အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း (၂၀)
ဝိန်းယွီသည် ခြံတံခါးကို ပိတ်ပြီးနောက် အိမ်ထဲသို့ လျှောက်သွားလိုက်သည်။ သူမသည် ခြေလှမ်းအနည်းငယ် လှမ်းရုံသာရှိသေး တံခါးခေါက်သံကို ထပ်ကြားလိုက်ရ၏။
သူမသည် ထိုအမျိုးသားက အကြံမကုန်သေးဘဲ ပြန်လာသည်ဟု ထင်မှတ်ကာ ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားသည်။ သို့သော် အပြင်ဘက်မှ လူသည် ခဏစောင့်ပြီးနောက် တံခါးလာဖွင့်သူ မရှိသဖြင့် တံခါးကို နောက်တစ်ကြိမ် ထပ်ခေါက်ပြန်၏။
ဝိန်းယွီသည် သည်းမခံနိုင်တော့ဘဲ နောက်သို့ လှည့်ကာ တံခါးမကြီးကို ဆွဲဖွင့်ရင်း ပြောလိုက်သည်။ "ရှင် မပြီးသေးဘူးလား..."
စကားသံသည် ရုတ်တရက် ရပ်တန့်သွားတော့သည်။
တံခါးပြင်ပတွင် ရပ်နေသူသည် အခြားသူ မဟုတ်ဘဲ ရှောင်းလိပင် ဖြစ်သည်။
ဆားပွင့်များ၊ ဝါဂွမ်းစများသဖွယ် နှင်းပွင့်ကြီးများသည် သူ့ဆံပင်နှင့် ပခုံးပေါ်တွင် တင်ကျန်နေ၏။ သူ၏မည်းနက်သော မျက်ဝန်းများသည် ဝိန်းယွီကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး သူ၏ပါးပြင်ပေါ်မှ ခြောက်သွေ့နေသော သွေးကွက်များသည် အရောင်ရင့်နေပြီ ဖြစ်ကာ ဒဏ်ရာရပြီး ပြန်လာသည့် အထီးကျန် ဝံပုလွေတစ်ကောင်နှင့် ဆင်တူနေတော့သည်။
ဝိန်းယွီသည် သူ၏မျက်နှာပေါ်တွင် သွေးများ ပေကျံနေသည်ကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့သည်။ "အစ်ကို(၂) ရှင် ဒဏ်ရာရလာတာလား"
ခြေလှမ်းကို ကြွကာ တံခါးခုံကို ကျော်ဖြတ်လိုက်ပြီး သူမ၏ စကပ်စသည် အေးစက်သော လေပြေထဲတွင် လိပ်ပြာလေးတစ်ကောင်နှယ် လွင့်ဝဲသွားပြီး သူမသည် သူ့ကို တွဲရန် လက်ကမ်းပေးလိုက်၏။
သူမ၏ လက်ချောင်းထိပ်များသည် သူ့တံတောင်ဆစ်နှင့် ထိမိလုနီးပါး ဖြစ်သွားချိန်တွင် သူသည် ယခုမှ သတိပြန်ဝင်လာသည့်နှယ် အနည်းငယ် ရှောင်ဖယ်လိုက်ပြီး ပြောလိုက်သည်။ "ဒီသွေးတွေက တခြားလူဆီကပါ"
သို့သော် သူသည် သူမကို နောက်တကြိမ် ထပ်မကြည့်ရဲတော့ချေ။
သူသည် ခြေလှမ်းကို ကြွကာ ခြံတံခါးအတွင်းသို့ ဝင်လာပြီးမှ မေးလိုက်သည်။ "ငါ့အမေရော"
ဝိန်းယွီသည် သူ၏ လုံးဝမသိသာသော ပုံမှန်မဟုတ်သည့် အမူအရာကို သတိမထားမိဘဲ တံခါးကို ပြန်ပိတ်လိုက်ပြီး ပြောလိုက်သည်။ "သခင်မကြီးက ဆေးခန်းမှာ ဟော်ရှောင်အန်းကို သွားကြည့်တယ်။ ကျွန်မကို အိမ်မှာ ရှင်ပြန်လာတာကို စောင့်နေဖို့ မှာသွားတယ်"
ထို့နောက် သူ ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်လေသည်။
ရှောင်းလိသည် ခြံဝင်းအတွင်းရှိ ရေခဲပါးပါးလေး ဖုံးလွှမ်းနေသော ရေစည်ထဲမှ ရေကို ခပ်ယူလိုက်ပြီး သူ့မျက်နှာပေါ်မှ သွေးကွက်များကို ကြမ်းတမ်းစွာ ဆေးကြောလိုက်ကာ ပြောလိုက်သည်။ "ငါလည်း နောက်ကျရင် ဆေးခန်းကို သွားကြည့်လိုက်ဦးမယ်"
အရိုးထိအောင် အေးစက်လှသော ရေများသည် မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူတစ်ပါးရှေ့တွင် ထုတ်ဖော်ပြသ၍ မရနိုင်သော ခံစားချက်အားလုံးသည် နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင် လုံးဝ ဖိနှိပ်ခံလိုက်ရတော့သည်။
ဤရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးထဲမှ အလွန်အေးစက်လှသည့် လေကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီး မျက်တောင်တစ်ချက် ခတ်ကာ မျက်တောင်များပေါ်တွင် တွဲခိုနေသော ရေစက်များကို ခါထုတ်လိုက်၏။ ရုတ်တရက် မျှော်လင့်မထားဘဲ ချည်သားပဝါတစ်ထည်က သူ့မြင်ကွင်းတွင် ပေါ်လာ၏။
ပဝါကို ကိုင်ဆောင်ထားသော လက်သည် ရှည်လျားပြီး ဖြူဖွေးနေကာ အချိုးအစားကျလှသည်။ လက်ခုံပေါ်တွင် အနီရောင် အဖုအပိမ့်ရာများကို ခပ်ရေးရေး မြင်နေရသော်လည်း အလွန် ကြည့်ကောင်းနေဆဲ။
ရှောင်းလိသည် အကြည့်ကို အပေါ်သို့ ရွှေ့လိုက်သောအခါ ဝိန်းယွီ၏ တည်ငြိမ်ပြီး နူးညံ့သော မျက်နှာကို မြင်လိုက်ရ၏။ သူမသည် သူမ၏ ရုပ်ရည်က လူများကို ကြောက်ရွံ့စေနိုင်ကြောင်း သိနေသယောင် အခြားသူများကို တည့်တည့်ကြည့်လေ့ သိပ်မရှိချေ။ ယခုအချိန်တွင်လည်း ထိုနည်းတူပင်။
သို့သော် သူမ ဖော်ပြနေသော အမူအရာတွင် သိမ်ငယ်ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ လောကကြီးရှိ သက်ရှိအားလုံးကို သနားကြင်နာတတ်သော ကိုယ်ချင်းစာတရားနှင့် နူးညံ့သိမ်မွေ့မှုမျိုး ရှိနေလေသည်။
လေတိုက်သံက အလွန်ကျယ်လောင်လွန်းသဖြင့် ထိုအခိုက်အတန့်တွင် သူ့နှလုံးခုန်သံကို ဖုံးလွှမ်းသွားတော့သည်။
ဝိန်းယွီသည် သူက ပဝါကိုလည်း မယူသလို စကားလည်း မပြောဘဲ ရုတ်တရက် သတိလွတ်သွားသည့်နှယ် သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ပဝါကို ရှေ့သို့ အနည်းငယ် ထပ်တိုးပေးလိုက်ပြီး ပြောလိုက်၏။ "ရှင့်မျက်နှာကို သုတ်လိုက်လေ။ ရာသီဥတုက ဒီလောက်အေးနေတာ နေမကောင်းဖြစ်လွယ်တယ်"
ထိုအခါမှ ရှောင်းလိသည် သတိပြန်ဝင်လာတော့သည်။ ကျေးဇူးတင်စကား ဆိုကာ ပဝါကို ယူလိုက်ပြီး မျက်နှာပေါ်တွင် ကြမ်းတမ်းစွာ သုတ်လိုက်သည်။
ဝိန်းယွီသည် သူက ယနေ့ကိစ္စအတွက် စိတ်ရှုပ်နေသည်ဟု ထင်မှတ်ကာ စကားစလိုက်သည်။ "ရှင် တခြားလူနဲ့ ရန်ဖြစ်လာတာလား"
ရှောင်းလိက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
အပြင်ဘက်တွင် လေနှင့် နှင်းများက ပိုပြင်းထန်လာပြီး ခဏလောက် ရပ်နေရုံဖြင့် ခန္ဓာကိုယ်ပေါ်တွင် နှင်းပွင့်မှုန်လေးများ ဖုံးလွှမ်းသွား၏။ သူသည် ပဝါကို အသုံးပြုကာ လက်ပေါ်ရှိ ရေစက်များကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "အထဲဝင်ပြီးမှ ပြောကြတာပေါ့"
နှစ်ယောက်သား အိမ်မကြီးထဲသို့ ဝင်လာကြသည်။ ရှောင်းလိသည် မီးဖိုထဲသို့ ထင်းများ ထပ်ထည့်လိုက်၏။ ငြိမ်းလုနီးပါး ဖြစ်နေသော မီးတောက်သည် ချက်ချင်းပင် ဟုန်းခနဲ တောက်လောင်လာတော့သည်။
ဝိန်းယွီက ပြောလိုက်လေသည်။ "ကျွန်မ ဟော်ရှောင်အန်းဆီကနေ ဒီကိစ္စရဲ့ အကြောင်းရင်းကို နည်းနည်း သိရတယ်။ လောင်းကစားရုံက လူတွေက ချန်လိုင့်ဇီရဲ့ လှည့်ကွက်ကို အသုံးချပြီး ကျွန်မကို သခင်မကြီးဆီ အပေါင်ထားတာကို အကြောင်းပြချက် လုပ်ခဲ့တယ်ဆိုတော့ ဒီကိစ္စက ကျွန်မနဲ့လည်း အနည်းနဲ့အများတော့ ပတ်သက်နေတာပေါ့..."
