အခန်း ၃၁
Vol. 4 Ch. 31
အပိုင်း (၃၁.၁)
ဖုန်းယန်။
ကျောက်စိမ်းရောင် အပေါ်ဝတ်ရုံကို ဆင်မြန်းထားကြသော အစေခံမိန်းမကြီးများသည် လက်ထဲတွင် ယွန်းဗန်းများကိုကိုင်ဆောင်လျက် နန်းဆောင်အပြင်ဘက်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် တန်းစီဝင်ရောက်လာကြလေသည်။ ယွန်းဗန်းများထဲတွင် တောက်ပလှပသော ဝတ်ရုံများကို ထည့်သွင်းထားသည်လည်း ရှိသလို၊ ပုလဲဆံထိုးနှင့် ဆံအလှဆင်ပစ္စည်းများကို ထည့်သွင်းထားသည်လည်း ရှိပြီး မျက်စိကျိန်းမတတ် စုံလင်လှပနေ၏။ အစေခံမိန်းမကြီးများသည် နန်းဆောင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် တစ်ဖက်တစ်ချက်စီတွင် ခွဲရပ်လိုက်ကြသည်။ ထို့နောက် လူနှစ်ယောက် ယှဉ်လျှောက်နိုင်သော လျှောက်လမ်းတစ်ခုကို ချန်လှပ်ထားပေးလိုက်ကြလေသည်။
အကြီးအကဲပုံစံပေါက်နေသော မိန်းမကြီးသည် လက်ကို အင်္ကျီလက်အတွင်းသို့ ထည့်သွင်းထားပြီး နန်းဆောင်အတွင်းရှိ လှပသော မျက်နှာပိုင်ရှင် မိန်းကလေးကို မျက်နှာသေဖြင့် ပြောလိုက်လေသည်။ "ကျန်းမေရန်၊ မြန်မြန် ရေချိုးပြီး အဝတ်အစား လဲလိုက်ပါတော့။ ကျူကျွင်းကို အကြာကြီး စောင့်ရအောင် မလုပ်ပါနဲ့"
(*ကျူကျွင်း- အရှင်သခင်/သခင်ကြီး၊ နယ်မြေကိုအပိုင်စားရတဲ့ သခင် လို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သခင်ကြီး ဆိုတာက ဘုံအသုံးဖြစ်လို့ နားလည်လွယ်အောင် တရုတ်အခေါ်အဝေါ်နဲ့ပဲ သုံးသွားပါမယ်)
ကျန်းယီချူးသည် ရင်ခွင်ထဲရှိ သုံးနှစ်အရွယ် သမီးငယ်လေးကို ကာကွယ်ဖက်တွယ်ထားပြီး ငိုယိုထားသဖြင့် ရဲရဲနီနေသော မက်မွန်စေ့သဏ္ဍာန် မျက်လုံးအစုံဖြင့် ဒေါသတကြီး စိုက်ကြည့်ကာ မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။ "ထွက်သွားကြ! ငါက ချန်လျန်ဝမ်ရှီဇီဖေးပဲ! နင်တို့ပါးစပ်က ပြောနေတဲ့ ကျန်းမေရန်ဆိုတာ မဟုတ်ဘူး!"
(ချန်လျန်ဝမ် - ချန်လျန်ဝမ်ရယ်
ရှီဇီ- ဆက်ခံသူမင်းသား/ အိမ်ရှေ့မင်းသား
ရှီဇီဖေး - ဆက်ခံသူမင်းသားကြင်ရာတော်/ အိမ်ရှေ့စံမိဖုရား)
အကြီးအကဲမိန်းမကြီးသည် မျက်ခွံကို ပင့်တင်လိုက်ပြီး သူမကို အေးစက်စွာ ကြည့်ကာ ပြောလိုက်လေသည်။ "ကျွန်မကတော့ ကျန်းမေရန်ကို အခြေအနေကို နားလည်ဖို့ပဲ အကြံပေးချင်တယ်။ ချန်လျန်ဝမ်တို့ သားအဖတွေက သေကုန်ကြပြီ။ မင်းက ဒီလန်ရှင်းနန်းဆောင်ထဲကို ရောက်လာကတည်းက ကျူကျွင်းရဲ့ ခေါ်ယူအလုပ်ကျွေးပြုခိုင်းတာကို စောင့်ရမယ့် မေရန်တစ်ယောက် ဖြစ်သွားပြီ"
သူမ၏ အကြည့်များသည် ကျန်းယီချူး၏ ရင်ခွင်ထဲရှိ ပန်းပုရုပ်လေးပမာ လှပချစ်စရာကောင်းလှသော မိန်းကလေးငယ်ပေါ်သို့ ကျရောက်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ကျန်းမေရန်က သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့လို့ ကျူကျွင်းက သနားသွားပြီး ဒီဝိန်းမျိုးနွယ်စုရဲ့ အကြွင်းအကျန်လေးကို အသက်ရှင်ခွင့် ပေးထားခဲ့တာ။ ကျန်းမေရန်က ကျူကျွင်း ဒေါသထွက်အောင် လုပ်မိရင် ပေးဆပ်ရမယ့် တန်ဖိုးကို သေချာစဉ်းစားပြီးပြီလား"
ကျန်းယီချူးသည် သမီးဖြစ်သူကို ပိုလို့ပင် တင်းကြပ်စွာ ဖက်တွယ်လိုက်ပြီး အံကို တင်းတင်းကြိတ်ထားလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်မှနေ၍ မျက်ရည်နှစ်ပေါက် လိမ့်ဆင်းလာပြီး နောက်ဆုံးတွင်တော့ ပြောလိုက်လေသည်။ "နင်တို့တွေ ထွက်သွားကြ။ ငါ့ဘာသာ အဝတ်လဲမယ်"
အကြီးအကဲမိန်းမကြီးသည် မောက်မာစွာဖြင့် ပြောလိုက်လေသည်။ "ဒါဆိုရင် ကျွန်မတို့တွေ နန်းဆောင်အပြင်ဘက်ကနေ မေရန်ကို စောင့်နေပါ့မယ်"
ထိုသို့ပြောပြီးနောက် လက်ဟန်ပြလိုက်သည်။ သူမ၏ အနောက်ဘက်က ယွန်းဗန်းများကိုကိုင်ဆောင်ထားကြသော မိန်းမကြီးများသည် ယွန်းဗန်းများကို ချထားခဲ့ပြီးနောက်မှသာ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်ကာ ထွက်ခွာသွားကြလေသည်။
အားယင်းလေးသည် အကြောင်းအရာများကို ကောင်းစွာ နားမလည်သေးဘဲ ဖောင်းအိနေသော လက်လေးဖြင့် ကျန်းယီချူး၏ မျက်နှာပေါ်က မျက်ရည်စများကို သုတ်ပေးကာကလေးသံလေးဖြင့် ပြောလိုက်လေသည်။ "မေမေ၊ မငိုနဲ့တော့။ လူဆိုးတွေ ထွက်သွားကြပြီ"
ကျန်းယီချူးသည် ဘာမှမသိနားမလည်သေးဘဲ အပြစ်ကင်းစင်လှသော သမီးဖြစ်သူကို ကြည့်လိုက်သည်။ သူမ၏ မျက်စိရှေ့တွင်ပင် မြှောက်ကာ ရိုက်ပေါက်သတ်ဖြတ်ခံခဲ့ရသော သားဖြစ်သူကို တွေးမိသွားပြီး ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာကာ သမီးဖြစ်သူကို ဖက်လျက် ရှိုက်ငင်ငိုကြွေးလိုက်လေတော့သည်။
အားယင်းလေးသည် မိခင်ဖြစ်သူက မည်သည့်အကြောင်းကြောင့် သည်လောက် ပြင်းပြင်းထန်ထန် ငိုကြွေးနေမှန်း မသိဘဲ လန့်သွားဟန်တူကာ သူမပါ လိုက်လံငိုကြွေးလေတော့သည်။
ကျန်းယီချူးသည် မျက်ရည်များ စီးကျနေရင်းမှ သမီးဖြစ်သူ၏ ကျောပြင်လေးကို ပုတ်ပေးလိုက်ပြီး ဘေးနားရှိ အထိန်းတော်ကြီးထံသို့ လွှဲပြောင်းပေးလိုက်လေသည်။
အထိန်းတော်ကြီးမှာလည်း မျက်လုံးအစုံ ရဲနီနေလျက် ပြောလိုက်လေသည်။ "ရှီဇီဖေး......"
