အခန်း ၁၉
Vol. 2 Ch. 19
အပိုင်း (၁၉)
ဝမ်ချင်းသည် အစောပိုင်းက လက်သီးချက်ကြောင့် လုံးဝ ကြောင်အသွားပြီး သူ့ခေါင်းထဲတွင် အသံများ မြည်ဟည်းနေဆဲ ဖြစ်သော်လည်း နာကျင်မှုသည် အာရုံကြောတိုင်းဆီသို့ တရွေ့ရွေ့ရောက်ရှိနေလေပြီ။
ထိုပြင်းထန်လှသော ဝေဒနာသည် သူ့မျက်နှာတစ်ခုလုံးကို ရုပ်ဆိုးအကျည်းတန်သော မျက်နှာဖုံးတစ်ခုသဖွယ် ရှုံ့မဲ့သွားစေတော့၏။
ရှောင်းလိ၏ စကားများကို ကြားသောအခါ သူသည် သွေးများပေကျံနေသော သွားများကို ပေါ်အောင် ဖြဲပြလိုက်ပြီး လည်ချောင်းထဲမှ တိုးညှင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာကာ မတ်တတ်ရပ်ရန် ရုန်းကန်ရင်း မြေပြင်ကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်၏။
သို့သော် သူ့ကျောပြင်ပေါ်တွင် ဖိနင်းထားသော ခြေထောက်သည် သူ့ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားပြီး သူ့ရုန်းကန်မှုအားလုံးကို အချည်းနှီး ဖြစ်သွားစေ၏။
ဤသည်ကား အဆိုးရွားဆုံးသော အရှက်ခွဲခံရခြင်းပင်။
"ညီလေးရှောင်း... မင်းနဲ့ အစ်ကိုဝမ်တို့က ကိုယ့်လူတွေချည်းပါပဲ။ ဘာဖြစ်လို့ ဒီလောက်တောင် အကြမ်းဖက်နေရတာလဲ..." ဆူညံသံများကို ကြားသဖြင့် ဝင်ရောက်ဖြန်ဖြေရန် ပြေးလာသော လောင်းကစားရုံ ဆိုင်တာဝန်ခံက ပြောလိုက်သည်။
ရှောင်းလိသည် သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ရှေ့သို့တိုးရန် ကြိုးစားနေသော ဆိုင်တာဝန်ခံကို ခြေလှမ်းတန့်သွားစေတော့သည်။ ဆိုင်တာဝန်ခံသည် ခြောက်ကပ်ကပ် အတင်းရယ်မောလိုက်ပြီး ပြောသည်။ "ဒါက... ဒါက... ဘယ်လို နားလည်မှုလွဲတာပဲဖြစ်ဖြစ်... ငါတို့အားလုံး ထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြရအောင်..."
မျှော်လင့်မထားဘဲ လူမိုက်တစ်ယောက်သည် အခွင့်အရေးကို အရယူကာ သစ်သားကုလားထိုင်တစ်လုံးကို မတင်လိုက်ပြီး ရှောင်းလိ၏ ခေါင်းနောက်ဘက်သို့ အစွမ်းကုန် ရိုက်ချရင်း အော်ဟစ်လိုက်သည်။ အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် ရှောင်းလိသည် ကာကွယ်ရန် သူ့တံတောင်ဆစ်ကို မြှောက်လိုက်၏။ ကုလားထိုင်သည် သူ့လက်မောင်းကို တုံးတိတိအသံနှင့်အတူ ရိုက်မိသွားပြီး အစအနများအဖြစ် ကွဲကြေသွားတော့သည်။
ရှောင်းလိ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် ထိုလူ၏ ဝမ်းဗိုက်ကို ကန်လိုက်ရာ ထိုသူသည် အစာအိမ်အရည်များကို အန်ထွက်ရင်း နောက်သို့ မီတာအတော်များများ လွင့်ထွက်သွားတော့၏။
သည်အချိန်ကို အခွင့်ကောင်းယူပြီး ဝမ်ချင်းသည် ဟိန်းဟောက်ကာ မတ်တတ်ရပ်လိုက်ပြီး ရှောင်းလိ၏ ခါးကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်ကာ သူတို့၏အနောက်ဘက်က နံရံဆီသို့ အရှိန်ဖြင့် ဆောင့်တွန်းလိုက်သည်။
ယင်းကိုမြင်သောအခါ အောက်ရှိ လက်အောက်ငယ်သားများသည် ဓားများနှင့် တုတ်များကို ကမန်းကတန်း ဆွဲယူကြပြီး ရှောင်းလိကို တိုက်ခိုက်ရန် အုံနှင့်ကျင်းနှင့် ရှေ့သို့ တိုးလာကြတော့သည်။
အခြေအနေများ ထိန်းချုပ်မရအောင် ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရသော လောင်းကစားရုံ ဆိုင်တာဝန်ခံသည် အပေါ်ထပ်သို့ အသည်းအသန် ပြေးတက်သွားတော့သည်။
သတိလက်လွတ် ဖြစ်သွားသဖြင့် ရှောင်းလိသည် ဝမ်ချင်း၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံလိုက်ရ၏။
သူ့ကျောပြင်သည် နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွား၏။ ဝမ်ချင်းသည် သူ့ခန္ဓာကိုယ် အလေးချိန်တစ်ခုလုံးနှင့် အရှိန်ကို အသုံးပြုကာ ရှောင်းလိ၏ ဝမ်းဗိုက်ထဲသို့ သူ့ပခုံးဖြင့် ပြင်းပြင်းထန်ထန် တွန်းတိုက်လိုက်သည်။ ချက်ချင်းပင် ရှောင်းလိ၏ အစာအိမ်သည် ပြင်းထန်စွာ တုန်ခါသွားတော့သည်။
လက်အောက်ငယ်သားများ၏ လက်နက်များသည် သူ့အပေါ်သို့ ကျရောက်လာတော့မည့် အချိန်တွင် ရှောင်းလိသည် အံကြိတ်လိုက်ပြီး သူ့လည်ချောင်းထဲမှ ကြမ်းတမ်းသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ဝမ်ချင်း၏ ကျောပြင်ကို သူ့တံတောင်ဆစ်များဖြင့် ရက်ရက်စက်စက် အားကုန်သုံးကာ အကြိမ်ကြိမ် ထုထောင်းလိုက်တော့၏။
