်သို့ ပြုတ်ကျသွားသည့် အင်္ကျီထုပ်ကိုလည်း ထိုသူက ဖမ်းယူလိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ လှည်းပေါ်မှ ပြုတ်ကျမသွားအောင် ထိန်းထားပေးလိုက်သည်။

ထိုငေးငိုင်သွားသည့်အခိုက် ဝိန်းယွီသည် သူမ ဝင်တိုက်မိလိုက်သည်မှာ ကြေးနီတံတိုင်းကြီး တစ်ခုဟု ထင်မှတ်မိသော်လည်း သူမ၏ နှာခေါင်းထဲသို့ ရောက်ရှိလာသော ဆပ်ပြာနံ့ သင်းသင်းလေးကတော့ ငြင်းဆန် မရနိုင်ချေ။ လက်ပေါ်က ဆုပ်ကိုင်ထားသည့် အလေးချိန်ကလည်း အလွန်ပင် ထင်ရှားနေသည်။

သူမသည် မော့ကြည့်လိုက်သောအခါ အမျိုးသား၏ မည်းနက်နေသော မျက်လုံးများနှင့် ဆုံသွားလေသည်။ ထိုမျက်လုံးများမှာ အေးစက်သယောင် ရှိသော်လည်း အတွင်း၌ ဖော်ပြရခက်သည့် တစ်စုံတစ်ခု ကိန်းအောင်းနေသလိုပင်။

"သတိထား" သူက ပြောလိုက်၏။

ဝိန်းယွီ၏ မျက်တောင်များပေါ်တွင် နှင်းမှုန်လေးများ တင်ကျန်နေ၏။ သူမသည် မျက်လုံးများကို အသာအယာ ခတ်လိုက်ပြီး သူမ၏ တံတောင်ဆစ်ကို ဆုပ်ကိုင်ထားသော လက်ကို ဖယ်ရှားလိုက်ကာ လှည်းဘေးက လက်ရန်းကို ကိုင်ပြီး တည်ငြိမ်အောင် ထိုင်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော လက်ချောင်း ၅ချောင်းကြားမှ ရုန်းထွက်လိုက်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ရှောင်းဟွေ့နျန်မှာလည်း လန့်သွားသော်လည်း ထိုအခိုက်အတန့်တွင် ဘာမှ မလုပ်နိုင်ခဲ့ချေ။ ယခုမှသာ ဝိန်းယွီ၏ လက်ကို လှမ်းဆွဲကာ စိုးရိမ်တကြီး ပြောတော့သည်။ "အားယွီ... လက်ရန်းကို မြဲမြဲကိုင်ထားနော်။ ပြုတ်မကျစေနဲ့ဦး"

လှည်းဆရာက သူ့ကျာပွတ်ကို တဖန် ဝေ့ယမ်းလိုက်ပြီး အချိန်ရခိုက် ရှင်းပြလေသည်။ “လမ်းက ချိုင့်တွေ အရမ်းများတော့ ကြမ်းတယ်၊ တရားဝင်လမ်းမကြီးပေါ်ရောက်တာနဲ့ လမ်းပိုကောင်းသွားမှာပါ”

ရှောင်းလိသည် ဝိန်းယွီကို စိုက်ကြည့်ကာ အင်္ကျီထုပ်ကို အိန္ဒြေရရ ပြန်ပေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိဘဲ ပြောလိုက်၏။ "ဒီတစ်ခါတော့ မြဲမြဲထိုင်ပါ"

သူ့ကိုယ်လုံးကိုယ်ထည်မှာ ထူးထူးခြားခြား အလွန်မြင့်လှသဖြင့် အနားသို့ တိုးကပ်လာချိန်တွင် တံတိုင်းကြီး တစ်ခုကဲ့သို့ ဖိအားပေးနေသယောင်။

