← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အပိုင်း (၁၁)

ရှောင်းလိသည် ပုခုံးပေါ်တွင် ဝက်သားတစ်ခြမ်းကို ထမ်းပိုးကာ တံခါးကို တွန်းဖွင့်ဝင်လာပြီး ပြောလိုက်၏။ "အမေက ဝက်သားခြောက်တွေ လုပ်ချင်သေးတယ်ဆို၊ အဲ့တာနဲ့ အစ်ကိုစုန့်ကိုလည်း နှစ်သစ်ကူး ဂါရဝပြုဖို့အတွက် သားသတ်သမားလီဆီမှာ ဝက်တစ်ကောင် မှာလိုက်တာ။ ဝက်သားတစ်ခြမ်းကိုတော့ သားတို့အတွက် ထားခဲ့ပြီး ကျန်တဲ့တစ်ခြမ်းကိုတော့ အစ်ကိုစုန့်အိမ်ကို ပို့ခိုင်းလိုက်ပြီ"

ရှောင်းဟွေ့နျန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ "မင်းကတော့လေ လက်ဖွာလိုက်တာ။ မင်း လက်ထပ်ဖို့အတွက် ငွေလေးဘာလေး စုခိုင်းထားတာကို ဘယ်နှစ်နှစ်ကြာမှ စုမိမှာလဲ မသိဘူး..."

သူမသည် ထိုသို့ ပြောဆိုနေသော်လည်း ခြံထဲသို့ ထွက်ကာ ကူညီပေးလေသည်။ ထို့နောက် ဝိန်းယွီကိုလည်း ခုံတန်းရှည် ၂ခု ထပ်ထုတ်ပေးရန် လှမ်းခေါ်လိုက်၏။

ထိုခုံတန်းရှည်များမှာ ပုံမှန်အားဖြင့် ထမင်းစားပွဲဘေးတွင် ထားလေ့ရှိသော ခုံများ ဖြစ်သည်။ ဝိန်းယွီသည် ရှောင်းလိ ထမ်းလာသော ဝက်သားတစ်ခြမ်းမှာ အတော်လေး ကြီးမားလှသဖြင့် ခုံတန်းရှည် ၂ ခုကို ယှဉ်ထားလျှင်တောင် ဆံ့ပါ့မလားဟု တွေးတောနေမိသည်။

သို့သော် ရှောင်းဟွေ့နျန်က ခိုင်းစေလိုက်သဖြင့် သူမသည် ခုံတန်းရှည်များကို အရင်ထုတ်ပေးလိုက်သည်။ သူမ ခုံများကို မစီရသေးခင်မှာပင် ထိုလူမိုက်သည် ဝက်သားကို ခြံထဲရှိ မြေပြင်ပေါ်သို့ တန်းချလိုက်သည်ကို တွေ့လိုက်ရ၏။

ဝိန်းယွီသည် အံ့ဩစိတ်ကြောင့် ခဏရပ်တန့်သွားပြီး ဒီလူလည်း ခုံတန်းရှည် ၂ ခုနဲ့ မဆံ့ဘူးဆိုတာ သိသွားတာလား ဟု စဉ်းစားနေမိသည်။

ရှောင်းလိသည် ဝက်သားကို ချလိုက်ပြီး ပုခုံးတွင် ခံထားသော သားရေပခုံးစည်းကို ချွတ်ကာ သွေးစက်များကို ခါထုတ်လိုက်ပြီး ဘေးသို့ ပစ်တင်ထားလိုက်သည်။ သူက ခေါင်းမော့ကြည့်လိုက်ပြီး ဝိန်းယွီသည် မျက်လုံးထဲတွင် သံသယများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ ယှဉ်ချထားသော ခုံတန်းရှည် ၂ခုကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ "ခုံတန်းရှည်တွေကို ကပ်မထားနဲ့၊ နည်းနည်း ခွာထားလိုက်"

ထို့နောက် သူသည် မီးဖိုချောင်ဘက်သို့ လျှောက်သွားပြီး မီးဖိုချောင်တံခါးကို ဖြုတ်ချလိုက်လေသည်။ ယခုမှ ဝိန်းယွီ နားလည်သွားတော့သည်။ ထိုခုံတန်းရှည် ၂ ခုမှာ တံခါးချပ်ကို တင်ရန်အတွက်ပင်။

