အခန်း ၁၂
Vol. 2 Ch. 12
အပိုင်း (၁၂)
ဝိန်းယွီသည် ထိုနှစ်ယောက် အိမ်ထဲတွင် ဘာအကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိချေ။ ရှောင်းဟွေ့နျန်က မီးမွှေးရန် မီးဖိုချောင်သို့ သွားသောအခါ ဝိန်းယွီသည် ခြံထဲတွင် တစ်ယောက်တည်း ရပ်နေရသည်မှာ အနေခက်လှသဖြင့် ကူညီရန် နောက်မှ လိုက်သွားလေသည်။
ဤသည်မှာ သူမ သည်မီးဖိုချောင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း မဟုတ်သော်လည်း ယခင်က မီးဖိုဘေးတွင် မီးခတ်ကျောက် ရှာဖွေခြင်းကလွဲလျှင် အခြား မည်သည့်အရာကိုမျှမှ မထိတွေ့ခဲ့ဖူးချေ။
ယခု ရှောင်းဟွေ့နျန်သည် မီးမွေးပြီးပြီ ဖြစ်သဖြင့် ဝိန်းယွီသည် ပန်းကန်ခွက်ယောက်များနှင့် ချက်ပြုတ်စရာများ တင်ထားသည့် စဉ်းတီတုံးကို ကြည့်ပြီးနောက် မီးဖိုပေါ်ရှိ အိုး ၂လုံးကို ကြည့်ကာ ဘယ်နေရာမှ စတင်ရမှာ မသိတော့ချေ။
သူမသည် ယခင်က မီးဖိုချောင် ဝင်ဖူးသော်လည်း ဝိန်းမင်းသား အိမ်တော်တွင် မီးဖို မီးမွေးပေးသည့် အစေခံများ သီးသန့် ရှိသလို ပါဝင်ပစ္စည်း အားလုံးကိုလည်း အစေခံများက ပြင်ဆင်ပေးကြခြင်း ဖြစ်သည်။ ချက်ပြုတ်သည့် အချိန်၌ပင် ဘယ်ပစ္စည်းကို ဘယ်အချိန်တွင် ထည့်ရမည်၊ ဘယ်အမွှေးအကြိုင်ကို ဘယ်လောက်သုံးရမည်၊ မီးအရှိန်ကို ဘယ်အချိန်တွင် လျှော့ရမည် စသည်တို့ကို အချက်အပြုတ် ကျွမ်းကျင်သော မီးဖိုချောင်မှူးကြီးများက ညွှန်ကြားပေးကြသည်။
သူမအနေဖြင့် ညွှန်ကြားချက်အတိုင်း ကြိုတင်ပြင်ဆင်ထားသော ပစ္စည်းများနှင့် အမွှေးအကြိုင်များကို အိုးထဲသို့ ထည့်ကာ မွှေပေးရန်သာ လိုအပ်ပြီး မီးအရှိန်ကိုတော့ အစေခံများကသာ ထိန်းညှိပေးကြသည်။
ပန်းကန်အပြင်အဆင်နှင့် တည်ခင်းခြင်းကို အစေခံများက လုပ်ရသည့်အတိုင် တော်ဝင် မိသားစုမှ ဆင်းသက်လာသူများ၏ အသိုင်းအဝိုင်းတွင် ဤသို့ လုပ်ဆောင်ခြင်းကိုပင် "ကိုယ်တိုင် ချက်ပြုတ်ခြင်း" ဟု သတ်မှတ်ကြသည်။
အကယ်၍ ယခု သူမကို တစ်ယောက်တည်း ဟင်းလျာတစ်ခွက် ပြင်ဆင်ခိုင်းလျှင် ဝိန်းယွီသည် အတွေ့များသော ဟင်းလျာများ၏ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို မှတ်မိနိုင်သော်လည်း ရှောင်းမိသားစု၏ မီးဖိုချောင်တွင်တော့ သူမ၏ စိတ်ထဲတွင်ရှိသည့် မည်သည့် ဟင်းချက်နည်းအတွက်မဆို လိုအပ်သော ပါဝင်ပစ္စည်းများ လုံးဝ မရှိသည်မှာ ထင်ရှားနေသည်။
