အခန်း ၄၃
Vol. 5 Ch. 43
အပိုင်း (၄၃)
မိုးသည် တဖြည်းဖြည်း တိတ်စပြုလာသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးသံများ မရှိတော့သည့်အခါ လေတိုးသံကြောင့် လှုပ်ခတ်နေသော ကျူပင်များ၏ အသံနှင့် တမင်တကာ ခြေဖွနင်းလာသော ခြေသံများကို အတိုင်းသား ကြားနေရသည်။
ရှောင်းလိသည် သူ၏ လှုပ်ရှားမှုများကို နှေးကွေးလိုက်ပြီး ဝိန်းယွီကို ကျူပင်တောကြီးတစ်ခု၏ နောက်ကွယ်သို့ ခေါ်ဆောင်ကာ ပတ်ဝန်းကျင်ကို အာရုံစိုက်လျက် နားစွင့်နေလိုက်၏။
သူ၏ ဆံပင်ရင်းများမှ ရေများ တစက်စက် ကျဆင်းနေပြီး သူ့အကြည့်မှာ ဝံပုလွေတစ်ကောင်နှယ် ရှေ့တည့်တည့်သို့ စူးစိုက်လျက် ရှိနေသည်။ စိုရွှဲနေသော ဝတ်ရုံအောက်တွင် သူ၏အာရုံကြောများမှာ အစွမ်းကုန် နိုးကြားနေသဖြင့် ကြွက်သားများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တောင့်တင်းနေပြီး အရေပြားမှလည်း အပူရှိန်များ ထွက်ပေါ်နေသည်။
သို့သော်လည်း ကျူတောတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည့်နှယ်။ လေထဲတွင် ကျူပင်အချင်းချင်း ထိခိုက်ပွတ်တိုက်သံမှလွဲ၍ အခြား မည်သည့်အသံမှ မကြားရချေ။ မြက်ပင်များပေါ်မှ ရေစက်တစ်စက်မှာ ရှောင်းလိ၏ ဓားသွားပေါ်သို့ တိုးညှင်းသော အသံဖြင့် ကျဆင်းသွားသည်။ သူသည် အသံကို နှိမ့်ကာ ပြောလိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ။ သူတို့အားလုံး ရုတ်တရက် ပျောက်သွားကြတယ်။ ချုံခိုတိုက်ဖို့ ပြင်နေကြတာလား"
ဝိန်းယွီ၏ စိုစွတ်နေသော အနက်ရောင်ဆံနွယ်များမှာ သူမ၏ လည်ပင်းပေါ်တွင် ဖရိုဖရဲ ကပ်နေသဖြင့် သူမ၏ သွယ်လျဖြူဖွေးသော လည်ပင်းလေးမှာ ပိုလို့ပင် ဖြူဆုတ်နေသည့်နှယ်။ အေးစက်သော လေတိုးလိုက်တိုင်း အအေးဒဏ်မှာ စိုစွတ်နေသော အဝတ်အစားများမှတစ်ဆင့် သူမ၏ အသားနှင့် အရိုးထဲအထိ စိမ့်ဝင်သွားတော့သည်။ သူမသည် အနည်းငယ် တုန်ယင်နေသော်လည်း တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်၏။
"သူတို့တွေ စစ်ကူကို စောင့်နေတာ ဖြစ်လိမ့်မယ်။ ဒီလောက် ကျယ်ပြောတဲ့ ကျူတောထဲမှာ မှောင်လည်း မှောင်နေတော့ သာမန်စစ်သားတွေ စွန့်စားပြီး အထဲကို ဝင်လာရင် အသေခံရုံပဲ ရှိမှာလေ"
လျှပ်စီးတစ်ချက် လက်သွားသဖြင့် အနီးနားရှိ ကျူပင်များနှင့် အဝေးမှ ထူထပ်သော တောအုပ်ကြီးမှာ ထိတ်လန့်ဖွယ် ဖြူဖွေးသော အလင်းရောင်အောက်တွင် ပေါ်လွင်သွားတော့သည်။ အမှောင်ထုထဲ ပြန်လည် နစ်မြုပ်သွားသော တောအုပ်ကြီးကို ကြည့်ကာ သူမသည် ဖြူဖျော့သော မျက်နှာဖြင့် ပြောလိုက်သည်။
"တောအုပ်ထဲကို သွားကြရအောင်။ ဒီကျူတောထဲမှာ အကြာကြီး ပုန်းနေလို့ မဖြစ်ဘူး"
ဝိန်းယွီ ချမ်းနေသည်ကို ရှောင်းလိ သတိထားမိလိုက်သော်လည်း ညမိုးက မတိတ်သေးသလို သူ့ဝတ်ရုံမှာလည်း စိုရွှဲနေဆဲပင်။ ဝိန်းယွီကို နွေးထွေးအောင် လုပ်ပေးနိုင်မည့်နည်းလမ်းကို သူ မစဉ်းစားနိုင်သေးချေ။ အရင်ဆုံး ဝိုင်းရံပိတ်ဆို့ထားမှုကို ဖောက်ထွက်ရန်သာ လိုအပ်သည်။ သူက ခပ်တိုးတိုး ပြန်ဖြေလိုက်၏။
"ကောင်းပြီ"
သူသည် ဝိန်းယွီ၏လက်ကို ကိုင်လိုက်သောအခါ သူမ၏ လက်ချောင်းလေးများမှာ ရေခဲတမျှ အေးစက်နေသည်ကို တွေ့လိုက်ရသည်။ ခဏတာ တွေဝေသွားပြီးနောက် သူသည် သူမ၏ လက်ချောင်းများကို သူ၏ လက်ဖဝါးဖြင့် တတ်နိုင်သမျှ ဖုံးအုပ်ကာ ဆုပ်ကိုင်လိုက်၏။ အခြားလက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ လမ်းပိတ်နေသော ကျူပင်များကို ဖယ်ရှားရင်း သူမကို တောအုပ်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
