အခန်း ၁၅
Vol. 2 Ch. 15
အပိုင်း (၁၅)
ပြတင်းပေါက်သည် အနည်းငယ် ပွင့်ဟနေ၏။ ထိုအပေါက်မှတစ်ဆင့် အေးစက်သော လေပြေက ဝင်ရောက်လာပြီး ရှည်လျားသော စားပွဲပေါ်ရှိ ရေနွေးပူပူ တစ်ခွက်မှ ထွက်ပေါ်နေသော အခိုးအငွေ့ဖြူများကို ယိမ်းယိုင်သွားစေလေသည်။ ထို့နောက် အခန်းအတွင်းရှိ မွှေးပျံ့ပြင်းရှသော နံ့သာပေါင်း အခိုးအငွေ့အချို့ကိုလည်း လွင့်ပါပျောက်ကွယ်သွားစေသည်။
ရှောင်းလိ၏မျက်နှာသည် မှောင်ရိပ်ထဲတွင် တစ်ဝက်လောက် နစ်မြုပ်နေပြီး သူ၏ ဘေးတိုက် မြင်ကွင်းကောက်ကြောင်းများက ပိုပြီး စူးရှထင်ရှားနေပုံပေါ်သည်။ သူ၏ ဖြောင့်စင်းသော နှာတံအထက်တွင် မည်းနက်သော မျက်တောင်များကို တစ်ဝက်ခန့် ချထားပြီး သူ၏ ပုံစံသည် လူငယ်တစ်ယောက်နှင့် ရင့်ကျက်သော အမျိုးသားတစ်ယောက်ကြားရှိ အငွေ့အသက်မျိုးကို ပေးစွမ်းနေလေသည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ "သူဌေးဟန်... ကျွန်တော် နောက်ထပ် လူသတ်မှုတစ်ခုမှာ မပါဝင်ချင်တော့ဘူး"
သူဌေးဟန်သည် မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ အရင်စာရင်းဟောင်းတစ်ခုကို တွက်ချက်နေသကဲ့သို့ သူ့ဘေးရှိ ပေသီးထဲက ပေသီးများကိုသာ ခေါက်နေသည်။
ရှောင်းလိက ဆက်ပြောလိုက်၏။ "ကျွန်တော် အသက် ၈နှစ်တုန်းက မတော်တဆ လူသတ်မိလို့ ထောင်ကျခဲ့တာကို ခင်ဗျား သိပါတယ်။ အဲ့ဒီတုန်းက ကျွန်တော့်အမေဟာ အကူအညီရဖို့ နေရာအနှံ့မှာ ခေါင်းနဲ့ဆောင့်ပြီး သွေးထွက်တဲ့အထိ တောင်းပန်ခဲ့ရတာ။ တရားသူကြီးက ကျွန်တော် ငယ်ရွယ်သေးတာကို သနားပြီး နောင်တရနေတာကို မြင်လို့သာ သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးပြီး ပြင်းထန်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့တာလေ။ ကံကောင်းတာက ယုံချန်က ပြည်နှင်ဒဏ်ပေးတဲ့ နေရာဖြစ်နေလို့ ကျွန်တော့်ကို နယ်စပ်အထိ ထပ်မပို့ခဲ့တာပေါ့။ အဲ့ဒီ ၇နှစ်တာ ပြစ်ဒဏ်ကို ကျခံပြီးမှ အမေနဲ့ ပြန်တွေ့ခွင့် ရခဲ့တာ။ အခု အမေလည်း အသက်ကြီးပြီ၊ ကျန်းမာရေးကလည်း တစ်နေ့တခြား ဆိုးလာနေပြီ။ သူ့ကို ကျွန်တော့်အတွက် နောက်ထပ် စိတ်ပူအောင် မလုပ်ရဲတော့ပါဘူး"
သူဌေးဟန်သည် ပေသီးဖြင့် တွက်ချက်နေသည်ကို ရပ်တန့်လိုက်ပြီး စုတ်တံတစ်ချောင်းကို ကောက်ယူကာ စာရင်းစာအုပ်ထဲတွင် တစ်စုံတစ်ရာကို ရေးမှတ်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။ "မင်းရဲ့ အခက်အခဲတွေကို ငါ နားလည်ပါတယ်။ ဒါပေမယ့် မင်းက ဒီအလုပ်ကို ငြင်းပြီး ငါက ဝမ်ချင်းကို ခိုင်းလိုက်မယ်ဆိုရင် လောင်းကစားရုံက အာဏာရှိတဲ့ နေရာက သူ့အတွက် ဖြစ်သွားလိမ့်မယ်။ ယုံချန်ရဲ့ အခုအခြေအနေကို မင်း သိပါတယ်— ဒီလို နယ်မြေလုပွဲမျိုးကို ဝင်ပါဖို့ ကိုယ့်ကိုယ်ကိုယ် သိပ်မြင့်မြတ်တယ်လို့ ထင်နေတဲ့ ရွှီမိသားစုကလွဲရင် ငါ့ရဲ့ ဟန်မိသားစုနဲ့ တူးမြောင်းပို့ဆောင်ရေးလုပ်ငန်းက ဟယ်မိသားစုတို့ပဲ အကြိတ်အနယ် ဖြစ်နေကြတာလေ။ ငါက လောင်းကစားရုံနဲ့ ကြီးပွားလာတာ။ အဲ့ဒီက အာဏာရှိတဲ့နေရာက ဘယ်လောက် အရေးကြီးသလဲဆိုတာ ငါ ရှင်းပြနေစရာ မလိုဘဲ မင်း နားလည်သင့်တယ်။ ငါက ဟယ်မိသားစုက အဲ့ဒီလူအိုကြီးနဲ့ စီးပွားရေးမှာ ယှဉ်ပြိုင်နေရတယ်၊ ပြီးတော့ သူ့ရဲ့ တူးမြောင်းပို့ဆောင်ရေးက လူမိုက်အုပ်စုတွေကလည်း လမ်းကြိုလမ်းကြားတိုင်းမှာ မင်းတို့နဲ့ ထိပ်တိုက်တွေ့နေကြတာပဲ"
"မင်းအမေ စိတ်မပူစေဖို့ ငါပေးတဲ့ အလုပ်ကို မင်းက ငြင်းလိုက်မယ်၊ ပြီးတော့ ဝမ်ချင်းက မင်းအထက်ကို ရောက်သွားမယ်ဆိုရင် မင်းတို့ကြားက နှစ်ကာလရှည်ကြာ ရန်ငြိုးတွေအရ သူ မင်းကို ပေးမယ့် တာဝန်တွေက ပိုလွယ်ကူလိမ့်မယ်လို့ ထင်နေတာလား" သူဌေးဟန်သည် သူ၏ စုတ်တံကို ချလိုက်ပြီး မလှမ်းမကမ်းတွင် ရပ်နေသော လူငယ်ကို ကြည့်လိုက်၏။ "ရှောင်းလိ... အခုတော့ မင်းကို ငါ ရွေးချယ်ခွင့် ပေးနိုင်သေးတယ်၊ ဒါပေမယ့် နောက်ပိုင်းကျရင် ဝမ်ချင်းက မင်းကို ရွေးချယ်ခွင့် ပေးမှာ မဟုတ်ဘူး"
ရှောင်းလိသည် တိတ်ဆိတ်နေ၏။ သို့သော် သူ့ဘေးတွင် တွဲလောင်းကျနေသော လက်များသည် မသိစိတ်က အလိုလို လက်သီးဆုပ်အဖြစ် တင်းတင်းကြပ်ကြပ် ဆုပ်ထားမိလျက်သား ဖြစ်နေလေသည်။
သူဌေးဟန်က ဆက်ပြောလာသည်။ "ဒါ့အပြင် ဒီကိစ္စကို မင်း ကိုင်တွယ်ဖြေရှင်းတာကို ငါ အမြဲ မျှော်လင့်နေရတဲ့ တခြား အကြောင်းရင်းတစ်ခု ရှိသေးတယ်"
သူသည် လူငယ်၏ မျက်နှာအမူအရာကို မသိမသာ လေ့လာကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းမှာ ဟယ်မိသားစုနဲ့ ရန်ငြိုးရှိတယ်လေ။ အဲ့ဒီတုန်းက မင်း ထောင်ကျခဲ့တာ သူတို့ကြောင့် မဟုတ်လား"
ရှောင်းလိသည် မျက်လုံးများကို ပင့်လိုက်၏။ သူသည် ငယ်ရွယ်ပြီး စိတ်လိုက်မာပါ လုပ်တတ်ဆဲဖြစ်ရာ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများထဲ၌ လက်ခနဲ ဖြစ်သွားသော ကြမ်းတမ်းသည့် အရိပ်အယောင်ကို လုံးလုံးလျားလျား ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။
ထိုအရာကို သတိပြုမိသွားသော သူဌေးဟန်သည် အနည်းငယ် ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ ရေနွေးပူပူကို အေးအေးဆေးဆေးပင် ကောက်ကိုင်လိုက်ကာ တစ်ငုံ သောက်လိုက်လေသည်။ "ငါ မင်းကို သတ်ခိုင်းချင်တဲ့သူက လောင်းကစားရုံက စာရင်းကိုင်ဟောင်း ဟူရှန်းပိုင်ပဲ။ သူက ငါ့ရဲ့ စာရင်းစာအုပ်ကို အာမခံချက်အနေနဲ့ ခိုးယူသွားပြီး ဟယ်မိသားစုဆီ ခိုလှုံဖို့ စီစဉ်နေတာ"
"ဒီကိစ္စက ငါတို့ နှစ်ယောက်လုံးအတွက် အကျိုးရှိတယ်။ မင်းက ငါ့ရဲ့ အတွင်းရေး ပြဿနာကို ရှင်းပေးမယ်၊ ပြီးတော့ ဟယ်မိသားစုကြောင့် မင်း ဆုံးရှုံးခဲ့ရတဲ့ ၇ နှစ်အတွက် အတိုးနည်းနည်း ပြန်ယူဖို့ အခွင့်အရေးကို ငါက ပေးမယ်"
