အခန်း ၄၇၁
Vol. 40 Ch. 471
အပိုင်း (၄၇၁)
မင်းသမီး ဝူရွှမ်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “တာ့ရှီး အင်ပါယာရဲ့ စစ်သည် သုံးသိန်းလောက်ကို ရင်ဆိုင်ဖို့ ရှင်တို့ မြင်းစီးဓားပြတွေ လုံးဝ မလိုအပ်ပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ အချိန်မှာ ရှင်တို့ သစ္စာဖောက်သွားတဲ့ လုပ်ရပ်က ဘုရင်မကို လုံးဝ ဒေါသထွက်သွားစေသလို ဒီကောင်းကင်ဘုံက နတ်ဘုရားတွေကိုလည်း လုံးဝ ဒေါသထွက်သွားစေတယ်။ ဘုရင်မက နောက်တစ်ကြိမ် ငရဲပြည်က မီးနဂါးတွေကို ခေါ်ယူပြီး ရှင်တို့ကို အားလုံး မီးရှို့သတ်ပစ်မှာ မကြောက်ဘူးလား။”
ချက်ချင်းပဲ ဤမြင်းစီးဓားပြ ခေါင်းဆောင်များ အားလုံး ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်ကြသည်။ “ဘုရင်မ...ကျုပ်တို့ မှားမှန်း သိပါပြီ။ မှားမှန်း သိပါပြီ။”
ကျင်းကျုံးယွဲ့က ဖြည်းညင်းစွာ ပြောလိုက်၏။ “တစ်ခါတည်းနဲ့ လူသုံးသိန်း သတ်လိုက်ရတော့ ကျွန်မ သတ်ရတာ ဝသွားပြီ။ လောလောဆယ် ဆက်မသတ်ချင်သေးဘူး။”
မင်းသမီး ဝူရွှမ်းက ပြောလိုက်သည်။ “ဘုရင်မက ဒီလို ပြောနေပြီဆိုတော့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ် ပေးလိုက်မယ်။ ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ်ပဲ။ နောက်တစ်ခါ ထပ်ဖြစ်ရင် ဒီဓားလိုပဲ မှတ်ထား။”
မင်းသမီး ဝူရွှမ်း သည် ဓားတစ်လက်ကို ဆွဲထုတ်ကာ ညင်သာစွာ ခါယမ်းလိုက်၏။
ချက်ချင်းပဲ ဓားသည် အပိုင်းပိုင်း ကျိုးပဲ့သွားရာ မြင်းစီးဓားပြ စစ်သူကြီးများ အားလုံး၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွားကြတော့၏။ ဤသိုင်းပညာက အရမ်းကို ကြောက်စရာကောင်းလွန်းလှသည်။
မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “ဒါပေမဲ့ ရှင်တို့ ပြောတဲ့ စကားတစ်ခွန်းကတော့ မှန်ပါတယ်။ ဒီနေ့ကစပြီး ရိုလန် နိုင်ငံတော်ဟာ မီးတောက်တွေထဲကနေ ပြန်လည် မွေးဖွားလာပြီ။ နိုင်ငံတစ်ခု တည်ထောင်လာပြီ ဆိုတာနဲ့အမျှ တိုင်းပြည် တည်ထောင်သူ အကျိုးဆောင်တွေ ပေါ်ထွက်လာတော့မယ်။ မြို့စားဘွဲ့၊ နယ်စားဘွဲ့တွေ ရရှိပြီး မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခွင့်ရမယ့် လူတစ်စု ပေါ်ထွက်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ မြင်းစီးဓားပြ ခေါင်းဆောင်များ အားလုံး၏ အသက်ရှူသံများ ပြင်းထန်လာတော့သည်။
လူအပေါင်းတို့သည် လျှောက်လှမ်းရန် လမ်းစမရှိတော့သည့်အဆုံး၌သာ မြင်းစီးဓားပြဘဝသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ အကယ်၍ မှူးမတ်တာဝန် ထမ်းဆောင်ခွင့်ရမည်ဆိုပါက မည်သူက မြင်းစီးဓားပြ လုပ်လိုပါမည်နည်း။
လူတိုင်းသည် ကျင်းကျုံးယွဲ့ကဲ့သို့ မြင်းစီးဓားပြဘဝကို ဘဝရည်မှန်းချက်အဖြစ် သတ်မှတ်ထားကြသည် မဟုတ်ပေ။ အမှန်စင်စစ် လူတိုင်းသည် ဂုဏ်အင်္ဂါနှင့် ချမ်းသာကြွယ်ဝမှုကိုသာ လိုလားတောင့်တကြသူများသာ ဖြစ်သည်။
