← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အပိုင်း (၄၁.၁)

လဆုတ်ရက်များ၏ လမင်းသည် ချိတ်တစ်ခုနှယ် တွဲလောင်းကျနေပြီး ကြယ်ရောင်မှာ မှိန်ဖျော့နေလေသည်။

ဖေစုန့်သည် လှေကားထစ်များပေါ်သို့ တက်လိုက်ပြီးနောက် မေးလိုက်၏။ "ကျိုးစွေ ဘယ်မှာလဲ"

အကြံပေးအမတ်က ပြန်လည်ဖြေကြားလိုက်၏။ "စစ်သူကြီးရှင်းလျဲ့က သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်ကတည်းက သူက အိပ်ရာထဲမှာပဲ လဲနေပြီး တစ်နေ့ထက်တစ်နေ့ ပိန်ခြုံးလာတယ်။ ယုံကျိုးအုပ်ချုပ်ရေးမှူးရုံးရဲ့ ကိစ္စရပ်တွေမှာလည်း သူ ဘာမှ ဝင်မပါတော့ပါဘူး"

သူသည် ဖေစုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ "လူကြီးမင်း စုံစမ်းခိုင်းထားတဲ့ ရှောင်းလိဆိုတဲ့သူကတော့ တကယ်ပဲ သေသွားပုံရပါတယ်။ ယုံချန်မှာ သူပိုင်ဆိုင်တဲ့ အိမ်ခြံမြေ ၂ ခုကလည်း အခုထိ မရောင်းရသေးသလို အိမ်ထဲက ပစ္စည်းတွေကလည်း ဒီအတိုင်းပဲ ရှိနေပါသေးတယ်။ သူ တစ်ခုခုနဲ့ ကြုံပြီး နောက်ပိုင်း ပြန်မလာတော့တာ သေချာသလောက် ရှိနေပါတယ်"

ဖေစုန့်သည် အင်္ကျီလက်ပတ်များကို ဖြည်လိုက်ပြီး မေးလိုက်၏။ "သူ့မှာ တခြား မိသားစုဝင်တွေ မရှိတော့ဘူးလား"

အကြံပေးအမတ်က ပြောလိုက်သည်။ "သူက ပြည့်တန်ဆာတစ်ယောက်ရဲ့ သားပါ၊ နာမကျန်းဖြစ်နေတဲ့ သူ့အမေနဲ့အတူ လူသူမနီးတဲ့နေရာမှာ နေခဲ့တာပါ။ သားအမိ နှစ်ယောက်တည်း သီးသန့်နေထိုင်ကြပြီး အိမ်နီးနားချင်းတွေနဲ့လည်း သိပ်ပြီး အဆက်အဆံ မရှိကြပါဘူး။ သူက လောင်းကစားရုံမှာ အလုပ်လုပ်တဲ့အတွက် တစ်ယောက်ယောက်ကို သွားထိခိုက်မိတာမျိုး ဖြစ်လိမ့်မယ်။ နောက်ပိုင်းမှာ သူ့အိမ်ကို အာဏာပိုင်တွေက ဝင်စီးခဲ့ပြီး အဲ့ဒီနောက်ပိုင်း အိမ်နီးချင်းတွေလည်း သူ့အမေကို မတွေ့ရတော့ပါဘူး။ သူက ရောဂါနဲ့ပဲ သေသွားတာ ဖြစ်လိမ့်မယ်"

ဖေစုန့်သည် ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်ပြီး အကြံပေးအမတ်ကို စိုက်ကြည့်လိုက်၏။ "သူ့အိမ်ကို အာဏာပိုင်တွေက ဝင်စီးခဲ့တယ် ဟုတ်လား။ အဲ့ဒီနောက်ပိုင်းမှ သူက ကျိုးအိမ်တော်မှာ အစောင့် ဖြစ်လာတာလား"

အကြံပေးအမတ်သည် မိမိ၏ သတင်းအချက်အလက်များ မပြည့်စုံသည်ကို သိသဖြင့် ပြောလိုက်သည်။ "ကျွန်တော် ဒီကိစ္စကို သေချာထပ်ပြီး စုံစမ်းခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့ သူက ကျိုးအိမ်တော်မှာ အလုပ်လုပ်တာ သိပ်မကြာသေးခင်မှာပဲ စစ်သူကြီးရှင်းလျဲ့က အိမ်တော်ကလူတွေကို သတ်ပစ်ခဲ့တာဆိုတော့ နည်းနည်းစုံစမ်းရ ခက်ခဲနေပါတယ်"

ဖေစုန့်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း သေချာပြန်စဉ်းစားလိုက်၏။ အေးစက်သော လေပြေက တိုက်ခတ်လာသောကြောင့် တံစက်မြိတ်အောက်မှ မီးပုံးလေးများသည် တသိမ့်သိမ့် တုန်ခါနေပြီး ခြံဝင်းအတွင်းရှိ သစ်ပင်ရိပ်များမှာ တစ္ဆေအရိပ်များနှယ် မြေပြင်ပေါ်တွင် ကခုန်နေကြသည်။

ဖေစုန့်၏ မျက်နှာတစ်ခြမ်းမှာ အမှောင်ရိပ်ထဲတွင် နစ်မြုပ်နေပြီး သူက ပြောလိုက်သည်။ "ဆက်စုံစမ်းထားလိုက်။ နောက်ခံမကောင်းတဲ့အပြင် အခြေအမြစ်မရှိတဲ့လူက ကျိုးအိမ်တော်မှာ အစောင့် ဖြစ်လာတယ်ဆိုတာက ကြည့်ရတာ ထင်သလောက် မရိုးရှင်းနိုင်ဘူး"

အဲ့ဒီလူကသာ တကယ် သေသွားပြီဆိုရင်တော့ စိတ်ပူစရာ မရှိပါဘူး။

သို့သော်လည်း စစ်သူကြီးရှင်းလျဲ့ကို သတ်သွားသည့် လူသတ်သမားကို ယခုတိုင် ရှာမတွေ့သေးချေ။ ထို့ပြင် အဘိုးကြီးကလည်း တစ်ချိန်က ယောင်ယမ်းကာ ပြောခဲ့ဖူးသည်။ "ဟွမ်အာ မသေသေးဘူး။ သူက စာဖတ်တာလည်း တော်တယ်၊ တိုက်ခိုက်တာလည်း တော်တယ်"

အဲ့ဒီနောက်မှာပဲ အဲ့ဒီလူက ကျိုးအိမ်တော်မှာ အစောင့် ရုတ်တရက် ဖြစ်လာတာပဲ...။

သံသယဖြစ်ဖွယ် အချက်များကို ဆက်စပ်ကြည့်လိုက်သောအခါ ဖေစုန့်မှာ ပိုလို့ပင် တွေးတောစရာ ဖြစ်လာတော့သည်။

