အခန်း ၂၄
Vol. 3 Ch. 24
အပိုင်း (၂၄.၁)
နှစ်သစ်ကူး ပထမဆုံးနေ့တွင် လမ်းမများကို မီးပုံးများ၊ အလှဆင်ပစ္စည်းများဖြင့် တန်ဆာဆင်ထားလေသည်။ အိမ်တိုင်း၏ တံခါးများပေါ်တွင်လည်း နှစ်သစ်ကူး အဆောင်လက်ဖွဲ့ အသစ်များကို ကပ်ထားကြ၏။
နံနက်ခင်း ဈေးတန်းလမ်းမကြီးသည် အရင်ကလိုပင် စည်ကားနေပြီး ပေါက်စီ၊ ကောက်ညှင်းပေါင်းနှင့် ဖက်ထုပ် ရောင်းချသော ဈေးသည်များထံမှ အငွေ့များ ထောင်းထောင်းထနေသည်။ အလုပ်မရှိ အားနေသူများနှင့် ဆွေမျိုးမိတ်ဆွေများထံ အလည်အပတ်သွားသူများသည် လမ်းတစ်လျှောက်တွင် မနက်စာ ဝယ်ယူနေကြသည်ကို မကြာခဏဆိုသလို မြင်တွေ့နိုင်၏။
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝါးခမောက် ဆောင်းထားသော လူငယ်တစ်ဦးသည် ပေါက်စီဆိုင်ရှေ့တွင် ရပ်လိုက်ပြီး ခပ်အုပ်အုပ်လေသံဖြင့် ပြောလိုက်သည်။
"ဦးလေး၊ ပေါက်စီ နှစ်ပေါင်းလောက် ပေးပါ"
"ရပါပြီဗျာ!" ပေါက်စီသည်က အသံကြားရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုလူငယ်သည် ခမောက်ကို အလွန်နိမ့်နေအောင် ဆောင်းထားရုံသာမက အေးစက်သော လေဒဏ်ကို ကာကွယ်ရန် မျက်နှာတစ်ဝက်ကိုလည်း အဝတ်ဖြင့် ဖုံးကွယ်ထားသည်ကို သူ သတိပြုမိလိုက်၏။
သို့သော်လည်း ပြင်းထန်သော ဆောင်းရာသီတွင် အနွေးထည်များကို လုံခြုံအောင် ဝတ်ဆင်ထားခြင်းက ထူးဆန်းသည့်ကိစ္စ မဟုတ်သဖြင့် ဈေးသည်က သိပ်ဂရုမစိုက်တော့ချေ။ ပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အဖြူရောင် ရေနွေးငွေ့များ လှိုက်ထွက်လာသည်။ သူသည် အသားမာတက်နေသော လက်များဖြင့် ပူလောင်နေသော ပေါက်စီများကို ကျွမ်းကျင်စွာ ယူလိုက်ပြီး ဆီစိမ်စက္ကူအိတ်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်၏။
ရုတ်တရက် လမ်း၏ အခြားတစ်ဖက်မှ မြင်းခွာသံများ ပဲ့တင်ထွက်ပေါ်လာသည်။ စစ်သည် လေးငါးယောက်ခန့် မြင်းစီးကာ ဖြတ်ပြေးသွားသဖြင့် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ခရီးသွားများမှာ အလျင်စလို လူစုကွဲသွားကြတော့သည်။ ထိုလူငယ်သည်လည်း ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး သူ့ခမောက်ကို ပိုနိမ့်သွားအောင် ဆွဲချလိုက်၏။
စစ်သည်များ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားပြီးနောက် မြင်းများကြောင့် လွင့်စင်လာသော ရွှံ့များ လမ်းမထက်တွင် ပေကျံကျန်ရစ်ခဲ့သည်။ ထို့ကြောင့် မကျေမနပ်ဖြစ်နေသော လူအုပ်ကြီးဆီမှ ညည်းညူသံများ ထွက်ပေါ်လာတော့သည်။
ပေါက်စီသည်က ညည်းတွားလိုက်သည်။ "နှစ်သစ်ကူး အချိန်ကြီးကို အာဏာပိုင်တွေက ဘာလို့ အနားမယူကြတာလဲ"
ရင်းနှီးနေသော နံနက်စာ ဈေးသည်တစ်ဦးက ဝင်ပြောလိုက်သည်။
"မနေ့ညက လူတစ်ယောက် အသတ်ခံလိုက်ရတယ်လို့ ကြားတယ်။ လူသတ်သမားက တောင်ဘက် တတိယလမ်းကြားက ငွေမက်ပြီး လူသတ်ခဲ့တဲ့ လူဆိုးတစ်ယောက်တဲ့။ အာဏာပိုင်တွေက သူ့ကို နေရာအနှံ့ လိုက်ရှာနေကြတာလေ"
ပေါက်စီသည်က ရွံရှာစွာဖြင့် တံတွေးထွေးလိုက်ပြီး ပြောသည်။
"နှစ်သစ်ကူးရက်ကြီးမှာ လူ့အသက်ကို သတ်ရတယ်လို့။ အဲ့ဒီလူဆိုးက လိပ်ပြာမလုံဘူးလား"
ထိုသို့ပြောရင်း သူသည် ထုပ်ပိုးထားသော ပေါက်စီများကို ဘေးနားရှိ လူငယ်ထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် လက်ကို အဝတ်ဖြင့် သုတ်ရင်း ပြောလိုက်၏။
" ၂၀ဝမ် ပါ"
ထိုလူငယ်သည် သူတို့၏ စကားဝိုင်းကို လုံးဝ စိတ်မဝင်စားသယောင်ပင်။ ပေါက်စီများကို ယူပြီးနောက် စားပွဲပေါ်တွင် ကြေးပြားတစ်တွဲကို ချထားခဲ့ကာ လှည့်ထွက်သွားတော့၏။
ပေါက်စီသည်က ငွေကို ရေတွက်ကြည့်လိုက်သည်။ ဝမ်၂၀ တိတိ၊ အပိုအလို မရှိချေ။
သူသည် လူငယ် ထွက်သွားသော ဘက်သို့ လည်ပင်းကို ဆန့်ကာ ကြည့်လိုက်၏။ သို့သော် လမ်းမပေါ်တွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး ထိုလူငယ်မှာ မျက်စိအောက်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုလူငယ်သည် မြို့၏ အနေအထားကို ရင်းနှီးကျွမ်းဝင်နေဟန်တူ၏။ တိတ်ဆိတ်ကာ လူရှင်းသည့် လမ်းကြားများကို တမင် ရွေးချယ်သွားလာသည်။ သူ့ကို မသင်္ကာဖြစ်ပြီး နောက်ယောင်ခံလိုက်ရန် ကြိုးစားသော လမ်းသရဲများနှင့် ဆုံတွေ့တိုင်း ဝင်္ကပါကဲ့သို့ ရှုပ်ထွေးသော်လည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသော လမ်းကြားများထဲသို့ အကြိမ်အနည်းငယ် ခပ်မြန်မြန် ကွေ့ဝင်သွားရုံဖြင့် သူတို့ကို မျက်ခြေဖြတ်နိုင်ခဲ့သည်။
ကာလကြာရှည်စွာ စွန့်ပစ်ခံထားရသော အိမ်တစ်လုံးသို့ ရောက်ရှိလာသောအခါ သူသည် နောက်ယောင်ခံလိုက်သူ မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားတော့၏။
ဟော်ရှောင်အန်းသည် အသံကြားသောအခါ ကျိုးပဲ့နေသော ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ပြီး သူ့ကို ဆီးကြိုရန် အလျင်အမြန် ထွက်လာခဲ့သည်။ "အစ်ကို(၂)!"
