← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း (၃၅)

ပါးလွှာလှသော နှင်းမှုန်များသည် အပေါ်ဖက် ပြတင်းပေါက်မှတစ်ဆင့် ဝဲလွင့်ဝင်ရောက်လာကြလေသည်။ ဖေစုန့်သည် ခြေလှမ်းကို ကြွလိုက်ပြီး မြက်ဖြင့်ပြုလုပ်ထားသော နှံကောင်လေးမှာ ကြိတ်ခြေခံလိုက်ရကာ ပြားချပ်သွားတော့သည်။

သူ့ရင်ထဲရှိ အမုန်းတရားနှင့် အာဃာတအားလုံးသည် ထိုခြေလှမ်းတစ်ချက်၌ပင် ပျော်ဝင်ကွယ်ပျောက်သွားသည့်နှယ်။ သူသည် အကျဉ်းထောင်အတွင်းရှိ အိုမင်းရင့်ရော်ကာ ရူးသွပ်နေသည့် လူအိုကြီးကို ကြည့်ရင်း နှုတ်ခမ်းထောင့်ကို မဲ့ရွဲ့ကာ ပြောလိုက်လေသည်။

"ခင်များရဲ့ သစ္စာစောင့်သိမှုဆိုတာကြီးကို ဖက်တွယ်ပြီး တစ်သက်လုံး ကြောက်ကြောက်လန့်လန့်နဲ့ နေလာခဲ့တာ။ နောက်ဆုံးတော့လည်း အာဏာလုပွဲကြားမှာ အဆုံးသတ်သွားရတာပဲ။ မရယ်ရဘူးလား"

ထိုရူးသွပ်နေသည့် လူအိုကြီးသည် 'အာဏာလုပွဲ' ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် သံလက်ထိပ်ခတ်ထားသော လက်များဖြင့် မြေပြင်ကို နာကျင်စွာ ထုနှက်လေတော့သည်။ သူ၏ ဦးခေါင်းမှာ ကွဲအက်မတတ် နာကျင်နေပြီး မျက်လုံးများတွင်လည်း သွေးကြောများ ယှက်သန်းလျက် ဟိန်းဟောက်လိုက်၏။

"ငါ နန်းလုဖို့ မကြံစည်ခဲ့ဘူး... နန်းလုဖို့ မကြံစည်ခဲ့ပါဘူး... ငါက အရှင်မင်းကြီးကို ကယ်ဖို့ သွားတာပါ..."

ဖေစုန့်သည် ထိုလူ၏ နာကျင်ဖွယ် ရူးသွပ်သံများကို ကြားရသောအခါ နှုတ်ခမ်းထောင့်ရှိ လှောင်ပြုံးမှာ ပိုလို့ပင် ထင်ရှားလာပြီး ခြောက်ကပ်လှသည့် ခံစားချက်တို့မှာ ပြည့်နှက်နေလေသည်။ သူသည် အပေါဖက် ပြတင်းပေါက်မှ ဝဲကျလာသော နှင်းမှုန်များကို မော့ကြည့်လိုက်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက နေအိမ် ချိပ်ပိတ်ခံရချိန်၌လည်း ယခုကဲ့သို့ အေးစက်လှသော နှင်းကျသည့်နေ့ပင် ဖြစ်လိမ့်မည်။ တစ်အိမ်တော်လုံးရှိ လူပေါင်း ၂၀၀ကျော်မှာ အကျဉ်းထောင်အတွင်းသို့ ရောက်ရှိခဲ့ရပြီး ၎င်းမှာ လုပ်ကြံဖန်တီးထားသော 'နန်းလုပွဲ' တစ်ခုကြောင့်ပင် ဖြစ်လေသည်။

သူသည် ဝတ်ရုံပေါ်ရှိ ဖုန်မှုန့်များကို လက်ချောင်းများဖြင့် ခါထုတ်လိုက်ပြီး အကျဉ်းထောင်တံခါးဝသို့ ထွက်ခွာသွားရင်း ပြောလိုက်၏။

"ခင်များကတော့ ဒီထောင်ထဲမှာပဲ သေတဲ့အထိ ရူးသွပ်နေလိုက်တော့။ သေပြီးလို့ ဝိညာဉ်ဖြစ်သွားမှပဲ ဟိုခွေးဧကရာဇ်ဆီမှာ ခင်များရဲ့ မတရားမှုကို သွားပြောပြလိုက်။ ကျုပ်ကတော့ သစ္စာဖောက်တစ်ယောက်အနေနဲ့ အဲ့ဒီတုန်းက ဒီကိစ္စကို ကြံစည်ခဲ့တဲ့ မျိုးနွယ်စုကြီးတွေနဲ့ ဝိန်းမျိုးနွယ်စု တစ်စုလုံးကို ခင်များနဲ့အတူ အဖော်ပြုဖို့ မြေမြှုပ်ပေးလိုက်မယ်"

ဖေစုန့်သည် မှိုင်းညို့နေသော မျက်နှာဖြင့် ယုံချန်အကျဉ်းထောင်မှ ထွက်လာချိန်တွင် ကိုယ်ရံတော်တစ်ဦးမှာ မြင်းကို အပြင်းနှင်လာပြီး ထိတ်လန့်တကြား သတင်းပို့လေသည်။

"အမတ်ချုပ်! ကိစ္စရှိလို့ပါ!"

....

လွန်ခဲ့သော တစ်နာရီခန့်က ကျိုးအိမ်တော်၏ အရှေ့ခန်းဆောင်။

ကြမ်းခင်းအပူပေးစနစ်က အခန်းကို နွေးထွေးစေပြီး သက်တောင့်သက်သာ ဖြစ်‌စေသည်။ ကချေသည်ပျိုလေးများနှင့် တီးမှုတ်သူများမှာ ပါးလွှာသော ဝတ်ရုံများကို ဆင်မြန်းလျက် တီးမှုတ်ကခုန်နေကြပြီး ဆူညံသံများဖြင့် ပြည့်နှက်နေလေသည်။

ကျိုးစွေသည် စားသောက်ပွဲ၏ အစွန်ဆုံးနေရာတွင် ထိုင်နေသည်။ သူ့စားပွဲပေါ်တွင် အရက်နှင့် အသားဟင်းများ မရှိဘဲ လက်ဖက်ရည်နှင့် အသီးအရွက်တချို့သာ ရှိလေသည်။ ပတ်ဝန်းကျင်ရှိ သံချပ်ကာဝတ် စစ်သူကြီးများ၏ စားပွဲပေါ်တွင်တော့ အသားဟင်းမျိုးစုံနှင့် အရက်ချိုများ ပုံနေတော့သည်။ ဖေစုန့်၏ အမိန့်အရ စစ်သူကြီးတိုင်း၏ ဘေးတွင် ဆောင်ကြာမြိုင်ရပ်ကွက်မှ ခေါ်ဆောင်လာသော ဆောင်ကြာမြိုင်မယ်လေး တစ်ဦး၊ နှစ်ဦးစီက အဖော်ပြုပေးနေကြ၏။

ထိုစစ်သူကြီးများမှာ အသားများကို လက်ဖြင့် ဆွဲကိုင်ကာ အားရပါးရ စားသောက်နေကြသည်။ အရက်ရှိန်နှင့် အခန်းတွင်း အပူရှိန်ကြောင့် သူတို့၏ မျက်နှာများမှာ နီရဲနေကြတော့သည်။ တချို့မှာ ဘေးတွင် အဖော်ပြုပေးနေသူမှာ ပြည့်တန်ဆာ ဖြစ်နေသည်ကို မကျေနပ်သဖြင့် အရက်ငှဲ့ပေးနေသော အစေခံမလေးများကို အတင်းအဓမ္မ ဆွဲခေါ်ကြလေသည်။ တချို့ကတော့ ယိုင်တိယိုင်တိုင်ဖြင့် ကချေသည်လေးများကို လိုက်လံဖမ်းဆီးနေကြပြီး အစေခံမလေးများနှင့် ကချေသည်မလေးများမှာ ထိတ်လန့်တကြား အော်ဟစ်နေကြသော်လည်း ထိုစစ်သူကြီးများ၏ ရယ်သံမှာ ပိုလို့ပင် ကြမ်းတမ်းလာတော့သည်။

ကျိုးစွေသည် ခေါင်းငုံ့ထားရင်း မကြားချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေမိသော်လည်း ရင်ထဲတွင်တော့ အလွန်ပင် ဝမ်းနည်းနေတော့သည်။

