← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အပိုင်း (၃၉.၁)

သူတို့သည် မြို့အတွင်း၌ အချိန်အကြာကြီး မနေဝံ့ကြပေ။ မြို့တံခါးများကို စစ်သားများက ပိတ်ဆို့မထားခင် မြို့ပြင်သို့ အမြန်ပြေးထွက်လာခဲ့ကြသည်။ မိုင်ဆယ်ချီခန့် အပြေးနှင်လာပြီးနောက် လေကွယ်ရာ ဇရပ်လေး တစ်ခုတွင် ရပ်နားလိုက်ကြ၏။

ခြုံလွှာကြီး ခြုံထားသော်လည်း ဝိန်းယွီတစ်ယောက် အေးစက်လှသည့် လေပြင်းကြောင့် ချောင်းများ အဆက်မပြတ် ဆိုးနေသည်။

ချန်အန်းက မြင်းပေါ်မှ ဆင်းကာ မေးလိုက်၏။ "သခင်မလေး အဆင်ပြေရဲ့လား"

သူမအနောက်တွင် ရှိနေသူက သူမ၏ ကျောကို ပွတ်ပေးရန် လက်မြှောက်လိုက်ပုံရသည်။ ထိုအခါမှ သူ၏ လက်တစ်ဖက်က သူမ၏ ခါးကို တင်းကျပ်စွာ ဖက်ထားမိကြောင်း သတိပြုမိသွားကာ အနေရခက်သွားသည့်နှယ် လက်ကို ရုပ်သိမ်းလိုက်ပြီး မြင်းပေါ်မှ ဆင်းလိုက်လေသည်။ ထို့နောက် မြင်းကုန်းနှီး တစ်ဖက်တွင် ချိတ်ဆွဲထားသည့် သားရေရေဘူးကို ဖြုတ်ယူကာ သူမထံ ကမ်းပေးရင်း ပြောလိုက်သည်။ "ဒီထဲမှာ ရေနွေးပါတယ်။ နည်းနည်း သောက်လိုက်ရင် သက်သာသွားလိမ့်မယ်"

ထုံချွဲက ဤသူစိမ်းယောကျ်ားက ဝိန်းယွီကို ရေဘူးကမ်းပေးသည်ကို မြင်သောအခါ ဝိန်းယွီတစ်ယောက်တည်း သုံးရန်အတွက် သူတို့ ထွက်ပြေးစဉ်က သယ်ဆောင်လာသည့် ရေဘူးကို အလိုအလျောက် စမ်းကြည့်လိုက်မိသည်။ သို့သော် ခါးတွင် ဘာမှ မရှိသည်ကို တွေ့ရမှ အလျင်စလို ထွက်ပြေးလာရသဖြင့် ဘုရားကျောင်းပျက်ထဲတွင် ကျန်ရစ်ခဲ့ကြောင်း သတိရသွားတော့သည်။

သူမက နှုတ်ခမ်းကို လှုပ်ရှားကာ ဝိန်းယွီကိုယ်စား ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ဝိန်းယွီက ရေဘူးကို လှမ်းယူကာ အက်ကွဲနေသော အသံဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်ကို မြင်လိုက်ရ၏။ ထို့နောက် ဝိန်းယွီက ချန်အန်းကို ပြောလိုက်လေသည်။ "ကျွန်မ အဆင်ပြေပါတယ်။ ထုံချွဲရဲ့ ခြေထောက်မှာ မြားမှန်ထားတာဆိုတော့ သူ့ဒဏ်ရာကို အရင်ကုပေးလိုက်ပါ"

ထုံချွဲက အလျင်အမြန် ခေါင်းခါလိုက်ပြီး "ကျွန်မ ဘာမှ မဖြစ်ပါဘူး။ သူတို့က မြားထိပ်မှာ ထုံဆေးတွေ သုတ်ထားပုံရတယ်။ အခု ကျွန်မ တစ်ကိုယ်လုံး ထုံကျင်နေပြီး လှုပ်လို့ မရပေမယ့် နာတော့ မနာပါဘူး"

သူမ၏ စိတ်ထဲတွင်တော့ မင်းသမီးက သူတို့အပေါ် ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြောင့် အားနာပြီး ငြင်းပယ်ရန် ခက်ခဲနေခြင်း ဖြစ်မည်ဟု တွေးတောနေမိသည်။

သူတို့လို သိုင်းလောကသားများအတွက် အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ခြင်းမှာ သာမန်ကိစ္စ ဖြစ်သော်လည်း မင်းသမီး၏ အဆင့်အတန်း မြင့်မားကြောင်း သူမ သိထားသဖြင့် သူတို့နှင့် တန်းတူသဘောထားလို့ မဖြစ်နိုင်ပေ။

ဝိန်းယွီက ရေဘူးကို ဖွင့်ပြီး ရေသောက်မည့် အရိပ်အယောင် မပြသည်ကို မြင်သောအခါ သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ပိုယုံကြည်သွားပြီး မေးလိုက်၏။ "ဒီသူရဲကောင်းက..."

ချန်အန်းက ဈေးထဲမှ ဝယ်လာသည့် ဆေးများကို စစ်ဆေးနေရာမှ ရှင်းပြရန် ပြင်လိုက်သော်လည်း ဝိန်းယွီက ဖြတ်ပြောလိုက်သည်။ "သူက ကျွန်မတို့ လူပဲ။ အရင်ကလည်း ကျွန်မအပေါ် ကျေးဇူးရှိဖူးတယ်"

ရှောင်းလိက လက်နှစ်ဖက်ယှက်ကာ ထုံချွဲကို အေးစက်စက် အသံဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့်နာမည်က ရှောင်းလိပါ။ အရင်က လူကြီးမင်းကျိုးရဲ့ ချီးကျူးမှုကို ခံရပြီး အိမ်တော်မှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်"

သူက ကျိုးကျင့်အန်း၏ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ထုံချွဲ၏ သံသယများ အနည်းငယ် လျော့ပါးသွားပြီး မြင်းပေါ်မှနေ၍ လက်နှစ်ဖက်ယှက်ကာ ရှောင်းလိကို ပြန်လည်နှုတ်ဆက်လိုက်၏။ "ကျွန်မ နာမည်က ထုံချွဲပါ"

ချန်အန်းက ဆေးများကို ရှာဖွေတွေ့ရှိသွားပြီးနောက် ဝင်ပြောလိုက်လေသည်။ "ညီအစ်ကိုရှောင်းက အိမ်တော်မှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အချိန်တုန်းက ငါတို့က သခင်မလေးနဲ့အတူ တောင်ဘက်ကို ဆင်းလာခဲ့ကြတာဆိုတော့ မင်း သူ့ကို မသိတာ ဖြစ်မယ်။ ဒါပေမယ့် ဟော်ခွန်းကို သတ်တဲ့အချိန်တုန်းက တစ်ယောက်တည်းနဲ့ ဟော်ခွန်းရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဟန့်တားထားနိုင်ခဲ့တဲ့ သူလို့ ပြောရင်တော့ မင်း မှတ်မိလောက်မှာပါ"

