အခန်း ၂၁
Vol. 3 Ch. 21
အပိုင်း (၂၁)
နှင်းမုန်တိုင်း အကြိမ်ကြိမ် ကျပြီးနောက်တွင် လမ်းမများပေါ်၌ နှစ်သစ်ကူး အငွေ့အသက်များသည် တစ်နေ့တခြား ပိုသိသာလာသည်။
ထိုနေ့မှစ၍ ဝိန်းယွီသည် ရှောင်းလိကို သိပ်မတွေ့ရတော့ပေ။ သူတို့နှစ်ဦးသည် တစ်မိုးတည်းအောက်တွင် အတူနေထိုင်ကြသော်လည်း သူသည် နေ့စဉ် အစောကြီး ထွက်သွားပြီး နောက်ကျမှ ပြန်လာတတ်ကာ တစ်ခါတစ်ရံ ညဘက် အိမ်မပြန်သည်များလည်း ရှိသည်။
ဝိန်းယွီသည် မနက်ပိုင်းတွင် အနည်းငယ် နောက်ကျမှ ထပြီး ညပိုင်းတွင်လည်း အခန်းထဲသို့ အစောကြီး ဝင်နေလိုက်ပါက သူ့ကို လုံးဝ ရှောင်လွှဲနိုင်သည်။
ရှောင်းဟွေ့နျန်ကတော့ သူတို့နှစ်ယောက်စလုံး ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်များနေကြသည်ဟုသာ ထင်မှတ်ပြီး သူတို့ကြားမှ ထူးခြားချက်ကို သတိမထားမိခဲ့ချေ။
ဟော်ရှောင်အန်းသည် ဆေးခန်းတွင် ရက်အနည်းငယ်ကြာ လဲလျောင်းနေပြီးနောက် အပြင်ဒဏ်ရာများ သက်သာလာသောအခါ ဆက်မနေနိုင်တော့ဘဲ ရှောင်းလိနောက်သို့ ဆက်လိုက်ရန် ကြိုးစားတော့သည်။
ရှောင်းလိသည် သူ့ကို အိမ်သို့ အတင်းခေါ်လာခဲ့ပြီး ရှောင်းဟွေ့နျန်၏ စောင့်ကြည့်မှုအောက်တွင် ထားလိုက်မှသာ သူ အနည်းငယ် ငြိမ်ကျသွားတော့သည်။
ထိုနေ့က ရှောင်းလိသည် လောင်းကစားရုံသို့ သွားခဲ့ပြီး ဝမ်ချင်းဆိုသူ၏ ခေါင်းကို ရိုက်ခွဲခဲ့ကြောင်း ဝိန်းယွီသည် ဟော်ရှောင်အန်း ပြောပြမှပင် သိလိုက်ရသည်။
ထိုလူသည် ယနေ့တိုင် အိပ်ရာပေါ်တွင် လဲနေရဆဲ ဖြစ်သည်။ လောင်းကစားရုံ သူဌေး၏ လက်အောက်တွင် မူလက သူနှင့် ရှောင်းလိ နှစ်ယောက်သာ အားကိုးစရာ ရှိသော်လည်း ယခု သူက ထိုအခြေအနေအထိ ဒဏ်ရာရသွားသဖြင့် လောင်းကစားရုံ၏ လုံခြုံရေးတာဝန်များ၊ အကြွေးကောက်ခြင်းနှင့် သူဌေးအတွက် လျှို့ဝှက်စွာ လုပ်ဆောင်ရသော အလုပ်များ အားလုံးသည် ရှောင်းလိ၏ ခေါင်းပေါ်သို့သာ ကျရောက်လာတော့သည်။
သူမသည် စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားမိသည်။ မူလက သူမသည် သူ ဤကိစ္စနှင့် ကြုံတွေ့ရချိန်တွင် ဝမ်ချင်းကို သင်ခန်းစာပေးပြီးနောက် လောင်းကစားရုံ သူဌေးက ဖြေရှင်းပေးမည်ကို စောင့်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူက လောင်းကစားရုံ သူဌေးလက်ထဲရှိ အခြားဓားတစ်လက်ကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်ပြီး လောင်းကစားရုံ သူဌေးကို ယခုအချိန်တွင် သူ့တစ်ယောက်တည်းကိုသာ အသုံးပြုနိုင်အောင် ဖန်တီးလိုက်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ဤနည်းလမ်းသည် အသုံးဝင်သော်လည်း အလွန်အမင်း ထင်ပေါ်လွန်းသဖြင့် လောင်းကစားရုံ သူဌေးကို သူ့အပေါ် ပိုပြီး စိုးရိမ်မကင်း ဖြစ်လာစေပြီး ဝမ်ချင်း မရှိတော့လျှင် လီချင်း၊ လျိုချင်း စသူတို့ကို နောက်ထပ် မြေတောင်မြှောက်ပေးကာ သူ့ကို ဆက်လက် ယှဉ်ပြိုင်ခိုင်းလာနိုင်သည်။
