← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အပိုင်း (၃၆.၁)

ရှောင်းလိသည် ခြံဝင်းအတွင်းသို့ အသည်းအသန် ပြေးဝင်လာခဲ့သည်။ ခြံတံခါးကို တွန်းဖွင့်လိုက်စဉ် လူတစ်ဦးနှင့် တိုက်မိလုနီးပါး ဖြစ်သွားသော်လည်း သူက တောင်းပန်ရန်ပင် သတိမရဘဲ ရှောင်းဟွေ့နျန် နေထိုင်သည့် အနောက်ခန်းသို့ အပြေးအလွှား သွားလေသည်။

"အမေ!" သူသည် တံခါးကို ဝုန်းခနဲ တွန်းဖွင့်ကာ အော်ဟစ်လိုက်သော်လည်း အခန်းထဲတွင် ဘယ်သူမှ မရှိချေ။

သူသည် ခြေလှမ်းများကို ပြန်လှည့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ လမ်းတွင် တွေ့သည့် အစေခံများ၏ လက်မောင်းကို ဆွဲကိုင်ကာ မေးလိုက်သည်။ "ကျွန်တော့် အမေကို တွေ့မိလား"

ယနေ့တွင် အနောက်ဘက် ခြံဝင်းအတွင်း လူအများအပြား သေဆုံးခဲ့ရသဖြင့် အသစ်ရောက်လာသော အစေခံများသည် သူနှင့် သိပ်မရင်းနှီးကြချေ။ သူ့အမေမှာ မည်သူဖြစ်သည်ကိုလည်း မသိကြသဖြင့် အားလုံးက ခေါင်းယမ်းပြကာ မိမိတို့ အလုပ်ကိုသာ အလျင်စလို သွားလုပ်ကြလေသည်။

ရှောင်းလိသည် စိတ်ပူပန်မှုများကြောင့် ဂဏာမငြိမ် ဖြစ်နေကာ နာရေးခန်းမရှိရာသို့ ပြေးသွားရန် ပြင်လိုက်စဉ် နောက်ဘက်မှ တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်။

"ရှောင်းသူရဲကောင်း... ရှောင်းသူရဲကောင်း"

ရှောင်းလိ လှည့်ကြည့်လိုက်သောအခါ ကျိုးအိမ်တော်၏ အိမ်တော်ထိန်း ဖူပေါ် ဖြစ်နေသည်ကို တွေ့ရသဖြင့် သူက အလျင်အစလို မေးလိုက်သည်။ "ကျွန်တော် အမေ့ကို ရှာနေတာပါ။ အမေ ဘယ်မှာရှိလဲ သိလား"

အိမ်တော်ထိန်း၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးနေပြီး ပြောလိုက်လေသည်။ "ရှောင်းသူရဲကောင်း... ကျွန်တော့်နောက်ကို လိုက်ခဲ့ပြီး သခင်လေးကို သွားတွေ့လိုက်ပါ။ သခင်လေးက မင်းကို ကိုယ်တိုင် ပြောစရာရှိတယ်လို့ မှာထားပါတယ်"

ကျိုးစွေမှာ စာပေပညာရှိ တစ်ဦးသာ ဖြစ်သဖြင့် ရှင်းလျဲ့၏ ခြေထောက်ဖြင့် ကန်ချက်ကြောင့် သတိလစ်သွားပြီးနောက် နိုးလာချိန်တွင် ပခုံးနှင့် လည်ပင်း တစ်ခုလုံး ရောင်ကိုင်းနေလေသည်။ အိမ်တော်ရှိ သမားတော်က အပ်စိုက်ကုသပေးထားသော်လည်း သူ့လည်ပင်းမှာ လှုပ်ရှားလို့ မရသေးချေ။

ရှောင်းလိ အခန်းထဲသို့ ဝင်လာချိန်တွင် ကျိုးစွေက ခုတင်ပေါ်၌ မှီလျက် ထိုင်နေသည်ကို တွေ့ရသည်။ သူ့မျက်နှာမှာ တစ္ဆေတစ်ကောင်နှယ် ဖြူဆုတ်နေပြီး အစေခံမလေးက ဆေးတိုက်နေသော်လည်း လည်ပင်း ဒဏ်ရာကြောင့် မျိုချရန် ခက်ခဲနေသဖြင့် အနည်းငယ်စီသာ ခဲခဲယဉ်ယဉ် သောက်နေရလေသည်။

ရှောင်းလိကို မြင်သောအခါ သူက အစေခံမလေးကို ထွက်သွားရန် လက်ဟန်ပြလိုက်၏။

ရှောင်းလိက "ကျွန်တော့် အမေ ဘယ်မှာလဲ" ဟု မေးလိုက်သည်နှင့် ကျိုးစွေမှာ စကားပင် မပြောရသေးမီ မျက်ရည်များ ဝဲတက်လာတော့သည်။ သူသည် ခုတင်ပေါ်မှ ဆင်းရန် ကြိုးစားရာ အိမ်တော်ထိန်းကြီးက ပြေးတွဲရလေသည်။ သူသည် အတွင်းခံ အင်္ကျီဖြင့်ပင် ရှောင်းလိ၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး မျက်လုံးများ နီမြန်းလျက် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ "ငါ ရှောင်းညီအစ်ကိုကို တောင်းပန်ပါတယ်။ ငါ့ကြောင့်ပါ..."

ထိုစကားမှာ တောင်ကြီးတစ်လုံးနှယ် ရှောင်းလိ၏ ရင်ဘတ်ကို ဖိချလိုက်သဖြင့် သူက အသက်ရှူရန်ပင် မွန်းကြပ်သွားတော့သည်။ သူသည် ကျန်ရှိနေသော သတိတရားဖြင့် ကျိုးစွေ၏ တံတောင်ဆစ်ကို ပြေးတွဲကာ ပြောလိုက်လေသည်။ "သခင်လေး... ထပြီး စကားပြောပါ။ ကျွန်တော်က သခင်လေးရဲ့ အခုလို အရိုအသေပေးမှုကို မခံယူထိုက်ပါဘူး"

ကျိုးစွေကတော့ မထဘဲ မျက်ရည်များ ဖြိုင်ဖြိုင် ကျဆင်းလျက် နာကျင်စွာ ပြောလိုက်သည်။ "ဒေါ်ဒေါ်က... ဒေါ်ဒေါ်နဲ့ အဲ့ဒီအချိန်က ခြံထဲမှာရှိတဲ့ အစေခံတွေက ငါ့အမေကို ကာကွယ်ပေးရင်းနဲ့ ရှင်းလျဲ့ရဲ့ ဓားချက်အောက်မှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ငါ... ငါက သူတို့ရဲ့ အလောင်းတွေကိုတောင် မကာကွယ်နိုင်ခဲ့ဘူး..."

ရှောင်းလိသည် ဦးခေါင်းကို တူကြီးဖြင့် အထုခံလိုက်ရသည့်နှယ် ခံစားလိုက်ရပြီး အသက်ရှူသံများ တုန်ယင်လျက် မေးလိုက်လေသည်။ "ဘာကို ဆိုလိုတာလဲ"

ကျိုးစွေမှာ ဝမ်းနည်းလွန်းသဖြင့် လည်ပင်း ဒဏ်ရာကြောင့် စကားပင် ဆက်မပြောနိုင်တော့ချေ။ အိမ်တော်ထိန်းက သူ့ကို တွဲထားရင်း ဝမ်းနည်းပူဆွေးစွာဖြင့် ရှောင်းလိအတွက် ဖြေပေးလိုက်လေသည်။ "သခင်လေးက ရှင်းလျဲ့ကို သတ်ဖို့ ကြိုးစားပေမယ့် သူ့ရဲ့ ကန်ချက်ကြောင့် သတိလစ်သွားခဲ့ရတယ်။ ကျွန်တော်က သခင်လေးအတွက် သမားတော် သွားခေါ်ပြီး ပြန်လာတဲ့အခါ ခြံထဲမှာရှိတဲ့ အလောင်းတွေ အကုန်လုံး ပျောက်နေတာကို တွေ့လိုက်ရပါတယ်။ မေးကြည့်တော့မှ... ဖေစုန့်ရဲ့ လက်အောက်ငယ်သားတွေက အလောင်းတွေကို စွန့်ပစ်တဲ့ နေရာကို လွှင့်ပစ်လိုက်ကြပြီလို့ သိရပါတယ်"

အိမ်တော်ထိန်းက ထိုသို့ ပြောရင်း အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြန်သည်။

အလောင်းကောင် စွန့်ပစ်သည့် နေရာမှာ မြို့ပြင်တွင် ရှိလေသည်။ ယခုလို အေးစက်လှသော ရာသီဥတုတွင် တောင်ပေါ်က တောရဲတိရစ္ဆာန်များမှာ အစာရှားပါးနေသဖြင့် အလောင်းများကိုသာ လွှင့်ပစ်ခဲ့မည်ဆိုလျှင် မကြာမီမှာပင် ဝံပုလွေများ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။

