← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အပိုင်း (၂၇)

ဟန်မိသားစု၏ လျှို့ဝှက်အိမ်တော်။

နှင်းစက်များသည် ဆားများ ပက်ဖြန်းနေသည့်နှယ် ကျဆင်းနေပြီး မြေပြင်ပေါ်တွင်လည်း စိုစွတ်နေသော အရိပ်အယောင်များ ရှိနေ၏။ ဟန်ထန်ကျုံးသည် သိုလှောင်ရုံထဲမှ သေတ္တာကြီးများကို တစ်လုံးပြီးတစ်လုံး သယ်ထုတ်နေကြသော လူမိုက်များကို ကြည့်ကာ ကြမ်းတမ်းသော လေသံဖြင့် အလျင်စလို ပြောလိုက်သည်။ "မြန်မြန်လုပ်ကြ! မြန်မြန်လုပ်!"

ကျောက်ပြားခင်းထားသော မြေပြင်သည် ရေခဲများ ဖုံးလွှမ်းနေသည်။ လူမိုက်တစ်ယောက်သည် သေတ္တာကိုသယ်မကာ ဖြတ်လျှောက်သွားစဉ် ခြေချော်ကာ လဲကျသွား၏။ သေတ္တာသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အတွင်းမှ ဖြူဖွေးတောက်ပနေသော ငွေတုံးများသည် အပြင်သို့ လိမ့်ထွက်လာရာ အခြားလူမိုက်များအားလုံး မျက်လုံးပြူးကာ ကြည့်နေမိကြတော့သည်။

ဟန်ထန်ကျုံးသည် အနားသို့ လျှောက်သွားကာ ခြေထောက်ဖြင့် လှမ်းကန်လိုက်ပြီး ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ "ငတုံး! မင်း ဘယ်လို အလုပ်လုပ်နေတာလဲ"

ထိုလူမိုက်သည် ဟန်ထန်ကျုံး၏ ကန်ကျောက်ခြင်းကို ခံရသော်လည်း အသံမထွက်ရဲချေ။ ဟန်ထန်ကျုံးသည် စကားအနည်းငယ် ထပ်မံဆဲဆိုလိုက်ပြီးမှ ပြောလိုက်သည်။ "ငွေတွေကို သေတ္တာထဲ မြန်မြန်ပြန်ကောက်ထည့်ပြီး မြင်းလှည်းပေါ်ကို အမြန်သယ်သွားစမ်း!"

လူမိုက်တစ်ချို့သည် ရှေ့သို့တိုးကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ငွေများကို ကောက်ယူကြသည်။ လောင်းကစားရုံမှ ဆိုင်တာဝန်ခံသည်ကား ရေနွေးတစ်ခွက်ကို လေးစားသမှုဖြင့် သူ့ကို ကမ်းပေးလိုက်သည်။ "သခင်ကြီး၊ ကိုယ်တွင်းနွေးသွားအောင် ရေနွေးလေး တစ်ခွက်လောက် သောက်လိုက်ပါဦး။ ဒေါသကိုလည်း လျှော့ပါဦး"

ဟန်ထန်ကျုံးသည် ရေနွေးခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်လုံးအစုံသည်ကား ငွေသေတ္တာများကို သယ်ဆောင်နေကြသော လူမိုက်များကိုသာ စူးစိုက်ကြည့်နေဆဲ။

သူ၏ အဓိကအိမ်တော်သည် ပြီးခဲ့သည့်ညကပင် ဟော်ခွန်း၏ လက်အောက်ငယ်သားများ၏ ရှင်းလင်းပြောင်စင်အောင် လုယက်ယူငင်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း သူသည် နှစ်ပေါင်းများစွာ စီးပွားရှာလာခဲ့သူဖြစ်ရာ သူ၏ပိုင်ဆိုင်မှုများသည် ထိုတစ်နေရာတည်းသာမကဘဲ အခြားနေရာများတွင်လည်း ရှိနေခဲ့၏။

ယခင်က ဟော်ခွန်း၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး မြို့တံခါးကြီးလေးပေါက်လုံး ပိတ်ဆို့ခံထားရကာ သူ၏ အသက်သည်လည်း တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေခဲ့သည်။ ထို့ကြောင့်သာ သူသည် နေရာတိုင်းတွင် အောက်ကျို့ကာ နေခဲ့ရသည်။

အခုတော့ ဟော်ခွန်းသည် အာဏာလက်မဲ့ ဖြစ်သွားခဲ့ပြီ။ ဤသည်ကား ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ယုံချန်မြို့မှ ထွက်ခွာရန် အကောင်းဆုံး အချိန်အခါကောင်းတစ်ခုပင်။

နောက်ဆုံး ငွေသေတ္တာတစ်လုံးကို မြင်းလှည်းပေါ်သို့ တင်လိုက်သည်နှင့် အပြင်ဘက်တွင် ကင်းစောင့်နေသောသူသည် ချော်လဲတော့မတတ် ပြေးဝင်လာကာ သတင်းပို့လိုက်သည်။ "သခင်ကြီး! သခင်ကြီး! ပြဿနာကြီး တက်ပြီ!"