ထုံချွဲသည် အံ့ဩသွားပြီး ရှောင်းလိကို နောက်တစ်ကြိမ် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်လေသည်။ "ဪ... အဲ့ဒီသူရဲကောင်း ဖြစ်နေတာကိုး။ အကူအညီသွားပေးတဲ့ ညီအစ်ကိုတွေ ပြန်လာတော့ အဲ့ဒီအကြောင်း ပြောပြကြတယ်။ သူတို့အားလုံးက သူရဲကောင်းရှောင်းရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးနေကြတာ"

ရှောင်းလိက တိုတိုတုတ်တုတ်ပင် ပြန်ပြောလိုက်၏။ "မြှောက်ပင့်လွန်းပါပြီ"

ထုံချွဲ၏ ခြေထောက်ရှိ မြားဒဏ်ရာကို အမြန်ဆုံး ကုသပေးရန် လိုအပ်သဖြင့် ချန်အန်းက သူမကို မြင်းပေါ်မှ ဆင်းရန် ကူညီပေးပြီး အဆောက်အအုံလေးဘက်သို့ ခေါ်ဆောင်သွားကာ ဒဏ်ရာကို ကုသပေးရန် ပြင်ဆင်လေသည်။

သူမက ဝိန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ "သခင်မလေး... ဒီမှာ လေပြင်းတယ်။ အဆောက်အအုံလေးဘက်က လေကွယ်တယ်၊ အဲ့ဒီကို သွားနားလိုက်ပါလား"

ဝိန်းယွီက ခေါင်းညိတ်လိုက်သော်လည်း ဖျားနာနေသဖြင့် နှုတ်ခမ်းများပင် ဖြူဖျော့နေပြီး မြင်းကုန်းနှီးကို ကိုင်ကာ အောက်ဆင်းရန် အားမရှိတော့ချေ။

ထုံချွဲက ထုံကျင်နေသည့် ခန္ဓာကိုယ်ဖြင့် အတင်းအားယူကာ သူမကို ကူညီရန် သွားမည်အပြုတွင် ထိုအေးစက်စက် မျက်နှာနှင့် လူငယ်က ဒူးတစ်ဖက် ထောက်လိုက်ပြီး အလွန် တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့် ပခုံးကို နင်းပြီး ဆင်းလိုက်ပါ"

ဝိန်းယွီက အခိုက်တန့် တွေဝေသွားပြီးမှ မြင်းကုန်းနှီးကို ကိုင်ကာ ခြေတံရှည်များကို လွှဲပြီး သူ၏ ကျယ်ပြန့်သော ပခုံးပေါ်တွင် ခြေလှမ်းကာ အောက်သို့ ဆင်းလိုက်လေသည်။

မြဲမြံအောင် ရပ်လိုက်ပြီးနောက်တွင် ဒူးတစ်ဝက် ကွေးထားသော်လည်း အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော ထိုလူကို ကြည့်ကာ တိုးရှရှလေသံဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ်"

ရှောင်းလိက မတ်တတ်ရပ်ကာ ပြန်ပြောလိုက်သည်။ "တာဝန်အရ လုပ်ရတာပါ"

ဝိန်းယွီသည် ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်ကာ သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောချေ။

ထုံချွဲက ထိုစကားကို ကြားသောအခါ ရှောင်းလိသည် ဝိန်းယွီ၏ အဆင့်အတန်းကို သိရှိထားကြောင်း နားလည်သွားသဖြင့် စိတ်အေးသွားပြီး ချန်အန်းကိုတွဲကာ အဆောက်အအုံလေးထဲသို့ ဝင်သွားချန်တွင် မေးလိုက်လေသည်။ "အစ်ကိုချန်က သူရဲကောင်းရှောင်းနဲ့ ဘယ်လို တွေ့ခဲ့တာလဲ"

ချန်အန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။ "ငါ ဈေးထဲမှာ ဆေးဝယ်ပြီးတော့ စစ်သားတွေ ဘုရားကျောင်းပျက်ဘက်ကို သွားနေတယ်လို့ ကြားတယ်။ အဲ့ဒီကို အမြန် ပြန်သွားတဲ့ အချိန်မှာပဲ ဘုရားကျောင်းပျက်ဘက်ကို သွားမယ့် ညီအစ်ကိုရှောင်းနဲ့ သွားဆုံခဲ့တယ်။ ဒါနဲ့ စစ်သားတွေဆီကနေ မြင်း ၂ ကောင် လုပြီး လူလာကယ်တာပဲ"

သူက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။ "ဒီနေ့ ညီအစ်ကိုရှောင်းရဲ့ အကူအညီသာ မပါရင် ငါ တစ်ယောက်တည်းနဲ့ သခင်မလေးကို ကာကွယ်ပေးဖို့ ခက်လိမ့်မယ်"

ထို့နောက် သူက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။ "ဒါပေမယ့် ညီအစ်ကိုရှောင်းက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ"

ဝိန်းယွီက အဆောက်အအုံလေးထဲတွင် ထိုင်နေရင်း ရှောင်းလိကို လှမ်းကြည့်လိုက်၏။

ရှောင်းလိက သူမကို အဆောက်အအုံလေးထဲသို့ ကူညီခေါ်ဆောင်သွားပြီးနောက် ဓားကို ပိုက်ကာ အပြင်ဘက်တွင် ရပ်နေခဲ့ပြီး အဝေးက လမ်းမကြီးကို ကြည့်ကာ ထင်းရှူးပင်ကြီးတစ်ပင်နှယ် တိတ်ဆိတ်နေလေသည်။ ယခု မေးခွန်းမေးခံရမှသာ သူက ပြန်ပြောလိုက်သည်။ "ယုံချန်မှာ ပြဿနာ နည်းနည်း တက်သွားလို့ပါ"

ချန်အန်း၏ မျက်နှာလည်း မည်းမှောင်သွားပြီး ပြောလိုက်သည်။ "လူကြီးမင်း သေဆုံးသွားတဲ့ သတင်းကို ငါတို့ ကြားပြီးပါပြီ......"

ရှောင်းလိက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "သခင်မကြီးလည်း ဆုံးသွားပါပြီ။ လူကြီးမင်းရဲ့ ခေါင်းတလားကို ဝင်တိုက်ပြီး သတ်သေသွားတာပါ"

အဆောက်အအုံလေးထဲရှိ လူအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြပြီး ဝိန်းယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဘယ်လိုဖြစ်တာလဲ"

ရှောင်းလိက ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို တည်ငြိမ်သောအသံဖြင့် အကျဉ်းချုံး ပြောပြလိုက်ပြီး ဆက်ပြောလိုက်သည်။ "လမ်းမှာ ခင်ဗျားတို့ တိုက်ခိုက်ခံရတဲ့အကြောင်း ကြားလို့ စစ်သားတွေရဲ့ လှုပ်ရှားမှုကို လိုက်ပြီး ဒီကို ရောက်လာတာပါ"

ကျိုးသခင်မကြီးက အရှက်ခွဲခံရမည့်အစား ခေါင်းတလားကို ဝင်တိုက်ပြီး သေဆုံးသွားကြောင်း ဝိန်းယွီ ကြားသောအခါ သူမ၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွားတော့သည်။

ထုံချွဲကတော့ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ နီရဲလာပြီး အဆောက်အအုံလေးထဲရှိ ထိုင်ခုံကို ပြင်းထန်စွာ ထုနှက်ကာ ကျိန်ဆဲလိုက်လေသည်။ "တိရစ္ဆာန်အုပ်ကြီး!"

