အခန်း ၃၇
Vol. 4 Ch. 37
အပိုင်း (၃၇.၁)
ဖေစုန့်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရင်း မိန့်ကြားလိုက်၏။ “စစ်သတင်းကို တင်ပြစေ”
သူ့ဘေးတစ်ဖက်တစ်ချက်တွင် ခစားနေကြသော ကိုယ်ရံတော်များအနက်မှ တစ်ဦးသည် အလျင်အမြန်ပင် အောက်သို့ဆင်းသွားကာ စစ်သတင်းကို လက်ခံယူပြီးနောက် ကိုယ်ကိုကိုင်းညွတ်လျက် တရိုတသေ ဆက်သလိုက်သည်။
ဖေစုန့်သည် စာကို ဖောက်ဖတ်ကြည့်လိုက်သောအခါ ဒေါသမှာ ယခင်ကထက် ပိုလို့ပင် ကြီးထွားလာလေတော့သည်။ သူသည် လက်နှစ်ဖက်ဖြင့် စားပွဲခုံကို အားပြုထောက်ထားလိုက်၏။ မျက်ဝန်းအောက်ခြေတွင် ဒေါသလှိုင်းတံပိုးတို့မှာ ပြင်းထန်စွာ ရိုက်ခတ်နေပြီး အေးစက်စက် အသံဖြင့် တစ်လုံးချင်း ရေရွတ်လိုက်လေသည်။ “ဟန်ကျိုးက ရန်မျိုးနွယ်စု!”
ဟန်ကျိုးမှ ရန်မျိုးနွယ်စုသည် လျန်ဝမ်ဖေး၏ မိခင်မျိုးနွယ်စု ဖြစ်၏။
အခြေအနေ မဟန်မှန်း သိလိုက်သော အကြံပေးအမတ်သည် စစ်သတင်းစာကို ယူကာ ဖတ်ကြည့်လိုက်ပြီး အလွန်အမင်း ထိတ်လန့်သွားသွားတော့သည်။ သူ့ဆိတ်မုတ်ဆိတ်ကို အသာအယာ သပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေမိသည်။ “ကျွန်တော်တို့ ပေါ့ဆသွားမိတာပဲ။ တင်းကျိုးကို သိမ်းပိုက်ပြီးရင် ဟန်ကျိုးက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ သူတို့တွေက အနီးနားက ပြည်နယ်တွေကို စည်းရုံးပြီး ဝေ့ချီရှန်းဆီကို ခိုလှုံသွားလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။ အခုတော့ တင်းကျိုးကို ဝိုင်းထားသလို ဖြစ်သွားပြီ...”
အကြံပေးအမတ်၏ မုတ်ဆိတ်သပ်နေသော လက်မှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာအမူအရာမှာလည်း လေးနက်သွားတော့သည်။ “ဒါပေမဲ့... ဒါက မဖြစ်နိုင်တာပဲ။ ဟန်ကျိုးက ရန်မျိုးနွယ်စုက လျန်ဝမ်ဖေးရဲ့ မိခင်မျိုးနွယ်စု ဖြစ်ပေမဲ့ သူတို့ ရန်မိသားစုက ကိုယ့်ကိုယ်ကိုယ် မြင့်မြတ် သန့်ရှင်းတယ်လို့ ယူဆကြတာ။ အခုလက်ရှိ မျိုးနွယ်စုခေါင်းဆောင်ကလည်း စာပေဆွေးနွေးတာကိုပဲ ဝါသနာပါပြီး တိုင်းရေးပြည်ရာတွေကို စိတ်မဝင်စားတဲ့သူပဲ။ ဟန်ရှန်းစာသင်ကျောင်းရဲ့ ဂုဏ်သတင်းကိုပဲ ထိန်းသိမ်းပြီး အစိုးရအလုပ်တောင် မလုပ်တဲ့သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အမြင်ကျယ်တဲ့ အကြံအစည်မျိုး ရှိနိုင်မှာလဲ။ ဒါမှမဟုတ်... တစ်စုံတစ်ယောက်က သူ့နောက်ကွယ်ကနေ ကြိုးကိုင်နေတာလား”
အကြံပေးအမတ်သည် ထိုသို့တွေးမိသည်နှင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အလျင်အမြန်ပင် လက်နှစ်ဖက်ကို ယှက်ကာ ဖေစုန့်ကို လျှောက်တင်လေသည်။ “ကျူကျွင်း... တကယ်လို့ ဒါဟာ ဝေ့ချီရှန်းက ရန်မိသားစုကို စည်းရုံးဖို့ လူလွှတ်လိုက်တာဆိုရင်တော့ ဒီလူရိုင်းတွေက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ရင်ဆိုင်ရ ခက်ခဲပါလိမ့်မယ်။ တင်းကျိုးတိုက်ပွဲဟာ ကျူကျွင်းနဲ့ ဝေ့ချီရှန်းတို့ကြားက စစ်ရေးအသာစီးရမှုအတွက် အရမ်းအရေးကြီးပါတယ်။ အခုတော့ တင်းကျိုးက အန္တရာယ်ရှိနေပြီ! စစ်သူကြီးရှင်းရဲ့ ကိစ္စကလည်း ဝေ့ချီရှန်းရဲ့ လက်ချက်သာဆိုရင်တော့ ကျူကျွင်းအတွက် အခြေအနေက တကယ်ကို မဟန်တော့ပါဘူး! ကျူကျွင်းအနေနဲ့ အမြန်ဆုံး စစ်ဗျူဟာတွေ ချမှတ်ပြီး တင်းကျိုးကို စစ်ကူလွှတ်ဖို့ မျှော်လင့်ပါတယ်!”