ထိုရိုက်နှက်မှုများကြောင့် ဝမ်ချင်းသည် သွေးစိမ်းများ အန်ထွက်လာပြီး ရှောင်းလိ၏ ခါးကို ဆုပ်ကိုင်ထားသည့်လက်ကလည်း နောက်ဆုံးတွင် လွတ်ကျသွားတော့သည်။ ရှောင်းလိ၏ နောက်ဆုံး ဒူးတိုက်ချက်တစ်ခုသည် သူ့ကို နောက်သို့ လဲကျသွားစေပြီး သူ့နှာခေါင်းမှ သွေးများ ပန်းထွက်လာတော့သည်။
ရှောင်းလိကို တိုက်ခိုက်ရန် လက်နက်များ မြှောက်ကာ ရှေ့သို့ တိုးလာကြသော လက်အောက်ငယ်သားများသည် ဝမ်ချင်းကို ဖမ်းဆွဲရန်အတွက် လားရာကို အလျင်အမြန် ပြောင်းလဲလိုက်ကြသည်။
ရှောင်းလိသည် သူ့ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်ပြီး တက်လာသော ပျို့အန်ချင်စိတ်ကို ဖိနှိပ်လိုက်၏။ ထို့နောက် ဝမ်ချင်းဆီသို့ နောက်တစ်ကြိမ် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ ပုံမှန်မြင်နေကျ လူမိုက်ဆန်သော အမူအရာများအားလုံး ပျောက်ကွယ်သွားပြီး ရက်စက်မှုများသာ အစားထိုး ဝင်ရောက်လာတော့၏။
ဝမ်ချင်း၏ လက်အောက်ငယ်သားများသည် သူ့ကို တားဆီးချင်နေဆဲ ဖြစ်သော်လည်း ယခုအချိန်တွင်တော့ ဘယ်သူမှ ရှေ့သို့ မတိုးရဲကြတော့ချေ။
ဝမ်ချင်းသည် ကောင်းစွာ မတ်တတ်မရပ်နိုင်တော့ဘဲ လက်အောက်ငယ်သားက တွဲကူပေးထားရင်း မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် လဲလျောင်းနေရသည်။
ရှောင်းလိသည် ချဉ်းကပ်သွားပြီး သူ့ကော်လာမှ ဆွဲမလိုက်ကာ ခြိမ်းခြောက်ဟိန်းဟောက်လိုက်သည်။ "မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးပဲရှိရှိ ငါ့ဆီကိုပဲ လာခဲ့။ ငါ့အမေကို ဒီကိစ္စထဲ ထပ်ဆွဲသွင်းကြည့်... မင်းကို ငရဲမင်းဆီ သွားတွေ့ဖို့ ပို့ပေးမယ်"
ဝမ်ချင်းသည် သွေးများဖြင့် ဖုံးလွှမ်းနေသော မျက်နှာဖြင့် ပြန်လည်စိုက်ကြည့်နေပြီး သူ့မျက်လုံးများသည် အဆိပ်ပြင်းသော နာကြည်းမှုများနှင့် အညံ့မခံမှုများဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် အပေါ်ထပ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏: "ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ချက်ချင်း ရပ်လိုက်ကြစမ်း"
ဒုတိယထပ် လသာဆောင်ရှိ သစ်သားလက်ရန်းနံဘေးတွင် ရပ်နေသော ပုံရိပ်ကို မြင်လိုက်ရသော လက်အောက်ငယ်သားများသည် အလျင်အမြန် စွပ်စွဲတိုင်တန်းလိုက်ကြသည်။ "သူဌေး... ရှောင်းလိက အစ်ကိုဝမ်ကို သတ်ဖို့ ကြိုးစားနေတယ်"
သူဌေးဟန်သည် ရှောင်းလိက ဝမ်ချင်း၏ ကော်လာကို ဆုပ်ကိုင်ထားဆဲဖြစ်သည်ကို မြင်သောအခါ သူ့လေသံကို တင်းထားလိုက်လေသည်။ "ရှောင်းလိ... ငါ့လောင်းကစားရုံက လုပ်ပိုင်ခွင့်အာဏာ နေရာကိုတောင် မဆုံးဖြတ်ရသေးဘူး။ မင်းက ငါ့လုပ်ငန်းခွင်ထဲမှာ လူ့အသက်ကို နှုတ်ယူဖို့ ကြိုးစားတဲ့အထိ မောက်မာနေပြီလား"
ရှောင်းလိ၏ လက်ပေါ်ရှိ သွေးကြောများသည် ဖောင်းကြွလာ၏။ သူသည် ဆုပ်ကိုင်ထားသည့်လက်ကို လွှတ်ပေးတော့မည့်ဆဲဆဲ အနေအထားဖြင့် ဝမ်ချင်းကို စူးစိုက်ကြည့်နေသည်။
သူဌေးဟန် ရှိနေသဖြင့် ရှောင်းလိသည် သူ့ကို ဘာမှ ထပ်မလုပ်ရဲတော့ကြောင်း ဝမ်ချင်း သိလိုက်သည်။ သူသည် သွေးများပေကျံနေသော မျက်နှာပေါ်တွင် အလွန် ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး သူတို့နှစ်ယောက်သာ ကြားနိုင်သော လေသံဖြင့် ရှောင်းလိကို ပြောလိုက်သည်။ "မင်းအမေက လူထောင်ပေါင်းများစွာ စီးနင်းခဲ့တဲ့ စုတ်ပြတ်နေတဲ့ မိန်းမပျက် တစ်ယောက်ပဲလေ... အဲ့ဒါကို လူတွေက မပြောရဘူးလား"
သူ့ကော်လာကို ဆုပ်ကိုင်ထားသော ရှောင်းလိ၏ လက်သည် ရုတ်တရက် တင်းကြပ်သွားပြီး သူ့လည်ပင်းဘေးတွင် အပြာရောင် သွေးကြောတစ်ခု ဖောင်းကြွလာသည်။ သူ့ မျက်နှာအမူအရာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သိသိသာသာ ရက်စက်ကြမ်းကြုတ်သွားတော့၏။
ဝမ်ချင်းသည် သူက အသာစီးရသွားပြီဟု ထင်မှတ်ကာ မနာလိုဝန်တိုမှုနှင့် ရက်စက်သော ဝမ်းမြောက်မှုတို့ဖြင့် သူ့ကို ဆက်ပြုံးရယ်ပြနေသည်။
