← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အပိုင်း (၃၂)

တံစက်မြိတ်စွန်းမှ ရေပေါက်များသည် အေးခဲကာ ရေခဲတိုင်များ ဖြစ်နေသည်။ ရှောင်းလိသည် တံခါးဝတွင် ထိုင်ကာ လက်ထဲရှိ ပစ္စည်းတစ်ခုကို ဓားငယ်လေး တစ်ချောင်းဖြင့် တိတ်ဆိတ်စွာ ထွင်းထုနေ၏။

ရှောင်းဟွေ့နျန်သည် လက်ထဲတွင် ပစ္စည်းအချို့ကို ပွေ့ချီလျက် အပြင်သို့ ထွက်လာပြီး ချောင်းဆိုးရင်း ပြောလိုက်လေသည်။

"မင်း မနေ့က အပြင်ထွက်သွားတာ၊ အခုမှပဲ ပြန်ရောက်တော့တယ်။ အိမ်ထဲဝင်ပြီး ခဏလောက် အိပ်လိုက်ပါလား။ ဒီသစ်သားအရုပ်ကို ဘာလို့ ထိုင်ထုနေပြန်တာလဲ"

ရှောင်းလိသည် သစ်သားပေါ်သို့ အလွန်တည်ငြိမ်စွာ ဓားချက်ချရင်း ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်သည်။

"ကျွန်တော် မအိပ်ချင်သေးဘူး။ အပြင်မှာ လေတိုက်တာ ကြမ်းတယ်၊ အမေ အခန်းထဲမှာပဲ သွားနားနေလိုက်ပါ"

ရှောင်းဟွေ့နျန်သည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေသည်။

"မနေ့က အားယွီ ငါ့ဆီလာပြီး သူ့မိသားစုကို သွားရှာတော့မယ်လို့ ပြောတယ်။ အေးလေ... ဒီရက်ပိုင်း အပြောင်းအလဲတွေက အရမ်းများတော့ ငါလည်း သူ့အတွက် သင့်တော်တဲ့ လက်ဆောင်လေးတစ်ခုတောင် မပြင်ဆင်ပေးလိုက်ရဘူး။ ညတစ်ဝက်လောက် အိပ်ရေးပျက်ခံပြီး သူ့အတွက် ခြုံလွှာတစ်ထည်နဲ့ ပိုးခြေအိတ် နည်းနည်း ချုပ်ပေးထားတယ်။ အဲ့ဒါလေး အရင်သွားပေးလိုက်ဦးမယ်"

ရှောင်းလိသည် ထိုစကားကို ကြားသောအခါ သစ်သားထုနေသော လက်များ အနည်းငယ် ရပ်တန့်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။

"အမေ စားပွဲပေါ်မှာပဲ တင်ထားခဲ့လိုက်ပါ၊ ခဏနေရင် ကျွန်တော် သွားပို့ပေးပါ့မယ်။ အမေ့ ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်ဘူး၊ လေအေးမိရင် ထပ်ဖျားနေဦးမယ်။ အား... ယွီ အမေ့ကို တွေ့ရင်လည်း စိတ်ထဲမှာ ဝမ်းနည်းနေလိမ့်မယ်"

ရှောင်းဟွေ့နျန်၏ မျက်ဝန်းအိမ်၌ မျက်ရည်စများဖြင့် ရဲတက်လာခဲ့ပြီး ပြောလိုက်လေသည်။

"အဲ့ဒီကလေးကို မြင်ရင် ငါ ငိုမိမှာကိုလည်း ကြောက်တယ်။ သူပါ လိုက်ပြီး ဝမ်းနည်းနေအောင် လုပ်မိသလို ဖြစ်သွားမှာပေါ့။ သူက သူ့မိသားစုကို သွားရှာတာဆိုတော့ ဝမ်းသာစရာကိစ္စ ဖြစ်ရမှာလေ။ တကယ်လည်း ငိုယိုပြီး သူ့ကို မလွှတ်သင့်ပါဘူး။ ဒါဆို ဟွမ်အာ... မင်းပဲ အမေ့ကိုယ်စား သူ့ကို သွားပို့ပေးလိုက်ပါတော့"

သူမသည် ပစ္စည်းများကို စားပွဲပေါ်တင်လိုက်ပြီး ထပ်မှာလိုက်လေသည်။

"ခြုံလွှာထဲမှာ ငွေ၁၀လျန်တန် ငွေစက္ကူတစ်ရွက် ပါတယ်၊ အဲ့ဒါက မင်း နောင်ကျရင် မိန်းမယူဖို့ အမေ စုထားပေးတာပါ။ ဒါပေမယ့် အားယွီက ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ သူ့ငွေကို လက်မခံမှာစိုးလို့ အဲ့ဒီငွေနဲ့ ဆိုင်ခန်းတစ်ခန်းဝယ်ပြီး မြေဂရန်ကို ငါ့ဆီ အတင်းထည့်ပေးသွားတယ်။ သူလို မိန်းကလေးတစ်ယောက်တည်း ခရီးဝေးသွားရမှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပေါ်မှာ အရေးပေါ်သုံးဖို့ ငွေလေးတော့ ပါသင့်တယ်လေ။ မင်း ခြုံလွှာကို ယူတဲ့အခါ သတိထားဦး၊ ငွေစက္ကူ ပြုတ်ကျမသွားစေနဲ့။ အားယွီကို ပေးတဲ့အခါကျရင်လည်း ဒီကိစ္စကို ထုတ်မပြောနဲ့နော်၊ မဟုတ်ရင် အဲ့ဒီကလေးက သေချာပေါက် လက်ခံမှာ မဟုတ်ဘူး"

ရှောင်းလိ၏ မြင့်မားထွားကြိုင်းသော ခန္ဓာကိုယ်ကြီးသည် တံခါးဝတွင် ပိတ်ရပ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသော တောင်ကြီးတစ်လုံးနှယ် ရှိနေ၏။ သူသည် ထိုစကားများကို နားထောင်ပြီးနောက် တိတ်ဆိတ်စွာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီးမှ ပြောလိုက်သည်။

