အခန်း ၂၅
Vol. 3 Ch. 25
အပိုင်း (၂၅)
ဝိန်းယွီက ထိုစကားကို ပြောလိုက်ပြီးနောက် အခန်းထဲတွင် အပ်ကျသံကိုပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်သွားလေသည်။
အုပ်ချုပ်ရေးမှူးကတော်၏ မျက်နှာအမူအရာသည် ကြက်သေ သေသွားရာမှ ထိတ်လန့်သွားပြီး ထိုမှတစ်ဆင့် ပျော်ရွှင်မှုများ ပြည့်လျှံလာတော့၏။
ဖေစုန့်က ဟန့်ယန်မင်းသမီး၏ ပုံတူပန်းချီကားများကို ကပ်ထားပြီး ဟန့်ယန်မင်းသမီးနှင့် တူသည့် အမျိုးသမီးများကို အရပ်လေးမျက်နှာရှိ ပြည်သူများအကြား ရှာဖွေနေသည်ဆိုသော ကောလာဟလများက ပြန့်နှံ့နေခဲ့သည်။ သည်နောက်ကွယ်က ရည်ရွယ်ချက်မှာ ဤခဏတာအတွင်းမှာပင် ရှင်းလင်းသွားခဲ့လေပြီ။
သူမသည် အားတင်းကာ ထရပ်လိုက်ပြီး ဝိန်းယွီဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်သည်။
"ဒီကိုရောက်နေတာ အရှင်မင်းသမီး ဖြစ်နေတာကိုး။ ကျွန်တော်မျိုးမ အရိုအသေပြုမှုကို လက်ခံပေးတော်မူပါ"
ဝိန်းယွီသည် အုပ်ချုပ်ရေးမှူးကတော်၏ တံတောင်ဆစ်ကို ကိုင်ကာ သူမကို ထူပေးလိုက်ပြီး ပြောလိုက်၏။
"သခင်မကြီးက နေထိုင်မကောင်းဘူးလေ။ ဒီလောက် အရိုအသေပေးစရာ မလိုပါဘူး"
သူမသည် ယခုအချိန်တွင် သူမ၏ ကိုသရုပ်မှန်ကို ထုတ်ဖော်ပြသရဲခြင်းမှာ မလာခင်ကတည်းက သေသေချာချာ စဉ်းစားချင့်ချိန်ထားခဲ့ခြင်းကြောင့် ဖြစ်၏။
ယခင်က အုပ်ချုပ်ရေးမှူး အိမ်တော်ထံ အကူအညီ မတောင်းရဲခဲ့ခြင်းမှာ နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။ ယုံချန် အုပ်ချုပ်ရေးမှူး၏ ရပ်တည်ချက်ကို သူမ အာမခံနိုင်ခဲ့ပေ။
သို့သော် ရှောင်းလိ မမျှော်လင့်ဘဲ ရရှိခဲ့သည့် ထိုစာသည် မနေ့ညကတည်းက အစောင့်စစ်သည်များကို ညတွင်းချင်း ရှာဖွေရန် လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သည်။ ထိုစာသည် ဟော်ခွန်းက ရန်သူနှင့် ပူးပေါင်းနေကြောင်း သက်သေအထောက်အထား အစစ်အမှန် ဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြရန် လုံလောက်နေခဲ့၏။ ထို့ပြင် ယုံချန် အုပ်ချုပ်ရေးမှူးသည်လည်း ဖေစုန့်ဘက်သို့ ယိမ်းယိုင်သွားမည့် စိတ်ကူး လုံးဝ မရှိတာ သိသာသည်။ သို့မဟုတ်ပါက ဟော်ခွန်းသည် ထိုစာအတွက် သည်လောက်အထိ စိုးရိမ်တကြီး ဖြစ်နေမည် မဟုတ်ချေ။
ဒါက ငါ့ကို ပေါ်လာအောင် မြှူဆွယ်တဲ့ ထောင်ချောက်တစ်ခုလို့ ပြောမယ်ဆိုရင် ပိုပြီး ယုတ္တိမတန်သေးဘူး။ အကြံအစည် ဖန်တီးတဲ့သူက ငါ ရှောင်းမိသားစုမှာ ပုန်းနေတာကို အစောကြီးကတည်းက သိနေခဲ့ရင် ငါ့ကို တိုက်ရိုက် ဖမ်းခေါ်သွားလို့ ရတာပဲ။ ဘာလို့ ရှောင်းလိ လက်ထဲကို ဒီစာတစ်စောင် ရောက်သွားအောင် လုပ်ပြီးမှ ငါ့ကို လာဖို့ ဆွဲဆောင်နေစရာ လိုမှာလဲ။
လက်ရှိ အခြေအနေက အရေးပေါ် ဖြစ်နေတယ်။ ငါနဲ့ ယုံချန် အုပ်ချုပ်ရေးမှူးက ကြိုးတစ်ချောင်းတည်းမှာ ချည်ခံထားရတဲ့ နှံကောင်တွေ ဖြစ်နေကြပြီ။ ကိုယ့်ကိုယ်ကို ဆက်ဖုံးကွယ်ထားပြီး တစ်ဖက်လူ သံသယဖြစ်အောင် လုပ်နေမယ့်အစား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာက ပိုကောင်းလိမ့်မယ်။ ဒါဆို ရှောင်းလိနဲ့ ရှောင်းဟွေ့နျန်တို့ကို ကယ်ဖို့ စစ်ကူတွေကို အမြန်ဆုံး တောင်းခံနိုင်မှာပဲ။
အုပ်ချုပ်ရေးမှူးကတော်က ဝိန်းယွီကို ဖုန်းယန်ဘက်မှ အလျင်စလို ရောက်လာသည်ဟု ထင်သွားခဲ့သည်။ ဟော်ခွန်း၏ အပြစ်သက်သေကိုလည်း သူမကပင် ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး သူမသည် တစ်ချိန်လုံး အလွန် တည်ငြိမ်နေသည့် အသွင်ကို ပြသနေခဲ့၏။ ထို့ကြောင့် ချက်ချင်းပင် မှီခိုအားထားရာ တစ်ခုကို ရှာတွေ့သွားသယောင် ခံစားလိုက်ရပြီး လတ်တလောတွင် စိတ်နှလုံး အနည်းငယ် တည်ငြိမ်သွားကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"ကျွန်မနဲ့ သခင်ကြီးရဲ့ အမှားပါပဲ။ အရှင်မင်းသမီး ဒီနေရာကို ရောက်လာတာကို ကျွန်မတို့တွေ လုံးဝ မသိခဲ့ကြပါဘူး။ ဟော်ခွန်းလို ခွေးအ တောခွေးရိုင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ အကြံအစည်ကိုလည်း အရှင်မင်းသမီး လာပြောပြမှ သိရတာမို့ တကယ်ကို ရှက်ဖို့ကောင်းပါတယ်..."
