← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အပိုင်း (၃၀.၁)

ထောင်မှူးသည် သမ်းဝေရင်း လှည့်လည်စစ်ဆေးရန် ရောက်လာသည့်အချိန်နှင့် တိုက်ဆိုင်သွားသည်။ သူသည် ရှောင်းလိကို မြင်လိုက်သောအခါ "အို" ဟု အာမေဍိတ်သံပြုလိုက်ပြီး ပြောလိုက်သည်။ "ဒီအရူးအဘိုးကြီးကို လာကြည့်ပြန်ပြီလား"

ထိုထောင်စောင့်က ထောင်မှူးကို ကမန်းကတန်း ခေါ်လိုက်လေသည်။ "ခေါင်းဆောင်"

ထောင်မှူးသည် သူ့ခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး ပြောလိုက်၏။ "သွားစစ်ဆေးချေ၊ အပျင်းမထူနဲ့"

ရှောင်းလိသည် ထောင်မှူးနှင့် ရင်းနှီးကျွမ်းဝင်ပုံရပြီး နှုတ်ဆက်လိုက်သည်။ "ခေါင်းဆောင်လီ ဒီနေ့လည်း တာဝန်ကျတာလား"

ထောင်မှူးက ညည်းတွားရင်း ပြောလိုက်၏။ "ဟော်ခွန်းဆိုတဲ့ကောင်က အထက်ကို ပုန်ကန်တယ်။ သူ အသတ်ခံရပြီးတဲ့နောက် အရင်တုန်းက သူ့လူတွေဆီကနေတစ်ဆင့် အလုပ်ရခဲ့တဲ့သူတွေ အတော်များများကို စစ်ဆေးရတယ်။ ဒီ ၂ရက် ထောင်ထဲမှာ လူအင်အား မလောက်မငှ ဖြစ်နေတယ်"

သူက ရှောင်းလိ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ "ညီလေးရှောင်းက အခုတော့ ကြီးပွားနေပြီပဲ။ နောင်ကျရင် ကျုပ် လီမျိုးနွယ်က ညီလေးကို အားကိုးရဦးမှာပါ"

ရှောင်းလိသည် လောင်းကစားရုံတွင် လှုပ်ရှားရုန်းကန်ခဲ့ရသော ဒီနှစ်တွေအတွင်း လူမှုဆက်ဆံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူက ချက်ချင်းပင် ရယ်မောကာ ပြောလိုက်၏။ "ခေါင်းဆောင်လီက နောက်နေပြန်ပါပြီ။ ကျွန်တော် ရှောင်း ကို အသုံးလိုတဲ့နေရာ ရှိရင် အချိန်မရွေးသာ ပြောလိုက်ပါ"

သူတို့နှစ်ဦးသည် နောက်ထပ် စကားအနည်းငယ် ပြောလိုက်ကြပြီးနောက် ထောင်မှူးက ပြောလာသည်။ "တာဝန်ရှိသေးတော့ ညီလေးရှောင်းနဲ့ စကားအများကြီး မပြောတော့ဘူး။ နောက်နေ့မှပဲ ဆက်ပြောကြတာပေါ့"

ရှောင်းလိက ပြန်ဖြေလိုက်၏။ "အလုပ်သွားလုပ်ပါတော့။ ကျွန်တော် ခင်ဗျားအတွက် အရက်ကောင်း တစ်အိုး ယူလာခဲ့တယ်။ တာဝန်ကျအခန်းဘက်မှာ ထားခဲ့တယ်"

ထောင်မှူးသည် ထပ်ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "လိမ္မာလိုက်တဲ့လူငယ်လေး။ ဒီအဘိုးကြီးကို အစ်ကိုက လက်အောက်ငယ်သားတွေကို အမြဲတမ်း ဂရုစိုက်ခိုင်းထားပါတယ်။ နောက်ဆိုရင် ဒီလောက် အားနာနေစရာ မလိုပါဘူး"

ထိုအခေါ်အဝေါ် ပြောင်းလဲသွားမှုကြောင့် သူတို့၏ ဆက်ဆံရေးသည် ချက်ချင်းပင် ပိုရင်းနှီးသွားသယောင်ပင်။

ရှောင်းလိသည်လည်း လိုက်လျောညီထွေစွာဖြင့် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ပြီး ပြောလိုက်သည်။ "ဆောင်းတွင်းညက အရမ်းအေးတယ်။ အစ်ကိုလီ ညဘက် ညီအစ်ကိုတွေနဲ့ အရက်နည်းနည်း သောက်လိုက်ရင် ခန္ဓာကိုယ်လည်း နွေးသွားတာပေါ့"

ထောင်မှူးကလည်း ဆက်မငြင်းဆန်တော့ဘဲ ပြောလိုက်သည်။ "ကောင်းပြီ။ ငါ အရင်သွားလုပ်လိုက်ဦးမယ်။ နောက်မှ မင်းနဲ့ လာသောက်မယ်"

ထောင်စောင့်သည် ထောင်မှူးနောက်သို့ လိုက်လာကာ အဝေးသို့ ရောက်သွားပြီးမှ တိုးညှင်းသော လေသံဖြင့် မေးလိုက်၏။ "ခေါင်းဆောင်... အဲ့ဒီ ထောင်ခန်းထဲမှာ ပိတ်လှောင်ထားတဲ့ အရူးအဘိုးကြီးက ထောင်မှတ်တမ်းစာအုပ်ထဲမှာ သူ့နာမည် မရေးထားဘူး။ သူက တကယ်တော့ ဘယ်သူလဲ"

ထောင်မှူးက ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ငါ ဒီထောင်ထဲကို ရောက်လာတုန်းကတည်းက သူက အချုပ်ခံနေရပြီးသားပဲ။ အဲ့ဒီအချိန်တုန်းက အုပ်ချုပ်ရေးမှူး လူကြီးမင်းက အခု လက်ရှိလူတောင် မဟုတ်သေးဘူး။ ငါက သူ ဘယ်သူလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ"

သူသည် သူ့နောက်သို့ လိုက်လာသော လူငယ်ထောင်စောင့်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး သတိပေးစကား ပြောလိုက်သည်။ "အထက်က လူတွေက မင်းကို မသိစေချင်တဲ့ ကိစ္စတွေကို ခေါင်းထဲထည့်ပြီး လိုက်မစုံစမ်းနဲ့။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်သလို ဖြစ်သွားလိမ့်မယ်"

ထိုစကားကြောင့် ထောင်စောင့်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး ထိုအရူးအဘိုးကြီး၏ အကြောင်းကို ဆက်မမေးဝံ့တော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "အဲ့ဒီ ရှောင်း ဆိုတဲ့လူကရော။ အဲ့ဒီ အရူးအဘိုးကြီးနဲ့ ဘယ်လို ပတ်သက်နေတာလဲ"