"သိပါပြီ"

လက်ထဲရှိ ဓားငယ်လေးသည် သစ်သားပေါ်မှ သစ်သားစများကို ဆက်ပြီး သိမ်မွေ့စွာ ဖယ်ရှားနေသည်။

ရှောင်းဟွေ့နျန်သည် အခန်းထဲသို့ ဝင်ခါနီးတွင် နောက်ထပ် စကားတစ်ခွန်း ပြောလိုက်၏။ "ဒါနဲ့ အားယွီက မင်း ကျောမှာ ဒဏ်ရာရထားတယ်လို့ ပြောတယ်။ မနေ့က လိမ်းဆေးတွေပါ တစ်ခါတည်း ယူလာပေးသေးတယ်။ မင်းက ဘယ်လိုလုပ်ပြီး ထပ်ဒဏ်ရာရလာပြန်တာလဲ"

မနေ့က သူမနှင့်အတူ ဝါးရုံအောက်တွင် ပိမိခဲ့သော မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာ၏။ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော သူမ၏ မျက်ဝန်းအစုံနှင့် ဆံနွယ်များကြားမှ သဲ့သဲ့လေး ရနေသော မွှေးရနံ့တို့သည် ယခုတိုင် အနီးနားတွင် ရှိနေသယောင်ပင်။ ရှောင်းလိသည် အခိုက်တန့် ငေးမောသွားပြီးမှ ပြောလိုက်၏။

"မရှိပါဘူး၊ ကျွန်တော် အစောင့်စစ်သည် အလုပ်ကို လက်ခံလိုက်တာ သူမြင်တော့ အစောင့်စစ်သည်တွေနဲ့ သိုင်းကစားရင်း ကျောကို တစ်ချက် အတိုက်ခံရတာကို ဒဏ်ရာရတယ်လို့ ထင်သွားတာ ဖြစ်လိမ့်မယ်"

ထိုအခါမှသာ ရှောင်းဟွေ့နျန်သည် စိတ်အေးသွားပြီး အခန်းထဲသို့ ဝင်သွားတော့သည်။

ခြံဝင်းအတွင်းမှ ဖြတ်တိုက်သွားသော လေပြေသည် ရှောင်းလိ သစ်သားထုစဉ် ထွက်လာသော သစ်သားစများကို နေရာအနှံ့ လွင့်စဉ်သွားစေ၏။ အသားမာများ တက်နေသော သူ့လက်မသည် လက်ထဲရှိ ငါးကြင်းရုပ် သစ်သားပန်းပုလေးကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်လေသည်။

_____

အစေခံများသည် ဝိန်းယွီ၏ ပစ္စည်းများကို တစ်သေတ္တာပြီးတစ်သေတ္တာ မြင်းလှည်းပေါ်သို့ တင်နေကြသည်။ ဝိန်းယွီသည် ကျိုးကျင့်အန်း၏ စာကြည့်ခန်းကို ငှားရမ်းကာ စုတ်တံကို မင်ရည်များများတို့လျက် ဖေစုန့်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားသော ကဗျာနှင့် စာစီစာကုံးများကို အသစ်ပြန်လည် ရေးသားလိုက်သည်။

သူမ၏ မျက်နှာသည် တည်ငြိမ်နေသော်လည်း လက်ရေးမှာတော့ ယခင်ကလို သေသပ်လှပသော လက်ရေးအသေးလေးများအဖြစ် ဆက်လက် မထိန်းသိမ်းနိုင်တော့ချေ။ စာတမ်း တစ်ပုဒ်လုံးကို အလွန်လျင်မြန်သော လက်ရေးကြမ်းဖြင့် ရေးသားခဲ့ပြီး စာလုံးများက စာရွက်ကို ဖောက်ထွက်လုမတတ် အားပါနေသည်။

သူမသည် စုတ်တံကို ချလိုက်ပြီး ပြောလိုက်၏။ "ဒီစာကို ကူးရေးပေးဖို့ လူကြီးမင်းကို အကူအညီ တောင်းပါရစေ။ နဂိုအစီအစဉ်အတိုင်း နန်ချန်ကိုသွားတဲ့ အဓိကလမ်းမကြီးတွေ ဖြတ်သန်းသွားတဲ့ ပြည်နယ်နဲ့ မြို့နယ်တွေမှာ ကပ်ထားပေးပါ"

ယခုအချိန်တွင် သူမသည် ဤနည်းလမ်းကို အသုံးပြုပြီး သူမ၏ ကိုယ်ရံတော်များနှင့် ဆက်သွယ်ရန်သာမက ဖခင်ဖြစ်သူ၏ ကွဲကွာသွားသော တပ်ဖွဲ့ဝင်ဟောင်းများကိုလည်း သူမ အသက်ရှင်နေသေးကြောင်း သိရှိစေပြီး ဖျင်ကျိုးသို့ အမြန်လာရောက်ကာ သူမနှင့် ပူးပေါင်းစေလိုခြင်း ဖြစ်သည်။

ကျိုးကျင့်အန်းသည် သူမ၏ မူရင်းလက်ရေးစာရွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားရင်း ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်သည်။

"မင်းသမီးရဲ့ ဒီလက်ရေးက ဝမ်ရယ်နဲ့ တူလိုက်တာ။ စာသားတွေကလည်း အဖိုးတန် ပုလဲရတနာတွေလိုပဲ၊ စိတ်ထဲက မျှော်မှန်းချက် ကြီးမားပုံကိုလည်း မြင်နိုင်တယ်..."

