← Chapters

အခန်း ၃၂၉

Vol. 19 Ch. 329

အခန်း ၃၂၉

Vol. 19 Ch. 329

အပိုင်း (၃၂၉) အားဖြည့်ဆရာကြီး ဖန်ကျန်းရီ။

ဝက်ဆီများကို ကျန်းပြောင်၏ တစ်ကိုယ်လုံးတွင် သုတ်လိမ်းလိုက်သောကြောင့် တစ်ကိုယ်လုံးမှာ ဆီများဖြင့် ပြောင်လက်နေတော့၏။

ဘောင်းဘီတို တစ်ထည်နှင့် လက်အိတ် နှစ်ဖက်ကိုသာ ဝတ်ဆင်ထားသောကြောင့် ကြည့်ရသည်မှာ အထူးပင်... လွတ်လပ်နေသယောင် ရှိသည်။

ဖန်ကျန်းရီ ကိုယ်တိုင်လည်း အတော်လေး အနေရခက်နေသလို ခံစားနေရ၏။

သူ ကျန်းပြောင်ကို အားဖြည့်ပေးလိုက်သည်က သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်ပုံ မပေါ်တော့ဘဲ ဒဿနိက ဗေဒ ဖလှယ်ပွဲသို့ တက်ရောက်မည့်သူနှင့် တူနေတော့သည်။

ကျန်းပြောင်ကလည်း ထိုကဲ့သို့ ပြောင်းလဲသွားမှုကို သိပ်ပြီး သဘောကျပုံ မပေါ်ချေ။ "သခင်လေး ... တကယ်တော့ ကျုပ် ထင်တာက..."

"မင်း ဘယ်လိုထင်လဲဆိုတာ ငါ မသိချင်ဘူး။ ငါ ဘယ်လိုထင်လဲဆိုတာက အရေးကြီးတယ်။"

ဖန်ကျန်းရီက ကျန်းပြောင်၏ စကားကို အချိန်မီ ဖြတ်ပြောလိုက်၏။ "ဘောင်းဘီ ဝတ်ထားလိုက်စမ်း။ မြက်ခင်းပြင်က လူတွေက နပန်းလုံးတာ ကျွမ်းကျင်တယ်လို့ ကြားတယ်။ မင်း ဝက်ဆီတွေ သုတ်ထားမှတော့ သူ မင်းကို ဖမ်းချုပ်ထားနိုင်ပါအုံးမလား။ မင်းက လျှို့ဝှက်လက်နက် မသုံးဘူးဆိုမှတော့ ပြင်ဆင်စရာရှိတာ အပြည့်အဝ ပြင်ဆင်ထားရမယ်။ မင်းကို မိတ်ကပ်လိမ်းပေးဖို့တောင် ငါ လူရှာထားပြီးပြီ။ ခဏနေ ပြိုင်ပွဲစရင် တောက်ယွမ်ခရိုင် မြို့ရွာလုံခြုံရေးမှူးရဲ့ ဂုဏ်သတင်းကို မကျဆင်းစေနဲ့။ မင်းရဲ့ ဒီရာထူးကို မျက်စိကျနေတဲ့ လူတွေ အများကြီး ရှိတယ်နော်။"

ကျိုးထျဲ့မှာ ဘေးဘက်တွင် သွားရည်ကျနေသည့်ပုံဖြင့် ရပ်နေသည်။ မှန်ပေ၏။ ဤရာထူးကို သူ မျက်စိကျနေသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။

ခရိုင်ထဲတွင် သာမန် မြို့စောင့်ရဲမက် တစ်ယောက်အဖြစ် နေထိုင်ရသည်မှာ သာယာလှသော်ငြား သခင်လေး၏ နောက်သို့လိုက်၍ အသားစားရသည်လောက်တော့ မသာယာနိုင်ချေ။

တခြားဟာတွေ မပြောနှင့်ဦး ... သခင်လေး ကျန်းပြောင်အတွက် ပြင်ဆင်ပေးထားသော ကိုယ်ကာယလ ေ့ကျင့်ရေးခန်းမကို တွေးကြည့်ရုံဖြင့်ပင် မနာလိုဖြစ်ချင်စရာ ကောင်းနေပေသည်။