ကျန်းယီချူးက ငိုရှိုက်ကာ ပြောလိုက်လေသည်။ "ကျွင်းအာလည်း မရှိတော့ဘူး။ ငါ အားယင်းလေးကို ဘာအန္တရာယ်မှ ထပ်အဖြစ်ခံလို့ မရတော့ဘူး"
သူမသည် မျက်နှာကို အုပ်ကာ ငိုကြွေးလျက်ကန့်လန့်ကာကို အားပြုပြီး ရေချိုးခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
အထိန်းတော်ကြီးသည် အားယင်းလေးကို ပွေ့ချီထားလိုက်သည်။ကလေးငယ်၏ ငိုထားသဖြင့် ရဲရဲနီနေသော ပါးပြင်ပေါ်တွင် မျက်ရည်ပေါက်လေးများ တွဲခိုနေပြီး အပြစ်ကင်းစင်ကာ သနားစဖွယ်ကောင်းလှသော ပုံစံလေးကို မြင်လိုက်ရသောအခါ သူမလည်း မနေနိုင်တော့ဘဲ အင်္ကျီလက်ကို ပင့်တင်ကာ မျက်ရည်များကို သုတ်လိုက်လျက် ပြောလိုက်လေသည်။ "သနားစရာကောင်းတဲ့ ငါ့ရဲ့ သခင်လေးရယ်......"
ကျန်းယီချူးသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရေချိုးကန်အတွင်းသို့ နှစ်မြှုပ်ထားလိုက်၏။ စိုရွှဲနေသော ဆံနွယ်များသည် သူမ၏ ဖြူရော်နေသော ပါးပြင်ပေါ်တွင်ကပ်နေပြီး မျက်လုံးများထဲမှ မျက်ရည်များကတော့ ရပ်တန့်မသွားဘဲ စီးကျနေဆဲပင်။
သူမသည် ဝိန်းယွီကဲ့သို့ တစ်ချက်လေး ကြည့်လိုက်ရုံဖြင့် လူကို အချစ်နာကျသွားစေနိုင်လောက်အောင် လှပလွန်းသော မိန်းမလှလေးမျိုး မဟုတ်ချေ။ သူမ၏ ခန္ဓာကိုယ်တွင် ကျန်းနန်ဒေသ၏ မိုးရေစက်များနှယ် နူးညံ့သိမ်မွေ့မှုများ ပိုပါဝင်နေပြီး ရုပ်ရည်သွင်ပြင်မှစ၍ စိတ်နေသဘောထားအထိ ရေဆေးပန်းချီကားတစ်ချပ်နှယ် ရှင်းလင်းလှပနေလေသည်။
အပြင်ဘက်မှ အားယင်းလေး၏ ပြတ်တောင်းပြတ်တောင်း ငိုသံလေးများကို ကြားနေရဆဲပင်။ သူမသည် ရေချိုးကန်ဘေးတွင် မှောက်လျက် ရှိုက်ငင်ကာ အသံထွက် ငိုကြွေးလိုက်ပြီး ပါးစပ်မှလည်း တဖွဖွ ရေရွတ်နေလေသည်။ "ဟန်လန်၊ ဟန်လန်ရယ်......"
သူမ၏ ခင်ပွန်းဖြစ်သူ ဝိန်းဟန်သည် သူ၏ နာမည်နှင့်လိုက်အောင်ပင် ဖြောင့်မတ်တည်ကြည်ကာ ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက် ဖြစ်သည်။
လက်ထပ်ခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း သူမကို မြင်လိုက်ရတိုင်း မျက်နှာများ ရဲတက်သွားတတ်ဆဲပင်။
အပြင်သို့ ထွက်သွားရတိုင်း စာများ ပေးပို့လာရာတွင် အစချီစာသား၌ အလွန်ပင် ချစ်ခင်မြတ်နိုးဖွယ်ကောင်းစွာဖြင့် "ကိုယ့်ဇနီး အားချူ" ဟူသော စာလုံးလေးလုံးကို အမြဲတမ်း ရေးသားလေ့ရှိသည်။
ထိုမျှ ဖြူစင် စိတ်ရှင်းလင်းပြီး တိုင်းပြည်ကိုကယ်တင်ကာ ပြည်သူများကို အကျိုးပြုရန်သာ တစ်စိုက်မတ်မတ် တွေးတောနေခဲ့သော လူတစ်ယောက်သည် ခေါင်းဖြတ်ခံရပြီး အလောင်းကို နေလှန်းခံရသည့် အဆုံးသတ်မျိုးသို့ ရောက်ရှိသွားခဲ့ရသည်။
ကျန်းယီချူးသည်ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် ငိုကြွေးနေမိသည်။ ယောက္ခမနှစ်ပါးလုံးလည်း အလွန် ရက်စက်စွာ သေဆုံးသွားခဲ့ရပြီး နန်ချန်သို့ လက်ထပ်ရန် သွားရောက်ခဲ့သော အားယွီမှာလည်း အသက်ရှင်သလား သေဆုံးသွားပြီလားပင် မသိရသေးချေ။ကိုယ်တိုင်သာလျှင် အရွယ်မရောက်သေးသော သမီးဖြစ်သူကို ကာကွယ်ပေးနိုင်တော့မည်ဟု တွေးမိသွားပြီးနောက် နောက်ဆုံးတွင်တော့ ရင်ထဲမှ အလွန်အမင်း နာကျင်ခံစားရမှုများကို အတင်းအကျပ် မြိုသိပ်ကာ ခြေလှမ်းကို ကြွလျက် ရေချိုးကန်အတွင်းမှ ထွက်လာခဲ့လေသည်။
နန်းဆောင်အပြင်ဘက်တွင် စောင့်ကြပ်နေသော အကြီးအကဲမိန်းမကြီးသည် နန်းဆောင်တံခါး လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်လေသည်။ ကျန်းယီချူးသည် မိတ်ကပ်လိမ်းခြယ် ပြင်ဆင်ပြီးနောက်တွင် မျက်ဝန်းထောင့်၌သာ ငိုကြွေးထားသဖြင့် ခပ်ဖျော့ဖျော့ အနီရောင်များ ကျန်ရစ်နေသည်ကို မြင်လိုက်ရ၏။ ပါးနီလေးများ ခြယ်သထားသဖြင့် ပိုလို့ပင် သနားစဖွယ်ကောင်းကာ ဆွဲဆောင်မှုရှိနေပြီး သူမက ကျေနပ်စွာဖြင့် ပြောလိုက်လေသည်။ "ကျန်းမေရန်၊ ကျွန်မနောက်ကနေ လိုက်ခဲ့ပါ"
ဖေစုန့်သည် ဖုန်းယန်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချန်လျန်ဝမ်၏ အိမ်တော်ကို သိမ်းပိုက်လိုက်လေသည်။
ကျန်းယီချူးသည် ထိုအစေခံမိန်းမကြီး၏ ဦးဆောင်မှုနောက်တွင် ကွေ့ကောက်နေသော လမ်းငယ်လေးများကို ဖြတ်သန်းသွားခဲ့သည်။ အရင်က သူမနှင့် ဝိန်းဟန်တို့ နေထိုင်ခဲ့သော ခြံဝင်းအတွင်းသို့ ရောက်ရှိသွားချိန်တွင် မိတ်ကပ်များဖြင့် ဖုံးကွယ်ထားသော်ငြားလည်း သူမ၏ မျက်နှာမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြူရော်သွားတော့သည်။