ဝိန်းယွီသည် ထိုအချိန်က သူ မည်သို့ တွေးတောခဲ့သည်ကို မသိသော်လည်း ဤသို့ပြုလုပ်လိုက်ခြင်းကြောင့် သူသည် ဤရက်ပိုင်းအတွင်း အလုပ်များနေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။
သူသာ ပါးနပ်သူ ဖြစ်လျှင် ဤအခွင့်အရေးကို အသုံးချပြီး ဝမ်ချင်း လက်အောက်ရှိ လူများကို ဖိနှိပ်နိုင်သူကို ဖိနှိပ်၊ စည်းရုံးနိုင်သူကို စည်းရုံးကာ လောင်းကစားရုံ တစ်ခုလုံးကို မိမိလက်ထဲတွင် ခိုင်ခိုင်မာမာ ထိန်းချုပ်ထားသင့်သည်။
ထိုသို့ပြုလုပ်ပါက ဝမ်ချင်း ဒဏ်ရာသက်သာပြီး လောင်းကစားရုံသို့ ပြန်ရောက်လာချိန်တွင်ဖြစ်စေ၊ လောင်းကစားရုံ သူဌေးက လူသစ်များကို နောက်ထပ် မြေတောင်မြှောက်ပေးရန် ရည်ရွယ်သည်ဖြစ်စေ အချိန်တိုအတွင်း သူ၏ နေရာကို လှုပ်ခါနိုင်မည် မဟုတ်ချေ။
ဝိန်းယွီသည် ထိုနေ့က သူပြောခဲ့သော လောင်းကစားရုံ သူဌေးသည် ဝမ်ချင်းကို အသုံးချလို့ မရတော့ဘူးဆိုသည့် စကားကို ပြန်လည်တွေးတောမိပြီး ရှောင်းလိသည်လည်း ထိုသို့ပင် စီစဉ်ထားသည်ဟု သူမ ထင်မြင်မိသည်။
နည်းလမ်းက အနည်းငယ် အစွန်းရောက်သော်လည်း သူက ဤသို့ လုပ်ရဲသည်ဆိုလျှင်တော့ သတ္တိရှိသူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။
"... အစ်ကို(၃)ကို အစ်ကို(၂)က သူ့ရဲ့ မူလနေရာကို ပြန်တင်ပေးလိုက်ပြီ။ ကျွန်တော် ဒဏ်ရာသက်သာလို့ လောင်းကစားရုံကို ပြန်သွားရင် ကျွန်တော့် လက်အောက်မှာလည်း လူတော်တော်များများကို အုပ်ချုပ်လို့ ရပြီ!" ဟော်ရှောင်အန်းက မျက်နှာတွင် အပြုံးပန်းများ ဝေဆာစွာဖြင့် ဝိန်းယွီကို ပြောပြနေသည်။
သို့သော် ဝိန်းယွီသည် သူမ၏ အတွေးများထဲတွင်သာ လုံးလုံး နစ်မြုပ်နေပြီး ဘာတုံ့ပြန်မှုမှ မရှိချေ။
ဟော်ရှောင်အန်းသည် သူမ၏ မျက်လုံးရှေ့တွင် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းကာ ခေါ်လိုက်သည်။ "အစ်မအားယွီ၊ အစ်မအားယွီ!"
ဝိန်းယွီသည် သတိပြန်ဝင်လာပြီး သူ့ကို ကြည့်လိုက်၏။ "ဘာလဲ"
ဟော်ရှောင်အန်းက ပြောလိုက်သည်။ "အစ်မအားယွီ ဘာတွေတွေးပြီး အဲ့လောက်တောင် ငေးနေတာလဲ။ ခေါ်တာတောင် မကြားဘူး"
