အခန်း ၄၆၅
Vol. 40 Ch. 465
အပိုင်း (၄၆၅)
ဤစစ်သည် တစ်သောင်းကျော်သည် ကျင်းကျုံးယွဲ့၏ သစ္စာအရှိဆုံး နောက်လိုက်များ ဖြစ်ကြပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူမကို စွန့်ပစ်မသွားကြခြင်းမှာ အလွန် သစ္စာရှိလွန်းလှသည်။
သို့ပေမည့် သူတို့သည် ယွင်ကျုံးဟဲ့၏ အစီအစဉ်ကို မသိရှိကြဘဲ ဤစစ်ပွဲကို တကယ် တိုက်ခိုက်ရမည်ဟုသာ ထင်မှတ်နေကြ၏။
ယခုအချိန်တွင် မည်မျှပင် အကောင်းမြင်တတ်သူ ဖြစ်စေကာမူ ဤစစ်သည် သုံးသိန်းကို ရင်ဆိုင်ရချိန်တွင် မည်သည့် ယုံကြည်မှုမှ မရှိနိုင်တော့ချေ။
ထို့ကြောင့် ကျင်းကျုံးယွဲ့၏ စစ်သည် တစ်သောင်းကျော်၏ စိတ်ဓာတ်များမှာ လုံးဝကျဆင်းနေပြီ ဖြစ်သည်။
အကယ်၍ အမှန်တကယ် စစ်ပွဲ စတင်မည်ဆိုပါက အလွန်ဆုံး နာရီဝက် အတွင်းမှာပင် ဤစစ်သည် တစ်သောင်းကျော်သည် လုံးဝ ပြိုကွဲသွားမည်မှာ သေချာ၏။
မြို့အောက်ရှိ စစ်သည် သုံးသိန်းကို ကြည့်ရင်း မြို့ရိုးပေါ်ရှိ ကျင်းကျုံးယွဲ့၏ တပ်တော်သည် မျက်နှာများ ဖြူရော်နေကြပြီး ခြေထောက်များပင် တုန်ယင်နေကြတော့သည်။
ယွင်ကျုံးဟဲ့သည် မြို့အနောက်ဘက်ရှိ မြင့်မားသော ကျောက်တောင်ကြီးများကို ကြည့်ကာ ပြောလိုက်၏။ “မြို့ရိုး အပြင်ဘက်က ရန်သူတွေကတော့ ခဏနေရင် မီးနဂါးကြီးတွေရဲ့ ဖျက်ဆီးတာကို ခံရမှာမို့လို့ ကြောက်စရာ မလိုပါဘူး။ ကျုပ်တို့ သတိထားရမှာက တောင်ထိပ်ပေါ်က ရန်သူတွေပဲ။ အဲဒီလူတွေက သိုင်းပညာရှင်တွေ၊ ဒါမှမဟုတ် လေးသည်တော်တွေချည်းပဲ။”
ကျင်းကျုံးယွဲ့နှင့် မင်းသမီး ဝူရွှမ်းတို့ ထွက်ပြေးမည်ကို ကာကွယ်ရန်အတွက် တာ့ရှီး အင်ပါယာ၏ အိမ်ရှေ့စံမင်းသား လီကျိုးသည် ရိုလန်မြို့ အနောက်ဘက်ရှိ ကျောက်တောင်ထိပ်များပေါ်တွင် လူတစ်ထောင်ကျော်ကို နေရာချထားပြီး ဖြစ်သည်။
မင်းသမီး ဝူရွှမ်း နှင့် ယွမ်ထျန်းရှဲ့တို့သည် ကျောက်တောင်များပေါ်ရှိ ရန်သူများကို အလွန် အာရုံစိုက်နေကြ၏။
သို့ပေမည့် ကျင်းကျုံးယွဲ့ကမူ လုံးဝ ဂရုမစိုက်ချေ။ သူမ၏ လှပသော မျက်လုံးများတွင် ထူးခြားသော အရောင်အဝါများ ပြည့်နှက်နေပြီး မြို့ရိုး အပြင်ဘက်ရှိ စစ်သည် သိန်းချီကိုသာ စိုက်ကြည့်နေသည်။