တကယ်လို့ အဲ့ဒီလူက အသက်ရှင်နေသေးပြီး စစ်သူကြီးရှင်းလျဲ့ကို သတ်ခဲ့တာသာ မှန်ရင်...။

လက်ရွေးစင် စစ်သည် ၁၀ယောက်ကျော်ကို တစ်ယောက်တည်းနဲ့ သတ်ဖြတ်ပြီး စစ်သူကြီးရှင်းလျဲ့ကိုပါ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်နိုင်တယ်ဆိုရင်... ဒီလို ကြမ်းကြုတ်တဲ့သူကို ငါ သတိမထားဘဲ မနေနိုင်ဘူး။

တကယ်လို့ သူက ရူးသွပ်နေတဲ့ အဲ့ဒီလူကြီးဆီကနေ သိုင်းပညာတွေကို ဒီလောက်အထိ တတ်မြောက်ထားတယ်ဆိုရင် အဲ့ဒီလူကြီးရဲ့ စစ်ဗျူဟာအခင်းအကျင်းတွေနဲ့ ပရိယာယ်တွေကိုရော သူ ဘယ်လောက်အထိ သင်ယူထားမှာလဲ။

ဖေစုန့်၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်သွားပြီး အကြံပေးအမတ်ကို ပြောလိုက်သည်။ "တကယ်လို့ ဒီလူက အသက်ရှင်နေသေးပြီး ငါတို့အတွက် အသုံးမချနိုင်ဘူးဆိုရင်တော့ သူ့ကို မဖြစ်မနေ အမြစ်ပြတ် သုတ်သင်ပစ်ရမယ်"

အကြံပေးအမတ်က ဦးညွှတ်ကာ နာခံလိုက်၏။

ဖေစုန့်သည် အခန်းတံခါးကို ကျော်ဖြတ်ဝင်ရောက်လိုက်ပြီး အမိန့်ပေးလိုက်သည်။ "ကျုပ် ခဏလောက် အနားယူဦးမယ်။ စစ်အချိန် မတိုင်ခင်အထိ ဘယ်သူမှ ဒီခြံထဲကို လာပြီး မနှောင့်ယှက်စေနဲ့"

အကြံပေးအမတ်သည် တံခါးအပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး ခေါင်းညိတ်ပြလိုက်၏။ "တစ်ညလုံး မြင်းစီးလာရတာဆိုတော့ ကျူကျွင်း တော်တော် ပင်ပန်းနေမှာပဲ။ ကောင်းကောင်း အနားယူပါ"

တံခါး ပိတ်သွားပြီးနောက် ဖေစုန့်သည် သူ၏ ချပ်ဝတ်တန်ဆာများကို ချွတ်လိုက်၏။ ဝမ်းဗိုက်ပေါ်ရှိ သွေးများ စိုရွှဲနေသော ဒဏ်ရာကို မြင်လိုက်ရသောအခါ သူ့မျက်နှာမှာ အုံ့မှိုင်းသွားတော့သည်။

မုန့်ကျိုးသို့ စစ်ချီခဲ့စဉ်က အားလုံး အဆင်မပြေခဲ့ချေ။ တင်းကျိုးမှာ အန္တရာယ်ရှိနေသဖြင့် သူသည် စွန့်စားကာ မြို့ကို တစ်ရက်တည်းနှင့် အပြီးသိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော်လည်း ထိုဖြစ်စဉ်တွင် သူ ဒဏ်ရာရခဲ့သည်။

သို့သော်လည်း လက်ရှိတွင် တင်းကျိုးမှာ အခြေအနေ စိုးရိမ်ရသဖြင့် သူ့လက်အောက်ငယ်သားများ ထိတ်လန့်မှာ စိုးရိမ်သည့်အပြင် အကြံပေးအမတ်ကလည်း သူ့ဒဏ်ရာကို သိသွားလျှင် မြောက်ဘက်သို့ စစ်ချီမည့် အစီအစဉ်ကို တားမြစ်မှာ စိုးရိမ်သောကြောင့် သူသည် အကြံပေးအမတ်ကိုပင် အသိမပေးဘဲ ဤဒဏ်ရာကို လျှို့ဝှက်ထားခဲ့ရသည်။

ဒဏ်ရာကို ဆေးကုသထားသော်လည်း ရက်ပေါင်းများစွာ ဆက်တိုက် စစ်ချီခဲ့ရသဖြင့် ဒဏ်ရာမှာ ရောင်ရမ်းနေလေပြီ။ သူသည် အံဆွဲထဲတွင် ဒဏ်ရာအတွက် လိမ်းဆေးကို ရှာဖွေလိုက်၏။

သွေးစွန်းနေသော ပတ်တီးများကို အခန်းထဲတွင်ပင် ဖယ်ရှားရန် ရည်ရွယ်ခဲ့သော်လည်း သွေးနံ့များကြောင့် အစေခံများ သံသယဝင်မှာ စိုးရိမ်ရပြန်သည်။ အပြင်ဘက်တွင် ဘယ်သူမှ မရှိသည်ကို သိထားသဖြင့် သူသည် ဆေးဘူးကို ယူကာ အနာဆေးရန် ရေကန်ဘေးက အဆောင်ငယ်လေးသို့ ထွက်လာခဲ့လိုက်သည်။

သူ့အတွင်းခံ အဝတ်အစားများမှာ ဒဏ်ရာမှ ထွက်လာသော သွေးများကြောင့် ရဲရဲနီနေလေပြီ။ ဝမ်းဗိုက်တွင် တင်းကြပ်စွာ ပတ်ထားသော ပတ်တီးများမှာလည်း သွေးများ ခြောက်ကပ်သွားသဖြင့် အောက်ဘက်က အသားများနှင့် ကပ်နေတော့သည်။

ဖေစုန့်သည် အင်္ကျီလက်ကို ကိုက်ထားပြီးနောက် နဖူးတွင် ချွေးစက်များဖြင့် စိုရွှဲနေသည်။ သူသည် အံကြိတ်ကာ ကပ်နေသော ပတ်တီးကို တစ်ချက်တည်းနှင့် အားဖြင့် ဆွဲခွာလိုက်၏။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ့ဝမ်းဗိုက်ထဲမှ အသားစ တစ်စကို ဆွဲထုတ်လိုက်သလိုပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မထိန်းနိုင်အောင် တုန်ယင်သွားပြီး ကြွက်သားများမှာလည်း တောင့်တင်းသွားတော့သည်။ နဖူးနှင့် ရင်ဘတ်တွင် ချွေးများ စိမ့်ထွက်လာပြီး ပတ်တီးကို ဆုပ်ကိုင်ထားသော လက်ချောင်းများမှာ ဖြူဆုတ်နေသော်လည်း သူ၏ မျက်လုံးများတွင်တော့ ကြမ်းတမ်းလှသော အရိပ်အယောင်များ ပေါ်လွင်လို့နေသည်။

သူ ပေါ့ဆသွားခဲ့မိသည်။ အဖြစ်အပျက် မတိုင်ခင်ကတည်းက ဟန်ကျိုးသို့ စစ်တပ်စေလွှတ်ပြီး ချန်လျန်ဝမ်ဖေး၏ မိခင်မျိုးနွယ်စုဖြစ်သော ယန်မျိုးနွယ်စု တစ်စုလုံးကို သုတ်သင်ပစ်ခဲ့သင့်သည်။