ဝိန်းယွီသည် ပန်းထိုးကွင်းပေါ်တွင် အပ်ဖြင့် အချက်အနည်းငယ် ထိုးလိုက်ပြီး ပြောလိုက်၏။ "ဒေါ်ဒေါ်က ပြောတယ်။ ပန်းထိုးပဝါတွေက အထည်ကုန်သည်တွေဆီမှာ ရောင်းကောင်းတယ်တဲ့။ ပန်းထိုးဆိုင်က တာဝန်ခံတစ်ယောက်က အဲ့ဒီပန်းထိုးမှာ သုံးထားတဲ့ အရောင်စပ်ပုံကို သဘောကျလို့ ငါ့ကို အဲ့ဒီဆိုင်က အဝတ်အစားတွေအတွက် ပန်းထိုးဒီဇိုင်း နည်းနည်း ဆွဲပေးစေချင်တယ်တဲ့။ သူတို့ ပေးတဲ့ အခကြေးငွေကလည်း မနည်းဘူးဆိုတော့ ငါ ပန်းထိုးဒီဇိုင်းနဲ့ အရောင်စပ်ပုံကို စဉ်းစားနေတာပါ"
သူမနှင့် ရှောင်းဟွေ့နျန်တို့၏ ပန်းထိုးပဝါ စီးပွားရေးသည် အခြေအနေ ပြောင်းလဲသွားသည်ဟု ဆိုရမည်။ မူလက ပဝါလာထိုးရန် သဘောတူထားသော ပန်းထိုးသမလေးများသည် လူမိုက်များက ရှောင်းဟွေ့နျန်မှာ ယခင်က ကျွေးဟုန်ဂေဟာမှ နာမည်ကြီး ပြည့်တန်ဆာ ဖြစ်ခဲ့ဖူးကြောင်း ကောလဟာလလွှင့်ခဲ့သဖြင့် လူတွေ အတင်းအဖျင်း ပြောမည်ကို စိုးရိမ်ကာ အားလုံး အလုပ်ထွက်သွားခဲ့ကြသည်။
ရှောင်းဟွေ့နျန်က ကိုယ်တိုင် ဖြည်းဖြည်းချင်း ထိုးရန် စီစဉ်နေချိန်တွင် မုဆိုးမတချို့က အိမ်သို့ ရောက်လာပြီး ဤအလုပ်ကို လုပ်လိုကြောင်း ပြောလာကြသည်။ သို့သော် နေ့စဉ် အိမ်သို့ လာရောက်ပြီး ထိုးခြင်းမဟုတ်ဘဲ အထည်နှင့် ဒီဇိုင်းများကို ယူကာ အိမ်တွင် ပုံစံတူ ထိုးပြီးနောက် ရက်အနည်းငယ် ကြာတိုင်း ပန်းထိုးပြီးသား ပဝါများကို လာပို့မည် ဖြစ်ကြောင်း၊ ဤသို့ပြုလုပ်ပါက အိမ်နီးချင်းများကြားမှ ကောလာဟလများကို ရှောင်လွှဲနိုင်မည် ဖြစ်ကြောင်း ပြောဆိုလာကြသည်။
ရှောင်းဟွေ့နျန်နှင့် ဝိန်းယွီတို့ တိုင်ပင်ပြီးနောက် ချက်ချင်းပင် သဘောတူလိုက်သည်။
ပထမဆုံးအသုတ်အနေဖြင့် အထည်ကုန်သည်ထံသို့ ပေးပို့လိုက်သော ပန်းထိုးပဝါများသည် အလွန် ရောင်းကောင်းခဲ့သည်။ ရှောင်းဟွေ့နျန်သည် စျေးတန်းမှ ပြန်လာပြီးနောက် ထိုနေ့က တစ်နေ့လုံး ပျော်ရွှင်လွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်ခဲ့ချေ။
ဟော်ရှောင်အန်းသည် ငွေရှာခြင်းနှင့် ပတ်သက်နေကြောင်း ကြားလိုက်ရသောအခါ ဝိန်းယွီကို ဆက်မနှောင့်ယှက်ရဲတော့ဘဲ အလျင်အမြန် ပြောလိုက်သည်။ "ဒါဆိုလည်း ဖြည်းဖြည်း စဉ်းစားပါ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"
သူသည် ရှောင်းလိ ညဘက် အိပ်လေ့ရှိသော ပက်လက်ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်သော်လည်း သက်တောင့်သက်သာ မရှိသဖြင့် ဟိုဘက်ဒီဘက် လှိမ့်နေရင်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ညည်းတွားလိုက်သည်။ "အစ်ကို(၂)က ညဘက် ဒီမှာ ဘယ်လို အိပ်တာလဲ မသိဘူး၊ အရမ်းမာပြီး ခါးနာလိုက်တာ..."