သူမသည် ရှောင်းဟွေ့နျန်ကို မေးလိုက်ရသည်။ "ဒေါ်ဒေါ်... နေ့လယ်စာအတွက် ဘာချက်မှာလဲဟင်"
ရှောင်းဟွေ့နျန်သည် မီးဖိုထဲသို့ ထင်းများ ထပ်ထည့်လိုက်၏။ သူမ၏ မျက်နှာမှာ မီးလျှံများကြောင့် နီမြန်းနေပြီး ပြန်ဖြေလာသည်။ "ဝက်သားစွပ်ပြုတ် တစ်အိုးချက်မယ်၊ ပြီးတော့ ဝက်သားနုလေးကို မျှစ်လေးနဲ့ ကြော်မယ်လေ"
ဝိန်းယွီသည် 'ဝက်သားစွပ်ပြုတ်' ဟူသော အမှာ ကြားလိုက်ရသောအခါ အနည်းငယ် တုံ့ဆိုင်းသွားသည်။ ယနေ့အချိန်အထိ သူမသည် ဤဟင်းလျာအမှာ တစ်ခါမှ မကြားဖူးခဲ့သလို ဘယ်လို ပြင်ဆင်ရမှာလည်း မသိရှိခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် ရှောင်းဟွေ့နျန်သည် သူမကို ချက်ပြုတ်ခိုင်းရန် စိတ်ကူးမရှိချေ။ ထင်းများ ထည့်ပြီးနောက် သူမသည် မီးဖိုနောက်မှ ထရပ်လိုက်ကာ သံယောက်မနှင့် ဝါးနှီးအဖျားလေးများဖြင့် ပြုလုပ်ထားသော ဘရက်ရှ်ကို ကျွမ်းကျင်စွာ ကိုင်ယူလိုက်ပြီး မည်းနက်နေသော သံအိုးကို စတင် ပွတ်တိုက်သည်။ သူမသည် သူမ၏ ကျွမ်းကျင်မှုကို မျိုးဆက်သစ်လေးအား ပြသနေသည့်အလား ဂုဏ်ယူစွာဖြင့် ဝိန်းယွီကို ပြောလိုက်သည်။ "အားယွီ... အပြင်ကနေ ဝက်အသည်းနဲ့ ဝက်ကျောက်ကပ်တွေကို ယူလာပေးပါဦး"
နောက်ဆုံးတွင် တာဝန်တစ်ခု ရရှိသွားသဖြင့် ဝိန်းယွီသည် စိတ်သက်သာရာ ရသွားကာ အပြင်သို့ ထွက်လာခဲ့၏။ အိမ်ထဲတွင် အသားများ ချိတ်ဆွဲနေရမည့် လူနှစ်ယောက်မှာ ယခုအခါ ခြံထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်မှာ ဆောင့်ကြောင့်ထိုင်လျက် တစ်ခုခုကို ပွတ်တိုက်နေပြီး ကျန်တစ်ယောက်ကတော့ ခါးကို အနည်းငယ်ကိုင်းကာ ရေမှုတ်ဖြင့် ရေကို ဖြည်းဖြည်းချင်း လောင်းပေးနေသည်။
သူမ ထွက်လာသည်ကို မြင်သောအခါ ဟော်ရှောင်အန်းသည် သူ၏ သွားတက်လေးများ ပေါ်သည်အထိ ပြုံးပြကာ မေးလိုက်၏။ "အစ်မ ဘာရှာနေတာလဲ"
ဝိန်းယွီက မေးလိုက်သည်။ "ဝက်အသည်းနဲ့ ဝက်ကျောက်ကပ်တွေ ဘယ်မှာလဲ"
ဟော်ရှောင်အန်းက သူမ၏ နောက်ကျောဘက်သို့ မေးထိုးပြကာ "အစ်မရဲ့ နောက်က နံရံမှာ ချိတ်ထားတယ်လေ"
ဝိန်းယွီသည် လှည့်ကြည့်လိုက်သောအခါ နံရံရှိ သံချောင်းတွင် သွေးများ စိမ့်ထွက်နေဆဲဖြစ်သော အတွင်းကလီစာများကို တွေ့လိုက်ရ၏။ သူမသည် စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း သူမ၏ မျက်နှာမှာ သိသိသာသာ ဖြူလျော်သွားတော့သည်။
