အခန်း ၄၄
Vol. 5 Ch. 44
အပိုင်း (၄၄)
သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေအေးထဲတွင် ရှောင်းလိသည် သူ၏ဓားကို ဝှေ့ယမ်းကာ အချိန်မီ မဆုတ်ခွာနိုင်ခဲ့သည့် ဝတ်ရုံခြုံထားသော လူတစ်ယောက်ကို ခုတ်လှဲလိုက်၏။ ဖေရှစ်စန်း၏ သုန်မှုန်နေသော အကြည့်အောက်၌ သူသည် ဝတ်ရုံခြုံထားသော ထိုလူ၏ ကျောကို တက်နင်းလိုက်ပြီး ဓားကို အောက်သို့ စိုက်ချလိုက်လေသည်။
ဝတ်ရုံခြုံထားသော ထိုလူမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး နှစ်ချက်လောက် တွန့်သွားပြီးနောက် ငြိမ်သက်သွားခဲ့ရာ သူ၏ ခန္ဓာကိုယ်အောက်မှ လတ်ဆတ်သော သွေးများမှာ အရှိန်အဟုန်ဖြင့် ပန်းထွက်လာတော့သည်။
အလောင်းများစွာသည် ရှောင်းလိ၏ ခြေရင်းတွင် ဖရိုဖရဲ လဲကျနေ၏။ သူသည် ဓားကို အားပြုကာ မတ်တတ်ရပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလျက် ဖေရှစ်စန်းကို ရက်စက်စွာ စိုက်ကြည့်လိုက်လေသည်။
"ဒီနေ့ ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရလိမ့်မယ်"
ဖေရှစ်စန်းသည် မျက်လုံးများကို မှေးစင်းကာ ရှောင်းလိ၏ သွေးများဖြင့် လုံးဝ စိုရွှဲနေသော အဝတ်အစားများကို အကဲခတ်ကြည့်လိုက်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။
"မင်း ဓားကိုတောင် မြဲအောင် မကိုင်နိုင်တော့ဘူး။ ဒီလို သတ္တိရှိချင်ယောင် ဆောင်နေတာက တကယ်ကို ရယ်စရာပဲ"
သူသည် လက်ဟန်ပြလိုက်သည်နှင့် အင်အားပြုန်းတီးသွားခဲ့သော ချန်းတပ်ဖွဲ့မှ ကျန်ရှိနေသည့် အသေခံ စစ်သည်တစ်ဝက်မှာ ရှောင်းလိထံသို့ အုပ်စုလိုက် ပြေးဝင်လာကြပြန်၏။ သူတို့၏ ဝတ်ရုံခြုံလွှာများသည် မိုးထဲ၌ ပြေးဝင်လာစဉ် ရွက်တိုင်များနှယ် လွင့်ဝဲနေတော့သည်။
မိုးရေနှင့် ရောနှောနေသော သွေးများသည် ရှောင်းလိ၏ မေးစေ့မှတစ်ဆင့် စီးကျနေလေသည်။ သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ကြမ်းတမ်းပြီး ရူးသွပ်လုနီးပါး ဖြစ်နေသော ပြင်းပြသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။
"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့"
မြောင်ဓားသည် သူ့ထံသို့ ခုတ်ပိုင်းလာသော ဓားရှည်များနှင့် တစ်ဖန် ပြန်လည် ထိပ်တိုက်တွေ့ခဲ့ပြန်၏။ ခုတ်ချက်တိုင်းမှာ သာမန်မျက်စိဖြင့် မလိုက်နိုင်လောက်အောင် လျင်မြန်လှပြီး နားကွဲမတတ် သတ္တုချင်း ထိခိုက်သံများသာ ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။ ဓားချင်း ဆုံသည့် နေရာတိုင်းတွင် မိုးရေစက်များမှာ ရမ်းကားစွာ လွင့်စဉ်ကုန်တော့သည်။
သူတို့သည် ရှောင်းလိကို ဝိုင်းရံလိုက်သည့် အကြိမ်တိုင်းတွင် အသေခံ စစ်သည် ၅ ယောက်မှာ အတူတူ တိုက်ခိုက်ကြပြီး သူ၏ ကိုယ်ခံအားကို ကုန်ခမ်းစေရန် အင်အားချည့်နဲ့အောင် ပြုလုပ်သည့် စစ်ဗျူဟာကို အသုံးပြုကြ၏။
သို့သော်လည်း မူလက ချန်းတပ်ဖွဲ့ဝင် ၁၂ ယောက် ရှိခဲ့ရာမှ ယခုအခါ ၆ ယောက်သာ ကျန်ရှိတော့လေသည်။
ဖေရှစ်စန်းသည် ဝိုင်းရံပိတ်ဆို့ ခံထားရသော ထိုလူကို အသေအချာ စိုက်ကြည့်နေပြီး ဓားရိုးကို ကိုင်ထားသော သူ၏ လက်များမှာလည်း သွေးများ စိမ့်ထွက်နေကာ ဓားကို တင်းတင်းဆုပ်လိုက် လျှော့လိုက် ပြုလုပ်နေလေသည်။ သူသည် တိတ်ဆိတ်နေသော်လည်း သူ၏ စိတ်မရှည်မှုမှာ ထင်ရှားနေ၏။
