အခန်း ၃၈
Vol. 4 Ch. 38
အပိုင်း (၃၈.၁)
ဖေစုန့်က စာကြည့်ခန်းအတွင်းရှိ ကိုယ်ရံတော်များအားလုံးကို ဆုတ်ခွာသွားဖို့ လက်ယမ်းပြလိုက်၏။ ကျိုးစွေကလည်း အိမ်တော်အစောင့်ခေါင်းဆောင်က တွဲကူပေးပြီး ထွက်ခွာသွားခဲ့သည်။
အကြံပေးအမတ်က ထိုအခါမှသာ မေးလိုက်၏။ "ကျူကျွင်း... အဲ့ဒီအမျိုးသမီးကို ဘာလို့ အသက်ချမ်းသာပေးလိုက်တာလဲ"
ဖေစုန့်က ပြန်ဖြေသည်။ "ဒါက ပုဂ္ဂိုလ်ရေးကိစ္စတွေပါ"
သူသည် ပြတင်းပေါက်အပြင်ဖက်က မှောင်အတိကျနေသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်၏။
"ကျုပ်တို့ စုံစမ်းရသမျှ သဲလွန်စတွေအားလုံးက အချိန်ကိုက်ပဲ ပြတ်တောက်သွားတယ်။ ဆရာ... မှောင်ရိပ်ထဲက လက်တစ်ဖက်က ယုံချန် တင်မကဘဲ ဝေ့မြစ်တောင်ဘက်ခြမ်းတစ်ခုလုံးရဲ့ အခြေအနေကို ကြိုးကိုင်နေတာပဲ"
အကြံပေးအမတ်က လက်ရှိရင်ဆိုင်နေရသော အကြပ်အတည်းကို တွေးတောမိကာ မျက်နှာအမူအရာက ညိုမဲသွားခဲ့သည်။
"တကယ်လို့ ဒါက ဝိန်းမျိုးနွယ်စုရဲ့ သမီးတော် လက်ချက်သာဆိုရင် သူ့ရဲ့ ဗျူဟာခင်းကျင်းပုံတွေက သူ့အဖေနဲ့ အစ်ကိုထက်တောင် သာလွန်နေလိမ့်မယ်။ နောင်တစ်ချိန်မှာ အန္တရာယ်ကြီးတဲ့ ရန်သူဖြစ်လာလိမ့်မယ်"
ဖေစုန့်ရဲ့ အသံက အေးစက်စပြုလာ၏။ "ဟန့်ယန်ရဲ့နေရာကိုရှာဖို့ လူအင်အား ထပ်တိုးလိုက်။ ကျိုးစွေကိုလည်း လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်"
အကြံပေးအမတ်က ပြောလိုက်သည်။ "အခုလောလောဆယ် အခက်ခဲဆုံးက တင်းကျိုးက စစ်ပွဲပဲ။ ယုံချန်က ကျူကျွင်းဆီ လက်နက်ချခဲ့ပေမဲ့ ဟန်ကျိုးကလည်း ဝေ့ချီရှန်းဆီ လက်နက်ချသွားပြီ။ ယန်ယွင် ၁၆ပြည်နယ်က ခိုင်ခံ့လွန်းလှသလို တာ့လျန်ပြည်ကြီးရဲ့ အချက်အချာဒေသမှာလည်း ပုန်ကန်ထကြွတဲ့သူတွေက နည်းတာမဟုတ်ဘူး။ အခြေအနေက... ကျူကျွင်းအတွက် အရေးမသာဘူး"
ဖေစုန့်သည် အေးစက်စက် တစ်ချက် ရယ်မောလိုက်ပြီး သူ့မျက်လုံးများတွင်လည်း အရိုင်းဆန်ဆန် ထောင်လွှားမှုများ ပြည့်နေတော့သည်။
"ဒီလောကကြီးက အစကတည်းက အရည်အချင်းရှိသူတွေ စိုးစံတဲ့နေရာပဲ။ ဘယ်သူ့လက်ထဲမှာ အင်အားကြီးတဲ့ စစ်တပ်ရှိလဲ... အဲ့ဒီလူရဲ့လက်ထဲမှာပဲ အခြေအနေနဲ့ အခွင့်အလမ်းတွေ ရှိနေလိမ့်မယ်"
"ဝေ့ချီရှန်းက တင်းကျိုးကိုသုံးပြီး ကျုပ်ရဲ့ အရှိန်အဝါကို ဖိနှိပ်ချင်နေတာလား။ ဒါဆိုရင်တော့ သူ့ရဲ့ ရှော့ပျန်း သံမဏိမြင်းတပ်က ကျုပ်လက်ထဲက ဒီကျားနဲ့ဝံပုလွေစစ်တပ်ကို ဖိနှိပ်နိုင်မလားဆိုတာကို သေသေချာချာ စောင့်ကြည့်ခိုင်းလိုက်စမ်းပါ"
သူ၏ လက်ချောင်းရှည်များသည် မြေပုံပေါ်ရှိ မုန့်ကျိုးနေရာပေါ်သို့ ကျရောက်သွား၏။ သူ၏ အေးစက်လှသော မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
"မနက်ဖြန်ကျရင် ကျုပ်ကိုယ်တိုင် မုန့်ကျိုးကို စစ်ချီမယ်။ ဆရာကတော့ ကျုပ်ကိုယ်စား ယုံချန်မှာ နေရစ်ပြီး ရှင်းလျဲ့ကို သတ်သွားတဲ့ လူသတ်သမားကို ဆက်ရှာပေးပါ။ မုန့်ကျိုးကို သိမ်းပိုက်နိုင်တာနဲ့ စစ်ရိက္ခာတွေလည်း ရလာလိမ့်မယ်"
မုန့်ကျိုးနှင့် ရှန်းကျိုးတို့သည် ဝေ့မြစ်တောင်ဘက်ခြမ်းတွင် အခိုက်မာဆုံး နေရာနှစ်ခု ဖြစ်ကြ၏။ အကယ်၍ မုန့်ကျိုးကို ဖြိုခွဲနိုင်ပါက ရှန်းကျိုးလည်း ထိတ်လန့်သွားလိမ့်မည်။ မိမိဘာသာ အလံထောင်ကာ အုပ်ချုပ်သူလုပ်ချင်ကြသူများလည်း ပြန်စဉ်းစားလာကြလိမ့်မည်။
ဖရိုဖရဲ ဖြစ်နေသော တာ့လျန်ပြည်ကြီး၏ အချက်အချာဒေသသည် နောက်ဆုံးတွင် သူ၏ သောင်းချီသော စစ်သည်တော်များအောက်၌ တစ်သားတည်း ဖြစ်သွားလိမ့်မည်။
မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်အောက်က စားပွဲပေါ်ရှိ အေးစက်နေသော လက်ဖက်ရည်ခွက်ထဲတွင် မောက်မာပြီး ရက်စက်ကြမ်းကြုတ်သည့် လူငယ်တစ်ယောက်၏ မျက်နှာက ထင်ဟပ်နေ၏။