သူမသည် ခြံတံခါးရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အထဲသို့ ဆက်မဝင်လိုတော့ချေ။ လမ်းပြနေသော အစေခံမိန်းမကြီးက နောက်သို့ လှည့်ကာ သူမကို စွေကြည့်လျက် ပြောလိုက်လေသည်။ "ကျူကျွင်းက အထဲမှာ ကျန်းမေရန်ကို စောင့်နေပါတယ်"
ကျန်းယီချူး၏ ခြေထောက်အောက်တွင် ခဲရည်များ လောင်းထည့်ထားသည့်နှယ် မည်သို့ပင် ကြိုးစားစေကာမူ လုံးဝ လှမ်းလို့ မရနိုင်တော့ချေ။
ဤနေရာသည် သူမနှင့် ခင်ပွန်းဖြစ်သူတို့ အသက်ထင်ရှားရှိစဉ်က နေထိုင်ခဲ့သော နေရာဖြစ်သည်။ အတွင်းရှိ အုတ်တစ်ချပ်၊ ကျောက်တစ်လုံး၊ မြက်တစ်ပင်နှင့် သစ်ပင်တစ်ပင်တိုင်းတွင် သူတို့ အတိတ်က အတူတူ ဖြတ်သန်းခဲ့ကြသော အရိပ်အယောင်များ ရှိနေလေသည်။
သူမသည် သမီးဖြစ်သူအတွက် ထိုလူယုတ်မာကို ခန္ဓာကိုယ် ပေးအပ်ကာ အစေခံနိုင်သော်လည်း ဤနေရာတွင်တော့ အဖြစ်မခံလိုချေ။
အစေခံမိန်းမကြီးသည် သူမက မလှုပ်မရှား ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ အထက်သို့ ကော့တက်နေသော မျက်လုံးအစုံကို ပင့်တင်လိုက်ပြီး ဆူပူကြိမ်းမောင်းကာ ပြောလိုက်လေသည်။ "ကျန်းမေရန်က ဘာတွေကို တွန့်ဆုတ်နေတာလဲ။ ကျူကျွင်းရဲ့ သည်းခံနိုင်စွမ်းကလည်း အကန့်အသတ် ရှိတယ်နော်"
ကျန်းယီချူး၏ သေသပ်လှပစွာ ခြယ်သထားသော မျက်ဝန်းထောင့်မှနေ၍ မျက်ရည်တစ်ပေါက် ပြုတ်ကျလာခဲ့သည်။ သူမသည် တုန်ယင်နေလျက် ခြံဝင်းအတွင်းသို့ ခြေလှမ်းများကို လှမ်းကာသွားလိုက်တော့သည်။
ပင်မအိမ်တော်၏ တံခါးဝတွင် အစေခံမလေး နှစ်ယောက် စောင့်ကြပ်နေကြသည်။ သူမ လာသည်ကို မြင်သောအခါ တံခါးကို ဆွဲဖွင့်ပေးလိုက်ကြ၏။ ကျန်းယီချူးသည် တောင့်တင်းနေလျက် သူမ လက်ထပ်ခါစကတည်းက တစ်ချိန်လုံး နေထိုင်ခဲ့သော ထိုအခန်းအတွင်းသို့ တစ်လှမ်းချင်းစီ ဝင်ရောက်သွားခဲ့လေသည်။
အခန်းသည် ကြမ်းခင်းအပူပေးစနစ်ကြောင့် နွေးထွေးနေပြီး သက်တောင့်သက်သာရှိလှသည့် အမွှေးနံ့သာများက လူကို လွှမ်းခြုံလာလေသည်။
သူမသည် အသက်မပါသော ရုပ်အလောင်းတစ်ခုသယောင် ပျိုနီပန်းများ ရိုက်နှိပ်ထားသော ထူထဲသည့် ကော်ဇောပေါ်တွင် ဒူးထောက်လိုက်ပြီး ပြောလိုက်လေသည်။ "အပြစ်ရှိသူ ကျန်းမျိုးနွယ်က အမတ်ချုပ်ကို ဂါရဝပြုပါတယ်"
ဖေစုန့်သည် ယခင်က ဧကရာဇ်၏ ဆွေမျိုးများဖြစ်သော အောဝ်(အောင်ကို ဝသံနဲ့ဆုံးပြီး ထွက်ပါတယ်)အုပ်စု၏ လူတစ်ယောက် ဖြစ်ခဲ့သည်။ ချန်လျန်ဝမ်တို့ သားအဖ၏ ဥပဒေသစ် ပြောင်းလဲကျင့်သုံးမှုများကို အကြိမ်ကြိမ် ဟန့်တားခဲ့ပြီး အောဝ်အုပ်စု၏ အာဏာလွှဲပြောင်းပေးမှုကို အခွင့်ကောင်းယူကာ အယ်ကျိုး ဒေသအုပ်ချုပ်ရေးမှူး ရာထူးနေရာသို့ တစ်လှမ်းချင်းစီ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် အမတ်ချုပ် အဖြစ် ထပ်မံ ချီးမြှင့်ခံခဲ့ရလေသည်။
ယခုအချိန်တွင် ဖုန်းယန်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး သူက ဝိန်းတော်ဝင်မျိုးနွယ်စုများကို အကုန်အစင် သတ်ဖြတ်ပစ်ခဲ့သော်လည်း ဤကမ္ဘာလောကကြီးသည် သူ့တစ်ယောက်တည်းကသာ အကြီးအကဲဖြစ်နေသည်တော့ မဟုတ်ချေ။ မြောက်ဘက်သို့ သွားလျှင် ယန်ယွင်ပြည်နယ် ဆယ့်ခြောက်ခုကို စောင့်ကြပ်နေသော ယခင်မင်းဆက်မှ အရှုံးပေးခဲ့သော စစ်သူကြီး၏ သားစဉ်မြေးဆက်ဖြစ်သည့် ဝေ့ချီရှန်း ရှိနေသေးပြီး၊ တောင်ဘက်သို့ သွားလျှင် ယခင်မင်းဆက် မတိုင်မီကတည်းက ခွဲထွက်သွားခဲ့ပြီးကိုယ်ပိုင် နိုင်ငံထူထောင်ထားသော နန်ချန် ရှိနေသေးသည်။
သူကဲ့သို့ တာ့လျန်ပြည်ထောင်မှ ပုန်ကန်သူ စစ်သူကြီးတစ်ယောက်က တောင်နှင့် မြောက်ကို တစ်ပေါင်းတစ်စည်းတည်း မပေါင်းစည်းနိုင်ခင် အချိန်တွင် ဧကရာဇ်အဖြစ် ကြေညာမည်ဆိုပါက မည်သို့ပင်ဖြစ်စေ အမည်ခံမမှန်ကန်သလို အကြောင်းပြချက်လည်း မခိုင်လုံပေ။ ထို့ကြောင့် လက်အောက်ငယ်သားများက သူ့ကို အမတ်ချုပ် ဟုသာ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ကျန်းယီချူးက ထိုစကားကို ပြောလိုက်ပြီးနောက် အထက်တွင် ထိုင်နေသောသူသည် အချိန်အတော်ကြာသည်အထိ အသံထွက်မလာခဲ့ချေ။ နားထဲတွင် သူ့လက်ထဲ၌ တစ်စုံတစ်ခုသော ပစ္စည်းကို ဆော့ကစားနေသဖြင့် ပွတ်တိုက်ထိခိုက်မိသော အသံတိုးတိုးလေးများကိုသာ ကြားနေရလေသည်။ သူမက ခြေထောက်များ ထုံကျဉ်သွားသည်အထိ ဒူးထောက်နေရချိန်တွင်မှ တစ်ဖက်လူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "ခေါင်းမော့လိုက်"