ဖေစုန့်သည် ဟွမ်ဟွာလီထိုင်ခုံပေါ်တွင် ထိုင်ကာ နားထင်ကို လက်ဖြင့် ထောက်ထားရင်း မျက်လုံးမှိတ်၍ ခဏတာ စဉ်းစားနေပြီးနောက် ပြန်လည်တည်ငြိမ်သွားသည့်နှယ် ပြောလိုက်လေသည်။ “ဆရာကြီး... ကျုပ်တို့ ယုံချန်ကို ရောက်လာကတည်းက အရာအားလုံးက အဆင်ပြေချောမွေ့နေသလို ထင်ရပေမဲ့ တကယ်တမ်းတော့ ရွှံ့နွံထဲကို ခြေတစ်ဖက် နစ်ဝင်သွားသလိုမျိုး ခံစားနေရတယ်လို့ ဆရာကြီး မထင်ဘူးလား”
အကြံပေးအမတ်က ချီတုံချတုံ ဖြစ်သွားပြီး “ကျူကျွင်း ဆိုလိုတာက ယုံချန်မြို့ထဲမှာ ရိက္ခာနဲ့ ဆေးဝါးတွေ သိမ်းဆည်းလို့ မရတဲ့ကိစ္စကို ပြောတာလား”
ဖေစုန့်က ခေါင်းခါပြကာ “ဒါတင်မကဘူး။ ယုံချန်က လက်နက်ချလိုက်ပြီဆိုပေမဲ့ လောကသားတွေ ချီးကျူးနေကြတာကတော့ ရှေ့မင်းဆက် အမတ်တွေရဲ့ ဂုဏ်သိက္ခာကိုပဲ။ ကျိုးကျင့်အန်း ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အချိန်က ဟန့်ယန်က ကျုပ်ကို ရှုတ်ချတဲ့အချိန်နဲ့ ကွက်တိ ဖြစ်နေတာက တကယ့်ကို ထူးဆန်းလွန်းတယ်။ ဒီနှစ်ရက်အတွင်းမှာ ဟော်ခွန်းအမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ပြန်စစ်ကြည့်တော့ ဟော်ခွန်းအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဟယ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက သူတို့အရင်က ပေးကမ်းခဲ့တဲ့ ပမာဏနဲ့ ယှဉ်ရင် အများကြီး ကွာခြားနေတာကို တွေ့လိုက်ရတယ်”
သူသည် ထိုင်ခုံလက်ရန်းကို လက်ချောင်းဖြင့် တစ်ချက်ချင်း ခေါက်နေရင်း မျက်လုံးများကို မှေးစင်းကာ “တကယ်လို့ ဟယ်မိသားစု အသိမ်းခံရပြီးနောက်မှာ မှတ်တမ်းထဲ မပါတဲ့ ငွေကြေးတွေ ကျန်နေသေးတယ်ဆိုရင် အဲ့ဒီငွေတွေက ဘယ်ကို ရောက်သွားလိမ့်မယ်လို့ ဆရာကြီး ထင်သလဲ”
အကြံပေးအမတ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး “ကျူကျွင်းက တစ်စုံတစ်ယောက်က ဒီငွေတွေကို သုံးပြီး ရိက္ခာနဲ့ ဆေးဝါးတွေကို ကြိုတင်ပြီး သိမ်းဆည်းထားတာလို့ သံသယရှိနေတာလား”
ဖေစုန့်၏ အကြည့်မှာ အေးစက်သွားကာ “တင်းကျိုးက ဝိုင်းရံခံထားရချိန်မှာ ယုံချန်ရဲ့ ရိက္ခာတွေကလည်း ပြတ်လပ်နေတာက တိုက်ဆိုင်မှုလို့ ပြောဖို့ ခက်လိမ့်မယ်”
အကြံပေးအမတ်သည် ဖေစုန့်၏ အတွေးအတိုင်း ဆက်စပ်ကြည့်ရာ ချွေးအေးများပင် ထွက်လာတော့သည်။ “တကယ်လို့ ဒါတွေအားလုံးက တစ်စုံတစ်ယောက်ရဲ့ အကြံအစည်သာ ဆိုရင်တော့ အဲ့ဒီလူက တကယ့်ကို ဉာဏ်များလွန်းတဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေပါလိမ့်မယ်! ဟန်ကျိုးနဲ့ ယုံချန် နှစ်နေရာလုံးမှာ တစ်ပြိုင်နက်တည်း အကွက်ချနိုင်တယ်ဆိုတာ...”
ဖေစုန့်က သူ၏စကားကို ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။ “ဝေ့ချီရှန်းဆိုတာက စစ်တိုက်ဖို့ပဲ သိတဲ့ လူကြမ်းတစ်ယောက်ပဲ။ သူလက်လှမ်းနိုင်တဲ့ အကွာအဝေးက ယုံချန်အထိ မရောက်နိုင်သေးဘူး။ ပြီးတော့ သူ့လက်အောက်က စာပေပညာရှင်တွေရဲ့ အရည်အချင်းကိုလည်း ကျုပ်ကို ရှုတ်ချထားတဲ့ စာထဲမှာ မြင်ဖူးပြီးသားပဲ။ အဲ့ဒီလို ညံ့ဖျင်းတဲ့သူတွေက ရန်မိသားစုကို စည်းရုံးနိုင်စွမ်း မရှိနိုင်ပါဘူး”
ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အဖြေက တစ်ခုတည်းသာ ရှိလေတော့သည်။
အကြံပေးအမတ်က ထိတ်လန့်တကြားဖြင့် “ဒါဆို ဒါတွေအားလုံးဟာ ထွက်ပြေးလွတ်မြောက်နေတဲ့ ဝိန်းမျိုးနွယ်ဝင် အမျိုးသမီးရဲ့ လက်ချက်လို့ ကျူကျွင်းက သံသယရှိနေတာလား”
ဖေစုန့်၏ အကြည့်များမှာ အန္တရာယ်ရှိသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားပြီး “ဟုတ်မဟုတ် ဆိုတာကတော့ ကျိုးစွေကို စစ်ဆေးကြည့်လိုက်ရင် သိရလိမ့်မယ်”
အကြံပေးအမတ်မှာ စိုးရိမ်နေဆဲပင်။ “ဒါပေမဲ့ ယုံချန်မှာ စစ်သူကြီးရှင်းကိုတောင် သတ်နိုင်တဲ့ လုပ်ကြံသူတွေ ရှိနေတာဆိုတော့ ကျူကျွင်းဘေးနားမှာလည်း ကိုယ်ရံတော်တွေ ထပ်တိုးထားဖို့ လိုလိမ့်မယ်”
ဖေစုန့်က လက်ကာပြလိုက်ပြီး “ရှင်းလျဲ့ကို သတ်တဲ့သူလား။ အဲ့ဒီလူက ဘယ်သူလဲဆိုတာကိုတော့ ကျုပ် စိတ်ထဲမှာ ထင်မြင်ချက် တစ်ခု ရှိနေပြီ...”