ရှောင်းလိ ထောင်ထဲတွင် ရှိနေခဲ့သော နှစ်များအတွင်း ရှောင်းဟွေ့နျန်သည် ထောင်စောင့်များကို လာရောက် လာဘ်ထိုးလေ့ရှိခဲ့သည်။ ထို့ကြောင့် ထောင်မှူးသည် ရှောင်းလိ၏ နောက်ကြောင်းကို သိထားလေသည်။ သူက ပြောလိုက်၏။ "အဲ့ဒီကောင်လေးက အသက် ၈နှစ်မှာ ထောင်ကျခဲ့တာ။ ထောင်ထဲမှာ လူတွေနဲ့ ထမင်းလုစားရင်း အရိုက်ခံရလို့ သေလုမျောပါး ဖြစ်ခဲ့ဖူးတယ်။ နောက်တော့ အဲ့ဒီ အရူးအဘိုးကြီးက ဘယ်လိုဖြစ်ပြီး သူ့ကို ကာကွယ်ပေးခဲ့လဲ မသိဘူး။ ဒါပေမဲ့ သူက ရူးသွပ်နေတော့ ရှောင်း မိသားစုက ကောင်လေးရဲ့ ကျောပြင်ပေါ်မှာ သူ သံကြိုးနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေက တစ်နှစ်ပတ်လုံး ရှိနေခဲ့တာပဲ"

ထောင်မှူးသည် ဤနေရာသို့ ရောက်သောအခါ ခေါင်းကို တစ်ချက်ခါယမ်းလိုက်ပြီး အလွန် ခံစားချက်ပြင်းထန်စွာဖြင့် ပြောလိုက်သည်။ "အခုတော့ အဲ့ဒီကောင်လေးက လူရာဝင်လာပြီဆိုတော့ တော်သေးတာပေါ့"

ထောင်စောင့်က အံ့သြစွာဖြင့် ပြောလိုက်သည်။ "အဲ့ဒီ ရှောင်း ဆိုတဲ့လူက သံယောဇဉ်ကြီးတဲ့သူ ဖြစ်မယ်လို့ မထင်ရဘူးနော်"

ထောင်ခန်းတံခါးရှေ့တွင် ရှောင်းလိသည် ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်ပြီး လက်ဝါးအရွယ်အစားရှိသော အရက်အိုးငယ် နှစ်လုံးကို ထုတ်ယူလိုက်သည်။

ကြက်ကင်ကို ကိုက်စားနေဆဲဖြစ်သော အရူးအဘိုးကြီးသည် အားပါပါ အနံ့ခံလိုက်သည်။ သူသည် ချက်ချင်းပင် ကြက်ကင်ကို လွှင့်ပစ်လိုက်ပြီး ဆီပေကျံနေသော လက်ဖြင့် ထောင်ခန်းတံခါးပေါ်ရှိ သစ်သားတိုင်များကို အားကုန်ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။ "အရက်... ငါ့ကို အရက်ပေး"

ရှောင်းလိက အရက်တစ်အိုးကို လှမ်းပေးလိုက်သည်။ အရက်အိုး၏ ဗိုက်မှာ အနည်းငယ် ကြီးနေသဖြင့် ထောင်ခန်းတံခါး ကြားထဲမှ ဖြတ်မရပေ။ အရူးအဘိုးကြီးသည် လက်နှစ်ဖက်ကို ထောင်ခန်းတံခါးအပြင်ဘက်သို့ ထုတ်ကာ အရက်အိုးကို ပွေ့ပိုက်ထားလိုက်သည်။ သူ၏ သွားများဖြင့် အရက်အိုးဆို့ကို ကိုက်ဖြုတ်လိုက်ပြီး တဂွပ်ဂွပ်မြည်အောင် အငမ်းမရ သောက်ချလိုက်၏။

သူသည် မျက်လုံးကို ပြန်ပင့်ကြည့်လိုက်ချိန်တွင် ရုတ်တရက် အလွန် သတိထားနေသည့်နှယ် ရှောင်းလိကို စိုက်ကြည့်ကာ အော်ဟစ်မေးမြန်းလိုက်သည်။ "မင်းက ဘယ်သူလဲ"

ရှောင်းလိသည် ဤအခြေအနေကို အထူးအဆန်းဟု မသတ်မှတ်တော့ပေ။ သူသည် သူ့အတွက်လည်း အရက်တစ်အိုးကို ဖွင့်လိုက်ပြီး အဘိုးကြီး၏ လက်ထဲရှိ အရက်အိုးနှင့် ထိတိုက်လိုက်ကာ ပြောလိုက်သည်။ "နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

စကားပြောပြီးနောက် သူသည် ခေါင်းကိုမော့ကာ အားရပါးရ တစ်ငုံသောက်ချလိုက်သည်။ စူးရှပူလောင်သော အရသာက လည်ချောင်းတစ်လျှောက် ဖြတ်သန်းသွားပြီး ရင်ဘတ်ထဲတွင် လေးလံစွာ ဖိစီးနေသော ထိုကိစ္စများအားလုံးသည်လည်း အရက်နှင့်အတူ အနည်းငယ် လွင့်စင်သွားသယောင်။

အရူးအဘိုးကြီးသည် သူ့ကို အပြောင်းလဲမြန်သည့် စိတ်အခြေအနေများဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ "ဟွမ်အာ လား... မဟုတ်ဘူး... မင်း မဟုတ်ဘူး"

သူသည် အရက်အိုးကို အောက်သို့ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ထောင်ခန်းတံခါး၏ သစ်သားတိုင်များကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူ့ဘာသာ ရေရွတ်နေသည်။ "ငါ မင်းကို စာမေးပွဲ စစ်ကြည့်မယ်။ စစ်ကြည့်လိုက်ရင် ဟုတ်မဟုတ် သိရလိမ့်မယ်"

သူသည် ရှောင်းလိကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ မေးလိုက်သည်။ "စစ်ပညာမှာ လျှပ်စီးလို တိုက်ခိုက်တယ်ဆိုတာ ဘာကိုခေါ်တာလဲ"

ရှောင်းလိသည် ထောင်ခန်းတံခါးအပြင်ဘက်တွင် သူ လွှင့်ပစ်လိုက်သောကြောင့် အရက်များ ဖိတ်ကျနေသော အရက်အိုးကို လက်လှမ်းကာ မတ်မတ် ပြန်ထောင်ပေးလိုက်သည်။ သူသည် အလွတ်ကျက်ထားသည့်အလား ချောမွေ့စွာ ပြန်ဖြေလိုက်သည်။ "စစ်ရထားနဲ့ မြင်းတပ်တွေက ရန်သူရဲ့ ခိုင်မာတဲ့ တိုက်ပွဲဗျူဟာအခင်းအကျင်းကို ထိုးဖောက်နိုင်တယ်။ ခြေလျင်တပ်တွေနဲ့ မြင်းတပ်တွေက ရန်သူ ညဘက် ဝင်ရောက်တိုက်ခိုက်လာတာကို နှိမ်နင်းနိုင်တယ်"

အရူးအဘိုးကြီး၏ မျက်လုံးများမှာ စိတ်လှုပ်ရှားလာပြီး ထပ်မံမေးလိုက်လေသည်။ "မိုးကြိုးလို တိုက်ခိုက်တယ်ဆိုတာရော ဘာလဲ"