၁၀ နှစ်ကျော် သက်တမ်းအတွင်း သူမ မြင်တွေ့ဖူးသမျှ တိရစ္ဆာန် အစိတ်အပိုင်းများမှာ ပွဲတော်များတွင် ယဇ်ပူဇော်ရန် အသုံးပြုသော ဝက်ခေါင်းသာ ရှိသည်။
သို့သော် ထိုအရာများကို အမြဲတမ်း အဝေးမှသာ ကြည့်ခဲ့ဖူးခြင်း ဖြစ်ပြီး ယခုလို သွေးစိမ်းရှင်ရှင် ထွက်နေသော တိရစ္ဆာန် ကလီစာများကို ကိုယ်တိုင် ကိုင်တွယ်ရမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။
လူ၏ ခန္ဓာဗေဒနှင့် အနည်းငယ် ဆင်တူနေသော ထိုအရာများ- သူမထွက်ပြေးလာရာခရီးအတွက် မြင်တွေ့ခဲ့ဖူးသော အလောင်းများ ရှိသည့်တိုင် ဝိန်းယွိသည် သည်လို အစိမ်းသက်သက် အူကလီစာများကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သွေးများပေကျံနေသည့် အရာများကို စိုက်ကြည့်ရင်း သူမသည် မသက်မသာ ခံစားလိုက်ရတော့သည်။ သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ် တင်းခံထားပြီး တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားကာ ထိုအရာများကို လှမ်းယူရန် ခြေဖျားထောက်လိုက်သည်။ သို့သော် သူမ၏ မျက်နှာမှာမူ အတော်လေး ဖြူလျော်နေလေသည်။
ရှောင်းလိသည် တိုက်တိုက်ဆိုင်ဆိုင် ခေါင်းမော့အကြည့်အတွင် ထိုမြင်ကွင်းကို မြင်တွေ့သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "အဲ့ဒီ အသည်းပေါ်က သွေးတွေကို မဆေးရသေးဘူး။ ဒီဝက်အူကို အရင်ယူသွားလိုက်"
ထို့နောက် သူသည် ဘေးရှိ ဟော်ရှောင်အန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။ "သွား၊ အဲ့ဒါကို သွားဆေးလိုက်"
ဟော်ရှောင်အန်းကလည်း ဝိန်းယွီကို လှမ်းခေါ်လိုက်သည်။ "အစ်မ... ထားလိုက်ပါ၊ ကျွန်တော်ပဲ ယူလိုက်မယ်"
သူသည် ပြောရင်းဆိုရင်းပင် ရေမှုတ်ကို ရေကန်ထဲသို့ ပြန်ထည့်လိုက်ပြီး ပြုံးလျက် နံရံဆီသို့ လျှောက်သွားလိုက်သည်။ ရှောင်းလိက ပြောဆိုလိုက်သော်လည်း ဝိန်းယွီသည် ရပ်တန့်မသွားဘဲ ခြေဖျားထောက်ကာ ကလီစာများကို ချိတ်ထားသော ထန်းရွက်ကြိုးကို ဆွဲဖြုတ်လိုက်သည်။ သူမသည် သွေးများ ပေကျံနေသော ကြိုးကို သူမ၏ ဖြူလျော်နေသော လက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ အနားသို့ ရောက်လာသော ဟော်ရှောင်အန်းထံသို့ ကမ်းပေးလိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။ "မောင်လေး... ဒုက္ခပေးမိပြီနော်"
သူမသည် ပြောပြီးနောက် ရေကန်ဆီသို့ သွားကာ လက်မှ သွေးများကို ရေဖြင့် ဆေးကြောလိုက်သည်။
