← Chapters

အခန်း ၄၇၃

Vol. 40 Ch. 473

အခန်း ၄၇၃

Vol. 40 Ch. 473

အပိုင်း (၄၇၃)

အချိန်အတော်ကြာပြီးမှသာ ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “သား.. မင်းရဲ့ ရည်မှန်းချက်တွေကို ငါ အရမ်း လေးစားပါတယ်။ ငါ တွေးတောင် မတွေးရဲတဲ့ အရာတွေပါ။ ဒါပေမဲ့... မင်းမှာ အခွင့်အရေး မရှိတော့ဘူး။ မင်း မဖြစ်မနေ အိမ်ပြန်ရလိမ့်မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဖေ... တကယ် ဘာတွေ ဖြစ်သွားတာလဲ။ ကျုပ်ရဲ့ လျှို့ဝှက် တာဝန်ကို ဘာလို့ စောစောစီးစီး အဆုံးသတ်ခိုင်းရတာလဲ။ ဒါက လုံးဝ ယုတ္တိမရှိဘူးလေ။”

ဖုန်းရှင်းမြဲ့က ပြန်ဖြေလိုက်၏။ “မင်းရဲ့ အသက်အန္တရာယ်ကို စဉ်းစားပြီး မင်း တောင်ပိုင်းကျိုးအင်ပါယာကို ပြန်သွားလို့ မဖြစ်တော့ဘူး။ ပြန်သွားတာနဲ့ ချက်ချင်း သေရမှာပဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “မဖြစ်နိုင်ပါဘူး။ အရင်တုန်းက အဲဒီလူတွေ ကျုပ်ကို သတ်ချင်ခဲ့ကြတယ်။ ဧကရာဇ်ဝမ်ယွင်တောင်မှ ကျုပ်ကို သေစေချင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ အားလုံး ကျရှုံးခဲ့တယ်။ မကြာသေးခင်ကတောင် ဧကရာဇ် ဝမ်ယွင်ဟာ ကျုပ်ရဲ့ ဖိအားပေးမှုကြောင့် လူသိရှင်ကြား အပြစ်ဝန်ခံခဲ့ရသေးတယ်လေ။

လောက တစ်ခုလုံးကို အပြစ်ဝန်ခံခဲ့ရတာ။ အခု ကျုပ်က ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရတဲ့သူ ဖြစ်နေပြီ။ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်တွေကို ထုတ်ပြန်ပိုင်ခွင့် ရှိနေပြီ။ ဒီလို ရွှေရောင် အလွှာကြီး ရှိနေတော့ ဘယ်သူမှ ကျုပ်ကို မသတ်ရဲပါဘူး။”

သို့ပေမည့် ဤစကားကို ပြောဆိုပြီးနောက် ယွင်ကျုံးဟဲ့၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားတော့၏။

ထို့နောက် သူ တုန်ယင်စွာဖြင့် မေးလိုက်သည်။ “ဒါ... ဒါများ...”

ဖုန်းရှင်းမြဲ့က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။ မင်း ခန့်မှန်းတာ မှန်တယ်။”

ယွင်ကျုံးဟဲ့က တုန်ယင် အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဧကရာဇ်ဟောင်း တစ်ခုခု ဖြစ်သွားတာလား။”

ဖုန်းရှင်းမြဲ့က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။ “တစ်ခုခု ဖြစ်သွားရုံတင် မကဘူး။ ဖြစ်နိုင်ခြေ အရမ်း များတာက... အဲဒီ ဧကရာဇ်ဟောင်း နတ်ရွာစံ သွားလောက်ပြီ။”

ဖုန်းရှင်းမြဲ့၏ ဤစကားမှာ ယွင်ကျုံးဟဲ့၏ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားသည်။ ‘နတ်ရွာစံ သွားပြီ ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ အရင်က ဘာလက္ခဏာမှ မရှိခဲ့ပါဘူး။ ဒါမှမဟုတ် တစ်ခုတည်းသော လက္ခဏာက ဧကရာဇ်ဟောင်းက ရက် ၄၉ ရက် တရားထိုင်မယ်လို့ ကြေညာခဲ့တာပဲ ရှိတယ်။’

