← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အပိုင်း (၂၂)

ဝိန်းယွီသည် ဟော်ရှောင်အန်း ဝယ်လာခဲ့သော ပါးနီကို လက်ခံရရှိချိန်တွင် ထိုသေတ္တာငယ်လေးသည် တော်တော်လေး လှပသေသပ်သည်ဟု ခံစားရသည်။ သို့သော် သူမသည် ယခင်က မင်းသားအိမ်တော်တွင် အသုံးပြုခဲ့သော အလှပြင်ပစ္စည်းများမှာ နန်းတွင်းမှ ဆက်သသော ပစ္စည်းများဖြစ်ပြီး သေတ္တာများကိုပင် ရွှေ၊ ကျောက်စိမ်းများဖြင့် ကွပ်ထားခဲ့သည်။

ထိုအရာများနှင့် နှိုင်းယှဉ်လိုက်ပါက ယခု မျက်စိရှေ့ရှိ သေတ္တာလေးမှာ အလွန် သာမန်ဖြစ်နေသည့်နှယ် ထင်ရသည်။ သူမသည် ထိုပါးနီဘူးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးခြားနေသည်ကို နည်းနည်းလေးမှ သံသယမဝင်မိဘဲ ဟော်ရှောင်အန်းကို ကျေးဇူးတင်စကား ပြောလိုက်၏။

ဟော်ရှောင်အန်းသည် တစ်ခုခုကို ပြောချင်နေသော်လည်း မျိုသိပ်ထားရဟန်တူသည်။ ဝိန်းယွီသည် ထိုအချက်ကို သတိထားမိပြီး သူ့ကို ဘာဖြစ်လို့လဲဟု မေးလိုက်၏။

သူသည် အမေးခံရသောအခါ အချိန်အတော်ကြာအောင် အောင့်ထားပြီးနောက်မှ စကားတစ်ခွန်းကိုသာ ညှစ်ထုတ်ကာ ပြောလိုက်လေသည်။ "ဒီပါးနီဘူးလေးက အစ်မအားယွီနဲ့ တော်တော် လိုက်ဖက်မယ်လို့ ကျွန်တော် ထင်တယ်။ အစ်မအားယွီ ပုံမှန်ဆိုရင် များများ သုံးပေးနော်"

ဝိန်းယွီသည် ထိုကလေး အပြင်တစ်ခေါက် ထွက်သွားပြီးနောက်တွင် ကောင်လေးက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သို့သော် သည်လို အရေးမကြီးသော ကိစ္စများတွင် သူမသည် အသေးစိတ် လိုက်လံမေးမြန်းရသည်ကို မနှစ်သက်သဖြင့် ပြုံးကာ ကောင်းပါပြီဟုသာ ပြန်ဖြေလိုက်ပြီးနောက် ပန်းထိုးသည့် အလုပ်ကို ဆက်လုပ်နေတော့သည်။

ဟော်ရှောင်အန်း တစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးစွာဖြင့် ကျန်ရစ်ခဲ့တော့သည်။

သူသည် သူ့အစ်ကို(၂)က ဘယ်လို တွေးနေမှန်း မသိချေ။ ငွေပေးပြီး အကောင်းဆုံး ပါးနီကို ရွေးဝယ်ခိုင်းခဲ့သော်လည်း အစ်မအားယွီကို မပြောပြရန်လည်း တားမြစ်ထားခဲ့သည်။

ဟော်ရှောင်အန်းသည် ထင်ရာစိုင်း၍ မတွေးရဲသော်လည်း ဘေးတွင် ယပ်တောင်မျက်နှာပြင်ကို အာရုံစိုက်ကာ ပန်းထိုးနေသော ဝိန်းယွီကို တိတ်တိတ်လေး အကဲခတ် ကြည့်ရှုနေမိသည်။

ရုပ်ရည်ကို မကြည့်ဘူးဆိုရင်တော့ အစ်မအားယွီနဲ့ အစ်ကို(၂)က တော်တော်လေး လိုက်ဖက်တာပဲ...

ခေါင်းထဲတွင် ထိုအတွေးမျိုး ဝင်လာသည်နှင့် တစ်ပြိုင်နက် သူသည် သူ့ပါးကိုသူ အမြန်ပြန်ပုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတိဝင်လာစေရန် လုပ်လိုက်သည်။

အစ်ကို(၂)က အဲ့ဒီလို သဘောမျိုး လုံးဝ မရှိတာလည်း ဖြစ်နိုင်တယ်။ အစ်မအားယွီက သူ့အတွက် စောင်ဝယ်ပေးဖို့ ပိုက်ဆံထုတ်ပေးလိုက်လို့ ပါးနီဝယ်ဖို့ ပိုက်ဆံမရှိတော့တာကို မြင်ပြီး အကောင်းစားလေး ဝယ်ပေးဖို့ ပိုက်ဆံထုတ်ပေးလိုက်တာ ဖြစ်မှာပါ။