ရှောင်းလိသည် ထင်းကိုင်းသေးသေးလေး တစ်ခုကို ကောက်ယူကာ မီးဖိုထဲရှိ ပြာပုံထဲတွင် ဆွနေရင်း ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။ "ဒါက ငါနဲ့ ချန်လိုင့်ဇီကြားက ရန်ငြိုးပါ"
ဝိန်းယွီသည် စကားပြောနေရင်း ဖြတ်ပြောခံလိုက်ရသော်လည်း ရင်ထဲတွင် အံ့ဩမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သူပြောတဲ့ စကားရဲ့ အဓိပ္ပာယ်က... ငါနဲ့ မဆိုင်ဘူးလို့ ပြောတာလား။
ဝိန်းယွီသည် စိတ်ထဲတွင် သူ့အပေါ် အမြင်အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။ "သခင်မကြီးက ကျွန်မအပေါ် ကောင်းပါတယ်။ အခုလို မမျှော်လင့်ဘဲ ဒုက္ခရောက်ရတော့ ကျွန်မ ရင်ထဲမှာ တကယ်ကို အားနာမိတယ်။ ဟော်ရှောင်အန်း ပြောတာကတော့ အဲ့ဒီလူတွေက ရှင့်ရဲ့ ပြိုင်ဖက် ဝမ်ချင်း လက်အောက်က လူတွေတဲ့။ လောင်းကစားရုံမှာက လူတန်းစားပေါင်းစုံ ရှိတယ်လေ။ ဟော်ရှောင်အန်း ပြောပြတာက အဲ့ဒီက လူဟောင်းတွေ အများစုက ရှင့်ရဲ့ မိသားစု အကြောင်းကို အနည်းနဲ့အများတော့ သိကြတယ်တဲ့။ ဒါပေမယ့် ရှင်နဲ့ အဲ့ဒီဝမ်ချင်းတို့ မတည့်လာတာ နှစ်တွေ အများကြီး ရှိနေပြီကို သူတို့က သခင်မကြီးကို အသုံးချပြီး ရှင့်ကို ထိုးနှက်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒီရက်ပိုင်းမှာကျမှ သူတို့ရဲ့ လုပ်ရပ်တွေက အရမ်း လွန်ကျူးလွန်းနေတယ်..."
