← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း (၁၆)

သူသည် မတ်တတ်ရပ်လိုက်ပြီး သူ၏ ခြေလှမ်းများက အနည်းငယ် မတည်မငြိမ်ဖြစ်နေသော်လည်း ဒယိမ်းဒယိုင်တော့ ဖြစ်မနေချေ။ သူသည် တရားလွန် မူးနေသည့်ပုံ မပေါ်ပေ။

ဝိန်းယွီသည် ဘေးသို့ရွှေ့ကာ သူ့အတွက် လမ်းဖယ်ပေးလိုက်သည်။ ထိုညက လေတိုက်နှုန်းမှာ ပြင်းထန်လှပြီး တိုက်ခတ်နေသည့်လေကြောင့် သူမ၏ ဆံနွယ်တစ်စမှာ လွင့်စဉ်လာကာ သူမ၏ အမြင်အာရုံကို အနည်းငယ် ကွယ်သွားလေသည်။ သူမသည် ထိုဆံနွယ်ကို ဖယ်ရှားရန် လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် သူမ အပေါ်သို့ အရိပ်တစ်ခု ကျရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး စူးရှလှသည့် အရက်နံ့က သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။

ဝိန်းယွီ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်သွားလေသည်။ သူမသည် နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်ပြီး သူမ၏ ကျောပြင်တစ်ခုလုံးသည် နံရံရှိ တံခါးရွက်နှင့် ပူးကပ်သွားတော့၏။

ရှောင်းလိသည် သူ၏ လက်တစ်ဖက်ကို တံခါးဘောင်တွင် ထောက်ထားလိုက်သည်။ အနည်းငယ် ငုံ့ထားသော သူ၏ အရပ်ရှည်ရှည် ကိုယ်ခန္ဓာကြီးသည် ဝိန်းယွီကို ထိုကျဉ်းမြောင်းလှသော နေရာလေးတွင် လှောင်ပိတ်ထားသယောင်။ သူ၏ မေးရိုးကောက်ကြောင်းမှာ နောက်ခံမီးရောင်ကြောင့် ထင်ရှားပြတ်သားစွာ ပေါ်လွင်နေ၏။

ညလေက တဝူးဝူး တိုက်ခတ်နေသဖြင့် သူတို့နှစ်ဦး၏ အင်္ကျီအနားစများသည် အချင်းချင်း ပွတ်တိုက်မိနေကြသည်။

ဝိန်းယွီသည် လုံးဝ တောင့်တင်းသွားတော့သည်။ မှောင်မိုက်နေသည့်တိုင်အောင် သူမ၏ မျက်ဝန်းများထဲတွင် သိသာထင်ရှားလှသော သတိထားမှုနှင့် စူးရှမှုများ ပြည့်နှက်နေလေသည်။

သို့သော်လည်း ရှောင်းလိသည် တံခါးဘောင်ကို အမှီပြုကာ ကိုယ်ကို ထိန်းထားရုံသာ ဖြစ်ပြီး အောက်သို့ ငုံ့ကာ စောစောက ဝိန်းယွီ ပြုတ်ကျသွားစေခဲ့သော တံခါးမင်းတုပ်ကို ကောက်ယူလိုက်လေသည်။ ထို့နောက် သူက မော့ကြည့်လိုက်သည်တွင် ဖြူကောင်တစ်ကောင်ကဲ့သို့ ဆူးတောင်များ ထောင်နေသော သူမကို မြင်တွေ့လိုက်ရပြီးနောက် ပြောလိုက်လေသည်။

"ငါ တံခါး ပိတ်လိုက်မယ်"

ထိုသို့ပြောပြီးနောက် သူသည် တံခါးမင်းတုပ်ကို ကိုင်ကာ နောက်ပြန်ဆုတ်လိုက်ပြီး ခြံတံခါး၏ အခြားတစ်ဖက်ကို သွားပိတ်လိုက်လေသည်။

ဝိန်းယွီ၏ လက်ဖဝါးများတွင် ချွေးစေးလေးများ စို့နေ၏။ သူမသည် မသိစိတ်က အလိုလိုပင် သူမ၏ အသက်ရှူနှုန်းကို နှေးထားလိုက်သော်လည်း လေထုထဲတွင် ခပ်ဖျော့ဖျော့ အရက်နံ့ကို ရနေဆဲ။

သူမသည် အလိုအလျောက်ပင် နောက်သို့ နောက်ထပ် ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါဆို ကျွန်မ အရင် ဝင်တော့မယ်"

ပြောပြီးသည်နှင့် သူမသည် လှည့်ကာ အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားတော့သည်။