အစ်မအားယွီကို မသိစေချင်တာကတော့... မိန်းကလေးတွေ ရှက်တတ်တယ်လို့ ထင်လို့နေမှာပေါ့။

ဘာပဲဖြစ်ဖြစ် သူလို ယောက်ျားကြီး တစ်ယောက်က မိန်းကလေးတစ်ယောက်ကို ပါးနီလက်ဆောင်ပေးတယ် ဆိုတာက ကြားရတာ နည်းနည်းတော့ ထူးဆန်းနေတယ်လေ။

ထိုသို့ စဉ်းစား သုံးသပ်လိုက်ပြီးနောက် ဟော်ရှောင်အန်းသည် ရင်ထဲတွင် သက်သာရာရသွားပြီး သူ၏ မျက်နှာအမူအရာသည်လည်း သိသိသာသာပင် ပေါ့ပါးသွားတော့သည်။

လူငယ်လေး၏ ခေါင်းထဲရှိ အတွေးလွန်ဆွဲနေမှုများကို ဝိန်းယွီသည် လုံးဝ မသိခဲ့ချေ။ နောက်ရက်များတွင် သူမက စောင်လက်ဆောင်ပေးလိုက်သောကြောင့် ဖြစ်မည်ဟု ခန့်မှန်းရသည်။ ထိုလူမိုက်သည် သူမအပေါ် ရုတ်တရက် အလွန် သဘောကောင်းလာခဲ့သည်။ သူမနှင့် စကားသိပ်မပြောသေးသော်လည်း ရှောင်းဟွေ့နျန်အတွက် တစ်ခုခု ဝယ်လာတိုင်း သူမအတွက်ပါ အမြဲတမ်း တစ်ခု ပိုဝယ်လာတတ်သည်။

ဝိန်းယွီသည် မည်သို့ တုန့်ပြန်ရမည်မှန်း မသိအောင် ဖြစ်သွားခဲ့ရသည်။ ဟော်ရှောင်အန်းအတွက်လည်း ပါကြောင်း သိလိုက်ရသောအခါမှသာ သူမ၏ ရင်ထဲတွင် အတော်လေး စိတ်အေးသွားရတော့သည်။

ထိုအချိန်ကာလအတွင်း သူသည် ငွေများစွာ ရှာဖွေနိုင်ခဲ့ဟန်တူသည်။ အိမ်အတွက် အသုံးအဆောင် ပစ္စည်းများစွာကို ထပ်မံဖြည့်တင်းပေးရုံသာမက ကျွေးဟုန်ဂေဟာမှ သူ၏ မိခင်အရင်းကဲ့သို့ ခင်မင်ရသူ မွေးစားအမေများကိုလည်း ငွေပေးကာ ရွေးထုတ်ပေးခဲ့သည်။ ထို့နောက် ရှောင်းဟွေ့နျန်က သူတို့ထံသို့ အလည်သွားပြီး စကားစမြည်ပြောဆိုရန် အဆင်ပြေစေရန်အလို့ငှာ တောင်ဘက် တတိယလမ်းကြားနှင့် မနီးမဝေးရှိ လမ်းကြားတစ်ခုတွင် နေရာချထားပေးခဲ့သည်။

ရှောင်းဟွေ့နျန်သည် ဤမျှများပြားသော ငွေများကို မည်သည့်နေရာမှ ရလာသနည်းဟု သူ့ကို ထပ်ခါတလဲလဲ မေးမြန်းခဲ့သည်။ သူကတော့ ယခုအခါ လောင်းကစားရုံ သူဌေး၏ ယုံကြည်ရသူ တစ်ဦးဖြစ်လာကြောင်း၊ ထိုကျွေးဟုန်ဂေဟာသည်လည်း လောင်းကစားရုံ သူဌေး၏ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ကျွေးဟုန်ဂေဟာ၏ သခင်မက သူ့မျက်နှာကို ထောက်ထား၍ ရွေးကြေးကို သင့်တင့်မျှတစွာသာ တောင်းခံခဲ့ပြီး မတန်တဆ ဈေးမခေါ်ခဲ့ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

ထိုနေ့က ရှောင်းဟွေ့နျန်သည် ဝိန်းယွီနှင့်အတူ ပန်းထိုးနေစဉ် တိတ်တဆိတ် မျက်ရည်ကျခဲ့လေသည်။ ဝိန်းယွီက သတိထားမိပြီး နှစ်သိမ့်ပေးသောအခါ သူမက ခါးသီးစွာဖြင့် ပြောလိုက်၏။ "ဟွမ်အာက အခုတော့ အရည်အချင်းရှိလာပြီလို့ ထင်ရပေမယ့် အမေဖြစ်တဲ့ ငါ့ရင်ထဲမှာတော့ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရတယ်..."

