အခန်း ၂၉
Vol. 3 Ch. 29
အပိုင်း (၂၉.၁)
ရှောင်းလိသည် သူမ၏ ဇာစ်မြစ်ကို မရေမတွက်နိုင်အောင် ခန့်မှန်းခဲ့ဖူးသော်လည်း တော်ဝင်မျိုးနွယ်မှ ဖြစ်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူမသည် နူးညံ့သိမ်မွေ့သော်လည်း ဟန်လုပ်ချွဲနွဲ့တတ်ခြင်း အလျဉ်းမရှိဘဲ သာမန်အရပ်သူလေးများထက် ပိုလို့ပင် ကြံ့ခိုင်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားလေသည်။
သူမသည် တည်ငြိမ်ရင့်ကျက်ကာ ထက်မြက်လှပြီး ဗဟုသုတလည်း ကြွယ်ဝလှ၏။ မည်သို့သော အခြေအနေမျိုးတွင် ကျရောက်နေပါစေ တည်တည်ငြိမ်ငြိမ်ပင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိသည့်အပြင် ခွင့်လွှတ်နားလည်ပေးနိုင်စွမ်းနှင့် သနားကရုဏာတရားတို့လည်း ပြည့်ဝနေလေသည်။
သူမသည် ကောင်းကင်ယံမှ တိမ်လွှာများ မိုးရေစက်အဖြစ် ပြောင်းလဲကာ မြေပြင်သို့ ဆင်းသက်လာသည့်နှယ် ရှိသော်လည်း ရွှံ့နွံများ၏ ညစ်ထေးမှုကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။ အကြောင်းမှာ ထိုရွှံ့နွံများသည် သူမကို ချုပ်နှောင်ထားနိုင်မည် မဟုတ်သောကြောင့်ပင်။ သူမသည် နောက်ဆုံးတွင် တိမ်လွှာများအဖြစ်သို့ တစ်ဖန်ပြန်လည် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပြန်လည် တက်လှမ်းသွားလိမ့်မည်။
ရှောင်းလိသည် အရင်က သူမကို ငေးကြည့်မိချိန်တိုင်း ရင်ထဲတွင် ဗြောင်းဆန်စွာ လှုပ်ရှားခဲ့ရခြင်း၏ အကြောင်းရင်းကို ဤတဒင်္ဂအတွင်းမှာပင် ရုတ်ခြည်း နားလည်သဘောပေါက်သွားတော့သည်။ သူသည် သူမကို ဘယ်လိုမှ ဖမ်းဆုပ်ထားနိုင်မည် မဟုတ်ကြောင်းကို အစကတည်းက သိရှိထားပြီးသား ဖြစ်၏။
ငါက ဘာနဲ့များ လမင်းကြီးကို ဖမ်းချုပ်ထားနိုင်မှာလဲ... တိမ်တိုက်တွေကိုရော ဘယ်လိုလုပ် ဆုပ်ကိုင်ထားနိုင်မှာလဲ...။
ဖမ်းချုပ်ထားလို့လည်း မရသလို၊ ဆုပ်ကိုင်ထားလို့လည်း မရနိုင်ဘူးလေ...
ယခုကဲ့သို့ အရာရာ ရှင်းလင်းထင်ရှားသွားသော အဖြေရလဒ်သည် အချိန်အတော်ကြာ ချိတ်ဆွဲထားခဲ့သော သံတူကြီးတစ်လက် ပြုတ်ကျလာသည့်နှယ် သူ၏ ရင်ထဲသို့ အရှိန်ပြင်းပြင်း ကျရောက်လာခဲ့သည်။
တိုးညှင်းသော ပဲ့တင်သံနှင့်အတူ အသက်ရှူရခက်လောက်အောင် အုံ့မှိုင်းသော နာကျင်မှုတို့က သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးဆီသို့ ခဲရည်များ လောင်းထည့်လိုက်သည့်နှယ် လေးလံထိုင်းမှိုင်းသွားစေ၏။
မျှော်လင့်မထားခဲ့သော ကိစ္စဖြစ်သော်လည်း ဤသို့သာ ဖြစ်လာသင့်သည်ဟုလည်း ထင်မှတ်ရသည်။
သူသည် အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မည်းနက်သော မျက်တောင်များကို အောက်သို့ချထားလိုက်၏။ သူ၏ အမြင်အာရုံကို ရှေ့က လက်ဖက်ရည်ပန်းကန်ငယ်ဆီသို့သာ စူးစိုက်ထားလိုက်ပြီး မိမိ၏ တစ်သက်တာလုံး ငေးကြည့်ခွင့် မရနိုင်တော့မည့်နှယ် လှပလွန်းသော ထိုမျက်နှာလေးကို ဆက်လက် မကြည့်ရဲတော့ဘဲ မေးလိုက်သည်။
"မင်း အရင်တုန်းက ပြောခဲ့တဲ့ အားယွီ ဆိုတဲ့ ယွီ လား"
ဝိန်းယွီက ပြောလိုက်သည်။ "ဟွိုင်ကျင်းဝူ့ယွီ (တန်ဖိုးကြီးတဲ့ ကျောက်စိမ်းတွေကို ဆုပ်ကိုင်ထားတယ်) ဆိုတဲ့ စကားစုထဲက ယွီ ပါ။ အားယွီ... ဆိုတာကတော့ ကျွန်မရဲ့ ငယ်နာမည်ပါ"
မိန်းကလေးတစ်ယောက်၏ ငယ်နာမည်ဆိုသည်မှာ ရင်းနှီးကျွမ်းဝင်သူများသာ သိရှိနိုင်သော အရာမျိုး ဖြစ်ပေသည်။ သူ့ကို ဤအကြောင်းများ ဖွင့်ဟပြောဆိုလိုက်ရသဖြင့် ဝိန်းယွီ၏ ရင်ထဲတွင် အနည်းငယ် အနေခက်သလို ဖြစ်သွားခဲ့၏။ သို့သော် ထိုခံစားချက်မှာ တဒင်္ဂမျှသာ ဖြစ်ပြီး သူမ၏ မျက်ဝန်းများက ချက်ချင်းပင် တည်ငြိမ်အေးချမ်းသွားသည်။
ရှောင်းလိသည် အလျင်စလို ခေါင်းညိတ်ပြလိုက်သော်လည်း ဘာဆက်ပြောရမည်ကို မသိဖြစ်နေသည်။
ဟွိုင်ကျင်းဝူ့ယွီ လား...
သူသည် ထိုစကားစုကို တစ်ခါမှ မကြားဖူးခဲ့သလို သူမပြောလိုက်သည့် စကားလုံးများမှာ ဘယ်စာလုံးများမှန်းလည်း သေချာ မသိခဲ့ပေ။
ဆောင်ကြာမြိုင်တွင် မွေးဖွားခဲ့ပြီး အကျဉ်းထောင်ထဲ၌ အလုပ်ကြမ်းလုပ်ရင်း ကြီးပြင်းလာခဲ့ရသည်။ လောင်းကစားရုံတွင် အကြွေးတောင်းရင်း အသက်မွေးဝမ်းကျောင်း ပြုနေရသော်လည်း သူသည် မည်သည့်အရာကိုမျှ မကျေမနပ် ညည်းတွားခဲ့ခြင်း မရှိသလို ကောင်းကင်ဘုံက မိမိအပေါ် မတရားဘူးဟုလည်း တစ်ခါမှ မတွေးခဲ့ဖူးပေ။ သို့သော် ဤတဒင်္ဂလေးအတွင်းမှာပင် သူ တွေးမိလိုက်သည်။
ငါ ဘာလို့ စာမတတ်ရတာလဲ...