ကျန်းပြောင်က ခေါင်းညိတ်ပြလိုက်ပြီး စကားထပ်မပြောတော့ချေ။

ထို့နောက် လူတစ်ယောက်က ရှေ့သို့ လျှောက်လာပြီး ပြင်ဆင်ပေးရန် စတင်၏။ ထိုလူက သစ်သား သေတ္တာငယ်လေးထဲမှ ပုလင်းများ၊ ဘူးများအပြင် မျက်ခုံးမွေးဆွဲခဲတံနှင့် စုတ်တံကဲ့သို့သော ပစ္စည်းများကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။

ကျိုးထျဲ့က ထိုရှုပ်ထွေးလှသော ပစ္စည်းကိရိယာများကို ကြည့်ရင်း သံသယဝင်စွာဖြင့် မေးလိုက်သည်။ "သခင်လေး ... ဒါက ဘာလုပ်မလို့လဲ။ မနေ့ကတော့ မတွေ့မိပါဘူး။"

ဖန်ကျန်းရီက တဟားဟား ရယ်ရင်းပြောလိုက်၏။ "သူ့ကို မိတ်ကပ်လိမ်းပေးမလို့လေ။ ချီလျဲ့ရဲ့ ရုပ်ရည်က အဲဒီလောက် ကြောက်စရာကောင်းနေတာ။ ငါတို့က လူရှုံးရင်တောင် အရှိန်အဝါတော့ အရှုံးခံလို့ မရဘူး။ ဒီနတ်ဆိုး မိတ်ကပ်ကို သူ့မျက်နှာပေါ်မှာ ဆွဲပေးလိုက်ရင် ... အဲဒီအချိန်ကျရင် နည်းနည်း ပိုပြီး ကြမ်းတမ်းတဲ့ပုံ ပေါက်သွားမှာပဲ။"

ကျိုးထျဲ့က မိတ်ကပ်ဆရာမှာ ကျန်းပြောင်၏ မျက်နှာပေါ်တွင် အဆက်မပြတ် လိမ်းကျံနေသည်ကို ကြည့်ရင်း ခေါင်းခါပြလိုက်သည်။ "မရဘူးထင်တယ်။ ခဏနေ ပြိုင်ပွဲစလို့ ချွေးထွက်လာရင် အကုန် ပျက်သွားမှာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက ပြုံးလိုက်ပြီး ဘာမှ ဝင်မပြောချေ။ ဤမိတ်ကပ်ကို ပျက်သွားစေရန် ရည်ရွယ်ထားခြင်းပင် ဖြစ်၏။

မနေ့ညက သူ ကိုယ်တိုင် အိမ်တွင် လူရှာ၍ စမ်းသပ်ထားပြီး ဖြစ်သည်။ ကျန်းပြောင်၏ မျက်နှာပေါ်တွင် အသုံးပြုထားသည်များမှာ အနက်နှင့် အနီရောင် ဆိုးဆေးများသာ ဖြစ်ပြီး မျက်နှာတစ်ပြင်လုံးတွင် ကျယ်ပြန့်စွာ လိမ်းကျံထားသောကြောင့် ကြည့်ရသည်မှာ မိစ္ဆာဝင်ပူးနေသည့် ပုံစံနှင့် အတော်လေး ဆင်တူသည်။

အထူးသဖြင့် ထိုမျက်ကွင်းများမှာ လုဖီ ဂီယာဖိုး ဖွင့်ထားသကဲ့သို့ပင် ဖြစ်နေ၏။

မျက်နှာမှ ချွေးများ ထွက်လာပြီး မိတ်ကပ်များ လုံးဝ ပျက်သွားချိန်တွင် မျက်နှာတစ်ပြင်လုံး သွေးများဖြင့် ပြည့်နှက်နေသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းမှာ သွေးပုပ်များကဲ့သို့ပင် ဖြစ်နေမည်။

ဖန်ကျန်းရီ က သူကိုယ်တိုင် မတိုက်ခိုက်နိုင်သော်ငြား အားဖြည့်စရာရှိသည်များကိုတော့ ကျန်းပြောင် အပေါ်တွင် အပြည့်အဝ ဖြည့်တင်းပေးထားရမည်။

သံဓားကို အားဖြည့်၍ တိုက်ခိုက်စွမ်းအား တိုးစေသည်။ ဝက်ဆီ လိမ်းကျံ၍ ရှောင်တိမ်းနိုင်စွမ်းကို တိုးစေသည်။ သရဲမျက်နှာ မိတ်ကပ်ဖြင့် စိတ်ဓာတ်ခွန်အားကို တိုးစေသည်။ ကျန်းပြောင်၏ အပေါ်တွင် အသုံးပြုရန် သူ လုပ်နိုင်သမျှကို အကုန် လုပ်ထားပြီး ဖြစ်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားချိန်တွင်တော့ ကျန်းပြောင်၏ မျက်နှာပေါ်၌ အရောင်အသွေး စုံလင်စွာဖြင့် ရေးဆွဲထားပြီးဖြစ်ရာ ဇာတ်မင်းသားများ၏ မျက်နှာဖုံးများနှင့် သိပ်ပြီး ကွာခြားမှု မရှိတော့ချေ။