ဝိန်းယွီက စကားပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးအပြင်ဘက်မှ အစေခံမလေး၏ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
"သခင်ကြီး"
ထို့နောက် လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"သခင်မကြီး ဘယ်လိုနေသေးလဲ"
အစေခံမလေးက တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်၏။
"သခင်မကြီးက... လန့်သွားတဲ့ပုံပါပဲ။ ရွှီမိသားစု သခင်မကြီး ခေါ်လာတဲ့ အစေခံမလေး တစ်ယောက်ကိုပဲ အထဲမှာ အဖော်ပြုပေးဖို့ ခွင့်ပြုထားပါတယ်"
ခဏအကြာတွင် အခန်းတံခါး ပွင့်သွားပြီး ယုံချန် အုပ်ချုပ်ရေးမှူး ကျိုးကျင့်အန်းသည် ကြိုးကြာငှက်ပုံစံ ပါရှိသော စာပေပညာရှင်ဝတ်ရုံကို ဝတ်ဆင်လျက် အခန်းတွင်းသို့ ဝင်ရောက်လာသည်။
သူသည် အသက် ၄၀ဝန်းကျင်အရွယ် ရှိပြီး နားထင်ဘေးတွင် ဆံပင်ဖြူ အနည်းငယ်ကို မြင်တွေ့နိုင်သည်။ ခန္ဓာကိုယ် ပိန်ပါးပြီး စာပေပညာရှင်များ ထားလေ့ရှိသော မုတ်ဆိတ်ရှည်ကို ထားရှိကာ အင်္ကျီလက်နှစ်ဖက်က လေအရှိန်ကြောင့် အနည်းငယ် ဖောင်းပွနေလေသည်။ အလွန် ယဉ်ကျေးသိမ်မွေ့ပြီး ဖြောင့်မတ်တည်ကြည်သော ရုပ်ရည်သွင်ပြင် ရှိကာ အခန်းထဲသို့ ဝင်လာပြီးနောက် လှမ်းခေါ်လိုက်သည်။ "ရှင်မ"
သခင်မကြီးကျိုးသည် ပုလဲခန်းဆီးကို ဖယ်ရှားလိုက်ပြီး တံခါးဝရှိ အစေခံမလေးကို တံခါးပိတ်ရန် အချက်ပြလိုက်သည်။ ထို့နောက်မှ ဝိန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အရှင်မင်းသမီး... ကျွန်မရဲ့ ခင်ပွန်း ရောက်လာပါပြီ"
ကျိုးကျင့်အန်းသည် စောစောက တံခါးအပြင်ဘက်တွင် အစေခံမလေးက မိမိဇနီးသည်သည် ရွှီမိသားစု သခင်မကြီးဘေးရှိ အစေခံမလေး တစ်ယောက်ကိုသာ ချန်ထားခဲ့ကြောင်း ပြောသည်ကို ကြားလိုက်ရကတည်းက တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိခဲ့၏။ ယခုအခါ မိမိဇနီးသည်က တစ်ဖက်လူကို အရှင်မင်းသမီးဟု ခေါ်ဝေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် အတွင်းရှိ လူ၏ သရုပ်သကန်က ရိုးရှင်းမည် မဟုတ်မှန်း ချက်ချင်း သိလိုက်သည်။ သူသည် ပုလဲခန်းဆီး အတွင်းသို့ လှမ်းကြည့်လိုက်သော်လည်း ရှင်းလင်းပြတ်သားပြီး လှပလွန်းသော ဘေးတိုက် ကိုယ်ဟန်လေးကိုသာ မြင်လိုက်ရသဖြင့် ဤအမျိုးသမီးက ဘယ်သူပါလိမ့်ဟု စိတ်ထဲတွင် အံ့ဩနေမိတော့သည်။
ထို့နောက်တွင်ပင် သူ့ဇနီးသည်က ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "သခင်ကြီး... ဟန့်ယန်မင်းသမီးကို အမြန် အရိုအသေ မပေးသေးဘူးလား"
တော်ဝင်မိသားစု၏ သားစဉ်မြေးဆက်များ ပြတ်တောက်သွားခဲ့သည်။ ယခင် ဧကရာဇ် နတ်ရွာမစံမီက နန်းရင်းဝန်များနှင့် မယ်တော်ကြီးတို့သည် တော်ဝင်မိသားစု ဆွေစဉ်မျိုးဆက် စာရင်းကို အကြိမ်ကြိမ် အဖန်ဖန် ပြန်လှန်ကြည့်ခဲ့ကြသော်လည်း တရားဝင် မိဖုရားကြီးမှ မွေးဖွားသော မျိုးဆက်ကို ထပ်မံ ရှာမတွေ့နိုင်တော့ချေ။ ထို့ကြောင့်သာ ချန်လျန်ဝမ်ဟူသော ဝမ်းကွဲမျိုးဆက်ကို ထီးနန်းဆက်ခံရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ယခင် ဧကရာဇ်ကိုယ်တိုင် ဘွဲ့အမည် ချီးမြှင့်ကာ မင်းသမီးဟု ခေါ်ဝေါ်ခြင်း ခံရသူမှာလည်း ချန်လျန်ဝမ်၏ သမီးတော် ဟန့်ယန်မင်းသမီး တစ်ပါးတည်းသာ ရှိသည်။
ကျိုးကျင့်အန်းသည် ပုလဲခန်းဆီးကို ခြားလျက် အလျင်အမြန် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။