သူမသည် ခုံတန်းရှည်များကို စီပေးပြီးနောက် နောက်ပြန်ဆုတ်လိုက်သည်။ ရှောင်းလိသည် တံခါးချပ်ပေါ်သို့ ဝက်သားတစ်ခြမ်းလုံးကို တင်ရန် ပြင်နေစဉ် ရှောင်းဟွေ့နျန်က ဝိုင်းမရန်အတွက် အင်္ကျီလက်များကို လိပ်နေသည်ကို မြင်သောအခါ ဝိန်းယွီသည်လည်း ခဏလောက် တုံ့ဆိုင်းနေပြီးမှ ကူညီရန် ရှေ့သို့ တိုးသွားလိုက်သည်။

ရှောင်းဟွေ့နျန်က အနားသို့ ကပ်လာသည်ကို မြင်လိုက်သောအခါ ရှောင်းလိက ပြောလိုက်၏။ "အမေ နောက်ကို နည်းနည်း ဆုတ်နေ၊ ကျွန်တော် တစ်ယောက်တည်း ရပါတယ်"

ထို့နောက် သူသည် ဝက်ခြေထောက်များကို လက်နှစ်ဖက်ဖြင့် တစ်ဖက်စီ ကိုင်ကာ မြှောက်လိုက်ပြီး တံခါးချပ်ပေါ်သို့ ဝက်သားတစ်ခြမ်းလုံးကို ဝုန်းခနဲ တင်လိုက်သည်။

အလုပ်လုပ်ရ အဆင်ပြေစေရန် သူ့အင်္ကျီလက်များကို တံတောင်ဆစ်အထိ လိပ်ထားသဖြင့် သူ အားစိုက်လိုက်ချိန်တွင် လှပသော ကြွက်သားများမှာ တံတောင်ဆစ်အထိ ထောင်တက်သွားသည်ကို မြင်တွေ့နိုင်ပြီး အင်္ကျီအောက်တွင်လည်း ကြွက်သားအမြောင်းမြောင်း၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေး မြင်နေရသည်။

ဆံပင်စလေးများမှာ သူ့နဖူးပေါ်တွင် ဝဲကျနေပြီး သူ၏ ထင်ရှားပြတ်သားသော မျက်ခုံးနှင့် မျက်လုံးများမှာ လူမိုက်ဆန်သော အငွေ့အသက်များ လျော့နည်းသွားကာ ကောင်လေးတစ်ယောက်၏ အငွေ့အသက်များ ပိုမို ပေါ်လွင်နေစေသည်။

ဘေးမှ ရပ်ကြည့်နေသော ဝိန်းယွီသည် ဤလူ၏ ခွန်အားမှာ တကယ့်ကို သားရဲတစ်ကောင်နှင့် ယှဉ်နိုင်လောက်သည်ဟု ခံစားလိုက်ရသည်။ သူမ၏ ခမည်းတော်၏ လက်အောက်ရှိ မြားတစ်စင်းကို ကောင်းကောင်း ပစ်နိုင်သော စစ်သည်များသည်ပင် အဆင့်မြင့် စစ်သည်များ ဖြစ်ကြရာ ရှေ့တွင်ရှိသော ဤလူ၏ လက်မောင်းခွန်အားနှင့်ဆိုလျှင် မည်မျှအထိ ပြင်းထန်သော လေးကို ဆွဲနိုင်မည်နည်းဟု တွေးတောမိသည်။

ရှောင်းလိသည် ဝက်သားကို တင်ပြီးနောက် မတ်တတ်ရပ်ကာ ချွေးသုတ်ရန် ပြင်လိုက်သော်လည်း သူ၏ လက်များမှာ ဝက်သားမှ သွေးများ ပေကျံနေသဖြင့် တံတောင်ဆစ်ဖြင့်သာ နဖူးကို သုတ်နိုင်တော့သည်။ သူသည် မနီးမဝေးတွင် ရပ်နေသော ဝိန်းယွီကို ကြည့်ကာ ပြောလိုက်၏။ "ငါ့ကို အဝတ်စ တစ်ခုလောက် ပေးပါဦး"