ရှောင်းလိသည် သူ စောစောက ပြန်ထောင်ပေးထားသော အရက်အိုးကို စိုက်ကြည့်နေမိသည်။ ဤတဒင်္ဂတွင် သူသည် အတိတ်က အကျဉ်းထောင်ထဲတွင် ရှိနေခဲ့စဉ် အချိန်များဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားသလိုပင်။

ထိုစဉ်ကလည်း သူသည် ဤကဲ့သို့ပင် ရူးသွပ်စွာဖြင့် သူ့ကို အတင်းအကျပ် မေးမြန်းခဲ့သည်။ မဖြေနိုင်ပါက ထိုသံကြိုးသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလာတော့မည် ဖြစ်၏။

သူသည် ပြိုလဲသွားသလိုလို ရူးသွပ်သွားသလိုလိုနှင့် အမြဲတမ်း သူ့ဘာသာသူ ရေရွတ်နေတတ်သည်။ သူ လိုချင်သော အဖြေကို တစ်ခေါက် ရွတ်ပြပြီးနောက် သူ့ကို အော်ဟစ်သည်။ "အလွတ်ရွတ်စမ်း... ဟွမ်အာက ဘယ်လိုလုပ်ပြီး အလွတ်မရွတ်နိုင်ရတာလဲ။ မင်း စာမကြိုးစားပြန်ဘူး မဟုတ်လား"

သူသည် အရိုက်ခံရလွန်းသဖြင့် ကြောက်ရွံ့နေခဲ့သည်။ သူ ဘာတွေပြောနေမှန်း လုံးဝ နားမလည်ခဲ့သော်ငြားလည်း အဖြေများကို အတင်းအကျပ် မှတ်သားထားခဲ့ရသည်။ နောက်တစ်ကြိမ် သူ ရူးသွပ်လာသောအခါ အဖြေကို မှန်အောင် ဖြေနိုင်ပါက ပြင်းထန်သော ရိုက်နှက်မှု တစ်ကြိမ်မှ ကင်းလွတ်နိုင်လေသည်။

ယခုအချိန်တွင် သူ စကားမပြောဘဲ အချိန်ကြာနေသည်ကို မြင်သောအခါ ထောင်ခန်းထဲရှိ အရူးအဘိုးကြီးမှာ သိသိသာသာ စိတ်တိုလာတော့သည်။ သူ၏ လက်ပေါ်ရှိ သံကြိုးကို ဆူညံစွာ ခါရမ်းလိုက်ပြီး ထောင်ခန်းတံခါးကို အားကုန် လှုပ်ရမ်းကာ ပြောလိုက်သည်။ "မင်း မသိဘူးလား"

သူသည် လှောင်ချိုင့်ထဲတွင် ပိတ်မိနေပြီး ဟိန်းဟောက်နေသော သားရဲတစ်ကောင်နှယ်။ "မင်းက ဘယ်သူလဲ။ ငါ့ရဲ့ ဟွမ်အာကို ဘယ်ကို ခေါ်သွားတာလဲ"

ရှောင်းလိသည် သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်သည်။ "လှံတွေ၊ လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်ရထားပေါ်မှာ ရဲရင့်တဲ့ စစ်သည် ၃ ယောက် တင်ဆောင်ထားတယ်။ သူတို့က ခိုင်မာတဲ့ တိုက်ပွဲဗျူဟာအခင်းအကျင်းကို ထိုးဖောက်နိုင်ပြီး ခြေလျင်တပ်တွေကို ချေမှုန်းနိုင်တယ်"

လိုချင်သော အဖြေကို ရရှိသွားသောအခါ အရူးအဘိုးကြီးသည် လှိုက်လှိုက်လှဲလှဲ ရယ်မောလာပြန်သည်။ "ဟွမ်အာ... ငါ့ရဲ့ ဟွမ်အာ"

လက်ထိတ်ခတ်ထားသော သူ့လက်သည် လက်ဖဝါးနှင့် လက်ကောက်ဝတ် အပိုင်းသာလျှင် ထောင်ခန်းတံခါး အပြင်ဘက်သို့ ထွက်နိုင်သည်။ သူသည် အရက်အိုးကို ပြန်လည်ပွေ့ပိုက်ကာ တဂွပ်ဂွပ်မြည်အောင် အငမ်းမရ သောက်ချလိုက်၏။

ခဏအကြာတွင် သူ၏ ရှုပ်ပွနေသော မုတ်ဆိတ်များ ဖုံးကွယ်ထားခြင်း မရှိသည့် တစ်ခုတည်းသော အစိတ်အပိုင်းများဖြစ်သည့် မျက်လုံးများနှင့် ပါးရိုးများမှာ ရဲရဲနီလာတော့သည်။

သူသည် အရက်ကို သောက်ရင်း တစ်ဖက်ကလည်း အက်ကွဲရှတသော အသံဖြင့် သီချင်းဆိုနေသည်။ "စစ်မြေပြင်မှာ အရက်မူးပြီး အိပ်ပျော်သွားတာကို မရယ်ကြပါနဲ့... ရှေးယခင်ကတည်းက စစ်ထွက်တဲ့သူတွေထဲက ဘယ်နှစ်ယောက်များ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ကြလို့လဲ..."

ရှောင်းလိသည် အရက်အိုး တစ်ဝက်ကျော်ကို သောက်လိုက်သဖြင့် အစာအိမ်ထဲတွင် အလွန် ပူလောင်လာသည်။ သူသည် ခြေထောက်တစ်ဖက်ကို ကွေးထားကာ တံတောင်ဆစ်ကို ဒူးပေါ်တွင် တင်ထားလိုက်သည်။ အမိုးပေါက်မှတစ်ဆင့် ကျဆင်းလာသော နှင်းပွင့်များကို ကြည့်ရင်း ပြောလိုက်သည်။ "မဆိုပါနဲ့တော့။ တကယ်ကို နားထောင်လို့ မကောင်းဘူး"

အရူးအဘိုးကြီးသည် ရူးသွပ်စွာဖြင့် ဆက်သောက်ရင်း ဆိုရင်းသာ လုပ်နေပြီး သူ့ကို ဂရုမစိုက်ပေ။

ရှောင်းလိသည် နောက်ဆုံးတွင် လက်မောင်းကို ခေါင်းအုံးကာ ပက်လက်လှန် လှဲချလိုက်တော့သည်။ အစာအိမ်ထဲတွင် အရက်များ ပူလောင်နေသည်ကို ဂရုမစိုက်ဘဲ အမိုးပေါက်အပြင်ဘက် ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော ကြည်လင်နေသည့် လမင်းကြီးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။ "အဘိုးကြီး... ကျွန်တော် တကယ်ကို မကျေနပ်နိုင်ဘူး"

'မကျေနပ်နိုင်ဘူး' ဆိုသော စကားလုံးများက အရူးအဘိုးကြီးကို လှုံ့ဆော်လိုက်သည့်နှယ်။ သူသည် အရက်အိုးကို ဖက်ကာ ငိုတစ်လှည့် ရယ်တစ်လှည့် ဖြစ်နေပြီး ပါးစပ်မှလည်း လိုက်လံ ရေရွတ်နေသည်။ "မကျေနပ်ဘူး... မကျေနပ်ဘူး..."