သူ၏ မျက်လုံးများ ရုတ်တရက် နီရဲလာပြီး ဝိန်းယွီဘက်သို့ ဦးညွှတ်ကာ ပြောလိုက်လေသည်။

"ဒီလိုမျိုး သခင်ရှိနေသေးတာကို၊ ကျွန်တော်တို့ရဲ့ တာ့လျန်ပြည်ကြီး ဘယ်လိုလုပ် ပျက်သုန်းနိုင်မှာလဲ။ မပျက်သုန်းသေးပါဘူး"

ဝိန်းယွီသည် သူ့ကို တွဲထူလိုက်ပြီး ပြောလိုက်လေသည်။ "လူကြီးမင်း မြန်မြန်ထပါ။ ယွီ အခု နန်ချန်ကို သွားတဲ့ လမ်းခရီးမှာ ဘယ်လောက်တောင် အန္တရာယ်များမလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒါပေမယ့် ယွီ အသက်ရှင်နေသရွေ့တော့ ကွယ်လွန်သွားတဲ့ ဖခင်ရဲ့ ဆန္ဒကို ဆက်ခံပြီး လူယုတ်မာဖေစုန့်ကို သတ်ဖြတ်ကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားပါ့မယ်"

သူမသည် သည်နေရာအထိ ပြောပြီးသောအခါ မျက်ဝန်းများတွင်လည်း အနည်းငယ် ခြောက်သွေ့သွားသယောင်။

"ယွီရဲ့ အခုလက်ရှိ အင်အားနဲ့က ယုံကျိုးကို မကာကွယ်ပေးနိုင်ပါဘူး။ နောင်တစ်ချိန် ဖေစုန့်က မြို့တံခါးဝအထိ စစ်ချီလာခဲ့ရင် မြို့ထဲက ပြည်သူတွေ စစ်ဘေးစစ်ဒဏ် ထပ်မခံရအောင် လူကြီးမင်း... မြို့တံခါးဖွင့်ပြီး လက်နက်ချလိုက်ပါ"

သူမ၏ လည်ချောင်းတွင် ဆို့နင့်သွားပြီး ခက်ခဲစွာ ပြောလိုက်လေသည်။ "အရာအားလုံးက ကျွန်မတို့ ဝိန်းမိသားစုရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့်ပါ။ အရင်ဆုံး ဆွေမျိုးတွေက နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ပြီး လာဘ်စားတဲ့ ဓလေ့တွေ ကြီးထွားလာတယ်။ အဲ့ဒီကနေ နန်းတွင်းက အကျင့်ပျက်ခြစားလာပြီး နာတာရှည် ရောဂါကြီးလို ဖြစ်လာတော့ တစ်တိုင်းပြည်လုံးက ပြည်သူတွေက မကျေမနပ် ဖြစ်လာကြတယ်။ ပြီးတော့ ဆွေမျိုးတွေ မွေးထားတဲ့ ဖေစုန့်ဆိုတဲ့ ခွေးရူးက ကျွန်မ အဖေနဲ့ ဆွေမျိုးတွေ တိုက်ခိုက်လို့ နှစ်ဖက်စလုံး အထိနာနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ပုန်ကန်လိုက်တာ၊ နောက်ဆုံးတော့ ဒီလောကကြီးကို လောင်မီးကျနေတဲ့ ဒယ်အိုးကြီးလို လုံးဝကို ဖြစ်သွားစေခဲ့တယ်။ နောင်တစ်ချိန် လူကြီးမင်း လက်နက်ချရတဲ့ အရှက်ရမှုကလည်း လူကြီးမင်းရဲ့အမှား လုံးဝ မဟုတ်ပါဘူး၊ ကျွန်မတို့ ဝိန်းမိသားစုရဲ့ အမှားပါ။ ယွီ မျှော်လင့်တာက လူကြီးမင်းက ဖေစုန့်လက်အောက်မှာ အချိန်ကိုက် ပုန်းကွယ်နေပြီး နောင်တစ်ချိန် ယွီ ဝေ့ပေကို စစ်ချီလာတဲ့အခါကျရင် ယွီ့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ပါပဲ"

ကျိုးကျင့်အန်းသည် မျက်ရည်များကြားမှ ပြုံးလိုက်ပြီး အဆုံးမရှိသော ရင်နာမှုနှင့် ဝမ်းသာကျေနပ်မှုများ ရောယှက်ကာ ပြောလိုက်လေသည်။

"မင်းသမီး စိတ်ချလက်ချနဲ့ တောင်ဘက်ကို ဆင်းသွားပါ။ ကျွန်တော်မျိုး မင်းသမီးအတွက် ယုံကျိုးကို သေချာပေါက် စောင့်ရှောက်ပေးပြီး ဖေစုန့်ရဲ့ အထဲမှာ စိုက်ထားတဲ့ သံမှိုတစ်ချောင်း ဖြစ်လာစေရပါ့မယ်"

ဝိန်းယွီသည် သူ့ကို မြေပြင်ထိတိုင်အောင် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီတစ်ခါ အရိုအသေပေးတာက ယွီက ကွယ်လွန်သွားတဲ့ ဖခင်ကိုယ်စား၊ တာ့လျန်ပြည်ကြီး ကိုယ်စား လူကြီးမင်းကို ကျေးဇူးတင်တာပါ"

ကျိုးကျင့်အန်းသည် မျက်ရည်များ တသွင်သွင် စီးကျလာပြီး အသံမြင့်ကာ ပြောလိုက်သည်။

"သခင်မ မြန်မြန် ထပါ"

ဝိန်းယွီ ထလာသောအခါ မျက်လုံးများ နီရဲနေပြီ ဖြစ်သည်။ စားပွဲပေါ်ရှိ စာတစ်စောင်ကို ကောက်ယူကာ သူ့ကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ဒီစာကိုလည်း လီ၈၀၀ အမြန်စာပို့စနစ်နဲ့ ဟန်ကျိုးကို ပို့ပေးဖို့ လူကြီးမင်းကို အကူအညီ တောင်းပါရစေ"

ကျိုးကျင့်အန်းက တွေဝေစွာဖြင့် ပြောလိုက်သည်။

"ဒါက..."