ရှောင်းလိသည် ခမောက်ကို ချွတ်လိုက်သည်။ ဖြူဖျော့နေသော်လည်း ချောမောသော အသွင်အပြင်များ ရှိနေဆဲဖြစ်သည့် မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ သူက ပေါက်စီများကို ဟော်ရှောင်အန်းဆီသို့ ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါတွေကို ငါ့အမေနဲ့ တခြားလူတွေကို ဝေကျွေးလိုက်ပါ"
အိမ်ကြီးမှာ လုံးဝကို ပျက်စီးယိုယွင်းနေသည်။ ခေါင်မိုးထုပ်တန်းတစ်ခုမှာ ကျိုးကျနေပြီး လူမနေသည်မှာ ကြာပြီဖြစ်သော သက်ငယ်မိုး ခေါင်မိုးတွင် အပေါက်ကြီးများ ရှိနေ၏။ ထိုအပေါက်များမှတစ်ဆင့် ကောင်းကင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး အေးစက်သော လေများကလည်း တဖြူးဖြူး ဝင်ရောက်လာသည်။ အတွင်းဘက်မှာ အပြင်ဘက်ထက် ပိုနွေးမနေချေ။
ဤနေရာမှာ ဟော်ရှောင်အန်းမိသားစု၏ စွန့်ပစ်ခံ အိမ်ကြီးပင် ဖြစ်သည်။
ခေါင်ဖျားသော နေရာတွင် တည်ရှိပြီး ကာလကြာရှည်စွာ ပစ်ပယ်ထားခံရသော ဤအိမ်ကြီးကို သူ့မိသားစုများ ကွယ်လွန်သွားပြီးနောက် အမှတ်တရအနေဖြင့် ချန်ထားခဲ့ခြင်း ဖြစ်သည်။ ရောင်းချလိုက်ပါကလည်း ငွေအနည်းငယ်သာ ရရှိမည် ဖြစ်သောကြောင့်ပင်။
အသက်ဝင်မှုကို ထိန်းသိမ်းရန် နေထိုင်သူ မရှိသည့်အတွက် နှစ်ကာလများကြာလာသည်နှင့်အမျှ ဘေးခန်းများရှိ နံရံတချို့မှာ ပြိုကျနေခဲ့လေပြီ။ ခြံဝင်းနှင့် ခေါင်မိုးများတွင်လည်း ပေါင်းပင်များ ဖုံးလွှမ်းနေ၏။ သူတောင်းစားများပင်လျှင် ဤနေရာကို ပုန်းအောင်းရာအဖြစ် အသုံးပြုရန် ရှောင်ကြဉ်ကြသည်။
အပြင်ဘက်မှ ကြည့်လျှင် ဤအိမ်ကြီးက မည်သူ့ကိုမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း ထင်ရှားနေသည်။
မနေ့ညက အိပ်ရာမှ နိုးလာကတည်းက ဟော်ရှောင်အန်း၏ နှလုံးသားမှာ မတည်မငြိမ် ဖြစ်နေခဲ့သည်။ ပေါက်စီကို ယူရင်း သူက မေးလိုက်သည်။
"အစ်ကို(၂)ကရော"
ရှောင်းလိသည် သူ့ဝါးခမောက်ကို ပြန်ပြင်လိုက်ပြီး ပြောလိုက်သည်။ "ငါ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်"
ရုတ်တရက် အခန်းတွင်းရှိ ကောက်ရိုးခြောက်များဖြင့် ဖုံးအုပ်ထားသော မြေအောက်ခန်း တံခါးကို အောက်ဘက်မှ တွန်းဖွင့်လာသည်။ ရှောင်းဟွေ့နျန်သည် မြေအောက်ခန်း အပေါက်ဝမှ တစ်ဝက်ခန့် ထွက်လာပြီး နီရဲနေသော မျက်လုံးများဖြင့် လှမ်းခေါ်လိုက်၏။ "ဟွမ်အာ!"
ရှောင်းလိ၏ ရင်ထဲတွင် စူးခနဲ နာကျင်သွားတော့သည်။ ခေါင်းကို မော့လိုက်ပြီး အပြုံးတစ်ခုကို အတင်းဖန်တီးကာ ပုံမှန်လို ဟန်ဆောင်ရင်း သူမကို ခေါ်လိုက်၏။ "အမေ"
ရှောင်းဟွေ့နျန်သည် ရှိုက်သံဖြင့် မေးလိုက်၏။ "မင်း ဘယ်သွားမလို့လဲ။ အားယွီရော ဘယ်မှာလဲ။ မင်း ဘာပြဿနာတွေ ကြုံနေရတာလဲ။ တကယ်လို့ အရင်က ငွေကိစ္စကြောင့်ဆိုရင် ငါတို့ အိမ်ကို ပေါင်လို့ရပါတယ်။ နှစ်တွေအကြာကြီး မင်းအတွက် ဖယ်ထားပေးတဲ့ စုဆောင်းငွေတွေနဲ့ ပေါင်းပြီး ငါတို့ တတ်နိုင်သလောက် အရင် ဆပ်လို့ရပါတယ်"
သူ၏ မွေးစားမိခင်များကလည်း ဘေးမှနေ၍ ချောင်းကြည့်ကာ ဝင်ပြောကြသည်။
"ဟုတ်တယ် ဟွမ်အာ။ ငါတို့လည်း ကိုယ်ပိုင်ငွေတချို့ စုထားတာ ရှိတယ်။ ငါတို့ကို ရွေးဖို့ မင်း သုံးခဲ့တဲ့ ငွေလောက်တော့ မများပေမယ့် အရေးပေါ် အခြေအနေမှာတော့ အထောက်အကူ ဖြစ်မှာပါ။ မင်း ဘယ်လို ပြဿနာပဲ ကြုံရကြုံရ ငါတို့ အတူတူ ရင်ဆိုင်ကြမယ်လေ။ ငါတို့ ကျော်ဖြတ်လို့ မရနိုင်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး!"
ထိုစကားများကို ကြားသောအခါ ဟော်ရှောင်အန်း၏ ရင်ထဲတွင် မြိုသိပ်ထားသော ခံစားချက်များ ပေါက်ကွဲထွက်လာတော့သည်။ သူ၏ မျက်လုံးများကို အင်္ကျီလက်ဖြင့် သုတ်ရင်း ကြေညာလိုက်သည်။
"ဟုတ်တယ်! ကျွန်တော်လည်း ငွေစုထားတာ ရှိတယ်။ ကျွန်တော့်ငွေက အစ်ကို(၂)ရဲ့ ငွေပဲ။ အစ်ကို လိုအပ်တယ်ဆိုရင် အခုပဲ သွားယူပေးပါ့မယ်"
ရှောင်းလိသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာအမူအရာကို ဖုံးကွယ်ပေးထားသော ကျယ်ပြန့်သည့် ခမောက်အစွန်းကိုပင် ကျေးဇူးတင်မိ၏။ ခဏအကြာတွင် သူသည် သူ့ထုံးစံအတိုင်း လူမိုက်ဆန်ဆန် အပြုံးမျိုးဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဒါက ငွေကြေးကိစ္စ မဟုတ်ပါဘူး။ အားယွီလည်း အဆင်ပြေပါတယ်။ စိတ်မပူကြပါနဲ့။ ဒီည ပြီးတာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်"
သူသည် ရှောင်းဟွေ့နျန်ကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ "အမေ၊ ပေါက်စီတွေက အမေ အကြိုက်ဆုံး ဝက်သားနှပ် အစာသွတ်ထားတာ။ ပူတုန်းလေး စားလိုက်ပါဦး"
ထိုသို့ပြောပြီးနောက် သူသည် ခမောက်ကို သေချာအောင် ပြန်ဆောင်းလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
ရှောင်းဟွေ့နျန်၏ စိုးရိမ်ပူပန်မှုများက ပြင်းထန်လာသည်။ ထွက်ခွာသွားသော သူ့ကျောပြင်ကို ကြည့်ကာ မျက်ရည်များ စီးကျရင်း သူမက လှမ်းခေါ်လိုက်၏။
"ဟွမ်အာ!"
သည်တစ်ကြိမ်တွင်တော့ ရှောင်းလိသည် နောက်သို့ လှည့်မကြည့်တော့ချေ။
ဟော်ရှောင်အန်းသည် သူ့ကို ခြံတံခါးဝအထိ လိုက်ပို့ပေးပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေလျက် တိုးတိုးလေး ပြောလိုက်၏။
"အစ်ကို(၂)..."