အဲ့ဒီလိုသာ လုပ်ခဲ့ရင် သူတို့တွေ ဝေ့ချီရှန်းဘက်ကို ပါသွားပြီး တင်းကျိုးမှာ ထောင်ချောက်ဆင်ကာ သူ့ကို အထိနာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။

အင်္ကျီလက်ကို တင်းတင်းကိုက်ထားသဖြင့် သူ့သွားဖုံးများမှာ နာကျင်နေပြီး ပါးစပ်ထဲတွင်လည်း သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ နာကျင်မှု အနည်းငယ် သက်သာသွားသောအခါ ကျောက်စားပွဲပေါ်ရှိ ကြေးဆေးဘူးကို လှမ်းယူလိုက်၏။ သို့သော် သူ၏ လက်ချောင်းများမှာ ပြင်းထန်စွာ တုန်ယင်နေသဖြင့် ဆေးဘူးကို မကိုင်နိုင်ဘဲ တိုက်မိကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။ ဆေးဘူးလေးသည် လှေကားထစ်များအတိုင်း လိမ့်ဆင်းသွားပြီး အပြာရောင် ပန်းထိုးဖိနပ်တစ်စုံရှေ့တွင် ရပ်တန့်သွား၏။

ရှောင်းဟွေ့နျန်သည် အဆောင်အတွင်းရှိ လူငယ်၏ ကျောပြင်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိ၏။ သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းနည်းမှုများ ရောယှက်နေပြီး ခေါ်လိုက်သည်။ "ဟွမ်အာ?"

ထိုလူငယ်မှာ အသံကြားသဖြင့် တုန်လှုပ်သွားသယောင် ရှိနေပြီး အပြင်ဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။

စင်္ကြံအောက်ရှိ မီးပုံးအလင်းရောင်ကြောင့် သူ့မျက်နှာမှာ ချောမောသန့်စင်နေသော်လည်း ကြမ်းတမ်းသော အရှိန်အဝါ တစ်ခု ရှိနေသည်။ သို့သော် သူသည် သူမ၏ ဟွမ်အာ မဟုတ်ချေ။

ရှောင်းဟွေ့နျန်၏ မျက်လုံးများသည် ချက်ချင်းပင် မှေးမှိန်သွားတော့သည်။ အေးစက်သော လေကြောင့် သူမသည် ပါးစပ်ကို အုပ်ကာ ချောင်းဆိုးလိုက်ပြီး သူမ၏ နားထင်မှ ဆံပင်ဖြူလေးများသည် မီးပုံးအောက်တွင် ပိုလို့ပင် အိုမင်းသွားသယောင်။ သူမသည် အဆောင်ထဲရှိ လူငယ်ကို အားနည်းစွာ မေးလိုက်၏။ "မင်းက ကျိုးအိမ်တော်က အစောင့်လား။ ဘာလို့ ဒီမှာ ရှိနေတာလဲ"

သူမသည် သည်ရက်ပိုင်းအတွင်း သည်နေရာမှာပဲ ပိတ်လှောင်ခံထားရသဖြင့် ပြင်ပအခြေအနေကို ဘာမှ မသိချေ။ သည်ခြံထဲတွင် သူမကို ပြုစုပေးနေသည့် အစေခံများမှာလည်း ဆွံ့အ နားမကြားသူများနှယ် ဖြစ်နေကြပြီး သူမ ဘာမေးမေး ဘာမှ ပြန်မပြောကြချေ။

ရှောင်းဟွေ့နျန်၏ ကျောပေါ်မှ ဓားဒဏ်ရာမှာ ပြင်းထန်လှသဖြင့် ရက်ပေါင်းများစွာ အနားယူပြီးမှသာ အိပ်ရာပေါ်မှ ထနိုင်တော့သည်။

ဒီညမှာတော့ သူမသည် အပြင်ဘက်တွင် ဆူညံသံအချို့ကို ကြားလိုက်ရသဖြင့် ဖြစ်ပျက်နေသည့် အခြေအနေကို သိချင်သောကြောင့် ထလာခဲ့ခြင်းဖြစ်သည်။ စင်္ကြံရှိ မီးပုံးအလင်းရောင် ဝိုးတဝါးအောက်တွင် ရေကန်ဘေးက အဆောင်ငယ်လေးထဲမှ လူရိပ်တစ်ခုကို မြင်လိုက်ရပြီး ထိုလူ၏ ပုံစံမှာ ရှောင်းလိနှင့် အလွန် ဆင်တူနေလေသည်။

သူမ၏ နှလုံးသားမှာ ခုန်သွားပြီး အနားသို့ တိုးသွားကာ ခေါ်လိုက်မိသော်လည်း သူ မဟုတ်သည်ကို သိလိုက်ရချိန်တွင် စိတ်ပျက်သွားမိသည်။ သို့သော် သည်လို ညဉ့်နက်ချိန်တွင် တစ်ယောက်တည်း ဒဏ်ရာကို လျှို့ဝှက်ကုသနေသည်ကို မြင်သောအခါ သူသည် သူပုန်များထဲမှ မဟုတ်နိုင်ဟု တွေးမိလိုက်ပြီး ကျိုးအိမ်တော်မှ အစောင့် တစ်ယောက် ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းလိုက်၏။

ဖေစုန့်သည် ရှောင်းဟွေ့နျန်ကို မှတ်မိနေပြီးသား ဖြစ်သည်။ သူ်မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာပြီး ဓားရိုးကို ကိုင်ရန် ပြင်လိုက်သော်လည်း သူမက သူ့ကို ကျိုးအိမ်တော်မှ အစောင့်တစ်ယောက်ဟု မှားယွင်းထင်မှတ်နေသည်ကို ကြားလိုက်ရသောအခါ သတ်ဖြတ်လိုစိတ်များမှာ အနည်းငယ် လျော့ကျသွားပြီး သူ၏ဖြူဖျော့နေသော နှုတ်ခမ်းများမှာ မသိမသာ ပြုံးလိုက်သည်။

သူသည် ဓားရိုးကို လွှတ်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်ပြကာ မေးလိုက်၏။ "ဒါဆို ဒေါ်ဒေါ်ကရော ဘယ်သူလဲ"

ရှောင်းဟွေ့နျန်သည် နောက်ဆုံးတွင် မိမိဘက်တော်သားဟု ထင်ရသူတစ်ဦးနှင့် တွေ့ဆုံရသဖြင့် ဝမ်းသာလွန်းကာ မျက်ရည်များ ဝဲလာတော့သည်။ သူမသည် ခြေရင်းသို့ လိမ့်ကျလာသော ဆေးဘူးကို ကောက်ယူလိုက်ပြီး ပြောလိုက်၏။ "ကျွန်မကလည်း ကျိုးအိမ်တော်ကလူပါပဲ။ လူကြီးမင်းကျိုးနဲ့ သခင်မကြီးတို့က ကျွန်မအပေါ် ကျေးဇူးအများကြီး ရှိပါတယ်။ ကျွန်မသားကလည်း မင်းလိုပဲ အဲ့ဒီမှာ အစောင့်လုပ်တာလေ။ ကျွန်မက သခင်မကြီးကို ကာကွယ်ရင်း ဒဏ်ရာရခဲ့လို့ ဒီမှာ ရောက်နေတာ။ သတိရလာကတည်းက ဒီမှာပဲ ပိတ်လှောင်ခံထားရတာပဲ။ အဲ့ဒီလူတွေက ကျွန်မလို အဘွားကြီးကို ဘာလို့ ပိတ်ထားလဲဆိုတာ မသိဘူး..."