သူမသည် အခန်းထဲသို့ အမြန်ပြန်ဝင်လိုသဖြင့် သူမ၏ အပ်ချုပ်ခြင်းတောင်းကို သိမ်းဆည်းနေစဉ်မှာပင် ရှောင်းလိသည် ခြံတံခါးကို မင်းတုပ်ထိုးပြီး ပင်မအခန်းထဲသို့ ဝင်လာသည်။

သူသည် အရက်သောက်ထားသဖြင့် ခေါင်းကိုက်နေပုံရပြီး ဝိန်းယွီကို အာရုံမစိုက်တော့ချေ။ လက်တစ်ဖက်ဖြင့် သူ့နှာတံကို ပွတ်ချေရင်း မီးဖိုဘေးက ပက်လက်ကုလားထိုင်ပေါ်တွင် လှဲချလိုက်လေသည်။ မီးအပူရှိန်ကြောင့် သူ၏ အဝတ်အစားများပေါ်ရှိ နှင်းခဲများမှာ အရည်ပျော်သွားပြီး စိုစွတ်နေသော်လည်း သူကတော့ လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

ထို့အတူပင် နှင်းပွင့်များ ကင်းစင်သွားပြီး အနည်းငယ် စိုစွတ်ကာ ရှုပ်ပွနေသည့် သူ့ဆံပင်များသည် သူ့နဖူးပေါ်သို့ ကျနေလေသည်။ ထိုအရာက သူ၏ ပုံမှန် မာနကြီးပြီး ကြမ်းတမ်းသည့် အသွင်အပြင်ထဲသို့ လမ်းဘေးခွေးတစ်ကောင်နှယ် သနားစဖွယ် အငွေ့အသက်လေး တစ်စွန်းတစ်စကို ထပ်ပေါင်းထည့်ပေးနေသယောင်။

ဝိန်းယွီသည် သူမ၏ အပ်ချုပ်ခြင်းတောင်းကို ယူကာ အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တွေဝေသွားတော့သည်။

ငါ့ရဲ့ လက်ရှိရုပ်ရည်နဲ့ဆိုရင် ဒီလူမိုက်က ငါ့အပေါ် မကောင်းတဲ့ စိတ်ကူးတွေ ရှိလာမှာ မဟုတ်ပါဘူးလေ။ ခုနက ဖြစ်သွားတာက... မတော်တဆ ဖြစ်တာပဲ နေမှာပါ။

အခုချိန်ထိ သူက သူ့အခန်းကို ငါ့အတွက် ပေးထားတုန်းပဲ။ မူးနေတဲ့ လူတစ်ယောက်ကို ဒီလိုမျိုး ထားခဲ့ရတာက နည်းနည်းတော့ မလုံမလဲ ဖြစ်မိသလိုပဲ။။

ခဏတာ တွေဝေပြီးနောက် သူမသည် အပ်ချုပ်ခြင်းတောင်းကို အသာအယာလေး ပြန်ချထားလိုက်သည်။ ထို့နောက် ရှောင်းဟွေ့နျန် ချက်ပြုတ်ရာတွင် သုံးလေ့ရှိသည့် သုံးချောင်းထောက်သံခုံကို မီးဖိုပေါ်သို့ မီးညှပ်ဖြင့် ရွှေ့တင်လိုက်ပြီး ရေနွေးကြိုရန် ရေနွေးအိုးတစ်အိုးကို ထိုအပေါ်သို့ တင်လိုက်သည်။

ရေနွေးဆူလာသောအခါ ဝိန်းယွီသည် မြေပန်းကန်လုံး တစ်လုံးကို ရှာယူလိုက်ပြီး ရေနွေးအနည်းငယ် လောင်းထည့်ကာ အအေးခံရန် ခုံတန်းရှည်ပေါ်တွင် တင်ထားလိုက်၏။ တတ်နိုင်သမျှ လုပ်ပေးပြီးပြီဟု ခံစားလိုက်ရသဖြင့် သူမက ပြောလိုက်လေသည်။

"ကျွန်မ ရှင့်အတွက် ရေနွေးကြိုထားပေးတယ်။ ခဏနေရင် ရှင် သောက်လို့ ရပြီ"

ထိုသို့ပြောပြီးနောက် သူမသည် အပ်ချုပ်ခြင်းတောင်းကို ယူကာ အခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ် မျက်လုံးများ မှိတ်ကာ အနားယူနေသော အမျိုးသားသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေသည်။ ထွက်ခွာသွားတော့မည့် သူမ၏ ကျောပြင်ကို ကြည့်ရင်း သူက မေးလိုက်၏။