ရှောင်းလိသည် ခေါင်းထဲတွင် မူးဝေသွားကာ ကျိုးစွေ၏ လက်မောင်းကို ဆုပ်ကိုင်ထားသော သူ့လက်နှစ်ဖက်မှာ မသိစိတ်က အလိုလို အားပါသွားသဖြင့် ကျိုးစွေ၏ အရိုးများပင် ကျိုးကြေတော့မလို ခံစားလိုက်ရ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် အတင်းအကျပ် ပြုံးလိုက်ကာ မိမိကိုယ်ကို ပြန်ပြောနေမိသည်။

“ကျွန်တော့် အမေက... အဲ့ဒီအချိန်မှာ အိမ်တော်ထဲမှာ မရှိတာလည်း ဖြစ်နိုင်တာပဲ။ သူ... သူက ကျွန်တော့်ရဲ့ မွေးစားအမေတွေဆီကို သွားနေတာလည်း ဖြစ်မှာပါ”

သူက ပြောရင်းနှင့် မတ်တတ်ရပ်ရန် ပြင်လိုက်သည်။ "ကျွန်တော် မွေးစားအမေတွေရဲ့ အိမ်ကို သွားကြည့်လိုက်ဦးမယ်။ ပြီးခဲ့ရက်တွေတုန်းက ဖိနပ်ချုပ်ဖို့အတွက် မွေးစားအမေတွေဆီ သွားမယ်လို့ ပြောထားတာ"

"ရှောင်းညီအစ်ကို!" ကျိုးစွေက သူ့ကို အက်ကွဲနေသည့် အသံဖြင့် လှမ်းခေါ်လိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည်။ "ဒေါ်ဒေါ်က... တကယ်ပဲ ဆုံးပါးသွားပါပြီ။ ငါ အနောက်ဘက် ခြံဝင်းကို ပြေးလာတဲ့အချိန်မှာ သူ သွေးအိုင်ထဲမှာ လဲနေတာကို ကိုယ်တိုင် မြင်လိုက်ရတာပါ။ ဓားဒဏ်ရာက သူ့ရဲ့ ကျောပြင်တစ်ခုလုံးကို ဖြတ်သွားတာ..."

ရှောင်းလိသည် သူ့ကို ကျောပေးထားပြီး မြင့်မားသော သူ၏ ကျောပြင်ကြီးမှာ တံခါးဝမှ အလင်းရောင်အားလုံးကို ကွယ်ထားသယောင် ရှိနေသည်။ ပခုံးပေါ်သို့ ကျရောက်နေသော အလင်းရောင် အနည်းငယ်ကတော့ အပြင်ဘက်မှ ဝမ်းနည်းဖွယ်ကောင်းသော မိုးကုတ်စက်ဝိုင်းကြီးက သူ၏ ကျောပေါ်သို့ ဖိချထားသည့်နှယ်ပင်။

သူသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ အခန်းထဲမှ အမြန်ထွက်ကာ မြင်းဇောင်းရှိရာသို့ ပြေးသွားတော့သည်။

မှောင်ရီပျိုးစ အချိန် ရောက်လာပြီး အေးစက်သော လေပြင်းများမှာ နှင်းပွင့်များကို သဲသောင်ပြင်မှ ဖုန်မှုန့်များနှယ် လွှင့်ပျံနေစေသည်။

စစ်တပ်က မြို့ထဲသို့ ဝင်လာသဖြင့် မြို့သူမြို့သားများမှာ တံခါးများကို တင်းတင်းပိတ်ထားကြပြီး လမ်းမပေါ်တွင် ခြောက်ကပ်လို့နေသည်။ ရှောင်းလိသည် မြင်းကို အဆက်မပြတ် ကျာပွတ်ဖြင့် ရိုက်နှက်ကာ မြို့တံခါး မပိတ်မီလေးတွင် မြို့ပြင်သို့ ထွက်နိုင်ခဲ့သည်။

အလောင်း စွန့်ပစ်သည့် နေရာမှာ မြို့ပြင် ၃၀ မိုင်ခန့်အကွာက တောင်ကုန်းတစ်ခုတွင် ရှိသည်။ သူ ထိုနေရာသို့ ရောက်ချိန်တွင် မှောင်နေပြီ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ယံတွင် အေးစက်သော လမင်းကြီး ရှိနေသဖြင့် မြေပြင်ပေါ်က အရာများကို မြင်တွေ့နိုင်သေးသည်။

ရှောင်းလိသည် မြင်းပေါ်မှ လိမ့်ကျလာပြီး နှင်းများ ဖုံးလွှမ်းနေသော အလောင်းပုံကြီးအတွင်း၌ တစ်လောင်းချင်းစီ လိုက်လံရှာဖွေတော့သည်။ တချို့သော အလောင်းများမှာ သေဆုံးချိန်တွင် မျက်လုံးများ ပြူးနေကြပြီး မျက်ခွံနှင့် မျက်လုံးများမှာ အေးခဲနေသဖြင့် ရှောင်းလိက လက်ဖဝါးဖြင့် အကြိမ်ကြိမ် ပွတ်သပ်ပေးသော်လည်း မျက်လုံးများ ပိတ်မသွားချေ။ တချို့မှာလည်း တောရိုင်းတိရစ္ဆာန်များ၏ ကိုက်ဖြတ်ခြင်းကို ခံထားရသဖြင့် အရိုးဖြူဖြူများပေါ်တွင် သွေးစိုစို အသားစများ တွဲလောင်းကျနေတော့သည်။

ယနေ့ညတွင် အနီးနားရှိ ဝံပုလွေများမှာ အဝစားခဲ့ကြရသဖြင့် အဝေးက တောအုပ်အတွင်းမှ ဝံပုလွေ ဟောင်သံများကို တစ်ချက်ပြီးတစ်ချက် ကြားနေရသည်။

ရှောင်းလိသည် အေးစက်လှသော လေထုကို တုန်ယင်စွာ ရှူသွင်းရင်း အလောင်းများကြားထဲ၌ ဆက်လက် ရှာဖွေနေမိသည်။ အေးခဲနေသော သူ၏ လက်ချောင်းများမှာ မြက်ခြောက်များနှင့် ကျောက်စိမ်းခဲများကြောင့် ပွန်းပဲ့ကာ သွေးများ ထွက်နေလေပြီ။

အလောင်းကောင် စွန့်ပစ်သည့် နေရာတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ရှောင်းဟွေ့နျန်ကို ရှာမတွေ့ခဲ့ချေ။ သွေးစွန်းနေသော စုတ်ပြဲနေသည့် အင်္ကျီတစ်ထည်ကိုသာ တွေ့ရှိခဲ့သည်။ ထိုအင်္ကျီ၏ ရင်ဘတ်ပေါ်ရှိ ပန်းထိုးလက်ရာမှာ အရင်တုန်းက ဝိန်းယွီ သူမ အမေကို သင်ပေးခဲ့သော ပုံစံပင်။

ယနေ့ မနက်က သူ အပြင်ထွက်ချိန်တွင် ရှောင်းဟွေ့နျန် ဝတ်ဆင်ထားခဲ့သော အင်္ကျီ ဖြစ်လေသည်။

သူသည် ထိုစုတ်ပြဲနေသော အင်္ကျီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အကူအညီမဲ့စွာဖြင့် ထိုနေရာ၌ပင် ဒူးထောက်လိုက်တော့သည်။ ပြင်းထန်လှသော နှင်းမုန်တိုင်းနှင့် တောတောင်ထဲက လေတိုက်သံများကြားတွင် သူ၏ နာကျင်စွာ ရှိုက်ငင်ငိုကြွေးသံများမှာ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်ယံတွင် လမင်းကြီးက ထွန်းလင်းနေပြီး နှင်းများ ဝဲကျနေသော လောကကြီးကို အပေါ်မှ ငေးကြည့်နေသယောင် ရှိနေသည်။

ထုန်ချန်မြို့။

ညဉ့်နက်နေပြီ ဖြစ်သော်လည်း ဝိန်းယွီသည် တည်းခိုခန်း အခန်းအတွင်းရှိ စားပွဲတွင် တံတောင်ဖြင့် ထောက်ကာ ထိုင်နေသော်လည်း အိပ်ချင်စိတ် လုံးဝ မရှိချေ။

နေလယ်ပိုင်းက ကိုယ်ရံတော် တချို့သည် မြို့ထဲသို့ သတင်းသွားစုံစမ်းခဲ့ကြသော်လည်း အသုံးဝင်သော သတင်း ဘာမှ ပါမလာခဲ့ကြချေ။

သို့သော် ဝိန်းယွီ၏ စိတ်အာရုံကတော့ ဖေစုန့်၏ အခုလို လုပ်ရပ်များက မျိုးရိုးကြီး မိသားစုများ၊ ဖေမိသားစုနှင့် တော်ဝင်မိသားစုတို့ကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေလိမ့်မည်ဟု ပြောပြနေသည်။