ရှောင်းလိသည် သူမကို ဆက်စိုက်ကြည့်နေပြီး ဟော်ရှောင်အန်းသည်လည်း ဝိန်းယွီ၏ ရုတ်တရက် လုပ်ဆောင်မှုကြောင့် အခိုက်တန့် ကြောင်သွားတော့သည်။
ဝိန်းယွီသည် လက်ဆေးပြီးနောက် မတ်တတ်ရပ်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းများမှာ ရှောင်းလိ၏ အကြည့်နှင့် ဆုံသွားသော်လည်း ဘာခံစားချက်မှ မရှိသကဲ့သို့ပင်။ သူမသည် သူ့လက်ထဲမှ သန့်စင်ထားသော ဝက်အူကြိုးကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။ "ဒါဆို ဒါကို အရင်ယူသွားလိုက်မယ်"
ဝိန်းယွီ၏ ပုံရိပ်သည် မီးဖိုချောင် တံခါးဝသို့ ဝင်ရောက် ပျောက်ကွယ်သွားမှသာ ဟော်ရှောင်အန်းသည် ကလီစာများကို ကိုင်ကာ ရှောင်းလိ၏ ဘေးသို့ တိုးကပ်လာပြီး မေးလိုက်သည်။ "အစ်ကို... မြင်လိုက်လား"
သူသည် ဘာပြောရမှန်း မသိဘဲ ခေါင်းကို ကုတ်ကာ "ခုနက သူကြည့်နေတဲ့ ပုံစံကလေ... ဒီကလီစာတွေကို နောက်တစ်စက္ကန့်လောက် ထပ်ကြည့်ရရင် မေ့လဲသွားတော့မယ့် ပုံစံပဲ။ ဒါပေမဲ့ အစ်ကိုက ကျွန်တော့်ကို ယူခိုင်းတော့ သူကပဲ အတင်း လှမ်းယူသွားသေးတယ်"
ဟော်ရှောင်အန်းက ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။ "သူက ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ မသိဘူး"
ထို့နောက် သူက အလွန် သိချင်စိတ်ဖြင့် ထပ်ပြောလာသည်။ "ဘယ်လို မိသားစုမျိုးက ဒီလို မိန်းကလေးမျိုးကို ပြုစုပျိုးထောင်လိုက်တာလဲဆိုတာ တကယ် သိချင်မိတယ်"
ရှောင်းလိကတော့ နှုတ်ဆိတ်နေသည်။ သူသည် ဟော်ရှောင်အန်းထံမှ ကလီစာများကို ယူပြီး ဂရုတစိုက် စတင်ဆေးကြောချိန်မှသာ အလွန် တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ "အသေကို ခေါင်းမာတာပဲ"
____
မီးဖိုချောင်အတွင်း၌ ဝိန်းယွီသည် မီးဖိုနောက်ရှိ ခုံပုလေးပေါ်တွင် သူမ၏ ဒူးကို ပိုက်ကာ ထိုင်နေ၏။ သူမသည် သူမ၏ မေးစေ့ကို လက်မောင်းပေါ်သို့ တင်ထားပြီး မီးဖိုပေါက်မှ မီးလျှံများကို မျက်တောင်မခတ် စိုက်ကြည့်နေမိ၏။
သူမသည် တစ်ဖက်လူ၏ စေတနာကို မသိတတ်ခြင်း မဟုတ်ပေ။ ထိုလူမိုက်သည် သူမက သွေးစိမ်းရှင်ရှင် ကလီစာများကို စက်ဆုပ်ရွံရှာနေသည်ကို သတိထားမိသဖြင့် ထိုလူငယ်လေးကို လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သူမ နားလည်သည်။