"မင်း စာဖတ်တတ်တယ် မလား"

မည်သို့ ပြန်ဖြေရမည်ကို စဉ်းစားနေစဉ် ဝိန်းယွီ၏ နှလုံးသားမှာ အနည်းငယ် တင်းကျပ်သွားတော့သည်။ သို့သော်လည်း သူက ဆက်ပြောလိုက်လေသည်။

"မင်း အခန်းထဲက ကုတင်အောက်မှာ သေတ္တာတစ်လုံး ရှိတယ်။ အဲ့ဒီထဲမှာ စာအုပ်တစ်အုပ် ရှိတယ်။ အဲ့ဒါ သွားယူခဲ့"

ဒါက မေးခွန်း သို့မဟုတ် စမ်းသပ်မှုတစ်ခု မဟုတ်တော့ပေ။ အမိန့်ပေးခြင်း တစ်ခုသာ။

သူ၏ ရည်ရွယ်ချက်ကို သေချာမသိသော်လည်း ဝိန်းယွီသည် သူမ၏ အပ်ချုပ်ခြင်းတောင်းကို အခန်းထဲသို့ သယ်သွားလိုက်ပြီး သူ ညွှန်ကြားသည့်အတိုင်း သူလိုချင်သော စာအုပ်ကို ရှာလာခဲ့လိုက်သည်။

၎င်းကို စာအုပ်ဟု ခေါ်နိုင်သော်လည်း အဖုံးတော့ မရှိတော့ချေ။ ဝိန်းယွီသည် ထိုစာအုပ်ကို အကြမ်းဖျင်း လှန်လှောကြည့်လိုက်သောအခါ မင်းဆက်အသီးသီးမှ ဘုရင်များ၊ မှူးမတ်များနှင့် စစ်သူကြီးများအကြောင်း ရေးသားထားသည့် သမိုင်းဝတ္ထုတစ်အုပ် ဖြစ်ကြောင်း သိလိုက်ရသည်။ စာမျက်နှာများမှာ ဟောင်းနွမ်းနေပြီး ရိုက်နှိပ်ထားသော မှင်များမှာလည်း ကြမ်းတမ်းကာ မှေးမှိန်နေလေပြီ။

ထိုကဲ့သို့သော ပုံပြင်စာအုပ်များသည် သာမန်ပြည်သူများအကြားတွင် အလွန်ရေပန်းစားကြောင်း ဝိန်းယွီ သိထားသည်။ ပုံပြင်ပြောသူများကလည်း ထိုစာအုပ်များထဲမှ များပြားလှသော ဇာတ်လမ်းများကို အလွတ်ကျက်မှတ်ထားကြပြီး ရင်းနှီးကျွမ်းဝင်နေကြပြီ။

သည်လောက် ညဉ့်နက်နေချိန်တွင် ထိုလူမိုက်က ဤပုံပြင်စာအုပ်ကို လိုချင်နေရသည့်အကြောင်းအရင်းကို သူမ မသိချေ။ ခဏတာ နားမလည်နိုင် ဖြစ်သွားပြီးနောက် သူမသည် ထိုစာအုပ်ကို အပြင်သို့ ယူလာခဲ့လိုက်၏။

"ကျွန်မ ရှင့်အတွက် စာအုပ် ယူလာခဲ့ပြီ၊ ခုံတန်းရှည်ပေါ်မှာပဲ ထားခဲ့လိုက်မယ်နော်..."

"ငါ့အတွက် တစ်ပိုဒ်လောက် ဖတ်ပြစမ်းပါ"

သူမ စကားပင် မဆုံးသေးခင်မှာ သူက ဖြတ်ပြောလိုက်လေသည်။ အရက်သောက်ထားပြီးနောက် သူ့အသံမှာ ထူးဆန်းသော အက်ရှရှအသံတစ်ခု ဆောင်ထားသည်။ သူ၏ မျက်တောင်ရှည်ကြီးများသည် မျက်ဝန်းအောက်တွင် ငြိမ်သက်နေပြီး သူ၏ စူးရှသော မျက်ခုံးများမှာ မျက်လုံးမှိတ်ထားသည့်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူသည် အနားယူရန် မျက်လုံးမှိတ်ထားခြင်းလား သို့မဟုတ် စဉ်းစားရန် မျက်လုံးထားခြင်းလား ဆိုသည်ကို ခွဲခြားသိမြင်ရန် ခက်ခဲလှပေသည်။