ထိုစကားကြောင့် ဝိန်းယွီသည် သတိပြန်ဝင်လာပြီး ဘယ်ကနေ လက်ကိုင်ပဝါ သွားရှာရမှန်း မသိသဖြင့် အုတ်ကြွပ်ဈေးတွင် မျက်နှာဖုံးအဖြစ် သုံးခဲ့သော ပိုးလက်ကိုင်ပဝါကိုသာ ကမ်းပေးလိုက်မိသည်။ ရှောင်းလိသည် သူမ၏ လက်ဖဝါးပေါ်တွင် သေသေသပ်သပ် ခေါက်ထားသော လက်ကိုင်ပဝါကို မြင်လိုက်ရသောအခါ အံ့ဩသွားသည်။ အမှန်တကယ်တွင် သူက ဝိန်းယွီကို အခန်းထဲက အဝတ်စုတ် တစ်ခုခု သွားယူခိုင်းလိုက်ခြင်းသာ။

သို့သော် သူသည်ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထိုလက်ကိုင်ပဝါကို လှမ်းယူလိုက်သည်။

သူ၏ လက်မှ သွေးများမှာ လက်ကိုင်ပဝါ၏ ထောင့်တစ်နေရာတွင် ချက်ချင်းပင် စိမ့်ဝင်သွားတော့သည်။ သူသည် မျက်နှာပေါ်က ချွေးများကို ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီးနောက် အမှတ်တမဲ့ပင် ထိုလက်ကိုင်ပဝါကို သူ့ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ဝိန်းယွီ၏အမူအရာမှာ မသိမသာ တောင့်တင်းသွားတော့သည်။ သူမ သတိပေးရန် ပြင်လိုက်စဉ်မှာပင် ရှောင်းဟွေ့နျန်သည် မီးဖိုချောင်မှ ဓားကို ယူထွက်လာခဲ့ပြီး မေးလိုက်၏။ "ဒီဟင်းသီးဟင်းရွက်လှီးတဲ့ ဓားနဲ့ အရိုးတွေကို ခုတ်ရင် ဓားသွားတွေ ပဲ့ကုန်လိမ့်မယ်။ သားသတ်သမားလီကို ဘာလို့ တစ်ခါတည်း အပိုင်းပိုင်း ခိုင်းမလာတာလဲ"

ရှောင်းလိသည် လှည့်လာကာ ဓားကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့၊ ကျွန်တော် တောခုတ်ဓားကိုပဲ သုံးလိုက်မယ်"

သူသည် ဟင်းသီးဟင်းရွက်လှီးဓားကို ရှောင်းဟွေ့နျန်ထံ ပြန်ပေးလိုက်ပြီးနောက် တောခုတ်ဓားကို ယူကာ ရေအိုးဘေးတွင် ရေလောင်းပြီး ဓားသွေးကျောက်ပေါ်တွင် ဓားသွေးသည်။ သူက ဓားကို သွေးရင်း ပြန်ပြောလိုက်သည်။ "သားသတ်သမားလီကို အသားပေါ်ခိုင်းရင် ဝမ်၆၀လောက် ထပ်ပေးရဦးမှာ။ ကျွန်တော် ဒီနေ့ အိမ်မှာ ရှိနေတာပဲ၊ ကိုယ်တိုင် ပေါ်လိုက်ရင်လည်း အတူတူပါပဲ"

ရှောင်းဟွေ့နျန်သည် သားဖြစ်သူကို မတတ်နိုင်တော့သည့်အလား သက်ပြင်းချလိုက်ပြီး ခုံပုလေးတွင် ထိုင်ကာ သူ ယူလာသော ထန်းရွက်များကို ကြိုးကျစ်ရန် ပြင်ဆင်သည်။ သူမက ဆူပူတော့သည်။ "ငွေကို လက်ဖွာပြီး မသုံးပါနဲ့လို့ ပြောထားတာကို နားမထောင်ဘူး။ အခုလို အသေးအဖွဲ ကိစ္စကျမှ ချွေတာပြနေတယ်"

ရှောင်းလိသည် အဆူခံရသည်မှာ အသားကျနေပြီဖြစ်သဖြင့် ပြန်ပြောလေသည်။ "ဒါကို ချွေတာသင့်တာကို ချွေတာတယ်၊ သုံးသင့်တာကို သုံးတယ်လို့ ခေါ်တာပါ"

သားအမိ ၂ယောက် စကားကောင်းနေကြသဖြင့် ဝိန်းယွီလည်း လက်ကိုင်ပဝါ ကိစ္စကို ထပ်မပြောတော့ချေ။ တစ်ဖက်လူမှာ အလုပ်များနေသဖြင့် သွေးပေနေသော လက်ကိုင်ပဝါကို အမှတ်တမဲ့ အင်္ကျီကြားထဲ ထိုးထည့်လိုက်ခြင်း ဖြစ်နိုင်ပြီး သူကိုယ်တိုင် သိသွားချိန်အထိ စောင့်လိုက်လျှင် ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