ကျန်းယီချူးက ခေါင်းကို မော့လိုက်သည်။ သူမ၏ ပထမဆုံးအကြည့်က သတိထားမိလိုက်သည်မှာ ထိုလူယုတ်မာ၏ ရုပ်ရည်သွင်ပြင် မဟုတ်ဘဲ သူ၏ လက်ထဲတွင် ဆော့ကစားနေသော ကျောက်စိမ်းကရားလေး တစ်လုံးပင်။ ထိုကျောက်စိမ်းကရားလေးမှာ အဖြူရောင်ကျောက်စိမ်းသားဖြင့် ပြုလုပ်ထားပြီး နူးညံ့ချောမွေ့ကာ ပန်းပုလက်ရာမှာလည်း အလွန် သေသပ်လှပသည်။ကရား၏ လက်ကိုင်တွင် အနက်ရောင်ကြိုးဖြင့် အနီရောင် ပယင်းပုတီးစေ့ အနည်းငယ်ကို သီကုံးထားပြီး ဝိန်းဟန် အသက်ထင်ရှားရှိစဉ်က ဆော့ကစားလေ့ရှိသည့် အနှစ်သက်ဆုံး ပစ္စည်းတစ်ခုပင်။
သူက အမြဲတမ်း ပြောလေ့ရှိသည်။ "ကျောက်စိမ်းကရားထဲမှာ ရေခဲတုံးလေး တစ်တုံးရှိတယ်" သူမအပေါ်တွင်လည်းကောင်း၊ ဤတိုင်းပြည်အပေါ်တွင်လည်းကောင်း အားလုံး ထိုကဲ့သို့ပင် ဖြူစင်ရှင်းလင်းကြောင်း ရည်ညွှန်းခဲ့ခြင်းပင်။
သူမ၏ ပုံမှန်မဟုတ်သော အမူအရာက တစ်ဖက်လူ၏ မျက်လုံးထဲသို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အထက်တွင် ထိုင်နေသောသူသည် အဓိပ္ပာယ်မပေါ်လွင်သော ရယ်သံတိုးတိုးလေး ပြုလိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်လေသည်။ လက်ချောင်းထိပ်များဖြင့်ကရားလက်ကိုင်ပေါ်ရှိ ထိုကြိုးလေးကို ချိတ်ဆွဲထားပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ဒီကျောက်စိမ်းကရားလေးက သေသပ်လှပတာကို မြင်လိုက်ရလို့ ကျုပ်က ဒီအတိုင်းပဲ ယူပြီး ဆော့ကစားနေမိတာပါ။ ဒါပေမယ့် သခင်မရဲ့ အချစ်တော် ပစ္စည်းလေးကို သွားထိမိသလို ဖြစ်သွားပြီ ထင်ပါရဲ့"
သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး လက်ချောင်းထိပ်ကို အနည်းငယ် စောင်းလိုက်လေသည်။ ထိုကြိုးလေးသည် အောက်ဘက်ရှိ ကျောက်စိမ်းကရား၏ အလေးချိန်ကြောင့် သူ၏ လက်ချောင်းများပေါ်မှ လျှောကျသွားခဲ့ပြီး သူက ပြုံးလျက် ပြောလိုက်လေသည်။ " ဖေစုန့်က အခုပဲ သခင်မကို ပြန်ပေးလိုက်ပါ့မယ်"
ကျန်းယီချူး၏ မျက်လုံးများထဲမှ မျက်ရည်များက လိမ့်ဆင်းလာခဲ့ပြန်သည်။ သူမသည် ခြေထောက်များ ထုံကျဉ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ လှမ်းကာ ခုန်အုပ်လိုက်လေသည်။ "ဟင့်အင်း——"
သို့သော် နောက်ဆုံးတွင်တော့ ဖမ်းမမိလိုက်ချေ။ တောက်ပကြည်လင်နေသော အဖြူရောင် ကျောက်စိမ်းကရားလေးသည် လှေကားထစ်နှင့် ရိုက်မိသွားပြီး တစ်စစီ ကွဲကြေသွားတော့သည်။
…
အပိုင်း(၃၁.၂)
ဝိန်းဟန်က သူမအတွက် ချန်ထားရစ်ခဲ့သော တစ်ခုတည်းသော အမှတ်တရလေးမှာလည်း မရှိတော့ချေ။ ကျန်းယီချူးသည် အသက်ရှူပင် မှားသွားလောက်အောင် ငိုကြွေးနေမိပြီး ထိုကျောက်စိမ်းကရား၏ အကွဲအစများကို ကောက်ယူရန် လက်ကို မြှောက်လိုက်လေသည်။ ရွှေရောင်ချည်မျှင်များဖြင့် ရှုပ်ထွေးလှသော ပန်းထိုးများ ထိုးထားသည့် ဖိနပ်တစ်ရံက သူမ ကောက်ယူချင်နေသော ထိုကျောက်စိမ်းကရား အကွဲအစပေါ်သို့ တက်နင်းလိုက်လေသည်။
ကျန်းယီချူးသည် ရဲရဲနီနေသော မျက်လုံးအစုံကို ပင့်မော့လိုက်ရာ ဖေစုန့်၏ အေးစက်ပြီး ကြမ်းကြုတ်နေသော မျက်နှာကို မြင်လိုက်ရ၏။
သူက ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ငါက ငါ့မိန်းမရဲ့ ရင်ထဲမှာ တခြားယောက်ျား တစ်ယောက်ကို အောက်မေ့လွမ်းဆွတ်နေတာကို မကြိုက်ဘူး။ သေသွားတဲ့သူ ဖြစ်နေရင်တောင် မရဘူး"
သူက ခန္ဓာကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ကြမ်းတမ်းသော လက်ဆစ်များဖြင့် ကျန်းယီချူး၏ မျက်နှာပေါ်ရှိ မျက်ရည်စများကို သုတ်ပေးလိုက်လေသည်။ ဝေဝါးသော အခိုက်အတန့်လေးအတွင်းတွင် သူ၏ မျက်ဝန်းအောက်ခြေ၌ နူးညံ့မှု အနည်းငယ် ပါဝင်နေသယောင်ပင်။ "မင်း သူ့အတွက် ငိုနေတာကို မြင်ရတော့ ငါက သူ့အလောင်းကို ဆွဲထုတ်ပြီး နောက်ထပ် ကြိမ်ဒဏ် နည်းနည်းလောက် ထပ်ပေးလိုက်ချင်မိတယ်... အစ်မတော်ရယ်"
ကျန်းယီချူး၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ မွေးညင်းများပင် ထောင်တက်သွားတော့သည်။ မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးအစုံဖြင့် သူ့ကို ထိတ်လန့်ကြောက်ရွံ့စွာ စိုက်ကြည့်လျက် ပြောလိုက်လေသည်။ "ရှင်...... ရှင်က တကယ်တော့ ဘယ်သူလဲ"
တံခါးအပြင်ဘက်မှနေ၍ တုံ့ဆိုင်းနေပြီး စိုးရိမ်ပူပန်နေသော သတင်းပို့သံ ထွက်ပေါ်လာလေသည်။ "ကျူကျွင်း၊ ယိုးကျိုးကနေ အရေးပေါ် သတင်း ရောက်လာပါတယ်!"