သူက သူ့နာမည်ကို ပြောပြနေတာတောင် ငါက ဘယ်စာလုံးမှန်း မသိဘူးလေ။
ငါနဲ့ သူ့ကြားက အကွာအဝေးက တိမ်နဲ့ ရွှံ့လိုပဲ အရမ်းကို ကွာဝေးလွန်းတယ်...
သို့တိုင် အောက်သို့ စိုက်ကျနေသော သူ၏ အမြင်အာရုံထဲတွင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနုနယ်လှသော လက်ချောင်းသွယ်သွယ်လေးတစ်ခု ပေါ်ထွက်လာ၏။ ပန်းနုရောင်သန်းနေသော လက်ချောင်းထိပ်လေးများက လက်ဖက်ရည်ကြမ်းကို တို့ဆွကာ စားပွဲပေါ်၌ အက္ခရာတစ်လုံးကို အလွန်သေသပ်လှပစွာ ရေးဆွဲပြလိုက်သည်။ ထိုလက်ပိုင်ရှင်လေးက နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။
"ဒီ ယွီ ပါ"
ရှောင်းလိ၏ ရင်ဘတ်ထဲတွင် ဆို့နင့်သွား၏။ သူသည် လက်ဖက်ရည်ကြမ်းဖြင့် ရေးဆွဲထားသော ထိုစာလုံးလေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၏။ ထိုစာလုံး၏ ပုံသဏ္ဌာန်ကို ရုပ်ပုံတစ်ခုမှတ်သားသည့်နှယ် အစွမ်းကုန် ကြိုးစားမှတ်သားနေပြီးမှ အချိန်အတန်ကြာသည့်အခါ ပြောလိုက်လေသည်။
"မင်းနဲ့ အရမ်းလိုက်ဖက်တဲ့ နာမည်တစ်ခု ဖြစ်မှာပါ"
ဝိန်းယွီ စကားမပြန်ရသေးခင်မှာပင် သူက ထပ်ပြောလိုက်သည်။
"လော့ယန်ကနေ ဖုန်းယန်ကို သွားမယ်ဆိုရင် ဟွိုင်နန် လမ်းကနေ သွားရမှာကို မင်းက ဘာလို့ ကျန်းနန်လမ်းကို ကွေ့ပတ်ပြီး ရောက်လာရတာလဲ"
ဤတစ်ကြိမ်တွင်တော့ ဝိန်းယွီက သူ့ကို ချက်ချင်း ပြန်မဖြေခဲ့ပေ။
ရှောင်းလိသည် သူမထံမှ စကားသံကို အချိန်အတန်ကြာသည်အထိ မကြားရသဖြင့် ခေါင်းကို မော့ကြည့်လိုက်၏။ ထိုအခါ ဝိန်းယွီသည် မည်သည့်အချိန်ကတည်းက ပိုပြင်းထန်လာမှန်းမသိသော ပြတင်းပေါက်အပြင်ဘက်မှ နှင်းမုန်တိုင်းကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျောက်စိမ်းရုပ်တုနှယ် လှပလွန်းသော သူမ၏ ဘေးတိုက်မျက်နှာသွင်ပြင်လေးနှင့်အတူ မျက်ဝန်းအိမ်ထဲတွင် အဝေးမှ တောင်တန်းများပေါ်ရှိ နှင်းပွင့်များက အရိပ်ထင်ဟပ်နေသယောင် ရှိပြီး မျက်ဝန်းအရောင်မှာလည်း အနည်းငယ် ဖျော့တော့နေသလိုလို။
သူမက ပြောလိုက်သည်။ "ကျွန်မ ဖုန်းယန်ကို သွားမှာ မဟုတ်ဘူး"
"မဟာမိတ်လက်ထပ်ပွဲအတွက် နန်ချန်ကို သွားရမှာ... ပြီးတော့ စစ်ကူတောင်းမယ်"
...
သူတို့နှစ်ဦး ဖုန့်ချင်းစားသောက်ဆိုင်မှ ထွက်လာချိန်တွင် နှင်းများက သည်းကြီးမဲကြီး ကျဆင်းနေလေသည်။ လေပြင်းများကလည်း အပြင်းအထန် တိုက်ခတ်နေသဖြင့် ထီးဆောင်းရန်ပင် အဆင်မပြေနိုင်တော့ပေ။
ရှောင်းလိသည် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
"နှင်းတွေ အရမ်းကျနေတယ်။ ငါ မင်းကို ရှေ့နားအထိ လိုက်ပို့ပြီး ပြန်ဖို့ မြင်းလှည်း တစ်စီး တားပေးရမလား"
ဝိန်းယွီက ပြန်ပြောလိုက်၏။
"ကျွန်မဘာသာ တားလိုက်ပါ့မယ်။ ရှင်က အပြင်ထွက်လာတာ အလုပ်ကိစ္စ ရှိလို့ဆို"
လေပြင်းများကြောင့် မျက်စိပင် ဖွင့်ရန် ခက်ခဲနေသဖြင့် ရှောင်းလိသည် မသိမသာလေး ကိုယ်ကိုစောင်းကာ ဝိန်းယွီအတွက် လေနှင့် နှင်းများကို ကွယ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဒီအချိန်ခဏလေးအတွက်တော့ မလောပါဘူး"
ဝိန်းယွီကလည်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူတို့နှစ်ဦးသည် ပခုံးချင်းယှဉ်လျက် ရှေ့သို့ လျှောက်လှမ်းလာခဲ့ကြသည်။ အေးစက်လှသော လေပြေထဲတွင် သူတို့၏ အင်္ကျီစများက တစ်ခါတစ်ရံ ဖွဖွလေး ပွတ်တိုက်မိကြသည်။
ရှောင်းလိက မေးလိုက်သည်။ "ဘယ်တော့ ခရီးထွက်မှာလဲ"
ဝိန်းယွီသည် သူ ဘာကို မေးနေမှန်းသိသဖြင့် ပြန်ဖြေလိုက်သည်။
"အနောက်ကျဆုံး နောက် ၂ ရက်နေရင် သွားမယ်"
နောက်ထပ် အေးစက်သော လေပြင်းတစ်ချက် ထပ်မံတိုက်ခတ်လာပြီးနောက် ခေါင်းပေါ်မှ ဝုန်းခနဲ ဆူညံသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဝိန်းယွီမှာ ဘာဖြစ်သွားမှန်းပင် သတိမထားမိလိုက်ပေ။ သဲများပက်ဖျန်းလိုက်သယောင် ပြုတ်ကျလာသော နှင်းများကိုသာ မြင်လိုက်ရပြီး ချက်ချင်းပင် သူမ၏ လက်မောင်းကို သံကွင်းကြီးတစ်ခုနှယ် ကြီးမားခိုင်မာသော လက်တစ်ဖက်က တင်းကျပ်စွာ ဆွဲကိုင်လိုက်၏။ သူမ တစ်ကိုယ်လုံးကို ဘေးဘက်သို့ အားပါပါ ဆွဲယူလိုက်ရာ သူမ၏ ကျောပြင်သည် ကျောက်နံရံနှင့် သွားတိုက်မိသွားတော့၏။ ချက်ချင်းပင် အရပ်ရှည်ပြီး ကြီးမားလှသော အရိပ်ကြီးတစ်ခုက သူမကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပြီး ဆပ်ပြာနံ့နှင့် ခါးသက်သက် ဆေးဘက်ဝင် အပင်ရနံ့တို့က သူမ၏ နှာခေါင်းထဲသို့ တပြိုင်နက်တည်း တိုးဝင်လာခဲ့သည်။
