အခန်း ၄၆၄
Vol. 40 Ch. 464
အပိုင်း (၄၆၄)
ယွင်ကျုံးဟဲ့က ပြုံးပြီး ပြောလိုက်၏။ “မင်းသမီး ဝူရွှမ်... ကျုပ်ရဲ့ ကတိခံဝန်ချက်မှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ အကယ်၍ ကျုပ်ရဲ့ အစီအစဉ် ကျရှုံးသွားရင် ခင်ဗျားက ကျုပ်ခေါင်းကို ဖြတ်ပြီး လူတစ်သောင်းကျော်နဲ့ အတူတူ သေခိုင်းလိုက်ရုံပါပဲ။”
မင်းသမီး ဝူရွှမ်သည် ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။ “ဒါက ကျွန်မဘဝမှာ အရူးသွပ်ဆုံး အချိန်ပဲ။ ရှင်နဲ့အတူ ဒီလိုကြီးမားတဲ့ လောင်းကြေးမျိုး လောင်းရဲတယ်။”
“မြို့တံခါး ဖွင့်... မြို့တံခါး ဖွင့်...” ထိုအချိန်တွင် မြို့ရိုးပေါ်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
ကျင်းကျုံးယွဲ့သည် မြင်းစီးတပ်သား ထောင်ချီကို ခေါ်ဆောင်ကာ ရိုလန်မြို့ အတွင်းသို့ ပြေးဝင်လာတော့သည်။
အမှန်စင်စစ် သူမအနေဖြင့် တာ့ရှီးအင်ပါယာ၏ တပ်တော်ကို ယခုထက်ပို၍ အချိန်ဆွဲထားနိုင်စွမ်း ရှိသည်။ သို့သော်လည်း ယွင်ကျုံးဟဲ့က တစ်ရက်၊ နှစ်ရက်ခန့် အချိန်ဆွဲထားနိုင်လျှင် လုံလောက်ပြီဟု မှာကြားထားခဲ့ခြင်းကြောင့်သာ သူမသည် ညွှန်ကြားချက်အတိုင်း ထိုကာလမျှသာ အချိန်ဆွဲထားခဲ့ခြင်း ဖြစ်၏။
“ပြီးပြီလား။” ကျင်းကျုံးယွဲ့ သည် မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက် ချက်ချင်း မေးလိုက်သည်။
“ပြီးပါပြီ။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။
ကျင်းကျုံးယွဲ့၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာပြီး သူမ၏ စိတ်ထဲရှိ ရူးသွပ်မှုများက နောက်တစ်ကြိမ် လှုပ်ရှားလာတော့သည်။
သူမ၏ စိတ်နှလုံးသည် ဖျက်ဆီးလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ယခင်က နန်းဆောင် တစ်ခုလုံးကို ယမ်းများဖြင့် ဖောက်ခွဲလိုက်စဉ်ကပင် ကြီးမားသော မြင်ကွင်းကြီး ဖြစ်ခဲ့သောကြောင့် သူမကို အလွန် စိတ်လှုပ်ရှားစေခဲ့၏။
ယခု ဖြစ်ပေါ်လာမည့် မည်းနက်နေသော ရေနံများ ကောင်းကင်ယံသို့ ပန်းထွက်လာမည့် မြင်ကွင်း၊ အနက်ရောင် နဂါးကြီးများ ကောင်းကင်သို့ ထိုးတက်သွားမည့် မြင်ကွင်းမှာမူ ကျင်းကျုံးယွဲ့ တစ်ခါမှ မမြင်ဖူးခဲ့သော၊ စိတ်ကူးကြည့်၍ပင် မရနိုင်သော မြင်ကွင်းမျိုး ဖြစ်သော်လည်း သေချာပေါက် ပိုမိုကြီးမားသော မြင်ကွင်းကြီး ဖြစ်မည်မှာ သေချာလေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ယမ်းတွေ ပေါက်ကွဲတဲ့ အချိန်မှာ မီးတောက်တွေ ထွက်လာပြီး ပန်းထွက်လာမယ့် ရေနံမည်းတွေကို တိုက်ရိုက် မီးလောင်စေမှာပါ။ ဒါကြောင့် ကောင်းကင်ယံကို ပန်းထွက်သွားမှာက ရေနံမည်းတွေတင် မကဘူး၊ ကြောက်မက်ဖွယ်ကောင်းတဲ့ မီးတောက်ကြီးတွေလည်း ပါဝင်မှာပါ။
ကြောက်မက်ဖွယ်ကောင်းတဲ့ မီးတောက်ကြီး ဆယ်ခု ကောင်းကင်ယံကို ပန်းထွက်သွားပြီးတော့ ကောင်းကင် တစ်ခုလုံးကနေ မီးမိုးတွေ ရွာကျလာမယ့် မြင်ကွင်းက ဘယ်လောက်တောင် အံ့ဩစရာကောင်းပြီး ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲဆိုတာကို မင်း စဉ်းစားကြည့်။”
ကျင်းကျုံးယွဲ့၏ ဦးနှောက်ထဲတွင် မြင်ကွင်းများ ချက်ချင်း ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်လေးပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာတော့သည်။
သို့ပေမည့် ယခုအချိန်တွင် သူမ ချက်ချင်း ရေချိုးရန် လိုအပ်နေသည်။ ဤနှစ်ရက်အတွင်း စစ်တပ်ကို ဦးဆောင်ကာ အပြင်ထွက်နေရသောကြောင့် ကလေးများကို နို့မတိုက်ရချေ။ ထို့ကြောင့် ရင်သားများ တင်းမာနေပြီး အလွန် နေရခက်နေ၏။
ဆယ်ပေကျော်ခန့် လျှောက်သွားပြီးနောက် ကျင်းကျုံးယွဲ့သည် ရုတ်တရက် နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ “ဒါဆို ဘယ်သူက ယမ်းတွေကို ဖောက်ခွဲပြီး ရေနံတွင်းတွေကို ဖောက်ခွဲမှာလဲ။”
ယွင်ကျုံးဟဲ့ ချက်ချင်း တိတ်ဆိတ်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို လုပ်ဆောင်ရမည့်သူများမှာ သေကြောင်းကြံ တပ်ဖွဲ့ဝင်များဖြစ်ပြီး မီးစာကြိုးများ ရှည်လျားသောကြောင့် အသက်ရှင်နိုင်ခြေ အနည်းငယ် ရှိသော်လည်း သေဆုံးနိုင်ခြေ အလွန် များပြားပြီး ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာပေါက် သေဆုံးရမည် ဖြစ်သောကြောင့်ပင်။
“ယွမ်ထျန်းရှဲ့ရဲ့ ဟွမ်ထျန်း သာသနာဝင်တွေက သေကြောင်းကြံ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယမ်းတွေကို ဖောက်ခွဲပါလိမ့်မယ်။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။
ကျင်းကျုံးယွဲ့ သည် ထိုနေရာတွင် ရပ်နေပြီး ခေတ္တခဏ တိတ်ဆိတ်သွားကာ ဘုရင်မ အိမ်တော်ဘက်သို့ ဆက်လက် လျှောက်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် ရေချိုး၊ အဝတ်အစားလဲရန် အလျင်လိုနေသောကြောင့်ပင်။