ဟန်ထန်ကျုံးသည် မျက်ခွံကိုပင့်ကာ အော်ငေါက်လိုက်သည်။ "ဒီလောက်တောင် ပြာယာခတ်နေရအောင် တစ္ဆေကများ လိုက်ဖမ်းနေလို့လား"

ထိုလူရမ်းကားလေးသည် အသက်ကို ပြင်းပြင်းရှူကာ ထိတ်လန့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "စစ်သည်တွေ ဒီဘက်ကို လာနေကြတယ်!"

ဟန်ထန်ကျုံး၏ မျက်နှာအရောင်မှာ ပြောင်းလဲသွားပြီး လက်ထဲမှ လက်ဖက်ရည်ပန်းကန်လုံးကို အလျင်အမြန် ချလိုက်သည်။ "ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာရတာလဲ"

ဒီလျှို့ဝှက်အိမ်တော်ကို အရမ်းကို လုံခြုံအောင် လုပ်ထားတာပဲ။ ပုံမှန်ဆိုရင်လည်း ဒီကို လာခဲတယ်။ လက်အောက်ငယ်သားတွေတောင် ငါ ငွေတွေကို ဒီလိုဝှက်ထားမှန်း မသိကြဘူး။ စစ်သည်တွေက ဘယ်လိုလုပ်ပြီး ဒီကို ရှာတွေ့သွားတာလဲ။

သို့သော်လည်း ယခုအချိန်သည် ထိုအရာများကို တွေးတောနေရမည့် အချိန်မဟုတ်ချေ။ သူသည် လူရမ်းကားခေါင်းဆောင် တစ်ယောက်ကို ချက်ချင်း လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်း လူတစ်စုကို ခေါ်သွားပြီး လမ်းမပေါ်မှာ ပြဿနာသွားရှာစမ်း။ စစ်သည်တွေကို ခဏလောက် အချိန်ဆွဲထားလိုက်။ ကျန်တဲ့လူတွေ အားလုံး ငွေတင်ထားတဲ့ မြင်းလှည်းကို စောင့်ရှောက်ပြီး နောက်ဖေးတံခါးကနေ အခုချက်ချင်း ထွက်သွားကြ!"

လက်အောက်ငယ်သားများက အသီးသီး ခေါင်းညိတ် သဘောတူလိုက်ကြ၏။

သို့သော်လည်း လူရမ်းကားအုပ်စုသည် စစ်သည်များကို အချိန်အကြာကြီး မဆွဲထားနိုင်ခဲ့ချေ။

ဟန်ထန်ကျုံး၏ ငွေများ သယ်ဆောင်လာသော မြင်းလှည်းသည် နောက်ဖေးလမ်းကြားမှ ထွက်လာသည်နှင့် စစ်သည်များက အမီလိုက်လာခဲ့ကြသည်။

အခြေအနေ မဟန်သည်ကို မြင်သောအခါ ဟန်ထန်ကျုံးသည် ရက်စက်သော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူသည် လက်အောက်ငယ်သားများကို ငွေသေတ္တာ အနည်းငယ်ကို ဖွင့်ခိုင်းပြီး မြင်းလှည်းပေါ်မှ အောက်သို့ တွန်းချခိုင်းလိုက်၏။

လမ်းမကြီးပေါ်သို့ ရုတ်တရက် ဖြူဖွေးနေသော ငွေသေတ္တာများ ပြုတ်ကျလာသောအခါ ပြည်သူလူထုသည် လုယက်ရန်အတွက် အုံနှင့်ကျင်းနှင့် ပြေးလာကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းမကြီးတစ်ခုလုံး လူများဖြင့် ပြည့်ကျပ်သွားပြီး မြင်းစီးကာ လိုက်လံဖမ်းဆီးနေသော စစ်သည်များက မည်မျှပင် အော်ဟစ်နေပါစေ နောက်ဆုံးတွင် လမ်းရှင်းပေးမည့်သူ မရှိခဲ့ချေ။ ထို့ကြောင့် သူတို့သည် လမ်းလွှဲကာ ဆက်လက် ဖမ်းဆီးရန်သာ တတ်နိုင်တော့သည်။

ဟန်ထန်ကျုံးသည် စစ်သည်များကို ယာယီအားဖြင့် ဖြတ်ချနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချနိုင်သွားခဲ့သည်။