ဧကရာဇ်ဟောင်း၏ တရားဘာဝနာပွားများသည့် ကာလပြီးဆုံးပြီဖြစ်၍ တောင်ပိုင်းကျိုးမြို့တော်သို့ ပြန်လည် သွားရောက်နိုင်ပြီဖြစ်ကြောင်း ယွင်ကျုံးဟဲ့က ပြောခဲ့သေးသည်။ သို့သော်ငြား ယခုမူ ယွင်ကျုံးဟဲ့ တစ်ယောက် မြို့တော်သို့ ပြန်လည်မရောက်ရှိသေးမီမှာပင် ဧကရာဇ်ဟောင်း နတ်ရွာစံလောက်ပြီဟု ကြားသိလိုက်ရလေ၏။

ဤသတင်းစကားသည် ယွင်ကျုံးဟဲ့အတွက်မူ ကောင်းကင်နှင့် မြေကြီး တပြိုင်နက် ပြိုကျပျက်စီးသွား သကဲ့သို့ပင် ဖြစ်တော့၏။ သို့ရာတွင် ဤမျှလောက် အစွမ်းထက်လှသော ဧကရာဇ်ဟောင်းသည် ဤကဲ့သို့သော အချိန်အခါမျိုး၌ နတ်ရွာစံလိမ့်မည်ဟူသော အချက်ကိုမူ ယွင်ကျုံးဟဲ့ လုံးဝမယုံကြည်နိုင်ဘဲ ရှိနေမိတော့သည်။

ယွင်ကျုံးဟဲ့ သည် ဤသတင်း သေချာမှု ရှိမရှိကို လုံးဝ မမေးမြန်းခဲ့ချေ။ တာယင်အင်ပါယာ ဟေးလုံထိုင်ထံမှ ထွက်ပေါ်လာသော သတင်းတစ်ပုဒ်သည် မည်သို့လျှင် သေချာမှု မရှိဘဲ နေမည်နည်း။

ထို့အပြင် ဤသည်မှာ ယခုလေးတင်မှ ဖြစ်ပျက်ခဲ့သောကိစ္စရပ် မဟုတ်ဘဲ ဟေးလုံထိုင်မှ အကြိမ်ကြိမ် အတည်ပြုပြီးနောက် ဧကရာဇ်မင်းမြတ်ထံသို့ အစီရင်ခံကာ ဧကရာဇ်၏ အမိန့်တော်ကို ဖုန်းရှင်းမြဲ့ ထံသို့ ထပ်မံ ပို့ဆောင်ပေးခဲ့ခြင်းသာ ဖြစ်သည်။

“သား.. အဖေက ပိုင်ရှင်မဲ့နယ်မြေမှာ ရှိနေရင်းနဲ့ မင်းတို့ဘက်က စစ်ရေး အခြေအနေတွေကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာပါ။ မြို့တော်ကို မသွားဖြစ်တာတောင် အတော်လေးကြာနေပါပြီ။ အမိန့်တော် လာပို့တဲ့သူက ဘယ်သူလဲဆိုတာ မင်း သိလား။” ဖုန်းရှင်းမြဲ့က မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကုန်းစွန်းယန် ပါ။”

“ဟုတ်တယ်။” ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။

ဤကိစ္စ၏ အရေးပါမှုမှာ အလွန်ကြီးမားလေသည်။ ကုန်းစွန်းယန် သည် တာယင်အင်ပါယာ ဟေးလုံထိုင်၏ ခေါင်းဆောင်ဖြစ်ပြီး သူကိုယ်တိုင် ပိုင်ရှင်မဲ့နယ်မြေသို့ လာရောက်ကာ ဧကရာဇ်၏ အမိန့်တော်ကို ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

