← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အပိုင်း (၃၄)

မွန်းတည့်ခါနီးအချိန်တွင် ဝိန်းယွီ၏ မြင်းလှည်းသည် ထုံချန်သို့ ဆိုက်ရောက်သည်။

မြို့တံခါးဝတွင် ဝင်ထွက်သွားလာနေသော ကုန်သည်အုပ်စုများကို တင်းကျပ်စွာ စစ်ဆေးနေသည်။ ဝိန်းယွီတို့ လူအယောက် ၃၀ကျော်ပါဝင်သော မြင်းလှည်းအုပ်စုသည် အနောက်ဆုံးတွင် တန်းစီနေရ၏။ ရှေ့မှ ကုန်သည်အုပ်စုများ စစ်ဆေးခံနေရသည်ကို စောင့်ဆိုင်းနေစဉ်မှာပင် မူလက စစ်တပ်မှ ထောက်လှမ်းရေးစစ်သည်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကိုယ်ရံတော်ခေါင်းဆောင်သည် မြို့တံခါးသို့ သွားရောက်ကာ သတင်းစုံစမ်းလေသည်။

ခဏအကြာတွင် သူသည် မြင်းလှည်းအုပ်စုထံသို့ ပြန်ရောက်လာပြီး ဝိန်းယွီရှိရာ မြင်းလှည်းအနီးသို့ ကပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တိုးတိုးလေး ပြောလိုက်၏။ "သခင်မလေး... ထုံချန်ကနေ လန်ချန်ကိုသွားတဲ့ လမ်းမကြီးက ဆက်တိုက် ရွာထားတဲ့ မိုးနဲ့နှင်းတွေကြောင့် မြေပြိုနေလို့ ဒေသခံအရာရှိတွေက လူလွှတ်ပြီး ရှင်းခိုင်းနေပါတယ်။ အနည်းဆုံး ၂ရက်လောက်တော့ ဒီထုံချန်မှာ စောင့်ရပါလိမ့်မယ်။ ဒါပေမယ့် အရာရှိတွေက မြို့တံခါးမှာ ကြေညာချက် ကပ်ထားပြီး ဖိန်ကျိုးမှာ သခင်မလေးအတွက် အလုပ်အကျွေးပြုဖို့ ပညာရှိတွေကို ဖိတ်ခေါ်နေတယ်လို့ ရေးထားတယ်! ကျွန်တော်တို့ မြို့ထဲဝင်ပြီးရင် သူတို့နဲ့ ဆက်သွယ်သင့်လား"

တောင်ဘက်သို့ ဆင်းလာသည်နှင့်အမျှ ရာသီဥတုမှာ ပိုစိုစွတ်အေးစက်လာသည်။ ဝိန်းယွီသည် ပခုံးပေါ်တွင် ဝတ်ရုံကြီးကို ခြုံထားပြီး လက်နွေးအိုးကို ပိုက်ထားရင်း ထိုစကားကို ကြားသော်လည်း မျက်လုံးကို ဖွင့်မကြည့်ဘဲ ပြောလိုက်သည်။ "သာမန် ကုန်သည်အုပ်စုတွေ ဘာလုပ်လဲ၊ အဲ့ဒီအတိုင်းပဲ လုပ်ကြ။ တခြားဟာတွေကို သွားပြီး ဂရုမစိုက်နဲ့"

ကိုယ်ရံတော်က တွေဝေစွာဖြင့် ပြောလိုက်သည်။ "တောင်ဘက်ကိုသွားတဲ့ ခရီးလမ်းက အန္တရာယ်တွေ အများကြီး ရှိနေတော့ ထုံချန်မှာ လူအင်အား ထပ်ဖြည့်နိုင်ရင် သခင်မလေးကို ပိုပြီး ကာကွယ်ပေးနိုင်မလားလို့ပါ"

