အခန်း ၄၆၆
Vol. 40 Ch. 466
အပိုင်း (၄၆၆)
“ချီတက်... ချီတက်... ချီတက်။”
“ရိုလန်မြို့ကလူတွေ အကုန်သတ်၊ ကျင်းကျုံးယွဲ့ကို အရှင်ဖမ်း။”
“တာ့ရှီး အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ရန်သူ့တပ်တော်၏ ချီတက်မှုမှာ တစ်ဟုန်ထိုး မြန်ဆန်လာသကဲ့သို့ စစ်သည်တော်တို့၏ ကြွေးကြော်သံများ မှာလည်း ပိုမိုရူးသွပ်ခက်ထန်လာ၏။
မြေပြင်တစ်ခုလုံး တုန်ဟီးလှုပ်ခတ်နေမှုကြောင့် ရွှံ့မြေဖြင့် တည်ဆောက်ထားသော မြို့ရိုးမှာပင် ပြင်းထန်စွာ လှုပ်ယမ်းနေရကာ မြို့ရိုးထက်ရှိ ခုခံစစ် တပ်ဖွဲ့ဝင်များမှာလည်း ထိတ်လန့်တုန်လှုပ်လျက် မျက်နှာများ ဖြူရော်နေကြတော့သည်။
တဖြည်းဖြည်းနှင့် နီးကပ်လာသည်။ သိန်းနှင့်ချီသော ရန်သူ့တပ်တော်ကြီးသည် အကောင်းဆုံး ပြင်ဆင်ထားသည့် သေမင်းတမန် နယ်မြေအတွင်းသို့ မကြာမီ ချင်းနင်း ဝင်ရောက်လာပေတော့မည်။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ပထမအဆင့် ဖောက်ခွဲမှု... တရားဝင် စတင်ပြီ။”
ထို့နောက် ရိုလန်မြို့ဘက်မှ စစ်စည်တီးသံများ ထွက်ပေါ်လာပြီး လေးသည်တော် ဆယ်ယောက်ကျော်ခန့်က ကောင်းကင်ယံသို့ အချက်ပြ မြားများကို ပစ်လွှတ်လိုက်ကြတော့သည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ဤအချက်ပြမြား ဆယ်ချောင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲကာ မျက်စိကျိန်းလောက်အောင် တောက်ပသော မီးပွားများ ထွက်ပေါ်လာတော့၏။
ထို့နောက် စစ်သည် ဆယ်ယောက်ကျော်ခန့်က မီးစာကြိုးများကို တပြိုင်နက်တည်း မီးညှိလိုက်ကြတော့သည်။
စက္ကန့်အနည်းငယ် အကြာတွင်...
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
ယမ်း ပေါင်သောင်းချီ အဆက်မပြတ် ပေါက်ကွဲသွားတော့၏။
ကောင်းကင်ကို တုန်လှုပ်စေလောက်အောင် မဟုတ်သော်လည်း ဖောက်ခွဲရေးနေရာ ရာချီ ခွဲခြားထား သောကြောင့် မြို့ရိုး အရှေ့ဘက် နှစ်မိုင်ခန့် အကွာအဝေးရှိ မြေပြင်ပေါ်တွင် ချောက်ကမ်းပါး တစ်ခု ပေါက်ကွဲထွက်လာပြီး ရန်သူ့တပ်တော် သိန်းချီ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။
အရှေ့တွင် ချောက်ကမ်းပါး ရှိသလို အနောက်တွင်လည်း ချောက်ကမ်းပါး ရှိနေသည်။ သိပ်မကျယ်ဝန်းသလို သိပ်မနက်ရှိုင်းသော်လည်း အရေးကြီးသော အချိန်တွင် ရန်သူ့တပ်တော် သိန်းချီကို အလယ်တွင် လုံးဝ ပိတ်လှောင်ထားနိုင်မှာဖြစ်၏။
ကွပ်ကဲရေး စင်မြင့်ပေါ်ရှိ အိမ်ရှေ့စံ မင်းသား လီကျိုး နှင့် အခြားသူများသည် ဤအဆက်မပြတ် ပေါက်ကွဲမှုများကို မြင်တွေ့လိုက်ရချိန်မှာတော့ အနည်းငယ် အံ့ဩသွားကြသည်။
