အခန်း ၃၃၁
Vol. 19 Ch. 331
အပိုင်း (၃၃၁) ကွင်းတစ်ခုလုံးကို လွှမ်းမိုးပြသခြင်း။
“ဒါပေမဲ့ အစစ်အမှန် သိုင်းပညာရှင်တွေ အတွက်တော့ အကန့်အသတ် ဆိုတာ မရှိပါဘူး။ အသက်နှစ်ဆယ့်ခြောက်နှစ် အရွယ်မှာ သူက သိုင်းလောကရဲ့ နံပါတ်တစ် ဓားသွန်းလုပ်တဲ့ မိသားစုဖြစ်တဲ့ ပိုက်ကျန့် ဓားစံအိမ်ဆီကို ကိုယ်တိုင် သွားရောက်ပြီး နတ်လက်နက်ကို သွန်းလုပ်ခဲ့ပါတယ်။
ပိုက်ကျန့် ဓားစံအိမ်ရဲ့ စံအိမ်သခင် ရှီမန်ချွီရွှဲ့ ကိုယ်တိုင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး မိသားစု တစ်ခုလုံးရဲ့ အင်အားကို အကုန်အစင် သုံးစွဲကာ နှစ်နှစ်တိတိ အချိန်ယူပြီးမှ အောင်မြင်ခဲ့တယ်။ ဓားသွန်းလုပ် ပြီးစီးချိန်မှာ သွေးကို အစပျိုးပေးဖို့ လိုအပ်တာကြောင့် စံအိမ်သခင် ရှီမန်ချွီရွှဲ့က သတ္တုကျိုဖိုထဲကို ခုန်ဆင်းပြီး အပြုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနတ်လက်နက်ကို ပြာဖြစ်စေသူ လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။”
အစီအစဉ်မှူးက မှန်ပြောင်းကို ကိုင်ထားရင်း အသက်ရှူပြင်းပြင်းဖြင့် အဆက်မပြတ် အော်ဟစ်နေသည်။ သရဲတစ္ဆေနှင့် နတ်ဘုရားတွေအကြောင်းက အမြဲတမ်း ကြားဖူးရုံသာ ဖြစ်သော်ငြား ယနေ့တွင်တော့ အလင်းရောင် ထွက်နေသော ရတနာဓားကို တကယ်တမ်း မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီ မဟုတ်ပါလား။
စာမူပေါ်က အကြောင်းအရာတွေက တကယ်ကြီး သောက်ကျိုးနည်း အမှန်တွေ ဖြစ်နေတာပဲ။ တကယ့် သက်ရှိထင်ရှား နတ်ဘုရားကို မြင်လိုက်ရတာပဲ။
သူက ဆက်အော်လိုက်သည်။ “ဒီဓားရဲ့ ဓားသွားပေါ်မှာ မေတ္တာတရား ဆိုတဲ့ စာလုံးကို ထွင်းထုထားပါတယ်။ ဒါကို ကြည့်ရင် ဒါက မေတ္တာရှင်ရဲ့ ဓားတစ်လက် ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ကျုပ်တို့ ကျင်းတိုင်းပြည်ကို ကိုယ်စားပြုပြီး…”
နန်းတွင်းအမတ်များ၏ ရင်ထဲတွင် ဝမ်းသာသွားခဲ့ကြ၏။ ကျန်းပြောင်၏ ထွက်ပေါ်လာမှုက ခန့်ညားရုံသာမက ဤဓား၏ အဓိပ္ပာယ်ကလည်း အလွန် လှပလွန်းလှသည်။ မေတ္တာရှင်၏ ဓားတဲ့လား။ မေတ္တာတရား ဆိုသည့် စာလုံးတစ်လုံးက ကျင်းတိုင်းပြည်မှ ပညာတတ်များ၏ စိတ်ဓာတ်ကို ကိုယ်စားပြုနေသည် မဟုတ်ပါလား။
“ဘာလို့ ကိုယ့်ဘာသာ လုပ်ကြံဖန်တီးပြီး လျှောက်ပြောနေရတာလဲ။ စာမူအတိုင်း ဖတ်စမ်း။”
ဖန်ကျန်းရီက ဆက်နားမထောင်နိုင်တော့ဘဲ အစီအစဉ်မှူး၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