မိတ်ကပ်လိမ်းခြင်း အဆုံးသတ်သွားချိန်တွင် ရုတ်တရက် လူတစ်ယောက်က ပြင်ဆင်ရေးအခန်းထဲသို့ ဝင်လာခဲ့သည်။ "သခင်လေး ... ချီလျဲ့ ကွင်းထဲကို စဝင်နေပြီ။"

"သိပြီ။ ကျန်းပြောင် ... ကွင်းထဲဝင်ဖို့ ပြင်ထားတော့။" ဖန်ကျန်းရီက ပြန်ပြောလိုက်၏။

ဘောလုံးကွင်းထဲတွင်တော့ သံမဏိအဆုတ် ပိုင်ရှင် အစီအစဉ်မှူး၏ အော်ဟစ်သံများက ကောင်းကင်ယံတွင် ပျံ့လွင့်နေဆဲ ဖြစ်သည်။

"ကောင်းပါပြီ။ ဖျော်ဖြေရေး အစီအစဉ် ပြီးဆုံးသွားပါပြီ။ အခု ကမ္ဘာ့နံပါတ်တစ် သိုင်းပြိုင်ပွဲကို တရားဝင် စတင်ကြောင်း ကြေညာလိုက်ပါတယ်။ မြက်ခင်းပြင်ရဲ့ နံပါတ်တစ် သူရဲကောင်း ဟေးရှန်း ချီလျဲ့နဲ့ အရှေ့အရပ်က ရှုံးကြွေးမရှိတဲ့သူ … သွေးဆာနေတဲ့ ကျန်းပြောင်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အခု ဟေးရှန်း ချီလျဲ့ကို ကွင်းထဲ ဝင်ရောက်လာဖို့ ဖိတ်ခေါ်ပါတယ်။"

ဝင်ပေါက်တွင်တော့ ချီလျဲ့က ခန့်ညားလှသော မြင်းကြီးတစ်ကောင်ကို စီးနင်းကာ ကွင်းထဲဝင်ရန် စောင့်ဆိုင်းနေ၏။ မြင်းကို ဖန်ကျန်းရီက စီစဉ်ပေးထားခြင်း ဖြစ်သော်ငြား မည်သည့် လှည့်ကွက်မှတော့ မလုပ်ထားချေ။ မည်သို့ပင်ဖြစ်စေ ဖန်ကျန်းရီက အခြေခံ စည်းမျဉ်းရှိသော တိုးတက်လိုသည့် လူငယ်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သာမန်မြင်းများက ချီလျဲ့၏ ကိုယ်အလေးချိန်ကို ခံနိုင်ရည် ရှိချင်မှ ရှိမည် မဟုတ်ပါလား။

ဘေးဘက်မှ လူတစ်ယောက်က သတိပေးလိုက်ချိန်တွင် ချီလျဲ့က မြင်း၏ ဗိုက်ကို ညင်သာစွာ ပုတ်လိုက်ရာ မြင်းကြီးမှာ ပြိုင်ပွဲကွင်း အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့သည်။

ချီလျဲ့၏ ဟန်ပန်မှာ အေးဆေးတည်ငြိမ်နေပြီး ဘယ်ညာသို့ ဖြည်းညင်းစွာ အကဲခတ်နေ၏။ လူနှစ်သောင်းခန့် ဝန်းရံကြည့်ရှုနေသည့်ကြားမှ သိုင်းပြိုင်ရခြင်းမှာ ... သူ၏ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သို့သော်လည်း အတော်လေးတော့ စိတ်ဝင်စားစရာ ကောင်းနေ၏။

အကယ်၍ ထိုကျန်းပြောင်ဆိုသည့် ကောင်က သူ့အား အနည်းငယ်လောက် ကျေနပ်အောင် တိုက်ခိုက်နိုင်မည် ဆိုပါက ကျန်းပြောင်၏ ခွေးအသက်ကို ချန်ထားပေးမည်။ အကယ်၍ နှစ်ချီလောက်တောင် တောင့်မခံနိုင်ဘူး ဆိုပါက တိုက်ရိုက်သာ သတ်ပစ်လိုက်တော့မည်။ သိုင်းပြိုင်ပွဲတွင် မျက်စိမပါချေ။ ဖါးပါးကလည်း သူ့အား လူသတ်နိုင်ကြောင်း သတိပေးထားပြီး ဖြစ်သည်။