အကြံပေးအမတ်က ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း အပြင်ဘက်မှ စစ်သားက ကျိုးစွေ ရောက်လာပြီဖြစ်ကြောင်း သတင်းပို့လာလေသည်။
မကြာခင်မှာပင် ကျိုးစွေသည် အပြာရောင် ချည်သားဝတ်ရုံကို ဝတ်ဆင်ကာ ဝင်လာပြီး လက်နှစ်ဖက်ယှက်လျက် ဖေစုန့်ကို နှုတ်ဆက်လိုက်၏။ “ကျွန်တော်မျိုး အမတ်ချုပ်နဲ့ အကြံပေးအမတ်ကို ဂါရဝပြုပါတယ်”
သူ့အသံက အက်ကွဲရှတနေပြီး မျက်နှာကလည်း ဖြူဖျော့ကာ သူ့တစ်ကိုယ်လုံးမှာ နှုန်းခွေနေပြီး လူသေတစ်ယောက် လမ်းလျှောက်နေသလိုပင်။ ဝတ်ထားသော ဆောင်းတွင်းအဝတ်အစားကြီးများမှာလည်း သူ၏ ပိန်လှီလှသော ခန္ဓာကိုယ်ကို ပိုပြီး ပိန်လှီနေစေတော့သည်။
ဖေစုန့်က သူ့ကို စေ့စေ့စပ်စပ် စူးစမ်းကြည့်နေသော်လည်း သူ့လေသံကတော့ ပုံမှန်အတိုင်းပင်။ “ရှင်းလျဲ့ သေပြီဆိုတာကို ကျိုးသခင်လေး ကြားပြီးပြီလား”
ကျိုးစွေ၏ မျက်လုံးများတွင် အသက်ငွေ့ ကင်းမဲ့နေ၏။ မျက်တောင်ပင် မခတ်ဘဲ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုကိုသာ ဖော်ပြလိုက်ကာ ပြန်ပြောလိုက်သည်။ “အမတ်ချုပ်ဖေက ကျွန်တော့်ကို လာနောက်နေတာလား”
ဖေစုန့်၏ မျက်နှာမှာ အေးစက်သွားပြီး ဘေးနားရှိ အကြံပေးအမတ်က ဝင်ပြောလိုက်သည်။ “စစ်သူကြီးရှင်းက တာဝန်ထမ်းဆောင်နေရင်း တိုက်ခိုက်ခံရပြီး ခေါင်းနဲ့ကိုယ် တခြားစီ ဖြစ်သွားတာ အမှန်ပဲ။ ကျူကျွင်းက ဒီနေ့ ကျိုးသခင်လေးကို ခေါ်လိုက်တာက စစ်သူကြီးရှင်းကို သတ်တဲ့ တရားခံဟာ ဘယ်သူလဲဆိုတာကို အတူတူ တိုင်ပင်ချင်လို့ပဲ”
ကျိုးစွေ၏ အသက်မဲ့နေသော မျက်လုံးများတွင် ရုတ်တရက် အသက်ဝင်လာပြီး ဟားတိုက် ရယ်မောလေတော့သည်။ “သေပြီလား... သူ တကယ်ပဲ သေသွားတာလား”
သူသည် လည်ပင်းက ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်လေသည်။ “ကောင်းကင်ကြီးက မျက်နှာသာပေးလိုက်တာပဲ။ လောကကြီးမှာ တရားမျှတမှု ရှိသေးတာပဲ!”
သူ့အမူအယာကို ကြည့်ပြီး ဖေစုန့်၏ မျက်နှာမှာ ပိုလို့ပင် မည်းမှောင်သွားတော့သည်။ ကျိုးစွေသည် ရူးသွပ်စွာ ရယ်မောပြီးနောက် မျက်ရည်များ ကျလာကာ စာကြည့်ခန်း တံခါးဝသို့ ဒူးထောက်ချလိုက်ပြီး ခါးသီးစွာ ငိုကြွေးလေတော့သည်။ “မေမေ... ကြားလား။ အဲ့ဒီ လူယုတ်မာ သေပြီ! ဒါ ဝဋ်လည်တာပဲ! ဒါ ဝဋ်လည်တာပဲ!”
ဖေစုန့်က စိတ်မရှည်စွာဖြင့် လက်ဟန်ပြလိုက်ရာ ကိုယ်ရံတော်များက ကျိုးစွေကို ဆွဲထူပြီး ဖေစုန့်ရှေ့တွင် ဒူးထောက်ခိုင်းလိုက်ကြ၏။
ဖေစုန့်က သူ့ကို အေးစက်စက် စိုက်ကြည့်ရင်း “ကျိုးသခင်လေး ပြောချင်တာက ရှင်းလျဲ့ရဲ့ သေဆုံးမှုက မင်းတို့ ကျိုးအိမ်တော်နဲ့ ဘာမှမပတ်သက်ဘူးလို့ ပြောချင်တာလား”
ကျိုးစွေသည် ရယ်စရာအကောင်းဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်နှယ် ဟားတိုက်ရယ်မောလိုက်၏။ “အမတ်ချုပ်ဖေက ကျွန်တော့်အသက်ကို လိုချင်တယ်ဆိုရင် တိုက်ရိုက်ပဲ ယူလိုက်ပါ။ ဒီလို အကြောင်းပြချက်တွေ ရှာနေစရာ မလိုပါဘူး။ ကျွန်တော့်မှာသာ ရှင်းလျဲ့ကို သတ်နိုင်တဲ့ အစွမ်းရှိမယ်ဆိုရင် သူ့ကို အပိုင်းပိုင်း ခုတ်ပစ်ခဲ့မှာပဲ! မဟုတ်ဘူး... သူ့ကို ကျွန်တော့်အမေနားကိုတောင် ကပ်ခွင့်ပေးမှာ မဟုတ်ဘူး!”
ပြောရင်းနှင့် သူ့မျက်လုံးများမှာ နီရဲလာကာ နာကျင်မှုနှင့် အရှက်ရမှု မျက်ရည်များ ကျဆင်းလာပြန်သည်။ ဖေစုန့်ကို စိုက်ကြည့်ကာ သူက ပြောလိုက်၏။ “တစ်သက်လုံး စာဖတ်တာနဲ့ပဲ အချိန်ဖြုန်းခဲ့မိလို့ အမေ့အတွက် ကိုယ်တိုင် လက်စားမချေပေးနိုင်ခဲ့တာကို နောင်တအရဆုံးပဲ! အခုတော့ အမေ့ကို မြေအောက်မှာ သွားတွေ့ဖို့တောင် မျက်နှာမရှိတော့ဘူး! အမတ်ချုပ်ဖေက ကျွန်တော်တို့ မိသားစုကို မြေအောက်မှာ ပြန်ဆုံပေးမယ်ဆိုရင်တော့ ကျွန်တော့်ဆန္ဒ ပြည့်တာပေါ့!”