သူမသည် အလွန်အမင်း မျှော်လင့်နေသည်။ မည်သည့်အချိန်တွင် ရေနံတွင်းများကို ဖောက်ခွဲမည်နည်း။ ရက်ပေါင်းများစွာတိုင်အောင် အိပ်စက်ခြင်းကိုပင် မေ့လျော့ကာ စိတ်ပင်ပန်းခံခဲ့ရခြင်းမှာ ယခုကဲ့သို့ ခမ်းနား ထည်ဝါလှသော မြင်ကွင်းကြီးကို မြင်တွေ့နိုင်ရန် စောင့်မျှော်နေခဲ့သောကြောင့်ပင် ဖြစ်တော့၏။
ယွင်ကျုံးဟဲ့ သည် ယခုအချိန်တွင် ရေနံတွင်းများကို ဖောက်ခွဲရန် အမိန့်မပေးနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ စစ်သည် သုံးသိန်းသည် ယခုအချိန်တွင် ပြန့်ကျဲနေသေးပြီး တံတားပေါ်မှ ဖြတ်ကူးကာစ ဖြစ်သောကြောင့် စုစည်းမှု မပြီးပြတ်သေးသောကြောင့် ဖြစ်သည်။
မြို့ရိုး အပြင်ဘက်ရှိ ကွင်းပြင်တွင်လည်း ချောက်ကမ်းပါးငယ်များ အများအပြား ရှိနေပြီး ဤချောက်ကမ်းပါးငယ် များမှာ မရှည်လျားသလို မကျယ်ဝန်းသော်လည်း ရန်သူ့တပ်တော် စစ်ကြောင်းချရန် အနှောင့်အယှက် ဖြစ်စေ၏။
တာ့ရှီး အင်ပါယာ၏ ထောက်ပံ့ရေး စစ်သည်များသည် ဤချောက်ကမ်းပါးငယ်များပေါ်တွင် သစ်သားပြားများကို အလျင်အမြန် ခင်းကျင်းနေကြ၏။ ထို့အပြင် စစ်သေနာပတိ၏ ကွပ်ကဲရေး စင်မြင့်ကိုလည်း ဆောက်လုပ်ရဦးမှာ ဖြစ်သည်။
နှစ်နာရီခန့် အကြာတွင် ဆယ်မီတာကျော်ခန့် မြင့်မားသော ကွပ်ကဲရေး စင်မြင့်ကြီး ဆောက်လုပ်ပြီးစီးသွားပြီး မြို့ရိုးထက်ပင် ပိုမို မြင့်မားလို့နေ၏။
တာ့ရှီး အင်ပါယာ၏ အိမ်ရှေ့စံမင်းသား လီကျိုးနှင့် တပ်တော် စစ်သေနာပတိ အပါအဝင် စစ်သူကြီး ဆယ်ယောက်ကျော်ခန့်သည် စင်မြင့်ပေါ်သို့ တက်ရောက်သွားကြတော့သည်။
စစ်သည် သိန်းချီကို ကွပ်ကဲရန်အတွက် စစ်အလံများနှင့် စစ်စည်တီးသံများကိုသာ လုံးဝ အားကိုးရမှာဖြစ်သည်။ အသံဖြင့် အော်ဟစ်ရန်မှာ မဖြစ်နိုင်ချေ။ မိုင်ဆယ်ချီ ကျယ်ဝန်းသော စစ်မြေပြင်တွင် လည်ချောင်းကွဲသည်အထိ အော်ဟစ်လျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။