မျှော်လင့်မထားဘဲ ရှောင်းလိသည် သူ့ဘေးရှိ လေးလံသော ဆီးသီးသားဖြင့် လုပ်ထားသော ခုံတန်းရှည်ကို ဝှေ့ယမ်းလိုက်ပြီး ဝမ်ချင်း၏ ခေါင်းဆီသို့ တိုက်ရိုက် ရိုက်ချလိုက်တော့သည်။
ဤရိုက်ချက်သည် သူ့ခေါင်းကို အမှန်တကယ် ကွဲကြေသွားစေပြီး သွေးများကို စီးကျလာစေ၏။
သွေးထွက်သံယို မြင်ကွင်းများကို ယဉ်ပါးနေသော လူမိုက်လေးများပင်လျှင် ကြောက်လန့်တကြား ဆွံ့အသွားကြသည်။
သူဌေးဟန်သည်လည်း ဤရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး ဒုတိယထပ်ရှိ သစ်သားလက်ရန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တင်းမာစွာ အော်ဟစ်လိုက်သည်။ "ရှောင်းလိ"
ရှောင်းလိသည် ခေါင်းမော့လိုက်ရာ သူ့မေးရိုးတစ်ဝက်တွင် သွေးများ ပေကျံနေလေသည်။ အလွန် ငယ်ရွယ်ပြီး ချောမောလှပသော သူ့မျက်နှာပေါ်တွင် လူမိုက်ဆန်မှုနှင့် ရက်စက်မှုတို့ ရောယှက်နေပြီး သူက တစ်ခွန်းသာ ပြောလိုက်သည်။ "အဲ့ဒီအလုပ်... ကျွန်တော် လက်ခံတယ်"
စကားပြောပြီးနောက် သူသည် လှည့်ကာ လောင်းကစားရုံထဲမှ ထွက်ခွာသွားတော့၏။
အောက်က လက်အောက်ငယ်သားများသည် သူဌေးဟန်က မည်သည့်အမိန့်မှ မပေးသည်ကို မြင်သောအခါ ဘယ်သူမှ သူ့ကို မတားဆီးရဲကြချေ။
သူဌေးဟန်သည် ထွက်ခွာသွားသော သူ့ပုံရိပ်ကို မနှစ်မြို့ဖွယ် မျက်နှာအမူအရာဖြင့် ကြည့်နေပြီးနောက် ခေါင်းကွဲကာ သေသည် ရှင်သည် မသိရဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝမ်ချင်းကို တစ်ချက် ကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။ "သူ့အတွက် သမားတော် တစ်ယောက် သွားခေါ်လိုက်"
အောက်ဘက်က လက်အောက်ငယ်သားများသည် သမားတော်ကို ခေါ်ရန်နှင့် ပင်မခန်းမကို ရှင်းလင်းရန် အလျင်စလို လှုပ်ရှားလိုက်ကြတော့သည်။
လောင်းကစားရုံ ဆိုင်တာဝန်ခံသည် သူဌေးဟန် နောက်မှနေ၍ ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ လိုက်သွားပြီး မြှောက်ပင့်ပြောဆိုလေသည်။ "သူဌေးက တကယ်ကို ထက်မြက်တာပဲ။ အကြံအစည် သေးသေးလေး တစ်ခုနဲ့တင် ဝမ်ချင်းနဲ့ ရှောင်းလိ ကြားက ပဋိပက္ခကို ပြင်းထန်သွားစေပြီး ယဉ်ပါးအောင် သွန်သင်လို့မရတဲ့ ဝံပုလွေပေါက်စ ရှောင်းလိကိုတောင် ဟူရှန်းပိုင်ကို သတ်ဖို့ သဘောတူအောင် လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ လည်ပင်းမှာ လူ့အသက်ဆိုတဲ့ သံကြိုး ချည်နှောင်ထားပြီးမှတော့ သူက ဝံပုလွေပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ် အခုကစပြီး သူဌေးက သံကြိုးကို ဆွဲလိုက်တာနဲ့ အမိန့်တွေကို နာခံရတော့မှာ မဟုတ်လား"
သို့သော် သူဌေးဟန်က ခေါင်းခါလိုက်သည်။ "အစက ငါက သူ့ကို မျက်နှာသာပေးခဲ့တာက သူက ထူးခြားတဲ့ စွမ်းရည်ရှိပြီး ဝမ်ချင်းလောက် အကြံအစည် မများလို့ပဲ။ လုပ်ပိုင်ခွင့်နေရာကို ရဖို့ ငါ သူ့ကို ကူညီပေးခဲ့တယ်။ သူ့ရဲ့ လုပ်သက်က ဝမ်ချင်းထက် နည်းတဲ့အတွက် သူ့ကိုယ်သူ အခိုင်အမာ ရပ်တည်နိုင်ဖို့ဆိုရင် ငါ့အပေါ် လုံးဝ သစ္စာရှိဖို့ပဲ ရှိတယ်... ဒီနည်းနဲ့ သူတို့နှစ်ယောက်လုံးက ငါ့အတွက် အသုံးဝင်လာနိုင်တယ်။ ဒါပေမယ့် ဒီကောင်လေးက အရင်က ထောင်ကျဖူးတော့ သာမန်လူတွေထက် အများကြီး ပိုပြီး သတိကြီးတယ်။ သူ့အမေက သူ့ရဲ့ အားနည်းချက် ဖြစ်နေတာကလွဲရင် သူက ငါ့ကို တခြား ဘယ်လို ချုပ်ကိုင်စရာမှ မချန်ထားပေးဘူး။ ချန်လိုင့်ဇီ ကိစ္စနဲ့ပတ်သက်ပြီး ဝမ်ချင်းကို ပိုဆိုးအောင် လုပ်ခွင့်မပေးခဲ့ရင် ဒီလူသတ်ရမယ့် အလုပ်ကို သူ လုပ်လာအောင် ခိုင်းဖို့ အခွင့်အရေးကို ငါ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး။ သူ့ကို မဆွပေးရင် သူက ဒီလောက် လွယ်လွယ်နဲ့ သဘောတူခဲ့မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ဒီနေ့ မင်း မြင်တဲ့အတိုင်းပဲ... ဒီကောင်လေးရဲ့ ရက်စက်မှုက အရမ်း လွန်ကဲတယ်။ သူ့ကို အသုံးပြုတာက... မှန်သလား မှားသလားတောင် ငါ မသိတော့ဘူး..."
