အခန်း ၂၃
Vol. 3 Ch. 23
အပိုင်း (၂၃.၁)
ဝိန်းယွီသည် သည်အချိန်က မေးခွန်းများ ဆက်မေးရန် အချိန်မဟုတ်ကြောင်း သိထားသဖြင့် နာခံစွာဖြင့် မီးဖိုထဲမှ ထင်းများကို သွားရောက်ဖယ်ရှားလိုက်လေသည်။
သူမ ထိုသို့ လုပ်ဆောင်နေစဉ်တွင် ရှောင်းလိက အိမ်မကြီး၏ ပြတင်းပေါက်များနှင့် တံခါးများ အားလုံးကို ပိတ်ထားပြီးဖြစ်သည်။
အပြင်ဘက်တွင် မြောက်လေသည် ပြင်းထန်စွာ တိုက်ခတ်နေပြီး ခေါင်မိုးကို ဖြတ်သန်းသွားကာ အခြားနေရာများဆီသို့ တဟုန်ထိုး တိုက်ခတ်သွားသည်။ ထိုလေတိုက်သံသည် ည၏ အမှောင်ထုထဲတွင် စိတ်မချမ်းမြေ့ဖွယ်ရာ မြည်တမ်းနေသည့်နှယ် ထွက်ပေါ်နေ၏။
ရှောင်းလိသည် အသက်ရှူမှန်စေရန် တံခါးကို ခဏလောက် မှီထားရသယောင်။ ထို့နောက် မီးခတ်ကျောက်ကို ရှာရန် ထရပ်လိုက်သည်။ သူသည် အမှောင်ထဲတွင် ကျွမ်းကျင်စွာဖြင့် စတုရန်းစားပွဲပေါ်ရှိ ဆီမီးခွက်ကို ထွန်းညှိလိုက်သည်တွင် မှိန်ပျပျ အလင်းရောင်သည် အခန်းငယ်လေးကို နောက်တစ်ကြိမ် လင်းထိန်သွားစေ၏။
ဝိန်းယွီက နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူက လက်တစ်ဖက်ဖြင့် ဗိုက်ကို ဆုပ်ကိုင်ထားပြီး သွေးများသည် သူ၏ လက်ချောင်းများကြားမှ စိမ့်ထွက်နေသည်ကို မြင်လိုက်ရသည်။
သူ ဒီလောက်တောင် အပြင်းအထန် ဒဏ်ရာရလာတာလား။ ဒါကြောင့် သူ့ကိုယ်ပေါ်က သွေးနံ့က ဒီလောက် ပြင်းနေတာကိုး။
ရှောင်းလိသည် ဆီမီးခွက်ကို ယူကာ အတွင်းခန်းဆီသို့ ယိမ်းယိုင်စွာ လျှောက်သွားလိုက်သည်။ သူ၏ အဝတ်အစားများတွင် ကပ်ငြိနေသော နှင်းခဲများနှင့် လေအေးများသည် အရည်ပျော်သွားပြီး ပြင်းထန်သော သွေးနံ့နှင့် ရောနှောကာ စိုစွတ်မှုအဖြစ် ပြောင်းလဲသွား၏။ သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များသည် နဖူးနှင့် နားရွက်များပေါ်တွင် စိုရွှဲစွာ ကျဆင်းနေပြီး မှိန်ပျပျ မီးရောင်အောက်တွင် သူ့မျက်နှာသည် သွေးရောင်မရှိဘဲ ဖြူရော်လို့နေသည်။
ဝိန်းယွီသည် အခိုက်တန့် တုံ့ဆိုင်းသွားပြီးနောက် သစ်သားစင်ပေါ်မှ ရေဇလုံတစ်ခုကို ယူကာ ရေနွေးအိုးထဲမှ ရေနွေးများကို လောင်းထည့်ပြီး သူ့ဆီသို့ ယူသွားပေးလိုက်သည်။
သူမ အိပ်သော အခန်း၏ ပြတင်းပေါက်ကို အလင်းမဖောက်နိုင်သော ဆီစိမ်ပိတ်စဖြင့် ကာထားပြီး ဆီမီးခွက်မှာလည်း မှိန်နေသည်။ မီးထွန်းထားလျှင်ပင် ခြံစည်းရိုးအပြင်ဘက်ရှိ လမ်းကြားအတွင်း အပြင်ဘက်မှ ဖြတ်သွားဖြတ်လာ မည်သူမဆို အထဲသို့ လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ချေ။
သို့သော် သူမက ခန်းဆီးကို မလိုက်ချိန်တွင် ရှောင်းလိ အဝတ်အစား ချွတ်နေသည်နှင့် သွားတိုးတော့သည်။ ဝိန်းယွီသည် အလျင်အမြန်ပင် ခေါင်းငုံ့လိုက်၏။ မတော်တဆ ကြည့်မိသွားခြင်းသာ ဖြစ်သော်လည်း သူ၏ တစ်ဝက်တစ်ပျက် ဝတ်ဆင်ထားသော အတွင်းခံအင်္ကျီသည် တထည်လုံးနီးပါး သွေးများဖြင့် စွန်းထင်းနေသည်ကို မြင်လိုက်ရသည်။
သူမသည် ရေဇလုံကို ကြမ်းပြင်ပေါ်တွင် ချလိုက်ပြီး သူမ၏ အာရုံများကို ရိုက်ခတ်နေသော ပြင်းထန်လှသည့် သွေးနံ့ကို သည်းခံကာ ခေါင်းငုံ့လျက် အဝတ်စတစ်ခုကို ရေညှစ်ပြီးနောက် သူ့ထံသို့ ကမ်းပေးကာ ပြောလိုက်သည်။ "ရှင့်ကိုယ်ရှင် သုတ်လိုက်ပါ"
ရှောင်းလိသည် အတွင်းခံအင်္ကျီကိုသာ ဝတ်ဆင်ထားပြီး ခွေးခြေခုံတစ်ခုပေါ်တွင် ထိုင်နေသည်။ သူသည် ဗိုက်တွင် ဓားရှခံထားရပြီး အပြန်လမ်းတွင် သူ၏ အလယ်အင်္ကျီ တစ်ပိုင်းကို ဆုတ်ဖြဲကာ ဒဏ်ရာကို တင်းကျပ်စွာ စည်းနှောင်ခဲ့၏။ ယခုအခါ သူသည် အဝတ်စ၏ တင်းကျပ်နေသော အထုံးကို ဖြည်ရန် ကြိုးစားနေလေသည်။
သို့သော် ခြောက်သွေ့နေသော သွေးများက အဝတ်စကို ဒဏ်ရာ၏ အသားနှင့် ကပ်သွားစေပြီး သူ ဆွဲလိုက်သောအခါ အနာဖေးမှာ ပြဲသွားကာ သွေးစိမ်းများ စိမ့်ထွက်လာစေတော့သည်။
သူ၏ နဖူးပေါ်ရှိ ဖရိုဖရဲဖြစ်နေသော ဆံပင်များသည် အရည်ပျော်နေသော နှင်းများကြောင့် စိုနေခြင်းလား၊ ချွေးကြောင့် စိုနေခြင်းလားဆိုသည်ကို ခွဲခြားမရနိုင်ချေ။ သူမ၏ အသံကို ကြားသောအခါ သူသည် ချွေးသီးချွေးပေါက်များဖြင့် လေးလံနေသော မျက်ခွံများကို ပင့်တင်လိုက်ပြီး ဝိန်းယွီက သူ့ကို မကြည့်ဝံ့သယောင် မျက်လွှာတစ်ဝက်ချထားသော်လည်း ရေညှစ်ထားသော အဝတ်စကို ခေါင်းမာစွာဖြင့် ကမ်းပေးနေသည်ကို မြင်လိုက်ရသည်။
အဝတ်စကို ကိုင်ထားသော လက်တွင် နူးညံ့သွယ်လျသော လက်ကောက်ဝတ်နှင့် ကျော့ရှင်းသော အဆစ်များ ရှိနေသည်။ ထိုလက်သည် ကျိုးပဲ့လွယ်သည့်နှယ် ထင်ရသော်လည်း လက်ပိုင်ရှင်ကဲ့သို့ပင် ဖော်ပြလို့မရနိုင်သော ခံနိုင်ရည်စွမ်းတစ်ခုကို သယ်ဆောင်ထား၏။
နောက်ဆုံးအကြိမ် သူ သည်လို စုတ်ပြတ်သတ်နေသော အခြေအနေမျိုးတွင် ရှိနေစဉ်ကလည်း သူမကပင် သည်လိုပဲ သူ့ကို အဝတ်စတစ်ခု ကမ်းပေးခဲ့သည်။
ရှောင်းလိသည် သူ့နှလုံးသားကို ကြီးမားသော လက်တစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားသယောင် ခံစားလိုက်ရပြီး နာကျင်ရောင်ရမ်းကာ မွန်းကြပ်လာပြီး အသက်ရှူရ ခက်ခဲသွားတော့သည်။
သူမက သူ့အိမ်ခေါင်မိုးပေါ်တွင် လမ်းပျောက်ပြီး ယာယီ နားခိုနေသော ဗျိုင်းဖြူလေး တစ်ကောင်နှယ် ဖြစ်နေပြီး သူမ၏ အုပ်စုကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက် အတောင်ပံဖြန့်ကာ ထွက်ခွာသွားရန်သာ စောင့်ဆိုင်းနေကာ ဤနေရာတွင် နေထိုင်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း သူ အမြဲတမ်း သိထားခဲ့သည်။
သို့သော် သူမသည် ၃လပိုင်း၏ နွေးထွေးသော နွေဦးရာသီမှ လေပြေလေး တစ်ခုလိုလည်း ဖြစ်နေ၏။ သူ၏ နှလုံးသားပတ်လည်တွင် မည်မျှပင် မြင့်မားသော တံတိုင်းများကို တည်ဆောက်ထားစေကာမူ ထိုလေပြေလေးသည် အထဲသို့ တိုက်ခတ်ဝင်ရောက်ရန် နည်းလမ်းကို အမြဲတမ်း ရှာတွေ့နိုင်ပြီး တစ်ချိန်က တည်ငြိမ်နေခဲ့သော ရေကန်ထဲတွင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေလေသည်။
ရှောင်းလိသည် ထိုလက်ကို ခဏလောက် စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် အနီဖျော့ဖျော့လေး ရောယှက်နေကာ အတွေးတစ်ခုကို ဖြတ်တောက်လိုက်သယောင်။ ထို့နောက် သူသည် လက်လှမ်း ယူလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
ဝိန်းယွီသည် ခေါင်းငုံ့ကာ သူ့ကိုယ်ပေါ်မှ သွေးများကို သုတ်ပေးရန် အခြားအဝတ်စ တစ်ခုကို ရေညှစ်ဖို့ ပြင်လိုက်စဉ် သူက ပြောလာသည်ကို ကြားလိုက်ရသည်။ "အဝတ်အစားတွေ ထည့်ထားတဲ့ သေတ္တာအောက်မှာ ဒဏ်ရာလိမ်းဆေးပုလင်း တစ်ပုလင်း ရှိတယ်။ ငါ့အတွက် ယူပေးလို့ ရမလား"
ဝိန်းယွီသည် မတ်တတ်ရပ်ကာ သေတ္တာထဲတွင် သွားရောက်ရှာဖွေသည်။
သူမ ဒဏ်ရာလိမ်းဆေးပုလင်းကို ယူကာ ပြန်လာသောအခါ ရှောင်းလိသည် ခြောက်သွေ့နေသော သွေးများဖြင့် ကပ်ခဲနေပြီး အသစ်တဖန် ပြန်ရွှဲနေသော အဝတ်စကို မဖြည်နိုင်သေးချေ။ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသဖြင့် သူသည် အတင်းအကျပ် ဆွဲဖြဲရန် ပြင်လိုက်သော်လည်း အဝတ်စမှာ အစကတည်းက တင်းကျပ်စွာ စည်းနှောင်ထားခြင်း ဖြစ်နေသည်။ သူက ပိုပြီး အားပြင်းပြင်း ဆွဲလိုက်သောအခါ ဒဏ်ရာအပေါ် သက်ရောက်သွားသော ဖိအားကြောင့် သွေးများ ချက်ချင်းပင် ပိုပန်းထွက်လာစေတော့သည်။
ပဲစေ့ခန့်ရှိသော ချွေးသီးချွေးပေါက်များသည် နားထင်မှတဆင့် လိမ့်ဆင်းလာပြီး သူ၏မျက်လုံးများသည် နီရဲနေကာ ရက်စက်ကြမ်းကြုတ်မှုနှင့် ပြိုလဲလုမတတ် ပင်ပန်းနွမ်းနယ်မှုများ ရောယှက်နေတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဝိန်းယွီသည် ဆေးပုလင်းကို အနားက စားပွဲပေါ်တွင် ချလိုက်ပြီး အပ်ချုပ်ခြင်းထဲမှ ကတ်ကြေးတစ်လက်ကို ယူကာ ပြောလိုက်၏။ "မဆွဲနဲ့တော့။ ရှင်လုပ်မှ ဒဏ်ရာက သွေးပြန်ထွက်နေပြီ။ ကျွန်မ ကတ်ကြေးနဲ့ ညှပ်ပေးမယ်"
အလင်းရောင်အောက်တွင် ပိုပြီး သေသေချာချာ မြင်ရစေရန် သူမသည် ဆီမီးခွက်ကို စားပွဲအနီးသို့ တိုးရွှေ့လိုက်၏။
ရှောင်းလိသည် အတွင်းခံအင်္ကျီကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ ကော်လာမှာ ဟိုက်နေပြီး မှိန်ပျပျ မီးရောင်အောက်တွင် ပျားရည်အလား တလက်လက် တောက်ပနေသော ချွေးသီးချွေးပေါက်လေးများ တွယ်ကပ်နေသည့် သူ၏ တောင့်တင်းခိုင်မာသော ရင်အုပ်ကို မြင်တွေ့နေရ၏။
