အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း (၁၈)
ဆောင်းလယ်၏ ပြင်းထန်လှသော နှင်းခဲများအောက်တွင် မြစ်ကမ်းနံဘေးရှိ ညှိုးနွမ်းနေသော မြက်ပင်များသည် ရေခဲပွင့်လွှာများ ဖုံးလွှမ်းလျက် ယိုင်လဲနေသည်။
မြစ်ရေပြင်သည် မခဲသေးသော်ငြားလည်း သည်လို နေ့ရက်များတွင် ၎င်း၏ရေအေးသည် အရိုးကွဲမတတ် အေးစက်လှ၏။
မြစ်ကမ်းနံဘေးတွင် ယခုလေးတင် လျှော်ဖွပ်ထားသော အိပ်ရာခင်းများနှင့် စောင်စွပ်များပါသည့် ခြင်းတောင်းတစ်လုံး ရှိနေသည်။
ယခင်က ငြိမ်သက်နေသော မြစ်ရေပြင်သည် ရုတ်တရက် လှိုင်းထသွားပြီး ရှောင်းလိသည် ရေအောက်ခြေမှ ပေါ်ထွက်လာလေသည်။ သူသည် ရေမှော်ပင်များဖြင့် သီကုံးထားသော ငါး ၂ ကောင်ကို ကိုင်ဆောင်ထား၏။
ဗွမ်းခနဲ ရေသံက သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ငါးနှစ်ကောင်၏ အမြီးများလှုပ်ခတ်သံကို အခိုက်တန့် ဖုံးလွှမ်းသွားသည်။
ဤကဲ့သို့ နှင်းခဲများနှင့် လေပြင်းတိုက်ခတ်နေသော နေ့တွင် သူသည် အင်္ကျီမပါဘဲ အပေါ်ပိုင်း ဗလာကျင်းနေဖြစ်သည်။
သူ၏ ဆံပင်ဖျားများနှင့် သန်မာထွားကြိုင်းသော ရင်အုပ်တစ်ခုလုံးမှ ရေများ စီးကျနေ၏။
ဖုံးကွယ်ထားမည့် အဝတ်အစားများ မရှိသဖြင့် သူ့ပခုံးနှင့် ကျောပြင်ရှိ ကြွက်သားအမြောင်းများသည် သူ၏ လှုပ်ရှားမှုများနှင့်အတူ သိသိသာသာ ဖောင်းကြွလာကာ ချောမွေ့လှပသော အချိုးအစားများကို ပေါ်လွင်စေပြီး အင်အားများ ပြည့်လျှံနေသယောင် ရှိနေသည်။
သို့သော်လည်း သူ့ပခုံးရိုးပေါ်တွင်တော့ မီးလောင်ထားသည့်နှယ် အမာရွတ်တစ်ခု ရှိနေ၏။
သူသည် ခေါင်းကို ခပ်ကြမ်းကြမ်း ခါရမ်းလိုက်ပြီး သူ၏ မည်းနက်သော ဆံနွယ်များမှ ရေစက်များ လွင့်စင်သွားတော့သည်။
လက်ထဲရှိ ငါး ၂ ကောင်ကို ကြည့်ရင်း သူသည် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
"မင်းတို့ကိုယ်မင်းတို့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်တော့။ ဒီညတော့ မင်းတို့ကို ဒီရှောင်းမိသားစုရဲ့ ဝမ်းဗိုက်ထဲကို ပူဇော်ရတော့မယ်"
ငါး ၂ ကောင်သည် အမြီးများကို ထပ်မံရိုက်ခတ်လိုက်သဖြင့် ညှီနံ့နံနေသည့် ရေများသည် သူ၏မျက်နှာပေါ်သို့ စင်သွားတော့သည်။
ရှောင်းလိသည် တံတွေးထွေးလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ငါးများကို ကမ်းစပ်သို့ ပစ်တင်လိုက်၏။
သူသည် ရေအနည်းငယ် ခပ်ယူကာ မျက်နှာသစ်လိုက်ပြီးနောက် စိုရွှဲနေသော ဆံပင်များကို နောက်သို့ သပ်တင်လိုက်ကာ ကမ်းပေါ်သို့ တက်လာသည်။
သူ့ဆံပင်အဖျားများမှ ရေများ စီးကျနေဆဲ။
သူသည် ကမ်းစပ်သို့ ပိုနီးကပ်လာပြီး ရေတိမ်သွားသောအခါ သူ၏ ခါးနှင့် ဝမ်းဗိုက်ရှိ ထင်ရှားသော ကြွက်သားများကို ရှင်းလင်းစွာ မြင်တွေ့လာရ၏။
နေမင်းကြီးသည် တစ်ဝက်ခန့် ထွက်ပေါ်လာသည်။
သူ၏ နားသယ်စပ်နားက ဆံနွယ်များတွင် ရေစက်ကလေးတစ်ခု တွဲလောင်းခိုနေပြီး နေရောင်ခြည် ကျရောက်လာသောအခါ တိုင်းတပါးမျိုးနွယ်စုမှ အမျိုးသားများ ဝတ်ဆင်လေ့ရှိသော နားကပ်တစ်ခုနှင့် တူနေသယောင် ရှိပြီး ဖော်ပြရခက်သော ရက်စက်သည့် ဆွဲဆောင်မှုတစ်ခုကို ဖြည့်စွက်လို့ထား၏။