အကြံပေးအမတ်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်၏။ "ကျူကျွင်းရဲ့ ရည်မှန်းချက်က တောင်တန်းတွေနဲ့ မြစ်ပြင်တွေကို ဝါးမြိုနိုင်လောက်ပေမဲ့... စစ်တပ်ကို အုပ်ချုပ်သူအနေနဲ့ သတ်ဖြတ်ညှဉ်းပန်းမှုတွေ များလွန်းတာကိုတော့ ရှောင်ကြဉ်ရလိမ့်မယ်။ ကျူကျွင်းက မုန့်ကျိုးကို အင်အားသုံးပြီး ဖြိုခွဲတာက လက်နက်မချသေးတဲ့ အခြားအင်အားစုတွေကို ခြိမ်းခြောက်ဖို့အတွက်ဆိုပေမဲ့ မြို့ကို သိမ်းပိုက်ပြီးရင်တော့ လူထုရဲ့ ထောက်ခံမှုကိုရဖို့ ကြင်နာမှုကို ပြသရလိမ့်မယ်။ ဒါကြောင့် စစ်ရိက္ခာတွေအတွက် ချမ်းသာတဲ့ ကုန်သည်ကြီးတွေကိုပဲ စာရင်းရှင်းလိုက်ပါ။ သာမန်ပြည်သူတွေဆီကနေ တရားလွန် မညှစ်ယူပါနဲ့။ နာမည်ဆိုးတွေနဲ့ ကျန်ရစ်နေလိမ့်မယ်"
ဖေစုန့်သည် နောက်ကွယ်က ကြိုးကိုင်သူ၏ လက်ချက်ကြောင့် အကြပ်ရိုက်နေရသဖြင့် စိတ်ထဲတွင် ဒေါသအနည်းငယ် ရှိနေ၏။
"လူထုရဲ့ စိတ်နှလုံး ဟုတ်လား။ စစ်ဘေးစစ်ဒဏ်တွေကြားမှာ ပြည်သူတွေရဲ့ လူနေမှုဘဝအတွက် ဘယ်သူက တကယ်ပဲ စိုးရိမ်နေမှာလဲ။ အားလုံးက ကိုယ့်ရဲ့ ရည်မှန်းချက်တွေအတွက် အကြောင်းပြချက်ကောင်း ရှာနေကြတာပဲ မဟုတ်ဘူးလား"
"ယုံချန်က လက်နက်ချကတည်းက ကျိုးကျင့်အန်းက ရှေ့မင်းဆက်အတွက် သစ္စာရှိပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကို ကျုပ်က အခြေအနေအရ သည်းခံပေးခဲ့ရတယ်။ အဲ့ဒီနောက် ဝေ့မြစ်တောင်ဘက်က ဆန်ဈေးနဲ့ ဆေးဈေးတွေ တက်လာပြီး စစ်ရိက္ခာတွေ စုဆောင်းရခက်လာတဲ့အထိ ကျုပ် မေးခွန်းတစ်ခုကို အမြဲစဉ်းစားနေမိတယ်။ လူထုရဲ့ စိတ်နှလုံးဆိုတာ တကယ်ပဲ အဲ့ဒီလောက် အရေးကြီးလို့လား"
ပိုးဖလံတစ်ကောင်သည် မီးအိမ်အကာထဲသို့ တိုးဝင်သွားပြီး ပိုးသားအကာအတွင်း၌ ဟိုတိုက်သည်တိုက်နှင့် ထွက်ပေါက် ရှာမတွေ့ဘဲ ဖြစ်နေ၏။ ဖေစုန့်က ထိုပိုးဖလံကို ငေးကြည့်လိုက်ပြီး သူ့အမူအရာမှာ အေးစက်နေတော့သည်။
"ဒီလောကထဲက ပြည်သူတွေအားလုံးက ခေတ်အဆက်ဆက်က ဧကရာဇ်တွေရဲ့ လက်အောက်မှာ အိမ်မွေးတိရစ္ဆာန်တွေလိုပဲ ကျင့်သားရနေကြပြီ။ ဓားသွားက သူတို့အပေါ် မကျရောက်သရွေ့ သူတို့က ထုံထိုင်းနေကြဦးမှာပဲ။ တကယ်လို့ ဓားသွားက ကျရောက်လာရင်တောင် သူတို့က အသတ်ခံရရုံပဲ ရှိမှာပါ။ အိမ်မွေးတိရစ္ဆာန်တွေကို မွေးမြူမယ့် နေရာအတွက် ဘယ်သူကမှ အဲ့ဒီတိရစ္ဆာန်တွေ ဘာတွေးနေလဲဆိုတာကို ဂရုမစိုက်ကြဘူး။ အိမ်မွေးတိရစ္ဆာန်တွေကလည်း အရင်သခင်က ကောင်းခဲ့လို့ဆိုပြီး နောက်သခင်အသစ်ကို လက်မခံဘဲ မနေကြဘူးလေ။ ငြင်းကြလို့လား"
"ဆရာ... အာဏာရှိသူနောက်ကိုပဲ တကောက်ကောက်လိုက်မယ့် အဲ့ဒီလို လူမိုက်တွေအတွက် ကျုပ်ရဲ့ ခြေလက်တွေကို ဘာလို့ အနှောင်အဖွဲ့ အလုပ်ခံရမှာလဲ"
ပိုးဖလံသည် နောက်ဆုံးတွင် မီးအိမ်အကာထဲမှ ထွက်မလာနိုင်တော့ဘဲ အကြိမ်ပေါင်းများစွာ ဟိုတိုက်သည်တိုက် လုပ်ပြီးနောက် မီးအိမ်၏ အောက်ခြေသို့ ပြုတ်ကျသွားတော့သည်။
အကြံပေးအမတ်က သူ၏ ထိုစကားများကြောင့် မှင်သက်သွားပြီး အချိန်အတော်ကြာ စကားမဆိုနိုင် ဖြစ်နေ၏။ သူသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည့်နှယ် ပြောလိုက်၏။ "ကျူကျွင်း... ဘာလို့ ဒီလိုမျိုး ထိတ်လန့်စရာကောင်းတဲ့ စကားတွေကို ပြောရတာလဲ"
ဖေစုန့်က ပြတင်းပေါက်အပြင်ဘက်က အဆုံးမဲ့ မှောင်မိုက်နေသော ညဉ့်အမှောင်ထုကို လှမ်းကြည့်လိုက်သည်။ သူ၏ လှပသော မျက်နှာပေါ်တွင် မကျေနပ်မှုနှင့် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။
"ဘာလို့လဲဆိုတော့ ဒီလောကက သာမန်လူတွေက... အသိဉာဏ်မဲ့ပြီး လူမိုက်တွေ ဖြစ်ကြသလို လောဘကြီးပြီး သူရဲဘောကြောင်ကြလို့ပဲ။ ရှေးခေတ် ချင်မင်းဆက်က ပြည်နယ်၆ခုကို သိမ်းပိုက်နိုင်ခဲ့တာက လူထုရဲ့ စိတ်နှလုံးကြောင့်လား။ မဟုတ်ဘူး... အင်အားကြီးတဲ့ စစ်တပ်ကြောင့်ပဲ"
အကြံပေးအမတ်က ပြောလိုက်လေသည်။ "ဒါပေမဲ့ ချင်ကလည်း မျိုးဆက်နှစ်ဆက်တည်းနဲ့ ပျက်သုန်းသွားခဲ့တာပဲ..."
ဖေစုန့်က အကြံပေးအမတ်ဘက်သို့ လှည့်ကြည့်လိုက်၏။ "မဟုတ်ဘူး... အဲ့ဒါက နယ်မြေတွေကို ထိန်းချုပ်နိုင်မယ့် နောက်ထပ် ဧကရာဇ် တစ်ပါး မပေါ်ထွက်လာခဲ့လို့ပဲ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့အခါမှာတော့ ကြင်နာမှု လိုအပ်ကောင်း လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ဒီလောကကြီးကို လုယူတဲ့အခါမှာတော့... ငါ့ဘက်တော်သားဖြစ်ရင် ကြီးပွားပြီး ငါ့ကို ဆန့်ကျင်ရင် ပျက်သုန်းရမှာပဲ"
...
