အခန်း ၄၆၈
Vol. 40 Ch. 468
အပိုင်း (၄၆၈)
မြို့ရိုးပေါ်ရှိ ကာကွယ်ရေး တပ်ဖွဲ့များသည် ရန်သူများ မြို့ရိုးကို တွယ်တက်လာသည်ကို မြင်တွေ့ရချိန်မှာတော့ ချက်ချင်း အပြုံးများ ပေါ်လာပြီး လေးများကို တင်ကာ မြားများကို ချိန်ရွယ်လိုက်ကြတော့သည်။
‘ခင်ဗျားတို့ တာ့ရှီး အင်ပါယာ စစ်သည်တွေက မြင်းစီးလေးပစ် တော်တယ်ဆိုရင် တကယ်ကို တိုက်ဆိုင်တာပဲ။ ကျုပ်တို့လည်း တော်တယ်လေ။’
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
မြို့ရိုးပေါ်ရှိ ကာကွယ်ရေး တပ်ဖွဲ့များသည် အဆက်မပြတ် ပစ်ခတ်နေကြ၏။ ဤလူတစ်သောင်းကျော်၌ အခြား ပစ္စည်းများ ချို့တဲ့သော်လည်း လေးနှင့် မြားများတော့ အများကြီး ရှိနေသည်။
သနားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်၏။ ဤမျှလောက် နီးကပ်သော အကွာအဝေးတွင် အသက်ရှင်နေသော ပစ်မှတ်များကို ပစ်ခတ်ရခြင်း မဟုတ်ပါလား။
တာ့ရှီး အင်ပါယာ စစ်သည်များသည် လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို အသုံးပြု၍ မြို့ရိုးကို တွယ်တက်နေရ သောကြောင့် ဒိုင်းကာကိုလည်း အသုံးမပြုနိုင်သလို ရှောင်တိမ်း၍လည်း မရနိုင်ဘဲ လေးမြားများကို ခေါင်းဖြင့်သာ ကာကွယ်ရတော့မှာ ဖြစ်သည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
ကာကွယ်ရေးတပ်ဖွဲ့ တစ်သောင်းကျော်သည် မြားမိုးများ အဆက်မပြတ် ပစ်လွှတ်နေကြသည်။ မကြာမီမှာပဲ မြို့ရိုး အောက်တွင် အလောင်းများ တောင်ကြီး တစ်တောင်လို စုပုံသွားတော့၏။
သို့ပေမည့် မျက်စိရှေ့ရှိ မြင်ကွင်းမှာ ယွင်ကျုံးဟဲ့ ထင်မှတ်ထားသည်နှင့် လုံးဝ မတူညီသေးချေ။
သူ မူလက ထင်မှတ်ထားသည်မှာ ဤမီးပင်လယ်ကြီးအောက်တွင် တာ့ရှီး အင်ပါယာ၏ စစ်သည် သုံးသိန်းသည် ချက်ချင်း ပြိုကွဲသွားပြီး အချင်းချင်း နင်းမိကာ မီးပင်လယ်အတွင်း၌ အားလုံး သနားဖွယ် ကောင်းအောင် သေဆုံးသွားမည်ဟုပင် ဖြစ်သည်။
အချိန်တိုလေးသာ ထိတ်လန့်သွားပြီးနောက် သူတို့သည် အလွန် ပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်နိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့မိချေ။
ထိုဆုံးဖြတ်ချက်မှာ မီးပင်လယ်ထဲမှ ဖြတ်ထွက်ပြီး ဆက်လက် တိုက်ခိုက်ရန် ဖြစ်သည်။ သူတို့သည် နောက်ဆုတ်ရန် လုံးဝ မရွေးချယ်ခဲ့ကြပေ။
“တာ့ရှီး အင်ပါယာရဲ့ တပ်တော်တွေထဲမှာ လူရိုင်းတွေ အများကြီး ပါဝင်သလို၊ နိုင်ငံ အင်အားကလည်း ကြီးမားနေပြီး နိုင်ငံ အများအပြားကို ဖျက်ဆီးပစ်ခဲ့တဲ့အတွက် သူတို့ရဲ့ တပ်တော်တွေက အရမ်းကို ရူးသွပ်ပြီး အရမ်းကို အစွမ်းထက်ကြတယ်။” မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။
ယခုအချိန်တွင် မြို့ရိုးအောက်ရှိ မြင်ကွင်းမှာ ဖုတ်ကောင်ကမ္ဘာစစ် ဇာတ်ကားကြီးနှင့် အနည်းငယ် ဆင်တူနေပြီ ဖြစ်သည်။
ရန်သူ သိန်းချီသည် မီးပင်လယ်ထဲမှ ဖြတ်ထွက်လာပြီး ရိုလန်မြို့ရိုးထံသို့ ရူးသွပ်မတတ် ပြေးဝင်လာကာ လက်ဗလာ၊ ခြေဗလာဖြင့် မြို့ရိုးကို တွယ်တက်နေကြပြီး လေးမြားများဖြင့် အဆက်မပြတ် ပစ်သတ်ခံနေရသည်။ မြို့ရိုး အောက်တွင် သေဆုံးနေသူများ တစ်စထက်တစ်စ ပိုမို များပြားလာတော့၏။
နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း...