ဝိန်းယွီသည် သူမ၏ ရှည်လျားသော မျက်တောင်များကို ပင့်လိုက်ရာ နက်မှောင်သော ကျောက်စိမ်းကဲ့သို့ မျက်လုံးများက အေးစက်တည်ငြိမ်နေသည်။ သူမက ပြန်မေးလိုက်သည်။ "ဒါက ငါတို့ကို ဖမ်းဖို့ ချထားတဲ့ ငါးစာဆိုရင်ရော"

သူမသည် ဖေစုန့်ကို ပြစ်တင်ရှုတ်ချသည့် ကဗျာများကို ထုတ်ပြန်ခဲ့သည်မှာ ဝိန်းမျိုးနွယ်စုတွင် လူရှိသေးကြောင်း လောကကို သိစေရန် ဖြစ်သကဲ့သို့ လက်အောက်ငယ်သားဟောင်းများကို စုစည်းရန်လည်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ သူမ နန်ချန်သို့ ရောက်ရှိချိန်တွင် နန်ချန်နှင့် စစ်ကူတောင်းရန် ညှိနှိုင်းရာတွင် ပိုပြီး အင်အားရှိလာလိမ့်မည်။

သို့သော် တိုင်းပြည်က သည်လောက်ပျက်စီးနေချိန်တွင် ဝိန်းမျိုးနွယ်စုအပေါ် သစ္စာစောင့်သိမည့်သူ မည်မျှ ကျန်ပါဦးမည်နည်း။

ယခင်က ဖခင်ဖြစ်သူသည် ဖုန်းယန်တွင် ပိတ်မိနေခဲ့သော်လည်း ဖေစုန့်နှင့် အရှုံးအနိုင် မပေါ်သေးသလို သူတို့တွင် တော်ဝင်မျိုးနွယ်ဆိုသည့် ဂုဏ်ပုဒ် ရှိနေသေးသဖြင့် လောကရှိ သူရဲကောင်းများက မည်သည့်ဘက်ကို ရပ်တည်ရမည်ကို မဆုံးဖြတ်ရဲကြချေ။

ယခုမူ ဝိန်းမျိုးနွယ်စုမှာ သတ်ဖြတ်ခံရသဖြင့် သူမနှင့် ယောက်မက ကာကွယ်ပေးခဲ့သော အားယင်းလေး နှစ်ယောက်သာ ကျန်တော့သည်။

သူမသည် တောင်ဘက်သို့ ဆင်းလာကြောင်း လူသိရှင်ကြား ကြေညာလိုက်ပြီးနောက်တွင် သူမကို ဖမ်းဆီးပြီး ဖေစုန့်ထံသို့ လက်ဆောင်ပေးလိုသော ပြည်နယ်များ ပိုများပြားလာလိမ့်မည်။ သို့မဟုတ်လျှင် သူမကို ဖမ်းဆီးကာ ဖခင်ဖြစ်သူ၏ လက်အောက်ငယ်သားဟောင်းများကို အမိန့်ပေးခိုင်းပြီး ဤစစ်ပွဲထဲတွင် အသုံးချရန် ကြိုးစားကြလိမ့်မည်။

ဖေစုန့်၏ လူများက သူမကို လိုက်မမီနိုင်တော့သော်လည်း ဖိန်ကျိုးသို့ မရောက်ရှိမီ မည်သည့်ပြည်နယ်အရာရှိကိုမှ သူမက မယုံကြည်ရဲချေ။

ကိုယ်ရံတော်သည် ထိုစကားကို ကြားသောအခါ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "သခင်မလေးက အရာရာကို သေချာစဉ်းစားထားတာပဲ။ ကျွန်တော် စိတ်လောသွားပါတယ်"

ဝိန်းယွီက ပြောလိုက်သည်။ "တောင်ဘက်ကိုသွားတဲ့ ခရီးက ဝေးသေးတယ်။ အရာရာကို သတိထားတာ အကောင်းဆုံးပဲ"