"ဟန့်ယန်မင်းသမီး ကိုယ်တိုင် ကြွရောက်လာတာကို မသိလိုက်ရတဲ့အတွက် ကျွန်တော်မျိုး ခရီးဦးကြို မပြုနိုင်ခဲ့ပါဘူး"
ဝိန်းယွီသည် ပုလဲခန်းဆီးကို ဖယ်ရှားကာ အပြင်သို့ ထွက်လာပြီး ပြောလိုက်သည်။
"သခင်ကြီး မြန်မြန် ထပါ။ ကျွန်မ ဒီနေ့ လာရတာက အရမ်း အရေးတကြီး ကိစ္စ ရှိနေလို့ပါ"
ကျိုးကျင့်အန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် အံ့အားသင့်သွားပြီး ချက်ချင်းပင် သူ၏ နွမ်းနယ်ရင့်ရော်နေသော မျက်လုံးများထဲမှ မျက်ရည်များက စီးကျလာကာ တုန်ယင်သော အသံဖြင့် မေးလိုက်၏။
"ဖုန်းယန်က အရေးပေါ် အခြေအနေ ဖြစ်နေလို့လား"
ဤတိုင်းပြည်နှင့် မြေပြင်အခြေအနေကို သတိရမိလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပေါ်လာပြီး ရှိုက်ငင်ကာ ပြောသည်။
"လော့ယန် အုပ်ချုပ်သူ ပြောင်းသွားပြီး မင်းသားကြီးက ဖုန်းယန်ကို ဆုတ်ခွာပြီးမှ ပိတ်ဆို့ခံထားရတယ်ဆိုတာကို သိရကတည်းက ကျွန်တော်မျိုး ဒီယုံချန် ထောင့်လေးမှာ နေနေရပေမယ့် တစ်ခါမှ ကောင်းကောင်း အိပ်မပျော်ခဲ့ရပါဘူး။ မြောက်ဘက်ကို သွားပြီး ဧကရာဇ်ကို ကယ်တင်ဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် ယုံချန်ရဲ့ အရပ်လေးမျက်နှာမှာလည်း ဝံပုလွေတွေ ဝိုင်းရံနေပါတယ်။ ကျွန်တော်မျိုး ထွက်သွားရင် ယုံချန်က ပြည်သူတွေ ဒုက္ခတွင်းထဲ ကျရောက်သွားမှာကို စိုးရိမ်မိပါတယ်..."
ဝိန်းယွီက ပြောလိုက်သည်။ "ဒီနေ့ တိုင်းပြည်က ပရမ်းပတာ ဖြစ်နေပြီး ပြည်သူတွေရဲ့ ဘဝတွေ အများကြီး ခက်ခဲနေရတာဟာ ကျွန်မတို့ ဝိန်း မိသားစုရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့်ပါ။ လူကြီးမင်းက ယုံချန်ရဲ့ မိဘသဖွယ် အရာရှိတစ်ယောက် ဖြစ်ပါတယ်။ ဒီနေရာမှာ နေရစ်ပြီး ယုံချန်က ပြည်သူတွေကို စောင့်ရှောက်နေတာက ဘာအပြစ်မှ မရှိပါဘူး။ လူကြီးမင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး။ ကျွန်မ အခု လာရတာကလည်း လူကြီးမင်းကို ဖုန်းယန်ကို စစ်ကူလွှတ်ဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ ဟော်ခွန်းက ဖေစုန့်ဆီကို ခိုလှုံသွားပြီး လူကြီးမင်းကို သတ်ပြီး နေရာယူဖို့ ကြံစည်နေတာကို သိလိုက်ရလို့ပါ။ လူကြီးမင်းအနေနဲ့ ချက်ချင်း စစ်တပ်ကို စုစည်းပြီး ဒီသူခိုးကို သတ်ဖြတ်ဖမ်းဆီးပေးဖို့ မျှော်လင့်ပါတယ်"
သခင်မကြီးကျိုးသည် ဟော်ခွန်း ကိုယ်တိုင်ရေးထားသော ထိုစာကို သူမ၏ သခင်ကြီးအား အလျင်အမြန် ကမ်းပေးလိုက်သည်။ လတ်တလောတွင် စိတ်နှလုံး အနည်းငယ် တည်ငြိမ်သွားပြီ ဖြစ်သော်လည်း လက်ချောင်းထိပ်များက တုန်ယင်နေဆဲပင်။
"ဒီစာက သက်သေပါပဲ"
ကျိုးကျင့်အန်းက ဖတ်အပြီးတွင် ရှက်ရွံ့မှု၊ နောင်တရမှုနှင့် ဒေါသတို့ ရောယှက်ကာ ပြောလိုက်သည်။
"ဒီလို လူယုတ်မာကို ကျွန်တော်မျိုး လုံးဝ အသက်ရှင်ခွင့် မပေးနိုင်ဘူး"
ဝိန်းယွီက ပြောလိုက်၏။ "ဟော်ခွန်းက စာပျောက်သွားမှန်း သိနေပါပြီ။ သူရဲကောင်း တစ်ယောက်က စာက သူ့လက်ထဲမှာ ရှိတယ်လို့ လိမ်ပြောပြီး သူ့ကို အချိန်ဆွဲထားပါတယ်။ တကယ်လို့ ဒါက ထောင်ချောက်ဆိုတာကို သူ သိသွားရင် သေချာပေါက် ခွေးရူးလို ရမ်းကားလာပါလိမ့်မယ်။ လူကြီးမင်း... ကျွန်မတို့မှာ အချိန် သိပ်မရှိတော့ဘူး"
ကျိုးကျင့်အန်းသည်လည်း အခြေအနေ အရေးပေါ်ဖြစ်နေမှန်း သိသဖြင့် ဝိန်းယွီကို နောက်တစ်ကြိမ် အရိုအသေပေးကာ ပြောလိုက်သည်။
