← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အပိုင်း (၄၅)

ရှောင်းလိက မေးလိုက်၏။ "သိပ်နာနေသလား”

ဝိန်းယွီက ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။ သူမ၏မျက်နှာမှာ ဖြူဖျော့ကာ သွေးဆုတ်နေသကဲ့သို့ ရှိနေပြီး သူမ၏မျက်ဝန်းအိမ်များမှာမူ နီမြန်းနေဆဲပင်။ ဆေးထည့်ရန် အဆင်ပြေစေရန်အတွက် သူမ၏အင်္ကျီကော်လာကို အနည်းငယ် ဆွဲချထားသဖြင့် မီးရောင်အောက်တွင် နွေးထွေးသည့် အဖြူရောင်အဆင်းဖြင့် ဝင်းပနေသော သူမ၏ညှပ်ရိုးများကို မြင်တွေ့နေရသည်။ အရေပြားနှင့် အသားစိုင် ပါးပါးလေးသာ ဖုံးအုပ်ထားသည့် ထိုညှပ်ရိုးများမှာ ရင်သပ်ရှုမော ရလောက်အောင် နုနယ်လှပနေ၏။

သူမက ခေါင်းကို အနည်းငယ် စောင်းထားသဖြင့် သူမ၏ အားနည်းလှသော နှင်းဖြူရောင် လည်တိုင်လေးမှာ ရှေ့တွင်ရှိနေသော သူ့အကြည့်အောက်တွင် အကာအကွယ်မဲ့စွာ ပေါ်လွင်နေတော့သည်။

ရှောင်းလိသည် သူမ၏လည်ပင်းဘေးမှ ၁လက်မခန့်ရှိသော ဒဏ်ရာကို စိုက်ကြည့်နေပြီး သူမ၏ပခုံးပေါ်ရှိ သူ၏လက်များမှာ အနည်းငယ် တင်းကြပ်သွားခဲ့သည်။ ထို့နောက် သူသည် ဆေးများကို ပြန်သိမ်းလိုက်ပြီး ဝိန်းယွီ၏ အတွင်းအင်္ကျီလက်မှ အဝတ်စတစ်ခုကို ဆွဲဖြဲကာ သူမ၏လည်ပင်းတွင် ပတ်တီး စည်းပေးလိုက်လေသည်။

သူ၏အတွင်းအပြင် အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲနေပြီး အလွန် ညစ်ပတ်နေသဖြင့် ဝိန်းယွီ၏ အဝတ်ကိုသာ အသုံးပြုရတော့သည်။

သူ၏ကြမ်းတမ်းသော လက်ချောင်းထိပ်များသည် သူမ၏နူးညံ့သော လည်ပင်းအရေပြားနှင့် ထိတွေ့မိသွား၏။ ဝိန်းယွီသည် နာကျင်မှုကို အသည်းအသန် အောင့်ထားရသဖြင့် တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေဆဲပင်။ မီးပုံမှ အပူရှိန်က သူတို့၏ စိုစွတ်နေသော အဝတ်အစားများကို အငွေ့ပျံစေပြီး သည်လို အအေးနှင့် အပူကြားတွင် ရှောင်းလိက ငုံ့ကြည့်လိုက်ချိန်တွင်တော့ သူတို့၏ အသက်ရှူသံများမှာ တစ်ခုနှင့်တစ်ခု ရောယှက်နေတော့သည်။

သူ့နှလုံးသားထဲတွင် ထိန်းမနိုင်သိမ်းမရ တိုးဝှေ့နေသော်လည်း အမြဲတစေ ဖိနှိပ်ထားခဲ့သော ထိုခံစားချက်များသည် ယနေ့ည၏ သေရေးရှင်ရေး အတွေ့အကြုံပြီးနောက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပြည့်လျှံလာသော မြေအောက်စမ်းရေများနှယ် ရှိနေတော့၏။ သူသည် ဘယ်လောက်ပဲ ထိန်းချုပ်ရန် ကြိုးစားစေကာမူ ထိုခံစားချက်များသည် ပြိုလဲနေသော ထောင့်စွန်းများမှတစ်ဆင့် စိမ့်ထွက်နေတော့သည်။

ရှောင်းလိက ပြောလိုက်၏။ "နောက်ဆို ဒီလိုမျိုး ထပ်မလုပ်နဲ့တော့။ မင်းက ကလဲ့စားချေချင်သေးတာ မဟုတ်လား။ တကယ်လို့ မင်းသာ သေသွားရင် ဘာကလဲ့စားမှ ချေနိုင်မှာ မဟုတ်ဘူး”