သို့သော်လည်း ကျူပင်များသည် စမ်းချောင်းလေးတစ်ခုနှင့် ဆုံသည့် ကုန်းစောင်းတစ်လျှောက်တွင် ပေါက်နေခြင်း ဖြစ်သည်။ တောအုပ်ထဲသို့ ရောက်ရန်အတွက် ထိုစမ်းချောင်းကို ဖြတ်ကျော်သွားကြရလိမ့်မည်။ တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းထားသဖြင့် စမ်းချောင်းထဲတွင် ရေများလည်း တိုးနေသည်။ ကျူတော၏ အစွန်းသို့ ရောက်သောအခါ ရှောင်းလိသည် စီးဆင်းနေသော ရေကို လှမ်းကြည့်လိုက်၏။ ဝိန်းယွီအနေဖြင့် ရေစီးနှင့်အတူ ပါလာသော ကျောက်ခဲများ သို့မဟုတ် သစ်ကိုင်းများကို တိုက်မိမှာ စိုးရိမ်သဖြင့် သူမကို သူ့ကျောပေါ်သို့ တက်ခိုင်းလိုက်သည်။
၅ ပေခန့်ရှိသော သူ၏ မြောင်ဓားကို အသုံးပြုကာ ရေအနက်ကို စမ်းသပ်ရင်း သူသည် ဝိန်းယွီကို ပိုးကာ ဖြတ်ကျော်လိုက်၏။ လမ်းတစ်ဝက်သို့ ရောက်သောအခါ နောက်ဘက်မှ လေတိုးသံနှယ် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်းလိသည် နောက်ထပ် မစဉ်းစားတော့ဘဲ ကိုယ်ကို လှည့်ကာ ဓားဖြင့် ကာကွယ်လိုက်၏။ သံချင်းထိခိုက်သံများနှင့်အတူ ပစ်လွှတ်လိုက်သော လေးမြှားကျည်များမှာ စမ်းချောင်းထဲသို့ လွင့်စဉ်သွားပြီး မြစ်ကြမ်းပြင်ထဲသို့ ထောင့်ဖြတ် စိုက်ဝင်သွားတော့သည်။
ကျူတောကို လေးမြှားများဖြင့် ဝိုင်းရံထားသော စစ်သားများက အော်ဟစ်လိုက်ကြသည်။
"သူတို့တွေ စမ်းချောင်းကို ဖြတ်ပြီး ဟိုဘက်က တောအုပ်ထဲကို သွားဖို့ ကြိုးစားနေကြတာပဲ။ သူတို့ကို တားကြစမ်း!"
ကျူတော၏ အခြားအစွန်းများတွင် ချုံခိုနေသော စစ်သားများသည် ချက်ချင်းပင် ပြေးဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြှားများမှာ ပိုက်ကွန်တစ်ခုနှယ် သူတို့အပေါ်သို့ သဲကြီးမဲကြီး ကျရောက်လာတော့သည်။ ရှောင်းလိသည် တိုးတိုးလေး ကျိန်ဆဲလိုက်ပြီး သူတို့ဘက်သို့ ကျောမပေးရဲတော့ချေ။ သူသည် ကျရောက်လာသော မြှားများကို ဓားဖြင့် ကာကွယ်ရင်း ဝိန်းယွီကို ကျောပိုးလျက် စမ်းချောင်း၏ ဟိုဘက်ကမ်းသို့ ဆုတ်ခွာလာတော့သည်။
လက်တစ်ဖက်သာ အားနေသဖြင့် ဝိန်းယွီသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သူ၏ ပခုံးနှင့် လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျူတောထဲတွင် ပုန်းအောင်းနေသော လေးသည်တော်များကို စိုက်ကြည့်လျက် ရှောင်းလိအတွက် ဒုတိယ မျက်လုံးတစ်စုံအဖြစ် အချက်ပေးလိုက်သည်။ သူတို့ တစ်ဖက်ကမ်းသို့ ဆုတ်ခွာနိုင်သွားချိန်တွင်တော့ အစိုးရစစ်သားများမှာ မြှားများ ကုန်သွားဟန် ရှိပြီး ဓားများကို ဆွဲကိုင်ကာ ရေကို ဖြတ်ကျော်လျက် ပြေးဝင်လာကြသည်။ ရှောင်းလိသည် ဝိန်းယွီကို ချပေးလိုက်ပြီး သူတို့ကို တိုက်ခိုက်ရင်း သူမဘက်သို့ လှည့်ကာ အော်ပြောလိုက်၏။
"မြက်တောထဲမှာ သွားပုန်းနေလိုက်!"
မြစ်ကမ်းတစ်လျှောက်ရှိ ကုန်းစောင်းနှစ်ဖက်လုံးတွင် လူတစ်ရပ်ခန့် မြင့်သော ကျူပင်များ ထူထပ်စွာ ပေါက်နေသည်။ ဝိန်းယွီသည် မြက်ပင်ရင်းများကို အားပြုဆွဲကိုင်ကာ ချောကျိနေသော ရွှံ့နွံကုန်းစောင်းပေါ်သို့ ခက်ခဲစွာ တက်လာခဲ့၏။ သူမ လုံခြုံသော နေရာသို့ မရောက်မီမှာပင် ဓားကိုင်ထားသော စစ်သားအချို့ ပေါ်ထွက်လာသည်။ သူတို့သည် ညအမှောင်ကို အသုံးချကာ မြစ်အထက်ပိုင်းမှ ဖြတ်ကျော်ပြီး သူတို့ကို ကြားဖြတ်တိုက်ခိုက်ရန် စောင့်နေကြခြင်း ဖြစ်ပေသည်။
သူမသည် စိတ်လှုပ်ရှားစွာဖြင့် သူ့နာမည်ကို အော်ခေါ်လိုက်သည်။
"ရှောင်းလိ!"