သို့သော် အမည်ခံအားဖြင့် သူမသည် ချန်လိုင့်ဇီက ရှောင်းမိသားစုထံတွင် ပေါင်နှံထားသော အစေခံတစ်ဦးသာ ဖြစ်သည်။ ရှောင်းဟွေ့နျန်နှင့် သူမ၏ သားဖြစ်သူမှာ ကြမ်းတမ်းသော အလုပ်မှန်သမျှကို ကိုယ်တိုင် လုပ်ကိုင်နေကြရာ သူမကသာ ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်များကို ရှောင်လွှဲနေကာ ဘာမှ ကောင်းကောင်း မလုပ်တတ်လျှင် သူမသည် အစေခံနှင့် မတူဘဲ သခင်မတစ်ဦးနှင့် ပိုတူနေလိမ့်မည်။
ရှောင်းဟွေ့နျန်က သူမအပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူမအနေဖြင့် စည်းကျော်လို့ မဖြစ်နိုင်။
ဝိန်းယွီသည် အတွေးများထဲတွင် နစ်မြုပ်နေစဉ်မှာပင် မီးဖိုရှေ့တွင် အလုပ်ရှုပ်နေသော ရှောင်းဟွေ့နျန်က ပြောလာသည်ကို ကြားလိုက်ရ၏။ "အားယွီ... မီးဖိုထဲက မီးကို ကြည့်ထားပေးဦးနော်၊ ဒေါ်ဒေါ် အပြင်ထွက်ပြီး ဟင်းသီးဟင်းရွက် နည်းနည်းလောက် သွားခူးလိုက်ဦးမယ်"
"ထင်းတချို့က လုံးဝ မခြောက်သေးဘူး။ ခြောက်တဲ့ ထင်းတွေကိုပဲ ရွေးပြီး သုံးနော်"
ဝိန်းယွီသည် အတွေးများနေရာမှ သတိပြန်ဝင်လာပြီး ပြန်ထူးလိုက်သည်။ ရှောင်းဟွေ့နျန် ထွက်သွားပြီးနောက် သူမသည် မီးဖိုပေါက်မှ မီးလျှံများ သေးငယ်လာသည်ကို သတိပြုမိသဖြင့် အနီးရှိ ထင်းတချို့ကို ယူကာ မီးဖိုထဲသို့ ထိုးထည့်လိုက်သည်။
သို့သော် ထိုထင်းများမှာ ရှောင်းဟွေ့နျန် ပြောခဲ့သော မခြောက်တခြောက် ထင်းများ ဖြစ်ပုံရသည်။ ထင်းများမှာ ထည့်ပြီးနောက်တွင် မီးမတောက်သည့်အပြင် ထွက်လာသော မီးခိုးလုံးကြီးများနှင့် စိုထိုင်းမှုများကြောင့် မူလက တောက်နေသော ခြောက်သွေ့သည့် ထင်းများကိုပင် မီးငြိမ်းလုနီးပါး ဖြစ်သွားတော့သည်။
ခြောက်သွေ့သော ထင်းများ မလုံလောက်မှာ စိုးရိမ်သဖြင့် ဝိန်းယွီသည် ထင်းခြောက်များကို ဂရုတစိုက် ထပ်မံရွေးချယ်ကာ မီးဖိုပေါက်ထဲသို့ အားလုံး ထိုးထည့်လိုက်လေသည်။ သို့သော် မီးမှာ သူမ မျှော်လင့်သလို ပိုတောက်မလာဘဲ ပိုပိုသေးငယ်လာကာ ငြိမ်းတော့မလို ဖြစ်သွားတော့သည်။ ဝိန်းယွီသည် မီးခိုးအလိပ်လိုက် ထွက်နေသော မခြောက်တခြောက် ထင်းများကို အမြန် ပြန်ဆွဲထုတ်လိုက်၏။
ထူထပ်လှသော မီးခိုးများကြောင့် သူမ၏ မျက်လုံးများကို မဖွင့်နိုင်တော့ဘဲ မျက်ရည်များမှာလည်း မထိန်းနိုင်ဘဲ စီးကျလာတော့သည်။ သူမသည် မီးဖိုပေါက်ကို ခက်ခက်ခဲခဲ စိုက်ကြည့်လိုက်၏။ မီးမှာ ငြိမ်းသွားပြီဖြစ်ပြီး ထင်းပေါ်တွင် နီရဲနေသော မီးခဲအချို့သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။ ဝိန်းယွီသည် မီးဖိုထဲသို့ လေမှုတ်ရန် လေမှုတ်ကိရိယာကို လိုက်ရှာသော်လည်း မီးဖိုနောက်တွင် ထိုသို့သော ကိရိယာမျိုးကို ရှာမတွေ့ခဲ့ချေ။