ဖေစုန့်၏ မျက်နှာမှာ ပိုလို့ပင် ခက်ထန်လာသည်ကို မြင်သောအခါ အကြံပေးအမတ်က ဝင်ငေါက်လိုက်လေသည်။ “ကျိုးသခင်လေး စကားကို ဆင်ခြင်ပါ! ကျူကျွင်းက မင်းရဲ့ အဖေအပေါ်မှာ အမြဲတမ်း လေးစားမှုရှိခဲ့ပြီး အကြိမ်ကြိမ် စည်းရုံးခဲ့ပေမဲ့ မင်းရဲ့အဖေကပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ! မင်းရဲ့ အမေကိစ္စကလည်း... စစ်သူကြီးရှင်း အရက်မူးပြီး သူ့ကို စော်ကားခဲ့မိတာပါ။ ဒါကိုလည်း ကျူကျွင်းက စစ်သူကြီးရှင်းကို အပြစ်ပေးခဲ့ပြီးသားပဲ။ အခု မင်းမှာ မိဘနှစ်ပါးလုံး မရှိတော့တာကို သနားလို့ ကျူကျွင်းက မင်းရဲ့ ရိုင်းစိုင်းတဲ့ စကားတွေကို ခွင့်လွှတ်ပေးနေတာ၊ သူ့ရဲ့စေတနာမေတ္တာကို အလွဲသုံးစားမလုပ်ပါနဲ့!”
ကျိုးစွေက ခါးသီးစွာ ပြုံးလိုက်ရင်း “ကျွန်တော်က ဘာမို့လို့ အမတ်ချုပ်ကို ပြန်ပြောရဲမှာလဲ။ အမတ်ချုပ်နဲ့ အကြံပေးအမတ်က ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ကျွန်တော် လက်ခံပါတယ်”
ဖေစုန့်က ပြောလိုက်၏။ “ရှင်းလျဲ့က စိတ်မြန်လက်မြန် ရှိတဲ့သူဆိုတော့ မင်းရဲ့ ကိုယ်ရံတော်တွေကို စော်ကားမိလို့ လုပ်ကြံခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ”
ကျိုးစွေက ရယ်စရာတစ်ခုကို ကြားလိုက်ရသည့်နှယ် ခါးသက်သက် တစ်ချက် ရယ်လိုက်၏။ “အမတ်ချုပ်ရဲ့ စကားက တကယ်ကို ရယ်စရာကောင်းလွန်းပါတယ်။ မနေ့က အမတ်ချုပ်လည်း မြင်ခဲ့တာပဲ၊ ကျွန်တော့်အိမ်က လူတွေအကုန်လုံး ပေါင်းရင်တောင် ရှင်းလျဲ့ တစ်ယောက်တည်းကို မယှဉ်နိုင်ခဲ့ဘူး။ ကျွန်တော့်မှာသာ ရှင်းလျဲ့ကို သတ်နိုင်တဲ့လူ ရှိနေရင် သူ့ကို ဒီလောက်အထိ ရမ်းကားခွင့်ပေးပြီး ကျွန်တော့်အမေကို စော်ကားတာကို ခွင့်ပြုထားပါ့မလား”
ဖေစုန့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်ပြန်၏။ “မင်းလက်အောက်မှာ လမ်းကင်းလှည့်နေတဲ့ လူတွေ ရှိသေးတယ် မဟုတ်လား ”
ကျိုးစွေက အငြင်းပွားနေရန် စိတ်မပါတော့သည့်နှယ် ဝမ်းနည်းစွာ တစ်ချက်ရယ်မောလိုက်ပြီး ပြောလေသည်။ “အမတ်ချုပ်က ဘယ်သူ့ကို တရားခံလို့ သတ်မှတ်ချင်သလဲ၊ အဲ့ဒီလူကို ဖမ်းပြီး အပြစ်ပေးလိုက်ပါတော့”
ထိုစဉ် အပြင်ဘက်မှ ကိုယ်ရံတော် တစ်ဦး ဝင်လာပြီး ဖေစုန့်၏ နားအနားတွင် တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်လေသည်။
ဖေစုန့်က မျက်လုံးကို ပင့်ကြည့်လိုက်ပြီး မိန့်လိုက်၏။ “လူကို ခေါ်ခဲ့”
ခဏအကြာတွင် လမ်းကင်းလှည့်ရာမှ ပြန်လာသော အိမ်တော်စောင့် စစ်သည် ခေါင်းဆောင်ကို ခေါ်ဆောင်လာခဲ့ကြသည်။
ဖေစုန့်က သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “မနေ့က လမ်းမပေါ်မှာ ငါ့ရဲ့ စစ်သည်တစ်ယောက်ရဲ့ လက်ကို ခုတ်ပစ်ခဲ့တာ မင်းလား”
အိမ်တော်စောင့် စစ်သည်ခေါင်းဆောင်မှာ ဒူးထောက်လျက် ပြန်ဖြေလေသည်။ “ကျွန်တော် မှားယွင်းလုပ်ဆောင်မိတာပါ၊ အမတ်ချုပ် စိတ်လျှော့ပါ!”