“သား.. မင်းကို အိမ်ပြန်လာပြီး ဟေးလုံထိုင်ရဲ့ ပိုင်ရှင်မဲ့နယ်မြေ ဌာနကို အုပ်ချုပ်ခိုင်းတာက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ပါ။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “သား.. တောင်ပိုင်းကျိုးကို ပြန်မသွားပါနဲ့တော့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဖေ... ထျန်းယန် ဧကရာဇ်ဟောင်း နတ်ရွာစံသွားပြီ ဆိုတဲ့ကိစ္စက သေချာသွားပြီလား။”

“လုံးဝတော့ မသေချာသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အရမ်း များနေပြီ။” ဖုန်းရှင်းမြဲ့က ပြန်ဖြေလိုက်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်၏။ “အဖေ... ဘာလို့ ဒီလို ဖြစ်ရတာလဲ။”

ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။ ထိုစဉ်က ထျန်းယန် ဧကရာဇ် နန်းစွန့်လိုက်ခြင်းမှာ အလွန် ရုတ်တရက် ဆန်လွန်းပြီး မည်သည့် ကြိုတင် လက္ခဏာမှ မရှိခဲ့ချေ။

ထိုအချိန်က တောင်ပိုင်းကျိုး နန်းတွင်း တစ်ခုလုံးသည် ထျန်းယန် ဧကရာဇ် နန်းသက် အနှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး တစ်ခုကို ကျင်းပရန်ပင် ပြင်ဆင်နေကြဆဲ ဖြစ်သည်။

ရလဒ်အနေဖြင့် ဤပွဲတော်ကြီး မကျင်းပရသေးမီမှာပင် ဧကရာဇ် ဝမ်ယွင် ထံမှ အမိန့်တော် ထွက်ပေါ်လာခဲ့ပြီး ထီးနန်းကို အိမ်ရှေ့စံမင်းသားထံ လွှဲပြောင်းပေးကာ ထျန်းယန် ဧကရာဇ်ကိုယ်တိုင် ရှန်ချင်းနန်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံရေးကိစ္စများကို လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ကြောင်းကြေညာခဲ့၏။

ထို့အပြင် ဤကဲ့သို့ လျှို့ဝှက် နေထိုင်နေစဉ်အတွင်း ဧကရာဇ်ဟောင်းသည် ဝူဝေ့ နန်းဆောင် အတွင်း၌သာ အမြဲတမ်း ရှိနေခဲ့ပြီး တစ်ခါမှ အပြင်သို့ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။ ဤအရာများ အားလုံးမှာ အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းလေသည်။

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “အဲဒီတုန်းက ထျန်းယန် ဧကရာဇ် ဘာလို့ ရုတ်တရက် နန်းစွန့်ခဲ့တာလဲ။ အဆိပ်မိလို့လား၊ ဖျားနာလို့လား၊ ဒါမှမဟုတ် တခြား အကြောင်းရင်း ရှိသေးလား။”

ဖုန်းရှင်းမြဲ့ သည် ခေတ္တ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “သား.. ဒါက အင်ပါယာရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက် တစ်ခုပါ။ ငါတို့ ဟေးလုံထိုင်က ရရှိခဲ့တဲ့ သတင်းအချက်အလက်တောင် မဟုတ်ပါဘူး။ ဧကရာဇ်မင်းမြတ်က တခြား လျှို့ဝှက်လမ်းကြောင်း တစ်ခုကနေတစ်ဆင့် ရရှိခဲ့တဲ့ လျှို့ဝှက်ချက် တစ်ခုပါ။

မူလက ငါ သိခွင့် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းနဲ့ ထျန်းယန် ဧကရာဇ်တို့ သက်ဆိုင်နေလို့ ဧကရာဇ်မင်းမြတ်က ငါ့ကို နည်းနည်းပါးပါး ပြောပြခဲ့တာပါ။”

ယွင်ကျုံးဟဲ့၏ နားရွက်များ အလိုအလျောက် ထောင်မတ်သွားတော့၏။ ဤကိစ္စသည် ဤကမ္ဘာလောက၏ အမြင့်ဆုံး လျှို့ဝှက်ချက် တစ်ခု ဖြစ်ကြောင်း ထင်ရှားလေသည်။