ဝိန်းယွီသည် စကားပြောရန်ပင် အချိန်မရလိုက်ပေ။ ပြိုကျလာသော နှင်းစိုင်များက သူမ၏ လည်ပင်းတစ်ဝိုက်သို့ အပြည့်ကျဆင်းလာခဲ့၏။ ထူထပ်သော နှင်းများကြောင့် ပြိုကျလာသည့် ဝါးတဲက ရှောင်းလိ၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားရာ သူ၏ နှုတ်ခမ်းဖျားမှ တိုးညှင်းသော ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။
ဝိန်းယွီက အလျင်အမြန် မေးလိုက်သည်။ "ရှင် ဘာဖြစ်သွားသေးလဲ"
ရှောင်းလိသည် သူ၏ တံတောင်ဆစ်များကို ဝိန်းယွီ၏ ခေါင်းပေါ်ရှိ ကျောက်နံရံပေါ်တွင် ထောက်ထားလိုက်သည်။ သူမနှင့် တစ်လက်မမျှပင် မကွာဝေးသော နေရာလေးမှနေ၍ သူ၏ ခန္ဓာကိုယ်ကို အကာအကွယ် တံတိုင်းတစ်ခုသဖွယ် အသုံးပြုကာ ဝိန်းယွီကို လုံးဝ လုံခြုံသွားစေရန် ဖုံးကွယ်ပေးထားသည်။ သို့သော် သူမကို တစ်စက်ကလေးပင် မထိမိစေရန်လည်း အစွမ်းကုန် ထိန်းချုပ်ထား၏။
ယခုအချိန်တွင် သူမ၏ အမေးကြောင့် သူက ခေါင်းကို အနည်းငယ် ငုံ့ကြည့်လာသည်။ သူ့မျက်နှာမှာ အနည်းငယ် ဖြူရော်နေပြီး ဝါးတဲ၏ အစိတ်အပိုင်းတစ်ချို့က သူ့ကျောပြင်ပေါ်တွင် ဖိမိနေဆဲပင်။ သူ၏ အနည်းငယ် ပြင်းထန်သော ထွက်သက်လေငွေ့များက ဝိန်းယွီ၏ ပါးလွှာသော မျက်နှာဖုံးဇာပဝါပေါ်သို့ ကျရောက်လာပြီး သူက ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး"
သို့သော် ဝိန်းယွီသည် သူ၏ အသံထဲမှ ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်မိလိုက်သည်။ အလွန်လေးလံသော နှင်းများ ဖုံးလွှမ်းနေသည့် ဝါးတဲ ပြုတ်ကျလာသဖြင့် သူ သေချာပေါက် ဒဏ်ရာရသွားပြီဖြစ်ကြောင်း သူမ စိတ်ထဲတွင် သိလိုက်သည်။
စိုးရိမ်ပူပန်မှုများကြားမှပင် သူတို့နှစ်ဦး၏ အကွာအဝေးက အလွန် နီးကပ်လွန်းနေသည်။ သူက ဤကဲ့သို့ ခေါင်းကို တစ်ဝက်ခန့် ငုံ့ထားပြီး သူမကလည်း မော့ကာ စကားပြောနေရသဖြင့် မျက်နှာဖုံးဇာပဝါလေး တစ်လွှာ ခြားထားသော်ငြားလည်း အသက်ရှူသံများပင် ရောယှက်နေပြီဟု ဆိုရလောက်ပေသည်။
သူ စကားပြန်ပြောပြီးနောက် ဝိန်းယွီသည် ခေါင်းကို ငုံ့ကာ ဘေးဘက်သို့ အနည်းငယ် စောင်းထားလိုက်သည်။ သို့သော် ထိုသို့ လုပ်လိုက်ခြင်းက နွေးထွေးသော ထွက်သက်လေငွေ့များကို သူမ၏ နားရွက်ဆီသို့ ရောက်ရှိသွားစေပြီး အနည်းငယ် ယားကျိကျိ ဖြစ်သွားစေတော့သည်။
သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
"ဒီဝါးတဲတွေကို လာဖယ်ပေးမယ့်သူ ဘာလို့ မရှိသေးတာလဲ"
"နှင်းတွေ အရမ်းကျလို့ အပြင်ဘက်က ဝါးတဲတွေ ပြိုကျကုန်ပြီ... မြန်မြန် လူတွေကို ကယ်ကြပါဦး"
လမ်းဘေးရှိ ဆိုင်များမှ အလုပ်သမားများသည် အပြင်ဘက်မှ ဆူညံသံကြီးကို ကြားလိုက်ရသဖြင့် ထွက်ကြည့်လာကြသည်။ အခြေအနေကို မြင်လိုက်ရသောအခါ အားလုံးသည် အလွန် ထိတ်လန့်သွားကြပြီး ကျိုးကျသွားသော ဝါးလုံးများကို ဖယ်ရှားရန် လူများကို အလျင်အမြန် ခေါ်ကြတော့သည်။
သို့သော် ဤလမ်းတစ်လျှောက်ရှိ ဆိုင်များသည် အပြင်ဘက်နံရံများကို ပြုပြင်နေကြသဖြင့် ခေါင်မိုးများအပြင်ဘက်တွင် ဝါးတဲများ အားလုံး ဆောက်လုပ်ထားကြရာ ဖယ်ရှားရှင်းလင်းရမည့် အလုပ်မှာ အလွန်ပင် ကြီးမားလှပေသည်။
သူတို့နှစ်ဦးမှာ အလယ်ဗဟိုတွင် ပိတ်မိနေသဖြင့် ချက်ချင်း ထွက်သွားလို့ မရနိုင်သေးပေ။ ဝိန်းယွီ၏ လည်ပင်းပေါ်သို့ ကျရောက်နေသော နှင်းပွင့်များက အရည်ပျော်သွားပြီး အင်္ကျီကို အနည်းငယ် စိုရွှဲသွားစေကာ အေးစက်လှသော အအေးဒဏ်ကို ခံစားလိုက်ရ၏။ သူမသည် နှင်းများကို ခါထုတ်ရန် လက်ကို မြှောက်လိုက်သော်လည်း ထိုလှုပ်ရှားမှုကြောင့် အင်္ကျီကော်လာမှာ ပွင့်သွားပြီး နှင်းများက အင်္ကျီအတွင်းသို့ ပိုလို့ပင် ဝင်ရောက်သွားတော့သည်။
ရေခဲလို အအေးဓာတ်သည် လည်ဂုတ်မှနေ၍ ကျောရိုးတစ်လျှောက် စီးဆင်းသွားပြီး နွေးထွေးနေသော အသားအရေပေါ်တွင် နှင်းရေအဖြစ်သို့ အရည်ပျော်သွားလေသည်။ ဝိန်းယွီမှာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
ရှောင်းလိသည် ထိုအခြေအနေကို သတိထားမိလိုက်သဖြင့် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ "မင်း... ငြိမ်ငြိမ်နေ"
သူသည် ဘေးတွင် ချထားသော လက်တစ်ဖက်ကို မြှောက်ကာ သူမ၏ ပခုံးနှင့် လည်ပင်းကော်လာတစ်ဝိုက်ရှိ နှင်းများကို ဖယ်ရှားပေးလိုက်၏။ သို့သော် သူမ၏ လည်ပင်းအတွင်းသို့ ဝင်ရောက်သွားသော နှင်းမှုန်များကိုတော့ သူက လက်ဖြင့် တိုက်ရိုက် ဖယ်ရှားပေးရန် အဆင်မပြေတော့ပေ။
သူသည် သူ၏ အင်္ကျီရင်ဘတ်ထဲမှ စူးကျိုးပန်းထိုး လက်ကိုင်ပဝါလေးကို ထုတ်ယူကာ သူမအတွက် သုတ်ပေးလိုက်၏။ သူ့လက်ဆစ်များက သူမ၏ လည်ပင်းသားနှင့် မတော်တဆ ရှပ်ထိမိသွားသည်။ အနည်းငယ် အေးမြနေပြီး အကောင်းစား ရှင်းယောင် ကြွေထည်ကဲ့သို့ ချောမွတ်တောက်ပနေသည်။