ဤအချိန်တွင် အဝတ်လျှော်ရန် မြစ်ကမ်းနံဘေးသို့ ဘယ်သူမှ မလာကြသေးချေ။
ရှောင်းလိသည် ကမ်းပေါ်သို့ ရောက်သောအခါ မြစ်ကမ်းနံဘေးတွင် ထိုင်လိုက်ပြီး သူ၏ စိုရွှဲနေသော ဘောင်းဘီကို ညှစ်လိုက်၏။
သူသည် ရေများကျနေသော ဆံပင်မှ ရေများကို ပေါ့ပေါ့ပါးပါး ညှစ်ထုတ်လိုက်ပြီး ဆံပင်သည်းကြိုးတစ်စဖြင့် စည်းနှောင်လိုက်သည်။
မြစ်ကမ်းနံဘေးတွင် လက်ဝှေ့သိုင်းကွက်တစ်စုံကို လေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော အပူရှိန်ကြောင့် စိုရွှဲနေသော ဘောင်းဘီမှာ တစ်ဝက်ခန့် ခြောက်သွေ့သွားတော့သည်။
ဤလက်ဝှေ့သိုင်းကွက်စုံကို သူ ထောင်ထဲတွင် ရှိနေစဉ်က ရူးသွပ်နေသည့် အဖိုးအိုတစ်ဦးက သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ထိုအရူးအဖိုးကြီးသည် သူ့ကို ရိုက်နက် ဆဲဆိုပြီးမှ ထူးဆန်းသော အရာများစွာကို အတင်းအကျပ် သင်ယူစေခဲ့၏။
ထိုစဉ်က ရှောင်းလိသည် အသက် ၈နှစ်၊ ၉နှစ်ခန့်သာ ရှိသေးသည်။
ဤလက်ဝှေ့သိုင်းကွက်ကို လေ့ကျင့်ခြင်းသည် သူ့ခန္ဓာကိုယ်ကို သန်စွမ်းစေနိုင်ပြီး ထောင်တွင်းတွင် သူ၏လက်သီးများကိုသုံးပြီး အစားအစာများကို ရရှိအောင် ကူညီပေးနိုင်ကြောင်း သိရှိသွားသောအခါ အရူးအဖိုးအို သင်ပေးသော အခြားအရာများကို ဘာမှန်းမသိသော်ငြားလည်း သူသည် ကြိုးကြိုးစားစား သင်ယူခဲ့သည်။
သို့သော် သူ ထောင်မှ လွတ်လာပြီးနောက်ပိုင်းတွင်လည်း အရူးအဖိုးကြီးက သူ့ကို အလွတ်ကျက်မှတ်ခိုင်းခဲ့သော ပုံများနှင့် စာသားများ၏ ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့ချေ။
တစ်နေ့တွင် လောင်ကဲပြောနေသည့် ပုံပြင်များကို မတော်တဆ ကြားလိုက်ရချိန်မှသာ သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။ ထိုပုံပြင်တွင် ယခင်မင်းဆက်တစ်ခုမှ ကြီးမြတ်သော စစ်သူကြီးတစ်ဦးသည် ရန်သူကို အနိုင်ယူရန် ဟန်အယ် ဗျူဟာအခင်းအကျင်းကို အသုံးပြုခဲ့ကြောင်း ပြောပြထားသည်။
အရူးအဖိုးကြီးက သူ့ကို အလွတ်ကျက်ခိုင်းခဲ့သော အရာများထဲတွင် ဟန်အယ် ဗျူဟာအခင်းအကျင်းလည်း ပါဝင်နေ၏။
စာမတတ်သည့်အပြင် အစပိုင်းတွင် ထိုအရာကို ဘာမှန်းမသိခဲ့သော်လည်း ထောင်ထဲတွင်နေခဲ့သည့် ၇နှစ်တာကာလအတွင်း အရူးအဖိုးကြီး၏ ပြင်းထန်သော ရိုက်နှက်မှုများကို ကြောက်ရွံ့မှုသက်သက်ဖြင့် သူ့စိတ်ထဲတွင် စွဲထင်သွားသည်အထိ အလွတ်ကျက်မှတ်ခဲ့ရသည်။
ဟန်အယ် ဗျူဟာအခင်းအကျင်းသည် စစ်ရေးလှည့်ကွက်တစ်ခု ဖြစ်ကြောင်း လောင်ကဲထံမှ သိရှိပြီးနောက် သူသည် ပုံပြင်ပြောသည့် နေရာများသို့ မကြာခဏ သွားရောက်ခဲ့သည်။
လောင်ကဲသည် ယခင်မင်းဆက်များမှ စစ်သူကြီးများ၏ ပုံပြင်များကို ပြောပြသည့်အခါတိုင်း အရူးအဖိုးကြီးထံမှ သူ ကြားဖူးသော စကားလုံးတချို့က မလွဲမသွေ ပေါ်လာတတ်သည်။
ဤနည်းလမ်းဖြင့် သူသည် အလွတ်ကျက်မှတ်ထားသော အရာများကို ခေတ်အဆက်ဆက်မှ နာမည်ကြီး စစ်သူကြီးများ၏ တကယ့်သမိုင်းဝင် ဥပမာများနှင့် တဖြည်းဖြည်း ကိုက်ညီအောင် ညှိနှိုင်းကာ တိုက်ပွဲတစ်ခုစီရှိ မဟာဗျူဟာများကို ဖြည်းဖြည်းချင်း တွေးတောစဉ်းစားခဲ့၏။