အစီအစဉ်မှူးမှာ ချက်ချင်း တည်ငြိမ်သွားပြီး ခေါင်းငုံ့ကာ စာမူကို အလျင်အမြန် တစ်ချက် ကြည့်လိုက်၏ “မေတ္တာတရား ဆိုတာ … လူကို နှစ်ပိုင်း ပိုင်းပစ်နိုင်တဲ့ နည်းပညာကို ဆိုလိုတာပါ။ ပြာဖြစ်စေသူ ထွက်ပေါ် လာတာနဲ့ တစ်ပြိုင်နက် … ဓားတစ်ချက်တည်းနဲ့ နှစ်ပိုင်း ပိုင်းပစ်ပြီး ပြင်းထန်တဲ့ မီးတောက်နဲ့ ရန်သူကို ပြာအဖြစ် ပြောင်းလဲပစ်မှာ ဖြစ်ပါတယ်။”
ကျင်းဘုရင်နှင့် နန်းတွင်းအမတ်များ၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
ခွေးက ချီးစားတာကို မပြင်နိုင်ဘူး ဆိုတာ ဒါမျိုးကို ပြောတာပဲ။ ဒါက လူစကား ပြောတာလား။ မေတ္တာတရား ဆိုတဲ့ စာလုံးက လူကို နှစ်ပိုင်း ပိုင်းတာတဲ့လား။ ဒါဆို သစ္စာတရား ဆိုတဲ့ စာလုံးက လူ့ခေါင်းကို ခုတ်ဖြတ်တာ ဖြစ်သွားတော့မှာပေါ့။
“အစွမ်းအထက်ဆုံး သိုင်းပညာရှင်နဲ့ ပြိုင်စံရှား နတ်လက်နက်တို့ ပေါင်းစပ်ထားတဲ့ … သူကတော့ ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ် သူရဲကောင်း … အရှေ့အရပ်က ရှုံးကြွေးမရှိတဲ့သူ … သွေးဆာနေတဲ့ ကျန်းပြောင်ပဲ ဖြစ်ပါတယ်။”
သွေးဆာနေတဲ့ ကျန်းပြောင် ဆိုသည့် စာလုံးကို ဖတ်လိုက်ချိန်တွင်တော့ အစီအစဉ်မှူးမှာ တစ်ကိုယ်လုံးရှိ အင်အားများကို အကုန်အစင် သုံးစွဲ၍ အော်ဟစ်လိုက်ခြင်း ဖြစ်၏။ အော်ဟစ်ပြီးနောက်တွင် သူက ခေါင်းမော့ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ စောစောက စိတ်လှုပ်ရှားမှုကို ပြန်လည် ခံစားနေသည့်ပုံပင်။
စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်။ လောကကြီးမှာ ဒီလောက် အစွမ်းထက်တဲ့လူ ရှိနေပြီး ငါကိုယ်တိုင် မိတ်ဆက်ပေးရတယ်ဆိုတော့ … ဒီတစ်ခေါက် … ပိုက်ဆံ မရရင်တောင်မှ တန်နေပါပြီ။
ဖန်ကျန်းရီက တိတ်ဆိတ်စွာ ရှေ့တိုးလာပြီး သူ့အား ငွေစက္ကူ တစ်ရွက် ထပ်မံ ထည့်ပေးလိုက်သည်။
ပရိသတ်များကြားရှိ ဖါးပါးနှင့် သူ၏သံတမန်အဖွဲ့မှာမူ ခန္ဓာကိုယ်ရော စိတ်နှလုံးပါ အပြင်းအထန် ထိခိုက်နေကြပြီဖြစ်ပြီး မိဘ ဆုံးပါးသွားသူများကဲ့သို့ မျက်နှာများမှာ ဖြူဖျော့နေကြ၏။
ကျန်းပြောင် … သူက တကယ်တမ်း ဘယ်ကလာတဲ့ လူလဲ။
သူရဲကောင်းကျွန်း၊ ပိုက်ကျန့် ဓားစံအိမ်တို့လို အစွမ်းထက်တဲ့ သိုင်းလောက အဖွဲ့အစည်းတွေကို ဘယ်လိုလုပ်ပြီး ငါက တစ်ခါမှ မကြားဖူးရတာလဲ။ လုပ်ကြံပြောနေတာများလား။ မဖြစ်နိုင်ပါဘူး။ ဘုရင်မင်းမြတ် ရှိနေတာတောင်မှ ဒီလို လိမ်ပြောရဲတဲ့လူ ရှိပါ့မလား။