ဖေစုန့်သည် လမ်းကင်းလှည့်နေသော လူများကို ခွဲထုတ်ကာ စစ်ဆေးခိုင်းထားခဲ့သော်လည်း အားလုံးက သူတို့၏ ခေါင်းဆောင်သာလျှင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တညီတညွတ်တည်း ဖြေဆိုထားကြသည်။
ဖေစုန့်က မေးလိုက်၏။ “မင်း နာမည် ဘယ်သူလဲ”
အိမ်တော်စောင့် စစ်သည် ခေါင်းဆောင်က ဖြေလိုက်သည်။ “ကျွန်တော့်နာမည်က လျိုယွမ် ပါ”
လျိုယွမ်? ထောင်မှူး ပြောခဲ့တဲ့ ရှောင်း ဆိုတဲ့ နာမည်နဲ့ မတူဘူးပဲ။
ဖေစုန့်က စဉ်းစားဟန်ပြုရင်း သူ၏ ကိုယ်ရံတော်ကို မေးပင့်ကာ အချက်ပြလိုက်သည်။ ကိုယ်ရံတော်က သဘောပေါက်သွားပြီး ရှေ့သို့ ထွက်လာကာ သူ့လက်ဆစ်များကို အသံမြည်အောင် ချိုးပြလိုက်သည်။
ဖေစုန့်က ပြောလိုက်သည်။ “မင်းရဲ့ အစွမ်းကုန် ထုတ်သုံးပြီး ငါ့ရဲ့ ကိုယ်ရံတော်နဲ့ ယှဉ်ပြိုင်ကြည့်စမ်း”
အိမ်တော်စောင့် စစ်သည်ခေါင်းဆောင်သည် သည်လက်ရည်ယှဉ်ပွဲကို လျှော့မတွက်ရဲချေ။ သိုင်းပညာရှင်များကြားတွင် လက်ရည်ချင်းဖလှယ်ရာမှ ပြိုင်ဖက်၏ အရည်အချင်း အတိမ်အနက်ကို စမ်းသပ်သိရှိနိုင်ကြသည်။ ___အရည်အချင်းကို ဖုံးကွယ်ရန် ကြိုးစားလျှင်ပင် သဲလွန်စကတော့ ပေါ်လာလိမ့်မည်။
အိမ်တော်စောင့် စစ်သည်ခေါင်းဆောင်သည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ၁၀ ချက်ပင် မပြည့်ခင်မှာပင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဖေစုန့်၏ မျက်နှာမှာ ပိုလို့ပင် မည်းမှောင်သွားတော့သည်။ သူကိုယ်တိုင်လည်း သိုင်းပညာရှင်ဖြစ်သဖြင့် ဤအိမ်တော်စောင့် စစ်သည်ခေါင်းဆောင်မှာ အစွမ်းကုန် ကြိုးစားခဲ့ကြောင်း သိမြင်နိုင်လေသည်။
ဒီလောက် သိုင်းပညာ အဆင့်အတန်းနဲ့ကတော့ ရှင်းလျဲ့ကို သတ်ဖို့ နေနေသာသာ၊ ရှင်းလျဲ့ ဘေးနားက ကိုယ်ရံတော် ၁၀ ယောက်ကျော်ကိုတောင် ရှင်းပစ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
...
အပိုင်း (၃၇.၂)
သို့သော်လည်း လက်အောက်ငယ်သားများက အခြားအိမ်တော်အစောင့်များကို စစ်ဆေးမေးမြန်းသည့်အခါ ၎င်းတို့၏ သိုင်းပညာအတိမ်အနက်ကို စမ်းသပ်ကြည့်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် ရှင်းလျဲ့ကို သတ်နိုင်စွမ်းရှိသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။
ဤကဲ့သို့ ရုတ်တရက် အစအန ပျောက်ဆုံးသွားသည့် ခံစားချက်ကြောင့် ဖေစုန့်သည် စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ဒေါသထွက်လာရ၏။ သူသည် စိတ်မရှည်တော့ဘဲ သူ၏ လက်ဆစ်များဖြင့် ထိုင်ခုံလက်ရန်းကို တတောက်တောက် ခေါက်နေရင်းမှ ရုတ်တရက် မေးလိုက်သည်။
"ငါ ကြားတာတော့ သခင်လေးရဲ့ အိမ်တော်မှာ ရှောင်းလိ ဆိုတဲ့ အိမ်တော်အစောင့်တစ်ယောက် ရှိတယ်ဆို"
ကျိုးစွေသည် လုံးဝကို မသိမသာဘဲ မျက်နှာပျက်သွားသော်လည်း သူ့မျက်နှာမှာ မူလကတည်းက အလွန် ဖြူဆုတ်နေသဖြင့် ထိုသေးငယ်လှသော ပြောင်းလဲမှုကို အခန်းထဲရှိ လူများက သတိမထားမိလိုက်ကြချေ။ သူက ပြောလိုက်၏။
"အဲ့ဒီလို လူတစ်ယောက်တော့ ရှိပါတယ်"
ဖေစုန့်က မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သူ အခု ဘယ်မှာလဲ"
ကျိုးစွေက ဝမ်းနည်းကြေကွဲဟန်ဖြင့် ရယ်မောကာ"မနေ့က အိမ်တော်ထဲက သစ္စာရှိတဲ့ အစေခံတွေနဲ့အတူ ရှင်းလျဲ့ရဲ့ လက်ချက်နဲ့ သေသွားပါပြီ။ အခုချိန်ဆိုရင်တော့ သင်္ချိုင်းကုန်းမှာ ဝံပုလွေတွေရဲ့ အစာ ဖြစ်နေလောက်ပါပြီ"
ဖေစုန့်သည် မျက်မှောင်ကြုတ်သွားတော့သည်။
သေသွားပြီ ဟုတ်လား။
ဒါဆိုရင် ရှင်းလျဲ့ကို သတ်လိုက်တာက တကယ်တော့ ဘယ်သူဖြစ်မလဲ...
ခိုင်မာလှသည့် သစ်သားထိုင်ခုံလက်ရန်းမှာ ဖေစုန့်၏ ညှစ်ထုတ်လိုက်သည့် အားကြောင့် အက်ကြောင်းများပင် ထွက်သွားတော့သည်။ သူသည် ကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရာ သူ၏ အေးစက်လှသော အကြည့်များမှာ လျှာတစ်လစ်နှင့် မြွေတစ်ကောင်နှယ်ပင်။
"ဒါဆိုရင်လည်း သခင်လေးက ယုံချန်မြို့ထဲမှာ ဆေးဝါးတွေနဲ့ ဆန်စပါးတွေ ဘာကြောင့် ရုတ်တရက် ဈေးတက်သွားရလဲဆိုတာကို ထပ်ပြီး ရှင်းပြပေးပါဦး"
သူ၏ လက်အောက်ငယ်သားများသည် ထိုစစ်ရိက္ခာများကို မရရှိခဲ့ကြချေ။ မြို့ထဲရှိ ကုန်ဈေးနှုန်းများကို စုံစမ်းကြည့်သည့်အခါ ဝေ့မြစ်၏ မြောက်ဘက်ခြမ်းထက် အဆပေါင်းများစွာ မြင့်တက်နေသည်ကို တွေ့ခဲ့ရသည်။
သူသည် လော့ယန်နှင့် ဖုန်းယန်တွင် ရှိနေစဉ်က လက်အောက်ငယ်သားများကို စိတ်ကြိုက် လုယက်ခွင့် ပေးခဲ့သည်။ အကြောင်းမှာ ဘယ်လိုပဲ အဆင့်မြင့် အရာရှိကြီးများနှင့် တော်ဝင်မိသားစုဝင်များကို သတ်ဖြတ်ပါစေ၊ အခွန်တုတ်ဒဏ်ကို ခံစားနေရသော ပြည်သူများသည် ထိုသူတို့အတွက် ဝမ်းနည်းလိမ့်မည် မဟုတ်သောကြောင့်ပင်။