သူမသည် လက်ထဲတွင် ပန်းထိုးကွင်းကို ကိုင်ထားသော်လည်း စိတ်ရှုပ်ထွေးနေသဖြင့် အချိန်အတော်ကြာသည်အထိ အပ်တစ်ချက်မျှပင် မထိုးနိုင်ခဲ့ချေ။ သူမက ဝိန်းယွီကို ပြောလိုက်သည်။ "သူက ရုတ်တရက်ကြီး ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေ ရလာတာလဲလို့ မင်း ထင်လဲ"

ထိုမေးခွန်းကို ဝိန်းယွီလည်း အဖြေရှာမရခဲ့ချေ။

လောင်းကစားရုံ သူဌေးက သူ့ကို ထိုမျှအထိ စိုးရိမ်မကင်း ဖြစ်နေသည်ဆိုလျှင် မည်မျှပင် လက်ဖွာသည်ဖြစ်စေ၊ ဆုကြေးငွေနှင့် လုပ်အားခ ပေါင်းလိုက်လျှင်ပင် ထိုမျှလောက်အထိ များပြားမည် မဟုတ်ချေ။

ဧကန္တ... သူကလည်း ဝမ်ချင်းလိုပဲ သူ့လက်အောက်က လူတွေကို နေရာအနှံ့ကနေ ဆက်ကြေးကောက်ဖို့ ခွင့်ပြုထားတာများလား။

တကယ်လို့ ထိုသို့သာ မှန်ကန်ခဲ့ပါက ဝိန်းယွီသည် ထိုလူမိုက်အပေါ် တော်တော်လေး စိတ်ပျက်သွားမိလိမ့်မည်။

သို့သော်လည်း သူသည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း သူမ၏ ပင်ကိုယ်အသိစိတ်က တိုးတိတ်စွာ ပြောဆိုနေသယောင်။

သူမသည် ရှောင်းဟွေ့နျန်ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်၏။ ရှောင်းလိသည် ယခုအခါ လက်အောက်တွင် အုပ်ချုပ်ရသည့် လူများပြားလာသဖြင့် ကုန်သည်များကြားတွင်လည်း မျက်နှာပန်းပွင့်သော လူတစ်ယောက်အဖြစ် သတ်မှတ်ခံရနိုင်ကြောင်း၊ ထို့ကြောင့် ချမ်းသာသော ကုန်သည်အချို့က အဆင်ပြေစေရန်အတွက် သူ့ကို ငွေကြေးများ လက်ဆောင်ပေးခြင်းမျိုး ဖြစ်နိုင်ကြောင်းသာ ပြောပြလိုက်သည်။

သို့သော် နောက်ကွယ်တွင်‌တော့ ဟော်ရှောင်အန်းကို မသိမသာလေး မေးမြန်းခဲ့သေးသည်။

ဟော်ရှောင်အန်းသည် ပါးစပ်ထဲတွင် သကြားလုံးကို ကျွတ်ကျွတ်မြည်အောင် ဝါးစားရင်း ပြောလိုက်သည်။ "သူဌေးက အစ်ကို(၂)ကို လျှို့ဝှက်အလုပ်တစ်ခု လုပ်ခိုင်းထားတယ်။ ကျွန်တော်လည်း သေချာတော့ မသိဘူး။ ဒါပေမယ့် ပုံမှန်ဆိုရင် ဒီလိုအလုပ်မျိုးကို သူဌေးက ငွေပေးတာ တော်တော်ရက်ရောတယ်"

ဝိန်းယွီသည် မျက်မှောင်ကြုတ်လိုက်၏။ "ပြဿနာတော့ မတက်နိုင်ဘူး မဟုတ်လား"

ဟော်ရှောင်အန်းက ပြောလိုက်သည်။ "ဘယ်ပြဿနာတက်နိုင်မှာလဲ။ အစ်ကို(၂)က အတိုင်းအတာကို သိပါတယ်။ လွန်ကျူးတဲ့ အလုပ်ဆိုရင် သူ လုံးဝ လက်မခံဘူး။ အရင်တုန်းက အစ်ကိုကြီးကလည်း ဒီလိုပဲလေ။ မဟုတ်ရင် ဝမ်ချင်းလို ခွေးမသားက လောင်းကစားရုံမှာ ဘယ်လိုလုပ် ခြေကုပ်ယူနိုင်မှာလဲ"

သူက "အစ်ကိုကြီး"ဟု ပြောလိုက်သည်ကို ကြားသောအခါ ဝိန်းယွီသည် သူမ ရှောင်းမိသားစုထံသို့ စတင်ရောက်ရှိလာချိန်က အခြားသူများက ရှောင်းလိကို အစ်ကို(၂)ဟု ခေါ်ကြသဖြင့် ရှောင်းဟွေ့နျန်တွင် နောက်ထပ် ကလေးတစ်ယောက် ရှိသေးသည်ဟု ထင်မှတ်ခဲ့မိသည်ကို ရုတ်တရက် သတိရသွားသည်။

သူမက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "သူတို့က သွေးသောက်ညီအစ်ကိုတွေလား"

ဟော်ရှောင်အန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ "ဟုတ်ပါတယ်။ အစ်ကိုကြီးက အစ်ကို(၂)ကို လောင်းကစားရုံမှာ အလုပ်လုပ်ဖို့ ခေါ်လာတုန်းကဆိုရင် အစ်ကို(၂)က အခု ကျွန်တော့်အရွယ်လောက်ပဲ ရှိသေးတာ!"