အားလပ်နေသဖြင့် စပ်စုခြင်းနှင့် တူသယောင် ရှိသော်ငြားလည်း ဤကိစ္စရပ်များကို သူ လေ့လာလိုက်တိုင်း သူ၏ စိတ်တစ်ခုလုံးသည် ထူးထူးခြားခြား တည်ငြိမ်သွားတတ်သည်။
ဟော်ရှောင်အန်းကတော့ သူသည် ခေတ်အဆက်ဆက်မှ မင်းသားများ၊ စစ်သူကြီးများနှင့် ဝန်ကြီးများ၏ ပုံပြင်များကို နားထောင်ရသည်ကို နှစ်သက်သည်ဟု ထင်မှတ်နေသည်။
ဟော်ရှောင်အန်းတစ်ယောက် လောင်ကဲ၏ ပုံပြင်ပြောသည့် နေရာများသို့ မကြာခဏ သွားရောက်ပြီးနောက် ပြန်လာသည့်အခါ သူ့ကို ထိုပုံပြင်များ ပြန်ပြောပြလေ့ရှိ၏။
သူ့ကိုယ်သူ ရှင်းပြစရာ နည်းလမ်းမရှိသဖြင့် သူလည်း ဘာမှ ရှင်းပြမနေတော့ချေ။
သူ၏ ခန္ဓာကိုယ်မှ အပူရှိန်များ လျော့ကျသွားသောအခါ ရှောင်းလိသည် အနီးအနားတွင် ချွတ်ထားခဲ့သော အညိုရောင်ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး ငါးများနှင့် ဝါးခြင်းတောင်းကို ကောက်ယူကာ ပြန်လာခဲ့သည်။
လမ်းခရီးတွင် အဝတ်လျှော်ရန် မြစ်ဆီသို့ ဦးတည်လာသော အမျိုးသမီးတချို့နှင့် သူ ဆုံတွေ့ခဲ့သည်။
သူသည် သူတို့ထဲမှ တစ်ဦးကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဒေါ်ဒေါ်ဖန်း၊ နေမကောင်းလို့ နှစ်ကုန်တဲ့အထိ အဝတ်လျှော်တဲ့ အလုပ်တွေ လက်မခံတော့ဘူးလို့ ပြောထားတယ် မဟုတ်လား"
ရှောင်းလိ လှမ်းခေါ်လိုက်သော အမျိုးသမီးမှာ သူ့ကို အနည်းငယ် ကြောက်ရွံ့နေသည့်နှယ်။
သူမသည် သစ်သားဇလုံကို ဆုပ်ကိုင်ထားရင်း သူ့အကြည့်ကို ရှောင်လွှဲကာ စကားထစ်နေပြီး ပြန်ပြောရန်ပင် အလွန် ကြောက်ရွံ့နေသည်။
အနီးနားရှိ အခြားအမျိုးသမီးတစ်ဦးက သူမကိုယ်စား ဝင်ပြောလိုက်သည်။
"မောင်လေးရှောင်း... မင်းတို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိစ္စက တောင်ဘက်တတိယလမ်းကြား တစ်လျှောက်လုံး ပြန့်နှံ့နေပြီလေ။ ဒေါ်ဒေါ်ဖန်းက မင်းတို့အိမ်က အလုပ်တွေကိုပဲ လက်ခံတာ မဟုတ်ဘူး။ တခြား မိသားစုတွေက ပြောကြတယ်... သူတို့ရဲ့ အဝတ်အစားတွေကို မင်းတို့အဝတ်တွေနဲ့ အတူတူ လျှော်ရင် မသန့်ရှင်းမှာကို ကြောက်တယ်တဲ့။ ဒေါ်ဒေါ်ဖန်းက အဝတ်လျှော်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရတာဆိုတော့ မင်းတို့ မိသားစုတစ်ခုတည်းအတွက်နဲ့ တခြားဖောက်သည်တွေကို အဆုံးရှုံးမခံနိုင်ဘူးလေ..."
ရှောင်းလိသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိသွားပြီး မေးလိုက်၏။
"ကျွန်တော်တို့ မိသားစုနဲ့ ပတ်သက်တဲ့ ဘာကိစ္စလဲ"
အမျိုးသမီးများသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူသည် တကယ်ကို သိပုံမရကြောင်း မြင်သောအခါ အစောပိုင်းက စကားပြောခဲ့သူက ရှင်းပြလိုက်သည်။
"လူမိုက်တချို့က လောင်ကဲရဲ့ ပုံပြင်ပြောတဲ့ နေရာကို သိမ်းယူထားကြတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သူတို့တွေက နေရာအနှံ့ ကောလာဟလတွေ ဖြန့်နေကြတာ... မင်းရဲ့အမေက တစ်ချိန်က ကျွေးဟုန်ဂေဟာမှာ နာမည်အကြီးဆုံး ပြည့်တန်ဆာ ဖြစ်ခဲ့ဖူးတယ်တဲ့..."