လောင်းကစားရုံ ဆိုင်တာဝန်ခံသည် ခပ်တိုးတိုး ရယ်မောလိုက်သည်။ "သူဌေးက လောင်းကစားရုံ ခိုက်ရန်ဖြစ်ပွားမှုအတွက် ကျန်းဟူနဲ့ သူ့လူတွေကိုပဲ အပြစ်ပေးခဲ့တာလေ။ အသိဉာဏ်မရှိတဲ့ လက်အောက်ငယ်သားတချို့က သူဌေးက ရှောင်းလိကို မကျေနပ်လို့ သူ့အဖွဲ့ကို ဖိနှိပ်ချင်တယ်လို့ မှားယွင်းစွာ ခန့်မှန်းခဲ့ကြပြီး သူ့အမေက တစ်ချိန်က ကျွေးဟုန်ဂေဟာရဲ့ နာမည်အကြီးဆုံး မိန်းမပျက် ဖြစ်ခဲ့ဖူးတယ်ဆိုပြီး အတင်းအဖျင်း ပြောခဲ့ကြတာ။ ဒီသတင်းက ဝမ်ချင်းနဲ့ သူ့လူတွေဆီ ရောက်သွားတယ်... သူတို့ကပဲ စဉ်းစားဆင်ခြင်ဉာဏ်မဲ့ပြီး ဒါကိုသုံးပြီး ရှောင်းလိကို အရှက်ခွဲခဲ့ကြတာ။ ဒါကို သူဌေးကို ဘယ်လိုလုပ် အပြစ်တင်လို့ ရမှာလဲ"
သို့သော် သူဌေးဟန်သည် ပြုံးမနေခဲ့ချေ။ သူ၏တိုတောင်းသော မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သူက ပြောလိုက်သည်။ "တော်တော့။ သူက ငါ့အတွက် ဟူရှန်းပိုင်ကို သတ်ပြီး စာရင်းစာအုပ်ကို ပြန်ယူပေးမယ်လို့ သဘောတူထားပြီးမှတော့ စည်းကမ်းတွေအတိုင်း သူ့အတွက် ငွေတွေကို အဆင်သင့် ပြင်ထားလိုက်ပါ"
လောင်းကစားရုံ ဆိုင်တာဝန်ခံသည် ပြုံးကာ အမိန့်ကို နာခံကြောင်း ပြသလိုက်သည်။
....
ဝိန်းယွီသည် မွန်းလွဲပိုင်း တစ်ခုလုံး ပန်းထိုးနေခဲ့သဖြင့် သူမ၏ လည်ပင်းသည် အနည်းငယ် နာကျင်နေလေသည်။
သူမသည် အပ်နှင့် ချည်ကို ချထားလိုက်ပြီး လည်ပင်းကို ပွတ်သပ်ရင်း ခြံတံခါးဆီသို့ လှမ်းကြည့်လိုက်၏။ ခြံတံခါး အပြင်ဘက်တွင် ဘာလှုပ်ရှားမှုမှ မရှိသေးချေ။
သူမသည် မျက်တောင်ရှည်လေးများကို အောက်သို့ချလိုက်ပြီး အပ်ကို ကောက်ကိုင်ကာ ပုံကြမ်းဆွဲထားပြီးဖြစ်သော နှစ်ဖက်လှ ပန်းထိုးကို ဆက်ထိုးနေလိုက်တော့သည်။
ဟော်ရှောင်အန်း၏ ဒဏ်ရာများမှာ အတော်လေး ပြင်းထန်သဖြင့် သမားတော်က သူ့ကို ရက်အနည်းငယ်ကြာ ကုတင်ပေါ်တွင် အနားယူရန် မှာထားခဲ့သည်။ သူ့ မိသားစုတွင် ဆွေမျိုးများ မကျန်တော့သဖြင့် သူသည် ပုံမှန်အားဖြင့် လောင်းကစားရုံတွင် နေထိုင်လေ့ရှိ၏။ ရှောင်းဟွေ့နျန်နှင့် သူမ၏သားကို အလုပ်မရှုပ်စေလိုသဖြင့် သူသည် ဆေးခန်းတွင် နေထိုင်ရန် ငွေပိုသုံးမည်ဟု အတင်းအကြပ် တောင်းဆိုခဲ့သည်။
ထိုလူမိုက်များသည် သူ့ကို မြေပြင်ပေါ်တွင် ဖိထားပြီး ရိုက်နှက်ခဲ့စဉ်က သူ့ အဝတ်အစားများသည် ရွှံ့နှင့် နှင်းများ ပေကျံသွားပြီး လုံးဝကို ညစ်ပတ်သွားခဲ့သည်။
ဝိန်းယွီသည် သူ့ကို ဆေးခန်းတွင် နေရာချပေးပြီးနောက် သူ အဝတ်လဲနိုင်ရန် ရှောင်းလိ၏ အဝတ်အစားများကို အိမ်သို့ ပြန်ယူခဲ့ပြီး အမှန်တရား၏ တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားရန် အစကတော့ ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း ရှောင်းဟွေ့နျန်သည် အလုပ်ထွက်သွားသော အပ်ချုပ်သမ အချို့ထံမှ လူမိုက်များ၏ လုပ်ရပ်များကို သိသွားခဲ့၏။
သားဖြစ်သူက အဝတ်လျှော်ရာတွင် အချိန်ကြန့်ကြာနေခဲ့ပြီး မှင်တောင့်များ သွားဝယ်သော ဝိန်းယွီနှင့် ဟော်ရှောင်အန်းတို့လည်း ပြန်မရောက်လာသဖြင့် သူမက ယင်းကိစ္စနှင့် ဆက်စပ်နေမည်ဟု ခန့်မှန်းမိသွားတော့သည်။
ဝိန်းယွီက ရှောင်းလိ၏ အဝတ်အစားများကို ယူကာ အပြင်သို့ ထွက်သွားသည်ကို မြင်သောအခါ သူမသည် ရှောင်းလိ ရန်ဖြစ်ပြီး ဒဏ်ရာရလာသည်ဟု ထင်သွားပြီး ဝိန်းယွီနှင့်အတူ လိုက်သွားရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။ လမ်းတစ်လျှောက်တွင် အကြိမ်များစွာ ငိုကြွေးပြီး သားဖြစ်သူကို စိတ်ပျက်စေခဲ့သည်ဟု မိမိကိုယ်ကိုယ် အပြစ်တင်နေတော့၏။