သူမသည် စကားကသည်နေရာအရောက်တွင် စကားကို အနည်းငယ် ရပ်တန့်လိုက်ပြီး ရှောင်းလိကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကျွန်မ တွေးကြည့်တာလေ... အဲ့ဒီ ဝမ်ချင်းက သူ့မှာ နောက်ခံအင်အား တစ်ခုခု ရှိနေတယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် အရိပ်အမြွက် တစ်ခုခု ရထားလို့ နောင်ကျရင် ရှင့်ကို သေချာပေါက် ဖိနှိပ်ထားနိုင်ပြီလို့ ထင်ပြီး ဒါကြောင့်ပဲ အခုလို ရက်ရက်စက်စက် လုပ်ရဲတာလား"
ရှောင်းလိသည် ပြာပုံထဲတွင် ထင်းကိုင်းသေးသေးလေးဖြင့် ဆွနေသော လက်ကို ရပ်တန့်လိုက်သည်။ သူ၏မျက်ဝန်းအိမ်ထဲတွင် မီးရောင်များ ထင်ဟပ်နေပြီး သူက ပြောလိုက်၏။ "ဆက်ပြောပါ"
ဝိန်းယွီသည် သူမ၏ အရိပ်အမြွက်ပြမှုက လုံလောက်အောင် ရှင်းလင်းနေပြီဟု ယူဆလိုက်သည်။ ဤသည်မှာ အထက်လူကြီးများ အမြဲတစေ အသုံးပြုလေ့ရှိသော အာဏာထိန်းကျောင်းသည့် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။ သူနှင့် သူ၏ရန်သူတော်ကြီးတို့ကြားမှ အသေးအဖွဲ ပွတ်တိုက်မှုများကို ဘေးဖယ်ထားလိုက်လျှင်ပင် ယခုကဲ့သို့ အထိနာစေမည့် အတိုင်းအတာအထိ ရောက်လာခြင်းက တစ်စုံတစ်ယောက်သည် အထက်လူကြီးများ၏ သဘောထားကို သေချာပေါက် သိရှိထားခြင်းကြောင့်ပင် ဖြစ်လိမ့်မည်။
ထိုသို့မဟုတ်ပါက ရှောင်းလိဘက်မှ သူ၏ရန်သူတော်ကြီးကို ပြန်လည်ကလဲ့စားချေလိုက်လျှင် ထိုရန်သူတော်ကြီးမှာ အပြစ်ရှိနေမည်ဖြစ်ပြီး အထက်မှ အကာအကွယ် မရရှိနိုင်ပါက သူပြုလုပ်ခဲ့သမျှ အရာအားလုံးသည် ကိုယ့်ဒုက္ခ ကိုယ်ရှာသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။
ဝိန်းယွီသည် ဤကဲ့သို့သော လူများကို ရွံရှာသော်လည်း နန်းတွင်း၌ဖြစ်စေ၊ သာမန်အရပ်ထဲ၌ဖြစ်စေ လေတိုက်ရာ ယိမ်းတတ်သော ကြွက်သူခိုးကဲ့သို့ လူမျိုးများမှာ ရှားပါးလှသည်တော့ မဟုတ်ချေ။
သူမသည် စကားကို အလွန်အမင်း ပွင့်လင်းစွာ မပြောလိုသဖြင့် မေးလိုက်၏။ "ရှင် ဒီနေ့ အဲ့ဒီဝမ်ချင်းနဲ့ ပြဿနာတက်ခဲ့တာကို ရှင့်တို့ သူဌေးက ဘယ်လိုပြောလဲ"
ရှောင်းလိသည် လက်ထဲရှိ ထင်းကိုင်းလေးကို မီးထဲသို့ ပစ်ထည့်လိုက်ပြီး ချက်ချင်းပင် မီးတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သူသည် မျက်လွှာချကာ စိုက်ကြည့်ရင်း ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်၏။ "ဒီလိုနည်းလမ်းနဲ့ ငါ့ကို အကျပ်ကိုင်နေတာပေါ့လေ..."
သူ၏လက်အောက်ရှိ ညီအစ်ကိုများကို အပြစ်ပေးခြင်း၊ ဝမ်ချင်း လက်အောက်ငယ်သားများကို အိမ်နီးချင်းများကြားတွင် သူ၏မိခင်ကို စော်ကားပြောဆိုခွင့် ပြုထားခြင်းနှင့် ဟော်ရှောင်အန်းကို ပြင်းထန်စွာ ရိုက်နှက်ထားခြင်းများ ပြုလုပ်ခဲ့သည်။