ရှောင်းလိသည် ခြေလှမ်းကို ရပ်လိုက်သည်။ သူ၏ ထုံးစံအတိုင်း ခေါင်းကို ပုတ်ပေးရန် လက်ကို မြှောက်လိုက်သော်လည်း လေထဲတွင်ပင် တုံ့ဆိုင်းသွားပြီး ထိုအစား သူ့ပခုံးကိုသာ ဆုပ်ကိုင်လိုက်၏။
"ငါ့ကိုယ်စား အမေ့ကို ဂရုစိုက်ပေးပါ" သူက ပြောလိုက်သည်။
ဟော်ရှောင်အန်းသည် ဤကိစ္စက သခင်ကြီးအတွက် သူ လက်ခံခဲ့သော ကိုယ်ပိုင်အလုပ်နှင့် သက်ဆိုင်နေမည်ဟု ဝိုးတဝါး သံသယဝင်နေမိသည်။ သူ၏ မျက်လုံးများကို အနေခက်စွာ သုတ်ရင်း ကတိပေးလိုက်သည်။
"အစ်ကိုနဲ့ အစ်မအားယွီ နှစ်ယောက်လုံး ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ရမယ်နော်"
ရှောင်းလိသည် တစ်ရှိုက်စာခန့် တိတ်ဆိတ်သွားပြီးနောက် သူ့ပခုံးကို နောက်တစ်ကြိမ် ပုတ်လိုက်ကာ "သေချာတာပေါ့"
သူသည် တံခါးကို ပိတ်လိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။ မီးခိုးရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသော ကောင်းကင်ကြီးဆီသို့ အကြည့်ကို မော့လိုက်၏။ တဝေါဝေါမြည်နေသော အေးစက်သည့် လေပြင်းများသည် သူ့မျက်လုံးထဲမှ အမှောင်ထုကို ရက်စက်စွာ ဆွဲဖြဲနေသယောင်။
လမ်းခွဲစဉ်က ဝိန်းယွီ၏ စကားများ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
"ဟော်ခွန်းက အုပ်ချုပ်ရေးမှူးရဲ့ အိမ်တော်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတာ။ သာမန်လူတွေက အနားကို ကပ်နိုင်မှာ မဟုတ်ဘူး။ ဟန်မိသားစုနဲ့ ဟယ်မိသားစုတို့ကြားက ရန်ငြိုးနဲ့ဆိုရင် ရွှီမိသားစုက သူတို့ရဲ့ ပဋိပက္ခကနေ အမြတ်ထုတ်ဖို့ ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ ဟော်ခွန်းရဲ့ အစောင့်အကြပ်တွေကို ကျော်ဖြတ်ပြီး အုပ်ချုပ်ရေးမှူး အိမ်တော်ကို ဒီကိစ္စ သွားတိုင်ဖို့ ရွှီမိသားစုက ကျွန်မကို ခေါ်သွားအောင် စာရင်းစာအုပ် တစ်ဝက်ကို ငါးစာအနေနဲ့ အသုံးချရမယ်"
"ဒါပေမယ့် အုပ်ချုပ်ရေးမှူးက တပ်တွေကို မလွှတ်ခင် ရှင်က ဟော်ခွန်းကို အချိန်ဆွဲထားရမယ်။ စာရင်းစာအုပ်နဲ့ စာတွေက ရှင့်ဆီမှာ ရှိနေသေးတယ်လို့ သူ ယုံကြည်အောင် လုပ်ရမယ်။ မဟုတ်ရင် ကျွန်မတို့ရဲ့ ကြိုးစားမှုတွေ အားလုံးက အလကား ဖြစ်သွားလိမ့်မယ်"
ဖြတ်သန်းခဲ့သောလမ်းနှင့် လျှောက်ရမည့် ရှေ့ခရီး နှစ်ခုစလုံးသည် အားပြင်းပြင်း တိုက်ခတ်နေသော လေပြင်းနှင့် နှင်းများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
စောင်းကာ ကျဆင်းလာသော နှင်းပွင့်များသည် ရှောင်းလိ၏ မျက်နှာပေါ်တွင် စိုစွတ်သော ခြေရာများ ချန်ရစ်ခဲ့၏။ သူသည် မာဖလာကို ပိုမြင့်အောင် ဆွဲတင်လိုက်ပြီး မျက်နှာတစ်ဝက်ကို ဖုံးကွယ်လိုက်သည်။ ထို့နောက် ထင်းပုံထဲမှ ဝှက်ထားသော ပုဆိန်ကို ထုတ်ယူကာ ပရမ်းပတာ တိုက်ခတ်နေသော နှင်းမုန်တိုင်းထဲသို့ တစ်ကိုယ်တည်း ခြေလှမ်းလိုက်တော့သည်။
"သောက်ကျိုးနည်း! အဲ့ဒီ ခွေးမသားရှောင်းက သူ့ရဲ့ ရောဂါသည် အမေအိုကြီးနဲ့အတူ ဘယ်နား သွားပုန်းနေတာလဲ"
လောင်းကစားရုံမှ လူမိုက်တချို့သည် မနေ့ညကတည်းက မြို့အနှံ့ ရှာဖွေမှုတွင် အရာရှိများနောက်သို့ လိုက်ပါခဲ့ရပြီး ယခုအချိန်တွင် လုံးဝ ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့သည် မြို့အနောက်ဘက်ရှိ နံနက်ခင်း ဈေးတန်း၏ လမ်းထောင့်တစ်ခုတွင် စက်ဝိုင်းပုံ ဝိုင်းဖွဲ့ထိုင်ကာ အသစ်ဝယ်လာသော ပေါင်မုန့်ပြားများကို စားသောက်နေကြသည်။
လူမိုက်တစ်ယောက်သည် အနီးအနားတွင် မတ်တတ်ရပ်ကာ နံနက်စာစားနေသော အရာရှိအဖွဲ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ညည်းတွားလိုက်သည်။
"ဒါ ဘယ်လို ကျိန်စာသင့်နေတဲ့ နှစ်သစ်ကူးကြီးလဲ။ ပထမဆုံးရက်မှာတင် ဒီအရာရှိတွေရဲ့ အခိုင်းအစေခံရပြီး နေရာအနှံ့ ပြေးလွှားနေရတယ်။ ပြီးတော့ ကိုယ့်မနက်စာကို ကိုယ့်ဘာသာ ပိုက်ဆံရှင်းရသေးတယ်!"
နောက်လူမိုက်တစ်ယောက်ကလည်း ထိုနည်းတူ မကျေမနပ်ဖြစ်စွာ လှမ်းကြည့်လိုက်သည်။
"လောင်းကစားရုံက ချိတ်ပိတ်ခံထားရပြီလေ။ ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ"
သူတို့ကို အရာရှိများက သံသယရှိသူများကို ခွဲခြားပေးရန် တာဝန်ပေးထားပြီး အခြားအပေါင်းအပါများကိုတော့ မြို့တံခါးကြီး လေးခုတွင် စောင့်ကြည့်ရန် အမိန့်ပေးထားသည်။ မြို့ပြင်ထွက်သူတိုင်းကို စစ်ဆေးရပြီး ရှောင်းလိသို့မဟုတ် သူ၏အမေနှင့် မတူသူများကိုသာ ဖြတ်သန်းခွင့် ပြုထား၏။
လူငယ်ပိုင်း လူမိုက်တစ်ယောက်က သူ့ပေါင်မုန့်ပြားကို ကိုက်ရင်း ညည်းတွားလိုက်သည်။
"အစ်ကိုရှောင်းက ဟူရှန်းပိုင်ကို သတ်လိုက်တော့ကော ဘာဖြစ်လဲ။ သခင်ကြီးကပဲ ခိုင်းတာ နေမှာပေါ့။ အခု ငါတို့က ဘာလို့ သူ့ကို ဖမ်းဖို့ အာဏာပိုင်တွေကို ကူညီပေးနေရတာလဲ"
သူ့ဘေးရှိ လူက အရာရှိများဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို ပုတ်ကာ လေသံဖြင့် ပြောတော့သည်။
"သူ့ကို 'အစ်ကိုရှောင်း' လို့ ခေါ်နေတုန်းပဲလား။ မင်း ခေါင်း ပြတ်ချင်နေတာလား။ မင်းက ဟော်ရှောင်အန်းနဲ့ ရင်းနှီးရုံနဲ့ သူက မင်းရဲ့ အစ်ကို ဖြစ်လာမယ်လို့ မတွေးနဲ့!"
ထိုလူငယ် လူမိုက်သည် ခေါင်းကို အုပ်ကာ တိတ်ဆိတ်သွားတော့သည်။
အစောပိုင်းက စကားပြောခဲ့သူသည် နောက်သို့ တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် အဖွဲ့ကို အနားသို့ တိုးလာရန် လက်ဟန်ပြလိုက်သည်။
"အရာရှိတွေက စာရင်းစာအုပ် တစ်အုပ်အကြောင်း ပြောနေတာ ငါ ကြားလိုက်တယ်။ သခင်ကြီးရဲ့ မှတ်တမ်းတွေက ရှောင်းလိဆီမှာ ရှိနေသေးတာ ဖြစ်မယ်။ အာဏာပိုင်တွေက ဒီအခွင့်အရေးကို သုံးပြီး သခင်ကြီး အပေါ်မှာ တစ်ခုခု အပြစ်ပုံချချင်နေတာ။ ဒါကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ရှောင်းလိကို စတေးလိုက်တာပဲ"
ထိုစကားက လူမိုက်များ၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေသည်။
လမ်းတစ်ဖက်တွင် အရာရှိများသည် ထမင်းစားပြီးသွားသည့်နောက် ဝိုင်းဖွဲ့နေသော အဖွဲ့ကို လှမ်းအော်လိုက်သည်။
"ပျင်းမနေကြနဲ့! အလုပ်ပြန်လုပ်ကြစမ်း!"
သတင်းပေးသူသည် ပေါင်မုန့်ပြားကို အလျင်အမြန် စားသောက်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
"ကဲ... အနည်းဆုံးတော့ ငါတို့ ရှာဖို့ကျန်တာ မြို့အနောက်ဘက်က သူတောင်းစားရပ်ကွက်ထဲက ဒီလမ်းကြားဟောင်းတွေပဲ ရှိတော့တယ်။ ဒီနေ့ တံခါးပေါက် အားလုံးကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတော့ ရှောင်းသားအမိက ဒီမှာပဲ ပုန်းနေမှာ သေချာတယ်။ သူတို့က ကောင်းကင်ကို ပျံတက်သွားလို့မှ မရတာ၊ မြေအောက်လှိုဏ်ခေါင်း တူးသွားလို့မှ မရတာပဲ"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။
မြင်းပေါ်မှ အရာရှိတစ်ဦးက မြင်းကို ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်သည်ကို လူမိုက်များက မော့ကြည့်လိုက်သည်။
"ထွက်ပြေးနေတဲ့ သူတွေက တောင်ဘက် တံခါးပေါက်မှာ ရှိနေတယ်။ သူတို့ကို အမြန် ဝိုင်းထားလိုက်ကြ!"