“သခင်လေး... ခင်ဗျားက ကြောက်စရာကောင်းတဲ့ လက်နက် တစ်မျိုးကို စောစောစီးစီး ပေါ်ထွက်လာအောင် လုပ်လိုက်တာပဲ။” ယွမ်ထျန်းရှဲ့က ပြောလိုက်၏။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဒီလောကမှာ ရေနံမည်းတွေ ရှိနေတာကြာလှပြီ မဟုတ်လား။ သက်ဆိုင်ရာ မှတ်တမ်းတွေထဲမှာ နှစ်ထောင်ချီတည်းက ရှိနေတယ်လို့ ကျုပ် ဖတ်ဖူးပါတယ်။”
ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်၏။ “အရင်တည်းက ရေနံမည်းကို အသုံးပြုခဲ့တဲ့ လူတွေ ရှိပါတယ်။ ကျုပ်ကိုယ်တိုင်တောင် စမ်းသုံးကြည့်ဖူးပါတယ်။ အနောက်ဘက်က မြေနေရာတွေမှာဆိုရင် ပေဆယ်ချီလောက် တူးလိုက်တာနဲ့ ရေနံမည်းတွေ စိမ့်ထွက်လာပြီး ဒေသခံ သိုးကျောင်းသားတွေက မီးမွှေးဖို့ အသုံးပြုကြပါတယ်။
ဒါပေမဲ့ ဒီလောက် ရူးရူးမူးမူး ပန်းထွက်လာမယ်၊ ဒီလောက် များပြားတဲ့ ပမာဏ ဖြစ်မယ်ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး။ အကယ်၍ အနာဂတ် စစ်ပွဲတွေမှာဆိုရင် ကျောက်ခဲပစ်စက်တွေကနေ ပစ်လွှတ်လိုက်တာက ဒီလို ရေနံမည်း ဗုံးတွေ ဖြစ်လာနိုင်ပါတယ်။”
ယခုအချိန်တွင်လည်း ကျောက်ခဲပစ်စက်များကို အသုံးပြု၍ မီးတိုက်ခိုက်မှုများ ပြုလုပ်နိုင်သော်လည်း ကျောက်တုံးများ အပြင်ဘက်တွင် မြက်ကြိုးများ ရစ်ပတ်ကာ ငါးဆီကဲ့သို့သော အရာများ သုတ်လိမ်း၍ အသုံးပြုကြခြင်းသာ ဖြစ်သည်။
သို့ပေမည့် ရေနံကို အကြီးအကျယ် တူးဖော်လာနိုင်ပါက မီးဗုံးများ၏ ကုန်ကျစရိတ်မှာ အများကြီး လျော့ကျသွားမှာဖြစ်သည်။ ဤသို့ဆိုလျှင် အနာဂတ် စစ်ပွဲကြီးများမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာမှာ ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဟွမ်ထျန်း သာသနာက အစွန်းရောက် ယုံကြည်သူတွေကို သေကြောင်းကြံ တပ်ဖွဲ့အဖြစ် အသုံးပြုရတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်။”
ယွမ်ထျန်းရှဲ့က ပြန်ပြောလိုက်၏။ “ရန်သူ သုံးသိန်းကို ဖျက်ဆီးနိုင်မယ်ဆိုရင် သူတို့ရဲ့ အနစ်နာခံမှုက တန်ဖိုးရှိပါတယ်။ ဂုဏ်ယူစရာတောင် ကောင်းပါသေးတယ်။”
‘တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှု ကပ်ဘေးကြီး ဖြစ်ပြီးတာတောင် သူမှာ ဒီလောက် ယုံကြည်သူတွေ ရှိနေသေးတယ်ဆိုတော့ ယွမ်ထျန်းရှဲ့ရဲ့ ဦးနှောက်ဆေးတဲ့ ပညာက တကယ်ကို အစွမ်းထက်တာပဲ။’