ပုံမှန်အားဖြင့် ဤမျှလောက် အသေအပျောက် ရှိပါက အစောကြီးတည်းက လုံးဝ ပြိုကွဲသွားလောက်ပြီ ဖြစ်သည်။
သို့ပေမည့် တာ့ရှီး အင်ပါယာ၏ တပ်တော်မှာ အလွန် ရဲရင့်ကြမ်းတမ်းလွန်းပြီး အသက်ရှင်လိုစိတ်များ ပေါင်းစပ်သွားကာ အနောက်ဘက်တွင်လည်း ဧရာမ မီးပင်လယ်ကြီး ရှိနေသောကြောင့် ရိုလန်မြို့ထဲသို့ ဝင်ရောက်မှသာ အသက်ရှင်ရန် လမ်းစ ရှိတော့မှာဖြစ်၏။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် အလောင်းများ တောင်ကြီး တစ်တောင်လို စုပုံနေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ရန်သူများသည် အမှန်တကယ်ပင် အလောင်းများကို အသုံးပြု၍ တောင်ကြီး တစ်တောင်လို စုပုံစေပြီး အလောင်းတောင်ကြီးကို အသုံးပြုကာ မြို့ရိုး ပေါ်သို့ တက်ရောက်လာကြခြင်း ဖြစ်၏။
‘သောက်ကျိုးနည်း... အရမ်းကို အစွမ်းထက်လွန်းတယ်... အရမ်းကို သနားစရာကောင်းလွန်းတယ်။ ဒီလို အခြေအနေမျိုး ရောက်နေတာတောင် သူတို့က ရိုလန်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်မယ့် မျှော်လင့်ချက် ရှိနေသေးတယ် ဟုတ်လား။’
ထိုအချိန်တွင် ရိုလန်မြို့ အနောက်ဘက်ရှိ မြင့်မားသော ကျောက်တောင်ကြီးပေါ်တွင် ဦးချိုမှုတ်သံများ ထွက်ပေါ်လာတော့သည်။
ရန်သူ၏ သိုင်းပညာရှင် ထောင်ချီနှင့် အစွမ်းထက်ဆုံး လေးသည်တော် ရာချီတို့သည် မူလက ကျင်းကျုံးယွဲ့ နှင့် မင်းသမီး ဝူရွှမ်းတို့ ထွက်ပြေးမည်ကို တားဆီးရန် ကျောက်တောင်ထိပ်များပေါ်တွင် နေရာယူထားခဲ့ခြင်း ဖြစ်၏။
ယခုအခါ ဦးချိုမှုတ်သံများကို ကြားလိုက်ရသောကြောင့် သူတို့သည်လည်း ကျောက်တောင်များပေါ်မှ ဆင်းလာကာ ရိုလန်မြို့ကို အနောက်ဘက်မှနေ၍ တိုက်ခိုက်ရန် ပြင်ဆင်လာကြတော့သည်။
ရိုလန်မြို့၏ ကာကွယ်ရေး တပ်ဖွဲ့များသည် အရှေ့အနောက် ညှပ်ပိတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရတော့မှာ ဖြစ်၏။
‘ဒီတာ့ရှီးအင်ပါယာ တပ်တော်က ဒီလောက်တောင် အစွမ်းထက်တာလား။ ဒီလို အခြေအနေဆိုးကြီးကို ရောက်နေတာတောင် အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့ မလို့လား။’
မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့... အရှေ့ဘက်ကို နင့်ဆီ အပ်လိုက်မယ်။ ဆရာယွမ်... ကျွန်မတို့ အတူတူ သွားကြမလား။”
“အရမ်း ဆန္ဒရှိပါတယ်။”
ထို့နောက် မင်းသမီး ဝူရွှမ်း နှင့် ယွမ်ထျန်းရှဲ့ တို့သည် သိုင်းပညာရှင် ရာချီကို ခေါ်ဆောင်ကာ ရိုလန်မြို့၏ အနောက်တောင်ပေါ်သို့ ဦးတည်သွားကြတော့၏။
အရှေ့ဘက်မြို့ရိုး တိုက်ပွဲကိုမူ ကျင်းကျုံးယွဲ့ တစ်ဦးတည်းထံ အပြည့်အဝ လွှဲအပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်း ဖြစ်သောကြောင့်ပင်။
“ချီတက်... ချီတက်... ချီတက်...”