ဝိန်းယွီသည် အနံ့ဆိုးထွက်နေသော ရွှံ့နွံများကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ယူလိုက်ပြီး စစ်သားများ၏ မျက်နှာဆီသို့ လှမ်းပစ်လိုက်တော့သည်။ စစ်သားများက ကာကွယ်ရန် ကိုယ်ကို လှည့်လိုက်ချိန်တွင် ရှောင်းလိသည် သူနှင့် တိုက်ခိုက်နေသော စစ်သား၏ လက်နက်ကို ပိုင်းဖြတ်လိုက်ပြီး ထိုလူကို စမ်းချောင်းထဲသို့ ကန်ချလိုက်ကာ တွေဝေခြင်းမရှိဘဲ ကမ်းပေါ်သို့ ခုန်တက်လာခဲ့၏။ သူ၏ ဓားမှာ ဝေ့ယမ်းသွားပြီး သွေးများက ကျူရွက်များပေါ်သို့ လွှင့်စင်သွားတော့သည်။
ကြံရာမရဖြစ်နေသည့် အဝေးမှ စစ်သားတစ်ယောက်သည် ဝိန်းယွီကို ဖမ်းဆီးရန် ကြိုးစားသော်လည်း ရှောင်းလိက ထိုလူကို ရွှံ့နွံများထဲသို့ ဆောင့်ချလိုက်ပြီး လည်ပင်းကို နင်းခြေဖျက်ဆီးပစ်လိုက်သည်။ ရှောင်းလိ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာမှ သွေးများက သူ၏ အင်္ကျီလက်ကို စိုရွှဲသွားစေပြီး မိုးရေများနှင့် ရောနှောကာ သူ၏ လက်ဖဝါးထဲတွင် အနီရောင် မင်ရည်များနှယ် စုပုံနေတော့သည်။ ဝိန်းယွီသည် သူ့ကို တွဲရန် အလျင်အမြန် ပြေးလာခဲ့ပြီး မေးလိုက်၏။
"ရှင် အဆင်ပြေရဲ့လား"
ရှောင်းလိသည် သူ့လက်ပေါ်မှ သွေးများကို မြက်ပင်ရင်းများတွင် ပေါ့ပေါ့ပါးပါး သုတ်လိုက်ပြီး ဓားကို အားပြုကာ ထရပ်လိုက်ရင်း ဝိန်းယွီကို ဆွဲခေါ်လိုက်၏။ သူသည် အသက်ကို ပြင်းပြင်းရှူရင်း တိုက်တွန်းလိုက်သည်။
"သွားကြရအောင်!"
သူတို့သည် ကျူတောအစွန်းရှိ ထူထပ်သော တောအုပ်ဆီသို့ ဆက်လျှောက်လာခဲ့ကြသည်။
ဒယိမ်းဒယိုင်နှင့် အရေးတကြီး ထွက်ပြေးနေစဉ်အတွင်း ဝိန်းယွီသည် ထက်ရှသော ကျူရွက်များကြောင့် သူမ၏ လက်နှင့် မျက်နှာပေါ်တွင် ဒဏ်ရာလေးများ ရခဲ့သော်လည်း အသံတစ်ချက်မှ မထွက်ခဲ့ချေ။
လမ်းမကြီးပေါ်တွင် မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ရှေ့ဆုံးမှ မြင်းစီးသမား ၂၀ခန့်မှာ ဝါးခမောက်များနှင့် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဝတ်ရုံများမှာ လေထဲတွင် လွင့်ဝဲနေသည်မှာ ညအခါတွင် တောင်ပံဖြန့်ထားသော လင်းနို့များနှယ်။ စစ်သည်ခေါင်းဆောင်သည် သူတို့ကို ကြိုဆိုရန် အမြန်ထွက်လာခဲ့ပြီး သည်းထန်သော မိုးထဲတွင် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်၏။
"တပ်မှူးရှစ်စန်း... ရှင် ရောက်လာပြီပဲ!"
ဖေရှစ်စန်းက အေးစက်စွာ မေးလိုက်၏။ "ဝိန်းမျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေ ဘယ်မှာလဲ"
စစ်သည်ခေါင်းဆောင်သည် အရှက်ရစွာဖြင့် ခေါင်းငုံ့ကာ ပြန်ပြောလိုက်၏။
"ကျွန်တော်တို့ဆီမှာ လေးမြှားတွေ ကုန်သွားလို့ သူတို့ကို လွတ်သွားမိပါတယ်။ သူတို့တွေ တောအုပ်ထဲကို ထွက်ပြေးသွားကြပြီ"
ဖေရှစ်စန်းသည် စစ်သည်ခေါင်းဆောင်၏ မျက်နှာကို ကျာပွတ်ဖြင့် ရိုက်နှက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "အသုံးမကျတဲ့ကောင်!"
စစ်သည်ခေါင်းဆောင်၏ ပါးပြင်ပေါ်တွင် သွေးစို့နေသော ကျာပွတ်ရာ ထင်ကျန်ရစ်သော်လည်း သူသည် ခေါင်းငုံ့ထားကာ ဘာမှ မပြောရဲချေ။ ဖေရှစ်စန်းသည် မြင်းပေါ်က ဆင်းလိုက်ပြီး ဓားရိုးပေါ်တွင် လက်တင်လျက် သူ့နောက်က လိုက်ပါလာသော သိန်းငှက်အမဲလိုက်ခွေး ၂၀ကျော်ကို အမိန့်ပေးလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့ကြစမ်း။ တောအုပ်ထဲမှာ ဝိန်းမျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေကို လိုက်ဖမ်းမယ်!"