သို့သော် သူ၏ ပျော်ရွှင်မှုသည် အချိန်အကြာကြီး မခံခဲ့ပေ။ လမ်းမကြီး၏ မလှမ်းမကမ်းတွင် ဓားကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေသော လူကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာသည် ထပ်ပြောင်းလဲသွားပြန်သည်။

ဆောင်းရာသီ၏ ပြင်းထန်သော နှင်းမုန်တိုင်းထဲတွင် ရှောင်းလိ၏ ဝတ်ရုံသည် သွေးများ စွန်းထင်းနေပြီး သူ၏ စိုစွတ်နေသော ဆံပင်များတွင်လည်း ရေခဲများ တင်နေ၏။ သူ၏ မျက်နှာတစ်ဝက်တွင် ခြောက်သွေ့ကာ မည်းညစ်နေသော သွေးကွက်များ ကပ်ငြိနေပြီး လက်ထဲတွင်လည်း ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူသည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော မြင်းလှည်းများကို အေးစက်စွာ စိုက်ကြည့်နေပြီး သားရဲတစ်အုပ်၏ ကိုက်ဖြတ်ခြင်းမှ လွတ်မြောက်လာကာ လက်စားချေရန် ရောက်ရှိလာသော အထီးကျန် ဝံပုလွေတစ်ကောင်နှယ်။

မြင်းလှည်းမောင်းသူသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် လူသတ်ချင်သော အရှိန်အဝါကြောင့် လန့်ဖျပ်သွားပြီး မသိစိတ်က အလိုလို မြင်းလှည်း၏ အရှိန်ကို လျှော့ချလိုက်မိသည်။ သူက ခေါင်းလှည့်ကာ မေးလိုက်သည်။ "သခင်ကြီး၊ ဘယ်လိုလုပ်ကြမလဲ"

ဟန်ထန်ကျုံးသည် ရှောင်းလိ တစ်ယောက်တည်းသာ လမ်းပိတ်ရပ်နေသည်ကို မြင်သောအခါ မျက်လုံးကိုမှေးကာ ရက်စက်သော လေသံဖြင့် အော်ပြောလိုက်သည်။ "ဒီအတိုင်း ဝင်တိုက်သွားလိုက်!"

မြင်းလှည်းမောင်းသူက အနည်းငယ် တွေဝေနေဆဲဖြစ်ရာ ယခင်က ဟော်ရှောင်အန်းကို အပြင်းထန်ဆုံး ရိုက်နှက်ခဲ့သော ထိုလူမိုက်က သူ့ကို တွန်းဖယ်ကာ အော်ပြောလိုက်သည်။ "ငါပဲ လုပ်မယ်!"

သူ၏ နာမည်မှာ ဝမ်ချန် ဖြစ်သည်။ ဝမ်ချင်းနှင့် သူသည် ညီအစ်ကိုဝမ်းကွဲများ ဖြစ်ကြပြီး နှစ်ယောက်စလုံးမှာ ခွေးရူးများလို အကျင့်စရိုက် တူညီကြသူများ ဖြစ်သည်။

ယခုအချိန်တွင် သူသည် လက်ကိုမြှောက်ကာ မြင်းကြာပွတ်ကို အားကုန်လွှဲရိုက်လိုက်သည်။ မြင်းသည် အရှိန်ပြင်းပြင်း ပြေးထွက်သွားပြီး ရှေ့တွင် ရပ်နေသောသူကို အပြင်းအထန် ဝင်တိုက်ရန် ဦးတည်သွားတော့သည်။

ဝမ်ချန်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး ရှောင်းလိ တိုက်ခိုက်ခံရကာ လွင့်ထွက်သွားမည့် အချိန်ကို စောင့်မျှော်နေခဲ့သည်။ သို့သော် မြင်းလှည်းကို ဆွဲနေသော မြင်းသည် ရုတ်တရက် အသံနက်ကြီးဖြင့် ဟီလိုက်ပြီး ရှေ့သို့ မှောက်လျက် လဲကျသွားကာ အရှိန်ကြောင့် မြင်းလှည်းတစ်စီးလုံးလည်း ဘေးဘက်သို့ လဲကျသွားတော့သည်။

မြင်းလှည်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ မှောက်ကျသွားပြီး ဝမ်ချန်နှင့် ဟန်ထန်ကျုံးတို့ နှစ်ယောက်စလုံးမှာလည်း လွင့်ထွက်သွားကာ ခေါင်းများ မူးနောက်သွားကြသည်။ အတွင်းရှိ ငွေသေတ္တာ အများအပြားသည်လည်း "ခွမ်" ခနဲ မြည်ကာ အချင်းချင်း တိုက်မိကြသည်။ သေတ္တာ၏ သော့ခလောက်များ ကျိုးပျက်သွားပြီး ဖြူဖွေးနေသော ငွေတုံးများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