“ထျန်းယန် ဧကရာဇ်ဟာ တောင်ပိုင်းကျိုးအင်ပါယာကို ပြန်လည် ထူထောင်နိုင်ခဲ့တဲ့ ဧကရာဇ် တစ်ပါး ဖြစ်ရုံသာမက လွန်ခဲ့တဲ့ နှစ်ရာချီအတွင်း တောင်ပိုင်းကျိုးရဲ့ အစွမ်းထက်ဆုံး ဧကရာဇ် တစ်ပါးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးဆောင်မှုတွေဟာ တောင်ပိုင်းကျိုး တည်ထောင်သူ ဧကရာဇ် ပြီးရင် ဒုတိယနေရာမှာ ရှိပါတယ်။” ဖုန်းရှင်းမြဲ့က ပြောလိုက်၏။

အမှန်တကယ်ပင် ဤသို့ ဖြစ်ခဲ့ခြင်းပင်။ ထို့ကြောင့် ဤလူနှစ်ဦးစလုံးသည် နောက်ဆုံးတွင် မိမိကိုယ်မိမိ နတ်ဘုရား တစ်ပါးနီးပါးအဖြစ် တင်မြှောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

တောင်ပိုင်းကျိုး တည်ထောင်သူ ဧကရာဇ်ကို တာ့ဖာရှန့်ကျွင်းဟု ခေါ်ဆိုပြီး ထျန်းယန် ဧကရာဇ်ကို ဝူဝေ့ ဧကရာဇ်ဟောင်းဟု ခေါ်ဆိုကြ၏။

ဖုန်းရှင်းမြဲ့က ဆက်ပြောလိုက်သည်။ “ဧကရာဇ် တစ်ပါး အနေနဲ့ ဒီလို အဆင့်အထိ ရောက်လာတဲ့အခါ သူ အကြောက်ဆုံး အရာက ဘာဖြစ်မလဲ။”

“သေဆုံးခြင်း။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။

“ဟုတ်တယ်။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “သေဆုံးခြင်းပဲ။ ထျန်းယန် နန်းသက် အနှစ်ငါးဆယ် ပြည့်တဲ့ အချိန်မှာ သူဟာ အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီ။ တောင်ပိုင်းကျိုးနိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ်ရာချီကာလအတွင်း ဧကရာဇ်တွေရဲ့ သက်တမ်းဟာ အသက် ခုနစ်ဆယ်ကျော်တဲ့သူ သိပ်မရှိဘူး။ ထျန်းယန် ဧကရာဇ်ကလည်း သူ နောက်ထပ် နှစ်အနည်းငယ်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ထင်ခဲ့ပေမယ့် သူ မသေချင်ဘူးလေ။”

ထျန်းယန်ဧကရာဇ်သည် အဘယ်ကြောင့် အသက်ကို စွန့်လွှတ်လိုပါမည်နည်း။ သူ့၌ ကြီးမားလှသော အရှိန်အဝါ၊ ဂုဏ်သတင်းများနှင့် တန်ခိုးအာဏာများ ရှိနေသည့်အပြင် ပြီးမြောက်အောင်မြင်အောင် မဆောင်ရွက်ရသေးသော ကြီးမားလှသည့် ရည်မှန်းချက်များစွာလည်း ကျန်ရှိနေသေးသည် မဟုတ်ပါလား။

ဖုန်းရှင်းမြဲ့က မေးလိုက်၏။ “ဧကရာဇ် တစ်ပါးက မသေချင်ဘူးဆိုရင် ဘာလုပ်မလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ထာဝရ အသက်ရှင်ဖို့ ကြိုးစားမှာပေါ့။”

“ဟုတ်တယ်။”

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ထာဝရ အသက်ရှင်ဖို့ကြိုးစားမှာပဲ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အတော်များများ တည်းက ထျန်းယန် ဧကရာဇ်ဟာ တရားကျင့်ပြီး ဆေးဝါးတွေ ဖော်စပ်နေခဲ့တာပါ။ ရလဒ်ကတော့ တစ်ခုခု မှားယွင်းသွားတာပဲ။