ဝိန်းယွီက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

နွားလှည်း ပြန်လည် ထွက်ခွာသွားပြီးနောက် ရှောင်းလိသည် ထိုနေရာတွင် ရပ်ကျန်ရစ်ခဲ့သည်။ သူသည် မိမိ၏ လက်ဖဝါးကို ပြန်ကြည့်ကာ တိုးတိုးလေး ရေရွတ်နေမိသည်။ "လက်မောင်းက ဝါးလုံးလေးလိုပဲ သေးလိုက်တာ။ ချန်လိုင့်ဇီက သူ့ကို ထမင်းမကျွေးဘူးလား"

ထိုစဉ် မျောက်တစ်ကောင်နှင့် တူသော လူငယ်တစ်ဦး ဘယ်က ရောက်လာသည်မသိ။ ပါးစပ်ထဲတွင် မုန့်တစ်လုံးကို ကိုက်လျက် ဝင်မေးသည်။ "ထမင်းမကျွေးဘူး ဟုတ်လား။ အစ်ကို(၂)လည်း မနက်စာ မစားရသေးဘူးလား"

သူက သူ့အင်္ကျီထဲ နောက်ထပ် မုန့်တစ်ချပ်ကို ဆွဲထုတ်ကာ ကမ်းပေးလိုက်၏။ "ဒါကို အရင်စားလိုက်ပါ။ အစ်ကို(၃) အတွက်တော့ ကျွန်တော် နောက်မှ တစ်ခု ပြန်ဝယ်ပေးလိုက်မယ်"

ရှောင်းလိသည် သူ့မျက်နှာ‌ပေါ်က ထူးဆန်းသည့် အမူအရာကို ဖယ်ရှားလိုက်ပြီး လူငယ်လေး၏မုန့်ကို ငြင်းပယ်လိုက်၏။ "မင်းပဲ စားလိုက်ပါ။ ကျန်းဟူက ခုနကတင် ငါ့အိမ်ကနေ ပြန်သွားပြီး ဖက်ထုပ်သွားစားတယ်"

လူငယ်က မုန့်ကို ပြန်သိမ်းကာ မကျေမနပ် ညည်းတွားလိုက်သည်။ "အစ်ကိုတို့က ကျွန်တော့်ကို မခေါ်ဘဲ စားနှင့်ကြတယ်ပေါ့"

ရှောင်းလိက ကောင်‌လေး၏ စကားများကို သဘောကျသွားပြီး ရယ်မောရင်း ကြေးပြားအချို့ ပစ်ပေးကာ ပြောလိုက်သည်။ "စားချင်တာ သွားဝယ်စားချေ"

လူငယ်မှာ မျက်လုံးများ တောက်ပသွားတော့သည်။မုန့်ကို ပါးစပ်တွင် ကိုက်ထားလိုက်ပြီး ကြေးပြားများကို အဝတ်ဖြင့် သုတ်ကာ ကြေးပြားများကို ရတနာများသဖွယ် သိမ်းဆည်းလိုက်ပြီးနောက် မြှောက်ပင့်တော့သည်။ "ကျေးဇူးတင်ပါတယ် အစ်ကို(၂)။ အစ်ကို(၂)ကတော့ ကျွန်တော်တို့ရဲ့ ချင်းခွင်းလောင်းကစားရုံမှာ အချောဆုံး၊ အခန့်ဆုံး၊ အကြွယ်ဝဆုံးနဲ့... လူရုပ်ဖမ်းထားတဲ့ သားရဲကောင်ပဲ!"