ဒေါသထွက်မည့်သူဆိုသည်မှာလည်း စာပေပညာရှင်များနှင့် ပညာတတ်များသာ ရှိလိမ့်မည်။
ထိုစာပေပညာရှင်များ၏ ကလောင်သွားဖြင့် ဆဲဆိုမှုမှာ သူ့အတွက်တော့ အယားပင် မပြေချေ။
သူသည် လော့ယန်မှသည် ဖုန်းယန်အထိ မြို့များကို သိမ်းပိုက်ရင်း လက်အောက်ရှိ စစ်တပ်ကို ဝဝလင်လင် ကျွေးမွေးခဲ့သည်။ သူတို့၏ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ပေးခဲ့သလို လောဘဇောကိုလည်း ပျိုးထောင်ပေးခဲ့သည်။
ယခုတွင် ချန်လျန်ဝမ် ကွယ်လွန်သွားပြီဖြစ်ပြီး ဝိန်းမျိုးနွယ်စု၏ တော်ဝင်အရှိန်အဝါလည်း မရှိတော့ချေ။ ဤလောကတွင် သူနှင့် ဝေ့ချီရှန်း တို့နှစ်ဦးသာ ယှဉ်ပြိုင်ရန် ကျန်တော့သဖြင့် ယခင်ကကဲ့သို့ မြို့များကို လုယက်ကာ စစ်တပ်ကို ကျွေးမွေးသည့် နည်းလမ်းမှာ မဖြစ်နိုင်တော့ချေ။
အကယ်၍ သူက လက်အောက်ငယ်သားများကို ဆက်လက် လုယက်ခွင့် ပေးနေမည်ဆိုပါက ယခင်က မြို့စား၊ နယ်စားများ ပျက်စီးသွားသည်ကို ဝမ်းသာခဲ့ကြသော ပြည်သူများသည်လည်း တစ်နေ့တွင် သူတို့အလှည့် ရောက်လာလိမ့်မည် ဖြစ်ကြောင်း သဘောပေါက်သွားကြလိမ့်မည်။ ထိုသို့ဆိုလျှင် လူထု၏ စိတ်နှလုံးမှာ ဟန်ဆောင်ကောင်းလှသည့် ဝေ့ချီရှန်း ဘက်သို့ ယိုင်လဲသွားလိမ့်မည်။
ဖေစုန့်သည် ဘာမှမသိနားမလည်သည့် ပြည်သူများ၏ ထောက်ခံမှုကို အထင်မကြီးသော်လည်း သူတို့၏ ထောက်ခံမှုကို ရယူခြင်းက ဆုံးရှုံးရခြင်းထက် ပိုလို့ပင် အကျိုးရှိကြောင်းတော့ ဝန်ခံရလိမ့်မည်။
သို့သော်လည်း အရာအားလုံးက ဖြည်းဖြည်းချင်း ပြောင်းလဲရန် လိုအပ်သည်။ ရေကြည်လွန်းလျှင်လည်း ငါးမရှင်နိုင်။
သူ၏ လက်အောက်ရှိ စစ်တပ်မှာ လုယက်ခြင်းကို ကျင့်သားရနေပြီ ဖြစ်၏။ စစ်တပ်ထဲ ဝင်လာသူများအနက် ရည်မှန်းချက် ကြီးမားသူမှာ အနည်းငယ်သာ ရှိပြီး အများစုမှာ ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုသူများသာ ဖြစ်ကြသည်။ စစ်တပ်မှ လစာမှာလည်း အချိန်မှန် မရရှိတတ်သဖြင့် မြို့များကို သိမ်းပိုက်ပြီးနောက် လုယက်ခြင်းမှာ ထိုစစ်သားများအတွက် ငွေရှာရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာသည်။
အကယ်၍ သူက ရုတ်တရက် တင်းကြပ်သည့် ဥပဒေများကို ထုတ်ပြန်ပြီး ပြည်သူများကို မထိခိုက်ရန် တားမြစ်မည်ဆိုပါက ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ ထိုသို့ဆိုလျှင် စစ်ပြေးများပင် များပြားလာနိုင်သေးသည်။
ထို့ကြောင့် အခြေအနေအတော်များများတွင် သူသည် မျက်စိမှိတ်ကာ လျစ်လျူရှုထားလေ့ ရှိသည်။ လက်အောက်ငယ်သားများက အလွန်အကျွံ မလုပ်သရွေ့ သူက ခွင့်ပြုထားလိမ့်မည်။
သို့သော်လည်း ရိက္ခာများ စုဆောင်းသည့် နေရာတွင်တော့ အတင်းအဓမ္မ လုယူလို့ မရနိုင်ချေ။ အကြောင်းမှာ အိမ်ထောင်စု အနည်းငယ်ကို လုယက်ခြင်း မဟုတ်ဘဲ ပြည်နယ်တစ်ခုလုံးကို လုယက်ရမည် ဖြစ်သောကြောင့်ပင်။
နယ်မြေတစ်ဝှမ်းက စာပေပညာရှင်များ၏ မျက်လုံးများနှင့် ကလောင်သွားများက သူ့ကို စောင့်ကြည့်နေကြသည်။
ယခုတွင် သူ့စစ်တပ်မှာ မြောက်ပိုင်း၌ ဝေ့ချီရှန်းနှင့် စစ်ခင်းနေသဖြင့် ရိက္ခာများကို တောင်ပိုင်းမှသာ တတ်နိုင်သမျှ စုဆောင်းရလိမ့်မည်။
အဆိုးဆုံးရလဒ်မှာ ငွေပေးပြီး ဝယ်ယူရခြင်းပင် ဖြစ်သော်လည်း မြောက်ပိုင်းနှင့် တောင်ပိုင်း စစ်ပွဲမှာ ယခုမှ စတင်ရုံသာ ရှိသေးသည်။ ယုံချန်မြို့အတွင်းရှိ ကုန်ဈေးနှုန်းများမှာ သည်လောက်အထိ မြင့်တက်နေသဖြင့် ဖေစုန့်သည် စိတ်ထဲတွင် တနုံ့နုံ့ ဒေါသထွက်နေတော့သည်။
ခြေလှမ်းတိုင်းက တစ်ဖက်လူ၏ တွက်ချက်မှုအောက်တွင် ရောက်နေရသည့် ခံစားချက်ကြောင့် သူသည် ထိုသို့ စီစဉ်ခဲ့သူကို ရှာဖွေပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေတော့သည်။
ကျိုးစွေသည် ဖေစုန့်၏ မေးခွန်းကို ကြားသောအခါ ပထမတွင် ကြောင်အသွားဟန် ဆောင်လိုက်ပြီးနောက် မယုံကြည်နိုင်သည့်နှယ် ရယ်မောကာ ပြောလိုက်သည်။
"အမတ်ချုပ်က ကုန်သည်တွေရဲ့ ဈေးနှုန်းသတ်မှတ်တာကိုလည်း ကျွန်တော်မျိုးက ညွှန်ကြားထားတယ်လို့ ထင်နေတာလား"
အကြံပေးအမတ်က စကားကို ကြားဖြတ်ပြောလိုက်သည်။ "ယုံချန်ရဲ့ ဆန်စပါးတွေ၊ ပြီးတော့ စစ်တပ်မှာ သုံးတဲ့ ဆေးဝါးတွေက ဝေ့မြစ်မြောက်ဘက်ထက် အဆပေါင်းများစွာ ဈေးကြီးနေတာက တကယ်ကို ထူးဆန်းနေတယ်။ ဒါကြောင့် ကျူကျွင်းက မေးရတာပါ"
ကျိုးစွေသည် ယနေ့တွင် စကားများစွာ ပြောခဲ့ရသဖြင့် သူ၏ လည်ချောင်းမှာ နာကျင်နေပြီး အသံပင် မထွက်ချင်တော့ချေ။ သူသည် အက်ကွဲလှသော အသံဖြင့် ရယ်မောလိုက်၏။
"ကျွန်တော်မျိုးက ဘယ်လို အရည်အချင်းမျိုး ရှိလို့ ဝေ့မြစ်တောင်ဘက်ခြမ်းက ဆန်ဈေး၊ ဆေးဈေးတွေကို ကြိုးကိုင်နိုင်မှာလဲ..."