ရှောင်းလိသည် စကားတစ်ခွန်းမှ မပြောသေးချေ။ သို့သော် သူသည် သံမဏိတံတိုင်းကြီးတစ်ခုကဲ့သို့ စားပွဲရှေ့တွင် မတ်မတ်ကြီး ရပ်နေပြီး သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းက တင်းမာနေ၏။
သူဌေးဟန်သည် သူ့လက်ချောင်းပေါ်က ကျောက်စိမ်းလက်စွပ်ကို လှည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "တကယ်လို့ မင်း ကျရှုံးခဲ့ရင်တောင် ပါးစပ်ပိတ်ထားပြီး ဟယ်မိသားစုနဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့်လို့သာ ပြောမယ်ဆိုရင် မင်းအမေကို မင်းကိုယ်စား ငါ စောင့်ရှောက်ပေးပါ့မယ်" သူက ပြောရင်း ဖောင်းကားနေသော ငွေအိတ်တစ်အိတ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။ "သေသေချာချာ စဉ်းစားပါ"
"ဟူရှန်းပိုင်ဆိုတဲ့ အဲ့ဒီလူယုတ်မာက တစ်ချိန်လုံး ပုန်းအောင်းနေပြီး နှစ်သစ်ကူးအကြိုညမှာ ဟယ်မိသားစုဆီ စာရင်းစာအုပ် ယူသွားမယ်လို့ သတင်းရထားတယ်။ အဲ့ဒါက လှုပ်ရှားဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ အဲ့ဒီမတိုင်ခင် မင်း ဆုံးဖြတ်ချက်ချပြီးရင် ငါ့ကို အဖြေပေးပါ။ ဒီငွေတွေကို ယူသွားပြီး မင်းအမေနဲ့အတူ နှစ်သစ်ကူးကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းလိုက်ပါ"
တံခါးဖွင့်သံ တိုးတိုးလေးတစ်ခုနှင့်အတူ သူဌေးဟန်သည် ထွက်ခွာသွားခဲ့လေသည်။
ရှောင်းလိသည် စားပွဲပေါ်တွင် သူ၏ လက်မောင်းများကို ထောက်ထားလိုက်သည်။ ပြတင်းပေါက်၏ ဟနေသောနေရာမှ ဖြတ်သန်းဝင်ရောက်လာသည့် မှိုင်းပျပျ နေ့ခင်းဘက် အလင်းရောင်အောက်တွင် သူ၏ ဘေးတိုက် မျက်နှာသွင်ပြင်က ထင်ရှားနေသည်။ သူ၏ ရှုပ်ပွနေသော ဆံနွယ်များအောက်မှ မည်းနက်သော မျက်ဝန်းတစ်စုံသည် သူဌေးဟန် ချန်ထားခဲ့သော ဖောင်းကားနေသည့် ငွေအိတ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။
အဟက်... လမ်းဘေးက ခွေးလေခွေးလွင့် တစ်ကောင်ကို အေးစက်နေတဲ့ ပေါက်စီတစ်ဝက် ပစ်ကျွေးလိုက်သလိုပဲ ခံစားရတယ်။
ဒါပေမယ့် တကယ်တမ်းတော့ သူက အသက်ရှင်ဖို့အတွက် ဒီအေးစက်နေတဲ့ ပေါက်စီကို အားကိုးရဦးမှာပဲ။
ရှောင်းလိသည် ငွေအိတ်ကို ကောက်ယူကာ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး လှည့်ထွက်လာလိုက်သည်။
သူ အောက်ထပ်သို့ ဆင်းသွားသောအခါ သူဌေးဟန် ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ အဓိက ဧည့်ခန်းမဆောင်အတွင်း ရှောင်းဟွေ့နျန် အရွယ်ခန့်ရှိ အမျိုးသမီး နှစ်ယောက်သည် အနေရခက်စွာ ရပ်နေကြသည်။ သူ ထွက်လာသည် မြင်သောအခါမှသာ သူတို့က ဝမ်းသာအားရ လှမ်းခေါ်လိုက်ကြသည်။
ရှောင်းလိကလည်း ထိုအမျိုးသမီး နှစ်ဦးကို နှုတ်ဆက်လိုက်သည်။ "အမေ(၃)... အမေ(၄)..."