ထိုစကားကို ကြားသောအခါ ဝိန်းယွီ၏ အပ်ချုပ်နေသောလက်သည် အနည်းငယ် ရပ်တန့်သွား၏။
သူမသည်လည်း ထိုလူက ဤပက်လက်ကုလားထိုင်ပေါ်တွင် ဘယ်လိုများ အိပ်သည်ကို မသိချေ။
ရှောင်းဟွေ့နျန်က လက်သမားကို အပ်ထားသော အိပ်ရာငယ်သည် နှစ်သစ်ကူးပြီးမှသာ ရောက်လာလိမ့်မည်။
ထိုလူမိုက်သည် ဤကာလအတွင်း အိမ်ပြန်လာပါက ဤပက်လက်ကုလားထိုင်ပေါ်တွင်သာ အိပ်ရဦးလိမ့်မည်။
ထိုနေ့က သူမက ထမင်းကို တူးသွားအောင် ချက်ခဲ့သည်ကို မြင်သောအခါ သူ့စကားများသည် အနည်းငယ် ရက်စက်ခဲ့သည်။ ဝိန်းယွီသည် စိတ်ထဲတွင် အနေခက်သွားသဖြင့် နောက်ပိုင်းတွင် သူ့ကို တမင်ရှောင်နေခဲ့ပြီး ရက်အနည်းငယ် ကြာသည်အထိ သူ့ကို စကားမပြောဖြစ်ခဲ့ချေ။
သို့သော် သေချာ တွေးကြည့်ပါက သူသည် သူမ၏ စားရေးသောက်ရေးနှင့် နေထိုင်ရေးကို ဘယ်သောခါမှ မပစ်ပယ်ခဲ့ချေ။
ဝိန်းယွီသည် ထိုအကြောင်းကို စဉ်းစားမိပြီးနောက် ရှက်ရွံ့မှုကြောင့် စားဝတ်နေရေး စရိတ်များကို ပြန်ဆပ်မည်ဟု ကြွေးကြော်ခဲ့သော သူမ၏စကားများကို ပြန်လည် တွေးတောမိပြီး အတိုင်းအတာတစ်ခုအထိ ရှက်ရွံ့မိတော့၏။
ရှောင်းဟွေ့နျန်က သူမကို အစကတည်းက သနားစိတ်ဖြင့် လက်ခံခဲ့ခြင်းသည် ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ ထိုလူမိုက်က သူမအပေါ် ဖော်ရွေမှု မရှိသော်လည်း ဘယ်တော့မှ အခက်တွေ့အောင်မလုပ်ဘဲ ယခုအချိန်အထိ အခန်းကို ဖယ်ပေးကာ ပက်လက်ကုလားထိုင်ပေါ်တွင်ပင် အိပ်ခဲ့သည်။
သို့သော် သူမက ထိုသားအမိ၏ စေတနာကို အရောင်းအဝယ် တစ်ခုလို အရှက်မရှိ ပြောဆိုခဲ့မိသည်။
ဝိန်းယွီသည် ပိုတွေးလေလေ၊ သူမ၏ ရင်ထဲရှိ အားနာမှုသည် ပိုကြီးမားလာလေလေ ဖြစ်ပြီး အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်လေသည်။ "ရှောင်အန်း၊ နင့်မှာ တခြား ညီအစ်ကိုတွေ ရှိသေးလား"
ဟော်ရှောင်အန်းက အံ့ဩသွားပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ဝိန်းယွီက ပြောလိုက်သည်။ "ပန်းထိုးပဝါ ရောင်းရတဲ့ ငွေထဲကနေ ဒေါ်ဒေါ်က ငါ့ကို နည်းနည်း အတင်းပေးထားတယ်။ ငါ ကြည့်ရတာ နင့် အစ်ကို(၂) ညဘက် ဒီမှာ အိပ်ရင် ခြုံတဲ့ စောင်ကလည်း ပါးတယ်၊ ဒါကြောင့် သူ့အတွက် စောင်ထူထူ တစ်ထည် ထပ်ဝယ်ပေးချင်လို့ပါ။ ဒါပေမယ့် ငါက ဒီယပ်တောင်မျက်နှာပြင်ကို အမြန်ထိုးရဦးမှာဆိုတော့ ကိုယ်တိုင် သွားဝယ်ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်..."
ထိုစကားကို ကြားသောအခါ ဟော်ရှောင်အန်းက ပြုံးသွားပြီး ပြောလိုက်လေသည်။ "တခြား ညီအစ်ကိုတွေကို ဘာလို့လိုသေးလို့လဲ၊ ကျွန်တော် သွားဝယ်လိုက်ရင် ရတာပဲလေ!"
ဝိန်းယွီက အနည်းငယ် တွေဝေသွားသည်။ "နင့်ရဲ့ ဒဏ်ရာက..."
ဟော်ရှောင်အန်းက သူ့ရင်ဘတ်ကို အားရပါးရ ပုတ်ပြလိုက်ပြီး အလျင်အမြန် ပြောလိုက်၏။ "ကျွန်တော်က အစ်ကို(၂) နောက်လိုက်ပြီး အလုပ်ကြီးတွေ လုပ်ရမယ့်လူပါ။ ဒီလောက် ဒဏ်ရာအသေးအမွှားလေးက ကြာလှပြီ ပျောက်နေတာ! အစ်ကို(၂)က ကျွန်တော့်ကို ဒီမှာ ထားခဲ့တာက အကြွေးတောင်းတဲ့နေရာကို မလိုက်စေချင်လို့ပါ။ အပြင်ထွက်ပြီး အလုပ်လေးတစ်ခု လုပ်ပေးဖို့တောင် မရဘူးလား!"
ရှောင်းဟွေ့နျန်သည် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသဖြင့် သူတို့နှစ်ဦး၏ စကားစမြည်ပြောဆိုသံကို မကြားခဲ့ရချေ။ ယခု ပစ္စည်းလာယူရင်း ထိုစကားကို ကြားလိုက်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။ "အားယွီ၊ ဘာဝယ်ချင်လို့လဲ၊ ရှောင်အန်းကို သွားခိုင်းလိုက်ပါ။ သူက မျောက်လေးလိုပဲ၊ ဒီမှာ တစ်မနက်လုံး ပိတ်လှောင်ထားရတာ ကြာပြီ၊ ထိုင်လို့တောင် မရတော့ဘူး"
ဟော်ရှောင်အန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်!"