တစ်ဖက်လူမှာ ငယ်ရွယ်သော်လည်း အလွန် အမျှော်အမြင်ရှိကာ သာမန်လူများ သည်းမခံနိုင်သော အရာများကို သည်းခံနိုင်သည့်အပြင် လက်ရုံးရည်လည်း ပြည့်ဝလှသည်။ ဝိန်းယွီက သူ့ကို အရိုးထိအောင် မုန်းတီးသော်လည်း လျှော့တွက်လို့ မရသော ပြိုင်ဘက် ဖြစ်ကြောင်းကိုလည်း သိထားသည်။ သူမ၏ ဖခင်နှင့် အစ်ကိုတို့သည် သူ့လက်ထဲတွင် အဆက်မပြတ် ရှုံးနိမ့်ခဲ့ရပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးခဲ့ရသည်မှာ သူက အခွင့်အရေးအားလုံးကို ကြိုတင် ရယူထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လျန်ပြည်ထောင်ကြီးသည် လွန်ခဲ့သော ၁၅နှစ်က မင်ချန်ဧကရာဇ် နတ်ရွာစံပြီးနောက် မယ်တော်ကြီးက သူမ စောင့်ရှောက်ထားသော နတ်ရွာစံဘုရင်ကို နန်းတင်ကာ နောက်ကွယ်မှ အာဏာကို ကြိုးကိုင်ခဲ့ရာမှ တော်ဝင်အာဏာများ ဆုတ်ယုတ်လာခဲ့သည်။ နန်းတွင်းတွင် အောဝ်ဖက်တော်သားများသာ အာဏာလွှမ်းမိုးခဲ့ကြသည်။

နတ်ရွာစံဘုရင်မှာ မွေးကတည်းက ကျန်းမာရေး မကောင်းသဖြင့် သားသမီး မထွန်းကားနိုင်သလို တိုင်းပြည်ရေးရာများကိုလည်း ကိုင်တွယ်နိုင်စွမ်း မရှိခဲ့ချေ။ တိုင်းပြည်၏ အရေးကိစ္စ အဝဝကို အောဝ်အမတ်ချုပ်ကသာ ချုပ်ကိုင်ထားခဲ့သည်။

လော့ယန်မြို့ထဲက မည်သည့် အရာရှိမဆို အောဝ်အမတ်ချုပ်ကိုသာ သိကြပြီး ဧကရာဇ်ကိုတော့ မေ့နေကြပြီဟု တော်ဝင်ကျောင်းတော်မှ ကျောင်းသားများကပင် လှောင်ပြောင်ခဲ့ကြဖူးသည်။

မျိုးဆက် ၃ဆက်တိုင်တိုင် ဧကရာဇ်၏ ဆရာများ ဖြစ်ခဲ့ကြသော ယွီမိသားစုသည် ထိုအချိန်က သူမ၏ ခမည်းတော်ထံသို့ လျှို့ဝှက်စွာ ချဉ်းကပ်ခဲ့ကြသည်။

နတ်ရွာစံဘုရင်မှာ မယ်တော်ကြီး၏ လက်အောက်တွင် ကြီးပြင်းခဲ့ရသဖြင့် စိတ်နေစိတ်ထား ပျော့ညံ့လှသည်။ ယွီဆရာကြီး ဦးဆောင်သော အုပ်စုသည် နတ်ရွာစံဘုရင်ထံတွင် တိုင်းပြည်ကို ပြန်လည် ထူထောင်နိုင်မည့် မျှော်လင့်ချက် မမြင်တော့သဖြင့် နောင်တက်လာမည့် နန်းလျာကိုသာ သေသေချာချာ ပြုစုပျိုးထောင်ရန် တွေးတောခဲ့ကြသည်။

သို့သော် တော်ဝင် မိသားစုတွင် နန်းလျာ မရှိတော့သဖြင့် ယွီဆရာကြီးသည် ဝိန်းမျိုးနွယ်စု၏ ဘေးဖယ်ထားခြင်း ခံရသော အမျိုးအနွယ်များကြားမှ သူမ၏ ခမည်းတော်ကို ရွေးချယ်ခဲ့သည်။ ယွီဆရာကြီးသည် အောဝ်မယ်တော်ကြီးနှင့် အောဝ်ဖက်တော်သားများကလည်း သူမ၏ ခမည်းတော်ကို နန်းလျာအဖြစ် လက်ခံစေရန်အတွက် အစပိုင်းတွင် အခြားသော အမျိုးအနွယ် တစ်ခုကိုသာ အတင်းအကျပ် အဆိုပြုခဲ့သည်။

အောဝ်မယ်တော်ကြီးနှင့် အောဝ်ဖက်တော်သားများသည် ယွီဆရာကြီးက ထိုအုပ်စုနှင့် ပူးပေါင်းသွားပြီဟု သံသယ ဝင်ကာ ငြင်းဆိုလိုက်ချိန်မှသာ အခြားသော အမျိုးအနွယ် တစ်ခုကို ထပ်မံ အဆိုပြုခဲ့ကြသည်။

အောဝ်မယ်တော်ကြီးနှင့် အောဝ်အမတ်ချုပ်တို့သည် နောက်ထပ် တိုက်ရိုက် ငြင်းဆိုရန် မသင့်တော်သဖြင့် သူမ၏ ခမည်းတော်ကို မြို့တော်သို့ ခေါ်ယူကာ အရာရှိများက စစ်ဆေးပြီးမှ ဆုံးဖြတ်ရန် အဆိုပြုခဲ့ကြသည်။

ထိုစဉ်က သူမ၏ ခမည်းတော်သည် ယွီဆရာကြီး၏ စကားအတိုင်း မိမိ၏ အရည်အချင်းများကို ဖုံးကွယ်ကာ လော့ယန်တွင် နေထိုင်သည့် လအနည်းငယ်အတွင်း ရိုသေကိုင်းညွတ်စွာ နေထိုင်ခဲ့သဖြင့် မယ်တော်ကြီး၏ သဘောကျမှုကို ရရှိခဲ့သည့်အပြင် အခြားအမတ်များနှင့်လည်း သိပ်မပတ်သက်ခဲ့သဖြင့် နောက်ဆုံးတွင် နန်းလျာအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

နောက်ပိုင်း နှစ်များတွင် ယွီဆရာကြီးမှာ သူမ အစ်ကို၏ ဆရာ ဖြစ်လာခဲ့ပြီး သူမ ခမည်းတော်ကတော့ ပြိုလဲတော့မည့် လျန်ပြည်ထောင်ကြီးကို ကယ်တင်ရန်အတွက် အောဝ်ဖက်တော်သားများကို စတင် ရင်ဆိုင်ခဲ့တော့သည်။

ဖေစုန့်သည် ထိုအချိန်က အောဝ်အမတ်ချုပ်၏ လက်အောက်တွင် စတင် ပေါ်ပေါက်လာခဲ့သည်။ သူသည် ဆင်းရဲသား မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် အခြားသော မျိုးရိုးကြီး မိသားစုဝင်များနှယ် မိသားစု ဂုဏ်သိက္ခာကို ဂရုမစိုက်ချေ။ သူသည် အောဝ်အမတ်ချုပ် ခိုင်းသမျှကို လုပ်ဆောင်သည့် ခွေးရူးတစ်ကောင်သာ ဖြစ်ခဲ့သည်။

ဝိန်းယွီ ကြားသိရသလောက်ဆိုလျှင် သူသည် အောဝ်အမတ်ချုပ်၏ မြင်းလှည်းနှင့် တွေ့ပါက ကိုယ်တိုင် ရှေ့သို့ သွားကာ ဒူးထောက်ပြီး မိမိ၏ ကျောပြင်ကို လှေကားထစ်နှယ် အသုံးချစေကာ အောဝ်အမတ်ချုပ်ကို နင်း၍ ဆင်းစေခဲ့သည်ဟု ဆိုသည်။

ခမည်းတော်နှင့် အစ်ကိုတို့ တင်ပြခဲ့သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များစွာမှာလည်း အောဝ်ဖက်တော်သားများ၏ သည်နောက်လိုက်ခွေးကြောင့် ဖျက်ဆီးခံခဲ့ရသည်။

အောဝ်အမတ်ချုပ်က သူ့ကို ပိုလို့ပင် ယုံကြည်လာကာ စစ်အာဏာများကိုပါ ပေးအပ်ခဲ့သော်လည်း အောဝ်မိသားစု၏ ထိုခွေးရူးက နောက်ဆုံးတွင်တော့ မိမိ၏ သခင်ကို ပြန်ကိုက်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြချေ။ နတ်ရွာစံဘုရင် နတ်ရွာစံပြီးနောက် သူသည် အားလုံးကို အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်ခဲ့လေသည်။

သူသည် အစကတည်းက အောဝ်ဖက်တော်သားများထံ ချဉ်းကပ်ခဲ့ခြင်းမှာ အချိန်စောင့်ဆိုင်းနေခြင်းသာ ဖြစ်မည်ဆိုလျှင် ထိုသူ၏ စိတ်နေစိတ်ထားမှာ အလွန်ပင် ကြောက်စရာ ကောင်းလှပေသည်။

အောဝ်အမတ်ချုပ်က သူ့ကို အရေးပေးခဲ့သည်ဆိုလျှင် သူ၏ မိသားစု နောက်ခံကိုလည်း လျှို့ဝှက် စုံစမ်းခဲ့လိမ့်မည်...။