သူ့ကိုယ်သူ အရည်အချင်းမရှိဟု မုန်းတီးလာစေရန်၊ မိသားစုနှင့် ညီအစ်ကိုများကို ကာကွယ်ပေးနိုင်ရန်အတွက် ဝမ်ချင်းကို အလျင်အမြန် ဖိနှိပ်ချင်လာစေရန်နှင့် တစ်ဖက်လူ၏ လက်ထဲတွင် လူသတ်မှုအတွက် သက်သေခံတစ်ခုကို ထာဝရ ချန်ထားရစ်ခဲ့ရန် ရွေးချယ်လာစေရန်ပင်။
ဝိန်းယွီသည် သူ နားလည်သွားပုံရသည်ကို မြင်လိုက်ရသည်။ သူမသည် သူပြောသော အကျပ်ကိုင်သည်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း မသိသော်လည်း ထပ်မမေးတော့ဘဲ မျက်လွှာကို အနည်းငယ်ချကာ သူ့ကို အကြံပေးလိုက်သည်။ "ရှင်တို့ လောင်းကစားရုံ သူဌေးက ဝမ်ချင်းကို အရေးပေးနေတယ်ဆိုရင် ရှင့်ရဲ့ အခုလက်ရှိ အခြေအနေက တကယ်ကို ခက်ခဲနေမှာပဲ။ ဒါပေမယ့် ဝမ်ချင်းက သူ့အပေါ် အဲ့ဒီလောက်အထိ သစ္စာမရှိဘူးဆိုတာကို သူသာ သိသွားရင်တော့ ရှင့်ကို ပြန်မြှောက်စားပြီး ဝမ်ချင်းကို ပြန်ဖိနှိပ်ခိုင်းလိမ့်မယ်"
ဝိန်းယွီသည် တစ်ဖက်လူက သူမအနေဖြင့် ဤအကြောင်းများကို သိရှိနေရသည့်အကြောင်းအရင်းကို သံသယဝင်မှာ စိုးရိမ်သဖြင့် သူမကိုယ်တိုင်ပင် ရှင်းပြလိုက်သည်။ "ကျွန်မ အဖေက အရင်တုန်းက သူဌေးကြီးတစ်ယောက် လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။ အဲ့ဒီ သူဌေးကြီးက ကျွန်မ အဖေနဲ့ တခြား အလုပ်သမားတွေကို အဲ့ဒီလိုပဲ ဆက်ဆံခဲ့တာပါ"
နန်းတွင်းရှိ အင်အားကြီးမားသော အဖွဲ့အစည်း နှစ်ခုသည် မကြာခဏ အာဏာလုပွဲများ ဖြစ်ပွားလေ့ရှိရာ ဤသည်ထက်တော့ မပိုနိုင်ချေ။
ဘယ်သူမှ ထာဝရ အောင်နိုင်သူ ဖြစ်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်တစ်ပါး၏ လက်ထဲတွင် ဓားတစ်လက်တည်းသာ ရှိနေမည် မဟုတ်သောကြောင့်ပင်။
ဓားသွားက အလွန်တုံးနေပါက အစားထိုးခံရလိမ့်မည်။ ဓားသွားက အလွန်ထက်မြက်လွန်းပါကလည်း သတိထားစောင့်ကြည့်ခြင်း ခံရလိမ့်မည်။
ထိုအတိုင်းအတာကို မည်သို့ ထိန်းသိမ်းရမည်ဆိုသည်မှာ ခေတ်အဆက်ဆက်ရှိ အမတ်များအားလုံး ရှာဖွေလေ့လာနေကြရသော ဉာဏ်ပညာ တစ်ရပ်ပင်။
ရှောင်းလိသည် ထိုစကားကို ကြားသောအခါ ရယ်မောကာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ သူ ဝမ်ချင်းကို အသုံးချလို့ မရတော့ပါဘူး"
သူ၏ထိုအပြုံးသည် ဂရုမစိုက်ဟန် ပေါက်နေသလို အေးစက်သော အရိပ်အယောင်များလည်း ပါဝင်နေသည်။
ဝိန်းယွီ၏ မျက်ဝန်းအောက်ခြေတွင် သံသယ အနည်းငယ် ပေါ်ထွက်လာသော်လည်း ရှောင်းလိက ထပ်မရှင်းပြတော့ဘဲ မျက်လုံးများကို ပင့်ကာ သူမကို ပြောလိုက်သည်။ "စားစရာ ရှိလား။ နည်းနည်း ဆာနေလို့"
သူသည် နံနက်ပိုင်းက ပေါက်စီ နှစ်လုံးသာ စားပြီး အပြင်ထွက်ခဲ့ရကာ ယခုအချိန်တွင် နေဝင်ရီတရော အချိန်ပင် ရောက်နေပြီ ဖြစ်သည်။
ဝိန်းယွီက ပြန်ပြောလိုက်သည်။ "မီးဖိုချောင်ထဲမှာ ရှိတယ်။ ကျွန်မ သွားခူးပေးပါ့မယ်"