လွင်ပြင်ကျယ်ကြီးထဲတွင် လေပြင်းများ တိုက်ခတ်နေပြီး မြက်ခြောက်များမှာ လဲကျနေကာ ကျီးကန်းများ၏ အော်သံကလည်း စူးရှနာကျင်လှ၏။ ဝိန်းယွီက မြေကြီးတစ်ဆုပ်ကို ဆုပ်ကိုင်ထားပြီး အသစ်တူးထားသော မြေပုံပေါ်သို့ တိတ်ဆိတ်စွာ ဖြူးလိုက်လေသည်။
ကိုယ်ရံတော်ခေါင်းဆောင်က မြင်းကို ဆွဲယူလာပြီး ပြောလိုက်လေသည်။
"သခင်မလေး... လိုက်လာတဲ့သူတွေက အရမ်းနီးနေပြီ။ ကျွန်တော်တို့ ခရီးဆက်ရမယ်"
ဝိန်းယွီက မတ်တတ်ရပ်လိုက်ပြီး မှောင်မိုက်နေသော တောင်တန်းများကို လှည့်ကြည့်လိုက်၏။ သူမ၏ ခြုံလွှာက ညလေထဲတွင် လွင့်ဝဲနေပြီး သူမက ဖြည်းညှင်းစွာ ပြောလိုက်လေသည်။
"လိုက်လံဖမ်းဆီးတဲ့သူတွေက ပိုများလာပြီ။ အာဏာပိုင်တွေတင်မကဘဲ တောင်ပေါ်က ဓားပြတွေပါ ကျွန်မတို့ကို ဝိုင်းထားကြပြီ။ ကျွန်မရဲ့ တည်နေရာ ပေါက်ကြားသွားပြီ ထင်တယ်။ တောင်ဘက်ကို ဆက်သွားရင်း နောက်ထပ် ဘယ်နှစ်ယောက်တောင် ထပ်ပြီး အသက်စွန့်ရဦးမလဲ မသိတော့ဘူး..."
ဖုန်းယန်မှ ထွက်ခွာလာစဉ်က သူတို့တွင် လူနှစ်ဆယ်ကျော် ရှိသော်လည်း ယခုအခါတွင်တော့ ဆယ်ယောက်ပင် မပြည့်တော့ချေ။
ကိုယ်ရံတော်ခေါင်းဆောင်က ပြောလိုက်လေသည်။ "ကျွန်တော်တို့ထဲက တစ်ယောက်ပဲ ကျန်ရင်တောင် မင်းသမီးကို ဖိန်ကျိုးအထိ ဘေးကင်းအောင် ပို့ဆောင်ပေးသွားမှာပါ"
ဝိန်းယွီက မျက်လွှာကို အနည်းငယ်ချလိုက်ပြီး သစ်သားအသစ်ဖြင့် ပြုလုပ်ထားသော ကဗျည်းတိုင်ကို သူမ၏ သွယ်လျလျ လက်ချောင်းများဖြင့် ခပ်ဖွဖွလေး ပွတ်သပ်လိုက်၏။ သူမ၏ အသံက နူးညံ့သော်လည်း ပြတ်သားလှသည်။
"ကျွန်မ ဒီသူရဲကောင်းတွေကို အလကား အသက်မစွန့်စေရဘူး။ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ဒီလောကကြီးထဲမှာ အင်အားကြီးသူက အနိုင်ယူစမြဲပဲ။ အားလုံးက ဓားကိုင်ထားတဲ့သူ ဖြစ်ချင်ကြတာပဲ။ ဘယ်သူကများ စဉ်းနှီတုံးပေါ်က ငါး ဖြစ်ချင်မှာလဲ"
ဤခရီးတစ်လျှောက်တွင် သူမသည် စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ပြည်သူများစွာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။ တာ့လျန် ပြည်ထောင်က ပြိုလဲသွားပြီ ဖြစ်သဖြင့် နယ်မြေအသီးသီးက အာဏာပိုင်များနှင့် ဓားပြများက မိမိဘာသာ ဘုရင်ဟု ကြွေးကြော်ကာ ပြည်သူများထံမှ ရသမျှကို အတင်းအဓမ္မ လိုက်လံ ညှစ်ယူနေကြသည်။
အားလုံးက လူအများအထက်က ဘုရင်လုပ်ချင်နေကြတာပဲ။ ဘယ်သူကများ ပြည်သူတွေရဲ့ အသက်ဘေးကို ဂရုစိုက်လို့လဲ။
ဝိန်းယွီက ပြည်သူများအပေါ် ရင်ထဲမှာ အပြစ်မကင်းသလို ခံစားနေရ၏။
ပြည်သူတွေရဲ့ လုပ်ကျွေးမှုကို ခံယူခဲ့ပေမဲ့ ကိုယ့်ရဲ့ သားသမီးတွေကိုတော့ မကာကွယ်နိုင်ခဲ့တဲ့ သူမ၏ ဝိန်းမျိုးနွယ်စုရဲ့ အမှားတွေပါပဲ။
ကိုယ်ရံတော်ခေါင်းဆောင်က ပြောလိုက်သည်။ "လူကြီးမင်းက သေခြင်းတရားနဲ့ သစ္စာကို ပြသခဲ့တာက မင်းသမီးအနေနဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်ပေးဖို့ မျှော်လင့်နေလို့ပါ"
ဝိန်းယွီက မျက်လုံးများကို ခဏမှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် သူမ၏ မျက်လုံးအောက်ခြေ၌ တည်ငြိမ်မှုများ ပြန်လည် စိုးမိုးသွားတော့၏။ သို့သော် ထိုတည်ငြိမ်မှုနောက်ကွယ်တွင် တောက်လောင်နေသော မီးလျှံများကလည်း ရှိနေဆဲပင်။ သူမက မြင်းပေါ်သို့ လွှတ်ခနဲ ခုန်တက်လိုက်ပြီး မှောင်မိုက်နေသော ရှေ့ခရီးလမ်းကို လှမ်းမျှော်ကြည့်ကာ "သွားကြရအောင်"
ဖေစုန့်ရဲ့ သရုပ်မှန်က ဘာပဲဖြစ်နေနေ ဒါက ဒီလောကကြီးကို ဖျက်ဆီးဖို့ အကြောင်းပြချက် မဟုတ်ဘူး။ သူမက အဲဒီသစ္စဖောက်ကို သေချာပေါက် အပြစ်ပေးနိုင်အောင် လုပ်ရလိမ့်မယ်။
မြင်းက ဒုန်းစိုင်းပြေးလွှားသွားပြီး ဝိန်းယွီ၏ ခါးတွင် ချိတ်ထားသော သစ်သားငါးကြင်းရုပ်ကလေးက လှုပ်ရှားမှုနှင့်အတူ လွှဲယိမ်းနေ၏။
___
ယုံချန်မြို့အပြင်ဘက်က သိပ်သည်းလှသည့် တောအုပ်တစ်ခုအတွင်း၌ ဆီးနှင်းများက ဖြူဖွေးစွာ ဖုံးလွှမ်းနေ၏။
ရှောင်းလိက သူ၏ ဓားရှည်ကို နှင်းများဖုံးနေသော မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်၏။ သူသည် အဝတ်မည်းဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသော အရာတစ်ခုကို ကိုင်ဆောင်ကာ နှင်းများတင်နေသော မြေပုံရှေ့တွင် ဒူးထောက်လိုက်၏။