ထိုအမျိုးသမီး နှစ်ဦးသည် စုတ်ပြဲဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းနည်းပူဆွေးမှုများ ထင်းနေကာ အဆောက်အအုံအတွင်းရှိ အခြားမိန်းကလေးများ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက ခေါ်လိုက်သောအခါမှသာ သူတို့ ပြုံးလိုက်ကြသည်။ အရပ်ပိုရှည်သော အမျိုးသမီးက ပြောလိုက်သည်။ "အမေ(၄)နဲ့ ငါက စောစောက နောက်ဖေးခြံဝင်းထဲမှာ အလုပ်များနေလို့ မင်း လာတာကို မသိလိုက်ဘူး"
ရှောင်းလိက ပြန်ဖြေလိုက်သည်။ "သူဌေး ဒီမှာ ရှိနေလို့ သူ့ကို လာတွေ့တာပါ"
သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။ "အမေ(၂) က ဘာလို့ မရှိတာလဲ"
မျက်နှာချွန်ချွန်နှင့် အမျိုးသမီးက ခါးသီးစွာ ပြန်ဖြေလိုက်သည်။ "မင်းရဲ့ အမေ(၂) က နေမကောင်းလို့..."
လင်းစန်းနျန်က သူမကို တံတောင်နှင့် တွတ်လိုက်သည်။ "နင့်ပါးစပ်ကို ပိတ်မထားနိုင်ဘူးပဲ။ အားဟွမ်ကို မပြောပြဖို့ ယွဲ့ကွေ့က ငါတို့ကို သတိပေးထားတာကို"
ရှောင်းလိသည် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "အမေ(၂) ဘာဖြစ်လို့လဲ"
သူ၏ အမေးကြောင့် အမျိုးသမီး နှစ်ဦးသည် အနေရခက်သွားပုံရသည်။ လင်းစန်းနျန်ကသာ ပြောလိုက်၏။ "ရောဂါဟောင်း ပြန်ထတာပါ။ ရက်နည်းနည်းလောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ..."
သခင်မကြီးသည် နောက်ဖေးခြံဝင်းမှ ဝင်လာပြီး သူတို့ကို မြင်လိုက်သည်နှင့် သူမ၏ စွေစောင်းနေသော မျက်လုံးများကို ချက်ချင်း ပင့်တင်လိုက်ကာ ဆူပူကြိမ်းမောင်းတော့သည်။ "ဒီငပျင်းမ နှစ်ယောက်! နောက်ဖေးက နှင်းတွေကိုလည်း မရှင်းရသေးဘူး၊ အမှိုက်ပုံးတွေကိုလည်း သွားမသွန်ရသေးဘူး။ အရှေ့ဘက် ခန်းမမှာ ပုန်းပြီး အလုပ်ခိုနေကြပြန်ပြီလား။ မနက်ခင်းကတည်းက ဧည့်သည်တွေ အရမ်းနည်းနေတာ အံ့ဩစရာ မရှိပါဘူးလေ... နင်တို့ရဲ့ စုန်းမရုပ်တွေက သူတို့ကို လန့်ပြေးသွားအောင် လုပ်လိုက်လို့ကိုး။ နောက်ဖေးကို ပြန်ပြီး အလုပ်သွားလုပ်ကြစမ်း! ငါ့ဂေဟာမှာ အလကား ထိုင်စားတဲ့လူတွေကို မထားဘူး!"
ဝူစစ်နျန်က တိုးတိုးလေး ပြောလိုက်သည်။ "ငါတို့က အားဟွမ် ရောက်နေတယ်လို့ ကြားလို့ သူ့ကို ထွက်လာကြည့်တာပါ..."
သခင်မကြီးက လှောင်ပြောင်လိုက်သည်။ "သူက နင်တို့ရဲ့ သားအရင်းမှ မဟုတ်တာ! ဘာလို့ အဲ့ဒီလောက်တောင် သံယောဇဉ် ကြီးပြနေရတာလဲ။ ပြီးတော့ ဟိုငပျင်းမ ယွဲ့ကွေ့... သူက ဧည့်သည် တစ်ယောက်ကို ဧည့်ခံပြီးတာနဲ့ နေမကောင်းဘူးလို့ အကြောင်းပြပြီး အိပ်ရာထဲ ပြန်ဝင်သွားတယ်။ တကယ်လို့ နင်တို့ နှစ်ယောက်က သူ့အလုပ်တွေပါ အကုန်မပြီးဘူးဆိုရင်တော့ သူ့ကို ထမင်းမကျွေးဘဲ ဖြတ်ထားတာကို ငါ့အပြစ်လို့ မပြောနဲ့နော်!"