မကြာခင်မှာပင် သူမသည် ထမင်းတစ်ပန်းကန်ကို ကိုင်ကာ ပြန်လာခဲ့သည်။
ထမင်းပေါ်တွင် တင်ထားသော ဟင်းရွက်စိမ်းလေးများသည် အစိမ်းရောင် သန်းနေကာ လတ်ဆတ်ပြီး အကျက်လွန်အောင် ကြော်ထားခြင်း မရှိသဖြင့် ကြည့်ရသည်မှာ အလွန် စားချင်စရာ ကောင်းနေသည်။
ရှောင်းလိသည် သူမက မီးပင် မမွှေးတတ်သည်ကို သိထားပြီး ဖြစ်သည်။ စောစောက သူပြောလိုက်သော စကားမှာ စကားလမ်းကြောင်း လွှဲရန်အတွက်သာ အလွတ်သဘော မေးလိုက်ခြင်း ဖြစ်သော်လည်း သူမက တကယ်ပင် ထမင်းချက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူသည် အမေဖြစ်သူ၏ လက်ရာကို အလွန်ပင် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သဖြင့် ဤဟင်းသည် သူ့အမေ ချက်ထားခြင်း မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံနှင့်ပင် သိနိုင်သည်။ ဝိန်းယွီက ရုတ်တရက် ထုတ်ဖော်ပြသလိုက်သော ဟင်းချက်စွမ်းရည်ကြောင့် သူ့ရင်ထဲတွင် အနည်းနှင့်အများတော့ အံ့ဩသွားမိသည်။
ရှောင်းလိသည် ပန်းကန်နှင့် တူကို ယူကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူသည် အံ့ဩမှုတွင်သာ အာရုံရောက်နေသဖြင့် ဝိန်းယွီက စိုးရိမ်တကြီးနှင့် မျှော်လင့်ချက် တစ်ဝက်ဖြင့် သူ စားမည့်အချိန်ကို စောင့်ကြည့်နေသော မျက်နှာအမူအရာကို မမြင်လိုက်ချေ။
ဟင်းရွက် တစ်လုတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ အလွန် ငန်လွန်းသဖြင့် သူ စားလိုက်သည့်အရာမှာ နှစ်ပေါင်း ၁၈ နှစ်တိတိ စိမ်ထားသော ဆားရည်စိမ်ဟင်းရွက်ဟုပင် ထင်မှတ်သွားတော့သည်။
ရှောင်းလိသည် ထိုနေရာတွင်ပင် ချက်ချင်း ပြန်ထွေးထုတ်ချင်သွားသော်လည်း ဝိန်းယွီ၏ ရှေ့တွင် ဖြစ်နေသဖြင့် မနည်း သည်းခံလိုက်ရသည်။ ဝိန်းယွီက အရသာ ဘယ်လိုနေလဲဟု မေးလာသောအခါ သူသည် နှစ်ချက်ခန့် ဝါးလိုက်ပြီး ပြောလိုက်၏။ "အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်..."
ထို့နောက် ပါးစပ်ထဲရှိ အလွန်အမင်း ငန်နေသော အရသာကို ဖုံးလွှမ်းသွားစေရန်အတွက် ထမင်းကို အငမ်းမရ စတင် စားသောက်လေတော့သည်။
သို့သော် ထမင်းများ ပါးစပ်ထဲသို့ ရောက်သွားသောအခါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ချက်ချင်းပင် ထွေးထုတ်လိုက်မိတော့သည်။
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာပြီး အိမ်ထဲတွင်လည်း အလင်းရောင် မှိန်နေသည်။ သူသည် စောစောက ပန်းကန်ထဲရှိ ထမင်းများ ကျက်မကျက်ကို သတိမထားမိခဲ့သော်လည်း ယခု မီးရောင်ဖြင့် သေချာ ကြည့်လိုက်သောအခါမှ ခေါင်းမော့ကာ ဝိန်းယွီကို အလွန်အမင်း အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ "အစိမ်းတွေလား"