ဖေစုန့်သည် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မတ်တတ်ရပ်ကာ ကျန်းယီချူးကို အထက်စီးမှနေ၍ ငုံ့ကြည့်လျက် ပြောလိုက်လေသည်။ "မမှတ်မိတော့ဘူးလား။ အစ်မ သေချာလေး ပြန်စဉ်းစားကြည့်ပါဦး"
ထိုသို့ပြောပြီးနောက် ဘေးနားတွင် ချိတ်ဆွဲထားသော ဝတ်ရုံကို ခြုံလိုက်ပြီး အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေတော့သည်။ ကျန်းယီချူး တစ်ယောက်သာ ထိတ်လန့်မှု မပြေသေးဘဲ ထိုနေရာတွင် ထိုင်လျက် မြေပြင်ပေါ်ရှိ အဖြူရောင် ကျောက်စိမ်းကရား၏ အကွဲအစများကို ကြည့်ကာ မျက်ရည်များ မိုးပေါက်ကျသည့်နှယ် ကျဆင်းနေရစ်စေခဲ့သည်။
___
အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသော အကြံပေးအမတ်သည် ဖေစုန့် ထွက်လာသည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ယိုးကျိုးမှ ရောက်ရှိလာသော စာကို ဆက်သလိုက်ပြီး သူ့နောက်က ခြေလှမ်းမြန်မြန်ဖြင့် လိုက်ပါသွားရင်း ပြောလိုက်လေသည်။ "ကျူကျွင်းက ဖုန်းယန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ချန်လျန်ဝမ် သားအဖကို ခေါင်းဖြတ်သတ်လိုက်ပြီဆိုတဲ့ သတင်းကို ထုတ်ပြန်လိုက်တာနဲ့ ယိုးကျိုးကနေ စစ်ကြေညာစာ ထွက်လာပါတယ်။ တောင်ဘက်ကို ဆင်းပြီး ကျူကျွင်းကို တိုက်ခိုက်နှိမ်နင်းမယ်လို့ ပြောနေကြပါတယ်!"
ဖေစုန့်က မထီမဲ့မြင် ပြုံးလိုက်လေသည်။ "ဝေ့ချီရှန်းဆိုတဲ့ အဲ့ဒီ မြေခွေးအိုကြီး။ ငါ ဖုန်းယန်ကို ဝိုင်းထားတုန်းကကျတော့ သူက တောင်ကြီးတစ်တောင်လို ငြိမ်သက်နေခဲ့ပြီးတော့ ဖုန်းယန်လည်း ကျသွားရော သူက အသံကောင်းဟစ်ပြီး ဝိန်းမိသားစုကိုယ်စား ငါ့ကို တိုက်မယ်လို့ ပြောလာတာလား။ ဒါကလည်း ဒီလောကကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲဝေယူချင်လို့ပါပဲ"
သူတို့သည် စကားပြောရင်း ခန်းမကြီးထဲသို့ ဝင်လာခဲ့ကြ၏။
အကြံပေးအမတ်က စိုးရိတ်တကြီး ထပ်ပြောလိုက်သည်။ “ဒီလိုဆိုရင်တောင် ဝေ့ချီရှန်းမှာ စစ်ချီဖို့ တရားဝင် အကြောင်းပြချက်ကောင်း ရသွားပြီဖြစ်လို့ ကျူကျွင်းအတွက် အတော်လေး အရေးနိမ့်စရာ ဖြစ်သွားပါပြီ”
ခန်းမဆောင်၏ အလယ်ဗဟိုတွင် အလျားဆယ်ပေကျော်နှင့် အနံငါးပေခန့်ရှိသော စားပွဲရှည်ကြီးတစ်ခု ရှိနေပြီး ၎င်းပေါ်၌ အသေးစိတ် ဖန်တီးထားသော စစ်ရေးပြသဲမြေပုံတစ်ခုကို ခင်းကျင်းထားသည်။
ဖေစုန့်က သဲမြေပုံပေါ်ရှိ အင်အားစုအသီးသီး၏ တပ်ဖြန့်ထားမှုများကို အရေးမစိုက်ဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။ "တရားဝင် အကြောင်းပြချက်ရှိတိုင်း အောင်ပွဲခံနိုင်မယ် သေချာလို့လား။ ချန်လျန်ဝမ်တို့ သားအဖဆိုရင် ပြည်သူတွေကြားမှာ ပိုလို့တောင် နာမည်ကောင်းရခဲ့သေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ ငါ့ဓားအောက်က ဝိညာဉ်တွေ ဖြစ်သွားခဲ့ရတာပဲ မဟုတ်လား"
သူသည် ခါးတွင် ချိတ်ဆွဲထားသော သေသပ်လှပသည့် စာတမ်းများ ထွင်းထုထားသော ဓားကို လက်ဖြင့်ကိုင်ထားလိုက်သည်။ သူ့အကြည့်များသည် ဝေ့အလံ စိုက်ထူထားသော ယိုးကျိုး အပေါ်သို့ ကျရောက်သွားပြီး မျက်ဝန်းအောက်ခြေမှနေ၍ မောက်မာဝင့်ကြွားမှုများ ပေါ်ထွက်လာလေသည်။ "သူ လာချင်ရင် လာပါစေပေါ့"
သို့သော် အကြံပေးအမတ်သည် သူ့စကားကြောင့် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခြင်း မရှိဘဲ ပြောလိုက်လေသည်။ "ကျူကျွင်း... ကျူကျွင်းအနေနဲ့ လော့ယန်ကို အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့ပြီး ဖုန်းယန်ကို ကျဆုံးသွားစေနိုင်ခဲ့တာက ချန်လျန်ဝမ်တို့ သားအဖ အာဏာမခိုင်မာသေးလို့ရယ်၊ တာ့လျန်ပြည်ကြီးကလည်း မိဖုရားဘက်က ဆွေမျိုးတွေဖြစ်တဲ့ အောဝ်အုပ်စုရဲ့ ခြယ်လှယ်မှုအောက်မှာ အင်အားဆုတ်ယုတ်နေခဲ့လို့ပါ။ တကယ်လို့ ချန်လျန်ဝမ် ထီးနန်းတက်ပြီး နန်းတွင်းမှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ရှင်းလင်းဖို့ အကြီးအကျယ် ပြုပြင်ပြောင်းလဲရေးတွေသာ လုပ်ခဲ့မယ်ဆိုရင်၊ အသက်မသေနိုင်သေးတဲ့ကင်းခြေများပိုးကောင်ကြီးလို ဖြစ်နေတဲ့ တာ့လျန်ပြည်ကြီးဟာ ပြန်လည် နာလန်ထလာနိုင်ပါတယ်"