"ငါ ဒီလောက်အထိ အရှက်တကွဲ ဖြစ်နေရပါလား" ဟု သူ စိတ်ထဲမှ တွေးနေမိသည်။

ထိုစစ်သူကြီးများမှာ ဖေစုန့်က ကျိုးစွေအပေါ် ထားရှိသော သဘောထားကို သိရှိထားကြသဖြင့် မိန်းမပျိုလေးများကို ဖက်လျက် ကျိုးစွေကို တမင်တကာ အရှက်ခွဲကြလေသည်။

"ကျိုးသခင်လေး၊ ဧည့်ခံတယ်ဆိုတာ အားလုံး ပျော်ကြမှ ဖြစ်မှာလေ။ ကျုပ်တို့ကတော့ ပျော်နေပြီ။ ကျိုးသခင်လေးကတော့ လက်ဖက်ရည်နဲ့ အသီးအရွက်တွေပဲ စားပြီး ဘုန်းကြီးကျင့် ကျင့်နေတာလား။ ဒီမိန်းကလေးတွေက ကျိုးသခင်လေး မျက်စိထဲ မဝင်လို့ ကျွန်တော်တို့ကို ပေးလိုက်တာလား။ ကျိုးသခင်လေးလည်း မိန်းကလေးတစ်ယောက်လောက်ကို ဖက်ပြီး အရက်တစ်ခွက်လောက် သောက်ပါဦး"

ကျိုးစွေသည် ဝမ်းနည်းခြင်းဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူသည် အသားဟင်းနှင့် အရက်ကို ဘာကြောင့် မစားသောက်ရသည်ကို မည်သူမဆို မြင်နိုင်လေသည်။ သို့သော် ကျိုးကျင့်အန်း သေဆုံးမှုမှာ ဖေစုန့်၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် ဘယ်သူမှ ထုတ်မပြောရဲကြချေ။

ထိုသို့ တမင်တကာ နှောင့်ယှက်ခံရသောအခါ ကျိုးစွေသည် အားတင်းကာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"စစ်သူကြီးတို့ ခရီးဝေးက လာရတာ ဧည့်သည်တွေပဲလေ။ စစ်သူကြီးတို့ ပျော်ရင် ရပါပြီ။ မီးဖိုချောင်မှာ သိုးသားကင် ရှိသေးတယ်၊ ကျွန်တော် သွားပြီး အမြန်ပို့ခိုင်းလိုက်ပါ့မယ်"

သူသည် အသားနံ့နှင့် အမွှေးနံ့သာနံ့များ ပြည့်နှက်နေသော အရှေ့ခန်းဆောင်မှ ထွက်ခွာလာခဲ့သည်။ မိန်းမပျိုလေးများ၏ အော်ဟစ်သံများကို မကြားရတော့သောအခါ ကျိုးစွေသည် အပြင်ဘက်မှ အေးစက်သော လေထုကို ရှူသွင်းရင်း ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။

အိမ်တော်ထိန်းအိုကြီးသည် သူ့အတွက် ရင်နာရပြီး ပြောလိုက်၏။ "သခင်လေး ဒီလို သိက္ခာကျရပါပြီ"

ကျိုးစွေက ခေါင်းခါရင်း ပြောလိုက်လေသည်။

"ဦးလေးဖူ... မြင်တယ်မလား။ ဟိုထဲမှာ ထိုင်နေတဲ့လူတွေက လူတွေရော ဟုတ်ရဲ့လား။ လူရေခြုံထားတဲ့ တိရစ္ဆာန်တွေပဲ"

သူသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ဆက်ပြောလိုက်၏။

"ဒီလို လှပတဲ့ တိုင်းပြည်ကြီးက တကယ်ပဲ ဒီလို ခွေးဝက်တွေထက် မသာတဲ့လူတွေ လက်ထဲကို ရောက်တော့မှာလား..."

အိမ်တော်ထိန်းအိုကြီးမှာလည်း ဘာမှ မတတ်နိုင်သဖြင့် ပြောလိုက်လေသည်။

"ကျွန်တော် သခင်လေးအတွက် နားနေခန်းတစ်ခု ရှာပေးပါ့မယ်"

ကျိုးစွေသည် ဝအောင် ငိုပြီးသွားသောအခါ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ ရှောင်လို့ရပေမယ့် မနက်ဖြန် ရှောင်လို့မရဘူးလေ။ ကျွန်တော် ဒီလောက် အရှက်ရတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် မင်းသမီးကတော့ တာ့လျန်ပြည်ကြီးကို သေချာပေါက် ပြန်သိမ်းပိုက်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ဒီလိုလူမျိုးတွေ အာဏာရလာရင် ပြည်သူတွေ ဘယ်လိုမှ အေးချမ်းမှာ မဟုတ်ဘူး။ ဒီတိုင်းပြည်ကြီးက အရှင်သခင် ပြောင်းမယ်ဆိုရင်တောင် အမြော်အမြင်ရှိတဲ့ အရှင်သခင်မျိုးပဲ ဖြစ်သင့်တာ"

အိမ်တော်ထိန်းအိုကြီးသည် သခင်ဟောင်း သေဆုံးသွားသည်ကို သတိရကာ သူ့ရင်ထဲတွင် နာကျင်မှုအသစ် ပြန်ဖြစ်လာပြီး နှစ်ဦးလုံး၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ဖုံးလွှမ်းသွားတော့သည်။ ကျိုးစွေသည် အရှေ့ခန်းဆောင်သို့ ချက်ချင်း မပြန်ချင်သေးသဖြင့် မီးဖိုချောင်သို့ သွားကြည့်လိုက်သည်။

___

စားပွဲဝိုင်းတွင် ရှင်းလျဲ့သည် စိတ်မကြည်မလင် ဖြစ်နေသဖြင့် အရက်ကိုသာ ဖိသောက်နေလေသည်။ သူ့ဘေးရှိ မိန်းမပျိုလေး နှစ်ဦးက အရက်ငှဲ့ပေးရန် ကြိုးစားသော်လည်း သူက စိတ်မရှည်စွာဖြင့် တွန်းထုတ်လိုက်၏။

မိန်းမပျိုလေးများမှာ ထိုသို့သော အခြေအနေမျိုးကို အသားကျနေကြပြီး နူးညံ့စွာ ညည်းတွားလိုက်ကြလေသည်။

"စစ်သူကြီးရယ်... ကျွန်မတို့ ဘာတွေများ မှားလို့လဲ။ စစ်သူကြီးက နည်းနည်းလေးတောင် မညှာဘူး"

ဘေးမှ စစ်သူကြီးကလည်း မိန်းကလေးကို ဖက်လျက် မေးလိုက်၏။

"စစ်သူကြီးရှင်း ဘာဖြစ်လို့လဲ"

ရှင်းလျဲ့သည် ၇ ပုံခန့် မူးနေပြီ ဖြစ်သည်။ သူသည် အိမ်တော်ထဲသို့ မဝင်ခင်က မြင်တွေ့ခဲ့ရသော ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးကို သတိရကာ မကျေမနပ် ပြောလိုက်၏။

"ငါတို့ လော့ယန်ကို သိမ်းပိုက်တုန်းက အထက်တန်းလွှာက သခင်မကြီးတွေ၊ သခင်မလေးတွေကို အမတ်ချုပ်က စိတ်ကြိုက် ပေးခဲ့တာပဲ။ အခု ယုံချန်ရောက်မှ ဘာလို့ ဒီလို ပြည့်တန်ဆာမတွေနဲ့ပဲ ကစားနေရတာလဲ"

အဓိကနေရာ၏ ဘယ်ဘက်တွင် ထိုင်နေသော အကြံပေးအမတ်သည် စကားပြောလိုက်၏။

"ယုံချန်က လက်နက်ချတာလေ။ စစ်သူကြီးရှင်း စကားကို ဆင်ခြင်ပါ"

ရှင်းလျဲ့သည် အကြံပေးအမတ်ကို ပြန်မပြောရဲသော်လည်း မျက်နှာကတော့ မကျေမနပ် ဖြစ်နေဆဲပင်။ သူသည် အင်္ကျီကော်လာကို ဟလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။

"ကျုပ် အပြင်သွားပြီး လေညင်းခံဦးမယ်"

အကြံပေးအမတ်သည် သူ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ကိုယ်ရံတော်တစ်ဦးကို စေလွှတ်လိုက်၏။

"စစ်သူကြီးရှင်း နောက်ကို လိုက်သွား။ ပြဿနာ မတက်အောင် စောင့်ကြည့်ထား"