ထူးဆန်းသည်မှာ တူးနေသော အနံ့လည်း ရနေခြင်းပင်။
ဝိန်းယွီမှာလည်း အနည်းငယ် ရှက်ရွံ့သွားပြီး ခြောက်ကပ်ကပ် အသံဖြင့် မေးလိုက်သည်။ "မကျက်သေးလို့လား"
ရှောင်းလိက ပြောလိုက်၏။ "မကျက်တကျက်တွေပဲ။ မင်း မစားရသေးဘူးလား"
ဝိန်းယွီက အားနာဟန်ဖြင့် ပြောလိုက်သည်။ "ချက်ထားတာ မကြာသေးလို့ပါ"
သူမသည် စုတ်တံဖြင့် ယပ်တောင်မျက်နှာပြင်ပေါ်တွင် ပုံဆွဲပြီးနောက် မင်များ ခြောက်သွားမည့်အချိန်ကို စောင့်ဆိုင်းရင်း ရှောင်းဟွေ့နျန်က ဆေးခန်းတွင် ဟော်ရှောင်အန်းကို ပြုစုနေရမည်ဖြစ်ကာ ရှောင်းလိကလည်း မည်သည့်အချိန်တွင် ပြန်လာမည်ကို မသိရသဖြင့် တစ်ခုခု ကူညီလုပ်ပေးရန် တွေးတောမိလိုက်သည်။ သို့နှင့် မီးဖိုချောင်ထဲသို့ ဝင်ကာ သည်ထမင်းတစ်နပ်ကို ပြင်ဆင်ခဲ့လေသည်။
ရှောင်းလိသည် မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ပြီး ပန်းကန်ကို ကိုင်ကာ မီးဖိုချောင်ဘက်သို့ သွားရင်း ပြောလိုက်သည်။ "ရပါတယ်။ ရေနည်းနည်း ထပ်ထည့်ပြီး ပြန်တည်လိုက်ရင် ရသွားမှာပါ"
ဝိန်းယွီသည် သူ မီးဖိုချောင်ဘက်သို့ သွားသည်ကို မြင်လိုက်ရသောအခါ ပိုလို့ပင် ရှက်ရွံ့သွားပြီး အလျင်အမြန် လိုက်သွားကာ ပြောလိုက်သည်။ "ဒါဆို ကျွန်မ ပြန်ချက်လိုက်ပါ့မယ်..."
သို့သော် နောက်ကျသွားလေပြီ။ ရှောင်းလိသည် ထောင့်တစ်ဖက်တွင် မီးတူးနေသော သစ်သားအဖုံးကို ဖွင့်လိုက်ပြီး ဒယ်အိုးအောက်ခြေတွင် ကပ်နေသော မီးသွေးခဲလို မည်းနက်နေသည့် ထမင်းတူးများကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားတော့သည်။
ဝိန်းယွီသည် မီးဖိုချောင် တံခါးဝတွင် ရပ်နေပြီး အလွန် မလုံမလဲဖြစ်ရသဖြင့် အထဲသို့ ဆက်မဝင်ရဲတော့ဘဲ အနေခက်စွာဖြင့် ပြောလိုက်သည်။ "ကျွန်မ အဲ့ဒီ ပေါင်းအိုးနဲ့ ထမင်း မပေါင်းတတ်ဘူး။ အရင်က ဒေါ်ဒေါ် ဒယ်အိုးထဲ ရေထည့်ပြီး ထမင်းချက်တာကို မြင်ဖူးလို့ လိုက်လုပ်ကြည့်တာပါ..."
သူမသည် မင်းသားအိမ်တော်ရှိ စားဖိုမှူး၏ သင်ကြားပြသမှုဖြင့် ဟင်းကြော်ဖူးသဖြင့် ဟင်းကြော်ရာတွင် ရေများများ မထည့်ရကြောင်းကို သိထားသည်။
ထို့ကြောင့် ဆန်ကို ဒယ်အိုးထဲသို့ ထည့်လိုက်ချိန်တွင် သူမသည် ဆန်ပြုတ် ပြုတ်ခြင်း မဟုတ်ဘဲ ထမင်းချက်ခြင်း ဖြစ်သဖြင့် ရေများများ မထည့်ခဲ့ပေ။ သို့သော် ခဏအကြာမှာပင် သည်လောက်အထိ တူးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ရှောင်းလိက သူမကို မေးလိုက်၏။ "အရင်တုန်းက မီးဖိုချောင်ထဲ သိပ်မဝင်ဖူးဘူး မဟုတ်လား"
ဝိန်းယွီသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဤဖုံးကွယ်လို့ မရနိုင်သော အမှန်တရားရှေ့တွင် သူက သူမ၏ မိသားစု နောက်ခံကို ခန့်မှန်းမိမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်ရတော့သည်။