ထို့နောက် စစ်သူကြီး အများအပြားက ရယ်မောလိုက်ကြ၏။
‘မိုက်မဲတဲ့ ကျင်းကျုံးယွဲ့ ပဲ။ ခင်ဗျားက လမင်းမီး (ယမ်း) တွေကို အများကြီး သုံးပြီး ဒီချောက်ကမ်းပါးလေး တစ်ခု ဖြစ်လာအောင် ဖောက်ခွဲလိုက်တာလား။ တကယ်ကို အရှက်မရှိတဲ့ ဖြုန်းတီးမှုပဲ။ ဒီ ချောက်ကမ်းပါးလေးကို အားကိုးပြီး ကျုပ်တို့ တပ်တော်ကို တားဆီးချင်နေတာလား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။
ခင်ဗျား ဖောက်ခွဲလိုက်တဲ့ ချောက်ကမ်းပါးက ဘယ်လောက် ကျယ်လို့လဲ။ ပေအနည်းငယ်လောက်ပဲ ကျယ်ပြီး ပေအနည်းငယ်လောက်ပဲ နက်တာပါ။ သစ်သားပြားလေးတွေ ခင်းလိုက်ရုံနဲ့ ဖြတ်သွားလို့ ရနေပြီ။ ခင်ဗျားရဲ့ လမင်းမီး တွေ အများကြီးကို မြို့စောင့်တဲ့ နေရာမှာ သုံးရင်တောင် ပိုပြီး အသုံးဝင်အုံးမယ်။
မိုက်မဲတဲ့ ကျင်းကျုံးယွဲ့... ခင်ဗျားကြောင့် တပ်တော် တစ်ခုလုံး ပျက်စီးတော့မှာပဲ။ ခင်ဗျား စောစောစီးစီး ထွက်မပြေးခဲ့တဲ့အတွက် အခုတော့ အိမ်ရှေ့စံမင်းသား လီကျိုးရဲ့ အကျဉ်းသား ဖြစ်လာတော့မှာပဲ။ အဲဒီအချိန် ကျရင် မိန်းမတစ်ယောက်ရဲ့ အဖြစ်ဆိုးဆိုတာ ဘာလဲဆိုတာကို ခင်ဗျား သိသွားလိမ့်မယ်။ အိမ်ရှေ့စံမင်းသား လီကျိုးက မိန်းမတွေကို နှိပ်စက်တဲ့ နည်းလမ်းတွေကို ခင်ဗျား တွေးတောင် တွေးရဲမှာ မဟုတ်ဘူး။’
“အကုန်သတ်... အကုန်သတ်။”
“ကျင်းကျုံးယွဲ့ကို အရှင်ဖမ်း။”
ဤချောက်ကမ်းပါးကို ဖောက်ခွဲလိုက်ခြင်းက တပ်တော် သိန်းချီ၏ ချီတက်မှုကို မတားဆီးနိုင်ခဲ့သည့်အပြင် သူတို့ကို ပို၍ပင် ဒေါသထွက်သွားစေခဲ့၏။ သူတို့ ဆက်လက် ချီတက်နေကြပြီး ရူးသွပ်မတတ် အော်ဟစ်နေကြသည်။
သို့ပေမည့် ဤ ပထမအဆင့် ဖောက်ခွဲမှုသည် ချောက်ကမ်းပါးကို ဖန်တီးလိုက်ရုံသာမက အချက်ပြမှု တစ်ခုလည်း ဖြစ်သည်။ ရေနံတွင်း ဆယ်တွင်းကို ဖောက်ခွဲရန် အချက်ပြမှုပင် ဖြစ်၏။
ဟွမ်ထျန်း သာသနာ၏ အစွန်းရောက် ယုံကြည်သူ နှစ်ဆယ်သည် အချက်ပြမှုကို ကြားလိုက်ရချိန်မှာတော့ ကောင်းကင်ကို မော့ကြည့်လိုက်ကြတော့သည်။
‘အချိန်တန်ပြီ။ ကျုပ်တို့ အနစ်နာခံရမယ့် အချိန် ရောက်ပြီ။ မဟာဆရာသခင်ကြီး... ခင်ဗျား ပြောတဲ့ အဲဒီနေ့ ရောက်လာမှာလား။ ဒါပေမဲ့ အဲဒီနေ့ ရောက်လာလာ၊ မရောက်လာလာ ကျုပ်တို့ အသက်ကို ပေးဆပ်ပြီး ဟွမ်ထျန်း (အဝါရောင်ကောင်းကင်ဘုံ) အထက်မှာ စောင့်နေပါ့မယ်။’
အစွန်းရောက် ယုံကြည်သူ ဆယ်ဦးသည် အရင်ဆုံး မီးတုတ်များကို ထွန်းညှိလိုက်ပြီးနောက် မီးစာကြိုးများကို မီးညှိလိုက်ကြတော့၏။
မြေအောက် အနက်ရှိုင်းဆုံး နေရာတွင် ရေနံတွင်း တစ်တွင်းစီတိုင်း၌ ယမ်း ပေါင်ထောင်ချီ မြှုပ်နှံထားသည်။