ဝိန်းယွီ၏ အသက်ရှူသံတိုင်းတွင် သူ၏ကိုယ်မှ ထွက်ပေါ်နေသော ပြင်းရှသည့် သွေးနံ့များ ဖုံးလွှမ်းနေသည်။ သူမ၏ခန္ဓာကိုယ်တွင် ပတ်ထားသော စိုစွတ်သည့် အဝတ်အစားများက အေးစက်နေသော်လည်း သူ့အငွေ့အသက်များက ဝန်းရံထားခြင်းကြောင့်လား။ သို့မဟုတ် မီးပုံ၏ အပူရှိန်ကြောင့်လားတော့ မသိ။ သူမသည် အနည်းငယ် ဖျားချင်သလို ခံစားနေရ၏။

သူ တစ်ခါမှ ထုတ်မပြောခဲ့ဖူးသော ထိုခံစားချက်များသည် ယနေ့ည၌ "ငါ ဂရုစိုက်တယ်" ဟူသော စကားလုံးအနည်းငယ်ဖြင့် သူမ၏ရှေ့တွင် ပြောင်ကျကျ ပေါ်ထွက်လာခဲ့လေပြီ။

ဝိန်းယွီသည် နားမကြားသလို၊ တုံးအသလို ဟန်ဆောင်နေလို့ မရနိုင်တော့ချေ။ သူမက ရှောင်းလိနှင့် အကြည့်ချင်းဆုံးရန် မျက်လုံးများကို ပင့်ကြည့်လိုက်ချိန်တွင် သူမ၏ အမြင်အာရုံများမှာ ရစ်ပတ်နှောင်ဖွဲ့ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမ၏ မျက်လုံးအိမ်များမှာ နာကျင်နေဆဲ။ ငိုထားသဖြင့် နီမြန်းနေသော သူမ၏ မျက်ဝန်းများသည် ကြည့်လိုက်ရုံမျှဖြင့်ပင် လူတစ်ယောက်၏ ကာကွယ်ထားသော စိတ်တံတိုင်းများကို အလိုလို ပြိုလဲသွားစေနိုင်သည့်နှယ် ရှိနေတော့သည်။

သေရေးရှင်ရေး အခြေအနေများသည် လူတစ်ယောက်၏ စိတ်ထဲရှိ ကျိုးကြောင်းဆင်ခြင်တရားများကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်သည်။ တစ်ဖက်လူ၏ အငွေ့အသက်များက လုံးဝ ဝန်းရံထားသဖြင့် ဝိန်းယွီသည်လည်း ခဏတာမျှ သူမက မည်သူဖြစ်သည်ကို မေ့လျော့ထားချင်မိသွားသည်။

သို့သော် ထိုအတွေးမှာ ခဏတာမျှသာ ဖြစ်ပြီး သူမသည် ချက်ချင်း သတိပြန်ဝင်လာခဲ့၏။

ဝိန်းယွီသည် အကြည့်ကို လွှဲလိုက်ပြီး မီးပုံကို စိုက်ကြည့်ရင်း အားနည်းသော လေသံဖြင့် ပြောလိုက်၏။ "ဝိန်းမိသားစုက ဒီလို အခြေအနေအထိ ကျဆင်းသွားပေမယ့်လည်း ကျွန်မရဲ့ အသက်ကို ရင်းပြီး ကာကွယ်ပေးမယ့် ရှင်၊ ချန်အန်း၊ ထုန်ချွဲနဲ့ တခြားသူတွေ ရှိနေသေးတာက ကျွန်မအတွက် ကံကောင်းခြင်း တစ်ခုပါပဲ”

"ကျွန်မရဲ့ အသက်က ရှင်တို့ထက် ပိုတန်ဖိုးရှိနေတာမျိုး မဟုတ်ပါဘူး။ အဲ့ဒီနေ့က ထုန်ချွဲ ဒဏ်ရာရတုန်းကလည်း သူ့ကို ဒုက္ခမပေးဖို့ ကျွန်မရဲ့အသက်နဲ့ အရာရှိတွေကို ခြိမ်းခြောက်ခဲ့တာပဲ။ ဒီနေ့လည်း ရှင့်ကြောင့် ကျွန်မ ဒုက္ခရောက်တာ မဟုတ်ဘဲ ကျွန်မကြောင့် ရှင် ပိတ်မိနေတာလေ၊ ရှင့်ကို ကျွန်မ မျက်စိရှေ့မှာတင် အသေခံခိုင်းဖို့ ဘယ်လိုလုပ် ကြည့်ရက်နိုင်မှာလဲ”