___

ရှင်းလျဲ့သည် အပြင်ရောက်သောအခါ လေအေးကြောင့် အမူးအနည်းငယ် ပြေသွားသော်လည်း ရင်ထဲမှ မီးတောက်မှာ ပိုလို့ပင် ပြင်းထန်လာလေသည်။ သူသည် လမ်းသွားလမ်းလာ အစေခံတစ်ဦးကို ဖမ်းဆွဲကာ သခင်မကြီးကျိုး ရှိရာ နေရာကို မေးမြန်းလိုက်၏။ ထို့နောက် သူသည် အနောက်ဘက် ခြံဝင်းဆီသို့ ယိုင်တိယိုင်တိုင် လျှောက်သွားတော့သည်။

သူ့နောက်မှ လိုက်လာသော ကိုယ်ရံတော်က တားမြစ်လေသည်။

"စစ်သူကြီးရှင်း၊ ဘယ်ကို သွားမလို့လဲ"

ရှင်းလျဲ့၏ ခေါင်းထဲတွင် ထိုအမျိုးသမီး၏ သနားဖွယ် အမူအရာနှင့် ကိုယ်လုံးကိုယ်ပေါက်ကိုသာ မြင်ယောင်နေတော့သည်။ သူသည် လမ်းတားသည့် ကိုယ်ရံတော်ကို လက်ဝါးဖြင့် ရိုက်ကာ သတိမေ့သွားအောင် လုပ်လိုက်ပြီး ဆဲဆိုလိုက်၏။

"မုဆိုးမ တစ်ယောက်ပဲလေ။ ကျိုးအဘိုးကြီး သေတာ ထားဦး၊ သူ အသက်ရှင်နေရင်တောင် ငါက အတင်းအဓမ္မ သိမ်းပိုက်မှာပဲ။ ဟိုအကြံပေးအမတ် အဘိုးကြီးကလည်း အမတ်ချုပ် ရှေ့မှာ ငါ့ကို အမြဲ အပြစ်ပြောနေတဲ့အပြင် အခု ငါ့ကိုပါ လာထိန်းနေသေးတယ်"

သူသည် မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ပြီး အနောက်ဘက် ခြံဝင်းဆီသို့ ဆက်သွားလေတော့သည်။

____

အနောက်ဘက် ခြံဝင်းအတွင်းရှိ အခန်းထဲတွင် ကျိုးကျင့်အန်း၏ ခေါင်းတလားကို ပြင်ဆင်ထားသည်။ သခင်မကြီးကျိုးသည် ဖျာပေါ်တွင် ထိုင်လျက် အရှေ့ခန်းဆောင်မှ ဆူညံသံများကို ကြားနေရပြီး မျက်ရည်များဖြင့် ကွယ်လွန်သူ ခင်ပွန်းအတွက် စက္ကူငွေများ မှိုင်းတိုက်ပေးနေလေသည်။

ရှောင်းဟွေ့နျန်သည် သခင်မကြီးကျိုး၏ နွမ်းနယ်နေသော မျက်နှာကို ကြည့်ကာ ဖျောင်းဖျလိုက်၏။

"သခင်မကြီး၊ သေသူကတော့ ပြန်မလာတော့ဘူးလေ။ သခင်လေးလည်း အိမ်ထောင်မပြုရသေးဘူး။ သခင်မကြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှ ဖြစ်မှာပါ။ သခင်မကြီး ဖျားနာသွားရင် သခင်လေး ပိုပြီး စိတ်မကောင်း ဖြစ်ရလိမ့်မယ်”

သခင်မကြီးကျိုး၏ မျက်ရည်များ ထပ်မံ စီးကျလာပြီး ပြောလိုက်သည်။

"ကျွန်မရဲ့ သက်တမ်းတစ်ဝက်လောက်က တကယ့်ကို အဆင်ပြေခဲ့တာ။ မိဘတွေကလည်း ချစ်ကြတယ်၊ လက်ထပ်တော့လည်း ကျွန်မ စိတ်ကြိုက် ခင်ပွန်းမျိုးကို ရခဲ့တယ်။ ကဗျာရေးတာ၊ ပန်းချီဆွဲတာကအစ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် နားလည်ခဲ့ကြတာ။ အခု သူ မရှိတော့ ကျွန်မ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေပြီ။ ဒီလို ဖြစ်မှန်း သိရင် အဲ့ဒီတုန်းက ကျွန်မ စိတ်နဲ့ သိပ်မကိုက်တဲ့သူကိုပဲ လက်ထပ်ခဲ့ရင် ကောင်းမှာ..."

ရှောင်းဟွေ့နျန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

"သခင်မကြီးက ဝမ်းနည်းလွန်းလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပါ"

သခင်မကြီးကျိုးသည် ရှောင်းဟွေ့နျန်ကို ကြည့်ကာ ငိုကြွေးရင်း မေးလိုက်၏။

"ရှောင်းညီမလေးရယ်... ကျွန်မကို သင်ပေးပါဦး။ ညီမလေးရဲ့ အမျိုးသား ဆုံးတုန်းက ညီမလေး ဘယ်လို ဖြတ်သန်းခဲ့ရလဲ"

ရှောင်းဟွေ့နျန်သည် အခိုက်တန့် မှင်သက်သွားပြီးမှ အေးဆေးစွာ ပြောလိုက်လေသည်။

"ကျွန်မမှာ အမျိုးသား မရှိဘူး"

သခင်မကြီးကျိုးက ငိုသံ တိတ်သွားပြီး ရှောင်းဟွေ့နျန်နှင့် သူမ၏ ခင်ပွန်းမှာ မတည့်ကြသူများဟု ထင်မှတ်နေစဉ် ရှောင်းဟွေ့နျန်က ဆက်ပြောလိုက်၏။

"ကျွန်မ ငယ်ငယ်တုန်းက ရေဘေးသင့်လို့ မိဘတွေနဲ့အတူ ထွက်ပြေးခဲ့ရတာ။ လမ်းမှာ မိဘတွေကို ဓားပြတွေက သတ်ပစ်လိုက်ပြီး ကျွန်မကို ဆောင်ကြာမြိုင်ကို ရောင်းစားလိုက်ကြတယ်။ ကျွန်မ အမြဲ ထွက်ပြေးဖို့ ကြိုးစားပေမယ့် အဖမ်းခံရတိုင်း ရိုက်နှက်ခံခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ရွေးဖို့ ငွေစုတာလည်း မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကုန်သည် တစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ကျွန်မရဲ့ ဇာတိကလို့ သိရလို့ ကျွန်မကို ရွေးထုတ်ပြီး ဇာတိကို ခေါ်သွားပေးဖို့ မျှော်လင့်ခဲ့တာ။ ဒါကြောင့် ဝူမားမားကို ဖုံးကွယ်ပြီး ဟွမ်အာကို ကိုယ်ဝန်ဆောင်ခဲ့ပေမယ့် အဲ့ဒီလူက ပြန်မလာတော့ဘူး"

ရှောင်းဟွေ့နျန်၏ မျက်လုံးများတွင် နောင်တရိပ်များ ပေါ်လာပြီး ဆက်ပြောလေသည်။

"ကျွန်မ ကလေးကို အားနာမိတယ်။ သူ မွေးပြီး ၂နှစ်အထိ အဲ့ဒီကုန်သည်ကို စောင့်ခဲ့ပေမယ့် ရောက်မလာဘူး။ ကျွန်မလည်း ဇာတိပြန်ဖို့ မျှော်လင့်ချက် မရှိတော့ ကုန်သည်အပေါ် ထားတဲ့ အမုန်းတွေကို ကလေးအပေါ် ပုံချခဲ့မိတယ်။ ဟွမ်အာ ၈ နှစ် အရွယ်မှာ ဒေသခံ ကုန်သည်တစ်ယောက်က ကျွန်မကို ရွေးထုတ်ပေးဖို့ သဘောတူခဲ့ပေမယ့် ပြဿနာတွေ တက်ခဲ့ရတယ်။ ဟွမ်အာက ကျွန်မကို ကာကွယ်ပေးရင်းနဲ့ အကျဉ်းထောင်ထဲမှာ ၇ နှစ်တောင် နေခဲ့ရတာ"

သခင်မကြီးကျိုးမှာ ထိတ်လန့်သွားပြီး အားနာစွာ ပြောလိုက်၏။

"အားနာလိုက်တာ ရှောင်းညီမလေးရယ်... ကျွန်မ ဒါတွေကို မသိလို့ပါ..."