မီးစာကြိုးများကို မီးညှိပြီးနောက် ဟွမ်ထျန်း သာသနာ၏ အစွန်းရောက် ယုံကြည်သူများသည် ထွက်ပြေးရန် ကြိုးစားနိုင်သော်လည်း သူတို့ ထွက်မပြေးခဲ့ကြဘဲ မျက်လုံးများကို မှိတ်ကာ ကျဉ်းမြောင်းသော လိုဏ်ဂူငယ် အတွင်း၌ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးမှိတ် ဆုတောင်းနေကြတော့၏။
“အသက်ရှင်နေလည်း ဘာပျော်စရာ ရှိလို့လဲ။ သေရမှာကော ဘာကြောက်စရာ ရှိလို့လဲ။”
“ဟွမ်ထျန်း (အဝါရောင်ကောင်းကင်ဘုံ)က အထက်မှာ ရှိတယ်။ အပြစ်တွေကို ဖယ်ရှားပစ်မယ်။”
“အသက်ရှင်နေလည်း ဘာပျော်စရာ ရှိလို့လဲ။ သေရမှာကော ဘာကြောက်စရာ ရှိလို့လဲ။”
ဟွမ်ထျန်း သာသနာ၏ အစွန်းရောက် ယုံကြည်သူများ၏ မီးရှို့မှုကြောင့် မီးစာကြိုးများသည် အလျင်အမြန် လောင်ကျွမ်းသွားတော့သည်။
……………….
မြေပြင်ပေါ်တွင် တပ်တော် သိန်းချီ ဆက်လက် ချီတက်နေဆဲ ဖြစ်၏။
ကွပ်ကဲရေး စင်မြင့်ပေါ်တွင် အိမ်ရှေ့စံ မင်းသား လီကျိုး၏ မျက်နှာအမူအရာမှာ အလွန် ရက်စက် ကြမ်းကြုတ်နေ၏။ မြို့ကို သိမ်းပိုက်ပြီးနောက် အကုန်သတ်ဖြတ်မည့် အကြောင်းကို စိတ်ကူးယဉ်နေကာ ကျင်းကျုံးယွဲ့ နှင့် မင်းသမီး ဝူရွှမ်း တို့ နှစ်ဦးကို မည်သို့ နှိပ်စက်ရမည်ကို စိတ်ကူးယဉ်နေသည်။
မြို့ရိုးပေါ်တွင် မင်းသမီး ဝူရွှမ်း၏ စိတ်ထဲတွင် တစ်ဖက်မှ ဆုတောင်းနေရင်း တစ်ဖက်မှ ဓားကို ဆုပ်ကိုင်ထား၏။
ကျင်းကျုံးယွဲ့သည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ယွင်ကျုံးဟဲ့ ဖော်ပြထားသော ကောင်းကင်သို့ ထိုးတက်လာမည့် မီးနဂါးကြီးကို စောင့်မျှော်နေသည်။
ယွင်ကျုံးဟဲ့ သည်လည်း အသက်ရှူအောင့်ထားကာ ကောင်းကင်ကို တုန်လှုပ်စေလောက်သော အသံကြီးကို စောင့်မျှော်နေသည်။ အောင်မြင်မှု ရှိ၊ မရှိမှာ ဤအချိန်လေး အပေါ်တွင်သာ မူတည်နေတော့၏။
မင်းသမီး ဝူရွှမ်းသည် ဓားကို ဆုပ်ကိုင်ထားရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... အကယ်၍ ခဏနေ ပေါက်ကွဲပြီးနောက်မှာ ကောင်းကင်ယံကို ပန်းထွက်လာတဲ့ ရေနံမည်းတွေ မရှိဘူးဆိုရင် ကျွန်မ ရှင့်ရဲ့ ခေါင်းကို ဖြတ်ပစ်ရလိမ့်မယ်။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”
ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်ကာ စိတ်ထဲတွင် နောက်ပြန် ရေတွက်နေတော့၏။
ထို့အပြင် ဦးနှောက်ထဲတွင် ဤကြီးကျယ်ခမ်းနားသော မြင်ကွင်းကြီးအတွက် နောက်ခံတေးဂီတ အဖြစ် ကံကြမ္မာ ဆင်ဖိုနီ တေးသွားကို ကိုယ်တိုင် တီးခတ်နေသည်။
‘ဒင်... ဒင်... ဒေါင်...