ဝိန်းယွီသည် ပြုံးလိုက်ပြီး ငွေကို ယူကာ သူ့ကို ပေးလိုက်သည်။ "ဒါဆိုလည်း ရှောင်အန်းကိုပဲ အားကိုးရတော့မယ်။ ကျန်တဲ့ငွေနဲ့ ငါ့ကို ပါးနီ တစ်ဘူးလောက် ဝယ်ခဲ့ပေးပါ၊ သိပ်ကောင်းတာ မလိုပါဘူး၊ အသက်သာဆုံးကိုသာ ရွေးဝယ်ခဲ့ပါ"
ဟော်ရှောင်အန်းက "အာ" ဟု တစ်ချက် အသံပြုလိုက်ပြီး ဝိန်းယွီ တပ်ဆင်ထားသော မျက်နှာဖုံးပေါ်သို့ အကြည့်ရောက်သွားသည်။ သူမ၏ နှာခေါင်းအောက်ပိုင်း မျက်နှာတစ်ခုလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားပြီး ကြည်လင်နေသော လမင်းကဲ့သို့ မျက်ဝန်းတစ်စုံမှ အပြုံးရိပ်လေးများဖြင့်သာ လူကို ကြည့်နေလေသည်။
ဟော်ရှောင်အန်း၏ မျက်နှာသည် ရုတ်တရက် နီရဲသွားပြီး အလျင်အမြန်ပင် ထစ်ထစ်ငေါ့ငေါ့ဖြင့် ကောင်းပါပြီဟု ပြန်ဖြေလိုက်၏။
သူက စိတ်ထဲတွင် အစ်မအားယွီသာ မျက်နှာမှာ အဖုအပိမ့်တွေ မရှိရင် တကယ်ကို လှမှာပဲလို့ တွေးလိုက်မိသည်။ ဒါပေမယ့် အဖုအပိမ့်တွေ ရှိနေရင်တောင် ပါးနီ သုံးချင်တာက လူတိုင်းရဲ့ သဘာဝပဲလေ၊ ဘယ်မိန်းကလေးကမှ မလှချင်ဘဲနေမှာလဲ။
သူသည် ငွေတစ်တွဲကို ကိုင်ကာ လှေကားထစ်များပေါ်မှ ခုန်ဆင်းပြီး အပြင်သို့ ထွက်သွားတော့သည်။
ဟော်ရှောင်အန်း မည်သို့ တွေးတောနေသည်ကို ဝိန်းယွီ မသိချေ။ သူမသည် ယနေ့မနက် အိပ်ရာထချိန်တွင် မျက်နှာပေါ်ရှိ အဖုအပိမ့်များ အားလုံး ပျောက်ကင်းသွားသည်ကို တွေ့လိုက်ရသဖြင့် အစစ်အမှန် ရုပ်ရည်ဖြင့် ပြသပါက ပြဿနာများ ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် အိမ်တွင် မျက်နှာဖုံး တပ်ထားရတော့သည်။
ရှောင်းဟွေ့နျန်က မေးသောအခါ သူမသည် အအေးမိပြီး ချောင်းဆိုးနေသဖြင့် ကူးစက်မှာ စိုးရိမ်သောကြောင့် မျက်နှာဖုံး တပ်ထားရကြောင်း ပြောပြခဲ့သည်။
ရှောင်းဟွေ့နျန်က သူမကို အဝတ်အစားထူထူ ဝတ်ရန်၊ ပန်းထိုးရာတွင် အလွန်အမင်း မပင်ပန်းစေရန် အချိန်အတော်ကြာအောင် ပြောဆိုနေသေးသည်။
ဝိန်းယွီ၏ ရင်ထဲတွင် ကြည်နူးသွားပြီး ရှောင်းမိသားစုနှင့် အတူနေရသော အချိန်သည် တိုတောင်းသော်လည်း ရှောင်းဟွေ့နျန်က သူမအပေါ် ဆက်ဆံပုံသည် ယခင်က သူမအနီးရှိ နို့ထိန်းအမေထက်ပင် မလျော့ချေ။
တိုင်းပြည် ပျက်သုဉ်းသွားရသည်ကိုသာ ညည်းတွားရတော့မည်။ အကယ်၍ ငြိမ်းချမ်းသော အချိန်ကာလတွင် သူမ၏ ယုံကြည်ရသူများက သူမကို ရှာတွေ့ပါက ငွေကြေးသည် ဤကျေးဇူးတရားကို ဆပ်ရန် မည်သို့ လုံလောက်ပါမည်နည်း။ သူမသည် မည်သို့ပင်ဖြစ်စေ သူတို့သားအမိအတွက် အဆင့်တန်းနိမ့်လူတန်းစားမှ လွတ်ကင်းအောင် ပြုလုပ်ပေးပြီး သူမ၏ သားအတွက်လည်း အစိုးရရုံးတွင် အလုပ်ကောင်းတစ်ခု ရှာပေးရလိမ့်မည်။