မည်သို့ပင်ဖြစ်စေ သူက သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ချေ။ ဒဏ်ရာရထားပြီး သွေးအများကြီး ထွက်ထားသည့်အပြင် အပြန်လမ်းတစ်လျှောက် လေနှင့် နှင်းများကို ရင်ဆိုင်ခဲ့ရသဖြင့် ယခုအခါ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေလေသည်။ သူသည် ကုလားထိုင်ကို နောက်မီချလိုက်ပြီး ဝိန်းယွီကိုသာ အပ်ထားလိုက်တော့သည်။
အသက်ရှူလိုက်တိုင်း သူ၏ရင်အုပ်နှင့် ဗိုက်ရှိ ကျစ်လျစ်ခိုင်မာသော ကြွက်သားများသည် အသက်ဝင်နေသယောင် စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ဝိန်းယွီသည် အခြားနေရာများသို့ မကြည့်ဝံ့ဘဲ မျက်လွှာချထားလိုက်သည်။
ဟော်ရှောင်အန်းသာ အရက်မူးမနေဘူးဆိုရင်၊ ရှောင်းဟွေ့နျန်ကလည်း အိမ်မှာ ရှိနေခဲ့ရင် ငါ့ကို ဒီအလုပ်ကို ကိုယ်တိုင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။
သို့သော် ယခုအချိန်တွင်တော့ ဤလူမိုက်ကို ကူညီနိုင်သူမှာ အမှန်ပင် သူမ တစ်ဦးတည်းသာ ရှိနေသည်။
ဝိန်းယွီသည် စိတ်ကို တင်းထားလိုက်ပြီး သူ့ခါးတွင် စည်းထားသော အဝတ်စကို ညှပ်ရန် မ,တင်ရန် ကြိုးစားလိုက်သော်လည်း ဗိုက်ပေါ်ရှိ နေရာသည် ခြောက်သွေ့နေသော သွေးများဖြင့် အပေါ်ယံလွှာ ဖြစ်နေပြီး အဝတ်စသည် သူ့အသားနှင့် တင်းကျပ်စွာ ကပ်နေသည်။
အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ သူ၏ နာကျင်စွာ ညည်းတွားသံကိုသာ ကြားလိုက်ရသည်။ နောက်တစ်ကြိမ် မဆင်မခြင် ထပ်မဆွဲဝံ့တော့သဖြင့် သူမသည် ရှောင်းလိကို မော့ကြည့်ကာ ပြောလိုက်သည်။ "အဝတ်စက အရမ်း တင်းကျပ်နေပြီး သွေးခြောက်တွေနဲ့ ကပ်နေတယ်။ ရေနွေးနည်းနည်းနဲ့ အရင် ပျော့သွားအောင် လုပ်ပေးမယ်နော်"
ရှောင်းလိသည် နားထင်တွင် ချွေးများ သီးနေပြီး အားယူကာ ပြောလိုက်သည်။ "ကျေးဇူးပဲ" ကုလားထိုင်ပေါ်တွင် တင်ထားသော သူ၏ လက်မောင်းပေါ်ရှိ သွေးကြောများသည် သူ ခံစားနေရသော နာကျင်မှုကြောင့် သိသာစွာ ထောင်တက်နေ၏။
ဝိန်းယွီသည် အဝတ်စကို ရေနွေးတွင် စိမ်လိုက်ပြီး သူ၏ ခါးနှင့် ဗိုက်ပေါ်သို့ ညင်သာစွာ ညှစ်ချလိုက်ကာ အဝတ်စနှင့် သွေးခြောက်များ ပျော့သွားမည့်အချိန်ကို စောင့်နေလိုက်သည်။
သို့သော် အဝတ်စမှ ရေများသည် အထည်ကို ဖြတ်သန်းစိမ့်ဝင်သွားပြီး ဆက်စီးကျလာသဖြင့် သူ၏ သွေးစွန်းနေပြီးသား အတွင်းခံအင်္ကျီနှင့် ဘောင်းဘီကို ပိုမို စိုစွတ်သွားစေတော့သည်။
ဆောင်းတွင်းညသည် အေးစက်နေပြီး အင်္ကျီစသည် ရေစိုသွားသည်နှင့် တစ်ပြိုင်နက် ရေခဲကဲ့သို့ အေးစက်သွားသည်။
သို့သော် ခဏအကြာတွင် နောက်ထပ် နွေးထွေးသော အရည်စီးကြောင်းတစ်ခု စီးကျလာပြန်၏။
ခါးနှင့် ဗိုက်သည် အာရုံခံစားမှု လွယ်ကူသော နေရာဖြစ်သည်။ နွေးထွေးမှုနှင့် အေးစက်မှုတို့ တစ်လှည့်စီ ဖြစ်ပေါ်နေသည့် ခံစားချက်များ၊ အခန်းတွင်း ပြည့်နှက်နေသော ပြင်းထန်သည့် သွေးနံ့များကြားတွင် အခြားသူတစ်ဦးက ဤနေရာတွင် နေထိုင်နေသည်မှာ အတန်ကြာပြီ ဖြစ်သောကြောင့် ဖြစ်နိုင်မည်။ လေထုထဲတွင် ဖမ်းဆုပ်ရခက်သော မွှေးပျံ့ပျံ့ ရနံ့လေးတစ်ခု ခပ်ရေးရေး လွင့်ပျံနေ၏။ ရှောင်းလိသည် သူ၏ စိတ်အာရုံကို ထိုနွေးထွေးသော စီးဆင်းမှုက ရောထွေးမှုန်ဝါးသွားစေရန် ဆေးကြောပစ်လိုက်သည့်နှယ် ခံစားလိုက်ရသည်။
မှိန်ပျပျ မီးရောင်အောက်တွင် ပုံရိပ်ထင်နေသည့် ဝိန်းယွီ၏ ဘေးစောင်းမျက်နှာနှင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်သော သူမ၏ လည်ဂုတ်သားကို ငေးကြည့်ရင်း သူသည် ရုတ်တရက် နူးညံ့မှု တစ်ခုကို ခံစားလိုက်ရသည်။ သူ တွေးတောနေမိသော အကြောင်းအရာကို သတိထားမိသွားသောအခါ သူသည် မျက်လုံးများကို လေးလံစွာ မှိတ်ထားလိုက်ပြီး ရင်ထဲတွင်လည်း ရှားရှားပါးပါး ထိတ်လန့်မှု တစ်ခု လှုပ်ခတ်သွားတော့သည်။
အဝတ်စက လုံလောက်စွာ ပျော့သွားပြီ ဖြစ်သည်ကို မြင်သောအခါ ဝိန်းယွီသည် လက်ချောင်းထိပ်များဖြင့် အစွန်းတစ်ဖက်ကို မ,တင်လိုက်ပြီး ကပ်ကြေးဖြင့် ညှပ်ရန် အသင့်ပြင်လိုက်၏။ ဤလုပ်ရပ်ကြောင့် သူမ၏ လက်ချောင်းထိပ်များသည် သူ၏ခါးနှင့် ဗိုက်ရှိ ခိုင်မာပြီး နွေးထွေးသော ကြွက်သားများနှင့် ရှောင်လွှဲမရဘဲ ထိတွေ့သွားတော့သည်။
အနည်းငယ် ရှက်ရွံ့မိသော်လည်း ဤသည်မှာ အရေးပေါ် အခြေအနေဖြစ်ကြောင်း သိနေသဖြင့် အမျိုးသားနှင့် အမျိုးသမီးကြားရှိ စည်းမျဉ်းများကို ဖိနှိပ်ထားလိုက်သည်။ သူမသည် အဝတ်စကို သတိထားပြီး ဆွဲယူကာ တစ်စစီ စတင်ညှပ်လေတော့သည်။
အကျပ်ဆုံး အပိုင်းသို့ ရောက်သောအခါ ညှပ်ရန် လုံလောက်သည့်နေရာလေးရအောင် သူ၏ခါးနှင့် ပိတ်စကြားသို့ လက်ချောင်းတစ်ချောင်းကိုပင် ထည့်သွင်းခဲ့ရသည်။ ရှောင်းလိသည် သူ၏ ဗိုက်ကြွက်သားများကို ဖိထားသော ထိုလက်ချောင်း၏ အထိအတွေ့ကို ခံစားနေရ၏။ နူးညံ့ပြီး ညင်သာကာ ချောမွေ့နေသည်။
သူသည် မျက်လုံးများကို မှိတ်ထားသော်လည်း မှိန်ပျပျ မီးရောင်အောက်တွင် အာရုံစိုက်ကာ အေးချမ်းနေသော ဝိန်းယွီ၏ မျက်နှာအမူအရာကို မြင်ယောင်နေနိုင်သည်။
ဆောင်းဦးလယ်ပွဲတော် ညတွင် ရေပြင်ပေါ်၌ ထင်ဟပ်နေသော ရွှေရောင်လပြည့်ဝန်းနှယ် လက်လှမ်းမမီနိုင်သည်မှာ ထင်ရှားသော်လည်း ဆုပ်ကိုင်ထားနိုင်သယောင်။
သူ၏ နှလုံးသားပေါ်တွင် ဖိစီးနေသော ခံစားချက်သည် ရုတ်တရက် မွန်းကြပ်လာပြီး အသက်ရှူရ ခက်ခဲလာတော့သည်။ ရှောင်းလိသည် မျက်လုံးများကို ဖွင့်ကာ ဝိန်းယွီ၏ လက်ထဲမှ ကတ်ကြေးကို လုယူလိုက်ပြီး ပြောလိုက်တော့သည်။ "ငါ့ဘာသာပဲ လုပ်လိုက်မယ်"
ဒဏ်ရာမှ နာကျင်မှုကို လျစ်လျူရှုကာ သူသည် ကျန်နေသေးသော အဝတ်စကို ကိုင်ပြီး တစ်ချက်တည်းနှင့် ဖြတ်တောက်လိုက်သည်။ ကတ်ကြေးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီးနောက် သူသည် အသက်ရှူသံများကို နှေးကွေးသွားစေရန် အတင်းအကျပ် ထိန်းချုပ်လိုက်၏။
နာကျင်မှုကြောင့် ကိုယ်ပေါ်တွင် နောက်ထပ် ချွေးတစ်လွှာ ထွက်လာသော်လည်း ၎င်းသည် သူ၏ ရင်ဘတ်ပေါ်တွင် ဖိစီးနေသော လေးလံပြီး ပြောပြ၍မရနိုင်သည့် မွန်းကြပ်မှုကို သက်သာသွားစေသယောင် ရှိလေသည်။
သူ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားသဖြင့် ဝိန်းယွီက နားမလည်စွာဖြင့် မေးလိုက်သည်။ "ကျွန်မ ရှင့်ဒဏ်ရာကို ဆွဲမိသွားလို့လား"
ရှောင်းလိသည် သူမကို နောက်ထပ် မကြည့်တော့ချေ။ အဝတ်မဲ့နေသော သူ၏ပခုံးနှင့် ကျောပြင်သည် ချွေးများဖြင့် တလက်လက် တောက်ပနေပြီး သူက မျက်လွှာချကာ စားပွဲပေါ်မှ အဝတ်စကို ယူလိုက်ပြီး သူ့ခါးပေါက် သွေးများကို ဖြစ်သလို သုတ်လိုက်သည်။ ထို့နောက် "မဆွဲမိပါဘူး" ဟုသာ ပြောလိုက်၏။
အမြန်သုတ်ပြီးနောက် သူသည် ဒဏ်ရာလိမ်းဆေးမှုန့်ကို ယူကာ ဒဏ်ရာပေါ်သို့ တော်တော်များများ လောင်းချလိုက်သည်။
ဆေးမှာ အလွန်စွမ်းသည်။ ဒဏ်ရာနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် မီးပေါ်သို့ ဆီလောင်းချလိုက်သည့်နှယ် ပူလောင်သွားတော့သည်။ ချွေးများသည် သူ၏ အရေပြားပေါ်တွင် လျင်မြန်စွာ ပြန်လည် ထွက်ပေါ်လာပြီး နားထင်ရှိ သွေးကြောများသည် ထောင်တက်လာ၏။ သို့သော် လောင်ကျွမ်းမတတ် နာကျင်မှုက သူ့စိတ်ထဲမှ အာရုံလွင့်စရာ အတွေးများကို ရှင်းလင်းပေးလိုက်လေသည်။
အဆိုးရွားဆုံး နာကျင်မှုများ သက်သာသွားသောအခါ သူသည် ဒဏ်ရာကို စည်းနှောင်ရန်အတွက် သန့်ရှင်းသော အတွင်းခံအင်္ကျီ တစ်ထည်ကို ဆုတ်ဖြဲလိုက်၏။ သူ့လက်များကတော့ အနည်းငယ် တုန်ယင်နေဆဲပင်။
သူ အအေးမိသွားမည်ကို စိုးရိမ်သဖြင့် ဝိန်းယွီသည် အပြင်သို့ ထွက်ကာ မီးဖိုထဲမှ ကျန်ရှိနေသော မီးခဲများကို မီးလင်းဖိုထဲသို့ ထည့်ကာ အတွင်းသို့ ယူလာခဲ့သည်။ သူ ရုန်းကန်နေရသည်ကို မြင်သောအခါ သူမသည် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "ကျွန်မကို ပေး"
သူမသည် သူ့လက်ထဲမှ အဝတ်စကို ယူကာ သူ့ခါးတွင် နှစ်ပတ် ပတ်ပေးလိုက်သည်။ နီးကပ်မှုနှင့် သူ၏ အဝတ်မဲ့နေသော ကိုယ်အထက်ပိုင်းတို့ ပေါင်းစပ်သွားသောအခါ သူတို့၏ အသက်ရှူသံများကို အချင်းချင်း ကြားနေရလေသည်။
ဝိန်းယွီသည် မျက်လွှာချထားပြီး သူမ၏ လက်ထဲရှိ အဝတ်စပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။