ထိုစကားများကို ကြားလိုက်ရသောအခါ ရှောင်းလိ၏ ရင်ထဲတွင် သူ ကလေးဘဝကတည်းက ခံစားခဲ့ရသော မွန်းကျပ်ဖွယ်ကောင်းသည့် ရွံရှာမုန်းတီးမှုနှင့် အော့အန်ချင်စိတ်များက အလုံးအရင်းနှင့် ဆောင့်တက်လာတော့သည်။
သူသည် ရှေ့သို့ တိုးသွားကာ သခင်မကြီး၏ ကော်လာကို ဆွဲကိုင်လိုက်ပြီး မေးလိုက်၏။ "ကျွန်တော့်ရဲ့ မွေးစားအမေတွေကို ဒုက္ခမပေးဖို့အတွက် ခင်ဗျားကို လစဉ် ငွေပို့ပေးနေတာပဲ။ ခင်ဗျား ကတိတည်တာက ဒီလိုမျိုးလား"
သခင်မကြီးသည် ရှောင်းလိ၏ ဆုပ်ကိုင်ထားသည့်လက်မှ ရုန်းထွက်ရန် ကြိုးစားသော်လည်း သူ့ကို တစ်လက်မပင် မတွန်းထုတ်နိုင်ချေ။ သူမသည် မျက်ထောင့်နီဖြင့် ကြည့်ကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။ "သူတို့ကို ဧည့်သည် ဧည့်ခံခိုင်းတာမှ မဟုတ်တာ... ခိုင်းမိလို့လား။ ဒါပေမယ့် သူတို့က သန့်ရှင်းရေး အလုပ်တွေတော့ လုပ်ရမှာပေါ့... မဟုတ်ဘူးလား။ ယွဲ့ကွေ့အပိုင်းကတော့ အဲ့ဒါက သူ့ရဲ့ ဖောက်သည်ဟောင်းလေ။ ငွေနည်းနည်း ပိုရအောင် သူကိုယ်တိုင် အဲ့ဒီအလုပ်ကို လက်ခံခဲ့တာ။ အဲ့ဒါကို ငါက တားရမှာလား"
သခင်မကြီးက လှောင်ပြောင်လိုက်သည်။ "နင်က သူတို့ကို နင့်ရဲ့ အမေအရင်းတွေလို ကာကွယ်ပေးနေတာပဲ။ နင်က အဲ့ဒီလောက်တောင် သဘောထားကြီးနေရင် သူတို့ကို ရွေးထုတ်ပြီး ဘာလို့ အပြင်မှာ လုပ်ကျွေးမထားတာလဲ။ သူတို့ရဲ့ တန်ဖိုးက တစ်ချိန်က နာမည်အကြီးဆုံး ပြည့်တန်ဆာ ဖြစ်ခဲ့တဲ့ နင့်အမေလောက်တောင် မများပါဘူး။ တစ်ယောက်ကို ငွေလျန် ၂၀ပဲ... ငွေပေးလိုက်၊ သူတို့ရဲ့ ကျွန်စာချုပ်တွေကို ငါ ပြန်ပေးမယ်"
ဤသည်မှာ သက်သက် ခြိမ်းခြောက် ငွေညှစ်ခြင်းပင်။
အမျိုးသမီး နှစ်ဦးလုံးသည် ရှေ့သို့ တိုးလာကာ ရှောင်းလိကို သခင်မကြီးနှင့် စကားမများရန် ဖျောင်းဖျကြသည်။
ကျွေးဟုန်ဂေဟာမှ လူမိုက်အစောင့်တချို့သည် သူတို့ကို ဝန်းရံလာကြသည်။
ရှောင်းလိသည် သခင်မကြီးကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်လေသည်။ "တစ်နေ့ကျရင် ကျွန်တော့်ရဲ့ မွေးစားအမေနဲ့ တခြားသူတွေကို ကျွန်တော် ရွေးထုတ်သွားမယ်"
သူက ဆုပ်ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်ချိန်တွင် သခင်မကြီးသည် မြေပြင်နှင့် ထိသွားသော်လည်း ယိမ်းယိုင်သွားခဲ့ရာ မလဲကျစေရန် လူမိုက်အစောင့် တစ်ဦးက ထိန်းထားပေးလိုက်ရသည်။
အရှက်ခွဲခံလိုက်ရသဖြင့် သခင်မကြီး၏မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။ သူမသည် ကံဆိုးမှုများကို ဖယ်ရှားပစ်သည့်အလား သူမ၏ ကော်လာကို သုတ်ပစ်လိုက်သည်။ ရှောင်းလိက အမျိုးသမီး တစ်ဦးစီကို ငွေစအချို့ ပေးနေပြီး ယွဲ့ကွေ့အတွက်ပါ ဝေစုတစ်စု ယူသွားပေးရန် တောင်းဆိုနေသည်ကို မြင်သောအခါ သူမ၏ မကျေနပ်မှုများက ပိုကြီးထွားလာတော့သည်။ သူမက ချက်ချင်းပင် လှောင်ပြောင်လိုက်၏။