ဘာမှမသိနားမလည်တဲ့ စာမတတ်သူအဖြစ် ဟန်ဆောင်ရမလား၊ ဒါမှမဟုတ် စာတတ်ကြောင်း ဝန်ခံရမလား။ ဝိန်းယွီသည် ထိုအတွေးနှစ်ခုကြားတွင် ခဏနောက် သေချာချိန်ဆကြည့်လိုက်၏။ နောက်ဆုံးတော့ ဒုတိယနည်းလမ်းကိုသာ ရွေးချယ်လိုက်တော့သည်။ ဒီလူမိုက်က အရူးမှ မဟုတ်တာ။ သူက ငါ့ရဲ့ ထူးခြားတဲ့ နောက်ခံအကြောင်းကို ရိပ်မိနေလောက်ပြီလို့တောင် ခပ်ရေးရေး ခံစားမိနေသားပဲ။ ဒါပေမယ့် သူက ထပ်ပြီး မတူးဆွခဲ့တဲ့အတွက် ဒီယာယီ ငြိမ်းချမ်းရေးလေးကို ဆက်ပြီး ထိန်းထားနိုင်သေးတာပေါ့။

အခုတော့ သူက ငါ စာတတ်ကြောင်းကို ဖော်ထုတ်လိုက်ပြီဆိုတော့ ဆက်ပြီး မသိချင်ယောင်ဆောင်နေတာက သူ့ကို ငါ့အကြောင်းတွေ ပိုပြီး စူးစမ်းလာအောင် လုပ်သလို ဖြစ်သွားလိမ့်မယ်။

ပက်လက်ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ လှဲလျောင်းနေဆဲဖြစ်သော လူငယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမသည် စကားလုံးများကို ချိန်ဆကာ ပြောလိုက်လေသည်။

"ကျွန်မ... ကျွန်မရဲ့ အစ်ကိုကြီးဆီကနေ စာလုံး နည်းနည်းပါးပါးပဲ သင်ဖူးတာပါ။ အများကြီးတော့ မသိပါဘူး"

သူက ရိုးရှင်းစွာပင် ပြန်ပြောလိုက်၏။ "ဖတ်သာ ဖတ်စမ်းပါ"

ထို့ကြောင့် ဝိန်းယွီသည် ဆီမီးခွက်နှင့် မီးဖိုမှ အလင်းရောင်ကို အားပြုကာ သမိုင်းဝတ္ထုထဲမှ စတင် ဖတ်ပြလိုက်သည်။

"သူတို့ ပြောကြတာကတော့... မင်းဆက် သုံးဆက်နဲ့ ဧကရာဇ် ငါးပါး အကြောင်း၊ ရှား၊ ရှန် နဲ့ ကျိုး မင်းဆက်တွေရဲ့ အောင်မြင်မှုတွေ အကြောင်းပေါ့။ သူရဲကောင်းတွေက... နွေဦးနဲ့ ဆောင်းဦး ကာလတွေကို လှုပ်ခတ်စေခဲ့ပြီး တစ်မင်းတက် တစ်မင်းဆင်းနဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့တယ်။ သမိုင်းမှတ်တမ်းတွေမှာ နာမည်အနည်းငယ်ပဲ ကျန်ရစ်ခဲ့တယ်... [1]"

ခက်ခဲသော စာလုံးများကို မသိဟန်ဆောင်ရင်းနှင့် ရှောင်းဟွေ့နျန် မနိုးစေရန် အသံကို တိုးတိုးလေး ထားကာ ဖတ်နေသော်လည်း သူမ၏ ကြည်လင်ပြတ်သားပြီး သာယာသော အသံလေးတွင် ခပ်ရှရှအသံလေးတစ်ခု ပါဝင်နေပြီး လော့ယန် လေယူလေသိမ်းနှင့် ပေါင်းစပ်သွားသောအခါ ထူးခြားသော အရသာတစ်မျိုးကို ပေးစွမ်းနေလေသည်။

အပြင်ဘက်တွင် နှင်းမုန်တိုင်းများ တိုက်ခတ်ကာ လေပြင်းများ ဟိန်းဟောက်နေပြီး ကွဲအက်နေသည့် တံခါးများမှတဆင့် ဝင်ရောက်လာသော လေအေးများကြောင့် မီးဖိုတွင်းရှိ မီးတောက်များမှာ တဖျတ်ဖျတ် လှုပ်ရှားနေလေသည်။ အခန်းတွင်း၌မူ ကြည်လင်သာယာသော စာဖတ်သံလေးကသာ မနှေးလွန်း မမြန်လွန်း ပုံမှန်အတိုင်း ဆက်လက် ထွက်ပေါ်နေတော့သည်။