ထိုအချိန်မှာပင် အပြင်ဘက်မှ ကိုယ်ရံတော် တစ်ယောက်က သတင်းပို့လာသည်။ ဖေစုန့်က အနီးနားရှိ ခရိုင်များသို့ ရိက္ခာနှင့် ဆေးဝါးများ သွားရောက် စုဆောင်းရန် စေလွှတ်ထားသော စစ်သူကြီး ပြန်ရောက်လာခြင်း ဖြစ်သည်။
ယုံချန်နှင့် အနီးတဝိုက်တွင် ခရိုင်များစွာရှိသဖြင့် သူသည် ရှင်းလျဲ့ တစ်ယောက်တည်းကိုသာ စေလွှတ်ခဲ့ခြင်း မဟုတ်ချေ။
ထိုသန်မာထွားကြိုင်းလှသော စစ်သူကြီးသည် စာကြည့်ခန်းထဲသို့ ဝင်လာပြီး သူ့အသံကလည်း ခေါင်းလောင်းကြီးတစ်ခုကို ဟိန်းထွက်နေ၏။
"အမတ်ချုပ်ကြီး... တကယ့်ကို ထူးဆန်းတာပဲ။ ကျွန်တော် တောင်ဘက်က ခရိုင် နှစ်ခုအထိ သွားခဲ့ပေမယ့် စစ်ရိက္ခာ ဒါမှမဟုတ် ဆေးဝါး တစ်ခုမှ ရှာမခဲ့ရဘူး။ အဲ့ဒီနေရာတွေက ဈေးခေါ်တာက ယုံချန်ထက်တောင် ပိုပြီး မြင့်နေသေးတယ်!"
ဖေစုန့်နှင့် အကြံပေးအမတ်တို့မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာများမှာ မည်းမှောင်သွားတော့၏။
သူတို့သည် ယခင်က တစ်စုံတစ်ယောက်က ယုံချန်မြို့အတွင်း၌ ဆန်နှင့် ဆေးဝါးများကို သိုလှောင်ထားသည်ဟု ခန့်မှန်းခဲ့ကြသော်လည်း အနီးနားရှိ ပြည်နယ်များအားလုံးတွင်ပါ ဈေးနှုန်းမြင့်တက်နေခြင်းမှာ တကယ့်ကို ထူးဆန်းလှ၏။
ဖေစုန့်က မေးလိုက်သည်။ "ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကိုရော စုံစမ်းခဲ့သေးလား"
ထိုစစ်သူကြီးက ခေါင်းခါပြကာ ပြောလိုက်သည်။ "မသိပါဘူး။ ဒါပေမဲ့ ကြားတာတော့ တောင်ဘက်က ပြည်နယ်အတော်များများမှာလည်း ဆန်ဈေးနဲ့ ဆေးဈေးတွေက အတော်လေး တက်နေတယ်လို့ ဆိုပါတယ်"
ကျိုးစွေက မိမိကိုယ်ကို လှောင်ပြောင်သည့်နှယ် အက်ကွဲလှသော အသံဖြင့် ဖေစုန့်ကို မေးလိုက်လေသည်။ "အမတ်ချုပ်က ကျွန်တော်မျိုးကို အပြစ်ပေးဖို့ ကျန်ပါသေးသလား"
ဖေစုန့်သည် ခက်ထန်လှသော မျက်လုံးများဖြင့် ကျိုးစွေကို စိုက်ကြည့်နေမိသည်။ တစ်ခုခု မှားယွင်းနေကြောင်း သူ သိသော်လည်း ထိုသို့ စီစဉ်သူ၏ နည်းလမ်းမှာ အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် ဝေ့မြစ်တောင်ဘက်ခြမ်းက ဈေးနှုန်းများကို မည်သို့ ကြိုးကိုင်ခဲ့သည်ကို သူ့မှာ အစအနပင် ရှာမတွေ့နိုင် ဖြစ်နေရသည်။
အကြံပေးအမတ်က ဖေစုန့်ကိုယ်စား ဖျန်ဖြေကာ ပြောပေးလိုက်သည်။ "ကျူကျွင်းက ယုံချန်ရဲ့ ပြည်သူတွေရဲ့ လူနေမှုကို စိုးရိမ်လို့ သခင်လေးကို ခေါ်ယူ မေးရတာပါ။ ဒါက အထင်လွဲမှုတစ်ခုပဲ ဆိုတော့ သခင်လေးမှာလည်း ဒဏ်ရာတွေ မပျောက်သေးဘူး။ အရင်သွားပြီး အနားယူလိုက်ပါဦး"
ကျိုးစွေသည် သူ၏ဝမ်းနည်းမှုနှင့် ဒေါသများကို မျက်နှာပေါ်တွင် အတိအလင်း ပြသထားဆဲ ဖြစ်သည်။ သူသည် ဖေစုန့်ကို အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော်မျိုး နှုတ်ဆက်ပါတယ်"
သူသည် အိမ်တော်အစောင့်ခေါင်းဆောင် လျိုယွမ်၏ တွဲကူမှုဖြင့် လှည့်ထွက်လာခဲ့လိုက်သည်။ သူ့မျက်နှာမှာ သံသယဖြစ်ခံရသဖြင့် စိတ်ပျက်အားငယ်နေသည့် ပုံစံမျိုး ပေါက်နေသော်လည်း လက်ဖဝါးထဲတွင်တော့ ချွေးအေးများ စိုရွှဲလို့နေသည်။
သူသည် မင်းသမီးနှင့် သူ့အဖေတို့ ယခင်က စီစဉ်ခဲ့သော အစီအစဉ်ကို ကောင်းစွာ သိထားသည်။