တောအုပ်တစ်ခုလုံးမှာ မှောင်အတိ ကျနေပြီး လျှပ်စီးလက်သည့် အခိုက်အတန့်မှာသာ ထူထပ်သော သစ်ပင်များကြားမှ အလင်းရောင် အနည်းငယ် မြင်တွေ့ရ၏။ သိုင်းပညာ တတ်မြောက်ထားသူ ဖြစ်သဖြင့် ရှောင်းလိ၏ အမြင်အာရုံမှာ သာမန်လူများထက် အဆပေါင်းများစွာ ပိုသာလွန်သည်။ အမှောင်ထုထဲတွင် သူ့မျက်လုံးများ ကျင့်သားရသွားသည့်အခါ ပတ်ဝန်းကျင်ရှိ အရာများကို သေသေချာချာ မြင်တွေ့နိုင်ခဲ့သည်။
သူသည် ဝိန်းယွီကို မိုးခိုနိုင်မည့် ကျောက်ဆောင်ကြီး တစ်ခု၏ နောက်ကွယ်သို့ ခေါ်ဆောင်သွားခဲ့၏။ သူ့လက်မောင်းပေါ်က ဒဏ်ရာမှာလည်း အားစိုက်ခဲ့ရသဖြင့် သွေးများ မတိတ်သေးချေ။ လိုက်လံရှာဖွေသူများအတွက် သွေးစက်များ မကျန်ရစ်ခဲ့စေရန် သူသည် သူ၏ လက်ပတ်ကို ချွတ်လိုက်ပြီး အင်္ကျီလက်ကို လိပ်တင်ကာ အဝတ်စတစ်ခုကို ဆွဲဖြဲလိုက်လေသည်။ ထိုအဝတ်စကို သွားဖြင့် ကိုက်ကာ ဒဏ်ရာကို စတင် စည်းနှောင်လိုက်တော့သည်။ ဝိန်းယွီသည် အနီးနားရှိ အရိပ်အယောင်များကိုသာ ဝေဝါးစွာ မြင်နေရသော်လည်း သူ၏ လှုပ်ရှားမှုများကို သတိထားမိသဖြင့် စမ်းတဝါးဝါးဖြင့် မေးလိုက်၏။
"ရှင် ဒဏ်ရာကို စည်းနေတာလား။ ကျွန်မ ကူညီပေးမယ်"
သူမ၏ လက်ချောင်းလေးများသည် သူ၏ လက်ထဲမှ အဝတ်စကို ရှာတွေ့သွားပြီး အခြားတစ်ဖက်ကို စမ်းသပ်လိုက်ချိန်တွင် နွေးထွေးနူးညံ့သော တစ်စုံတစ်ခုကို ထိမိသွားတော့သည်။ ဝိန်းယွီသည် ခဏတာ တောင့်တင်းသွားပြီးမှ ရှောင်းလိ၏ နှုတ်ခမ်းများကို ထိမိသွားခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ သူမ၏ လက်ထိပ်လေးများမှာ ချက်ချင်းပင် နွေးထူးသွားခဲ့ပြီး သည်လိုမှောင်မိုက်နေခြင်းက သူတို့၏ မျက်နှာအမူအရာများကို ဖုံးကွယ်ပေးထားသဖြင့် သူမမှာ ကျေးဇူးတင်မိတော့သည်။
သူမသည် သူ၏ သွားများကြားမှ အဝတ်စကို ယူလိုက်ပြီး သူ၏ သန်မာသော လက်မောင်းတွင် ဂရုတစိုက် စည်းနှောင်ပေးလိုက်၏။ သူမ၏ လက်ထိပ်လေးများအောက်ရှိ တောင့်တင်းပူနွေးသော အသားစိုင်များမှာ အရေပြားအောက်မှ စီးဆင်းနေသော သွေးများနှင့်အတူ လှုပ်ရှားနေသယောင်။
အဝတ်စကို ချည်နှောင်ပြီးနောက် သူမက တိုးညှင်းစွာ ပြောလိုက်လေသည်။ "ပြီးပြီ..."
သို့သော် သူမ စကားမဆုံးခင်မှာပင် သူ၏လက်က သူမ၏ ပါးစပ်ကို ပိတ်လိုက်တော့သည်။ သူ၏ သန်မာသော ရင်ခွင်နှင့် ကျောက်ဆောင်ကြားတွင် ပိတ်မိနေစဉ် သူမ၏ အသက်ရှူသံများမှာ သွေးနံ့များနှင့်အတူ နွေရာသီရှိ သစ်ပင်ဖျားများကို ဖြတ်တိုက်သွားသော လေပြင်းများနှယ် ဖော်ပြရခက်သော ရနံ့တစ်ခုဖြင့် ပြည့်နှက်နေတော့သည်။
အဝေးမှ သစ်ကိုင်းခြောက်များကို နင်းခြေလိုက်သလို အသံတိုးတိုးလေးတစ်ခုကို ကြားလိုက်ရသဖြင့် ဝိန်းယွီသည် ငြိမ်နေလိုက်၏။ ထို့နောက် တောအုပ်တစ်ခုလုံးမှာ သေမင်းတမျှ တိတ်ဆိတ်သွားတော့သည်။ ဤတိတ်ဆိတ်မှုမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပြီး အမှောင်ထဲတွင် သားကောင်နှင့် မုဆိုးတို့ ရင်ဆိုင်နေရသကဲ့သို့ ရှိနေရာ အမှားတစ်ခုသည် အသက်ဆုံးရှုံးခြင်းသို့ ဦးတည်သွားနိုင်ပေသည်။
"သူတို့တွေ သွေးနံ့နောက်ကို လိုက်လာကြတာ ဖြစ်လိမ့်မယ်။ ဒီမှာပဲ နေပါ။ ထွက်မလာနဲ့"
ရှောင်းလိ၏ ဝံပုလွေနှယ် စူးရှသော မျက်လုံးများသည် ထူထပ်သော တောအုပ်ကြီးဆီသို့ စိုက်ကြည့်နေပြီး သူသည် ဝိန်းယွီ၏ နားနားသို့ တိုးကပ်ကာ ဤစကားများကို ပြောလိုက်သည်။ သူသည် ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး အာရုံလွှဲရန် အဝေးသို့ လှမ်းပစ်လိုက်၏။ ပတ်ဝန်းကျင်မှ ခြေသံများကို အသေအချာ နားစွင့်နေရင်း သူသည် ဓားကို ဆွဲထုတ်ကာ ဝံပုလွေတစ်ကောင်နှယ် ရှေ့သို့ ခုန်တက်လျက် ခုတ်ပိုင်းလိုက်သည်။
သံမဏိချင်း ထိခတ်သံသည် စူးရှစွာ ထွက်ပေါ်လာ၏။ ထိုဝတ်ရုံခြုံထားသူက သူ၏ တိုက်ခိုက်မှုကို လက်ပြန်ကာကွယ်လိုက်သည့် အခိုက်အတန့်တွင် ဤသူမှာ သာမန်ပြိုင်ဘက် မဟုတ်ကြောင်း ရှောင်းလိ သိလိုက်သည်။ သူသည် ပြိုင်ဘက်၏ ကျောပြင်ကို အားပြုကာ တွန်းကန်လျက် မီတာအနည်းငယ်ခန့် ဆုတ်ခွာပြီးနောက် လှည့်ကာ ထွက်ပြေးတော့သည်။
ဖေရှစ်စန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး သူက အော်ဟစ်လိုက်သည်။
"သူ့နောက်ကို လိုက်ကြစမ်း!"