စားပွဲပေါ်က ဖယောင်းတိုင်မီးသည် တဖြည်းဖြည်း လောင်ကျွမ်းကာ အသံတစ်ချက် မြည်သွား၏။

ဖေစုန့်က အောဝ်ဖက်တော်သားများကို အကုန် သတ်ဖြတ်ခဲ့သည်ကို ဝိန်းယွီ ပြန်စဉ်းစားမိသောအခါ သူမ၏ မျက်ဝန်းများမှာ ပိုလို့ပင် အေးစက်လာသည်။ ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့သည်။ ဖေစုန့် ဆိုသည်မှာ အမည်လွှဲထားသော မည်သူမည်ဝါမှန်း မသိသည့် အမှတ်အသား တစ်ခုသာ ဖြစ်လိမ့်မည်။

ဒါဆိုရင်... ငါ့မိဘတွေ၊ အစ်ကိုနဲ့ တူလေးကို သတ်ခဲ့တဲ့ အဲ့ဒီ လူသတ်သမားက တကယ်တမ်း ဘယ်သူလဲ။

သူမ စဉ်းစားနေစဉ်မှာပင် ဝါးပြွန်သေးသေးလေး တစ်ခုက ပြတင်းပေါက်ကို လျှို့ဝှက်စွာ ထိုးဖောက်လာပြီး အတွင်းသို့ အိပ်ဆေး အခိုးအငွေ့များ မှုတ်သွင်းရန် ပြင်လိုက်သည်။ ထိုစဉ် လက်ဝါးချက် တစ်ချက်က ပြတင်းပေါက် အပြင်ဘက်က လူ၏ လည်ပင်းကို ရိုက်ချလိုက်သဖြင့် ထိုသူမှာ ပျော့ခွေ လဲကျသွားကာ ဝါးပြွန်လေးမှာလည်း မြေပြင်ပေါ်သို့ ကျသွားတော့သည်။

ဝိန်းယွီသည် မျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး တင်းမာစွာဖြင့် လှမ်းမေးလိုက်သည်။ "ဘယ်သူလဲ"

ကိုယ်ရံတော်ခေါင်းဆောင်က တံခါးကို တွန်းဖွင့်ကာ အိပ်ဆေး မှုတ်သွင်းရန် ကြံစည်သည့် အစေခံကို ဆွဲခေါ်လာခဲ့သည်။ "သခင်မလေး... ကျွန်တော်ပါပဲ။ ဒီတည်းခိုခန်းက အစေခံတွေ တစ်ခုခု ထူးဆန်းနေတာကို တွေ့လို့ လိုက်စောင့်ကြည့်နေတာ အမှန်ပဲ ဖြစ်နေပါတယ်။ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ ကျွန်တော် လူတွေကို မြင်းလှည်း ပြင်ခိုင်းထားပြီ... သခင်မလေး ကျွန်တော်တို့နဲ့အတူ အမြန် ထွက်သွားရအောင်"

ဝိန်းယွီသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ရုတ်တရက် ပြောလိုက်သည်။ "မဖြစ်ဘူး!"

ကိုယ်ရံတော်က လှည့်ကြည့်ကာ မေးလိုက်လေသည်။ "သခင်မလေး ဘာဖြစ်လို့လဲ"

ဝိန်းယွီက တည်းခိုခန်း တစ်ခုလုံးကို ဝေ့ကြည့်ကာ "ဒီတည်းခိုခန်းက ဖိန်ကျိုး အုပ်ချုပ်ရေးမှူးရုံးက ဖွင့်ထားတာပဲ။ ဒီမှာ အလုပ်လုပ်တဲ့သူတွေကလည်း အစိုးရ အစေခံတွေ ဖြစ်ရမယ်"

သူမ မြို့ထဲဝင်လာချိန်က လူဆိုးများနှင့် တွေ့မှာ စိုးရိမ်သဖြင့် ကိုယ်ရံတော်ခေါင်းဆောင်ကို ငွေများများပေးကာ အစိုးရက ဖွင့်ထားသည့် တည်းခိုခန်းတွင်သာ တည်းခိုခိုင်းခဲ့သည်။

လက်ရှိ အခြေအနေကို စဉ်းစားကြည့်ပြီး သူမက ချက်ချင်း ပြောလိုက်သည်။ "ငါတို့တွေ ထောင်ချောက်ထဲ ရောက်နေပြီ ထင်တယ်။ ဒီတည်းခိုခန်းထဲမှာရှိတဲ့ တခြား ကုန်သည် အုပ်စုတွေကိုပါ နှိုးလိုက်ကြ။ လူများမှ အပြင်ကို ထွက်နိုင်မယ့် အခွင့်အရေး ပိုရှိလိမ့်မယ်”

ကုန်သည် အုပ်စုများမှာ လမ်းပိတ်နေသဖြင့် သည်နေရာတွင် စုမိနေခြင်းမှာ ဖိန်ကျိုး အုပ်ချုပ်ရေးမှူးရုံးက တမင် လုပ်ဆောင်ထားခြင်း ဖြစ်နိုင်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ခရီးသွားများထံမှ ငွေကြေးများကို လုယူရန်သာ ဖြစ်ပေလိမ့်မည်။

ထိုစဉ် လမ်းထောင့်မှ အရာရှိ တစ်ဦးက ဓားကို ကိုင်ကာ ပြေးဝင်လာရာ ကိုယ်ရံတော်ခေါင်းဆောင်က တစ်ချက် ကန်လိုက်သဖြင့် ထိုသူမှာ လက်ရန်းများကို တိုက်မိကာ အောက်ထပ်သို့ ပြုတ်ကျသွားတော့သည်။ သူက အော်ဟစ်လေသည်။ "အရာရှိတွေက ငွေမက်ပြီး လူသတ်နေကြပြီ!"

ဝိန်းယွီသည် ဝတ်ရုံကို တင်းကြပ်စွာ ဝတ်ဆင်ကာ ကိုယ်ရံတော်ခေါင်းဆောင် နောက်မှ လိုက်ပါလာခဲ့သည်။ မြင်းလှည်း ပြင်ရန် သွားသော ကိုယ်ရံတော်က နောက်ဖေးခြံမှ ပြေးလာပြီး အမောတကော ပြောလိုက်၏။ "ခေါင်းဆောင်... မြင်းဇောင်းထဲက မြင်းတွေ အကုန်လုံးကို သူတို့က ဆေးခတ်ထားလို့ အခု တစ်ကောင်မှ မထနိုင်တော့ဘူး"

ကိုယ်ရံတော်ခေါင်းဆောင်က တိုးညှင်းစွာ ကျိန်ဆဲလိုက်သည်။ ဝိန်းယွီက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ကာ အမိန့်ပေးလိုက်၏။ "အထုပ်အပိုးကြီးတွေကို ထားခဲ့လိုက်တော့။ အရေးကြီးတဲ့ ပစ္စည်းတွေကိုပဲ ယူပြီး ဖိန်ကျိုးကနေ အရင် ထွက်ကြမယ်"

တည်းခိုခန်းထဲက အခြား ကုန်သည်များလည်း အခြေအနေ မဟန်ကြောင်း သိသွားကြပြီး အိပ်ဆေး မှုတ်သွင်းရန် ကြံစည်သည့် အရာရှိများနှင့် တိုက်ခိုက်နေကြသဖြင့် အဆောက်အအုံအတွင်းတွင် ရှုပ်ထွေးနေတော့သည်။

ဝိန်းယွီတို့ အုပ်စုသည် အောက်ထပ်ခန်းမသို့ ရောက်ရှိချိန်တွင် တည်းခိုခန်း၌ တည်းခိုနေသော ဖုန်းမိသားစု၏ ကိုယ်ရံတော်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ကြသည်။ သူတို့ နှစ်ဖွဲ့စလုံးမှာ တုံ့ပြန်မှု အမြန်ဆုံး အုပ်စုများ ဖြစ်ကြသည်။ ဝိန်းယွီသည် အစေခံများ ဝိုင်းရံထားသော ဖုန်းမိသားစုမှ အမျိုးသမီး၏ ရင်ခွင်ထဲတွင် ကလေးငယ် တစ်ဦးကို ပွေ့ချီထားသည်ကို သတိထားလိုက်မိသည်။

ဖုန်းမိသားစုမှ အမျိုးသမီးသည်လည်း အကြည့်ကို ခံစားမိသည့်နှယ် ဝိန်းယွီဘက်သို့ လှည့်ကြည့်လာရာ သူတို့ နှစ်ဦးမှာ အကြည့်ချင်း ဆုံသွားခဲ့ကြပြီး အပြင်ဘက်သို့ တူတူ ပြေးထွက်သွားကြတော့သည်။

သို့သော် တည်းခိုခန်း အပြင်ဘက်သို့ ရောက်သည်နှင့် မီးတုတ်များအားလုံး လင်းထိန်သွားတော့သည်။ တည်းခိုခန်း အပြင်ဘက်တွင် လမ်းများကို ပိတ်ဆို့ကာ ကြိုတင် စောင့်ဆိုင်းနေသော စစ်သား ရာနှင့်ချီ ရှိနေလေသည်။

တည်းခိုခန်းထဲမှ ပြေးထွက်လာသော ကုန်သည်များမှာ ထိတ်လန့်သွားကြပြီး အော်ဟစ်နေကြသည်။ "ဘာလို့ စစ်သားတွေ ဒီလောက် များနေရတာလဲ"

"သွားပါပြီ... ငါတို့တော့ မလွှတ်နိုင်တော့ဘူး..."