သို့သော် အခုလောလောဆယ်တော့ သူမ၏အဖေ အာဏာပြန်မရခင် သူတို့အတွက် လုပ်ပေးရမည့်အရာများအတွက် စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
လက်ရှိအချိန်တွင်တော့ ပိုအခက်တွေ့နေရသည့်ကိစ္စမှာ သူမ၏ရုပ်ရည်သွင်ပြင် ပြဿနာပင်။
ကြောင်မွှေးများဖြင့် မိမိကိုယ်ကို ဓာတ်မတည့်အောင် ထပ်ပြုလုပ်ရန် ဝိန်းယွီ မစဉ်းစားခဲ့သည်တော့ မဟုတ်ချေ။ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ဒုက္ခခံရရုံသာမက ရှောင်းမိသားစုတွင်လည်း ကြောင်မမွေးထားချေ။ ရံဖန်ရံခါ ခြံစည်းရိုးပေါ်မှ ဖြတ်သွားသော တောကြောင်များ ရှိသော်လည်း လူကို အလွန်ကြောက်သဖြင့် အနားကပ်ရန် မလွယ်ကူပေ။
ထို့အပြင် လက်ရှိ အခြေအနေသည်လည်း အနည်းငယ် တည်ငြိမ်နေပြီး မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမည့် အခြေအနေသို့ မရောက်သေးချေ။
ထို့ကြောင့် သူမသည် အကြိမ်ကြိမ် စဉ်းစားပြီးနောက် ပါးနီတစ်ဘူး ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ နေ့စဉ် လက်နှင့် မျက်နှာပေါ်တွင် အနီရောင် အဖုအပိမ့်များကဲ့သို့ ခြယ်သထားပါက မျက်နှာဖုံးတပ်စရာ မလိုတော့သလို လူအများ၏ အာရုံစိုက်မှုကို ခံရမည် မဟုတ်ပေ။
ရှောင်းလိသည် ဖုန်းချင်းဂေဟာမှ ထွက်လာသောအခါ အစာအိမ်ထဲတွင် ပြင်းထန်စွာ အော်ဂလီဆန်နေပြီး နံရံကို မှီကာ မြောင်းထဲသို့ အန်ချလိုက်တော့သည်။
ဝမ်ချင်း ပြုတ်ကျသွားပြီးနောက် သူ၏ လက်အောက်ရှိ အသုံးဝင်သူများကို သိမ်းသွင်းရန် နှစ်သစ်ကူး ညစာစားပွဲသည် နှစ်ဖက်စလုံး ထိုင်ကာ ဆွေးနွေးနိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ခဲ့သည်။
ယနေ့ ဤကိစ္စသည် အောင်မြင်သွားခဲ့ပြီ။
ညစာစားပွဲတွင် သူသည် တူကိုပင် သိပ်မကိုင်ဖြစ်ခဲ့ဘဲ တစ်ချိန်လုံး အရက်တိုက်ခံခဲ့ရသဖြင့် ယခု အန်ထုတ်လိုက်သမျှမှာလည်း အရက်များသာ ဖြစ်နေသည်။
ကျန်းဟူသည် နောက်မှ လိုက်လာပြီး ဒေါသထွက်ထွက်နှင့် ပြောလိုက်၏။ "ကျွန်တော်က အစ်ကို(၂)အတွက် အရက်ကာပေးသင့်တာကို။ စားပွဲမှာ အစ်ကို(၂)က ကျွန်တော့်အတွက် တစ်ချိန်လုံး အရက်ကာပေးနေတာ။ အဲ့ဒီကောင်တွေက တမင်သက်သက် အလှည့်ကျ တိုက်နေကြတာလေ၊ ဘယ်လောက်ပဲ သောက်နိုင်ပါစေဦးတော့ ဒီလို သောက်ရင်တော့ ခံနိုင်မှာ မဟုတ်ဘူး..."