ရန်သူများသည် မီးတောက်ကို တိုးဝင်သွားသော ပိုးဖလံများကဲ့သို့ မြို့ရိုးအောက်သို့ အဆက်မပြတ် ပြေးဝင်လာကြတော့၏။
အလောင်းတောင်ကြီးသည် တစ်စထက်တစ်စ ပိုမို မြင့်မားလာပြီး မကြာမီမှာပင် ငါးမီတာခန့် မြင့်မားသော ကုန်းစောင်းတစ်ခု အဖြစ်သို့ ရောက်ရှိသွားကာ မြို့ရိုးနှင့် အမြင့် တူညီသွားတော့သည်။
ထို့နောက် ပို၍ပို၍ များပြားသော ရန်သူများသည် အလောင်းများဖြင့် တည်ဆောက်ထားသော ကုန်းစောင်း ပေါ်မှနေ၍ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ကာကွယ်ရေး တပ်ဖွဲ့ တစ်သောင်းကျော်သည် မြားမိုးများ အဆက်မပြတ် ပစ်လွှတ်နေ၏။ သို့ပေမည့် မြို့ရိုး ပေါ်သို့ တက်ရောက်လာသော ရန်သူများ တစ်စထက်တစ်စ ပိုမို များပြားလာတော့သည်။
ယွင်ကျုံးဟဲ့ ပင်လျှင် ခေါင်းများ မူးဝေလာသကဲ့သို့ ခံစားလာရ၏။ ‘ဒီ တာ့ရှီးအင်ပါယာရဲ့ တပ်တော်တွေက တကယ်ကို ရက်စက်လွန်းတာပဲ။ ဒီလို အခြေအနေမျိုးနဲ့တောင် မြို့ရိုးပေါ်ကို တက်ရောက်လာနိုင်သေးတယ်။’
ထို့အပြင် လူတိုင်းသည် ဒဏ်ရာများ ပြည့်နှက်နေပြီး တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရှိနေကာ အချို့သော လူများ၏ ကိုယ်ပေါ်တွင် မီးများ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။
“သခင်လေး အောက်ယွီကို သေချာကာကွယ်ပေးထားကြ။” ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။
ထို့နောက် သူမသည် ကိုယ်ပေါ်မှ ခြုံထည်ကို ရုတ်တရက် ဆွဲချွတ်လိုက်ပြီး အရှည် နှစ်မီတာ ရှိသော ငွေရောင်လှံရှည်ကြီးကို ယူလိုက်သည်။
“ရွှီး...”
ခြေဖျားလေး အနည်းငယ် ထောက်လိုက်သည်နှင့် တပြိုင်နက် သူမ၏ တစ်ကိုယ်လုံးသည် လျှပ်စီးလက် သကဲ့သို့ ပြေးထွက်သွားတော့သည်။ ထို့နောက် သူမသည် ရူးသွပ်ပြီး အံ့ဩဖွယ်ကောင်းသော ပြကွက်များကို စတင် ပြသတော့၏။
“ရွှမ်း... ရွှမ်း... ရွှမ်း... ရွှမ်း...”