ဟန်ကျိုးသည် ယန်ယွင် ၁၆ပြည်နယ်နှင့် သိပ်မဝေးဘဲ ချန်လျန်ဝမ်ဖေး၏ မိခင်မျိုးနွယ်စု နေထိုင်ရာဒေသဖြစ်သည်။

ဝိန်းယွီ၏ မျက်ဝန်းများသည် ဓားအိမ်ထဲ ဝင်သွားသော ဓားတစ်လက်နှယ် တည်ငြိမ်မှုနောက်ကွယ်တွင် ထက်မြက်သော အသွားကို ဖုံးကွယ်ထား၏။

"ဖေစုန့်အတွက် ကျွန်မ ပေးတဲ့ ပထမဆုံး လက်ဆောင်ကြီးပါ"

ကျိုးကျင့်အန်းသည် စိတ်ထဲတွင် သဘောပေါက်သွားတော့သည်။ "ကျွန်တော်မျိုး အခုချက်ချင်းပဲ စာပို့သမားကို စေလွှတ်လိုက်ပါ့မယ်"

တံခါးအပြင်ဘက်မှ အစေခံ၏ သတင်းပို့သံ ထွက်ပေါ်လာ၏။

"လူကြီးမင်း၊ အနောက်ဘက် ခြံဝင်းမှာ နေတဲ့ သူရဲကောင်းရှောင်းရောက်လာပါတယ်။ သခင်မလေးကို လာရှာတာလို့ ပြောပါတယ်"

ဝိန်းယွီ၏ အဆင့်အတန်းကို သိသူများမှာ သူမနှင့်အတူ တောင်ဘက်သို့ လိုက်ပါမည့် အစေခံများသာ ဖြစ်သည်။ အခြားသူများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန်အတွက် သူတို့သည် ပုံမှန်အချိန်များတွင် ဝိန်းယွီကို 'သခင်မလေး' ဟုသာ ခေါ်ဝေါ်ကြသည်။

ဝိန်းယွီသည် ကျိုးကျင့်အန်းကို ကြည့်ကာ ပြောလိုက်သည်။

"လူကြီးမင်း၊ ယွီမှာ မေတ္တာရပ်ခံစရာ နောက်တစ်ခု ရှိပါသေးတယ်"

ကျိုးကျင့်အန်းက အလျင်အမြန် ပြောလိုက်သည်။

"မင်းသမီး ပြောချင်တာ ပြောပါ"

ဝိန်းယွီက ပြောလိုက်သည်။

"အဲ့ဒီသူရဲကောင်းသားအမိက ကျွန်မအပေါ် ကျေးဇူးရှိပါတယ်။ နောင်တစ်ချိန် ယုံကျိုးသာ ပရမ်းပတာ ဖြစ်သွားရင် လူကြီးမင်းမှာ အင်အားကျန်သေးတယ်ဆိုရင် ကျွန်မကိုယ်စား သူတို့ကို နည်းနည်းပါးပါး ကာကွယ်ပေးပါဦး"

ကျိုးကျင့်အန်းက ပြောလိုက်သည်။

"အဲ့ဒီရှောင်းမျိုးရိုးနဲ့ သူရဲကောင်းက အိမ်တော်မှာ နေပြီး အလုပ်လုပ်ဖို့ သဘောတူထားပြီးပါပြီ။ သူ့ရဲ့ စိတ်နေစိတ်ထားက တည်ငြိမ်ပြီး အလုပ်လုပ်တဲ့ နေရာမှာလည်း သတ္တိရော ဉာဏ်ပါ ရှိတာကို ကျွန်တော်မျိုး တွေ့ရတယ်။ သူ့ကို ပြုစုပျိုးထောင်ပေးချင်တဲ့ စိတ်ရှိလို့ စွေအာ ဘေးမှာ နေပြီး အလုပ်လုပ်ခိုင်းဖို့ စဉ်းစားထားပါတယ်"

ကျိုးကျင့်အန်း၏ လက်အောက်တွင် သားတစ်ယောက်ရှိပြီး ကျိုးစွေ ဟု အမည်ရသည်။

ရှောင်းလိကို ကျိုးစွေနောက်သို့ လိုက်ခိုင်းခြင်းက တစ်ချက်ကြည့်ရုံနှင့် အဆုံးကို မြင်နိုင်သော သာမန်အစောင့်စစ်သည် အလုပ်မျိုး လုံးဝ မဟုတ်တော့ချေ။

ဝိန်းယွီက စိတ်ရင်းအပြည့်ဖြင့် ပြောလိုက်သည်။ "ယွီက လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"

ကျိုးကျင့်အန်းက ပြောလိုက်သည်။ "အခုလို တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ ဒီလို အရည်အချင်းရှိတဲ့ လူတွေကို ပြည်နယ်တွေ၊ မြို့နယ်တွေက အလုအယက် ခေါ်ယူနေကြတာပါ။ ကျွန်တော်မျိုးက ခေါ်ဖို့တောင် အချိန်မမီတော့ဘူး ဖြစ်နေတာဆိုတော့ မင်းသမီးရဲ့ ကျေးဇူးတင်စကားကို ဘယ်လိုလုပ် ခံယူဝံ့မှာလဲ"

သူက ထပ်ပြောလိုက်သည်။ "အဲ့ဒီ သူရဲကောင်း အခု လာတာကလည်း မင်းသမီးကို လာနှုတ်ဆက်တာ ဖြစ်လောက်ပါတယ်။ ကျွန်တော်မျိုး အနှောင့်အယှက် မပေးတော့ပါဘူး"

____

ရှောင်းလိသည် အစေခံမလေး၏ ခေါ်ယူမှုကို ရရှိပြီးနောက် ဝိန်းယွီ နေထိုင်ရာ ခြံဝင်းငယ်လေးအတွင်းသို့ ဝင်ရောက်လာချိန်တွင် တစ်ဝက်ခန့် ပွင့်နေသော အခန်းတံခါးမှတစ်ဆင့် သူမ၏အခန်းထဲက ပစ္စည်းများကို အပြင်သို့ သယ်ထုတ်သွားပြီ ဖြစ်ကြောင်း မြင်လိုက်ရ၏။