အကယ်၍ သူမက သွားပြီး သတိပေးလိုက်လျှင်လည်း မျက်နှာတစ်ခုလုံး အနီစက်တွေနဲ့ ဖြစ်နေတဲ့ကြားက မိမိကိုယ်ကို အထင်ကြီးနေသလို ဖြစ်သွားမည်ကို စိုးရိမ်မိပြီး နှစ်ယောက်စလုံး အနေခက်သွားလိမ့်မည်။

ဝိန်းယွီသည် စိတ်ကို လျှော့လိုက်သော်လည်း ရှောင်းဟွေ့နျန်မှာ သားဖြစ်သူ၏ ဇွတ်တရွတ် လုပ်တတ်သော အကျင့်ကြောင့် စိတ်ပျက်နေပြီး ဝိန်းယွီကို ကြည့်ကာ ပြောလာသည်။ "ကြည့်ပါဦး၊ ဒီလို ခေါင်းမာတဲ့သူကို နောက်ဆို ဘယ်မိန်းကလေးက ကြိုက်မှာလဲ။ အားယွီ၊ မင်းလည်း နောက်ကျရင် လင်ရှာတဲ့အခါ ဒီလို ကပ်တွက်ပြီး ခေါင်းမာတဲ့သူမျိုးကို လုံးဝ မယူနဲ့နော်"

ရုတ်တရက် အမည်တပ် ပြောခံလိုက်ရသဖြင့် ဝိန်းယွီမှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားတော့သည်။

ရှောင်းလိကတော့ မျက်မှောင်ကြုတ်ကာ လှမ်းအော်လိုက်၏။ "အမေ..."

ရှောင်းဟွေ့နျန်က စကားကို ဖြတ်လိုက်ပြီး ဝိန်းယွီကို တိုးတိုးလေး ကပ်ပြောလေသည်။ "တော်ပြီ၊ တော်ပြီ၊ ဆက်မပြောတော့ဘူး။ ပြောနေရင် ဒီအဘွားကြီးကို စိတ်ဆိုးနေဦးမယ်”

ဝိန်းယွီသည် ထန်းရွက်များကို ရှောင်းဟွေ့နျန်ထံ ကမ်းပေးရင်း သိမ်မွေ့စွာ ပြောလိုက်သည်။ "အစ်ကို(၂)က ဒေါ်ဒေါ့်အပေါ် သိတတ်ပြီး သားကောင်းတစ်ယောက် ပီသပါတယ်"

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။ ဝိန်းယွီ သွားဖွင့်လိုက်သောအခါ တစ်ခါမှ မမြင်ဖူးသော ကောင်လေးတစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရ၏။

ထိုကောင်လေးသည် သူမ၏ မျက်နှာပေါ်မှ အနီစက်များကို မြင်သောအခါ လန့်သွားဟန်ရှိသော်လည်း မယဉ်ကျေးရာ ရောက်မည်စိုးသဖြင့် အောင့်ထားလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "အစ်ကို(၃) ပြောတာ တကယ်ပဲ"

ဝိန်းယွီက ထိုကောင်လေးကို မသဲမကွဲ ကြားလိုက်သဖြင့် မေးလိုက်၏။ "ဘယ်သူ့ကို ရှာတာလဲ"

ထိုကောင်လေးသည် ခေါင်းပြန်မော့လာချိန်တွင် ချက်ချင်းပင် အပြုံးမျက်နှာဖြင့် လက်ထဲမှ အရက်အိုးကို မြှောက်ပြကာ "ကျွန်တော် ဒေါ်ဒေါ်နဲ့ အစ်ကို(၂)ကို လာရှာတာပါ"

ရှောင်းဟွေ့နျန်က ခြံထဲမှ လှမ်းကြားလိုက်သဖြင့် လှမ်းခေါ်လိုက်၏။ "ရှောင်အန်း ရောက်လာတာလား၊ လာ၊ လာ၊ ခဏနေရင် ဝက်သားစွပ်ပြုတ် အတူတူ သောက်ရအောင်"