ရူးသွပ်သော မုန်တိုင်း တစ်ခုကဲ့သို့ မြို့ရိုး၏ တစ်ဖက်စွန်းမှ အခြား တစ်ဖက်စွန်းသို့ အဆက်မပြတ် တိုက်ခိုက်သွားတော့သည်။
ထို့နောက် အခြား တစ်ဖက်စွန်းမှနေ၍ ဤဘက်စွန်းသို့ ပြန်လည် တိုက်ခိုက်လာပြန်၏။ ပြိုင်ဘက် တစ်ယောက်မှ မရှိသည်သာမက ပြိုင်ဘက် တစ်ဝက်ပင် မရှိချေ။
အရှည် နှစ်မီတာ ရှိသော လှံရှည်ကြီးသည် သူမ၏ လက်ထဲတွင် မုန်တိုင်းကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး ဖြတ်သန်း သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ရန်သူများသည်ကောက်ရိုးများကဲ့သို့ လွင့်စင်သွားကြတော့၏။ တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လူဆယ်ကျော်၊ ဒါဇင်ချီခန့် တိုက်ရိုက် လွင့်စင်သွားကြတော့သည်။
ရန်သူများသည် အခက်အခဲများစွာကို ဖြတ်ကျော်ပြီး ကိုးဆယ်ရာခိုင်နှုန်း သေချာပေါက် သေမည့် အခြေအနေမှ လွတ်မြောက်လာကာ မြို့ရိုးပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ဤ လူသတ်နတ်ဆိုးမနှင့် ကြုံတွေ့လိုက်ရချိန်မှာတော့ ချက်ချင်းဆိုသလို သေလုမျောပါး ဖြစ်သွားကြတော့၏။
မြို့ရိုးပေါ်ရှိ ကာကွယ်ရေး တပ်ဖွဲ့များ လုံးဝ အံ့ဩတုန်လှုပ်သွားကြတော့၏။
ဘုရင်မ ကျင်းကျုံးယွဲ့သည် အလွန်အမင်း အစွမ်းထက်သူဖြစ်ကြောင်း သူတို့ သိရှိနားလည်ထားကြ သော်လည်း၊ လက်တွေ့တွင်မူ မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့်အခါ၌ ကြက်သီးမွေးညင်း ထလုမတတ် တုန်လှုပ် ချောက်ချားသွားကြရသည်။
ဤသည်မှာ အလွန်ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသကဲ့သို့ အလွန်လည်း ကြောက်မက်ဖွယ် ကောင်းလှ၏။
ယွင်ကျုံးဟဲ့ သည်လည်း ကျင်းကျုံးယွဲ့၏ သိုင်းပညာများ ပိုမို မြင့်မားလာပြီး လွန်ခဲ့သော နှစ်နှစ်ကထက် ပိုမို အစွမ်းထက်လာသည်ကို တွေ့ရှိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် အနောက်ဘက် သဲကန္တာရသို့ ရောက်ရှိလာပြီးနောက် နေ့စဉ်နေ့တိုင်းနီးပါး တိုက်ပွဲဝင် နေရသောကြောင့် အစွမ်းမထက်လာဘဲ နေနိုင်ပါမည်လား။
“သခင်လေး အောက်ယွီ... စစ်မြေပြင်က ဩဇာတိက္ကမကို ပြောရရင် ရှင့်ရဲ့အဖေဟာ ဘုရင်မ ကျင်းကျုံးယွဲ့နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။”
ဘေးနားရှိ လန်ပိက ပြောလိုက်၏။ “တချို့လူတွေက မွေးရာပါ စစ်မြေပြင်အတွက် သင့်တော်ကြတာပါ။ တစ်ယောက်ချင်း တိုက်ခိုက်ရာမှာ မင်းသမီး ဝူရွှမ်းက သခင်မ ကျင်းကျုံးယွဲ့ထက် ပိုပြီး အစွမ်းထက်ပေမယ့် စစ်မြေပြင်မှာတော့ သူမက သခင်မ ကျင်းကျုံးယွဲ့ကို မယှဉ်နိုင်ပါဘူး။”
ဤဘက်ခြမ်းရှိ မြို့ရိုးတိုက်ပွဲတွင်မူ ဘုရင်မ ကျင်းကျုံးယွဲ့ တစ်ဦးတည်းကပင် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့သည်။