ထိုစကားများသည် အထိမခံနိုင်သော နေရာကို ထိမိသွားသည့်နှယ် ရှောင်းလိ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။
...
ဝိန်းယွီသည် ဤဒေသရှိ လမ်းများကို မရင်းနှီးသဖြင့် ဆေးခန်းသို့ သွားရာလမ်းတွင် ဟော်ရှောင်အန်းကို တွဲကူရင်း သူ့လမ်းညွှန်မှုများကိုသာ လုံးလုံးလျားလျား အားကိုးနေရ၏။
သို့သော် ဟော်ရှောင်အန်းမှာ အကြိမ်များစွာ အကန်ခံထားရပြီး သူ၏ အတွင်းကလီစာများ ဒဏ်ရာရထားခြင်း ရှိမရှိ မသေချာချေ။
သူမက တွဲကူပေးထားလျက်ပင် သူသည် လမ်းလျှောက်ရန် ရုန်းကန်နေရသည်။
ဝိန်းယွီက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "နင်က ငါ့ကို ရှင့်ရဲ့ အစ်ကို(၂)ကို ပေးမပြောခိုင်းဘူး။ ဒါပေမယ့် ဒီလို ဒဏ်ရာမျိုးတွေနဲ့က သက်သာဖို့ အနည်းဆုံး ၁၀ ရက်ကနေ လဝက်အထိ ကြာလိမ့်မယ်။ နင် ဘယ်လိုများ ဖုံးကွယ်ထားဖို့ စိတ်ကူးထားတာလဲ"
ဟော်ရှောင်အန်းသည် ပါးစပ်ကို အုပ်ကာ တိုးတိုးလေး ချောင်းဆိုးလိုက်၏။
"လောလောဆယ်တော့ ဖုံးကွယ်ထားလိုက်ကြရအောင်ပါ..."
သူသည် ရောင်ရမ်းနေသည့် မျက်လုံးတစ်ဖက်ကို ပင့်ကြည့်လိုက်သည်တွင် အရှေ့ဘက် လမ်းဆုံတွင် ရပ်နေသော လူတစ်ဦးကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူသည် ခက်ခက်ခဲခဲ ရေရွတ်လိုက်သည်။
"အစ်ကို(၂)..."
ရှောင်းလိကို ရုတ်တရက် မြင်လိုက်ရချိန်တွင် ဝိန်းယွီသည်လည်း ထပ်တူပင် အံ့ဩသွားတော့သည်။
သူမသည် ဟော်ရှောင်အန်းကို တွဲကူထားဆဲဖြင့် မလှုပ်မယှက် ရပ်နေလိုက်၏။
ရှောင်းလိ ချဉ်းကပ်လာသောအခါ ဟော်ရှောင်အန်းသည် အပြုံးတစ်ခုကို အတင်းဖန်တီးရန် ကြိုးစားလိုက်သော်လည်း သူ၏မျက်နှာမှာ ညိုမဲနေသည့် ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။
အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အတင်းအကျပ် ပြုံးထားရသော ရုပ်ဆိုးဆိုး အပြုံးတစ်ခု ဖြစ်သွားတော့သည်။
"အစ်ကို(၂)... ကျွန်တော်... ကျွန်တော် မတော်တဆ ချော်လဲသွားလို့ပါ..."
ရှောင်းလိသည် ဘာမှမပြောချေ။ သူသည် ဝိန်းယွီထံမှ ဟော်ရှောင်အန်းကို တွဲလိုက်ကာ ကျောပေါ်သို့ တင်လိုက်ပြီး ဆေးခန်းဆီသို့ တိတ်ဆိတ်စွာ သယ်ဆောင်သွားတော့သည်။
ဝိန်းယွီသည် ထွက်ခွာသွားသော သူ့ကျောပြင်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူ တစ်ခုခုကို သိထားပြီး ဖြစ်နိုင်သည်ဟု သူမ ခံစားနေရသည်။
ရှောင်းလိ၏ ကျောပေါ်တွင် လှဲလျောင်းနေသော ဟော်ရှောင်အန်းသည် သူ၏ တိတ်ဆိတ်မှုကြောင့် ပိုပြီး စိုးရိမ်လာတော့သည်။
သူ စကားပြောချင်နေသည်မှာ အကြိမ်ကြိမ် ရှိပြီ ဖြစ်သော်လည်း ရှောင်းလိ၏ ပတ်ဝန်းကျင်က ဖိအားပေးနေသော လေထုမှာ အလွန် ခြိမ်းခြောက်နေသဖြင့် သူ့မှာ ပါးစပ်ပင် မဟရဲချေ။
သူ၏ လိမ်ညာမှုမှာ ခိုင်လုံမှု မရှိကြောင်း သိသော်လည်း အပူတပြင်း အခြေအနေတွင် သူသည် ပိုကောင်းသော အကြောင်းပြချက်ကို မစဉ်းစားနိုင်ခဲ့ပေ။
ဆေးခန်းတွင် ရှောင်းလိသည် ဟော်ရှောင်အန်းကို အသေးစိတ် မေးမြန်းရန် ဖိအားမပေးခဲ့ချေ။
သူသည် ဟော်ရှောင်အန်း၏ဒဏ်ရာများကို စစ်ဆေးရန်သာ သမားတော်ကို ခေါ်လိုက်သည်။
သမားတော်သည် ဟော်ရှောင်အန်း၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး အကန်ခံထားရခြင်းကြောင့် ပွန်းပဲ့ဒဏ်ရာများ ဖုံးလွှမ်းနေသော သူ၏ ပါးလျသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကို မြင်သောအခါ တရစပ် သက်ပြင်းချလေတော့သည်။
"ဒီလောက် ငယ်ရွယ်တဲ့ ကလေးကို... ဘယ်သူကများ ဒီလိုမျိုး ရက်ရက်စက်စက် ရိုက်နှက်နိုင်ရတာလဲ..."