ဝိန်းယွီက တံခါးဘေးသို့ လမ်းဖယ်ပေးလိုက်ပြီး "ဧည့်သည်ပဲ၊ မြန်မြန် ဝင်ပါ"

ထိုကောင်လေးမှာ ဤကဲ့သို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပုံရပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်၏။ "ကျွန်တော့်နာမည်က ဟော်ရှောင်အန်းပါ။ အစ်မက ကျွန်တော့်ကို မျောက်လေးလို့ပဲ ခေါ်ခေါ်၊ ရှောင်အန်းလို့ပဲ ခေါ်ခေါ် ရပါတယ်"

ထို့နောက် သူသည် ခြံထဲသို့ ဝင်လာပြီး ရှောင်းဟွေ့နျန်ကို မြင်သောအခါ သူ့အပြုံးက သိသိသာသာ ပိုတောက်ပလာ၏။ "ဒေါ်ဒေါ်၊ မတွေ့တာ ကြာပြီနော်၊ ဒေါ်ဒေါ်က အရင်ကထက် ပိုပြီး ကျန်းမာလာသလိုပဲ၊ လူလည်း ပိုငယ်သွားသလိုပဲ"

ရှောင်းဟွေ့နျန်သည် ဝမ်းသာအားရ ပြုံးရွှင်သွားပြီး "ဒီကလေးကတော့ ပါးစပ်က အရမ်းချိုတာပဲ၊ ဒီအဘွားကြီး ပျော်အောင် ဘယ်လိုပြောရမလဲဆိုတာ အမြဲသိတယ်"

ဟော်ရှောင်အန်းသည် အရက်အိုးကို တစက်မြိတ်အောက်တွင် ချထားလိုက်ပြီး ရှောင်းလိကို ကူညီရန် အနားသို့ လျှောက်သွားရင်း ပြောလိုက်လေသည်။ "ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်မှာလဲ၊ ကျွန်တော်က အမှန်အတိုင်း ပြောတာကို ဒေါ်ဒေါ်ကပဲ မယုံတာပါ"

ဤစကားကြောင့် ရှောင်းဟွေ့နျန်မှာ တစ်ဖန်ရယ်မောမိပြန်သည်။

ရှောင်းလိသည် သူ့မိခင်နှင့် စနောက်နေသည်ကို ဖြတ်ချလိုက်ကာ မေးလိုက်၏။ "လောင်ဟူက မင်းနဲ့အတူ မပါလာဘူးလား

ဟော်ရှောင်အန်းသည် ရှောင်းလိထံမှ အပိုင်းပိုင်းဖြတ်ထားသော အသားများကို ယူလိုက်ပြီး ထန်းရွက်များဖြင့် အပေါက်ဖောက်ကာ သီကုံးရင်း သူ့အသံကို နှိမ့်လိုက်သည်။ "အစ်ကို(၃)က လောင်းကစားရုံကို ပြန်ရောက်ပြီး အစ်ကိုက ညီအစ်ကိုတွေကို အုတ်ကြွပ်ဈေးကို ပြန်သိမ်းခိုင်းလိုက်တယ်ဆိုတာ သိသွားတော့ ပျော်သွားတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ဝမ်ချင်းက လူတွေနဲ့ ပြဿနာလာရှာတော့ သူက ဝမ်ချင်းနဲ့ ထိုးကြိတ်ကြတာ။ အခုထိတော့ သခင်ကြီးဆီမှာ အဆူခံနေရတုန်းပဲ”

ရှောင်းလိသည် အသားများကို ပိုင်းဖြတ်နေရင်း ခဏ ရပ်တန့်သွားကာ မေးလိုက်လေသည်။ "လောင်ဟူ ဒဏ်ရာရသွားလား"

ဟော်ရှောင်အန်းသည် ခေါင်းခါပြလိုက်၏။ "မရပါဘူး။ သူက အစ်ကို့ကို မပြောခိုင်းဘူး၊ ဒါပေမဲ့ အစ်ကိုက စောစောစီးစီး သိမှာပဲဆိုပြီး ကျွန်တော် တွေးမိတာ။ တကယ်လို့ ကျွန်တော် အခု မပြောဘဲနဲ့ အစ်ကို နောက်မှ သိသွားရင် ကျွန်တော့်ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်”