သူမသည် အရေအတွက် တစ်သောင်းကျော်ရှိသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စိတ်ဓာတ်တက်ကြွ လာစေရန် လှုံ့ဆော်ပေးနိုင်ခဲ့ရုံမျှမက၊ ရူးသွပ်မတတ် တိုက်ပွဲဝင်လိုစိတ်များ ဖြစ်ပေါ်လာအောင်လည်း စွမ်းဆောင်နိုင်ခဲ့၏။
ထိုအချိန်မှစ၍ ကျင်းကျုံးယွဲ့အပေါ် ထားရှိသော တပ်ဖွဲ့ဝင်များ၏ သစ္စာစောင့်သိရူးသွပ်မှုနှင့် ကိုးကွယ်ယုံကြည်မှု တို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သို့သော်ငြား ရိုလန်မြို့၏ အနောက်ဘက် တောင်ကုန်းပေါ်ရှိ တိုက်ပွဲမှာမူ အခြေအနေချင်း လုံးဝ ကွဲပြား ခြားနားလှ၏။
ဤသည်မှာ သိုင်းပညာရှင် အချင်းချင်း အားပြိုင်ကြသည့် တိုက်ပွဲဖြစ်၏။ ဤနေရာရှိ အဓိကအင်အားစုများမှာ ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်းသာသနာမှ ထိပ်တန်းသိုင်းပညာရှင်များနှင့် မင်းသမီး ဝူရွှမ်း၏ ပိုင်ယင်မြို့မှ သိုင်းပညာရှင်များပင် ဖြစ်ကြသည်။
မင်းသမီး ဝူရွှမ်းနှင့် ယွမ်ထျန်းရှဲ့တို့သည်လည်း အံ့ဩဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်ပြသနေကြသည်။ မင်းသမီး ဝူရွှမ်း၏ သိုင်းပညာရပ်ကို စကားလုံးတစ်လုံးတည်းဖြင့် အနက်ဖွင့်ရပါမူ လျှို့ဝှက်ဆန်းကြယ်မှုဟုသာ ဆိုရပေလိမ့်မည်။
သူမ၏ လှုပ်ရှားမှုအဟုန်မှာ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အလွန်တရာ လျင်မြန်လွန်းလှသည်။ ခုန်ပျံ ကျော်လွှားခြင်း အတတ်ပညာမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နေရာရွှေ့ပြောင်းနိုင်သော တန်ခိုးစွမ်းအားရှိနေသကဲ့သို့ ထင်မှတ်ရသည်။
သူမသည် ရန်သူကို သတ်ဖြတ်ရာတွင် ဒုတိယမြောက် ဓားချက်ကို အသုံးပြုရန် လုံးဝ မလိုချေ။ တစ်စက္ကန့် အတွင်းမှာပဲ နေရာအနှံ့သို့ ရွှေ့လျားကာ လူအများအပြားကို တပြိုင်နက် သုတ်သင်နိုင်စွမ်း ရှိလို့နေ၏။
ယွမ်ထျန်းရှဲ့၏ သုတ်သင်ပုံနည်းစနစ်မှာမူ တစ်မျိုးတစ်ဖုံ ကွဲပြားပြန်သည်။ သူ၏ သိုင်းပညာရပ်မှာ မူလကပင် အံ့ဩဖွယ်ကောင်းလှသော်လည်း ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ အသုံးပြုသော အဆိပ်များ ဖြစ်သည်။
ယွမ်ထျန်းရှဲ့၏ မျက်လှည့်ပညာမှာ ပြိုင်ဘက်ကင်းလှပြီး ထိုအတတ်ပညာကို အသုံးပြု၍ သတ်ဖြတ်ခြင်းမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလွန်းလှ၏။
မျက်လှည့်ဆရာတစ်ဦး၏ ကိုယ်ပေါ်တွင် ပစ္စည်းကိရိယာများ မည်မျှအထိ ဖုံးကွယ်ထားသည်ကို မည်သူမှ မခန့်မှန်းနိုင်သကဲ့သို့ ယွမ်ထျန်းရှဲ့၏ ကိုယ်ပေါ်တွင်လည်း လျှို့ဝှက်လက်နက်များနှင့် ထူးဆန်းသော အဆိပ်အတောက်များ မည်မျှအထိ ရှိနေမည်ကို အတတ် မသိနိုင်ချေ။
သူ၏အနားသို့ ချဉ်းကပ်ရန် မဆိုထားနှင့်၊ သူ၏အနီးအနားရှိ လေထုကိုပင် ရှူရှိုက်မိရန် မဝံ့ရဲစရာ ဖြစ်သည်။