သူသည် စကားပြောရင်း သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ သွားတက်လေးတစ်ချောင်းပေါ်လားပြီး အလွန် ဝမ်းသာနေသည့် ပုံစံဖြင့် ဆက်ပြောလိုက်သည်။ "ကျွန်တော်က အစ်ကို(၂)ကောက်လာခဲ့တာလေ! လူတိုင်းက ကျွန်တော့်ကို ဟိုတုန်းက အစ်ကို(၂)နဲ့ တော်တော်တူတယ်လို့ ပြောကြတယ်!"

ဝိန်းယွီသည် တောက်ပနေသော သူ၏ မျက်ဝန်းများကို ကြည့်ရင်း သူက ဤကိစ္စအတွက် အလွန် ဂုဏ်ယူနေသည့်နှယ် ရှိနေသဖြင့် မနေနိုင်ဘဲ ခပ်ဖွဖွ ပြုံးလိုက်မိသည်။

ထိုလူမိုက်၏ လက်ထဲရှိ ငွေကြေးများသည် မှန်ကန်သော လမ်းကြောင်းမှ ရလာခြင်းဖြစ်သဖြင့် သူမအနေဖြင့် ရှောင်းဟွေ့နျန်နှင့်အတူ လိုက်ပြီး စိုးရိမ်နေရန် မလိုအပ်တော့ချေ။

သူမသည် လက်ထဲတွင် ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သော ယပ်တောင်မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှောင်အန်းကို သတင်းတစ်ခုလောက် စုံစမ်းပေးဖို့ အကူအညီ တောင်းစရာ ရှိသေးတယ်"

ဟော်ရှောင်အန်းက ပြောလိုက်သည်။ "အစ်မအားယွီ၊ ဘာကိစ္စရှိရှိ ပြောလိုက်ရုံပါပဲ။ ကျွန်တော်နဲ့များ အားနာနေသေးတယ်!"

ဝိန်းယွီသည် ဖြည်းညင်းစွာ ပြောလိုက်၏။ "ယုံချန်မှာ ဘယ်သက်တော်စောင့်အဖွဲ့တွေက လူတွေကို အစောင့်အရှောက် ပေးတဲ့ အလုပ်ကို လက်ခံလဲ၊ သူတို့က သစ္စာရှိရဲ့လား၊ ပြီးတော့ ငွေကြေးကို ဘယ်လို တောင်းခံလဲဆိုတာကို သိချင်လို့ပါ"

ဟော်ရှောင်အန်းက "အယ်"ဟု တစ်ချက် အသံပြုလိုက်ပြီး ကိုယ်ကို မတ်မတ် ထိုင်ကာ မေးလိုက်သည်။ "အစ်မအားယွီ၊ ဒါကို ဘာလုပ်ဖို့ စုံစမ်းတာလဲ။ ပိုက်ဆံရှာတာနဲ့များ သက်ဆိုင်နေလို့လား"

ဝိန်းယွီက ပြောလိုက်သည်။ "မဆိုင်ပါဘူး၊ ငါ့မိသားစုကို သွားရှာချင်လို့ပါ"

လျှို့ဝှက်အမှတ်အသားများ ပါဝင်သော ပန်းထိုးပဝါများသည် တစ်နေ့တခြား ပိုပြီး အရောင်းသွက်လာသည်။ ဝိန်းယွီသည် ထိုပန်းထိုးဆိုင် တာဝန်ခံ အမျိုးသမီးအတွက် အဝတ်အစားများပေါ်တွင် ပန်းထိုးဒီဇိုင်းများ ရေးဆွဲပေးရာတွင်လည်း လျှို့ဝှက်အမှတ်အသားကို ပန်းထိုးပုံစံများထဲသို့ ထည့်သွင်းပေးခဲ့သည်။ ပန်းထိုးဆိုင်ဘက်တွင်လည်း ထိုဒီဇိုင်းပါသော အဝတ်အစားများကို ရောင်းချခြင်းဖြင့် စီးပွားရေး အလွန် ကောင်းမွန်နေသည်။

သို့သော် ငွေကြေးများ ရှာဖွေနိုင်ခဲ့သော်လည်း ဝိန်းယွီသည် ယနေ့တိုင် သူမ၏ ယုံကြည်ရသူများ လာရောက်ရှာဖွေမည့် သတင်းကို တစက်လေးမှ မကြားရသေးချေ။ သူမ၏ ယုံကြည်ရသူများသည် ယုံချန် အနီးတစ်ဝိုက်တွင် မရှိတာလဲဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းမိသည်။

ဖုန်းယန်သည် အခက်အခဲများကြားမှ ရုန်းကန်နေရဆဲ ဖြစ်သဖြင့် ဝိန်းယွီသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ ဆက်မနေရဲတော့ချေ။

ဤနှစ်ဖက်လှ စူးကျိုးပန်းထိုး ယပ်တောင်မျက်နှာပြင်ကို ရွှီမိသားစုထံသို့ အပ်နှံပြီးသည်နှင့် တစ်ပြိုင်နက် သူမတွင် လုံလောက်သော ငွေကြေးများ ရရှိလာလိမ့်မည်။ သူမသည် အစေခံ နှစ်ယောက် ဝယ်ယူကာ သက်တော်စောင့် အချို့ကို ငှားရမ်းပြီး တောင်ဘက်သို့ အရင် သွားရောက်ရန် စီစဉ်ထားပြီး လမ်းခရီးတွင် သူမ၏ ယုံကြည်ရသူများနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းကို ဆက်ရှာဖွေရန် ရည်ရွယ်ထားသည်။