“တပ်တော် စုစည်း... စစ်ကြောင်းချ... စစ်ကြောင်းချ...” တပ်တော် စစ်သေနာပတိ၏ အမိန့်ပေးသံ ထွက်ပေါ်လာတော့၏။
ချက်ချင်းပဲ စစ်အလံများ လွှင့်ထူလာပြီး စစ်စည်များ တီးခတ်လာတော့၏။ စစ်သည် သုံးသိန်းသည် စစ်ကြောင်းပေါင်း ဆယ်ခုကျော်ခန့် ခွဲခြားလိုက်ပြီး သက်ဆိုင်ရာ စစ်သူကြီးများ၏ ကွပ်ကဲမှုအောက်တွင် အသီးသီး နေရာယူကာ စစ်ကြောင်းချ ကြတော့သည်။
စစ်သည် များပြားလွန်းသောကြောင့် စစ်မြေပြင်သို့ ဝင်ရောက်ပြီးနောက် စုစည်းကာ စစ်ကြောင်းချရန် အတွက်ပင် နောက်ထပ် နှစ်နာရီခန့် အချိန်ယူခဲ့ရ၏။
စစ်သည် သုံးသိန်းသည် စစ်ကြောင်းချပြီးစီးသွားရာ ဧရာမ စတုရန်းကွက်ကြီး ခြောက်ဆယ်တိတိ ဖြစ်သွားတော့သည်။
ဤတာ့ရှီးအင်ပါယာ၏ အိမ်ရှေ့စံမင်းသားသည် အမှန်တကယ်ပင် အောင်မြင်မှုများကို ဂုဏ်ယူဝင့်ကြွားလိုသူ ဖြစ်သည်။ ရိုလန်မြို့ကို တိုက်ခိုက်ရန် ဤမျှလောက် များပြားသော တပ်တော်များ လုံးဝ မလိုအပ်ဘဲ ခုနစ်သောင်းခန့်သာ ရှိလျှင် လုံလောက်နေပြီ ဖြစ်၏။
သို့ပေမည့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကြီးကို လူတိုင်း ကြည့်ရှုလိုကြပြီး လီကျိုးသာမက ယွင်ကျုံးဟဲ့ပင်လျှင် ရင်သပ်ရှုမောဖွယ် ကြည့်ရှုနေမိသည်။
ဤတပ်တော် စစ်မြေပြင်သည် မိုင်ဆယ်ချီ ကျယ်ဝန်းပြီး တကယ့်ကို ငှက်များပင် ဖြတ်ပျံရန် ခက်ခဲလေ၏။
မင်းသမီး ဝူရွှမ်းသည် ယွင်ကျုံးဟဲ့ထံသို့ လှမ်းကြည့်လိုက်ပြီး ရန်သူ့တပ်တော်များ စုစည်းကာ စစ်ကြောင်းချပြီးပြီ ဖြစ်ရာ မည်သည့်အချိန်တွင် ရေနံတွင်းများကို ဖောက်ခွဲမည်နည်းဟု မေးမြန်းနေခြင်းမှာ ထင်ရှားလေသည်။
ယွင်ကျုံးဟဲ့သည် အသက်ရှူအောင့်ထားလိုက်၏။ ယခုအချိန်တွင် ဖောက်ခွဲ၍ မရသေးချေ။ သို့မဟုတ် ယခု အချိန်တွင် ဖောက်ခွဲရန် အကောင်းဆုံးအချိန် မဟုတ်သေးဟု ဆိုရမှာဖြစ်၏။
ရန်သူ့တပ်တော်များသည် အကောင်းဆုံး သေမင်းတမန် နယ်မြေ အတွင်းသို့ မဝင်ရောက်သေးချေ။
.................
တာ့ရှီးအင်ပါယာ၏ မီတာဆယ်ကျော် မြင့်မားသောကွပ်ကဲရေး စင်မြင့်ပေါ်တွင်...