သူမသည် မီးခဲများကို ပြန်လည် တောက်လာစေရန် ငုံ့ကာ လေမှုတ်ရုံမှလွဲပြီး အခြား ရွေးချယ်စရာ မရှိတော့ချေ။ သူမ၏ မျက်လုံးများမှာ မီးခိုးများကြောင့် ပိုပြီးစပ်လာသည့်အပြင် မီးဖိုပေါက်အနီးက အပူရှိန်ကြောင့် သူမ၏ မျက်နှာကလည်း ပူလောင်နေတော့သည်။ ဝိန်းယွီသည် ဘေးသို့ လှည့်ကာ မရပ်မနား ချောင်းဆိုးလိုက်၏။
သူမ၏ ပုံစံမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေသည်ကို သိသော်လည်း ရှောင်းဟွေ့နျန်က ခဏလေး ထွက်သွားချိန်တွင် မီးကို ကြည့်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ချက်ချင်း ငြိမ်းသွားလျှင် ရှောင်းဟွေ့နျန်ကို ပြန်လာပြီး ဖြေရှင်းခိုင်းရမည့် အတွေးကြောင့်ပင် ဝိန်းယွီ၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီမြန်းလာသည်။ မျက်လုံးများ အနည်းငယ် သက်သာသွားသောအခါ သူမသည် မီးဖိုပေါက်ဆီသို့ နောက်တစ်ကြိမ် ငုံ့ကာ လေမှုတ်ရန် ကြိုးစားလိုက်ချိန်တွင် တစ်စုံတစ်ဦးက သူမ၏ ခေါင်းကို ညင်သာစွာ ဘေးသို့ တွန်းဖယ်လိုက်၏။
ဝိန်းယွီသည် ခေါင်းလှည့်ကြည့်လိုက်သောအခါ မျက်ရည်များ ဝဲနေသော သူမ၏ မျက်လုံးများမှာ ရှောင်းလိကို မြင်လိုက်ရ၏။ သူသည် ဘယ်အချိန်က မီးဖိုချောင်သို့ ဝင်လာသည်ကို သူမ လုံးဝ မသိခဲ့ချေ။
ရှောင်းလိသည် မီးခိုးမှိုင်းများ ပေကျံနေသော သူမ၏ မျက်နှာနှင့် စိုစွတ်နေသော သူမ၏ မျက်ဝန်းများကို ကြည့်ရင်း သူ့မိသားစုက တစ်ချိန်က မွေးခဲ့ဖူးသော ကြောင်ဖြူလေးကို အမှတ်မထင် သတိရသွားသည်။ ထိုကြောင်လေးသည် ဆောင်းရာသီတွင် မီးဖိုထဲ၌ အိပ်စက်ရသည်ကို နှစ်သက်လှသဖြင့် သူ မီးမွှေးတိုင်း ထိုကြောင်ကို လက်ဖြင့် ဆွဲထုတ်ခဲ့ရသည်။
မှိုင်းများ ပေကျံနေသော ထိုကြောင်လေးသည် ဂုတ်မှ ဆွဲမခံထားရပြီး ဝေလေထဲတွင် တွဲလောင်း ဖြစ်နေချိန်တွင် သူ့ကို သံသယနှင့် ဇဝေဇဝါ အကြည့်များဖြင့် ကြည့်တတ်သည်။ ယခု ဝိန်းယွီ၏ အမူအရာမှာလည်း ထိုကြောင်လေးကဲ့သို့ပင်။
"ကျွန်မ... ကျွန်မ အခုပဲ မီးပြန်တောက်အောင် လုပ်လိုက်ပါ့မယ်" ဝိန်းယွီက ပြောကာ မီးမွှေးရန် မြက်ခြောက်များကို လှမ်းယူလိုက်သည်။