ကိုယ်ရံတော်က ခေါင်းညိတ်ပြပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

အဝေးရှိ လမ်းမကြီးပေါ်တွင် နောက်ထပ် မြင်းလှည်းအုပ်စု တစ်စု ရောက်လာသော်လည်း တန်းမစီဘဲ မြို့တံခါးသို့ တိုက်ရိုက် မောင်းသွားကြသည်။ တစ်စုံတစ်ခုသော စာရွက်စာတမ်းကို ပြလိုက်သည်နှင့် မြင်းလှည်းအုပ်စုမှာ မြို့ထဲသို့ တန်းစီဝင်ရောက်သွားတော့သည်။

အနောက်တွင် တန်းစီနေသော ကုန်သည်များက မကျေမနပ် အော်ဟစ်ကြသည်။ "အဲ့ဒါ ဘယ်သူ့အုပ်စုလဲ။ အားလုံး တန်းစီနေတာကို သူတို့ကျတော့ ဘာလို့ တိုက်ရိုက် ဝင်သွားတာလဲ"

တစ်ယောက်က မြင်းလှည်းပေါ်ရှိ တံဆိပ်ကို မှတ်မိသွားပြီး ပြောလိုက်သည်။ "ကြည့်ရတာ လော့ယန် ဖုန်းမိသားစုနဲ့ တူတယ်"

ဝိန်းယွီသည် 'လော့ယန်' ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် စိတ်ဝင်စားသွားကာ တွေးမိလိုက်သည်။ လော့ယန် ဖုန်းမိသားစုရဲ့ ဇာတိက ထိုက်ယွမ်မှာလေ။ သူတို့က ဖေစုန့်ကို အညံ့မခံချင်ဘူးဆိုရင်တောင် မြောက်ဘက်က ရှော့ပျန်းနယ်စားဆီကိုပဲ သွားသင့်တာ။ ဘာလို့ တောင်ဘက်ကို လာတာလဲ။

ထိုစဉ် ကုန်သည်များထဲမှ အတွင်းသတင်းများကို ပိုသိရှိသောသူက ပြောလိုက်၏။ "ဒါ လော့ယန် ဖုန်းမိသားစု မဟုတ်ပါဘူး။ ဖေစုန့်က လော့ယန်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ လျိုမိသားစု၊ ကျောက်မိသားစု၊ ဖုန်းမိသားစုနဲ့ အရင်က အောဝ်မိသားစုရဲ့ လူတွေကိုပါ အကုန် သတ်ပစ်လိုက်တာလေ။ သူတို့နဲ့ ဆွေမျိုးတော်စပ်တဲ့ လူတွေကိုတောင် မချန်ဘူး။ အဲ့ဒီရွှေပုံငွေပုံပေါ်က မင်းသမီးလေးတွေနဲ့ ကတော်ကြီးတွေဆိုရင်လည်း ညဘက်မှာ သူပုန်စခန်းတွေထဲကို အော်ဟစ်ငိုယိုရင်း ဆွဲခေါ်သွားခံရပြီး နောက်တစ်နေ့ မနက်မှာတော့ ကိုယ်လုံးတီးနဲ့ ဖျာလိပ်ထဲ ထည့်ပြီး သင်္ချိုင်းကုန်းထဲ အပစ်ခံလိုက်ရတာပဲ မဟုတ်လား။ ခုနက မြို့ထဲဝင်သွားတဲ့သူက ဖုန်းမိသားစုကနေ အစောကြီးကတည်းက ချင်းဟယ်ကို အိမ်ထောင်ကျသွားတဲ့ သမီးဖြစ်လိမ့်မယ်။ လော့ယန်မှာ မရှိလို့သာ ကံကောင်းပြီး အသက်ဘေးက လွတ်ခဲ့တာ"

ဘေးကလူများက လော့ယန်မှ မျိုးနွယ်စုကြီးများ၏ အဖြစ်ဆိုးကို ကြားသောအခါ သက်ပြင်းချနေကြသော်လည်း ဝိန်းယွီကတော့ မျက်တောင်ချကာ လေးနက်စွာ တွေးတောနေမိသည်။