ဝမ်ချန်သည် မြင်းလှည်း၏ ကိုယ်ထည်ကိုကိုင်ကာ ဆဲဆိုရင်း မတ်တတ်ရပ်လိုက်၏။ သူသည် မျက်လုံးကို ပင့်ကြည့်လိုက်သောအခါ ရှေ့တွင် ပြတ်တောက်နေသော မြင်း၏ ရှေ့ခြေနှစ်ဖက်နှင့် အောက်သို့ သွေးများ စီးကျနေသော ဓားရှည်တစ်လက်ကို မြင်တွေ့လိုက်ရ၏။

ဓားကို ကိုင်ဆောင်ထားသောသူသည် ရှုပ်ပွနေသော ဆံပင်များအောက်မှ အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် သူတို့ကို အသက်မဲ့နေသော အရာဝတ္ထုများကို ကြည့်နေသည့်နှယ် စိုက်ကြည့်နေသည်။

သူ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားချိန်မှာပင် နောက်ဘက်ရှိ မြင်းလှည်းများသည် လမ်းပိတ်သွားသဖြင့် ရပ်တန့်လိုက်ရသည်။ ထို့နောက် မြင်းလှည်းပေါ်ရှိ လူမိုက်များ အားလုံးသည် အောက်သို့ ခုန်ဆင်းလာကြပြီး ပြင်းထန်သော အရှိန်အဝါများဖြင့် ရှောင်းလိကို ရင်ဆိုင်ရန် အသင့်အနေအထား ရှိနေကြ၏။

လူအင်အား သာလွန်မှုကြောင့် ဝမ်ချန်၏ ရင်ထဲရှိ အကြောက်တရားများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူက အော်ပြောလိုက်သည်။ "ရှောင်းလိ၊ မင်း သေချင်နေတာလား"

ဟန်ထန်ကျုံးသည် လူတစ်ယောက်၏ တွဲကူမှုဖြင့် မတ်တတ်ရပ်လိုက်ပြီး ထိတ်လန့်နေဆဲ လေသံဖြင့် အော်ပြောလိုက်သည်။ "လက်နက်တွေ ယူပြီး အတူတူ ဝင်တိုက်ကြစမ်း! သူ့ကို အမြန်ရှင်းပစ်လိုက်! ဒီမှာ အချိန်အများကြီး ဖြုန်းနေလို့ မရဘူး!"

ဝမ်ချန် ဦးဆောင်သော လူစုသည် မြင်းလှည်းထဲမှ ဓားလက်နက်များကို ချက်ချင်း ထုတ်ယူလိုက်ကြပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ ရှောင်းလိထံသို့ ပြေးဝင်သွားကြတော့သည်။

ယခင်ကဆိုလျှင် သူတို့သည် သူ့ကို ကြောက်ရွံ့ကြပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် ရှောင်းလိသည် တစ်ကိုယ်လုံး သွေးများပေကျံနေပြီး ဒဏ်ရာအပြင်းအထန် ရထားဟန်တူသည်။ ထို့အပြင် အနောက်ဘက်က မြင်းလှည်းထဲတွင်လည်း ဖြူဖွေးနေသော ငွေသေတ္တာများ အပြည့်ရှိနေသည်။ ဤမျှ ကြီးမားလှသော စည်းစိမ်ချမ်းသာကို မြင်တွေ့နေရချိန်တွင် အသက်ကိုစတေးပြီး မစွန့်စားချင်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

ရှောင်းလိသည် သူ့ထံသို့ တိုးကပ်လာသော လူအုပ်ကြီးကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။

အနီရောင် ခပ်ဖျော့ဖျော့ လွှမ်းခြုံနေသော သူ၏ မျက်လုံးများထဲတွင် လွင့်စင်လာသော နှင်းပွင့်များသည် ထိုအခိုက်အတန့်တွင် အလွန်နှေးကွေးစွာ ကျဆင်းနေသယောင် ထင်ရသည်။ ဓားများကိုင်ကာ သူ့ထံသို့ အပြေးအလွှား လာနေကြသော လူများ၏ လှုပ်ရှားမှုများသည်လည်း အလွန်နှေးကွေးသွားပြီး သူတို့၏ မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အမူအရာများပင်လျှင် အလွန်နှေးကွေးသော နှုန်းဖြင့် ပေါ်ထွက်လာနေသယောင်ပင်။

ထိုလူအုပ်ကြီးသည် သူ့ထံသို့ ခြေလှမ်းအနည်းငယ်မျှသာ လိုတော့သည့်အချိန်တွင် သူ၏ လက်ထဲရှိ ဓားရှည်သည် ဘေးဘက်သို့ စောင်းသွားကာ ဓားသွားသည် အပြင်ဘက်သို့ ဦးတည်သွားခဲ့သည်။ သူသည် အရှေ့သို့ အရှိန်တင်ကာ ပြေးထွက်သွားသည့် အခိုက်အတန့်တွင် နှေးကွေးစွာ ကျဆင်းနေသော နှင်းပွင့်တစ်ပွင့်ကို ဖြတ်တောက်သွားပြီးနောက် အသားလွှာများကို ခွဲခြမ်းကာ သွေးစက်များက လွှင့်စင်သွားတော့ခဲ့သည်။