ဗိုက်ပူပူနှင့် ခရိုင်အရာရှိသည် စစ်သားများ၏ နောက်ကွယ်မှ ထွက်လာကာ တည်းခိုခန်း တာဝန်ခံကို ဆူပူလိုက်သည်။ "မင်း ကိစ္စတွေကို ဘယ်လို လုပ်လိုက်တာလဲ။ ပါးစပ်ထဲ ရောက်ခါနီး ဘဲကြီး လွတ်သွားတော့မလို့"

တည်းခိုခန်း တာဝန်ခံက ခါးကို ညွှတ်ကာ ပြန်ပြောလိုက်လေသည်။ "ကျွန်တော့် လက်အောက်က လူတွေ အသုံးမကျလို့ပါ။ ကျွန်တော် နောက်မှ သူတို့ကို သေသေချာချာ ဆုံးမလိုက်ပါ့မယ်..."

ခရိုင်အရာရှိက နှာခေါင်းရှုံ့လိုက်ပြီး စစ်သားများကို အမိန့်ပေးလိုက်သည်။ "သူတို့ကို ဖမ်းဆီးလိုက်ကြစမ်း!"

အခြေအနေကို သိသော ကုန်သည်များက ချက်ချင်း အသနားခံ တောင်းပန်လေသည်။ "ကျွန်တော်တို့က စီးပွားရေးသမားတွေပါ။ ဒီလမ်းကို ဖြတ်သန်းရင် လူကြီးမင်းကို လက်ဆောင်ပေးရမှာပေါ့။ လူကြီးမင်းက လက်ဆောင်တွေကို ယူပြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ"

ခရိုင်အရာရှိက သူ့မျက်လုံးများကို မှေးစင်းထားကာ စကားပြောသူကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး "ရတာပေါ့။ ဒါပေမဲ့ ဖုန်းမိသားစုက အမတ်ချုပ်ကို စော်ကားထားတာဆိုတော့ ဖုန်းမိသားစုက အမျိုးသမီးကိုတော့ ထားခဲ့ရမယ်။ မင်းတို့က ငါ့အတွက် သူ့ကို ဖမ်းပေးမယ်ဆိုရင် ငါက ငွေတွေကိုပဲ ယူပြီး မင်းတို့ကို ဒုက္ခမပေးပါဘူး"

အရင်က စည်းလုံးနေသော ကုန်သည်များမှာ စိတ်ဓာတ်များ စတင် ယိမ်းယိုင်လာကြပြီး ဖုန်းမိသားစုဘက်သို့ လှည့်ကြည့်လာကြသည်။

ဖုန်းမိသားစု၏ ကိုယ်ရံတော်များမှာလည်း ဖုန်းမိသားစုမှ အမျိုးသမီးကို အလယ်တွင် ထားကာ ဝိုင်းရံထားကြပြီး တိုက်ခိုက်ရန် ပြင်နေသော ကုန်သည် အုပ်စု၏ ကိုယ်ရံတော်များကို ဓားဖြင့် ချိန်ရွယ်ထားကြလေသည်။

ဖုန်းမိသားစုမှ အမျိုးသမီးမှာတော့ ရင်ခွင်ထဲက ကလေးငယ်ကို ပွေ့ပိုက်ထားရင်း လုံးဝကို ထိတ်လန့်ညိုးငယ်သွားတော့သည်။

...

အပိုင်း(၃၆.၂)

ဝိန်းယွီသည် ရုတ်တရက် ပြောလိုက်သည်။ “အားလုံးပဲ၊ ဒီသွေးခွဲတဲ့ အကြံထဲကို မဝင်သွားကြပါနဲ့ဦး”

လူအားလုံးက သူမကို လှည့်ကြည့်လိုက်ကြသော်လည်း သူမ၏မျက်နှာဖုံးနှင့် ကြီးမားသည့်ခြုံံထည်ဦးထုပ်က သူမ၏ မျက်နှာအထက်ပိုင်း တစ်ဝက်နီးပါးကို ဖုံးအုပ်ထားသည်။ လူအများက သူမ၏ သွယ်လျသော ကိုယ်ဟန်ကိုသာ ကြည့်ရင်း သူမမှာ မည်သူမည်ဝါ ဖြစ်နိုင်ကြောင်း တိတ်တိတ်လေး ခန့်မှန်းနေကြရုံသာ တတ်နိုင်သည်။

သို့သော် သူမ၏အေးစက်စက် အသံသည် ညအမှောင်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ “လူကြီးမင်းတို့ သေချာစဉ်းစားကြည့်ကြပါ။ ဒီထုံချန်ကို လာတဲ့ လမ်းတစ်လျှောက်မှာ ထုံချန်အရာရှိက ဦးဆောင်ပြီး လုယက်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ကြားခဲ့ဖူးသလား”

ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ပိုလို့ပင် များပြားလာခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးသည် မျက်လုံးကို မှေးစင်းလျက် ဝိန်းယွီကို ကြည့်လိုက်၏။ သူသည် စိတ်ဓာတ်ယိုင်နဲ့နေသော ကုန်သည်များကို သတိပေးသည့်အနေဖြင့် ပြောလိုက်လေသည်။ “မင်းတို့တွေ ငါ့ဆီမှာ အသက်ရှင်ခွင့် တောင်းခဲ့လို့ ငါက ပေးထားပြီးသားပဲ။ မင်းတို့တွေသာ ဒီလို မျက်နှာဖုံးနဲ့ လူလုံးထွက်မပြရဲတဲ့သူရဲ့ သွေးစကားကို နားယောင်မယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ညှာတာမှာ မဟုတ်ဘူးနော်”

ဝိန်းယွီသည် မျက်လုံးများကို အသာအယာ ပင့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “ရှင်ပေးတာက အသက်ရှင်လမ်းလား။ ရှင်က ကျွန်မတို့ကို အချင်းချင်း သတ်ခိုင်းပြီး သခင်မလေးဖုန်းကို အရင်ဖမ်းချင်တာပဲ။ ပြီးရင်တော့ အကုန်လုံးကို အမြစ်ဖြတ် သတ်မှာပဲ မဟုတ်ဘူးလား။ ရှင်က ဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေကို လုယက်ပြီး ငွေရှာနေတာဆိုတော့ သတင်းတွေ ပေါက်ကြားမှာစိုးလို့ ကျွန်မတို့ကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ပါဘူး”

သူမသည် နောက်ဆုံး အချက်ကို ထိထိမိမိ ပြောလိုက်လေသည်။ “ကျွန်မတို့ ဘာသတင်းမှ မကြားခဲ့ရတာဟာ အရင်က ဒီနေရာကို ဖြတ်သွားတဲ့ ကုန်သည်တွေ အားလုံးက ရှင့်ရဲ့ ဓားအောက်မှာ သေလူတွေ ဖြစ်ကုန်လို့ပဲ ဖြစ်မှာပေါ့”

ကုန်သည်များမှာ ပါးနပ်သူများ ဖြစ်ကြသဖြင့် ဝိန်းယွီက အကျိုးအပြစ်ကို သည်လောက်အထိ ရှင်းပြပြီးနောက်တွင် အရာရှိကို ယုံကြည်ပြီး အသက်ကို လောင်းကြေးမထပ်ရဲကြတော့ချေ။ လူအားလုံးက ပြန်လည် စုစည်းလိုက်ကြသည်။

သခင်မလေးဖုန်းကတော့ ကလေးကို ပွေ့ချီထားရင်း ဝိန်းယွီရှိရာဘက်သို့ မှင်သက်စွာ ငေးကြည့်နေမိသည်။

ခရိုင်အုပ်ချုပ်ရေးမှူး၏ အကြံအစည်မှာ ဝိန်းယွီ၏ စကားအနည်းငယ်ကြောင့် ပျက်စီးသွားရသဖြင့် သူ့မျက်နှာမှာ ကြည့်ရဆိုးလာတော့သည်။ သူ၏ ဖောင်းကားနေသော မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။ “မင်းတို့က ကိုယ့်အသေတွင်း ကိုယ်တူးနေကြတာပဲ။ အားလုံးကို ဖမ်းလိုက်စမ်း!”