ဖေစုန့်ရဲ့လုပ်ရပ်တွေက သိပ်ကို ရက်စက်တာပဲ။ ဝိန်းမျိုးနွယ်စုကိုတင် မဟုတ်ဘဲ လျို၊ ဖုန်း၊ ကျောက်နဲ့ အောဝ်မိသားစုတွေကိုပါ ဘာလို့ အမြစ်ပြတ် သတ်နေရတာလဲ။ ဒီမျိုးနွယ်စုကြီးတွေနဲ့ ဘယ်လို ရန်ငြိုးတွေ ရှိနေလို့လဲ။

ဖုန်းမိသားစုနဲ့ အောဝ်မိသားစုကတော့ အာဏာရှိတယ်ဆိုဦးတော့၊ လျိုမိသားစုနဲ့ ကျောက်မိသားစုကတော့ အရင်ကတည်းက ဆုတ်ယုတ်နေတာလေ။ မြို့တော်ထဲမှာ နာမည်ခံလောက်ပဲ ရှိတဲ့လူတွေကို သူက ဘာလို့ ဒီလောက် ရန်ငြိုးထားနေရတာလဲ။

ပြီးတော့ ဖေစုန့်က အောဝ်မိသားစုရဲ့ ခွေးတစ်ကောင်လို လုပ်ပေးနေတုန်းက အဖေနဲ့ အစ်ကိုဖြစ်သူတို့က သူ့အကြောင်းကို စုံစမ်းခဲ့ဖူးတယ်။ သူက သာမန်မိသားစုကနေ ဆင်းသက်လာပြီး ဘာနောက်ခံမှ မရှိဘူး။ အောဝ်မိသားစုရဲ့ ခွေးလုပ်ပေးရင်းနဲ့မှ အာဏာရလာခဲ့တာ။

သူက အောဝ်မိသားစုကို ပြန်တိုက်ခိုက်တာက အကြောင်းပြချက် ရှိနိုင်သော်ငြား လျိုမိသားစုနှင့် ကျောက်မိသားစုကိုပါ အကုန် သတ်ပစ်သည်ကိုတော့ ဝိန်းယွီ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်တော့ချေ။

မြင်းလှည်းအုပ်စုက သူတို့အလှည့်သို့ ရောက်ရှိလာသဖြင့် ကိုယ်ရံတော်ခေါင်းဆောင်က အရာရှိများနှင့် စကားပြောနေသည်။ ဝိန်းယွီက မျက်လုံးကို ပင့်လိုက်ပြီး ပြတင်းပေါက်ကို လက်ချောင်းဖြင့် နှစ်ချက် ခေါက်လိုက်၏။

ကိုယ်ရံတော်ခေါင်းဆောင်က မြင်းလှည်းအနီးသို့ ကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။ "သခင်မလေး ဘာမှာချင်လို့လဲ"

ဝိန်းယွီက ပြောလိုက်သည်။ "ထုံချန်က မြို့ငယ်လေးဆိုတော့ အဲ့ဒီဖုန်းမိသားစုရဲ့ သမီးက အခုလို ဝင်သွားတာကို လူပြောများကြလိမ့်မယ်။ မင်း မြို့ထဲရောက်ရင် လော့ယန် ဖုန်း၊ လျို၊ ကျောက်နဲ့ အောဝ်မိသားစုတွေမှာ ဘယ်လို ရန်သူတွေ ရှိခဲ့ဖူးလဲဆိုတာကို သွားစုံစမ်းချေ"

ကိုယ်ရံတော်က အမိန့်ကို ခံယူပြီး နောက်သို့ ဆုတ်သွားသည်။

ထိုအချိန်မှာပင် ထုံချန်မြို့ထဲ၌။

မုတ်ဆိတ်မွှေးနှင့် အရာရှိတစ်ဦးသည် စာကြည့်ခန်းထဲသို့ အလျင်အစလို ဝင်လာပြီး ခေါ်လိုက်သည်။ "လူကြီးမင်း!"