ဟော်ရှောင်အန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာ မှင်သက်သွားပြီးနောက်မှ အလွန် နှမြောတသသော လေသံဖြင့် ပြောလိုက်၏။ "အစ်မအားယွီ၊ အစ်မက ထွက်သွားတော့မှာလား"

သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။

ဟော်ရှောင်အန်းသည် ခေါင်းလှည့်ကြည့်လိုက်ရာ လာနေသူကို မြင်လိုက်ရသဖြင့် အော်ခေါ်လိုက်၏။ "အစ်ကို(၂)"

ရှောင်းလိသည် "အင်း"ဟု တစ်ချက် အသံပြုလိုက်ပြီး မိုးကာအင်္ကျီကို ချွတ်ကာ တံခါးအပြင်ဘက်ရှိ နံရံတွင် ချိတ်ဆွဲလိုက်ပြီးနောက်မှ ခြေလှမ်းကျဲကြီးများဖြင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။

ယနေ့ မိုးနှင့် နှင်းများ ရောနှော ကျဆင်းနေသဖြင့် သူ့ခြေထောက်အောက်က ဖိနပ်နှင့် ဘောင်းဘီခြေထောက်များသည် စိုရွှဲနေခဲ့သည်။ အိမ်ထဲသို့ ဝင်လာသောအခါ ကြမ်းပြင်ပေါ်တွင် ရေစက်ရာများ အတန်းလိုက် ကျန်ရစ်ခဲ့သည်။ ဝါးခမောက်ကို ချွတ်လိုက်ပြီးနောက် မျက်နှာပေါ်တွင်လည်း မိုးနှင့် နှင်းများ အရည်ပျော်ကျလာသော ရေစက်များ စီးကျနေပြီး စိုစွတ်နေသော ဆံပင်များသည် နဖူးရှေ့တွင် ဖရိုဖရဲ ကျဆင်းနေသဖြင့် အေးစက်ခက်ထန်ပြီး အရိုင်းဆန်သော အသွင်အပြင်ကို ပိုပေါ်လွင်စေသည်။

ဟော်ရှောင်အန်းသည် ထရပ်ကာ အပြင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။ "အစ်ကို့ ကိုယ်ပေါ်မှာ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိုရွှဲနေရတာလဲ။ ကျွန်တော် မီးပိုကြီးသွားအောင် ထင်းသွားယူပြီး အစ်ကို မီးလှုံလို့ရအောင် လုပ်ပေးမယ်"

အခန်းထဲတွင် ဝိန်းယွီနှင့် ရှောင်းလိ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

လေအေးများ တိုက်ခတ်လာသောအခါ မီးဖိုထဲရှိ မီးရောင်သည် တဖျပ်ဖျပ် လှုပ်ရှားသွားပြီး နံရံပေါ်က သူတို့နှစ်ဦး၏ အရိပ်များသည်လည်း လိုက်ပါရွေ့လျားနေသယောင်။

ဝိန်းယွီသည် သူက အမြဲတမ်း ရှောင်းဟွေ့နျန်အတွက် စိုးရိမ်တတ်ကြောင်း သိထားသဖြင့် ပုံမှန်အတိုင်း ရှောင်းဟွေ့နျန် သွားသည့်နေရာကို အရင် ပြောပြလိုက်သည်။ "ဒေါ်ဒေါ်က အဝတ်ဟောင်းတချို့ကို ရှာပြီး ဒေါ်ဒေါ်ယွဲ့ကွေ့တို့ဆီ သွားပို့တယ်။ ရှင့် အဝတ်တွေလည်း စိုနေပြီဆိုတော့ အခန်းထဲ ဝင်ပြီး အရင် လဲလိုက်ပါဦး"

သို့သော် ရှောင်းလိက မေးလိုက်၏။ "ထွက်သွားတော့မလို့လား"

သူသည် ခေါင်းကို အနည်းငယ် စောင်းကာ လှမ်းကြည့်လိုက်သည်။ မိုးနှင့် နှင်းများကြောင့် စိုရွှဲနေသော ဆံပင်များမှ ရေစက်တစ်စက်သည် နားရွက်နားမှ အောက်သို့ လိမ့်ဆင်းသွားပြီး ကြမ်းပြင်ပေါ်သို့ ကျရောက်ကာ "ဖောက်" ခနဲ အသံတိုးတိုးလေး ထွက်ပေါ်လာသည်။

ထိုမည်းနက်သော မျက်ဝန်းများသည် လူကို စိုက်ကြည့်လိုက်သောအခါ အကြည့်၏ ထိုးဖောက်နိုင်စွမ်းသည် ပြင်းထန်နေဆဲ ဖြစ်သော်လည်း သူက မျက်ဝန်းအောက်ခြေရှိ ခံစားချက်များကို တမင် ဖုံးကွယ်ထားလိုသောအခါတွင်မူ အခြားသူများအား မည်သည့်အရာကိုမျှ မြင်တွေ့ခွင့် မပေးတော့ချေ။