သို့သော် ဆေးကြောင့်လား၊ အခြားကြောင့်လား မသိသော်လည်း သူ၏ ခန္ဓာကိုယ်သည် အပူငွေ့များ ဖြာထွက်နေသယောင်။ သူ၏ ရနံ့ကို သယ်ဆောင်လာသော ထိုနွေးထွေးမှုသည် သူမ၏ အာရုံများထဲသို့ စိမ့်ဝင်လာပြီး လူကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေတော့သည်။
ဆီမီးခွက်သည် ကုတင်ဘေးရှိ နံရံပေါ်သို့ သူတို့၏ အရိပ်များကို စောင်းလျက် ကျရောက်စေပြီး တစ်ချက်ကြည့်လိုက်ပါက သူတို့သည် ပွေ့ဖက်ကာ ရစ်နှောင်နေသယောင် ထင်ရလေသည်။
သူမက ကြိုးအထုံးကို ချည်ရန် အာရုံစိုက်နေစဉ် သူမ၏ လက်ခုံပေါ်သို့ ချွေးတစ်စက် ကျရောက်လာသည်။ အကြည့်ကို ပင့်တင်လိုက်သောအခါ ရှောင်းလိက အက်ကွဲနေသော အသံဖြင့် ပြောလာသည်ကို ကြားလိုက်ရသည်။ "တောင်းပန်ပါတယ်"
ထိုအခါမှသာ ဝိန်းယွီသည် သူက သူမကို စူးစိုက်ကြည့်နေကြောင်း သတိထားမိသွားတော့သည်။ သူ့အသက်ရှူသံသည် ပြင်းထန်နေပြီး မျက်ခွံနှင့် မေးစေ့တွင် ချွေးပေါက်များ ကပ်ငြိနေ၏။ သူ့ပခုံးနှင့် ကျောပြင်ရှိ ကြွက်သားများသည် နာကျင်မှုကို သည်းခံနေရသဖြင့် ကျောက်တုံးကဲ့သို့ တင်းမာနေတော့သည်။
ချွေးများဖြင့် ရွှဲနစ်နေသော သူ၏ ထင်ရှားပြတ်သားသည့် မျက်နှာသည် အရိုင်းဆန်သော အသွင်ကို ဆောင်နေတော့သည်။
ထိုအနေအထားတွင် သူသာ လက်မောင်းများကို အနည်းငယ် မြှောက်လိုက်ပါက သူတို့သည် ပွေ့ဖက်ထားသည့် အနေအထား ဖြစ်သွားလိမ့်မည်။
ဝိန်းယွီ၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသည်။ မျက်လွှာ ချထားလိုက်ပြီး သူမက တိုးတိုးလေး ပြောလိုက်သည်။ "ရပါတယ်" ထို့နောက် သူမသည် သူမ၏ လှုပ်ရှားမှုများကို အရှိန်တင်လိုက်၏။ မျက်လုံးထောင့်မှနေ၍ သူ၏ ပခုံးပေါ်က အမာရွတ်တစ်ခုကို သူမ သတိထားမိလိုက်သည်။ ထိုအရာသည် မီးလောင်ထားသော အမာရွတ်ဟောင်း တစ်ခုနှင့် တူနေသည်။
နေရာတွေ အများကြီးရှိတဲ့အထဲကမှ ဘယ်လိုဖြစ်ပြီး အဲဒီနေရာမှာ ဒဏ်ရာရခဲ့တာလဲ။
ထိုအတွေးသည် သူမ၏ စိတ်ထဲတွင် ခဏမျှသာ ဖြတ်ပြေးသွားလေသည်။ အထုံးကို သေချာစွာ ချည်ပြီးနောက် သူမသည် နောက်သို့ ဆုတ်လိုက်ပြီး ပြောလိုက်သည်။ "ရှင် ဒဏ်ရာရထားတယ်။ ဒီည အခန်းထဲမှာပဲ နားလိုက်ပါတော့"
ဒီည သူ ဘာပဲလုပ်ခဲ့လုပ်ခဲ့—လူသတ်တာပဲဖြစ်ဖြစ်၊ ခိုးတာပဲဖြစ်ဖြစ်—တခြားလူတွေ သိသင့်တဲ့ကိစ္စ မဟုတ်ဘူးလို့ သူမ ခန့်မှန်းမိသဖြင့် နောက်ထပ် မေးမြန်းဖို့ မကြိုးစားမိတော့ချေ။ သူ့ကို နှုတ်ဆက်ပြီးနောက် သူမသည် ရေဇလုံကို ကောက်ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်လေသည်။
သို့သော် ရှောင်းလိက သူမကို တားလိုက်သည်။ "ခဏလေး"
ဝိန်းယွီ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူက ချွတ်ထားသော အဝတ်အစားများထဲမှ ဆီစိမ်အဝတ်စဖြင့် ထုပ်ထားသော ပစ္စည်းတစ်ခုကို ယူရန် ကိုယ်ကိုကိုင်းနေသည်ကို မြင်လိုက်ရသည်။ ၎င်းကို ဖြည်လိုက်သောအခါ စာရင်းစာအုပ် တစ်အုပ် ပေါ်ထွက်လာ၏။
ရှောင်းလိသည် ထိုစာအုပ်ငယ်ကို သူမထံသို့ ကမ်းပေးလိုက်သည်။ "ဒီစာရင်းစာအုပ်ကို ကူးရေးပေးပါ။ မင်းကို ကျေးဇူးတင်စရာ တစ်ခု အကြွေးတင်သွားတာပေါ့"
ဝိန်းယွီသည် တုံ့ဆိုင်းစွာဖြင့် လက်ခံလိုက်သည်။ "ဒါက ဘာလဲ"
ရှောင်းလိက ပြန်ဖြေလိုက်သည်။ "ငါတို့ သူဌေးကို အကျပ်ကိုင်လို့ရမယ့် အရာပဲ"
ဝိန်းယွီသည် စာရင်းစာအုပ် မျက်နှာဖုံးပေါ်ရှိ စာလုံးများကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒီည ရှင် အပြင်ထွက်သွားတာ ဒီစာရင်းစာအုပ်အတွက်လား"
ရှောင်းလိက ပြန်မဖြေခဲ့သော်လည်း ငြင်းဆိုခြင်းလည်း မရှိခဲ့ချေ။
ဝိန်းယွီသည် သူမအနေဖြင့် နောက်ထပ် မစပ်စုသင့်ကြောင်း သိထားသော်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "လူသတ်မှုနဲ့ ပတ်သက်နေလို့လား"
ဒီတစ်ကြိမ်တွင်တော့ ရှောင်းလိက ခေါင်းခါပြလိုက်ပြီး သူ့မျက်နှာအမူအရာသည် မည်းမှောင်သွားကာ ပြောလိုက်သည်။ "ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး"
သူဌေးဟန်က သူ့ကို ဟူရှန်းပိုင်ကို သတ်ပြီး စာရင်းစာအုပ်ကို ပြန်ယူလာရန် အမိန့်ပေးခဲ့သော်လည်း ရှောင်းလိသည် သူဌေးဟန်၏ သတင်းအချက်အလက်များကို အခြေခံ၍ ထိုနေရာကို စောင့်ကြည့်ရန် သွားရောက်ခဲ့ချိန်တွင် ၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ဟူရှန်းပိုင်သည် စာရင်းစာအုပ်ကို ဟယ်မိသားစုထံသို့ ပေးအပ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ထိုနေရာတွင် သူ ပေါ်လာခြင်းက ငါးစာသဘောသာ ဖြစ်၏။
အစပိုင်းတွင် မသိခဲ့သော ရှောင်းလိသည် စာရင်းစာအုပ် ထားသည့်နေရာကို စစ်ကြောမေးမြန်းရန် ဟူရှန်းပိုင်ကို ဖမ်းဆီးခဲ့သည်။ သူ့အစီအစဉ်မှာ စာရင်းစာအုပ်ကို ရယူပြီး ထိုလူကို ဇာတိရွာသို့ ပြန်ခိုင်းလိုက်ကာ ယုံချန်တွင် နောက်ထပ် ဘယ်တော့မှ မပေါ်လာစေရန် ဖြစ်သည်။ မမျှော်လင့်ဘဲ ဟူရှန်းပိုင်က မိမိအသက်ကို ကယ်တင်ရန်အတွက် စာရင်းစာအုပ်မှာ သခင်ကြီးဟယ်၏ မြင်းလှည်းပေါ်တွင် ရှိနေပြီဖြစ်ကြောင်း ဖြောင့်ချက်ပေးခဲ့ပြီး သူ့ကိုယ်သူ ဟယ်မိသားစုက စွန့်ပစ်လိုက်သော နယ်ရုပ်တစ်ခုမျှသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လှည့်စားခံလိုက်ရကြောင်း သဘောပေါက်သွားသောအခါ ရှောင်းလိသည် ထိုလူကို ထားရစ်ခဲ့ပြီး ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော တူးမြောင်းဂိုဏ်းသားများ၏ အဝိုင်းခံလိုက်ရတော့သည်။
ဟန်မိသားစုနှင့် ဟယ်မိသားစုတို့သည် ကာလကြာရှည် ရန်ငြိုးများ ရှိခဲ့ကြပြီး သူတို့၏ လောင်းကစားရုံ ဝန်ထမ်းများသည် ပိုင်နက် အငြင်းပွားမှုများနှင့် ပတ်သက်၍ တူးမြောင်းဂိုဏ်းသားများနှင့် မကြာခဏ အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။
သူဌေးဟန်၏ စာရင်းစာအုပ်ကို ရရှိထားပြီးဖြစ်ရာ ဟယ်မိသားစုက သူဌေးဟန်သည် ၎င်းကို ပြန်လည်ရယူရန် သူ၏ အရည်အချင်းအရှိဆုံး လက်အောက်ငယ်သားကို စေလွှတ်လိမ့်မည်ဟု ခန့်မှန်းမိခဲ့သည်။ သူတို့သည် သူဌေးဟန်က စာရင်းစာအုပ်ကို ပြန်မရစေရန်သာမက သူ၏ အဓိက အရေးပါသူ တစ်ဦးကိုပါ ရှင်းလင်းပစ်ရန် မျှော်လင့်ချက်ဖြင့် ဤထောင်ချောက်ကို တမင်တကာ ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ရှောင်းလိသည် သူ၏ ကိုယ်ခံပညာ စွမ်းရည်များကို အားကိုးကာ ဒဏ်ရာများဖြင့် လွတ်မြောက်လာနိုင်ခဲ့သည်။ သို့သော် ဟူရှန်းပိုင်သည် တူးမြောင်းဂိုဏ်းသားများ၏ ဓားဖြင့် ထိုးသတ်ခြင်းကို ခံလိုက်ရပြီး သူတို့က ထိုလူသတ်မှုကို ရှောင်းလိအပေါ် ပုံချရန် ရည်ရွယ်ခဲ့ကြလေသည်။
သူသည် မျက်နှာဖုံး တပ်ဆင်ထားခဲ့သော်လည်း လက်ရှိတွင် မိမိသည် သူဌေးဟန်၏ လက်အောက်တွင် ထင်ရှားဆုံးနှင့် အယုံကြည်ရဆုံးသူ ဖြစ်ကြောင်း ရှောင်းလိ သိထားသည်။ ဟယ်မိသားစုက သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရလျှင်ပင် သူ့ကို ထောင်ထဲသို့ ပြန်ပို့ရန်အတွက် လူသတ်သမားအဖြစ် အခိုင်အမာ စွပ်စွဲကြလိမ့်မည်။
ဒီတစ်ကြိမ်တွင်တော့ ပြင်းထန်သော အလုပ်ကြမ်းဒဏ် မဟုတ်ဘဲ ချက်ချင်းပင် ကွပ်မျက်ခံရနိုင်သည်။
အကယ်၍ သူသာ စာရင်းစာအုပ်ကို ပြန်မယူနိုင်ခဲ့ပါက သူဌေးဟန်သည်—သူ၏ လျှို့ဝှက်ချက်များမှာလည်း ယခုအခါ ဟယ်မိသားစုထံသို့ ပေါက်ကြားသွားပြီဖြစ်ရာ— သူ့ကို သေချာပေါက် ကာကွယ်ပေးမည် မဟုတ်ချေ။
ထို့ကြောင့် သူဌေးဟန်နှင့် အပေးအယူလုပ်နိုင်စွမ်း ရှိစေရန်အတွက် သူသည် ဤအကျပ်ကိုင်နိုင်သော အရာကို ပြန်လည်ရယူခဲ့ရသည်။
လွတ်မြောက်လာပြီးနောက် ရှောင်းလိသည် သူ၏ ဒဏ်ရာများကို အမှုမထားဘဲ ဟယ်မိသားစု၏ မြင်းလှည်းကို နောက်ယောင်ခံ လိုက်ခဲ့သည်။ အခွင့်အရေးကို အသုံးချပြီး သူသည် မြင်းလှည်းမောင်းသူနှင့် အထဲရှိ သခင်ကြီးဟယ် နှစ်ဦးစလုံးကို သတိလစ်သွားအောင် ရိုက်နှက်ခဲ့ပြီး လျှို့ဝှက်အခန်းငယ် တစ်ခုထဲမှ စာရင်းစာအုပ်ကို ပြန်လည်ရယူကာ နှင်းများထဲမှ ပြန်လာခဲ့သည်။
သူဌေးဟန်၏ ကြိုတင်ခန့်မှန်းလို့ မရနိုင်သော စရိုက်ကို သိထားသဖြင့် ရှောင်းလိသည် သူ၏ အလုပ်ရှင်က မူရင်းစာအုပ်ကို ပြန်ရပြီးနောက်တွင် သူ့ကို သစ္စာဖောက်မှာ စိုးရိမ်သောကြောင့် အာမခံချက် တစ်ခုအနေဖြင့် စာရင်းစာအုပ်ကို ကူးရေးထားလိုခြင်း ဖြစ်တော့သည်။
...