ထို့နောက် သူသည် နောက်ဆုံးတွင် ရှိနေသော ဝမ်ချန်၏ လည်မျိုကို လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဝမ်ချန်သည် လည်ပင်းမှ ခံစားရသော အသက်ရှူကျပ်သည့် ဝေဒနာကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူသည် ရှေ့တွင် ဓားကိုင်ထားသော လူများ၏ ခန္ဓာကိုယ်များ ရုတ်တရက် ရပ်တန့်သွားသည်ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။ သူတို့သည် ကြိုးဆွဲခံထားရသော ရုပ်သေးရုပ်များ၏ ကြိုးများ ရုတ်တရက် ပြတ်တောက်သွားသည့်နှယ် လည်ပင်းများမှ သွေးများ စီးကျလာပြီး တစ်ယောက်ပြီးတစ်ယောက် အရိုးမရှိတော့သည့်အလား ရုတ်တရက် လဲကျသွားကြတော့သည်။

ဝမ်ချန်သည် ရှောင်းလိက သူ၏လည်မျိုကို ဆုပ်ကိုင်ထားသော လက်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ကိုင်ထားလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ တကယ်ကို ကြောက်လန့်သွားခဲ့ပြီ။ သူက တံတွေးများကို အကြိမ်ကြိမ် မျိုချရင်း ပြောလိုက်သည်။ "ရှောင်း... အစ်ကိုရှောင်း၊ အစ်ကိုလည်း သိပါတယ်။ သူများဆီက ငွေယူထားရင် သူများခိုင်းတာ လုပ်ပေးရတယ်လေ။ အစ်ကို့အမေကို သွားရှာတာရော၊ ဟော်ရှောင်အန်းကို ရိုက်နှက်တာရော၊ အားလုံးက သခင်ကြီးက ကျွန်တော့်ကို လုပ်ခိုင်းလို့ပါ။ အစ်ကို... အစ်ကို လက်စားချေချင်ရင် သူ့ကိုသာ သွားရှာပါ! ကျွန်တော်က ငွေရလို့ အလုပ်လုပ်ပေးရုံ သက်သက်ပါ..."

ရှောင်းလိသည် ဘာစကားမှ မပြောချေ။ သူ့လက်ထဲမှ သွေးများ စီးကျနေသော ဓားသည် အေးစက်သော လေပြေ တိုက်ခတ်မှုကြောင့် အပေါ်တွင် ကြက်သွေးရောင် ရေခဲတစ်လွှာ ဖုံးလွှမ်းသွားသယောင်။ သူ၏ သွေးရောင်လွှမ်းနေသော အေးစက်သည့် မျက်လုံးများ အောက်ခြေတွင်လည်း ပြင်းထန်သော ရေခဲလွှာတစ်ခု ဖြစ်တည်နေသယောင် ရှိနေတော့သည်။

ဟန်ထန်ကျုံးသည်လည်း ရှောင်းလိက လူအများအပြားကို သတ်ဖြတ်လိုက်သည်ကို မြင်ပြီး လန့်ဖျပ်သွားခဲ့သည်။ ဝမ်ချန်က အရေးကြီးသည့်အချိန်မှ သစ္စာဖောက်သွားသည်ကို မြင်သောအခါ သူက ချက်ချင်းပင် အော်ဟစ်ဆဲဆိုလိုက်သည်။ "မင်းကလည်း ကျေးဇူးကန်းတဲ့ ကောင်ပဲ! ငါက မင်းကို ဟော်ရှောင်အန်းကို စစ်ဆေးမေးမြန်းဖို့ပဲ ခိုင်းတာ။ မင်းကို တစ်ချက်ပြီးတစ်ချက် သေလုမတတ် ကန်ကျောက်ဖို့ မခိုင်းခဲ့ဘူး။ သူ့ဆံပင်ကိုဆွဲပြီး ခေါင်းကို မြေကြီးနဲ့ သေမလောက် ဆောင့်ဖို့လည်း မခိုင်းခဲ့ဘူး။ ရှောင်းလိက မင်းအပေါ် လုပ်ခဲ့ဖူးတာတွေကို ဟော်ရှောင်အန်းကို အစားခံခိုင်းမယ်ဆိုပြီး မင်းကိုယ်တိုင် ပြောခဲ့တာလေ!"