ဟော်ရှောင်အန်း၏ အစောပိုင်းက တောင်းဆိုချက်ကို သတိရနေသော ဝိန်းယွီသည် ဝင်ရောက်ပြောဆိုရန် ခက်ခဲနေသဖြင့် နှုတ်ဆိတ်ကာသာ သမားတော်ကို ကူညီပေးကာ ဟော်ရှောင်အန်း၏ မျက်နှာပေါ်မှ သွေးများကို သုတ်ရန် ရေနွေးဝတ်ကို ကမ်းပေးလိုက်၏။
ရှောင်းလိသည် အပေါ်ကပြုတ်ကျခြင်းနှင့် ရိုက်နှက်ခံရခြင်းများမှ ရရှိသော ဒဏ်ရာများကို ကုသရာတွင် အလွန် အတွေ့အကြုံရှိဟန်တူပြီး ဆေးဆီများကို လက်ဖဝါးထဲသို့ လောင်းထည့်ကာ ပွတ်သပ်ပြီး နွေးသွားစေရန် လုပ်ပြီးနောက် ဟော်ရှောင်အန်း၏ ခန္ဓာကိုယ်ပေါ်သို့ လိမ်းကျံပေးလိုက်သည်။
ဟော်ရှောင်အန်းသည် ရှောင်းလိ၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ စိုးရိမ်မှုများ ပိုတိုးလာတော့သည်။
သူသည် အားတင်းပြုံးကာ ပြောလိုက်၏။
"အစ်ကို(၂)... ကျွန်တော် တကယ်ပဲ လုံးဝ မနာပါဘူး..."
ရှောင်းလိသည် ဆေးဆီ လိမ်းကျံစဉ်တွင် ဖိအားကို တိုးလိုက်ရာ ဟော်ရှောင်အန်းမှာ မသိစိတ်အလိုလို ပင့်သက်ရှိုက်မိသွားပြီး ကုတင်စွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် သူ၏ သွေးကြောများပင် ဖောင်းကြွလာသည်။
သမားတော်က ၎င်းကို ကြည့်ကာ ပြောလိုက်သည်။
"သည်းခံလိုက်ပါဦး။ မင်းရဲ့ ပွန်းပဲ့ဒဏ်ရာတွေက ပြင်းထန်တယ်။ ဒါက ဆေးဆီ အမြန်ဆုံး အလုပ်လုပ်တဲ့ နည်းလမ်းပဲ"
ဟော်ရှောင်အန်းသည် နာကျင်မှုကို အံကြိတ်ကာ သည်းခံနေပြီး သူ၏ နားထင်များတွင် ချွေးအေးများ စိမ့်ထွက်လာ၏။
ရှောင်းလိ၏ ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုကို သူ သတိပြုမိပြီး စိုးရိမ်မကင်း ဖြစ်လာတော့သည်။
သူသည် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူ၏ ခွန်အားအားလုံးမှာ မေးရိုးကို အံကြိတ်ထားရာတွင် ကုန်ဆုံးသွားသဖြင့် စကားတစ်ခွန်းမှ မဟနိုင်တော့ချေ။
ဝိန်းယွီသည် သူက နာကျင်မှုကို သည်လို သည်းခံနေရသည်ကို မြင်သောအခါ မကြည့်ရက်တော့သဖြင့် မျက်လွှာကို ချထားလိုက်သည်။
ဆေးဆီများကို အပြည့်အဝ လိမ်းကျံပြီးချိန်တွင် ဟော်ရှောင်အန်း၏ ဆံပင်အရင်းများတွင်း ချွေးများဖြင့် စိုရွှဲနေလေပြီ။
သူသည် ပက်လက်လှန်ကာ အသက်ကို ပြင်းပြင်းရှူနေရ၏။
သမားတော်သည် သောက်ဆေးကို ညွှန်းပေးရန် လိုအပ်နေသေးသည်။
ရှောင်းလိတစ်ယောက် လက်ဆေးပြီးနောက် ဘေးတွင် ထိုင်ကာ အချိန်တိုင်း တိတ်ဆိတ်နေသည်ကို ဝိန်းယွီ သတိထားမိလိုက်သည်။
ညီအစ်ကိုနှစ်ဦးတွင် သီးသန့် ဆွေးနွေးစရာ ကိစ္စများ ရှိနိုင်သည်ဟု ခံစားမိသဖြင့် သူမသည် ဆေးစာယူရန် သမားတော်နောက်မှ အပြင်ဘက် အခန်းသို့ လိုက်သွားလိုက်၏။
ထိုအခါမှသာ ရှောင်းလိက စကားစပြောသည်။
"ရှောင်အန်း... မင်းရဲ့ အစ်ကို(၂)က အရမ်းကို အသုံးမကျဘူးလို့ မင်း ထင်နေတာလား"
ဟော်ရှောင်အန်းသည် ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်၏။
"မဟုတ်ပါဘူး... ကျွန်တော် အဲ့ဒီလို တစ်ခါမှ မတွေးဖူးပါဘူး အစ်ကို(၂)..."