ဝိန်းယွီသည် တစ်ခဏ မှင်သက်သွားပြီးနောက်မှ သူ မေးလိုက်သည့် အကြောင်းအရာကို သဘောပေါက်သွားကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျွန်မ ပျောက်ဆုံးနေတာ ဒီလောက်တောင် ကြာပြီဆိုတော့ အိမ်က အဖေနဲ့ အမေတို့လည်း နေ့ရောညပါ စိတ်ပူနေကြမှာ သေချာတယ်။ ရွှီမိသားစုဆီက လုပ်အားခ ရပြီဆိုတာနဲ့ ချန်လိုင့်ဇီ အကြွေးတင်နေတဲ့ ငွေလျန် ၃၀ကို ကျွန်မ ပြန်ဆပ်နိုင်ပါပြီ..."

"အဲ့ဒီငွေကို ပြန်ဆပ်စရာ မလိုတော့ဘူး" ရှောင်းလိသည် သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး မျက်လွှာကို အနည်းငယ် ချထားလိုက်၏။ "ငါ့အိမ်မှာ နေတဲ့ အချိန်အတွင်း စားဝတ်နေရေး စရိတ်တွေ ပြန်ဆပ်မယ်ဆိုတဲ့ စကားကိုလည်း ထပ်မပြောပါနဲ့တော့။ ပန်းထိုးလို့ ရတဲ့ငွေကို မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ"

ထိုသို့ ပြောပြီးနောက် သူသည် ခြေလှမ်းကို ကြွကာ အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။

"အဲ့ဒီနေ့က အဲ့ဒီစကားကို ပြောလိုက်တာက ကျွန်မ စကားမတတ်လို့ပါ။ ရှင်နဲ့ ဒေါ်ဒေါ်တို့ရဲ့ ကျေးဇူးတရားကို ကျွန်မ အမြဲတမ်း မှတ်ထားပါတယ်"

နောက်ကျောဘက်မှ ထွက်ပေါ်လာသော နူးညံ့သည့် အသံလေးကြောင့် ရှောင်းလိသည် သူ၏ ခြေလှမ်းများကို နောက်တစ်ကြိမ် ရပ်တန့်လိုက်ရပြန်သည်။

သူ့အနောက်မှ လူက ဆက်ပြောနေသည်ကို သူ ကြားလိုက်ရသည်။ "အဲ့ဒီ ငွေလျန် ၃၀ကြောင့် ရှင့်ကိုလည်း ပြဿနာတွေ ရောက်စေခဲ့တာဆိုတော့ ကျွန်မ ပြန်ဆပ်လိုက်မှပဲ စိတ်အေးရမှာပါ"

ရှောင်းလိသည် သူ့ရင်ဘတ်ထဲတွင် မွန်းကြပ်လွန်းလာပြီး သူကိုယ်တိုင်ပင် ရှင်းမပြတတ်သော စိမ်းသက်လှသည့် ခံစားချက် တစ်ခု၏ နှိပ်စက်ခံနေရသလို ခံစားလိုက်ရ၏။ သူသည် အခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ စကားနှစ်ခွန်းကိုသာ ချန်ရစ်ခဲ့လေသည်။ "သဘောပဲ"

ဝိန်းယွီသည် သူ လက်တစ်ဖက်ဖြင့် တွန်းဖယ်လိုက်ပြီးနောက် ယိမ်းယိုင်နေဆဲ ဖြစ်သော တံခါးခန်းဆီးကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

သူ နောက်ထပ် ပြဿနာ တစ်ခုခုနဲ့များ ကြုံတွေ့လာရပြန်တာလား။ စိတ်အခြေအနေ သိပ်ကောင်းပုံ မရဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူး အကြိုနေ့သို့ ရောက်ရှိလာသည်။ ရှောင်းဟွေ့နျန်သည် ဝိန်းယွီက ပွဲတော်ပြီးနောက် ရွှီမိသားစုထံမှ ပန်းထိုးခများ ရရှိပါက မိသားစုကို သွားရောက် ရှာဖွေတော့မည်ဆိုသည်ကို ကြားလိုက်ရသောအခါ သူမနှင့် တော်တော်လေး မခွဲနိုင်အောင် ဖြစ်နေတော့သည်။ ထို့ကြောင့် နှစ်သစ်ကူး ညစာစားပွဲ တစ်ခုကို အထူးတလည် တခမ်းတနား ပြင်ဆင်ခဲ့ပြီး ရှောင်းလိ၏ ခင်မင်ရသူ ဒေါ်ဒေါ်များကိုပါ ဖိတ်ကြားကာ အားလုံးအတူတကွ ပျော်ရွှင်စွာ ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

ဟော်ရှောင်အန်းက သူ၏ အရက်သောက်နိုင်စွမ်းမှာ အလွန် ကြီးမားသည်ဟု ကြွားလုံးထုတ်ခဲ့သော်လည်း ထမင်းစားပွဲတွင် ရှောင်းလိနှင့်အတူ အရက်နှစ်ခွက်သာ သောက်ရသေးချိန်မှာပင် သတိမလည်တော့သည်အထိ မူးသွားတော့သည်။