သူမသည် ချန်အန်းနှင့် ထုန်ချွဲတို့၏ အမည်ကို ထပ်မံ ထည့်သွင်းပြောဆိုလိုက်ပြီး ယနေ့ည ရှောင်းလိကို ကယ်ရန် သူမ၏လည်ပင်းကို ဓားဖြင့် လှီးခဲ့သည့် လုပ်ရပ်မှာ ထိုနေ့က ထုန်ချွဲကို ကယ်ခဲ့သည်နှင့် မခြားနားကြောင်း သတ်မှတ်လိုက်ခြင်းပင်။

သူတို့နှစ်ဦးကြားတွင် ရစ်ပတ်နှောင်ဖွဲ့နေသော စေးကပ်လှသည့် ပင့်ကူအိမ်မှာ လုံးဝ ပျောက်ကွယ်သွားတော့၏။

ရှောင်းလိသည် မျက်တောင်ရှည်များကို ငုံ့ကြည့်လိုက်သည်။ ပတ်တီးစည်းပြီးနောက် သူသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။

"ငါ့အမြင်က မဆိုးဘူးလို့ ပြောရမှာပဲ။ တကယ်ကို သခင်ကောင်းတစ်ယောက် နောက်ကို လိုက်ခဲ့မိတာပဲ”

ထိုစကားကြောင့် ဝိန်းယွီ၏ နှလုံးသားမှာ အနည်းငယ် နာကျင်သွားရပြီး သူမက ပြောလိုက်၏။

"ကျွန်မ ရှင့်ကို အစေခံတစ်ယောက်လို တစ်ခါမှ မသတ်မှတ်ခဲ့ပါဘူး။ ရှင်ရော ရှင့်အမေပါ ကျွန်မအပေါ် ကျေးဇူးတွေ အများကြီး ရှိခဲ့တာပါ။ နန်ချန်ကိုရောက်တဲ့ တစ်နေ့ကျရင် ရှင့်ကို ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်လိုပဲ ဆက်ဆံမှာပါ”

ရှောင်းလိသည် သစ်ကိုင်းအသေးလေးတစ်ခုကို အသုံးပြုကာ မီးပုံထဲက ပြာများကို ဆွလိုက်သည်။ မီးတောက်များသည် သူ၏ ဘေးတိုက် မျက်နှာသွင်ပြင် ကောက်ကြောင်းကို ပေါ်လွင်နေစေ၏။ သူက ပြုံးလိုက်သယောင် ရှိပြီး ပြောလိုက်သည်။

"ငါက လူကြမ်းတစ်ယောက်ပါ၊ ဂုဏ်သရေရှိ ဧည့်သည် လုပ်ဖို့ မထိုက်တန်ပါဘူး။ အခြေခံ စစ်သည်တစ်ယောက် လုပ်ရတာကပဲ ငါ့အတွက် အဆင်ပြေပါတယ်”

ပြောပြီးသည်နှင့် သူသည် သွေးများ စိမ့်ထွက်နေဆဲဖြစ်သည့် သူ၏ ဝတ်ရုံကို ကြည့်ကာ ဆက်ပြောလိုက်၏။

"ငါ မြေကြီးထဲမှာ အကြိမ်ကြိမ် လှိမ့်ထားတာဆိုတော့ တော်တော် ညစ်ပတ်နေပြီ။ အပြင်ဘက်က ကျောက်တွင်းထဲမှာ မိုးရေတွေ စုနေတာ တွေ့ခဲ့တယ်၊ ငါ သွားပြီး ဆေးကြောလိုက်ဦးမယ်”

ဝိန်းယွီသည် ထွက်ခွာသွားသော သူ့ကျောပြင်ကို ကြည့်နေမိပြီး သူမ၏ ကြည်လင်သော်လည်း ကြေကွဲနေသည့် မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရစ်ဝဲနေတော့သည်။ စိတ်ထဲတွင် အကြိမ်ကြိမ် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင်တော့ ထိုမျက်ဝန်းများသည် သေခြင်းတရားနှယ် ငြိမ်သက်ခြင်းသို့ ရောက်ရှိသွားတော့၏။