ဒင် ဒေါင်... ဒင် ဒေါင်... ဒေါင်...
ဒင် ဒင် ဒေါင်... ဒင် ဒင် ဒေါင်...’
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...” နောက်ပြန် ရေတွက်မှု ပြီးဆုံးသွားတော့၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
ကောင်းကင်ကို တုန်လှုပ်စေလောက်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ရေနံတွင်း ဆယ်တွင်းတွင် မြှုပ်နှံထားသော ယမ်းများ တပြိုင်နက်တည်းနီးပါး ပေါက်ကွဲသွားတော့သည်။
ယမ်း ပေါင်ထောင်ချီသည် နောက်ဆုံးကျန်ရှိနေသော ပါးလွှာသည့်ကျောက်လွှာကို လုံးဝ ဆုတ်ဖြဲ ပစ်လိုက်တော့၏။
မရေမတွက်နိုင်သော ရေနံစိမ်းများသည် မြေအောက်တွင် နှစ်သန်းပေါင်း ရာချီကြာအောင် စုဆောင်း ထားခဲ့ရသောကြောင့် ဖိအားများ မည်မျှလောက် ကြီးမားနေမည်နည်း။
ဤ နောက်ဆုံး ပါးလွှာသောကျောက်လွှာ ဆုတ်ဖြဲခံလိုက်ရပြီးနောက် မရေမတွက်နိုင်သော ရေနံစိမ်းများသည် နှစ်သန်းပေါင်း ရာချီကြာမြင့်ခဲ့သော ဖိအားများအောက်တွင် အရှိန်အဟုန်ပြင်းပြင်း ပန်းထွက်လာတော့၏။
ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးများ အားလုံး လုံးဝ ဆုတ်ဖြဲခံလိုက်ရတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မရေမတွက်နိုင်သော ရေနံစိမ်းများသည် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် နဂါးကြီးများကဲ့သို့ မြေပြင်ပေါ်သို့ ထိုးထွက်လာကြတော့၏။
ယမ်းများ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပူချိန်မြင့်မားမှုနှင့် မီးတောက်များက ဤရေနံစိမ်းများကို တိုက်ရိုက် မီးလောင်ကျွမ်းစေခဲ့သည်။
ဤရေနံစိမ်းများသည် ဟိန်းဟောက်သံများဖြင့် မြေပြင်ပေါ်သို့ ထိုးထွက်လာပြီးနောက် ချက်ချင်းပဲ ရူးသွပ်မတတ် မီးလောင်ကျွမ်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားပြီး မီတာဆယ်ချီ မြင့်မားသော ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။
အလွန် ခမ်းနားကြီးကျယ်လှသော မြင်ကွင်းကြီး တစ်ခု ပေါ်ထွက်လာတော့သည်။ ပထမဆုံး မီးနဂါး၊ ဒုတိယ မီးနဂါး၊ တတိယ မီးနဂါး...