"အမေ... ကျွန်တော် အမေ့အတွက် ကလဲ့စား ချေပေးခဲ့ပြီ"
သူက ရှင်းလျဲ့၏ ဦးခေါင်းကို ရှောင်းဟွေ့နျန်၏ အုတ်ဂူရှေ့တွင် တင်ထားလိုက်၏။ မြေပုံရှေ့၌ ဦးသုံးကြိမ် ဂါရဝပြုပြီးနောက် သူ့ခါးမှ ကြေးအိုးကို ဖြုတ်ယူလိုက်သည်။ အထဲမှ ထင်းရှူးဆီများကို အဝတ်မည်းဖြင့် ထုပ်ထားသော ဦးခေါင်းပေါ်သို့ လောင်းချလိုက်ပြီး မီးခတ်ကျောက်ဖြင့် မီးညှိလိုက်၏။
လိမ္မော်ရောင်နှင့် အပြာရောင်သန်းနေသော မီးလျှံများသည် အဝတ်မည်းဖြင့် ထုပ်ထားသောအရာကို ခဏချင်းအတွင်း ဝါးမျိုသွားတော့သည်။
အေးစက်သော လရောင်က သူ့အရိပ်ကို ပိုလို့ပင် ထင်ရှားစေပြီး သူ့ပုံစံမှာ အထီးကျန်ဆန်လှ၏။
ရှောင်းလိက ထိုမီးရောင်ကို အသုံးပြုကာ ငွေစက္ကူအချို့ကို မီးရှို့လိုက်၏။
"ကျွန်တော် ယုံချန်ကနေ ခဏလောက် ထွက်သွားရမယ်။ အစ်ကိုကြီး စုန့်ချင်နဲ့ ကျန်းဟူတို့က အရင် လောင်းကစားရုံက ညီအစ်ကိုတွေနဲ့အတူ အစောင့်အရှောက် လုပ်ငန်းတစ်ခု ဖွင့်ထားကြတယ်။ မွေးစားအမေတွေကို သူတို့တွေ စောင့်ရှောက်ပေးလိမ့်မယ်... အမေ စိတ်ချပါ"
ငွေစက္ကူများ လောင်ကျွမ်းသွားပြီးနောက် သူသည် ဘာပြောရမည်မှန်း မသိတော့ဘဲ ပခုံးပေါ်သို့ နှင်းမှုန်များ ကျဆင်းလာသည်ကို သည်အတိုင်း လွှတ်ထားလိုက်တော့။ သူသည် မီးလျှံများ ငြိမ်းသွားသည်အထိ တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။ တောအုပ်အတွင်းမှ တိုက်ခတ်သွားသော လေပြင်းက ငိုရှိုက်သံများနှယ် မြည်ဟည်းနေတော့သည်။
___
ကျိုးအိမ်တော်။
ဖေစုန့်သည် နှင်းကျနေသောည၏ အေးစိမ့်စိမ့် အငွေ့အသက်များနှင့်အတူ အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ အထဲတွင် ခစားနေသော အစေခံများက သူ့ကို အရိုအသေပေးလိုက်ကြ၏။
သည်လူများသည် ဖေစုန့်နှင့်အတူ ပါလာသော အနီးကပ်အစေခံများသာ ဖြစ်ကြပြီး ကျိုးအိမ်တော်မှ အစေခံများ မဟုတ်ကြပေ။ သူက လေသံတိုးတိုးဖြင့် မေးလိုက်၏။
"အဲ့ဒီအမျိုးသမီး အခြေအနေ ဘယ်လိုရှိလဲ"
အစေခံမလေးက ပြန်ဖြေလိုက်သည်။ "ကျွန်မ စစ်ဆေးကြည့်သလောက် သူ နိုးလာပြီဆိုပေမဲ့ သတိကတော့ မကြည်လင်သေးပါဘူး။ ပါးစပ်ကလည်း ဟွမ်အာဆိုတဲ့ လူနာမည်တစ်ခုကိုပဲ တဖွဖွ ရေရွတ်နေပါတယ်"
ဖေစုန့်က လက်ယမ်းပြကာ အစေခံများကို ထွက်သွားခိုင်းလိုက်သည်။ အခန်း၏ ထောင့်လေးထောင့်စလုံးတွင် ဆီမီးခွက်များ ထွန်းထားသဖြင့် အလင်းရောင်များ ပြည့်နှက်နေ၏။ ဖေစုန့်က ကုတင်ဘေးတွင် ရပ်ကြည့်နေရင်း ဒဏ်ရာပြင်းထန်လှသော အမျိုးသမီးကို ငုံ့ကြည့်ကာ မေးလိုက်၏။
"မင်း ငါ့ကို သိသလား"
ရှောင်းဟွေ့နျန်၏ မျက်လုံးများသည် မကြည်လင်ဘဲ ဖြစ်နေပြီး မသိစိတ်ကပဲ ရေရွတ်နေလေသည်။ "ဟွမ်အာ... အမေ့ရဲ့ ဟွမ်အာလေး..."
ဖေစုန့်၏ အကြည့်များက ရုတ်တရက် အေးစက်သွားပြီး ဓားကို ဆွဲထုတ်ကာ ရှောင်းဟွေ့နျန်၏ လည်ပင်းဆီသို့ တည့်တည့် ချိန်ရွယ်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ "ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ"
ရှောင်းဟွေ့နျန်သည် သူမ၏ လည်ပင်းနားတွင် အေးစက်သော ဓားသွားရှိနေသည်ကို သတိမပြုမိသည့်နှယ် ပါးစပ်မှလည်း အားနည်းစွာဖြင့် ဆက်တိုက်ခေါ်နေလေသည်။ "ဟွမ်အာ..."
ဖေစုန့်က သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ဓားကို ပြန်သိမ်းကာ အခန်းပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့၏။
ထိုနှစ်က... သူ၏ မိခင်ဖြစ်သူသည် နယ်နှင်ဒဏ် ခံရစဉ် လမ်းခရီး၌ ဖျားနာပြီး ကွယ်လွန်သွားခဲ့သည်။ သူမ အသက်ထွက်ခါနီးတွင်လည်း သတိမကြည်လင်ဘဲ "ဟွမ်အာ" ဟု တစ်ချိန်လုံး ခေါ်နေခဲ့ဖူး၏။
ဒီအမျိုးသမီးက... တကယ်တော့ ဘယ်သူလဲ။ ငါ့ရဲ့ နောက်ကြောင်းကို သိတဲ့သူလား။ ဒါမှမဟုတ်... တိုက်ဆိုင်မှုသက်သက်ပဲလား။
ဖေစုန့်သည် ခြံဝင်းအတွင်းသို့ လျှောက်လာခဲ့ပြီး အပြင်တွင် စောင့်နေသော အစေခံများက သူ့ကို ထပ်ပြီး အရိုအသေပေးလိုက်ကြ၏။ သူသည် အခန်းဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
"စစ်ဖက်သမားတော်ကို ပြောလိုက်။ ငါ မုန့်ကျိုးကို တိုက်ခိုက်ပြီး ပြန်မလာခင်အထိ ဒီအမျိုးသမီး သေချာပေါက် အသက်ရှင်နေရမယ်လို့"
___
သုံးရက်ကြာပြီးနောက်...