ရှာဖွေနေသော အရာရှိများသည် ချက်ချင်းဆိုသလို သူတို့၏ ဓားများကို ဆွဲယူကာ တောင်ဘက် တံခါးပေါက်ဆီသို့ အပြေးအလွှား သွားကြတော့သည်။
လူမိုက်များမှာ ကျောက်ရုပ်ကဲ့သို့ ရပ်တန့်သွားကြပြီး သူတို့ထဲမှ တစ်ယောက်က ရှေ့ကလမ်းကြားဟောင်းများကို လှည့်ကြည့်ကာ ညည်းတွားလိုက်သည်။
"ငါတို့ ဒီနေရာကို ရှာတော့မယ့် အချိန်ကျမှ ရှောင်းသားအမိက ဘယ်လိုလုပ်ပြီး ဟိုမှာ သွားပေါ်နေရတာလဲ"
လမ်းကြားမှာ ကျဉ်းမြောင်းလှပြီး အရည်ပျော်နေသော နှင်းများသည် စုပုံနေသော အမှိုက်သရိုက်များနှင့် ရောနှောသွားကာ ခြေထောက်အောက်တွင် ချက်ချင်းပင် ရွှံ့နွံများ ဖြစ်ပေါ်သွားသည်။
တံစက်မြိတ်အစွန်းများမှ တွဲလောင်းကျနေသော ရေခဲများသည် ရေစက်ကလေးများအဖြစ် တစ်စက်ချင်းစီ ကျဆင်းနေပြီး နံနက်ခင်း၏ မှိန်ဖျော့ဖျော့ အလင်းရောင်များကို ရောင်ပြန်ဟပ်နေလေသည်။
အောက်ဘက်တွင်တော့ ကျဉ်းမြောင်းသော နေရာလေးအတွင်း တိုက်ခိုက်နေသူများ၏ လုံးထွေးနေသော အရိပ်များသည် အချင်းချင်း ရင်ဆိုင် တိုက်ခိုက်နေကြ၏။
အရာရှိများသည် ထွက်ပေါက်မရှိသော လမ်းကြားထဲသို့ အဆုံးအစမရှိ ဝင်ရောက်လာသယောင် ရှိနေပြီး မြေပြင်ပေါ်တွင်လည်း အလောင်းများ ပြန့်ကျဲလို့နေ၏။
ရှောင်းလိသည် သူ့ခေါင်းဆီသို့ လွှဲချလာသော ဓားရှည်တစ်လက်ကို ရှောင်တိမ်းလိုက်ပြီး တိုက်ခိုက်သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ လိမ်ချိုးလိုက်သည်။ ထိုလူက အော်ဟစ်လိုက်စဉ် ရှောင်းလိသည် သူ့လည်ပင်းကို ဓားမရိုးဖြင့် ရိုက်ချလိုက်ရာ ထိုသူမှာ ရှေ့သို့ ယိမ်းယိုင်သွားပြီး လမ်းကြားထဲသို့ ပြေးဝင်လာသော အခြားသူများနှင့် ဝင်တိုက်မိသွားတော့သည်။
သွေးစွန်းနေသော ဓားမကို ဆုပ်ကိုင်ရင်း ရှောင်းလိသည် အသက်ကို ဖမ်းရှူလိုက်ပြီး ဓားရိုးနှင့် သူ့လက်ကို ချည်နှောင်ထားသော အဝတ်စကို ပိုတင်းနေအောင် ဆုပ်ထားလိုက်၏။
အရာရှိများသည် ရှောင်းဟွေ့နျန် ပုန်းအောင်းနေသော မြို့အနောက်ဘက်ရှိ လမ်းကြားဟောင်းများသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရှောင်းလိသည် သူတို့အား တွေ့ရှိသွားမည့် အန္တရာယ်ကို မစွန့်စားနိုင်သဖြင့် လိုက်လံဖမ်းဆီးသူများ အားလုံးကို အာရုံလွှဲရန် တောင်ဘက် ဂိတ်ပေါက်တွင် လူလုံးထွက်ပြရတော့သည်။
သူ၏ ရက်စက်ကြမ်းတမ်းသော မျက်လုံးများသည် ရှေ့သို့ တိုးလာသော စစ်သည်များကို စိုက်ကြည့်နေပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
"ဟန်ထန်ကျုံးက ငါ့ကို အဲ့ဒီလူတွေကို သတ်ပြီး စာရင်းစာအုပ်ကို ယူခိုင်းခဲ့တာ။ ငါက သူ့ဆီကနေ နှုတ်ပိတ်ခပဲ တောင်းခဲ့တာလေ။ နာကြည်းစရာတိုင်းမှာ အကြောင်းရင်း ရှိတယ်၊ အကြွေးတိုင်းမှာ မြီစား ရှိတယ်။ အရာရှိမင်းတို့... ခင်ဗျားတို့က ဟန်ထန်ကျုံးကို ဖမ်းသင့်တာ မဟုတ်ဘူးလား"
ဘယ်သူမှ ပြန်မဖြေကြချေ။
လမ်းကြားဝင်ပေါက်ကို ပိတ်ဆို့ထားသော စစ်သည်များသည် သူ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ခဲ့ရပြီးနောက် မဆင်မခြင် ရှေ့သို့ မတိုးရဲကြတော့ချေ။ ထိုအစား သူတို့သည် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ချောင်ပိတ်ဖမ်းသော မုဆိုးများနှယ် သူ့ကို ထိုင်းထားလိုက်ကြပြီး သူ့ခွန်အားများ ကုန်ခန်းသွားစေရန် ကြိုးစားနေကြသည်။
ရေခဲချောင်းပေါ်ရှိ ရေစက်ကလေး အောက်သို့ ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် လမ်းကြားအတွင်းရှိ စစ်သည်များသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ဓားများကို မြှောက်ကာ ရှောင်းလိထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာကြတော့သည်။
ပါးလွှာပြီး ထက်မြက်လှသော ဓားသည် ရေစက်ကလေးကို ဖြတ်တောက်သွားပြီး ၎င်း၏ အေးစက်သော ဓားသွားသည် သူ့မျက်နှာဆီသို့ ချက်ချင်း နီးကပ်လာ၏။ ရှောင်းလိသည် သူ၏ ထင်းခွဲပုဆိန်ကို မြှောက်ကာ ကာကွယ်လိုက်သည်တွင် သတ္တုနှစ်ခု ထိခိုက်မိသံက စူးရှစွာ ထွက်ပေါ်လာတော့၏။
သူ၏ လက်မောင်းခွန်အားမှာ အံ့မခန်းပင်။ သည်လောက် ပင်ပန်းနွမ်းနယ်နေသည့် အချိန်မှာပင် သူသည် အခြားလက်တစ်ဖက်ဖြင့် ဓား၏ ကျောဘက်ကို ဖိချနိုင်ခဲ့ပြီး ဟိန်းဟောက်ကာ တိုက်ခိုက်လာသော အရာရှိကို ခြေလှမ်းအနည်းငယ် ဆုတ်သွားစေရန် တွန်းထုတ်လိုက်၏။ ထို့နောက် ခြေကန်ချက်တစ်ချက်ဖြင့် ထိုလူကို မိလ္လာများ ပြည့်နေသော မြောင်းထဲသို့ ကန်ထုတ်လိုက်တော့သည်။ သွေးများ စွန်းထင်းနေသော သူ့နဖူးကို မော့လိုက်ပြီး သူ့လမ်းကို ပိတ်ဆို့ထားသော စစ်သည်များကို ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်၏။
"လာခဲ့စမ်း!"
သူသည် တကယ့်ကို တောရိုင်း ဝံပုလွေတစ်ကောင်နှင့် ဆင်တူနေတော့သည်။
...