ရှောင်းဟွေ့နျန်တစ်ယောက် အလွန်တရာ အသည်းအသန် ငိုကြွေးနေသည်ကို ကြည့်ရင်း ဝိန်းယွီသည် အမှန်တရားကို ဆက်မဖုံးကွယ်ထားနိုင်တော့ကြောင်း သိလိုက်ပြီး အရာအားလုံးကို ဝန်ခံလိုက်တော့သည်။
ဟော်ရှောင်အန်းသည် သူမအတွက် ရှေ့ထွက်ရပ်တည်ပေးရင်း ဒဏ်ရာရသွားကြောင်း သိလိုက်ရချိန်တွင် ရှောင်းဟွေ့နျန်သည် အပြစ်ရှိသလို ပိုခံစားလိုက်ရပြီး သူ့ကို ကိုယ်တိုင် သွားရောက် ပြုစုစောင့်ရှောက်မည်ဟု အတင်းအကြပ် တောင်းဆိုတော့သည်။ ရှောင်းလိသည်လည်း ဒဏ်ရာများဖြင့် ပြန်လာပါက သူ့ကို ပြုစုမည့်သူ မရှိမည်ကို စိုးရိမ်သဖြင့် သူမက ဝိန်းယွီကို အိမ်တွင် နေရစ်ရန် တောင်းဆိုခဲ့၏။
ဝိန်းယွီသည် မွန်းလွဲပိုင်းတစ်ခုလုံး ပိုးသားပိတ်စပေါ်တွင် ပန်းထိုးပုံစံများ ရေးဆွဲခဲ့ပြီး ပန်းမထိုးမီ ခြောက်သွေ့သွားစေရန် စောင့်ဆိုင်းရင်း အချိန်ကုန်သွားခဲ့၏။
သူမ၏ လက်များကို အလုပ်များနေစေခြင်းက သူမ၏စိတ်ကို လွင့်မျောမသွားစေရန် တားဆီးပေးထားသည်။
သူမသည် ရှောင်းမိသားစုနှင့် အထူးတလည် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော်ငြားလည်း ရှောင်းဟွေ့နျန်သည် သူမအပေါ် ကြင်နာမှု ပြသခဲ့ပြီး ထိုလူမိုက်၏ စရိုက်မှာလည်း တော်တော်လေး ကောင်းမွန်လေသည်။ သည်နေရာက သူမ၏ အခြေအနေမှာ ပြီးပြည့်စုံသည်ဟု မဆိုသာသော်လည်း မဆိုးလှပေ။
တကယ်လို့ အဲ့ဒီလူမိုက်က ဟော်ရှောင်အန်း ပြောခဲ့တဲ့ ပြိုင်ဘက်တွေရဲ့ လက်ထဲကို တကယ်ပဲ ကျရောက်သွားမယ်ဆိုရင် မုဆိုးမဖြစ်တဲ့ ရှောင်းဟွေ့နျန်နဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ လူပျိုပေါက်လေး ဟော်ရှောင်အန်းပဲ ကျန်ခဲ့မှာ။ အဲ့ဒီအခါကျရင် သူတို့တွေ လုံးဝ အနိုင်ကျင့်ခံရဖို့ လွယ်ကူသွားမှာ မဟုတ်ဘူးလား။
အဲ့ဒီဂိုဏ်းက အရမ်း ရက်စက်တာဆိုတော့ ချန်လိုင့်ဇီက ရှောင်းမိသားစုဆီကို ပေါင်နှံထားခဲ့တဲ့ အစေခံမလေး အဖြစ်နဲ့ ငါလည်း သူတို့ရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်။
ဤသို့သော တကယ့်ကို ယုတ်မာလွန်းသည့် လူများ၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုပါက သူမ ဘာတွေများ ခံစားရမည်ကို ဝိန်းယွီ တွေးပင် မတွေးရဲချေ။
ထို့ကြောင့် ထိုလူမိုက် ဘေးကင်းချောမွေ့စွာ ပြန်လာနိုင်ပါစေဟုသာ စိတ်အားထက်သန်စွာ မျှော်လင့်နေမိတော့သည်။
နောက်ထပ် သစ်ရွက်လေးများ အပိုင်းငယ်တစ်ခုကို ပန်းထိုးပြီးသွားချိန်တွင် ခြံတံခါး အပြင်ဘက်မှ လှုပ်ရှားမှုအသံ ထွက်ပေါ်လာသည်။ ဝိန်းယွီသည် မသိစိတ်က အလိုလိုပင် မော့ကြည့်လိုက်၏။
ပြင်းထန်သော တံခါးခေါက်သံက ထပ်မံ ထွက်ပေါ်လာသည်။ ထိုလူမိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလာမည်ကို စိုးရိမ်သဖြင့် ဝိန်းယွီသည် သူမ၏ ပန်းထိုးကွင်းကို ကမန်းကတန်း ချထားခဲ့ပြီး အပြင်သို့ ကမန်းကတန်း ထွက်လာကာ အော်ပြောလိုက်သည်။ "လာပြီ လာပြီ"
သူမသည် တံခါးမင်းတုပ်ကို မကာ တံခါးကို ဖွင့်လိုက်သော်လည်း အပြင်ဘက်တွင် ရပ်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုသာ တွေ့လိုက်ရ၏။
အမျိုးသားမှာ ပိန်လှီနေပြီး ပါးရိုးများ ထင်းနေကာ မျက်လုံးများ ချိုင့်ဝင်နေပြီး ကြမ်းတမ်း၍ ယုတ်မာသော မျက်နှာအမူအရာ ရှိသည်။ သူ့ဘေးက အမျိုးသမီးမှာ ခေါင်းငုံ့ထားပြီး မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေကာ နာခံတတ်ပုံ ပေါ်၏။
ဝိန်းယွီက မမေးရသေးမှာပင် အမျိုးသားက ဗြုန်းစားကြီး ပြောလိုက်သည်။ "ဒါက ခွန်းချန် လောင်းကစားရုံက သခင်ကြီးရှောင်းရဲ့ အိမ် မလား"
ဝိန်းယွီသည် တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏: "ရှင်တို့က..."