တည်ငြိမ်စမ်း၊ တည်ငြိမ်အောင် နေစမ်း။
အခြေအနေက ပိုပြီး စိုးရိမ်ရလေလေ၊ တည်ငြိမ်မှု ပိုပြီး လိုအပ်လေလေပင်။
ဖေရှစ်စန်းသည် မိမိရှေ့မှ ထိုလူကို အလျင်အမြန် သတ်ဖြတ်လိုသည့် စိတ်ရူးကို အတင်းအကျပ် ဖိနှိပ်ထားလိုက်၏။ သူ ခေါ်ဆောင်လာသော လူ ၂၀ကျော်မှာ သိန်းငှက်အမဲလိုက်ခွေးများထဲမှ ထိပ်တန်း အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့သည် ယနေ့ညတွင် ဤအစောင့်ကို သတ်နိုင်လိမ့်မည် ဖြစ်သော်လည်း ရန်သူ၏ ထက်မြက်သော အစွယ်များမှာလည်း ကြီးမားသော ပေးဆပ်မှုကို ရယူခဲ့ပြီး ဖြစ်သည်။
ကြမ်းတမ်းသော ဝံပုလွေတစ်ကောင်ကို အမဲလိုက်ရန်အတွက် အရင်ဆုံး ထိုဝံပုလွေ၏ အစွယ်များကို ဖယ်ရှားပစ်ရလိမ့်မည်။
သတ္တုချင်း ပွတ်တိုက်သံနှင့်အတူ ရှောင်းလိ၏ဓားသည် အသေခံ စစ်သည်တစ်ယောက်၏ လက်နက်ကို ပိုင်းဖြတ်လိုက်၏။ ထိုစစ်သည်မှာ မြေပြင်မှ တွန်းကန်ကာ အလျင်အမြန် ဆုတ်ခွာသွားသော်လည်း ရှောင်းလိ၏ ၅ပေရှည်သော မြောင်ဓားသည် သူ့လည်ပင်းဆီသို့ ချက်ချင်းဆိုသလို နီးကပ်လာခဲ့လေသည်။ အသေခံ စစ်သည်မှာ ကိုယ်နေဟန်ထားကို ကပျာကယာ ပြောင်းလဲလိုက်သဖြင့် ရှောင်းလိ၏ တိုက်ခိုက်မှုမှာ လည်ပင်းကို တိုက်ရိုက် မထိဘဲ ပုခုံးရိုးကိုသာ ထိမှန်သွားတော့သည်။
ထိုသို့ ဖြစ်လင့်ကစား သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး ဖေရှစ်စန်းနှင့်အတူ စောင့်ကြည့်နေသော အသေခံ စစ်သည်တစ်ယောက်က သူ့ကို ဆွဲထုတ်သွားကာ နေရာချင်း လဲလိုက်သဖြင့် အသက်မသေဘဲ သီသီလေး လွတ်မြောက်သွားခဲ့၏။
ဖေရှစ်စန်း၏ အကြည့်မှာ သာမန်ဓားထက် ၂ ပေခန့် ပိုရှည်သော ရှောင်းလိ၏ လက်ထဲမှ မြောင်ဓားပေါ်သို့ ကျရောက်သွားလေသည်။ သူ၏ မျက်လုံးများမှာ မှောင်ရိပ်သန်းလျက် မှေးစင်းသွားတော့သည်။
သူသာ ထိုဓားကို သိမ်းပိုက်နိုင်ခဲ့လျှင် ဒီကြမ်းတမ်းရက်စက်သည့် ဝံပုလွေသည် သူ့အစွယ်များကို ဆုံးရှုံးသွားလိမ့်မည်။
သူသည် မိမိရင်ထဲရှိ မုန်းတီးမှုများကို ဖြေဖျောက်ရန်အတွက် ဤကောင်စုတ်၏ လက်မောင်းကို ခုတ်ဖြတ်ပြီးမှ သူ၏ အရိုးများကို တစ်လက်မချင်းစီ ချိုးပစ်ရလိမ့်မည်။
ဖေရှစ်စန်းသည် ခါးပေါ်ကဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။
သို့သော်လည်း ဓားအိမ်ထဲမှ ဓားသွားမှာ ၂လက်မခန့်သာ ထွက်လာသေးချိန်တွင် မိုးထဲ၌ အရှေ့ဘက် ကန်းတပ်ဖွဲ့ အသေခံ စစ်သည်များထံမှ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။
"လူကြီးမင်း... ကျွန်တော်တို့ လျန်ပြည်ထောင်ဟောင်းရဲ့ အကြွင်းအကျန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဟန့်ယန်ကို ရှာတွေ့ပါပြီ"
ဖေရှစ်စန်း၏ မှိုင်းညှို့နေသော မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာတော့သည်။ သူသည် ဓားကို ပြန်သိမ်းလိုက်ပြီး အသေခံ စစ်သည်များ ဖမ်းဆီးခေါ်ဆောင်လာသော အမျိုးသမီးထံသို့ လှည့်ကြည့်လိုက်၏။
ဝိန်းယွီ၏ လက်များကို နောက်ပြန် ချည်နှောင်ထားပြီး သူမ၏ မျက်နှာမှာ နှင်းပွင့်နှယ် ဖြူဖျော့နေကာ နက်မှောင်သော ဆံနွယ်များမှာ မိစ္ဆာတစ်ကောင်နှယ် ဝဲကျနေလေသည်။ သူမ၏ ကော်လာမှ သွေးများသည် မိုးရေနှင့်အတူ စီးကျလာပြီး စကတ်ကို စွန်းထင်းစေကာ တောအုပ်အတွင်းရှိ ရေအိုင်များထဲသို့ တဖြည်းဖြည်း တောက်တောက်ကျနေ၏။
ဖျတ်ခနဲ လက်သွားသော လျှပ်စီးအလင်းနှင့် ထင်းရှူးဆီ မီးတုတ်များ၏ အလင်းအောက်၌ သူမ၏ အေးစက်ပြီး ဝမ်းနည်းဖွယ်ကောင်းသော အမူအယာမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ချန်ရစ်ခဲ့သည့် အပြောင်မြောက်ဆုံး တစ်ခုနှယ်ပင်။ ဖေရှစ်စန်းမှာ ခဏမျှ မှင်သက်သွားတော့သည်။ ပန်းချီဆရာများ ဆွဲထားသည့် ပုံတူကားများ ရှိသော်လည်း မျက်နှာသွင်ပြင်ရော၊ စိတ်ဝိညာဉ်ပါ အစစ်အမှန်၏ ၁၀ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းလောက်တောင် မမီပါတကား။
သူသည် သတိပြန်ဝင်လာပြီးနောက် အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။
"ဝိန်းမိသားစုက ဒီလောက်အထိ ညှို့ယူဖမ်းစားနိုင်တဲ့ သမီးတစ်ယောက်ကို မွေးထုတ်ထားတာကိုး။ အဘက်ဘက်က သူရဲကောင်းတွေက သူ့ကို ဖမ်းဆီးပြီး ကိုယ်ပိုင်ကစားစရာအဖြစ် သိမ်းပိုက်ထားချင်ကြတာ မဆန်းပါဘူး"
ထို့နောက် သူသည် ရှောင်းလိဆီသို့ ဓားဖြင့် ချိန်ရွယ်ကာ ပြောလိုက်လေသည်။
"မင်းရဲ့ သခင်မလေးတောင် ဖမ်းမိသွားပြီပဲ၊ မင်းတို့လို အကြွင်းအကျန် သစ္စာဖောက်တွေ! အခုပဲ အညံ့ခံလိုက်စမ်း"
အေးစက်သော မိုးရေများသည် ရှောင်းလိ၏ မျက်တောင်များပေါ်ရှိ ချွေးစက်များကို ဆေးကြောပစ်လိုက်၏။ သူ၏ အကြည့်မှာ ဝိန်းယွီ၏ အဝတ်အစားပေါ်မှ ကြီးမားသော သွေးကွက်များကို သတိထားမိသွားပြီး ဖြည်းညှင်းစွာ မေးလိုက်လေသည်။ "မင်း ဒဏ်ရာရထားတာလား"
ဝိန်းယွီသည် သွေးများဖြင့် စိုရွှဲနေသော သူ၏ အသွင်အပြင်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲမှ အေးစက်မှုများမှာ နောက်ဆုံးတွင် ပြိုကွဲသွားခဲ့တော့သည်။ သူမသည် ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်ပြီး အားယူကာ ပြောလိုက်လေသည်။
"သူတို့ ကျွန်မကို သတ်မှာ မဟုတ်ဘူး။ ကျွန်မကို ဂရုမစိုက်နဲ့၊ ရှင် မြန်မြန် ထွက်ပြေးတော့"
ထိုအချိန်တွင် ကန်းတပ်ဖွဲ့ အသေခံ စစ်သည်များက ဖေရှစ်စန်းကို သတင်းပို့လိုက်၏။
"လူကြီးမင်း... ဒီမင်းဆက်ဟောင်း အကြွင်းအကျန်က ကန်းဝူကို သတ်လိုက်ပါတယ်"
ဖေရှစ်စန်း၏ အမူအယာမှာ မှောင်ကျသွားတော့သည်။ သူသည် ဝိန်းယွီကို တစ်ဖန် ပြန်ကြည့်လိုက်သောအခါ မျက်နှာမှာ ပိုလို့ပင် အေးစက်သွားပြီး လှောင်ပြောင်လိုက်လေသည်။
"ထွက်ပြေးမယ် ဟုတ်လား"
သူသည် ဝိန်းယွီ၏ လည်ပင်းသို့ ဓားဖြင့် ချက်ချင်း ဖိလိုက်ပြီး ရှောင်းလိကို ရက်စက်စွာ ပြောလိုက်လေသည်။
"မင်းရဲ့ လက်နက်ကို ချလိုက်။ ငါက ဒီဝိန်းမျိုးနွယ် အကြွင်းအကျန်ကို ကျူကျွင်းဆီ အရှင်လတ်လတ် ဆက်သဖို့ ဖမ်းလာတာဆိုတော့ အလောင်းကိုတော့ ယူသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ သေလောက်တဲ့ ဒဏ်ရာ မဟုတ်တဲ့ အပေါက်တချို့ ဖောက်တာမျိုး၊ ဒါမှမဟုတ် ဒီသွေးချောင်းစီးတဲ့ ညမှာ တိုက်ပွဲဝင်ခဲ့တဲ့ ညီအစ်ကိုတွေကို လျန်မင်းသမီးဟောင်းရဲ့ ခုတင်ပေါ်မှာ အလှည့်ကျ ပျော်ပါးခွင့် ပေးတာမျိုးတော့ ငါ စီစဉ်ပေးလို့ ရတာပေါ့"
သူ၏ ဓားသွားမှာ ဝိန်းယွီ၏ သွေးစွန်းနေသော ကော်လာကို လှီးဖြတ်တော့မည့်အလား လှုပ်ရှားလိုက်လေသည်။
"သူ့ကို မထိနဲ့!"