"ငါ မေ့နေတာ... နင်က ဒီမိန်းမအိုကြီးတွေကို နင့်အမေအရင်းလို ဘယ်လိုလုပ် မဆက်ဆံဘဲ နေနိုင်မှာလဲ။ လန်ဟွေ့က နင့်ကို မွေးတုန်းက သားကို အကြောင်းပြုပြီး အဆင့်အတန်း တစ်ခု ရလာဖို့ မျှော်လင့်ခဲ့တာ။ အဲ့ဒီ သူဌေးကုန်သည်က သူ့ကို ရွေးထုတ်သွားအောင် နင်က ဆွဲဆောင်နိုင်လိမ့်မယ်လို့ တွက်ထားခဲ့တာလေ။ နင့်ရဲ့လူယုတ်မာ အဖေက ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတာကို ဘယ်သူက သိမှာလဲ။ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတော့ လန်ဟွေ့က နင့်ကို လမ်းဘေးခွေး တစ်ကောင်ထက်တောင် ပိုပြီး ရွံရှာသွားခဲ့တယ်။ နင် မီးဖိုထဲ ပြုတ်ကျပြီး အဝတ်စင်ကို တိုက်မိလို့ သူ့ဂါဝန်တစ်ထည် မီးလောင်သွားတဲ့ အဲ့ဒီ နှင်းကျတဲ့နေ့ကဆိုရင် သူက အဲ့ဒီ ဂါဝန်လေး တစ်ထည်တည်းကိုပဲ တစ်ချိန်လုံး ဂရုစိုက်နေခဲ့တာ။ နင်က မီးသွေးခဲတွေကြောင့် အပူလောင်ပြီး အသံဝင်တဲ့အထိ ငိုနေခဲ့ပေမယ့် သူက နင့်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။ တကယ်လို့ ယွဲ့ကွေ့နဲ့ တခြားသူတွေက အားတဲ့အချိန်တွေမှာ နင့်ကို ဆန်ပြုတ် နည်းနည်းပါးပါး မကျွေးခဲ့ဘူးဆိုရင် နင် ဘယ်အချိန်ကတည်းက ငတ်သေနေမလဲ ဆိုတာ ဘယ်သူသိမှာလဲ!"
ရှောင်းလိသည် ထွက်ခွာရန် လှည့်လိုက်ပြီ ဖြစ်သော်လည်း ဤလှောင်ပြောင်စော်ကားသည့် စကားများက သူ့ခြေထောက်များကို မြေပြင်တွင် သံမှိုစွဲထားသကဲ့သို့ ဖြစ်သွားစေသည်။
သခင်မကြီးသည် သူမ၏ ပါးစပ်ကို အနီရောင်ပိုးစဖြင့် ဖုံးကွယ်ကာ မထီမဲ့မြင် ရယ်မောလိုက်၏။ "အခု နင့်အမေအပေါ် နင် ဒီလောက်တောင် လုပ်ကျွေးပြုစုနေတာကို ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"
လင်းစန်းနျန်က အလျင်အမြန် ပြောလိုက်သည်။ "အားဟွမ်... အဓိပ္ပာယ်မရှိတဲ့ သူ့စကားတွေကို နားမထောင်နဲ့။ မင်းရဲ့အမေက အဲ့ဒီတုန်းက စိတ်ရှုပ်ထွေးနေလို့ မင်းအဖေအပေါ်မှာ ရှိတဲ့ မကျေနပ်ချက်တွေကို မင်းအပေါ် ပုံချခဲ့မိတာပါ။ နောက်ပိုင်း မင်း ထောင်ကျသွားတော့ မင်းအမေ မျက်ရည်တွေ ခမ်းလုနီးပါး ငိုခဲ့ရတာ..."
ဝူစစ်နျန်ကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ်! ဟယ်မိသားစုရဲ့ သခင်မကြီးက သူ့ကို အဆိုးရွားဆုံး စော်ကားခဲ့တာတောင်မှ သူက ဟယ်မိသားစုရဲ့ အိမ်တော်တံခါးဝမှာ သုံးရက်ဆက်တိုက် ဒူးထောက်ပြီး တောင်းပန်ခဲ့ရတာလေ... အဲ့ဒီတော့မှ ဟယ်မိသားစုက သူတို့ရဲ့ အစေခံ သေဆုံးမှုအတွက် မင်းရဲ့ အသက်ကို မတောင်းဆိုတော့ဖို့ သဘောတူခဲ့ကြတာ..."