တိုင်းပြည်အပေါ် ထားရှိသော အာဃာတနှင့် မိသားစုအတွက် ကလဲ့စားချေလိုသော စိတ်ဆန္ဒတို့မှာ သူမ၏ အရာရာတိုင်းကို အစောကြီးကတည်း ဖျက်ဆီးပစ်ခဲ့လေသည်။

သူမ၏ အသက်မှာ သူမအတွက် မဟုတ်တော့ဘဲ ကလဲ့စားချေရန်အတွက်သာ ရှင်သန်နေခြင်းပင်။

ဂူအပြင်ဘက်သို့ ရောက်သောအခါ ရှောင်းလိသည် သူ၏လည်ချောင်းထဲတွင် အောင့်ထားသော သွေးပုပ်များကို ထွေးထုတ်လိုက်သည်။

စိတ်ထဲတွင် တင်းကြပ်နေမှုများ လျော့ကျသွားမှသာ ခန္ဓာကိုယ်တစ်ခုလုံး မည်မျှ နာကျင်နေကြောင်း သတိထားမိတော့သည်။ အထူးသဖြင့် ရင်ဘတ်မှာ အသက်ရှူလိုက်တိုင်း အတွင်းသားများကို ဆွဲဖြဲနေသကဲ့သို့ ခံစားနေရ၏။

လုပ်ကြံသတ်ဖြတ်သူများက သူ့ကို မြေပြင်ပေါ် ဖိထားပြီး ကန်ကျောက်ခဲ့စဉ်က သူ့နံရိုးများ ကျိုးသွားခဲ့သည်ဟု သူ ခန့်မှန်းလိုက်မိသည်။

လက်ဖမိုးဖြင့် နှုတ်ခမ်းပေါ်က သွေးများကို သုတ်လိုက်ရင်း တွေးနေမိသည်။ — အနည်းဆုံးတော့ နံရိုးပဲ ကျိုးတာပါ။ တကယ်လို့ ခြေလက်တွေသာ ကျိုးခဲ့ရင် သူနဲ့ ဝိန်းယွီတို့ ဒီညမှာ တကယ် သေသွားနိုင်တယ်။

ကျောက်နံရံကို မှီကာ အသက်ရှူလိုက်ပြီးနောက် ရှောင်းလိသည် ရေချိုးကန် အရွယ်အစားခန့်ရှိသော ရေတွင်းလေးဆီသို့ ချဉ်းကပ်သွားလိုက်၏။ သူသည် ရေကို လက်ဖြင့် ခပ်ယူကာ မျက်နှာပေါ်က သွေးများကို ဆေးကြောလိုက်ပြီး ပါးစပ်ကို ပလုတ်ကျင်းကာ သွေးကွက်များဖြင့် မာတောင့်နေသော ဒဏ်ရာများကို သန့်စင်လိုက်သည်။ ထို့နောက် သွေးများကို အဓိက စစ်ထုတ်ပေးထားသော သူ၏ အဝတ်အစားများကို ရေထဲတွင် ညှစ်ထုတ်လိုက်၏။ သူသည် သူ၏ အတွင်းအင်္ကျီကို အဝတ်စများအဖြစ် ဆွဲဖြဲလိုက်သည်။

လုပ်ကြံသူများ၏ ဓားချက်များကြောင့် ရရှိထားသော ဒဏ်ရာများမှာ အလွန် ရှည်လျားပြီး အသားများမှာလည်း ပွင့်ထွက်နေလေပြီ။ သူ၏ ဓားအိမ်ထဲတွင် ဝှက်ထားသော ဒဏ်ရာလိမ်းဆေးမှာ အလွန် နည်းပါးလှသဖြင့် မလုံလောက်ချေ။

ဂူဝရှိ နွယ်ပင်များကြားမှ တိုးဝင်လာသော မှိန်ဖျော့ဖျော့ မီးရောင်ကို အမှီပြု၍ ရှောင်းလိသည် ကျန်ရှိသော ဆေးများကို အပြင်းထန်ဆုံးသော ဒဏ်ရာများပေါ်တွင် လိမ်းလိုက်ပြီးနောက် ဆွဲဖြဲထားသော အဝတ်စများဖြင့် စည်းလိုက်၏။

အပေါ်ဝတ်ရုံကို အလျင်အစလို ဝတ်ဆင်ပြီးနောက် ဓားကို ကိုင်ကာ ကျောက်တောင်ကြား၏ လမ်းကြောင်း နှစ်ဖက်စလုံးသို့ သွားရောက် စူးစမ်းလိုက်ပြီး အခြား ထွက်ပေါက်များကို ရှာဖွေလိုက်သည်။