အမျိုးသားက ပြောလိုက်သည်။ "ကျွန်တော်က ခွန်းချန် လောင်းကစားရုံကို ငွေကြွေးတင်နေလို့ပါ။ သခင်ကြီးရှောင်းဆီကို အိပ်ရာနွေးပေးမယ့် မိန်းကလေးတစ်ယောက် ပို့ပေးရင် ကျွန်တော့်ရဲ့ လောင်းကစားကြွေး တစ်စိတ်တစ်ပိုင်းကို ကျေနိုင်တယ်လို့ ကြားလို့ပါ"
သူသည် အမျိုးသမီးကို ရှေ့သို့ တွန်းပို့လိုက်ပြီး ပြောလိုက်၏။ "ဒါက ကျွန်တော့် ညီမပါ။ အပျိုစင်လေးပါပဲ။ သူက ကျွန်တော့်ရဲ့ လောင်းကစားကြွေး ငွေ ၅ လျန်နဲ့ သေချာပေါက် တန်ပါတယ်"
ဝိန်းယွီသည် စကားမပြောရဲဘဲ မျက်ရည်ကျနေသော မိန်းကလေးကို ကြည့်လိုက်ပြီး သူမသည် မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားပြီး မေးလိုက်၏၊ "ရှင့်ကို ဘယ်သူက အဲ့ဒီလို ပြောတာလဲ"
အမျိုးသားသည် သူ့အဝါရောင် သွားများကို ဖြဲပြကာ ပြောလိုက်သည်။ "ဒါက နေရာအနှံ့ ပြန့်နေတာပဲ မဟုတ်ဘူးလား။ သူတို့အားလုံးက ချန်လိုင့်ဇီက ငွေ ၃၀လျန် ကျေဖို့ မိန်းမတစ်ယောက်ကို သုံးခဲ့တယ်လို့ ပြောကြတယ်လေ။ ဒီကောင်မစုတ်လေး... လွန်ခဲ့တဲ့ ၂ ရက်လောက်က သခင်ကြီးရှောင်းကို သူကိုယ်တိုင် လာရှာဖို့ ကျွန်တော် ပြောခဲ့ပေမယ့် သူက ငိုပြီး ပြန်ပြေးလာတယ်။ သခင်ကြီးရှောင်းက သူ့ကို ထွက်သွားဖို့ ပြောတယ်ဆိုပြီး ကျွန်တော့်ကို လိမ်ပြောသေးတယ်"
သူသည် မြှောက်ပင့်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "အဲ့ဒါကြောင့် သူကိုယ်သူ သန့်သန့်ရှင်းရှင်း လုပ်ခိုင်းပြီး ဒီနေ့ သခင်ကြီးရှောင်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးတာပါ"
မနေ့က အဝတ်လျှော်နေသော မိန်းမငယ်လေးက ရှောင်းလိကို လမ်းပေါ်တွင် အမျိုးသမီးတစ်ဦးက ငိုယိုပြီး တားဆီးနေသည်ကို မြင်ခဲ့ရကြောင်း ပြောခဲ့သည်ကို ဝိန်းယွီ ချက်ချင်း သတိရသွားသည်။
ဪ... ဒါက အဲ့ဒီလို ဖြစ်ခဲ့တာပေါ့။
၎င်းမှာ ချန်လိုင့်ဇီက သူမကို ရှောင်းမိသားစုထံသို့ ပေါင်နှံခဲ့သည်ဆိုသော ကောလာဟလများမှ မြစ်ဖျားခံလာသည့် နားလည်မှုလွဲမှားခြင်းတစ်ခု ဖြစ်နေကြောင်း ပေါ်လွင်သွားတော့သည်။
သူမက အမျိုးသားကို ပြောလိုက်သည်။ "အဲ့ဒီလို ကိစ္စမျိုး လုံးဝ မရှိပါဘူး။ အားလုံးက တခြားသူတွေ ဖြန့်ထားတဲ့ ကောလာဟလတွေချည်းပါပဲ။ ဒါ့အပြင် သူက ရှင့်ရဲ့ ညီမဖြစ်နေတာကို ရှင်က ဘယ်လိုလုပ်ပြီး မိသားစု သံယောဇဉ်ကို လျစ်လျူရှုပြီး သူ့ကို တခြားသူတွေဆီ ပေါင်နှံပစ်ရမယ့် ပစ္စည်းတစ်ခုလို သဘောထားရက်တာလဲ။ ရှင့်အသိစိတ်တွေ ဘယ်ရောက်သွားပြီလဲ”
သူ့ညီမကို အကြွေးဆပ်ရန် အသုံးမပြုနိုင်ခဲ့ဘဲ ဆုံးမစကားများပါ ကြားလိုက်ရသဖြင့် အမျိုးသားသည် ခွေးရူးတစ်ကောင်ကဲ့သို့ ချက်ချင်း ဒေါသထွက်သွားတော့သည်။ "ဒါက ငါ့ညီမလေ။ သူ့ကို ပြည့်တန်ဆာအိမ် ရောင်းစားရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ။ ဝင်ပါရအောင် မင်းက ဘယ်သူမို့လို့လဲ"
သူသည် ဝိန်းယွီကို အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် စူးရှစွာ လှောင်ပြောင်လိုက်သည်။ "မင်းက ချန်လိုင့်ဇီက သခင်ကြီးရှောင်းဆီ ပေါင်နှံထားတဲ့ မိန်းမများ ဖြစ်နေမလား။ မင်းကိုယ်တိုင်က ရုပ်ဆိုးဆိုး ကောင်မပဲ... သခင်ကြီးရှောင်းက ငါ့ညီမကို မြင်ပြီးရင် မင်းကို ရွံရှာသွားမှာ ကြောက်လို့ ငါ့ညီမကို တမင် ဝင်ခွင့်မပေးတာ မဟုတ်လား"
အမျိုးသား၏ စူးရှသော အသံကို ကြားသောအခါ စပ်စုတတ်သော အိမ်နီးချင်း အတော်များများသည် ချက်ချင်း ခေါင်းပြူထွက်လာကြတော့သည်။