အပိုင်း (၂၃.၂)
သူ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုတာကို ကြားရတော့ ဝိန်းယွီက ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။ "ဒေါ်ဒေါ်က ဒီရက်ပိုင်း ရှင့်ကို အရမ်းစိတ်ပူနေတာ"
ရှောင်းလိက ပြန်ပြောလိုက်၏။ "နောက်နောင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး"
သူက ထိုသို့ပြောလာသဖြင့် ဝိန်းယွီသည် နောက်ထပ် မေးခွန်းများ ဆက်မမေးတော့ချေ။ သူမသည် ယပ်တောင်ဒီဇိုင်းများ ဆွဲရန် ယခင်က ဝယ်ထားခဲ့သော စာရေးကိရိယာများကို ထုတ်ယူကာ စာရင်းစာအုပ်ကို စတင် ကူးယူရေးသားလေတော့သည်။
အခန်းထဲရှိ စားပွဲမှာ သေးငယ်လှသည်။ ဝိန်းယွီက စာကူးရေးရန် တစ်လုံးတည်းသော ကုလားထိုင်ကို ယူသုံးထားသဖြင့် ရှောင်းလိသည် ကုတင်စွန်းတွင်သာ ထိုင်နေရသည်။
ဤနေရာသည် သူ၏ ကိုယ်ပိုင်အခန်းဖြစ်ပြီး စောင်နှင့် အခင်းများပင်လျှင် သူ၏ အသုံးအဆောင်ဟောင်းများ ဖြစ်သော်ငြားလည်း ယခုအချိန်တွင် သူသည် အခြားသူတစ်ဦး၏ ကိုယ်ပိုင်အခန်းတွင်းသို့ ကျူးကျော်ဝင်ရောက်လာရသည့်နှယ် နေရာမှားနေသယောင် ခံစားနေရလေသည်။
ထိုရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်ထားရင်း ရှောင်းလိသည် ကုတင်တိုင်ကို မှီကာ စာရင်းများကို ကူးရေးနေသော ဝိန်းယွီ၏ ဘေးစောင်းမျက်နှာကို ငေးကြည့်နေမိ၏။ သူမ စုတ်တံကို ကိုင်ထားချိန်တိုင်း သူမ၏ ကျောပြင်သည် ကြံ့ခိုင်သော ဝါးပင်တစ်ပင်သည့်နှယ် အမြဲတမ်း မတ်မတ်ဖြောင့်တန်းနေသည်။ သူမ၏ ထူထဲနက်မှောင်သော မျက်တောင်များသည် တစ်ဝက်လောက် စင်းကျနေပြီး မျက်တောင်ဖျားလေးများသည် အလင်းရောင် စက်ဝန်းတစ်ခုကို ဖမ်းယူထားကာ ကျော့ရှင်းစွာ ကွေးညွတ်နေ၏။ ခပ်ရေးရေး မြင်နေရသော သူမ၏ မျက်ဝန်းအိမ်များသည် အရောင်တင်ထားသော ယွန်းတစ်ချပ်နှယ် ဖြစ်နေပြီး သူမ၏ ပြင်းထန်သော အာရုံစူးစိုက်မှုကြောင့် ထူးထူးခြားခြား အေးစက်ကာ သဲယောဇဉ်ကင်းမဲ့ပုံပေါ်သဖြင့် အခြားသူများက သူမကို နှောင့်ယှက်ရန် ဝန်လေးသွားစေသည်။
သူမ၏ နှာတံမှာ ကျော့ရှင်းစွာ ဖြောင့်တန်းနေပြီး မျက်နှာပေါ်ရှိ နုနယ်သော အမွေးအမျှင်လေးများကို ခပ်ရေးရေး မြင်တွေ့နေရသည်။ မီးရောင်အောက်တွင် ၎င်းတို့သည် နူးညံ့သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်သယောင် ရှိနေပြီး ခပ်ရေးရေး အဖုအပိမ့်ရာလေးများကိုပင် အသက်ဝင်ကာ ချစ်စရာကောင်းနေစေသည်။
ရှောင်းလိသည် သူမ၏ မျက်နှာကို နောက်တစ်ကြိမ် ငေးကြည့်ရင်း အတွေးလွန်နေမိကြောင်း သတိပြုမိသွားပြီး သူမ ရေးသားနေသော စာလုံးများဆီသို့ အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်၏။
သူသည် စာလုံးအနည်းငယ်ကိုသာ သိရှိပြီး တခါမှ အရေးမဖတ် မသင်ယူခဲ့ဖူးသော်လည်း အခြားသူများ၏ လက်ရေးလက်သား နမူနာများစွာကိုတော့ မြင်ဖူးခဲ့သည်။
ဝိန်းယွီ၏ လက်ရေးမှာ အမျိုးသမီးငယ် အများစု၏ လက်ရေးကဲ့သို့ သိမ်မွေ့ကျော့ရှင်းခြင်း မရှိချေ။ သူမ၏ အဖေသည် လက်ရေးဆက် ရေးဆွဲရသော လက်ရေးမူတွင် ထူးချွန်ပြီး သူမသည် အဖေဖြစ်သူထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူမ၏ အမေက မိန်းကလေးတစ်ဦးအနေဖြင့် ထိုကဲ့သို့ အရိုင်းဆန်ဆန် လက်ရေးမူဖြင့် ရေးသားခြင်းသည် မသင့်လျော်ဟု မှတ်ချက်ပြုကာ သိမ်မွေ့သော အက္ခရာအသေး လက်ရေးမူတွင် ကျွမ်းကျင်သည့် အမျိုးသမီး ဆရာမတစ်ဦးကို ရှာဖွေပေးခဲ့သည်။
သို့သော်လည်း ဝိန်းယွီ၏ စုတ်တံဟန်ချက်မှာ ပုံပေါ်နေပြီ ဖြစ်သည်။ သိမ်မွေ့သော လက်ရေးမူကို မရေမတွက်နိုင်အောင် ကူးရေးခဲ့ပြီးနောက်တွင်ပင် သူမ၏ ဆွဲချက်များသည် တင်းကျပ်သော ပုံမှန်အနေအထားသို့ မရောက်ရှိခဲ့ချေ။
သူမ၏ အဖေက အခြားသူများ၏ သိမ်မွေ့သော လက်ရေးသည် ဆံထိုးများပေါ်ရှိ ပန်းပုပန်းခက်များနှင့် တူသော်လည်း သူမ၏ လက်ရေးမှာ ဓားများကို ကိုင်ဆောင်ကာ လက်နက်များကို ဝှေ့ယမ်းနေခြင်းနှင့် ပိုတူကြောင်း တစ်ခါက နောက်ပြောင်ခဲ့ဖူးသည်။
ရှောင်းလိသည် ခဏလောက် စောင့်ကြည့်နေပြီးနောက် ရုတ်တရက် ပြောလိုက်၏။ "မင်းရဲ့ လက်ရေးက လှတာပဲ"
ဝိန်းယွီသည် စုတ်တံကို ရပ်တန့်လိုက်ပြီး သူမ၏ အစ်ကိုထံမှ စာလုံးအနည်းငယ်သာ သင်ယူခဲ့ရသည်ဟု အစောပိုင်းက လိမ်ညာခဲ့သည်ကို ပြန်လည်သတိရသွားကာ ပြန်ပြောလိုက်သည်။ "ကျွန်မက ပုံစံတွေကို ဒီအတိုင်း ကူးရေးနေရုံပါ။ ချီးကျူးစရာ ဘာမှမရှိပါဘူး"
ရှောင်းလိက ပြောလိုက်၏။ "ငါ့မှာ မျက်စိ ပါပါတယ်"
စကားဝိုင်းသည် ထိုနေရာတွင်ပင် ရုတ်တရက် အဆုံးသတ်သွားတော့သည်။
ဝိန်းယွီသည် နောက်ထပ် ပြန်မပြောတော့ဘဲ သူ၏ စာရင်းများကို တိတ်ဆိတ်စွာ ဆက်ပြီး ကူးရေးနေလိုက်သည်။
ရှောင်းလိသည် သူမ စာရေးနေသည်ကို အတန်ကြာ စောင့်ကြည့်နေပြီး သူမ၏ စုတ်တံကိုင်ထားသော လက်ပေါ်တွင် အကြည့်များ ရပ်တန့်သွားသည်။ မှိန်ပျပျ မီးရောင်အောက်တွင် လင်းထိန်နေသော သူမ၏ လက်ခုံသည် ဆင်စွယ်ရောင်ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကြောင်း သူ သတိပြုမိလိုက်၏။
သူမကို နောက်တစ်ကြိမ် စိုက်ကြည့်နေမိကြောင်း သတိပြုမိသွားသောအခါ သူသည် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး အကြည့်လွှဲရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မှင်သက်သွားတော့သည်။
တစ်ခုခုတော့ မှားနေပြီ! သူ့လက်ခုံပေါ်က အဖုအပိမ့်တွေ ဘယ်ရောက်သွားတာလဲ။
ရှောင်းလိသည် အခန်းထဲတွင် ရှိနေသေးသော ရေဇလုံကို စူးရှစွာ တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ကျန်ရှိနေသေးသော အဖုအပိမ့်ရာများဆီသို့ အကြည့်ပြန်ရောက်သွားကာ ရုတ်တရက် နားလည်သွားတော့သည်။
ဒါကြောင့် သူမက ရုတ်တရက်ကြီး ပါးနီဝယ်ချင်နေတာကိုး။ ဒါပေမယ့် သူ သုံးတာကိုတော့ ငါ သိပ်မတွေ့ရပါလား။
ရှောင်းလိသည် ရင်ဘတ်ထဲရှိ မွန်းကြပ်သော ခံစားချက်မှာ တဖြည်းဖြည်း ပြန်လည် မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး အလွန်အမင်း ဖိစီးလာသဖြင့် သူ၏ နှလုံးသားတစ်ခုလုံး နာကျင်စွာ ထုံကျင်သွားတော့သည်။
သူသည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။ "အားယွီ ဆိုတာ မင်းရဲ့ နာမည်အရင်းပဲလား"
ဝိန်းယွီသည် သူက ရုတ်တရက် သည်လိုမေးလာရသည့် အကြောင်းအရင်းကို မသိပေ။ ဤတစ်ကြိမ်တွင်တော့ သူမ၏ စုတ်တံသည် အချိန်အတော်ကြာ ရပ်တန့်သွားသဖြင့် မင်တစ်စက်သည် စာရွက်ပေါ်သို့ ကျကာ စွန်းထင်းသွားသည်။ သူမသည် စုတ်တံကို အလျင်အမြန် ချလိုက်ပြီး မင်များ စိမ့်မဝင်စေရန် စာရွက်ကို မ,တင်လိုက်၏။
ဖြစ်ချင်တော့ စားပွဲမှာ အလွန်သေးငယ်လွန်းသဖြင့် သူမသည် စာရင်းစာအုပ်ကို ကြမ်းပြင်ပေါ်သို့ မတော်တဆ တိုက်ချမိသွားတော့သည်။
ဝိန်းယွီက စာအုပ်ကို ကောက်ရန် ကိုင်းညွတ်လိုက်စဉ် ရှောင်းလိက အရင် ကောက်ယူလိုက်သည်။
သူက စာအုပ်ကျောကို ကိုင်ကာ မ,တင်လိုက်ရာ စာမျက်နှာများ ပွင့်သွားပြီး အထဲတွင် ညှပ်ထားသော တံဆိပ်ခတ်ထားသည့် စာအိတ်တစ်အိတ် လျှောကျလာသည်။
သူတို့နှစ်ဦးစလုံးသည် အံ့ဩစွာဖြင့် စိုက်ကြည့်နေမိကြသည်။
ဝိန်းယွီက ၎င်းကို ကောက်ယူလိုက်ပြီး စာအိတ်မှာ ပိတ်ထားသော်လည်း လိပ်မူထားသူ၏ နာမည်မပါကြောင်း သတိပြုမိလိုက်သည်။ ချိပ်တံဆိပ်ပေါ်တွင် ကိုယ်ပိုင်တံဆိပ်တုံး တစ်ခုကိုသာ ရိုက်နှိပ်ထား၏။
သူမသည် ၎င်းကို ရှောင်းလိထံသို့ ကမ်းပေးလိုက်ပြီး သူ၏ အစောပိုင်း မေးခွန်းမှ စကားလမ်းကြောင်း လွှဲကာ ပြောလိုက်သည်။ "ဒါက မဖွင့်ရသေးတဲ့ စာတစ်စောင်ပဲ။ ရှင့် သူဌေးပိုင်တာလား၊ တခြားလူပိုင်တာလားတော့ ကျွန်မ မသိဘူး"
ရှောင်းလိသည် စာကို လှမ်းမယူလိုက်ချေ။ မီးရောင်အောက်ရှိ သူ၏ မျက်လုံးများကို အကဲခတ်ရခက်နေသည်။ ခဏလောက် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ "အဲ့ဒါကို ဖွင့်ပြီး ငါ့ကို ဖတ်ပြ"
ဤစာရင်းစာအုပ်ကို ဟူရှန်းပိုင်က ဟယ်မိသားစုထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းအထဲတွင် သူ့သူဌေးထံမှ စာများ ပါဝင်နေပါက အစကတည်းက ဖွင့်ဖတ်ပြီး ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ဤစာသည် ဟူရှန်းပိုင်က ဟယ်မိသားစုထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်နိုင်သလို ဟယ်မိသားစုမှ ထိုလူအိုကြီးက ယနေ့ညတွင် အခြားနေရာမှ ရရှိခဲ့ပြီး စာရင်းစာအုပ်ထဲသို့ ဖြစ်သလို ညှပ်ထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ရှောင်းလိသည် ဒုတိယ ဖြစ်နိုင်ခြေကို ပိုယိမ်းယိုင်နေသည်။ မည်သို့ပင်ဆိုစေ ဟူရှန်းပိုင်သည် ထိုဟယ်မိသားစုမှ လူအိုကြီးနှင့် တွေ့ဆုံနိုင်နေပြီဆိုလျှင် သူ့ထံသို့ စာရေးရန် ဘာကြောင့် လိုအပ်ဦးမည်နည်း။
အကယ်၍ သည်စာထဲတွင် ဟယ်မိသားစုကို အကျပ်ကိုင်နိုင်မည့် အရာတစ်ခုခု ပါဝင်နေပါက သူသည် ရန်ငြိုးဟောင်းများကို အတိုးနှင့်တကွ ရှင်းလင်းနိုင်လိမ့်မည်။
ဝိန်းယွီသည် ချိပ်တံဆိပ်ကို ဖျက်ရန် ကတ်ကြေးကို အသုံးပြုလိုက်ပြီး အတွင်းမှ စာကို ထုတ်ယူကာ ဆီမီးခွက်အောက်တွင် ဖြန့်လိုက်၏။ သူမက အသံထွက် ဖတ်ပြရန် ပြင်လိုက်စဉ်မှာပင် သူမ၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာသည် သိသိသာသာ ဖြူရော်သွားတော့သည်။
သူမ၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားသဖြင့် ရှောင်းလိက အလျင်အမြန် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ စာထဲမှာ ဘာရေးထားလို့လဲ"
ဝိန်းယွီသည် စာထဲရှိ အကြောင်းအရာများကို ဂရုတစိုက် နှစ်ခေါက် ထပ်ဖတ်လိုက်ပြီး သဲလွန်စတစ်ခုခုကို ရှာဖွေနေသည့်နှယ် စာအိတ်ကို ကောက်ယူကာ စစ်ဆေးလိုက်သည်။ သို့သော် စာအိတ်ကို ကိုင်ထားသော လက်သည် ထိန်းမရအောင် တုန်ယင်နေ၏။
ရှောင်းလိသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ငြိမ်သွားစေရန် လက်ကောက်ဝတ် တစ်ဖက်ကို ဖမ်းဆုပ်လိုက်သောအခါ သူမ၏ အရေပြားမှာ ရေခဲကဲ့သို့ အေးစက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မှတ်ဉာဏ်ထဲတွင် သူမသည် ယခင်က သည်လောက်အထိ ထိတ်လန့်တကြား ဖြစ်ခဲ့ဖူးခြင်း မရှိချေ။ သူက ထပ်မေးလိုက်သည်။ "စာထဲမှာ တကယ်ပဲ ဘာတွေ ရေးထားတာလဲ"
ဝိန်းယွီက မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာတွင် သွေးရောင်မရှိဘဲ ပြန်မေးလိုက်သည်။ "ဟော်ခွန်း ဆိုတာ ဘယ်သူလဲ။ ရှင် ဒီစာကို ဘယ်ကနေ ရလာတာလဲ"
ရှောင်းလိ၏ ကြုတ်ထားသည့် မျက်မှောင်များက ပိုနက်ရှိုင်းသွားခဲ့၏။ "ဒီလောကကြီးထဲမှာ ဟော်ခွန်း ဆိုတဲ့ နာမည်နဲ့ လူတွေ မရေမတွက်နိုင်အောင် ရှိတယ်။ မင်းပြောတဲ့ တစ်ယောက်ကို ငါက ဘယ်လိုလုပ် သိမှာလဲ။ စာရော စာရင်းစာအုပ်ရော ဟယ်မိသားစုဆီကနေ ယူလာတာ..."