ရှောင်းလိသည် ငုံ့လိုက်ပြီး သူမ၏ လက်ထဲမှ မြက်ခြောက်များကို ယူလိုက်ကာ သူမ၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး ဘေးသို့ လမ်းဖယ်ပေးရန် အချက်ပြလိုက်သည်။ သို့သော် မီးဖိုနောက်ရှိ နေရာမှာ ကျဉ်းမြောင်းလှသဖြင့် ဝိန်းယွီသည် အတွင်းဘက်သို့ အနည်းငယ်သာ တိုးပေးနိုင်တော့သည်။
ရှောင်းလိသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝိန်းယွီ ထိုးထည့်ထားသော ထင်းများကို ပြန်ထုတ်လိုက်ကာ ပြာများကို ဖယ်ရှားရန် မီးညှပ်ကို သုံးလိုက်သည်။ "မင်း ဒီလိုမျိုး မီးမွှေးလို့ မရဘူးလေ"
သူက ရှင်းပြလိုက်၏။ "ထင်းတွေကြားမှာ လေဝင်လေထွက်ရှိဖို့ နေရာ ရှိရမယ်။ အကုန်လုံးကို ပိတ်ပြီး ထည့်ထားရင် မီးက ဘယ်လိုလုပ် မငြိမ်းဘဲ နေမှာလဲ"
သူသည် ပြောရင်းဖြင့် သူမကို လှည့်ကြည့်လိုက်၏။ မီးရောင်သည် သူ့မျက်နှာ အစိတ်အပိုင်းများနှင့် သူ၏ ရှည်လျားသော မျက်တောင်များကို ထင်ရှားစေသည်။ သူ၏ အကြည့်များမှာ အရင်ကလို ပြင်းထန်မနေဘဲ နူးညံ့နေသော်လည်း သူ့မျက်ဝန်းများမှာ နက်မှောင်လှသဖြင့် တိုက်ရိုက် ကြည့်ရန် ခက်ခဲလှသည်။
ဝိန်းယွီသည် လုံးဝကို ရှက်ရွံ့နေတော့၏။ မနက်ခင်းက မီးခတ်ကျောက်နှင့် ရုန်းကန်ခဲ့ရမှုနှင့် ယခု အဖြစ်အပျက်က သူမတစ်ယောက် မီးမမွှေးတတ်သည်ကို သက်သေပြနေသကဲ့သို့ပင်။
သူမသည် အသုံးမကျသူအဖြစ် အထင်ခံရမှာ စိုးရိမ်သဖြင့် "အင်း" ဟုသာ အနေခက်စွာ ပြန်ထူးလိုက်သည်။ သူမ၏ လည်တိုင်မှာ လှပစွာ ငုံ့လျှိုးနေသော်လည်း မှိုင်းများ ပေနေသော သူမ၏ မျက်နှာမှာမူ တင်းမာနေသည်။
ရှောင်းလိသည် မီးဖိုနံရံတွင် မှီထားသော ဝါးလုံးပြွန်ကို ကောက်ယူလိုက်ပြီး ပြောလိုက်၏။ "မီးဖိုထဲကို လေမှုတ်ချင်ရင် ဒါကို သုံးလေ"
သူသည် ဝါးလုံးပြွန်၏ ထိပ်နှစ်ဖက်စလုံး ပွင့်နေပုံနှင့် အသုံးပြုပုံကို လက်တွေ့ ပြသလိုက်သည်။ ဝါးလုံးပြွန်ဖြင့် လေတစ်ချက် မှုတ်လိုက်ရုံဖြင့် ပြာများ ဖုံးနေသော မီးခဲများမှာ ချက်ချင်းပင် ပြန်လည် နီရဲလာပြီး မီးပွင့်များ ထွက်လာသည်။ "ဟူး" ဟူသော အသံနှင့်အတူ မီးမှာ ချက်ချင်း ပြန်တောက်လာတော့သည်။ ဝိန်းယွီသည် ဤကိရိယာအကြောင်းကိုသာ ကြိုသိခဲ့လျှင် ယခုကဲ့သို့ လူပြိန်းတစ်ယောက်လို ဖြစ်နေမည် မဟုတ်ဟု တွေးမိသည်။
သူမသည် ပုခုံးကို တင်းထားကာ ရှက်စိတ်နှင့် တည်ငြိမ်ဟန်ကို ရောနှော၍ ပြောလိုက်သည်။ "ကျွန်မ နားလည်ပါပြီ"