ချန်အန်းလည်း စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း ထုံချွဲ၏ ခြေထောက်မှ မြားကို ဆွဲထုတ်ရမည့် အရေးကြီးသော အချိန်ဖြစ်သဖြင့် ပြောလိုက်သည်။ " သတိထားပါဦး။ အကြောတွေကို ထိသွားရင် မင်းရဲ့ ခြေထောက်က နောက်ဆို အသုံးမဝင်တော့ဘူး ဖြစ်သွားလိမ့်မယ်"

ထုံချွဲက ဒေါသကို မြိုသိပ်ကာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

ဝိန်းယွီက အပြင်ဘက်တွင် ရပ်နေသည့် ရှောင်းလိကို ကြည့်ကာ မေးလိုက်၏။ "ဒေါ်ဒေါ်ရော"

ရှောင်းလိက အချိန်အတန်ကြာမှ အဝေးရှိ တောင်ကို ကွေ့ပတ်ကာ ဖောက်လုပ်ထားသည့် လမ်းမကြီးကို ကြည့်ကာ ဖြေလိုက်လေသည်။ "ကျိုးသခင်မကြီးကို ကာကွယ်ရင်း ရှင်းလျဲ့ရဲ့ ဓားချက်အောက်မှာ သေဆုံးသွားပါပြီ"

ဝိန်းယွီ၏ ရင်ထဲတွင် ပိုပြီးလေးလံသွားသလို ခံစားလိုက်ရပြီး ရှောင်းလိ သည်လောက်အထိ စကားနည်းသွားရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။

ယုံချန်တွင် သူတို့ လမ်းခွဲခဲ့စဉ်က ရှောင်းဟွေ့နျန်သည် နှုတ်ဆက်ရမည့် ဝမ်းနည်းမှုကို ကြောက်ရွံ့သဖြင့် ကိုယ်တိုင် လာရောက် မပို့ဆောင်နိုင်ခဲ့ချေ။ ယခုတော့ သူတို့သည် ထာဝရ ခွဲခွာခဲ့ရမည်ဟု မည်သူက သိနိုင်ပါမည်နည်း။

သူမကိုယ်တိုင်လည်း ဆွေမျိုးရင်းချာများကို ဆုံးရှုံးရသည့် နာကျင်မှုကို ကြုံတွေ့ခဲ့ဖူးသဖြင့် မည်သည့် နှစ်သိမ့်စကားကမှ အသုံးမဝင်ကြောင်း သိထားသည်။ လက်စားချေခြင်းကသာ ရင်ထဲက ဒေါသကို ပြေပျောက်စေနိုင်လိမ့်မည်။

ဝိန်းယွီသည် အဆောက်အအုံလေး အပြင်ဘက်ရှိ အထီးကျန်ဆန်လှသော ထိုကျောပြင်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ကျွန်မ ကျိုးသခင်မကြီးနဲ့ ဒေါ်ဒေါ်အတွက် လက်စားချေပေးပါ့မယ်"

ရှောင်းလိသည် ရှင်းလျဲ့ကို သတ်ဖြတ်ခဲ့ပြီးကြောင်း မပြောဘဲ လှည့်ကာ သူမကို ကြည့်လိုက်၏။ ဝံပုလွေတစ်ကောင်နှယ် အေးစက်သော မျက်လုံးများက တစ်ဝက်ခန့် မှေးစင်းလျက် ပြောလိုက်လေသည်။ "ကျွန်တော် မင်းကို နန်ချန်ကို လိုက်ပို့ပေးပါ့မယ်"

မြေပြင်ပေါ်ရှိ ကျောက်ခဲလေးများက အနည်းငယ် တုန်ခါနေပြီး အဝေးမှ မြင်းခွာသံများ သဲ့သဲ့လေး ထွက်ပေါ်လာလေသည်။

ချန်အန်းက ထုံချွဲ၏ ခြေထောက်ဒဏ်ရာကို စည်းပေးပြီးနောက် မြေပြင်တွင် နားကပ်ကာ နားထောင်လိုက်ပြီး မျက်နှာပျက်သွားကာ ပြောလိုက်သည်။ "အနည်းဆုံး မြင်း ၄၀၊ ၅၀ လောက် ရှိမယ်၊ လိုက်ဖမ်းတဲ့ သူတွေ ဖြစ်ရမယ်! အမြန်ပြေးကြစို့!"

သူတို့ အားလုံး အဆောက်အအုံလေးထဲမှ အလျင်အမြန် ထွက်ပြေးလာကြသည်။ ချန်အန်းက ဒဏ်ရာရထားပြီး ခန္ဓာကိုယ် ထုံကျင်နေသေးသည့် ထုံချွဲကို ဂရုစိုက်ရမည် ဖြစ်သဖြင့် ဝိန်းယွီသည် ရှောင်းလိနှင့်အတူ မြင်းတစ်ကောင်တည်း စီးရပြန်သည်။

သူတို့၏ မြင်းများက ရှေ့လမ်းမကြီးပေါ်သို့ ရောက်ရှိသွားချိန်တွင် အဝေးရှိ တောင်၏ လမ်းချိုးနောက်ကွယ်မှ မြင်းစီးစစ်သားများ ရောက်ရှိလာပြီး သူတို့ကို မြင်သောအခါ အော်ဟစ်လိုက်လေသည်။ "လူတွေ ဟိုရှေ့မှာပဲ! အမြန်လိုက်ကြ!"

ရှောင်းလိနှင့် ချန်အန်းတို့က မြင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ နှင်နေသော်လည်း မြင်းတစ်ကောင်ပေါ်တွင် လူနှစ်ယောက် စီးထားရသဖြင့် မြင်းများ၏ ခံနိုင်ရည်က တဖြည်းဖြည်း ကျဆင်းလာပြီး အနောက်မှ လိုက်လာသည့် စစ်သားများနှင့် အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။

ရှောင်းလိက နောက်ကို တစ်ချက် ကြည့်လိုက်သောအခါ မြင်းစီးစစ်သည် အများအပြား၏ လက်ထဲတွင် လေးများ ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသဖြင့် မျက်နှာမည်းမှောင်သွားကာ ချန်အန်းကို အော်ပြောလိုက်တော့သည်။ "သူတို့ဆီမှာ လေးတွေ ပါတယ်! လေးပစ်တဲ့ အကွာအဝေးထဲ ဝင်လို့ မဖြစ်ဘူး!"