တရားကျင့်တဲ့ နည်းလမ်း မှားသွားတာ ဖြစ်နိုင်သလို ဆေးဝါး ဖော်စပ်တာ မှားသွားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ထူးဆန်းတဲ့ ဆေးဝါး တစ်ခုခုကို စားသုံးမိပြီး မှားယွင်းသွားတာလည်း ဖြစ်နိုင်တယ်။

အဲဒီအချိန်မှာ သူ ချက်ချင်း လဲကျသွားပြီး ခန္ဓာကိုယ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့် သူ နန်းစွန့်ပြီး ဧကရာဇ် ဝမ်ယွင်ကို ထီးနန်း လွှဲပြောင်းပေးခဲ့ရတာပဲ။”

‘ဒီလို အကြောင်းရင်းမျိုး ဖြစ်နေတာကိုး။ ထာဝရ အသက်ရှင်ဖို့ကြိုးစားရင်း အမှားအယွင်း ဖြစ်သွားလို့ နန်းစွန့်ပြီး လျှို့ဝှက် နေထိုင်ခဲ့ရတာပေါ့။’

ဖုန်းရှင်းမြဲ့က ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထျန်းယန် ဧကရာဇ်ဟောင်းဟာ လန်ကျိုး ဒုက္ခသည်တွေအတွက် ဆုတောင်းပေးဖို့ ဆိုပြီး ၄၉ ရက်တိတိ တရားထိုင်ခဲ့တယ်။ တကယ်တော့ အဲဒါက သူ့ရဲ့ ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ဖြစ်နေပြီဆိုတာကို သူ သိလိုက်လို့ တရားထိုင်ခဲ့တာပါ။ ဒါပေမဲ့ တရားထိုင်တဲ့ ရက်ပြည့်သွားတဲ့ အချိန်မှာတောင် သူ ပြန်ထွက်မလာခဲ့ဘူး။”

“ပြန်ထွက်မလာဘူး ဟုတ်လား။”

ထျန်းယန်ဧကရာဇ်ဟောင်းသည် ကိုယ်တိုင်ကိုယ်ကျ အပြင်သို့ ထွက်လာလိမ့်မည် မဟုတ်သကဲ့သို့၊ ကိုယ်တိုင်ကိုယ်ကျ စကားပြောဆိုလိမ့်မည်လည်း မဟုတ်ပေ။

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “တရားထိုင်တဲ့ ရက်ပြည့်သွားတဲ့ အချိန်မှာ ရှန်ချင်းနန်းဆောင်က မိန်းမစိုးတွေနဲ့ မင်းသမီး ရှန်ရှန်း တို့ဟာ ထျန်းယန် ဧကရာဇ်ဟောင်း တရားထိုင်တာ ပြီးဆုံးသွားလို့ သွားရောက် ဂါရဝပြုဖို့ ပြင်ဆင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနေ့က ဝူဝေ့ နန်းဆောင်ထဲကနေ ဘာအသံမှ ထွက်မလာခဲ့ဘူး။”

ဧကရာဇ်ဟောင်းသည် ရှန်ချင်းနန်းဆောင်တွင် လျှို့ဝှက် နေထိုင်ပြီးတည်းက မည်သူကမှ သူ့ကို မတွေ့ရတော့ချေ။ မိန်းမစိုးအိုကြီး ဟောက်ချန်ပင်လျှင် ဝူဝေ့ နန်းဆောင်၏ အပြင်ဘက်တွင်သာ ရပ်နေခွင့် ရှိပြီး အတွင်းသို့ ဝင်ရောက်ခွင့် မရှိသလို ဧကရာဇ်ဟောင်း၏ အသံကို သာကြားရပြီး လူကို မမြင်ရချေ။