ထူထပ်သော တောအုပ်အတွင်း အရိပ်များမှာ လျင်မြန်စွာ လှုပ်ရှားနေကြ၏။ ထိုဝတ်ရုံခြုံထားသူများသည် ထူးဆန်းသော အလျင်ဖြင့် လှုပ်ရှားနေကြပြီး ဖယ်ထုတ် မရနိုင်သော အရိပ်များနှယ် ကပ်ပါလာကြသည်။ ရှောင်းလိက သူတို့ကို မည်မျှပင် ဖယ်ရှားရန် ကြိုးစားစေကာမူ သူတို့က အကွာအဝေးကို လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
ရှောင်းလိသည် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားသော်လည်း သူ၏ တိုက်ခိုက်မှုများ ပြင်းထန်လာပြီး အသာစီးရသည့် အခိုက်အတန့်တိုင်းတွင် သူတို့သည် မှောင်မိုက်ခြင်းထဲသို့ ပြန်လည် ဆုတ်ခွာသွားကြ၏။
သူ၏ ခုတ်ချက်တိုင်းမှာ ရေကို ပိုင်းဖြတ်နေရသကဲ့သို့ ခံစားရပြီး ထိရောက်သည့် ထိခိုက်မှုကို မဖြစ်စေချေ။ သူတို့သည် သူ၏ ခွန်အားနှင့် စိတ်ရှည်မှုကို တဖြည်းဖြည်း တိုက်စားနေကြပြီး ဟာကွက်များ ပေါ်လာစေရန် အတင်းအကျပ် ပြုလုပ်နေကြသည်။
ဤကဲ့သို့သော နည်းဗျူဟာများကို ကျင့်သားမရသေးသဖြင့် ရှောင်းလိသည် ဤကြွက်နှင့် ကြောင် ကစားပွဲကြောင့် ပိုလို့ပင် စိတ်မရှည် ဖြစ်လာ၏။ ဤစိတ်လှုပ်ရှားမှုသည် မကြာမီမှာပင် သူ၏ အမှားတစ်ခု ဖြစ်လာတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ရရှိလာခဲ့သည်။
ဒဏ်ရာတစ်ခုချင်းစီမှာ တမင်တကာ ရက်စက်ပြီး အဆိပ်အတောက် ပြင်းလှသည်။
သွေးများသည် ဝတ်ရုံကို စိုရွှဲသွားစေပြီး အင်္ကျီအနားသတ်များမှတစ်ဆင့် မြေပြင်ပေါ်သို့ တတောက်တောက် ကျဆင်းနေကာ တောအုပ်အတွင်းရှိ သစ်ရွက်များပေါ်မှ ကျဆင်းနေသော ရေစက်သံများနှင့် ရောနှောနေတော့သည်။
ရှောင်းလိ၏ နားထင်များတွင် ချွေးစများ စို့နေ၏။ မိုးရေနှင့် သွေးများကြားတွင် ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်နိုင်ရန် သူသည် လက်တွင် အဝတ်စများကို ပတ်ထားလိုက်သည်။ မိုးသည် ပိုလို့ပင် သည်းထန်လာသောအခါ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး သစ်ရွက်လှုပ်ခတ်သံများကြားမှ လှုပ်ရှားမှုများကို သိရှိနိုင်ရန် နားကိုသာ အားကိုးလိုက်တော့သည်။ အလွန်တိုးညှင်းသော ခြေသံများ၊ ဓားဝေ့ယမ်းသံများနှင့် အဝတ်အစားချင်း ပွတ်တိုက်သံများမှာပင် အမှောင်ထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။
သစ်ရွက်များပေါ်မှ ရေစက်တစ်စက် ထပ်မံကျဆင်းလာချိန်တွင် သူသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာသော တိုက်ခိုက်သူ၏ ခုတ်ချက်ကို ကာကွယ်ရန် ဓားကို အလျားလိုက် ဝေ့ယမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ လည်ပင်းဆီသို့ လက်မအနည်းငယ်အကွာအထိ ရောက်ရှိလာသော အေးစက်သည့် ဓားသွားကို ရှောင်တိမ်းလိုက်ပြီး ၄ ပေခန့်ရှိသော ဓားအိမ်ကို အသုံးပြုကာ ဘယ်ဘက်မှ ချဉ်းကပ်လာသော တိုက်ခိုက်သူ၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်ရာ ထိုသူမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။
ဓားကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် ဓားအိမ်ကို အသုံးပြုကာ နောက်ဘက်မှ ထိုးချက်ကို ကာကွယ်လိုက်ပြီး ၅ပေရှိသော မြောင်ဓားကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ဓားသွားသည် အသားကို ပိုင်းဖြတ်သွားပြီး သွေးများ ထွက်ပေါ်လာတော့သည်။ ညည်းတွားသံလေးမျှပင် မကြားရဘဲ ထိုအဖွဲ့မှာ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ပတ်ဝန်းကျင်မှာ မိုးစက်သံများကလွဲပြီး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