အစီအစဉ်မှူးက ချီလျဲ့ ထွက်ပေါ်လာသည်ကို မြင်လိုက်ချိန်တွင် ဆက်လက်၍ စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။ "သူက မြက်ခင်းပြင် အလယ်ပိုင်းကနေ လာတာပါ။ မွေးဖွားလာချိန်မှာ ကျောဘက်မှာ နဂါးနဲ့ ဆင်ပုံသဏ္ဌာန်တွေ ပေါ်လာခဲ့ပြီး..."

ရှဲ့ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး အင်္ကျီလက်စွပ်ထဲမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ အစီအစဉ်မှူး၏ ရင်ဘတ်ကို ထောက်ထားရင်း ဒေါသတကြီး ပြောလိုက်၏။ "သောက်ရူး … ဘာတွေ ပြောနေတာလဲ။ စာအတိုင်း ဖတ်စမ်း။"

အစီအစဉ်မှူးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီး ... စာမူက တစ်ကြောင်းတည်း ရှိတာလေ။ ခြေနှစ်လှမ်းလောက် လျှောက်လိုက်တာနဲ့ ဖတ်လို့ ပြီးသွားပြီ။ ကျုပ် ကိုယ့်ဘာသာ ဖန်တီးပြီး ပြောချင်နေတယ်လို့ ထင်နေလား။"

ရှဲ့ရှန်းက ထိုစကားကို ကြားချိန်တွင် တိတ်ဆိတ်စွာဖြင့် ဓားမြှောင်ကို ပြန်သိမ်းလိုက်၏။ "ဒါပေမဲ့ ခင်ဗျားက တခြားလူရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကိုယ့်လူရဲ့ အရှိန်အဝါကိုတော့ ဖျက်ဆီးပစ်လို့ မရဘူးလေ။ သူတို့က မြောက်ပိုင်း ရုန်တိုင်းပြည်က လူတွေနော်။"

"နားလည်ပါပြီ ... နားလည်ပါပြီ။" အစီအစဉ်မှူးက ဆက်တိုက် တောင်းပန်လိုက်သည်။

ချီးပဲ။ ငွေတုံး တစ်ရာအတွက်သာ မဟုတ်ရင် ဒီအလုပ်ကို ငါ လက်ခံမှာ မဟုတ်ဘူး။

ထို့နောက် အစီအစဉ်မှူးက အော်ဟစ်လိုက်၏။ "သူကတော့ မြက်ခင်းပြင်ရဲ့ နံပါတ်တစ် သူရဲကောင်း ... မြင်းစီးတိုက်ပွဲမှာ ပြိုင်စံရှားတဲ့ ဟေးရှန်း ချီလျဲ့ပဲ ဖြစ်ပါတယ်။"

အစီအစဉ်မှူးမှာ အသံကို တတ်နိုင်သမျှ ဆွဲဆန့်ကာ ကြိုးစားအော်ဟစ်နေရပြီး ချီလျဲ့ ကွင်းလယ်သို့ ရောက်ရှိသွားချိန်တွင်တော့ ထိုအော်သံကို အဆုံးသတ်နိုင်ခဲ့သည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်ပစ်လိုက်သည်။

ပိုက်ဆံရှာရတာ တကယ်ကို သောက်ကျိုးနည်း ပင်ပန်းတာပဲ။

ပရိသတ်များကြားတွင် ထိုင်နေသော ဖါးပါး၏ အိုမင်းနေသော မျက်နှာမှာ ရှက်သွေးဖြာသွားခဲ့သည်။ အစီအစဉ်မှူး၏ ထူးဆန်းသော လေယူလေသိမ်းများကြောင့် နားထောင်ရသည်မှာ အထူးပင် အနေရခက်လှသည်။ ဤအရာက မိမိကိုယ်တိုင် ပြုလုပ်ခဲ့သော အမှားပင် ဖြစ်၏။ ပြိုင်ပွဲကွင်းထဲ ဝင်လာချိန်တွင် ဤကဲ့သို့သော ပုံစံမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ဘဲ ဝင်ရောက်ချိန် မိတ်ဆက်စကားကို အရမ်း တိုတောင်းစွာ ပေးမိခဲ့၏။