နှင်းများကြောင့် အချိန်အကြာကြီး အေးစိမ့်နေသဖြင့် ဖြူဖွေးနေသော ထိုအသားအရေလေးပေါ်တွင် ပါးလွှာသော အနီရောင်အလွှာလေးတစ်ခု ယှက်သန်းလို့နေသည်။ ပခုံးပေါ်တွင်တော့ စောစောက ရုန်းရင်းဆန်ခတ် အခြေအနေကြောင့် ပြေကျသွားသော ဆံနွယ်တစ်စုက စင်းကျလို့နေ၏။ သူမက မျက်လွှာကို တစ်ဝက်ခန့် ချထားပြီး ကော့ညွတ်နေသော မျက်တောင်ရှည်လေးများက ဆွဲဆောင်မှုရှိကာ အေးစက်လှသော အလှတရားကို ပေါ်လွင်စေသည်။
ရှောင်းလိသည် လက်ချောင်းဆစ်များကို အနည်းငယ် ကွေးညွတ်လိုက်ပြီး လက်ကို ပြန်ရုပ်သိမ်းကာ ပြောလိုက်သည်။ "ရပြီ"
ဝိန်းယွီသည် မျက်လွှာချကာ သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ဝါးတဲကို ဖယ်ရှားနေသော အလုပ်သမားများသည် နောက်ဆုံးတွင် သူတို့ရှိရာသို့ ရောက်လာခဲ့ကြသည်။ ရှောင်းလိ၏ ပခုံးနှင့် ကျောပြင်ပေါ်တွင် ဖိမိနေသော ကျိုးနေသည့် ဝါးလုံးများကို ဖယ်ရှားလိုက်ပြီးနောက် ဆိုင်ရှင်က အားနာပြီး ထိတ်လန့်တကြား မေးလိုက်သည်။
"လူကြီးမင်းတို့ ၂ ယောက် ဘာဖြစ်သွားသေးလဲ"
ရှောင်းလိသည် လက်မောင်းကို ထောက်ကာ နောက်သို့ ဆုတ်လိုက်ပြီး လည်ပင်းပေါ်ရှိ နှင်းများကို သုတ်ပစ်ရင်း ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး"
ဘေးပတ်ဝန်းကျင်ရှိ ဝါးတဲအောက်တွင် ပိမိနေသော အခြားပြည်သူများသည်လည်း ယခုအချိန်တွင် အပြင်သို့ ရောက်ရှိလာကြပြီး အားလုံးက ညည်းတွားနေကြသည်။
ဝိန်းယွီသည် စောစောက အလွန်နီးကပ်သွားခဲ့သော ထိတွေ့မှုကြောင့် အနည်းငယ် တိတ်ဆိတ်နေခဲ့သော်လည်း သူ ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ ပြန်ပြောလိုက်သည်။
"ရှင် သမားတော် ဆီမှာ သွားပြလိုက်ပါလား"
ရှောင်းလိကသာ ပြန်ပြောလိုက်သည်။ "သိပ်ပြီး ဒဏ်ရာမရပါဘူး။ သမားတော် ပြစရာ မလိုပါဘူး။ မင်းရဲ့ ကော်လာတွေ စိုနေပြီဆိုတော့ အအေးမိမှာကို ပိုသတိထားသင့်တယ်။ အိမ်တော်ကို အရင်ပြန်ပြီး အဝတ်အစား သွားလဲလိုက်"
သူက ပြောရင်းဖြင့် ဝိန်းယွီကို ရှေ့လမ်းဆုံသို့ ခေါ်သွားကာ မြင်းလှည်း တစ်စီး တားပေးလိုက်သည်။
မြင်းလှည်း တစ်စီးကို တားလိုက်ပြီးနောက် သူက ဝိန်းယွီကို လှည်းပေါ် တင်ပေးလိုက်၏။ ဝိန်းယွီသည် မြင်းလှည်းကန့်လန့်ကာကို ပင့်တင်လိုက်ပြီး ပြောမထွက်သည့် စကားလုံးများနှင့် သူ့ကို ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။ "ရှင် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါဦး"
ရှောင်းလိသည် သူမကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ "ငါ သိပါတယ်။ တကယ် ဘာမှမဖြစ်ပါဘူး"
ထိုသို့ ပြောပြီးနောက် မြင်းလှည်းသမားကို လိပ်စာ ပြောပြလိုက်သည်။
မြင်းလှည်းသမားက မြင်းကို ကြာပွတ်ဖြင့် ရိုက်ကာ ထွက်ခွာသွားချိန်တွင် အထဲရှိ ဝိန်းယွီကို ရယ်မောရင်း စကားစမြည် ပြောလိုက်သည်။
"အဲ့ဒီလူငယ်လေးက မိန်းကလေးကို သဘောကျနေတာမလား"
မြင်းလှည်းလေးသည် လမ်းမပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် မောင်းနှင်သွားသည်။ ကန့်လန့်ကာ တစ်ချပ် ခြားထားသော်လည်း မြင်းလှည်းသမား၏ စကားကြောင့် ဝိန်းယွီမှာ တဒင်္ဂ အလန့်တကြားဖြစ်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး"
မြင်းလှည်းသမားက ရယ်မောရင်း ပြောလိုက်သည်။ "ဒါဆိုရင်တော့ မိန်းကလေးက မသိသေးတာ ဖြစ်မှာပါ"
အထဲမှ ထွက်ပေါ်လာသော အသံမှာ အလွန်ပင် ဖျော့တော့သော ဖျော့တော့လေသည်။ "မဟုတ်ပါဘူး"
ခဏလောက် တိတ်ဆိတ်သွားပြီးမှ နောက်ဆက်တွဲ စကားတစ်ခွန်းကို ပြောလိုက်သည်။ "ကျွန်မတို့က အုပ်ချုပ်ရေးမှူးအိမ်တော်မှာ အတူတူ အလုပ်လုပ်နေကြရုံပါပဲ"
ဤအဖြေစကားသည် အလွန်ပင် တည်ငြိမ်အေးဆေးလွန်းလှသဖြင့် တစ်ဖက်လူ၏ နောက်ပြောင်မှုကို ခံရပြီးနောက် ရှက်ရွံ့သွားသည့် ပုံစံမျိုး နည်းနည်းလေးမှ မရှိပေ။ မြင်းလှည်းသမားမှာ အနည်းငယ် ကြောင်သွားပြီးနောက် ပြောလိုက်လေသည်။ "ဒါဆိုရင်တော့ ဒီအဘိုးကြီးက အထင်လွဲသွားတာ ဖြစ်မှာပါ"
မြင်းလှည်းလေးသည် ရှေ့သို့ ဆက်လက် မောင်းနှင်သွားသည်။ ဝိန်းယွီသည် မြင်းလှည်းနံရံကို ခေါင်းမှီထားလိုက်၏။ အေးစက်လှသော လေပြေက တစ်ခါတစ်ရံ ကန့်လန့်ကာ၏ ထောင့်တစ်နေရာကို လွှင့်တင်သွားသဖြင့် အပြင်ဘက်မှ နှင်းများ တဖွဲဖွဲ ကျဆင်းနေသော လမ်းမမြင်ကွင်းက သူမ၏ မျက်ဝန်းအိမ်ထဲသို့ အရိပ်ထင်ဟပ်လာခဲ့သည်။
သူမ၏ မျက်ဝန်းအောက်ခြေတွင် မည်သည့် လှိုင်းဂယက်လေးမှ လှုပ်ခတ်မှု မရှိသလို ထိုသို့ လှုပ်ခတ်ခွင့်လည်း မရှိနိုင်ပေ။
...