ဗိုက်ရွှဲကြီးနှင့် သက်လတ်ပိုင်း အမျိုးသားသည် ကုလားထိုင်ပေါ်တွင် သမ်းဝေရင်း မေးလိုက်သည်။ "ဟန့်ယန်မင်းသမီးရဲ့ နောက်လိုက် ဘယ်နှစ်ယောက် ထပ်ဖမ်းမိလဲ"

အရာရှိက ပြောလိုက်သည်။ "ဒီနေ့တော့ အသိဉာဏ်မရှိတဲ့ စာသင်သား တချို့ပဲ လာပါတယ်။ ကျွန်တော်မျိုး လွှတ်လိုက်ပါပြီ။ ဒါပေမယ့် ငါးကြီးတစ်ကောင်တော့ ရောက်လာတယ်!"

ဝဖိုင့်ဖိုင့် အုပ်ချုပ်ရေးမှူးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မေးလိုက်သည်။ "ဟန့်ယန်က သူ့အလိုလို ကျော့ကွင်းထဲကို တိုးဝင်လာတာလား"

အရာရှိက ပြုံးလျက် ပြောလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လမ်းပိတ်နေတဲ့ သတင်းကို လမ်းဆုံမှာ ကပ်ထားလိုက်တော့ ကုန်သည်အုပ်စု အတော်များများ မြို့ထဲဝင်လာကြတယ်။ အဲ့ဒီထဲမှာ လော့ယန် ဖုန်းမိသားစုက အပြင်ကို အိမ်ထောင်ကျသွားတဲ့ သမီးရဲ့ မြင်းလှည်းလည်း ပါတယ်။ သူကလည်း ဖိန်ကျိုးကိုသွားပြီး ဟန့်ယန်မင်းသမီးဆီ ခိုလှုံဖို့ လုပ်နေတာထင်တယ်!"

မြို့ဝန်သည် ထိုစကားကို ကြားသောအခါ ထိုင်မနေနိုင်တော့ဘဲ ဝမ်းသာအားရ ပြောလိုက်သည်။ "ကောင်းပြီ။ ထုံးစံအတိုင်းပဲ ကုန်သည်အုပ်စုက လူတွေကို သတ်ပြီး မြင်းလှည်းနဲ့ ကုန်ပစ္စည်းတွေကို သိမ်းလိုက်! အဲ့ဒီဖုန်းမိသားစုက အမျိုးသမီးကိုတော့ အသက်ချန်ထား။ အမတ်ချုပ်ကြီးက လော့ယန် ဖုန်းမိသားစုရဲ့ မျိုးဆက်တွေကို အကုန် သတ်ပစ်လိုက်တာဆိုတော့ သူ့ကို လက်ဆောင်အဖြစ် ပေးလိုက်ရင် အမတ်ချုပ်ကြီး သေချာပေါက် သဘောကျလိမ့်မယ်”

...

ယုံချန် အကျဉ်းထောင်။

အကျဉ်းထောင်မှူးသည် ဖေစုန့်နှင့် ကိုယ်ရံတော် နှစ်ဦးကို အရူးအဘိုးကြီး၏ အခန်းရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ အရူးအဘိုးကြီးသည် လူများကို မြင်သော်လည်း မမြင်သလိုပင် တစ်ယောက်တည်း ညည်းတွားသီဆိုရင်း ကောက်ရိုးများဖြင့် နှံကောင်များ ပြုလုပ်နေလေသည်။

အကျဉ်းထောင်မှူးသည် ဖေစုန့်၏ မျက်နှာအမူအရာကို တစ်ချက် ကြည့်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ "ဒါ... ဒါ အဲ့ဒီလူပါပဲ။ အမတ်ချုပ်ကြီး ရှာနေတဲ့သူ ဟုတ်ပါသလား"