ရှောင်းလိသည် သူ့ခြေထောက်ကို နေရာပြောင်းကာ သူမအတွက် လမ်းတစ်ဝက်ကို ဖယ်ပေးလိုက်ပြီး ပြောလိုက်၏။ "သွား၊ မျက်နှာ သွားသစ်လိုက်တော့"
ထိုအခါမှ ဝိန်းယွီသည် သူမ၏ မျက်နှာတွင် မှိုင်းများ ပေကျံနေနိုင်သည်ကို သတိပြုမိတော့သည်။ သူမ၏ တင်းမာနေသော ပုခုံးနှင့် ကျောပြင်မှာ ချက်ချင်းပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားတော့၏။ သူမ မီးဖိုချောင် တံခါးဝမှ ထွက်သွားချိန်တွင် သူမ၏ပုံစံမှာ မြေစေးရုပ်တစ်ခုနှင့်ပင် တူနေပြီး ဝတ်စုံ၏ အနားသတ်လေးမှာပင် လှုပ်ခတ်ခြင်း မရှိချေ။
ရှောင်းလိသည် သူမ ထွက်သွားသည်ကို ကြည့်ပြီးနောက် မီးဖိုထဲက မီးကို ပြန်ကြည့်လိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် ပါးကို ထောက်ထားပြီး သူ၏ မျက်ဝန်းများထဲတွင်တော့ နွေးထွေးသော အလင်းရောင်များ ရောင်ပြန်ဟပ်နေကာ တိတ်ဆိတ်စွာ ပြုံးနေသည်။
ဝိန်းယွီ ခြံထဲသို့ ရောက်သောအခါ ဟော်ရှောင်အန်းသည် ရှောင်းဟွေ့နျန်နှင့်အတူ ဟင်းသီးဟင်းရွက်များ ခူးနေသည်ကို တွေ့လိုက်ရ၏။ ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သော ဟော်ရှောင်အန်းသည် ဝိန်းယွီကို မြင်သည်နှင့် "ခွိ"ခနဲ ရယ်မောလိုက်လေသည်။
ဝိန်းယွီ၏ ရှက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် သူရှိရာဘက်သို့ တင်းမာစွာ စိုက်ကြည့်လိုက်သဖြင့် ဟော်ရှောင်အန်းသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
ရှောင်းဟွေ့နျန်သည်လည်း ထိုအသံကြောင့် လှည့်ကြည့်လိုက်သော်လည်း ဝိန်းယွီက မျက်နှာသစ်ရန် ရေအိုးဆီသို့ ကျောခိုင်းသွားပြီး ဖြစ်သည်။ ရှောင်းဟွေ့နျန်က မနေနိုင်ဘဲ ဆူပူတော့၏။ "ရေအိုးထဲက ရေက အရမ်းအေးတယ်လေ၊ အဲ့ဒါနဲ့ ဘယ်လိုလုပ် မျက်နှာဆေးသစ်မှာလဲ။ အအေးပတ်သွားလိမ့်မယ်"
ဝိန်းယွီက ခပ်တိုးတိုး ပြန်ပြောလိုက်၏။ "မီးကြည့်နေရလို့ မျက်နှာက အရမ်းပူနေတာ၊ ရေအေးအေးနဲ့မှ အဆင်ပြေမှာပါ"
သူမသည် ရေမျက်နှာပြင်ကို မှန်အဖြစ် သုံးကာ မှိုင်းများကို ဆေးကြောလိုက်ပြီးနောက် မျက်နှာသုတ်ရန် အဝတ်စရှာရန် အိမ်ထဲသို့ ဝင်သွားလေသည်။
ထိုအချိန်တွင် ခြံတံခါးကို တစ်စုံတစ်ဦးက ထပ်မံ ခေါက်လိုက်ပြန်သည်။ ဟော်ရှောင်အန်းက ပြေးဖွင့်ပေးပြီးနောက် အခန်းထဲသို့ လှမ်းခေါ်လိုက်လေသည်။
"အစ်မ... တစ်ယောက်ယောက်က အစ်မကို လာရှာနေတာထင်တယ်!"
....