← Chapters

အခန်း ၃၃၂

Vol. 19 Ch. 332

အခန်း ၃၃၂

Vol. 19 Ch. 332

အပိုင်း (၃၃၂) ကျန်းပြောင်၏ စစ်ဆင်ရေး အစီအစဉ်။

စားပြီးပြီလားတဲ့လား။

မူလက ဒေါသများ ပြည့်နှက်နေသော ချီလျဲ့မှာ ဤစကားတစ်ခွန်းကြောင့် ရုတ်တရက် ခံစစ်ကျိုးပေါက်သွားသလို ဖြစ်သွားခဲ့၏။ မူလနေရာတွင် ရပ်ကာ ခဏတဖြုတ် စဉ်းစားလိုက်ပြီးနောက် မတတ်သာစွာဖြင့် စကားတစ်ခွန်း ပြန်ပြောလိုက်ရသည်။ “အေး … စားပြီးပြီ။”

ထို့နောက် သူတို့နှစ်ဦးမှာ အချင်းချင်း စူးစိုက်ကြည့်နေကြပြီး မည်သူမှ စကားထပ်မပြောကြတော့ချေ။

ပြိုင်ပွဲကွင်းထဲတွင် တင်းမာနေသော လေထုက ပျံ့နှံ့နေပြီး ပရိသတ်များမှာလည်း ယခုအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျင်းဘုရင်၏ မျက်မှောင်များမှာ တင်းကျပ်စွာ ကုပ်ဝင်နေခဲ့သည်။

ဘာလို့ မတိုက်ကြသေးတာလဲ။ ဘာကို စောင့်နေတာလဲ။ ဆက်ဆွဲထားရင် ဓားက အေးသွားတော့မယ်။

လီယွမ်ကျောက်ကလည်း သူ၏အနားတွင် တိုးညင်းစွာ ရေရွတ်နေ၏။

အသံလွှင့်ခန်းထဲတွင်တော့ ဖန်ကျန်းရီကလည်း သံသယများ ပြည့်နှက်နေသော မျက်နှာဖြင့် လုဖာကို ကြည့်ကာ မေးလိုက်သည်။ “သူတို့ ဘာတွေ ပြောနေကြတာလဲ။ မြန်မြန် ဘာသာပြန်စမ်း။”

“ချီလျဲ့က သူ စားပြီးပြီတဲ့။”

“စားပြီးပြီဆိုရင် ဘာလို့ သောက်ကျိုးနည်း မတိုက်သေးတာလဲ။ ဒီနှစ်ယောက်က ဘာတွေ အချိန်ဆွဲနေတာလဲ။”

ဖန်ကျန်းရီက အလောတကြီး ပြောလိုက်၏။

မိမိ အားဖြည့်ပေးထားသည့် အရာများက ကြာရှည်ခံမည် မဟုတ်ရာ ဤကဲ့သို့ ဆက်ဆွဲထားပါက ကျန်းပြောင် အတွက် အကျိုးမရှိနိုင်ချေ။ ရှဲ့ရှန်းက မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ဘက်က … စမယ်လို့ မအော်ရသေးလို့ သူတို့နှစ်ယောက်က စောင့်နေကြတာများလား။”

ဖန်ကျန်းရီမှာ ဆွံ့အသွားခဲ့သည်။

တကယ်တော့ သောက်ကျိုးနည်း စမယ်လို့ အော်မယ့်လူ မရှိလို့ပဲ။ ဖန်ကျန်းရီ၏ မျက်နှာမှာ အနေရခက်သွားခဲ့၏။

မိမိအနေဖြင့် ဤကဲ့သို့သော အလွန် ကြီးမားသည့် ပွဲမျိုးကို စီစဉ်ရာတွင် အတွေ့အကြုံ မလုံလောက်သေးကြောင်း ထင်ရှားသွားသည်။ ရှိရှိသမျှ စွမ်းအင်အားလုံးကို ကျန်းပြောင်၏ အပေါ်တွင်သာ အာရုံစိုက်ထားခဲ့သဖြင့် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးကို လျစ်လျူရှုမိသွားခဲ့၏။ ဒိုင်လူကြီး တစ်ယောက်လောက် ကြိုတင် ပြင်ဆင်ထားသင့်သည် မဟုတ်ပါလား