သို့သော် သည်းထန်စွာ ရွာသွန်းထားသည့်မိုးကြောင့် ညကောင်းကင်ယံမှာ မှောင်အတိ ကျနေပြီး ပြတ်ရွေ့နေသော ကျောက်ဆောင်များနှင့် ရှုပ်ထွေးနေသော ချုံနွယ်များကြောင့် မြင်ကွင်းမှာ ကန့်သတ်ချက် ရှိနေ၏။ သူသည် တောင်ကျောက်ဆောင်ကြားရှိ ချိုင့်တစ်ခုမှ စိမ့်ထွက်လာကာ ကျောက်ခဲများကြားမှတစ်ဆင့် စမ်းချောင်းထဲသို့ စီးဝင်နေသော မြေအောက်စမ်းရေ တစ်ခုကိုသာ တွေ့ရှိခဲ့သည်။

ရှောင်းလိသည် အသက်ရှူရသည်မှု အနည်းငယ် ချောမွေ့သွား၏။ စမ်းရေမှာ သန့်ရှင်းပြီး သောက်သုံးနိုင်သည်။

ခါးတွင် ချိတ်ထားသော ချိုင့်နေသည့် ကြေးရေဘူးကို ဖြုတ်လိုက်ပြီး ဝိန်းယွီအတွက် ရေခပ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းမှာ မျှော်လင့်မထားဘဲ လေးလံနေသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ ၎င်းထဲတွင် သူမအတွက် ပြင်ဆင်ထားသည့် အအေးမိပျောက်ဆေးများ ရှိနေသည်ကို သူ သတိရသွားတော့သည်။

တည်းခိုခန်းတွင် ရှိစဉ်က သူသည် ၎င်းကို မီးဖိုချောင်တွင် အပူပေးရန် ရည်ရွယ်ခဲ့သော်လည်း လိုက်လံဖမ်းဆီးသူများနှင့် တွေ့ဆုံခဲ့သဖြင့် ၎င်းကို တစ်ချိန်လုံး သယ်ဆောင်လာခဲ့ရသည်။

ကံကောင်းစွာဖြင့် ဆေးများမှာ ပျောက်ဆုံးမသွားခဲ့ချေ။ ယနေ့ညတွင် သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် စိုရွှဲခဲ့သဖြင့် ဝိန်းယွီ၏ အအေးမိဝေဒနာမှာ သေချာပေါက် ပိုဆိုးလာလိမ့်မည်။ သည်ဆေးဘူး ရှိနေသဖြင့် သူမ သက်သာသွားနိုင်လိမ့်မည်။

ရေဘူးကို စမ်းရေတွင်းဘေးတွင် ချထားပြီး ရှောင်းလိသည် စမ်းရေအေးကို လက်ဖြင့် ခပ်ကာ နှစ်ငုံခန့် သောက်လိုက်သည်။

ကျောက်တောင်ကြားမှ တောင်လေများ တိုးဝှေ့တိုက်ခတ်လာချိန်တွင် သူ၏ ခြေရင်းနားသို့ တစ်စုံတစ်ခု လာမှန်သည်။

ရှောင်းလိသည် မီးခတ်ကျောက်ကို ထုတ်ကာ သေသေချာချာ ကြည့်လိုက်သောအခါ ဆီးသီးရိုင်းတစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ လေကြောင့် လွင့်ပါလာသော ထိုအသီးများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော်လည်း အများစုမှာ ပုပ်နေလေပြီ— အစောပိုင်းက မှောင်နေသဖြင့် သူ သတိမထားမိခဲ့ခြင်း ဖြစ်၏။

အမှောင်ထဲတွင် ဆီးသီးရိုင်းပင်က ဘယ်နေရာမှာ ရှိနေသည်ကို သူ ခွဲခြား၍ မရနိုင်သဖြင့် မိုးလင်းသည့်အခါမှ ရှာရန် စိတ်ထဲတွင် မှတ်ထားလိုက်သည်။

မီးခတ်ကျောက်၏ အလင်းကို အသုံးပြုကာ လတ်လတ်ဆတ်ဆတ် ကြွေကျထားသော ဆီးသီးရိုင်းတချို့ကို ကောက်ယူလိုက်ပြီး စမ်းရေထဲတွင် ဆေးကြောကာ ပြန်ယူလာခဲ့၏။