ရှောင်းဟွေ့နျန်က ခေါင်းခါရင်း ပြောလိုက်သည်။

"သခင်မကြီးက ကံကောင်းတဲ့သူပါ။ ကျွန်မကတော့ လမ်းမှားတွေ အကုန်လျှောက်ပြီးမှ နားလည်ခဲ့တာ။ ဟွမ်အာ့အဖေက ဘယ်သူပဲဖြစ်ဖြစ် ဟွမ်အာနဲ့ ဘာမှမဆိုင်ဘူးလေ။ သူက ကျွန်မရဲ့ ရင်သွေးပဲ။ သူ စကားစပြောတတ်တုန်းက ပထမဆုံး ခေါ်ခဲ့တာက 'အမေ' တဲ့။ ကျွန်မက သူ့ကို မုန်းတီးနေပေမယ့် သူက ကျွန်မ ပိုပြီး စိတ်မညစ်အောင် ကျွန်မရှေ့မှာ ငိုတောင် မငိုရဲခဲ့ဘူး။ ၄၊ ၅နှစ် အရွယ်မှာတင် ကျွန်မရဲ့ အဝတ်တွေကို ကူလျှော်ပေးခဲ့တာ..."

ရှောင်းဟွေ့နျန်သည် ဆက်မပြောနိုင်တော့ဘဲ မျက်ရည်များဖြင့် ပြုံးလိုက်၏။

"အရင်ကတော့ ဘုရားက ကျွန်မကို မစောင်မဘူးလို့ အပြစ်တင်ခဲ့မိတယ်။ အခု စဉ်းစားကြည့်တော့ ဘုရားက ကျွန်မကို ဒီကလေးနဲ့ ကယ်တင်ပေးခဲ့တာပဲ"

သခင်မကြီးကျိုးသည် ရှောင်းဟွေ့နျန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။

"ရှောင်းညီမလေးရဲ့ ကံကောင်းမှုတွေက နောက်ကျပြီး ရောက်လာတာပါ။ မင်းသမီးကတောင် ရှောင်းသူရဲကောင်းကို ချီးကျူးနေတာပဲ။ သူ နောက်ကျရင် အောင်မြင်မှာပါ"

ရှောင်းဟွေ့နျန်က ဇဝေဇဝါဖြင့် မေးလိုက်၏။

"မင်းသမီး?"

သခင်မကြီးကျိုးသည် စကားမှားသွားမှန်း သိလိုက်သော်လည်း ရှင်းပြရန် အချိန်မရလိုက်ချေ။ ခြံတံခါးမှာ အပြင်ဘက်မှ ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရလေသည်။

အမျိုးသမီး နှစ်ဦးလုံး ထိတ်လန့်သွားပြီး ကြည့်လိုက်ရာ သန်မာထွားကြိုင်းသော လူတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရ၏။ ထိုသူမှာ မျက်နှာတွင် မုတ်ဆိတ်မွေးများဖြင့် ပြည့်နှက်နေပြီး သံချပ်ကာကို ဝတ်ဆင်ထားကာ မူးရူးနေပုံ ရလေသည်။

ခြံစောင့် ကိုယ်ရံတော်များသည် သူက ဖေစုန့်၏ စစ်သူကြီး ဖြစ်နေသဖြင့် မမောင်းထုတ်ရဲဘဲ ပြောလိုက်၏။

"စစ်သူကြီး အရက်မူးပြီး လမ်းမှားလာတာ ထင်တယ်။ ဒါက သခင်ကြီးရဲ့ ရုပ်အလောင်း ထားတဲ့နေရာပါ။ ကျွန်တော်တို့ စစ်သူကြီးကို အရှေ့ခန်းဆောင်ဆီ ပြန်ပို့ပေးပါ့မယ်"

ရှင်းလျဲ့သည် အရက်မူးနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ဖျာပေါ်တွင် ထိုင်နေသော သခင်မကြီးကျိုးကို မြင်လိုက်ရချိန်တွင် အကြည့်များ ရပ်တန့်သွားတော့သည်။

"ငါ... ငါ ရှာနေတာ ဒီနေရာပဲ..."

သူသည် အတွင်းသို့ ဝင်ရန် ခြေလှမ်းလိုက်သည်တွင် သခင်မကြီးကျိုးမှာ ထိုအကြည့်ကြောင့် တစ်ကိုယ်လုံး အေးစက်သွားတော့သည်။ သူမသည် ဒေါသနှင့် ထိတ်လန့်မှုကြောင့် မူးမေ့လုနီးပါး ဖြစ်သွားသဖြင့် ရှောင်းဟွေ့နျန်က ဖေးမထားလိုက်ရ၏။ သူမသည် တုန်ယင်နေသော လက်ဖြင့် ရှင်းလျဲ့ကို လက်ညိုးထိုးကာ ပြောလိုက်သည်။

"အရှက်မရှိတဲ့လူ... ဥပဒေကို မလေးစားတဲ့လူ... သူ့ကို အပြင်ကို မောင်းထုတ်ကြစမ်း!"

ကိုယ်ရံတော်များက အေးစက်စွာ ပြောလိုက်သည်။ "စစ်သူကြီး... ခွင့်လွှတ်ပါ!"

သူတို့က ရှင်းလျဲ့ကို အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားသော်လည်း ရှင်းလျဲ့က တံတောင်ဖြင့် ကိုယ်ရံတော်တစ်ဦးကို တွန်းထုတ်လိုက်၏။ သူသည် ဖေစုန့်၏ လက်အောက်တွင် အားကိုးရသူ ဖြစ်သဖြင့် သိုင်းပညာမှာ အလွန် မြင့်မားသည်။ ယခင်က လျန်ဝမ်၏ လက်အောက်ရှိ စစ်သူကြီးများကိုပင် သတ်ဖြတ်ခဲ့ဖူးရာ ဤကိုယ်ရံတော် အနည်းငယ်မှာ သူ့ကို မတားဆီးနိုင်ကြချေ။

သူသည် သခင်မကြီးကျိုးကို ကြည့်ရင်း အသက်ရှူသံများ ပြင်းထန်လာကာ ဟိန်းဟောက်လိုက်၏။ "မိုက်မဲမနေနဲ့... ငါ့နောက်ကို လိုက်ခဲ့စမ်း"

ကိုယ်ရံတော်များသည် သတိအနေအထားဖြစ်သွားပြီး ဒေါသထွက်လာကာ သူ့လက်မောင်းနှင့် ခြေထောက်များကို ထိန်းချုပ်လိုက်ကြပြီး အော်ပြောလိုက်တော့သည်။ “သခင်မကြီး၊ ပြေးတော့”

သည်နေ့မတိုင်ခင်တွင် အိမ်တော်ထိန်းများသည် သည်လိုတရားလွန်ဖြစ်ရပ်မျိုးကို လုံးဝ စိတ်မကူးကြည့်ခဲ့ကြဖူးချေ။ သူတို့သည် ထိတ်လန့်ကာ ကြောင်ပြီး ရပ်နေမိကြ၏။

ကိုယ်ရံတော်များ၏ အော်သံကြောင့် သတိပြန်ဝင်လာပြီးနောက် သူတို့သည် ချိနဲ့နေသည့် ခြေထောက်များကို ရှေ့သို့ ယိုင်တိယိုင်တိုင် လျှောက်သွားလိုက်ကြပြီး ရှောင်းဟွေ့ညန်ကို ကူညီကာ သခင်မကြီးကျိုးကို တွဲထားပေးလိုက်ရင်း ဘေးတံခါးဆီသို့ မြန်မြန် သွားကြလေသည်။ “မြန်မြန်လုပ်” သူတို့သည် အစေခံများကို အော်ဟစ်လိုက်ကြ၏။ “ပင်မခန်းမကိုသွားပြီး အကူအညီသွားတောင်းချေ”

သူ၏သားကောင်က လွှတ်မြောက်တော့မည်ကို မြင်လိုက်ရသောအခါ ရှင်းလျဲ့သည် ဟိန်းဟောက်လိုက်ပြီး သူ့ကို တွယ်ကပ်နေသည့် ကိုယ်ရံတော်များကို ခါချပြီး အားဖြင့် ဆောင့်ချကာ ကိုယ်ရံတော်တစ်ဦး၏ ကျောကို ချိုးပစ်လိုက်လေသည်။ သူက ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ "မင်းတို့ ဘိုးအေရဲ့ ကိစ္စကို လာမရှုပ်ကြနဲ့!"

ကိုယ်ရံတော်တစ်ဦးက ဓားဖြင့် ခုတ်ရန် ကြိုးစားသော်လည်း ရှင်းလျဲ့က ဓားကို ပြန်လုယူကာ ထိုသူ၏ ခေါင်းကို ဖြတ်ပစ်လိုက်လေသည်။

"သေချင်လို့!"