ရှောင်းလိက ဟိန်းဟောက်လိုက်ပြီး ဓားရိုးကို ကိုင်ထားသော သူ၏ လက်မှ သွေးကြောများမှာ ပြင်းထန်စွာ ထောင်တက်လာတော့သည်။
ဖေရှစ်စန်း၏ဓားဦးမှာ ဝိန်းယွီ၏ စိုရွှဲနေသော ကော်လာကို ထိုးဖောက်လိုက်ပြီး ရှောင်းလိကို ခြိမ်းခြောက်လိုက်လေသည်။
"မင်းရဲ့ ဓားကို လွှင့်ပစ်လိုက်စမ်း"
ရှောင်းလိ၏ မျက်ဖြူသားများထဲတွင် သွေးကြောများ တဖြည်းဖြည်း ယှက်သန်းလာတော့သည်။ သူသည် သူ၏ မြောင်ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ပြန်ပြောလိုက်လေသည်။ "ကောင်းပြီ"
သို့သော်လည်း ထိုအချိန်တွင် ဝိန်းယွီ၏ အော်ခေါ်သံကို သူ ကြားလိုက်ရ၏။
"ရှောင်းလိ"
ရှောင်းလိသည် သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများကို ပင့်ကြည့်လိုက်ရာ သူမ၏ အေးစက်သော်လည်း ကြေကွဲနေသော အကြည့်နှင့် ဆုံသွားတော့သည်။
ဝိန်းယွီက ပြောလိုက်၏။ "ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မက ကလဲ့စားချေဖို့အတွက်ပဲ အသက်ရှင်နေတာ။ ဒီခန္ဓာကိုယ် ပျက်စီးသွားတာပဲဖြစ်ဖြစ်၊ ပုပ်သိုးသွားတာပဲဖြစ်ဖြစ် ကျွန်မအတွက် ဘာမှ အဓိပ္ပာယ် မရှိဘူး။ ရှင် ထွက်ပြေးပါ"
လျှပ်စီးတစ်ချက် လက်သွားပြီးနောက် မိုးကြိုးသံများ ဟိန်းခနဲ ထွက်ပေါ်လာတော့သည်။
မိုးကြိုးသံနှင့်အတူ ရှောင်းလိ၏ လက်ထဲမှ မြောင်ဓားမှာ မြေပြင်ပေါ်သို့ လေးလံစွာ ကျသွားခဲ့လေသည်။
အေးစက်သော မိုးရေများသည် သူ၏ မျက်တောင်များပေါ်မှ လိမ့်ဆင်းလာ၏။ သူသည် ဝိန်းယွီကို ကြည့်ကာ အက်ကွဲသော အသံဖြင့် ပြောလိုက်လေသည်။ "ငါ ဂရုစိုက်တယ်"
ဝိန်းမိသားစု ပြိုလဲသွားချိန်တွင် သူမထံမှ ဆုံးရှုံးသွားခဲ့ရသော အရာအားလုံးကို သူက ဂရုစိုက်လေသည်။
အကယ်၍ သူမက လျှောက်သွားနေသည့် အလောင်းတစ်လောင်းလို အသက်ရှင်ချင်သည်ဆိုလျှင်လည်း သူက သူမအတွက် နောက်ဆုံး အကာအကွယ် အလွှာတစ်ခု ဖြစ်ပေးလိမ့်မည်။
ရှောင်းလိ လက်နက်ကို လွှင့်ပစ်လိုက်သည့် ခဏမှာပင် အသေခံ စစ်သည်များက သူ့ကို ချက်ချင်း ဝိုင်းအုံ ဖမ်းဆီးလိုက်ကြတော့သည်။
ဖေရှစ်စန်းက အေးစက်စွာ ပြောလိုက်သည်။ "သူ့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးမှန်သမျှကို ချိုးပစ်လိုက်၊ ပြီးရင် ကျဆုံးသွားတဲ့ ငါတို့ ညီအစ်ကိုတွေအတွက် ယဇ်ပူဇော်တဲ့ အနေနဲ့ ဒီတောအုပ်ထဲမှာပဲ သူ့ကို ဆွဲကြိုးချထားလိုက်"
ရှောင်းလိ၏ လက်ချက်ဖြင့် အသက်လုခဲ့ရသော အသေခံ စစ်သည်များမှာ ကရုဏာတရား တစုံတလေမှ မပြကြချေ။
ရှောင်းလိသည် မိုးထဲရှိ ရွှံ့နွံများထဲသို့ ဖိနှိပ်ခံလိုက်ရ၏။ တူနှင့် ထုရိုက်သကဲ့သို့ ပြင်းထန်သော လက်သီးချက်များနှင့် ခြေကန်ချက်များက သူ၏ ကျောပေါ်သို့ ကျရောက်လာပြီး သွေးများကို အန်ထွက်လာခဲ့သည်။ သူ၏ မျက်နှာတစ်ခြမ်းမှာ ရွှံ့ထဲသို့ နင်းခြေခံထားရသော်လည်း သူ၏ မျက်လုံးများမှာ ဝိန်းယွီ ရှိရာသို့သာ စိုက်ကြည့်နေဆဲ။
တကယ်လို့ ဒီဘဝက ဒီလောက်ပဲ ရှည်လျားတယ်ဆိုရင်တောင်၊ သူနဲ့ တွေ့ဆုံဖို့အတွက် နှစ်ပေါင်း ၂၀ လောက် ဆင်းရဲဒုက္ခ ခံခဲ့ရတာ၊ သေခါနီးမှာ သူ့ကို နောက်ဆုံးတစ်ကြိမ် ကာကွယ်ပေးနိုင်ခဲ့တာကတော့ လုံလောက်ပြီလို့ ထင်ပါတယ်။
"ရှောင်းလိ!" ဝိန်းယွီ၏အသံမှာ အလွန်အမင်း အက်ကွဲနေသဖြင့် သူ့နာမည်ကိုပင် ခဲခဲယဉ်ယဉ် အော်ခေါ်နေရ၏။
သူမ၏ မျက်ဝန်းထဲမှ အေးစက်မှုများသည် အက်ကွဲသွားသော ကြွေထည်နှယ် တစ်လက်မချင်းစီ ပြိုကွဲသွားပြီး နှလုံးသားကို ဓားနှင့် မွှန်းသကဲ့သို့ နာကျင်မှုများ လျှံထွက်လာတော့သည်။ မိုးရေနှင့် ရောနှောနေသော မျက်ရည်များမှာ မြေပြင်ပေါ်သို့ ကျဆင်းနေပြီး သူမက သူ့ကို အော်ဟစ်လိုက်လေသည်။
"ပြန်တိုက်စမ်း!"