“လာပြီ။” ယွမ်ထျန်းရှဲ့က ရုတ်တရက် ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ ခေါင်းမော့ကြည့်လိုက်ရာ မျက်ခုံးများ ကျုံ့သွားတော့၏။
မြင်ကွင်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှသောကြောင့် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။ စစ်သည်ရဲမက် သုံးသိန်းရှိသော တပ်တော်ကြီးကို မြေပြင်အနှံ့ ဖြန့်ကျက်ထားသည့် မြင်ကွင်းမှာ ကြည့်ရှုသူကို များစွာ အံ့အားသင့်စေခဲ့သည်။
ယွင်ကျုံးဟဲ့သည် လူသိန်းချီ ပါဝင်ဆင်နွှဲသော စစ်ပွဲကြီးများကို လေခွင်းမြို့တွင်လည်း တွေ့မြင်ခဲ့ဖူးသည်။ သို့သော်ငြား ထိုစဉ်က မြေမျက်နှာသွင်ပြင် ကျဉ်းမြောင်းလှသောကြောင့် တပ်တော်ကြီးကို စိတ်တိုင်းကျ ဖြန့်ကျက်နိုင်စွမ်း မရှိခဲ့ချေ။
ရိုလန်မြို့၏ အနေအထားမှာမူ ထိုသို့မဟုတ်ပေ။ ညီညာပြန့်ပြူး၍ အဆုံးအစမရှိသော ကျောက်စရစ်ခဲ မြေပြင်ကျယ်ကြီး ဖြစ်သောကြောင့် စစ်သည် သုံးသိန်းမက၊ ထိုထက်ပိုမိုများပြားသော တပ်တော်ကြီးကိုပင် ကောင်းစွာ လက်ခံနိုင်စွမ်း ရှိပေသည်။
“ဘုန်း… ဘုန်း… ဘုန်း...”
မိုင်ဆယ်ချီ ရှည်လျားစွာ တန်းစီထားသော စစ်သည်တော် သုံးသိန်းတို့သည် အရှိန်အဟုန်ဖြင့် တိုးဝင်လာသော ဒီရေလှိုင်းကြီးအလား မည်းမှောင်အုံ့မှိုင်းစွာဖြင့် ရိုလန်မြို့ဆီသို့ ချီတက်လာကြတော့သည်။ ထိုမြင်ကွင်းမှာ အကန့်အသတ်မဲ့စွာဖြင့် ကောင်းကင်နှင့် မြေကြီး ထိစပ်နေသည့်နှယ် ခံစားမိစေ၏။
“ဒါတွေ အားလုံးက တာ့ရှီး အင်ပါယာရဲ့ တပ်တော်တွေချည်းပဲ ဖြစ်ဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
“တစ်သိန်းခွဲက တာ့ရှီးအင်ပါယာရဲ့ တပ်တော်ဖြစ်ပြီး ကျန်တဲ့ တစ်သိန်းခွဲကတော့ အနောက်တိုင်း နိုင်ငံငယ်တွေရဲ့ တပ်တော်တွေပါ။”
ယွမ်ထျန်းရှဲ့က ပြန်ဖြေလိုက်၏။ “ဒီ အနောက်တိုင်း နိုင်ငံငယ်တွေက အိမ်ရှေ့စံ လီကျိုးကို ဖားချင်လို့ရယ်၊ အရင်တုန်းက ကျင်းကျုံးယွဲ့ရဲ့ မြင်းစီး ဓားပြတွေနဲ့ ပြဿနာ ရှိခဲ့ဖူးတာတွေကြောင့် ရိုလန်မြို့ကို လာတိုက်ဖို့ တပ်တော်တွေ စေလွှတ်ခဲ့ကြတာပါ။”
စစ်သည် သုံးသိန်းတို့၏ တညီတညာတည်း ကျရောက်လာသော ခြေသံများသည် ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေကာ နားစည်ကွဲလုမတတ် ဟည်းဟည်းတုန် ဆူညံလျက်ရှိသည်။