ခဏအကြာတွင် သူသည် အလွတ်ဖြစ်နေသော အရက်အိုးကို လွှင့်ပစ်လိုက်ပြီး ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "မကျေနပ်ဘူးဟေ့..."

သူသည် အရက်မူးနေလျက်ဖြင့် လျော့တိလျော့ရဲဖြစ်နေသော လက်သီးပြင်ဆင်ဟန်ကို လုပ်ပြလိုက်သည်။ "လာခဲ့ ဟွမ်အာ... အဖေ မင်းကို လက်သီးထိုး သင်ပေးမယ်"

...

ဝိန်းယွီသည် စားပွဲရှေ့တွင် စုတ်တံကို ကိုင်ကာ ဖေစုန့်ကို ရှုတ်ချဝေဖန်သော ဆောင်းပါးကို ရေးသားနေသည်။

ကျိုးကျင့်အန်းသည်လည်း သူမအတွက် ကိုယ်ရံတော်များနှင့် အဆက်အသွယ် ရအောင် မကူညီပေးနိုင်ခဲ့ပေ။ ဝိန်းယွီသည် ဆောင်းပါးမှတစ်ဆင့် မိမိ တောင်ဘက်သို့ ဆက်လက် ဆင်းသွားပြီဖြစ်ကြောင်း သတင်းကို ဖြန့်ဝေပေးရမည်။

ပထမအချက်မှာ ဖုန်းယန်တွင် ပိတ်မိနေသော ခမည်းတော်နှင့် မယ်တော်တို့ သတင်းရရှိပြီးနောက် စိတ်အေးသွားစေရန် ဖြစ်သည်။ ဒုတိယအချက်မှာ ကိုယ်ရံတော်များ သူမကို ရည်ရွယ်ချက်မရှိဘဲ လိုက်လံ မရှာဖွေစေတော့ဘဲ ဖိန်ကျိုးသို့ အတူတကွ သွားရောက်ကာ ပြန်လည်ဆုံတွေ့နိုင်ရန် ဖြစ်သည်။

ဖေစုန့် လမ်းခုလတ်မှ ဖြတ်တောက်တားဆီးခြင်း မခံရစေရန်အလို့ငှာ ဤဆောင်းပါးကို သူမ ခရီးထွက်ပြီး ၂ ရက်အကြာတွင်မှ ကျိုးကျင့်အန်း၏ လက်အောက်ခံများက လော့ယန်မှ နန်ချန်သို့ သွားနိုင်သော လမ်းကြောင်းအားလုံးတွင် ဖြန့်ဝေပေးရမည်။ သို့မှသာ ဖေစုန့်ကို အာရုံလွှဲနိုင်မည်ဖြစ်ကာ သူမ တောင်ဘက်သို့ ဆင်းသွားသည်ကို သူ သိရှိလျှင်တောင်မှ မည်သည့်လမ်းကြောင်းမှ သွားသည်ကို လုံးဝ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ဖေစုန့်သည် တန်ဖိုး မည်မျှပေးရပါစေ နန်ချန်သို့ သွားသော လမ်းကြောင်းအားလုံးတွင် လူလွှတ်ကာ သူမကို လိုက်လံ သတ်ဖြတ်ရန် ကြိုးစားလျှင်တောင်မှ ခရီးစဉ်မှာ ၂ ရက်ခန့် ကွာဟနေပြီဖြစ်သောကြောင့် အလွယ်တကူ လိုက်မီနိုင်တော့မည် မဟုတ်ပေ။

စာရေးပြီးခါနီးအချိန်တွင် သူမ၏ နေထိုင်စားသောက်မှုကို ပြုစုစောင့်ရှောက်ပေးသော အစေခံမိန်းကလေးသည် အချိုရည်တစ်ခွက်ကို ကိုင်ဆောင်ကာ ဝင်လာပြီး ပြောလိုက်သည်။ "မီးဖိုချောင်မှာ သစ်တော်သီးစွပ်ပြုတ်ကို နွေးထားတယ်။ သခင်မကြီးက မင်းသမီးအတွက် တစ်ခွက် ယူလာပေးခိုင်းလို့ပါ"

ဝိန်းယွီသည် နောက်ဆုံး စာလုံးတစ်လုံးကို ရေးသားပြီးနောက် စုတ်တံကို ချထားလိုက်ကာ ပြောလိုက်သည်။ "ကျေးဇူးပါပဲ"

အစေခံမိန်းကလေးသည် စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ ဝိန်းယွီထံသို့ ကမ်းပေးလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒီည နှင်းတွေ ဒီလောက် ကျနေတာတောင် လမင်းကြီးကို မြင်နေရသေးတယ်"

ဝိန်းယွီသည် ထိုအသံကို ကြားသောအခါ တစ်ဝက်ပွင့်နေသော ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ၏ လက်ထဲမှ စွပ်ပြုတ်ပန်းကန်ကို သေချာ မကိုင်မိလိုက်သဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ကြွေပန်းကန် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော ကျကွဲသံသည် တိတ်ဆိတ်ငြိမ်သက်နေသော ဤညအချိန်တွင် လူကို အကြောင်းပြချက်မရှိဘဲ ရင်တုန်သွားစေတော့သည်။

ဝိန်းယွီသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားသော ကြွေပန်းကန်ကွဲစများနှင့် သစ်တော်သီးစွပ်ပြုတ်များကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

စွပ်ပြုတ်လာပို့သော အစေခံမိန်းကလေးသည် မိမိကိုယ်ကို အပြစ်တင်ရင်း ပြောလိုက်၏။ "ကျွန်မ သေချာ မကိုင်မိလို့ပါ။ သခင်မလေး အပူလောင်သွားသေးလား"

...

အပိုင်း (၃၀.၂)

ဝိန်းယွီက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ ကွဲသွားတာ ဘေးကင်းဖို့ပါပဲ"

သူမသည် ကြွေပန်းကန်ကွဲစများကို ကောက်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထိုအစေခံမိန်းကလေးသည် သခင်မကြီးကျိုးက ဝိန်းယွီနှင့်အတူ တောင်ဘက်သို့ လိုက်ပါသွားရန် ရွေးချယ်ပေးထားသူဖြစ်ပြီး သူမ၏ မြင့်မြတ်သော အဆင့်အတန်းကို သိရှိထားသဖြင့် ကမန်းကတန်း ပြောလိုက်သည်။ "သခင်မလေး အဲဒါတွေကို မကိုင်ပါနဲ့။ ကျွန်မပဲ ကောက်လိုက်ပါ့မယ်။ ကြွေကွဲစတွေ လက်ကို ရှသွားပါဦးမယ်"

စကားဆုံးသည်နှင့် ဝိန်းယွီ၏ လက်ချောင်းထိပ်လေးသည် တကယ်ပင် ကြွေကွဲစ ရှမိသွားပြီး သွေးစက်လေးများ စိမ့်ထွက်လာခဲ့သည်။ သူမသည် လက်ချောင်းထိပ်မှ ထိုနီရဲရဲ သွေးစက်လေးကို ငေးကြည့်ရင်း မှင်သက်နေမိသည်။