ထို့နောက် သူက အနောက်တွင် ရှိနေသည့် ဝိန်းယွီကို လက်တစ်ဖက် ကမ်းပေးကာ ပြောလိုက်လေသည်။ "လက်ပေး"

အစောပိုင်းက သူတို့ အလျင်စလို မြင်းပေါ်တက်ခဲ့သဖြင့် သူက မြင်းပေါ်အရင်တက်ပြီး ဝိန်းယွီကို သူ့အနောက်သို့ ဆွဲတင်ခဲ့ရသည်။

ယခုအချိန်တွင် ဝိန်းယွီတစ်ယောက် လေအေးများ တိုက်ခတ်မှုကြောင့် ကိုယ်ပူရှိန်က ပိုတက်လာပြီး ခေါင်းကိုက်ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။ ရှောင်းလိ၏ အသံက လေပြင်းများကြားမှ ထွက်ပေါ်လာချိန်တွင် သူ၏ ဆိုလိုရင်းကို ခက်ခဲစွာ နားလည်လိုက်ပြီး လက်ကို ကမ်းပေးလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူမ ခန္ဓာကိုယ် လည်ထွက်သွားကာ မြင်း၏ အရှေ့ဘက်သို့ ရောက်ရှိသွားပြီး ဝမ်းဗိုက်က ကုန်းနှီးအရှေ့ပိုင်းနှင့် ထိကပ်သွားတော့သည်။

သူမ နေမကောင်းဖြစ်နေသည်ကို ရိပ်မိပုံရသဖြင့် ရှောင်းလိ၏ သန်မာသော လက်မောင်းက သူမ၏ ချိုင်းအောက်မှ လျှိုဝင်ကာ သူမ၏ ပခုံးကို ဆွဲမလိုက်လေသည်။ ဝိန်းယွီသည် မြို့ပြင်ထွက်စဉ်ကလို သူ၏ အရှေ့တွင် တည်ငြိမ်စွာ ထိုင်နိုင်သွားတော့သည်။

သူမက အလွန် အားနည်းနေသဖြင့် ကျောကို မတ်မတ်ထားရန် ကြိုးစားသော်လည်း မြင်းပြေးနှုန်း ပြင်းထန်ချိန်တွင် အနောက်ဘက်ရှိ သူ၏ ရင်ဘတ်ကို မကြာခဏ ဝင်တိုက်မိနေလေသည်။

"ခွင့်လွှတ်ပါ။ စစ်သားတွေဆီမှာ လေးတွေ ပါတယ်၊ သူတို့ လေးပစ်တဲ့ အကွာအဝေးထဲ ရောက်သွားရင် မင်းက အနောက်မှာဆိုတော့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်"

သူက ရှင်းပြလိုက်သော်လည်း အကွာအဝေးက နီးကပ်လွန်းသဖြင့် သူ၏ အသံက ရင်ဘတ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ခံစားရပြီး သူမ၏ နားစည်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

သူက မိမိအတွက် စေတနာထားပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း နားလည်သဖြင့် သူမက အက်ကွဲနေသော အသံဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။

သူတို့သည် လမ်းကွေ့တစ်ခုကို ကျော်ဖြတ်လိုက်ချိန်တွင် အရှေ့တွင် လမ်းခွဲတစ်ခု ရှိနေသည်ကို ခပ်ရေးရေး မြင်လိုက်ရသည်။ စစ်သားများက တောင်ကွေ့ကို မကျော်နိုင်သေးသဖြင့် သူတို့ကို မမီသေးချေ။

ချန်အန်းက ထုံချွဲကိုလည်း မြင်းအရှေ့ဘက်သို့ ပြောင်းရွှေ့ပေးလိုက်သည်။ သူက အရှေ့ဘက်ရှိ လမ်းခွဲကို ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့ မြင်းတွေက လူနှစ်ယောက်ကို သယ်ထားရတော့ နောက်ဆုံးတော့ လိုက်မီလာကြမှာပဲ။ ကျွန်တော်နဲ့ ထုံချွဲက ဒဏ်ရာရထားပြီးပြီ၊ သခင်မလေးရဲ့ ဘေးမှာ နေရင် အနှောင့်အယှက် ဖြစ်လိမ့်မယ်။ ခွဲပြေးရင် စစ်သည် တစ်ချို့ကို အာရုံလွှဲနိုင်လိမ့်မယ်။ ညီအစ်ကိုရှောင်း... သခင်မလေးရဲ့ လုံခြုံရေးကို မင်းကိုပဲ အပ်လိုက်တော့မယ်နော်!"

ထို့နောက် သူက ဝိန်းယွီကို ကြည့်ကာ ပြောလိုက်လေသည်။ "သခင်မလေး... ကျွန်တော်တို့ အသက်ရှင်သေးရင် ဖိန်ကျိုးကို သွားပြီး သခင်မလေးအတွက် ဆက်ပြီး အမှုထမ်းပါ့မယ်"

စကားပြောပြီးသည်နှင့် ဝိန်းယွီအတွက် ဝယ်လာသည့် အအေးမိဖျားနာ ပျောက်ဆေးထုပ်ကို ပစ်ပေးလိုက်ပြီး မြင်းကို ရိုက်နှက်ကာ ညာဘက်လမ်းခွဲသို့ ပြေးသွားတော့သည်။

ဝိန်းယွီ၏ ရင်ထဲတွင် စူးခနဲ ခံစားလိုက်ရ၏။ သူမနှင့်အတူ တောင်ဘက်သို့ ဆင်းလာခဲ့သည့် ကိုယ်ရံတော်များသည် လမ်းခရီးတစ်လျှောက်တွင် မည်မျှ သေဆုံးခဲ့ရသည်ကို မသိတော့ချေ။ သူမက ရှောင်းလိ၏ လက်မောင်းကို ကိုင်ကာ မျက်ရည်ဝဲလျက် အော်ခေါ်လိုက်လေသည်။ "ကိုယ်ရံတော်ချန်! ထုံချွဲ!"

ထုံချွဲက မြင်းပေါ်မှနေ၍ ဆို့နှင့်စွာဖြင့် ပြန်ဖြေလိုက်လေသည်။ "သခင်မလေး ဂရုစိုက်ပါနော်!"

...