သို့ရာတွင် ထိုသို့သော အစွမ်းအစများ ရှိနေလင့်ကစား မင်းသမီး ဝူရွှမ်းနှင့် ယွမ်ထျန်းရှဲ့တို့၏ အဖွဲ့မှာ အဘက်ဘက်မှ အားနည်းသော အခြေအနေ၌သာ ရှိနေဆဲဖြစ်၏။
အဘယ်ကြောင့်ဆိုသော် တာ့ရှီးအင်ပါယာဘက်မှ လူအင်အားမှာ အဆမတန် များပြားလွန်းလှသည့်အပြင် သိုင်းပညာ အဆင့်အတန်းမှာလည်း ပျမ်းမျှအားဖြင့် အလွန်မြင့်မားနေသောကြောင့် ဖြစ်သည်။
ထို့အပြင် အစွမ်းထက်လှသော လေးသည်တော် အရေအတွက်မှာလည်း ရာနှင့်ချီ၍ ရှိနေသေးသည်။ အဆိုပါ ထိပ်တန်းလေးသည်တော်များမှာ ကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူများပင် ဖြစ်ကြ၏။
သူတို့သည် ပစ်မှတ်တစ်ခုချင်းစီကို တိကျစွာ ချိန်ရွယ်ပစ်ခတ်နိုင်ပြီး မြားတစ်စင်းလျှင် လူတစ်ယောက်နှုန်းဖြင့် အသက်ကို နှုတ်ယူနိုင်စွမ်း ရှိကြ၏။ ထို့အပြင် သူတို့အားလုံးသည် တောင်ပေါ်၌ ပုန်းအောင်းနေကြပြီး ချောင်းမြောင်းပစ်ခတ်သူများကဲ့သို့ သရဲတစ္ဆေပမာ လျှို့ဝှက်စွာ လှုပ်ရှားနေကြခြင်း ဖြစ်သည်။
ယွမ်ထျန်းရှဲ့နှင့် မင်းသမီး ဝူရွှမ်းတို့မှာ ထိုအန္တရာယ်ကို ထိတ်လန့်တုန်လှုပ်ခြင်း မရှိကြသော်လည်း သူတို့နှစ်ဦး၏ လက်အောက်ငယ်သားများမှာမူ မြားချက်ထိမှန်ကာ မရေမတွက်နိုင်အောင်ပင် အသက်ဆုံးပါးနေကြရလေ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
သို့ပေမည့် ထိုအချိန်တွင် ရုတ်တရက် တောင်ထိပ်ပေါ်မှ လူရိပ် ရာချီ ထွက်ပေါ်လာပြီး သရဲတစ္ဆေများကဲ့သို့ တာ့ရှီး အင်ပါယာ၏ ထိပ်တန်း သိုင်းပညာရှင်များနှင့် အစွမ်းထက်ဆုံး လေးသည်တော်များကို အနောက်မှနေ၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်ကြတော့သည်။
သူတို့သည် လေးနှင့် မြားများကို အသုံးမပြုဘဲ သေးငယ်သော သံမဏိ ဒူးလေးများကို အသုံးပြုကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော လုပ်ကြံသူများမှာ သေချာပေါက် တာယင်အင်ပါယာ၏ ဟေးလုံထိုင်မှ ထိပ်တန်း သိုင်းပညာရှင်များသာ ဖြစ်၏။
သူတို့သည် အစွမ်းထက်ဆုံး လေးသည်တော်များ မဟုတ်ဘဲ လုပ်ကြံသူများ ဖြစ်ကြပြီး လက်နက် အားသာချက်များကို အသုံးပြု၍ တိုက်ခိုက်ကြခြင်း ဖြစ်သည်။
မထင်မှတ်ထားသော အချိန်တွင် တာ့ရှီး အင်ပါယာ၏ အစွမ်းထက်ဆုံး လေးသည်တော်များ၏ စခန်းကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် သေကြေဒဏ်ရာရသူများ အလွန် များပြားခဲ့၏။
အစွမ်းထက်ဆုံး လေးသည်တော်များ၏ အဝေးပစ် အားသာချက်များ ပျောက်ဆုံးသွားသောကြောင့် တာ့ရှီး အင်ပါယာ၏ ထိပ်တန်း သိုင်းပညာရှင်များ ချက်ချင်း အောက်ခြေ အနေအထားသို့ ရောက်ရှိသွားတော့သည်။
အရေးကြီးသော အချိန်တွင် တာယင်အင်ပါယာ၏ ဟေးလုံထိုင်က ထပ်မံ ဝင်ရောက်ကာ ကူညီပေးခဲ့ခြင်းပင် ဖြစ်၏။
………………..