အပိုင်း (၂၄.၂)
လမ်းကြားအပြင်ဘက်တွင်။
သတင်းစောင့်ဆိုင်းနေသော ဟော်မိသားစု အစောင့်တစ်ဦးသည် လမ်းကြားထဲမှ နောက်ထပ်စစ်သည်တစ်ဦးကို ထမ်းထုတ်လာသည်ကို ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားလိုက်ရလေသည်။ သူက မေးလိုက်၏။
"သူ့ကို မဖမ်းမိသေးဘူးလား"
တာဝန်ကျ အရာရှိသည်လည်း ထိုနည်းတူ စိတ်ပျက်နေပြီး သူ၏ ဓားကို ကုန်းနှီးတွင် ချိတ်ဆွဲကာ ပြောလိုက်လေသည်။
"အဲ့ဒီကောင်က တော်တော် ကောက်ကျစ်တာ။ သူက စာရင်းစာအုပ် တစ်ဝက်ကိုပဲ ယူလာပြီး အပေးအယူလုပ်ဖို့ သုံးနေတာ။ ကျန်တဲ့တစ်ဝက်နဲ့ စစ်သူကြီး လိုချင်တဲ့ ပစ္စည်းကိုတော့ ဝှက်ထားတယ်။ သူ့ကို မြို့ပြင်ကို အန္တရာယ်ကင်းကင်း ခေါ်ထုတ်သွားဖို့ မြင်းလှည်းတစ်စီး စီစဉ်ပေးမှပဲ ဝှက်ထားတဲ့နေရာကို ပြောပြမယ်လို့ အတင်းအကြပ် တောင်းဆိုနေတယ်"
သူက ခါးသီးစွာဖြင့် ဆက်ပြောလေသည်။
"စစ်သူကြီး လိုချင်တဲ့ ပစ္စည်းကို ငါတို့ မရသေးတော့ သူ့ကို အရှင်ထားနေရတာပဲ"
ဟော်မိသားစု အစောင့်သည် အံ့သြသွားပြီး မှတ်ချက်ချလိုက်၏။ "သူက တော်တော် ဉာဏ်ကောင်းတာပဲ"
အရာရှိသည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် သူ၏ တံတောင်ဆစ်ကို ကွေးဆန့်လိုက်လေသည်။
"ငါသာ လေးပစ်ကျွမ်းကျင်ရင် ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးကို အသိမပေးဘဲ လေးသည်တော်တွေကို ခေါ်လို့ရရင် သူ ဒီလောက်အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
ဟော်မိသားစု အစောင့်က ပြောလိုက်လေသည်။
"လေးတစ်လက် သွားယူလိုက်ပါ"
အရာရှိသည် သူ့ကို ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်ကာ သူ၏ ပခုံးပေါ်ရှိ သံချပ်ကာကို အားရပါးရ ပုတ်ရင်း ပြောလိုက်၏။
"ငါ မေ့နေတာ။ မင်းတို့အားလုံးက စစ်သူကြီးလက်အောက်မှာ လေ့ကျင့်ထားတာဆိုတော့ မြင်းစီးရော လေးပစ်ရော ကျွမ်းကျင်ကြတာပဲ!"
အုပ်ချုပ်ရေးမှူး၏ အိမ်တော်တွင်။
အေးစက်သော လေပြင်းသည် ဗျောက်အိုးဖောက်သံများကို သယ်ဆောင်လာပြီး စင်္ကြံတစ်လျှောက် ချိတ်ဆွဲထားသော သေသပ်လှသည့် ဝါးခန်းဆီးများကို တရှဲရှဲ မြည်စေလေသည်။
ဝိန်းယွီသည် အဝေးမှ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ လက်ဖဝါးများကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ထားလိုက်၏။
အချိန်မှာ ၇ နာရီ ၄၅ မိနစ် ရှိနေပြီ။
မနေ့ညက သူမ တွက်ချက်ထားသည့်အတိုင်းဆိုလျှင် အုပ်ချုပ်ရေးမှူးကို အသိပေးပြီး တပ်များကို စုရုံးရန်မှာ အနည်းဆုံး ၉နာရီခွဲခန့် ကြာမြင့်လိမ့်မည်။
ရှောင်းလိတစ်ယောက် ဘယ်လို အခြေအနေ ရှိနေမည်လဲဟု သူမ တွေးပူနေမိ၏။ ဟော်ခွန်းသည် စာရင်းစာအုပ် တစ်ဝက်ကြောင့် လက်တွန့်နေပြီး ရှောင်းလိအနေဖြင့် အုပ်ချုပ်ရေးမှူးဘက်မှ လက်ဦးမှုရယူကာ တိုက်ခိုက်နိုင်သည်အထိ အချိန်ဆွဲထားနိုင်ရန်သာ သူမ မျှော်လင့်နိုင်တော့သည်။
ထိုသို့ တွေးမိသော်လည်း ၎င်းမှာ မျှော်လင့်ချက် နည်းပါးလှကြောင်း သိနေသဖြင့် သူမ၏ နှလုံးသားမှာ လေးလံလာတော့သည်။
"မင်းရဲ့ နာမည်အရင်းက ဘာလဲ"
သူ မထွက်ခွာခင်က မေးခဲ့သော မေးခွန်းသည် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး ဝိန်းယွီသည် ရုတ်တရက် ရင်ဘတ်ထဲတွင် အသက်ရှူကျပ်လာသလို ခံစားလိုက်ရကာ နောင်တရသလို ခံစားချက်တစ်ခု ဝင်ရောက်လာလေသည်။
အဲ့ဒီတုန်းက ငါ ဘာပြောခဲ့မိပါလိမ့်။
သူမက ပြန်ဖြေခဲ့လေသည်။ "ရှင် ပြန်လာရင် သိရမှာပေါ့"
ဒါပေမယ့် သူ တကယ် ပြန်လာနိုင်ပါ့မလား။
ဝိန်းယွီသည် အဖြေကို မသိချေ။
သို့သော်လည်း သူ့အလောင်းကို သူမရှေ့တွင် မတွေ့ရသရွေ့နှင့် ယုံချန်မြို့ကို မသိမ်းပိုက်နိုင်သေးသရွေ့ အရာအားလုံး အဆုံးအဖြတ် မပေါ်မချင်း အရာရာကို စတေးပြီး စွန့်စားရကျိုး နပ်လေသည်။
သခင်မကြီးရွှီသည် လက်နွေးအိတ်ကို ကိုင်ကာ အုပ်ချုပ်ရေးမှူးကတော်ကို တွေ့ဆုံရန် အပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။ သူမသည် အေးစက်သော လေပြင်းကြောင့် တုန်ယင်သွားပြီး သူမ၏ ပခုံးပေါ်ရှိ မြွေပါသားမွှေးဝတ်ရုံကို ပိုတင်းကျပ်အောင် ဆွဲခြုံလိုက်၏။
သူမသည် ဘေးနားက အစေခံဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်ကို ဘေးတိုက် တစ်ချက် ကြည့်လိုက်လေသည်။ ရိုးရှင်းသော ဆံထုံးကို ထုံးထားသော်လည်း သူမသည် အစေခံတစ်ဦးနှင့် လုံးဝ မတူချေ။
သူမ၏ တည်ငြိမ်ပြီး နက်ရှိုင်းသော မျက်ဝန်းများသည် အခြားသူများနှင့် ဆုံတွေ့သောအခါ မသိစိတ်ကပင် မိမိကိုယ်ကိုယ် နှိမ့်ကျသည်ဟု ခံစားရစေလေသည်။
ယခုအချိန်တွင် အတွေးလွန်နေသယောင် ရှိသော်လည်း သူမ၏ ပခုံးများမှာ မာတောင့်နေခြင်း အလျဉ်းမရှိဘဲ သဘာဝကျကျ တည်ငြိမ်နေပြီး သူမ၏ ကိုယ်ဟန်အနေအထားမှာ ရှေးဟောင်း ပန်းချီကားများထဲမှ အမျိုးသမီးများထက်ပင် ပိုပြီး ကျက်သရေရှိလေသေးသည်။
သခင်မကြီးရွှီသည် ထိုအမျိုးသမီး၏ နောက်ခံကို တွေးတောနေမိ၏။ သူမသည် ဟန်မိသားစု၏ စာရင်းစာအုပ်များကို ရယူနိုင်ပြီး ၎င်းတို့ကို အသုံးချကာ အုပ်ချုပ်ရေးမှူးကတော်နှင့် တွေ့ဆုံခွင့်ရရန် အုပ်ချုပ်ရေးမှူး အိမ်တော်သို့ ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။
ဒီအမျိုးသမီးက ဟန်မိသားစုနဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတစ်ခုခု ရှိနေပြီး အုပ်ချုပ်ရေးမှူးရဲ့ ဇနီးကို အားကိုးပြီး တရားမျှတမှုကို ရှာဖွေချင်နေတာများလား။
