အခန်း ၄၂
Vol. 5 Ch. 42
အပိုင်း (၄၂)
တောင်ဘက်သို့ ခရီးနှင်လာကြရာ ရာသီဥတုသည် ပိုပြီး စိုစွတ်ကာ အေးစိမ့်လာလေသည်။ ညမှောင်လာသည်နှင့်အမျှ သည်းထန်လှသော မိုးအေးကြီးသည်လည်း အဆက်မပြတ် သွန်းဖြိုးလာတော့သည်။
ရှောင်းလိသည် ဝိန်းယွီကို ခေါ်ဆောင်ကာ မိုင်ပေါင်းများစွာ အပြေးအလွှား ခရီးနှင်လာခဲ့သည်။ မိုးထဲရေထဲတွင် တည်းခိုခန်းတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့လိုက်ချိန်၌ ထိုနေရာတွင် လူများမှာ ပြည့်သိပ်နေပြီ ဖြစ်သည်။ အောက်ထပ်ခန်းမဆောင်ကြီး၌ပင် မိုးခိုရန် ရောက်ရှိနေကြသူများသည် မြေပြင်ပေါ်တွင် ယာယီခင်းကျင်း အိပ်စက်နေကြကာ တစ်ညတာအတွက် ဖြစ်သလို အနားယူနေကြသည်။
သူတို့နှစ်ဦး အထဲသို့ လှမ်းဝင်လိုက်သည်နှင့် တည်းခိုခန်း အကူးလေးသည် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းကာ တားမြစ်လိုက်သည်။
"အခန်းမရှိတော့ဘူး၊ အခန်းမရှိတော့ဘူး! ခန်းမဆောင်ကြီးရော၊ ထင်းဆောင်ရော လူတွေနဲ့ ပြည့်နေပြီ။ တခြားတစ်နေရာမှာပဲ သွားနားကြတော့!"
ဝိန်းယွီ၏ အအေးမိဝေဒနာသည် မပျောက်ကင်းသေးသည့်အပြင် မိုးသည်လည်း သည်းထန်လွန်းနေသည်။ နောက်ထပ်မြို့တစ်မြို့သို့ ရောက်ရန်မှာ ၁၀ မိုင်ကျော် လိုသေးသဖြင့် ရှောင်းလိသည် သူမကို ခေါ်ကာ ခရီးဆက်ရန် မစဉ်းစားရဲချေ။ သူသည် ငွေစတစ်စကို အစေခံ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"ညီလေး... ငါတို့ကို ကူညီပေးပါဦး။ ငါတို့ မိုးခိုဖို့ နေရာလေးတစ်ခုပဲ လိုတာပါ"
အကူလေးသည် ငွေစကို ကိုင်ကြည့်ကာ အနည်းငယ် အနေခက်ဟန်ဖြင့် ပြောလိုက်သည်။
"တည်းခိုခန်းက တကယ်ပဲ လူပြည့်နေတာပါ။ ဒါပေမဲ့ မြင်းဇောင်းထဲမှာတော့ မိုးခိုလို့ ရပါတယ်။ တကယ်လို့ ခင်ဗျားတို့က အဲ့ဒီမှာ တစ်ညတာ ဖြစ်သလို နေမယ်ဆိုရင်တော့ ရနိုင်ပါတယ်"
ရှောင်းလိသည် ညစ်ပတ်ကာ အနံ့အသက်ဆိုးသည်ကို မကြောက်သော်လည်း ဝိန်းယွီသည် မြင်းဇောင်းထဲက အနံ့အသက်များကို သည်းခံနိုင်ပါ့မလားဟု စိုးရိမ်နေမိသည်။ သူသည် တုံ့ဆိုင်းသွားကာ သူမကို လှည့်ကြည့်လိုက်၏။
ဝိန်းယွီသည် သူမ၏ဆံနွယ်များကို ပုဝါဖြင့် ဖုံးအုပ်ထားသည်။ ထိုပုဝါကို လေကာရန်အတွက် မျက်နှာတစ်ဝက်အထိ ဖုံးအုပ်ထားရာ သူမ၏မျက်နှာအောက်ပိုင်းသည် ကွယ်ပျောက်နေ၏။ သူမသည် ရှောင်းလိ ပေးထားသော ဝါးခမောက်ကိုလည်း ဆောင်းထားပြီး တစ်ကိုယ်လုံးကို လုံခြုံအောင် ပတ်ထားသည်။
တည်းခိုခန်း အကူသည် သူမ၏အဝတ်အစားကို ကြည့်ရုံဖြင့် အမျိုးသမီးတစ်ဦးမှန်းသာ သိနိုင်သည်။ ရှောင်းလိသည် သူမကို ကြည့်လိုက်သည်ကို မြင်သောအခါ အစေခံသည်လည်း သူမဘက်သို့ လှည့်ကြည့်လိုက်၏။ ခမောက်အောက်မှ အလွန်အက်ကွဲနေသည့် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ရပါတယ်"
အစေခံသည် ငွေစကို အင်္ကျီလက်ထဲသို့ ဝမ်းသာအားရ ထိုးထည့်လိုက်ကာ သူတို့ကို နောက်ဖေးခြံဝင်းသို့ ခေါ်ဆောင်သွားတော့သည်။
"ဒါဆိုရင်လည်း ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ ဂုဏ်သရေရှိ ဧည့်သည်တို့!"