ရှောင်းလိသည် သူမကို ကြည့်လိုက်ရာ သူ၏ သွေးစွန်းနေသော နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားလေသည်။ "မငိုနဲ့" ဟု သူ ပြောနေသည်မှာ မထင်မရှား မြင်နေရ၏။ ဖေရှစ်စန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ အလွန် ကျေနပ်နေပြီး လက်အောက်ငယ်သားများကို လှောင်ပြောင်လျက် အမိန့်ပေးလိုက်လေသည်။
"ပြန်တိုက်မယ် ဟုတ်လား။ သူ့ရဲ့ ခြေလက်တွေကို ငါ့အတွက် ချိုးပစ်လိုက်စမ်း"
ဝိန်းယွီ၏ မျက်လုံးများမှာ နာကျင်မှုကြောင့် ပူလောင်နေပြီး မျက်ရည်များမှာလည်း ထိန်းမနိုင်အောင် စီးကျနေတော့သည်။ လက်များကို နောက်ပြန် ချည်နှောင်ခံထားရသော်လည်း သူမသည် ခေါင်းကို အစွမ်းကုန် မော့ထားကာ ကိုယ်ဟန်ထားကို ဝါးပင်နှယ် မတ်မတ် ဆန့်ထား၏။ သူမသည် တောင်တန်းကို အတင်းတိုးဝင် တိုက်ခိုက်မည့် လုအန်း(လွမ်)ငှက်တစ်ကောင်နှယ် ရှိနေတော့သည်။ နာကျင်မှုနှင့် မုန်းတီးမှုများ လျှံထွက်နေသော သူမ၏ မျက်ဝန်းများထဲ၌ ယခုအခါ သေခြင်းတရားကို ရင်ဆိုင်မည့် ပြတ်သားမှုသာ ရှိတော့လေသည်။
"နင်တို့လို ပုန်ကန်သူတွေက ငါ့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်နိုင်တယ်လို့ ထင်နေတာလား"
သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရှိသမျှအင်အားကို စုစည်းလိုက်သည်။ သူမ၏ လည်ပင်းကို ဖေရှစ်စန်း ကိုင်ထားသော ဓားသွားနှင့် ဖိကပ်လိုက်သည်။ သူမသည် ရှောင်းလိက လမ်းတစ်လျှောက်လုံး သူမကို ကာကွယ်ပေးခဲ့ခြင်းကြောင့်သာ ဤနေရာအထိ ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် သူ့အပေါ် ကျေးဇူးတွေ အလွန်များနေပြီ။
ငါသာ သေသွားရင် သူလည်း တခြားလူတွေရဲ့ ချုပ်ကိုင်မှုကို ခံရမှာ မဟုတ်တော့ဘူး။
ဖေရှစ်စန်းသည် ထိတ်လန့်သွားပြီး ဓားကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်သော်လည်း ဝိန်းယွီ၏ လည်ပင်းက ဒဏ်ရာမှ သွေးများမှာ စိမ့်ထွက်လာဆဲ။ ရှောင်းလိ၏ ခြေလက်များကို ချိုးတော့မည့် အသေခံ စစ်သည်များသည်လည်း ဝိန်းယွီကြောင့် တုန်လှုပ်သွားကြပြီး လှည့်ကြည့်လိုက်ကြသည်။
ရှောင်းလိသည် တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေလေသည်။ ဝိန်းယွီ လဲကျသွားပြီး လည်ပင်းမှ သွေးများ တစိမ့်စိမ့် စီးကျလာသည်ကို မြင်လိုက်ရသောအခါ သူ၏ လည်ချောင်းထဲမှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံမှာ ထွက်ပေါ်လုမတတ် ဖြစ်သွားသည်။ သူသည် ရွှံ့နွံများထဲမှ ရုန်းထွက်လိုက်ရာ အသေခံ စစ်သည်များမှာ သတိပြန်ဝင်လာပြီး သူ့ကို ထိန်းချုပ်ရန် ကြိုးစားကြသော်လည်း သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော အကြမ်းပတမ်း ခွန်အားများကြောင့် သူ့လက်မောင်းများကို မကိုင်ထားနိုင်တော့ဘဲ နောက်သို့ ယိမ်းယိုင်သွားကြလေသည်။
ဖေရှစ်စန်းသည် ရှောင်းလိ မိမိထံသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ဓားကို မြှောက်ကာ ခုတ်ပိုင်းရန် ပြင်လိုက်၏။ သို့သော် ရှောင်းလိ၏ ခြေထောက်များကြောင့် လွင့်စင်လာသော ရွှံ့နွံများနှင့် မိုးရေများကြောင့် သူ့မြင်ကွင်းမှာ ဝေဝါးသွားခဲ့သည်။ သူသည် ခေါင်းကို တဖက်သို့ အလျင်အမြန် လွှဲလိုက်သော်လည်း သူ့ရင်ဘတ်ထဲသို့ ပေါင်၁၀၀၀လောက် လေးလံသော အိုးကြီးတစ်လုံးနှင့် ဆောင့်မိလိုက်သလို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ့ပါးစပ်မှ သွေးများမှာ မြူခိုးများသဖွယ် ပန်းထွက်လာတော့သည်။
ရှောင်းလိသည် လဲကျနေသော ဝိန်းယွီကို ပွေ့ချီလိုက်ပြီး အသေခံ စစ်သည်များစွာ၏ ဓားချက်များကို ရှောင်တိမ်းကာ လှိမ့်ထွက်သွားသည်။ သူသည် မြောင်ဓားကို ဆုပ်ကိုင်လိုက်ပြီး သူတို့၏ လည်ပင်းများဆီသို့ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်၏။ မြောင်ဓား၏ အလျားမှာ ရှည်လျားလှသဖြင့် အသေခံ စစ်သည်များသည် သတိထားနေကြပြီး ထိတ်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။
ရှောင်းလိသည် ထိုအခွင့်အရေးကို အသုံးချကာ ဝံပုလွေတစ်ကောင်နှယ် ခုန်တက်လိုက်ပြီး ဝိန်းယွီကို ကျောပိုးလျက် မီးရောင်မရောက်နိုင်သော နွယ်ပင်များ ဖုံးလွှမ်းနေသည့် တောအုပ်ထဲသို့ တိုးဝင်သွားတော့သည်။ အသေခံ စစ်သည်အချို့မှာ နောက်လိုက်ရန် ဓားများကို မြှောက်လိုက်ကြသော်လည်း နောက်ဘက်မှ သူတို့၏ အပေါင်းအဖော်များက အသည်းအသန် အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
"လူကြီးမင်း!"