အစေခံမလေးများနှင့် အစေခံများမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်တကြား အော်ဟစ်နေကြတော့သည်။

ငယ်သံပါအောင် အော်ဟစ်သံကို ကြားလိုက်သဖြင့် သခင်မကြီးကျိုးနှင့် အမျိုးသမီးများသည် လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်သို့ လိမ့်ကျလာသော ဦးခေါင်းကို မြင်လိုက်ရတော့သည်။ သူတို့မှာ ခြေလက်များ ပျော့ခွေသွားပြီး မလှုပ်ရှားနိုင်လောက်အောင် ဖြစ်သွားတော့၏။

ရှောင်းဟွေ့နျန်သည် ဆောင်ကြာမြိုင်တွင် အရှုပ်အထွေးများစွာ မြင်ဖူးသဖြင့် စိတ်ကို တင်းထားကာ သခင်မကြီးကျိုးကို ဆွဲထူပြီး ပြောလိုက်သည်။

"မြန်မြန်... ပြေးကြရအောင်!"

အိမ်တော်ထိန်းများမှာလည်း သခင်မကြီးကျိုးကို တွဲသွားနေသော်လည်း သူတို့၏ခြေထောက်များကတော့ ခေါက်ဆွဲဖတ်များလို ပျော့ခွေနေတော့သည်။

...

အပိုင်း (၃၅.၂)

အိမ်တော်စောင့်စစ်သည်တို့သည် လက်တွန့်နေခြင်း မရှိတော့ဘဲ ဓားများကို ဆွဲထုတ်ကာ ရှင်းလျဲ့ကို အစွမ်းကုန် တိုက်ခိုက်ကြသည်။ သို့သော်လည်း သူတို့သည် ရှင်းလျဲ့၏ ပြိုင်ဘက် မဟုတ်ကြပေ။ မကြာမီမှာပင် ခြံဝင်းအတွင်း၌ အိမ်တော်စောင့်စစ်သည်တို့၏ အလောင်းများမှာ မြေပြင်အနှံ့ လဲကျကုန်လေသည်။

ရှင်းလျဲ့သည် တိုက်ခိုက်မှုများ ပြုလုပ်လိုက်သဖြင့် ကိုယ်ထဲရှိ အရက်ရှိန်များမှာ ပိုလို့ပင် တက်ကြွလာကာ ဦးနှောက်မှာလည်း အဆမတန် စိတ်လှုပ်ရှားလာခဲ့သည်။

သူသည် ဓားကို ဆွဲကာ အပြေးလိုက်ရင်း လမ်းတွင် တွေ့သမျှလူတိုင်းကို ခုတ်ပိုင်းလေရာ ငိုကြွေးသံများနှင့် အော်ဟစ်သံများမှာ ဝမ်းနည်းခြင်းခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ သူသည်ကား စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောရင်း သခင်မကြီးကျိုးကို ကာကွယ်ပေးထားသည့် အဘွားကြီးများကို ဓားဖြင့် ခုတ်ပိုင်းလေသည်။

အဘွားကြီးများမှာ အဆက်မပြတ် အော်ဟစ်ရင်း သွေးအိုင်အတွင်း တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။ သခင်မကြီးကျိုးသည် ထိုအော်ဟစ်သံများကို ကြားရသောအခါ ခြေထောက်များမှာ ပျော့ခွေသွားသဖြင့် ရှေ့ဆက်မတိုးနိုင်တော့ချေ။ သူမသည် ရှောင်းဟွေ့နျန်၏ လက်မောင်းကို တွန်းကာ မျက်ရည်များ တသွင်သွင် စီးကျလျက် ပြောလိုက်သည်။

"ကျွန်မကို ထားခဲ့ပြီး မြန်မြန်ပြေးတော့!"

ရှင်းလျဲ့သည် သခင်မကြီးကျိုးကို ဖမ်းဆီးရန် လက်ကမ်းလိုက်သည်ကို မြင်လိုက်ရသောအခါ ရှောင်းဟွေ့နျန်သည် အံကို တင်းတင်းကြိတ်ကာ ရှေ့သို့ တိုးဝင်ပြီး သူ့ကို ဖက်တွဲထားလိုက်သည်။ သူမသည် ခေါင်းလှည့်ကာ သခင်မကြီးကျိုးကို အော်ပြောလိုက်၏။

"သခင်မကြီး မြန်မြန်ပြေးပါတော့!"

သို့သော်လည်း ရှင်းလျဲ့သည် ရှောင်းဟွေ့နျန်ကို အားဖြင့် ဝှေ့ယမ်းကာ တစ်ချက်ထဲ ဖယ်ထုတ်လိုက်၏။ ရှောင်းဟွေ့နျန်မှာ ထိုကြီးမားလှသော အားအရှိန်ကြောင့် လွင့်ထွက်သွားပြီး သူမ၏ခေါင်းသည် တိုင်နှင့် ဆောင့်မိသွားပြီး ခဏတာ သတိလွတ်သွားတော့သည်။

သူမသည် ရှင်းလျဲ့က ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောရင်း သခင်မကြီးကျိုးကို မြေပြင်မှ ဆွဲမကာ အမျိုးမျိုးသော ပူဇော်ပွဲသုံး ပစ္စည်းများ တင်ထားသည့် စားပွဲပေါ်သို့ ဖိချထားသည်ကို မြင်တွေ့နေရသည်။ ရှင်းလျဲ့သည် သခင်မကြီးကျိုး ဝတ်ဆင်ထားသည့် ဝမ်းနည်းခြင်း အဝတ်အစားများကို အတင်းအဓမ္မ ဆွဲဖြဲနေပြီး သခင်မကြီးကျိုးမှာလည်း ရင်နာမဆုံး ငိုကြွေးနေသည်။ ရှောင်းဟွေ့ညန်သည် ဘယ်ကနေ ခွန်အားများ ထွက်ပေါ်လာသည် မသိဘဲ ယိုင်တိယိုင်တိုင်ဖြင့် ရှေ့သို့ တိုးသွားကာ ဘေးကထိုင်ခုံရှည်ကို မ,ပြီး ရှင်းလျဲ့၏ ခေါင်းကို အရှိန်ဖြင့် ရိုက်ချလိုက်ကာ ဆဲဆိုလိုက်သည်။

"တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင်!"

ရှင်းလျဲ့သည် သတိမထားမိခင်မှာပင် နဖူးမှ သွေးများ ထွက်လာခဲ့သည်။ သူသည် သွေးထွက်နေသည့် နေရာကို အုပ်ထားရင်း မူးဝေနေသည်ကို လျော့နည်းစေရန် ခေါင်းကို အနည်းငယ် ခါလိုက်လေသည်။

ရှောင်းဟွေ့နျန်သည် ထိုအခွင့်အရေးကို အသုံးပြုကာ သူမ ဝတ်ဆင်ထားသည့် အင်္ကျီကို ချွတ်ပြီး သခင်မကြီးကျိုး၏ ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။ သူမသည် သခင်မကြီးကျိုးကို တွဲထူကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။

ရှင်းလျဲ့သည် ဒေါသအဟုန် ပြင်းထန်လှသဖြင့် မြေပြင်ပေါ်ရှိ ဓားကို ကောက်ယူကာ မျက်နှာပေါ်ရှိ အသားဆိုင်များမှာလည်း တွန့်ရှုံ့နေတော့သည်။ သူသည် ရှောင်းဟွေ့နျန်၏ ကျောပြင်ကို ဓားဖြင့် အားရပါးရ ခုတ်ချလိုက်၏။

ရှောင်းဟွေ့နျန်သည် ခြေလှမ်းများ ယိုင်သွားကာ သခင်မကြီးကျိုးကို ဆက်မတွဲနိုင်တော့ချေ။ ကျောပြင်ပေါ်ရှိ အင်္ကျီအတွင်းမှ သွေးများမှာ အပြင်သို့ စိမ့်ထွက်လာပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း မြေပြင်ပေါ်သို့ ပျော့ခွေ လဲကျသွားတော့သည်။ သူမသည် ပါးစပ်ကလေး အနည်းငယ် ဟလျက် မျက်လုံးများမှာ ရှေ့သို့သာ တည့်တည့် စိုက်ကြည့်နေပြီး တစ်စုံတစ်ယောက်ကို စိုးရိမ်ပူပန်နေဆဲဖြစ်သည့်နှယ်။

ထိုအခိုက်အတန့်တွင် ခြံဝင်းတံခါး အပြင်ဘက်မှ ဆူဆူညံညံ ခြေသံများနှင့်အတူ ပြင်းထန်လှသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

"ရှင်းလျဲ့၊ မိုက်မဲတာတွေ မလုပ်နဲ့!"