ကိုယ်ရံတော်များနှင့် စစ်သည်များမှာ အကြီးအကျယ် ရိုက်နှက်တိုက်ခိုက်ကြတော့သည်။ လက်ရွေးစင် ကိုယ်ရံတော်များကတော့ သူတို့၏ သခင်များကို ကာကွယ်ရင်း မြို့ပြင်သို့ ထွက်ပြေးကြသည်။ မြင်းလှည်းများ မရှိသဖြင့် ခြေကျင်သာ ပြေးနေရသောကြောင့် အရေအတွက် သာလွန်သော ထုံချန်စစ်သည်များနှင့် အလှမ်းဝေးရန် ရုန်းကန်နေရတော့သည်။

ဝိန်းယွီ ခေါ်ဆောင်လာသော ကိုယ်ရံတော်များသည် ကျိုးကျင့်အန်းက အိမ်တော်စောင့် စစ်သည်များထဲမှ သေသေချာချာ ရွေးချယ်ပေးထားသူများ ဖြစ်ကြသဖြင့် အခြားကုန်သည်များထက် သိုင်းပညာ သာလွန်ကြသည်။ သူမတို့နှင့် သခင်မလေးဖုန်းတို့မှာ အရင်ဆုံး ထိုးဖောက် ထွက်နိုင်ခဲ့ကြသည်။ သခင်မလေးဖုန်း ထွက်ပြေးသွားသည်ကို မြင်သောအခါ ခရိုင်အုပ်ချုပ်ရေးမှူးက အော်ဟစ်လိုက်သည်။ “လိုက်ကြစမ်း! သခင်မလေးဖုန်းကို သေချာပေါက် ဖမ်းခဲ့ကြ!”

မြင်းစီးစစ်သည်များသည် မကြာခင်ပင် လိုက်မီလာပြီး ပြေးလွှားနေသော လူအုပ်ထဲသို့ မြားများဖြင့် ပစ်ခတ်ကြသည်။

ကိုယ်ရံတော်များနှင့် အစေခံများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။

ရန်သူက အင်အား သာလွန်နေသဖြင့် သခင်များက အမိန့်မပေးရဘဲ နှစ်ဖက်စလုံးမှ ကိုယ်ရံတော်များသည် နားလည်မှုရှိရှိဖြင့် ပူးပေါင်းလိုက်ကြ၏။ သူတို့က လိုက်လာသော စစ်သည်များကို ဟန့်တားထားပြီး သခင်များကို မြို့တံခါးဆီသို့ အမြန်ဆုံး ထွက်ပြေးခိုင်းသည်။

ဝိန်းယွီသည် ကိုယ်ရံတော်များနှင့် ကွဲကွာသွားပြီးနောက် ကျွန်ကုန်သည်များလက်မှ အကြိမ်ကြိမ် ထွက်ပြေးဖူးသူ ဖြစ်သည်။ ယခုအချိန်တွင် သူမမှာ အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲတွင် လေအေးများကြောင့် နာကျင်နေသော်လည်း နောက်ကျမကျန်ခဲ့ချေ။

သူတို့သည် မြို့တံခါးနှင့် နီးကပ်လာချိန်၌ သခင်မလေးဖုန်းသည် ကလေးကို ပွေ့ချီရင်း ချော်လဲသွားတော့သည်။ ကလေးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အကြီးအကျယ် ငိုယိုနေပြီး သူမ၏ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေကာ အားကိုးရာမဲ့စွာဖြင့် မျှော်လင့်ချက် ကင်းမဲ့လို့နေသည်။ အနောက်ဘက်မှ လိုက်လာသူများမှာ အနီးသို့ ရောက်နေပြီ ဖြစ်သော်လည်း ရှေ့မှ မြို့တံခါးဝတွင်တော့ ကိုယ်ရံတော်များသည် တံခါးဖွင့်နိုင်ရန် စစ်သည်များနှင့် အသည်းအသန် တိုက်ခိုက်နေကြဆဲပင်။

ဝိန်းယွီသည် ထိုကလေး၏ ငိုသံကို ကြားသောအခါ အသတ်ခံလိုက်ရသော တူဖြစ်သူကို သတိရသွားတော့သည်။ မြို့တံခါးပွင့်ရန် အချိန်လိုနေသေးသဖြင့် သူမသည် အရှေ့သို့ တိုးသွားကာ ကလေးကို ပွေ့ချီလိုက်ပြီး သခင်မလေးဖုန်းကို တွဲထူရန် ပြင်လိုက်၏။

သို့သော် တစ်ဖက်လူက သူမကို မျက်ရည်များဖြင့် ကြည့်ကာ မေးလိုက်လေသည်။ “ရှင်က ဟန့်ယန်မင်းသမီး မဟုတ်လား “

ဝိန်းယွီသည် တစ်ဖက်လူက သူမကို မည်သို့ မှတ်မိသွားသည်ကို မသိသဖြင့် ဝန်ခံရန် တွန့်ဆုတ်နေစဉ်မှာပင် တစ်ဖက်လူက သူမကို အားဖြင့် တွန်းလိုက်သည်။ “သတိထား!”

ဝိန်းယွီသည် ကလေးကို ပွေ့ချီထားရင်း နောက်သို့ ယိုင်သွားသော်လည်း သခင်မလေးဖုန်းကတော့ ရင်ဘတ်ကို မြားမှန်သွားလေပြီ။ ဝိန်းယွီ၏ နားအနီးမှ ဖြတ်သွားသော မြားတစ်စင်းကြောင့် မျက်နှာဖုံးရှိ သံကြိုးလေး ပြတ်တောက်သွားပြီး ဝတ်ရုံ၏ ခေါင်းစွပ်မှာလည်း နောက်သို့ လှန်ကျသွားတော့သည်။ မျက်နှာဖုံးမှာ ပြုတ်ကျသွားပြီး သူမ၏ ဆံနွယ်များမှာ လေထဲတွင် လွင့်ဝဲနေ၏။ သူမ၏ မျက်ဝန်းများတွင် သနားစရာ အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး နှင်းတောထဲက လရောင်အောက်ရှိ ကြာပန်းလေးတစ်ပွင့်နှယ်။

သခင်မလေးဖုန်းသည် သူမ၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ သူမမှာ မည်သူဖြစ်ကြောင်း သေချာသွားပုံ ရသည်။ သူမသည် အားနည်းသော အသံဖြင့် ပြောလိုက်၏။ “ကျွန်မ တောင်းပန်ပါတယ်... ကျွန်မရဲ့ သမီးလေးကို မြို့ပြင်ကို ခေါ်သွားပေးပါဦး...”

ဖုန်းမိသားစု၏ ကျန်ရှိသော ကိုယ်ရံတော်များသည် လိုက်လာသော စစ်သည်များကို ဟန့်တားရန် ရှေ့သို့ ပြေးဝင်သွားကြသည်။ သူမ၏ ရင်ဘတ်တွင် သွေးများ ရဲရဲနီနေပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ချေ။ ဝိန်းယွီသည် ရင်ခွင်ထဲက ငိုသံတိုးသွားသော ကလေးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမက မေးလိုက်သည်။ “ဖေစုန့်က ဘာဖြစ်လို့ ရှင့်ရဲ့ ဖုန်းမျိုးနွယ်စု တစ်ခုလုံးကို သတ်ခိုင်းတာလဲ ဆိုတာ သိသလား”

သခင်မလေးဖုန်းသည် ပါးစပ်မှ သွေးများ ထွက်လာပြီး ခက်ခဲစွာ ပြောလိုက်လေသည်။ “သူက... ချင်... ချင်...”

နောက်ဘက်ရှိ စစ်သည်များက ဖုန်းမိသားစု ကိုယ်ရံတော်၏ ဦးခေါင်းကို ဖြတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “သူတို့ကို ထွက်မပြေးစေနဲ့!”

ထိုအချိန်မှာပင် မြို့တံခါးမှာ ဆူညံသော အသံကြီးဖြင့် ပွင့်လာပြီး ကိုယ်ရံတော်များက ဝိန်းယွီကို အော်ခေါ်လိုက်ကြသည်။ “သခင်မလေး၊ မြန်မြန် လာခဲ့ပါ!”

ဝိန်းယွီသည် ထပ်မေးရန် အချိန်မရှိတော့သဖြင့် သခင်မလေးဖုန်းကိုသာ ပြောလိုက်ရတော့သည်။ “ကျွန်မ ရှင့်ရဲ့ သမီးလေးအတွက် စိတ်ချရတဲ့ မိသားစုတစ်ခုကို ရှာပေးပါ့မယ်”

ပြောပြီးသည်နှင့် သူမသည် ကလေးကို ပွေ့ချီကာ မြို့တံခါးဆီသို့ အပြေးထွက်လာခဲ့တော့သည်။ ဝိန်းယွီ ထွက်ခွာသွားသည်ကို ကြည့်ရင်း သခင်မလေးဖုန်းသည် မျက်ရည်တစ်စက် ကျလာပြီးနောက် မျက်လုံးများကို မှိတ်သွားတော့သည်။

ကိုယ်ရံတော်ခေါင်းဆောင်သည် သူ့လူများနှင့်အတူ မြင်းများကို လုယူလာခဲ့၏။ ဝိန်းယွီ ရောက်လာသောအခါ အမျိုးသမီး ကိုယ်ရံတော် တစ်ယောက်က သူမကို မြင်းပေါ်သို့ ဆွဲတင်လိုက်သည်။ ဝိန်းယွီသည် သူမ၏ လက်ကို ကိုင်ကာ မြင်းပေါ်သို့ တက်လိုက်ပြီး တစ်ဖက်လူက မြင်းကို ဒုန်းစိုင်းစီးကာ မြို့ပြင်သို့ ထွက်ပြေးခဲ့ကြသည်။ ကျန်ရှိသူများကလည်း နောက်မှ လိုက်ပါလာကြသည်။

မြို့ပြင်သို့ ရောက်သောအခါ သူတို့မှာ တစ်စက္ကန့်လေးမှ မနားဘဲ လမ်းမကြီးပေါ်တွင် မြင်းကို အရှိန်ပြင်းစွာ စီးပြီး ထွက်ပြေးခဲ့ကြသည်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် သူ၏ ဖောင်းကားသော ခန္ဓာကိုယ်ကို ဆွဲကာ ရောက်လာချိန်တွင် လူတချို့ ထွက်ပြေးသွားကြောင်း သိလိုက်ရသဖြင့် ဒေါသတကြီးဖြင့် စစ်သည်များကို ကန်ကျောက်လေတော့သည်။ “ဘာလုပ်နေကြတာလဲ! ဒီလောက် နှစ်တွေ အများကြီး ရှိနေတာတောင် ကုန်သည် ကိုယ်ရံတော်တွေကိုတောင် မတားနိုင်ဘူးလား!”