"ဒါဆို ဘာဖြစ်လို့ အဲ့ဒီ အမှိုက်ကောင်တွေရဲ့ ရိုက်နှက်တာကို ခံရတာတောင် ငါ့ကို ဖုံးကွယ်ထားရတာလဲ" ရှောင်းလိသည် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရောပြွမ်းနေပြီး မျက်လုံးများပင် နီရဲသွားစေသည့် ရက်စက်မှုတစ်ခုဖြင့် ရောယှက်နေသည်။
ဟော်ရှောင်အန်းသည် တိတ်ဆိတ်သွားတော့သည်။
ရှောင်းဟွေ့နျန်ကို ထိုလူမိုက်များက အရမ်းကို ယုတ်မာစွာ အသရေဖျက်ပြီး စော်ကားခဲ့သည်ကို သူ့အား မသိစေချင်၍သာ သူက ရှောင်းလိထံကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှောင်းလိသည် သူ့ကို စိုက်ကြည့်နေပြီး သူ၏ မည်းနက်သော မျက်လုံးများမှာ ခက်ထန်နေ၏။
"မင်းကို ရိုက်နှက်ပြီး ငါ့အမေကို အသရေဖျက်တဲ့ အမှိုက်ကောင်တွေက ဘယ်သူတွေလဲ"
ဟော်ရှောင်အန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်သွားသည်။
ရှောင်းလိသည် ထိုကိစ္စကို သိထားပြီးဖြစ်ကြောင်း မြင်သောအခါ သူသည် ထပ်ပြီး ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်း ပြန်ဖြေလိုက်တော့သည်။
"ဝမ်ချင်းရဲ့ လက်အောက်က ချန်စစ်၊ ဝမ်ဝူ နဲ့ ဖုန်းလောင်ချီ တို့ပါ"
ရှောင်းလိသည် မတ်တပ်ရပ်လိုက်ပြီး အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။
ဟော်ရှောင်အန်းသည် ၎င်းကို မြင်သောအခါ သူ့ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာ အလွန်ပြင်းထန်နေသဖြင့် ကုတင်ပေါ်မှ မထနိုင်ခဲ့ချေ။
သူသည် အော်ဟစ်ရန်သာ တတ်နိုင်တော့သည်။
"အစ်ကို(၂)... တစ်ယောက်တည်း မသွားပါနဲ့။ အစ်ကို(၃)နဲ့ တခြား ညီအစ်ကိုတွေလည်း မနေ့က အပြစ်ပေးခံရလို့ အခုထိ ကုတင်ပေါ်မှာ လဲနေတုန်းပဲ။ ကျွန်တော်တို့ အားလုံး သက်သာလာတဲ့အထိ စောင့်ပါဦး... ပြီးမှ ကျွန်တော်တို့ အတူတူ လက်စားချေကြတာပေါ့"
ကောင်တာတွင် ရှိနေစဉ် အတွင်းခန်းမှ အော်ဟစ်သံများကို ကြားလိုက်ရသော ဝိန်းယွီသည် လှည့်ကြည့်လိုက်သောအခါ ရှောင်းလိသည် မျက်နှာမည်းမှောင်လျက် တံခါးခန်းဆီးကို တွန်းဖယ်လာသည်ကို မြင်လိုက်ရ၏။
ဟော်ရှောင်အန်းသည် သူမကို တွေ့လိုက်ရသဖြင့် အရေးတကြီး လှမ်းအော်လိုက်သည်။
"အစ်မ အားယွီ... အစ်ကို(၂)ကို တားပေးပါဦး။ သူ့ကို တားလိုက်ပါ။ သူ့ကို ပေးမသွားပါနဲ့"
ဝိန်းယွီသည် ရှောင်းလိထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် ရက်စက်မှုများကို မြင်လိုက်ရချိန်တွင် ထိုလူမိုက်များနှင့် သူတို့၏ နောက်ကွယ်ရှိ မည်သူ့ကိုမဆို သူ လက်စားချေရန် ဆုံးဖြတ်ထားကြောင်း သူမ သိလိုက်လေသည်။
သူ့အကြည့်များနှင့် ဆုံမိသောအခါ သူမက ပြောလိုက်သည်။
"လူကြီးလူကောင်း တစ်ယောက်က လက်စားချေဖို့ဆိုတာ ဆယ်နှစ်ကြာရင်တောင် မနှောင်းပါဘူး... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့..."