နောက်ဆုံးတွင် ရေနံ မီးနဂါး ဆယ်ကောင်သည် မြေပြင်ကို ဆုတ်ဖြဲကာ ကောင်းကင်ယံသို့ အားလုံး ထိုးတက်သွားကြတော့၏။
ဤသည်မှာ ယခင်က မရှိခဲ့ဖူးသော မြင်ကွင်းကြီးဖြစ်ပြီး ယွင်ကျုံးဟဲ့ ကိုယ်တိုင်ပင် မမြင်ဖူးခဲ့ချေ။ ကောင်းကင်ကို တုန်လှုပ်စေလောက်သော မီးနဂါး မီးတောက်ကြီးများသည် ငရဲပြည်၏ အနက်ရှိုင်းဆုံး နေရာမှနေ၍ ကောင်းကင်ယံသို့ ထိုးတက်လာသကဲ့သို့ပင် ဖြစ်သည်။
ကျင်းကျုံးယွဲ့၏ မျက်လုံးများ တွေဝေသွားပြီး သူမ၏ ခန္ဓာကိုယ်လေး တစ်ခုလုံးပင် တုန်ယင်နေတော့၏။
‘အရမ်းကို ကြည်နူးစရာ ကောင်းတယ်... အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်... အရမ်းကို အံ့ဩတုန်လှုပ်စရာ ကောင်းတယ်။’
သူမ စိတ်နှလုံးထဲရှိ ဖျက်ဆီးလိုစိတ်များသည် အကြီးမားဆုံးသော ကျေနပ်မှုကို ရရှိသွားခဲ့သည်။
‘ကျွန်မရဲ့ ယောက်ျား ယွင်ကျုံးဟဲ့က အရမ်းကို အစွမ်းထက်တာပဲ။ သူတစ်ယောက်တည်းကသာ ကောင်းကင်နဲ့ မြေကြီးကြားက ဒီလို ခမ်းနားကြီးကျယ်တဲ့ ဖျက်ဆီးမှု မြင်ကွင်းကြီးကို ဖန်တီးနိုင်တာ။ ကျွန်မ ရှင့်ကို ကြည်ညိုလေးစားတယ်... ယောက်ျား။’
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း..”
ရေနံတွင်း ဆယ်တွင်းသည် ဤသေမင်းတမန် နယ်မြေအတွင်း၌ ပြန့်ကျဲနေပြီး တစ်မိနစ်လျှင် ရေနံစိမ်း ပေါင်သိန်းချီ၊ သန်းချီ ပန်းထုတ်နေ၏။
မီတာဆယ်ချီ မြင့်မားသော ကောင်းကင်ယံသို့ ပန်းထွက်သွားပြီးနောက် ကောင်းကင် တစ်ခုလုံးမှ မီးမိုးများအဖြစ် ပြန်လည် ရွာကျလာတော့သည်။
အစစ်အမှန်ကြီးမားသော လူသတ်ပွဲကြီး၊ ယွင်ကျုံးဟဲ့၏ သမိုင်းတစ်လျှောက် အခမ်းနားဆုံးသော လူသတ်ပွဲကြီးပင် ဖြစ်၏။
ရေနံတွင်း ဆယ်တွင်းမှ ပန်းထွက်လာသော မီးနဂါးများသည် ပွင့်လန်းနေသော သေမင်းတမန် ပန်းပွင့်များ ကဲ့သို့ပင် ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သုံးသိန်းသည် အစုလိုက် အပြုံလိုက် သေဆုံး နေကြတော့သည်။
ကောင်းကင် တစ်ခုလုံးမှ ရွာကျလာသော မီးမိုးများသည် မိုင်ဆယ်ချီကျယ်ဝန်းပြီး လုံးဝ ရှောင်တိမ်း၍ မရနိုင်ချေ။
“သေဆုံးခြင်း... သေဆုံးခြင်း... သေဆုံးခြင်း...”
ရိုလန်မြို့ အပြင်ဘက်ရှိ တည်နေရာသည် အစစ်အမှန် ငရဲပြည် အဖြစ်သို့ ပြောင်းလဲသွားတော့၏။
“အား... အား... အား...”