လူအများက မြှောက်ပင့်ပြောဆိုနေကြသော်လည်း ဤရိုလန်နိုင်ငံဆိုသည်မှာ မိမိဘာသာ ကြေညာထားသော နိုင်ငံငယ်လေးတစ်ခုမျှသာ ဖြစ်ပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ အသိအမှတ်ပြုခြင်း မရှိပါက ဩဇာတိက္ကမနှင့် ပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။
“တာ့ရှ အင်ပါယာက ကိုယ်စားလှယ်အမတ် ဝင်လာပါစေ။” မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။
ချက်ချင်းပဲ တာ့ရှ အင်ပါယာ၏ ကိုယ်စားလှယ်အမတ် တစ်ဦးသည် ဖြည်းညင်းစွာ ဝင်ရောက်လာတော့၏။
လူတိုင်း အံ့ဩသွားကြတော့သည်။ ‘တာ့ရှ အင်ပါယာက ကိုယ်စားလှယ်အမတ် လာတယ် ဟုတ်လား။ ဒါက တကယ့်ကို ကောင်းကင်ဘုံ နိုင်ငံ၊ လောကရဲ့ တရားဝင် နိုင်ငံလေ။’
“တာ့ရှ ကိုယ်စားလှယ်အမတ်... ဘုရင်မကို အရိုအသေပေးပါတယ်။”
မင်းသမီး ဝူရွှမ်းက မေးလိုက်၏။ “တာ့ရှ ကိုယ်စားလှယ်အမတ်... ရှင် ကျွန်မတို့ ရိုလန်ကို လာတာ ဘာကိစ္စ ရှိလို့လဲ။”
တာ့ရှကိုယ်စားလှယ် အမတ်က ပြန်ဖြေလိုက်သည်။ “ရိုလန်နိုင်ငံနဲ့ သံတမန် အဆက်အသွယ် ပြုလုပ်ဖို့နဲ့ နိုင်ငံတော် သဝဏ်လွှာ လာရောက် ပေးအပ်ဖို့ အမိန့်တော် ရရှိလို့ပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူအားလုံး အံ့ဩတုန်လှုပ်သွားကြတော့၏။
‘တာ့ရှ အင်ပါယာက ရိုလန် နိုင်ငံတော်ကို အသိအမှတ် ပြုလိုက်ပြီ ဟုတ်လား။ ပြီးတော့ တရားဝင် သံတမန် အဆက်အသွယ် ပြုလုပ်ပြီး နိုင်ငံတော် သဝဏ်လွှာတောင် ပေးအပ်သေးတယ်။ ဒါ... ဒါဆိုရင် ဒီရိုလန်နိုင်ငံဟာ အတုအယောင် မဟုတ်တော့ဘဲ ချက်ချင်းကို ဩဇာတိက္ကမ ရှိသွားပြီပေါ့။’
တာ့ရှအင်ပါယာသည် ဤလောက၏ တရားဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပြီး သံတမန်ရေးရာ ဂုဏ်သတင်းအရ ဆိုလျှင်လည်း တာ့ရှဧကရာဇ်၏ ဩဇာတိက္ကမမှာ တာယင်အင်ပါယာ၊ တောင်ပိုင်းကျိုး အင်ပါယာနှင့် တာ့ရှီးအင်ပါယာတို့ထက်ပင် ပိုမိုကြီးမားသည်။
မည်သို့ပင်ဆိုစေကာမူ တာ့ရှအင်ပါယာသည် လက်ရှိလောက၌ အင်အား အကြီးမားဆုံးသော နိုင်ငံကြီး တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်၏။
ထိုသို့ဖြစ်ရာ တာ့ရှအင်ပါယာက အသိအမှတ်ပြုလိုက်သည်နှင့် တပြိုင်နက် ဤရိုလန်နိုင်ငံသည်လည်း စစ်မှန်သော တရားဝင်နိုင်ငံတစ်ခု ဖြစ်လာပေတော့မည်။
နောင်အနာဂတ်တွင် တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့သည်ပင်လျှင် မဖြစ်မနေ အသိအမှတ် ပြုကြရမှာဖြစ်သည်။
ထိုအခါ ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုတို့ကို အိပ်မက် မက်နေကြသော မြင်းစီးဓားပြခေါင်းဆောင် အားလုံးတို့သည် ချက်ချင်းပင် ဒူးထောက်ဂါရဝပြု၍ သစ္စာခံလိုက်ကြလေတော့၏။ “ဘုရင်မ သက်တော်ရာကျော် ရှည်ပါစေ... ဘုရင်မ သက်တော်ရာကျော် ရှည်ပါစေ။”
……………….