ရှောင်းလိသည် အမြဲစိမ်းတောထဲတွင် မလှုပ်မယှက် ရပ်နေပြီး သူ၏ ဝတ်ရုံနှင့် ဓားဦးဖျားမှ သွေးများ ကျဆင်းနေကာ ဆံပင်အဖျားနှင့် မေးစေ့မှလည်း ရေစက်များ တတောက်တောက် ကျနေ၏။ သူသည် ပြိုင်ဘက်များ၏ နောက်ထပ် တိုက်ခိုက်မှုကို စောင့်ဆိုင်းနေလေသည်။ သူသည် သည်လိုဝိုင်းရံသတ်ဖြတ်သည့် အားကစားပွဲအတွင်း ရန်သူများ၏ စည်းချက်ကို ကျင့်သားရလာပြီး လျင်မြန်စွာ တိုးတက်လာခဲ့ကာ သူတို့၏ အားနည်းချက်များကို တစ်လှည့်စီ ဖမ်းဆုပ်နိုင်ခဲ့သည်။
ဖေရှစ်စန်းသည် မှောင်ရိပ်ထဲမှ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး ဤလူကို လိုက်လံဖမ်းဆီးရခြင်းမှာ တောရဲတိရစ္ဆာန်တစ်ကောင်ကို အမဲလိုက်ရခြင်းနှင့် မခြားနားကြောင်း ခံစားလိုက်ရ၏။ သူသည် စိတ်မရှည်မှုကို နှိမ်နင်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
"ချန်းတပ်စုက ငါ့နောက်ကို လိုက်ပြီး သူ့ကို ဆက်ပြီး ဝိုင်းထားကြ။ ကန်းတပ်စုကတော့ ကျန်နေတဲ့ ဝိန်းအကြွင်းအကျန်ကို ဒီနားမှာ ရှာကြစမ်း။ အဲ့ဒီလူက သူ့ဆီမှာ မရှိဘူးဆိုတော့ သေချာပေါက် ပုန်းနေမှာပဲ”
ပြောပြီးသည်နှင့် သူသည် ဓားကို အရင်ဆုံး ဆွဲထုတ်ကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်၏။ သူသည် ဖေမိသားစု၏ သိန်းငှက်အမဲလိုက်ခွေးများအတွင်း၌ သူ၏ စွမ်းရည်ဖြင့် တိုးတက်လာခဲ့သူ ဖြစ်ပြီးနောက်တွင် ဖေစုန့်ကိုယ်တိုင် အနီးကပ်အစောင့်အဖြစ် လေ့ကျင့်ပေးခဲ့သဖြင့် သူသည် စစ်သူကြီးတစ်ဦးနှယ် သီးခြားအမိန့်ပေးနိုင်သည့် အဆင့်သို့ ရောက်ရှိနေသည်။ ဖေစုန့်၏ လက်အောက်တွင် တိုက်ရိုက်အလုပ်လုပ်စဉ်က အမတ်ချုပ်ကြီးအောဝ်ကို လုပ်ကြံရန် လာရောက်ခဲ့သော သိုင်းလောက အဆင့်မြင့်ဓားသမားပင်လျှင် သူ့ဓားအောက်တွင် ကျဆုံးခဲ့ရသည်။ သူ၏ ဓားသိုင်းပညာမှာ အလွန်လျင်မြန်ခြင်းကြောင့် ကျော်ကြားပြီး သူ၏ ခုတ်ချက်များကြောင့် အသားများ လွှာသွားပြီးနောက်မှသာ သားကောင်က နာကျင်မှုကို ခံစားရသည်ဟု ကောလာဟလများ ရှိခဲ့သည်။
သို့သော် ရှောင်းလိနှင့် ရင်ဆိုင်လိုက်ရသောအခါ ဖေရှစ်စန်းတစ်ယောက် ထိတ်လန့်သွားတော့သည်။ ဝိန်းမျိုးနွယ်စု အကြွင်းအကျန်၏ အစောင့်မှာ သူ၏ လျင်မြန်သော တိုက်ခိုက်မှုများကို ကာကွယ်နေစဉ်အတွင်း ပင်ပန်းနေဟန် ပေါက်သော်လည်း မည်သည့် ဟာကွက်မှ ချန်မထားခဲ့ချေ။ ထို့အပြင် ထိုအရိုင်းဆန်လှသည့် ဓားချက်များမှ ထွက်ပေါ်လာသည့် အားအင်များကြောင့် ဖေရှစ်စန်း၏ လက်ဖဝါးများမှာ ထုံကျဉ်သွားရသည်။
လျင်မြန်သော တိုက်ခိုက်မှုများကို အပြန်အလှန် ပြုလုပ်ရခြင်းမှာ အလွန်ပင် ပင်ပန်းလှ၏။ ပြိုင်ဘက်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကြောင့် ဖေရှစ်စန်း၏လက်မှာ ဓားရိုးကို မဆုပ်ကိုင်နိုင်လောက်အောင် ထုံကျဉ်လာသောအခါ သူသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး အရင်က ထိုးဖောက်နိုင်ခြင်း မရှိခဲ့သော သိန်းငှက်အမဲလိုက်ခွေးများကို တိုက်ခိုက်ခိုင်းလိုက်တော့သည်။ သူ၏ ဓားကိုင်ထားသောလက်ကို ကြည့်လိုက်သည်တွင် လက်ဖဝါးမှာ ကွဲထွက်နေသည်ကို မြင်လိုက်ရသဖြင့် သူ့မျက်နှာမှာ ပိုလို့ပင် ညိုမည်းသွားပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပိုပြင်းထန်လာခဲ့၏။
"မင်းနဲ့ အဲ့ဒီဝိန်းမျိုးနွယ်စု အကြွင်းအကျန်ကတော့ ဒီည ဒီမှာပဲ အသက်ပျောက်ကြရလိမ့်မယ်”