မရေမတွက်နိုင်သော တာ့ရှီး အင်ပါယာ စစ်သည်များ၏ တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေပြီး ရူးသွပ်မတတ် ပြေးလွှားကာ အသေအလဲ ရုန်းကန်နေကြတော့၏။
သူတို့ ဘယ်ကို သွားရမယ်ဆိုသည်ကို မသိကြဘဲ ဤငရဲပြည်ထဲကနေ အမြန်ဆုံး လွတ်မြောက်သွားဖို့ကိုသာ တွေးတောနေကြသည်။
သို့ပေမည့် မကြာမီမှာပဲ လူတစ်ကိုယ်လုံး မီးတောက်များ လွှမ်းခြုံခံထားရပြီး သနားဖွယ်ကောင်းအောင် အော်ဟစ်ကာ မြေပြင်ပေါ် လဲကျသွားပြီး သနားဖွယ်ကောင်းအောင် သေဆုံးသွားကြတော့၏။
အချို့သော ဉာဏ်ကောင်းသူများက မြေပြင်ပေါ်တွင် လူးလှိမ့်ကာ မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားကြသည်။
သို့သော်ငြား ဤအရာများ အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေပြင် တစ်ခုလုံး မီးလောင်ကျွမ်းနေပြီ ဖြစ်သောကြောင့်ပင်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
ရေနံ မီးနဂါး ဆယ်ကောင်သည် လုံးဝ ပင်ပန်းနွမ်းနယ်မှုကို မသိရှိသကဲ့သို့ ရူးသွပ်မတတ် ပန်းထွက်နေပြီး တစ်မိနစ်လျှင် ရေနံ တန်ပေါင်းများစွာကို ပန်းထုတ်နေသည်။
တစ်ခဏအတွင်းမှာပဲ ဤသေမင်းတမန် နယ်မြေသည် မီးပင်လယ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။ ဤအရာများ အားလုံးမှာ အလွန် မြန်ဆန်လွန်းလေ၏။
မင်းသမီး ဝူရွှမ်းသည် လှပသော မျက်လုံးများကို ပြူးကျယ်ကာ ဤမြင်ကွင်းကို ကြည့်ရှုနေပြီး သူမ၏ ခန္ဓာကိုယ်လေး တစ်ခုလုံးပင် အနည်းငယ် တုန်ယင်နေတော့သည်။
သူမသည်လည်း ကျင်းကျုံးယွဲ့ကဲ့သို့ပင် စိတ်နှလုံးထဲတွင် ဖျက်ဆီးလိုသော ရူးသွပ်မှုများ ပြည့်နှက်နေသူ ဖြစ်သော်လည်း ကျင်းကျုံးယွဲ့ကဲ့သို့ ထင်ရှားစွာ မပြသခြင်းသာ ဖြစ်၏။
သို့ပေမည့် မျက်စိရှေ့ရှိ ဤမျှလောက် ခမ်းနားကြီးကျယ်လှသော မြင်ကွင်းကြီးက သူမ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး နေရာကို လုံးဝ ရိုက်ခတ်သွားစေခဲ့သည်။
စစ်ပွဲကို ဤသို့သော နည်းလမ်းဖြင့် ဆင်နွှဲနိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ခဲ့မိချေ။ ဤသည်မှာ အလွန် အံ့ဩဖွယ် ကောင်းလှသကဲ့သို့ အလွန်လည်း ရက်စက်ကြမ်းကြုတ်၏။
အောက်ယွီ၏ အယူအဆများမှာ စိတ်ကူးဖြင့်ပင် မှန်းဆရန် ခက်ခဲလွန်းလှသောကြောင့် သူမသည် ယခင်က သူ၏ အစီအစဉ်အပေါ် သံသယ ရှိခဲ့မိသည်။
မြေအောက်မှ ထွက်ရှိသော ရေနံစိမ်းများအကြောင်းကို သူမ အနည်းငယ် သိရှိထားသော်လည်း ယွမ်ထျန်းရှဲ့၏ အသိပညာ ဗဟုသုတများ ကဲ့သို့ပင် တဖြည်းဖြည်းချင်း စိမ့်ထွက်လာတတ်သည်ဟုသာ မှတ်ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဤမျှအထိ ပြင်းထန်ရူးသွပ်စွာ ပန်းထွက်လာနိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ချေ။
သူမအနေဖြင့် အောက်ယွီနှင့်အတူ ဤကဲ့သို့ ကြီးမားသော လောင်းကြေးကို ထပ်ရဲခဲ့ခြင်းမှာ ယခင်က တာ့ရစ်တောင် မီးတောင်ပေါက်ကွဲမှု၊ လန်ကျိုးပင်လယ်ပြင်၏ ငလျင်နှင့် ဆူနာမီဘေးတို့ကို တစ်လကြိုတင်၍ ခန့်မှန်းနိုင်ခဲ့သည့် သူ၏အံ့ဩဖွယ် စွမ်းဆောင်ချက်များကြောင့်သာ ဖြစ်သည်။
ယခုမူ ယွင်ကျုံးဟဲ့ အောင်မြင်ခဲ့ပြီဖြစ်၏။
...................