ပထမဆုံး အပိုင်းကို ဖတ်အပြီးတွင် ဝိန်းယွီသည် ရှောင်းလိကို မော့ကြည့်လိုက်၏။ သူသည် မျက်လုံးများ မှိတ်ထားကာ တိတ်ဆိတ်နေသဖြင့် အိပ်ပျော်သွားလေသလားတော့ သူမ သေချာမသိချေ။

သူမသည် ထပ်မမေးတော့ဘဲ ပုံပြင်စာအုပ်ကို ခုံတန်းရှည်ပေါ်တွင် အသာအယာလေး ချထားလိုက်သည်။ ထို့နောက် မီးဖိုထဲသို့ ထင်းနှစ်တုံး ထပ်ထည့်လိုက်ပြီး သူမ၏ အခန်းထဲသို့ ဝင်ရန် လှည့်ထွက်သွားခဲ့လေသည်။

သိပ်မနူးညံ့သော်လည်း နွေးထွေးမှုရှိသော ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ဝိန်းယွီသည် သမိုင်းဝတ္ထုထဲမှ အကြောင်းအရာများကို တွေးတောနေမိဆဲ။ သူတို့ ပြောကြသည်မှာ သမိုင်းဆိုသည်က အတက်အကျများကို နားလည်စေရန် ကြေးမုံပြင်တစ်ခုအဖြစ် အသုံးဝင်သည် ဟူ၏။ ယနေ့ခေတ်လူများသည် အတိတ်က မှူးမတ်များကို လှောင်ပြောင်ကြသော်လည်း အနာဂတ် မျိုးဆက်သစ်များက ယနေ့ခေတ် မင်းသားများနှင့် စစ်သူကြီးများကို မည်သို့ ဝေဖန်ပိုင်းခြားကြမည်ဆိုသည်ကိုတော့ မသိနိုင်ကြချေ။

ဖုန်းယန်တွင် ပိတ်မိနေသော သူမ၏ မိဘများနှင့် အစ်ကိုကြီး၏ မိသားစုကို တွေးမိသောအခါ နှလုံးသားမှာ လေးလံသွားရသည်။ နန်ချန်သို့ သွားရောက်သည့် ခရီးစဉ်တစ်လျှောက်လုံးတွင် သူမ၏ ယုံကြည်ရသော လက်အောက်ငယ်သားများက ကာကွယ်ပေးထားသည့်တိုင်အောင် သူမသည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ ကံဆိုးမိုးမှောင်ကျကာ ကျွန်ကုန်သည်များ၏ လက်ထဲသို့ ရောက်ရှိသွားပြီးနောက်ပိုင်း သူမသည် ညဘက်များတွင် ကောင်းစွာ အိပ်မပျော်ခဲ့ချေ။

ယနေ့ညတွင်တော့ လွမ်းဆွေးမှုများကြောင့် ဤခြေသလုံးအိမ်တိုင် ဘဝကြီးက ဘယ်လောက်အထိ ကြာရှည်ဦးမည်ကို မသေချာတော့ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေကာ အိပ်မပျော်နိုင် ဖြစ်နေတော့သည်။

သူမသည် တံခါးဘက်သို့ နောက်တစ်ကြိမ် လှည့်လိုက်သောအခါ တံခါးအက်ကြောင်းမှတဆင့် စိမ့်ဝင်လာသော ခပ်ဖျော့ဖျော့ မီးရောင်ကို မတော်တဆ မြင်လိုက်ရ၏။ ထိုလူမိုက်က အပြင်ဘက်ရှိ ပက်လက်ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေပြီး ဘယ်သူခိုးမှ အနားကပ်ရဲမည် မဟုတ်ကြောင်း သတိရလိုက်မိသောအခါ ဘာကြောင့်မှန်းမသိ သူမ၏ နှလုံးသားမှာ ရှင်းပြမတတ်အောင်ပင် များစွာ ပိုတည်ငြိမ်သွားတော့သည်။

မနက်ဖြန်တွင် ဘာတွေပဲ ဖြစ်လာပါစေ၊ အနည်းဆုံးတော့ လောလောဆယ်တွင် ဤထောင့်ကျကျ နေရာလေး၌ သူမသည် ယာယီ ခိုလှုံရာတစ်ခုကို ရှာတွေ့နိုင်သေးသည်။

မိုးသောက်ချိန်တွင် ရှောင်းလိ နိုးလာခဲ့သည်။

မီးဖိုထဲရှိ ထင်းများမှာ ကုန်စင်အောင် လောင်ကျွမ်းသွားပြီဖြစ်ပြီး အဖြူရောင်ပြာများကြားတွင် ရဲရဲတောက်နေသော မီးခဲများသာ ကျန်ရှိတော့သည်။