“အိမ်ရှေ့စံမင်းသား... တပ်တော်တွေ စုစည်းပြီးပါပြီ။ ချက်ချင်း မြို့ကို တိုက်ခိုက်ရမလား။”
“နောက်ဆုံး အနေနဲ့ လက်နက်ချဖို့ သွားဖျောင်းဖျလိုက်အုံး။”
“အမိန့်တော်အတိုင်းပါ။”
ခဏအကြာတွင် တာ့ရှီး အင်ပါယာ၏ တပ်တော်အတွင်းမှ မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့ ထွက်လာပြီး ရိုလန်မြို့ အောက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့၏။
“ကျင်းကျုံးယွဲ့ ဘယ်မှာလဲ။”
ကျင်းကျုံးယွဲ့သည် ရှေ့သို့ တစ်လှမ်း တက်လာပြီး မျက်နှာဖုံးကို ဆွဲမလိုက်ရာ ပြိုင်ဘက်ကင်း အလှတရား ရှိသော မျက်နှာလေး ပေါ်ထွက်လာတော့သည်။
ထိုစစ်သူကြီးက ပြောလိုက်၏။ “ကျုပ်တို့ အိမ်ရှေ့စံမင်းသားက ခင်ဗျားကို နောက်ဆုံး အခွင့်အရေး ပေးလိုက်တယ်။ ချက်ချင်း မြို့တံခါး ဖွင့်ပြီး လက်နက်ချ၊ အိမ်ရှေ့စံမင်းသားရဲ့ အရှေ့မှာ ဒူးထောက်ပြီး အသနားခံ၊ ပြီးတော့ ကျုပ်တို့ အိမ်ရှေ့စံမင်းသားရဲ့ကျွန်အဖြစ် အလုပ်အကျွေးပြုမယ် ဆိုရင် ခင်ဗျားတို့အတွက် အသက်ရှင်ဖို့ လမ်းစ တစ်ခု ရှိသေးတယ်။
အဲဒီလိုမှ သဘောမတူဘူးဆိုရင် ကျုပ်တို့ တာ့ရှီး အင်ပါယာရဲ့ စစ်သည် သုံးသိန်းက ရိုလန်မြို့ကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်ပြီး အထဲမှာ ရှိတဲ့သူတိုင်းကို အကုန်သတ်ပစ်မယ်။ လူတစ်ယောက်၊ မြက်တစ်ပင်တောင် မချန်ဘဲ အကုန် သတ်ပစ်မယ်။”
အော်ဟစ်ပြောဆိုနေချိန်တွင် ထိုစစ်သူကြီးသည် တတ်နိုင်သမျှ မီတာ နှစ်ရာ အကွာအဝေးတွင်သာ နေထိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လေးနှင့် မြားများ၏ အဝေးဆုံး သတ်ဖြတ်နိုင်စွမ်း ရှိသော အကွာအဝေး ဖြစ်သောကြောင့်ပင်။
ကျင်းကျုံးယွဲ့က လုံးဝ ဂရုမစိုက်ချေ။
ထို တာ့ရှီးအင်ပါယာ၏ စစ်သူကြီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ကျင်းကျုံးယွဲ့... လက်နက် မချသေးဘူးလား။ သေချင်နေတာလား။”
“ကျုပ် ငါးကနေ နောက်ပြန် ရေတွက်မယ်။ အကယ်၍ ခင်ဗျား လက်နက်မချဘူးဆိုရင် နောက်ဆုံး အခွင့်အရေးကို စွန့်လွှတ်လိုက်တယ်လို့ သတ်မှတ်လိုက်မယ်။ ကျုပ်တို့ တာ့ရှီး အင်ပါယာရဲ့ စစ်သည် သုံးသိန်းက ချက်ချင်း မြို့ကို တိုက်ခိုက်ပြီးတော့ ခင်ဗျားတို့ကို အကုန် သတ်ပစ်မယ်။ ငါး... လေး... သုံး...”