ဖေစုန့်သည် ထိုစကားကို ကြားသောအခါ အေးစက်စွာ ရယ်မောလိုက်လေသည်။ "ဆရာ သိထားသင့်တယ်။ ဒီလောကကြီးမှာ အဖိုးတန်ဆုံးနဲ့ နှမြောစရာအကောင်းဆုံးက အခွင့်အခါကောင်း ဆိုတာ ရှင်းနေတာပဲလေ။ ဒီအခွင့်အခါကောင်းက ဝိန်းမျိုးနွယ်ဆီ ကျရောက်မလာခဲ့ဘူး"
အကြံပေးအမတ်သည် တိတ်ဆိတ်သွားလေတော့သည်။ အမှန်တကယ်ပင် ဖေစုန့်သည် တာ့လျန်ပြည်ထောင်ကို ပုန်ကန်ရာတွင် ကောင်းကင်ဘုံက ဝိန်းမိသားစုကို မစောင့်ရှောက်တော့သော ထိုကဲ့သို့သော အခွင့်အခါကောင်းမျိုးကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသာ တစ်ရက်စောပြီး ပုန်ကန်ခဲ့မည်ဆိုပါက အောဝ်အုပ်စုနှင့် ချန်လျန်ဝမ်တို့သည် ပူးပေါင်းသွားကြလိမ့်မည်။ လုံးဝ မသေဆုံးသေးသောကင်းခြေများ အကောင်ကြီး၏ ပြန်လည်တိုက်ခိုက်မှုကြောင့် လော့ယန် တိုက်ပွဲတွင် အနိုင်အရှုံးကို သိနိုင်မည် မဟုတ်ချေ။
အကယ်၍ တစ်ရက်နောက်ကျပြီးမှ ပုန်ကန်ခဲ့မည်ဆိုပါကလည်း ချန်လျန်ဝမ် ထီးနန်းတက်မည့် သတင်းသည် ပြောင်းလဲကျင့်သုံးမည့် ဥပဒေသစ်များနှင့်အတူ တစ်လောကလုံးသို့ ကြေညာပြီးသား ဖြစ်သွားလိမ့်မည်။ အလုပ်ကြမ်းလုပ်ရခြင်းနှင့် အခွန်အခများကြောင့် ကာလကြာရှည်စွာ ဆင်းရဲဒုက္ခရောက်နေခဲ့ရသော ပြည်သူများသည် မျှော်လင့်ချက် ရောင်ခြည်များ ရရှိသွားကြမည်ဖြစ်ရာ မည်သူက သူ့နောက်သို့လိုက်ပြီး တာ့လျန်ပြည်ထောင်ကို ပုန်ကန်ကြတော့မည်နည်း။
ဖေစုန့်သည် ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ခြင်းမှာ ကောင်းကင်ဘုံက တာ့လျန်ပြည်ထောင်ကို ဖျက်ဆီးချင်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပေလိမ့်မည်။
အကြံပေးအမတ်က မေးလိုက်သည်။ "ဒါဆို ကျူကျွင်းက နောက်ဆက်တွဲအနေနဲ့ တင်းကျိုးကို စစ်တပ်လွှတ်ပြီး ဝေ့ချီရှန်းရဲ့ တောင်ဘက်ကို ဆင်းလာမယ့် တပ်မကြီးကို ပိတ်ဆို့ထားမှာလား"
ဖေစုန့်၏ အကြည့်များသည် သဲမြေပုံပေါ်ရှိ နိမ့်ချည်မြင့်ချည် ဖြစ်နေသော မြေပြင်အနေအထားများကို ကျော်ဖြတ်သွားပြီး ယုံကျိုးအပေါ်တွင် ရပ်တန့်သွားကာ ပြုံးလျက် ပြောလိုက်လေသည်။ "မလောပါနဲ့။ ဟော်ခွန်း သေသွားပြီလို့ ကြားတယ် မဟုတ်လား"
(ယုံချန်=ယုံကျိုးအတူတူပါပဲ။ ယုံချန်က ပြည်နယ်မြို့တော်ဖြစ်ပြီး ယုံကျိုးက ပြည်နယ်)
အကြံပေးအမတ်က ပြောလိုက်လေသည်။ "အဲ့ဒီ ယုံကျိုးအုပ်ချုပ်ရေးမှူး ကျိုးကျင့်အန်းက ခေါင်းမာပြီး တုံးအလွန်းတဲ့ သစ္စာစောင့်သိမှုမျိုး ရှိတယ်။ တွေးကြည့်ရသလောက်တော့ ဟော်ခွန်းက သူ့ကို အရှုံးပေးဖို့ အကြိမ်ကြိမ် ဖျောင်းဖျခဲ့လို့ သူက တစ်ခုခု မှားနေပြီဆိုတာကို သိသွားလို့ လက်ဦးမှုရယူပြီး သတ်ပစ်လိုက်တာ ဖြစ်ရမယ်။ ဒီလောက် သတ္တိရှိတဲ့သူကသာ ကျူကျွင်းဆီကို အရှုံးပေးပြီး ဝင်ရောက်လာမယ်ဆိုရင် အင်အားကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်"
ဖေစုန့်သည် ဖေမျိုးနွယ်စုကိုကိုယ်စားပြုသော အနက်ရောင်အလံလေးကို လက်ချောင်းထိပ်များဖြင့်ကိုင်တွယ်ကာ ယုံကျိုးနယ်နိမိတ်ပေါ်သို့ စိုက်ထူလိုက်ပြီး ပြောလိုက်လေသည်။ "ဒါဆိုရင်လည်း ယုံကျိုးကို စစ်တပ်လွှတ်ပြီး ကျိုးကျင့်အန်း ဆီကို အရှုံးပေးဖို့ စာပို့လိုက်ပါ။ သူကသာ မြို့တံခါးကို ဖွင့်ပြီး အရှုံးပေးမယ်ဆိုရင် ငါက သူ့ကို ဆက်ပြီး ယုံကျိုးအုပ်ချုပ်ရေးမှူးအဖြစ် ထားပေးမယ်။ တကယ်လို့ အဲ့ဒီလို မဟုတ်ခဲ့ရင်တော့......"