ထိုစကားများကို ကြားလိုက်ရသောအခါ ရှောင်းလိ၏ ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆမတန် မြင့်တက်လာတော့သည်။

ဝမ်ချန်သည် တောင်းပန်စကား တစ်ခွန်းပင် ထပ်မပြောနိုင်တော့ချေ။ ရှောင်းလိ၏ လက်ချောင်းငါးချောင်းက တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သဖြင့် သူ၏ လည်မျိုသည် အားပြင်းပြင်းဖြင့် ညှစ်ချိုးခံလိုက်ရတော့သည်။

ဟန်ထန်ကျုံးတစ်ယောက် လည်ပင်းအရိုး ကျိုးကြေသွားသော တိုးညှင်းသည့် "ခွပ်" ခနဲ အသံကို ကြားလိုက်ရသောအခါ သူ၏ လည်ချောင်းသည်လည်း လိုက်လံတင်းကျပ်သွားသလို ခံစားလိုက်ရသည်။ ရှောင်းလိသည် ဝမ်ချန်ကို ပစ်ချကာ သူ့ထံသို့ လျှောက်လာနေသည်ကို မြင်သောအခါ သူသည် မြေပြင်ပေါ်တွင် ကျနေသော ငွေတုံးများကိုပင် ကောက်ယူရန် ဂရုမစိုက်နိုင်တော့ချေ။ သူသည် နောက်သို့ ဆုတ်သွားရင်း သူ့နောက်တွင် ကျန်ရစ်နေသော လူမိုက် အနည်းငယ်ကို အပြင်ပန်းတွင် ဟန်လုပ်ကာ စိတ်အတွင်းက ကြောက်ရွံ့စွာဖြင့် အော်ပြောလိုက်လေသည်။ "ဝင်တိုက်ကြ!"

သို့သော်လည်း လူမိုက်များသည် အကြောက်လွန်ကာ လေးဖင့်သွားနှင့်ကြသည်။ သူတို့အားလုံးသည် အဆက်မပြတ် နောက်သို့ ဆုတ်သွားကြပြီး အရှေ့သို့ တိုးကာ အသေခံရန် မရဲဝံ့ကြတော့ချေ။

ဟန်ထန်ကျုံးသည် ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နေသဖြင့် ခေါင်းလှည့်ကာ သူတို့ကို ရက်စက်စွာ အော်ဟစ်လိုက်သည်။ "ဝင်တိုက်ကြလေ!"

လူမိုက်များ၏ ဓားကိုင်ထားသော လက်များသည် အဆက်မပြတ် တုန်ယင်နေကြသည်။ အလွန်အမင်း ကြောက်လန့်နေသော လူတစ်ယောက်သည် ဓားကိုပင် လွှင့်ပစ်လိုက်ပြီး ခေါင်းလှည့်ကာ ထွက်ပြေးသွားတော့သည်။

ကျန်ရှိနေသော သူများသည် ထိုအခြေအနေကို မြင်သောအခါ ဓားများကို ပစ်ချကာ အသီးသီး ထွက်ပြေးသွားကြတော့သည်။

ဟန်ထန်ကျုံးသည် သူတို့၏ ကျောပြင်များကို ကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ပြန်လာခဲ့ကြ! ငါ့မှာ ငွေတွေ အများကြီး ရှိတယ်! သူ့ကို သတ်လိုက်! ငါ မင်းတို့ကို ငွေတွေ ပေးမယ်!"

သို့သော်လည်း လူမိုက်များသည် စောစောစီးစီးကပင် အရိပ်အယောင် မမြင်ရတော့အောင် ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်သည်။

ဟန်ထန်ကျုံးသည် ခေါင်းပြန်လှည့်လိုက်ပြီး ဓားကိုကိုင်ကာ သူ့ထံသို့ တစ်လှမ်းချင်း တိုးကပ်လာနေသော ရှောင်းလိကို ကြည့်ရင်း ထိတ်လန့်စွာဖြင့် နောက်သို့ ဆုတ်သွားသည်။ သို့သော် သူ့ခြေထောက်သည် ငွေတုံးတစ်တုံးကို တက်နင်းမိသွားပြီး ချက်ချင်းပင် လဲကျသွားတော့သည်။

သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး တံတောင်ဆစ်သည် မြေပြင်ပေါ်ရှိ ငွေတုံးနှင့် ဆောင့်မိကာ ပြင်းထန်စွာ နာကျင်သွားသော်လည်း ဂရုမစိုက်နိုင်တော့ချေ။ သူသည် မြေပြင်ကို လက်ဖြင့်ထောက်ကာ ဆက်တိုက်နောက်သို့ ဆုတ်သွားပြီး တံတွေးများကို မျိုချရင်း ပြောလိုက်သည်။ "ရှောင်း... ရှောင်းလိ၊ တကယ်တော့ ဒီကိစ္စက ငါ့ကို အပြစ်တင်လို့ မရဘူး။ ဟော်ခွန်း! ဟော်ခွန်းက ငါ့ကို အတင်းအကျပ် ခိုင်းတာ! မင်း ကြည့်ပါဦး၊ ငါ့အိမ်ကိုတောင် သူက သိမ်းပိုက်သွားပြီလေ။ ငါ... ငါလည်း ငါ့အတွက် အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခုတော့ ရှာရမယ်လေ"