စကားမဆုံးခင်မှာပင် ခေါင်းကို တစ်ချက် အခေါက်ခံလိုက်ရသဖြင့် လူငယ်က အော်လိုက်သည်။ "အား... အစ်ကို(၂)က ဘာလို့ ရိုက်တာလဲ"

ရှောင်းလိက ဖြူဖွေးသော သွားများကို ပေါ်အောင် ရယ်ပြရင်း "ဘယ်သူ့ကို လူရုပ်ဖမ်းထားတဲ့ တိရစ္ဆာန်လို့ ပြောနေတာလဲ"

လူငယ်က ဇဝေဇဝါ ဖြစ်သွားတော့သည်။ "အဲ့ဒါက ချီးကျူးတဲ့ စကား မဟုတ်ဘူးလား။ အစ်ကိုက လူရုပ်ရှိပေမယ့် သားရဲတိရစ္ဆာန်လို ရည်မှန်းချက်ကြီးတယ်လို့ ပြောတာလေ။ နဂါးလို ကျက်သရေ၊ ဇာမဏီလို ဟန်ပန် ဒါမှမဟုတ် ကျားနဲ့ ဝံပုလွေတို့ရဲ့ ကြီးမြတ်ပုံဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပဲ မဟုတ်ဘူးလား"

ရှောင်းလိက နဖူးကို လက်ဖြင့် အုပ်ကာ "မင်းကတော့ နေ့တိုင်း လမ်းဘေးက ပုံပြင်ပြောတဲ့ အဘိုးကြီးဆီမှာ သွားနားထောင်နေပြီးတော့ ဘာမှ တတ်လာဘူးလား"

ကောင်လေးက မကျေမချမ်းဖြင့် ပြန်ချေပလေသည်။ “သင်ခဲ့ပါတယ်။ ကျွန်တော် အစ်ကို့ကို ဘယ်လောက်တောင် ချီးကျူးပေးထားလဲ ကြည့်လိုက်လေ”

ရှောင်းလိသည် ထို’သားရဲနှလုံးသား ချီးကျူးစကား’ကို ပြန်မပြောလိုတော့သဖြင့် မေးရုံသာ မေးလိုက်တော့သည်။ "တော်တော့... တာဝန်ပေးထားတာတွေ ပြီးပြီလား"

လူငယ်က သွားများပေါ်သည်အထိ ပြုံးကာ သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး "အစ်ကို(၂) ခိုင်းတာကိုတော့ ကျွန်တော် သေချာလုပ်ပေးရမှာပေါ့။ အုတ်ကြွပ်ဈေး လမ်းမက ဝမ်ချင်းရဲ့ လက်အောက်ငယ်သားတွေ အမြဲ ကြီးစိုးနေတာ။ အခု အစ်ကိုကြီး ရာထူးက ဆင်းသွားတော့ သူတို့က အရှေ့ဘက် လမ်းကြားတွေကိုပါ သိမ်းချင်နေကြတာ။ ဒီတစ်ခါတော့ သူတို့ မျက်စိမရှိဘဲ ဒေါ်ဒေါ့်တို့ကို သွားပြီး နှောင့်ယှက်မိတာပဲ။ အခု အစ်ကို(၂)က ညီအစ်ကိုတွေကို ခေါ်ပြီး အုတ်ကြွပ်ဈေးကို သိမ်းလိုက်ပြီဆိုတော့ ဝမ်ချင်းက သခင်ကြီးဆီ သွားတိုင်ရင်တောင် သူပဲ အမှားဖြစ်မှာပေါ့"

ရှောင်းလိက လမ်းဘေးက မြက်ခြောက်တစ်ပင်ကို ကိုက်လိုက်ပြီး ဘာမှ ဂရုမစိုက်သလိုသာ ပြောလိုက်သည်။ "ညီအစ်ကိုတွေကို သေချာပြောထား။ ဝမ်ချင်းရဲ့ လူတွေလို ဈေးသည်တွေကို ဒုက္ခမပေးနဲ့။ လက်အောက်ငယ်သားတွေကို စည်းကမ်းရှိခိုင်း"

ကောင်လေးက ခပ်တိုးတိုး ရယ်မောလိုက်၏။ "စိတ်ချပါ အစ်ကို(၂)။ ကျွန်တော်တို့က အဲ့ဒီလောက် အသုံးမကျတဲ့သူတွေ မဟုတ်ပါဘူး။ ဆက်ကြေးတောင်းရင်တောင် ကုန်သည်ကြီးတွေဆီကပဲ တောင်းမှာပါ"