ဝိန်းယွီသည် မှန်တင်ခုံရှေ့တွင် ကျိုးသခင်မကြီး သူမကို ပေးထားသော ပုလဲဆံထိုးနှင့် လက်ဝတ်ရတနာ အချို့ကို ရွေးချယ် သိမ်းဆည်းနေလေသည်။

ကျိုးသခင်မကြီးက သူမအတွက် ချထားပေးသော အစေခံမလေးများသည် ဉာဏ်ကောင်းပြီး ဂရုတစိုက် ရှိကြသော်လည်း သူမနှင့် အတူနေလာသည့်အချိန်က သိပ်မကြာသေးသဖြင့် သူမ၏ ပုံမှန် အလှပြင်ဆင်မှု အကြိုက်များကို မသိကြသေးချေ။ ယခုတစ်ကြိမ်က ခရီးအမြန်သွားရမည် ဖြစ်သဖြင့် သယ်ဆောင်သွားနိုင်သော ပစ္စည်းများက ကန့်သတ်ချက် ရှိရာ သူမကိုယ်တိုင် အနည်းငယ် ရွေးချယ်သိမ်းဆည်းလိုက်ခြင်းကသာ ပိုကောင်းလေသည်။

ရှောင်းလိ ဝင်လာသည်ကို မြင်သောအခါ သူမသည် လက်ထဲက အလုပ်ကို ရပ်လိုက်ပြီး သူ့လက်ထဲတွင် ပွေ့ချီထားသော ပစ္စည်းအထုပ်ကို ကြည့်ကာ သဘောပေါက်သွားသလို ပြောလိုက်သည်။

"ဒေါ်ဒေါ်က ရှင့်ကို လာပို့ခိုင်းတာလား"

ရှောင်းလိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါတွေ အကုန်လုံး ငါ့အမေ ကိုယ်တိုင် ချုပ်ထားတာပါ။ စေတနာ တစ်ခုအနေနဲ့ သဘောထားလိုက်ပါ"

ဝိန်းယွီက ပြောလိုက်သည်။ "ဒေါ်ဒေါ်က ညဘက် ညဉ့်နက်တဲ့အထိ ကျွန်မအတွက် အပြေးအလွှား ချုပ်ပေးထားတာ ဖြစ်ရမယ်။ ကျွန်မ သေသေချာချာ တန်ဖိုးထားပါ့မယ်။ ဒေါ်ဒေါ့်ကို ကျွန်မ ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ"

သူမသည် အရင်က သူတို့အိမ်တွင် လာရောက်တည်းခိုစဉ်ကလိုပင် ဖော်ရွေပျူငှာနေဆဲ ဖြစ်သည်။ သို့သော် ရှောင်းလိသည် သူနှင့် သူမကြားတွင် ခြားနားနေသော တောင်တန်းချောက်ကမ်းပါးကြီးများကဲ့သို့ ကြီးမားလှသည့် အကွာအဝေးကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ သူမ၏ ယဉ်ကျေးသိမ်မွေ့မှု၊ သူမ၏ ငြိမ်းချမ်းမှု၊ သူမ၏ သဘောထားကြီးမှု အားလုံးသည် အခြားအရာများကြောင့် မဟုတ်ဘဲ သူမ၏ အသိုင်းအဝိုင်းက ပေးသော အပြုအမူ အလေ့အကျင့်များကြောင့်သာ ဖြစ်ပေသည်။

သူမသည် သူတို့ မိသားစုအပေါ် ဤသို့ ဆက်ဆံသကဲ့သို့ ထိုနေ့က သူမအပေါ် ကျေးဇူးရှိခဲ့သူမှာ အခြားသူ ဖြစ်ခဲ့မည် ဆိုလျှင်လည်း သူမသည် ထိုသူအပေါ် ဤသို့ပင် ဆက်ဆံမည်သာ။

ဤအချက်များကို နားလည်ထားသောကြောင့်ပင် ရှောင်းလိသည် သူမက အလှမ်းဝေးလွန်းလှသည်ဟု ပိုလို့ပင် ခံစားလာရတော့သည်။

သူ့အကြည့်များသည် သူမ အများစု သိမ်းဆည်းပြီးဖြစ်သော မှန်တင်ခုံပေါ်သို့ ရောက်ရှိသွားသည်။ ထိုနေ့က သူ ဟော်ရှောင်အန်းကို ဝယ်ခိုင်းခဲ့သော ထိုပါးနီဘူးလေးကိုလည်း သစ်သားသေတ္တာလေးထဲသို့ ထည့်သိမ်းထားသည်ကို မြင်သောအခါ သူက မေးလိုက်သည်။

"အဲ့ဒီ ပါးနီဘူးကိုလည်း ယူသွားမှာလား"

ဝိန်းယွီသည် နောက်သို့ လှည့်ကာ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မ နောက်ပိုင်းကျမှ မြို့ထဲက အလှပြင်ပစ္စည်းတွေရဲ့ ဈေးကွက်ပေါက်ဈေးကို လေ့လာဖြစ်ခဲ့တယ်။ အဲ့ဒီ ပါးနီဘူးက ရှောင်အန်းလေးက သူ့ဘာသာ ငွေနည်းနည်း ထပ်စိုက်ပြီး ဝယ်ပေးခဲ့တာ ဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကလည်း သူ့ရဲ့ စေတနာ တစ်ခုပဲလေ။ ယူသွားတာကလည်း အမှတ်တရ တစ်ခုအနေနဲ့ပေါ့"

ရှောင်းလိသည် ပါးနီဘူးကို ခဏ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။

"အင်း... ယူသွားလိုက်ပါ"