"မင်း သေသေချာချာ စဉ်းစားကြည့်ပါဦး။ ငါ မင်းအပေါ် အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့တယ် မဟုတ်လား။ ငါက မင်းကို အမြဲတမ်း နေရာပေးခဲ့တာလေ! မင်းက စာရင်းစာအုပ်ကို ယူသွားပြီး ဒီလောက်ကြီးမားတဲ့ ပြဿနာကို မဖန်တီးခဲ့ဘူးဆိုရင် အခုဆို ငါ့ရဲ့ လောင်းကစားရုံတစ်ခုလုံးကို မင်းက စီမံအုပ်ချုပ်နေရပြီ!"

ရှောင်းလိသည် ဘာစကားမှ မပြောသေးသည်ကို မြင်နေရပြီး သွေးများ ပေကျံနေသော ဓားသွားသည်လည်း သူ့ထံသို့ ပို၍ နီးကပ်လာသောအခါ ဟန်ထန်ကျုံးသည် ကြောက်ရွံ့မှုကြောင့် ရူးသွပ်တော့မတတ် ဖြစ်သွားခဲ့သည်။ သူသည် သူ့ဘေးရှိ ငွေတုံးများကို စမ်းသပ်မိပြီး အားလုံးကို ရှောင်းလိထံသို့ ကမ်းပေးကာ ပြောလိုက်သည်။ "ငွေတွေ! ဒီငွေတွေ အားလုံးကို မင်းကို ပေးမယ်! ငါ့ကို အသက်ရှင်ခွင့်လေး ပေးပါ!"

သို့သော် ရှောင်းလိသည် ထိုအရာများ အားလုံးကို ဂရုမစိုက်ချေ။ သူ၏ မျက်လုံးအောက်ခြေမှ သတ်ဖြတ်လိုသော ဆန္ဒများသည် ရောယှက်နေပြီး တိုက်ခတ်နေသော နှင်းမုန်တိုင်းသည်ပင် ထိုအခိုက်အတန့်၌ ပြင်းထန်သော အအေးဒဏ်ကို ဆုံးရှုံးသွားသယောင် ရှိနေတော့သည်။

ဟန်ထန်ကျုံး၏ ရင်ထဲမှ အကြောက်တရားများသည် ပိုပြင်းထန်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးကာ ပြောလိုက်လေသည်။ " ငါက ရှောင်အန်းကို သတ်ချင်တာ မဟုတ်ပါဘူး။ သူကိုယ်တိုင်က အကောင်းအဆိုးကို နားမလည်တာပါ! ငါက သူ့ကို မွေးစားသားအဖြစ်တောင် လက်ခံမယ်လို့ ပြောခဲ့သေးတယ်။ သူကိုယ်တိုင်က သေလမ်းကို ရွေးချယ်သွားတာပါ... အား—"

သူသည် စကားတစ်ခွန်းကိုပင် ဆုံးအောင် မပြောနိုင်ခဲ့ချေ။ ရုတ်တရက် သူသည် လက်မောင်းကို အုပ်ကိုင်ကာ စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာတစ်ဝက်သည်လည်း သွေးများဖြင့် ရွှဲရွှဲစိုသွားတော့သည်။

သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခုတ်ပိုင်းခံရကာ အဝေးသို့ လွင့်စင်သွားသော သူ၏ လက်မောင်းကို ကြည့်ရင်း တစ်ကိုယ်လုံး ပြိုလဲသွားကာ ငိုကြွေးအော်ဟစ်လိုက်သည်။ "လက်! ငါ့လက်—"

ဟန်ထန်ကျုံးသည် နာကျင်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး သွေးဆုတ်သွားခဲ့သည်။ သူသည် ယနေ့တွင် လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်းကို သိရှိသွားပုံရသည်။ သူ ရှောင်းလိကို ထပ်ကြည့်လိုက်သောအခါ ပြင်းထန်သော မကျေနပ်မှုများသည် သူ၏ ရင်ထဲသို့ လျှံတက်လာပြီး သူတစ်ကိုယ်လုံးသည် မုန်းတီးမှုများကြောင့် ပုံပျက်ရှုံ့မဲ့သွားကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ရှောင်းလိ! အသေသင့်ဆုံးက မင်းပဲ! ဟော်ရှောင်အန်းကို သေအောင် လုပ်ခဲ့တာလည်း မင်းပဲ! မင်းသာ လောဘမကြီးဘဲ ငါ့ရဲ့ စာရင်းစာအုပ်ကို စောစောစီးစီး ပြန်ပေးခဲ့မယ်ဆိုရင် ဒီလိုကိစ္စတွေ ဘယ်ဖြစ်လာတော့မလဲ"