“ထျန်းယန် ဧကရာဇ်ဟောင်းဟာ ဝူဝေ့ နန်းဆောင်ထဲမှာ တရားကျင့်နေတဲ့ အချိန်မှာ အထဲမှာ တာအို ဆရာကြီးတွေ အဖော်ပြုပေးနေလေ့ ရှိတယ်။ သူတို့က ဘယ်တော့မှ အပြင်မထွက်လေ့ မရှိဘူး။ ဒါပေမဲ့ အဲဒီနေ့က ဝူဝေ့ နန်းဆောင်ထဲကနေ တာအိုဘုန်းကြီး နှစ်ပါး ရုတ်တရက် ထွက်လာပြီး ရှန်ချင်းနန်းဆောင်ကနေ တိုက်ရိုက် ထွက်ခွာသွားကြတယ်။”

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ဒါတင်မကသေးဘူး။ ဧကရာဇ် ဝမ်ယွင်က ရှန်ချင်းနန်းဆောင်ကို အတင်း ဝင်ရောက်ခဲ့သလို ဝူဝေ့ နန်းဆောင်ထဲထိပါ အတင်း ဝင်ရောက်ခဲ့တယ်။”

ယွင်ကျုံးဟဲ့၏ မျက်လုံးများကျုံ့သွားတော့၏။ ဤလက္ခဏာမှာ ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလေ၏။ ဧကရာဇ် ဝမ်ယွင် သည် ရှန်ချင်းနန်းဆောင်ကို အတင်း ဝင်ရောက်ပြီး ဝူဝေ့နန်းဆောင်ထဲ အတင်း ဝင်ရောက်ခဲ့ခြင်းမှာ သူ အတော်လေး သေချာနေမှသာ ဤသို့ လုပ်ဆောင်ရဲမှာဖြစ်သည်။

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “သား.. ဒါကြောင့် ထျန်းယန် ဧကရာဇ်ဟောင်းဟာ နတ်ရွာစံ မသွားသေးရင်တောင်မှ အခြေအနေ အရမ်း ဆိုးနေလောက်ပြီ။ အကယ်၍ မင်းသာ အခုချိန်မှာ တောင်ပိုင်းကျိုးမြို့တော်ကို ပြန်သွားရင် ဘာတွေ ဖြစ်လာမလဲဆိုတာ မင်း သိလား။”

ယွင်ကျုံးဟဲ့ သေချာပေါက် သိရှိသည်။ ရှီးမန်ပေါက်၏ ဇာတ်လမ်း ပြန်လည် ဖြစ်ပေါ်လာတော့မှာ ဖြစ်၏။ နတ်ဆရာ တစ်ဦးက မြစ်စောင့်နတ်ကို ပူဇော်ပသမည်ဟု အကြောင်းပြကာ ငွေကြေးများ လိမ်လည် တောင်းခံခဲ့ပြီး ကလေးငယ် ယောက်ျားလေးနှင့် မိန်းကလေးများကို တဝုန်းဝုန်း စီးဆင်းနေသော မြစ်ရေထဲသို့ ပစ်ချကာ မြစ်စောင့်နတ်ကို ပူဇော်ပသသည်ဟု ဆိုခဲ့သည်။

ရလဒ်အနေဖြင့် ရှီးမန်ပေါက် ရာထူးတက်လာချိန်မှာတော့ ထိုနတ်ဆရာကို တဝုန်းဝုန်း စီးဆင်းနေသော ရေလွှမ်းမိုးမှုကြီးထဲသို့ တိုက်ရိုက် ပစ်ချလိုက်ပြီး နတ်ဆရာကိုယ်တိုင် မြစ်စောင့်နတ်ကို သွားရောက် ပူဇော်ပသခိုင်းခဲ့၏။

ယခုအခါ ဧကရာဇ် ဝမ်ယွင်သည် ရှီးမန်ပေါက် ဖြစ်လာမည်ဖြစ်ပြီး ယွင်ကျုံးဟဲ့ မှာမူ ထိုနတ်ဆရာ ဖြစ်လာမှာ ဖြစ်သည်။

‘ခင်ဗျား အောက်ယွီက ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရတဲ့သူ မဟုတ်ဘူးလား။ ခင်ဗျားက ဧကရာဇ်ဟောင်းကို ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ဆန္ဒရှိလား။’

.................

All Chapters