စာရေးအရာရှိက အလောင်းများကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။ “လူကြီးမင်း၊ ဒေါသမထွက်ပါနဲ့ဦး။ အနည်းဆုံးတော့ သခင်မလေးဖုန်း ထွက်မပြေးနိုင်ခဲ့ပါဘူး”

ထိုအခါမှ ခရိုင်အုပ်ချုပ်ရေးမှူးက စိတ်နည်းနည်း ပြေသွားသော်လည်း အလောင်းနားသို့ သွားကြည့်ချိန်တွင် ကလေးကို မတွေ့သဖြင့် မျက်နှာ ပျက်သွားပြန်သည်။ “သူချီထားတဲ့ ကလေးကရော ဘယ်မှာလဲ”

စာရေးအရာရှိကလည်း မည်သို့ဖြစ်သွားသည်ကို မသိချေ။ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါသထွက်တော့မည်ကို မြင်သောအခါ ထောင့်တစ်နေရာတွင် ကြောက်လန့်နေသော အစေခံမလေးကို တွေ့လိုက်ပြီး စစ်မေးလိုက်လေသည်။ အစေခံမလေးမှာ ကြောက်လွန်းသဖြင့် တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ “ကျွန်မကို မသတ်ပါနဲ့... မသတ်ပါနဲ့...”

စာရေးအရာရှိက အော်ဟစ်မေးလိုက်သည်။ “မင်းတို့ရဲ့ သခင်မလေး ဘယ်မှာလဲ”

အစေခံမလေးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ “သခင်မကြီးက မင်းသမီးကို ပေးလိုက်ပါတယ်...”

စာရေးအရာရှိက အံ့ဩတကြီးဖြင့် မေးလိုက်သည်။ “မင်းသမီး ဟုတ်လား”

ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ထိတ်လန့်သွားပြီး မေးလိုက်သည်။ “ဘာပြောတယ်၊ ဘယ်မင်းသမီးလဲ”

အစေခံမလေးက ကြောက်လွန်းသဖြင့် ငိုယိုကာ ပြောလိုက်၏။ “ကျွန်မ မသိပါဘူး... သခင်မကြီးက ဟန့်ယန်မင်းသမီးလားလို့ မေးတာကိုပဲ ကြားခဲ့ရတာပါ...”

စာရေးအရာရှိနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အော်ဟစ် ရယ်မောလိုက်ကြတော့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးက ဝမ်းသာအားရ ပြောလိုက်သည်။ “မြန်မြန် လိုက်ကြစမ်း! လူအင်အား ထပ်တိုးပြီး လိုက်ဖမ်းခိုင်းလိုက်! အမတ်ချုပ်ကြီးဆီကိုလည်း ဟန့်ယန်မင်းသမီးရဲ့ သတင်းကို တွေ့ပြီလို့ စာပို့လိုက်ဦး။ ဒီလို အကျိုးဆောင်မျိုး လုပ်နိုင်ရင်တော့ ငါ့ရဲ့ ရာထူးက တက်တော့မှာပဲ!”

____

ယုံချန်မြို့။

မှုန်မှိုင်းကာ ညိုးငယ်ရသော နောက်တစ်နေ့ပင်။ ကျိုးအိမ်တော်သည် ဆက်တိုက် ထိုးနှက်ချက်များကြောင့် အခြေအနေ မကောင်းလှချေ။ အိမ်တော်စောင့် စစ်သည်များမှာလည်း စိတ်ဓာတ်ကျနေကြသည်။

သို့သော် သခင်လေးက အမိန့်ပေးထားသဖြင့် လမ်းကင်းလှည့်ရဦးမည်။

အိမ်တော်စောင့် စစ်သည် တစ်ယောက်သည် မုန့်ဝယ်နေစဉ် စားသောက်ဆိုင်မှ စကားသံများကို ကြားလိုက်ရ၏။ “ကျွန်တော် ခုနက မြို့ထဲဝင်လာတုန်းက ကြားခဲ့တာ။ မနေ့ညက သင်္ချိုင်းနားက တောထဲမှာ ဝံပုလွေတွေ တစ်ညလုံး အော်နေကြတာတဲ့။ ဒီမနက် မုဆိုးတွေ သွားကြည့်တော့ ဝံပုလွေ အလောင်းတွေ အများကြီး တွေ့ခဲ့တယ်တဲ့...”

ကင်းစောင့်စစ်သည်သည် ပေါက်စီကို ကိုက်စားရင်း လမ်းလျှောက်ပြန်လာကာ အသံထွက်၍ ရေရွတ်မိလေသည်။ "ညဉ့်နက်သန်းခေါင်ယံမှာ အလုပ်အားနေလို့ တောင်ပေါ်တက်ပြီး ဝံပုလွေသွားသတ်တဲ့သူက ဘယ်သူပါလိမ့်"

ထိုစကား မဆုံးသေးခင်မှာပင် သူသည် မှောင်မည်းသော လမ်းကြားတစ်ခုအတွင်းသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရလေသည်။

ထိုသူ၏ အရပ်အမောင်းမှာ မြင့်မားထွားကြိုင်းလှသည်။ အေးစက်လှသော နှင်းခဲများကြားတွင် ရှိနေသော်ငြားလည်း သူ့ထံမှ သွေးရနံ့ ခပ်သဲ့သဲ့ကို မသဲမကွဲ ရနေသေးသည်။

အိမ်တော်စောင့်စစ်သည်က ပြန်လည်ခုခံရန် ပြင်လိုက်သော်လည်း သူ၏လက်များမှာ သက်သောင့်သက်သာပင် နောက်သို့ လိမ်ချိုးခြင်းခံလိုက်ရပြီး နံရံတွင် ကပ်သွားလေသည်။ ထို့နောက် သူ့ကျောဖက်မှ နက်ရှိုင်းပြီး အက်ကွဲသော အသံတစ်သံ ထွက်ပေါ်လာသည်။ "ရှောင်လု... ငါပါ"

အိမ်တော်စောင့်စစ်သည်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ရင်းလှမ်းခေါ်လိုက်လေသည်။ "အစ်ကိုရှောင်း!"

ထိုလူသည်လည်း သူ့လက်များကို လွှတ်ပေးလိုက်တော့သည်။

စစ်သည်က မေးလိုက်၏။ “အစ်ကိုရှောင်း၊ အစ်ကို မနေ့ညက ဘယ်ပျောက်နေတာလဲ။ ဘာလို့ စစ်သည်ဝတ်စုံလည်း မဝတ်တော့တာလဲ”

ရှောင်းလိသည် ဝါးခမောက် ဆောင်းထားပြီး အဝတ်အစားများကိုလည်း သိုင်းသမားတို့ ဝတ်လေ့ရှိသည့် သာမန်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ပုံမှန်အတိုင်း ပြောလိုက်သည်။ “ငါ အိမ်တော်မှာ ဆက်ပြီး အလုပ်မလုပ်တော့ဘူး။ သခင်လေးကို ငါ့ကိုယ်စား နှုတ်ဆက်စကား ပြောပေးပါဦး”

စစ်သည်မှာ ရှောင်းဟွေ့နျန်၏ ကိစ္စကြောင့် ဖြစ်မည်ဟု ထင်ပြီး စိတ်မကောင်း ဖြစ်သွားတော့သည်။ “ဒါဆို အစ်ကိုရှောင်း ဘယ်ကို သွားမှာလဲ”

ရှောင်းလိက ပြန်မပြောဘဲ ဝါးခမောက်ကို အသာပြင်ဆင်လိုက်ပြီး ပြောလိုက်သည်။ “သခင်လေးကလွဲရင် တခြားသူကို မပြောနဲ့ဦး”

စစ်သည်မှာ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် ရှောင်းလိမှာ ပျောက်ကွယ်သွားတော့သည်။

သူသည် ဇဝေဇဝါဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။ "ဟေး... သူ ဘယ်ရောက်သွားတာလဲ"

သူ့ကို စောင့်ဆိုင်းနေကြသော အခြားအိမ်တော်စောင့်စစ်သည်များက လိုက်လံရှာဖွေနေကြပြီး အော်ဟစ်ကာ ပြောလိုက်ကြသည်။ "မင်း ဒီမှာ ဘာတွေ အချိန်ဆွဲနေတာလဲ။ အားလုံးက မင်းကို စောင့်နေကြတာကို!"