ရှောင်းလိက ဂူဝရှိ နွယ်ပင်များကို ဖယ်ကာ ဝင်လာချိန်တွင် ကျောက်နံရံကို အားနည်းစွာ မှီနေသော ဝိန်းယွီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မေးလိုက်၏။

"ရှင် ဘယ်တွေ သွားနေတာလဲ။ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ”

ရှောင်းလိသည် နွယ်ပင်များမှ ခူးလာသော သစ်ရွက်များပေါ်တွင် တင်ထားသည့် ဆီးသီးရိုင်းများကို သူမ၏ဘေးတွင် ချပေးလိုက်ပြီး ပြောလိုက်သည်။

"ငါ အပြင်မှာ သွေးကွက်တွေကို တတ်နိုင်သမျှ ဆေးကြောခဲ့ပါတယ်။ ဒဏ်ရာတွေကို ပတ်တီးစည်းပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ကြည့်ခဲ့သေးတယ်။ အပြင်မှာ အရမ်းမှောင်နေလို့ သေသေချာချာ မမြင်ရသေးဘူး၊ ဒါကြောင့် ထွက်ပေါက်ကိုတော့ ရှာမတွေ့သေးဘူး။ ဒါပေမယ့် ကျောက်တောင်ကြားရဲ့ ဘယ်ဘက်အစွန်းမှာ မြေအောက်စမ်းရေ တစ်ခု ရှိတယ်။ အဲ့ဒီနားက ကျောက်ဆောင်နံရံမှာ ဆီးသီးရိုင်းပင် ရှိနေပုံရတယ်၊ လေကြောင့် ကြွေကျလာတဲ့ အသီးတချို့ကို ငါ ကောက်လာခဲ့တယ်။ လောလောဆယ်တော့ ဒါနဲ့ပဲ အဆာပြေ စားထားလိုက်ပါ။ မနက်ကျမှ ငါ အပြင်ထွက်ပြီး ထပ်ရှာကြည့်လိုက်မယ်”

ဝိန်းယွီ၏ အကြည့်များသည် သူ၏ အပေါ်ဝတ်ရုံပေါ်မှ ဓားဖြင့် ခုတ်ထားသောကြောင့် ပေါက်ပြဲနေသည့် နေရာများဆီသို့ ရောက်ရှိသွားသည်။

"ရှင့်ရဲ့ကျောပေါ်မှာလည်း ဒဏ်ရာတွေ အများကြီးပဲ။ ရှင့်ဘာသာ ရှင် ဘယ်လိုလုပ်ပြီး ပတ်တီး စည်းနိုင်မှာလဲ”

သူမသည် မျက်လုံးများကို ပင့်ကာ သူ့ကို ကြည့်လိုက်၏။ သူမ၏ အကြည့်များသည် ဂူအပြင်ဘက်က လျှပ်စီးများနှယ် စူးရှနေပြီး ဝမ်းနည်းမှု အရိပ်အယောင်များလည်း ဖုံးလွှမ်းနေသည်။

"ဒဏ်ရာလိမ်းဆေးတွေ ကုန်သွားပြီလား။ ရှင် ဆေး လုံးဝ မလိမ်းခဲ့ဘူး မဟုတ်လား”

ထိုစကားကို ကြားသောအခါ ရှောင်းလိသည် ရယ်ချင်သလို၊ စိတ်ပျက်သလို အမူအယာမျိုးဖြင့် သူ၏ ကော်လာကို ဆွဲဟပြလိုက်ရာ ပတ်တီးများ ပတ်ထားသော သူ၏ ကြွက်သားအမြောင်းမြောင်းနှင့် ရင်ဘတ်မှာ ပေါ်ထွက်လာတော့သည်။

"ငါ ဘာလို့ မင်းကို လိမ်ရမှာလဲ။ တကယ်လို့ မယုံဘူးဆိုရင် မင်း ကိုယ်တိုင်ပဲ ဒီပတ်တီးတွေကို ဖြည်ပြီး ပြန်စည်းပေးလိုက်လေ”

သူ့ဆံပင်ဖျားများမှ ရေစက်များ ကျနေပြီး မည်းနက်သော မျက်လုံးများက ဝိန်းယွီကို စိုက်ကြည့်ရင်း တစ်ဝက်ခန့် နောက်ပြောင်သော လေသံဖြင့် ထပ်ပြောလိုက်သည်။

"ငါကတော့ ဆန္ဒရှိတာထက်တောင် ပိုသေးတယ်”