တစ်ညလုံး ပက်လက်ကုလားထိုင်ပေါ်တွင် အကြမ်းပတမ်း အိပ်ခဲ့ရသဖြင့် သူ၏ လည်ပင်းမှာ တောင့်တင်းကာ နာကျင်နေသည်ကတော့ ရှောင်လွဲလို့မရချေ။ သူသည် ထထိုင်လိုက်ပြီး သူ့လည်ပင်းကို လက်ဖြင့် ပွတ်သပ်လိုက်၏။ မနေ့ညက ထိုင်းမှိုင်းနေသော အမူအရာများမှာ သူ့မျက်နှာပေါ်မှ ပျောက်ကွယ်သွားခဲ့လေပြီ။

မတ်တတ်ရပ်ရန် ပြင်လိုက်ချိန်မှသာ ခုံတန်းရှည်ပေါ်ရှိ အေးစက်နေသော ရေနွေးပန်းကန်လုံးကို သူ သတိထားမိလိုက်ပြီး အံ့အားသင့်ကာ အနည်းငယ် တုံ့ဆိုင်းသွားတော့သည်။

နှင်းများနှင့် လေတိုက်သံများကြားတွင် တည်ငြိမ်နေခဲ့သော မနေ့ညက စာဖတ်သံလေးကို ပြန်အမှတ်ရသွားသည်။ တံခါးအက်ကြောင်းမှတဆင့် လေပြေတစ်ချက် စိမ့်ဝင်လာပြီး ပန်းကန်လုံးထဲရှိ ရေပြင်ထက်တွင် လှိုင်းဂယက်လေးများ ထသွားခဲ့၏။

ရှောင်းလိသည် ပန်းကန်လုံးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ မတ်တတ်ရပ်လိုက်လေသည်။ သူသည် ယမန်နေ့က ဆိုင်တာဝန်ခံဟန် ပေးခဲ့သော ငွေများကို ရှောင်းဟွေ့နျန်ထံ ပေးရန်အတွက် သူ၏ အင်္ကျီရင်ဘတ်ထဲသို့ လက်နှိုက်လိုက်ချိန်တွင် သူ၏ လက်ချောင်းများသည် လက်ကိုင်ပဝါတစ်ထည်နှင့် ပွတ်တိုက်မိသွားခဲ့သည်။

သူသည် နှစ်ခုလုံးကို ဆွဲထုတ်ကာ စစ်ဆေးကြည့်လိုက်သည်။ ပိုးသားလက်ကိုင်ပဝါပေါ်ရှိ သွေးစွန်းနေသော နေရာများမှာ မျက်စိကျိန်းစရာ ကောင်းနေပြီး ထောင့်တစ်နေရာတွင် စူးကျိုးပန်းထိုးဖြင့် ထိုးထားသော နုနယ်သည့် သစ်ခွပန်းလေးမှာ ထင်ရှားစွာ ပေါ်လွင်နေလေသည်။

တဒင်္ဂလေး မရေမရ ဖျတ်ခနဲ ခံစားလိုက်ရ၏။

ရှောင်းဟွေ့နျန်၏ တံခါးဆီမှ အသံတိုးတိုးလေး ထွက်ပေါ်လာချိန်တွင် သူသည် လက်ကိုင်ပဝါကို သူ၏ ဝတ်ရုံထဲသို့ အလိုအလျောက်ပင် ပြန်ထည့်လိုက်လေသည်။

သားဖြစ်သူကို မြင်သောအခါ ရှောင်းဟွေ့နျန်သည် မနေနိုင်ဘဲ ဆူပူလိုက်တော့သည်။

"မနေ့ညက ဘယ်အချိန်မှ ပြန်ရောက်တာလဲ။ ဘာဖြစ်လို့ နည်းနည်းလောက် ပိုမအိပ်တာလဲ"

ရှောင်းလိက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ "ကျန်းဟူတို့က သောက်ဖို့ ခေါ်တာနဲ့လေ။ ကျွန်တော် ပြန်လာတာ နည်းနည်း နောက်ကျသွားတယ်"

စကားပြောနေစဉ်မှာပင် သူက ငွေအိတ်ကို ရှောင်းဟွေ့နျန်ထံ ကမ်းပေးလိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ဆိုင်တာဝန်ခံက ဒါကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်တာ"

ရှောင်းဟွေ့နျန်သည် သူမ၏ လက်ထဲရှိ ငွေအိတ်ကို အချိန်ဆကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်လို့ ဒီလောက်တောင် များနေတာလဲ။ ဟွမ်အာ... မင်း လောင်းကစားရုံမှာ အလုပ်လုပ်တာက တစ်ပိုင်းပေါ့။ ဒါပေမယ့် တခြားကိစ္စတွေမှာ သွားမပတ်သက်နဲ့နော်"