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူမက ထပ်ပြောလိုက်သည်။ "ဒီနေရာက မလုံခြုံဘူး။ ညဘက်ဆိုရင် ခြံထဲမှာ ကင်းလှည့်တဲ့လူတွေ ရှိတယ်။ လောလောဆယ် ကျွန်မရဲ့ အခန်းထဲမှာ သွားပုန်းနေလိုက်ပါ"

ဖေစုန့်သည် ထိုအမျိုးသမီးက သူ လွှင့်ပစ်ထားသော သွေးစွန်းနေသည့် ပတ်တီးများကို ကောက်ယူကာ သူမကိုယ်တိုင် နေမကောင်းဖြစ်နေသည့်ကြားမှ သူ့ကို တွဲကူရန် ကြိုးစားနေသည်ကို စိုက်ကြည့်နေမိ၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ရှိနေသော်လည်း သူ၏ စကားလုံးများမှာတော့ ယဉ်ကျေးနေဆဲ။ "ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်"

ရှောင်းဟွေ့နျန်သည် သူ့ကို အတင်းတွဲကူရင်း ပြောလိုက်သည်။ "ကျေးဇူးတင်စရာ မလိုပါဘူး၊ ငါတို့တွေက မိသားစုတွေပဲလေ။ ငါ့ရဲ့ ဟွမ်အာကလည်း မင်းနဲ့ အသက်တူတူလောက်ပဲ၊ သူလည်း အိမ်ပြန်လာရင် ဒဏ်ရာတွေနဲ့ အမြဲ ပြန်လာတတ်တာ။ စောစောက အဝေးကနေ မင်းကို မြင်လိုက်တော့ ငါ့ရဲ့ ဟွမ်အာကို မြင်နေရသယောင် ထင်မိလို့ပါ..."

ဖေစုန့်သည် သူမက "ဟွမ်အာ"ဟု ထပ်ခါတလဲလဲ ခေါ်နေသည်ကို ကြားလိုက်ရချိန်တွင် သူ၏ အေးစက်သော မျက်လုံးများထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။

သူ၏ အတိတ် မှတ်ဉာဏ်တစ်ခုထဲတွင်လည်း သူ့ကို "ဟွမ်အာ"ဟု အမြဲတမ်း နူးညံ့စွာ ခေါ်လေ့ရှိသော အမျိုးသမီးငယ် တစ်ဦး ရှိခဲ့ဖူးသည်။

ဒါက တကယ်ပဲ တိုက်ဆိုင်မှု တစ်ခုလား။ ဒီအမျိုးသမီးက ငါ့ရဲ့ သရုပ်မှန်ကို မသိပုံရဘူး။

သူမက အသုံးမဝင်တော့တဲ့အတွက် အသက်ရှင်ထားဖို့ မလိုတော့ဘူး။

သူ၏မျက်လုံးများသည် လုံးဝ အေးစက်နေသော်လည်း ဤအမျိုးသမီးက သူ့ကို ပြုစုရန် အလုပ်ရှုပ်နေသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းနေသယောင်။ သူမကို သူ့ဒဏ်ရာတွေကို ပတ်တီး စည်းခိုင်းပြီးမှ သတ်ပစ်လိုက်ရင်လည်း နောက်မကျပါဘူး။ သူက အမှတ်မထမဲ့ မေးလိုက်သည်။ "ဒေါ်ဒေါ့်သား နာမည်က ဘယ်သူလဲ"

ရှောင်းဟွေ့နျန်သည် သူမကိုယ်တိုင်လည်း ဒဏ်ရာရထားသဖြင့် လူကြီးတစ်ယောက်ကို သည်လောက်အထိ တွဲလာရသည်မှာ ချွေးများပင် ထွက်နေလေပြီ။ သူမသည် တံခါးကို တွန်းဖွင့်လိုက်ပြီး နဖူးမှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်ကာ ပြောလိုက်၏။ "ငါ့သား နာမည်က ရှောင်းလိ တဲ့"

ဖေစုန့်သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး ယခင်က ဂရုမစိုက်ဟန် ပေါက်နေသော သူ၏မျက်လုံးများမှာ ယခုတော့ စိတ်ဝင်စားမှုများဖြင့် တောက်ပလာတော့သည်။

ကြည့်ရတာ ဒီအမျိုးသမီးကိုတော့ လောလောဆယ် အသက်ချမ်းသာပေးထားရဦးမှာပဲ။

__

ဝိန်းယွီသည် တစ်ညလုံး အိပ်မပျော်ဘဲ အိမ်မက်ဆိုးများစွာကို မက်နေခဲ့သည်။ ရွှံ့နွံများထဲသို့ နစ်ဝင်နေသယောင် ခံစားနေရပြီး ရုန်းထွက်မရဘဲ အဆုံးမရှိသော အမှောင်ထုထဲသို့သာ ပိုလို့ နစ်ဝင်သွားခဲ့ရသည်။

လော့ယန်မြို့တော် ပျက်စီးသွားချိန်က တောက်လောင်နေသော မီးလျှံများမှသည် ဖုန်းယန်မြို့ကို သိမ်းပိုက်ခံရစဉ်က သွေးချောင်းစီးနေသော လမ်းမများအထိ။ သူမ၏ အဖေနှင့် အစ်ကိုတို့၏ ဦးခေါင်းများသည် မြို့တံခါးဝတွင် မြင့်မားစွာ ချိတ်ဆွဲခံထားရပြီး သူတို့၏ သေဆုံးနေသော မျက်လုံးများက သူမကို စိုက်ကြည့်နေကြသယောင်။

သူမသည် အသံများ ဝင်သွားသည်အထိ အော်ဟစ်နေမိသော်လည်း မျက်နှာမရှိသော ထိုအရိပ်ကြီးက သူမ၏ တူလေးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို မတားဆီးနိုင်ခဲ့ချေ။

သွေးများက သူမကို ဝန်းရံထားပြီး ထိုကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအရိပ်များသည် နောက်ဆုံးတွင် နန်းတော်တံတိုင်းကြီးများ နောက်ကွယ်တွင် မြင့်မားစွာ ထိုင်နေသော ဝိုးတဝါး လူရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဝိန်းယွီသည် ထိုသူကို မမှတ်မိသော်လည်း သွေးစွန်းနေသော မုန်းတီးမှုများဖြင့် သူ၏ နာမည်ကို အော်ဟစ်လိုက်မိ၏။ "ဖေစုန့်—"

သူမသည် ရှိုက်ငင်ကာ အော်ဟစ်ရင်း အိပ်ရာပေါ်မှ ဆတ်ခနဲ ထထိုင်လိုက်ပြီး ရေထဲမှ ဆွဲတင်ခံလိုက်ရသော ငါးတစ်ကောင်နှယ် အသက်ကို လုကာ ရှူနေမိတော့သည်။

...