ဝိန်းယွီ၏ ရင်ထဲတွင် စိတ်တိုစရာ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ သူမသည် သူ့ကို ဆက်မကြည့်တော့ဘဲ မျက်နှာကို လွှဲလိုက်သော်လည်း သူ ဆေးမလိမ်းခဲ့ဘူးဆိုသည့် သံသယမှာတော့ ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏ ရုတ်တရက် ပေါ့ပျက်ပျက် ဖြစ်သွားသော ဤအမူအယာမှာ သူမအတွက် အနည်းငယ် သူစိမ်းဆန်နေသလို ခံစားရသည်။

သို့သော် သူ ဘာကြောင့် သည်လိုပြုမူနေသည်ကို သူမ ခပ်ရေးရေးတော့ နားလည်လိုက်၏။

သူမက သူ့အသက်ကို ကယ်ခဲ့ခြင်းမှာ သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင် ထုန်ချွဲကို ကယ်ခဲ့သည်နှင့် အတူတူပင် ဖြစ်သည်ဟု သတ်မှတ်လိုက်ခြင်းက သူ၏ တိုးပွားလာသော သံယောဇဉ်များကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ခြင်းပင်။

တကယ်လို့ သူက အရင်လိုပဲ ဆက်ပြီး ပြုမူနေမယ်ဆိုရင် သူမရဲ့ ရင်ထဲက အပြစ်မကင်းစိတ်တွေက ပိုပြီး စုပုံလာလိမ့်မယ်။

ဒီလိုမျိုး ဂရုမစိုက်တဲ့ ပုံစံကို ဟန်ဆောင်ပြလိုက်တာကပဲ သူမရဲ့ ငြင်းပယ်မှုကို သူ နားလည်တယ်။ သူရဲ့ ခံစားချက်တွေကို ပြန်ရုပ်သိမ်းလိုက်မယ်။ သူမကို ထပ်ပြီး စိတ်မနှောင့်ယှက်တော့ဘူး ဆိုတာကို ပြချင်တာ ဖြစ်လိမ့်မယ်။

သူမအနေနဲ့ စိတ်သက်သာရာ ရသင့်သော်လည်း ရင်ထဲတွင်တော့ ဖော်ပြရန် ခက်ခဲသော နာကျင်မှုတစ်ခုက ကျန်ရစ်နေဆဲ။

အတွေးများထဲတွင် နစ်မြုပ်နေစဉ် ရှောင်းလိက ရေဘူးကို သူမ၏ဘေးတွင် ချပေးလိုက်သည်ကို သတိထားမိလိုက်၏။

"ဒါက မနေ့က နေ့လယ်က ဆေးဆိုင်က ကောင်လေး မင်းအတွက် ကျိုပေးထားတဲ့ ဆေးပါ။ အခုတော့ အသုံးတည့်သွားပြီပေါ့။ ခဏနေရင် သောက်လိုက်ဦး၊ ပြီးတော့ မင်းရဲ့ စိုနေတဲ့ အဝတ်အစားတွေ... ချွတ်လိုက်တာ ပိုကောင်းမယ်။ ငါ မီးပုံဘေးမှာ အခြောက်လှမ်းပေးမယ်၊ မဟုတ်ရင် မင်း အအေးမိတာက ပိုဆိုးလာလိမ့်မယ်”

ဝိန်းယွီသည် သူမ၏ ပခုံးပေါ်တွင် ခြုံထားသော သိုးမွှေးဝတ်ရုံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော်လည်း ချက်ချင်း ပြန်မဖြေသေးချေ။

ရှောင်းလိသည် သူမ၏ စိုးရိမ်မှုကို နားလည်ပုံရ၏။ "ငါ အပြင်မှာ စောင့်နေမယ်။ မင်း လဲပြီးရင် လှမ်းခေါ်လိုက်ပါ”

ဂူအပြင်ဘက်က ကျောက်တောင်ကြားထဲသို့ မိုးရေများ တိုက်ရိုက် မကျသော်လည်း သစ်ရွက်များကြားမှ ရေစက်များ ကျနေဆဲဖြစ်သလို ပြင်းထန်သော လေများလည်း တိုက်ခတ်နေသည်။ သူ့ဒဏ်ရာများက သူမထက် ပိုပြင်းထန်သော်လည်း သန်မာသော ခန္ဓာကိုယ်ကြောင့်သာ တောင့်ခံနိုင်ခြင်းပင်။