ထိုညက မိုးသည် သည်းထန်လွန်းလှပြီး တည်းခိုခန်းတွင်လည်း လူများ ပြည့်နှက်နေသည်။ မြင်းဇောင်းအတွင်း၌လည်း မြင်းများ ပြည့်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် မြက်ခြောက်များ သိုလှောင်ထားသော အခန်း၌တော့ မတ်တတ်ရပ်ရန် နေရာလွတ် ရှိနေသေးသည်။
အစေခံသည် မိုးရေစိုနေသော မြက်ခြောက်တချို့ကို ဘေးနားရှိ မြင်းစာခွက်ထဲသို့ ပစ်ထည့်ပေးလိုက်ပြီး ပြောလိုက်၏။ "ဒီမှာပဲ နားလိုက်ကြပါ။ အနံ့ကတော့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ အရှေ့ခန်းမဆောင်မှာ လူတွေကြား တိုးဝှေ့အိပ်ရတာထက်တော့ ပိုပြီး တိတ်ဆိတ်ပါတယ်! ဒီည ဧည့်သည်တွေ အရမ်းများနေလို့ ကျွန်တော်တို့တွေ လက်မလည်နိုင် ဖြစ်နေတာ။ ဧည့်ဝတ်ပြုတာ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးကြပါ"
ရှောင်းလိကတော့ ကိစ္စမရှိကြောင်းသာ အေးဆေးစွာ ပြန်ပြောလိုက်သည်။
အစေခံ ထွက်သွားပြီးနောက် ဝိန်းယွီသည် သူမ၏ခမောက်ကို ချွတ်လိုက်ကာ ပါးစပ်ကို အုပ်ပြီး အကြိမ်ကြိမ် ချောင်းဆိုးတော့သည်။
ရှောင်းလိသည် ခြောက်သွေ့သော မြက်ခြောက်များကို အထဲဘက်သို့ စုပုံပေးလိုက်ပြီး သူမကို လဲလျောင်းကာ အနားယူရန် တိုက်တွန်းရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မိုးမိသွားလို့ မင်းရဲ့ အအေးမိတာ ပိုဆိုးသွားတာလား"
ဝိန်းယွီသည် ခမောက်ဆောင်းထားသဖြင့် လုံခြုံနေသော်လည်း သူမ၏ စကပ်အနားသတ်များနှင့် ဖိနပ်၊ ခြေအိတ်များသည် စိုရွှဲလို့နေသည်။ ရှောင်းလိကတော့ မိုးအေးကြီးထဲတွင် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီး ဆံပင်အဖျားများမှ ရေစက်များသည် တတောက်တောက် ကျနေတော့သည်။
သူမသည် ခေါင်းခါပြလိုက်ကာ စိုစွတ်နေသော အဝတ်အစားများက ခိုင်ခံ့သော ခန္ဓာကိုယ်တွင် ကပ်နေသည်ကို ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ရှင်ကတော့ အကူလေးဆီမှာ အဝတ်အစားတစ်စုံလောက် သွားတောင်းလိုက်ပါလား။ မိုးစိုထားပြီး စိုတဲ့ အဝတ်တွေ ဆက်ဝတ်ထားရင် အအေးပတ်ပြီး နေမကောင်း ဖြစ်လိမ့်မယ်"
ရှောင်းလိက ပြန်ပြောလိုက်၏။ "ငါ့ရဲ့ အသားအရေနဲ့ ခန္ဓာကိုယ်က သန်မာပါတယ်။ နေမကောင်း မဖြစ်ပါဘူး"
မိုးသံသည် ဆူညံနေပြီး တံစက်မြိတ်အောက်မှ ရေကျသံများသည်လည်း အဆက်မပြတ် ထွက်ပေါ်နေလေသည်။
သူသည် သူ၏အင်္ကျီလက်မှ ရေများကို ညှစ်ထုတ်လိုက်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။