သူက ရယ်သံတိုးတိုးလေး ပြုလိုက်လေသည်။ "ကြက်ကို သတ်ပြီး မျောက်ကို ခြောက်ပြတဲ့အနေနဲ့ အရှုံးမပေးသေးတဲ့ တခြားပြည်နယ်တွေကို ပြသလိုက်တာပေါ့"
အကြံပေးအမတ်သည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။ "ယုံကျိုးက စစ်တပ်ချထားတဲ့ နေရာ မဟုတ်ပါဘူး။ ဝေ့မြစ်ရဲ့ တောင်ဘက်၊ ကွမ်မြစ်ရဲ့ မြောက်ဘက်မှာ အရှုံးမပေးသေးတဲ့ ပြည်နယ်တွေထဲကဆိုရင် ရှန်းကျိုးက အမာဆုံး အရိုးခေါင်းပါပဲ။ ကျူကျွင်းက အာဏာစက်ကို ပြသချင်တယ်ဆိုရင် ရှန်းကျိုးကို ရွေးချယ်သင့်ပါတယ်"
ဖေစုန့်သည် လက်ညှိုးပေါ်ရှိ လေးကြိုးဆွဲရာတွင် အသုံးပြုသော သံလက်စွပ်ကို လှည့်လိုက်ပြီး သူ၏ အပြုံးမှာ အေးစက်နေလေသည်။ "ငါ အမိန့်ပေးတဲ့အတိုင်းသာ သွားလုပ်ပါ။ ယုံကျိုးမှာ မိတ်ဆွေဟောင်း တစ်ယောက် ရှိနေတယ်။ သွားကြည့်သင့်ပြီ"
...
ယုံကျိုး။
အနီရောင် နေမင်းကြီးသည် အထက်သို့ မြင့်တက်လာပြီး ထောင်သောင်းချီသော နံနက်ခင်း နေခြည်အလင်းတန်းများသည် ပါးလွှာသော နံနက်ခင်း မြူနှင်းများကို ဖယ်ရှားလိုက်လေသည်။ ဝေ့မြစ်၏ တစ်ဝက်ခန့်နှင့် ဆောင်းရာသီ ကျူပင်များ၏ တစ်ဝက်ခန့်တို့သည် ခပ်ဖျော့ဖျော့ အနီရောင်များဖြင့် ရွှန်းစိုသွားကြလေသည်။
ဝိန်းယွီသည် တသွင်သွင် စီးဆင်းနေသော အရှေ့ဘက် မြစ်ရေပြင်ကို ကြည့်နေမိသည်။ သူမ၏ ရှည်လျားသော ဆံနွယ်များသည် လွင့်ဝဲနေပြီး ဝတ်ရုံအင်္ကျီသည်လည်း လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ် မြည်သံများ ထွက်ပေါ်နေလေသည်။ သူမသည် အနောက်ကလူကို တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။ "ကျွန်မကို ပြန်ပို့ပေးပါတော့"
ရှောင်းလိသည် မြစ်ကမ်းဘေးရှိ နှင်းခဲများ ဖုံးလွှမ်းနေသော မြေပြင်တွင် နုနယ်သော မြက်ပင်များကို လိုက်လံရှာဖွေ စားသောက်နေသည့် မြင်းကို ဆွဲခေါ်လာခဲ့သည်။ ဝိန်းယွီကို မြင်းပေါ်သို့ တက်ရန် ကူညီပေးချိန်တွင် သူမသည် အားပြုရန် ဆန့်ထုတ်ပေးထားသော သူ့လက်မောင်းကို ကြည့်လျက် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။ "ကျွန်မ ဒီနေ့ပဲ တောင်ဘက်ကို ဆင်းတော့မယ်"
ရှောင်းလိက ပြောလိုက်သည်။ "သိတယ်"
ဝိန်းယွီသည် သူ့လက်ကို အားပြုကာ မြင်းကျောပေါ်သို့ တက်လိုက်၏။ သေချာစွာ ထိုင်မိပြီးနောက် သူကလည်း အနောက်ဘက်မှနေ၍ တက်လာခဲ့လေသည်။ သူ့လက်များက သူမ၏ လက်မောင်းနှစ်ဖက်ကို ရစ်သိုင်းကာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူထဲသော ခြုံထည်ကြီးကို ဘယ်ညာ တင်းကျပ်စွာ စုစည်းပေးလိုက်သည်။ ထို့နောက် မြင်းဇက်ကြိုးကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ "မနက်ခင်းလေက အေးတယ်။ မင်း အနောက်ကငါ့အင်္ကျီကို ကိုင်ထား။ လက်တွေ အေးခဲသွားလို့ မကိုင်ထားနိုင်ရင် မြင်းပေါ်ကနေ ပြုတ်ကျသွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် မြင်း၏ ဝမ်းဗိုက်ကို ခြေဖြင့် ညှပ်ကာ အော်ဟစ်လိုက်လေသည်။ "ကျာ့!"
မြင်းသည် ရုတ်တရက် ခွာများကို ဆောင့်ကာ အရှေ့ဘက်သို့ ပြေးထွက်သွားလေသည်။ ဝိန်းယွီသည် အေးစက်သော လေပြေထဲတွင် မျက်လုံးများကို မှေးကျဉ်းလျက် အဝေးရှိ ထပ်နေသော တောင်တန်းများကို ကြည့်လိုက်လေသည်။
ကျယ်ပြောလှသော ကောင်းကင်မှ အလင်းရောင်များသည် ဤလာရာလမ်းတစ်လျှောက်ရှိ မီးခိုးရောင် မြူနှင်းများကို ဖယ်ရှားပစ်လိုက်ပြီး မြင်းခွာများသည် နံနက်ခင်း နေရောင်ခြည်ကို နင်းဖြတ်ကာ ပြန်လည် ထွက်ခွာသွားကြလေတော့သည်။
အုပ်ချုပ်ရေးမှူးအိမ်တော်သို့ ပြန်ရောက်သောအခါ ကျိုးကျင့်အန်းတို့ ဇနီးမောင်နှံသည် ဝိန်းယွီ ပျောက်ဆုံးသွားကြောင်းကို မနက်စောစောကမှ သိရှိခဲ့ရသဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။ လက်အောက်ငယ်သားများက ဝိန်းယွီ ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းပို့သည်ကို ကြားလိုက်ရသောအခါ အပြင်သို့ အလျင်အမြန် ထွက်ကာ ကြိုဆိုကြလေသည်။
ဝိန်းယွီသည် ကျိုးကျင့်အန်းတို့ ဇနီးမောင်နှံ နှစ်ဦးထံသို့ လျှောက်မသွားခင် အနောက်သို့ လှည့်ကာ ရှောင်းလိကို တစ်ချက်ကြည့်လျက် ပြောလိုက်သည်။ "ကျွန်မကို မြို့ပြင်ခေါ်ထုတ်သွားပေးတဲ့ ကိစ္စအတွက် ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောပြီးနောက် လှည့်ကာ လှေကားထစ်များကို နင်းလျက် အပေါ်သို့ တက်သွားလေတော့သည်။
ရှောင်းလိသည် သူမ၏ တစ်လှမ်းချင်းစီ ဝေးကွာသွားသော ကျောပြင်နှင့် ဝတ်ရုံအပြင်ဘက်တွင် ထူထဲသော ပိုးသားများနှယ် လေတိုက်ရာသို့ လွင့်ဝဲနေသော ရှည်လျားသည့် ဆံနွယ်များကို ကြည့်လိုက်သည်။ ဒါက ဒီဘဝမှာ သူ့ကို နောက်ဆုံးအကြိမ် မြင်တွေ့ရတာလည်း ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
သခင်မကြီးကျိုးသည် ဝိန်းယွီကို မြင်လိုက်ရသောအခါ စိုးရိမ်လွန်းသဖြင့် ငိုချင်လာတော့သည်။ "မင်းသမီးက ဘယ်ကို သွားနေတာလဲ။ ဒီမနက် အစေခံမလေးက မင်းသမီး ပျောက်သွားပြီလို့ သတင်းပို့လာတော့ ကျွန်မတို့ ဇနီးမောင်နှံက... မင်းသမီးများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသလားဆိုပြီး အရမ်းကို စိတ်ပူနေခဲ့တာပါ"
ဝိန်းယွီက ပြောလိုက်သည်။ "သခင်မကြီးနဲ့ လူကြီးမင်းကို စိတ်ပူအောင် လုပ်မိသွားပြီ။ ကျွန်မ မြို့ပြင်ကို ခဏထွက်သွားတာပါ။ အစေခံမလေးဆီမှာ စာချန်ထားခဲ့ဖို့ မေ့သွားလို့ပါ"
ကျိုးကျင့်အန်းက အလျင်အမြန် ပြောလိုက်လေသည်။ "မင်းသမီး ပြန်ရောက်လာရင် ပြီးတာပါပဲ။ ရေတိုပဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တော့ လုံးဝ မတွေးပါနဲ့......"