ရှင်းလျဲ့မှာ ခေါင်းကို အရှိန်ဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခြံဝင်းတံခါး အပြင်ဘက်မှ အပြေးအလွှား ရောက်ရှိလာသော လူအုပ်ကြီးနှင့် အကြံပေးအမတ်၏ မည်းမှောင်နေသော မျက်နှာကို မြင်လိုက်ရသောအခါမှသာ စိတ်ရိုင်းများမှာ အနည်းငယ် လျော့ကျသွားတော့သည်။ သူသည် သခင်မကြီးကျိုးကို ဆက်ပြီး တစ်စုံတစ်ရာ မပြုရဲတော့ဘဲ အလျှော့မပေးလိုသည့် အသံဖြင့် ပြောလိုက်သည်။

"ဒီမိန်းမယုတ်က အလိုက်မသိလို့ သူ..."

အကြံပေးအမတ်သည် ခြံဝင်းအတွင်းရှိ သေဆုံးနေသော လူများနှင့် သခင်မကြီးကျိုး၏ စုတ်ပြဲနေသော ဝမ်းနည်းခြင်း အဝတ်အစားများကို ကြည့်ကာ ဒေါသမှာ အဆုံးအစ မရှိတော့ချေ။ သူသည် ရှင်းလျဲ့ကို လက်ညိုးထိုးကာ ဆဲဆိုချင်သော်လည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး "မင်း..." ဆိုသည့် စကားလုံး တစ်လုံးကိုသာ ပြောနိုင်တော့သည်။

သခင်မကြီးကျိုးသည် မြေပြင်ပေါ်တွင် ကွေးနေပြီး အင်္ကျီကော်လာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် သူမ၏ လက်ချောင်းများမှာ ဖြူဆုတ်နေလေသည်။ ဝမ်းနည်းခြင်း အမှတ်အသား အဖြူရောင် ပိတ်စများ ပတ်ထားသည့် သူမ၏ ခင်ပွန်းဖြစ်သူ ကျိုးကျင့်အန်း၏ ခေါင်းတလားကို စိုက်ကြည့်နေသော မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းများတွင်ကား အသက်ဝိညာဉ် ကင်းမဲ့နေသည့်နှယ်ပင်။

အကြံပေးအမတ်က ရှင်းလျဲ့ကို ဆူပူနေသည့် အခိုက်အတန့်တွင် သူမသည် ရုတ်တရက် ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်သွားတော့၏။ သူမသည် ဝတ်ဆင်ထားသည့် ခြုံထည်မှာလည်း ထိုနေရာ၌ပင် ကျန်ရစ်ခဲ့ပြီး သူမကိုယ်တိုင်ကတော့ ခေါင်းဖြင့် ကျိုးကျင့်အန်း၏ ခေါင်းတလားဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။

ကျယ်လောင်သော အသံကြီး တစ်ချက်နှင့်အတူ ခေါင်းတလားပေါ်ရှိ အဖြူရောင် ပိတ်စများမှာလည်း သွေးရောင်များဖြင့် စွန်းထင်းသွားတော့သည်။

သခင်မကြီးကျိုးသည် ခေါင်းတလားဘေးတွင် လဲကျသွားပြီး သူမ၏ခေါင်းမှာလည်း သွေးများစီးကျလာခဲ့သည်။ ခေါင်းတလားမှာလည်း သူမ အားကုန်သုံးလိုက်သော အရှိန်ဖြင့် တိုက်မိခြင်းကြောင့် နေရာလွဲသွားကာ ဘေးသို့ လဲကျသွားပြီး မိုးခြိမ်းသံနှယ် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာလေသည်။

ကျိုးကျင့်အန်း၏ ခေါင်းတလားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေပြီ။

ခြံဝင်းတစ်ခုလုံးမှာ ခဏတာ တိတ်ဆိတ်သွားတော့သည်။

သတင်းကြားသဖြင့် မီးဖိုချောင်ကြီးမှ တစ်လမ်းလုံး အပြေးအလွှား ရောက်ရှိလာသော ကျိုးစွေသည် ခြံဝင်းအတွင်းသို့ ဒယိမ်းဒယိုင်ဖြင့် ဝင်လာခဲ့သည်။ သူသည် ခြံဝင်းအတွင်းရှိ အလောင်းများနှင့် ဝမ်းနည်းခြင်းခန်းမအတွင်းရှိ မိခင်ဖြစ်သူ၏ အလောင်းကို မြင်လိုက်ရသောအခါ ကလေးငယ်တစ်ဦးလို အော်ဟစ်ငိုကြွေးလေတော့သည်။

"အမေ—"

သူသည် ဝမ်းနည်းခြင်းခန်းမအတွင်းသို့ ဒူးထောက်ကာ ဝင်သွားပြီး သခင်မကြီးကျိုး၏ အလောင်းကို ပွေ့ချီလိုက်သည်။ သခင်မကြီးကျိုး၏ ကိုယ်ပေါ်ရှိ စုတ်ပြဲနေသော ဝမ်းနည်းခြင်း အဝတ်အစားများကို မြင်လိုက်ရသောအခါ မျက်ရည်များကြားမှ ပြင်းထန်လှသော ဒေါသများ ပေါ်ထွက်လာပြီး မျက်လုံးများမှာလည်း သွေးရောင်များ လွှမ်းသွားတော့၏။ သူသည် ဝမ်းနည်းခြင်းခန်းမအတွင်း ရပ်နေသော ရှင်းလျဲ့ကို ကြည့်ကာ အော်ဟစ်ဆဲဆိုတော့သည်။

"တိရစ္ဆာန်! မင်းက တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင်ပဲ!"

ရှင်းလျဲ့သည် သူ ပြဿနာရှာမိပြီဖြစ်ကြောင်း သိသော်လည်း ကိစ္စကြီးတစ်ခုဟု မထင်ချေ။ ယခုအခါ အင်အားမရှိသော လူငယ်လေးတစ်ဦး၏ ဆဲဆိုခြင်းကို ခံရသောအခါ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ထပ်မံ ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။

"ငါက အမတ်ချုပ်နောက်ကို လိုက်ပြီး အယ်ကျိုးကနေ လော့ယန်အထိ စစ်တိုက်လာခဲ့တာ။ စစ်မှုထမ်းကောင်း တံဆိပ်တွေလည်း အများကြီး ရထားတာ။ ဒီနေ့ မင်းကိုပါ ငါ သတ်ပစ်လိုက်မယ်ဆိုရင်တောင် ဘာအရေးလဲ"

အကြံပေးအမတ်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ "ရှင်းလျဲ့!"

ကျိုးစွေသည် မျက်လုံးများ နီမြန်းလျက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"သတ်လေ၊ သတ်လိုက်စမ်း! ငါ့ရဲ့ ကျိုးမိသားစုဝင်တွေကို သတ်တာ မင်းအတွက် မလုံလောက်သေးဘူးလား"

သူသည် ခြံဝင်းအတွင်းရှိ ဖေမိသားစုမှ စစ်သူကြီးများကို ကြည့်ကာ ရူးသွပ်စွာ ရယ်မောရင်း ပြောလိုက်သည်။

"လက်နက်ချပြီးတာတောင် ဒီလို အရှက်ခွဲခံရမယ်ဆိုတာ သိခဲ့ရင် ငါတို့ ကျိုးမိသားစုက သေရင်သေပါစေ၊ လုံးဝ လက်နက်ချမှာ မဟုတ်ဘူး! ဒီဖေစုန့်ဆီမှာ လက်နက်ချရင် ဘယ်လို အဖြစ်မျိုး ကြုံရမလဲဆိုတာ လောကကြီးကို ပြလိုက်ကြစမ်း!"

သူသည် မြေပြင်ပေါ်ရှိ သွေးစွန်းနေသော ဓားတစ်ချောင်းကို ကောက်ယူကာ မိမိ၏ လည်ပင်းကို လှီးရန် ပြင်လိုက်သည်။

အကြံပေးအမတ်က အလောတကြီး အော်လိုက်သည်။

"သူ့ကို တားကြစမ်း!"

‘ထန်း’ခနဲ ကျယ်လောင်သော အသံနှင့်အတူ ကျိုးစွေ၏ လက်ထဲမှ ဓားမှာ ခြံဝင်းအပြင်ဘက်မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကြောင့် လွင့်ထွက်သွားခဲ့သည်။

အေးစက်လှသော အသံတစ်သံသည် ခြံဝင်းအပြင်ဘက်မှ ထွက်ပေါ်လာ၏။

"ငါ့ဆီမှာ လက်နက်ချရင် ဘယ်လို အဖြစ်မျိုး ကြုံရမှာလဲ"

အကြံပေးအမတ်နှင့် စစ်သူကြီးများမှာ ခြံဝင်းအပြင်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ရောက်ရှိလာသူကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားကြသည်။

"ကျူကျွင်း ပြန်လာပြီ!"