ယွင်ကျုံးဟဲ့သည် ရိုလန်မြို့မှ ထွက်ခွာပြီး တောင်ပိုင်းကျိုးအင်ပါယာသို့ ပြန်ရတော့မှာဖြစ်၏။ ယခုအခါ ပဉ္စမလ နှစ်ဆယ့်ငါးရက်နေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ တောင်ပိုင်းကျိုးအင်ပါယာမှ ထွက်ခွာလာခဲ့သည်မှာ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာဘက်တွင် နွေဦး စာမေးပွဲနှင့် နန်းတွင်း စာမေးပွဲများ ပြီးဆုံးသွားလောက်ပြီ ဖြစ်၏။
ထို့အပြင် ဧကရာဇ်ဟောင်း၏ တရားကျင့်ကြံမှုလည်း ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ အရင်က ၄၉ ရက် တရားကျင့်မည်ဟု ပြောထားခဲ့သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့ လာစဉ်တည်းက အစီအစဉ် ချမှတ်ထားပြီး ဖြစ်သည်။ အပြင်ဘက်တွင် အနည်းဆုံး ရက်ငါးဆယ်ခန့် နေထိုင်ပြီးမှ ပြန်ရန် ဖြစ်သည်။
ဧကရာဇ်ဟောင်းသည် မဖြစ်မနေ တရားကျင့်ကြံရမှာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အမိန့်တော်ကို ထုတ်ပြန်ကာကြီးမားသော လှုပ်ရှားမှုကြီး တစ်ခုကို ပြုလုပ်ခဲ့သောကြောင့် ဖြစ်၏။
သူ၏ သနားညှာတာမှုကို ပြသရန်နှင့် လောကီရေးရာများကို လုံးဝ စိတ်မဝင်စားကြောင်း ပြသရန်အတွက် ဧကရာဇ်ဟောင်းသည် ချက်ချင်း အတန်ကြာ ငြိမ်သက်နေရမှာဖြစ်သည်။
ထို့ကြောင့် ဤအခွင့်အရေးကို အသုံးပြုကာ လန်ကျိုး ဒုက္ခသည်များအတွက် ၄၉ ရက်တိတိ ဆုတောင်းပေးခဲ့ခြင်း ဖြစ်၏။
ထို့အပြင် သူသည် ဝူဝေ့ ဧကရာဇ်ဟောင်း ဖြစ်ပြီး အဆုံးအစ မရှိသော စွမ်းအားများ ရှိသောကြောင့်၊ သူ၏ ဆုတောင်းပေးမှုကြောင့် နောက်ဆက်တွဲ အနေဖြင့် ရာသီဥတု သာယာလာမည်ဖြစ်ပြီး ဒုက္ခသည်များ အခက်အခဲကို ကျော်လွှားနိုင်ရန် ကူညီပေးနိုင်မှာ ဖြစ်သည်။
သို့ပေမည့် ဧကရာဇ်ဟောင်း တရားကျင့်ကြံနေပါက မည်သည့် အသံမှ ထွက်ပေါ်လာမည် မဟုတ်ချေ။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သာ တောင်ပိုင်းကျိုး မြို့တော်တွင် ရှိနေမည်ဆိုပါက အလွန် အန္တရာယ်များမှာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း သူသည် ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို အသုံးချ၍ မရသလို ဧကရာဇ်ဟောင်း၏ အမိန့်တော်ကိုလည်း ထုတ်ပြန်၍ မရနိုင်သောကြောင့် ဖြစ်သည်။ ၎င်းမှာ သူ၏ အစွမ်းအစများ ပိတ်လှောင်ခံထားရသကဲ့သို့ပင် ဖြစ်၏။