မင်းသမီးသည် ဟော်နှင့် ဟန်မိသားစုနှစ်ခုက ဝှက်ထားသော ငွေများကို အသုံးပြုကာ ရွှီမိသားစုထံမှ ပိုးထည်နှင့် လက်ဖက်ရည်များကို ဝယ်ယူခဲ့သည်။ ထို့နောက် ရွှီမိသားစုကို လမ်းခရီးတွင် ထိုပစ္စည်းများအစား ဆန်စပါးနှင့် ဆေးဝါးများအဖြစ် လဲလှယ်သယ်ဆောင်ရန် စေခိုင်းခဲ့သဖြင့် ထိုပစ္စည်းများ၏ ဈေးနှုန်းကို မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ့အဖေသည်ပင် မင်းသမီးသာ စီးပွားရေး လုပ်မည်ဆိုပါက တကယ့်ကို ထူးချွန်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ချီးကျူးခဲ့ဖူးသည်။
သူမသည် ငွေတစ်ဝက်ခန့်ကို အသုံးပြုကာ ရွှီမိသားစုထံမှ ကုန်ပစ္စည်း နှစ်ဆကို တောင်းဆိုခဲ့သည်။ ထို့ပြင် ဆန်စပါးနှင့် ဆေးဝါးများအဖြစ် လဲလှယ်ပေးပါက ငွေ နှစ်ဆယ်ရာခိုင်နှုန်း ပိုပေးမည်ဟု ကတိပြုခဲ့သဖြင့် ရွှီမိသားစုသည် ထိုအမြတ်အစွန်းအတွက် လမ်းခရီးတစ်လျှောက်ရှိ ပိုးထည်နှင့် လက်ဖက်ရည်များအားလုံးကို ဆန်နှင့် ဆေးဝါးများအဖြစ် လဲလှယ်ခဲ့ကြသည်။
ထိုနည်းတူပင် လမ်းခရီးတစ်လျှောက်ရှိ ဆန်ကုန်သည်များနှင့် ဆေးကုန်သည်များသည်လည်း စီးပွားရေး အခွင့်အလမ်းကို ကြိုတင်မြင်တွေ့ခဲ့ကြသဖြင့် ပြည်သူများနှင့် ဆေးစိုက်တောင်သူများထံမှ ရိက္ခာများကို လိုက်လံ ဝယ်ယူခဲ့ကြသည်။ ထို့ကြောင့် သာမန်အချိန်များတွင် မြောက်ပိုင်း၌ စစ်ဖြစ်နေမှန်း သိမှ တက်လာမည့် ကုန်ဈေးနှုန်းမှာ ကြိုတင် မြင့်တက်လာခဲ့ပြီး ဖေစုန့်၏ စစ်တပ်ကို အကြပ်ရိုက်စေတော့သည်။
သာမန်ပြည်သူများမှာ ရိက္ခာများ ဖူလုံသွားသလို အစပိုင်းတွင်လည်း ကုန်သည်များထံမှ ငွေများ ရရှိခဲ့ကြသည်။ ဖေစုန့်၏ စစ်တပ်တစ်ခုတည်းသာ ဤအခြေအနေဆိုးကို ခါးစည်းခံရတော့မည်ဖြစ်ရာ ၎င်းမှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိလှသည့် နည်းလမ်းပင်။
သို့သော်လည်း ဖေစုန့်၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှသည်။
ကံကောင်းချင်တော့ မင်းသမီးက အစစအရာရာကို ကြိုတင်စဉ်းစားထားခဲ့သည်။ ရွှီမိသားစု၏ ကုန်တင်သင်္ဘောများသည် တောင်ဘက်သို့ ဆင်းသွားခဲ့ပြီဖြစ်ပြီး တောင်ဘက်ခြမ်းရှိ ဈေးနှုန်းများမှာလည်း လိုက်ပါ မြင့်တက်နေသဖြင့် ဘာအားနည်းချက်မှာ ပေါ်ပေါက်မသွားခဲ့ပေ။
သူသည် တံခါးဝသို့ ရောက်သည့်အခါ ဖေစုန့်၏ ကိုယ်ရံတော် တစ်ယောက် အလျင်အစလို ရောက်လာသည်ကို မြင်လိုက်ရသည်။ ကျိုးစွေသည် ယဉ်ကျေးသည့် အနေဖြင့် ထိုသူကို အရင်ဝင်ရန် လမ်းဖယ်ပေးလိုက်၏။
ထိုကိုယ်ရံတော်မှာ အလွန်ပင် အလျင်လိုနေပုံရပြီး ကျိုးစွေကဲ့သို့ အာဏာမရှိတော့သည့် အုပ်ချုပ်ရေးမှူး သားကို ဂရုမစိုက်ဘဲ ဖေစုန့်ရှိရာသို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
ကျိုးစွေသည် ထိုနေရာတွင် ရပ်ကာ နားထောင်နေရန် မသင့်တော်သဖြင့် ခြေလှမ်းကို ကြွကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ထိုသူ၏ စကားသံကို သဲ့သဲ့လေး ကြားလိုက်ရသည်။
ကျိုးစွေသည် ယောင်လည်လည်နှင့် ခိုးနားထောင်ခြင်းက မသင့်တော်မှန်း စဉ်းစားလိုက်ပြီး သူ့ခြေထောက်ကို တံခါးဘောင်ဆီသို့ ခြေလှမ်းလိုက်၏။ ထို့နောက်တွင်တော့ ကိုယ်ရံတော်က "အဲ့ဒီ အမျိုးသမီး နိုးလာပြီ" ဟူသော စကားကို ခပ်သဲ့သဲ့ ကြားလိုက်ရတော့သည်။
...