သူသည် စကားပြောနေရင်း တစ်ဝက်တွင် ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည်။ "ယုံချန်မြို့ရဲ့ ဒုတိယစစ်သူကြီး... နာမည်ကလည်း ဟော်ခွန်းပဲ။ ဟယ်မိသားစုက သူတို့ရဲ့ တူးမြောင်းသယ်ယူပို့ဆောင်ရေး စီးပွားရေးအတွက် သူ့ကျောထောက်နောက်ခံကို အားကိုးနေရတာ"
သူ့အကြည့်သည် ဝိန်းယွီ လက်ထဲက စာပေါ်သို့ ကျရောက်သွားပြီး သူ့အမူအရာသည် ချက်ချင်းပင် လေးနက်သွားတော့သည်။ "ဒီစာက ဟော်ခွန်းဆီကနေ ဟယ်မိသားစုဆီ ပို့တဲ့စာလား"
ဝိန်းယွီသည် ခေါင်းခါပြလိုက်သည်။ လက်ကောက်ဝတ် တစ်ဖက်ကို ရှောင်းလိက ဆုပ်ကိုင်ထားဆဲ ဖြစ်သဖြင့် သူမသည် ငြိမ်ငြိမ် ရပ်နိုင်ရန် စားပွဲကို အားပြုလိုက်ရသည်။
ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများ အားလုံးကို စဉ်းစားရင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရုန်းကန်ကာ သူမက ပြောလိုက်သည်။ "မြန်မြန် သွားပြီး ဒေါ်ဒေါ်နဲ့ တခြားလူတွေကို ဒီကို ခေါ်လာခဲ့။ ရှောင်အန်းကို ကျွန်မ နှိုးလိုက်မယ်။ သူတို့ကို ပုန်းနေဖို့ နေရာတစ်ခု အရင် ရှာပေးရမယ်..."
ရှောင်းလိသည် အခြေအနေ၏ ပြင်းထန်မှုကို ခံစားမိသော်လည်း သူမကို သည်လောက်အထိ တုန်လှုပ်သွားစေနိုင်သည့် အရာကို သူ စိတ်ကူးမကြည့်နိုင်သေးချေ။ "အဲ့ဒီစာထဲမှာ ဘာတွေ ရေးထားလဲဆိုတာ မင်း ငါ့ကို ပြောပြရမယ်။ ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ဖြစ် အကျိုးဆက်တွေကို ငါ့ဘာသာငါ ခံယူပါ့မယ်။ မင်းက ဘာလို့ ထိတ်လန့်နေရတာလဲ"
သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ဝိန်းယွီသည် သူမကိုယ်သူမ တည်ငြိမ်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူမ၏ အသံသည် တုန်ယင်နေဆဲပင်။ "ဟော်ခွန်းက သူပုန် ဖေစုန့်ရဲ့ နောက်လိုက်ပဲ။ ဒီစာက သူ့ဆီကနေ ဖေစုန့်ဆီကို ပို့တဲ့စာ။ ယုံချန်မြို့စားကို အကြိမ်ကြိမ် ဖျောင်းဖျပေမယ့် လက်နက်ချမယ့် အရိပ်အယောင် မပြဘူးတဲ့။ မြို့စားက အရည်အချင်း ကြီးမားပေမယ့် သူတို့ အရေးအတွက် အသုံးချလို့ မရနိုင်ဘူးတဲ့။ ဟော်ခွန်းက ဖေစုန့်ကို မြို့စားကို သတ်ပြီး သူ့နေရာကို ယူလိုက်ရမလား၊ ပြီးတော့ ယုံချန်ကလည်း ဖေမိသားစုဆီ အညံ့ခံလိုက်ပြီဆိုပြီး တစ်လောကလုံးကို ကြေညာလိုက်ရမလားလို့ မေးထားတာ!"
ရှောင်းလိသည် ဤသတင်းအချက်အလက်ကို စဉ်းစားနေဆဲ ဖြစ်သယောင် ခဏလောက် မှင်သက်သွားသည်။ "ဟော်ခွန်းက ပုန်ကန်ဖို့ စီစဉ်နေတာလား"
ဝိန်းယွီသည် ထိုအခိုက်အတန့်တွင် သူမ ခံစားနေရသော အကူအညီမဲ့မှုကို ဖော်ပြလို့ပင် မရနိုင်တော့ချေ။ "ယုံချန်က ဟော်ခွန်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသေးဘူးလေ။ ဒီလောက် အရေးကြီးတဲ့စာ ပျောက်သွားတာတောင်မှ သူက တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး ချက်ချင်း အသည်းအသန် ပုန်ကန်မှု မလုပ်ဘူးဆိုရင်တောင် စာကို ပြန်ရဖို့ အရာအားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပစ်လိမ့်မယ်"
"ဟယ်မိသားစုက ဟော်ခွန်းရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ တူးမြောင်းသယ်ယူပို့ဆောင်ရေး လုပ်နေတာဆိုတော့ သူ့အတွက် ဒီစာတွေကို အမြဲတမ်း လျှို့ဝှက် ပို့ဆောင်ပေးနေတာ ဖြစ်ရမယ်။ စာပျောက်သွားတာက သေဒဏ်ပေးခံရနိုင်တဲ့ အပြစ်ပဲ— သူတို့ ဖုံးကွယ်ထားရဲမှာ မဟုတ်ဘူး။ အခုချိန်ဆို သူတို့က စာပျောက်သွားတဲ့အကြောင်း ဟော်ခွန်းဆီ သတင်းပို့ပြီးလောက်ပြီ"
သူမသည် ရှောင်းလိကို ကြည့်လိုက်၏။ "စာက စာရင်းစာအုပ်ထဲမှာ ညှပ်ထားတာ။ စာရင်းစာအုပ်ကို ရှာတွေ့တဲ့သူက စာကိုလည်း တွေ့မှာပဲ။ ပြီးတော့ ရှင့် သူဌေးကလွဲရင် ဘယ်သူက ဒီစာရင်းစာအုပ်ကို ရဖို့ ဒီလောက်အထိ အားထုတ်မှာလဲ"
ဝိန်းယွီသည် ကျန်သည့်စကားများကို ဆက်မပြောတော့သော်လည်း ရှောင်းလိ၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ဤရှုပ်ထွေးမှုထဲတွင် ပါဝင်ပတ်သက်နေရသဖြင့် သူဌေးဟန်သည် သူ့ကိုယ်သူပင် ကယ်တင်နိုင်မည် မဟုတ်ချေ— သူ့ကိုယ်သူ ကယ်တင်ရန်အတွက် ရှောင်းလိအပေါ် အပြစ်ပုံချမည်မှာ ထင်ရှားနေသည်။
ရှောင်းလိသည် ဒဏ်ရာရထားသည့်ကြားမှ စာရင်းစာအုပ်ကို ပြန်ယူလာခဲ့စဉ်က ဤအကျပ်ကိုင်နိုင်သော အရာဖြင့် ဟယ်မိသားစုက သူ့အပေါ် မမှန်မကန် စွပ်စွဲထားသော လူသတ်မှု စွဲချက်ကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး တစ်နေ့နေ့တွင် အစ်ကိုစုန့်ကဲ့သို့ပင် လောင်းကစားရုံမှ ထွက်ခွာနိုင်ရန် မျှော်လင့်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။
သူသည် သူ၏ ခင်မင်ရသူ ဒေါ်ဒေါ်များကို ကျွေးဟုန်ဂေဟာမှ ခေါ်ထုတ်လာခဲ့ပြီး ဖြစ်သည်။ နောင်အနာဂတ်တွင် စီးပွားရေးအသေးစားလေး တစ်ခုဖြင့် သူတို့ကို အိုမင်းမစွမ်းဖြစ်ချိန်အထိ ထောက်ပံ့ပေးရန်နှင့် သူတို့၏ နာရေးကိစ္စများကို စီစဉ်ပေးရန် လုံလောက်လိမ့်မည်ဟု စဉ်းစားထား၏။
ရှောင်အန်း အနည်းငယ် ကြီးပြင်းလာပြီး အပြင်လောကက ကမောက်ကမဖြစ်မှုများ လျော့နည်းသွားချိန်တွင် သူသည် ထိုကလေးဆိုးကို နှစ်ပေါင်းများစွာ တောင့်တခဲ့ရသော မြို့တော်ဖြစ်သည့် လော့ယန်သို့ ခေါ်သွားပေးမည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာအားလုံးသည် ပူဖောင်းတစ်လုံးနှယ် ပျောက်ကွယ်သွားခဲ့လေပြီ။
ရှောင်းလိသည် ကံကြမ္မာ၏ ကစားခံရသယောင် ဖြစ်နေသော သူ့ဘဝကို ပြန်လည် တွေးတောမိပြီး ရုတ်တရက် အဓိပ္ပာယ်မဲ့သွားသလို ခံစားလိုက်ရသည်။
သူသည် ပိုမလုပ်ခဲ့မိခြင်းအတွက် နောင်တရမိသည်။ —ဟယ်မိသားစုရဲ့ သခင်ကြီးနဲ့ မြင်းလှည်းမောင်းသူကို သတိလစ်ရုံပဲ ဘာလို့ ရိုက်နှက်ခဲ့ရတာလဲ။
ဒါပေမယ့်... သူတို့ကို သတ်လိုက်တော့ကော ဘာထူးမှာမို့လို့လဲ
အကယ်၍ ဟယ်မိသားစု၏ သခင်ကြီး ပြန်ရောက်မလာပါက မိသားစုသည် သူ့ကို ရှာဖွေရန် အစေခံများကို မလွဲမသွေ စေလွှတ်လိမ့်မည်။ ယုံချန်မြို့က ဤမျှလောက်သာ ကျယ်ဝန်းသည်။ ညဘက် မြို့တံခါးများ ပိတ်လိုက်သည်နှင့် အရွယ်ရောက်ပြီးသော အမျိုးသား နှစ်ဦးနှင့် မြင်းလှည်းတစ်စီးသည် မည်သည့်နေရာတွင် ပုန်းအောင်းနိုင်ပါမည်နည်း။
ဖြစ်နိုင်သမျှ အဆိုးရွားဆုံး အကျိုးဆက်ကို သူ ကြိုတင် မြင်ယောင်ထားပြီးဖြစ်သောကြောင့် ဖြစ်မည်။ ရှောင်းလိသည် ထူးထူးခြားခြား တည်ငြိမ်မှုတစ်ခု လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။ ဝိန်းယွီ ဖွင့်ထားပြီးဖြစ်သော စာကို စိုက်ကြည့်ရင်း သူက ရယ်စရာမလိုလို မေးလိုက်သည်။ "ငါသာ ဒီစာကို နဂိုအတိုင်း ပြန်ပိတ်ပြီး ချိပ်တံဆိပ်ကို အရင်ပုံစံအတိုင်း ပြန်လုပ်လိုက်မယ်ဆိုရင် ဒါကို ပြန်ကယ်တင်လို့ ရနိုင်ဦးမလား"
ဝိန်းယွီသည် ခေါင်းခါပြလိုက်ပြီး သူမ၏ မျက်ဝန်းများတွင် အနီရောင်းများက ခပ်ရေးရေး ရောယှက်နေကာ သူ့ကို ကြည့်လိုက်လေသည်။ "ရှင် ဒီစာကို ဖတ်ခဲ့သည်ဖြစ်စေ၊ မဖတ်ခဲ့သည်ဖြစ်စေ ရှင့်လက်ထဲကို ရောက်သွားပြီဆိုတာနဲ့ သူတို့က သက်သေတွေကို အရှင်ထားရစ်ခဲ့မယ့်အစား မှားယွင်းပြီး သတ်ပစ်ဖို့ကိုသာ ရွေးချယ်လိမ့်မယ်"
ရှောင်းလိသည် ခဏမျှ စဉ်းစားနေသယောင် ရှိပြီးနောက် မတ်တတ်ရပ်ကာ သူ၏ အဝတ်အစားများကို ဆွဲဝတ်လိုက်သည်။ "ငါ့အမေနဲ့ ရှောင်အန်းကို ခေါ်ပြီး ပုန်းနေလိုက်ပါ။ ဒီစာကို ယူပြီး မြို့စားဆီ ငါ သွားလိုက်မယ်"
ဝိန်းယွီက သူ့ကို အော်ခေါ်ကာ လှမ်းတားလိုက်သည်။ "မဖြစ်ဘူး!"