"ဒါဆိုရင် ဟန့်ယန်မင်းသမီးကို အိမ်တော်မှာ နေ့တစ်ဝက်လောက် အနားယူဖို့ ဒုက္ခခံခိုင်းရပါဦးမယ်။ ကျွန်တော်မျိုး အခုပဲ သွားပြီး စစ်တပ်ကို စီစဉ်ချထားလိုက်ပါ့မယ်။ ဒီလူယုတ်မာကို သတ်ပြီးသွားရင် မင်းသမီးဆီကို ပြန်လာပြီး အပြစ်ပေးခံပါ့မယ်"
ဝိန်းယွီသည် လက်ဖဝါးကို တင်းတင်းဆုပ်ထားပြီး အလျင်အမြန် ပြောလိုက်၏။
"ကျွန်မမှာ မေတ္တာရပ်ခံချင်တာ နောက်တစ်ခု ရှိပါသေးတယ်။ လူကြီးမင်းက ကျွန်မကို လူဆယ်ဂဏန်းလောက် ထပ်ပြီး ချထားပေးပါ။ အဲ့ဒီ သူရဲကောင်း မိသားစုက ကျွန်မအပေါ် ကျေးဇူးရှိပါတယ်။ ကျွန်မ လူခေါ်သွားပြီး အဲ့ဒီ သူရဲကောင်းကို ကယ်ချင်လို့ပါ"
ကျိုးကျင့်အန်းက အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ဒါက... ဟော်ခွန်း လက်ထဲမှာ တပ်ရင်းတစ်ချို့ ရှိနေပါတယ်။ အဲ့ဒီအချိန်ကျရင် သူက ပြန်တိုက်ခိုက်လာခဲ့ရင် မင်းသမီး အပြင်ဘက်မှာ တစ်ခုခု အမှားအယွင်း ဖြစ်သွားမှာကို ကျွန်တော်မျိုး စိုးရိမ်ပါတယ်။ မင်းသမီးက အဲ့ဒီ သူရဲကောင်းရဲ့ နာမည်နဲ့ အခု ဘယ်မှာ ရှိနေလဲဆိုတာကို ပြောပြလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်မျိုး လူလွှတ်ပြီး ကယ်တင်ခိုင်းလိုက်ပါ့မယ်"
ဝိန်းယွီကလည်းသည်လိုအရေးပေါ် အခြေအနေအောက်တွင် ယုံချန် အုပ်ချုပ်ရေးမှူးကို ထပ်ပြီး အနှောင့်အယှက် မပေးနိုင်ကြောင်း ရှင်းလင်းစွာ သိနေ၏။ သို့သော် သူမသည်လည်း ရှောင်းလိကို လုံးဝ ပစ်မထားနိုင်ပေ။
ကျိုးကျင့်အန်း တင်ပြလာသော နည်းလမ်းသည် အကောင်းဆုံးသော အစီအစဉ် ဖြစ်နေလေပြီ။ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အဲ့ဒီ သူရဲကောင်းရဲ့ မျိုးရိုးက ရှောင်း ပါ... နာမည်က လိ လို့ ခေါ်ပါတယ်။ သူ့မိသားစုက မြို့အနောက်ဘက် လမ်းဟောင်းက စွန့်ပစ်ထားတဲ့ အိမ်တစ်လုံးမှာ ပုန်းနေကြပါတယ်။ သူက အခု ကိုယ့်ကိုယ်ကို ငါးစာအဖြစ် သုံးပြီး ဟော်ခွန်း လက်အောက်က လူတွေကို အာရုံလွဲထားလောက်တယ်။ လူကြီးမင်းက လူနှစ်ဖွဲ့ခွဲပြီး မြန်မြန် သွားကယ်ပေးဖို့ အကူအညီ တောင်းပါရစေ"
ကျိုးကျင့်အန်းက ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်မျိုး အခုပဲ အမိန့်ပေးလိုက်ပါ့မယ်။ မင်းသမီး စိတ်မပူပါနဲ့"
သူက သခင်မကြီးကျိုးကို ထပ်ပြောလိုက်သည်။
"အိမ်တော်က ကိစ္စအားလုံးကို ရှင်မပဲ တာဝန်ယူ စီစဉ်ပေးပါ။ သတင်းတွေကို အရင် ပိတ်ဆို့ထားပြီး အပြင်ကို လုံးဝ သတင်း မထွက်ပါစေနဲ့"
သခင်မကြီးကျိုးက ခေါင်းညိတ်လိုက်၏။
"ကျွန်မ သိပါပြီ။ သခင်ကြီး သွားပါတော့"
ဝိန်းယွီသည် ယခုမှသာ သူမ ခန္ဓာကိုယ်ပေါ်ရှိ တင်းကြပ်နေသော ကြိုးတစ်ချောင်း အနည်းငယ် လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ သို့သော် အရာအားလုံးက အဆုံးအဖြတ် မဟုတ်သေးချေ။ ထိုလူမိုက်ဘက်တွင် အသက်ရှင်နေသလား၊ သေသွားပြီလား ဆိုတာကိုလည်း မသိရသဖြင့် သူမ၏ ရင်ဘတ်ထဲတွင် တစ်ဝက်ခန့် ကြပ်တည်းနေဆဲ ဖြစ်သည်။
ကျိုးကျင့်အန်း ထွက်သွားပြီးနောက် သခင်မကြီးကျိုးက သူမ၏ မျက်နှာအမူအရာတွင် တောက်ပမှု မတွေ့ရသေးသည်ကို မြင်သောအခါ နှစ်သိမ့်ပေးလိုက်၏။
"မင်းသမီး စိတ်မပူပါနဲ့။ အဲ့ဒီ သူရဲကောင်း မိသားစုက ကံကောင်းတဲ့သူတွေမို့ ကောင်းကင်ဘုံက ကူညီပါလိမ့်မယ်"
ဝိန်းယွီသည် ပြတင်းပေါက် အပြင်ဘက်တွင် ဘယ်အချိန်ကတည်းက ထပ်မံကျဆင်းနေမှန်း မသိသော နှင်းပွင့်ငယ်များကို ကြည့်ကာ ပြောလိုက်သည်။
"ဘေးကင်းပါစေလို့ပဲ မျှော်လင့်ရတာပါပဲ"
....