"ဒီမိုးက တစ်ညလုံး ရွာမယ့်ပုံပဲ။ မင်းရဲ့ ဖိနပ်နဲ့ ခြေအိတ်တွေ စိုနေတာဆိုတော့ မနက်ဖြန်အထိ ခြောက်မှာ မဟုတ်ဘူး" သူသည် ဝိန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မင်း မီးလှုံလို့ ရအောင် ငါ မီးဖိုတစ်ခု သွားရှာပေးမယ်။ ပြီးတော့ မင်းသောက်ဖို့ ဆေးလည်း သွားနွှေးပေးမယ်"
ဝိန်းယွီက "ခမောက်ဆောင်းသွားဦး" ဟုပင် ပြောချိန်မရလိုက်ဘဲ သူသည် မိုးထဲသို့ ပြေးဝင်သွားကာ မြင်းဇောင်းထဲမှ ထွက်သွားတော့သည်။
ဝိန်းယွီသည် ထိုနေ့မွန်းလွဲပိုင်းက သူတို့နှစ်ဦး အချင်းချင်း အငြင်းပွားခဲ့သည်ကို ပြန်လည် စဉ်းစားမိလိုက်သည်။ သူမသည် မျက်လွှာချလိုက်ကာ စိတ်ထဲတွင် ရှုပ်ထွေးလှသော အတွေးများဖြင့် ပြည့်နှက်သွားတော့သည်။
သူက ဘာလို့ ဒီလောက်အထိ ခေါင်းမာရတာလဲ။
တည်းခိုခန်း၏ အပြင်ဘက်တွင်တော့ ဝါးခမောက်နှင့် ကောက်ရိုးမိုးကာ အင်္ကျီများ ဝတ်ဆင်ထားသော အရာရှိတစ်စုသည် မိုးထဲရေထဲတွင် မြင်းများကို ဒုန်းစိုင်းစီးကာ ရောက်ရှိလာကြသည်။ အရှေ့ဆုံးမှ မြင်းစီးသမား ၂၀ကျော်သည် ချပ်ဝတ်တန်ဆာ ဝတ်ဆင်မထားဘဲ အနက်ရောင် ဝတ်ရုံရှည်များကိုသာ ဝတ်ဆင်ထားကြသည်။
ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
"ဒီနေရာပဲ။ ဝိန်းမျိုးနွယ် အမျိုးသမီးက ဒီလမ်းကို ရွေးခဲ့မယ်ဆိုရင် ၁၀မိုင်အတွင်းမှာ သူ နားနိုင်တဲ့ တည်းခိုခန်းက ဒါပဲ ရှိတယ်။ ဒီနေ့ မိုးသည်းတာက တကယ့်ကို ကောင်းကင်ဘုံက ကူညီလိုက်တာပဲ"
တင်းတင်းပိတ်ထားသော တည်းခိုခန်း တံခါးကြီးသည် ကန်ဖွင့်ခြင်း ခံလိုက်ရသည်။ ခန်းမဆောင်ထဲတွင် အိပ်စက်နေကြသူများသည် ထိတ်လန့်တကြား ထထိုင်ကြသည်။ စစ်သည်များက ဓားများကို ကိုင်ဆောင်ကာ ဝင်လာသည်ကို မြင်သောအခါ သူတို့သည် ကြောက်လန့်တကြား အော်ဟစ်ကြတော့သည်။
အနက်ရောင် ဝတ်ရုံဝတ် လူတစ်ယောက်၏ လက်ထဲမှ အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အော်ဟစ်နေသော သူသည် သွေးအိုင်ထဲသို့ လဲကျသွားခဲ့သည်။
သူက အေးစက်စွာ ပြောလိုက်သည်။
"ဆူညံလိုက်တာ။ နောက်ထပ် ဘယ်သူပဲဖြစ်ဖြစ် အော်ဟစ် ငိုယိုမယ်ဆိုရင် ဒီလိုပဲ ဖြစ်သွားမယ်"
ခန်းမဆောင်ထဲရှိ လူတိုင်းသည် ကြောက်လန့်တကြား တုန်ယင်နေကြပြီး ပါးစပ်များကို အုပ်ကာ နောက်ထပ် အသံတစ်သံပင် မထွက်ရဲကြတော့ချေ။
ထိုလူသည် သူ့နောက်က လူများကို မေးစေ့ဖြင့် အချက်ပြလိုက်သည်။ သူနှင့်အတူ လိုက်ပါလာသော စစ်သည်များသည် တည်းခိုခန်းအတွင်းသို့ ပြေးဝင်သွားကာ ပိုက်စိပ်တိုက် စတင်ရှာဖွေကြတော့သည်။