အပိုင်း (၃၉.၂)

ရှောင်းလိသည် ဆေးထုပ်ကို လှမ်းယူလိုက်ပြီးနောက် ဘာစကားတစ်ခွန်းမှ မဆိုဘဲ မြင်းကုန်းနှီးဘေးက အထုပ်အတွင်းသို့ ထည့်လိုက်သည်။ ဝိန်းယွီ လိမ့်ကျမသွားစေရန် သူ့လက်မောင်းတစ်ဖက်ဖြင့် သူမကို အသာအယာ ထိန်းကိုင်ထားလိုက်၏။ ထို့နောက် သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ကျာပွတ်ကို ဝှေ့ယမ်းကာ ဘယ်ဘက်လမ်းသို့ မြင်းကို တစ်ဟုန်ထိုး နှင်လိုက်တော့သည်။

သူတို့နောက်မှ လိုက်လာကြသည့် စစ်သားများသည် သူတို့က မိန်းကလေးတစ်ဦးစီကို ကာကွယ်လျက် လမ်းခွဲပြေးကြသည်ကို မြင်သောအခါ အချိန်အတော်ကြာ တွေဝေမနေတော့ဘဲ အဖွဲ့ ၂ ဖွဲ့ ခွဲကာ ဆက်လက်လိုက်လံ ဖမ်းဆီးကြသည်။

ရှောင်းလိသည် ဝိန်းယွီကို ခေါ်ဆောင်ကာ မိုင်အနည်းငယ် ပြေးခဲ့သော်လည်း သူတို့ကို လုံးဝ အပြတ်အသတ် မခါချနိုင်ခဲ့ချေ။ တောင်ကွေ့တစ်ခုသို့ ရောက်ရှိချိန်တွင် သူသည် မြင်းဇက်ကြိုးကို အားဖြင့် ဆွဲကာ ရပ်လိုက်သည်။ သူသည် ဝိန်းယွီကို မြင်းပေါ်မှ ပွေ့ချီကာ အောက်သို့ ချပေးလိုက်ပြီးနောက် မြင်းကျောပေါ်ရှိ အထုပ်ကို ဖြုတ်ယူလိုက်၏။ ထို့နောက် ဝိန်းယွီ၏ ဆံပင်မှ ဆံထိုးတစ်ချောင်းကို ဆွဲထုတ်ကာ မြင်းတင်ပါးကို ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။ မြင်းသည် ထိတ်လန့်သွားကာ တဟီဟီ မြည်ဟည်းရင်း လမ်းမကြီးအတိုင်း အရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေတော့သည်။

သူသည် ဝိန်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ဘေးက တောအုပ်နက်အတွင်းသို့ ဦးတည်လိုက်ပြီးနောက် “သွားစို့”

ရှောင်းလိ၏ လုပ်ရပ်မှာ လိုက်လံဖမ်းဆီးသူများကို လမ်းလွဲရန် ဖြစ်ကြောင်း ဝိန်းယွီ သိရှိသဖြင့် သူမ၏ ဂါဝန်စကို မကာ သူ၏ခြေလှမ်းများနောက်သို့ အမီလိုက်ရန် အစွမ်းကုန် ကြိုးစားသည်။ သို့သော်လည်း ဖျားနာနေသည့် သူမအဖို့မှာမူ အင်အားများက လုံးဝ ကုန်ခမ်းနေလေပြီ။ တောအုပ်ထဲတွင်လည်း လူသူမနင်းဖူးသည့် တောရိုင်းများ ဖြစ်သဖြင့် လမ်းများမှာလည်း မတ်စောက်လှသည့်အပြင် မြေဆီလွှာများမှာလည်း ပျော့အိနေသည်။ သူမသည် လဲကျမသွားစေရန် သတိထားကာ လျှောက်နေရ၏။ ရံဖန်ရံခါတွင် သစ်ကိုင်းခြောက်များက သူမ၏ မျက်နှာနှင့် ဆံပင်များကို ခြစ်မိပြီး ခရီးလမ်းမှာ ခက်ခဲလှသည်။

သတိထားနေသည့် ကြားမှပင် သူမ၏ ခြေမျက်စိမှာ တစ်စုံတစ်ခုနှင့် ငြိကာ ရှပ်ထိသွားတော့သည်။ စူးရှသည့် နာကျင်မှုကြောင့် သူမ၏ လည်ချောင်းထဲမှ ညည်းတွားသံ သဲ့သဲ့လေး ထွက်ပေါ်လာခဲ့သည်။

ရှောင်းလိက သူမဘက်သို့ လှည့်ကြည့်လိုက်၏။ ဝိန်းယွီသည် နာကျင်လွန်းသဖြင့် မျက်နှာမှာ ပိုလို့ပင် ဖြူဖျော့သွားသော်လည်း သူမက တိုက်တွန်းလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး။ သစ်ကိုင်းနဲ့ ရှပ်သွားတာ ထင်တယ်။ ဆက်သွားကြရအောင်”

ရှောင်းလိသည် ဘေးက ကျိုးပဲ့နေသည့် သစ်လုံးနှင့် သူမ၏ စကပ်စမှ ပြဲသွားသည့် နေရာကို တစ်ချက် ကြည့်လိုက်ပြီးသည်။

“မလှုပ်နဲ့” သူက ပြောလိုက်သည်။

သူသည် သူမကို ပွေ့ချီလိုက်ပြီး အနည်းငယ် ညီညာသည့် မြေနေရာသို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့အပေါ်ဝတ်ရုံကို ချွတ်ကာ ရေညှိပင်များ ဖုံးလွှမ်းနေသည့် ကျောက်တုံးကြီးပေါ်တွင် ခင်းပေးလိုက်ပြီး သူမကို ထိုင်ခိုင်းလိုက်တော့သည်။

ရှောင်းလိက သူမ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာ ခြေမျက်စိကို ဆုပ်ကိုင်လိုက်သည်ကို မြင်သောအခါ အားနည်းနေသည့် ဝိန်းယွီ၏ မျက်ခွံများမှာ တုန်ခါသွားပြီး သူမ၏ လက်ချောင်းလေးများမှာလည်း အနည်းငယ် တင်းကြပ်သွား၏။ သူမသည် ခြေထောက်ကို ရုန်းကန်ရန် အနည်းငယ် အားစိုက်လိုက်သော်လည်း လွတ်ထွက်မသွားခဲ့ချေ။

“တကယ်ပဲ ဘာမှ မဖြစ်ပါဘူး” သူမက အက်ကွဲသောအသံဖြင့်သာ ထပ်ပြောလိုက်သည်။

သာမန်အရပ်သားများ ကြားတွင်တော့ အမျိုးသားနှင့် အမျိုးသမီးကြား ထိတွေ့ဆက်ဆံမှုတွင် ကန့်သတ်ချက်များစွာ မရှိလှပေ။ ဆင်းရဲသား မိသားစုများတွင် တစ်မိသားစုလုံးအတွက်ပင် အဝတ်အစား ကောင်းကောင်းတစ်စုံ မရှိတတ်သဖြင့် ရာသီဥတု ၃ခုလုံးတွင် ခြေဗလာဖြင့် သွားလာနေကြသူများမှာလည်း မနည်းလှချေ။ သို့သော် မြင့်မြတ်သည့် မျိုးရိုးကြီး မိသားစုများတွင်တော့ အမျိုးသမီးတစ်ဦးက ဘာမှမပတ်သက်သည့် အမျိုးသားတစ်ဦးရှေ့တွင် ခြေထောက်ကို ထုတ်ပြခြင်းမှာ စည်းကမ်းဖောက်ဖျက်ရာ ရောက်သည့်အပြင် ထိတွေ့ခံရခြင်းမှာ ပိုလို့ပင် မသင့်လျော်လှပေ။ သည်လောက် နာကျင်မှုကိုတော့ သူမတစ်ယောက် သည်းခံနိုင်ပါသေးသည်။