လမ်းမကြီးဘေးက လက်ဖက်ရည်ဆိုင်တစ်ခု။
လူဆယ်ယောက်ကျော် ပါဝင်သော ကုန်သည်အဖွဲ့တစ်ခုသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ အော်ဟစ်လိုက်ကြ၏။
"စားပွဲထိုး... လက်ဖက်ရည်ကောင်း နှစ်အိုး ယူလာခဲ့စမ်း။ ပြီးတော့ သိုးသား ၁၀ကျင်းလောက်လည်း ပြင်ပေးဦး"
"ချက်ချင်းရပါမယ်... အားလုံး ခဏလောက် စောင့်ပေးပါဦး" ဆိုင်အလုပ်သမားလေးက အလျင်အမြန်ပင် ပြန်ထူးလိုက်ကာ အလုပ်ရှုပ်သွားလေတော့၏။
ထိုလူစုက လွတ်နေသော စားပွဲတွင် ဝင်ထိုင်လိုက်ကြပြီး ကျိန်ဆဲပြောဆိုလိုက်ကြ၏။
"မုန့်ကျိုးမှာ ဧကရာဇ်လို့ ကိုယ့်ဟာကို ကြေညာထားတဲ့ အဲ့ဒီလူက အရင်ကတော့ အတော်လေး အရည်အချင်းရှိသလိုလိုနဲ့ ကြွားလုံးထုတ်ခဲ့တာပဲ။ အခုတော့ ဖေစုန့်ရဲ့ စစ်သည် သုံးသောင်းရှေ့မှာ တစ်ရက်တောင် မခံဘဲ မြို့ပျက်သွားရပြီ။ တော်သေးတာပေါ့... ငါတို့တွေ မြန်မြန် ပြေးလာခဲ့လို့။ မဟုတ်ရင် အခုချိန်မှာ မြို့ထဲက ကုန်သည်တွေနဲ့အတူ အသက်ပျောက်နေလောက်မယ်။ ဒီလိုခေတ်ဆိုးကြီးထဲမှာ နေရာအနှံ့ သွားလာပြီး အသက်နဲ့ရင်းပြီး ငွေရှာရတာ... တကယ် မလွယ်ဘူး"
...
အပိုင်း (၃၈.၂)
သူတို့နှင့် မျက်စောင်းထိုးတွင် ထိုင်နေသည့် လူငယ်တစ်ဦးသည် ခေါင်းတွင် ဝါးခမောက် ဆောင်းထားကာ လက်ဖက်ရည်ကြမ်း တစ်ခွက်ကို သောက်ရင်း တိတ်ဆိတ်စွာ နားထောင်နေလေသည်။
ကုန်သည်အဖွဲ့ထဲမှ လူတစ်ဦးက ပဲကြီးလှော်များကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ ဆက်ပြောလိုက်၏။
“ငါ့ကို မေးရင်တော့... ဒီတစ်လောကလုံးကတော့ ၈ ပုံ ၁ ပုံလောက် ဖေစုန့်ရဲ့ လက်ထဲကိုပဲ ရောက်သွားမှာလို့ ပြောရမှာပဲ။ မုန့်ကျိုးလို ခိုင်ခန့်တဲ့နေရာကို ဖယ်ရှားပြီးရင် ကျန်တဲ့ ရှန်းကျိုးကတော့ ဘာမှ မဟုတ်တော့ဘူးလေ။ ဒါကို စစ်ဗျူဟာမှာ ဘယ်လို ခေါ်မလဲ... အရင်ဆုံး ပြည်တွင်းကို ငြိမ်ဝပ်အောင်လုပ်ပြီးမှ ပြည်ပရန်ကို တိုက်ထုတ်တာပေါ့!”
ဘေးကလူက ဝင်ပြောလိုက်၏။
“အဲ့ဒါကတော့ မသေချာဘူးလေ။ တောင်ဘက်မှာ ယခင်လျန်ပြည်ထောင်ရဲ့ ဟန့်ယန်မင်းသမီး သတင်း ရထားတယ် မဟုတ်လား။ အဲ့ဒီ တောပုန်းဓားပြတွေကတော့ ဒီငန်းသားလေးကို သွားရည်ကျပြီး ယခင်လျန်ပြည်ထောင်ရဲ့ အင်အားကို အသုံးချချင်နေတာလေ။ ပြီးရင် နာမည်လှလှလေးတပ်ပြီး ပုန်ကန်ဖို့ ကြံနေကြတာပဲ!”
အစောပိုင်းက စကားပြောသူက ခေါင်းခါလိုက်၏။ “အဲ့ဒီ ဓားပြတွေဆိုတာ လူစုလူဝေး သက်သက်ပဲ။ ဖေစုန့်ရဲ့ စစ်တပ်ကြီးကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ။ ဒါပေမဲ့ အဲ့ဒီ ဟန့်ယန်မင်းသမီးကတော့ ပြည်နယ် အသီးသီးက မြို့တံခါးတွေမှာ သူ့ရဲ့ ပုံတူပန်းချီတွေ ကပ်ထားတာလေ။ သူက တကယ့်ကို နတ်သမီးလေးတစ်ပါးလို လှတာပဲ။ နောက်ဆုံးတော့ ဘယ်သူ့ရဲ့ လက်ထဲ ရောက်သွားမလဲ မသိဘူး”
သူငယ်ချင်းဖြစ်သူက ရယ်မောကာ ပြောလိုက်၏။ “ချန်လျန်ဝမ်ရဲ့ချွေးမတောင် ဖေစုန့်ရဲ့ လန်ရှင်းမျှော်စင်ထဲမှာ အဖမ်းခံထားရတာပဲ။ အဲ့ဒီ ဟန့်ယန်မင်းသမီးလည်း နောက်ဆုံးတော့ သူ့ရဲ့ ယောက်မနဲ့ သွားအဖော်လုပ်ရမှာ သေချာသလောက်ပဲ!”