ဤတာ့ရှီးအင်ပါယာ၏ စစ်သူကြီး နောက်ပြန် ရေတွက်လို့ မပြီးသေးမီမှာပင် ကျင်းကျုံးယွဲ့သည် လှံရှည် တစ်ချောင်းကို ယူကာ ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။
“ရွှီး...”
ထိုလှံရှည်သည် လေထဲတွင် မျဉ်းကွေးလေးတစ်ခု ရေးဆွဲကာ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာတော့၏။
လက်နက်ချရန် ဖျောင်းဖျနေသောတာ့ရှီး အင်ပါယာ၏ စစ်သူကြီး၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်မိသည်။ ‘ဒီလောက် အဝေးကြီးကနေ ကျုပ်ကို ထိအောင် ပစ်ချင်တာလား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။’
သူသည် အလွယ်တကူပင် ရှောင်တိမ်းလိုက်၏။
သို့ပေမည့် မထင်မှတ်ဘဲ နောက်ဆက်တွဲ အနေဖြင့် ဒုတိယလှံ၊ တတိယလှံ၊ စတုတ္ထလှံများ အဆက်မပြတ် ပစ်လွှတ်လာတော့သည်။
‘တခြားသူတွေက လေးမြားတွေကို အဆက်မပြတ် ပစ်လွှတ်နိုင်ပေမယ့် ခင်ဗျား ကျင်းကျုံးယွဲ့က လှံရှည်တွေကို အဆက်မပြတ် ပစ်လွှတ်နိုင်တယ် ဟုတ်လား။’
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ထိုတာ့ရှီးအင်ပါယာ၏ စစ်သူကြီးသည် အစွမ်းကုန် ရှောင်တိမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။
“ဖူး... ဖူး... ဖူး...”
သူသည် လူရော မြင်းပါ အရှင်လတ်လတ် ထိုးဖောက်ခံလိုက်ရပြီး မြေကြီးပေါ်တွင် စိုက်ဝင်ကာ သနားဖွယ် ကောင်းအောင် သေဆုံးသွားတော့သည်။
လူတိုင်း အမှန်တကယ်ပင် အံ့ဩတုန်လှုပ်သွားကြတော့၏။
‘ဘုရင်မ ကျင်းကျုံးယွဲ့... ခင်ဗျားက ဒီလောက်တောင် အစွမ်းထက်နေဖို့ လိုလို့လား။ ဒါက ပေ ခုနစ်ရာ၊ ရှစ်ရာလောက် အကွာအဝေးနော်။ လေးနဲ့ မြားတွေတောင် မရောက်နိုင်တဲ့ အကွာအဝေးကို ခင်ဗျားက လှံရှည်နဲ့ ဒီလောက် ဝေးဝေးရောက်အောင် ပစ်နိုင်ရုံတင် မကဘူး၊ ဒီလောက်တောင် အစွမ်းထက်နေသေးတာလား။’
ယွင်ကျုံးဟဲ့လည်း အံ့ဩသွားရသည်။ ကမ္ဘာမြေပေါ်ရှိ လှံတံပစ် ကမ္ဘာ့စံချိန်မှာ မီတာကိုးဆယ်ကျော်သာ ရှိပြီး အမျိုးသမီးများဆိုလျှင် မီတာ ရှစ်ဆယ်ပင် မပြည့်ချေ။
သို့ပေမည့် ကျင်းကျုံးယွဲ့သည် ကမ္ဘာမြေ၏ ကမ္ဘာ့စံချိန်ထက် သုံးဆလောက်ကို အလွယ်တကူ ပစ်လွှတ်နိုင် ခဲ့သည်။
ကွပ်ကဲရေး စင်မြင့်ပေါ်မှ တာ့ရှီး အင်ပါယာ၏ အိမ်ရှေ့စံမင်းသား လီကျိုးသည် ဤမြင်ကွင်းကို မြင်တွေ့ ရချိန်မှာတော့ ဒေါသ မထွက်သည့်အပြင် အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။ ဤကဲ့သို့ ခေါင်းမာ ရိုင်းစိုင်းသော အမျိုးသမီးမျိုးမှာ လီကျိုး အနှစ်သက်ဆုံးသော အမျိုးအစား ဖြစ်၏။