ရှောင်းလိသည် သူမ ဆိုလိုသည်ကို နားလည်သဖြင့် လူမိုက်ဆန်ဆန် ပြုံးလိုက်လေသည်။

"အမေက ဘာတွေ တွေးနေတာလဲ။ ကျွန်တော်က ဆိုင်တာဝန်ခံအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးတော့ သူက ကျွန်တော့်ကို တန်ဖိုးထားတာ သဘာဝပါပဲ။ အခု စုန့်ချင် မရှိတော့တဲ့အတွက် သူက ကျွန်တော့်ကို သူ့နေရာမှာ အစားထိုးဖို့တောင် ရာထူးတိုးပေးချင်နေတာ!"

သူတို့ စကားပြောနေစဉ်မှာပင် အလယ်ခန်း၏ လိုက်ကာက မြင့်တက်လာကာ ဝိန်းယွီ ထွက်လာပြီး သူတို့ကို နှုတ်ဆက်လိုက်လေသည်။

"ဒေါ်ဒေါ်... အာ့လန်(ဒုတိယသခင်လေး)”

ရှောင်းဟွေ့နျန်သည် ချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။

"အားယွီ... မင်းလည်း နိုးနေပြီပဲ"

သူမသည် ရှောင်းလိကို ညွှန်ကြားလိုက်လေသည်။ "ဒါနဲ့... ခဏနေရင် အားယွီကို ဈေးကို ခေါ်သွားလိုက်ဦး။ သူ ယပ်တောင်ပုံစံတွေ ဆွဲဖို့ စုတ်တံနဲ့ မှင် သွားဝယ်ရဦးမယ်။ အဝတ်လျှော်တဲ့ အစ်မဖန်က သူ နေမကောင်းဖြစ်နေလို့ နှစ်သစ်ကူးပြီးတဲ့အထိ အလုပ်မလက်ခံတော့ဘူးလို့ ပြောတယ်။ အမေ အိမ်က အိပ်ရာခင်းတွေကို ချွတ်ပြီး မြစ်ထဲ သွားလျှော်ရဦးမယ်"

သူမ၏ ကျန်းမာရေး ချို့တဲ့နေမှန်း သိသဖြင့် ရှောင်းလိသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး နေမကောင်း ဖြစ်သွားရတာလဲ"

ရှောင်းဟွေ့နျန်က ပြန်ဖြေလိုက်၏။

"ဒီလို အေးခဲနေတဲ့ ရာသီဥတုမှာ သူက တခြားလူတွေအတွက် အမြဲတမ်း အဝတ်တွေ လျှော်နေရတာလေ။ သူက သံနဲ့ လုပ်ထားတာမှ မဟုတ်တာ... ဘယ်လိုလုပ်ပြီး မဖျားဘဲ မနေမှာလဲ"

ရှောင်းလိက တင်းခံကာ ပြောလိုက်သည်။ "ဒါဆိုလည်း အိပ်ရာခင်းတွေကို ကျွန်တော့်ကိုပဲ ပေးလိုက်ပါ အမေရယ်"

ရှောင်းဟွေ့နျန်က သူ့ကို ဆူပူလိုက်လေသည်။ "မင်းကို အားယွီကို စုတ်တံနဲ့ မှင်သွားဝယ်ပေးဖို့ ခေါ်သွားခိုင်းထားတယ် မဟုတ်လား"

ထိုအချိန်မှာပင် ခြံတံခါးမှ ခေါက်သံတစ်ခု ထွက်ပေါ်လာပြီး ဟော်ရှောင်အန်း၏ အော်သံကြီးပါ ထွက်ပေါ်လာတော့သည်။

"ဒေါ်ဒေါ်! အစ်ကို(၂)!"

ရှောင်းလိက အကြံပြုလိုက်၏။ "ရှောင်အန်းကိုပဲ သူ့ကို ခေါ်သွားခိုင်းလိုက်"

ဟော်ရှောင်အန်းသည် ရေနွေးငွေ့များ ထွက်နေသော ပေါက်စီအိတ်ကို ကိုင်ကာ ဝင်လာခဲ့သည်။ ရှောင်းလိနှင့် ရှောင်းဟွေ့နျန်ကို နှုတ်ဆက်ပြီးနောက် သူသည် ဝိန်းယွီဘက်သို့ စိတ်အားထက်သန်စွာ လှည့်ကာ ပြောလိုက်လေသည်။

"အစ်မ အားယွီ... ကျွန်တော့်ဆီမှာ သတင်း ရှိတယ်!"