စားပွဲဝိုင်းရှိ လူများအားလုံးက အဓိပ္ပာယ်ပါပါဖြင့် ရယ်မောလိုက်ကြလေသည်။
“စားပွဲထိုး... ငွေရှင်းမယ်”
အေးစက်တည်ငြိမ်လှသည့် အသံမှာ သူတို့၏ မျက်စောင်းထိုး စားပွဲဝိုင်းမှ ထွက်ပေါ်လာလေသည်။
ကုန်သည်အဖွဲ့ထဲမှ လူတချို့က လှည့်ကြည့်လိုက်သောအခါ လူငယ်က စားပွဲဘေးမှ ဖြတ်လျှောက်သွားစဉ် ရှင်းလင်းပြတ်သားသည့် မေးရိုးအလှနှင့် မိုးရေထဲသို့ တိုးဝင်သွားသည့် သန်မာသော ကျောပြင်ကိုသာ မြင်လိုက်ရသည်။ ဓားကို ကိုင်ထားသည့် သူ၏ လက်မောင်းမှာ အင်္ကျီလက်အောက်တွင် ကြွက်သားများ အနည်းငယ် ထောင်တက်နေကာ မြင်းစီးပြီး တစ်ကိုယ်တည်း ထွက်ခွာသွားသည်မှာ ဝံပုလွေတစ်ကောင်နှယ် ရှိနေတော့သည်။
____
ရက်ဆက်တိုက် ထွက်ပြေးခဲ့ရသဖြင့် ဝိန်းယွီတစ်ယောက် အအေးမိကာ ဖျားနာခဲ့လေသည်။
သူမ၏ ပုံတူပန်းချီများကို တောပုန်းဓားပြများက တစ်စောင်စီ ကိုင်ထားကြပြီး သူမကို ဖမ်းဆီးကာ တောပုန်းဓားပြကတော် မြှောက်မည်ဟု ကြွေးကြော်နေသူများမှာလည်း မနည်းလှချေ။
အရှေ့တွင် ဓားပြများရှိပြီး အနောက်တွင်လည်း လိုက်လံဖမ်းဆီးသူများ ရှိနေသည်။ လမ်းခရီးတစ်လျှောက် စစ်ဆေးမှုများကို ရှောင်ကွင်းရန်အတွက် သူမသည် ကြောင်မွှေးများကို အသုံးပြုကာ တစ်ကိုယ်လုံး အင်ပြင်များ ထအောင် လုပ်ခဲ့ရပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ဓာတ်မတည့်သည့် ဝေဒနာနှင့် အအေးမိဖျားနာမှုတို့ ပေါင်းစုံသွားသဖြင့် တောင်ကြီး ပြိုကျလာသည့်နှယ် ခံစားနေရတော့သည်။
လွန်ခဲ့သည့် ၂ရက်က သူမသည် မြင်းစီးနိုင်သေးသော်လည်း ၃ရက်မြောက်နေ့တွင်တော့ မြင်းကျောပေါ်သို့ တက်ရန်ပင် အင်အား မရှိတော့ချေ။ လမ်းခရီးတစ်လျှောက် အစစအရာရာ စိုးရိမ်ပူပန်ခဲ့ရသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အားနည်းနေခဲ့သည်။ ထိုကြောင့် ဤဖျားနာမှုမှာ ပြင်းထန်လှပြီး ကိုယ်ပူရှိန်ကလည်း မကျဘဲ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲကာ အရိုးများကြားတွင် အပ်ဖြင့် ထိုးနေသည့်နှယ် ခံစားနေရလေသည်။
လမ်းခရီးတွင် လိုက်လံဖမ်းဆီးသူများကို လမ်းလွှဲရန်အတွက် ၁၀ယောက်ပင် မပြည့်သည့် သူတို့အဖွဲ့ကို ၃ လမ်း ခွဲလိုက်ကြသည်။
ယခုတွင် ဝိန်းယွီ၏ ဘေးနားတွင် ကိုယ်ရံတော်ခေါင်းဆောင် ချန်အန်းနှင့် အမျိုးသမီးကိုယ်ရံတော် ထုံချွဲတို့သာ ကျန်ရှိတော့သည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာများ ရှိနေကြသော်လည်း ပြည်နယ်အသီးသီးက မြို့တံခါးများတွင် သတင်းရထားပုံရသည်။ သူတို့သည် ဒဏ်ရာရထားသူများကို လိုက်လံရှာဖွေနေကြသဖြင့် တစ်မြို့လုံးတွင် စစ်ဆေးနေရုံသာမက ဆေးဆိုင်များကိုပါ စောင့်ကြည့်နေကြသည်။ ဒဏ်ရာအတွက် ဆေးလာဝယ်သူ မှန်သမျှ နောက်ယောင်ခံ လိုက်ခြင်း ခံရလေသည်။
ထို့ကြောင့် ကိုယ်ရံတော်ခေါင်းဆောင်နှင့်အဖွဲမှာ ဒဏ်ရာများကို မကုသဘဲ ထားရလေသည်။
သည်နေ့တွင် ဝိန်းယွီ၏ ကိုယ်ပူရှိန်က မကျဘဲ ရှိနေသည်ကို မြင်သောအခါ ကိုယ်ရံတော်ခေါင်းဆောင် ချန်အန်းက ပြောလိုက်၏။ “ကျွန်တော် ရုပ်ဖျက်ပြီး ဆေးဆိုင်ကို သွားပြီး သခင်မလေးအတွက် ဆေးသွားဝယ်လိုက်ပါ့မယ်”
ဝိန်းယွီက ခေါင်းခါလိုက်၏။ ကိုယ်ပူရှိန်ကြောင့် သူမ၏ နှုတ်ခမ်းဖူးလေးများမှာ ခြောက်သွေ့နေသော်လည်း မျက်ဝန်းများတွင်တော့ ခိုင်မာသည့် အရိပ်အယောင်များ ရှိနေဆဲပင်။
“ရှင်က ဒဏ်ရာရထားတာလေ။ ဆေးဆိုင်ကို သွားလို့ သမားတော်နဲ့ တွေ့လိုက်တာနဲ့ ချက်ချင်း ရိပ်မိသွားလိမ့်မယ်”
ကိုယ်ရံတော်ခေါင်းဆောင်က စဉ်းစားလိုက်ပြီးမှ ထပ်ပြောလိုက်၏။
“ဒါဆိုရင် ကျွန်တော် ဈေးတန်းထဲကို သွားကြည့်လိုက်ပါ့မယ်။ တကယ်လို့ ခြေကြွသမားတော်တွေ ဒါမှမဟုတ် တောထဲက ဆေးမြစ်လာရောင်းတဲ့ ဆေးဆရာတွေနဲ့ တွေ့ရင် ဆေးနည်းနည်းလောက် ရနိုင်လိမ့်မယ်”
ဝိန်းယွီကို တွဲထားသည့် အမျိုးသမီးကိုယ်ရံတော် ထုံချွဲက သူမကို ကြည့်ကာ ပြောလိုက်၏။ “သခင်မလေး... ကျွန်မလည်း ဒီနည်းလမ်းက အဆင်ပြေမယ်လို့ ထင်တယ်”
ကိုယ်ပူရှိန်ကြောင့် ဝိန်းယွီတစ်ယောက် ခေါင်းကိုက်ဝေဒနာကိုပါ ခံစားနေရသဖြင့် စဉ်းစားဉာဏ်များမှာလည်း ထုံထိုင်းနေလေသည်။ မိမိ၏ အအေးမိဝေဒနာအတွက်သာမက ချန်အန်းနှင့် ထုံချွဲတို့၏ ဒဏ်ရာများအတွက်လည်း ဆေးလိုအပ်သည်ကို သူမ သိသည်။ မဟုတ်ပါက ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာပြီး ပိုခက်ခဲသွားလိမ့်မည်။
နောက်ဆုံးတွင် သူမသည် ခေါင်းညိတ်လိုက်ပြီး မှာကြားလိုက်၏။ “အစစအရာရာ သတိထားနော်။ လမ်းမှာလည်း မျက်စိရှင်ရှင် ထား။ တကယ်လို့ ဈေးတန်းထဲမှာ လူစောင့်ကြည့်နေတာကို တွေ့ရင် မစွန့်စားဘဲ ဒီကိုပဲ ပြန်လာပြီးမှ ပြန်တိုင်ပင်ကြတာပေါ့”
ချန်အန်းက လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်၏။ “ကျွန်တော် မှတ်သားထားပါပြီ”