အပိုင်း(၂၉.၂)
ရှောင်းလိသည် သူမနှင့် ဆန့်ကျင်ဘက် လမ်းမပေါ်တွင် ကျောခိုင်းကာ လျှောက်သွားလေသည်။ သူ၏ ကိုယ်ခန္ဓာသည် နှင်းမုန်တိုင်းထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားတော့မည့်နှယ်။
လောင်ကဲ၏ ပုံပြင်ပြောသည့်ဆိုင်လေးကို ဖြတ်သွားချိန်တွင် သူက ထိုနေရာသို့ လျှောက်သွားလိုက်၏။
လောင်ကဲသည် လက်ကိုပွတ်ရင်း ပစ္စည်းများကို သိမ်းဆည်းနေသည်။ ရှောင်းလိ လာသည်ကို မြင်သောအခါ ကမန်းကတန်း လက်ခါပြရင်း ပြောလိုက်သည်။ "ဒီနေ့ ပုံပြင်မပြောတော့ဘူးကွ"
ရှောင်းလိက ပြောလိုက်သည်။ "ပုံပြင်လာနားထောင်တာ မဟုတ်ပါဘူး။ စာတစ်လုံးလောက် မေးချင်လို့ပါ"
လောင်ကဲသည် ခေါင်းကိုမော့ကာ ရှောင်းလိကို ထူးဆန်းသလို တစ်ချက် ကြည့်လိုက်၏။ လေထဲမှ လွင့်လာသော နှင်းမှုန်များသည် သူ၏ ရှုပ်ပွနေသော မုတ်ဆိတ်ဖြူများပေါ်တွင် ကပ်ငြိလို့နေသည်။ သူက ပြောလိုက်၏။ "မင်းက ဘာစာလုံးကို မေးချင်တာလဲ"
ရှောင်းလိက ဆိုင်ရှေ့ရှိ နှင်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ယွီ ဆိုသော စာလုံးကို ရွဲ့စောင်းစောင်း ရေးဆွဲလိုက်သည်။
လောင်ကဲသည် ခေါင်းကိုစောင်းကာ ခဏလောက် သေချာကြည့်ပြီးနောက် ပြောလိုက်သည်။ "ဒီစာလုံးက ယွီ လို့ ဖတ်တာကွ"
ရှောင်းလိသည် ထိုစာလုံးကို မျက်လွှာချကြည့်ရင်း ပြောလိုက်သည်။ "ယွီ လို့ ဖတ်တာကို ကျွန်တော် သိပါတယ်။ ဒီစာလုံးရဲ့ အဓိပ္ပါယ်က ဘာလဲ"
လောင်ကဲသည် ရှုပ်ပွနေသော မုတ်ဆိတ်များကို သပ်တင်ရင်း ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်လေသည်။ "ယွီ ဆိုတာက လှပတဲ့ ကျောက်စိမ်းလို့ အဓိပ္ပါယ်ရတယ်။ ကျောက်စိမ်းရဲ့ တောက်ပတဲ့ အလင်းရောင်လို့လည်း သုံးသေးတယ်။ တကယ့်ကို ကောင်းတဲ့ စာလုံးပဲ"
"ဟွိုင်ကျင်းဝူြယွီ ဆိုတာကရော ဘာအဓိပ္ပါယ်လဲ"
လောင်ကဲသည် သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး မျက်နှာအမူအရာက ပိုလို့ပင် ထူးဆန်းသွားသည်။ "မင်းလိုကောင်က ဒီနေ့ စာအုပ်ပုံထဲကိုများ ဝင်သွားတာလား"
ထိုသို့ ပြောလိုက်သော်လည်း သူက ဆက်ရှင်းပြလိုက်သည်။ "ကျင်း ဆိုတာကလည်း ယွီ လိုပါပဲ။ လှပတဲ့ ကျောက်စိမ်းနဲ့ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကို ရည်ညွှန်းတယ်။ ရင်ခွင်ထဲမှာ ကျောက်စိမ်းကို ထည့်ထားပြီး လက်ထဲမှာ ကျောက်စိမ်းကို ဆုပ်ကိုင်ထားတယ်ဆိုတာက မြင့်မြတ်တဲ့ ကိုယ်ကျင့်တရား ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား"
ဝိန်းယွီ ပြောခဲ့သော ဟွိုင် နှင့် ဝူ့ ဆိုသည်မှာ မည်သည့် စာလုံးနှစ်လုံးဖြစ်ကြောင်းကို ရှောင်းလိ နောက်ဆုံးတွင် သိရှိသွားခဲ့လေပြီ။
ယွီ... တကယ်ကိုပဲ သူမနှင့် အလွန်လိုက်ဖက်သော နာမည်တစ်ခုပင်။
သူသည် နှင်းပြင်ပေါ်တွင် ရေးဆွဲထားသော ထို ယွီ စာလုံးကို လက်ဝါးဖြင့် ပွတ်ဖျက်လိုက်သည်။ တစ်စုံတစ်ခုသော လျှို့ဝှက်ချက်ကို ရင်ဘတ်ထဲတွင် ဖုံးကွယ်သိမ်းဆည်းလိုက်သည့်နှယ်။ ထို့နောက် လောင်ကဲအတွက် ဝမ်တစ်ပြား ချထားပေးခဲ့ပြီး ပြောလိုက်သည်။ "ကျေးဇူးပါပဲ"
လောင်ကဲသည် ကြေးပြားကို ကောက်ယူလိုက်ပြီး နှင်းမုန်တိုင်းထဲသို့ ပြန်လည် ဝင်ရောက်သွားသော လူငယ်၏ ကျောပြင်ကို ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။ "ထူးဆန်းပါဘိ"
ဝိန်းယွီသည် အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ရောက်ပြီးနောက် အဝတ်အစား လဲလှယ်ပြီးသည်နှင့် သခင်မကြီးကျိုးက ကျိုးကျင်းအန်း ရွေးချယ်ထားသော ကိုယ်ရံတော် စာရင်းကို ယူလာသည်။ ထို့အပြင် သူမအတွက် ပြင်ဆင်ပေးထားသော ခရီးဆောင်ပစ္စည်း စာရင်းကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့သည်။