အကယ်၍ သူတို့ သည်နေရာတွင် ပိတ်မိနေစဉ် သူပါ ထပ်ပြီး နေမကောင်း ဖြစ်သွားပါက သူတို့နှစ်ဦးလုံး တကယ်ပင် သေဖို့သာ စောင့်ရတော့မည်။

သူ မတ်တတ်ရပ်လိုက်ချိန်တွင် ဝိန်းယွီက ပြောလိုက်၏။ "အပြင်ထွက်စရာ မလိုပါဘူး။ ရှင် ကျောခိုင်းပေးထားရင် ရပါပြီ”

ရှောင်းလိက သူမကို ခပ်ဖျော့ဖျော့ အပြုံးဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ "ငါ့ကို အဲ့ဒီလောက်တောင် ယုံတာလား”

ဝိန်းယွီသည် ခဏတာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်၏။ "ကိုယ့်အသက်ကို ကျွန်မလက်ထဲ အပ်ထားတဲ့လူကို ကျွန်မက ဘာလို့ မယုံရမှာလဲ”

ရှောင်းလိ၏ မျက်နှာပေါ်ရှိ တမင်လုပ်ယူထားသော ပေါ့ပျက်ပျက် အပြုံးမှာ ရုတ်တရက်ပင် ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲသွားတော့သည်။

သူသည် ဂူဝသို့ လျှောက်သွားရင်း စကားတစ်ခွန်းသာ ပြောလိုက်သည်။ "မင်း လဲပြီးရင် ငါ့ကို ခေါ်လိုက်ပါ”

သူက ဂူဝရှိ နွယ်ပင်များကို ဖယ်လိုက်ချိန်တွင် အေးစက်သော လေများက ဂူထဲသို့ တိုးဝင်လာပြီး မီးပုံကို တဖျတ်ဖျတ် မြည်သွားစေသည်။

ဝိန်းယွီသည် သူမ၏ စိုစွတ်နေသော စကပ်ကြောင့် မြေပြင်ပေါ်တွင် ဖြစ်ပေါ်နေသည့် ရေကွက်များကို ငုံ့ကြည့်လိုက်၏။ သူသည် ထုံးတမ်းစည်းမျဉ်းများကို အနည်းငယ်မျှပင် မကျော်လွန်စေရန် ဆန္ဒရှိနေကြောင်း သူမ နားလည်လိုက်၏။ သူမသည် ခဏလောက် ငေးမောနေပြီးမှ ခြုံလွှာနှင့် စိုစွတ်သော အဝတ်များကို ချွတ်လိုက်တော့သည်။

ရှောင်းလိသည် ဂူအပြင်ဘက်က ကျောက်နံရံကို မှီကာ သူ့ဓားကို ရင်ခွင်ထဲတွင် ပိုက်ထားလိုက်ပြီး အေးစက်သော လေများကို သူ၏ ဝတ်ရုံထဲသို့ တိုးဝင်ခွင့် ပေးထားလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတိုင်းမှာ နာကျင်နေသော်လည်း ရင်ဘတ်ထဲက တဆတ်ဆတ် ခုန်လှုပ်နေသော အသားစိုင်မှာမူ အရည်ပျော်နေသော ချော်ရည်ပူများကဲ့သို့ ပူလောင်နေဆဲပင်။ မကျေနပ်မှုများဖြင့် အော်ဟစ်နေပြီး ပြင်းထန်လှသော ရည်မှန်းချက်နှင့် တောင့်တမှုများကြောင့် သူ့အရေပြားနှင့် အရိုးများကိုပင် လောင်မြိုက်မတတ် ဖြစ်နေတော့သည်။

အဆုံးမရှိသယောင် ထင်ရသော ဤမှောင်အတိကျနေသည့် ညကို ဖြတ်ကျော်ကာ သူသည် မြင့်မားလှသော တောင်တန်းများစွာ၏ အလွန်တွင်ရှိသော နန်ချန်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်၏။

ထိုအမုန်းတရားမှာ မည်သို့သောအရာဖြစ်သည်ကို သူ အသေအချာ သိရှိနေ၏— ၎င်းမှာ သူ့နှလုံးသားတစ်ခုလုံးကို မိစ္ဆာတစ်ကောင်နှယ် ပုံပျက်သွားစေနိုင်သော အရာမျိုး။

သူ မနာလို ဖြစ်နေမိသည်။

သူ တစ်ခါမှ မတွေ့ဖူးသေးသော ထိုချန်ဝမ်ကို သူ မနာလို ဖြစ်နေခြင်းပင်။

...

All Chapters