ဟန်ထန်ကျုံးသည် မနေ့ညက အင်္ကျီပါးတစ်ထည်တည်း ဝတ်ဆင်ထားလျက် အပြင်သို့ ဆွဲထုတ်ခံရပြီး ညတစ်ဝက်နီးပါး အအေးခံခဲ့ရသည်။ ယနေ့ မနက်တွင်တော့ ခေါင်းကိုက်ပြီး ဖျားနာလေတော့သည်။ သို့သော် သည်ကိစ္စမျိုး ဖြစ်ပျက်သွားခဲ့သဖြင့် သူ၏ အသက်အန္တရာယ်ပင် မသေချာတော့ရာ သဘာဝကျစွာပင် အိမ်ပြန်ပြီး လဲလျောင်းမနေရဲခဲ့ချေ။
ကျန်းဟူ ဦးဆောင်သည့် အဖွဲ့အပါအဝင် လောင်းကစားရုံအတွင်းရှိ ရှောင်းလိနှင့် ဆက်ဆံရေး အတော်အတန် ရင်းနှီးသူ အားလုံးကို မနေ့ညကတည်းက အစောင့်စစ်သည်များက အချုပ်ခန်းထဲသို့ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရှောင်းလိ၏ သွားရာလမ်းကြောင်းကို စစ်ဆေးမေးမြန်းခဲ့ကြပြီး ဟော်ရှောင်အန်း တစ်ယောက်တည်းသာ ယခုအထိ ရှာမတွေ့သေးဘဲ ကျန်ရစ်နေ၏။
အစိုးရရုံးဘက်မှ ရှောင်းလိကို သိကျွမ်းသူများကို လိုက်ပါစေလွှတ်ကာ လက်ညှိုးထိုး ပြသရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူသည် လောင်းကစားရုံတွင် ကျန်ရှိနေသော လူမိုက်များ အားလုံးကို အရာရှိများ အသုံးပြုနိုင်ရန်အတွက် စေလွှတ်လိုက်လေသည်။
မနက် ၁၀ နာရီ မကျော်ခင်မှာပင် အစောင့်စစ်သည်များနှင့်အတူ နေရာအနှံ့ လိုက်လံရှာဖွေနေသော ထိုလူစုသည် လောင်းကစားရုံသို့ ပြန်ရောက်လာကြသည်။
ဟန်ထန်ကျုံးသည် အဖျားတက်နေသဖြင့် ပါးစပ်နှင့် လည်ချောင်းများ ခြောက်ကပ်နေ၏။ နဖူးပေါ်တွင် ပဝါတစ်ထည်ကို တင်ထားပြီး လက်ရန်းပါသော ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း မေးလိုက်လေသည်။
"ဘယ်လိုလဲ။ အဲ့ဒီ သားအမိ နှစ်ယောက်ကို ရှာတွေ့ပြီလား"
လူစုထဲမှ ဦးဆောင်သူက ပြောလိုက်သည်။
"ရှာမတွေ့ပါဘူး။ ကျွန်တော်တို့ မြို့အနောက်ဘက် လမ်းဟောင်းဘက်ကို ရောက်တုန်းလေးမှာပဲ အစောင့်စစ်သည်တွေက တောင်ဘက် မြို့တံခါးမှာ ရှောင်းလိကို တွေ့သွားကြတယ်။ အစောင့်အရာရှိတွေက ကျွန်တော်တို့ကို အသုံးမလိုတော့ဘူး ဆိုတာနဲ့ ကျွန်တော်တို့က သခင်ကြီးကို အကြောင်းပြန်ဖို့ အရင် ပြန်လာခဲ့တာပါ"
သူက စကားကို နည်းလမ်းတကျ ပြောဆိုသွား၏။ ဟန်ထန်ကျုံးမှာလည်း ကိုယ့်ကိုယ်ကို မည်သို့ ကာကွယ်ရမည်ကို စိတ်ပူနေရသဖြင့် သူတို့ ပြန်လာခြင်းက အပျင်းထူချင်၍လား၊ သို့မဟုတ် တကယ်ပဲ မိမိကို အကြောင်းပြန်ရန်လား ဆိုသည်ကို စူးစမ်းရန် အချိန်မရှိချေ။ အအေးမိခြင်းကြောင့် ခေါင်းက အလွန် ကိုက်ခဲနေသဖြင့် သူသည် မျက်လုံးများကို မှိတ်ထားရင်း မေးလိုက်သည်။
"အစိုးရရုံးက လူတွေက ရှောင်းလိ ဆီကနေ လိုချင်တဲ့ ပစ္စည်းကို ရှာတွေ့သွားပြီလား"
ဦးဆောင်သူက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
"သူ့ကို မဖမ်းမိသေးဘူးလို့ ကြားပါတယ်။ တောင်ဘက် မြို့တံခါးဘက်က လမ်းကြားတစ်ခုထဲမှာ သူ့ကို ပိတ်ဆို့ထားရုံပဲ ရှိပါသေးတယ်တဲ့"
ဟန်ထန်ကျုံးက ထိုစကားကို ကြားသောအခါ မျက်ခွံများကို ပင့်လိုက်ပြီး မေးလိုက်၏။
"သူ့ရဲ့ အမေအိုကြီးနဲ့ မွေးစားအမေတွေရော မရှိဘူးလား"
လက်အောက်ငယ်သားက ခေါင်းခါပြလိုက်သည်။
"သူ့အမေကို တွေ့တယ်လို့ မကြားပါဘူး"
ဟန်ထန်ကျုံး၏ ပါးနှပ်ပြီး တွက်ချက်တတ်သည့် မျက်လုံးတစ်စုံသည် အတွေးနစ်နေရင်းက ကျဉ်းမြောင်းသွားခဲ့၏။ သူက ရေရွတ်လိုက်လေသည်။