ရှောင်းလိသည် သူမကို ကျော်ဖြတ်သွားပြီး စကားတစ်ခွန်းသာ ချန်ထားရစ်ခဲ့၏။
"ငါ့အတွက် ရှောင်အန်းကို စောင့်ကြည့်ပေးထားပါ"
ဝိန်းယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ထပ်ဖျောင်းဖျရန် ရည်ရွယ်လိုက်သော်လည်း သူသည် လေနှင့် နှင်းများထဲသို့ ခြေလှမ်းလှမ်းကာ ထွက်သွားခဲ့လေပြီ။
အတွင်းခန်းထဲတွင် ဟော်ရှောင်အန်း၏ ငိုရှိုက်သံများသာ ကျန်ရစ်ခဲ့သည်။
"အစ်ကို(၂)... အစ်ကို သွားလို့ မဖြစ်ဘူး..."
ယနေ့ ဖြစ်ရပ်များသည် ချန်လိုင့်ဇီက သူမကို ရှောင်းမိသားစုထံသို့ ပေါင်နှံခဲ့ခြင်းနှင့် ပတ်သက်မှု ရှိမရှိကို ဝိန်းယွီ မသိခဲ့သော်လည်း ရှောင်းဟွေ့နျန်မှာ ပါဝင်ပတ်သက်နေပြီ ဖြစ်သဖြင့် သူမသည် လက်ပိုက်ကြည့်ကာ ဘာမှမလုပ်ဘဲ မနေနိုင်တော့ချေ။
အတွင်းခန်း၏ တံခါးခန်းဆီးကို မတင်လိုက်ရင်း နှာရည်၊ မျက်ရည်များဖြင့် ငိုယိုနေသော ဟော်ရှောင်အန်းကို ပြောလိုက်သည်။
"တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲဆိုတာ သိလား။ အဲ့ဒီဂိုဏ်းနဲ့ နင့်ရဲ့ အစ်ကို(၂) ကြားက ရန်ငြိုးအကြောင်း ငါ့ကို ပြောပြ"
အပြင်ဘက်တွင် ရာသီဥတုမှာ အလွန်အေးခဲနေသော်လည်း လောင်းကစားရုံအတွင်းတွင်တော့ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။
လောင်းကစားဝိုင်း တစ်ခုစီ၏ အောက်တွင် မီးသွေးဖို တစ်ခုစီကို ချထားပြီး လောင်းကစားသမားများသည် စုရုံးနေကြကာ သူတို့၏ "အကြီး"၊ "အသေး" ဟု အော်ဟစ်သံများသည် ခေါင်မိုးလန်ထွက်မတတ် ကျယ်လောင်နေသည်။
အင်္ကျီအထူကြီးများကို ဝတ်ဆင်ထားသော လောင်းကစားသမားများ၏ မျက်နှာများမှာ အပူရှိန်ကြောင့် နီရဲနေပြီး ချွေးထွက်နေတော့သည်။
ဝမ်ချင်းသည် လောင်းကစားဝိုင်းတွင် အကြိမ်များစွာ ဆက်တိုက် အနိုင်ရထားပြီး အလွန် စိတ်အားထက်သန်နေ၏။
သူ့ရှေ့က ငွေများအားလုံးကို အရှေ့သို့ တွန်းပို့လိုက်ပြီး သူက အော်ဟစ်လိုက်သည်။
"နောက်တစ်ပွဲမှာ ငါ အကြီးဘက်က လောင်းမယ်"
သူ့နောက်ကို မကြာခဏ လိုက်ပါလေ့ရှိသော လူမိုက်များသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ ငွေများကို ချက်ချင်း ထုတ်ယူကာ တဖက်ထဲတွင် လောင်းလိုက်ကြသည်။
"ငါတို့လည်း အစ်ကိုချင်း နောက်က လိုက်မယ်"
အကြောင်းမသိသော လောင်းကစားသမားများသည် သူ၏ ဆက်တိုက်အနိုင်ရနေမှုကို မြင်သောအခါ သူ ကံကောင်းနေသည်ဟု ယူဆကာ လိုက်လောင်းကြလေတော့သည်။
လောင်းကစားသမားအဖြစ် အသွင်ယူထားသော လောင်းကစားရုံ ဝန်ထမ်းတစ်ဦးသည် ငွေတုံးတစ်တုံးကို ထုတ်ယူကာ "အသေး" ဘက်တွင် တင်လိုက်ပြီး အော်ဟစ်လိုက်၏။
"ဒီလို အဓိပ္ပာယ်မရှိတာကို ငါ မယုံဘူး... ငါ အသေးဘက်က လောင်းမယ်"
လောင်းကစားသမားများသည် သူ၏ ခေါင်းမာမှုကို ရယ်မောကြသော်လည်း အစီအစဉ်ကို သိရှိသူများသာ နားလည်သော အပြုံးများကို ပြုံးနေကြသည်။
အန်စာတုံး လှုပ်သူသည် အန်စာခွက်ကို ဆူညံစွာဖြင့် လှုပ်ခါလိုက်ပြီး လောင်းကစားသမားများ၏ မျက်လုံးများသည် သူတို့၏ မျက်လုံးအိမ်ထဲမှ ထွက်ကျလာတော့မည့်နှယ် သူ့လက်များကို လိုက်လံကြည့်ရှုနေကြ၏။
အန်စာခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သောအခါ လောင်းကစားသမားများသည် စိတ်လှုပ်ရှားလာကြပြီး "ဖွင့်... ဖွင့်" ဟု တပြိုင်နက်တည်း အော်ဟစ်ကြလေတော့သည်။