ရန်သူများ၏ ပွင့်လင်းသော တိုက်ခိုက်မှုများနှင့် လျှို့ဝှက်သော လုပ်ကြံမှုများကို ကာကွယ်ရန် ခက်ခဲမည်ဖြစ်ရာ ဤကာလအတွင်း ရှောင်ရှားနေခြင်းက အကောင်းဆုံး ဖြစ်သည်။
ယခုအခါ ဧကရာဇ်ဟောင်းလည်း တရားကျင့်ကြံမှု ပြီးဆုံးသွားပြီဖြစ်ပြီး ယွင်ကျုံးဟဲ့သည်လည်း ကြီးမားသော လှုပ်ရှားမှုများကို ပြုလုပ်နိုင်သည့် အစွမ်းအစများကို ပြန်လည် ရရှိသွားပြီဖြစ်ရာ အိမ်သို့ ပြန်နိုင်ပြီ ဖြစ်၏။
သေချာပေါက် ဤကြီးမားသော လှုပ်ရှားမှုကို အလွယ်တကူ အသုံးပြု၍ မရနိုင်သော်လည်း ဤအစွမ်းအစ ရှိနေသရွေ့ ရန်သူများလည်း အလွယ်တကူ ရန်မစရဲတော့ချေ။
ကျင်းကျုံးယွဲ့နှင့် ကလေး နှစ်ယောက်ကို လျှို့ဝှက်စွာ နှုတ်ဆက်ပြီးနောက် ယွင်ကျုံးဟဲ့သည် ခရီးစဉ်ကို စတင်ခဲ့သည်။
မင်းသမီး ဝူရွှမ်းက သူ့ကို စကားတစ်ခွန်း ပြောလိုက်၏။ “တောင်ပိုင်းကျိုးအင်ပါယာမှာ အရမ်းကြီး မရူးသွပ်နဲ့။ တကယ် ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်မိလိမ့်မယ်။”
ရိုလန်မြို့မှ ထွက်ခွာလာပြီးနောက် ယွင်ကျုံးဟဲ့သည် ဤမြေပြင်သစ်ပေါ်တွင် မြင်းစီးကာ ထွက်ခွာလာခဲ့သည်။
မီးလောင်ကျွမ်းထားသော မြေပြင်သည် ကျောက်တုံးများကဲ့သို့ မာကျောနေပြီး ဖန်သားပြင်နှင့် ဆင်တူသော အရောင်အသွေးများ ထွက်ပေါ်နေသောကြောင့် အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလို့နေ၏။
ကြည့်ရသည်မှာ ဤမြေပြင်တွင် ရေနံများအပြင် အခြား ဓာတ်သတ္တုများလည်း အများအပြား ရှိနေပုံ ရ၏။ အဘယ်ကြောင့်ဆိုသော် သာမန် မြေကြီးများကို မီးရှို့ရုံဖြင့် ဤကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး မရနိုင်သောကြောင့် ဖြစ်သည်။
ဆယ်မိုင်ခန့် ထွက်ခွာလာပြီးနောက် ယွင်ကျုံးဟဲ့သည် မနေနိုင်ဘဲ နောက်သို့ လှည့်ကာ ရိုလန်မြို့ကို ကြည့်လိုက်မိ၏။
ရက်အနည်းငယ် အတွင်းမှာပဲ ရိုလန်မြို့ တစ်ခုလုံးသည် ယခင်ကကဲ့သို့ စည်ကားလာပြန်၏။ ထို့အပြင် မကြာမီမှာပင် ပို၍ပို၍ စည်ကားလာတော့မှာ ဖြစ်သည်။
မင်းသမီး ဝူရွှမ်းသည် ကျင်းကျုံးယွဲ့နှင့် မတူညီချေ။ သူမ၏ လက်ထဲတွင် ဤရိုလန်မြို့သည် သေချာပေါက် တောက်ပလာမှာဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လာချိန်တွင် လုံးဝ ကွဲပြားခြားနားနေမှာ ဖြစ်၏။
တောင်ခြေတွင် အမှန်တကယ် ခိုင်ခံ့သော မြို့ကြီး တစ်မြို့ ပေါ်ထွက်လာမည်ဖြစ်ပြီး ဤ ရိုလန် နိုင်ငံတော်သည် အမှန်တကယ်ပင် ပေါ်ပေါက်လာနိုင်ခြေ ရှိသည်။
“သွားကြစို့...” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