ဝူစစ်နျန်က ဤအတိတ်က အဖြစ်အပျက်ကို ထုတ်ဖော်ပြောဆိုသည်ကို ကြားသောအခါ လင်းစန်းနျန်သည် သူမကို ချက်ချင်းပင် တံတောင်ဖြင့် ပြင်းပြင်းထန်ထန် တွတ်လိုက်ပြီး မျက်လုံးများဖြင့် အသည်းအသန် အချက်ပြလိုက်သည်။
မိမိ၏အမှားကို သဘောပေါက်သွားသော ဝူစစ်နျန်သည် ရှောင်းလိကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ထောင်ထဲမှာ မင်း အလုပ်ကြမ်းလုပ်နေရတဲ့ နှစ်တွေတစ်လျှောက်လုံး မင်းအမေက မင်းအတွက် ကြိုးဆွဲပေးဖို့ မနားမနေ အလုပ်လုပ်ခဲ့ရတာ။ သူ တစ်ယောက်တည်း ငိုနေတာကို ငါ ခဏခဏ မြင်ခဲ့ရတယ်။ သူက မင်းကို တောင်းပန်ပါတယ်လို့ အမြဲ ပြောခဲ့တယ်"
ရှောင်းလိသည် နောက်သို့ လှည့်လာပြီး လူပြက်တစ်ယောက် ကပြနေသည်ကို ကြည့်နေသကဲ့သို့ သခင်မကြီးကို တိုက်ရိုက် ကြည့်လိုက်သည်။ "ကျွန်တော့်အမေက ကျွန်တော့်ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ ကျွန်တော် မသိဘူးလို့ ခင်ဗျား ထင်နေတာလား"
သူက ပြောလိုက်သည်။ "ဒီသားက ဘယ်လောက်ပဲ အသုံးမကျပါစေ ကျွန်တော့်မှာ အသက်ရှူနေသရွေ့ သူ့ကို သတိရပြီး ကာကွယ်ပေးသွားမှာပဲ။ ခင်ဗျားအတွက်ကတော့... အဘွားကြီးဝမ်... တခြားသူတွေ ရယ်စရာကောင်းမကောင်း စိတ်ပူနေမယ့်အစား တစ်နေ့ ကျွေးဟုန်ဂေဟာ ပိုင်ရှင် ပြောင်းသွားတဲ့အခါ ခင်ဗျားက အမှိုက်ပုံး သွားသွန်ဖို့တောင် အရည်အချင်း ပြည့်မီပါ့မလား ဆိုတာကိုသာ စိတ်ပူသင့်တယ်"
ထိုသို့ပြောပြီးနောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ကာ ထွက်သွားတော့သည်။ သခင်မကြီးမှာ သူ့ကျောပြင်ကို တုန်တုန်ယင်ယင်ဖြင့် လက်ညိုးထိုးကာ "နင်... နင်..." ဟုသာ အထစ်ထစ်အငေါ့ငေါ့ ပြောနိုင်ပြီး နောက်ထပ် စကားတစ်ခွန်းပင် ဆက်မပြောနိုင်တော့ဘဲ ကျန်ရစ်ခဲ့လေသည်။
သူ အဆောက်အအုံထဲမှ ထွက်လာချိန်တွင် ညမှောင်နေပြီဖြစ်ပြီး နှင်းမုန်တိုင်းကလည်း ပိုပြင်းထန်လာသည်။ သို့သော် ရှောင်းလိသည် သူ့ဝါးခမောက်ကို ပြန်ဆောင်းရန်ပင် စိတ်ကူးမရှိတော့ချေ။
သူသည် လေကာလည်စည်းပဝါကို လည်ပင်းတွင် ပေါ့ပေါ့ပါးပါး ပတ်လိုက်ပြီး မျက်လုံးဖွင့်ရန်ပင် ခက်ခဲစေသော အေးစိမ့်လှသည့် မြောက်လေကို ဆန့်ကျင်ကာ လျှောက်ပြန်လာခဲ့၏။ အဆောက်အအုံအတွင်းမှ သူနှင့် ကပ်ပါလာသော အော့အန်ချင်ဖွယ် ပေါင်ဒါနံ့များကို အော်ဟစ်တိုက်ခတ်နေသော အအေးဒဏ်က လွှမ်းခြုံသယ်ဆောင်သွားစေရန် ခွင့်ပြုထားလိုက်သည်။
သူ့အမေက တစ်ချိန်တုန်းက သူ့ကို ရွံရှာခဲ့တာပဲ။
ဒီအကြောင်းကို သူက ဘယ်သူ့ထက်မဆို ပိုသိတာပေါ့။
ဘယ်သူမှ သူ့ကို အထူးတလည် လာသတိပေးနေစရာ မလိုပါဘူး။