ထို့နောက် ကောင်လေးက မုန့်ကို တစ်ကိုက် ကိုက်လိုက်ရင်း ရုတ်တရက် စကားလမ်းကြောင်း လွဲလိုက်လေသည်။ "ဝမ်ချင်းရဲ့ လူတွေ ဒုက္ခပေးတာက ချန်လိုင့်ဇီ လက်ဆောင်ပေးလိုက်တဲ့ အစေခံမလေးကြောင့် မဟုတ်လား။ ဈေးသည်တွေ ပြောတာတော့ သူက တော်တော် ဉာဏ်ကောင်းတယ်တဲ့။ အဒေါ်နဲ့အတူ ဈေးထဲမှာ လက်ကိုင်ပဝါ သွားရောင်းတာ ဝယ်တဲ့သူမရှိတော့ အထည်ဆိုင်တွေဘက်ကို သွားပြီးတော့ အထည်ဝယ်မယ့်သူတွေကို ရောင်းလိုက်တာတဲ့။ အဲ့ဒါကြောင့် အရှေ့ ၃ခုမြောက်ဆိုင်က ပန်းထိုးလက်ကိုင်ပဝါ ရောင်းတဲ့လူက မနာလို ဖြစ်သွားတာ"

ရှောင်းလိသည် ဘာမှ ပြန်မပြောဘဲ ဝမ်တစ်ပြား ထပ်ပစ်ပေးလိုက်ကာ "နောက်ပိုင်း ငါ့အမေက သူ့ကို ခေါ်ပြီး ဈေးထဲလာရင် ညီအစ်ကိုတွေကို စောင့်ရှောက်ခိုင်းထားလိုက်။ ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့"

လူငယ်မှာ ကြေးပြားကြောင့် ဝမ်းသာသွားပြီး "စိတ်ချပါ အစ်ကို(၂)။ ကျွန်တော် သေချာ စီစဉ်ထားပါ့မယ်"

_____

ဝိန်းယွီနှင့် ရှောင်းဟွေ့နျန်တို့ အိမ်ပြန်ရောက်သောအခါ ပစ္စည်းများကို ခြံထဲတွင် ချလိုက်ကြသည်။ ရှောင်းဟွေ့နျန်သည် သူမ ဝယ်လာသော အထုပ်များထဲမှ ဘူးငယ်လေးတစ်ခုကို ထုတ်ယူကာ ဝိန်းယွီကို ပေးလိုက်သည်။ "မင်းရဲ့ မျက်နှာပေါ်က အနီစက်တွေ ပျောက်သွားပေမယ့် အမာရွတ်တွေ ကျန်နေဦးမယ်။ ဈေးထဲက သမားတော်တစ်ယောက်ဆီမှာ ငါ ဒီဆေးဘူးကို ဝယ်လာတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရင် မကြာခင် ပျောက်သွားလိမ့်မယ်။ အမာရွတ်လည်း ကျန်မှာ မဟုတ်ဘူး"

ဝိန်းယွီသည် အင်ပြင်ဖုများကို တမင်တကာ လုပ်ခဲ့သော်လည်း ရှောင်းဟွေ့နျန်၏ အသေးစိတ် စဉ်းစားပေးတတ်သည့် အပြုအမူကြောင့် သူမ၏ရင်ထဲတွင် သိမ်မွေ့သည့် စမ်းချောင်းလေးတစ်ခုနှယ် နွေးထွေးသွားတော့သည်။ ထိုဆေးဘူးကို ကိုင်ထားရင်း သူမက မေးလိုက်၏။ "ဒီဆေးက ဈေးကြီးမှာပေါ့နော်"