သူက ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။ "သူ့အပေါ် တောင်းပန်သင့်တဲ့သူက မင်းပဲ! မင်းနဲ့ လူအများကြီးနဲ့ အိပ်တဲ့ မိန်းမပျက် မင်းအမေတွေ အားလုံး ကောင်းကောင်း သေရမှာ မဟုတ်ဘူး!"

ရှောင်းလိသည် စကားတစ်ခွန်းမှ မဟတော့ဘဲ ဓားတစ်ချက်ဖြင့် သူ၏ ကျန်လက်မောင်းတစ်ဖက်ကို ထပ်ပြီး ခုတ်ပိုင်းလိုက်ပြန်သည်။

ဟန်ထန်ကျုံးသည် တစ်ကိုယ်လုံး သွေးအိုင်ထဲသို့ လဲကျသွားပြီး အသံကုန် အော်ဟစ်လိုက်သည်။

ထိုဓားသွားသည် ဆက်ပြီး ကျဆင်းလာခဲ့သည်။ သူသည် အစပိုင်းတွင် နာကျင်စွာ ဆဲဆိုနေခဲ့ရာမှ နောက်ပိုင်းတွင် သနားစဖွယ် အသံဖြင့် တောင်းပန်လာခဲ့ပြီး နောက်ဆုံးတွင်တော့ တောင်းပန်သံပင် ထပ်မထွက်နိုင်တော့ချေ။ သူသည် ရှောင်းလိ၏ အရှင်လတ်လတ် အသားလွှာခံရကာ သေဆုံးသွားခဲ့ရသည်။ သူ၏ ကြေးခေါင်းလောင်းကဲ့သို့သော မျက်လုံးအစုံသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ကြီးကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။

စေးကပ်နေသော သွေးစိမ်းရှင်ရှင်များသည် ရေခဲလွှာပါးပါး ဖုံးလွှမ်းနေသော ကျောက်ပြားခင်းထားသည့် ကြမ်းပြင်၊ ထုံးဖြူသုတ်ထားသော ကျောက်နံရံ၊ မြေပြင်အနှံ့ ပြန့်ကျဲနေသော ငွေတုံးများနှင့် ရှောင်းလိ၏ မူလကတည်းက သွေးများ ပေကျံနေသော ဝတ်ရုံအစွန်းတို့ကိုပါ အရောင်ညစ်ညစ် ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ဝိန်းယွီသည် စစ်သည်များ၏ သတင်းပေးပို့မှုကို ရရှိပြီး ဟန်ထန်ကျုံးသည် ဤနေရာတွင် ရှိနေကြောင်းကို သိလိုက်ရသောအခါ အလျင်စလို ပြေးလာခဲ့သည်။ သူမ ရောက်ရှိလာချိန်တွင် မြင်းလှည်းနှင့် မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းများပေါ်တွင် နှင်းလွှာပါးပါးတစ်ထပ် ဖုံးလွှမ်းနေပြီ ဖြစ်သည်ကို မြင်တွေ့လိုက်ရ၏။

ရှောင်းလိသည် ဘေးတိုက်လဲကျနေသော မြင်းလှည်း၏ တန်းပေါ်တွင် ထိုင်နေသည်။ သူ့ဘေးတွင်တော့ နှင်းပြင်ထဲတွင် သွေးများ ပေကျံနေသော ဓားရှည်တစ်လက်ကို စိုက်ထား၏။ သူသည် ခေါင်းကို တစ်ဝက်ခန့် ငုံ့ထားပြီး စိုစွတ်ကာ အစုလိုက်ဖြစ်နေသော ဆံပင်စများတွင် နှင်းမှုန်များ ကပ်ငြိနေကာ မျက်စိရှေ့တွင် ဖုံးအုပ်နေသည်။ သူ၏ ချောမောခက်ထန်သော မျက်နှာတစ်ဝက်တွင် သွေးကွက်များ စွန်းထင်းနေပြီး မလှုပ်မယှက် ငြိမ်သက်လို့နေသည်။

ဝိန်းယွီသည် ထီးဆောင်းကာ အနားသို့ လျှောက်သွားပြီး သူ၏ ဦးခေါင်းထက်မှ နှင်းမုန်တိုင်းများကို ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူမသည် တုံ့ဆိုင်းစွာဖြင့် ခေါ်လိုက်လေသည်။ "ရှောင်းလိ?"

...

All Chapters