ကျင်းကျုံးယွဲ့နှင့် မင်းသမီး ဝူရွှမ်းတည်းဟူသော ပြိုင်ဘက်ကင်း အလှပိုင်ရှင် ညီအစ်မနှစ်ဦးမှာ လူသန်းပေါင်း များစွာထဲတွင်မှ တစ်ယောက် တွေ့ရခဲသည့် အလှထူးရှင်များ ဖြစ်ကြရာ လီကျိုးအနေဖြင့် သူတို့နှစ်ဦးလုံးကို သေချာပေါက် အရယူမည်ဟု စိတ်ပိုင်းဖြတ်ထားမိသည်။
ထိုညီအစ်မနှစ်ဦးအား ကုတင်ထက်တွင် ယှဉ်တွဲလျက် ပျော်ပါးခွင့်ရမည့်အချိန်ကို တွေးတောကြည့်ရုံဖြင့်ပင် လီကျိုးမှာ အတိုင်းထက်အလွန် ကျေနပ်အားရနေမိတော့၏။
"ကျင်းကျုံးယွဲ့... ခင်ဗျား စောင့်နေလိုက်။ အကြမ်းပတမ်းအချစ် ဆိုတာ ဘာလဲဆိုတာကို ခင်ဗျား သိအောင် ကျုပ် လုပ်ပြမယ်။"
လီကျိုးသည် မိမိလက်ထဲသို့ ကျင်းကျုံးယွဲ့ ရောက်ရှိလာမည့်အချိန်ကို စိတ်ကူးဖြင့် မှန်းဆနေမိသည်။ ထိုအခါကျလျှင် ကျင်းကျုံးယွဲ့အား သေရခက်၊ ရှင်ရခက်ဖြစ်အောင် ရူးသွပ်မတတ် နှိပ်စက်ပြီး ငရဲဘုံသို့ ခြောက်လခန့် ပို့ဆောင်ထားမှာဖြစ်သည်။
ထိုမှတစ်ဖန် ကောင်းကင်ဘုံသို့ ပြန်လည်ပို့ဆောင်ပေးသည့်အချိန်တွင်မူ ပြိုင်ဘက်ကင်းသော ထိုညီအစ်မ နှစ်ယောက်လုံးသည် ၎င်း၏ ခြေဖဝါးအောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ ဒူးထောက်လာကြမည်မှာ အမှန်ပင် ဖြစ်၏။
‘ကျင်းကျုံးယွဲ့... တကယ့်ကို အစွမ်းထက်တဲ့ ယောက်ျားဆိုတာ ဘာလဲဆိုတာကို ခင်ဗျား သိအောင် ကျုပ် လုပ်ပြမယ်။ ကျုပ်နဲ့ ယှဉ်လိုက်ရင် ခင်ဗျားရဲ့ အရင် ယောက်ျား ယွင်ကျုံးဟဲ့ ဆိုတာ ခွေးလောက်တောင် အသုံးမကျဘူး။’
“တပ်တော်တွေ မြို့ကို တိုက်ခိုက်။ မြို့ကို သိမ်းပြီးရင် လူအကုန်သတ်။ လူတစ်ယောက်၊ မြက်တစ်ပင်တောင် မချန်ဘဲ ရိုလန်မြို့ တစ်ခုလုံးကို ပြာကျသွားအောင် မီးရှို့ပစ်။”
ချက်ချင်းပဲ ဆက်သား အရာရှိက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “တပ်တော်တွေ မြို့ကို တိုက်ခိုက်။ အကုန် သတ်ပစ်။”
အမိန့်ပေးသံနှင့်အတူ ကောင်းကင်ကို တုန်လှုပ်စေလောက်သော စစ်စည်တီးသံများ ထွက်ပေါ်လာပြီး အလံရာချီ တပြိုင်နက် လွှင့်ထူလာတော့သည်။ ထို့နောက် စစ်သည် သုံးသိန်း စတင် ချီတက်လာကြတော့၏။
ဤကဲ့သို့ အားနည်း ချို့တဲ့လှသော ဤမြို့ငယ်လေးနှင့် အသုံးမကျလှသော မြို့စောင့်တပ်ဖွဲ့ကို ရင်ဆိုင်ရာတွင် စစ်ကြောင်းခွဲ၍ တိုက်ခိုက်နေရန်ပင် မလိုအပ်တော့ဘဲ တစ်ဟုန်ထိုး ထိုးစစ်ဆင်၍ သိမ်းပိုက်ရုံမျှသာ ရှိပေတော့သည်။
“ချီတက်...”