ခန်းမဆောင်တွင် ကျန်ရစ်ခဲ့သူများသည် လူပုံတူ ပန်းချီကားတစ်ချပ်ကို ကိုင်ထားကြသည်။ သူတို့သည် အမျိုးသမီး ဧည့်သည်များကို တစ်ယောက်ချင်းစီ ဆံပင်မှ ဆွဲမော့ကာ ပုံတူကားနှင့် သေသေချာချာ တိုက်ဆိုင်စစ်ဆေးကြသည်။
အေးစက်သော ဓားသွားများက လည်ပင်းသို့ ချိန်ရွယ်ထားသဖြင့် အမျိုးသမီးများ၏ မျက်လုံးတွင် မျက်ရည်များ ပြည့်လျှံနေတော့သည်။ သို့သော် သူတို့၏ လည်ပင်းနှင့် နားနောက်များကို ကြမ်းတမ်းစွာ ကိုင်တွယ်စစ်ဆေးခြင်း ခံနေရသည့်တိုင် ဘယ်သူမှ မအော်ရဲကြချေ။
စစ်သည်တစ်ဦးသည် စားပွဲခုံအောက်တွင် ပုန်းနေသော တည်းခိုခန်း အကူလေးကို ဆွဲထုတ်လာကာ ထိုလူ၏ ရှေ့သို့ ခေါ်ဆောင်လာပြီး ရိုသေစွာ တင်ပြလိုက်သည်။
"တပ်မှူးရှစ်စန်း၊ ကျွန်တော်တို့ တည်းခိုခန်း အလုပ်သမားတစ်ယောက်ကို ဖမ်းမိထားပါတယ်"
အကူလေးသည် ထိတ်လန့်တကြားဖြင့် အဆက်မပြတ် ဦးချကာ တောင်းပန်တော့သည်။
"လူကြီးမင်း... ကျွန်တော်က သာမန် အလုပ်သမားလေးပါ။ အမြဲတမ်း ရိုးရိုးသားသားနဲ့ စည်းကမ်းလိုက်နာတဲ့သူပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ!"
"ခေါင်းမော့စမ်း"
အကူလေးသည် မျက်ရည်များ ပေကျံနေသော မျက်နှာကို မော့လိုက်၏။ ထိုလူသည် လက်ထဲမှ စာလိပ်ကို ဖြန့်လိုက်ကာ အေးစက်စွာ မေးလိုက်သည်။
"ဒီပန်းချီကားထဲက မိန်းကလေးကို မင်း တွေ့ခဲ့လား"
___
ရှောင်းလိသည် မြင်းဇောင်းမှတစ်ဆင့် တည်းခိုခန်း နောက်ဖေးခြံဝင်းမှ မီးဖိုချောင်သို့ သွားနေစဉ် ခန်းမဆောင်ဘက်မှ ဆူညံသံများနှင့် အော်ဟစ်သံများကို မိုးသံကြားမှ ကြားလိုက်ရသည်။ သို့သော် ထိုအသံများသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
သူသည် အခြေအနေ မကောင်းမှန်း ရိပ်မိလိုက်သဖြင့် ခြေလှမ်းများကို ရပ်လိုက်သည်။ သူသည် ခြံဝင်းအတွင်းရှိ သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် မှောင်ရိပ်ခိုကာ ပုန်းကွယ်နေလိုက်၏။
အလောတကြီးလာနေသည့် ခြေသံများက နီးကပ်လာသည်။
တည်းခိုခန်း နောက်ဖေးခန်းမတွင် ချိတ်ဆွဲထားသော မီးပုံးများသည် လေပြင်းကြောင့် ယိမ်းထိုးနေတော့၏။ မှိန်ဖျော့လှသော အဝါရောင် အလင်းအောက်တွင် အေးစက်သော မိုးရေများသည် သွန်းဖြိုးနေပြီး စစ်သည်များ၏ ဖိနပ်သံများသည် ရွှံ့နွံများကို နင်းဖြတ်ကာ ဆူညံနေတော့သည်။ ထိုနေရာကို ရှာဖွေနေသော ခေါင်းဆောင်က အော်ဟစ်လိုက်၏။
"မင်းတို့ထဲက တချို့က မီးဖိုချောင်ကို ရှာ! ကျန်တဲ့သူတွေက မြင်းဇောင်းတွေကို သွားရှာကြ! ကျန်တဲ့သူတွေက ငါနဲ့အတူ ထင်းဆောင်ကို လိုက်ခဲ့!"