သူတို့သည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဖေရှစ်စန်း၏ ကိုယ်တွင်းအင်္ဂါများ တစ်စစီ ပျက်စီးသွားသည့်နှယ် သူ၏ဒွာရ ၇ပေါက်မှ သွေးများ စီးကျနေသည်ကို မြင်လိုက်ရသည်။ သူသည် တစ်ဖက်သို့ စိုက်ကြည့်နေပြီး သူ့မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေဆဲပင်။
"အစီရင်ခံ... ကျူကျွင်းကို အစီရင်ခံလိုက်... ဒီလက်သီးသိုင်းကွက်က..."
သူသည် ပြောချင်သည်ကို အဆုံးအထိ မပြောနိုင်ခဲ့ဘဲ မျက်လုံးအစုံ ပြူးကျယ်လျက်ပင် သေဆုံးသွားခဲ့လေသည်။
ညမိုးမှာ မရပ်မနား ဆက်လက် ရွာသွန်းနေဆဲ။ ရှောင်းလိသည် ဝိန်းယွီကို ကျောပိုးကာ နွယ်ပင်များ ရှုပ်ထွေးနေသော တောအုပ်ထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ သူ့ပါးစပ်ထဲတွင် သွေးနံ့များ ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်တွင်လည်း အကြီးအငယ် ဒဏ်ရာများစွာ ရရှိထားကာ သူ့နံရိုး ၂ ချောင်းမှာလည်း ကျိုးသွားခဲ့လေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် နာကျင်မှုများကို မေ့လျော့နေသယောင်။
သူ့ရင်ဘတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီး စိတ်ထဲမှာလည်း ဘာမှ မရှိတော့ချေ။
ထိုထိတ်လန့်မှုနှင့် အကူအညီမဲ့နေသည့် ခံစားချက်မှာ ရှောင်းဟွေ့နျန်၏ ရုပ်အလောင်းကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် ကျင်းထဲတွင် လိုက်ရှာခဲ့သော နှင်းကျသည့် ညဆီသို့ ပြန်ရောက်သွားသလို ခံစားရစေသည်။
မိုးရေများကြောင့် သူ့မြင်ကွင်းမှာ ဝေဝါးလို့နေသည်။ မည်းနက်နေသော သစ်ကိုင်းခြောက်များနှင့် ကျိုးပဲ့နေသော သစ်တုံးများက သူ့ကို ဒဏ်ရာ ဘယ်လောက် ပေးခဲ့သည်ကို မသိသော်လည်း သူသည် ဂရုမစိုက်နိုင်တော့ချေ။ သူသည် အသည်းအသန် ပြေးလွှားနေရင်း ကျောပေါ်ကလူကို ထပ်ခါတလဲလဲ ပြောနေမိသည်။
"ငါတို့ လွတ်လာပြီ အားယွီ။ မင်း တောင့်ခံထားရမယ်"
ဖေရှစ်စန်းက ဓားကို အချိန်မီ ပြန်ရုပ်သိမ်းခဲ့ခြင်းကြောင့် ဝိန်းယွီ၏ လည်ပင်းမှ ဒဏ်ရာမှာ အသက်အန္တရာယ် မရှိခဲ့ချေ။ သို့သော်လည်း မိုးရေနှင့်အတူ စီးကျလာသော သွေးများက သူမ၏ ကော်လာတစ်ခုလုံးကို နီရဲနေစေ၏။ မပျောက်သေးသော အအေးမိဝေဒနာနှင့် ညတွင်းချင်း ထွက်ပြေးခဲ့ရခြင်းတို့က သူမ၏ ခန္ဓာကိုယ်ကို လုံးဝ ချည့်နဲ့သွားစေခဲ့သည်။ သူမ၏ ခေါင်းမှာ ရှောင်းလိ၏ ပခုံးနှင့် ကျောပေါ်တွင် အားနည်းစွာ မှီနေပြီး သူမက တိုးညှင်းစွာ ပြန်ဖြေလိုက်လေသည်။
"ကျွန်မ မသေဘူး..."
ရှောင်းလိ၏ စိုရွှဲနေသော ဆံပင်များသည် သူမ၏ ဖြူဖျော့နေသော ပါးပြင်ပေါ်တွင် ကပ်နေပြီး သူက ပြောလိုက်သည်။
"ဟုတ်တယ်၊ မင်း သေလို့ မဖြစ်ဘူး။ မင်း ကလဲ့စား ချေရဦးမယ်"
ဝိန်းယွီသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူနှင့်အတူ တိုးတိုးလေး လိုက်ပြောနေလေသည်။
"မသေဘူး... ကလဲ့စား ချေမယ်..."