မီးတောက်တွေ၊ မီးခိုးငွေ့တွေ၊ ဂီတသံတွေ၊ အလင်းရောင် ထွက်နေတာတွေကို နားလည်တယ်။ ဒါပေမဲ့ အဲဒီဓားက အနီရောင် အလင်းတွေ ထွက်နေတာလေ။ ဒါကိုလည်း အတုလုပ်လို့ ရသေးတာလား။ ချီလျဲ့… ဘယ်လိုလုပ်ပြီး တိုက်ခိုက်မှာလဲ။ ခဏနေရင် အဲဒီကောင်က ဓားပျံတွေများ ထုတ်သုံးလာမလား။
တွေးရင်း တွေးရင်းဖြင့် ဖါးပါး၏ တစ်ကိုယ်လုံးမှာ မထိန်းချုပ်နိုင်အောင် တုန်ယင်လာခဲ့သည်။
ယခုအခါ အရာအားလုံးမှာ လေ့ကျင့်စဉ်က အရှိန်အဟုန်အတိုင်း တစ်သဝေမတိမ်း တူညီနေခဲ့သည်။ အင်အားကြီးသူ နှစ်ဦးမှာ နောက်ဆုံးတွင် ထိပ်တိုက် တွေ့ဆုံသွားကြပြီ ဖြစ်၏။
ကျန်းပြောင်က ချီလျဲ့၏ အရှေ့တွင် ရပ်ကာ ခေါင်းမော့၍ တည်ငြိမ်သော အကြည့်များဖြင့် ကြည့်နေသည်။
ချီလျဲ့က ကျန်းပြောင်၏ မျက်နှာကို ငုံ့ကြည့်လိုက်ပြီး ကျန်းပြောင်၏ ဓားကိုပါ ကြည့်လိုက်ရာ မျက်တောင်များပင် အလိုအလျောက် တုန်ခါသွားခဲ့ပြီး တိတ်တဆိတ် တံတွေးတစ်ချက် မြိုချလိုက်မိ၏။
ကျန်းပြောင်က ထိုအခြေအနေကို မြင်ချိန်တွင် တည်ငြိမ်စွာ ပြုံးလိုက်ပြီး လက်ထဲရှိ ဓားပြားကြီးကို မြှောက်လိုက်သည်။
ချီလျဲ့မှာ အလျင်အမြန် လှံကို မြှောက်၍ တိုက်ခိုက်ရန် ပြင်လိုက်၏။
ကျန်းပြောင်က ကာကွယ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား မည်သူက သိမည်နည်း … ဓားပြားကြီးမှာ မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ခံလိုက်ရသည်။
သူက တိုက်ခိုက်မည့် ဟန်ပန် မရှိသည်ကို မြင်လိုက်ရသဖြင့် ချီလျဲ့က လှံကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်ပြီး ရင်ထဲတွင် အလွန် ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်၏။ “မင်းက ဘာသဘောလဲ။ တိုက်မှာလား၊ မတိုက်ဘူးလား။”
အစကနေ ယခုအချိန်အထိ သူတို့နှစ်ယောက်မှာ အမွေးတစ်ပင်ကိုတောင် မထိရသေးဘဲ ဤအပေါ်ယံ အလှဆင်ထားသည့် အရာများကိုသာ ကြည့်နေရသည် မဟုတ်ပါလား။ တကယ်တမ်း တိုက်ခိုက်ဖို့ လာတာလား ဒါမှမဟုတ် ဖျော်ဖြေဖို့ လာတာလား။
သို့သော်ငြား ကျန်းပြောင်က သူ ဘာပြောနေသည်ကို လုံးဝ နားမလည်ပါချေ။ နောက်တစ်စက္ကန့်တွင် ကျန်းပြောင်က မူလနေရာမှာပင် ကိုယ်ဟန်အနေအထား တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။
ပထမ ဟန်ပန် … မျောက် ခေါင်းကုတ်ခြင်း။