သခင်မကြီးရွှီသည် ဟန်မိသားစု ကျဆုံးသွားသည်ကို ဝမ်းသာအားရ မြင်တွေ့လိုသော်လည်း ဤအမျိုးသမီးက အုပ်ချုပ်ရေးမှူးကတော်ထံမှ မသင့်လျော်သော အရာတစ်ခုကို ရမ်းသန်း တောင်းဆိုလိုက်ပါက ကြားခံဖြစ်သူ သူမကိုယ်တိုင်လည်း မလွဲမသွေ အမျက်တော်ရှခံရမည်ကို စိုးရိမ်နေမိလေသည်။
ထိုစိုးရိမ်စိတ်ဖြင့် သခင်မကြီးရွှီက အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ငါက မင်းနဲ့ သဘောရိုးနဲ့ ပူးပေါင်းပြီး ဒီကို ခေါ်လာပေးတာပါ။ မင်း ငါ့မိသားစုကို ဒုက္ခမပေးဖို့ မျှော်လင့်ပါတယ်"
ဝိန်းယွီသည် အတွေးကမ္ဘာထဲမှ လန့်နိုးလာပြီး စိတ်ကို စုစည်းလိုက်ကာ ဝါးခန်းဆီးကြားမှနေ၍ ခြံဝင်းအတွင်း တံမြက်လှည်းနေသော အစေခံများကို လှမ်းကြည့်လိုက်၏။ သူမက နူးညံ့သော လေသံဖြင့် ပြန်ပြောလိုက်လေသည်။
"စိတ်ချပါ သခင်မကြီး။ ဒီနေ့ ပြီးသွားရင် ယုံချန်မြို့က ကုန်သည်တွေက ရွှီမိသားစုကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်လာကြလိမ့်မယ်"
ထိုစကားများက သခင်မကြီးရွှီ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု လှိုင်းတံပိုးတစ်ခုကို ဖြစ်ပေါ်စေခဲ့သော်လည်း သူမက ထပ်မမေးရသေးခင်မှာပင် ရွှေဝါရောင် အင်္ကျီလက်တိုကို ဝတ်ဆင်ထားသော အစေခံမလေးတစ်ဦးက ခန်းဆီးကို မကာ ခေါ်လိုက်လေသည်။
"သခင်မကြီး နိုးပါပြီ။ ဝင်လာခဲ့ပါ သခင်မရွှီ"
သခင်မကြီးရွှီသည် သူမ၏ သိချင်စိတ်ကို မြိုသိပ်ထားလိုက်ပြီး ဝိန်းယွီကို ဦးဆောင်ကာ အတွင်းသို့ ဝင်သွားလေသည်။ အစေခံမလေးအနီးမှ ဖြတ်သွားစဉ် သူမသည် သေသပ်လှပစွာ ပန်းထိုးထားသော ငွေအိတ်လေးတစ်ခုကို အစေခံမလေး၏ လက်ထဲသို့ မသိမသာ ထည့်ပေးလိုက်၏။ ပြေပြစ်စွာ ကွေးညွတ်နေသော မျက်ခုံးများနှင့် ပြည့်ဖြိုးပြီး ဖြူဝင်းသော မျက်နှာပိုင်ရှင်ဖြစ်သည့် သူမက နွေးထွေးစွာ ပြုံးပြရင်း ပြောလိုက်လေသည်။
"ဒုက္ခခံပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်"
အစေခံမလေးသည် လက်ဆောင်ကို ခပ်ဖျော့ဖျော့ အပြုံးဖြင့် လက်ခံလိုက်ပြီး သူတို့ ဝင်ရောက်နိုင်ရန် ခန်းဆီးကိုသာ ဆွဲဖွင့်ပေးထားလိုက်သည်။
အခန်းအတွင်းတွင် ကြမ်းပြင်အောက် အပူပေးစနစ်ဖြင့် နွေးထွေးနေပြီး သူတို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အပူလှိုင်းတစ်ခုက သူတို့ကို ရစ်ပတ်သွားလေသည်။ သခင်မကြီးရွှီက ဝတ်ရုံကို ချွတ်လိုက်ပြီး အတွင်းခန်းမှ အစေခံမလေးက အခြောက်ခံရန် အလျင်အမြန် လာယူသွားတော့၏။
"ဒုက္ခခံပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟူသော ရွှင်လန်းသည့် အသံနှင့်အတူ သခင်မကြီးရွှီသည် အုပ်ချုပ်ရေးမှူး အိမ်တော်သို့ ဝင်ရောက်လာကတည်းက လူတိုင်းကို အပြုံးလေးဖြင့် အလွန် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ရင်း ဖော်ရွေပြီး နူးညံ့ပျော့ပျောင်းသော ပုံစံသို့ ပြောင်းလဲသွားသယောင် ရှိလေသည်။
ပုတီးစေ့ ခန်းဆီးနောက်ကွယ် အနီရောင် စန္ဒကူးသစ်သား စားပွဲနောက်တွင် ထိုင်နေသော ကျက်သရေရှိသည့် ပုံရိပ်တစ်ခုကို ယခုအခါ မြင်တွေ့နိုင်လေသည်။ သူမသည် မီးတောက်ငယ်လေး လောင်ကျွမ်းနေသော သစ်သားတုတ်တံကို ကိုင်ကာ ပေါ်ရှန်း နံ့သာပေါင်းဖိုထဲတွင် နံ့သာကို ကိုယ်တိုင် မီးညှိနေပြီး နူးညံ့စွာ ပြောလိုက်လေသည်။
"နှစ်သစ်ကူး နှုတ်ဆက်ဖို့ အစောကြီး ရောက်လာတယ်လို့ ကြားတယ်။ သတိတရ ရှိလှချည်လား"
သခင်မကြီးရွှီက အလျင်အမြန် ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "နှစ်သစ်ကူးမှာ သခင်မကြီးရဲ့ ကျက်သရေမင်္ဂလာ အရှိန်အဝါတွေကို ခံစားချင်လို့ အစောကြီး လာခဲ့တာပါ"
သခင်မကြီးရွှီ၏ အပြောအဆို ချိုသာမှုကို ကောင်းစွာ သိရှိထားသော အုပ်ချုပ်ရေးမှူးကတော်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး အစေခံမလေးတစ်ဦးကို နေရာထိုင်ခင်း ပေးရန် ညွှန်ကြားလိုက်၏။
ထိုင်ပြီးနောက် သခင်မကြီးရွှီသည် ယပ်တောင်ထည့်ထားသော ပိုးထည်လက်ဆောင်သေတ္တာကို ကိုင်ကာ ရှေ့သို့ တိုးလာရန် ဝိန်းယွီကို အချက်ပြလိုက်လေသည်။ ၎င်းကို အခွင့်ကောင်းယူ၍ သူမက ရွှင်လန်းစွာ မိတ်ဆက်ပေးလိုက်၏။
"မကြာသေးခင်ကမှ ဈေးတန်းမှာ စူးကျိုးပန်းထိုးပညာကို ကျွမ်းကျင်တဲ့ ပန်းထိုးသမလေး တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တယ်လေ။ သခင်မကြီးက ရွှီရှီးရဲ့ 'ကျောက်စိမ်းခန်းမက ပျိုနီပန်းချီ' ကို နှစ်သက်မှန်း သိလို့ သူ့ကို အဲ့ဒီပုံစံအတိုင်း ယပ်တောင်တစ်ခု ပန်းထိုးပေးဖို့ အထူးတလည် အပ်လိုက်တာပါ။ သခင်မကြီးအတွက် ရိုးရိုးရှင်းရှင်း လက်ဆောင်လေးတစ်ခုအနေနဲ့ ယူလာခဲ့ပါတယ်"
သူမက "ရိုးရိုးရှင်းရှင်း"ဟု ပြောသော်လည်း ယခင်မင်းဆက်မှ ပန်းချီဆရာ ရွှီရှီး၏ ပန်းချီကားထဲရှိ ပျိုနီပန်းများမှာ အလွန်ပင် ဖမ်းဆုပ်ရ ခက်ခဲလှသည်။ ထို့ကြောင့် ကျွမ်းကျင်သော ပန်းချီကူးယူသူများပင်လျှင် ထိုပန်းချီ၏ အနှစ်သာရကို ပုံတူကူးရန် ခက်ခဲကြလေသည်။ ၎င်းတို့ကို ပန်းထိုးဖြင့် ဖန်တီးရန်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
သို့သော်လည်း စူးကျိုးပန်းထိုးပညာမှာ တက်ကြွသော အရောင်အသွေးများ၊ သွက်လက်သော အပ်ချုပ်ချက်များနှင့် အသက်ဝင်လှသော သရုပ်ဖော်မှုများကြောင့် နာမည်ကြီးလေသည်။
ဤအချက်က အုပ်ချုပ်ရေးမှူးကတော်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမက အံ့သြတကြီးဖြင့် "အို" ဟု ရေရွတ်လိုက်ပြီး မီးတောက်ကို ငြိမ်းရန် သစ်သားတုတ်တံကို ညင်သာစွာ ခါယမ်းလိုက်ကာ ပြောလိုက်၏။
"ငါ့ကို ပြစမ်းပါဦး"