သို့ပေမည့် ချီလျဲ့ကတော့ လုံးဝ ဂရုမစိုက်ချေ။ သူက လုံးဝ နားမလည်ချေ။ ကွင်းထဲရှိ ပရိသတ်များ အားလုံးမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။ ချီလျဲ့၏ ဘီလူးကြီးကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက လူတိုင်း၏ အမြင်အာရုံကို ထပ်မံ ရိုက်ခတ်သွားစေခဲ့သည်။

အထူးသဖြင့် မြင်းပေါ်မှ ဆင်းလာချိန်တွင် မြင်းကြီးနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက ရှင်းလင်းလှသော ကွာခြားမှုကို မြင်တွေ့ရသည်။ ခန့်ညားလှသော မြင်းကြီးဟု ခေါ်ဆိုရမည့် မြင်းမှာ သူ၏ အနားတွင် မြည်းတစ်ကောင်နှင့်ပင် တူနေသယောင် ရှိနေ၏။

ကြီးမားလှသော ကွာခြားမှုကြောင့် ကျင်းဘုရင်မှာ အကြောင်းပြချက်မရှိဘဲ စိုးရိမ်လာခဲ့သော်ငြား သူ၏ အနားရှိ လီယွမ်ကျောက်ကတော့ အလေးမထားသည့် ပုံစံမျိုးဖြင့် ရှိနေဆဲ ဖြစ်သည်။ သူက ပြုံးထားရင်း မထီမဲ့မြင်ဖြင့် ပြောလိုက်၏။ "ခမည်းတော် ... သူက အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်ကြီးတာကို မကြည့်ပါနဲ့။ သိုင်းပြိုင်တယ်ဆိုတာ ခန္ဓာကိုယ်နဲ့ ခွန်အားကိုပဲ အားကိုးရတာ မဟုတ်ပါဘူး။ သားတော်သာ နောက်ထပ် နှစ်အနည်းငယ်လောက် လေ့ကျင့်လိုက်ရင် သူ့ကို မယှဉ်နိုင်စရာ အကြောင်းမရှိဘူး။"

ကျင်းဘုရင် က သူ့သားအား မျက်စောင်းထိုး ကြည့်လိုက်ပြီးနောက် ချီလျဲ့ကိုသာ စူးစိုက်ကြည့်နေတော့သည်။ မျက်နှာချင်းဆိုင် ထွက်ပေါက်တွင်တော့ ဖန်ကျန်းရီနှင့် အခြားသူများက ကျန်းပြောင်နှင့်အတူ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

ကျန်းပြောင်မှာ သမင်ရေ လက်အိတ်ကို ဝတ်ဆင်ထားပြီး နီရဲနေအောင် မီးဖုတ်ထားသော ဓားပြားကြီးကို ကိုင်ဆောင်ထားသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဆီများဖြင့် ပြောင်လက်နေသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ချိန်တွင် ဂိမ်းဇာတ်ကောင် တစ်ကောင် အပြင်သို့ ထွက်လာသကဲ့သို့ပင် ဖြစ်နေပေသည်။

ဖန်ကျန်းရီက မိမိ၏ ဤစီစဉ်မှု အဆင့်ဆင့်ကို အလွန် ကျေနပ်နေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ အရှိန်အဝါကတော့ အပြည့်အဝ ရရှိသွားပြီ ဖြစ်၏။

ချီလျဲ့က လှံကို ဝှေ့ယမ်းပြပြီး မူလနေရာတွင် မတ်မတ်ရပ်လိုက်ချိန်၌ အစီအစဉ်မှူးက ဆက်လက်၍ အော်ဟစ် လိုက်သည်။

"ဆက်လက်ပြီးတော့ ... အရှေ့အရပ်က ရှုံးကြွေးမရှိတဲ့သူ သွေးဆာနေတဲ့ ကျန်းပြောင်ကို ဖိတ်ခေါ်ပါတယ်။"

ကျန်းပြောင်က ခြေလှမ်းများကို ဖြည်းညင်းစွာ လှမ်းလိုက်ချိန်တွင် ဖန်ကျန်းရီက အနောက်ဘက်မှ အော်ဟစ်လိုက်၏။ "ဖြည်းဖြည်း လျှောက်။ သံဓားကို မြေပြင်ပေါ်မှာ ဆွဲလာခဲ့။ မတင်ထားနဲ့။"