“ချီတက်...”
“တပ်တော်တွေ မြို့ကို တိုက်ခိုက်။ အကုန် သတ်ပစ်။”
“တာ့ရှီး အင်ပါယာ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... အိမ်ရှေ့စံမင်းသား သက်တော် ထောင်ကျော် ရှည်ပါစေ။”
“ရိုလန်မြို့ကို အကုန်သတ်၊ ကျင်းကျုံးယွဲ့ကို အရှင်ဖမ်း။”
ကောင်းကင်ကို တုန်လှုပ်စေလောက်သော စစ်စည်တီးသံများနှင့်အတူ တပ်တော်သိန်းချီ စတင် ချီတက်လာကြပြီး ရိုလန်မြို့ရိုးဆီသို့ ဦးတည်လာကြတော့၏။
‘မြို့ကို တိုက်ခိုက်ခြင်း တရားဝင် စတင်ပြီ။’
မင်းသမီး ဝူရွှမ်းနှင့် ကျင်းကျုံးယွဲ့… ဤပြိုင်ဘက်ကင်း ညီအစ်မ နှစ်ယောက်၏ လှပသော မျက်လုံးများသည် ယွင်ကျုံးဟဲ့ ထံတွင်သာ တင်းကျပ်စွာ စွဲမြဲနေသည်။
‘အောက်ယွီ... ကျွန်မတို့ရဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကို ကြည့်လိုက်အုံး။ လူတိုင်း တုန်ယင်နေကြတယ်။ အကယ်၍ ရှင့်ရဲ့ အကြံအစည်သာ အလုပ် မဖြစ်ဘူးဆိုရင် ကျွန်မတို့ ဒီလူတစ်သောင်းကျော် အားလုံး သေလုမျောပါး ဖြစ်သွားမှာပဲ။’
လန်ပိလည်း မနေနိုင်တော့ဘဲ မေးလိုက်၏။ “သခင်လေး အောက်ယွီ... ဖောက်ခွဲလို့ ရပြီလား။”
ယွင်ကျုံးဟဲ့သည် အသက်ရှူအောင့်ထားလိုက်၏။ “အချိန်မတန်သေးဘူး။ ရန်သူ့တပ်တော်တွေ အကောင်းဆုံး သေမင်းတမန် နယ်မြေထဲကို ဝင်မလာသေးဘူး။”
‘ကျုပ်ရဲ့ အကြံအစည် သေချာပေါက် အောင်မြင်ရမယ်။ သေချာပေါက် အောင်မြင်ရမယ်။ အကယ်၍ ကျရှုံးသွားရင်တော့ တကယ့်ကို အပြစ်ရှိသူကြီး ဖြစ်သွားတော့မှာပဲ။’
အဘယ်ကြောင့်ဆိုသော် ကျင်းကျုံးယွဲ့သည် သူ့အပေါ်တွင် အလုံးစုံ ပုံအော၍ ယုံကြည်ကိုးစားခဲ့ခြင်းကြောင့် ဖြစ်သည်။
.................