ရှောင်းလိသည် သူ့ညာလက်မောင်းတွင် အားကို စုစည်းလိုက်၏။ ထူထဲလှသော ဝက်ခြေထောက်ရိုးမှာ တောခုတ်ဓားအောက်၌ အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။ သူသည် ဓားဦးဖြင့် ဝက်ခြေထောက်ပေါ်တွင် အပေါက်ငယ်တစ်ခုကို ဖောက်လိုက်ပြီးနောက် ဟော်ရှောင်အန်းထံသို့ ပစ်ပေးလိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။ "မင်း သိရင် ပြီးတာပဲ"

ဟော်ရှောင်အန်းက ပုံကြီးချဲ့ကာ ပုခုံးကို တွန့်ပြလိုက်သည်။ "အစ်ကို(၂)၊ ကျွန်တော်က အစ်ကို့အပေါ်မှာ သစ္စာရှိပြီးသားပါ၊ ပွင့်လင်းရိုးသားပြီး ငယ်ကျွမ်းဆွေ သံယောဇဉ်တွေနဲ့လေ၊ ဒါကိုတောင် အစ်ကိုက..."

"ပါးစပ်ပိတ်ထားစမ်း!" ဟော်ရှောင်အန်းသည် အဆင့်မြင့်စကားလုံးများကို ကြွားဝါရန် ကြိုးစားရင်း ငယ်ကျွမ်းဆွေ သံယောဇဉ် ဟူသော စကားလုံးကို တဖန် မှားယွင်းစွာ အသုံးပြုသည်ကို ကြားလိုက်ရချိန်တွင် ရှောင်းလိ၏ နဖူးကြောများမှာ လှုပ်ခတ်သွားလေသည်။ သူသည် ထပ်သည်းမခံနိုင်တော့သည့်အလား ပြောလိုက်၏။ "အဓိပ္ပာယ်ကို သေချာမသိရင် စကားလုံးတွေကို လျှောက်မသုံးနဲ့!"

သူသည် ထန်းရွက်ဖြင့် သီကုံးထားသော အသားများကို သယ်ဆောင်လျက် အိမ်အတွင်းသို့ လှည့်ဝင်သွားချိန်တွင် ဟော်ရှောင်အန်းကတော့ လက်ဖြင့် မေးစေ့ကို ထောက်ကာ စဉ်းစားနေဆဲ။ “ဟင်? ငါ ထပ်ပြီး မှားပြောလိုက်တာလား။ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာပြီး တစ်ယောက်ကိုတစ်ယောက် သံသယ မရှိကြဘူးလို့ ပြောတာ မဟုတ်ဘူးလား”

ဝိန်းယွီကလည်း တိုက်တိုက်ဆိုင်ဆိုင် အသားတချို့ကို ယူရန် ထိုနေရာသို့ ရောက်လာခဲ့လေသည်။ သူမသည် သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေသည်များကို သဲသဲကွဲကွဲ မကြားလိုက်ရသော်လည်း ရှောင်းလိက စကားလုံးများ မှားယွင်းစွာ အသုံးပြုမှုကြောင့် ထိုလူငယ်အား ရုတ်တရက် ဆူပူလိုက်သည်ကိုသာ သိလိုက်ရသည်။

ထိုလူငယ်လေးမှာ များစွာ စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမသည် သဘောကျသွားပြီး ပြောပြလိုက်၏။ "ရနင် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကတော့ မမှားပါဘူး၊ ဒါပေမဲ့ ဒီစကားလုံးက ယောကျ်ားနဲ့ မိန်းမကြားမှာပဲ သုံးလို့ရတာပါ"

ဟော်ရှောင်အန်းသည် အဖြစ်မှန်ကို သိရှိသွားကာ သူ့နဖူးကို ရိုက်လိုက်၏။ "ဪ... ဒါကြောင့်ကိုး! ဒါကြောင့် အစ်ကိုရှောင်းက ကျွန်တော့်ကို ဒီလောက်တောင် စိတ်ပျက်နေတာ”

သူ့အကြည့်များသည် ထန်းရွက်များကို ကိုင်ဆောင်ထားသော ဝိန်းယွီ၏ လက်ချောင်းများပေါ်သို့ ကျရောက်သွားပြီးနောက် ရုတ်တရက် မေးမြန်းလိုက်လေသည်။ "အစ်မက အများကြီး သိတာပဲ၊ စာသင်ဖူးလို့လားဟင်"