ဘောလုံးကွင်း ပတ်ပတ်လည်ရှိ အလင်းပြန်မှန်များက ကျန်းပြောင်၏အပေါ်သို့ ထပ်မံ စုစည်းသွားခဲ့သည်။ သိုင်းလောကစိန်ခေါ်သံ ဇာတ်ဝင်တေးသီချင်း၏ တီးခတ်သံများက ရုတ်တရက် ပိုမို ကျယ်လောင်လာခဲ့ပြီး ဂီတပညာရှင်များမှာ တီးခတ်ရင်းဖြင့် တစ်ပြိုင်နက်တည်း သီချင်း စတင် သီဆိုလာကြ၏။
“သူရဲကောင်း စိတ်ဓာတ်နဲ့ … လှိုင်းတံပိုး အထပ်ထပ်ကို ရင်ဆိုင်မယ် … ပူနွေးတဲ့ သွေးတွေက…”
သီချင်းသံနှင့်အတူ ကျန်းပြောင်က သူ၏ ကိုယ်ကာယ လှပမှု ဟန်ပန်များကို အဆက်မပြတ် ပြောင်းလဲနေသည်။ ပုစဉ်းရင်ကွဲ ဟန်ပန်၊ ဗိုက်ချပ် ဟန်ပန်၊ နတ်ဆိုးချို ဟန်ပန်၊ စစ်ပွဲနင်းခြေခြင်း ဟန်ပန် … ဆွဲဆောင်မှု အပြည့်ရှိသော ဆက်တိုက် လှုပ်ရှားမှုများက မူလကတည်းက မည်းမှောင်နေသော ချီလျဲ့၏ မျက်နှာကို ဒယ်အိုးအောက်ခြေကဲ့သို့ ပို၍ မည်းမှောင်သွားစေခဲ့သည်။
တောက်ယွမ်ခရိုင်မှ အားပေးသူများက ခါးမှ ဗုံများကို တီးခတ်ကာ ရူးသွပ်စွာ အော်ဟစ်လာကြသည်။ ရောင်စုံ ဖဲကြိုးများနှင့် ပန်းပွင့်များမှာ ကောင်းကင်ယံသို့ ပစ်လွှင့်ခံနေရ၏။
လူအုပ်ကြီးကြားထဲမှ အစ်မချွန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် မေ့လဲသွားခဲ့ပြီဖြစ်ရာ လော့နင်ရှင်းမှာ ပြိုင်ပွဲကို ဆက်ကြည့်ရန် အချိန်မရတော့ဘဲ သူမ၏ နှာခေါင်းအောက်ကိုသာ အဆက်မပြတ် ဖိနှိပ်ပေးနေရသည်။
ပရိသတ် အားလုံးမှာ စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားကြပြီ ဖြစ်၏။ မူလက ကျန်းပြောင် ပထမအကြိမ် ထွက်ပေါ်လာမှုကြောင့် လူအများမှာ ပြာဖြစ်သွားသည်အထိ စိတ်လှုပ်ရှားခဲ့ကြပြီး ဖြစ်သည်။
နောက်ဆုံးတွင် ခန္ဓာကိုယ် အချိုးအစားကို ပြသသည့် ဖျော်ဖြေမှု ပါဝင်နေဦးမည်ဟု မထင်ထားခဲ့ရာ မူလနေရာမှာပင် ပြာပုံထဲမှ မီးတောက်များ ပြန်လည် ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားခဲ့၏။ ပျံ့လွင့်နေသော အော်ဟစ်သံများက ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးဖောက်သွားပြီး မြို့တော်အတွင်း၌ပင် ခပ်ရေးရေး ကြားနေရသည်။
ဘောလုံးကွင်းကြီးမှာ ကျန်းပြောင်၏ တစ်ကိုယ်တော် တေးဂီတ ဖျော်ဖြေပွဲအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ အသိတရား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စသည်တို့မှာ ယခုအခိုက်အတန့်တွင် လုံးဝ မရှိတော့ချေ။ လူတိုင်းက ရူးသွပ်ဖွယ်ရာ လေထု၏ ရစ်ပတ်မှုကို ခံနေကြရ၏။
နန်းတွင်းအမတ်များ ဖြစ်စေ၊ ပြည်သူများ ဖြစ်စေ အားလုံးမှာ ပျော်ရွှင်မြူးထူးမှုများထဲသို့ နစ်မြုပ်သွားကြပြီး ရူးသွပ်စွာ အော်ဟစ်နေကြပေသည်။