ဝိန်းယွီသည် သူ ယူလာပေးသော ခြုံလွှာနှင့် ပိုးခြေအိတ်များကို သိမ်းဆည်းရန် ပြင်လိုက်စဉ် ထိုအထဲတွင် ၁၀လျန်တန် ငွေစက္ကူ တစ်ရွက်နှင့် လက်ဖဝါးတစ်ဝက်ခန့် အရွယ်အစားရှိသော ငါးကြင်းရုပ် သစ်သားပန်းပုလေး တစ်ခုကို တွေ့လိုက်ရ၏။ သစ်သားပန်းပုလေးကို ဆေးသုတ်မထားဘဲ သေသပ်လှပသော ထွင်းထု အရာများကြားတွင် အလွန်သစ်လွင်သော သစ်သားအရောင်ကို မြင်တွေ့နိုင်သဖြင့် ယခုလေးတင် ထုလုပ်ပြီးစီးထားသယောင် ရှိသော်လည်း အလွန်ချောမွတ်နေအောင် ပွတ်တိုက် အရောင်တင်ထားပြီး ဖြစ်သည်။

သူမက ကောက်ယူလိုက်ပြီး ရှောင်းလိကို မေးလိုက်သည်။

"ဒါက"

ရှောင်းလိက ပြောလိုက်သည်။ "ငွေစက္ကူက ငါ့အမေက မင်းကို မဖြစ်မနေ ပေးခိုင်းလိုက်တာပါ။ သစ်သားပန်းပုကတော့... ငါ ထုထားတာပါ"

ထက်မြက်သော သူ၏မျက်ခုံးနှင့် မျက်လုံးများက အနည်းငယ် နိမ့်ကျသွားပြီး မှိန်ဖျော့သော အလင်းရောင်သည် သူ၏ ချောမောသန့်စင်သော မျက်နှာပေါ်တွင် အလင်းနှင့် အမှောင် မျဉ်းကြောင်းတစ်ခုကို ပိုင်းဖြတ်ထားလေသည်။

"မင်း အရင်က ပြောခဲ့ဖူးတယ်လေ၊ မင်းရဲ့ နာမည်ပြောင်က အားယွီ၊ အဲ့ဒီ ယွီ (ငါး) က 'ငါးသေရင် ပိုက်ကွန်ပြဲမယ်' ဆိုတဲ့ ငါးလို့ ပြောခဲ့တာ။ ဒါပေမယ့် ငါ ထင်တာတော့ မင်းရဲ့ အမေက မင်းကို အဲ့ဒီလို အဓိပ္ပာယ်မျိုးနဲ့ နာမည် ပေးမှာ မဟုတ်ဘူး။ အားယွီ... ငါထင်တာတော့ 'ငါးကြင်းမြီးက နဂါးတံခါးကို ကျော်ဖြတ်တာ' ဆိုတဲ့ ငါး ဖြစ်လိမ့်မယ်။ အခု နန်ချန်ကို သွားရမယ့် ခရီးမှာ အစစအရာရာ ဂရုစိုက်ပါ"

"ငါးကြင်းမြီးက နဂါးတံခါးကို ကျော်ဖြတ်တာ ဟုတ်လား" ဝိန်းယွီသည် တိုးညှင်းစွာ တစ်ချက် ရေရွတ်လိုက်သည်။

ရှောင်းလိက ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "ငါက စာမှ မသင်ဖူးတာ၊ တကယ်လို့ ပြောတာ မှားသွားရင်လည်း ရယ်စရာ တစ်ခုအနေနဲ့ပဲ သဘောထားပြီး နားထောင်လိုက်ပါ"

ဝိန်းယွီက ခေါင်းခါပြလိုက်ပြီး "ကျေးဇူးတင်ပါတယ်"

သူမသည် ငြိမ်းချမ်းသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်ကာ နောက်ဆုံး နှုတ်ဆက်စကားကို ပြောလိုက်တော့သည်။ "လူကြီးမင်းကျိုးက အရာရှိကောင်း တစ်ယောက်ပါ၊ ရှင့်ကိုလည်း တော်တော်လေး အထင်ကြီးတယ်။ နောင်ကျရင် ရှင် သူ့လက်အောက်မှာ အလုပ်ကို သေသေချာချာ လုပ်ပါ၊ စာလေး ဘာလေးလည်း သင်ထားလိုက်ဦး။ ရှင်နဲ့ ဒေါ်ဒေါ်တို့ နောင်တစ်ချိန်မှာ ဘေးကင်းချမ်းသာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပူပင်သောက ကင်းကင်း နေနိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်"

ထိုနေ့ မွန်းလွဲပိုင်းတွင် ဝိန်းယွီ သင်္ဘောပေါ်တက်ကာ တောင်ဘက်သို့ ထွက်ခွာသွားချိန်၌ ရှောင်းလိသည် သူမကို သွားရောက် မပို့ဆောင်တော့ချေ။

သူသည် ကိုယ့်ကိုယ်ကို ကျိုးအိမ်တော်မှ အစေခံများအတွက် ဖွင့်လှစ်ပေးထားသော စာကြည့်တိုက်လေးထဲတွင် ပိတ်လှောင်ထားပြီး ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးနှယ် များပြားလှသည့် စာအုပ်စာရင်းများထဲတွင် ခေါင်းနှစ်ထားတော့သည်။

သို့သော် သူ သိရှိသော စာလုံးများက များများစားစား မရှိလှသဖြင့် စာကြည့်တိုက် တာဝန်ခံကို ဖမ်းဆွဲကာ သူ့ကို စာသင်ပေးရန် မကြာခဏ တောင်းဆိုရသည်။ နှစ်ရက်ပင် မကြာလိုက်ချေ။ စာကြည့်တိုက် တာဝန်ခံမှာ သူ့ကို မြင်သည်နှင့် လမ်းလွှဲသွားရတော့သည်။ သူနှင့်အတူ တာဝန်ကျသော အစောင့်စစ်သည်များလည်း သူ၏ မကောင်းဆိုးဝါး လက်ချောင်းများအောက်မှ မလွတ်မြောက်နိုင်ခဲ့ကြချေ။