"ဒါကတော့ အဓိပ္ပါယ်မရှိတော့ဘူး... မနေ့ညက မြို့တံခါး ပိတ်ထားပြီဆိုတော့ သူတို့တွေ ညဘက်မှာ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီမနက်လည်း မြို့တံခါး လေးပေါက်လုံးကို အသေအချာ စောင့်ကြပ်နေတာ။ အဲ့ဒီ သားအမိတွေ မြို့ပြင်ကို ထွက်လို့ မရနိုင်ပါဘူး။ အဲ့ဒီ ပြည့်တန်ဆာမတွေက သူနဲ့ အတူတူ မရှိဘူးဆိုတော့ ဘယ်နေရာမှာ ပုန်းနေနိုင်ဦးမှာလဲ..."
ရုတ်တရက် သူသည် အတွေးတစ်ခုကို ဖမ်းဆုပ်မိသွားသယောင် ရှိကာ နဖူးပေါ်တွင် တင်ထားသော ပဝါကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး အနည်းငယ် ထထိုင်ကာ မေးလိုက်၏။
"မင်း ခုနက ပြောလိုက်တာက ဘယ်နေရာကို ရှာဖွေနေတုန်း ရှောင်းလိက ပေါ်လာတာလဲ"
အမေးခံရသော လူမိုက်ခေါင်းဆောင်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"မြို့အနောက်ဘက် လမ်းဟောင်းပါ"
ဟန်ထန်ကျုံးသည် ချက်ချင်းပင် အလွန် ဝမ်းသာသွားပြီး ချောင်းဆိုးရင်း ရယ်မောလိုက်သည်။
"ကောင်းလိုက်တာ။ တောင်ပေါ်က ကျားကို မျှားခေါ်တဲ့ အကြံကို သုံးထားတာကိုး"
လူမိုက် တစ်သိုက်မှာ ဘာမှ ဝင်မပြောကြချေ။ ဟန်ထန်ကျုံးက မိမိ စကားမှားသွားမှန်း သိလိုက်သဖြင့် နောက်ထပ် နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီး သူတို့ဘက်သို့ လက်ရမ်းပြကာ ဆုတ်ခွာရန် အချက်ပြလိုက်၏။
လောင်းကစားရုံ ဆိုင်တာဝန်ခံက ချက်ချင်း နားလည်သွားပြီး လူစုကို ပြောလိုက်သည်။
"မင်းတို့တွေ အရင် ထွက်သွားကြတော့"
လူအားလုံး အခန်းပြင်သို့ ထွက်သွားပြီးနောက်မှ သူက မြှောက်ပင့်ကာ ပြောလိုက်၏။
"သခင်ကြီး ပြောချင်တာက... ရှောင်းလိက သူ့ရဲ့ အဲ့ဒီ ပြည့်တန်ဆာ အမေတွေကို မြို့အနောက်ဘက် လမ်းဟောင်းမှာ အကုန် ဖွက်ထားတယ် ဆိုတဲ့ သဘောလား"
ဟန်ထန်ကျုံး၏ အိုမင်းနေသော မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားပြီး ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"မမှားနိုင်ဘူး။ ငါက အဲ့ဒီ ရှောင်း ဆိုတဲ့ကောင်ကို ကြီးလာတဲ့အထိ ကြည့်လာခဲ့တာ။ အရင်ကတည်းက သူ့ကို တစ်ချိန်လုံး အသုံးချချင်ခဲ့တာက သူ့ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ဖို့ အလွယ်ဆုံး ဖြစ်နေလို့ပဲ။ သူက ပြည့်တန်ဆာအိမ်လည်း မသွားဘူး၊ လောင်းကစားလည်း မလုပ်ဘူး။ သူ့လက်သီးနဲ့ ရှာလို့ရတဲ့ ငွေလေး နည်းနည်းကို သူ့အမေအရင်းကို ဆေးဝယ်တိုက်ဖို့ မဟုတ်ရင် ကျွေးဟုန်ဂေဟာက ဝူမားမား လက်ထဲကို သွားပေးတာပဲ။ အဲ့ဒါမှ သူ့ရဲ့ မွေးစားအမေတွေ ပြည့်တန်ဆာအိမ်မှာ နေရတာ ပိုအဆင်ပြေမှာမို့လို့လေ။ ပြည့်တန်ဆာမ တချို့ကတောင် သားလိမ္မာ တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တာပဲ"
သူသည် ဤနေရာအထိ ပြောလိုက်သောအခါ လေသံထဲတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေ၏။ ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"အစိုးရရုံးက သူ့ကို တစ်မြို့လုံး ပတ်ရှာနေတာကို သူက အစောကြီးလည်း မပေါ်လာဘူး၊ နောက်ကျမှလည်း မပေါ်လာဘူး။ အစိုးရရုံးက မြို့အနောက်ဘက် လမ်းဟောင်းကို ရှာဖွေနေတဲ့ အချိန်ကျမှ ကွက်တိ ပေါ်လာတာလေ။ အဲ့ဒါက အစောင့်စစ်သည်တွေ သူ့ရဲ့ ပြည့်တန်ဆာ အမေတွေကို တွေ့သွားမှာ ကြောက်လို့ မဟုတ်ဘူးလား"
လောင်းကစားရုံ ဆိုင်တာဝန်ခံက မေးလိုက်သည်။
"ဒါဆို သခင်ကြီးရဲ့ သဘောက..."