ရှောင်းလိသည် သူမကို လှည့်ကြည့်လိုက်ပြီး သူမက ရှင်းပြလိုက်၏။ "အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက အဲ့ဒီမှာ ရှိနေတာ မှန်ပေမယ့် ဟော်ခွန်းက စာပျောက်သွားတယ်ဆိုတာကို သိတာနဲ့ သူ့ရဲ့ ပထမဆုံး လှုပ်ရှားမှုက ယုံချန်မြို့စားဆီ ဒီစာ ရောက်မသွားအောင် ကာကွယ်ဖို့ပဲ ဖြစ်လိမ့်မယ်”
"မြို့စားအိမ်တော်ကို သွားတဲ့ လမ်းတိုင်းမှာ ချုံခိုတိုက်ခိုက်ဖို့ သေချာပေါက် စောင့်နေလိမ့်မယ်။ ရှင်သာ မဆင်မခြင် သွားလိုက်ရင် အချည်းနှီး အသက်စွန့်ရရုံပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ ရှင်က တနည်းနည်းနဲ့ မြို့စားအိမ်တော်ကို ရောက်သွားခဲ့ရင်တောင်မှ ဟော်ခွန်းက ထွက်ပေါက်ပိတ်နေတဲ့ ခွေးရူးတစ်ကောင်လို အချိန်မတိုင်ခင် စစ်တပ်အာဏာသိမ်းမှုကို စတင်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီအခါကျရင် ကျွန်မတို့ လုပ်ခဲ့သမျှ အားလုံးက အလဟဿ ဖြစ်သွားလိမ့်မယ်။ ရှင့်ကိုယ်ရှင့်လည်း ကယ်တင်နိုင်မှာ မဟုတ်သလို... ဒေါ်ဒေါ်နဲ့ ရှောင်အန်းကိုလည်း ရှင် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
စကားအဆုံးတွင် ဝိန်းယွီ၏ အသံသည် အက်ကွဲနေလေပြီ။
ထိုအရာသည် သူမကိုယ်တိုင်လည်း မမြင်တွေ့လိုသော အကျိုးဆက်ပင် ဖြစ်သည်။ —ရှောင်းဟွေ့နျန်နှင့် ရှောင်အန်းတို့ ဘေးကင်းလုံခြုံစွာနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် သူမ မျှော်လင့်ထားခဲ့သည်။
ရှောင်းလိ၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးသည် ထွက်ပေါက်မရှိဘဲ ပိတ်မိနေသော သားရဲတစ်ကောင်နှယ် သူ ရပ်နေသည့် နေရာတွင်ပင် တောင့်တင်းသွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက နောက်ဆုံးတော့ စကားဆိုလိုက်သည်။ "ဒါဆို ငါ ဘာလုပ်နိုင်မှာလဲ"
ဟော်ခွန်းက မြို့တံခါးများကို ပိတ်ဆို့ထားလိမ့်မည်ဖြစ်သောကြောင့် သူက ရှောင်းဟွေ့နျန်နှင့် အခြားသူများကို ခေါ်ပြီး ပုန်းအောင်းနေလျှင်ပင် သူတို့ကို ရှာတွေ့သွားမည့်အချိန်က အနှေးနှင့် အမြန်သာ။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "အားယွီ... ငါ ဘာလုပ်ရမလဲဆိုတာ သင်ပေးပါ"
"ငါ့အမေနဲ့ တခြားလူတွေ ဘေးကင်းဖို့သာ အရေးကြီးပါတယ်"
ဝိန်းယွီ၏ နှလုံးသားသည် သူ၏ "အားယွီ" ဟူသော အခေါ်ကြောင့် နာကျင်သွားရသည်။
ရှောင်းမိသားစုအပေါ် တင်နေသော ကျေးဇူးကြွေးကို ဘေးဖယ်ထားလိုက်လျှင်ပင် ယုံချန်မြို့စားသည် တာ့လျန်အပေါ် သစ္စာရှိနေဆဲဖြစ်ကြောင်း သိထားသဖြင့် ဖုန်းယန် အတွက်သာဆိုလျှင်ပင် ယုံချန်ကို ဖေစုန့်၏ လက်ထဲသို့ ကျရောက်သွားရန် သူမ ခွင့်မပြုနိုင်ချေ။
စားပွဲပေါ်ရှိ တဖျပ်ဖျပ် လှုပ်ရှားနေသော ဆီမီးခွက်၏ မီးတောက်ကို စိုက်ကြည့်ရင်း သူမက ပြောလိုက်သည်။ "ကျွန်မတို့ လောင်းကြေးထပ်လို့ ရနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်"
...
လေပြင်းသည် နှင်းပွင့်ကြီးများကို ငန်းမွေးများနှယ် လွင့်ဝဲစေသည်။ ညဉ့်နက်သန်းခေါင်ယံတွင် ဖရိုဖရဲဖြစ်နေသော မြင်းခွာသံများသည် လမ်းမများနှင့် လမ်းကြားများ တစ်လျှောက် ပဲ့တင်ထပ်နေ၏။
သာမန် အိမ်ထောင်စုတိုင်းသည် တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြသည်။ ကလေးငယ်တစ်ဦး လန့်နိုးလာပြီး ငိုကြွေးပါက ထိုအသံကို အလျင်အမြန်ပင် အသံတိတ်သွားစေကြ၏။
မြင်းခွာသံများသည် ခမ်းနားကြီးကျယ်သော အိမ်တော်ကြီးတစ်ခု အပြင်ဘက်တွင် ရပ်တန့်သွားပြီး ခါးတွင် ဓားများ ချိတ်ဆွဲထားသော သံချပ်ကာဝတ် စစ်သည်များသည် တံခါးကြီးကို အကြမ်းပတမ်း စတင် ထုနှက်ကြလေတော့သည်။
"လာပါပြီ... လာပါပြီ..." တံခါးစောင့်သည် အဝတ်အစားများကို ကမန်းကတန်း ဆွဲဝတ်ကာ တံခါးမင်းတုပ်ကို ဖယ်ရှားရန် အပြေးအလွှား သွားလိုက်သော်လည်း တံခါးကြီးမှာ စစ်သည်များ၏ ကြမ်းတမ်းစွာ ကန်ဖွင့်ခြင်းကို ခံလိုက်ရသည်။
အပြင်ဘက်တွင် တောက်လောင်နေသော မီးတုတ်များနှင့် မည်းမှောင်နေသော စစ်တပ်ကြီးကို မြင်လိုက်ရသောအခါ တံခါးစောင့်သည် ထိတ်လန့်သွားပြီး အသံများ တုန်ယင်စွာဖြင့် မေးလိုက်သည်။ "လူကြီးမင်းတို့... ဘာ... ကျွန်တော့်ရဲ့ သခင်က ဘာအပြစ်များ ကျူးလွန်ထားလို့ပါလဲ"
တံခါးကို ကန်ဖွင့်ခဲ့သော စစ်သည်သည် ချက်ချင်းပင် ဓားကို ဆွဲထုတ်ကာ တံခါးစောင့်၏ ဗိုက်ကို ထိုးသွင်းလိုက်ပြီး အော်ဟစ်လိုက်သည်။ "ဟန်ထန်ကျုံးက လယ်ယာမြေတွေကို သိမ်းပိုက်တယ်၊ တောင်သူလယ်သမားတွေကို သေတဲ့အထိ တွန်းပို့တယ်၊ ပြီးတော့ တရားမဝင် လုပ်ငန်းတွေအတွက် မြို့ဝန်ကို လာဘ်ထိုးထားတယ်။ ဒီည သူ့ကို ဖမ်းဆီးဖို့ ငါတို့ ရောက်လာတာပဲ!"
သူ၏ နောက်ကွယ်ရှိ စစ်သည်များသည် ပုရွက်ဆိတ်မည်းများနှယ် အုပ်စုလိုက် ဝင်ရောက်လာကြသည်။ ဟန်အိမ်တော်အတွင်းရှိ မီးအိမ်များသည် တစ်လုံးပြီးတစ်လုံး လင်းထိန်လာ၏။ အဝတ်အစား သေချာ မဝတ်ဆင်ရသေးသော အစေခံမိန်းကလေးများနှင့် အစေခံများသည် ဤသံချပ်ကာဝတ်၊ ဓားကိုင်စစ်သည်များ၏ ကန်ကျောက်ခြင်းကို ခံရကာ ထိတ်လန့်တကြား အော်ဟစ်ငိုကြွေးနေကြလေတော့သည်။
ငွေရောင် သားမွေးဝတ်ရုံကို ခြုံထားသော သူဌေးဟန်သည် အိမ်မကြီး၏ တံခါးကို ဆွဲဖွင့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။ "ဒါက ဘာဖြစ်နေတာလဲ"
သူ့နောက်က နူးညံ့သော ပိုးသား ကုတင်ခန်းဆီးများ နောက်တွင် လက်မောင်းသားများ ပေါ်နေပြီး ပိုးချည်စောင်ကို ဆုပ်ကိုင်ကာ ကိုယ်ကို ဖုံးကွယ်ထားသော သူ၏ မယားငယ် ချောချောလှလှလေးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ချောင်းကြည့်နေလေသည်။
စစ်သည်များ၏ ခေါင်းဆောင်သည် သွေးစွန်းနေသော ဓားကို လက်တွင် ကိုင်ဆောင်ထားလျက် အိမ်မကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ လှောင်ပြောင်လိုက်လေသည်။ "မင်းရဲ့ ဇိမ်ကျကျ နေရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ ဟန်ထန်ကျုံး!"
...
အပိုင်း (၂၃.၃)
မျက်စိတစ်မှိတ်အတွင်းမှာပင် ပါးလွှာသော အတွင်းခံအင်္ကျီကိုသာ ဝတ်ဆင်ထားသည့် ဟန်ထန်ကျုံးသည် တင်းကျပ်စွာ ကြိုးတုပ်ခံရပြီး အိမ်တော်တံခါးအပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရလေသည်။
နှင်းခဲများ ဖုံးလွှမ်းနေသော ကျောက်ပြားလမ်းပေါ်တွင် ဖိအားဖြင့် ဒူးထောက်နေရသည်။ အေးစက်မှုသည် ပါးလွှာသော ပိုးသားကို ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ ဒူးခေါင်းရိုးများကို စူးရှသော နာကျင်မှုဖြင့် ထိုးဆွနေသည့်နှယ်။
သူသည် အားယူကာ ခေါင်းမော့လိုက်ပြီး မြင်းပေါ်ရှိ အမျိုးသားကို ကြည့်ရင်း ကွဲအက်နေသည့်အသံဖြင့် ပြောလိုက်သည်။ "ဟော်လူကြီးမင်း၊ ကျွန်တော်က ဒီလို ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ခံရလောက်အောင် ဘာအပြစ်များ ကျူးလွန်ထားလို့ပါလဲ"
အစေခံတစ်ဦးက စစ်မြင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ပေးလိုက်ပြီး ဟော်ခွန်းက သူ၏ ကျောကို နင်းကာ မြင်းပေါ်မှ ဆင်းလိုက်သည်။ သူသည် ဟန်ထန်ကျုံးအနီးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ကိုယ်ကို တစ်ဝက်ကိုင်းညွတ်ကာ မေးလိုက်၏။ "ငါ့ပစ္စည်း ဘယ်မှာလဲ"
အသက် ၃၀ကျော်အရွယ်၊ မုတ်ဆိတ်တိုတိုနှင့် စစ်တပ်နောက်ခံကြောင့် ပိန်သွယ်သော်လည်း ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသည့် ဟော်ခွန်း၏ သိမ်းငှက်ကဲ့သို့သော မျက်ဝန်းများသည် ရက်စက်ကြမ်းကြုတ်မှုများ လျှံကျမတတ် စူးရှစွာ စိုက်ကြည့်နေသည်။
ဟန်ထန်ကျုံးသည် တွေဝေထိတ်လန့်သွားပြီး မေးလိုက်သည်။ "ကျွန်တော့်ဆီမှာ လူကြီးမင်းရဲ့ ဘယ်ပစ္စည်း ရှိနေနိုင်မှာလဲ"
ဟော်ခွန်းက သူ့မျက်နှာကို ကျာပွတ်ဖြင့် ရိုက်ချလိုက်ပြီး အဆိပ်ပြင်းသော လေသံဖြင့် ပြောလိုက်သည်။ "ဟန်ဆောင်နေတုန်းလား။ ဟယ်မိသားစုဆီကနေ မင်း ပြန်ယူလာတဲ့ စာရင်းစာအုပ်ထဲမှာ ညှပ်ထားတဲ့ ပစ္စည်းလေ!"
စာရင်းစာအုပ်ကို ပြန်ယူခြင်းကဲ့သို့သော ဟယ်မိသားစုနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စတစ်ခုက ဟော်ခွန်းကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာစေလိမ့်မည်ဟု ဟန်ထန်ကျုံး လုံးဝ မတွေးထင်ထားခဲ့ချေ။ အထဲတွင် ညှပ်ထားသော ပစ္စည်းအကြောင်း ကြားလိုက်ရမှသာ အခြေအနေ၏ ပြင်းထန်မှုကို သူ သဘောပေါက်သွားတော့သည်။ သူ့မျက်နှာပေါ်တွင် ကျာပွတ်ရာ ထင်နေသော်လည်း အလျင်အမြန်ပင် တောင်းပန်လိုက်သည်။ "လူကြီးမင်း... နားလည်ပေးပါ။ စာရင်းစာအုပ်ကို သစ္စာဖောက်တစ်ယောက်က ခိုးပြီး ဟယ်မိသားစုဆီ ပို့ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်က ပြန်ယူဖို့ လူတစ်ယောက် လွှတ်လိုက်ရုံပါ။ ဒါပေမယ့် အဲ့ဒီလူက ကျွန်တော့်ဆီ ပြန်ပြီး သတင်းမပို့သေးပါဘူး။ အထဲက ပစ္စည်းအကြောင်းကို ကျွန်တော် ဘာမှ မသိပါဘူး!"
ဟော်ခွန်း၏ အမူအရာသည် ပိုမည်းမှောင်သွားသည်။ "မင်း ဘယ်သူ့ကို လွှတ်လိုက်တာလဲ"
"ရှောင်းလိ ကိုပါ!" ဟန်ထန်ကျုံးက အလျင်အမြန် အော်ပြောလိုက်သည်။ "တောင်ဘက် တတိယလမ်းကြားက ရှောင်းလိပါ။ သူက ဟယ်မိသားစုနဲ့ ရန်ငြိုးရှိတယ်။ တကယ်လို့ သူတို့ဆီမှာ သိမ်းထားတဲ့ သခင်ကြီးရဲ့ ပစ္စည်းတစ်ခုခု ပျောက်သွားတယ်ဆိုရင် သူက ကလဲ့စားချေဖို့ ယူသွားတာ သေချာပါတယ်!"
ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းရှင်းစေရန် ကြိုးစားနေသော ဟန်ထန်ကျုံး၏ ရည်ရွယ်ချက်များကို ဟော်ခွန်းက ရှင်းလင်းစွာ သိမြင်နေသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။ "ဟန်အိမ်တော်ကို ချိပ်ပိတ်လိုက်"
ထို့နောက် သူသည် မြင်းပေါ်သို့ ပြန်တက်ကာ တောင်ဘက် တတိယလမ်းကြားဆီသို့ မြင်းကို ဒုန်းစိုင်းနှင်သွားလေတော့သည်။
ဟန်ထန်ကျုံးသည် အစောင့်များ၏ အခြားမြင်းတစ်ကောင်ပေါ်သို့ ဆွဲတင်ခံရပြီး လမ်းညွှန်ပေးရန် အတူခေါ်ဆောင်သွားခံရသည်။
တောင်ဘက် တတိယလမ်းကြားသို့ ရောက်လာချိန်တွင် လေပြင်းများ တိုက်ခတ်နေသော ခရီးစဉ်အပြီးတွင် ပါးလွှာသော အဝတ်အစားဖြင့် တုန်ယင်နေသော ဟန်ထန်ကျုံး၏ မျက်နှာနှင့် လက်များသည် ပြာနှမ်းနေလေပြီ။ မြင်းပေါ်မှ ဆင်းလိုက်သောအခါ သူသည် ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မြင်းပေါ်မှနေ၍ ဟော်ခွန်းက အေးစက်စွာ မေးလိုက်၏။ "ရှောင်းမိသားစု အိမ်က ဘယ်အိမ်လဲ"
သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနေသော ပြင်းထန်လှသည့် အအေးဒဏ်ကို လျစ်လျူရှုကာ ဟန်ထန်ကျုံးသည် မီးတုတ်ရောင်အောက်တွင် မျက်လုံးများကို မှေးစင်းကာ ကြည့်လိုက်ပြီး တုန်ယင်နေသော လက်ညှိုးဖြင့် အစွန်ဆုံးအိမ်ကို ထိုးပြလိုက်သည်။ "အဲ့ဒီအိမ်ပါ"
စစ်သည်များသည် တံခါးကို ရိုက်ချိုးရန် ချက်ချင်း ပြေးသွားကြသည်။
ဟောင်းနွမ်းနေသော သစ်သားတံခါးသည် အင်အားကို မခံနိုင်သဖြင့် မကြာမီမှာပင် တံခါးမင်းတုပ် ကျိုးပဲ့သွားပြီး တံခါးရွက်များသည် နံရံကို ကျယ်လောင်သော အသံကြီးဖြင့် ရိုက်ခတ်သွားတော့သည်။
ခြံဝင်းငယ်လေးမှာ မှောင်မည်းနေပြီး အတွင်းရှိ အိမ်လေးမှာလည်း လုံးဝ တိတ်ဆိတ်နေ၏။ မီးတုတ်များ ကိုင်ဆောင်ထားသော စစ်သည်များသည် အတင်းဝင်ရောက်လာကြပြီး အိမ်မကြီး၏ တံခါးကို ကန်ဖွင့်လိုက်ကြသည်။
ဟော်ခွန်းသည် မြင်းပေါ်တွင် မျက်လုံးများကို မှိတ်ကာ စောင့်ဆိုင်းနေသည်။ ခဏအကြာတွင် ရှာဖွေရန် သွားခဲ့သော တပ်ကြပ်ကြီးသည် အပြေးအလွှား ထွက်လာပြီး သတင်းပို့လိုက်၏။ "စစ်သူကြီး၊ အထဲမှာ ဘယ်သူမှ မရှိပါဘူး!"
ဟော်ခွန်းသည် မျက်ခွံများကို ရုတ်တရက် ပင့်တင်လိုက်ပြီး သူ့အသံမှာ ရေခဲကဲ့သို့ အေးစက်စွာဖြင့် မေးလိုက်သည်။ "ထပ်ခိုးတွေ၊ မြေအောက်ခန်းတွေနဲ့ အဲ့ဒီလို နေရာမျိုးတွေ အကုန်လုံး ရှာပြီးပြီလား"
တပ်ဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ပုန်းလို့ရနိုင်တဲ့ နေရာမှန်သမျှ အကုန်ရှာပြီးပါပြီ!"
ဟော်ခွန်း၏ အေးစက်သော အကြည့်သည် အအေးဒဏ်ကြောင့် ထိန်းမရအောင် တုန်ယင်နေသော ဟန်ထန်ကျုံးဆီသို့ ဓားတစ်လက်နှယ် စူးရှစွာ ကျရောက်သွားသည်။
ရှောင်းလိ ယူသွားသော အရာသည် ဟော်ခွန်းကိုယ်တိုင် သန်းခေါင်ယံတွင် လာရောက်ရှာဖွေရလောက်အောင် အလွန်အရေးကြီးသော အရာဖြစ်ရမည်ကို ဟန်ထန်ကျုံး သိထားသည်။ ၎င်းကို စာရင်းစာအုပ်ထဲတွင် ဖုံးကွယ်ထားသဖြင့် စာများ ဖြစ်နိုင်ခြေ များသည်။ မိမိအသက်အန္တရာယ်ကို စိုးရိမ်သဖြင့် သူက အလျင်အမြန် ပြောလိုက်သည်။ "အဲ့ဒီ ရှောင်း ဆိုတဲ့ကောင်က စာမတတ်ဘူး! သူ နောက်ထပ် အိမ်တစ်လုံး ဝယ်ထားသေးတယ်။ ဒီည သူ ဒီမှာမရှိရင် သူ့ရဲ့ အိမ်သစ်မှာ သေချာပေါက် ရှိနေလိမ့်မယ်!"
ဟော်ခွန်းက မေးလိုက်၏။ "အဲ့ဒီ အိမ်သစ်က ဘယ်မှာလဲ"
ဟန်ထန်ကျုံး၏ ရင်ဘတ် တင်းကျပ်သွားသည်။ "အဲ့ဒါ... ကျွန်တော် မသိသေးပါဘူး"
ဟော်ခွန်းထံမှ ရုတ်တရက် ထွက်ပေါ်လာသော အေးစက်မှုကို ခံစားလိုက်ရသဖြင့် သူက ကမန်းကတန်း ထပ်ပြောလိုက်သည်။ "ဒါပေမယ့် သူ့ရဲ့ အိမ်နီးချင်းတွေကတော့ တစ်ခုခု သိမှာ သေချာပါတယ်!"
ဟော်ခွန်းက သူ့အစောင့်ကို အချက်ပြလိုက်ရာ အစောင့်က သဘောပေါက်သွားပြီး ရှောင်းလိအိမ်အနီးရှိ အိမ်တစ်အိမ်၏ တံခါးကို သွားခေါက်လေတော့သည်။
တံခါးလာဖွင့်သော အမျိုးသားသည် အမှောင်ထဲတွင် ရပ်နေသော လက်နက်ကိုင် စစ်သည်အုပ်ကြီးကို မြင်လိုက်ရသောအခါ လဲကျလုမတတ် ဖြစ်သွားသည်။ စစ်သည်များ မေးသမျှ မေးခွန်းတိုင်းကို သူ ဖြေကြားခဲ့ပြီး ရှောင်းလိ၏ အသစ်ဝယ်ထားသော အိမ်ကို လမ်းပြရန် ဆွဲခေါ်ခံရချိန်တွင် သူ၏ ခြေထောက်များသည် တုန်ယင်နေဆဲ ဖြစ်သည်။
အသစ်ဝယ်ထားသော အိမ်မှာ အခြားသူတစ်ဦးပိုင်ဆိုင်ခဲ့သော အိမ်ဟောင်းတစ်လုံး ဖြစ်သည်။ စစ်သည်များသည် တံခါးကို ရိုက်ချိုးကာ ကျိုင်းကောင်များနှယ် အုပ်စုလိုက် ဝင်ရောက်ရှာဖွေကြသည်။ အပြင်သို့ ပြန်ထွက်လာသောအခါ တစ်ယောက်က လက်နှစ်ဖက်ယှက်ကာ သတင်းပို့လိုက်၏။ "စစ်သူကြီး၊ အထဲမှာ ဘယ်သူမှ မရှိသေးပါဘူး!"
ဟော်ခွန်း၏ အမူအရာသည် ပိုပြီး မည်းမှောင်သွားသည်။ သူသည် အစောင့်တစ်ဦးကို လက်ယပ်ခေါ်ကာ နားထဲသို့ တိုးတိုးလေး အမိန့်ပေးလိုက်ရာ အစောင့်သည် မြင်းပေါ်တက်၍ အလျင်အမြန် ထွက်ခွာသွားသည်။
ထိုအခါမှသာ ဟော်ခွန်းသည် အအေးဒဏ်ကြောင့်ဖြစ်စေ၊ ကြောက်ရွံ့မှုကြောင့်ဖြစ်စေ တုန်ယင်နေသော ဟန်ထန်ကျုံးဘက်သို့ လှည့်ကာ သူ၏ခါးမှ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ "မင်းရဲ့လူက စာမတတ်ဘူးဆိုရင် ဘာလို့ သူ့မိသားစု တစ်ခုလုံးကို ခေါ်ပြီး ထွက်ပြေးရတာလဲ"
ခါးသီးလှသော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ကြီးမားသော ပိုးသားအတွင်းခံအဖြူကို ခြုံထားသည့် ဟန်ထန်ကျုံး၏ ပိန်ချုံးနေသော ခန္ဓာကိုယ်မှာ အရိုးစုတစ်ခုနှင့်သာ ပိုတူနေသယောင်။
သူသည် နောက်သို့ ဆုတ်သွားပြီး အသက်ကို ကယ်တင်ရန်အတွက် သူ၏ လက်ထဲတွင် ရှိသမျှ အပေးအယူ အရာအားလုံးကို ကမ်းလှမ်းလိုက်သည်။ "လူကြီးမင်း... လူကြီးမင်း၊ ကျွန်တော်လည်း ဟယ်မိသားစုလိုမျိုး လူကြီးမင်းကို အလုပ်အကျွေး ပြုနိုင်ပါတယ်။ ယုံချန်က ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကို လူကြီးမင်းကို ပေးအပ်နိုင်ပါတယ်။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်က လူကြီးမင်းရဲ့ သစ္စာရှိတဲ့ အစေခံဖြစ်လာပြီး နွားတစ်ကောင်၊ မြင်းတစ်ကောင်လို အလုပ်အကျွေး ပြုပါ့မယ်!"
ဟော်ခွန်းက လုံးဝ မတုန်လှုပ်ခဲ့ချေ။ သတ္တုသံတစ်ခုနှင့်အတူ သူသည် ဓားကို အပြည့်အဝ ဆွဲထုတ်လိုက်ပြီး ခုတ်ပိုင်းရန် မြှောက်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် အနောက်ဘက်မှ အလျင်စလို မြင်းခွာသံများ ထွက်ပေါ်လာသည်။ တပ်ကြပ်ကြီးတစ်ဦးသည် မြင်းကို ရပ်တန့်ကာ ဆင်းလိုက်ပြီး ဒူးတစ်ဖက်ထောက်၍ စာတစ်စောင်ကို ဆက်သလိုက်၏။ "စစ်သူကြီး! အမိန့်အတိုင်း လောင်းကစားရုံကို ချိပ်ပိတ်ဖို့ သွားတဲ့အခါ တံခါးမှာ ဒီစာကို တွယ်ထားတာ တွေ့ခဲ့ရပါတယ်!"
ဟော်ခွန်းသည် စာရွက်ကို ဖြန့်လိုက်သည်။ ဖတ်ပြီးနောက် သူ၏ အမူအရာသည် အနည်းငယ် ပြေလျော့သွား၏။ သူသည် စာကို ဟန်ထန်ကျုံးထံသို့ ပစ်ပေးလိုက်ပြီး တပ်ကြပ်ကြီးကို တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။ "ဟော်ဖုန်းကို သွားပြောလိုက်။ မြို့ထဲကို စစ်တပ်တွေ ချီတက်လာစရာ မလိုတော့ဘူးလို့။ သူတို့ကို စခန်းမှာပဲ အသင့်အနေအထားနဲ့ နေခိုင်းလိုက်ပါ"
တပ်ကြပ်ကြီးသည် လက်နှစ်ဖက်ကိုယှက်ကာ ဂါရဝပြုလိုက်ပြီး မြင်းပေါ်သို့ ပြန်တက်ပြီး ဒုန်းစိုင်း ထွက်ခွာသွားသည်။
မီးတုတ်ရောင်အောက်တွင် စာရွက်ပေါ်ရှိ စာလုံးများကို ဖတ်လိုက်ရသော ဟန်ထန်ကျုံးသည် အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။ အေးစက်သော လေသည် သူ၏ အဆုတ်များကို ထိုးဖောက်နေသော်လည်း သူသည် စိတ်သက်သာရာရသွားသဖြင့် ငိုမိတော့မလိုပင် ဖြစ်သွားတော့သည်။ စာကို လက်ညှိုးထိုးကာ သူက အော်ပြောလိုက်သည်။ "လူကြီးမင်း၊ အဲ့ဒီ ရှောင်းက ကျေးဇူးကန်းတဲ့ ကောင်ပါ! သူက စာရင်းစာအုပ်ကို ရသွားပြီး ကျွန်တော့်ဆီကနေ ငွေအများကြီး ခြိမ်းခြောက်တောင်းဖို့ အသုံးချနေတာပါ။ ဒါကြောင့် သူ့ရဲ့ အမေအိုကြီးနဲ့အတူ ပုန်းနေတာပါ!"
စာထဲတွင် ရှင်းလင်းစွာ ရေးသားထားသည်။ မနက် ၉ နာရီ ၄၅ မိနစ်မှာ အနောက်ဘက် မြို့တံခါးနားက မိုင်ငါးဆယ် ဇရပ်အပြင်ဘက်မှာ ငွေစက္ကူ လျန် ၅၀၀နဲ့အတူ မြင်းလှည်းတစ်စီးကို ပြင်ဆင်ထားပါ။ စာရင်းစာအုပ်ကို အကောင်းပကတိ ပြန်ပေးမယ်။
ဟော်ခွန်းသည် မြင်းကို လှည့်ရန် ဇက်ကြိုးကို ဆွဲလိုက်သည်။ ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီး သူက ပြောလိုက်၏။ "မြို့တံခါးတွေက ညနေ ၇ နာရီ ကတည်းက ပိတ်သွားတာ။ အဲ့ဒီ ခွေးမသားက အထဲမှာ ရှိနေသေးတာ သေချာတယ်။ မိုးလင်းလို့ တံခါးတွေ ဖွင့်ပြီးတာနဲ့ ပင်မတံခါးတွေ အကုန်လုံးကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ပြီး မြို့ထဲမှာ ဆက်ရှာကြ။ သူ့ကို ဖမ်းမိအောင် ဖမ်းရမယ်!"
သူ့အကြည့်သည် ဟန်ထန်ကျုံးပေါ်သို့ ကျရောက်သွားပြီး ကျာပွတ်ကို မြှောက်ကာ ချိန်ရွယ်လိုက်သည်။ "အဲ့ဒီ ခွေးမသားကို သိတဲ့ မင်းရဲ့လူတွေကို မြို့တံခါးတွေဆီ ခေါ်သွားပြီး လူခွဲခိုင်းလိုက်။ မနက် ၉ နာရီအထိ သူ ပေါ်မလာဘူးဆိုရင် သူ တောင်းဆိုထားတဲ့အတိုင်း မြင်းလှည်းတွေ၊ မြင်းတွေနဲ့ ငွေစက္ကူတွေကို ပြင်ဆင်ထားပြီး မြို့ပြင်မှာ ချုံခိုတိုက်ခိုက်ဖို့ အသင့်ပြင်ထား!"