အကွာအဝေးအားဖြင့် မိုင်ပေါင်းများစွာ ဝေးကွာနေသေးသော်လည်း ယွင်ကျုံးဟဲ့၏ ခြေဖဝါးအောက်ရှိ မြေပြင်သည်ပင်လျှင် ထိုစစ်သည်တို့၏ အရှိန်အဟုန်ကြောင့် ပြင်းထန်စွာ တုန်ခါနေသည်ကို ခံစားနေရ၏။
နာရီဝက်ခန့် အကြာတွင် တာ့ရှီး အင်ပါယာ၏ စစ်သည် သုံးသိန်းသည် ရပ်တန့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် အရှေ့တွင် ဧရာမ ချောက်ကမ်းပါးကြီး တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
ရိုလန်မြို့နှင့် ငါးမိုင်ခန့် အကွာအဝေးတွင် မိုင်ရာချီ ရှည်လျားသော ဧရာမ ချောက်ကမ်းပါးကြီးတစ်ခု ရှိနေပြီး ရိုလန်မြို့ကို လုံးဝနီးပါး ဝိုင်းရံထားသကဲ့သို့ ဖြစ်နေ၏။
ဤချောက်ကမ်းပါး၏ အကျယ်ဆုံး နေရာမှာ ပေဆယ်ချီခန့် ရှိသော်လည်း အကျဉ်းဆုံး နေရာများမှာမူ နှစ်မီတာ၊ သုံးမီတာခန့်သာ ရှိသည်။
ဤဧရာမ ချောက်ကမ်းပါးနှင့် မြို့ရိုးကြားရှိ ငါးမိုင်ခန့်ကျယ်ဝန်းသော ဧရိယာကို ယွင်ကျုံးဟဲ့က သေမင်းတမန် နယ်မြေဟု သတ်မှတ်ထားခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ တူးဖော်ထားသော ရေနံတွင်းများအနက် သုံးတွင်းမှာ ဤဧရာမ ချောက်ကမ်းပါး အတွင်း၌ ရှိနေပြီး စစ်သည်များ ထွက်ပြေးခြင်းကို တားဆီးရန်အတွက် မီးတောက်များဖြင့် ပိတ်ဆို့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကျန်ရှိနေသော ရေနံတွင်း ခုနစ်တွင်းမှာမူ အကျယ် ငါးမိုင်၊ အလျား ဆယ့်ငါးမိုင် ရှိသော သေမင်းတမန် နယ်မြေ အတွင်း၌ ရှိနေ၏။
……………
တာ့ရှီး အင်ပါယာ တပ်တော် အတွင်း၌…
“အိမ်ရှေ့စံမင်းသား... ရိုလန်မြို့က ချောက်ကမ်းပါးပေါ်က တံတားတွေနဲ့ မြေကြီးနဲ့ ဖို့ထားတဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။” ကင်းထောက်က အစီရင်ခံလိုက်သည်။
တာ့ရှီး အင်ပါယာ တပ်တော်၏ စစ်သူကြီး အများအပြားသည် ချက်ချင်းပဲ အထင်သေးစွာဖြင့် အေးစက်စက် ပြုံးလိုက်ကြသည်။ ဤသည်မှာ ဧရာမ မြစ်ကြီး တစ်စင်း မဟုတ်ဘဲ ပေဆယ်ချီခန့်သာ ရှိသော ချောက်ကမ်းပါး တစ်ခုသာ ဖြစ်၏။
‘ခင်ဗျားတို့က သစ်သားတံတားတွေကို ဖျက်ဆီးလိုက်ပေမယ့် ကျုပ်တို့က အလွယ်တကူ ပြန်ဆောက်လို့ ရပါတယ်။ ဒီလို အသုံးမကျတဲ့ လှည့်ကွက်တွေနဲ့ ကျုပ်တို့ တပ်တော်ကို တားဆီးဖို့ ကြိုးစားနေတာ လုံးဝ စိတ်ကူးယဉ်နေတာပဲ။’
“တံတားဆောက်။” တာ့ရှီးအင်ပါယာ တပ်တော်၏ စစ်သေနာပတိက အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ထောက်ပံ့ရေး စစ်သည် ထောင်ချီက တံတား စတင် ဆောက်လုပ်ကြတော့သည်။