ဟန်ထန်ကျုံးသည် ချောင်းဆိုးပြီးနောက် နှုတ်ခမ်းထောင့်ကို ပဝါဖြင့် ဖုံးအုပ်ကာ ပြောလိုက်သည်။
"မင်း အရင်က ဝမ်ချင်း လက်အောက်မှာ ရှိခဲ့တဲ့ လူတွေကို သွားရှာလိုက်။ သူတို့ကို မြို့အနောက်ဘက် လမ်းဟောင်းဆီ သွားပြီး ရှောင်းလိရဲ့ ပြည့်တန်ဆာ အမေတွေကို ရှာထုတ်ခိုင်းလိုက်။ တကယ်လို့ ငါ့ရဲ့ စာရင်းစာအုပ်ကို ရှာတွေ့နိုင်ရင် ငါက သီးသန့် ဆုငွေ အများကြီး ချီးမြှင့်မယ်"
ဟော်ခွန်းက ရှောင်းလိကို မဖမ်းမိသေးချိန်မှာ ငါကသာ သူ့အမေတွေကို ဖမ်းထားနိုင်ခဲ့ရင် သူက လက်မြှောက်အရှုံးမပေးဘဲ နေမှာကို ကြောက်စရာ မလိုတော့ဘူး။ ဒီအချက်ကို သုံးပြီး ဟော်ခွန်းကိုလည်း မျက်နှာလိုမျက်နှာရ လုပ်ပြနိုင်မှာပဲ။
"တကယ်လို့ ဟော်ခွန်း လိုချင်တဲ့ ပစ္စည်းကို တိုက်ရိုက် ရှာတွေ့နိုင်ခဲ့ရင် ငါက ဟန်မိသားစု ပိုင်ဆိုင်သမျှ အားလုံးကို ပုံအောပြီး ကိုယ့်အသက် တစ်ချောင်းအတွက် လွတ်လမ်းရှာဖို့ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာပဲ။
တောင်စိမ်းလေး ရှိနေသေးသရွေ့ ထင်းမရှိမှာကို ကြောက်စရာ မလိုပါချေ။
အသက်ကိုသာ ကာကွယ်နိုင်ခဲ့လျှင် ငွေကြေး စည်းစိမ် မည်မျှပင် ဖြစ်စေ ပြန်ရှာလို့ ရနိုင်သေး၏။
လောင်းကစားရုံ ဆိုင်တာဝန်ခံသည် ဟန်ထန်ကျုံးက ဝမ်ချင်း လက်အောက်က လူများကို ဤကိစ္စကို လုပ်ခိုင်းရသည့်အကြောင်းအရင်းကို သဘာဝကျကျပင် သေချာ သိနေသည်။
ထိုလူစုသည် ဝမ်ချင်းနှင့်တစ်ဖွဲ့တည်းဖြစ်ပြီး မည်သည့် ကိုယ်ကျင့်တရားကိုမှ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ကြချေ။ ငွေရမည်ဆိုလျှင် လူသတ်ခြင်း၊ မီးရှို့ခြင်း စသည့် မည်သည့် ယုတ်မာသော ကိစ္စမျိုးကိုမဆို သူတို့ လုပ်ရဲကြသည်။
ဟန်ထန်ကျုံး ယခင်က လက်ဝယ်ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အလုပ်တချို့ကိုလည်း သူတို့ကိုသာ အပ်နှံ၍ လုပ်ခိုင်းခဲ့ခြင်း ဖြစ်၏။
သို့သော် ရှောင်းလိက ထိုနေ့တွင် ဝမ်ချင်း၏ ခေါင်းကို ရိုက်ခွဲလိုက်ပြီးနောက် အာဏာရလာချိန်တွင် ဤလူများကို အကြောင်းပြချက် အမျိုးမျိုးရှာကာ လောင်းကစားရုံမှ တစ်ယောက်ပြီး တစ်ယောက် မောင်းထုတ်ခဲ့သည်။
ယခု လောင်းကစားရုံတွင် ကျန်ရှိနေသော ထိုလူမိုက်များသည် သစ္စာရှိပြီး ကောင်းမွန်သူများ မဟုတ်ကြသော်ငြားလည်း အလုပ်လုပ်ရာတွင် အမြဲတမ်း လမ်းကြောင်းတစ်ခု ချန်ထားတတ်ကြ၏။
ရှောင်းလိ၏သည်အခြေအနေက ဟန်ထန်ကျုံး သူ့ကို စွန့်ပစ်ခဲ့ခြင်းကြောင့် ဖြစ်လာခဲ့သည်ကို လူတိုင်း သိနိုင်သည်။ အကယ်၍များ ဟန်ထန်ကျုံးက ယခုနေ သူ့လက်ထဲကလူများကို ရှောင်းလိ၏အမေများအား သွားရောက်နှောင့်ယှက်ခိုင်းခဲ့လျှင် ဒါက ကျင့်ဝတ်ပျက်ပြားရာ ကျလိမ့်မည်။ နောင်တွင် ထိုလူစုသည် သူ့အပေါ် ထပ်ပြီး သစ္စာစောင့်သိရဲတော့မည် မဟုတ်မှာ စိုးရိမ်ရသည်။
ထို့ကြောင့် ပိုသေချာစေရန်အတွက် ဤအလုပ်ကို ဝမ်ချင်း လက်အောက်က လူများကိုသာ လုပ်ခိုင်းခြင်းက ပိုကောင်းလိမ့်မည်။
တိုက်ဆိုင်စွာပင် သူတို့သည်လည်း ရှောင်းလိနှင့် နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး ရန်ငြိုး အနည်းငယ်စီ ရှိနေကြရာ ဤအလုပ်ကို လက်ခံရန် အလွန်ပင် ဝမ်းသာနေကြမည်မှာ သေချာ၏။
လောင်းကစားရုံ ဆိုင်တာဝန်ခံက ပြုံးလျက် မြှောက်ပင့်ကာ ပြောလိုက်၏။
"သခင်ကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ တကယ်လို့ ရှောင်းလိရဲ့ အဲ့ဒီ အမေတွေကို ရှာတွေ့ခဲ့ရင် အစိုးရရုံးဘက်က သူ့ကို ချက်ချင်း ဖမ်းမမိနိုင်ရင်တောင် သူ့ကို လက်မြှောက်အရှုံးပေးလာအောင် ဖိအားပေးဖို့ နည်းလမ်းတွေ ရှိလာမှာပါ"
....