ဟန်ထန်ကျုံးက တက်ကြွစွာ သဘောတူလိုက်သည်။ "ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ! အဲ့ဒီ ကျေးဇူးကန်းတဲ့ ကောင်ကို ဖမ်းမိတာနဲ့ အရာအားလုံးက လူကြီးမင်းရဲ့ သဘောအတိုင်းပါပဲ!"
သူ၏ မြောက်ပင့်စကားကို လျစ်လျူရှုကာ ဟော်ခွန်းသည် မြင်းကို ရှေ့သို့ နှင်သွားလိုက်ပြီး သူ့ကိုယ်ရံတော်များသည်လည်း အနီးကပ် လိုက်ပါသွားကြသည်။ သူသည် အသံကို နှိမ့်ကာ အမိန့်ပေးလိုက်၏။ "မြို့စားအိမ်တော်ကို သေချာ စောင့်ကြည့်ထား"
အစောင့်က ချက်ချင်း ပြန်ဖြေလိုက်သည်။ "အမိန့်အတိုင်း အဓိက လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ဆို့ဖို့ လူတွေ ချထားပြီးပါပြီ။ မြို့စားအိမ်တော်နားကို ကပ်လာတဲ့ မသင်္ကာစရာ လူမှန်သမျှကို တွေ့တာနဲ့ ချက်ချင်း ရှင်းလင်းပစ်ပါမယ်!"
ဟော်ခွန်းက ထပ်ပြောလိုက်သည်။ "မြို့စားအိမ်တော်က သိသွားပြီး ထွက်ပြေးတဲ့လူတွေကို လွတ်သွားခွင့် ပေးလိုက်ရင် ငါ့ဆီ ချက်ချင်း သတင်းပို့"
အစောင့်က အရိုအသေပေးကာ လက်ခံလိုက်သည်။
အဝေးမှနေ၍ ကြက်တွန်သံ တစ်သံက နံနက်ခင်းကို ကြိုဆိုလိုက်သည်။ ဟော်ခွန်းသည် မှောင်မည်းနေဆဲ ဖြစ်သော ကောင်းကင်ကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "အောင်မြင်တဲ့ နှစ်သစ်လေး ဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့"
—
သခင်မကြီးရွှီသည် နှစ်သစ်ကူး အကြိုညတွင် ညဉ့်နက်သည်အထိ နေခဲ့သဖြင့် ပုံမှန်ထက် နောက်ကျမှ နိုးလာခဲ့သည်။ သူမ၏ အစေခံမလေးက နံနက်ခင်း မျက်နှာသစ်ရန် ရေဇလုံကို ယူလာပေးစဉ် အိမ်တော်ထိန်းမက ဝင်လာပြီး ကြေညာလိုက်၏။ "သခင်မကြီး၊ ပန်းထိုးတဲ့သူ တစ်ယောက် ရောက်နေပါတယ်။ သူက ပြီးသွားတဲ့ ယပ်တောင်အဖုံးကို လာပို့တာလို့ ပြောပါတယ်"
သခင်မကြီးရွှီသည် မျက်နှာသစ်ပြီးနောက် မှန်ရှေ့တွင် မျက်နှာချေလိမ်းနေသည်။ ခဏလောက် ရပ်တန့်သွားပြီး သူမသည် ယပ်တောင်အဖုံးအတွက် ပန်းထိုးသမတစ်ဦးကို အပ်နှံထားခဲ့သည်ကို ပြန်လည်သတိရသွားသည်။ ရက်စွဲများကို တွက်ချက်ကြည့်ပြီးနောက် သူမက ပြောလိုက်၏။ "လကုန်ဖို့ ရက်အနည်းငယ် လိုသေးတယ် မဟုတ်ပါလား"
အိမ်တော်ထိန်းက ပြုံးလိုက်သည်။ "နှစ်သစ်ကူး ရောက်နေပြီလေ။ သူက ငွေကို စောစောရှင်းချင်လို့ ဖြစ်မှာပေါ့"
မျက်ခုံးတစ်ဖက်ကို ပြီးပြည့်စုံအောင် ဆွဲပြီးသော်လည်း အခြားတစ်ဖက်ကို အခက်အခဲ တွေ့နေသဖြင့် သခင်မကြီးရွှီသည် ၎င်းကို ပြန်ဆွဲရန် လက်ကိုင်ပဝါဖြင့် ဖျက်လိုက်ပြီး ထိုကိစ္စကို စိတ်ဝင်စားမှု လျော့ကျသွားသည်။ "အဲ့ဒီလိုဆိုရင်လည်း ယပ်တောင်မျက်နှာပြင်ကို ငါ့အတွက် စစ်ဆေးပေးလိုက်ပါ။ ဘာပြဿနာမှ မရှိဘူးဆိုရင် သူ့ကို ငွေပေးလိုက်ပါ"
အိမ်တော်ထိန်းက ပြောလိုက်သည်။ "ပန်းထိုးတဲ့သူက သခင်မကြီးကို တွေ့ချင်နေပါတယ်"
သခင်မကြီးရွှီသည် မျက်နှာချေလိမ်းနေသည်ကို ရပ်တန့်လိုက်ပြီး အိမ်တော်ထိန်းကို တစ်ချက် ကြည့်လိုက်သည်။ "သူက ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ"
အိမ်တော်ထိန်း၏ အပြုံးသည် ပိုထင်ရှားလာကာ "သူက နှစ်ဖက်လှ စူးကျိုးပန်းထိုးကို ထိုးထားတာပါ။ ဆုကြေးရဖို့ မျှော်လင့်နေတာ ဖြစ်မှာပေါ့"
နှစ်ဖက်လှ စူးကျိုးပန်းထိုး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သခင်မကြီးရွှီ၏ အမူအရာသည် အနည်းငယ် နူးညံ့သွားသော်လည်း သူမက သံသယဖြင့် မှတ်ချက်ချလိုက်ဆဲ။ "တစ်လတောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ နှစ်ဖက်လှ စူးကျိုးပန်းထိုးက ကြည့်လို့ရော ကောင်းပါ့မလား"
အိမ်တော်ထိန်းမက ရယ်မောလိုက်သည်။ "ကျွန်မ သခင်မကြီးအတွက် အရင် စစ်ဆေးကြည့်ပြီးပါပြီ။ အဲ့ဒီ ယပ်တောင်မျက်နှာပြင်ပေါ်က ပန်းထိုးလက်ရာနဲ့ အပ်ချုပ်ရာတွေက... လော့ယန်သာ ကမောက်ကမ မဖြစ်ခဲ့ဘူးဆိုရင် လော့ယန်က မှူးမတ်တွေရဲ့ အိမ်တော်တွေဆီတောင် ပို့လို့ရလောက်ပါတယ်"
အမှန်တကယ်ပင် အထင်ကြီးစရာကောင်းသည့် ချီးကျူးစကားပင်။
အမတ်မိသားစုမှ မွေးဖွားလာသော သခင်မကြီးရွှီသည် ဤအိမ်တော်ထိန်းကို သူမ၏ အပျိုဘဝအိမ်မှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး အတွေ့အကြုံရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ခဏလောက် စဉ်းစားပြီးနောက် သခင်မကြီးရွှီက ပြောလိုက်သည်။ "ဒါဆိုရင် သူ့ကို ဘေးဘက်ခန်းမဆီ ခေါ်သွားလိုက်ပါ။ ငါ အဝတ်အစား လဲပြီးရင် သူ့ဆီ လာခဲ့မယ်"
၁၅ မိနစ်ခန့် ကြာပြီးနောက် သခင်မကြီးရွှီသည် တချွင်ချွင် မြည်နေသော လက်ဝတ်ရတနာများ ဆင်ယင်ထားပြီး အစေခံမလေး၏ လက်မောင်းကို တွဲမှီကာ ဘေးဘက်ခန်းမသို့ ဝင်ရောက်လာသည်။ ကျောခိုင်း ရပ်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ နှင်းများ ဖုံးလွှမ်းနေသော ရေကန်ရှုခင်းကို ငေးကြည့်နေသည့် သွယ်လျလျ ပုံရိပ်ကို မြင်လိုက်ရသောအခါ သခင်မကြီးရွှီ၏ နှုတ်ခမ်းဖျားပေါက် စကားလုံးများ ရပ်တန့်သွားတော့သည်။
သူမသည် အလှအပများစွာ မြင်တွေ့ဖူးပြီဟု မိမိကိုယ်မိမိ ဂုဏ်ယူလေ့ရှိတတသည်။ သို့သော် ဤလူသည် သူမ၏ ကျောပြင်ပုံရိပ်လေးနှင့်ပင် ပန်းချီကားတစ်ချပ်ထဲသို့ ရောနှောဝင်ရောက်သွားသယောင် ရှိနေပြီး အပြင်ဘက်ရှိ ဆောင်းရာသီ ရှုခင်းကို လုံးဝ ဖုံးလွှမ်းသွားစေသည်။
ဝိန်းယွီက လှည့်ကာ "သခင်မကြီးရွှီ" ဟု နှုတ်ဆက်လိုက်သောအခါမှသာ သူမသည် နစ်မြောနေသည့်အတွေးမှ သတိပြန်ဝင်လာတော့သည်။
တစ်ဖက်လူသည် မျက်နှာဖုံးကို တပ်ဆင်ထားဆဲ ဖြစ်ပြီး သူမ၏ မျက်ဝန်းများသည် ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ သို့သော် မိမိ၏ ကိုယ်ပိုင်အိမ်တွင်ပင် သခင်မကြီးရွှီသည် သူမကိုယ်တိုင်က ဧည့်သည်တစ်ဦး ဖြစ်နေသယောင် စိတ်ကူးယဉ်မှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ရှင်းပြ၍မရနိုင်သော ဤခံစားချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားကာ သူမသည် အစေခံများ ဝန်းရံလျက် ထိုင်လိုက်ပြီးနောက်မှ အိမ်ရှင်တစ်ဦး၏ အမူအရာကို မနည်း ဖန်တီးလိုက်သည်။ "မင်းက နှစ်ဖက်လှ စူးကျိုးပန်းထိုးကို ထိုးထားတယ်လို့ ကြားတယ်။ ငါ့ကို ပြပါဦး" သူမက ပြောလိုက်သည်။
သို့သော် ပြတင်းပေါက်နားတွင် ရပ်နေသောသူက ပြန်ဖြေလိုက်သည်။ "ဒီနေ့ ကျွန်မ လာခဲ့တာက သခင်မကြီးနဲ့ နောက်ထပ် စီးပွားရေး ကိစ္စတစ်ခု ဆွေးနွေးဖို့ပါ"
ရေကန်မှ လေပြေများနှင့်အတူ သယ်ဆောင်လာသော သူမ၏ အသံသည် တံစက်မြိတ်မှ အရည်ပျော်ကျလာသော ရေခဲချောင်းများက ကျောက်စိမ်းအုတ်ကြွပ်များပေါ်သို့ ကျဆင်းသွားသည့်နှယ် ကြည်လင်ပြတ်သားနေသည်။
သခင်မကြီးရွှီသည် လက်ဖက်ရည်ပန်းကန် အဖုံးဖြင့် အမြှုပ်များကို ဖယ်ရှားလိုက်ပြီး ရယ်မောလိုက်သည်။ "ဒီနှစ်သစ်ကူးရဲ့ ပထမဆုံးနေ့မှာ ငါ့အိမ်တော်က တော်တော်လေး အလုပ်ရှုပ်နေသေးတယ်။ မင်းက ရေရှည် စီးပွားရေးအကြောင်း ဆွေးနွေးချင်တယ်ဆိုရင် နောက်နေ့မှ လာခဲ့ပါ"
သူမသည် စကားပြောနေရင်း ဧည့်သည်ကို အပြင်သို့ လိုက်ပို့ရန် လက်အောက်ငယ်သားများကို အချက်ပြလိုက်သည်။
သို့သော် ဝိန်းယွီက ပြောလိုက်သည်။ "ယုံချန်က ဟန်မိသားစုရဲ့ စီးပွားရေးကို လွှဲပြောင်းယူဖို့ သခင်မကြီး စိတ်ဝင်စားပါသလား"
လက်ဖက်ရည် အမြှုပ်များကို ဖယ်ရှားနေသော သခင်မကြီးရွှီ၏ လက်သည် ရပ်တန့်သွားသည်။ သူမသည် မော့ကြည့်လိုက်ပြီး ဝိန်းယွီကို အကဲဖြတ်လိုက်၏။ "မင်းရဲ့ စကားတွေက တော်တော် ရဲတင်းလှချည်လား မိန်းကလေး"
ဝိန်းယွီသည် စာရင်းစာအုပ် တစ်ဝက်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။ "ဒီစာရင်းစာအုပ်လေးနဲ့တင် သခင်မကြီးက ဟန်မိသားစုဆီကနေ အကျိုးအမြတ်များတဲ့ တစ်စိတ်တစ်ပိုင်းကို လုယူနိုင်နေပါပြီ။ သခင်မကြီးက ကျွန်မနဲ့ ဒီစီးပွားရေးကို လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကိစ္စပြီးပြတ်သွားတဲ့အခါ စာရင်းစာအုပ်ရဲ့ ကျန်တဲ့တစ်ဝက်ကို ကျွန်မ ပေးပါ့မယ်"
အရိပ်အကဲကို နားလည်သွားသဖြင့် လက်အောက်ငယ်သားတစ်ဦးသည် စာရင်းစာအုပ်ကို သခင်မကြီးရွှီထံသို့ ယူဆောင်သွားသည်။ စာမျက်နှာ အနည်းငယ်ကိုသာ လှန်ကြည့်ပြီးနောက် သူမ၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။
သူမသည် စာရင်းစာအုပ်ကို ပိတ်ကာ စားပွဲပေါ်တွင် ဖိထားလိုက်ပြီး ဝိန်းယွီကို မေးလိုက်သည်။ "မင်းက ဘာတောင်းဆိုချင်တာလဲ"
ဝိန်းယွီ၏ တည်ငြိမ်သော အကြည့်အောက်တွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသယောင် ရှိနေပြီး သူမက ပြောလိုက်သည်။ "သခင်မကြီးက ကျွန်မကို မြို့စားအိမ်တော်ဆီ နှစ်သစ်ကူး နှုတ်ဆက်ဖို့ ခေါ်သွားပေးဖို့ တောင်းဆိုချင်ပါတယ်"
...