ကျန်းပြောင်၏ ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်နှာအမူအရာမှာ ပြန်လည် တည်ကြည်သွားခဲ့သည်။ သူက ခေါင်းလှည့်ကာ ကျိုးထျဲ့ကို မေးလိုက်သည်။ "ပရိသတ်တွေကြားထဲမှာ စီစဉ်ထားတာ ဘယ်လိုအခြေအနေ ရှိပြီလဲ။"

"ခရိုင်ထဲက အသံအကျယ်ဆုံး မိန်းမ ငါးရာကို နေရာချထားပြီးပါပြီ။ လေမှုတ်မြားကို တာဝန်ယူရမယ့် သိုင်းသမားတွေကိုလည်း ပထမဆုံး အတန်းမှာ စီစဉ်ထားပါတယ်။ မနေ့က လေ့ကျင့်ထားတာဆိုတော့ ပြဿနာ မရှိနိုင်ပါဘူး။ သမားတော်တွေလည်း အဆင်သင့် ရှိနေတာမို့ ပထမဆုံး အချိန်မှာပဲ ကယ်ဆယ်ရေး လုပ်နိုင်ပါတယ်။ သခင်လေးရဲ့အမိန့်ကို အဆင်သင့် စောင့်နေပါတယ်။" ကျိုးထျဲ့က ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။

ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကောင်းပြီ ….. ခင်ဗျားတို့ ပင်ပန်းသွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် လာတဲ့လူတွေ အကုန်လုံး ခရိုင်ထဲ ပြန်ရောက်ရင် လက်ဆောင်ငွေ တစ်ထုပ်စီ သွားထုတ်ကြ။"

"အရပ် အရမ်း မြင့်တာပဲ။ ဒါကြောင့်လည်း ဒီလောက် ရှည်နေတာကိုး။ သူ့ရဲ့ အဲဒီလှံက အရမ်းရှည်လွန်းတယ်။ ကျန်းပြောင်က အနားကပ်ဖို့ လမ်းစရှိမယ် မထင်ဘူး။ သခင်လေး ... အခုပဲ သူ့ကို မြားတစ်စင်းလောက် မှုတ်လိုက်ရင် မကောင်းဘူးလား။ တကယ်လို့ စတိုက်တာနဲ့ နိုင်သွားရင် ကျုပ်တို့ဘက်က ချက်ချင်း တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။" ကျိုးထျဲ့က သူ၏ အကြည့်များဖြင့် ချီလျဲ့ကို စူးစိုက်ကြည့်ရင်း ပြောလိုက်၏။

ဤမျှလောက် ကျယ်ဝန်းသော ကွင်းထဲတွင် လှံရှည်က ပုံမှန် လက်နက်များ အားလုံးကို အသာစီး ရနိုင်ပေရာ ချီလျဲ့၏ လှံဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ သူက ဆက်ပြောလိုက်သည်။ "လှံတစ်ချက်သာ အရေးကြီးတဲ့ နေရာကို ထိသွားရင် ကျန်းပြောင် သေသွားနိုင်တယ်။"

ယခုအချိန်ရောက်မှသာ ဖန်ကျန်းရီက အဘယ်ကြောင့် အမြဲတမ်း စိုးရိမ်ပူပန်နေပြီး ရန်သူကြီးနှင့် ရင်ဆိုင်ရမည့်ပုံစံ ဖြစ်နေရသည်ကို ကျိုးထျဲ့ တစ်ယောက် နားလည်သွားခဲ့၏။ ချီလျဲ့ကို တကယ်တမ်း ပထမဆုံးအကြိမ် မြင်လိုက်ရချိန်မှာပင် ကျန်းပြောင်က ပြိုင်ဘက်မဟုတ်ကြောင်း သူ၏ ရင်ထဲတွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကွာဟချက်က အရမ်း ကြီးမားလွန်းနေသည် မဟုတ်ပါလား။

ဖန်ကျန်းရီက လက်ယမ်းပြလိုက်ပြီး နာကျင်စွာ ပြုံးရင်း ပြောလိုက်၏။ "မလိုဘူး။ ကျန်းပြောင်က ပြိုင်ဘက်ကောင်းနဲ့ တွေ့ရခဲတယ်။ သူ ကြိုက်နေမှတော့ သူ့ကို စိတ်ကြိုက်သာ တိုက်ခိုက်ခွင့် ပေးလိုက်ပါ။ ကျုပ်တို့က သူ့လုံခြုံရေးကို ကာကွယ်ပေးနိုင်ရင် ရပြီ။"

All Chapters