ပြင်းထန်သော နှင်းမုန်တိုင်းသည် ဝါဂွမ်းများနှယ် ကျဆင်းနေပြီး ကျီးကန်းများ၏ အော်မြည်သံကလည်း ငိုကြွေးနေသည့်နှယ် ရှိနေ၏။
ရှောင်းလိ၏ ပခုံးထက်တွင် မြားတစ်စင်း စိုက်ဝင်နေသည်။ သူသည် လုံးဝ မတ်တတ်မရပ်နိုင်သလောက် ဖြစ်နေပြီး ဓားကို အားပြုကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားရုံသာ တတ်နိုင်တော့၏။ သွေးစိမ်းရှင်ရှင်များက သူ၏ လက်ပေါ်တွင် ဓားရိုးကို ရစ်ပတ်ထားသော အဝတ်စကို စိုရွှဲနေစေပြီး အဝတ်စ၏ အစွန်းတစ်လျှောက်မှ မြေပြင်ပေါ်သို့ တစ်စက်ပြီး တစ်စက် ဆက်တိုက် ကျဆင်းနေကာ ထိုရွှံ့နွံများကို ချက်ချင်းပင် အနီရောင် သွေးကွက်ငယ်တစ်ခုအဖြစ် ပြောင်းလဲသွားစေတော့သည်။
ဓားကို အားပြုထားသော သူ့လက်မှာ မသိမသာ တုန်ယင်နေသည်။ခွန်အားကုန်ခမ်းသွားခြင်းကြောင့် ဖြစ်ပေ၏။
မြေပြင်ကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေသော မျက်လုံးတစ်စုံသည် နဖူးထောင့်မှ သွေးများ စီးဝင်သွားခြင်းကြောင့်လား သို့မဟုတ် တကယ်ပင် လူသတ်ချင်စိတ်ကြောင့် မျက်လုံးများ နီရဲနေခြင်းလား မသိရချေ။ မည်သို့ပင်ဖြစ်စေ ထိတ်လန့်ဖွယ်ကောင်းသော အနီရောင်များ စိမ့်ဝင်နေသည်။
ဤလမ်းကြားအဆုံးရှိ နံရံအောက်ခြေမှသည် လမ်းကြားအဝအထိ နေရာအနှံ့တွင် သွေးစွန်းနေသော သွေးကွက်များ ကျန်ရစ်နေ၏။
သူ၏ သွေးများလည်း ပါဝင်သလို အခြားသူများ၏ သွေးများလည်း ပါဝင်သည်။
လမ်းကြားအပြင်ဘက်မှ မြားပစ်လိုက်သော ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်က လေးကို သိမ်းလိုက်ပြီး ဘေးဘယ်ညာရှိ သူ့လူများကို ပြောလိုက်သည်။
"သူ့မှာ ခွန်အား မရှိတော့လောက်ဘူး။ သူ့ကို ဆွဲထုတ်လာခဲ့ကြ"
တပ်ခွဲမှူးက သူ့ အနောက်ဘက်သို့ လက်တစ်ချက် ဝှေ့ယမ်းပြလိုက်သည်နှင့် ချက်ချင်းပင် အစောင့်စစ်သည် နှစ်ယောက်က လမ်းကြားထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားကြသည်။
အဆုံးရှိ နံရံအောက်ခြေတွင် မှီနေသော ထိုလူသည် တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်နှက်နေ၏။ ဝိုင်းဝန်း အမဲလိုက်ခံရသဖြင့် ရက်စက်မှုများ ပျောက်ဆုံးသွားပြီး သူတစ်ပါး၏ သတ်ဖြတ်ခြင်းကို ခံယူရန် အသင့်ဖြစ်နေသော ချောင်ပိတ်မိနေသည့် သားရဲတစ်ကောင် သယောင်။ သို့သော် ဤလမ်းကြားထဲရှိ ပြင်းထန်လှသော သွေးညှီနံ့၏ နှိုးဆွခံလိုက်ရခြင်းလား မသိချေ။ အစောင့်စစ်သည် နှစ်ယောက်မှာ ရှေ့သို့ တိုးသွားလေလေ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု ပိုတိုးလာလေလေ ဖြစ်နေတော့သည်။
...