အိမ်တော်စောင့်စစ်သည်က အလောတကြီး ပြန်ထူးလိုက်၏။ "လာပြီ!"

သူသည် လက်ထဲက ပေါက်စီကို အမြန်ဆုံး စားသောက်လိုက်ပြီး အဖွဲ့ရှိရာသို့ အပြေးကလေး လိုက်သွားတော့သည်။

___

နေဝင်ရီတရောအချိန်တွင် ကျိုးစွေသည် ထိုအိမ်တော်စောင့်စစ်သည်၏ထံမှ ရှောင်းလိက တိတ်တဆိတ် နှုတ်ဆက်ထွက်ခွာသွားကြောင်းကို သိရှိလိုက်ရသည့်အချိန်၌ပင် အခြားသောသတင်းတစ်ပုဒ်သည်လည်း အိမ်တော်တစ်ခုလုံးသို့ ပေါက်ကွဲထွက်လာသည့်နှယ် ပြန့်နှံ့သွားတော့သည်။ __ ရှင်းလျဲ့ သေဆုံးသွားခြင်းပင်။

သူ၏ဦးခေါင်းမှာ ခုတ်ဖြတ်ခံထားရပြီး ဘယ်နေရာမှာမှ ရှာမတွေ့ချေ။

ထိုသတင်းကို ကြားလိုက်ရသည့်အခိုက်တွင် အိမ်တော်စောင့်စစ်သည်၏ မျက်နှာမှာလည်း ကျိုးစွေ၏မျက်နှာကဲ့သို့ပင် ပြောင်းလဲသွားတော့သည်။

ကျိုးစွေသည် တိမ်ဝင်နေသည့်အသံဖြင့် ပြောလိုက်၏။ "မြန်မြန်! မနေ့က မင်းနဲ့အတူ လမ်းကင်းလှည့်ခဲ့တဲ့ ညီအစ်ကိုတွေအားလုံးကို စုလိုက်"

အိမ်တော်စောင့်စစ်သည်သည် စိုးရိမ်တကြီးဖြင့် ခေါင်းညိတ်ပြကာ အလျင်အမြန်ပင် ပြေးထွက်သွားတော့သည်။

သိပ်မကြာခင်မှာပင် ကျိုးစွေ၏အခန်းအတွင်းသို့ အိမ်တော်စောင့်စစ်သည်အချို့ ရောက်ရှိစုဝေးလာကြပြီး အပြင်ဘက်တွင်တော့ အိမ်တော်ထိန်းကြီးကိုယ်တိုင် စောင့်ကြပ်နေလေသည်။

ကျိုးစွေက သူတို့ကို ကြည့်လိုက်ပြီးနောက် ချောင်းဆိုးနေရင်းက ပြောလိုက်၏။ “မင်းတို့အားလုံးက ငါ့အဖေ သေသေချာချာ ရွေးချယ်ပေးခဲ့တဲ့ လူတွေပဲ။ မင်းတို့ကို ငါ ယုံတယ်။ ရှင်းလျဲ့ သေပြီ။ ရှောင်းလိ လုပ်တာလားဆိုတာ ငါ မသိပေမယ့် ဖေစုန့်ကတော့ အမြစ်ဖြတ်မှာပဲ။ ကျိုးအိမ်တော်နဲ့ မင်းတို့အားလုံးအတွက် အနောက်ဘက်ခြံဝင်းမှာ တာဝန်ကျတဲ့ ရှောင်းလိနဲ့ အိမ်တော်စောင့်တွေက မနေ့ကတည်းက ရှင်းလျဲ့ရဲ့ လက်ချက်နဲ့ သေသွားပြီလို့ပဲ အားလုံးက မှတ်ထားကြရမယ်။ သူတို့ရဲ့အလောင်းတွေကိုလည်း အလောင်းပစ်တဲ့နေရာကို သွားပစ်လိုက်ပြီးပြီ။ ရှင်းလား”

အိမ်တော်စောင့်စစ်သည်များ ချွေးအေးများ ထွက်လာပြီး အလျင်အမြန် အတည်ပြုလိုက်ကြလေသည်။ “ကျွန်တော်တို့ မှတ်ထားပါ့မယ်၊ သခင်လေး”

__

တချိန်ထဲတွင် ကျိုးအိမ်တော် စာကြည့်ခန်းအတွင်း။

ဖေစုန့်သည် ဒေါသတကြီးဖြင့် ဟွမ်ဟွာလီစားပွဲကို အားဖြင့် ရိုက်ချလိုက်သည်။ “ရှင်းလျဲ့လို စစ်သူကြီး တစ်ယောက်က ဒီလို နေရာမှာ ခေါင်းဖြတ်ခံရတာဟာ တကယ့် အရှက်ကွဲစရာပဲ!”

ဖေစုန့်သည် သတင်းယူဆောင်လာသော စစ်သည်ကို မော့ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်လေသည်။ "သူက အကွက်ဆင်ပြီး အသတ်ခံလိုက်ရတာလား"

စစ်သည်သည် ဒူးတစ်ဖက် ထောက်လိုက်ပြီး ခေါင်းခါပြလိုက်၏။ "မှုခင်းသမားတော်က အလောင်းတွေကို စစ်ဆေးကြည့်တဲ့အခါ စစ်သူကြီးရှင်းရဲ့ ကိုယ်ရံတော်တွေအားလုံးဟာ တစ်ချက်တည်းနဲ့ အသတ်ခံထားရတာကို တွေ့ရပါတယ်။ စစ်သူကြီးရှင်းရဲ့ အရိုးတွေကလည်း တစ်စစီ ကြေမွနေသလို အတွင်းကလီစာတွေမှာလည်း သွေးယိုစီးထားတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ရန်သူက သူ့ကို လုံးဝ မလှုပ်နိုင်အောင် လုပ်ပြီးမှပဲ... အဲ့ဒီနောက်မှ ခေါင်းကို ဖြတ်သွားတာကတော့ သေချာပါတယ်"

ဒေါသထွက်နေသော ဖေစုန့်သည် စားပွဲပေါ်ရှိ စာလိပ်များအားလုံးကို အောက်သို့ ဆွဲချပစ်လိုက်ပြီး သူ့နားထင်တွင် သွေးကြောများပင် ထောင်တက်နေတော့သည်။ သူ၏အသံမှာလည်း ရေခဲတမျှ အေးစက်နေပြီး ပြောလိုက်လေသည်။ "သိပ်ကောင်းတယ်။ ဒီယုံချန်ကတော့ တကယ့်ကို နဂါးပုန်း ကျားဝပ်တဲ့ နေရာပဲ"

မနေ့က သူသည် ရှင်းလျဲ့ကို စစ်ကြိမ်ဒဏ် ၂၀ ရိုက်ရန် အမိန့်ပေးခဲ့သော်လည်း ၎င်းမှာ သတိပေးရုံမျှသာ ဖြစ်သည်။ ယုံချန်မြို့အတွင်း၌ ဆေးဖက်ဝင်အပင်များနှင့် ရိက္ခာများကို မရရှိနိုင်သဖြင့် အနီးနားရှိ မြို့များသို့ သွားရောက်စုံစမ်းရန်အတွက် ရှင်းလျဲ့ကို စစ်သည် ၁၀ယောက်ကျော်နှင့်အတူ ယနေ့ မြို့ပြင်သို့ စေလွှတ်ခဲ့သည်။

ဤကဲ့သို့သော ဘေးအန္တရာယ်မျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ကြိုတင်ခန့်မှန်းနိုင်ပါမည်နည်း။

သူသည် သူ့မျက်လုံးများကို အေးစက်စွာ ပင့်လိုက်ပြီး "ကျိုးစွေကို ငါ့ဆီ ခေါ်ခဲ့စမ်း!"

သို့သော် ထိုအမိန့်ကို မလုပ်ဆောင်ခင်မှာပင် နောက်ထပ်စစ်သည်တစ်ဦးသည် စာကြည့်ခန်းထဲသို့ အလောတကြီး ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "လူကြီးမင်း၊ တင်းကျိုးကနေ အရေးကြီးသတင်း ရောက်လာပါတယ်!"

ထိုစကားကြောင့် ဖေစုန့်သာမက မျက်မှောင်ကြုတ်နေသော အကြံပေးအမတ်ပါ မော့ကြည့်လိုက်ကြ၏။

တင်းကျိုးသည် ဖေစုန့်နှင့် ရှော့ပျန်းနယ်စား ဝေ့ချီရှန်းတို့ကြား ပထမဆုံး စစ်ခင်းခဲ့သော နေရာဖြစ်သည်။ ယုံချန်သို့ မလာခင်က သူတို့သည် အသေးစိတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ တင်းကျိုးတွင် ရိက္ခာနှင့် စစ်အင်အား အလုံအလောက် ရှိနေသည်။ ဝေ့ချီရှန်း၏ စစ်တပ်ကမူ သည်လောက် တိုတောင်းသော အချိန်အတွင်း ထိုနေရာကို လှုပ်ခတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုနေရာတွင် မည်သို့သော ကိစ္စရပ်မျိုး ဖြစ်ပွားခဲ့ပါသနည်း။

...

All Chapters