ရှောင်းလိသည် လက်တစ်ဖက်ဖြင့် နံရံကို ထောက်ထားပြီး သူ့ကို လက်ကာပြကာ ဆက်မပြောရန် တားလိုက်သည်။
သူ၏ အစာအိမ်သည် မသက်မသာ ဖြစ်နေဆဲဖြစ်ပြီး ယခုအချိန်တွင် စကားမပြောချင်သေးပေ။
နှင်းမှုန်ပွင့်လေးများသည် သူ့ဆံပင်ပေါ်သို့ ကျဆင်းနေပြီး အရက်သောက်ထားသဖြင့် အနည်းငယ် နီရဲနေသော မျက်လုံးများနှင့် ယှဉ်လိုက်သောအခါ မူလကတည်းက ထင်ပေါ်နေသော ရုပ်ရည်သည် ပိုလို့ပင် ဆွဲဆောင်မှု ရှိလာကာ ဖြတ်သွားဖြတ်လာ မိန်းကလေးများကပင် သူ့ကို မကြာခဏ လှည့်ကြည့်သွားကြသည်။
သူသည် ရင်ဘတ်ထဲမှ ပဝါတစ်ထည်ကို ထုတ်ယူကာ ပါးစပ်ကို သုတ်ရန် ပြင်လိုက်စဉ် သစ်ခွပန်းပုံလေးကို မြင်လိုက်ရသဖြင့် လှုပ်ရှားမှု ရပ်တန့်သွားပြီး ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်၏။
ထိုအရာသည် ယခင်က ဝိန်းယွီ ပေးခဲ့သော ပဝါဖြစ်ပြီး သူ လျှော်ဖွပ်ပြီးနောက် ပြန်ပေးရန် အခွင့်မသာခဲ့သေးချေ။
ကျန်းဟူက ထိုအရာကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"
ရှောင်းလိက ပြောလိုက်၏။ "အိမ်က ပေးလိုက်တဲ့ ပဝါပါ။ အသားက ကောင်းတယ်၊ မဖျက်ဆီးချင်လို့ပါ"
သူက အိမ်ကပေးလိုက်သည်ဟု ပြောသဖြင့် ကျန်းဟူသည် ရှောင်းဟွေ့နျန် ပေးလိုက်သည်ဟု ထင်မှတ်သွားပြီး အဆောက်အဦးထဲသို့ ပြန်လှည့်ဝင်သွားကာ ပြောလိုက်သည်။ "ဒါဆိုလည်း အစ်ကို(၂) ခဏစောင့်နေ၊ ကျွန်တော် စားပွဲထိုးကို ပဝါတစ်ထည်နဲ့ ဟင်းရည်ပူပူတစ်ခွက် သွားတောင်းပေးမယ်"
ရှောင်းလိသည် ဘာမှ ပြန်မပြောဘဲ နှစ်ကြိမ်ခန့် အန်လိုက်ပြီးနောက်မှ အစာအိမ်ထဲတွင် အနည်းငယ် သက်သာသွားတော့သည်။
သူသည် နံရံကို မှီကာ လေအေးများ ခံစားရင်း အရက်အရှိန် ပြေစေရန် စောင့်နေစဉ် ရင်းနှီးသော လူရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုသူသည် အလွန်ထူသော စောင်တစ်ထည်ကို ပိုက်ကာ မျက်နှာချင်းဆိုင်ရှိ ပါးနီဆိုင် များကြားတွင် ဟိုဟိုဒီဒီ သွားလာနေလေသည်။
သူသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခေါ်လိုက်သည်။ "ရှောင်အန်း"
မျက်နှာချင်းဆိုင်ရှိ ထူထဲသော စောင်ကြီး၏ အနောက်မှ ခေါင်းတစ်ခု ထွက်လာပြီး သူ့ကို မြင်သောအခါ ဝမ်းသာအားရဖြင့် အော်ခေါ်လိုက်သည်။ "အစ်ကို(၂)!"
ထို့နောက် သူသည် တက်ကြွစွာဖြင့် ပြေးလာတော့သည်။
ရှောင်းလိသည် သူ့နာထင်များ ဆတ်ခနဲ လှုပ်သွားသည်ကို ခံစားလိုက်ရပြီး ပြောလိုက်သည်။ "ငါက အရက်မူးပြီး မျက်စိမှုန်နေတာလားလို့ ထင်နေတာ၊ တကယ်ပဲ မင်းကိုး"
သူသည် ဟော်ရှောင်အန်း လက်ထဲရှိ မနည်း ပိုက်ထားရသော စောင်ကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်၏။ "မင်း စောင်ဝယ်ပြီး ဘာလုပ်မလို့လဲ"
ဟော်ရှောင်အန်းက ပြောလိုက်လေသည်။ "အစ်မအားယွီက အစ်ကို့အတွက် ဝယ်ခိုင်းလိုက်တာ"
ရှောင်းလိသည် အရက်မူးနေသော မျက်လုံးများကို အနည်းငယ် ပင့်လိုက်ရာ အရက်အရှိန် သုံးပုံတစ်ပုံခန့် ပြေသွားတော့သည်။ "ငါ့အတွက် ဝယ်ပေးတာ"
ဟော်ရှောင်အန်းက ခေါင်းညိတ်လိုက်သည်။ "အစ်မအားယွီက ပြောတယ်။ အစ်ကို အိပ်တဲ့အခါ ခြုံတဲ့စောင်က အရမ်းပါးနေလို့ ထူထူတစ်ထည်လောက် ဝယ်ပေးဖို့ ပြောလိုက်တာပါ"
ရှောင်းလိသည် ထိုစောင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်မှ ထပ်မေးလိုက်သည်။ "ဒါဆို မင်း ပါးနီဆိုင်တွေကြားမှာ ဘာလုပ်နေတာလဲ"
ဟော်ရှောင်အန်းက ရှင်းပြလိုက်၏။ "အစ်မအားယွီက ကျွန်တော့်ကို ပါးနီတစ်ဘူးလောက်ပါ ဝယ်ခဲ့ပေးဖို့ ပြောလိုက်တယ်။ အသက်သာဆုံးကိုပဲ ရွေးဝယ်ခဲ့ဖို့ မှာလိုက်တာ၊ စောင်ဝယ်ပြီးတော့ ပိုက်ဆံလည်း သိပ်မကျန်တော့လို့ ဘယ်ဆိုင်က အသက်သာဆုံးလဲလို့ လိုက်ယှဉ်ကြည့်နေတာပါ"
"ပါးနီ"
ရှောင်းလိသည် မျက်မှောင်ကြုတ်သွား၏။ သူ၏ မှတ်ဉာဏ်ထဲတွင် ထိုအမျိုးသမီးသည် ပါးနီ သုံးမည့်သူမျိုးဟု မထင်ရချေ။
ဟော်ရှောင်အန်းသည် သူက ဝိန်းယွီ၏ မျက်နှာပေါ်ရှိ အဖုအပိမ့်များကို ရည်ရွယ်ပြီး ပါးနီသုံးသည်ကို အံ့ဩနေသည်ဟု ထင်မှတ်ကာ ပြောလိုက်သည်။ "အစ်မအားယွီက ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးပဲလေ။ အဲ့ဒီ ဘာတဲ့... 'ယောက်ျားတွေက ကိုယ့်ကို နားလည်ပေးသူအတွက် အသက်စွန့်သလို မိန်းမတွေကလည်း ကိုယ့်ကို သဘောကျသူအတွက် အလှပြင်ကြတယ်လေ။ ပျိုနီပန်းပင်အောက်မှာ သေရမယ်ဆိုရင် သရဲဖြစ်ရရင်တောင် ဂုဏ်ယူစရာပဲ' လို့ ပြောကြတယ် မဟုတ်လား။ ဘယ်မိန်းကလေးကမှ ကိုယ့်ကိုယ်ကိုယ် မလှချင်ဘဲ မနေဘူးလေ..."
ရှောင်းလိသည် သူ၏ "မိန်းမတွေကလည်း ကိုယ့်ကို သဘောကျသူအတွက် အလှပြင်ကြတယ်" ဆိုသော စကားကို ရုတ်တရက် ကြားလိုက်ရသောအခါ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။ ထို့နောက် "ပျိုနီပန်းပင်အောက်မှာ သေရမယ်ဆိုရင်" ဆိုသော စကားကို ဆက်ကြားလိုက်ရသောအခါ သူ၏ မျက်နှာသည် မည်းမှောင်သွားပြီး ဟော်ရှောင်အန်း၏ ခေါင်းကို တစ်ချက် ခေါက်လိုက်တော့သည်။ "ငါ မင်းကို ဘယ်နှစ်ခါ ပြောထားလဲ၊ အဓိပ္ပာယ်ကို နားမလည်ရင် ကဗျာတွေ၊ စကားပုံတွေကို လျှောက်မသုံးနဲ့လို့! ပြီးတော့ ရှေ့နောက် မညီတာတွေကိုလည်း လျှောက်မရွတ်နဲ့!"
ဟော်ရှောင်အန်းသည် ခေါက်ခံလိုက်ရသောကြောင့် နာကျင်စွာဖြင့် ညည်းတွားလိုက်ပြီး သနားစဖွယ် ပြောလိုက်လေသည်။ "ဒီကဗျာက မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် လှချင်ကြတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။ လှပတဲ့ ပျိုနီပန်းပင်ဘေးမှာ သေရမယ်ဆိုရင်တောင် သရဲဖြစ်ရတာကို ကျေနပ်တယ်ဆိုတဲ့ အဓိပ္ပာယ်လေ!"
ရှောင်းလိသည် မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် ညှစ်လိုက်ပြီး သူ၏ စကားလုံးများကို မှားယွင်းစွာ သုံးတတ်သော အကျင့်ကို ပြင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မထားတော့ဘဲ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "အသက်သာဆုံး ပါးနီက သုံးလို့ရပါ့မလား..."
ဟော်ရှောင်အန်းသည် သေချာ မကြားလိုက်သဖြင့် ခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း မေးလိုက်သည်။ "အစ်ကို(၂) ဘာပြောလိုက်တာလဲ"
ရှောင်းလိသည် ဘာမှ ပြန်မပြောဘဲ ရင်ဘတ်ထဲမှ ငွေအိတ်ကို ထုတ်ကာ သူ့ကို ပစ်ပေးလိုက်ပြီး အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်တော့သည်။ "အကောင်းဆုံးကိုပဲ ရွေးဝယ်ခဲ့လိုက်"
...