ဝိန်းယွီသည် မီးဖိုဘေးတွင် ထိုင်ကာ ပန်းထိုးနေရင်း သစ်ပင်များကို အမြစ်မှ ကျွတ်ထွက်သွားစေလောက်အောင် ပြင်းထန်သော အပြင်ဘက်မှ လေတိုက်သံများကို နားထောင်နေသည်။ ခြံတံခါးသည် ဆူညံစွာ မြည်ဟည်းနေသဖြင့် သူမသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
ထိုလူမိုက်သည် နေဝင်သည်အထိ ပြန်မလာသေးချေ။ ရှောင်းဟွေ့နျန်၏ ကျန်းမာရေးမှာ မကောင်းသဖြင့် ညဉ့်နက်သည်အထိ မနေနိုင်သောကြောင့် ဝိန်းယွီက သူမကို အရင်အနားယူရန် တိုက်တွန်းထားခဲ့သည်။
ထိုလူမိုက်သည် ယခင်က နံရံကို ကျော်တက်ပြီး ပြန်လာတတ်သည်ကို မြင်ဖူးသဖြင့် ဝိန်းယွီသည် လေကြောင့် တံခါးရိုက်ခတ်သံက ရှောင်းဟွေ့နျန်၏ အိပ်စက်ခြင်းကို နှောင့်ယှက်မည်ကို စိုးရိမ်ခဲ့ပြီး သူခိုးများကိုပါ ဆွဲဆောင်နိုင်သည်ဟု တွေးမိလိုက်သည်။ သူမသည် ပန်းထိုးအပ်ချည်ကို ချထားလိုက်ပြီး တံခါးပိတ်ရန် မတ်တတ်ရပ်လိုက်၏။
သူမ၏လက်က တံခါးတစ်ဖက်သို့ ထိလိုက်သည်နှင့် ခြံပြင်ပရှိ နံရံကို မှီကာ ထိုင်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရပြီး သူ့ကျောပေါ်တွင်လည်း နှင်းတစ်လွှာပင် စုပုံနေလေပြီ။
လန့်သွားသဖြင့် ဝိန်းယွီသည် ကိုင်ထားသော တံခါးမင်းတုပ်ကို နှင်းများထဲသို့ လွှတ်ချမိသွားတော့သည်။
ခပ်အုပ်အုပ် ပြုတ်ကျသံကြောင့် အပြင်တွင် ထိုင်နေသောသူသည် ခေါင်းလှည့်လာခဲ့၏။
သူ့ကိုယ်မှ ခပ်ဖျော့ဖျော့ အရက်နံ့တစ်ခု ထွက်ပေါ်နေပြီး သူ့ပခုံးများပေါ်တွင် နှင်းများ ဖုံးလွှမ်းနေသည်။ သူ၏ ရှည်လျားသော မျက်တောင်များသည် နှင်းခဲဖြူများအဖြစ်သို့ ပြောင်းလဲသွားသော နှင်းပွင့်များကြောင့် အေးခဲနေသည်။ သို့သော် သူ့မျက်လုံးများကတော့ မှင်ရည်ကဲ့သို့ မည်းနက်နေဆဲဖြစ်ပြီး တစ်ဖက်လူကို သူနှင့် အကြည့်ချင်းဆုံရန် တွန့်ဆုတ်သွားစေလောက်အောင် စူးရှနေတော့သည်။
ကံကောင်းချင်တော့ ထိုသူသည် လူမိုက် ဖြစ်နေသည်။
ဝိန်းယွီသည် စိတ်သက်သာရာ ရသွားသော်လည်း အနည်းငယ် အံ့ဩသွား၏။ တံခါးကို မှီကာ သူမက ပြောလိုက်သည်။ "ရှင် ပြန်ရောက်နေပြီပဲ။ ဘာလို့ ခြံထဲ မဝင်လာတာလဲ"
သူမ အနောက်ဘက်က အိမ်ထဲမှ မီးရောင်သည် အမှောင်ထုထဲတွင် သူမ၏ ရွှေရောင်အနားကွပ်ထားသော အနွေးထည်စကတ်၏ အနားသတ်ကောက်ကြောင်းကို ပေါ်လွင်စေသည်။ သူမ၏ ရှည်လျားသော ဆံနွယ်များသည် ညလေညင်းကြောင့် အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ မျက်နှာအမူအရာတွင် အေးစက်စက် နိုင်သည့် အသွင်အပြင် အနည်းငယ် ပါရှိသော်လည်း တိတ်ဆိတ်ငြိမ်သက်သော နူးညံ့မှု တစ်ခုလည်း သူမထံတွင် ရှိနေပြန်သည်။
ရှောင်းလိသည် သူမကို ခဏလောက် စိုက်ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်၏။ သူ့ပခုံးပေါ်မှ နှင်းများကို ခါထုတ်ရင်း သူက ကြားရုံလောက်သာ ပြောလိုက်လေသည်။ "အရက်တွေ အများကြီး သောက်ထားလို့ ခေါင်းကြည်သွားအောင် ခဏ ထိုင်နေတာပါ"
...