ဖေစုန့်သည် လေးကို ဘေးရှိ ကိုယ်ရံတော်ထံသို့ လွှဲပေးလိုက်ပြီး ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲဖြင့် ဝင်လာခဲ့သည်။ သူသည် ခြံဝင်းအတွင်းရှိ အလောင်းများနှင့် ဝမ်းနည်းခြင်းခန်းမအတွင်းရှိ အလောင်းများကို ဝေ့ကြည့်လိုက်ပြီးနောက် မျက်နှာမှာ ပိုလို့ပင် အေးစက်သွားတော့သည်။

ရှင်းလျဲ့သည် ဖေစုန့် ရှေ့တွင်တော့ မောက်မာခြင်း မရှိတော့ဘဲ ခေါင်းငုံ့ကာ တိုးညှင်းစွာ နှုတ်ဆက်လိုက်၏။

"အမတ်ချုပ်"

ဖေစုန့်သည် လက်ကို မြှောက်ကာ သူ့မျက်နှာကို ကျာပွတ်ဖြင့် တစ်ချက် ရိုက်လိုက်ပြီး အေးစက်စွာ ဆဲဆိုလိုက်သည်။

"မိုက်မဲလိုက်တာ!"

ရှင်းလျဲ့၏ မျက်နှာပေါ်တွင် သွေးစွန်းနေသော ဒဏ်ရာတစ်ခု ပေါ်လာသော်လည်း သူသည် ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောရဲတော့ချေ။

ကျိုးစွေက ဖေစုန့်ကို ကြည့်ကာ ဝမ်းနည်းစွာ ရယ်မောရင်း မေးလိုက်၏။

"ဖေအမတ်ချုပ်... ကျွန်တော့်ရဲ့ ကျိုးမိသားစုက ဘယ်လို အဖြစ်မျိုး ကြုံနေရတယ်လို့ ထင်ပါသလဲ"

ဖေစုန့်သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်စွာ အမိန့်ပေးလိုက်သည်။

"လူတွေ လာကြစမ်း၊ ရှင်းလျဲ့ကို ဆွဲထုတ်သွားပြီး စစ်ကြိမ်ဒဏ် ၂၀ ရိုက်စမ်း၊ ပြီးတော့ သူ့ရဲ့ လစာကိုလည်း ၆ လ ဖြတ်ထားလိုက်"

မကြာမီမှာပင် ဖေစုန့်၏ ကိုယ်ရံတော်များက ရှေ့သို့ တိုးလာပြီး ရှင်းလျဲ့ကို ဆွဲထုတ်သွားကြသည်။

ဖေစုန့်က ကျိုးစွေကို ကြည့်ကာ ပြောလိုက်၏။ "လက်အောက်ငယ်သားတွေ အမှားလုပ်ရင် ငါက သေသေချာချာ အပြစ်ပေးမှာပါ"

ကျိုးစွေသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

"ကျွန်တော့်အဖေရဲ့ ဝမ်းနည်းခြင်းခန်းမရှေ့မှာတင် သေဆုံးသွားတဲ့ အစေခံတွေက ၂၀ထက်ကျော်တယ်။ အဲ့ဒီ တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင်က ကျွန်တော့်အမေကို စော်ကားဖို့ ကြိုးစားပြီး ကျွန်တော့်အမေကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် လုပ်ခဲ့တာတွေ အားလုံးက စစ်ကြိမ်ဒဏ် ၂၀ နဲ့တင် ပြီးသွားမှာလား"

ဖေစုန့်သည် သူ့ဓားကို ကျိုးစွေထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

"မင်းမှာ သတ္တိရှိတယ်ဆိုရင် ဓားကို ကိုင်ပြီး သူ့ကို သွားသတ်လိုက်လေ!"

ကျိုးစွေ၏ မျက်လုံးများမှာ နီမြန်းနေပြီး ဖေစုန့် ပစ်ပေးလိုက်သော ဓားကို ကောက်ယူကာ အော်ဟစ်လိုက်သည်။

"ဘာလို့ မသတ်ရဲရမှာလဲ"

သူသည် ဓားကို ဆွဲထုတ်ကာ ရှင်းလျဲ့ဆီသို့ အော်ဟစ်ရင်း ပြေးဝင်သွားတော့သည်။ သို့သော် သူသည် အရင်က ကြက်တစ်ကောင်ကိုပင် မသတ်ဖူးသူ ဖြစ်ရာ ဓားခုတ်ချက်များမှာ အားနည်းလွန်းသဖြင့် ရှင်းလျဲ့က အလွယ်တကူပင် ရှောင်တိမ်းနိုင်လေသည်။ နောက်ဆုံးတွင် သူသည် ဓားကိုပင် မ,မနိုင်တော့ဘဲ နဖူးမှ ချွေးများ ကျဆင်းလာသော်လည်း အံကို တင်းတင်းကြိတ်ကာ အော်ဟစ်နေဆဲပင်။

"ငါ မင်းကို သေချာပေါက် သတ်မယ်!"

သူသည် နောက်ဆုံးအကြိမ် ဓားကို မ,ပြီး ရှင်းလျဲ့ကို ခုတ်ရန် ပြင်လိုက်စဉ် ရှင်းလျဲ့က အလွယ်တကူ ရှောင်လိုက်ရုံသာမက ကျိုးစွေ၏ လည်ပင်းကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ သူသည် ချက်ချင်းပင် သတိလစ်ကာ လဲကျသွားတော့သည်။

ရှင်းလျဲ့သည် ဓားကို လုယူကာ ခုတ်ရန် ပြင်လိုက်စဉ် အကြံပေးအမတ်က အော်ဟစ်တားမြစ်လိုက်၏။

"မလုပ်နဲ့!"

ရှင်းလျဲ့သည် ဓားကို ရပ်တန့်လိုက်ပြီး အကြံပေးအမတ်ကို ကြည့်ကာ မေးလိုက်၏။

"အကြံပေးအမတ်... ဒီအသုံးမကျတဲ့ကောင်ကို ထားထားလို့ ဘာထူးမှာလဲ"

အကြံပေးအမတ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်းပါးစပ်ပိတ်ထား!"

သူသည် ဖေစုန့်ကို အရိုအသေပေးကာ ပြောလိုက်သည်။

"ကျူကျွင်း... ကျူကျွင်းလည်း စမ်းသပ်ပြီးပြီပဲ။ ဒီကျိုးမိသားစုက လူငယ်လေးက ဒေါသတွေသာ ရှိတာ၊ ဉာဏ်ပညာလည်း မရှိသလို ဘာမှလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူ့ကို အသက်ချမ်းသာပေးလိုက်ပါဦး။ သူပြောသလိုပဲ ယုံကျိုးက လက်နက်ချပြီးတဲ့နောက်မှာ သူ့မိသားစုက အကုန် သေဆုံးသွားမယ်ဆိုရင် ဒီသတင်း ပြန့်သွားတဲ့အခါ နောက်ပိုင်း ဘယ်သူက လက်နက်ချရဲတော့မှာလဲ။ သူက အခုလို အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေရလို့ ကျူကျွင်းအပေါ် ရိုင်းစိုင်းမိတာပါ။ ကျူကျွင်းအနေနဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုပဲ အလေးထားပေးပါဦး"

ဖေစုန့်သည် မြေပြင်ပေါ်တွင် သတိလစ်နေသော ကျိုးစွေကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အကြံပေးအမတ် ပြောသလိုပဲ လုပ်ကြတာပေါ့"

လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။ "ကျူကျွင်း... ခြံဝင်းအတွင်းက အလောင်းတွေကို ဘယ်လို စီစဉ်ရမလဲ"

ဖေစုန့်က အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ "အလောင်းကောင်တွေကို စွန့်ပစ်တဲ့ နေရာကိုပဲ ပို့လိုက်ကြ"

သူသည် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ် ဝမ်းနည်းခြင်းခန်းမအတွင်း လဲကျနေသော အမျိုးသမီးတစ်ဦး၏ တိုးညှင်းသော အသံကို ကြားလိုက်ရ၏။

"ဟွမ်အာ... ဟွမ်အာ..."

သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သတိမရှိဘဲ အသံထွက်နေသူမှာ အစေခံတစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဘေးကလူများကို မေးလိုက်သည်။

"ဒီအမျိုးသမီးက ဘယ်သူလဲ"

အကြံပေးအမတ်က ရှောင်းဟွေ့နျန်၏ ဝတ်စားဆင်ယင်မှုကို ကြည့်ကာ ပြောလိုက်သည်။ "ကျိုးမိသားစုက အစေခံ ဖြစ်လိမ့်မယ် ထင်ပါတယ်"

ဖေစုန့်သည် ရှောင်းဟွေ့နျန်ကို ခဏတာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

"ကြည့်ရတာ အသက်မသေသေးဘူးပဲ။ သမားတော်တစ်ယောက် ခေါ်ပေးလိုက်၊ သူ့ကို အသက်ရှင်အောင် ကယ်ထား။ ငါ ဒီအမျိုးသမီးကို မေးစရာတွေ ရှိတယ်"

____

သစ်ကိုင်းပေါ်မှ ကျီးကန်းအုပ်ကြီး ပျံသန်းသွားပြီးနောက် ညမှောင်လာခဲ့လေပြီ။

မြို့ထဲတွင် ကင်းလှည့်နေသော အိမ်တော်စောင့်စစ်သည်တို့သည် နှင်းများကို နင်းကာ ပြန်လာကြသည်။ သူတို့အားလုံး၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေပြီး အလွန် ပင်ပန်းနွမ်းနယ်နေကြသည်။

မြို့ထဲသို့ ဝင်ရောက်လာသော ဖေမိသားစု၏ စစ်တပ်မှာ ထောင်နှင့်ချီ ရှိပြီး ထိုအထဲတွင် ကိုယ်ကျိုးရှာလိုသူများ၊ လုယက်သတ်ဖြတ်လိုသူများ အများအပြား ရှိနေသည်။ သူတို့သည် ယနေ့ တစ်နေကုန် အပြင်တွင် ပတ်ပြေးနေခဲ့သော်လည်း သူတို့ တတ်နိုင်သည်မှာ အနည်းငယ်သာ။

အိမ်တော်စောင့်စစ်သည်တစ်ဦးက သူ့လက်မောင်းကို ကိုင်ရင်း ပြောလိုက်သည်။

"ငါတော့ ဒီနေ့ တကယ့်ကို အထုခံရတာပဲ။ ရှောင်းအစ်ကိုသာ မပါရင် ငါတို့ အသက်ရှင်ပြီး ပြန်လာနိုင်မှာ မဟုတ်ဘူး"

အခြားတစ်ဦးကလည်း ပြောလိုက်သည်။ "အဲ့ဒီဖေအမတ်ချုပ်က နောက်ဆိုရင် သူ့စစ်တပ်ကို သေချာ ထိန်းသိမ်းလိမ့်မယ်လို့ပဲ မျှော်လင့်ရတာပဲ။ ဒါပေမဲ့ ကြားတာတော့ သူ့စစ်တပ်က လော့ယန်ကို ဝင်တိုက်တုန်းက မျိုးရိုးမြင့် မိန်းကလေးတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြတယ်တဲ့။ မင်းစိုးရာဇာတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်ဆိုတော့ ဒီယုံချန်မှာရော ဘယ်လောက်အထိ အေးအေးဆေးဆေး နေကြမှာလဲ"

အခြားသူများမှာလည်း ထိုစကားကို ကြားသောအခါ စိတ်ဓာတ်ကျသွားကြပြီးတော့သည်။ "ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါတို့ လူအင်အားနဲ့ ကင်းလှည့်ဖို့က လုံးဝ မလောက်ဘူးလေ။ ငါတို့ မျက်စိရှေ့မှာ တွေ့တဲ့လူတွေကိုပဲ တားဆီးနိုင်တာ။ ငါတို့ မတွေ့တဲ့ နေရာတွေမှာ ဖြစ်နေတာတွေကို သတင်းကြားလို့ သွားတဲ့အချိန်ဆိုရင်လည်း အကုန် နောက်ကျကုန်ပြီ"

"ဟုတ်တယ်၊ သခင်လေးကလည်း လူအင်အား ထပ်ပြီး မသုံးနိုင်တော့ဘူးလေ။ မဟုတ်ရင် ဖေအမတ်ချုပ်ကို ပေါ်တင် စိန်ခေါ်သလို ဖြစ်သွားလိမ့်မယ်"

တစ်လမ်းလုံး တိတ်ဆိတ်စွာ လျှောက်လာသော ရှောင်းလိက ရုတ်တရက် ပြောလိုက်သည်။

"ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။ လမ်းတိုင်းမှာရှိတဲ့ ယောကျ်ားတွေကို ကိုယ်ပိုင် အစောင့်အရှောက်တပ်တွေ ဖွဲ့ခိုင်းလိုက်မယ်။ အားလုံးက တစ်ဦးကိုတစ်ဦး ကူညီကြမယ်။ အိမ်တစ်အိမ်က ဒုက္ခရောက်ရင် ကျန်တဲ့ အိမ်နီးနားချင်းတွေ အကုန်လုံး ထွက်ကူကြမယ်ဆိုရင် အဲ့ဒီလူယုတ်မာတွေလည်း နည်းနည်းတော့ လန့်သွားကြမှာပဲ။ ငါတို့တွေ သွားဖို့အတွက်လည်း အချိန် ရတာပေါ့"

အိမ်တော်စောင့်စစ်သည်တို့သည် ထိုစကားကို ကြားသောအခါ အားလုံးက သဘောတူလိုက်ကြသည်။

"ရှောင်းအစ်ကိုရဲ့ နည်းလမ်းက တကယ်ကို ကောင်းတာပဲ။ သခင်လေးက အခုဆိုရင် အန္တရာယ်တွေကြားမှာ နေနေရတာဆိုတော့ ယုံကျိုးအုပ်ချုပ်ရေးမှူးရုံးကလည်း ဘာမှ သိပ်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ပြည်သူတွေကတော့ ကိုယ့်ဘာသာကိုယ် စည်းစည်းလုံးလုံး နေလို့ ရတာပဲ!"

စကားပြောနေစဉ်မှာပင် သူတို့အားလုံး ကျိုးအိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ အိမ်တော်ထဲသို့ ဝင်လိုက်ချိန်တွင် လမ်းတွင် တွေ့သမျှ အစေခံများမှာ ငိုယိုနေကြလေသည်။

အိမ်တော်စောင့်စစ်သည်တစ်ဦးသည် ရင်းနှီးသော အစေခံမလေးကို မြင်သောအခါ ထူးဆန်းစွာ မေးလိုက်၏။

"အစ်မကျင်းကျွီ... အားလုံးက ဘာဖြစ်လို့ ငိုနေကြတာလဲ"

အစေခံမလေးက ငိုရင်း ပြန်ဖြေလိုက်သည်။ "သခင်မကြီး သေသွားပြီ... သခင်လေးလည်း ဒဏ်ရာရသွားတယ်... အစေခံတွေလည်း အများကြီး သေကုန်ပြီ......"

ရှောင်းလိသည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားတော့သည်။ "ဘာဖြစ်တာလဲ"

အစေခံမလေးက ငိုယိုကာ ပြောပြလိုက်သည်။ "ဖေအမတ်ချုပ်ရဲ့ စစ်သူကြီးက အရက်မူးပြီး အနောက်ဘက် ခြံဝင်းကို သွားပြီး သခင်မကြီးကို စော်ကားဖို့ ကြိုးစားခဲ့တယ်။ လူတွေလည်း အများကြီး သတ်ခဲ့တယ်။ သခင်မကြီးက အရှက်ခွဲမခံနိုင်လို့ လူကြီးမင်းရဲ့ ခေါင်းတလားမှာ ခေါင်းနဲ့ဆောင့်ပြီး သတ်သေသွားခဲ့တယ်......"

ရှောင်းလိသည် အနောက်ဘက် ခြံဝင်းဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အနောက်ဘက် ခြံဝင်းဆီသို့ အပြေးအလွှား သွားတော့သည်။

"အဲ့ဒီ တိရစ္ဆာန်တွေ......" ဘေးက အိမ်တော်စောင့်စစ်သည်တို့သည် ဒေါသထွက်လွန်းသဖြင့် ဘေးကသစ်ပင်ကို လက်သီးဖြင့် ထိုးလိုက်ကြသည်။ ရှောင်းလိတစ်ယောက် အသည်းအသန် ပြေးထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာလည်း ပိုလို့ပင် ပျက်သွားတော့သည်။

"ဒုက္ခပဲ! ရှောင်းအစ်ကိုရဲ့ အမေကလည်း အနောက်ဘက် ခြံဝင်းမှာပဲ နေတာ!"

...

All Chapters