သို့ပေမည့် ထိုအချိန်တွင်ပင် အနောက်မှ အလျင်စလို မြင်းခွာသံများ ထွက်ပေါ်လာသောကြောင့် ယွင်ကျုံးဟဲ့ နောက်သို့ လှည့်ကြည့်လိုက်ရသည်။
‘ကျင်းကျုံးယွဲ့ ပါလား။ ယွင်ကျုံးဟဲ့ မူလ ရုပ်ရည် ပြန်မရမချင်း သူမကို လုံးဝ မထိရဘူးလို့ သူမက ရှင်းရှင်းလင်းလင်း ပြောထားခဲ့တာလေ။ သူမ ဘာလို့ လိုက်လာတာလဲ။’
“ကျွန်မနောက် လိုက်ခဲ့။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ရှင် တစ်ယောက်တည်းပဲ လိုက်ခဲ့။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားရသည်။ ‘ဘာလုပ်ဖို့လဲ။ မင်း မခံနိုင်တော့လို့ ငါ့ကို နှိပ်စက်ချင်နေတာလား။’
သူ မြင်းကို လှည့်ကာ ကျင်းကျုံးယွဲ့၏ နောက်သို့ လိုက်ပါသွားတော့၏။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ရိုလန်မြို့သို့ ပြန်မသွားဘဲ မြောက်ဘက်သို့ တောက်လျှောက် ဦးတည်သွားတော့သည်။
မိုင်ဆယ်ချီခန့် အဝေးသို့ ရောက်ရှိသွားပြီး ဝေးလံခေါင်ဖျားသော တောင်ကြားတစ်ခု အတွင်းသို့ ဝင်ရောက်သွားတော့၏။
ယွင်ကျုံးဟဲ့ အံ့ဩသွားရသည်။ ‘ဒါ ဘာလုပ်မလို့လဲ။’
ကျင်းကျုံးယွဲ့သည် ပြောသည့်အတိုင်း လုပ်ဆောင်တတ်သူ ဖြစ်သောကြောင့် သူမသည် ယွင်ကျုံးဟဲ့ နှင့် ရင်းနှီးရန်အတွက် ဤနေရာသို့ ခေါ်ဆောင်လာခြင်း လုံးဝ မဟုတ်ဘဲ သေချာပေါက် အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် မည်သည့် ကိစ္စနည်း။
ဂူပေါက် တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာချိန်မှာတော့ ကျင်းကျုံးယွဲ့ နောက်ဆုံးတွင် ရပ်တန့်သွားပြီး ပြောလိုက်၏။ “ရှင် ဝင်သွားလိုက်ပါ။ အထဲမှာ လူတစ်ယောက် ရှင့်ကို စောင့်နေတယ်။”
ထို့နောက် သူမသည် ဂူပေါက် အပြင်ဘက်တွင်သာ စောင့်နေတော့၏။ သူမကိုယ်တိုင် ထိုလူနှင့် သွားမတွေ့ချင်သလို ယွင်ကျုံးဟဲ့ နှင့် ထိုလူ၏ စကားများကိုလည်း မကြားချင်ကြောင်း ထင်ရှားသည်။
ယွင်ကျုံးဟဲ့၏ နှလုံးသား ရုတ်တရက် ခုန်ပေါက်သွားတော့သည်။ ဂူထဲတွင် ရှိနေသူမှာ မည်သူဖြစ်ကြောင်း သူ ခန့်မှန်းမိသွားပြီ ဖြစ်၏။
ယခင်က သူနှင့် မတွေ့ဆုံခဲ့သော်လည်း ယခုအခါ သူ မိုင်ဆယ်ချီ အကွာအဝေးသို့ ရောက်ရှိနေချိန်မှ အလောတကြီး ခေါ်ယူတွေ့ဆုံရခြင်းမှာ တစ်ခုခု ဖြစ်ပျက်နေပြီ ဆိုသည်မှာ သေချာလို့နေသည်။
‘သေချာပေါက် ကြီးမားတဲ့ ပြဿနာ တစ်ခုခု ဖြစ်နေပြီပဲ။’