ရှောင်းလိသည် အစောင့်စစ်သည် တပ်ဖွဲ့သို့ ဝင်ရောက်ပြီးနောက် အလုပ်တာဝန် ထမ်းဆောင်ရန် ပိုအဆင်ပြေစေရန်နှင့် အစောင့်စစ်သည်များနှင့် ပိုရင်းနှီးကျွမ်းဝင်စေရန် ကျိုးကျင့်အန်း၏ သတိပေးမှုကိုပင် မစောင့်တော့ဘဲ သူကိုယ်တိုင် အစောင့်စစ်သည်များ၏ တာဝန်ကျ အဆောင်သို့ ပြောင်းရွှေ့ကာ သူတို့နှင့် အတူတူ သွားရောက် နေထိုင်ခဲ့သည်။

ညဘက်တွင် အခြားသော အစောင့်စစ်သည်များ ခြေထောက်ရေစိမ်ရင်း စကားစမြည် ပြောဆိုနေကြချိန်၌ သူသည် စာအုပ်တစ်အုပ်ကို ကိုင်ကာ သူတို့ရှေ့သို့ သွားရပ်လိုက်ပြီး အလွန် ရိုးသားပွင့်လင်းသော စကားလုံးများဖြင့် မေးလိုက်သည်။

"အစ်ကိုကဲ... ဒီစာလုံးကို ဘယ်လို ဖတ်တာလဲ"

အစောင့်စစ်သည်များသည် နေ့ခင်းဘက် ရှောင်းလိနှင့် သိုင်းကစားဖူးကြသဖြင့် သူ၏ ကောင်းမွန်လှသော သိုင်းပညာကို မြင်တွေ့ထားကြပြီး သူ့ကို အလွန် လေးစားနေကြသည်။ ယခုအချိန်တွင် သူ့အမေးကို ဘယ်နှစ်ကြိမ်မြောက် ဖြေရမှန်း မသိတော့သော်လည်း မျက်ဝန်းထောင့်များ အနည်းငယ် တွန့်ချိုးသွားလျက် ပြုံးကာ ပြန်ဖြေလိုက်ကြသည်။

"အာ... ဒီစာလုံးလား၊ 'ထင်' လို့ ဖတ်တယ်။ 'လေထင်(မိုးကြိုး)' ရဲ့ ထင် လေ"

ရှောင်းလိသည် စာအုပ်ကို ကိုင်ကာ ထွက်သွားတော့သည်။

အစောင့်စစ်သည်များ ဆက်ပြီးစကားစမြည် ပြောဆိုကြရာ စကားသုံးခွန်းပင် မပြည့်သေးခင် ရှောင်းလိသည် စာအုပ်ကို ပြန်ကိုင်လာပြန်သည်။

"ဒီစာလုံး နှစ်လုံးကရော"

"အင်း... ဒါက လူနာမည်တစ်ခုပဲ၊ 'ဟယ်လွီ' လို့ ခေါ်တယ်။ နွေဦးနဲ့ ဆောင်းဦး ခေတ်က ဝူပြည်နယ်ရဲ့ ဘုရင်ပေါ့"

ရှောင်းလိ သူ့ကုတင်နေရာသို့ ပြန်သွားသောအခါ အစောင့်စစ်သည်များသည် စောစောက သူတို့ ဘာအကြောင်း ပြောနေခဲ့ကြသည်ကိုပင် မမှတ်မိကြတော့ချေ။

လူအနည်းငယ်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် မိမိကုတင်ဘေးရှိ ဆီမီးခွက်အလင်းရောင်ဖြင့် စာဖတ်နေကာ မည်သည့်အနှောင့်အယှက်မှ မခံရသော ရှောင်းလိကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ထိုအထဲမှ တစ်ယောက်က ပြောလိုက်သည်။ "ငါတို့တွေ နည်းနည်း ပျင်းရိလွန်းနေပြီလို့ ငါ ထင်တယ်"

ဘေးနားကလူက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒီ အသစ်ရောက်လာတဲ့ ကောင်လေးက တော်တော် ကြိုးစားတာပဲ"

လုပ်သက်အရှည်ဆုံး လူက တိုးညှင်းစွာ ပြောလိုက်လေသည်။ "သူ့အောက် ရောက်သွားလို့ မဖြစ်ဘူး။ ဒီကောင်လေးက တော်တော် ဉာဏ်ကောင်းတာ။ သူက ဒီလို ကြိုးစားတဲ့ ပုံစံမျိုး ပြနေတော့ လူကြီးမင်းနဲ့ သခင်လေးက သူ့ကို ခဏခဏ အထင်တကြီးနဲ့ ကြည့်နေကြတာ မဟုတ်ဘူးလား"

အစောင့်စစ်သည် အားလုံးသည် ချက်ချင်းပင် အန္တရာယ်ရှိလာသလို ခံစားလိုက်ရပြီး ညဉ့်နက်သည်အထိ ဖယောင်းတိုင်ထွန်းကာ စာဖတ်ကြတော့သည်။

ဒုတိယနေ့ အလုပ်တာဝန် ကျသောအခါ အစောင့်စစ်သည်များ အားလုံး၏ မျက်ဝန်းအောက်တွင် မျက်ကွင်းများ ညိုနေကြပြီး သမ်းဝေနေကြသည်။

ကျိုးကျင့်အန်းက သူတို့ ပျင်းရိနေကြသည်ဟု ထင်မှတ်ကာ သားဖြစ်သူကို သွားရောက် သတိပေးခိုင်းသည်။ ကျိုးစွေသည် အကြောင်းရင်းကို သိရှိသွားသောအခါ ငိုရခက်၊ ရယ်ရခက် ဖြစ်သွားရပြီး ကျိုးကျင့်အန်းကို သတင်းပို့လိုက်ရာ ကျိုးကျင့်အန်းကလည်း မုတ်ဆိတ်မွေးကို သပ်ကာ ရယ်မောရင်း ပြောလေတော့သည်။