ထိုအခါ ဝိန်းယွီ၏ မျက်တောင်များမှာ အနည်းငယ် မြင့်တက်သွားတော့သည်။

ဟော်ရှောင်အန်းသည် ပေါက်စီများကို စားပွဲပေါ် တင်လိုက်ပြီး ထိုင်ချကာ အလျင်စလို ပြောလိုက်၏။

"ဖုန်းယန်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ အပိတ်ခံထားရလို့ အဲ့ဒီကနေ ဘာသတင်းမှ ထွက်မလာသေးဘူး။ ဒါပေမယ့် လော့ယန်ကတော့ ရှုပ်ယှက်ခတ်နေပြီ! ကျွန်တော် ကြားတာကတော့ လော့ယန် နန်းတော်ကို ဝင်စီးခဲ့တဲ့ အယ်ကျိုးက စစ်သူကြီး ဖေစုန့်က ရှန်ဟွာနန်းဆောင်မှာ ဟန့်ယန်မင်းသမီးရဲ့ ပုံတူပန်းချီကားကို မြင်ပြီး ချက်ချင်းကို စွဲလမ်းသွားတာတဲ့။ ကံမကောင်းတာက ဟန့်ယန်မင်းသမီးက ချန်လျန်ဝမ်နဲ့အတူ ဖုန်းယန်ကို ထွက်ပြေးသွားခဲ့ပြီဆိုတော့ ဖေစုန့်က ပန်းချီဆရာတွေကို သူ့ပုံတူကို ကူးဆွဲခိုင်းပြီး သူ့နဲ့တူတဲ့ မိန်းကလေးတွေကို အနှံ့အပြား လိုက်ရှာနေတာတဲ့"

ရှောင်းဟွေ့နျန်က သူ့ကို ရေနွေးပူပူ တစ်ခွက် ငှဲ့ပေးလိုက်သည်။ သောက်ပြီးနောက် သူသည် ပါးစပ်ကို သုတ်ကာ ဆက်ပြောလိုက်လေသည်။

"ဖေစုန့်ဆီ လက်နက်ချသွားတဲ့ ခရိုင်တွေမှာ ဟန့်ယန်မင်းသမီးရဲ့ ပုံတူကို မြို့တံခါးတိုင်းမှာ ကပ်ထားတယ်လို့ ဈေးက ကုန်သည်တွေဆီကနေ ကျွန်တော် ကြားခဲ့တယ်။ မင်းသမီးနဲ့ တူတဲ့ မိန်းကလေးကို သတင်းပေးတဲ့ သာမန်ပြည်သူ ဘယ်သူမဆို ငွေ၁၀လျန် ဆုချမယ်တဲ့။ စစ်သားတွေက လမ်းတွေပေါ်မှာ ကင်းလှည့်နေပြီး မျက်နှာဖုံး တပ်ထားတဲ့ မိန်းကလေးတိုင်းကို တားပြီး စစ်ဆေးနေကြတာ"

ထိုသို့ပြောပြီးနောက် သူက အနည်းငယ် ရွံရှာသည့် ဟန်ဖြင့် ထပ်ပေါင်းပြောလိုက်၏။

"အဲ့ဒီ အယ်ကျိုးက စစ်သူကြီးကတော့ တကယ့်ကို ကာမရမ္မက်ကြီးတဲ့ မိစ္ဆာတစ်ကောင်ပဲ ဖြစ်ရမယ်!"

သို့သော်လည်း ဝိန်းယွီက ထိုစကားကို ကြားလိုက်ရသောအခါ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရတော့သည်။

ဖေစုန့်က သူမကို ရှာနေတာပဲ!

ငါ နန်ချန်ကို စစ်ကူတောင်းဖို့ တိတ်တဆိတ် သွားခဲ့တာကို သူ သိနေတယ်။ တကယ်လို့ သူကသာ ငါ့ကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ရင် ငါ့ရဲ့အဖေနဲ့ အစ်ကိုတွေက စစ်ကူမရနိုင်တော့ဘဲ အချိန်အကြာကြီး တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး။

သူမ၏ အလွန် တည်တင်းနေသော အမူအရာကို သတိထားမိသွားသောကြောင့် ဖြစ်နိုင်သည်။ ဟော်ရှောင်အန်းသည် သူ၏ နောက်စေ့ကို ကုတ်ကာ အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

"အမ်း... အစ်မ အားယွီ၊ ဒီသတင်းက အသုံးမဝင်လို့လားဟင်"

...

All Chapters