အစေခံမိန်းကလေးမှာ အလွန်လန့်သွားပြီး မိမိ၏ပါးစပ်ကို ကိုယ်တိုင် ပြန်ရိုက်ကာ ပြောလိုက်သည်။ "ကျွန်မက တကယ့်ကို ကျီးပါးစပ်ပဲ။ သခင်မလေးကို တကယ်ပဲ ထိခိုက်မိသွားစေပြီ"

သူမသည် ဝိန်းယွီ၏ ဒဏ်ရာကို ပတ်တီးစည်းပေးရန် ပိတ်ဖြူစပါးပါးလေးကို အလျင်အမြန် သွားရှာတော့သည်။

သို့သော် သော့ခတ်ထားပြီးသော အနောက်ဘက် ခြံဝင်းတံခါးကြီးသည် လေပြင်းနှင်းမုန်တိုင်းများ တိုက်ခတ်နေသော ဤညနက်ပိုင်းအချိန်တွင် ရုတ်တရက် ပွင့်ဟသွားခဲ့သည်။ ညအမှောင်ထုထဲမှ အစေခံတစ်ယောက်၏ ကမန်းကတန်း ပြေးလာသော ခြေသံများနှင့်အတူ အသံတစ်ခု ထွက်ပေါ်လာသည်။ "လူကြီးမင်း... ဖုန်းယန်က အရေးပေါ်သတင်း ပါ"

ဝိန်းယွီသည် ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများသည် ဤတဒင်္ဂတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသယောင်ပင်။ သူမသည် သွေးထွက်နေဆဲဖြစ်သော လက်ချောင်းထိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တံခါးကို အလျင်အမြန် ဆွဲဖွင့်ကာ အပြင်သို့ ပြေးထွက်သွားလေတော့သည်။

အိပ်ရာဝင်ခါစဖြစ်သော ကျိုးကျင့်အန်း ဇနီးမောင်နှံသည်လည်း အင်္ကျီကို ကမန်းကတန်း ခြုံကာ ထလာကြသည်။ အစေခံကမ်းပေးလာသော အရေးပေါ်သတင်းကို ယူကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင် ဖြစ်သွားပြီး စာရွက်မှာ လက်ချောင်းများကြားမှ ပြုတ်ကျသွားခဲ့သည်။ သူသည် မျက်နှာကို အုပ်ကာ ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။ "အရှင်မင်းကြီး__"

သခင်မကြီးကျိုးသည် ထိုအခြေအနေကို မြင်သောအခါ စာရွက်ကို ကောက်ယူပြီး အလျင်စလို တစ်ချက်ဖတ်ကြည့်လိုက်ပြီးနောက် မျက်ရည်များ ဝေါခနဲ ကျဆင်းလာတော့သည်။

သူမသည် ခေါင်းကိုမော့ကြည့်လိုက်ရာ ဘေးဘက်ခြံဝင်းငယ်မှ ပြေးလာပြီး လခြမ်းပုံတံခါးပေါက်ရှေ့တွင် ရပ်တန့်နေကာ ရှေ့သို့ ဆက်မတိုးရဲဘဲ မှင်သက်နေသော ဝိန်းယွီကို တွေ့လိုက်ရသည်။ သူမက ဝမ်းနည်းကြေကွဲစွာဖြင့် ငိုကြွေးရင်း ပြောလိုက်သည်။ "မင်းသမီး... ဖုန်းယန် ကျဆုံးသွားပြီ..."

ညလေပြင်းက ဝိန်းယွီ၏ ရှည်လျားသော ဆံနွယ်များကို လွင့်ခတ်သွားစေသည်။ သူမ၏ မျက်နှာအဆင်းသည် အေးစက်သော လရောင်အောက်တွင် ကျဆင်းနေသည့် နှင်းပွင့်များထက်ပင် ၃ဆခန့် ပိုဖြူရော်နေပြီး မေးလိုက်သည်။ "ကျွန်မရဲ့ ခမည်းတော်ရော"

ကျိုးကျင့်အန်းက ဆို့နင့်စွာဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးနဲ့ မင်းသားလေးကို... ဖေစုန့်က ခေါင်းဖြတ်ပြီး ဖုန်းယန်မြို့တံခါးပေါ်မှာ ချိတ်ဆွဲထားလိုက်ပြီတဲ့..."

စကားအဆုံးတွင် သူသည် အော်ဟစ်ကာ ရပ်တန့်မရအောင် ငိုကြွေးနေလေတော့သည်။

ဝိန်းယွီ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး နှင်းပြင်ပေါ်သို့ ဒူးထောက်ရက် လဲကျသွားသည်။ သူမ တစ်ကိုယ်လုံးသည် ကောင်းကင်ကြီး ပြိုကျလာသည့်နှယ် ဆိုးရွားလှသော ဤသတင်းကြောင့် ဝိညာဉ်လွင့်ထွက်သွားသယောင် တုန်လှုပ်သွားပြီး အခိုက်တန့် ငိုပင် မငိုနိုင်အောင် ဖြစ်သွားခဲ့သည်။

ကျိုးကျင့်အန်း ဇနီးမောင်နှံသည် သူမကို ထူရန် ကမန်းကတန်း ရှေ့တိုးလာကြပြီး "မင်းသမီး"

နှင်းပြင်ပေါ်တွင် ထောက်ထားသော ဝိန်းယွီ၏ လက်ချောင်း ၅ ချောင်းမှာ အရိုးဆစ်များ ဖြူရော်သွားသည်အထိ တင်းမာနေသည်။ ညလေအေးတိုက်ခတ်မှုကြောင့် သူမ၏ မျက်လုံးနှစ်လုံးမှာ နာကျင်နေပြီး အသက်ရှူသံများ တုန်ယင်လျက် မေးလိုက်သည်။ "ဘယ်ကနေ ရောက်လာတဲ့ သတင်းလဲ"

ကျိုးကျင့်အန်းသည် သူမက ဤအမှန်တရားကို လက်မခံချင်မှန်း သိသဖြင့် ရင်ထဲတွင်လည်း အလွန် နာကျင်ကြေကွဲနေပြီး ဝမ်းနည်းဖွယ် အသံဖြင့် ပြောလိုက်သည်။ "ယုံချန်က သူလျှိုတွေ ရှေ့တန်းကနေ စုံစမ်းရရှိခဲ့တဲ့ သတင်းပါ"

အအေးဒဏ်သည် လက်ချောင်းအရိုးများမှတစ်ဆင့် ဝိန်းယွီ၏ အဆုတ်နှင့် နှလုံးသားအတွင်းသို့ တစ်လက်မချင်း ထိုးဖောက်ဝင်ရောက်လာပြီး သူမ တစ်ကိုယ်လုံးရှိ သွေးများအားလုံး အေးခဲသွားသည့်နှယ် ခံစားလိုက်ရသည်။ သူမသည် တည်ငြိမ်မှုကို အတင်းအကျပ် ထိန်းသိမ်းထားရင်း မေးလိုက်သည်။ "စာရော"