အိမ်နီးချင်းများသည် ယနေ့ ရှောင်းမိသားစု အကြောင်းကို အတင်းအဖျင်း ပြောဆိုနေကြပြီးသား ဖြစ်ကာ သူ၏အော်ဟစ်သံသည် သူတို့ကို ပွဲကြည့်ရန် ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
ဝိန်းယွီသည် တံခါးကို ကိုင်ကာ ရပ်နေပြီး သူမ၏ အေးစက်တည်ငြိမ်နေသယောင် ရှိသော မျက်လုံးများသည် ဖော်ပြရခက်သည့် ဖိအားတစ်ခုကို သယ်ဆောင်ထား၏။ "ကျွန်မ ပြောပြီးသားပါ... ရှောင်းမိသားစုက အကြွေးဆပ်ဖို့ လူကို လက်မခံပါဘူး"
သည်လို မနှစ်မြို့ဖွယ်ရာများနှင့် ဆက်မငြင်းခုံလိုတော့သဖြင့် သူမသည် တံခါးကို ပိတ်ရန် ပြင်လိုက်စဉ် သူက စိတ်ပျက်ဒေါသထွက်စွာဖြင့် ဟိန်းဟောက်လိုက်သည်ကို ကြားလိုက်ရ၏။ "သခင်ကြီးရှောင်းရဲ့ ပစ္စည်းကောင်းကို ဖျက်ဆီးမိလို့ သူက နောက်မှ မင်းကို အပြစ်ပေးမှာကို မကြောက်ဘူးလား"
ယင်းကို ကြားရသော အိမ်နီးချင်းများသည် ရှောင်းလိက အမျိုးသားများနှင့် အမျိုးသမီးများကို အမှန်တကယ် အနိုင်ကျင့်တတ်သည့် လူစားမျိုး ဖြစ်ကြောင်း သက်သေပြနေသည်ဟု မနေနိုင်ဘဲ အချင်းချင်း တီးတိုးပြောဆိုကြတော့သည်။
အိမ်နီးချင်းများ၏ ဆွေးနွေးပြောဆိုမှုများကို မြင်တွေ့ရပြီး ရှောင်းဟွေ့နျန်က ရှောင်းလိ၏ အိမ်ထောင်ရေး အလားအလာများအတွက် ဘယ်လောက် စိုးရိမ်ပူပန်နေခဲ့ကြောင်းကို သတိရမိသောအခါ... ယခု သူ့ဂုဏ်သိက္ခာမှာ ပိုမို ညစ်နွမ်းသွားသဖြင့်... ယနေ့ ဖြစ်ရပ်သာ ပြန့်နှံ့သွားပါက အခြေအနေကို ပိုဆိုးသွားစေမည်သာ ဖြစ်ကြောင်း ဝိန်းယွီ သိလိုက်သည်။
သူက အဆင့်အတန်းရှိတဲ့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ဖို့ ဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်တော့မှာလဲ။
ဤကိစ္စသည် သူမနှင့်လည်း အနည်းငယ် ပါဝင်ပတ်သက်နေသဖြင့် သူမက ကြေညာလိုက်သည်။ "ကျွန်မတို့ရဲ့ အာ့လန်ကို ရှင်က ဘယ်လို လူစားမျိုးလို့ ထင်နေတာလဲ။ လောင်းကစားရုံမှာ အကြွေးတောင်းလာတဲ့ သူ့ရဲ့ နှစ်တွေတစ်လျှောက်လုံး ကိစ္စတွေကို ဘက်မလိုက်ဘဲ မကိုင်တွယ်ခဲ့ဖူးတာ ရှိလို့လား။ သူက ယောက်ျားတွေ မိန်းမတွေကို ဘယ်တုန်းက အနိုင်ကျင့်ဖူးလို့လဲ။ သခင်မကြီးရဲ့ စိတ်ထားနူးညံ့မှုကို အခွင့်ကောင်းယူပြီး ကျွန်မကို သူ့ရဲ့ အစေခံမလေးအဖြစ် ပေါင်နှံခဲ့တဲ့ ချန်လိုင့်ဇီရဲ့ လှည့်စားတာကို ကျွန်မ ခံခဲ့ရတာပါ။ ကျွန်မက ဆွဲဆောင်မှုမရှိဘူးဆိုတာကို ရှင် မြင်ပြီးမှတော့ အကြွေးဆပ်ဖို့ မိန်းမလှလေးတွေကို သူ လက်ခံတယ်ဆိုတဲ့ ကောလာဟလတွေက အခြေအမြစ်မရှိတဲ့ အတင်းအဖျင်းတွေသာ ဖြစ်ပြီး အတည်မယူသင့်ဘူးဆိုတာ ရှင် သဘောပေါက်သင့်ပါတယ်"
အမျိုးသားသည် သူမ၏စကားများကြောင့် ဆွံ့အသွားသော်လည်း ခေါင်းမာမာဖြင့် ပြန်လည်ချေပနေဆဲ။ "ပြည့်တန်ဆာအိမ်တွေမှာ ကြီးပြင်းလာတဲ့ မောက်မာတဲ့ မိန်းမပျက်ကများ။ မိန်းမတစ်ယောက်ကို သူ့ဆီ အတင်းတွန်းပို့ရင် သူက ငြင်းမယ့်အတိုင်းပဲ"
ဝိန်းယွီသည် ဘာမှမပြောဘဲ အမျိုးသားကိုသာ စူးစိုက်ကြည့်နေလိုက်သည်။
သူမ၏ အလွန်တရာ အေးစက်လှသော အကြည့်အောက်တွင် သူသည် ဖော်ပြရခက်လောက်အောင် ယောက်ယက်ခတ်သွားပြီး သူ့အသံသည် အမှတ်တမဲ့အလိုလို တိုးဝင်သွားတော့၏။