ဝိန်းယွီ၏ မျက်လုံးများထဲတွင် မနေ့ညကကဲ့သို့ အားနည်းချက်များ လုံးဝ မရှိတော့ချေ။ နာကျင်မှုများနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ အားလုံးသည် ယနေ့နံနက် ဝေ့မြစ်ကမ်းဘေးတွင် ခမ်းခြောက်သွားခဲ့သော မျက်ရည်များနှင့်အတူ ဝေ့မြစ်အတိုင်း အရှေ့ဘက်သို့ စီးဆင်းသွားခဲ့သည့်နှယ်။ သူမက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။ "ဖေစုန့် မသေသေးသရွေ့ ကျွန်မ ယွီမျိုးနွယ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး တမလွန်က မိဘတွေကို သွားမတွေ့ရဲပါဘူး"
ကျိုးကျင့်အန်းသည် ထိုစကားကို ကြားလိုက်ရသောအခါမှသာ လုံးဝ စိတ်အေးသွားတော့သည်။ သူ၏ အိုမင်းရင့်ရော်နေသည့် မျက်လုံးအစုံသည် ယနေ့အချိန်အထိ ရဲနီနေဆဲပင်။ သူက ပြောလိုက်လေသည်။ "မင်းသမီးမှာ ဒီလို ရည်မှန်းချက်မျိုး ရှိနေရင် ပြီးတာပါပဲ။ ကျွန်တော်လည်း ဒီမနက်မှ သိလိုက်ရတာက နယ်စပ်စောင့် စစ်သူကြီး ဝေ့ချီရှန်းက ဖေစုန့်ကို တိုက်ခိုက်နှိမ်နင်းမယ်ဆိုပြီး စစ်ကြေညာစာ ထုတ်ပြန်လိုက်ပြီတဲ့!"
သူက ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။ "သူက အောဝ်အုပ်စုရဲ့ ခွေးတစ်ကောင် ဖြစ်နေပြီးတော့များ သခင်ကို ပုန်ကန်တဲ့ ဒီလိုကိစ္စမျိုးကို လုပ်ရဲသေးတယ်။ ဒီလောကကြီးမှာ ဘယ်သူက သူ့ကို နာခံမလဲဆိုတာ စောင့်ကြည့်လိုက်ကြတာပေါ့! မင်းသမီးက နန်ချန်ကို သွားပြီး စစ်ကူတောင်း၊ ပြီးတော့ နယ်စပ်စောင့် စစ်သူကြီးနဲ့ ပူးပေါင်းလိုက်ရင် ဖေစုန့်ဆိုတဲ့ အဲ့ဒီသူခိုးကို သတ်ဖြတ်ဖို့ဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေပါပြီ!"
ဝိန်းယွီသည် ဝေ့ချီရှန်း စစ်ထွက်လာပြီဖြစ်ကြောင်းကို ကြားလိုက်ရသောအခါ မျက်တောင်များကို အနည်းငယ် ပင့်တင်လိုက်ပြီးနောက် ချက်ချင်းပင် ရင်ထဲ၌ ရှင်းလင်းသွားတော့သည်။ ဝေ့ချီရှန်းက အခုလို အချိန်မှာ စစ်ထွက်လာတာက ဒီလောကကြီးကို လုယူဖို့အတွက် နားထောင်လို့ကောင်းတဲ့ အကြောင်းပြချက်တစ်ခုကို ရှာနေတာပဲ ဖြစ်ရမယ်။
ဒါပေမယ့် ဝေ့မိသားစုရဲ့ စစ်တပ်က ဖေစုန့်ကို ဆွဲထားပေးမယ်ဆိုရင် တာ့လျန်ပြည်ထောင်ရဲ့ နယ်မြေတွေကို ဝါးမျိုမယ့် သူ့ရဲ့ အမြန်နှုန်းကတော့ နောက်ဆုံးမှာ နှေးကွေးသွားလိမ့်မယ်။
မရီးဖြစ်သူအတွက်၊ အစ်ကိုဖြစ်သူရဲ့ တစ်ဦးတည်းသော သွေးသားဖြစ်တဲ့ အားယင်းလေးအတွက်၊ ပြီးတော့ ဝိန်းမိသားစု တစ်ဆွေလုံး၊ တစ်မျိုးလုံးရဲ့ သွေးကြွေးအတွက် ငါ ချက်ချင်း ခရီးထွက်မှ ရတော့မယ်။
သူမ၏ အသက်ရှင်သန်ရာ လမ်းကြောင်းနှင့် သူမ ဆုပ်ကိုင်နိုင်မည့် ကလဲ့စားချေမည့် ဓားသွားတို့မှာ နန်ချန်တွင်သာ ရှိနေလေသည်။
ထိုနေရာတွင် ခမည်းတော်က နန်ချန်ကို ပြန်လည်သိမ်းပိုက်ရန်အတွက် အစောကြီးကတည်းက ချထားခဲ့သော အမာခံတပ်စုများ ရှိနေလေသည်။
သူမသည် ကျိုးကျင့်အန်း ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ကို ယှက်လျက် ဂါရဝပြုလိုက်လေသည်။ "လူကြီးမင်းကို အနှောင့်အယှက် ပေးပါရစေ။ ကျွန်မ ယွီမျိုးနွယ်အတွက် မြင်းလှည်း ပြင်ဆင်ပေးပြီး တောင်ဘက်ကို ပို့ဆောင်ပေးပါ"
...