ထိုအဖြစ်အပျက်ကြောင့် အားလုံးမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားကြရသည်။

ရှောင်းဟွေ့နျန်က ရှောင်းလိကို ဟော်ရှောင်အန်းအား သူမ၏ အခန်းထဲသို့ တွဲခေါ်သွားပြီး အိပ်ခိုင်းလိုက်ရန် ပြောလိုက်သည်။ သူမသည် ယနေ့ည ရှောင်းလိ၏ ဒေါ်ဒေါ်များဘက်တွင် သွားအိပ်မည်။

ရှောင်းလိက လူကို တွဲခေါ်နေချိန်တွင် ဟော်ရှောင်အန်းသည် အိပ်မက်ယောင်နေသည့်နှယ် ညည်းတွားနေဆဲ ဖြစ်သည်။ "... ဖြစ်လာရမယ်... အစ်ကို(၂)လို အရည်အချင်းရှိတဲ့ လူတစ်ယောက်... ဟစ်... လော့ယန်ကို သွားရမယ်..."

ရှောင်းလိသည် လူကို အိပ်ရာပေါ်တွင် ချထားလိုက်ပြီး သူ့ဖိနပ်ကို ချွတ်ပေးကာ စောင်ထူထူကို ခြုံပေးလိုက်သည်။ ထို့နောက် သူ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ပြောလိုက်သည်။ "တုံးလိုက်တဲ့ ကောင်လေး၊ မင်း အစ်ကို(၂)ရဲ့ အရွယ်ကို ရောက်လာတဲ့ အခါကျရင်တော့ လော့ယန်ကို ကိုယ့်ဘာသာ သွားလို့ ရပါပြီ"

အပြင်သို့ ပြန်ထွက်လာသောအခါ ရှောင်းဟွေ့နျန်သည် ဝိန်းယွီကို ဆွဲကာ စကားပြောနေပြီး သူ၏ ဒေါ်ဒေါ်များကမူ ပန်းကန်များကို ဝိုင်းဝန်း သိမ်းဆည်းပေးနေကြသည်။

ရှောင်းလိသည် ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ ပုံမှန် ထိုင်လေ့ရှိသော ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

မီးရောင်သည် လင်းထိန်နေပြီး ပတ်ဝန်းကျင်ရှိ လူများ၏ စကားသံများသည်လည်း ဆူညံနေသော်လည်း ဤအရာအားလုံးသည် သူနှင့် မသက်ဆိုင်သည့်နှယ်။ သူသည် နှင်းများ ကျဆင်းနေသော ညဉ့်ယံတွင် အမဲလိုက်ရန် အပြင်သို့ ထွက်တော့မည့် သားရဲတစ်ကောင်ပမာ သတ်မှတ်ထားသော အချိန်တစ်ခု ရောက်လာမည့် အချိန်ကို တည်ငြိမ်အေးဆေးစွာနှင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေသည်။

ဝိန်းယွီသည် ရှောင်းဟွေ့နျန်နှင့် စကားပြောနေစဉ် သူက အားလပ်နေပုံ ပေါက်နေသော်လည်း တစ်ကိုယ်လုံးသည် ခုန်အုပ်ရန် အသင့်ဖြစ်နေသော ကျားသစ်တစ်ကောင်နှင့် တူနေသည်ကို သတိထားမိလိုက်သည်။

သူမ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေစဉ်မှာပင် ရှောင်းလိသည် ကောင်းကင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ရှောင်းဟွေ့နျန်ကို ပြောလိုက်သည်။ "အမေ၊ မှောင်နေပြီဆိုတော့ လမ်းတွေ ချော်နေလိမ့်မယ်။ နောက်ကျရင် လမ်းပေါ်မှာ ရေခဲတွေ အေးခဲသွားရင် လမ်းလျှောက်ဖို့ ပိုခက်သွားမှာ စိုးလို့ ကျွန်တော် အမေနဲ့ ဒေါ်ဒေါ်တို့ကို ဟိုဘက်မှာ အနားယူဖို့ အရင် လိုက်ပို့ပေးမယ်"

ရှောင်းဟွေ့နျန်သည် ကောင်းပါပြီဟု ပြန်ဖြေလိုက်ပြီး ဝိန်းယွီကို နောက်မှ တံခါးသေချာ ပိတ်ထားရန် မှာကြားလိုက်သည်။

ဝိန်းယွီသည် ရှောင်းဟွေ့နျန်တို့ကို တံခါးပေါက်အထိ လိုက်ပို့ပေးခဲ့သည်။ ခြံတံခါးကို ပိတ်ဆို့ပြီးနောက် တံခါးရှေ့ရှိ လှေကားထစ်များဆီသို့ လျှောက်သွားချိန်တွင် ကင်းလှည့်သူ၏ အသံကို ကြားလိုက်ရသည်။ "ရာသီဥတု ခြောက်သွေ့နေတယ်၊ မီးကို သတိထားကြပါ—"