သည်းထန်လှသော မိုးသံများသည် အခြားအသံများကို ဖုံးလွှမ်းနေသည်။
ရှောင်းလိသည် မြင်းဇောင်းဘက်သို့ သွားနေသော စစ်သည် ၃ ဦးကို အသံတိတ် နှိမ်နင်းလိုက်၏။ သူသည် ဝိန်းယွီကို ရှာဖို့ အမြန်ပြန်သွားရန် ပြင်လိုက်စဉ် မြင်းဇောင်းဘက်မှ မြင်းဟီသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
သူ၏ မျက်နှာအမူအရာသည် တင်းမာသွားပြီး မြင်းဇောင်းဘက်သို့ အမြန်ပြေးသွားတော့သည်။
ထိုနေရာသို့ ရောက်သောအခါ မြက်ခြောက်ပုံသည် ဖရိုဖရဲ ဖြစ်နေပြီး နောက်ဖေးခြံတံခါးကြီးသည်လည်း ဟောင်းလောင်း ပွင့်နေသည်ကို တွေ့လိုက်ရ၏။ မြင်းဇောင်းထဲမှ မြင်းတစ်ကောင်သည်လည်း ပျောက်ဆုံးနေသဖြင့် ဝိန်းယွီသည် အလျင်အမြန် ထွက်ပြေးသွားသလိုပင်။
အရှေ့ဘက်ခြံဝင်းဆီမှ ဆူညံသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ တည်းခိုခန်း၏ အပြင်ဘက်တွင်လည်း မြင်းများဖြင့် လိုက်လံရှာဖွေနေသည့် အသံများကို ဝိုးတဝါး ကြားနေရသည်။
ဝိန်းယွီသည် ခန်းမဆောင်ထဲက ဆူညံသံများကို ကြားသဖြင့် သူ့ကို ဒုက္ခမပေးလိုသောကြောင့် မြင်းစီးကာ တစ်ယောက်တည်း ထွက်ပြေးသွားပြီဟု ရှောင်းလိ တွေးမိလိုက်သည်။ သူ့မျက်နှာမှာ မည်းမှောင်သွားတော့၏။ သူသည် အနီးရှိ မြင်းဇောင်းတံခါးကို ကန်ဖွင့်လိုက်ရာ အတွင်းရှိ မြင်းသည် လန့်ကာ ဟီတက်လာသည်။
ရှောင်းလိသည် ဇက်ကြိုးကို ဆွဲကိုင်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။
"ထွက်ခဲ့!"
သူသည် မြင်းညိုကြီးကို မိုးထဲသို့ ဆွဲထုတ်လာကာ မြင်းပေါ်သို့ ခွစီးလိုက်သည်။ သူမနောက်သို့ လိုက်ရန် ပြင်လိုက်စဉ် အနောက်ဘက်မှ ကြည်လင်သော်လည်း အနည်းငယ် အက်ကွဲနေသော အသံတစ်ခုက လှမ်းခေါ်လိုက်သည်။
"ရှောင်းလိ?"
ရှောင်းလိ၏ ကိုယ်သည် တောင့်တင်းသွားပြီး မြင်းဇက်ကြိုးကို ဆွဲကာ နောက်သို့ လှည့်ကြည့်လိုက်၏။ ဟောင်းလောင်း ဖြစ်နေသော မြင်းဇောင်းအတွင်းရှိ မြက်ခြောက်များ ထည့်ထားသည့် ဝါးခြင်းကြီး လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရသည်။ ဝိန်းယွီသည် ထိုခြင်းထဲမှ ထွက်လာ၏။ သူမ၏ ဆံနွယ်များတွင် မြက်ခြောက်တချို့ ကပ်နေပြီး ပုံစံသည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း သူမက ပြောလိုက်သည်။
"ကျွန်မ ဒီမှာ!"
စိုးရိမ်လွန်းသဖြင့် ရင်ထဲတွင် တင်းကျပ်နေသော နှလုံးသားသည် ပြန်လည် ပေါ့ပါးသွားသလို ခံစားလိုက်ရခြင်းက ရှောင်းလိအတွက် ဤအခိုက်အတန့်၏ ခံစားချက်ပင် ဖြစ်ပေလိမ့်မည်။
လျှပ်စီးက မှောင်မည်းနေသော ကောင်းကင်ကြီးကို ဖြတ်တောက်သွားသည်။ သည်းထန်လှသော မိုးအေးကြီးအောက်တွင် မြင်းပေါ်၌ ထိုင်နေသော ရှောင်းလိ၏ မေးရိုးများမှ ရေစက်များသည် တတောက်တောက် ကျနေသည်။ သူသည် မြက်ခြခြင်းထဲမှ ထွက်လာသော သူမကို စိုက်ကြည့်ရင်း မေးလိုက်၏။
"မင်း ထွက်မသွားဘူးလား"
ဝိန်းယွီသည် သူမကို စိုရွှဲသွားစေမည့် မိုးရေများကို ဂရုမစိုက်ဘဲ သူ၏ မြင်းအနားသို့ ပြေးသွားကာ ပြောလိုက်သည်။