ရှောင်းလိက ဘာစကားမှ မဆိုဘဲ သူမ၏ ဘောင်းဘီအနားကို ပင့်တင်လိုက်၏။ သူမ ဝတ်ဆင်ထားသည့် ခြေအိတ်ပေါ်တွင် သွေးကွက်များ စိမ့်ထွက်နေသည်ကို သူ မြင်လိုက်ရသည်။

“အဲ့ဒီ သစ်သားတုံးမှာ ရွှံ့ပုပ်တွေ ပါနေတယ်။ ဒဏ်ရာကို မသန့်စင်ရင် ပိုဆိုးသွားလိမ့်မယ်” သူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ဝိန်းယွီ၏ မျက်ဝန်းများတွင် ဖျားနာမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး သူမသည် လက်ချောင်းများကို တင်းတင်းဆုပ်ကာ ဘာမှ ထပ်မပြောတော့ချေ။

သူက သူမ၏ ခြေအိတ်ကို ချွတ်ပေးသည်ကို တိတ်ဆိတ်စွာ ကြည့်နေမိ၏။ အဝတ်စနှင့် ဒဏ်ရာ ပွတ်တိုက်မိသည့် နာကျင်မှုကြောင့် သူမ၏ အသက်ရှူသံမှာ အနည်းငယ် မြန်ဆန်သွားတော့သည်။ ထိုအရာကို သူက သတိပြုမိသွားသည့်နှယ် မော့မကြည့်ဘဲ သူ့လှုပ်ရှားမှုများကို ပိုနှေးကွေးစေလိုက်ပြီးနောက် ရေရွတ်လိုက်သည်။ “နည်းနည်း သည်းခံလိုက်ပါ”

ခြေအိတ်ကို ချွတ်လိုက်သောအခါ ခြေထောက်တစ်ဖက်လုံးမှာ အေးစက်လှသည့် လေထုအတွင်း ပေါ်ထွက်လာပြီး သူမ၏ ခြေမျက်စိကို ဆုပ်ကိုင်ထားသည့် သူ၏ နွေးထွေးလှသော လက်ဖဝါး အထိအတွေ့မှာ ပိုလို့ပင် ထင်ရှားလာတော့သည်။

ဝိန်းယွီသည် မျက်လွှာကို ချထားလိုက်ပြီး ဘေးတွင်ချထားသည့် လက်နှစ်ဖက်မှာ ဘာလုပ်ရမှန်း မသိဖြစ်ကာ သူ ခင်းပေးထားသည့် ဝတ်ရုံကိုသာ တင်းတင်းဆုပ်ကိုင်ထားမိတော့သည်။

ရှောင်းလိသည် နောက်ထပ် လက်တစ်ဖက်ဖြင့် ရေဘူးကို ယူကာ အဖုံးကို ပါးစပ်ဖြင့် ကိုက်ဖွင့်လိုက်၏။ ထို့နောက် ရေနွေးများဖြင့် သူမ၏ ဒဏ်ရာကို သေသေချာချာ ဆေးကြောပေးလေသည်။ သူ့အမူအရာမှာ တည်ငြိမ်လှပြီး မျက်လွှာချထားချိန်တွင် သူ့ပုံစံမှာ နားခိုနေသည့် ကျီးကန်းမည်းကြီးတစ်ကောင်၏ တောင်ပံများကို ရုပ်သိမ်းထားသည့်နှယ် ရှိနေတော့သည်။ ဤအနေအထားမှ ကြည့်လျှင် သူ၏ နှာတံမြင့်မြင့်နှင့် ထင်ရှားလှသည့်မျက်ခုံးများက ပိုလို့ပင် ကြည့်ကောင်းနေသည်။

သူမသည် သူ့ဘေးတိုက်မျက်နှာကို ငေးကြည့်နေမိရာမှ သူက သူမ၏ ခြေထောက်ကို သူ့ဒူးပေါ်သို့ တင်လိုက်ပြီး ဝတ်ရုံဖြင့် ရေစက်များကို သုတ်ပေးချိန်မှသာ သတိပြန်ဝင်လာတော့သည်။ သူမ၏ ဖြူဖျော့နေသည့် မျက်နှာပေါ်တွင် ရှက်သွေးများ ဖြတ်သန်းသွားသော်လည်း ဖျားနာနေသဖြင့် မသိသာလှချေ။ သူမသည် ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်လေသည်။ “ဒါက မသင့်တော်ဘူးလေ”

ရှောင်းလိက သူမကို တစ်ချက် ကြည့်လိုက်ပြီး ခြေမျက်စိကို ဆုပ်ကိုင်ကာ ဒူးပေါ်သို့ ပြန်တင်လိုက်ရင်း “စိတ်ချပါ။ ငါ့အဝတ်တွေကို ငါ ခဏခဏ လျှော်ပါတယ်။ မညစ်ပတ်ပါဘူး”

ဝိန်းယွီက ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို ဖိကပ်ထားလိုက်၏။ “ကျွန်မ အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ဘူး”

ရှောင်းလိက သူ့အတွင်းအင်္ကျီကို ဆွဲဖြဲကာ သူမ၏ ဒဏ်ရာကို ပတ်တီးစည်းပေးရင်း ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါဆိုရင် ရပြီပေါ့”

ပတ်တီးကို အချောသတ် စည်းနှောင်ပြီးနောက် သူက ဆက်ပြောလိုက်၏။ “ငါ့အမေဆီမှာ ရှိတယ်ဆိုတဲ့ မင်းရဲ့ကျေးဇူးကြွေးတွေကို အကုန်ဆပ်ပြီးသားပါ။ လူကြီးမင်းကျိုးက ငါ့ကို အိမ်တော်မှာ အစောင့်အဖြစ် ခန့်ထားဖူးတာဆိုတော့... မင်းကို နန်ချန်အထိ လိုက်ပို့ဖို့ လူကြီးမင်းကျိုး လွှတ်လိုက်တဲ့ ကိုယ်ရံတော်တစ်ယောက်လို့ပဲ သဘောထားလိုက်ပါ”

သူမ၏ ခြေအိတ်နှင့် ဖိနပ်များကို ပြန်ဝတ်ပေးနေသည်ကို ဝိန်းယွီတစ်ယောက် ကြည့်နေမိ၏။ သူမ၏ ဦးနှောက်မှာ ဖျားနာမှုနှင့် ခေါင်းကိုက်မှုကြောင့် ထုံထိုင်းနေပြီ ဖြစ်သော်လည်း သူ့စကားကို ကြားချိန်တွင် မသိစိတ်ထဲမှ 'မတူပါဘူး' ဟု အလိုလို ပြောလိုက်မိသည်။