ကျိုးကျင့်အန်းသည် စာကို သူမထံသို့ ကမ်းပေးလိုက်သည်။

ဝိန်းယွီသည် စာကို လှမ်းယူလိုက်ပြီး စာပေါ်တွင် ရေးထားသည်ကို မြင်လိုက်ရသည်။

"ပထမလ (၁)ရက်နေ့၊ ဖုန်းယန် ကျဆုံးသည်။ ဖေစုန့်သည် ချန်လျန်ဝမ်နှင့် သူ၏သားတော်တို့၏ ခေါင်းကို ဖြတ်ကာ ဖုန်းယန်မြို့တံခါးရှေ့တွင် ချိတ်ဆွဲထားပြီး လက်အောက်ခံများကို ခြိမ်းခြောက်ခဲ့သည်။ သူ့လက်အောက်ခံ စစ်သူကြီး ရှင်းလျဲ့က မြေးတော်လေးကို မြေကြီးပေါ်သို့ ပစ်ပေါက်သတ်ဖြတ်ခဲ့သည်။ ချန်လျန်ဝမ်ဖေးသည် တိုင်ကိုဝင်တိုက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီး ကြင်ရာတော်မင်းသမီးသည် သမီးငယ်လေးကို ကာကွယ်ရင်း လန်ရှင်းမျှော်စင်တွင် အကျဉ်းချခံထားရသည်"

ဝိန်းယွီသည် ပါးစပ်ဟသွားပြီး ငိုချင်နေသော်လည်း ဘာအသံမှ ထွက်ပေါ်မလာခဲ့ပေ။ ပုလဲလုံးများ ပြုတ်ကျလာသည့်နှယ် မျက်ရည်များသာ စာရွက်ပေါ်သို့ ကျဆင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စာရွက်တစ်စိတ်တစ်ပိုင်းကို စိုရွှဲသွားစေသည်။

ခမည်းတော်၊ မယ်တော်၊ အစ်ကိုတော်၊ ပြီးတော့ အသက် ၃ နှစ်အရွယ် ကျွင်းအာ...

အားလုံး မရှိတော့ဘူး။

ဝိန်းယွီသည် စာရွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ ရင်ဘတ်ထဲတွင် သံမဏိအပ်ပေါင်း သောင်းသိန်းမက ထိုးစိုက်မွှေနှောက်ခံနေရသည့်နှယ် အသက်ရှူလို့ မရလောက်အောင် နာကျင်မှုကိုသာ ခံစားနေရသည်။

သူမ၏ လက်များသည် ထိန်းချုပ်မရနိုင်လောက်အောင် ရင်ဘတ်ရှိ အင်္ကျီစကို တင်းကျပ်စွာ ဆွဲဆုပ်ထားမိပြီး မြေပြင်ပေါ်သို့ ဝပ်စင်းဒူးထောက်သွားတော့သည်။ မျက်ဝန်းအိမ်မှ လိမ့်ကျလာသော ပူနွေးသည့် မျက်ရည်များက မြေပြင်ပေါ်ရှိ ပါးလွှာသော နှင်းလွှာကိုပင် အရည်ပျော်သွားစေသည်။

ဘေးပတ်ဝန်းကျင်တွင် ပါးစပ်များစွာ လှုပ်ရှားနေကြသည်။ ကျိုးကျင့်အန်းနှင့် သခင်မကြီးကျိုးတို့က မျက်ရည်များဖြင့် သူမကို တစ်ခုခု ပြောနေကြသည်ကို မြင်ရသော်လည်း ဤတဒင်္ဂတွင် သူမ ဘာကိုမှ မကြားရတော့ပေ။

အချိန်အတော်ကြာမှ သူမသည် အနည်းငယ် သတိပြန်ဝင်လာပြီး ကျိုးကျင့်အန်း ပြောနေသော စကားကို ကြားလိုက်ရသည်။ "... မင်းသမီး အရင်ဆုံး တစ်ညလောက် အနားယူလိုက်ပါ။ ဖေစုန့် တပ်တွေ တောင်ဘက်ကို ဆင်းလာတာက တားဆီးလို့ မရနိုင်တော့ပါဘူး။ ယုံချန်က... ထိန်းထားနိုင်မှာ မဟုတ်ဘူး။ မင်းသမီး အဲ့ဒီမတိုင်ခင် နန်ချန်ကို အရောက်သွားရပါလိမ့်မယ်"

ဝိန်းယွီ၏ ဦးနှောက်တစ်ခုလုံး ထုံကျင်နေပြီး လောလောဆယ်တွင် ဘာကိုမှ မစဉ်းစားနိုင်တော့ပေ။ သူမက တွေဝေထိုင်းမှိုင်းစွာဖြင့် ပြောလိုက်သည်။ "အားလုံးကို လူကြီးမင်း စီစဉ်တဲ့အတိုင်းပဲ လုပ်ပါ"

ကျိုးကျင့်အန်းသည် ဤကဲ့သို့သော သတင်းဆိုးကြီးနှင့် ကြုံတွေ့ရသဖြင့် သူမက သေချာပေါက် တစ်ယောက်တည်း အချိန်ယူပြီး စိတ်ဖြေရမည်ကို သိရှိထားသည်။ သူသည်လည်း ဝမ်းနည်းကြေကွဲမှုကို မြိုသိပ်ထားရင်း အစေခံမိန်းကလေးအား အမိန့်ပေးလိုက်သည်။ "မင်းသမီးကို အခန်းထဲ ပြန်ပို့ပေးလိုက်"

ဝိန်းယွီသည် သခင်မကြီးကျိုးနှင့် အစေခံမိန်းကလေးတို့၏ တွဲကူမှုဖြင့် ခြံဝင်းငယ်သို့ ပြန်ရောက်လာခဲ့သည်။ နောက်ကျောမှ တံခါးကို ပိတ်လိုက်ပြီးနောက် သူမသည် ခွန်အားများ ကုန်ခမ်းသွားသည့်နှယ် တံခါးကို မှီကာ ကြမ်းပြင်ပေါ်သို့ လျှောကာ ထိုင်ချလိုက်တော့သည်။

မျက်ရည်ပေါက်ကြီးများက ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျနေသော်လည်း သူမက အသံထွက်ပြီး မငိုနိုင်ခဲ့ပေ။

မုန်းတီးမှုနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုတို့က တောင်ပြိုရေလျှံသည့်နှယ် ကြီးမားလှသော နာကျင်မှုအဖြစ် ပေါင်းစပ်သွားကာ သူမကို နစ်မြုပ်သွားစေသည်။ မျက်မြင်မရသော လက်တစ်ဖက်က စူးရှစွာ အော်ဟစ်ရင်း သူမကို အဆုံးမဲ့ ချောက်ကမ်းပါးထဲသို့ ဆွဲချသွားသလိုပင်။