ထိုလူငယ်လေး၏ ကြည်လင် ရိုးသားဟန်ရှိသော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ချိန်တွင် ဝိန်းယွီသည် ဤလူငယ်လေးမှာ သူမ ထင်မှတ်ထားသည်ထက် ပိုပါးနပ်လှသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူမသည် တည်ငြိမ်သော အမူအရာကို မပျက်ပြားစေဘဲ နွေးထွေးစွာ ပြုံးပြလိုက်ကာ ပြောလိုက်လေသည်။ " စာမသင်ဖူးပါဘူး၊ စာလုံးအနည်းငယ်ပဲ သိတာပါ"

သူမထံမှ မည်သည့်သတင်းအချက်အလက်ကိုမှ စုံစမ်း မရရှိခဲ့သော်လည်း ဟော်ရှောင်အန်းသည် စိတ်ပျက်အားလျော့ခြင်း မရှိဘဲ နာခံမှုရှိစွာဖြင့် ပြန်ထူးလိုက်လေသည်။ "ဪ"

သူသည် ဝိန်းယွီ၏ လက်ထဲမှ ဝက်သားအပိုင်း ၂ခုကို လှမ်းယူကာ အိမ်အတွင်းရှိ ရှောင်းလိကို လက်လွဲပေးရန် သယ်ဆောင်လာချိန်တွင် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။ "အစ်ကို(၂)၊ ချန်လိုင့်ဇီက အစ်ကို့ဆီမှာ အကြွေးအတွက် ထားခဲ့တဲ့ ဒီအစ်မက... တကယ်ပဲ ထူးခြားတယ်လို့ မထင်ဘူးလား"

ရှောင်းလိသည် မူလကပင် ကိုယ်လုံးကိုယ်ထည် မြင့်မားလှသူ ဖြစ်လေသည်။ ယခုအခါတွင် သူသည် ခုံတန်းရှည်ပေါ်တွင် မတ်တတ်ရပ်လျက် ထုတ်တန်းပေါ်ရှိ သံချောင်းရှည်များပေါ်သို့ အသားများကို ချိတ်ဆွဲနေသောကြောင့် ဟော်ရှောင်အန်းကို ငုံ့ကြည့်လိုက်ချိန်တွင် သူ့အကြည့်များမှာ ပိုလို့ပင် လွှမ်းမိုးမှု ရှိနေလေတော့သည်။

သူ၏မျက်လုံးများကမူ မင်း ပြောချင်တာရှိရင် မြန်မြန်ပြောစမ်း ဟူသော စကားလုံးများကို အထင်အရှား ဖော်ပြနေလေသည်။

ဟော်ရှောင်အန်းက ခေါင်းကို ကုတ်ကာ ခဏ စဉ်းစားနေပြီးနောက် နောက်ဆုံး၌ စကားစုတစ်ခုကိုသာ ရှာဖွေတွေ့ရှိတော့သည်။ "မျိုးရိုးကောင်းတဲ့ အိမ်က သခင်မလေးတစ်ယောက်လိုပဲ... အင်း... အဲ့ဒါလည်း သိပ်တော့ မမှန်သေးဘူး။ ဘာလို့ သင့်တော်တဲ့ စကားလုံးကို စဉ်းစားလို့ မရတာလဲ မသိဘူး..."

သူသည် အချိန်အတော်ကြာအောင် ကြိုးစားအားထုတ်ပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်ကာ ရှောင်းလိ နားလည်စေရန်အတွက် ပိုတိုက်ရိုက်ကျသော စကားလုံးများကိုသာ ရွေးချယ် ပြောဆိုလိုက်လေသည်။ "အဲ့ဒါက... သူက ကြည့်ရတာ သိပ်မလှပေမဲ့ စကားပြောတာက သိမ်မွေ့တယ်၊ အမူအရာကလည်း ယဉ်ကျေးတယ်၊ ပြီးတော့ သူ့လက်မှာလည်း အလုပ်ကြမ်းလုပ်တဲ့ အမာရွတ်တွေ မရှိသလောက်ပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူက သာမန်မိသားစုက ကြီးပြင်းလာတာ မဟုတ်ဘူးဆိုတာ သိသာတယ်၊ ဒါပေမဲ့ သူ့ဆီမှာ သခင်မလေးတွေလို မောက်မာတဲ့ အမူအရာမျိုး တစ်စက်ကလေးမှ မရှိဘူး။ သူက... တကယ်ပဲ ထူးခြားတယ်၊ သူ့မိသားစုက ဘာလုပ်တာလဲဆိုတာ ကျွန်တော် သိချင်လိုက်တာ..."