"တည်းခိုခန်း အပြင်ဘက်က မြင်းခွာသံတွေနဲ့ ခန်းမဆောင်ထဲက ဆူညံသံများကို ကြားလိုက်ရလို့ လိုက်ဖမ်းတဲ့လူတွေ ရောက်လာပြီဆိုတာ ကျွန်မ ရိပ်မိလိုက်တယ်။ အဲ့ဒါနဲ့ မြင်းရဲ့ ကျောပေါ်မှာ မြက်ခြောက်တချို့ကို တင်၊ ခမောက်နဲ့ ဝတ်ရုံကို ခြုံပေးပြီး ရှင့်ရဲ့ ပြီးခဲ့တဲ့ အခေါက်က နည်းလမ်းအတိုင်း မြင်းရဲ့ တင်ပါးကို တို့လိုက်တာ။ မြင်းက လန့်ပြီး ထွက်ပြေးသွားတော့ သူတို့ကို လမ်းလွှဲပေးလိုက်သလို ဖြစ်သွားတာပေါ့"
သူမသည် အထုပ်ကို သူ့ထံ ကမ်းပေးလိုက်သည်။ "ခဏနေ ကျွန်မတို့ တင်မကဘဲ တခြားလူတွေလည်း မြင်းစီးပြီး ထွက်ပြေးကြလိမ့်မယ်။ အရာရှိတွေက လှည့်စားခံရမှန်း သိလို့ ပြန်လှည့်လာတဲ့ အခါကျရင် တည်းခိုခန်းကနေ မြင်းစီးပြီး ထွက်သွားတဲ့သူတွေ များလေလေ သူတို့ရဲ့ အင်အားတွေက ကွဲပြားသွားလေလေ ဖြစ်မှာပဲ။ အဲ့ဒါမှ ကျွန်မတို့ လွတ်မြောက်ဖို့ အခွင့်အရေး ပိုများမှာ!"
ရှောင်းလိသည် အထုပ်ကို ယူကာ ကုန်းနှီးဘေးတွင် ချိတ်လိုက်သည်။ ထို့နောက် မိုးထဲရေထဲတွင် သူ့ထံသို့ ဆန့်တန်းထားသော သူမ၏ သွယ်လျဖြူဖွေးသည့် လက်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မြင်းပေါ်သို့ ဆွဲတင်လိုက်လေသည်။ ဝိန်းယွီသည် သူ့ရှေ့တွင် လုံခြုံစွာ ရောက်ရှိသွားတော့သည်။
သူသည် မြင်းကို ဒုန်းစိုင်းနှင်လိုက်သည့် အခိုက်အတန့်တွင် လဲမကျစေရန် သူမ၏ခါးကို ဖက်ထားသော သူ့လက်မောင်းသည် ရုတ်တရက် ပိုလို့ပင် တင်းကျပ်သွားသည်ကို ဝိန်းယွီတစ်ယောက် ခံစားလိုက်ရ၏။
သူမ၏ ကျောပြင်သည် သူ့ရင်ဘတ်နှင့် ထိကပ်သွားပြီး သူ၏ ပွေ့ဖက်မှုအောက်တွင် လုံးလုံးလျားလျား နစ်ဝင်သွားသလို ခံစားလိုက်ရကာ အလွန် တင်းကျပ်နေတော့သည်။
ဝိန်းယွီသည် အံ့ဩတကြီးဖြင့် သူ့ကို လှည့်ကြည့်လိုက်၏။ သို့သော်လည်း ရှောင်းလိသည် သူမ၏ခါးကို ဖက်ထားသော လက်မောင်းကို ပြန်လည် လျှော့ပေးလိုက်သည်။ သူသည် အအေးဒဏ်နှင့် မိုးဒဏ်မှ ကာကွယ်ရန် သူမ၏ မျက်နှာကို လက်ဖြင့် ကာကွယ်ပေးလိုက်ရာ စောစောက အသက်ရှူကျပ်လောက်အောင် ပွေ့ဖက်ခဲ့သည်မှာ အမှတ်မထင် ဖြစ်သွားသည့်နှယ် ရှိနေတော့သည်။
လျှပ်စီးတစ်ချက် လက်သွားချိန်တွင် လောကကြီးသည် ကြက်သီးထစရာ ဖြူဆုတ်သော အလင်းအောက်၌ ပေါ်လွင်သွားတော့သည်။
မြက်ခြောက်များ တင်ဆောင်ထားသော လန့်ဖျပ်နေသည့် မြင်းကို ကြားဖြတ် ဖမ်းဆီးလိုက်ကြသည်။ ဖေရှစ်စန်းသည် မြက်ခြောက်နှင့် ကုန်းနှီးတွင် ချည်နှောင်ထားသော ဝတ်ရုံကို ဆွဲဖြဲလိုက်ရာ သူနှင့် သူ၏ အပေါင်းအဖော်များ၏ မျက်နှာသည် ဒေါသကြောင့် အုံ့မှိုင်းသွားတော့သည်။
သူသည် ဝတ်ရုံကို မြေပြင်ပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်ကာ ဟိန်းဟောက်လိုက်၏။
"၁၀မိုင် ပတ်လည်ကို အကုန် ဝိုင်းထားကြ။ သူတို့ ဒီည လုံးဝ လွတ်မှာ မဟုတ်ဘူး! နောက်ပြန်လှည့်ပြီး သူတို့နောက်ကို လိုက်ကြစမ်း!"