ရှောင်းဟွေ့နျန်က သူမ ဝယ်လာသည့် ပိုးသားပိတ်စများကို နေရာချရင်း အလုပ်များနေကာ မော့မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ "ဈေးကြီးတာ မကြီးတာ အရေးမကြီးပါဘူး။ အမာရွတ် မကျန်ဖို့က အဓိကပဲ။ မင်းရဲ့ မိဘတွေက မင်းကို ချောမောလှပအောင် မွေးပေးထားတာလေ။ နောက်တစ်ချိန် သူတို့နဲ့ ပြန်တွေ့တဲ့အခါ မင်းမျက်နှာ ဒီလိုဖြစ်နေတာကို မြင်ရင် သူတို့ ဘယ်လောက် စိတ်မကောင်း ဖြစ်လိုက်မလဲ"

ဝိန်းယွီ၏ရင်ထဲတွင် ရုတ်တရက် စူးအောင့်သွားပြီး စိတ်ရင်းအတိုင်း ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်"

ရှောင်းဟွေ့နျန်က ညင်သာစွာ ဆူပူပြန်လေသည်။ "ဒီကလေးကတော့လေ... အားနာတတ်လိုက်တာ"

ထိုကဲ့သို့ စစ်မှန်လှသော ဂရုစိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ အမြဲတမ်း ပါးနပ်လှသော ဝိန်းယွီတစ်ယောက် ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားတော့သည်။ သူမသည် နှုတ်ဆိတ်နေလိုက်ပြီးနောက် ရှောင်းဟွေ့နျန်က အထုပ်များကို ဖြည်နေသည်ကို ကူညီပေးရန် ရှေ့သို့ တိုးလာခဲ့၏။ အထုပ်တစ်ထုပ်အတွင်း၌ မီးခတ်အစ အများကြီးကို တွေ့လိုက်ရသောအခါ သူမသည် အံ့ဩမှုနှင့် သိချင်စိတ်တို့ ရောနှောလျက် မေးလိုက်မိလေသည်။ "ဒေါ်ဒေါ်... မီးခတ်အစတွေ အများကြီး ဝယ်လာတာလားဟင်"

ရှောင်းဟွေ့နျန်က လှမ်းကြည့်လိုက်ပြီး "ရှောင်းလိက ဇွတ်ဝယ်ခိုင်းလိုက်တာပါ။ ဒါတွေက သုံးရတာ ပိုအဆင်ပြေတယ်၊ ညဘက် နိုးတဲ့အခါ မှောင်ထဲမှာ စမ်းတဝါးဝါး လုပ်နေစရာ မလိုတော့ဘူးလို့ သူက ပြောတယ်လေ..."

သူမ တတွတ်တွတ် ပြောနေစဉ်မှာပင် ဝိန်းယွီသည် ထိုနေ့နံနက်က မီးဖိုထဲတွင် မီးခတ်ကျောက်ကို အသုံးပြုရန် ခက်ခဲစွာ ကြိုးစားနေခဲ့စဉ် ဆူညံသံများကြောင့် ထိုလူမိုက်ကို နိုးသွားစေခဲ့သည်ကို ပြန်လည် အမှတ်ရသွားပြီး သူမ၏ နှလုံးသားထဲတွင် အနည်းငယ် အားနာသလို ခံစားလိုက်ရသည်။

သူမကြောင့် အနှောင့်အယှက် မဖြစ်ရအောင် သူက ဒါတွေကို ဝယ်လာခဲ့တာလား။

သူမ စဉ်းစားနေစဉ်မှာပင် ခြံတံခါးအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး ထိုလူမိုက် ပြန်ရောက်လာခဲ့လေသည်။

ရှောင်းဟွေ့နျန်က လှည့်ကြည့်လိုက်ပြီး အံ့ဩတကြီး ပြောလိုက်တော့သည်။ "အလိုလေး... သားက သားသတ်ဆိုင် တစ်ဆိုင်လုံးကို ဝယ်လာတာလား"

...

All Chapters