ကျေးဇူးတရား ဆိုသည်မှာ ဆပ်ပြီးသွားရုံနှင့် ပျောက်ကွယ်သွားသည့် အရာမျိုး မဟုတ်ချေ။

သူသည် ကျိုးအိမ်တော်မှ အစောင့် မဟုတ်တော့သည့်အပြင် ကျိုးကျင့်အန်း၏ မှာကြားချက်ကိုလည်း ရရှိခဲ့သူ မဟုတ်ချေ။ သူမ တောင်ဘက်သို့ ဆင်းရာတွင် အန္တရာယ်ရှိကြောင်း သိနေသဖြင့် မိုင်ပေါင်း ထောင်ချီ ခရီးနှင်ကာ လိုက်လာခဲ့ခြင်းကို ထိုကဲ့သို့ ရောထွေးပြီး သတ်မှတ်လို့ မရနိုင်ချေ။

သို့သော် ပိုလို့ နက်ရှိုင်းသည့် အကြောင်းအရာများကိုတော့ သူမ မစဉ်းစားနိုင်တော့ဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်တော့သည်။ “ကောင်းပြီလေ”

ရှောင်းလိက ခေါင်းမော့ကြည့်လိုက်သောအခါ သူမ၏ ခါးတွင် ချိတ်ဆွဲထားသည့် ငါးကြင်းရုပ် သစ်သားဆွဲသီးလေးကို မြင်သွားပြီး အနည်းငယ် ပြုံးလျက် မေးလိုက်သည်။ “မင်း ဒါကို အမြဲ ဆွဲထားတာလား”

ဝိန်းယွီက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။ “အင်း... ငါးကြင်းမြီးက နဂါးတံခါးကို ကျော်ဖြတ်တာလို့ ရှင် ပြောခဲ့ဖူးတယ် မဟုတ်လား။ အဲ့ဒါကြောင့် ဆုတောင်းတစ်ခုအနေနဲ့ ဆွဲထားတာပါ”

ရှောင်းလိက ပြောလိုက်သည်။ “မင်းတို့လို မြင့်မြတ်တဲ့သူတွေက ကျောက်စိမ်းဆွဲသီးတွေ ဆွဲမှ ပိုကြည့်ကောင်းမှာပါ”

ဝိန်းယွီသည် သူ့ကို စိုက်ကြည့်လိုက်၏။ သူမ၏ အမူအရာမှာ ရေထဲက လမင်းနှယ် ကြည်လင်နေပြီး ပြောလာလေသည်။ “နောက်ကျရင် ကျောက်စိမ်းနဲ့ လဲဆွဲမယ်”

ရှောင်းလိက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ကောင်းကင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “စစ်သားတွေက ဒဏ်ရာရနေတဲ့ မြင်းကို တွေ့သွားရင် လမ်းအတိုင်း ပြန်လိုက်လာကြမှာပဲ။ လမ်းမကြီးအတိုင်း သွားတာက မလုံခြုံတော့ဘူး။ ဒီတောင်တန်းကို ဖြတ်ကျော်ပြီး သူတို့ကို ရှောင်မှ ဖြစ်မယ်။ ငါ မင်းကို ကျောပိုးသွားမယ်။ မိုးမချုပ်ခင် ဒီတောင်တန်းကနေ ထွက်ပြီး လူနေအိမ်တစ်အိမ်ကို ရှာနိုင်မှ ဖြစ်မယ်။ မဟုတ်ရင်လည်း ခိုလှုံလို့ရမယ့် ဂူတစ်ခုခုကို ရှာရလိမ့်မယ်”

သူသည် ဝိန်းယွီ၏ရှေ့တွင် ဒူးတစ်ဖက် ထောက်ကာ ဆောင့်ကြောင့်ထိုင်လိုက်၏။

သူမသည် သူ၏ကျယ်ပြန့်လှသော ကျောပြင်ကို ကြည့်နေမိသည်။ လေအေးများက တောအုပ်အတွင်း တိုက်ခတ်လာချိန်တွင် သူမ၏ လည်ချောင်းထဲမှ ချောင်းဆိုးသံများ ပြန်လည် ထွက်ပေါ်လာသည်။ သူမ၏ ဖျားနာနေသည့် ခန္ဓာကိုယ်ဖြင့် အဝေးကြီး မလျှောက်နိုင်ကြောင်းကိုလည်း သိနေသဖြင့် ခဏတာ တိတ်ဆိတ်သွားပြီးနောက် လက်နှစ်ဖက်ဖြင့် သူ့ပခုံးကို ဖက်ကာ သူ့ကျောပေါ်သို့ မှီချလိုက်တော့သည်။

ရှောင်းလိသည် သူ့လက်မောင်းများဖြင့် သူမ၏ ဒူးကောက်ကွေးကို ထိန်းကိုင်ထားပြီး မည်သည့် ရိုင်းစိုင်းသည့် အမူအရာမှ မပြဘဲ သူမကို ကျောပိုးကာ အလွန် တည်ငြိမ်စွာ လျှောက်နေလေသည်။

ဝိန်းယွီသည် သူမခန္ဓာကိုယ်၏ အလေးချိန် တစ်ခုလုံးကို သူ့ကျောပြင်ပေါ်တွင် ပုံအပ်ထားလိုက်၏။ ပါးလွှာသည့် အဝတ်စ ၂လွှာအောက်မှ သူ၏ တောင့်တင်းလှသော ကြွက်သားများ လှုပ်ရှားနေသည်ကို သူမ အတိုင်းသား ခံစားနေရသည်။ သို့သော်လည်း သူမမှာ အခြားအရာများကို စဉ်းစားရန် အင်အား မရှိတော့ချေ။ ခေါင်းမှာလည်း အလွန် နာကျင်နေသည့်အပြင် မျက်ခွံများမှာလည်း လေးလံနေသည်။ တစ်ကိုယ်လုံးမှာလည်း အေးစက်နေပြီး အရိုးများကြားတွင် အပ်ဖြင့် ထိုးနေသည့်နှယ် ခံစားနေရသည်။

သူမသည် ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ ကျယ်ပြန့်ပြီး စိတ်ချရသော ကျောပြင်ပေါ်သို့ ခေါင်းမှီထားလိုက်သည်။ သူမ၏ စိတ်အာရုံထဲတွင် တစ်စုံတစ်ယောက်က ကျောပိုးထားခြင်း မဟုတ်ဘဲ သားရဲကြီးတစ်ကောင်က သူမကို တောအုပ်အတွင်း သယ်ဆောင်သွားနေသည့်နှယ် ခံစားမိနေတော့သည်။