ဝိန်းယွီသည် ပြားချပ်ချပ် လက်ဆောင်သေတ္တာကို အနည်းငယ် ဖွင့်လိုက်ပြီး အနားသို့ ရောက်လာသော အစေခံမလေးထံသို့ ကမ်းပေးလိုက်လသည်။
ဝိန်းယွီ၏ မျက်နှာကို ဖုံးအုပ်ထားသော ပါးလွှာသည့် ပုဝါကို သတိပြုမိသွားသောအခါ အစေခံမလေး၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားလေသည်။ သို့သော် သူမသည် သခင်မကြီးရွှီ၏ အစေခံဖြစ်ပြီး သခင်မကြီးရွှီက ဘာမှ မပြောသည့်အတွက် အစေခံတစ်ဦးအနေဖြင့် ဝင်ရောက်မေးမြန်းရန် မသင့်တော်ချေ။ သူမသည် သေတ္တာကို ယူလိုက်ပြီး ပုတီးစေ့ ခန်းဆီးကို ဆွဲဖွင့်ကာ အုပ်ချုပ်ရေးမှူးကတော်ထံသို့ ဒူးထောက် ဆက်သလိုက်လေသည်။
အုပ်ချုပ်ရေးမှူးကတော်သည် သာမန်ကာလျှံကာ ငုံ့ကြည့်လိုက်သော်လည်း သူမ၏ အကြည့်များသည် ယပ်တောင်မျက်နှာပြင်ပေါ်ရှိ ပျိုနီပန်းထိုးကို မြင်လိုက်ရသောအခါ ထိုနေရာတွင်ပင် အေးခဲသွားတော့သည်။
ပန်းပွင့်ဖတ်များနှင့် အရွက်များ၏ စီးဆင်းမှု၊ ၎င်းတို့၏ အသွင်အပြင်နှင့် အလွန်သိမ်မွေ့နူးညံ့သော ဆွဲဆောင်မှုတို့မှာ မူရင်း "ကျောက်စိမ်းခန်းမက ပျိုနီပန်းချီ" နှင့် တစ်ထပ်တည်း တူညီနေလေသည်။
သူမသည် လက်ဖက်ရည်သောက်ရန် ခွက်ကို ကိုင်ထားသော်လည်း ယခုအခါ အလျင်စလို ချထားလိုက်လေသည်။ ကောင်းစွာ ထိန်းသိမ်းထားသော ကျောက်စိမ်းနှယ် လက်ချောင်းများသည် ယပ်တောင်ပေါ်ရှိ အနည်းငယ် ဖောင်းကြွနေသော ပန်းထိုးကို စမ်းသပ်ကြည့်ရင်း အလွန်အမင်း အံ့အားသင့်သွားကာ မေးလိုက်၏။
"ဒါ တကယ်ပဲ ပန်းထိုးထားတာလား"
သူမက ယပ်တောင်ကို သဘောကျနေသည်ကို မြင်သောအခါ သခင်မကြီးရွှီသည် ပိုစိတ်ချသွားပြီး အချိန်ကိုက် ဝင်ပြောလိုက်၏။
"ဒါက ယပ်တောင်အတွက်ဆိုတော့ နှစ်ဖက်လုံး ပန်းထိုးထားရင် ပိုလှမယ်လို့ တွေးမိတာပါ။ ကံကောင်းချင်တော့ ပန်းထိုးသမလေးက နှစ်ဖက်လှ စူးကျိုးပန်းထိုးကို ကျွမ်းကျင်တာနဲ့ နှစ်ဖက်လုံးကို ထိုးခိုင်းလိုက်တာပါ"
ထိုစကားကို ကြားသောအခါ အုပ်ချုပ်ရေးမှူးကတော်သည် ပျိုနီပန်းထိုးထားသော ယပ်တောင်ကို ကောက်ကိုင်လိုက်လေသည်။ သို့သော် သူမ နောက်ဘက်ကို သေချာ မစစ်ဆေးနိုင်မီ ယပ်တောင်အောက်တွင် ညှပ်ထားသော စာတစ်စောင်ကို သတိပြုမိသွား၏။
အနည်းငယ် မျက်မှောင် ကြုံ့လိုက်ပြီး သူမသည် ပုတီးစေ့ ခန်းဆီးအပြင်ဘက်ရှိ သခင်မကြီးရွှီနှင့် သူမ၏ အစေခံမလေးတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။
သခင်မကြီးရွှီက နွေးထွေးသော အပြုံးကို ဆင်မြန်းထားဆဲ ဖြစ်သော်လည်း မျက်နှာဖုံးတပ်ထားသော အစေခံမလေး၏ ရေခဲကန်ကဲ့သို့ အေးစက်ပြီး မင်ရည်ကဲ့သို့ မည်းနက်သော မျက်ဝန်းများသည် သူမကိုသာ စိုက်ကြည့်နေလေ၏။
အုပ်ချုပ်ရေးမှူးကတော်သည် ဤအစေခံမလေး၏ အမူအရာမှာ မျိုးရိုးမြင့် အမျိုးသမီးများစွာထက်ပင် သာလွန်နေသည်ဟု ခံစားလိုက်ရသည်။ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူမသည် သေတ္တာထဲမှ စာကို နားလည်သဘောပေါက်စွာဖြင့် ဖြန့်ကြည့်လိုက်၏။
စာကို ဖတ်ပြီးနောက် သူမသည် ဒူးပေါ်တွင် တင်ထားသော ပိုးထည်သေတ္တာကိုပင် မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"သခင်မကြီး!"
အောက်ဘက်ရှိ အစေခံမလေးများမှာ ထိတ်လန့်သွားပြီး ရှေ့သို့ ပြေးဝင်လာကြသော်လည်း ဝိန်းယွီသည် ခန်းဆီးကို မကာ အရင် ဝင်ရောက်လာခဲ့သည်။ အုပ်ချုပ်ရေးမှူးကတော်ကို ထိန်းကိုင်ပေးရင်း သူမ၏ အင်္ကျီလက်ဖြင့် စာကို ဖုံးကွယ်လိုက်၏။
အုပ်ချုပ်ရေးမှူးကတော်၏ အနီးကပ်ခစားရသော အစေခံမလေးသည် သည်လို ရိုင်းစိုင်းလှသည့် အစေခံမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ဆူပူရန် ပြင်လိုက်သော်လည်း ဝိန်းယွီက ပြောလိုက်သည်။
"အုပ်ချုပ်ရေးမှူးကို မြန်မြန် သွားခေါ်ပါ။ သခင်မကြီး ရုတ်တရက် သတိလစ်သွားတယ်လို့ ပြောပြီး အိမ်တော်သမားတော်ကိုလည်း ခေါ်ခဲ့ပါ"
ထိုသို့ပြောနေစဉ် သူမ၏ အကြည့်များသည် အုပ်ချုပ်ရေးမှူးကတော်အပေါ်တွင်သာ တည်ငြိမ်စွာ ရပ်တန့်နေပြီး သူမ၏ လက်တစ်ဖက်က သခင်မကြီး၏ ရုတ်တရက် ရေခဲလို အေးစက်သွားသော နူးညံ့သည့် လက်တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
"နင်ကများ! နင့်ရဲ့ လက်ဆောင်ကြောင့် သခင်မကြီး လန့်သွားတာတောင် သခင်မကြီးကို ထိရဲသေးတယ်ပေါ့လေ"
သခင်မကြီးကို ကာကွယ်လိုသော အနီးကပ် အစေခံမလေးသည် ဝိန်းယွီကို တွန်းထုတ်ရန် ရှေ့သို့ တိုးလာ၏။
သို့သော် အုပ်ချုပ်ရေးမှူးကတော်က သူမကို တားလိုက်သည်။ ခေါင်းအုံးကို မှီထားပြီး အသက်ရှူရပင် ခက်ခဲနေကာ သူမ၏ ချစ်စဖွယ် မျက်နှာမှာ သေသူတစ်ယောက်လို ဖြူဆုတ်နေလေသည်။ သူမသည် ဝိန်းယွီကို ငေးကြည့်နေပြီး ဝိန်းယွီ၏ တည်ငြိမ်မှုထံမှ ခွန်အားတချို့ကို ရယူနေသယောင်။ သူမက အားနည်းစွာဖြင့် သူမ၏ အစေခံများကို ညွှန်ကြားလိုက်၏။
"သူ ပြောတဲ့အတိုင်း လုပ်ပါ။ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပါ။ အုပ်ချုပ်ရေးမှူးကို သွားခေါ်ပြီး ငါ နေမကောင်းဖြစ်နေတယ်လို့ ပြောလိုက်ပါ"
အစေခံမလေးများမှာ ကြောင်အသွားကြ၏။
"သခင်မကြီး!"
သခင်မကြီးရွှီသည်လည်း ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် လန့်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားတော့၏။ ဝိန်းယွီနှင့် အလျင်အမြန် ခပ်ခွာခွာနေရမည်လား သို့မဟုတ် အုပ်ချုပ်ရေးမှူးကတော်ကို စိတ်သက်သာရာရစေရန် တစ်ခုခု ပြောရမည်လားဆိုတာကို သူမ မသိတော့ချေ။
အစေခံမလေးများက နေရာတွင် အေးခဲနေသည်ကို မြင်သောအခါ အုပ်ချုပ်ရေးမှူးကတော်မှာ ထိတ်လန့်လာပြီး အော်ဟစ်လိုက်လေသည်။
"အခု သွားလေ!"