ကံကောင်းစွာဖြင့် ကျင်းဘုရင်နှင့် ရင့်ကျက်တည်ငြိမ်သော အမတ်အချို့ကတော့ တည်ငြိမ်မှုကို ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်သည်။ သို့ပေမည့် မြန်ဆန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အုပ်က သူတို့၏ စိတ်နှလုံး အခြေအနေကို ဖော်ပြနေ၏။
လီယွမ်ကျောက်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။ ယခုအခိုက်အတန့်တွင် သူက အောက်သို့ ပြေးဆင်းသွားပြီး ကျန်းပြောင်၏နေရာသို့ ကိုယ်တိုင် ဝင်ရောက်ချင်စိတ်များပင် ပေါ်လာခဲ့သည်။
သောက်ကျိုးနည်း အရမ်း လန်းလွန်းတယ်။ မျက်နှာပန်း အရမ်းလှလွန်းတယ်။ တစ်နေ့နေ့ကျရင် ဖန်ကြီးကို ငါ့အတွက်လည်း ဒီလိုမျိုး တစ်ပွဲလောက် စီစဉ်ခိုင်းရမယ်။ ပြီးတော့ အဲဒီ နတ်ရတနာ ဓားကိုလည်း ကစားကြည့်ရမယ်။
အသံလွှင့်ခန်းထဲတွင်တော့ ဖန်ကျန်းရီ၊ လုဖာနှင့် လေ့ကျင့်စဉ်က ပါဝင်ခဲ့သော အတွင်းလူအချို့မှာ ခေါင်းများပင် လွင့်ထွက်သွားမတတ် ရယ်မောနေကြ၏။ ရလဒ်က ဤမျှလောက် ကောင်းမွန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ မျှော်မှန်းထားသည်ထက် လုံးဝ သာလွန်နေ၏။
ချီလျဲ့၏ စိတ်ဓာတ်ခွန်အားမှာ မြေအောက် အနက်ရှိုင်းဆုံး အထိ ဖိနှိပ်ခံလိုက်ရပြီ ဖြစ်သည်။
နှစ်ဖက်ကို နှိုင်းယှဉ်ကြည့်လိုက်ပါက ချီလျဲ့၏ ရိုးရှင်းလှသော ထွက်ပေါ်လာမှုက ကျန်းပြောင်ကို အားဖြည့်ပေးရန် သီးသန့် ပြင်ဆင်ထားသည်နှင့် တူနေ၏။ လူတစ်စု၏ ဂရုတစိုက် စီစဉ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုက သမိုင်းတွင် အစဉ်အလာ မရှိခဲ့သော ရလဒ်ကောင်းကို ရရှိသွားစေခဲ့သည်။
ကျိုးထျဲ့က ကြည့်ရင်း ရင်ထဲတွင် အလွန် မနာလို ဖြစ်နေမိသည်။ ဒီကောင်က ကံကောင်းလို့ သခင်လေး အနားမှာ ရှိနေတာ မဟုတ်ရင် အဲဒီနေရာမှာ ရပ်နေရမယ့်သူက ငါ ဖြစ်ရမှာပဲ။
ငါးမိနစ်နီးပါးခန့် ဆက်တိုက် ပျော်ရွှင်မြူးထူးမှုများကြောင့် လူအများအပြားမှာ အသံများပင် ဝင်သွားကြ၏။ စိတ်လှုပ်ရှားမှုကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားရသော အမျိုးသမီးများဆိုလျှင် မေ့လဲသွားသူများပင် ရှိ၏။
ကျန်းပြောင် ဓားပြားကြီးကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ချိန်မှသာ ကွင်းထဲရှိ အော်ဟစ်သံများက တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။