ရှောင်းလိသည် ဒယ်အိုးထဲရှိ မည်းနက်နေသော ထမင်းတူးများကို ကြည့်ရင်း ပြောလိုက်လေသည်။ "ဒါဆိုရင်လည်း နောက်ဆို မင်း မီးဖိုချောင်ထဲ မဝင်တာပဲ ကောင်းပါတယ်"
ဝိန်းယွီသည် ရှက်လည်းရှက်၊ အနေလည်း ခက်သွားသဖြင့် ပြောလိုက်တော့သည်။ "ဒီပျက်စီးသွားတဲ့ ဆန်တွေနဲ့ ကုန်သွားတဲ့ ထင်းတွေအတွက် ရွှီမိသားစုဆီက ပန်းထိုးခရရင် တန်ဖိုးအတိုင်း ကျွန်မ ပြန်ဆပ်ပါ့မယ်"
ရှောင်းလိက သူမကို တစ်ချက် ကြည့်လိုက်၏။ "ငါ မင်းကို ပြန်ဆပ်ခိုင်းလို့လား"
ဝိန်းယွီသည် သူ ဘာအဓိပ္ပာယ်ဖြင့် ပြောနေမှန်း နားမလည်နိုင်တော့ဘဲ ပြောလိုက်၏။ "ဒါက ကျွန်မရဲ့ အမှားပါ၊ ပြန်ဆပ်သင့်တာပေါ့"
ရှောင်းလိ၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး တစ်ခုခုကို ထပ်ပြောချင်နေသယောင် ရှိသော်လည်း နောက်ဆုံးတွင်တော့ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။ သူသည် ဘေးရှိ သံယောက်မကို ယူကာ ဒယ်အိုးထဲရှိ တူးနေသော ထမင်းများကို ကော်ထုတ်လိုက်ပြီး ပြောလိုက်၏။ "နောက် နာရီဝက်နေရင် ထမင်းစားမယ်၊ မင်းဘာသာ သွားပြီး မီးလှုံနေလိုက်"
ဝိန်းယွီသည် သူမအနေဖြင့် တစ်ခုခု လုပ်ပေးသင့်သည်ဟု ခံစားနေရ၏။ သူ ကိုယ်တိုင် ဤနေရာတွင် ထမင်းချက်နေပြီး သူမက အပြင်တွင် မီးလှုံကာ ထမင်းစားရန် စောင့်နေခြင်းသည် ဘယ်လိုပဲ တွေးကြည့်ကြည့် အလွန် ထူးဆန်းနေသဖြင့် ပြောလိုက်လေသည်။ "ကျွန်မ ရှင့်ကို မီးကူမွှေးပေးပါ့မယ်"
သူမသည် ခြေလှမ်းကို ကြွကာ မီးဖိုအနောက်ဘက်သို့ သွားရန် ပြင်လိုက်စဉ် ရှောင်းလိက ပြောလိုက်၏။ "မလိုပါဘူး"
တစ်ခုခုကို ဖုံးကွယ်ရန် အကြောင်းပြချက် ရှာနေသည့်နှယ် သူက ထပ်ပြောလိုက်သည်။ "မင်း မီးမွှေးရင် ထင်းပိုကုန်တယ်"
ဝိန်းယွီမှာ ပိုအနေခက်သွားရပြီး ဤလူမိုက်သည် ရုတ်တရက် အလွန် ရက်စက်တတ်လာသည်ဟု ခံစားလိုက်ရတော့သည်။
သူမက ပြောလိုက်၏။ "ရှင်နဲ့ ဒေါ်ဒေါ်တို့ ကျွန်မကို လက်ခံထားတဲ့ အချိန်အတွင်း ကုန်ကျခဲ့တဲ့ စားဝတ်နေရေး စရိတ်တွေ အကုန်လုံးကို အချိန်ကျရင် ကျွန်မ ပြန်ဆပ်ပါ့မယ်"
ထိုသို့ ပြောပြီးနောက် သူမသည် လှည့်ထွက်သွားတော့သည်။
သူမ အဝေးသို့ ထွက်သွားသော ခြေသံများကို နားထောင်ရင်း ရှောင်းလိသည် သံယောက်မကို ရုတ်တရက် ပစ်ချလိုက်၏။ သူသည် လက်နှစ်ဖက်ဖြင့် မီးဖိုဘောင်ကို ထောက်ထားကာ ဒယ်အိုးထဲရှိ ထမင်းတူးများကို အချိန်အတော်ကြာ ငေးကြည့်နေမိတော့သည်။
ဘယ်လို မိသားစုမျိုးကများ မီးခတ်ကျောက်တောင် မသုံးတတ်၊ မီးဖိုချောင်ထဲလည်း သိပ်မဝင်ဖူးပေမယ့် အမြင်ကျယ်ပြီး ထူးခြားတဲ့ အရှိန်အဝါရှိတဲ့ မိန်းကလေးမျိုးကို ပြုစုပျိုးထောင်ပေးနိုင်တာပါလိမ့်။
...