မိုးသည်းထန်လှသော ညတွင် အသံအားလုံးသည် တိတ်ဆိတ်နေသဖြင့် လမ်းမကြီးပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသော မြင်းခွာသံများသည် ပိုလို့ပင် ထင်ရှားနေတော့သည်။
ရှောင်းလိသည် အချိန်မည်မျှကြာအောင် မြင်းစီးခဲ့သည်ကို မသိချေ။ လျှပ်စီး နောက်တစ်ချက် လက်သွားသောအခါ အဝေးရှိ သစ်ပင်များနှင့် ချုံနွယ်များကြားတွင် အရောင်လက်နေသည့် မြားဦးများကို မြင်လိုက်ရ၏။
"ခြုံခိုတိုက်ခိုက်တာ!"
အန္တရာယ်ကို ရိပ်မိလိုက်သဖြင့် သူက သတိပေးကာ အော်ဟစ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူသည် ဝိန်းယွီကို ပွေ့ချီကာ မြင်းပေါ်မှ လိမ့်ဆင်းလိုက်တော့သည်။
လေးကြိုးလွှတ်သံပင် မကြားလိုက်ရဘဲ လေကို ဖြတ်သန်းသွားသော မြားများ၏ ဝီခနဲ အသံကိုသာ ကြားလိုက်ရ၏။ မြင်းသည် မြားမှန်ကာ လဲကျသွားသည်။ မြားတန်းကြီးသည် လမ်းညွှန်ထားသည့်နှယ် ရှောင်းလိနောက်သို့ လိုက်ပါလာပြီး သူနှင့် ဝိန်းယွီတို့ လိမ့်ဆင်းခဲ့သော ရွှံ့နွံများထဲသို့ တန်းစီကာ စိုက်ဝင်သွားတော့သည်။
ဝိန်းယွီ၏ နှလုံးခုန်သံသည် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ ရှောင်းလိသည် သူမကို လမ်းဘေးက လူအရပ်နီးပါးမြင့်သော ကျူတောထဲသို့ ဆွဲခေါ်သွားပြီးနောက်မှသာ မြားမိုးသည် ရပ်တန့်သွားတော့သည်။
သေတွင်းမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သဖြင့် သူမနှင့် ရှောင်းလိတို့သည် မောဟိုက်စွာ အသက်ရှူနေရပြီး အသက်ရှူနှုန်းမှာလည်း မတည်ငြိမ်တော့ချေ။
သူမသည် ကျူတောများကြားတွင် သူ့အောက်၌ ခိုလှုံနေရစဉ် သူ၏ စိုရွှဲနေသော ဆံနွယ်များမှ ရေစက်များသည် သူမ၏ လည်ပင်းပေါ်သို့ ကျရောက်လာသည်ကို ခံစားရ၏။ သူမ၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"လမ်းမကြီးကို ပိတ်ထားကြပြီ။ ကျွန်မတို့တွေ ဝိုင်းရှာဖွေနေတဲ့ နယ်မြေထဲမှာ ပိုပြီး ပိတ်မိနေပြီ ထင်တယ်"
ရှောင်းလိသည် သူမကို ငုံ့ကြည့်လိုက်သည်တွင် သူတို့နှစ်ဦး၏ အသက်ရှူသံများသည် အေးစက်စိုစွတ်သော လေထဲတွင် ရောယှက်နေတော့သည်။
မိုးထဲရေထဲတွင် ခြုံခိုတိုက်ခိုက်ရန် ပုန်းအောင်းနေကြသည့် အရေအတွက်ကို မသိနိုင်သော်လည်း ရန်သူ့လက်ထဲတွင် လေးမြားများ ရှိနေသည်။ အကယ်၍ လမ်းပေါ်သို့ ထွက်လာမိပါက သူတို့သည် မြားဒဏ်ကြောင့် တစ်ကိုယ်လုံး ပေါက်ပြဲသွားပေလိမ့်မည်။
ဒီည လွတ်မြောက်ဖို့ရန်က ကောင်းကင်ပေါ် တက်ရတာထက်တောင် ပိုပြီး ခက်ခဲနေသယောင်။