သူ ထွက်သွားပြီးနောက် ထုံချွဲသည် ဘုရားကျောင်းပျက်ကြီး၏ တံခါးကို ပြန်ပိတ်လိုက်၏။ သူမသည် သံအိုးလေးထဲမှ ရေနွေးတချို့ကို ခပ်ထုတ်ကာ အနည်းငယ် အအေးခံပြီးနောက် ဝိန်းယွီကို တွဲထူကာ တိုက်လိုက်လေသည်။ “သခင်မလေး... သက်သာရဲ့လား”
ဝိန်းယွီသည် နာကျင်နေသည့် လည်ချောင်းကို ရေဖြင့် စိုသွားအောင် လုပ်လိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။ သူမ၏ မျက်နှာတွင် အဖုအပိမ့်များ ရှိနေသော်လည်း ဖြူဖျော့နေသည့် အသားအရည်ကိုတော့ မဖုံးကွယ်နိုင်တော့ချေ။
ဘုရားကျောင်းပျက်အတွင်းရှိ ပုလ္လင်ပေါ်ရှိ ရွှေဆေးများ ကွာကျနေသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူမှာ လူ့လောကကြီးကို ပြုံးသယောင်၊ သနားသယောင်ဖြင့် ငုံ့ကြည့်နေလေသည်။
ဝိန်းယွီသည် ထိုရုပ်ပွားတော်ကြီးကို ကြည့်ကာ အင်အားကို စုစည်းပြီး ထရပ်လိုက်၏။ ထို့နောက် ဖုန်ထူနေသည့် ကော်ဇောပေါ်တွင် ဒူးထောက်ကာ လက်အုပ်ချီလျက် ရိုသေစွာ ရှိခိုးလိုက်လေသည်။
ထုံချွဲက မေးလိုက်၏။ “သခင်မလေးက နတ်ဘုရားတွေကို ယုံကြည်လို့လား”
ဝိန်းယွီက ရှိခိုးပြီးနောက် ပြန်ဖြေလိုက်၏။
“အရင်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီလောကကြီးမှာ ကျွန်မအတွက် ဆွေမျိုးရင်းချာဆိုလို့ ယောက်မနဲ့ အားယင်းလေးပဲ ကျန်တော့တာလေ။ အရာအားလုံးက မသေချာဘူးဆိုရင်တောင် သူတို့တွေ ကံကောင်းပါစေလို့ ဆုတောင်းပေးချင်မိတယ်”
ထုံချွဲသည် ဒူးထောက်နေသည့် သူမကို ငေးကြည့်နေမိ၏။ ပြတင်းပေါက်လေးမှတစ်ဆင့် ဝင်ရောက်လာသည့် နေရောင်ခြည်အောက်တွင် သူမသည် နတ်ဘုရားမတစ်ပါးနှယ် ရှိနေသဖြင့် သူမ၏ရင်ထဲတွင် ရှင်းမပြတတ်အောင် စိတ်လှုပ်သွားကာ ထုံချွဲတစ်ယောက် စကားပင် မပြောနိုင်တော့ချေ။
ထိုအချိန်တွင် ဘုရားကျောင်းအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာလေသည်။ ထုံချွဲသည် သတိဖြင့် ပြတင်းပေါက်အနားသို့ ကပ်ကာ ကြည့်လိုက်၏။ သူတောင်းစားတချို့က စစ်သည်များကို လမ်းပြလာပြီး “ဟိုရှေ့က ဘုရားကျောင်းပျက်ကြီးပဲ!”ဟု ပြောနေကြသည်ကို မြင်လိုက်ရလေသည်။
ထုံချွဲ၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူမသည် သံအိုးကို မှောက်ချကာ မီးကို ရေဖြင့် ငြှိမ်းသတ်လိုက်၏။ ထို့နောက် ဝိန်းယွီကို တွဲကာ ပြောလိုက်၏။
“မကောင်းတော့ဘူး! ဒီနားက သူတောင်းစားတွေ သတင်းကြားပြီး ဆုငွေရဖို့အတွက် စစ်သည်တွေကို ခေါ်လာတာ ဖြစ်ရမယ်! ကျွန်မ သခင်မလေးကို ခေါ်ပြီး အမြန် ထွက်ပြေးမှ ဖြစ်မယ်!”
ထုံချွဲသည် ဝိန်းယွီကို တွဲကာ ဘုရားကျောင်း၏ အနောက်ဘက်မှတစ်ဆင့် ထွက်ပြေးခဲ့လေသည်။
သူတောင်းစားတချို့သည် စစ်သည်များကို ခေါ်ဆောင်ကာ ဘုရားကျောင်းထဲသို့ ဝင်လာကြသော်လည်း ဘယ်သူ့ကိုမှ ရှာမတွေ့ချေ။ စစ်သည်ခေါင်းဆောင်က မီးခိုးကြွင်းကျန်များကို စမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“မီးငြှိမ်းထားတာ မကြာသေးဘူး။ သူတို့ အဝေးကြီး မရောက်နိုင်သေးဘူး”
ထိုစဉ် စစ်သည်တစ်ဦးကလည်း သတင်းလာပို့လေသည်။ “လူကြီးမင်း! ဘုရားကျောင်းနောက်ဘက်မှာ ခြေရာတွေ တွေ့တယ်!”
စစ်သည်ခေါင်းဆောင်က အော်ပြောလိုက်သည်။ “အမြန်လိုက်ကြ!”
ဖျားနာနေသဖြင့် အားနည်းနေသော ဝိန်းယွီသည် အချိန်အကြာကြီး မပြေးနိုင်တော့ချေ။ ထုံချွဲတွင်လည်း ဒဏ်ရာရှိနေသဖြင့် သူမကို ကျောပိုးထားရန် မတတ်နိုင်တော့ချေ။
စစ်သည်များ နီးကပ်လာသည်ကို မြင်သောအခါ သူမသည် နံရံကို မှီကာ ထုံချွဲကို တွန်းလိုက်ပြီး ပြောလိုက်၏။ “ရှင် အမြန်ပြေးတော့။ ကျွန်မက အခု ပုံပျက်နေတာဆိုတော့ သူတို့က ပန်းချီကားနဲ့ တိုက်ကြည့်ရင်တောင် သိမှာ မဟုတ်ဘူး!”
ထုံချွဲသည် အံကြိတ်ကာ ဝိန်းယွီကို သူမ၏ ကျောပေါ်သို့ ဆွဲတင်လိုက်၏။ ဒဏ်ရာကို ဖိမိသဖြင့် နာကျင်နေသော်လည်း သူမသည် အအေးဒဏ်ကို အံတုကာ ရှေ့သို့ ဆက်ပြေးရင်း ပြောလိုက်သည်။
“ကျွန်မတို့ အတူရှိနေပြီး စစ်သည်တွေရဲ့ လက်ထဲ ရောက်သွားရင် သူတို့က သခင်မလေးကို မမှတ်မိရင်တောင် ကျွန်မတို့ကို နှိပ်စက်ပြီး သတင်းမေးကြလိမ့်မယ်။ ကျွန်မက သခင်မလေးကို အန္တရာယ်ထဲ ဘယ်လိုလုပ် ပစ်ထားနိုင်မှာလဲ!”
စကားပြောပြီးသည်နှင့် ထုံချွဲသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။
သူမသည် ဝိန်းယွီကို မထိခိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့သော်လည်း ဝိန်းယွီမှာ လဲကျစဉ် တံတောင်ဆစ်နှင့် မြေပြင်ကို ပြင်းထန်စွာ တိုက်မိသွားသဖြင့် ညည်းတွားလိုက်မိသည်။ ဝိန်းယွီသည် နာကျင်မှုကို ဂရုမစိုက်ဘဲ ဖြူဖျော့နေသည့် မျက်နှာဖြင့် ထုံချွဲကို တွဲထူလိုက်၏။
“ရှင် ဒဏ်ရာရသွားပြီ......”
ထုံချွဲ၏ ခြေသလုံးတွင် မြားတစ်စင်း မှန်ထားပြီး သွေးများ စီးကျနေလေသည်။ မြားထိပ်တွင် မေ့ဆေးများ သုတ်ထားပုံရသဖြင့် သူမ၏ ခြေထောက်တစ်ဖက်မှာ ထုံကျင်နေလေပြီ။ သူမသည် ဓားကို အားပြုကာ မျက်ရည်များဖြင့် ပြောလိုက်၏။
“သခင်မလေး... ကျွန်မကို ထားခဲ့ပြီး အမြန်ပြေးတော့!”