အန်စာတုံးကို ဖွင့်ပြတော့မည့် အချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သော ရိုက်ခတ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းက လှည့်ကြည့်လိုက်သည်တွင် လူနှစ်ဦးသည် အခန်းထဲသို့ ကန်ထုတ်ခံလိုက်ရပြီး ပန်းပုထွင်းထားသော သစ်သားတံခါးကို ရိုက်ချိုးကာ လောင်းကစားဝိုင်းတစ်ခုပေါ်သို့ ကျရောက်သွားသည်ကို မြင်လိုက်ရသည်။ လောင်းကစား ပစ္စည်းများမှာ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသော လောင်းကစားသမားများသည် အော်ဟစ်ကြပြီး ရှောင်တိမ်း ထွက်ပြေးရန် ဝပ်တွားနေကြတော့သည်။
ဝမ်ချင်း တစ်ယောက်သာ လောင်းကစားဝိုင်း၏ အလယ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး လောင်းကစားရုံထဲသို့ ဝင်လာသော အေးစက်ကာ ခက်ထန်နေသည့် လူငယ်ကို ဖြည်းဖြည်းချင်း မျက်လုံးပင့်ကြည့်လိုက်၏။
ရှောင်းလိသည် ခန်းမထဲသို့ လက်ချည်းသက်သက် ဝင်လာခဲ့သည်။
ဝမ်ချင်း၏ လက်အောက်ရှိ လူမိုက်များသည် သူ့ကို စက်ဝိုင်းခြမ်းပုံစံဖြင့် အလျင်အမြန် ဝိုင်းရံလိုက်ကြသော်လည်း သူ၏ စွမ်းရည်ကို သိရှိပြီး သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် ခြိမ်းခြောက်ခံရသဖြင့် ဘယ်သူမှ ရှေ့သို့တိုးကာ ပြဿနာမရှာရဲကြချေ။
ရှောင်းလိသည် သူတို့ကို လုံးဝ လျစ်လျူရှုကာ ဝမ်ချင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် တိုက်ရိုက် လျှောက်သွားလိုက်ပြီး သူ့လက်ဆစ်များမှ အသံမြည်လာသည်ကို ကြားနေရသည်။
ဝမ်ချင်းသည် မျက်ခုံးပင့်လိုက်ပြီး မတ်တပ်ရပ်ဟန်ပြကာ လှောင်ပြောင်လိုက်၏။
"အိုး... ငါတို့ရဲ့—"
သူ စကားမဆုံးခင်မှာပင် ရှောင်းလိသည် လောင်းကစားဝိုင်းကို ကန်လှဲပစ်လိုက်သည်။
ဝမ်ချင်းသည် သူ၏ တံတောင်ဆစ်နှင့် ကျောပြင်ကို အသုံးပြုကာ ပိတ်ဆို့ရန် အလျင်အမြန် ဘေးတိုက်လှည့်လိုက်သော်လည်း လေးလံသော စားပွဲကြီးသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားတော့သည်။
ထို့နောက် သူသည် ကော်လာမှ ဆွဲခံရပြီး ရှေ့သို့ ဆွဲယူခံလိုက်ရကာ မေးရိုးကို ပြင်းထန်သော လက်သီးတစ်ချက် ထိုးခံလိုက်ရသည်။
ဝမ်ချင်းသည် ထိန်းချုပ်မရဘဲ နောက်သို့ လွင့်ထွက်သွားပြီး စားကြွင်းစားကျန်များက ပြန်အန်ထွက်လာတော့သည်။
အရိုးများ ကျိုးသွားသော အသံကို ကြားလိုက်ရသည်ဟု သူ ထင်လိုက်ရပြီးနောက် သူ၏ မေးရိုးနှင့် ခေါင်းတစ်ခုလုံးမှာ ထုံကျင်သွားတော့သည်။
သူသည် အောက်သို့ ကျသွားပြီး သူ့အနောက်က စားပွဲနှင့် ကုလားထိုင် တစ်တန်းကို ရိုက်ချိုးမိသွားသည်။
ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့၏။
အောက်မှ လူမိုက်များသည် ဂါထာမန်းမှုတ်ခံထားရသည့်နှယ် နေရာတွင်ပင် အေးခဲကာ ရပ်နေကြ၏။
ရှောင်းလိသည် မြေပြင်ပေါ်တွင် သေတော့မည့် ခွေးတစ်ကောင်နှယ် လူးလှိမ့်နေပြီး ထရပ်ရန် ကြိုးစားနေသော ဝမ်ချင်းကို စိုက်ကြည့်နေသည်။
သူသည် လျှောက်သွားကာ ဝမ်ချင်း၏ကျောပြင်ပေါ်သို့ နင်းလိုက်ပြီး ညစ်ပတ်နေသည့် ကြမ်းပြင်ပေါ်တွင် သူ့မျက်နှာနှင့် နှာခေါင်းများထဲက သွေးများ စီးကျလာသည်အထိ ဖိထားလိုက်လေသည်။
ထိုအခါမှသာ သူက အေးစက်စက် ပြောလိုက်သည်။
"မင်းနဲ့ ငါ့ကြားက စာရင်းရှင်းဖို့ အချိန်တန်ပြီ"
...