ထိုကင်းလှည့်သူသည် ရှောင်းလိနှင့် သိကျွမ်းသူ ဖြစ်ပုံရသည်။ လမ်းကြားအဝတွင် ဆုံမိကြပြီး သူတို့နှစ်ဦး၏ နှုတ်ဆက်စကားပြောသံများကို ခပ်ရေးရေး ကြားနေရသည်။

ဝိန်းယွီသည် များများစားစား မတွေးတောတော့ဘဲ အိမ်ထဲသို့ ဝင်ကာ မီးဖိုဘေးတွင် ထိုင်လိုက်ပြီး ရှောင်းလိ ပြန်လာသည်အထိ စောင့်ဆိုင်းကာ သူမ အခန်းထဲ ပြန်အိပ်ရန် ရည်ရွယ်ထားသည်။

သို့သော် ထိုသို့ စောင့်ဆိုင်းနေလိုက်ရသည်မှာ တစ်နာရီကျော် အချိန်အထိ ကြာမြင့်သွားမည်ဟု မည်သူ မျှော်လင့်ထားမည်နည်း။

သူမသည် ကောင်းကင်ကို မော့ကြည့်လိုက်၏။

အဲ့ဒီလူမိုက်က အရင်တုန်းက ညဘက် ပြန်မလာရင် အမြဲတမ်း ကြိုပြောတတ်တာပဲ။ ဒီနေ့က ရှောင်းဟွေ့နျန် အိမ်မှာ မရှိလို့ ငါ့ကို ပြောပြဖို့ ပျင်းနေတာများလား။

သူမသည် အိပ်ချင်လွန်းသဖြင့် လက်ဖြင့် မျက်နှာကို ကွယ်ကာ သမ်းဝေလိုက်ပြီး တံခါးကို သေချာစွာ ပိတ်ပြီးနောက် အခန်းထဲသို့ ပြန်အိပ်ရန် ထရပ်လိုက်သည်။

သို့သော် အိမ်ထဲမှ အပြင်သို့ ထွက်လိုက်သည်နှင့် နှင်းပါးပါးလေး ဖုံးလွှမ်းနေသော ခြံစည်းရိုးပေါ်မှ လူရိပ်မည်းကြီး တစ်ခု ခုန်ချလာသည်ကို မြင်လိုက်ရလေသည်။

ဝိန်းယွီသည် ယခင်က ထိုလူမိုက် ခြံစည်းရိုးကျော်ဝင်လာသည်ကို မြင်ဖူးထားသဖြင့်သာ တော်တော့သည်။ ထို့ကြောင့် ဤကဲ့သို့ ညဉ့်နက်သန်းခေါင်တွင် ကြောက်လန့်တကြား မအော်ဟစ်ခဲ့မိချေ။

သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်၏။

သွေးနံ့က ဘယ်ကလာတာလဲ...

ရှောင်းလိ အနီးသို့ ရောက်လာသည်နှင့်အမျှ သူ၏ မျက်နှာသည် အိမ်ထဲရှိ မီးရောင်ကြောင့် တဖြည်းဖြည်း ရှင်းလင်းလာပြီး ခန္ဓာကိုယ်ပေါ်မှ သွေးနံ့သည်လည်း ပိုမို ပြင်းထန်လာသည်။

သူ ဘာတွေ သွားလုပ်ခဲ့တာလဲ။

ဝိန်းယွီ တစ်ကိုယ်လုံးသည် ထိုနေရာတွင်ပင် မှင်သက်သွားတော့သည်။

ရှောင်းလိ၏ ဆံပင်များပေါ်တွင် ဆီးနှင်းများ ကပ်ငြိနေပြီး နှုတ်ခမ်းများမှာလည်း ဖြူဖျော့နေသည်။ သူမကို မြင်သောအခါ သူသည် အံ့ဩသွားပုံ သိပ်မရချေ။ သူမကို ဖြတ်လျှောက်သွားချိန်တွင် စကားတစ်ခွန်းကိုသာ ချန်ရစ်ခဲ့သည်။ "မှတ်ထား၊ ဒီည ငါ ည ၈ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်လာတာ"

အဝေးရှိ လမ်းမပေါ်မှ ကင်းလှည့်သူ၏ အသံက ထွက်ပေါ်လာသည်။ ယခုအချိန်က ည ၁၁ နာရီကျော်။

ဝိန်းယွီသည် ခေါင်းလှည့်ကာ သူ့ကို အကြည့်တွင် သူ့ခြေလှမ်းများ ယိမ်းယိုင်နေသည်ကို မြင်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော သွေးနံ့ကို တွေးမိပြီး သူမသည် ခြေလှမ်းကို ကြွကာ သူ့နောက်သို့ လိုက်သွားလိုက်သည်။ "ရှင် ဒဏ်ရာရလာတာလား"

ရှောင်းလိသည် တံခါးဘောင်ကို ကိုင်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ မီးရောင်ကြောင့် သူ့နဖူးထောင့်တွင် ပြည့်နှက်နေသော ချွေးစေးများကို မြင်နေရသည်။ သူသည် တောက်လောင်နေဆဲ ဖြစ်သော မီးဖိုကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။

"မီး ငြိမ်းလိုက်"

...

All Chapters