ဖေစုန့်၏ အကြည့်သည် အရူးအဘိုးကြီး၏ မျက်နှာတစ်ဝက်ခန့်ကို ဖုံးအုပ်နေသော ဖရိုဖရဲ ဆံပင်နှင့် မုတ်ဆိတ်များ၊ ဟောင်းနွမ်းညစ်ပတ်နေသော အဝတ်အစားများပေါ်သို့ ကျရောက်သွားသည်။ သူ၏ အေးစက်သော မျက်လုံးများထဲတွင် နာကျည်းမှုများ ပြည့်နှက်လာပြီး ဓားကို ဆွဲထုတ်လိုက်ရာ အကျဉ်းထောင်မှူးမှာ အော်ဟစ်ကာ ခြေထောက်ကို အုပ်လျက် လဲကျသွားတော့သည်။

သူသည် ခြေသလုံးမှ ဒဏ်ရာကို အုပ်ကိုင်ထားပြီး တစ်ဖက်လူက ဘာကြောင့် ဒေါသထွက်သည်ကို လုံးဝ မသိဘဲ အသံကုန်ခြစ်ကာ အော်ဟစ်လိုက်သည်။ "အမတ်ချုပ်ကြီး အသက်ချမ်းသာပေးပါ! အမတ်ချုပ်ကြီး အသက်ချမ်းသာပေးပါ!"

ဖေစုန့်၏ ဓားဖျားမှ သွေးများ တစ်စက်ချင်း ကျနေပြီး သူက အေးစက်စွာ မေးလိုက်၏။ "ဒီနှစ်တွေမှာ သူက ဒီအကျဉ်းထောင်ထဲမှာ ဒီလိုပဲ ဖြတ်သန်းခဲ့တာလား"

အကျဉ်းထောင်မှူးမှာ နာကျင်လွန်းသဖြင့် နဖူးမှ ချွေးများ စီးကျနေသော်လည်း ဖေစုန့်၏ စကားထဲမှ ထူးခြားသော အဓိပ္ပာယ်ကို သတိထားမိသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "အမတ်ချုပ်ကြီး ရှင်းလင်းစွာ သိမြင်ပေးပါ။ ကျွန်တော်မျိုးက ဒီအဘိုးကြီးကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ပါဘူး။ ထောင်ထဲက ကောက်ရိုးတွေဆိုရင်လည်း အသစ်တွေချည်းပဲ! ကောင်လေးတစ်ယောက်ကလည်း သူ့ဆီ ခဏခဏ လာတတ်ပါတယ်။ ကျွန်တော်မျိုးက သူ့ဆီက အကျိုးအမြတ် ရထားတော့ ဒီအဘိုးကြီးကို မစော်ကားခဲ့ပါဘူး......"

ဖေစုန့်က မျက်လုံးမှေးကာ မေးလိုက်သည်။ "ကောင်လေး?"

အကျဉ်းထောင်မှူးသည် အသက်ရှင်ခွင့် ရလိုရငြားဖြင့် သိသမျှကို အကုန်ပြောလိုက်သည်။ "အဲ့ဒီကောင်လေးက ငယ်ငယ်တုန်းက ထောင်ထဲမှာ ၇ နှစ်လောက် အကျဉ်းချခံခဲ့ရတာပါ။ အဘိုးကြီးက သူ့ကို 'ဟွမ်အာ' 'ဟွမ်အာ' လို့ အမြဲခေါ်တတ်တယ်။ ဒါပေမယ့် သူက အရူးလို ဖြစ်နေတော့ တစ်ခါတလေကျရင် သူ့ကို ကာကွယ်ပေးပြီး တစ်ခါတလေကျရင်တော့လည်း ပြင်းပြင်းထန်ထန် ရိုက်နှက်တတ်တယ်။ အဲ့ဒီကောင်လေး ထောင်က ထွက်သွားပြီးတဲ့နောက်မှာလည်း အဘိုးကြီးဆီကို ခဏခဏ လာကြည့်တတ်ပါတယ်"