ဝိန်းယွီသည် ကျောက်ဆောင်ကြီးတစ်ခု၏ အောက်တွင် ပုန်းအောင်းနေပြီး အဝေးမှ တောအုပ်အတွင်း တိုက်ပွဲဖြစ်ပွားနေသံများကို ကြားနေရ၏။ သူမ၏ လက်ထိပ်လေးများမှာ တင်းတင်းကြပ်ကြပ် ဆုပ်ထားသဖြင့် ဖြူဆုတ်နေပြီး သူမ၏ နှလုံးသားမှာ စိုးရိမ်စိတ်ကြောင့် လောင်မြိုက်နေတော့သည်။ သို့သော် သူမ အပြင်သို့ ထွက်သွားပါက အကူအညီ မပေးနိုင်သည့်အပြင် ရှောင်းလိအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာကိုလည်း သေချာသိနေသဖြင့် မဆင်မခြင် မလုပ်ရဲခဲ့ချေ။
သူမသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အသည်းအသန် ကြိုးစားနေရ၏။ အဲ့ဒီလူတွေက ငါ့ကို ရှာမတွေ့သေးဘူးဆိုတော့ ရှောင်းလိကိုတော့ ချက်ချင်း သတ်ပစ်မှာ မဟုတ်ဘူး။
ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ စောင့်ဆိုင်းနေစဉ်မှာပင် သူမသည် ကျောက်ဆောင်နောက်ဘက်မှ သစ်ကိုင်းခြောက်တစ်ခုကို နင်းခြေလိုက်သကဲ့သို့ "ကျွတ်" ဟူသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ဝိန်းယွီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့သည်။ တစ်စုံတစ်ယောက်က သည်ဘက်ကို ရှာဖွေလာခြင်းများလား။
တောအုပ်၏ မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းကျိုးများစွာ ဖုံးလွှမ်းနေ၏။ မှောင်အတိကျနေသော မိုးရာသီညတွင် ဘယ်လောက်ပဲ ဂရုတစိုက် လျှောက်နေပါစေ သစ်ကိုင်းခြောက်များကို မတော်တဆ နင်းမိမည့် အခိုက်အတန့်များ ရှိနေမည်သာ။ ထို့ကြောင့်ပင် သူမသည် ပုန်းအောင်းနေသည့် နေရာကို မပြောင်းရဲခြင်းပင်။ အသံအနည်းငယ် ထွက်သွားသည်နှင့် အာရုံစိုက်မှုကို ရရှိသွားလိမ့်မည်။ ဝိန်းယွီသည် အသက်ကို အောင့်ထားပြီး ခြေသံများ နီးကပ်လာခြင်း ရှိမရှိကို အသေအချာ နားစွင့်နေလိုက်သည်။
ဖေစုန့် မွေးမြူထားသော ဤအသေခံ စစ်သည်များကို သိန်းငှက်အမဲလိုက်ခွေးများဟု ခေါ်ဆိုရခြင်းမှာ သူတို့သည် သိန်းငှက်ကဲ့သို့ အမြင်အာရုံနှင့် ခွေးကဲ့သို့ အနံ့ခံအာရုံများ ရှိကြသောကြောင့် ဖြစ်ပြီး သာမန်ကင်းထောက်များထက် များစွာ သာလွန်ကာ စုံစမ်းထောက်လှမ်းခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။
ဝတ်ရုံခြုံထားသူ တစ်ဦးသည် မိုးရေကြောင့် အလွန်အမင်း ကျဲပါးနေသော သွေးနံ့နောက်သို့ လိုက်လာရင်း ကျောက်ဆောင်ကြီးဆီသို့ ရောက်ရှိလာ၏။ သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ကျောက်ဆောင်ဘေးရှိ ကုန်းစောင်းနိမ့်လေးအတိုင်း တိတ်ဆိတ်စွာ ဆင်းလာခဲ့သည်။ အောက်ဘက်ရှိ ချုံပုတ်များကြားတွင် ဝိုးတဝါး မြင်နေရသော အဝတ်အစား အနားသတ်ကို တွေ့လိုက်ရချိန်တွင် သူသည် အသံမထွက်ဘဲ ပြုံးလိုက်ပြီး ဓားဖြင့် ချုံပုတ်များကို ဖယ်ရှားကာ ပြောလိုက်သည်။
"ဟန့်ယန်မင်းသမီး! မင်းကို ရှာတွေ့ပြီ"
ကျောက်ဆောင်ကြီး၏ ဘေးရှိ ချိုင့်ဝင်နေသော နေရာတွင် ပုန်းနေသော ဝိန်းယွီသည် လက်ထဲမှ ကျောက်ခဲကို မြှောက်လိုက်သော်လည်း တိုက်ခိုက်သူ၏ နောက်စေ့ကို ရိုက်နှက်ရန် အချိန်မမီတော့ချေ။ ထိုသူ၏ ဓားသည် လျင်မြန်စွာ ဝေ့ယမ်းသွားပြီး အေးစက်သော အလင်းတန်းတစ်ခုနှင့်အတူ ဝိန်းယွီ၏ လည်ပင်းပေါ်သို့ ချက်ချင်း ဖိကပ်လိုက်တော့သည်။
"မင်းမှာ လှည့်ကွက်တချို့ ရှိသားပဲ။ ဒါပေမဲ့ မင်းသမီးကို အကြံပေးချင်တာကတော့ အလဟဿ မရုန်းကန်ပါနဲ့။ မဟုတ်ရင်တော့ မင်းရဲ့ အကြောတွေကို ဖြတ်ပြီးမှ ခေါ်သွားရလိမ့်မယ်”