မည်သို့ပင်ဆိုစေ ချောက်ကမ်းပါးသာဖြစ်ပြီး အကျဉ်းဆုံးနေရာမှာ သုံးမီတာခန့်သာ ရှိသောကြောင့် သစ်သားတံတား ဆယ်ချီခန့်ကို အလွယ်တကူ ဆောက်လုပ်နိုင်ခဲ့၏။
ထို့အပြင် ထောက်ပံ့ရေး စစ်သည် ထောင်ချီသည် ချောက်ကမ်းပါး အချို့ကို မြေကြီးများဖြင့် ပြန်လည်ဖို့ကာ လမ်းကြောင်းများကို ပြန်လည် ပြုပြင်ခဲ့ကြသည်။
ဤသစ်သားတံတား ဆယ်ချီခန့်ပေါ်မှ တပ်တော်များ ဖြတ်သန်းသွားလာနိုင်သလို စစ်မြင်းများပင် ဖြတ်သန်း သွားလာနိုင်၏။
သို့ပေမည့် ဧရာမကျောက်ခဲပစ်စက်များ ကဲ့သို့သော ဝိုင်းရံတိုက်ခိုက်ရေး လက်နက်ကြီးများကိုမူ မြေကြီးများဖြင့် ဖို့ထားသော လမ်းကြောင်းများပေါ်မှသာ ဖြတ်သန်းသယ်ဆောင်ရမှာဖြစ်သည်။
နှစ်နာရီခန့် အကြာတွင် သစ်သားတံတားများ ဆောက်လုပ်ပြီးစီးသွားသလို လမ်းကြောင်းများလည်း ပြုပြင်ပြီးစီးသွားတော့၏။
“တပ်တော် ရှေ့ကို ချီတက်... ရိုလန်မြို့ကို ဝိုင်းရံ…” အမိန့်ပေးသံနှင့်အတူ စစ်သည် သုံးသိန်းသည် ဆက်လက် ချီတက်လာပြီး သစ်သားတံတား ဆယ်ချီခန့်ပေါ်မှ ဖြတ်သန်းကာ ဤ ဧရာမ ချောက်ကမ်းပါးကြီးကို ကျော်ဖြတ်၍ မြို့ရိုး အနီးသို့ တိုက်ရိုက် ရောက်ရှိလာကြတော့သည်။
“သိုင်းပညာရှင်တွေအားလုံး ကျောက်တောင်တွေပေါ်ကို တက်ပြီး ကျင်းကျုံးယွဲ့နဲ့ မင်းသမီး ဝူရွှမ် တို့ရဲ့ နောက်ဆုတ်မယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ထား။ သူတို့ကို လွတ်သွားခွင့် မပေးနဲ့။”
အိမ်ရှေ့စံ မင်းသား လီကျိုး၏ လက်အောက်ရှိ သိုင်းပညာရှင် ထောင်ချီသည် ပြေးထွက်သွားကြပြီး နှစ်ဖက်စလုံးရှိ ကျောက်တောင်များပေါ်သို့ တက်ရောက်သွားကြတော့၏။
ထိုအထဲတွင် ထျန်းလုံအဖွဲ့မှ ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်လည်း ပါဝင်၏။ အဘယ်ကြောင့် ဆိုသော် ရိုလန်မြို့၏ အနောက်ဘက်တွင် မြင့်မားသော တောင်တန်းများ ရှိနေပြီး ဘုရင်မ အိမ်တော်သည် ကျောက်တောင်များကို ကျောခိုင်း၍ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။
ရိုလန်မြို့ စစ်ရှုံးသွားသည့် အချိန်တွင် ကျင်းကျုံးယွဲ့နှင့် မင်းသမီး ဝူရွှမ် တို့သည် ကျောက်တောင်များပေါ်မှ ထွက်ပြေးသွားမည်ကို လီကျိုးက စိုးရိမ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လီကျိုးသည် သိုင်းပညာရှင် ရာချီကို ထပ်မံ ခေါ်ယူလာခဲ့ခြင်း ဖြစ်၏။