အပိုင်း (၄၁.၂)

ဝိန်းယွီ၏ချွေးစိုနေသော ဆံနွယ်များက ဖြူလျော့နေသည့် ပါးပြင်ပေါ်တွင် ကပ်ငြိနေသည်။ အေးစက်သောလေကြောင့် စိုစွတ်နေသည့် အတွင်းခံအင်္ကျီမှာလည်း သူမ၏ကိုယ်ပေါ်တွင် ကပ်နေကာ ချမ်းစိမ့်တုန်ယင်သွားစေသည်။ ထိုအခါမှသာ သူမသည် အိပ်မက်ဆိုးမှ အပြည့်အဝ နိုးထလာခဲ့သည်။

ဝိန်းယွီသည် ရိုးရှင်းကာ မရင်းနှီးသောအခန်းကို လေ့လာကြည့်လိုက်ပြီး သတိလွတ်မသွားခင်က မှတ်ဉာဏ်များ ပြန်ရောက်လာခဲ့သည်။ ငါတို့က တောင်ပေါ်မှာ မဟုတ်ဘူးလား။ ရှောင်းလိ ဘယ်ရောက်သွားတာလဲ။

ဝိန်းယွီသည် စောင်ကိုဖယ်ကာ ကုတင်ပေါ်က ဆင်းလိုက်သည်နှင့် အပြင်ဘက်မှ တံခါးကို တွန်းဖွင့်လိုက်သံ ကြားလိုက်ရ၏။

"နိုးပြီလား” ရှောင်းလိသည် ဆေးပန်းကန်ကို ကိုင်ကာ အခန်းထဲသို့ ဝင်လာသည်။

သူ့ကို မြင်လိုက်ရသောအခါ ဝိန်းယွီ၏စိတ်ထဲမှ တင်းမာမှုများ အနည်းငယ် လျော့ကျသွားခဲ့သည်။ သူမသည် အက်ကွဲသောအသံဖြင့် မေးလိုက်လေသည်။ "ကျွန်မတို့ ဘယ်ရောက်နေတာလဲ”

"မင်း မနေ့ညက အဖျားအရမ်းတက်နေတာ။ မင်းကို အဲ့ဒီတောင်တွေထဲကနေ ခေါ်ထုတ်လာပြီးတော့ ဒီနားက အိမ်တစ်အိမ်မှာ ခဏတည်းဖို့ ရှာလိုက်တာ” ရှောင်းလိက ပြန်ဖြေလိုက်၏။

သူသည် သူမကို ဆေးပန်းကန် ကမ်းပေးလိုက်ကာ သောက်ခိုင်းလိုက်သည်။ သူမ၏ချွေးစိုနေသော အတွင်းခံအင်္ကျီများက သူမ၏လှပသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်နေစေသည်ကို သတိထားမိလိုက်သောအခါ သူသည် အခိုက်တန့် တုန့်ဆိုင်းသွားတော့သည်။ ထို့နောက် စောင်ကို ဆွဲယူကာ သူမ၏ကိုယ်ပေါ်တွင် ပတ်ပေးလိုက်လေသည်။

မနေ့ညက အဖျားဒဏ်နှင့် အိပ်မက်ဆိုးများကြောင့် ဝိန်းယွီမှာ ဝေဝါးနေဆဲ။ သူက စောင်ဖြင့် ပတ်ပေးလိုက်သောအခါ သူမသည် သူ့ကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။ "ဟင်?"

ရှောင်းလိ၏အသက်ရှူသံက အနည်းငယ် မညီမညာ ဖြစ်သွားသည်။ သူသည် သူမ၏အကြည့်ကို ရှောင်ဖယ်လိုက်ပြီး ပြောလိုက်လေသည်။ "အအေးမိဦးမယ်၊ သတိထားဦး”

ဝိန်းယွီကတော့ သူ၏ထူးဆန်းသော အမူအရာကို သတိမထားမိချေ။ သူမ၏စိတ်ကလေး ကြည်လင်လာသောအခါ လက်ရှိအခြေအနေကို စတင် စဉ်းစားမိလာတော့သည်။

“ကိုယ်ရံတော် ချန်အန်းနဲ့ ထုန်ချွဲတို့ ဘယ်လိုများ နေကြမလဲ မသိဘူး။ တကယ်လို့ အရာရှိတွေက ကျွန်မတို့ မြင်းတွေကို ထားခဲ့ပြီး ထွက်ပြေးတာကို သိသွားရင် မိုင်ပေါင်း ရာနဲ့ချီတဲ့ နေရာအနှံ့ကို အသေအချာ ရှာကြလိမ့်မယ်။ ကျွန်မတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး”

ရှောင်းလိသည် အသိအမှတ်ပြုသည့်အနေဖြင့် ခပ်တိုးတိုး အသံပြုလိုက်ပြီး ပြောလိုက်လေသည်။ "မီးဖိုချောင်ထဲမှာ ဆန်ပြုတ်ရှိတယ်။ ငါ သွားယူပေးမယ်။ မင်း စားပြီးရင် ငါတို့ ခရီးဆက်ကြတာပေါ့”

သူ ထွက်သွားပြီးနောက် ဝိန်းယွီသည် ဆေးပန်းကန်ကို ကောက်ယူလိုက်၏။ သူမသည် ပြင်းရှသောအနံ့ကို အံကြိတ်သည်းခံကာ ခါးသီးလှသော ဆေးရည်များကို တစ်ကျိုက်တည်းနှင့် သောက်ချလိုက်သည်။ သူမသည် အဝတ်အစားလဲရန် ထလိုက်ချိန်တွင် ချွေးစိုနေသော အတွင်းခံအင်္ကျီက သူမ၏ခန္ဓာကိုယ်အထက်ပိုင်းတွင် ကပ်နေကာ ကိုယ်လုံးကိုယ်ပေါက်ကို ဝိုးတဝါး ပေါ်လွင်နေစေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် သူမ၏အတွင်းထဲတွင် ရင်စည်းကို ဝတ်ဆင်မထားသည်ကို သတိထားမိသွားခဲ့သည်။

သူမ၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ သူမသည် စောင်ကို ကိုယ်ပေါ်တွင် အမြန် တင်းတင်းပတ်လိုက်ပြီး ခုတင်ဘေး ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်သည်။ ဒီအတွင်းခံအင်္ကျီက သူမရဲ့အင်္ကျီ မဟုတ်ဘူးလေ။ မနေ့ညက ဘယ်သူက သူမကို အဝတ်အစားတွေကို လဲပေးခဲ့တာလဲ။ သူမရဲ့ရင်စည်းကရော ဘယ်ရောက်သွားတာလဲ။

အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။ ရှောင်းလိ ပြန်လာပြီဟု ထင်မှတ်ကာ သူမသည် အလျင်အမြန် ပြန်ထူးလိုက်လေသည်။ "ခဏလောက် စောင့်ပါဦး”

သို့သော် အမျိုးသမီးတစ်ဦး၏အသံက ပြန်လည် ထွက်ပေါ်လာသည်။ "မိန်းကလေးအတွက် အဝတ်အစားအသစ်တွေ ယူလာပေးတာပါ။ မနေ့ညက မိန်းကလေး အပြင်းဖျားနေလို့ ကျွန်မ ခဏခဏ လာသုတ်ပေးခဲ့ရတယ်။ မိန်းကလေးရဲ့ အစ်ကိုက ခရီးဆက်ဦးမယ်လို့ ပြောထားတာနဲ့ မီးဖိုဘေးမှာ လှန်းထားတဲ့ အဝတ်တွေ ခြောက်သွားပြီမို့ ယူလာပေးတာပါ”

ဝိန်းယွီသည် အခြေအနေကို နားလည်သွားသဖြင့် စိုးရိမ်စိတ်များ လျော့ကျသွားသည်။ သူမက ပြောလိုက်လေသည်။ "ဝင်ခဲ့ပါရှင်”

လယ်သမားမိန်းမသည် အခန်းထဲသို့ ဝင်လာပြီး ဝိန်းယွီ၏မျက်နှာမှာ သွေးရောင်ပြန်တက်လာသည်ကို မြင်သောအခါ ပြုံးလိုက်ကာ "မိန်းကလေးရဲ့ အစ်ကိုက တစ်ညလုံး စောင့်ပေးနေတာ တန်သွားပြီပေါ့။ မိန်းကလေး ကိုယ်ပူတက်လာတိုင်း ကျွန်မကို လာခေါ်ပြီး ကိုယ်ပူကျအောင် လုပ်ခိုင်းနေတာ။ အဖျားကျသွားတာ တော်သေးတာပေါ့”

ဝိန်းယွီသည် သည်အသေးစိတ်အချက်အလက်များကို မသိခဲ့ချေ။ ရှောင်းလိက သူမအတွက် တစ်ညလုံး မအိပ်ဘဲ စောင့်ရှောက်ပေးခဲ့သည်ကို ကြားလိုက်ရသောအခါ သူမ၏ရင်ထဲတွင် တစ်စုံတစ်ခု ခံစားလိုက်ရ၏။ သို့သော် သူမ၏မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။ သူမက ပြောလိုက်လေသည်။ "အစ်မတို့အပေါ် အများကြီး ဒုက္ခပေးမိသွားပြီ”

ထိုအမျိုးသမီးက ပြုံးရွှင်စွာဖြင့် လက်ခါပြလိုက်ကာ "မောင်နှမချင်းပဲ ဒီလောက်တော့ ရှိမှာပေါ့။ မိန်းကလေးရဲ့ အစ်ကိုက မိန်းကလေးကို တကယ့်အဖိုးတန် ရတနာလေးလိုကို စောင့်ရှောက်နေတာ”

ဝိန်းယွီသည် မျက်လွှာကို အောက်သို့ ချလိုက်ပြီး သူမ၏ရှည်လျားသော မျက်တောင်များက အေးချမ်းသော မျက်ဝန်းများကို ဖုံးကွယ်ထားသည်။ သူမက ပြောလိုက်၏။ "ဒီခရီးတစ်လျှောက်လုံးမှာ ကျွန်မက သူ့ကိုပဲ အများကြီး အားကိုးခဲ့ရတာပါ”

ဆန်ပြုတ်တစ်ပန်းကန်ကို သောက်ပြီးနောက် ရှောင်းလိသည် လယ်သမားဇနီးမောင်နှံထံမှ အနီးနားရှိ မြို့များအကြောင်း စုံစမ်းထားသည်ကို သိလိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လယ်သမားသည် မြို့သို့ ထင်းသွားရောင်းရန် ပြင်နေသဖြင့် သူတို့ကို လိုက်ပို့ပေးရန် ကမ်းလှမ်းခဲ့သည်။

ထင်းများ တင်ထားသော မြည်းလှည်းပေါ်တွင် ထိုင်စရာနေရာ အလွန်နည်းပါးလှသည်။ ဝိန်းယွီနှင့် ရှောင်းလိတို့မှာ အတင်းတိုးဝှေ့ ထိုင်လိုက်ကြရသော်လည်း ရွှံ့နွံများဖြင့် ပြည့်နေသည့် လမ်းကြမ်းကြောင့် လှည်းမှာ ပြင်းထန်စွာ ခါယမ်းနေသဖြင့် ဝိန်းယွီသည် ရှောင်းလိ၏ကိုယ်ပေါ်သို့ ထပ်ခါတလဲလဲ မှီကျသွားခဲ့သည်။

ထိုသို့ ဖြစ်တိုင်း ရှောင်းလိသည် သူမကို မရိုးမသား ပြုလုပ်ခြင်း မရှိဘဲ သူမ၏ပခုံးကို ကိုင်ကာ တွဲထိန်းပေးလိုက်သည်။

သို့သော်လည်း ခရီးတစ်လျှောက်တွင် ဝိန်းယွီမှာ ပိုလို့ပင် တိတ်ဆိတ်လာခဲ့သည်။

မြို့ထဲသို့ ရောက်သောအခါ လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူပြီးနောက် ဝိန်းယွီ၏ အအေးမိပျောက်ဆေးများ ကုန်သွားသည်ကို ရှောင်းလိ သတိထားမိလိုက်သည်။ သူသည် သူမကို ဆေးခန်းသို့ ခေါ်ဆောင်သွားပြီး ဆေးအသစ်များ ဝယ်ယူလိုက်သည်။ ဆေးခန်းမှ တပည့်ဖြစ်သူကို ဆေးကျိုခိုင်းကာ အိုးတစ်လုံးထဲသို့ ထည့်သိမ်းရန်အတွက်လည်း ငွေပိုပေးခဲ့သည်။

ဝိန်းယွီသည် ချောင်းဆိုးချင်စိတ်ကို အောင့်ထားရင်း ပြောလိုက်လေသည်။ "ကျွန်မ တော်တော်လေး သက်သာနေပါပြီ”

ရှောင်းလိသည် သမားတော်ထံမှ ဆေးလုံးအမျိုးမျိုးကိုလည်း ဝယ်ယူကာ သူတို့၏အထုပ်ထဲတွင် သိမ်းဆည်းလိုက်၏။ သူက ပြောလိုက်သည်။ "ဒီဆေးတွေက မင်း လုံးဝ ပြန်ကောင်းသွားအောင် ကူညီပေးလိမ့်မယ်။ ခရီးသွားနေတဲ့ အချိန်မှာ ဆေးကျိုဖို့က မလွယ်ဘူးလေ။ ဒါကြောင့် ဒီအဆင်သင့် လုပ်ထားတဲ့ဆေးကို တစ်ရက်စာ သောက်လို့ ရအောင် လုပ်ခဲ့တာ”