ရှုပ်ထွေးနေသော နွယ်ပင်များသည် တောင်ကျောက်ဆောင်များကြားရှိ လျှိုမြောင်လေးများကို ဖုံးလွှမ်းထားသည်။ အရိပ်သဏ္ဌာန် ဝတ်ရုံခြုံထားသော လူများ ပြန်လာမှာကို စိုးရိမ်သဖြင့် ရှောင်းလိသည် အလျင်အမြန် လှုပ်ရှားလိုက်ရာ မတော်တဆ ခြေချော်ပြီး ဝိန်းယွီနှင့်အတူ တောင်အက်ကြောင်းထဲသို့ ပြုတ်ကျသွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် လက်တစ်ဖက်နှင့် ဝိန်းယွီကို မြဲမြံစွာ ကာကွယ်လိုက်ပြီး ကျန်လက်တစ်ဖက်ကတော့ တုတ်ခိုင်သည့်နွယ်ပင်ကို လှမ်းဆွဲကာ သူတို့ ကျဆင်းနေသည့် အရှိန်ကို နှေးကွေးအောင် အားစိုက်လိုက်သည်။
သူ့လည်ချောင်းထဲမှ အားစိုက်လိုက်ရသော ညည်းညူသံ ထွက်ပေါ်လာပြီး ၁၀မီတာခန့် လျောကျသွားပြီးနောက် သူ့လက်ဖဝါးမှ အရေပြားများ ပွန်းပဲ့သွားခဲ့သော်လည်း နောက်ဆုံးတွင် သူတို့နှစ်ယောက်ကို နွယ်ပင်နှင့်အတူ ကမ်းပါးနံရံတွင် တွဲခိုထားနိုင်ခဲ့လေသည်။ သို့သော် သူ့မြောင်ဓားကတော့ အက်ကြောင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ပြုတ်ကျသွားခဲ့လေသည်။ ဝိန်းယွီသည် သူမ၏ခါးကို ဖက်ထားသော လက်မောင်းမှာ အနည်းငယ် တုန်ယင်နေသည်ကို ခံစားလိုက်ရပြီး အားနည်းစွာ မေးလိုက်၏။
"ရှင် အဆင်ပြေရဲ့လား"
ရှောင်းလိသည် လက်တစ်ဖက်တည်းဖြင့် သူတို့နှစ်ဦးလုံး၏ အလေးချိန်ကို ထိန်းထားရင်း အောက်ရှိ ကျောက်ဆောင်များကို မြောင်ဓား သွားမှန်သံကြောင့် အံကို တင်းတင်းကြိတ်လိုက်သည်။
"ငါ အဆင်ပြေပါတယ်။ အောက်ကို ရောက်ဖို့ နောက်ထပ် ၂၀ မီတာလောက်ပဲ လိုတော့တယ်။ ဒီနွယ်ပင်က မြေပြင်အထိ ရောက်နိုင်လောက်အောင် ရှည်ပါတယ်။ ငါ့ကို တင်းတင်း ဖက်ထား။ ငါတို့နှစ်ယောက်လုံးကို အောက်ကို ဆင်းကြမယ်"
သူ့လက်ဖဝါးမှ သွေးများသည် နွယ်ပင်မှတစ်ဆင့် ဝိန်းယွီ၏ မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။
အက်ကြောင်းကို ဖုံးအုပ်ထားသော နွယ်ပင်များကြောင့် မိုးရေများ သူတို့ပေါ်သို့ ကျမလာတော့ချေ။ ထိုသွေးများမှာ ပူနွေးနေသည်ကို သူမ သတိထားမိလိုက်သည်။
သူ့ဒဏ်ရာဟောင်းများ ပြန်ပွင့်သွားသည်လား၊ သို့မဟုတ် ဒဏ်ရာအသစ် ရခဲ့သည်လား သူမ မသေချာချေ။
ဝိန်းယွီသည် သူ့ပခုံးနှင့် လည်ပင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏ သွေးနံ့များ ရနေသော ရင်ဘတ်ထဲသို့ မျက်နှာအပ်ထားလိုက်ရာ သူမ၏ မျက်ဝန်းများမှာ မကျနိုင်သော မျက်ရည်များကြောင့် ပူလောင်နေတော့သည်။
သူမသည် သည်လူ့အပေါ် တင်ရှိနေသော ကျေးဇူးကို ဘယ်တော့မှ ကြေအောင် ဆပ်နိုင်လိမ့်မည်မဟုတ်ချေ။
ရှောင်းလိသည် ဝိန်းယွီနှင့်အတူ နောက်ဆုံးတွင် အောက်ခြေသို့ ရောက်ရှိသွားချိန်၌ လျှပ်စီးတစ်ချက် လက်သွားသဖြင့် ပြုတ်ကျသွားသော မြောင်ဓားနှင့် နံရံတစ်ခုရှိ နွယ်ပင်များအနောက်တွင် ဖုံးကွယ်နေသော ဂူတစ်ခုကို မြင်လိုက်ရသည်။
ပွန်းပဲ့နေသော သူ့လက်ချောင်းများက ဝတ်ရုံထဲမှ မီးခတ်ကျောက်ကို ထုတ်ယူလိုက်သည်။ သူသည် မီးခတ်ကျောက်ကို ဖွင့်ကာ မှုတ်ကြည့်လိုက်၏။ ထိုအရာမှာ ခြောက်သွေ့နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် စိတ်အေးသွားရသည်။ သေးငယ်သော မီးတောက်ကလေးက ထိုနေရာလေးကို လင်းထိန်သွားစေလေသည်။ သူသည် ဓားကို အသုံးပြုကာ အဝင်ဝရှိ နွယ်ပင်များကို ဖယ်ရှားလိုက်ပြီး ဝိန်းယွီကို အတွင်းသို့ ခေါ်ဆောင်သွားသည်။