ယွင်ကျုံးဟဲ့သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဂူအတွင်းသို့ ဝင်ရောက်သွားတော့၏။
အတွင်း၌ ကျောက်စားပွဲ တစ်လုံးရှိပြီး ဖယောင်းတိုင် တစ်တိုင် ထွန်းထားကာ လူတစ်ယောက် ထိုင်နေ၏။ ကျောပြင်ကို ကြည့်ရုံဖြင့် မည်သူဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိရှိသွားတော့သည်။
“ကျုပ် အဖေ့ကို ဂါရဝပြုပါတယ်။” ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ပြောလိုက်၏။
ထိုလူမှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ အနောက်တောင်ပိုင်း စစ်သေနာပတိ ဖုန်းရှင်းမြဲ့ ပင်ဖြစ်သည်။
“သား..”
ဖုန်းရှင်းမြဲ့ သည် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တက်လာကာ ယွင်ကျုံးဟဲ့၏ ပခုံးနှစ်ဖက်ကို ကိုင်ထားလိုက်၏။ “ဆယ့်ရှစ်လ တိတိ ရှိသွားပြီ။”
ဟုတ်ပေသည်။ ယွင်ကျုံးဟဲ့ သည် တောင်ပိုင်းကျိုးအင်ပါယာတွင် လျှို့ဝှက် နေထိုင်လာခဲ့သည်မှာ ဆယ့်ရှစ်လ တိတိ ရှိသွားပြီ ဖြစ်သည်။ အချိန် အရမ်း မြန်သွားသည်လား၊ သို့မဟုတ် အရမ်း နှေးသွားသည်လား ဆိုတာတောင် မပြောတတ်တော့ချေ။
“သားက အရမ်း တော်တာပဲ။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်နဲ့ ခေါင်းဆောင်တို့တောင် အံ့ဩသွားကြတယ်။ မင်းက မျှော်လင့်မထားတဲ့ လမ်းကြောင်းကနေ သွားပြီး တောင်ပိုင်းကျိုး နန်းတွင်းမှာ အထူးခြားဆုံး လူတစ်ယောက် ဖြစ်လာကာ အထူး အာဏာ တစ်ခုကို ရယူနိုင်ခဲ့မယ်လို့ ဘယ်သူမှ မထင်ခဲ့မိဘူး။
သား... မင်းက မင်းရဲ့ စွမ်းရည်တွေကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပြီ။ မင်းရဲ့ ပါရမီတွေကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပြီ။ ဒီ ဆယ့်ရှစ်လအတွင်းမှာ မင်းဟာ နိုင်ငံရေး အားပြိုင်မှု ပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အကြိမ်တိုင်းမှာ ကြီးမားတဲ့ အောင်ပွဲတွေ ရရှိခဲ့တယ်။
ဒါက မင်းဆီမှာ ဉာဏ်ပညာတွေ ရှိရုံသာမက နိုင်ငံရေး နည်းဗျူဟာတွေလည်း ရှိတယ်၊ နိုင်ငံရေး အမြင်တွေ၊ အကဲဖြတ်မှုတွေလည်း အရမ်း မြင့်မားတယ်ဆိုတာကို ပြသနေတာပဲ။ တော်တယ်... အရမ်း တော်တယ်။”
ဖုန်းရှင်းမြဲ့သည် ချီးကျူးစကားများကို လုံးဝ မနှမြောဘဲ သူ၏ အကြည့်များတွင်လည်း အလွန် ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “အဖေ... သားက ဘာအကျိုးဆောင်မှုမှ မရှိသေးပါဘူး။ အဖေ့ရဲ့ ချီးကျူးမှုတွေနဲ့ မထိုက်တန်သေးပါဘူး။”