ဝိန်းယွီက ခေါင်းခါလိုက်၏။ သူမ၏ မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝဲလာပြီး ထုံချွဲ၏ဆံစလေးများကို နားနောက်သို့ သပ်ပေးရင်း ပြောလိုက်သည်။ “ရှင်တို့ ကျွန်မအတွက် ဒီလောက်အထိ အသက်စွန့်ခဲ့တာနဲ့တင် လုံလောက်ပါပြီ”
ထို့နောက် သူမသည် ထုံချွဲ၏ ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်လေသည်။
ထုံချွဲသည် သူမ ဘာလုပ်မည်ကို သိသဖြင့် မျက်ရည်များဖြင့် အော်လိုက်၏။
“သခင်မလေး... မလုပ်ပါနဲ့!”
ဝိန်းယွီသည် သူမ၏ ပခုံးကို ဖိထားပြီး ပြောလိုက်၏။
“ထုံချွဲ... ငါတို့က နောင်တစ်ချိန်အတွက် အသက်ရှင်ရမယ်။ အလကား အသက်မစွန့်ရဘူး”
သူမသည် ဓားမြှောင်ကို မိမိ၏ လည်ပင်းတွင် တေ့ကာ အားယူကာ ထရပ်လိုက်၏။ ထို့နောက် မနီးမဝေးမှ မြင်းစီးလာသည့် စစ်သည်များကို ကြည့်ကာ ပြောလိုက်လေသည်။
“ကျွန်မက ဝိန်းမျိုးနွယ်စုရဲ့ ဟန့်ယန်မင်းသမီးပဲ။ ရှင်တို့နဲ့ လိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ ကျွန်မရဲ့ လူကို တစ်ချက်လေးတောင် ထပ်ထိခိုက်အောင် လုပ်ရင်တော့ ရှင်တို့ ပြန်ခေါ်သွားရမှာက အလောင်းပဲ ဖြစ်စေရမယ်”
လေအေးများက သူမ၏ အင်္ကျီနှင့် ဆံပင်များကို မွှေနှောက်ပစ်လိုက်သည်။ သူမ၏ ငြိမ်သက်နေသည့် မျက်ဝန်းများတွင် ယခုတော့ အေးစက်လှသည့် အရိပ်အယောင်များ ရှိနေလေသည်။ သူမ၏ အသွင်အပြင်မှာ နွမ်းပါးနေသော်လည်း သူမ၏ မြင့်မြတ်လှသည့် အရှိန်အဝါကြောင့် စစ်သည်ခေါင်းဆောင်မှာပင် သူမကို တည့်တည့် မကြည့်ဝံ့တော့ချေ။
သူမကို အရှင်ဖမ်းမိသည့် အကျိုးကျေးဇူးက အသေဖမ်းမိသည်ထက် ပိုကြီးမားသည်ကို စစ်သည်ခေါင်းဆောင်က သိနေသည်။ သူသည် လက်အောက်ငယ်သားများကို မြားများ ပြန်သိမ်းခိုင်းလိုက်၏။
သူက ရယ်မောကာ ပြောလိုက်သည်။ “ဒီလိုမှန်း သိရင် မင်းသမီးအနေနဲ့ ဒီလောက်အထိ ရုန်းကန်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ လူကြီးမင်းက မင်းသမီး ဒီကို ဖြတ်သွားမယ်ဆိုတာ ကြားလို့ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခိုင်းလိုက်တာပါ”
စကားပြောပြီးသည်နှင့် သူ၏ အနောက်ဘက်မှ မြင်းခွာသံများက မိုးခြိမ်းသံအလား ထွက်ပေါ်လာလေသည်။
စစ်သည်ခေါင်းဆောင် လှည့်ကြည့်လိုက်သောအခါ နေဝင်ရီတရော အချိန်တွင် မြင်းစီးသူ ၂ ဦး ဒုန်းစိုင်းစီးလာသည်ကို မြင်လိုက်ရ၏။ အရှေ့မှ လူသည် ခမောက်ဆောင်းထားသဖြင့် မျက်နှာတစ်ဝက်ကိုသာ မြင်ရပြီး သူ့လက်ထဲတွင်တော့ ၅ပေအရှည် မြောင်ဓားမောက်ကြီးတစ်လက် ရှိနေပြီး အေးစက်သည့် အလင်းရောင်များ ထွက်ပေါ်နေလေသည်။
ထိုကဲ့သို့ အရှိန်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကို စစ်သည်များမှာ မတားဆီးဝံ့ကြချေ။ မြင်းများ နီးကပ်လာသောအခါ စစ်သည်များမှာ ဘေးသို့ ဖယ်ပေးလိုက်ကြရ၏။ မြားဖြင့် ပစ်ရန် ကြိုးစားသူများမှာလည်း လေးကြိုးပင် မဆွဲရသေးခင် ဓားချက်အောက်တွင် လဲကျသွားကြတော့သည်။
စစ်သည်ခေါင်းဆောင်က အော်ဟစ်ကာ မြင်းကို နှင်ပြီး ဓားကို ကိုင်လျက် တိုက်ခိုက်ရန် ရှေ့သို့ ထွက်လာခဲ့သည်။
သို့သော် ခဏချင်းမှာပင် သူ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး မယုံကြည်နိုင်သည့် မျက်နှာဖြင့် မြင်းပေါ်မှ လဲကျသွားတော့သည်။
မြင်းစီးလာသူသည် အရှိန်မလျှော့ဘဲ ဝိန်းယွီ၏ ဘေးမှ ဖြတ်သွားစဉ် သူမ၏ ခါးကို ဆွဲမကာ မြင်းပေါ်သို့ တင်ပြီး ထွက်ခွာသွားတော့သည်။
ဝိန်းယွီ၏ ခါးတွင် ချိတ်ထားသည့် ငါးကြင်းရုပ် သစ်သားဆွဲသီးလေးသည် သူ၏ ဓားအိမ်နှင့် ရိုက်မိပြီး အသံလေး ထွက်ပေါ်လာခဲ့သည်။
သူ၏ အနောက်မှ လိုက်လာသည့် မြင်းစီးသူမှာလည်း ထိုနည်းအတိုင်းပင် ဒဏ်ရာရထားသည့် ထုံချွဲကို ဆွဲမကာ သူတို့နောက်မှ လိုက်ပါသွားတော့သည်။
ဝိန်းယွီသည် မြင်းကျောပေါ်သို့ မှောက်လျက် ကျသွားပြီး ရင်းနှီးလှသည့် ရင်ခွင်တစ်ခုထဲ ရောက်ရှိသွားလေသည်။ မျက်နှာကို တိုးဝှေ့လာသည့် လေအေးများကြောင့် သူမ၏ လည်ချောင်းမှာ ပိုနာကျင်လာပြီး စကားပင် မပြောနိုင်တော့ချေ။ သူမ၏ခါးကို တင်းကြပ်စွာ ဖက်ထားသည့် ထိုလက်မောင်းကြီးမှာလည်း လွှတ်မသွားချေ။ ဝိန်းယွီသည် ခဏလောက် မှင်သက်သွားပြီးနောက် သူမ၏ နှာခေါင်းဝတွင် ရစ်ဝဲနေသည့် ဆပ်ပြာနံ့သင်းသင်းလေးကို ရှူရှိုက်မိကာ ရုတ်တရက် စကားလုံးများ ပျောက်ဆုံးသွားလေတော့သည်။
...