— ဘာလို့ လမ်းမှာ ဒီလောက် အချိန်ကြာသွားရတာလဲ။

— ဘာလို့ နန်ချန်ကို အချိန်မီ မရောက်ခဲ့ရတာလဲ။

— ဘာလို့ စစ်ကူ မတောင်းနိုင်ခဲ့ရတာလဲ။

သူမသည် ဒူးနှစ်ဖက်ကို တင်းကျပ်စွာ ပိုက်ထားပြီး ပါးစပ်ကို ဟကာ အစွမ်းကုန် အသက်ရှူနေသော်လည်း ရင်ဘတ်ထဲတွင် စူးအောင့်နာကျင်နေပြီး အသက်ရှူရခက်နေဆဲပင်။

တကယ်လို့များ လိုက်လံသတ်ဖြတ်မခံခဲ့ရဘူးဆိုရင်၊ ကိုယ်ရံတော်တွေနဲ့ ကွဲကွာမသွားခဲ့ဘူးဆိုရင်၊ လူကုန်ကူးသူတွေက ဒီနေရာကို ဖမ်းမလာခဲ့ဘူးဆိုရင် အရာရာတိုင်းက အချိန်မီနိုင်ဦးမလား။

ဝိန်းယွီသည် ခေါင်းကို မော့ထားလိုက်ပြီး မျက်ရည်များက ပါးပြင်နှစ်ဖက်ပေါ်မှ လိမ့်ကျကာ ရင်ဘတ်ရှိ အင်္ကျီစပေါ်သို့ ကျဆင်းလာသည် လွှတ်ထားလိုက်တော့သည်။

ရှောင်းလိသည် သတင်းဆိုးကို ကြားလိုက်ရသဖြင့် ကမန်းကတန်း ပြေးလာခဲ့၏။ ခြံဝင်းငယ်၏ နံရံပေါ်ရှိ ပန်းပုထွင်းထားသော ကျောက်ပြတင်းပေါက်မှတစ်ဆင့် သူမ၏ အခန်းထဲတွင် မှောင်မည်းနေသည်ကို မြင်တွေ့လိုက်ရသည်။

ဤညတွင် သူမ သေချာပေါက် အိပ်ပျော်နိုင်မည် မဟုတ်ကြောင်းကို သူ သိထားသည်။ သို့သော် မိုးမလင်းခင်အချိန်အထိ သူမက ဘယ်သူ့ကိုမှ တွေ့ချင်မည် မဟုတ်ကြောင်းကိုလည်း သူ ခန့်မှန်းမိသည်။

ရှောင်းလိသည် ခြံနံရံကို ကျောမှီထားပြီး ကောင်းကင်ပေါ်ရှိ အေးစက်လှသော လမင်းကြီးကို မော့ကြည့်ရင်း နံရံအပြင်ဘက်တွင် တစ်ညလုံး စောင့်နေခဲ့သည်။

မိုးလင်းခါနီးအချိန်တွင် သူသည် ပခုံးပေါ်မှ နှင်းမှုန်များကို ခါချလိုက်ပြီး ခြံနံရံကို ကျော်ကာ ဝင်သွားသည်။ တံခါးခေါက်ကြည့်သော်လည်း တံခါးကို မင်းတုပ်ချထားဟန်တူပြီး အထဲမှက တုန့်ပြန်သံကို မကြားရပေ။

သူသည် အိမ်အနောက်ဘက်သို့ ပတ်သွားပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သောအခါ တံခါးအနောက်တွင် ဒူးပိုက်ကာ ထိုင်နေသော ဝိန်းယွီကို တစ်ချက်တည်းနှင့် မြင်လိုက်ရသည်။

သူမ၏ မျက်လုံးများမှာ ဖောင်းအစ်နေပြီး မျက်နှာပေါ်တွင် မျက်ရည်စများ မခြောက်သေးပေ။ သို့သော် သူက မမြင်သည့်အလား ဟန်ဆောင်ကာ မေးလိုက်သည်။ "မြင်းစီးပြီး မြို့ပြင်ထွက်ချင်လား"

တစ်နာရီ၏ လေးပုံတစ်ပုံအကြာတွင် ရှောင်းလိသည် ဝိန်းယွီကို ခေါ်ဆောင်ကာ မြေပြင်အနှံ့ ဖုံးလွှမ်းနေသော နံနက်ခင်းနှင်းခဲများကို နင်းဖြတ်ရင်း မြောက်ဘက် မြို့တံခါးမှတစ်ဆင့် မြို့ပြင်သို့ ထွက်လာခဲ့သည်။

ဆောင်းလယ် နံနက်ခင်း၏ လေပြေသည် ရေခဲတုံးထဲမှ ဆွဲထုတ်လာသော ဓားတစ်လက်နှယ် မျက်နှာပေါ်သို့ တိုက်ခတ်သွားတိုင်း ပြတ်ရှနာကျင်နေစေသည်။

ရှောင်းလိ၏ မြင့်မားကြီးမားသော ခန္ဓာကိုယ်က ရှေ့မှနေ၍ လေကို အနည်းငယ် ကွယ်ပေးထားသော်လည်း ဝိန်းယွီ၏ ဝတ်ရုံပေါ်မှ ဦးထုပ်မှာ လေတိုက်ခတ်မှုကြောင့် နောက်သို့ လန်ကျသွားခဲ့သည်။

အလွန်အေးစက်လှသော လေပြင်းက အသက်ရှူသံနှင့်အတူ အဆုတ်ထဲသို့ ထိုးစိုက်ဝင်ရောက်လာသည်။ ရင်ဘတ်နှင့် အဆုတ်ထဲမှ အေးစက်စူးရှသော နာကျင်မှုသည် လေတိုက်ခံရသောကြောင့်လား။ သို့မဟုတ် ထိုကြီးမားလှသော ဝမ်းနည်းမှုကြောင့်လား ဆိုသည်ကို ဤတဒင်္ဂတွင် သူမ ခွဲခြားမရနိုင်တော့ပေ။

မျက်ဝန်းထောင့်မှ မျက်ရည်များကတော့ ကြမ်းတမ်းလှသော လေအေးများကြားတွင် နောက်ထပ်တစ်ကြိမ် စီးကျကာ ခမ်းခြောက်သွားခဲ့လေပြီ။

ရှောင်းလိသည် မြင်းကြာပွတ်ကို ရိုက်လိုက်ရာ မြင်းသည် နှင်းခဲများနှင့် ရေခဲလွှာပါးများ ဖုံးလွှမ်းနေသော တရားဝင်လမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာ ပြေးလွှားသွားသည်။ မြင်းဇက်ကြိုးကို ကိုင်ထားသော သူ၏ လက်ချောင်းအရိုးများပင် မျက်နှာချင်းဆိုင်မှ တိုက်ခတ်လာသော လေပြင်းများကြောင့် အအေးဒဏ် ဝင်ရောက်လာသည်။

သူသည် မျက်လွှာချကာ သူ့ခါးက အင်္ကျီစကို ဆုပ်ကိုင်ထားပြီး အအေးဒဏ်ကြောင့် နီရဲနေသော ဝိန်းယွီ၏ လက်များကို ကြည့်လိုက်၏။ ထို့နောက် လည်ပင်းတွင် ပတ်ထားသော သိုးမွေးပဝါကို ဖြုတ်ယူကာ သူမ၏ လက်နှစ်ဖက်ကို ဖုံးအုပ်ရန် ခါးတွင် ပတ်ပေးလိုက်သည်။