ဝိန်းယွီသည် သူမ၏ ဝတ်ရုံကို အာရုံလွှဲရန် ချုံပုတ်ထဲတွင် ထားခဲ့သဖြင့် ယခုအခါတွင် သူမ၏ မျက်နှာမှာ ပြိုင်ဘက်၏ ရှေ့တွင် အတိုင်းသား ပေါ်ထွက်နေသည်။ ညတစ်ဝက်လုံး မိုးရေထဲတွင် စိုရွှဲနေခဲ့သဖြင့် သူမ၏ အသားအရေနှင့် နှုတ်ခမ်းများမှာ သေလုမြောပါး ဖြူဆုတ်နေပြီး ဖရိုဖရဲ ဖြစ်နေသော အနက်ရောင် ဆံနွယ်များမှာ ပခုံးပေါ်သို့ ဝဲကျနေ၏။ သူမသည် ကျိုးပဲ့လွယ်သော ကြွေထည်လေး တစ်ခုလိုဖြစ်နေသော်လည်း သူမ၏ လရောင်နှယ် ကြည်လင်သော မျက်ဝန်းများကတော့ ထိုအမျိုးသားကို စိုက်ကြည့်နေစဉ် အေးစက်တည်ငြိမ်နေဆဲပင်။ သူမသည် လက်ထဲမှ ကျောက်ခဲကို ခြေရင်းသို့ ချလိုက်တော့သည်။
"အဲလိုမှပေါ့”
ထိုအမျိုးသားသည် အားနည်းဟန်ရှိသော အမျိုးသမီး တစ်ဦးဖြစ်သည့် ဝိန်းယွီက သူ့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားပုံရ၏။ သူသည် ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီး သူမ၏ လက်မောင်းကို ဖမ်းဆုပ်ရန် လက်ကမ်းလိုက်သည်။ မမျှော်လင့်ဘဲ ဝိန်းယွီသည် အလွန်အမင်း ကြောက်လန့်သွားသည့်နှယ် ယိမ်းယိုင်သွားပြီး သူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။ လှပချောမောကာ နူးညံ့မွှေးပျံ့သော မိန်းမပျိုလေးတစ်ဦး၏ ပွေ့ဖက်မှုကို ဘယ်သူမှ ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ သူသည် သူမ၏ခါးကို မသိစိတ်က အလိုလို ဖက်ရန် ကြိုးစားလိုက်ချိန်တွင် သူ့ရင်ဘတ်အတွင်း၌ အေးစက်စိမ့်ဝင်သွားသော ခံစားမှုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။ ရှေ့သို့ တိုးဝင်သွားသော အရှိန်ကို အသုံးပြုကာ ဝိန်းယွီသည် ထုန်ချွဲဆီမှ သူမ ယူထားသော ဓားမြှောင်ကို သူ၏ ရင်ဘတ်ထဲသို့ အားကုန် ထိုးစိုက်လိုက်ခြင်းပင်။
ဝတ်ရုံခြုံထားသော အမျိုးသားမှာ မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားပြီး သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေကာ ပါးစပ်မှလည်း သွေးများ စီးကျလာခဲ့၏။ သူသည် ဝိန်းယွီ၏ လည်ပင်းကို ဆုပ်ကိုင်ရန် လက်ကို မြှောက်နေဆဲပင်။ ဝိန်းယွီသည် သူမ၏ အင်အားရှိသမျှကို အသုံးပြုကာ ဓားရိုးမြုပ်သွားသည်အထိ ဓားမြှောင်ကို သူ့ရင်ဘတ်ထဲသို့ ပိုပြီး နစ်ဝင်အောင် ဖိနှိပ်ထားလိုက်တော့သည်။ ထိုဝတ်ရုံခြုံထားသူသည် အသက်ရှူ ရပ်တန့်သွားသော်လည်း သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေဆဲပင်။
ဝိန်းယွီသည် အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ ဤသည်မှာ သူမ ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်ရာ တစ်ကိုယ်လုံးမှာ တုန်ယင်နေ၏။ သွေးစက်များ ပေကျံသွားသည့် သူမ၏ မျက်နှာမှာ ထိတ်လန့်ဖွယ် ဖြူဆုတ်နေသော်လည်း သူမ၏ စိတ်ကတော့ ထူးဆန်းစွာပင် တည်ငြိမ်နေလေသည်။ သည်နေရာတွင် ဆက်နေလို့ မရတော့ဘဲ အခြား ပုန်းကွယ်ရာ နေရာကို ရှာရတော့မည်ကို သူမ သိနေခဲ့သည်။ သူမသည် ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်ပြီး ကျောက်ဆောင်နံရံကို အားပြုကာ ထရပ်လျက် အပြင်သို့ ခြေလှမ်းလှမ်းလိုက်၏။
ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံကြီးက ဟိန်းထွက်သွားပြီး ဖြူဖွေးနေသာ လျှပ်စီးတန်းမှာ ထူထပ်သော တောအုပ်ကို ထိုးဖောက်သွားတော့သည်။ သစ်ပင်များ၏ ထိတ်လန့်ဖွယ် အရိပ်မည်းကြီးများကြားမှ ဆူညံသံကြောင့် သတိပြုမိသွားကြသော ဝတ်ရုံခြုံထားသူ ၁၀ဦးကျော်မှာ ကျောက်ဆောင်ကြီးအနီးသို့ စုရုံးလာကြပြီး လက်ထဲတွင် ဓားမြှောင်ကို ကိုင်ထားသော ဝိန်းယွီနှင့် မျက်နှာချင်းဆိုင် တိုးသွားကြလေတော့သည်။
...