ဂူထဲတွင် ဖုန်ထူနေသော်လည်း အရင်က လူများ ခိုလှုံခဲ့သည့် အမှတ်အသားများ ရှိနေသည်။ နံရံတွင် ခြောက်သွေ့သော ထင်းများ စုပုံထားပြီး ဂူအတွင်းပိုင်းရှိ ခြောက်သွေ့နေသော နွယ်ပင်များပေါ်တွင်လည်း အိပ်ရာအဖြစ် သုံးခဲ့ပုံရသည့် ဝတ်ရုံတစ်ခု ခင်းထားလေသည်။
ရှောင်းလိသည် ခြောက်သွေ့သော နွယ်ပင်အချို့ကို စုစည်းလိုက်ပြီး မီးခတ်ကျောက်ဖြင့် မီးမွှေးလိုက်သည်။ မီးအလင်းရောင်က ဂူအတွင်းပိုင်းကို လင်းထိန်သွားစေလေသည်။
မီးတောက်များ ပိုကြီးလာအောင် ထင်းများ ထပ်ထည့်ပြီးနောက် သူသည် ဝတ်ရုံပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ဝိန်းယွီကို ခြုံပေးကာ သူမကို နံရံတွင် မှီထိုင်ခိုင်းလိုက်သည်။
"ဒီအက်ကြောင်းက ၃၀ကျန့်လောက် မြင့်တယ်။ အဝင်ဝနဲ့ အပေါ်ဘက်ကိုလည်း နွယ်ပင်တွေ ဖုံးထားတာဆိုတော့ ငါတို့ မွှေးထားတဲ့ မီးကို ဘယ်သူမှ မြင်မှာ မဟုတ်ဘူး။ ဒီည မိုးကလည်း သည်းနေတာဆိုတော့ ငါတို့ ဒီမှာပဲ ခိုလှုံကြမယ်"
မီးအလင်းရောင်အောက်တွင် ဝိန်းယွီသည် သူ၏ ဖြူဖျော့နေသော မျက်နှာနှင့် အဝတ်အစားများမှ သွေးများ တောက်တောက်ကျနေသည်ကို မြင်လိုက်ရသည်။ မီးထဲသို့ ထင်းထည့်နေသော သူ့လက်မှာပင် ဒဏ်ရာများဖြင့် ပျက်စီးနေလေသည်။ အောက်သို့ ဆင်းလာစဉ်က သူမ၏ မျက်နှာပေါ်သို့ ကျလာသော ပူနွေးသည့် သွေးများကို သတိရလိုက်သောအခါ သူမ၏ ရင်ထဲတွင် နာကျင်သွားရသည်။ သူမက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
"ရှင် အရင်ဆုံး ရှင့်ဒဏ်ရာတွေကို ကုလိုက်ပါဦး..."
သူမသည် ထထိုင်ပြီး ကူညီရန် ကြိုးစားသော်လည်း ရှောင်းလိက သူမကို ပြန်ပြီး ဖိထားလိုက်သည်။
"ငါ့အရေခွံက ထူပါတယ်။ ဒါက ဘာမှ မဟုတ်ဘူး။ မင်း မလှုပ်နဲ့၊ လည်ပင်းက ဒဏ်ရာကို ထိခိုက်လိမ့်မယ်"
သူ့လည်ချောင်းထဲသို့ တိုးဝင်လာသော သွေးနံ့များကို မြိုချလိုက်ရင်း သူသည် မြောင်ဓား၏ ဓားရိုးကို လှည့်ဖွင့်ကာ ဝှက်ထားသော ဒဏ်ရာကုဆေးကို ထုတ်ယူလိုက်သည်။ ဝိန်းယွီ ဖမ်းဆီးခံရပြီးနောက် သူတို့၏ ပစ္စည်းအိတ်များကို ဖေမိသားစု၏ သိန်းငှက်အမဲလိုက်ခွေးများက သိမ်းဆည်းသွားခဲ့သဖြင့် ဤဆေးတစ်မျိုးသာ ကျန်တော့သည်။ ဤဆေးမှာ သွေးတိတ်စေပြီး အနာဖေး တက်စေရန် အလွန် လျင်မြန်သော်လည်း ဆေးအာနိသင် ပြင်းထန်လှသဖြင့် ဒဏ်ရာပေါ်တွင် ဆီပူ သို့မဟုတ် မီးဖြင့် လောင်ထားသကဲ့သို့ ခံစားရစေသည်။
သူသည် သူမ၏ ပခုံးကို မြဲမြံစွာ ကိုင်ထားပြီး ဆေးမှုန့်များကို သူမ၏ ဒဏ်ရာပေါ်သို့ ဂရုတစိုက် ဖြူးပေးလိုက်၏။ ဆေးမှုန့်များက ဝိန်းယွီ၏ ဒဏ်ရာနှင့် ထိတွေ့လိုက်သည်နှင့် သူမ၏ တစ်ကိုယ်လုံးမှာ ထိန်းမနိုင်အောင် တုန်ခါသွားတော့သည်။ သူမသည် သူမ၏လည်ပင်းကို အနည်းငယ် စောင်းထားလိုက်ပြီး မီးအလင်းရောင်အောက်တွင် မိုးရေများ စိုစွတ်နေဆဲ ဖြစ်သော နှင်းလိုဖြူဖွေးနေသည့် အသားအရည်ပေါ်တွင် မကြာခင်မှာပင် ချွေးစက်ကလေးများမှာ စိမ့်ထွက်လာခဲ့လေတော့သည်။
...