ဖေစုန့်သည် အကျဉ်းထောင်မှူး၏ လည်ပင်းကို ခြေထောက်ဖြင့် နင်းထားလိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။ "အဲ့ဒီလူရဲ့ နာမည်က ဘာလဲ၊ ဘယ်မှာ နေတာလဲ"

အကျဉ်းထောင်မှူးမှာ အသက်ရှူရန်ပင် ခက်ခဲနေပြီး အသက်ရှင်လိုသည့် စိတ်ဖြင့် အမှန်အတိုင်း ပြောလိုက်သည်။ "နာမည်က... ရှောင်းလိ ပါ။ ဘယ်မှာ နေလဲဆိုတာတော့ ကျွန်တော်မျိုး မသိပါဘူး။ ဒါပေမယ့် သူက မကြာခင်ကတင် အုပ်ချုပ်ရေးမှူးအိမ်တော်မှာ အိမ်တော်စောင့် စစ်သည် ဖြစ်သွားပါတယ်"

"ရှောင်း——လိ?"

ဖေစုန့်က ထိုနာမည်ကို ဖြည်းညင်းစွာ ခေါ်လိုက်ပြီး ခြေထောက်ကို အားထည့်လိုက်ရာ 'ဂျွတ်'ဟူသော လည်ပင်းရိုး ကျိုးသွားသည့် အသံနှင့်အတူ အကျဉ်းထောင်မှူးမှာ မျက်လုံးအပြူးသားဖြင့် အသက်ထွက်သွားတော့သည်။

ဖေစုန့်သည် စောစောက ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်လိုက်သည့်နှယ် သူ့ခြေထောက်ကို ပြန်ရုပ်လိုက်၏။

သူသည် လှည့်ကြည့်လိုက်သောအခါ အကျဉ်းထောင်ထဲတွင် နှံကောင်များ ပြုလုပ်နေဆဲ ဖြစ်သော အရူးအဘိုးကြီးကို မြင်လိုက်ရပြီး ကိုယ်ရံတော်ကို အချက်ပြလိုက်သည်။ ကိုယ်ရံတော်က နားလည်စွာဖြင့် အကျဉ်းထောင်မှူး၏ခါးမှ သော့ကို ယူကာ အခန်းတံခါးကို ဖွင့်ပေးပြီး အလိုက်သတိ နောက်ဆုတ်သွားသည်။

ဖေစုန့်သည် အကျဉ်းထောင်ထဲသို့ ဝင်သွားပြီး အရူးအဘိုးကြီး နှံကောင်လုပ်နေသည်ကို အပေါ်စီးမှ ငေးကြည့်နေမိသည်။ သူ့မျက်လုံးများ နီရဲလာသော်လည်း အေးစက်စွာ လှောင်ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "တကယ်ပဲ ရူးသွားတာလား... ချင်ယီ?"

အရူးအဘိုးကြီး၏လက်က တုန်သွားပြီး ပါးစပ်မှ ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ "ချင်——ယီ?"

သူ့မျက်နှာအမူအရာက ရုတ်တရက် အလွန် နာကျင်သွားဟန် ရှိပြီး လက်ထဲမှ နှံကောင်လည်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူသည် ခေါင်းကို အုပ်ကာ တတွတ်တွတ် ပြောနေသည်။ "ချင်ယီ? ချင်ယီက ဘယ်သူလဲ"

သူ၏ ဦးနှောက်ထဲတွင် ဝေဝါးသော ပုံရိပ်တချို့ ဖြတ်ပြေးသွားသည်။ တိုက်ခိုက်သတ်ဖြတ်နေသော စစ်မြေပြင်နှင့် သွေးစွန်းနေသော လှံရှည်ကြီးများ။

သို့သော် ပိုများပြားသော အမှတ်ရစရာများသည် အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုမှ ပြန်ပြီး မဆက်စပ်နိုင်တော့ချေ။

သူသည် နာကျင်စွာဖြင့် မိမိ၏ဆံပင်များကို ဆွဲဟလိုက်ပြီး ရှေ့တွင် ရှိနေသောလူကို အော်ဟစ်မေးလိုက်သည်။ သူ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး မေးလိုက်၏။ "ချင်ယီက ဘယ်သူလဲ"