မျှော်လင့်မထားဘဲ ရှောင်းလိသည် တည်ငြိမ်စွာဖြင့် စကားလုံး ၃ လုံးကိုသာ ပြောလိုက်လေသည်။ "ငါ သိတယ်"

"အယ်? အစ်ကို(၂)က သိတယ်လား။ သူက အစ်ကို့ကို ပြောပြပြီးပြီလား" ဟော်ရှောင်အန်းမှာ သိသိသာသာပင် တအံ့တဩဖြစ်သွားပြီး ထပ်မေးလိုက်ပြန်သည်။

ရှောင်းလိသည် ထပ်ပြီး အကျယ်တဝင့် ရှင်းပြလိုဟန် မရှိတော့ချေ။ သူသည် ဟော်ရှောင်အန်း၏ လက်ထဲက ကျန်ရှိနေသေးသော ဝက်သားတုံးကို ဆွဲယူလိုက်ပြီး ထုတ်တန်းပေါ်၌ ချိတ်ဆွဲလိုက်ကာ "ငါ ဆိုလိုတာက မင်းပြောတဲ့ အချက်တွေ အားလုံးကို ငါလည်း သိပြီးသားလို့ ပြောတာ”

ဤစကားကို ကြားလိုက်ရသောအခါ ဟော်ရှောင်အန်း၏ မျက်နှာအမူအရာမှာ ပိုထူးဆန်းသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။ "အစ်ကို(၂)၊ ဒါဆို အစ်ကိုက အဖြစ်မှန်ကို စုံစမ်းကြည့်ဖို့ စိတ်မဝင်စားဘူးလား"

"စိတ်မဝင်စားဘူး"

ရှောင်းလိသည် ခုံတန်းရှည်ပေါ်မှ ဆင်းလိုက်ပြီး ခြေထောက်ဖြင့် ချိတ်ကာ ခုံကို မူလနေရာသို့ ပြန်လည် ပို့ဆောင်လိုက်လေသည်။

ဟော်ရှောင်အန်းက အနီးရှိ အဝတ်စုတ်ကို ယူလိုက်ပြီး ခုံပေါ်မှ ခြေရာများကို သုတ်ရင်း မေးပြန်သည်။ "ဘာဖြစ်လို့လဲဟင်"

ရှောင်းလိသည်လည်း တစ်ချိန်က အကြောင်းစုံကို စုံစမ်းဖော်ထုတ်လိုခဲ့ဖူးလေသည်။ ဤအမျိုးသမီးသည် ချန်လိုင့်ဇီ၏ ရက်စက်စွာ ရိုက်နှက်ခံခဲ့ရပြီး အားအင်ချည့်နဲ့နေသည့် တိုင်အောင် ကျိုးပဲ့နေသော အုတ်ခဲတစ်ဝက်ကို ဆုပ်ကိုင်ကာ ပြန်လည် ခုခံရန် ကြိုးစားခဲ့သူ ဖြစ်သောကြောင့်ပင်။ သို့သော်လည်း သူ့အိမ်သို့ ရောက်ရှိလာပြီးနောက်တွင်တော့ သူမသည် သူမ၏ လက်သည်းများနှင့် အစွယ်များကို ဖုံးကွယ်ထားပြီး နာခံမှုရှိဟန် ဆောင်နေခဲ့လေသည်။ အစပိုင်းတွင်တော့ သူမက သူ့အမေအပေါ် အန္တရာယ်ပြုမှာကို သူ စိုးရိမ်ခဲ့ဖူးလေသည်။

သို့ရာတွင် ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် သူမသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ အစွမ်းကုန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူ သိရှိသွားခဲ့လေသည်။

သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ သူ၏ ချောမောပြတ်သားသော မျက်နှာထက်၌ အလင်းနှင့် အမှောင်သည် ကွဲပြားသွားခဲ့သည်။ သူက ပြောလိုက်လေသည်။ "လူတစ်ယောက်က အသက်ရှင်ဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းတွေ အကုန်သုံးတာက ဘာမှ မမှားပါဘူး။ သူက ငါ့မိသားစုကို ဒုက္ခမပေးသရွေ့တော့ ငါလည်း ဘာမှ မသိသလိုပဲ နေပေးလိုက်မှာပါ"

...

All Chapters