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်အတွင်း ဝိန်းယွီသည် ရွှီမိသားစုမှတစ်ဆင့် ငွေများကို ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲကာ ယုံချန်မှ ယူဆောင်သွားမည်ကို သိရှိလိုက်ရသဖြင့် သခင်မကြီးကျိုးက မနေနိုင်ဘဲ ချီးကျူးပြောဆိုလိုက်သည်။ "မင်းသမီးက အကြံဉာဏ် ပိုပြည့်စုံတာပဲ။ ရွှီမိသားစုရဲ့ ပိုးထည်တွေနဲ့ လက်ဖက်ခြောက်တွေကို အားကိုးပြီး ဒီငွေတွေကို အသွင်ပြောင်း သယ်ထုတ်သွားမယ်။ လမ်းတစ်လျှောက် မြို့တွေမှာ ဆန်စပါးနဲ့ ဆေးဘက်ဝင်ပစ္စည်းတွေအဖြစ် ပြန်လဲလှယ်မယ်ဆိုတော့ သယ်ယူပို့ဆောင်ရတဲ့ လူအင်အားကို သက်သာစေရုံသာမက နေရာတစ်နေရာတည်းမှာ ဆန်စပါးနဲ့ ဆေးဘက်ဝင်ပစ္စည်း အများကြီးကို ဝယ်ယူလို့ ဖေစုန့်ကို အာရုံစိုက်မိစေတာမျိုးလည်း မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့..."
သူမက စကားကို ခေတ္တရပ်လိုက်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ဟန် နဲ့ ဟယ် မိသားစုနှစ်ခုက ဖွက်ထားတဲ့ ကိုယ်ပိုင်ငွေတွေက မင်းသမီး ရွှီမိသားစုဆီကနေ ဝယ်မယ့် ပိုးထည်တွေနဲ့ လက်ဖက်ခြောက်တွေအတွက် ပေးဖို့ မလောက်ငှမှာကို စိုးရိမ်မိတယ်။ ဖိန်ကျိုးကို သယ်သွားပြီး ကုန်ပစ္စည်းကို ငွေနဲ့ပြန်လဲပြီးမှ ဒီငွေလစ်လပ်နေတာကို ပြန်ဖြည့်မယ်ဆိုရင်တောင် ကုန်ပစ္စည်းတွေက အရမ်းများလွန်းနေတယ်။ အဲ့ဒီက ကုန်သည်တွေက လူစိမ်းဆိုပြီး စျေးနှိမ်တာကို အသာထားဦး။ သူတို့အများစုမှာ ရေရှည် ပစ္စည်းသွင်းနေကျ ဖောက်သည်တွေ ရှိပြီးသားဆိုတော့ အချိန်တိုအတွင်းမှာ ငွေပြန်ပေါ်ဖို့ ခက်ခဲလိမ့်မယ်..."
ဝိန်းယွီက ပြောလိုက်သည်။ "ကျွန်မ လိုချင်တာက ရွှီမိသားစုကိုယ်တိုင် အဲ့ဒီဘက်မှာ အလွယ်တကူ ထုတ်ရောင်းလို့ မရနိုင်တဲ့ ကုန်ပစ္စည်းမျိုးကိုပဲ။ ဒါမှ ပြဿနာ မတက်နိုင်မှာ"
သခင်မကြီးကျိုးသည် ရွှီမိသားစုက ဖိန်ကျိုးကို ကုန်ပစ္စည်းယူသွားရုံဖြင့် ငွေအမြောက်အမြား ရနိုင်သော နေရာဟု မြင်သွားပြီးနောက် ကိုယ်ကျင့်တရားကို ဂရုမစိုက်ဘဲ သူမ လိုချင်သော ပစ္စည်းများကို သူတို့ဘာသာ ရောင်းချပစ်မည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် သူမ စိုးရိမ်ပူပန်နေသော ကိစ္စမှာလည်း သေးငယ်သော ကိစ္စတော့ မဟုတ်ပေ။
သူမက ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝိန်းယွီက ပြောလိုက်သည်။ "သာမန် ကုန်သည်တွေက ဒီကုန်ပစ္စည်းတွေကို မဝယ်နိုင်ပေမယ့် အစိုးရရုံးကနေ လွှဲပြောင်းယူဖို့ကတော့ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး"
သခင်မကြီးကျိုးမှာ မှင်သက်သွားပြီးနောက် စိုးရိမ်မှုများက ဝမ်းသာမှုအဖြစ်သို့ ပြောင်းလဲသွားကာ မိမိ၏နဖူးကို ခပ်ဖွဖွ ရိုက်လိုက်သည်။ "ကျွန်မကို ကြည့်စမ်း... တကယ့်ကို အကြံအိုက်သွားတာပဲ။ မင်းသမီးကို သာမန် ကုန်သည်တစ်ယောက်လို ဘယ်လိုလုပ်ပြီး တွေးမိသွားရတာလဲ"
သာမန် ကုန်သည်များက ကုန်ပစ္စည်းများ လက်ထဲတွင် ပုံနေမည်ကို ကြောက်ရွံ့ကြသော်လည်း ဒေသဆိုင်ရာ အစိုးရရုံးများကတော့ ထိုသို့ မဟုတ်ပေ။
ဖိန်ကျိုးသည် နန်ချန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထိုကဲ့သို့သော အရေးကြီးသည့် နေရာမျိုးတွင် ချန်လျန်မင်းသား၏ ယုံကြည်ရသော လက်အောက်ခံများ စောင့်ကြပ်နေမည်မှာ သေချာသည်။
ဝိန်းယွီသည် ဤသို့ဖြင့် အရင်းအနှီး ထက်ဝက်ကိုသာ အသုံးပြုကာ မည်သည့် လူအင်အားမျှ မစိုက်ထုတ်ရဘဲ သူမ၏ လက်ထဲတွင် အနည်းဆုံး ငွေနှစ်ဆခန့် မြတ်နိုင်သော ကုန်ပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။
သူတို့နှစ်ဦးသည် အခြားသော ကိစ္စအချို့ကိုလည်း ဆက်လက် ပြောဆိုကြသေးသည်။ သခင်မကြီးကျိုးက ပြန်လည် ထွက်ခွာသွားချိန်တွင် ပြောလိုက်သည်။ "မင်းသမီးက ထွက်ခွာသွားတော့မှာဆိုတော့ ဟိုသူရဲကောင်း သားအမိကို သွားပြီး နှုတ်ဆက်ဦးမလား"
ကိုယ်ရံတော် စာရင်းကို ကြည့်နေသော ဝိန်းယွီ၏ အကြည့်များက အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "သေချာပေါက် သွားရမှာပေါ့"
....