ဝိန်းယွီက အေးစက်စက် ပြောလိုက်၏။ "သူ လက်ခံမယ်လို့ ရှင် ထင်ရင် သူ့ကို တိုက်ရိုက် သွားပြောလိုက်ပါ။ ဘာပြောပိုင်ခွင့်မှ မရှိတဲ့ ကျွန်မဆီမှာ ဘာလို့ လေတွေ လာဖြုန်းတီးနေတာလဲ။ ဒါ့အပြင် လူတွေက သူတို့ရဲ့ မွေးဖွားလာမှုကို ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူက အထက်တန်းလွှာအဖြစ် မမွေးဖွားချင်ဘဲ နေမှာလဲ။ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာကို ဇာစ်မြစ်နဲ့ ဆုံးဖြတ်သင့်သလား။ ဒီလောကကြီးက သူနဲ့ သူ့အမေကို မတရား လုပ်ခဲ့တာပါ။ အဲ့ဒီ အညစ်အကြေးတွေထဲကနေ ရုန်းထွက်လာတာကို ဘာတွေများ လှောင်ပြောင်စရာ ရှိနေလို့လဲ။ ရှင့်လို လူတွေကသာ လူသားဆန်မှု၊ တရားမျှတမှုနဲ့ မိသားစုအပေါ် သိတတ်မှုတွေ ကင်းမဲ့နေပြီး လူလို့ခေါ်ဖို့တောင် မထိုက်တန်တာပါ"
သူ့ကို တုံ့ပြန်ရန် အခွင့်အရေး မပေးတော့ဘဲ သူမသည် တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်ပြီး သူမ၏ အသက်ရှူနှုန်းကို တည်ငြိမ်စေရန် တံခါးကို မှီထားလိုက်လေသည်။
အမျိုးသားသည် အပြင်ဘက်တွင် ပြင်းပြင်းထန်ထန် ကျိန်ဆဲနေသော်လည်း သူမက ၎င်းကို ခွေးဟောင်သံကဲ့သို့ သဘောထားကာ လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။
သူမ သည်လောက် ဒေါသမထွက်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။
ကိုယ့်ညီမအရင်းကိုတောင် ပြည့်တန်ဆာအိမ် ရောင်းစားမယ်လို့ ခြိမ်းခြောက်ရဲတဲ့ ဒီလိုအမှိုက်ကောင်မျိုးတွေကို အပြစ်ပေးဖို့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ဘုရင်ကို သေချာပေါက် သွားပြောရမယ်။
လမ်းကြားတစ်ဝက်ခန့် အကွာတွင် ရှောင်းလိသည် လက်ပိုက်လျက် ထောင့်ရှိ နံရံကို မှီကာ ရပ်နေသည်။ သူ့၏မည်းနက်သော မျက်တောင်များပေါ်တွင် နှင်းပွင့်ငယ်လေးများ တင်ကျန်နေပြီး နှင်းများ စုပုံလာချိန်မှသာ သူသည် မျက်ခွံများကို အနည်းငယ် ပင့်လိုက်၏။ သူ့ပါးပြင်ပေါ်ရှိ သွေးစွန်းရာများသည် ခြောက်သွေ့နေပြီ ဖြစ်ပြီး သူ့၏အစောပိုင်းက ရက်စက်မှုများနှင့် ဒေါသများသည်လည်း မည်သည့်အချိန်ကမှန်းမသိ စတင် ကျဆင်းလာခဲ့သော နှင်းပွင့်များ အတွင်း၌ ယခုအခါ ဖုံးကွယ်သွားခဲ့လေပြီ။
တံခါးဝတွင် ငြင်းပယ်ခံလိုက်ရသော အမျိုးသားသည် သူ့ညီမကို နောက်သို့ ဆွဲခေါ်လာရင်း ကျိန်ဆဲကာ မြည်တွန်တောက်တီးနေသည်။ ထောင့်ကို ဖြတ်သွားစဉ် ရှောင်းလိကို မြင်လိုက်ရသောအခါ သူ့ခြေထောက်များသည် အားပျော့သွားတော့၏။ မျက်နှာအမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် သူသည် မြှောက်ပင့်သော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။ သူ ရှေ့သို့ ခြေလှမ်းလိုက်စဉ်မှာပင် ဂရုမစိုက်သော စကားတစ်ခွန်းကို ကြားလိုက်ရ၏။ "ထွက်သွားစမ်း"
ရှောင်းလိတစ်ယောက် ထိုနေရာတွင် အချိန်မည်မျှကြာအောင် နားထောင်နေခဲ့သည်ကို သေချာမသိသဖြင့် အမျိုးသားမှာ အလွန် ကြောက်လန့်သွားသည်။ ထိုစကားကို ကြားသောအခါ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်နှယ် ခံစားလိုက်ရပြီး ညီမဖြစ်သူကို ဆွဲခေါ်ကာ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။
ထိုအခါမှသာ ရှောင်းလိသည် မျက်လုံးများကို ပင့်လိုက်ပြီး လူ့ပြည်လောကဆီသို့ အဆက်မပြတ် ကျဆင်းနေသော ထူထဲသည့် နှင်းပွင့်များကို မော့ကြည့်လိုက်လေသည်။
ဝိန်းယွီ၏ စကားများသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲ။
သူမက မေးခဲ့သည်တဲ့။ သူနဲ့ သူ့အမေကို မတရားဆက်ဆံခဲ့တာ ဒီလောကကြီးတဲ့လား။
...