သူမ၏ အနီးကပ် အစေခံမလေးမှာ ရွေးချယ်စရာ မရှိတော့ဘဲ အုပ်ချုပ်ရေးမှူးကို ခေါ်ရန် လူတစ်ယောက်ကို အလျင်အမြန် လွှတ်လိုက်ပြီး အိမ်တော်သမားတော်ကို ခေါ်ရန် နောက်တစ်ယောက်ကို စေလွှတ်လိုက်ရသည်။
အုပ်ချုပ်ရေးမှူးကတော်သည် ဝိန်းယွီကို အပြစ်တင်ရန် အစီအစဉ်မရှိကြောင်း သတိပြုမိသွားသဖြင့် သခင်မကြီးရွှီသည် အခြေအနေကို အလျင်အမြန် ဖြေရှင်းရန် ကြိုးစားလိုက်လေသည်။
"သခင်မကြီး... မနက်ကတည်းက ဘာမှ မစားရသေးလို့ အားပြတ်ပြီး သတိလစ်သွားတာ ဖြစ်မယ်။ မီးဖိုချောင်ကို အချိုရည်ပူပူလေး လုပ်ခိုင်းလိုက်ရမလား"
အနီးကပ် အစေခံမလေးသည်လည်း ဒါက ဖြစ်နိုင်သည်ဟု တွေးကာ အစေခံတစ်ဦးကို အချိုရည် သွားယူရန် ညွှန်ကြားလိုက်သည်။ သို့သော် အစေခံမလေးအပေါ် ထားရှိသော သခင်မဖြစ်သူ၏ သဘောထားကိုတော့ နားမလည်နိုင် ဖြစ်နေဆဲပင်။
သူမက ဆက်မတွေးရသေးခင်မှာပင် အုပ်ချုပ်ရေးမှူးကတော်က ထပ်ပြောလာလေသည်။
"ငါ လုံးဝ ပင်ပန်းနေပြီမို့လို့ ဆက်ပြီး ဧည့်မခံနိုင်တော့ဘူး သခင်မကြီးရွှီ။ ဘေးဘက်ခန်းမမှာ အချိုပွဲလေး သွားသုံးဆောင်လိုက်ပါဦး။ မင်းရဲ့ အစေခံမလေးကို ငါ သဘောကျလို့ သူနဲ့ စကားနည်းနည်း ပြောချင်တယ်"
အမှန်ပင်။ သခင်မကြီးရွှီမှာ မငြင်းဆန်ရဲချေ။ အုပ်ချုပ်ရေးမှူးကတော်ကို သေချာ အနားယူရန် တိုက်တွန်းပြီးနောက် လမ်းပြအစေခံမလေးနောက်က လိုက်ထွက်လာခဲ့သော်လည်း သူမ၏ ရင်ထဲတွင် မသက်မသာ ဖြစ်နေဆဲ။
သူမကိုယ်တိုင်လည်း ယပ်တောင်မျက်နှာပြင်ကို စစ်ဆေးခဲ့ပြီး ဘာမှ ပုံမှန်မဟုတ်တာ မတွေ့ခဲ့ချေ။ ဒါဆိုရင် အုပ်ချုပ်ရေးမှူးကတော်က ဒါကို မြင်ပြီး ဘာလို့ ဒီလောက်တောင် လန့်သွားရတာလဲ။ ပြီးတော့ ဘာလို့ အဲ့ဒီ မိန်းမငယ်လေးကို အပြစ်တင်မယ့်ပုံ လုံးဝ မပြရတာလဲ။
ဒါ့အပြင် ခုနက အဲ့ဒီအမျိုးသမီး... သူက အုပ်ချုပ်ရေးမှူးကတော်ကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ကြားနေခဲ့တာပဲ။
နေမကောင်းချင်ယောင်ဆောင်ပြီး ယုံချန်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကို တိတ်တိတ်လေး ခေါ်ခိုင်းတာက သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ပြီး သတင်းမပေါက်ကြားအောင် လုပ်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားနေတာပဲ...
သူမကိုယ်တိုင် ဘေးဘက်ခန်းမမှာ အချိုပွဲစားဖို့ ဖိတ်ခေါ်ခံရတာတောင် ရုပ်ဖျက်ပြီး ချုပ်နှောင်ထားတာမျိုး ဖြစ်နိုင်တယ်။
သခင်မကြီးရွှီ၏ နှလုံးသားမှာ ထိတ်လန့်တကြား ခုန်သွားပြီး ဂရုတစိုက် ထိန်းသိမ်းထားသော သူမ၏ လက်သည်းများသည် လက်နွေးအိတ်ထဲသို့ စိုက်ဝင်သွားတော့၏။
—ဒါက တစ်ခုခု ကြီးကြီးမားမား ဖြစ်နေပြီဆိုတဲ့ သက်သေဆိုတာ ထင်ရှားနေတာပဲ။
အခန်းထဲတွင် အုပ်ချုပ်ရေးမှူးကတော်၏ အနီးကပ်အစေခံမလေးသည် ဝိန်းယွီကို မသက်မသာဖြင့် နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် နောက်ဆုတ်သွားလေသည်။
"သခင်မကြီး... ကျွန်မ တံခါးအပြင်ဘက်မှာပဲ စောင့်နေပါ့မယ်။ တစ်ခုခု လိုရင် ခေါ်လိုက်ပါနော်"
အုပ်ချုပ်ရေးမှူးကတော်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်မှသာ အစေခံမလေးသည် သူမ၏နောက်ကတံခါးကို ဖွဖွလေး ပိတ်လိုက်တော့သည်။
နှစ်ယောက်တည်း ကျန်ခဲ့သောအခါ အုပ်ချုပ်ရေးမှူးကတော်သည် သူမရှေ့က မျက်နှာဖုံးတပ်ထားသော အမျိုးသမီးကို ငေးကြည့်လိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာကာ မေးလိုက်လေသည်။
"ဒီစာက ဘယ်က ရလာတာလဲ မိန်းကလေး"
ဝိန်းယွီက ပြန်ဖြေလိုက်လေသည်။
"ရေကြောင်းပို့ဆောင်ရေးကို တာဝန်ယူထားတဲ့ ဟယ်မိသားစုဆီကပါ"
ထိုအဖြေကို ကြားသောအခါ အုပ်ချုပ်ရေးမှူးကတော်မှာ ပိုလို့ပင် ဖြူဆုတ်သွားပြီး မျက်ရည်များက သူမ၏ နားထင်မှ ဆံပင်များကို စိုရွှဲသွားစေလေသည်။
"ငါ့ယောက်ျားက အရပ်ဘက် အရာရှိ တစ်ယောက်ပါပဲ။ အဲ့ဒီလို စစ်ဘက်က လူကြမ်းကြီးကို သူ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ဝိန်းယွီသည် ထိုအမျိုးသမီး၏ လက်ကို ပိုတင်းကျပ်အောင် ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါက လူကြမ်းကြီးတွေ အချင်းချင်း ရန်ဖြစ်တာ မဟုတ်ဘဲ စစ်ရေးဗျူဟာ ယှဉ်ပြိုင်မှုတစ်ခုပါ။ ဟော်ခွန်း မလှုပ်ရှားခင်မှာ ကျွန်မတို့က တပ်တွေကို ဖြန့်ကြက်ပြီး ခံစစ်ပြင်ထားနိုင်သရွေ့တော့ အဖြေက မသေချာသေးပါဘူး"
ထိုစကားကို ကြားသောအခါ အုပ်ချုပ်ရေးမှူးကတော်သည် ဝိန်းယွီကို ကြောင်ငေးကြည့်နေပြီး သူမ၏ မျက်နှာအမူအရာမှာ ပိုနားမလည်နိုင် ဖြစ်လာလေသည်။
"မိန်းကလေးက ဘယ်သူလဲလို့ မေးပါရစေ"
ဝိန်းယွီသည် တစ်ရှိုက်စာခန့် တိတ်ဆိတ်သွားလေသည်။ သူမ၏ နောက်ဘက်က ပေါ်ရှန်း နံ့သာပေါင်းဖိုမှ ထွက်ပေါ်လာသော အခိုးအငွေ့လေးသည် အထက်သို့ လိမ်ယှက်ကာတက်သွား၏။ လေတိုက်ရုံဖြင့် လွင့်စင်သွားနိုင်သော စောင်းကြိုးတစ်ချောင်းကဲ့သို့ သေးသွယ်သည့် အငွေ့တန်းလေးသည် ကောင်းကင်ကို ဖောက်ထွင်းသွားနိုင်မည့် အရှိန်အဟုန်ကို ပိုင်ဆိုင်ထားသယောင် ရှိလေသည်။
သူမက ပြောလိုက်လေသည်။
"ကျွန်မရဲ့ မျိုးရိုးက ဝိန်း ပါ"
...