ညနေစောင်းအချိန်တွင် သူမသည် ရှောင်းဟွေ့နျန် သားအမိ နေထိုင်သော အနောက်ဘက် ခြံဝင်းတံခါးကို ခေါက်လိုက်၏။
ရှောင်းဟွေ့နျန်က တံခါးလာဖွင့်ပေးသည်။ ဝိန်းယွီကို မြင်သောအခါ သူမသည် အလွန် ဝမ်းသာသွားပြီး အိမ်ထဲသို့ ဝင်ထိုင်ရန် ကမန်းကတန်း ဖိတ်ခေါ်ရင်း ပြောလိုက်သည်။ "မင်းက သခင်မကြီးကျိုးဆီမှာ အလုပ်လုပ်နေရတာဆိုတော့ အရမ်း အလုပ်များနေမှာ စိုးလို့ ငါတောင် မင်းဆီ လာမကြည့်ရဲဘူး ဖြစ်နေတာ"
သူမသည် ဝိန်းယွီကို အကဲခတ်သလို သေချာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကြည့်ရတာ ပိန်သွားသလိုပဲ။ ဒီရက်ပိုင်း အရမ်း ပင်ပန်းနေလို့လား"
ဝိန်းယွီက ပြုံးကာ ပြန်ဖြေလိုက်သည်။ "မရှိပါဘူး။ သခင်မကြီးကျိုးက သဘောထား ပြည့်ဝပြီး ကျွန်မအပေါ် အရမ်း ကောင်းပါတယ်"
ရှောင်းဟွေ့နျန်က သူမကို ဆွဲယူကာ ထိုင်ခိုင်းပြီး ပြောလိုက်သည်။ "သခင်မကြီးက ဘုရားလောင်းစိတ်ထား ရှိတာပဲ။ ငါက သူတို့ မိသားစု တစ်ခုလုံးအတွက် နေ့တိုင်း ဆုတောင်းပေးနေပါတယ်"
ဝိန်းယွီက ပြုံးရင်း ပြောလိုက်သည်။ "ဒေါ်ဒေါ်က စေတနာကောင်းလိုက်တာ"
သူမက လက်ထဲတွင် ကိုင်ထားသော ပစ္စည်းများကို ကမ်းပေးလိုက်သည်။ "သခင်မကြီးက သဘောကောင်းပါတယ်။ ကျွန်မ အိမ်က မိဘတွေကို စိတ်ပူနေတာကို သိလို့ သူတို့ကို သွားရှာဖို့ ခွင့်ပြုလိုက်ပြီလေ။ ကျွန်မ ဒီနေ့ လာတာက သခင်မကြီးကို နှုတ်ဆက်ချင်လို့ပါ"
ရှောင်းဟွေ့နျန်သည် ပါးစပ်ဟသွားပြီး အလွန် နှမြောတသစွာဖြင့် ပြောလိုက်သည်။ "ဒီလောက်တောင် မြန်တာလား..."
ဝိန်းယွီက မျက်လွှာချကာ ပြောလိုက်သည်။ "မိဘတွေ သက်ရှိထင်ရှားရှိနေသေးရင် အဝေးကို မသွားရဘူးတဲ့။ ကျွန်မ ပျောက်နေတာ ဒီလောက် ကြာနေပြီဆိုတော့ သူတို့တွေ ဘယ်လောက်တောင် စိုးရိမ်နေကြမလဲ မသိဘူး။ သူတို့ကို ထပ်ပြီး မစောင့်ခိုင်းရဲတော့ဘူး"
ရှောင်းဟွေ့နျန်က အနည်းငယ် တွေဝေသွားသော လေသံဖြင့် ပြောလိုက်သည်။ "အဲ့ဒါလည်း ဟုတ်တာပါပဲ..."
သူမသည် ဝိန်းယွီ ကမ်းပေးလာသော ပစ္စည်းများကို ကြည့်လိုက်သောအခါ အထဲတွင် မြေဂရန်စာချုပ် တစ်စောင် ပါဝင်နေသည်ကို တွေ့လိုက်ရသဖြင့် အလန့်တကြား ဖြစ်သွားခဲ့သည်။ "မင်း ဒါတွေကို ငါ့ကို ပေးပြီး ဘာလုပ်မလို့လဲ"
ဝိန်းယွီက ပြန်ဖြေလိုက်သည်။ "ဒေါ်ဒေါ် အဲဒီနေ့က ကျွန်မကို လက်ခံစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကို အားယွီက ဘာနဲ့မှ ပြန်ဆပ်လို့ မရပါဘူး။ ဒါကြောင့် ဒီရိုးရှင်းတဲ့ ပစ္စည်းလေးတွေကိုပဲ ချန်ထားခဲ့နိုင်ပါတယ်။ ဒီဆိုင်ခန်းကို ကျွန်မ ယပ်တောင် ပန်းထိုးတဲ့ လုပ်အားခနဲ့ သခင်မကြီးကျိုး ပေးတဲ့ ဆုချီးမြှင့်ငွေတွေ ပေါင်းပြီး ဝယ်ထားတာပါ။ သခင်မကြီးက ဒီဆိုင်ကို သုံးပြီး စီးပွားရေး အသေးစားလေးတွေ လုပ်လို့ ရပါတယ်။ တကယ်လို့ သေချာ မလုပ်နိုင်ဘူးဆိုရင်လည်း အငှားချထားလိုက်လို့ ရပါတယ်"
ရှောင်းဟွေ့နျန်က ကမန်းကတန်း ငြင်းဆန်လိုက်သည်။ "ဘယ်လိုလုပ်ပြီး ရမှာလဲ။ မြန်မြန် ပြန်ယူသွားပါ။ မင်းလို မိန်းကလေး တစ်ယောက်တည်း ခရီးသွားရမှာဆိုတော့ ငွေသုံးရမယ့် နေရာတွေက အများကြီး ရှိသေးတယ်လေ"
ဝိန်းယွီက ရှောင်းဟွေ့နျန်၏ လက်ကို ဆုပ်ကိုင်ထားပြီး လက်ခံခိုင်းလိုက်သည်။ "ကျွန်မရဲ့ စေတနာကို လက်ခံပေးပါ။ ဒီဆိုင်ကို ဝယ်ပြီးသွားပါပြီ။ ကျွန်မက ယုံချန်ကနေ ချက်ချင်း ထွက်သွားတော့မှာဆိုတော့ မြေဂရန်စာချုပ်ကို ယူသွားလည်း သုံးလို့ မရတော့ပါဘူး"
ရှောင်းဟွေ့နျန်သည် မျက်လုံးများ နီရဲလာပြီး အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ "မင်းကတော့လေ... ငါ့ကို ဘယ်လို လုပ်စေချင်တာလဲ"
ဝိန်းယွီက ပြောလိုက်သည်။ "ဒေါ်ဒေါ် လက်ခံထားလိုက်ပါ"
သူမက ဆေးဆီတစ်ဘူးကို ထပ်မံ ကမ်းပေးလိုက်သည်။ "အာ့လန်(ဒုတိယသခင်လေး/ဒုတိယသား)ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေသေးသလိုပဲ။ ဒီဆေးဆီကို သူ့ဆီ ပေးပေးပါဦး"