မည်မျှကြာအောင် လျှောက်ခဲ့သည် မသိသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ မီးသွေးခဲတစ်ခဲလို ပူလောင်လာပြီး သွေးများမှာလည်း ဆူပွက်နေသယောင် ခံစားလိုက်ရ၏။ မျက်ဝန်းအိမ်များမှာလည်း နာကျင်နေသည့်အပြင် ပါးစပ်မှာလည်း ခြောက်သွေ့လို့နေသည်။

တစ်စုံတစ်ယောက်က သူမကို ခေါ်နေသည့် အသံကို ဝိုးတဝါး ကြားလိုက်ရ၏။ “ဟန့်ယန်... မအိပ်နဲ့ဦး”

သူမကို ဟန့်ယန်ဟု ခေါ်ဆိုသူများမှာ များပြားလှသော်လည်း ယခုကဲ့သို့ အသံမျိုးဖြင့် ခေါ်သူမှာကတော့ မရှိသလောက်ပင်။ ဘယ်သူကများ သူမ၏ ဘွဲ့အမည်ကို သည်လို ခေါ်ဆိုနေသနည်းဟု ဝိန်းယွီ စဉ်းစားမရနိုင် ဖြစ်နေလေသည်။

စဉ်းစားရင်းဖြင့် သူမ၏အသိအာရုံမှာ အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့၏။ သူမသည် လေးလံနေသည့် မျက်ခွံများကို ပင့်တင်ကြည့်လိုက်သောအခါ ကျယ်ပြန့်သော ကျောပြင်ကြီးနှင့် ချွေးစက်များ စိုရွှဲနေသည့် သူ၏ ချောမောသော ဘေးတိုက်မျက်နှာကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ရယ်ချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာ၏။ ဒီလူက ဘာဖြစ်လို့ ရုတ်တရက်ကြီး သူမရဲ့ ဘွဲ့အမည်ကို ခေါ်ပါလိမ့်ဟု သူမ တွေးနေမိ၏။

သူမသည် ခြောက်သွေ့နေသည့် လည်ချောင်းထဲမှ တိုးညှင်းစွာ ပြောလိုက်လေသည်။ “ကျွန်မ မအိပ်ပါဘူး”

ထိုသို့ ပြောလိုက်သော်လည်း သူမ၏ မျက်ခွံများမှာမူ မထိန်းချုပ်နိုင်ဘဲ ပြန်လည် မှိတ်ကျသွားလေတော့သည်။

ရှောင်းလိသည် သူ့ကျောပေါ်တွင် ရှိနေသည့် သူမ၏ ကိုယ်ပူရှိန်ကို ခံစားနေရသလို ပခုံးပေါ်ပ သူမ၏ လက်များမှာလည်း အင်အား ကုန်ခမ်းနေပြီ ဖြစ်ကြောင်း သိလိုက်၏။ သူ၏နှလုံးသားမှာ တစ်စုံတစ်ယောက်က အားဖြင့် ဆုပ်ကိုင်ထားသည့်နှယ် မွန်းကြပ်စွာ နာကျင်လာတော့သည်။ သူသည် ခြေလှမ်းများကို လုံးဝ မရပ်နားဘဲ အရှေ့ကိုသာ ကြည့်ကာ ဝိန်းယွီကို ဆက်စကားပြောနေတော့သည်။ “ငါ မင်းရဲ့စကားကို နားထောင်ပါတယ်။ စာတွေကို သေသေချာချာ သင်နေတယ်”

အချိန်အတော်ကြာမှ ကျောပေါ်က အမျိုးသမီးက အားနည်းစွာဖြင့် မေးလိုက်သည်။ “စာသင်တာ ကောင်းတာပေါ့။ ရှင် ဘယ်စာလုံးတွေကို သိနေပြီလဲ”

တောအုပ်အတွင်း လေတိုက်နေသဖြင့် သစ်ရွက်သံများက ဆူညံလို့နေသည်။ ရှောင်းလိက ပြောလိုက်၏။ “မြေပုံပေါ်က ယုံချန်ကနေ ဖိန်ကျိုးအထိ လမ်းကြောင်းတိုင်းမှာ ဖြတ်သန်းသွားတဲ့ မြို့နယ်တွေရဲ့ နာမည်တွေကို အကုန် သိနေပြီ”

ကျောပေါ်က အမျိုးသမီးမှာ သူ့ပခုံးပေါ် လျှောကျလာပြီး ငိုက်မြည်းကာဖြင့် ရေရွတ်လိုက်၏။ “စာလုံးပေါင်း တစ်ထောင်ကျမ်းကိုရော ကျက်နေတာလား”

ချွေးစက်တစ်စက်က ရှောင်းလိ၏ မေးစေ့မှနေ၍ စီးကျသွားသည်။ သူက ပြန်ဖြေလိုက်၏။ “ငါ မြေပုံကို ကြည့်ပြီး တစ်လုံးချင်းစီ သင်တာပါ”

ကျောပေါ်ရှိ အမျိုးသမီးက တိုးညှင်းစွာ ပြောလိုက်သည်။ “စာသင်တာ တကယ်ကို တုံးတဲ့နည်းလမ်းပဲ။ ဘာဖြစ်လို့ မြေပုံကို ကြည့်ပြီး သင်ရတာလဲ”

လေတိုက်သံမှာ ပိုလို့ပင် ကျယ်လောင်လာပြီး ရှောင်းလိကလည်း ခံတိုးတိုး သံယောင်လိုက်ကာ ပြောနေလေသည်။ “အင်း... တကယ့်ကို တုံးတာပဲ”

သူသည် အဝေးကြီးသို့ အပြေးနှင်ခဲ့သော်လည်း ကျောပေါ်က အမျိုးသမီးမှာ ဘာအသံမှ ထပ်မထွက်တော့ဘဲ သတိပြန်လစ်သွားပုံ ရသည်။ သူက သူမကို “ဟန့်ယန်” ဟု နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။

သူမထံမှ အလွန် အားနည်းလှသည့် “အင်း?” ဆိုသည့် အသံလေးသာ ထွက်ပေါ်လာတော့သည်။

ရှောင်းလိသည် သူမ၏ အခြေအနေကို ကြည့်ရန် နောက်သို့ လှည့်လိုက်သော်လည်း သူ့ပါးပြင်မှာ သူမ၏ အနည်းငယ် အေးစက်နေသည့် ဆံစများနှင့် ထိတွေ့သွားသည်ကိုသာ ခံစားလိုက်ရ၏။

လေတိုက်သံများ ငြိမ်သက်သွားခဲ့သည်။

သူ့ကျောပြင်ပေါ်တွင် မိုးရေများကို စုဆောင်းထားသည့် တိမ်တိုက်တစ်ခုနှယ် လေးလံနေသော သူမ၏ အလေးချိန်ကို ခံစားရင်း ရှောင်းလိက ပြောလိုက်လေသည်။ “မင်း နောက်ကျရင် ကျောက်စိမ်းငါးဆွဲသီး ရရင်တောင် ဒီသစ်သားဆွဲသီးကို ဆက်သိမ်းထားပေးလို့ ရမလား”

...

All Chapters