အုပ်ချုပ်ရေးမှူးအိမ်တော်မှ မွေးမြူထားသော မြင်း၏ ခံနိုင်ရည်မှာ အလွန်ကောင်းမွန်လှသည်။ မြို့ပြင်သို့ ထွက်လာပြီးနောက် နာရီဝက်နီးပါးခန့် ပြေးလွှားလာသော်လည်း မောပန်းနွမ်းနယ်သည့် လက္ခဏာ မပြပေ။ ဝေ့မြစ်ကမ်းစပ်သို့ ရောက်ရှိမှသာ သူသည် ဇက်ကြိုးကို ဆွဲကာ ရပ်တန့်လိုက်လေသည်။

သိုးမွေးပဝါဖြင့် ကာကွယ်ပေးထားသော်ငြားလည်း ဝိန်းယွီ၏ လက်နှစ်ဖက်မှာ အအေးဒဏ်ကြောင့် ထုံကျင်နေဆဲပင်။

ရှောင်းလိက မြင်းပေါ်မှ ဆင်းပြီးနောက် သူမသည်လည်း မြင်းကုန်းနှီးကို ကိုင်ကာ ခုန်ဆင်းလိုက်သည်။ သို့သော် လက်များက အေးခဲတောင့်တင်းနေသဖြင့် သေချာ မကိုင်မိဘဲ ပြုတ်ကျသွားသည်။ ရှောင်းလိသည် သူ၏ ရှည်လျားသော လက်မောင်းဖြင့် သူမကို လှမ်းဖမ်းကာ ပွေ့ချလိုက်၏။ သူမ မတ်တတ်ရပ်မိပြီးမှသာ သူ့လက်ကို ရုပ်သိမ်းကာ နောက်ကျောဘက်သို့ ပို့ထားလိုက်သည်။

သို့သော် ဝိန်းယွီသည် ကြီးမားလှသော ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေသဖြင့် ဤအရာများကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။

ရှောင်းလိသည် သူမ၏ ရင်ထဲတွင် လေးလံနာကျင်နေမှန်း သိသဖြင့် ပြောလိုက်သည်။ "ဒါက ဝေ့မြစ်ပဲ။ မြစ်ကို ကူးပြီး အရှေ့ဘက်ကို လီ ၅၀၀ လောက် ဆက်သွားရင် ဖုန်းယန်ကို ရောက်ပြီ"

ယခုအချိန်တွင် မိုးလင်းစ အလင်းရောင်များ စတင် ထွက်ပေါ်လာပြီ ဖြစ်သည်။ နှင်းများဖုံးလွှမ်းနေသည့် အဝေးကတောင်တန်းကြီးမှာ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေပြီး ဝေ့မြစ်ကမ်းစပ်တစ်လျှောက် ကျူပင်များပေါ်တွင်လည်း အလင်းဖြောင်နေသည့် နံနက်ခင်း နှင်းခဲများက ခဲလို့နေသည်။

ဝိန်းယွီသည် မြစ်ကမ်းစပ်တွင် မတ်တတ်ရပ်လိုက်သည်။ သူမ၏ ရှည်လျားသော ဆံနွယ်များနှင့် အင်္ကျီစများမှာ လေတိုက်ခတ်မှုကြောင့် လွင့်ပျံနေ၏။ ငိုလွန်းသဖြင့် ခြောက်ကပ်နာကျင်နေပြီဖြစ်သော သူမ၏ မျက်လုံးနှစ်လုံးဖြင့် မြူနှင်းများ ဖုံးလွှမ်းနေသော ဝေ့မြစ်တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်သောအခါ မျက်ရည်များ တစ်ဖန် ပြန်လည် စီးကျလာခဲ့သည်။

သူမသည် ဒူးထောက်ချလိုက်ပြီး မမြင်နိုင်တော့သော ဖုန်းယန်မြို့ဟောင်းဘက်သို့ မျက်နှာမူကာ ၃ ကြိမ် ဦးချလိုက်သည်။ သူမ၏ ပိန်လှီသော ပခုံးနှစ်ဖက်မှာ တုန်ယင်နေပြီး နောက်ဆုံးတွင် အသံထွက်အောင် အော်ဟစ်ငိုကြွေးလေတော့သည်။

ဒီနေ့ကစပြီး သူမမှာ မယ်တော် မရှိတော့ဘူး။ ခမည်းတော် မရှိတော့ဘူး။ အစ်ကိုတော်လည်း မရှိတော့ဘူး။

ဖေစုန့်... ဖေစုန့်။

ပူဆွေးသောကနှင့် ဝမ်းနည်းနာကျင်မှု အားလုံးသည် ဤကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းဟောက်နေသော လေပြင်းသံများနှင့် ရင်ကွဲမတတ် ငိုကြွေးသံများကြားတွင် သွေးများ စွန်းထင်းနေသော ထိုစာလုံး နှစ်လုံးအဖြစ်သို့ စုစည်းသွားသည်။

အမုန်းတရားက ဝမ်းနည်းပူဆွေးမှုနှင့် နာကျင်မှု အားလုံးကို ကြိတ်ချေ ဖျက်ဆီးပစ်လိုက်လေပြီ။

ဝိန်းယွီသည် ဝအောင် ငိုကြွေးပြီးနောက် မှိန်ဖျော့သော မိုးလင်းစ အလင်းရောင်အောက်တွင် မြစ်တစ်ဖက်ကမ်းကို မော့ကြည့်လိုက်၏။ နီရဲနေသော မျက်ဝန်းများထဲမှ မျက်ရည်တစ်ပေါက်မှ ထပ်ပြီး စီးကျမလာတော့ဘဲ နံနက်ခင်း နှင်းခဲများနှင့် လေပြင်းများကြားတွင် စုစည်းလာသော လူသတ်ချင်စိတ်များသာ ကျန်ရှိနေတော့သည်။ "ငါ ဝိန်းမျိုးနွယ်စုဝင် ဇီယွီက ဒီဘဝမှာ ဖေစုန့် ကို သေချာပေါက် သတ်ပြီး ဒီသွေးကြွေးကို ပြန်ဆပ်မယ်"

ရှောင်းလိသည် ဝေ့မြစ်ကမ်းစပ်တွင် သူမနှင့်အတူ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ သူ့အကြည့်များသည် မြစ်ပြင်ပေါ်ရှိ မြူနှင်းများကို ဖောက်ထွင်းကာ သူ တစ်ခါမှ မရောက်ဖူးခဲ့သော ထိုဖုန်းယန်မြို့ဆီသို့ လှမ်းကြည့်နေလေသည်။

ထိုမြူနှင်းများ၏ အနောက်ဘက်ရှိ ထိုမြေကို သွေးစွန်းမှုများဖြင့် သိမ်းပိုက်ထားသော လူ... ဖေစုန့်ကိုလည်း ကြည့်နေသည့်နှယ်...

...

All Chapters