ခဏလောက် ရပ်တန့်သွားပြီးနောက် ထပ်ပြောလိုက်လေသည်။ "အုပ်ချုပ်ရေးမှူးကတော် ပြောတာ ကြားဖူးတယ်။ အိမ်တော်က ကိုယ်ရံတော် စစ်သည်တွေကိုလည်း စာဖတ်စာရေး သင်ပေးတယ်တဲ့။ သူသာ အိမ်တော်မှာ နေပြီး အလုပ်လုပ်မယ်ဆိုရင် ဒါက ကောင်းတဲ့ နေရာလေး တစ်ခုပါပဲ"
ရှောင်းဟွေ့နျန်သည် ဝိန်းယွီ ကမ်းပေးလာသော ဆေးဆီဘူးကို ကိုင်ထားရင်း သက်ပြင်းချလိုက်သည်။ "သူ နေ့လယ်ကတည်းက အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး။ ဘာတွေ သွားလုပ်နေလဲ မသိပါဘူး"
"နောက်ဆိုရင် သူ့နာမည်ကိုပဲ ခေါ်လိုက်ပါ။ လူငယ်လေး တစ်ယောက်ကို အာ့လန်လို့ ခေါ်နေတာက သူများတွေ ရယ်စရာ ဖြစ်နေလိမ့်မယ်။ အရင်တုန်းက သူ လောင်းကစားရုံမှာ အလုပ်လုပ်တော့ တခြားသူတွေနဲ့ ညီအစ်ကို ဖွဲ့ရာမှာ ဒုတိယ နေရာက ဖြစ်လို့ ရှောင်အန်းတို့က သူ့ကို အစ်ကို(၂) လို့ ခေါ်ကြတာပါ"
ရှောင်အန်း အကြောင်းကို ပြောလိုက်သည်နှင့် ရှောင်းဟွေ့နျန်သည် မနေနိုင်ဘဲ မျက်ရည်ကျလာပြန်သည်။ "သူကလည်း အရမ်း ကောင်းတဲ့ ကလေးပါ။ ရုတ်တရက်ကြီး သေသွားရတယ်..."
ဝိန်းယွီသည် ရှောင်းဟွေ့နျန်၏ ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "သေသွားတဲ့သူက ပြန်မရှင်လာတော့ပါဘူး။ သခင်မကြီး စိတ်ဖြေပါဦး"
အနောက်ဘက် ခြံဝင်းမှ ထွက်ခွာလာပြီးနောက် ဝိန်းယွီသည် ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်သည်။
ယို အချိန်တောင် ရောက်တော့မယ်။ သူ ပြန်မလာသေးဘူးလား။
...
ယုံချန် အကျဉ်းထောင်။
ကောင်းကင်သည် မှောင်မိုက်လာပြီး အမိုးပေါက်မှတစ်ဆင့် နှင်းပွင့်ငယ်များ တဖွဲဖွဲ ကျဆင်းနေသည်။
ရှောင်းလိသည် ထောင်ခန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်ထဲတွင် ကြက်ကင်ကို ကိုင်ကာ ကိုက်စားနေသဖြင့် မုတ်ဆိတ်မွေးများအနှံ့ ဆီများပေကျံနေသော အရူးအဘိုးကြီးကို ကြည့်ရင်း ပြောလိုက်သည်။ "အဘိုးကြီး... ဖြည်းဖြည်းစားပါ။ ခင်ဗျားဆီက လုစားမယ့်သူ မရှိပါဘူး"
အရူးအဘိုးကြီး၏ မုတ်ဆိတ်များသည် ရှုပ်ပွနေသော ဆံပင်များနှင့် အရှည်တူနေပြီ ဖြစ်ပြီး လူရိုင်းတစ်ယောက်နှင့်ပင် မခြားတော့ချေ။
အသံကို ကြားလိုက်ရသောအခါ သူ့လက်ပေါ်ရှိ သံကြိုးသည် အသက်ရှိသော အရာတစ်ခုနှယ် ထောင်ခန်းသစ်သားတိုင်များ ကြားမှနေ၍ ရှောင်းလိထံသို့ ရိုက်ချလာပြီး အေးစက်စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။ "လူကြီးသူမကို ရိုသေရမှန်း မသိအောင် မင်းကို ဘယ်သူ သင်ပေးထားတာလဲ"
ရှောင်းလိသည် သံကြိုးကို လှမ်းဖမ်းလိုက်ပြီး သူ့ထံသို့ ပြန်ပစ်ပေးလိုက်ကာ အကျင့်ပါနေသည့်အတိုင်း ပြောလိုက်သည်။ "သံကြိုးနဲ့ ထပ်ရိုက်ရင်တော့ နောက်တစ်ခါ ခင်ဗျားကို လာကြည့်တဲ့အခါ ကြက်ကင် ပါလာတော့မှာ မဟုတ်ဘူးနော်"
အဘိုးကြီးသည် အရူးတစ်ယောက်လို ထူးဆန်းစွာ ရယ်မောလာပြန်သည်။ ရယ်မောနေရင်းဖြင့် ငိုနေသည့်နှယ် ရှိပြန်၏။ "ဟွမ်အာ လာမယ်... ဟွမ်အာ... ကြက်ကင်... ဟား ဟား ဟား ဟား... ကြက်ကင်..."
သူသည် သွားရာများ ဗရပွထင်နေသော ထိုကြက်ကင်ကို ဖက်ထားရင်း အငမ်းမရ ဆက်လက် စားသောက်နေသည်။
ဖြတ်သွားသော ထောင်မှူးက မြင်သောအခါ တံတွေးထွေးလိုက်ပြီး ပြောလိုက်သည်။ "ဒီအရူးအဘိုးကြီးက ဒီနှစ်တွေထဲမှာ ပိုပြီး ရူးသွပ်လာတာပဲ"
ရှောင်းလိသည် မတ်တတ်ရပ်လိုက်ပြီး ငွေစအချို့ကို ထုတ်ယူကာ ထောင်မှူးအား ကမ်းပေးလိုက်သည်။ "အသက်ကြီးလာလို့ နေမှာပါ။ အစ်ကိုကပဲ နည်းနည်း နားလည်ပေးလိုက်ပါဗျာ။ သူ့ထောင်ခန်းထဲက မြက်ခြောက်တွေက နည်းနည်း မှိုတက်နေသလိုပဲ။ အစ်ကို အားတဲ့အခါ အသစ်တစ်ထပ်လောက် လဲပေးလိုက်ပါဦး"
ထောင်မှူးက ပြုံးရင်း ပြောလိုက်၏။ "ကောင်းပါပြီ"
သူက စကားစပ်မိသွားပြီး မေးလိုက်လေသည်။ "သူက မင်းနဲ့ ဘယ်လို တော်တာလဲ။ မင်း သူ့ကို လာကြည့်နေတာ နှစ်အတော်ကြာနေပြီနော်"
...