ဤသိုင်းပညာရှင် ထောင်ချီသည် ကျောက်တောင်ထိပ်များပေါ်တွင် နေရာယူထားမှာဖြစ်ပြီး အဆိပ်ပြင်း ဆေးဝါးများကိုလည်း အများအပြား ယူဆောင်လာခဲ့ကြသောကြောင့် ကျင်းကျုံးယွဲ့နှင့် မင်းသမီး ဝူရွှမ်တို့ သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ တောင်ပံပေါက်၍ပင် ပျံသန်းနိုင်မည် မဟုတ်တော့ချေ။
“လေးသည်တော်တွေ... တောင်ထိပ်ပေါ်ကိုတက်။ ကျင်းကျုံးယွဲ့နဲ့ မင်းသမီး ဝူရွှမ်တို့ ကျောက်တောင်ထိပ်ကနေ ထွက်ပြေးတာနဲ့ ချက်ချင်း အဆိပ်လူးမြားတွေနဲ့ ပစ်။”
“အမိန့်တော်အတိုင်းပါ။” အစွမ်းထက်ဆုံး လေးသည်တော် ရာချီသည်လည်း အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကာ တောင်ထိပ်ပေါ်သို့ တက်ရောက်သွားကြပြီး ရိုလန်မြို့ကို အပေါ်မှနေ၍ စောင့်ကြည့်နေကြတော့၏။
“တပ်တော် ရှေ့ကို ချီတက်... ချီတက်။”
“ဘုန်း… ဘုန်း… ဘုန်း...”
စစ်စည်တီးသံများနှင့်အတူ စစ်သည် သုံးသိန်းသည် ခမ်းနားကြီးကျယ်စွာဖြင့် သစ်သားတံတား ဆယ်ချီခန့်ကို ဖြတ်သန်းကာ ရိုလန်မြို့ အနီးသို့ ချဉ်းကပ်လာကြတော့သည်။
မီတာအနည်းငယ်မျှသာ ကျယ်ဝန်းသော ချောက်ကမ်းပါး ဖြစ်သော်လည်း တာ့ရှီး အင်ပါယာ၏ တပ်တော်သည် နာရီအတော်ကြာ အချိန်ယူပြီးမှသာ အားလုံး ဖြတ်သန်းသွားနိုင်ခဲ့၏။
အရုဏ်တက်ချိန်သို့ ရောက်ရှိလာချိန်မှာတော့ တာ့ရှီး အင်ပါယာ၏ စစ်သည် သုံးသိန်းလုံးသည် ယွင်ကျုံးဟဲ့ သတ်မှတ်ထားသော သေမင်းတမန် နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ကျင်းကျုံးယွဲ့နှင့် မင်းသမီး ဝူရွှမ်တို့၏ လက်အောက်ခံ စစ်သည် တစ်သောင်းကျော်သည် ရိုလန်မြို့ရိုးပေါ်သို့ တက်ရောက်လာကြပြီ ဖြစ်၏။
ဆယ့်ငါးမိုင်ခန့် ရှည်လျားသော ရွှံ့မြို့ရိုးပေါ်တွင် စစ်သည် တစ်သောင်းကျော်သာ ရှိသောကြောင့် ပျမ်းမျှအားဖြင့် တစ်မီတာလျှင် လူတစ်ယောက်ကျော်သာ ရှိနေရာ အလွန်ကျဲပါးလွန်းလှ၏။ ထိုသို့သော မြို့ရိုးကာကွယ်ရေး လိုင်းသည် အမှန်တကယ်ပင် သနားစရာကောင်းလှသည်။
ထို့အပြင် မြို့စောင့် လက်နက်များလည်း အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်သည်။ ကျောက်ခဲပစ်စက် သုံးခုသာရှိပြီး လေးနှင့် မြားများ အများအပြား ရှိသော်လည်း ဧရာမ ဒူးလေးကြီးများ သိပ်မရှိချေ။ လှိမ့်ချရန် သစ်လုံးများ၊ မီးရှို့ရန် ဆီများ စသည်တို့မှာမူ လုံးဝ မရှိချေ။