သူ၏သပ်ရပ်လှပသော ဘေးတိုက်မျက်နှာသွင်ပြင်ကို ငေးကြည့်နေရင်း ဝိန်းယွီမှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

ဆေးခန်းမှ ထွက်လာသောအခါ သူမ တစ်စုံတစ်ခုကို စဉ်းစားနေသည်ကို ရှောင်းလိ သတိထားမိသွားဟန်တူကာ မေးလိုက်လေသည်။ "မင်း ဘာတွေ တွေးနေတာလဲ”

လူစည်ကားနေသော လမ်းမများကို ငေးကြည့်ရင်း ဝိန်းယွီက ပြန်ဖြေလိုက်လေသည်။ "ကျွန်မ ဖေစုန့် အကြောင်းကို စဉ်းစားနေတာ”

ရှောင်းလိ၏မျက်ခုံးများက အနည်းငယ် ပင့်တက်သွားသည်။ ဝိန်းယွီက ဆက်ပြောလိုက်သည်။ "ဖေစုန့်က ကျွန်မတို့ ဝိန်းမျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်ခဲ့တာ တင်မကဘူး၊ လော့ယန်မှာ ရှိတဲ့ တခြားသော အထက်တန်းလွှာ မိသားစုတွေကိုလည်း မျိုးဖြုတ် သုတ်သင်ခဲ့တာ။ မိသားစုခွဲတွေရဲ့ ဆွေမျိုးတွေကိုတောင် မချန်ခဲ့ဘူး။ ဒီလောကမှာ အကြောင်းရင်း မရှိဘဲနဲ့ မုန်းတီးမှုဆိုတာ မရှိနိုင်ဘူး။ သူက အဲ့ဒီ မိသားစုကြီးတွေနဲ့ ရန်ငြိုးအဟောင်း ရှိခဲ့တာလို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မ ထုန်ချန်မှာ ရှိစဉ်တုန်းက ဖုန်းသခင်မနဲ့ တွေ့ခဲ့ဖူးတယ်။ သူ့မိသားစု တစ်ခုလုံးကလည်း ဖေစုန့်ရဲ့ လက်ချက်နဲ့ ပျက်စီးခဲ့ရတာ။ သူ မသေခင်မှာ ကျွန်မကို ပြောသွားတာက ဖေစုန့်ရဲ့ မျိုးရိုးက ချင် တဲ့။ ဒါပေမဲ့ ကျွန်မ အကြာကြီး စဉ်းစားကြည့်တာတောင် အဲ့ဒီ မိသားစုကြီးတွေ အားလုံးနဲ့ ရန်ငြိုးရှိနိုင်မယ့် နန်းတွင်းက ချင် မျိုးရိုးရှိတဲ့ အရာရှိက ဘယ်သူလဲဆိုတာ ရှာမတွေ့သေးဘူး”

"သူ ဘယ်သူပဲ ဖြစ်ဖြစ်၊ နောင်ကျရင် သူ့ခေါင်းကို ငါတို့ ဖြတ်ယူမှာပဲ။ အဲ့ဒါက ငါတို့ရဲ့ လက်စားချေခြင်းပဲ” ရှောင်းလိက ပြောလိုက်၏။

သူတို့နှစ်ဦးမှာ ဈေးတန်းမှ ထွက်လာခဲ့ပြီး လူနေအိမ်ခြေ လမ်းကြားတစ်ခုထဲသို့ ဖြတ်သန်းလာကြသည်။ ဝိန်းယွီ၏နဖူးပေါ်မှ ဆံစလေးများသည် တိုက်ခတ်နေသည့်လေကြောင့် သူမ၏မျက်ဝန်းများရှေ့တွင် ဝဲကျနေသည်။ မိုးကုတ်စက်ဝိုင်းဆီမှ ဝင်လုဆဲဆဲ နေမင်းကြီးကို ငေးကြည့်ရင်း သူမသည် တိုးညှင်းစွာ ထူးလိုက်လေသည်။ "အင်း”

သခင်မဖုန်း သွေးအိုင်ထဲတွင် လဲကျနေသည့်မြင်ကွင်းက သူမ၏စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။

တစ်နေ့ကျရင် ငါလည်း ဒီလိုပဲ ဖြစ်သွားနိုင်တာပဲ။ ဒါပေမဲ့ ဒီနန်ချန်ကို သွားတဲ့ ခရီးက အစကတည်းက သေခြင်းတရားကို ရင်ဆိုင်ဖို့ သွားနေတာ မဟုတ်လား။

ဝိန်းမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သူမ လျှောက်ရမည့်လမ်းမှာ တစ်လမ်းတည်းသာ ရှိသည်။ ထိုအရာက ကလဲ့စားချေခြင်းပင်။ ဖေစုန့်ကို သတ်ရန် သို့မဟုတ် ဖေစုန့်လက်ချက်ဖြင့် သေရန်သာ ဖြစ်သည်။ သို့သော်လည်း ပထမအချက်မှာ မျှော်လင့်ချက် ကင်းမဲ့နေသည့်နှယ် ဖြစ်နေတော့သည်။

သူမသည် ဝင်လုဆဲ နေရောင်ခြည်နှင့် တိုက်ခတ်နေသော လေပြင်းကို ဆန့်ကျင်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး ရုတ်တရက် ခေါ်လိုက်လေသည်။ "ရှောင်းလိ”

ရှောင်းလိက သူမကို လှည့်ကြည့်လိုက်ချိန်တွင် ဝိန်းယွီက ပြောလိုက်လေသည်။ "ကျွန်မကို ဒီနေရာမှာပဲ နှုတ်ဆက်လိုက်ပါတော့”

ရှောင်းလိက မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်၏။ "မင်း ဘာပြောချင်တာလဲ”

ဝိန်းယွီက မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူမ၏အကြည့်များမှာ အရင်ကနှင့် မတူဘဲ အလွန်ပင် တည်ငြိမ်နေသည်။ "ရှင့်ကို အသက်ရှင်စေချင်တယ်။ ရှင့်အမေက နောင်ဘဝကနေ သိနေမယ်ဆိုရင် ရှင် အေးအေးချမ်းချမ်း နေသွားတာကိုပဲ မြင်ချင်မှာ သေချာတယ်။ ရှင့်အမေက ကျွန်မရဲ့ ကျေးဇူးရှင်ပဲ၊ သူ့အတွက် ကလဲ့စားချေတဲ့ ကိစ္စကို ကျွန်မပဲ လုပ်ပါ့မယ်။ စစ်သားတွေ လမ်းတွေကို ပြန်စစ်တဲ့ အခါကျရင် အတူတူ ခရီးသွားနေတဲ့ ယောကျ်ားနဲ့ မိန်းမကို ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ကြလိမ့်မယ်။ ကျွန်မ တစ်ယောက်တည်း ခရီးသွားတာက ပိုပြီး ဘေးကင်းလိမ့်မယ်။ ရှင်...... ကျွန်မရဲ့ ကိစ္စတွေထဲမှာ ထပ်ပြီး မပါဝင်ပါနဲ့တော့။ ပြန်သွားပြီး ရှင် ရသင့်ရထိုက်တဲ့ အေးချမ်းတဲ့ ဘဝကိုပဲ ရှင် ဖြတ်သန်းလိုက်ပါ”