"ဒါက ရှေးလူကြီးတွေ ပြောသလို အနီရောင်နား ကပ်ရင် နီလာပြီး၊ အမည်းရောင်နား ကပ်ရင် မည်းလာတယ် ဆိုတာမျိုး ဖြစ်လောက်တယ်"

ကျိုးစွေက ပြောလိုက်၏။ "သား ကြည့်ရသလောက် ဒီလူက သစ္စာရှိပြီး ကြင်နာတတ်တဲ့အပြင် ဖြတ်ထိုးဉာဏ်လည်း ရှိတယ်။ ဗဟုသုတ နည်းနည်း ခေါင်းပါးပေမယ့် ကျောက်သားလွှာ ဖုံးအုပ်နေတဲ့ ကျောက်စိမ်းရိုင်းလေးလိုပဲ၊ တကယ်လို့သာ သေသေချာချာ ထွင်းထုပြုပြင်ပေးလိုက်ရင် သေချာပေါက် အဖိုးတန် ရတနာတစ်ခု ဖြစ်လာလိမ့်မယ်"

ကျိုးကျင့်အန်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "အဖေကလည်း အစကတည်းက သူ့ကို မင်းအတွက် လက်ထောက်အဖြစ် ထားပေးချင်ခဲ့တာပါ။ နောင်တစ်ချိန် မင်း ဒီလူကို အသုံးချတဲ့အခါ သူ့ကို မေတ္တာနဲ့ ဆွဲဆောင်ဖို့ သေချာ မှတ်ထားပါ။ အာဏာသုံးပြီး ဖိအားပေးတာမျိုး လုံးဝ မလုပ်ရဘူးနော်"

စကားက သည်နေရာအရောက်တွင် စာကြည့်ခန်း အပြင်ဘက်မှ အိမ်တော်ထိန်း၏ အလောတကြီး အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

"လူကြီးမင်း။ လူကြီးမင်း။ ဖေ... ဖေစုန့်က လူလွှတ်ပြီး လက်နက်ချဖို့ စာပို့လာပါပြီ"

ကျိုးစွေ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာပြီး ကျိုးကျင့်အန်းကို အလျင်အမြန် ကြည့်လိုက်၏။

"အဖေ..."

ကျိုးကျင့်အန်းကတော့ အလွန် တည်ငြိမ်နေပြီး မျက်နှာပေါ်တွင် အလွန် အေးချမ်းသော အမူအရာဖြင့် ပြောလိုက်သည်။

"ရောက်လာပြီပေါ့..."

သည်နေ့ရက်ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်နေသယောင်ပင်။

____

ဝေ့မြစ်သည် ဖျင်ကျိုးသို့ တိုက်ရိုက် မရောက်ရှိနိုင်သဖြင့် ဝိန်းယွီသည် သင်္ဘောဖြင့် နှစ်ရက်ကြာ ခရီးနှင်ပြီးနောက် ကုန်းလမ်းခရီးသို့ ပြောင်းလဲခဲ့ရသည်။

အစေခံများသည် ပစ္စည်းများကို မြင်းလှည်းပေါ်သို့ တင်ဆောင်နေစဉ် သစ်သားသေတ္တာ တစ်လုံးကို မတော်တဆ ပြုတ်ကျသွားခဲ့သည်။ ဝိန်းယွီက အလျင်အမြန် ကောက်ယူလိုက်သောအခါမှ သစ်သားသေတ္တာလေး အောက်သို့ ပြုတ်ကျသွားသဖြင့် အံဝှက်လေး ပွင့်ထွက်သွားပြီး ထိုအထဲမှ မျက်နှာဖုံးတွင် "မင်းသမီး ဖွင့်ဖတ်ရန်" ဟူသော စာလုံးလေးလုံး ရေးသားထားသည့် စာတစ်စောင် ထွက်ကျလာသည်ကို တွေ့လိုက်ရ၏။

သစ်သားသေတ္တာကို မတော်တဆ ပြုတ်ကျစေခဲ့သော ကိုယ်ရံတော်သည် ဒူးတစ်ဖက် ထောက်ကာ ထိုင်ချလိုက်သည်။

"ကျွန်တော်မျိုး ပေါ့ဆသွားလို့ပါ၊ သခင်မလေး အပြစ်ပေးတော်မူပါ"

ဝိန်းယွီသည် အာရုံမစိုက်နိုင်တော့ဘဲ လက်မြှောက်ကာ သူ့ကို ထရန် အချက်ပြလိုက်ပြီး မထွက်ခွာခင်က သူမအတွက် ဤသစ်သားသေတ္တာကို သိမ်းဆည်းပေးခဲ့သော အစေခံမလေးကို မေးလိုက်သည်။

"ဒီစာက ဘယ်လိုဖြစ်တာလဲ"

အစေခံမလေးသည် ဒူးထောက်ချလိုက်သည်။

"လူ... လူကြီးမင်းက ကျွန်မကို ဒီအံဝှက်ထဲမှာ စာကို ဝှက်ထားခိုင်းတာပါ။ တကယ်လို့ ယုံကျိုးမှာ အပြောင်းအလဲ ဖြစ်တဲ့ သတင်းကြားရရင် သခင်မလေးကို ဒီစာ ပေးလိုက်ဖို့ ပြောပါတယ်..."

ဝိန်းယွီသည် စာအိတ်မျက်နှာဖုံးပေါ်ရှိ ကျိုးကျင့်အန်း၏ ကိုယ်တိုင်ရေး လက်ရေးနှင့်တူသော စာလုံးများကို ကြည့်ရင်း ရင်ထဲတွင် မကောင်းသော နိမိတ်တချို့ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

...

All Chapters