သို့သော်ငြား သံဓားမှာ အပူရှိန် အကြွင်းအကျန်များ ကျန်ရှိနေသေးသော်လည်း ယခုအခါ အပြင်ပန်း အသွင်အပြင်က ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်၏။
လူအတော်များများက ဘာဖြစ်သွားသည်ကို ရိပ်မိသွားကြပြီး ကျင်းဘုရင်ပင်လျှင် စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
လောကကြီးမှာ တကယ့် နတ်လက်နက်ဆိုတာ ရှိတယ်လို့ ထင်နေခဲ့တာ … နှမြောစရာ ကောင်းလိုက်တာ။
ချီလျဲ့ကလည်း သိသာစွာပင် အခြေအနေကို ရိပ်မိသွားပြီး မျက်နှာမှာ တစ်ချက် စိမ်းသွားလိုက်၊ တစ်ချက် ဖြူသွားလိုက် ဖြစ်နေ၏။ မီးဖုတ်ထားတဲ့ သံဓား သက်သက်ပဲ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ ကိုယ်တိုင်က ဒီလို လှည့်ကွက်လေး အောက်မှာ လှည့်စားခံလိုက်ရတာပဲ။
ကြီးမားသော ဒေါသထွက်မှုအောက်တွင် သူက ရှက်ရမ်းရမ်းကာ လှံရှည်ကို ချက်ချင်း မြှောက်လိုက်ပြီး ကျန်းပြောင်၏ နဖူးတည့်တည့်သို့ ထောက်ထားလိုက်သည်။
ကျန်းပြောင်က ရှောင်တိမ်းခြင်း မရှိဘဲ ခေါင်းမော့ကာ ချီလျဲ့ကို ပြန်ကြည့်လိုက်၏။
“ဒီနေ့ … မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။” ချီလျဲ့၏ အသံတွင် အရိုးခိုက်မတတ် အေးစက်မှုများ ပါဝင်နေသည်။
“စားပြီးပြီလား။” စစ်မှန်သော မြောက်ပိုင်း ရုန်တိုင်းပြည်၏ ဘာသာစကားက ကျန်းပြောင်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
ချီလျဲ့၏ မျက်နှာအမူအရာက ထပ်မံ၍ အဆက်မပြတ် ပြောင်းလဲလာပြန်၏။ စားပြီးပြီလားတဲ့လား။ ဘာအဓိပ္ပာယ်လဲ။ သူက ဘာလို့ ဒီလို မေးရတာလဲ။
အသံလွှင့်ခန်းထဲတွင်တော့ လူအနည်းငယ်က မှန်ပြောင်းကို ကိုင်ဆောင်ကာ ပြိုင်ပွဲကွင်းကို အကဲခတ် နေကြသည်။
ဖန်ကျန်းရီက တိုးညင်းစွာ ရေရွတ်လိုက်၏။ “သူတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။”
“ချီလျဲ့က ကျန်းပြောင်ကို သတ်ပစ်မယ် ပြောတယ်။ ကျန်းပြောင်က သူ့ကို စားပြီးပြီလားလို့ မေးတယ်။”
“ဟင်… ဒါကိုတောင် ခင်ဗျား ကြားရတယ်ပေါ့။ လူအားလုံးက လုဖာကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“နှုတ်ခမ်း လှုပ်ရှားမှုကို ကြည့်တာပါ။”
လုဖာက ပြောလိုက်ရာ အားလုံးမှာ ဆွံ့အသွားခဲ့ကြ၏။
“ဘာလို့ စားပြီးပြီလားလို့ မေးရတာလဲ။” ဖန်ကျန်းရီက လုဖာကို မျက်မှောင်ကြုတ်၍ တစ်ချက် ကြည့်လိုက်သည်။
“ကျန်းပြောင်က မြောက်ပိုင်း ရုန်တိုင်းပြည်မှာ ဘယ်လို နှုတ်ဆက်ရလဲလို့ မေးတော့ ကျုပ်က အဲဒီလိုပဲ သင်ပေးလိုက်တာလေ။”
ဖန်ကျန်းရီမှာ စကားပင် မပြောနိုင်တော့ချေ။