ဖရိုဖရဲ ဖြစ်နေသော ခြေသံများသည် မိုးသံကြားမှ နီးကပ်လာသည်။ ဘေးဘက်ရှိ မြက်တောများကို ဖယ်ရှားလိုက်သော အသံကို ကြားလိုက်ရ၏။ ရှောင်းလိ၏ မြောင်ဓားသည် ဓားအိမ်ထဲမှ လက်ခနဲ ထွက်လာပြီး အရာရှိ ၂ ဦးသည် လည်ပင်းမှ သွေးများ ပန်းထွက်ကာ လဲကျသွားတော့သည်။
သူသည် ဓားကို ပြန်သိမ်းကာ လှည့်လိုက်၏။ သူ့လက်မောင်းတစ်ဖက်သည် ဝိန်းယွီ၏ သွယ်လျသော ခါးလေးကို သိုင်းဖက်ကာ သူမကို ပွေ့ချီပြီး ကျူတောများထဲသို့ အမြန်ဆုံး ဆုတ်ခွာသွားတော့သည်။
"ငါ မင်းကို ပြောသားပဲ— ရှေ့ဆက်တိုးလို့ မရတဲ့ လမ်းပိတ်ကြီး ဖြစ်နေရင်တောင် ငါ မင်းအတွက် လမ်းသစ်တစ်ခုကို ဖောက်ပေးမှာပါ"
ဆူညံသံကို ကြားသဖြင့် ပြေးဝင်လာသော စစ်သည်များသည် သေဆုံးနေသော ရဲဘော် ၂ဦး၏ ရုပ်အလောင်းကိုသာ တွေ့လိုက်ရတော့သည်။
မိုးသည်းထန်လှသောညသည် သူတို့အတွက် အကောင်းဆုံး ပုန်းကွယ်ရာ ဖြစ်နေလို့သည်။ သစ်ရွက်များကို ရိုက်ခတ်နေသော မိုးသံကြီးသည် မြက်တောများ လှုပ်ရှားသံနှင့် ခြေသံများကို ဖုံးလွှမ်းပေးထားသည်။
ရှောင်းလိ၏ မြောင်ဓားမှ သွေးများသည် တစက်စက် စီးကျနေလေသည်။ လမ်းတစ်လျှောက်တွင် သူ့လမ်းကို ပိတ်ဆို့ထားသူ အားလုံးကို သူက သုတ်သင်ခဲ့သည်။
မြက်ခြောက်များကို နင်းဖြတ်လိုက်သော တိုးညှင်းသည့် အသံတစ်ခု အရှေ့မှ ထွက်ပေါ်လာသည်။ သူ၏ မြောင်ဓားသည် ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်ရာ သည်းထန်လှသော မိုးထဲမှ ကျဆင်းလာသော သံမဏိဓား ၂လက်ကို တားဆီးလိုက်၏။ သူသည် စစ်သည်တစ်ဦးကို ကန်ထုတ်လိုက်ချိန်တွင် ဝိန်းယွီ၏ ခါးကို ဖက်ထားသော လက်မောင်းသည် နောက်သို့ လွှဲလိုက်ရာ ထိုအရှိန်ကြောင့် သူမသည် လေထဲသို့ ပျံတက်သွားသလို ဖြစ်သွားသည်။ သူမ၏ ခြေထောက်သည် အခြားစစ်သည်တစ်ဦး၏ မေးရိုးကို အားရပါးရ ထိမှန်သွားတော့သည်။
ရှောင်းလိသည် ညာဘက်လက်မောင်းသို့ ပြောင်းကာ သူမ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖမ်းထိန်းလိုက်သည်။ သူ့ဘယ်ဘက်လက်သည် ဓားကို ဝှေ့ယမ်းရင်း မိုးရေများ ဖုံးလွှမ်းနေသော ကျူတောများထဲသို့ ထပ်မံ ပျောက်ကွယ်သွားကြပြန်သည်။
လမ်းမကြီးပေါ်တွင်တော့ တပ်မှူးသည် မြင်းပေါ်မှ ဆင်းကာ တစ်ချက်တည်းနှင့် လည်ပင်းကို အလှီးခံထားရသော လက်အောက်ငယ်သား ၁၀ကျော်ကို စစ်ဆေးကြည့်လိုက်၏။ သူ့မျက်နှာမှာ ညိုမည်းနေတော့သည်။
"အဲ့ဒီ ဝိန်းမျိုးနွယ်စု မိန်းကလေးဘေးမှာ ပညာရှင်တစ်ယောက် ပါနေတာပဲ။ သူတို့ကို ဒီမှာပဲ ဝိုင်းထားကြ— ဆက်ပြီး မလိုက်နဲ့ဦး။ တပ်မှူးရှစ်စန်း ရောက်လာတဲ့အထိ စောင့်ပြီးမှ သူတို့ကို ဖမ်းမယ်"
...