သူမ၏ဦးလေးက ဟန်ကျိုးကို ဝေ့ချီရှန်းထံ လက်နက်ချခဲ့သဖြင့် တင်းကျိုးမှာ အန္တရာယ် ကြုံခဲ့ရသည်။ ဖေစုန့်သည် သူမ၏အရိုးများကိုပင် အမှုန့်ကြိတ်ပစ်ချင်နေပေလိမ့်မည်။ သူသည် သူမကို ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ချေ။

ဤခရီးတစ်လျှောက်တွင် လူအများအပြား သေဆုံးခဲ့ရပြီးဖြစ်သည်။ အထူးသဖြင့် ယခုအခါ သူမ၏တည်နေရာကို ရန်သူက ထပ်မံ သိရှိသွားခဲ့လေပြီ။ အရာရှိများက စစ်တပ်များ စေလွှတ်ကာ နေရာအနှံ့ ပိုက်စိပ်တိုက် ရှာဖွေပြီး စစ်ဆေးရေးဂိတ်တိုင်းတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးလာကြလျှင် သူမမှာ ပိုက်ကွန်ထဲက ငှက်ငယ်လေး တစ်ကောင်လို ဖြစ်သွားတော့မည်။ ရှာဖွေတွေ့ရှိသွားမည့်အရေးက အချိန်တစ်ခုသာ။ သူမအတွက်နှင့် တစ်ခြားသူများ ထပ်ပြီး အသက်စွန့်ရမည်ကို သူမ မလိုလားတော့ချေ။

သူမ၏စကားများကို နားထောင်ပြီးနောက် ရှောင်းလိက မေးလိုက်လေသည်။ "ငါက အေးအေးချမ်းချမ်း ဆက်နေနိုင်ဦးမယ်လို့ မင်း ဘာလို့ ထင်နေတာလဲ။ အမေဆုံးသွားတာကို သားတစ်ယောက် အနေနဲ့ ကလဲ့စားမချေဘဲ မင်းကိုပဲ လုပ်ခိုင်းရမယ်ဆိုတာ ဘယ်လို ဆင်ခြင်တုံတရားမျိုးလဲ”

ဝိန်းယွီမှာ တဒင်္ဂ စကားမပြောနိုင် ဖြစ်သွားသည်။ ရှောင်းလိသည် သူမ၏နာမည်ကို ပထမဆုံးအကြိမ် ခေါ်လိုက်လေသည်။ "ဝိန်းယွီ”

သူက ဆက်ပြောလိုက်လေသည်။ "ငါကလည်း မင်းနဲ့ အတူတူပါပဲ။ အမေဆုံးသွားတဲ့ အချိန်ကစပြီး ငါ့ဘဝက ဘယ်တော့မှ အေးချမ်းတော့မှာ မဟုတ်ဘူး”

ဝိန်းယွီသည် ရင်ထဲတွင် ဆို့နင့်သွားပြီး သူ့ကို ပြောလိုက်လေသည်။ "ကျွန်မမှာ လျှောက်ဖို့ ဒီတစ်လမ်းပဲ ရှိတာ။ ဒါက ရှေ့ဆက်တိုးလို့ မရတဲ့ လမ်းပိတ်ကြီး ဖြစ်နေရင်တောင် ကျွန်မကတော့ ဆက်သွားရမှာပဲ။ ရှင် နားလည်ရဲ့လား။ ရှင် အမေ့အတွက် ကလဲ့စားချေချင်တယ် ဆိုရင်တောင် တခြား လျှောက်လို့ရတဲ့လမ်းတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မနောက်ကို လိုက်ပြီး အချည်းနှီး အသက်အဆုံးရှုံးခံနေဖို့ မလိုပါဘူး”

သို့သော် ရှောင်းလိသည် သူမ၏စကားထဲမှ တခြားသော အဓိပ္ပာယ်ကို ရိပ်မိသွားပုံရသည်။ သူသည် သူမကို စိုက်ကြည့်ရင်း မေးလိုက်၏။ "မင်း လမ်းပိတ်နေပြီလို့ ထင်နေလို့ ငါ့ကို မောင်းထုတ်နေတာလား။ ငါလည်း မင်းနဲ့အတူတူ အသေခံမှာကို မလိုလားလို့ မဟုတ်လား”

ဝိန်းယွီ၏အကြည့်များကလည်း သူနှင့် ရင်ဆိုင်ရန် နည်းနည်းလေးမှ ရှောင်လွှဲခြင်း မရှိချေ။ "ဒီနေ့ ဒီနေရာမှာ ရှိနေတာ ထုန်ချွဲ ဒါမှမဟုတ် အစောင့် ချန်အန်း ဖြစ်နေရင်တောင် သူတို့ကိုလည်း ထွက်သွားဖို့ ကျွန်မ ပြောမှာပဲ။ ရှင့်တို့တွေ ကျွန်မအတွက် လုပ်ပေးခဲ့တာတွေက တကယ့်ကို လုံလောက်နေပါပြီ”

ထိုအဖြေကို ကြားလိုက်ရသောအခါ ရှောင်းလိမှာ တိတ်ဆိတ်သွားတော့သည်။ အဝေးရှိ ဈေးတန်းဆီမှ လမ်းဘေးဈေးသည်များ၏အော်သံများကို သဲ့သဲ့လေး ကြားနေရပြီး တိုက်ခတ်နေသော လေပြင်းကြောင့် သူတို့၏အဝတ်အစားများနှင့် ဆံနွယ်များမှာ လွင့်ဝဲနေသည်။ ခဏကြာပြီးနောက် သူသည် ရှေ့သို့ တိုးသွားကာ ဝိန်းယွီ၏ပခုံးပေါ်တွင် လွယ်ထားသော အထုပ်ကို လှမ်းယူလိုက်ပြီး ပြောလိုက်လေသည်။

"သူတို့က ရောက်နေပြီဆိုမှတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ထွက်သွားကြမှာ မဟုတ်ဘူး။ မင်းကို စောင့်ရှောက်ပါ့မယ်လို့ ငါ ချန်အန်းကို ကတိပေးခဲ့တယ်။ ငါက ဘယ်လိုလုပ် ကတိဖျက်ရမှာလဲ။ ဒီလမ်းက သေလမ်းကို ဦးတည်နေရင်တောင် ငါက ငါတို့အတွက် လမ်းသစ်တစ်ခုကို ဖောက်ပေးမှာပါ”

ဝိန်းယွီ ပြောခဲ့သော စကားများနှင့်ပင် သူမကို ပြန်ချေပလိုက်ပြီး သူ့ကို မောင်းထုတ်မည့်အရေးကို ဘာလမ်းစမချန်ရစ်တော့ချေ။

သို့သော် ထိုညမှာပင် သူတို့သည် အနောက်က အမီလိုက်လာသည့် ပထမဆုံး စစ်သည်အုပ်စုနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရလေသည်။

...

All Chapters