ထိုနာမည်သည် သူ၏ နာကျင်မှုအားလုံး၏ အရင်းအမြစ် ဖြစ်နေသယောင်။

ဖေစုန့်သည် ပါးစပ်ဟကာ ရယ်မောလိုက်ပြီး ခေါင်းကို မော့ကာ မျက်လုံးကို လက်ဖြင့် အုပ်ထားလိုက်သည်။ အပေါ်ဘက်မှ ကျရောက်လာသော အလင်းရောင်က သူ့မျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူ့စကားသံကိုတော့ ကြားနိုင်သည်။ "ရူးသွားတာပဲ... ရူးသွားတာ ကောင်းတာပေါ့။ ဒါပေမယ့် ခင်များ သစ္စာစောင့်သိခဲ့တဲ့ တာ့လျန်ပြည်ထောင်ကြီးကို ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာကို သိပြီးမှ ရူးသွားတာ မဟုတ်လို့ နှမြောဖို့ ကောင်းလိုက်တာ......"

"ခင်များရဲ့ ဇနီးမယား၊ ခင်များရဲ့ သားသမီး၊ ခင်များရဲ့ ချင်မျိုးနွယ်စု တစ်ခုလုံးက ခင်များ သစ္စာစောင့်သိတဲ့ တာ့လျန်ထက်စာရင် ဘာများ အရေးပါလို့လဲ"

သူသည် ထိုနောက်ဆုံးစကားလုံးများကို ဟိန်းဟောက်ကာ ပြောလိုက်ပြီး သူ့အသံက အမုန်းတရားများ ပြည့်နက်နေကာ သူ့မျက်လုံးကို အုပ်ထားသော လက်အောက်တွင် မျက်ရည်စများ ပြည့်နှက်နေလေပြီ။

အရူးအဘိုးကြီးသည် ပိုလို့ပင် စိတ်လှုပ်ရှားလာပြီး ခေါင်းကို အုပ်ကာ နံရံထောင့်သို့ ကပ်သွားတော့သည်။ သူက တုန်တုန်ယင်ယင်ဖြင့် ပြောနေ၏။ "ကျန်းနျန်? ဟွမ်အာ? သေကုန်ပြီလား။ အကုန် သေကုန်ပြီလား"

"မဟုတ်ဘူး! ဟွမ်အာ မသေသေးဘူး! မသေသေးဘူး!" သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော နှံကောင်ကို ကြည့်ကာ ကောက်ယူရန် ကြိုးစားရင်း ရေရွတ်နေသည်။ "ဟွမ်အာ မသေသေးဘူး။ ဟွမ်အာက စာလည်း ကောင်းကောင်း ကျက်နိုင်တယ်၊ သိုင်းလည်း ကောင်းကောင်း လေ့ကျင့်နိုင်တယ်......"

သူသည် မပြီးသေးသော ကောက်ရိုးများကို ဆွဲယူရန် ပြင်လိုက်သော်လည်း ထိုနှံကောင်လေးကို ဖေစုန့်က သူ၏ ဖိနပ်ဖြင့် နင်းခြေဖျက်ဆီးပစ်လိုက်လေသည်။

ဖေစုန့်က အေးစက်စွာ လှောင်ပြုံးရယ်လိုက်၏။ "ချင်ဟွမ့်က တကယ် သေသွားပြီ။ အဲ့ဒီတုန်းက ဦးလေးက လာဘ်ထိုးပြီး ငါ့ကို ငတ်သေနေတဲ့ ကောင်လေး တစ်ယောက်နဲ့ လဲလှယ်ပြီး ခေါ်ထုတ်သွားခဲ့ကတည်းက သူ သေသွားခဲ့တာ။ ငါ့ရဲ့ နာမည်က အခု——ဖေစုန့်!"

...

All Chapters