“မြန်မြန်လုပ်။ ခင်ဗျားရဲ့ စွမ်းရည်ကို လွတ်လပ်စွာ ပြသရမယ့် အချိန်ရောက်ပြီ။ ခင်ဗျား ကြည့်ပြီးသာ ပြော။ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ အရှိန်အဝါထွက်ပေါ်လာအောင် သေချာပေါက် ပြောပေးရမယ်။” ဖန်ကျန်းရီက အလျင်အမြန် ရှေ့တိုးကာ အစီအစဉ်မှူးကို နှစ်ချက်ခန့် ပုတ်လိုက်သည်။

အစီအစဉ်မှူးက ခေါင်းညိတ်ပြလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ ကြေးခေါင်းလောင်းဘက်သို့ မျက်နှာမူလိုက်၏။

“ပြိုင်ပွဲ စတင်ပါပြီ။”

စတင်ပြီဟူသော အသံနှင့်အတူ ကျန်းပြောင်က ခြေနှစ်ဖက်ကို ရုတ်တရက် အားယူကာ အနောက်ဘက်သို့ ပြင်းထန်စွာ ဆောင့်နင်းပြီး ချီလျဲ့နှင့် အကွာအဝေးကို ချဲ့လိုက်သည်။

ချီလျဲ့က မြင်လိုက်ချိန်တွင် ဝမ်းသာအားရ ရယ်မောလိုက်၏။ ကောင်းတယ်။ အချိန်အတော်ကြာ ပြင်ဆင်နေရပြီးမှ နောက်ဆုံးတော့ စပြီပဲ။ ခဏနေရင် ဟန်ဆောင်ပန်ဆောင် လုပ်နေတဲ့ ဒီခွေးကောင်ကို သုံးကွက်တည်းနဲ့ သတ်ပစ်မယ်။

“သွေးဆာနေတဲ့ ကျန်းပြောင်က အကွာအဝေးကို ကိုယ်တိုင် ချဲ့လိုက်တာကို ကျုပ်တို့ မြင်တွေ့ရပါတယ်။ ချီလျဲ့က လှံရှည်ကို သုံးထားပေမဲ့ ကျန်းပြောင်က အကွာအဝေးကို ချဲ့လိုက်တာ ကြည့်ရင် ဒီလို ပြိုင်ဘက်မျိုးက သူ့အတွက် လုံလောက်တဲ့ စိတ်လှုပ်ရှားမှု မရှိသေးလို့ ဖြစ်မယ် ဆိုတာ သိသာပါတယ်။

ကျန်းပြောင်ရဲ့ တစ်ကိုယ်လုံးမှာ အစွမ်းထက်တဲ့ ပညာရပ်တွေ ပြည့်နှက်နေပြီး တိုက်ကွက် ဖော်လိုက်တာနဲ့ လူသတ်နိုင်တယ်။ ဒါအပြင် သူရဲ့ တောက်ပနေတဲ့ ကြွက်သား အမြှောင်းတိုင်းကို လူသတ်လက်နက်အဖြစ် လေ့ကျင့်ထားပါသေးတယ်။ သူ့အတွက် ရန်သူရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးရတာက ရေခဲခွဲတာ၊ သစ်သားချိုးတာ၊ ကျောက်ခဲခွဲတာ၊ ခွက်ခွဲတာတွေလိုပဲ လွယ်ကူရိုးရှင်းပါတယ်။

ဒါပေမဲ့ လေလုံးထွားနေရုံနဲ့တော့ အသုံးမဝင်ပါဘူး။ ဟေးရှန်း ချီလျဲ့ကလည်း အတော်လေးကို အစွမ်းထက်ပါတယ်။”

အစီအစဉ်မှူးမှာ တံတွေးများ လွင့်စဉ်သည်အထိ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောဆိုနေရာ ဖန်ကျန်းရီပင် မနေနိုင်ဘဲ လက်မထောင်၍ ချီးကျူးလိုက်မိ၏။ ပန်းရှန်းရပ်ကွက်၏ တစ်ဦးတည်းသော အစီအစဉ်မှူးပီပီ အစီအစဉ် တင်ဆက်မှု စွမ်းရည်က အလွန် နက်ရှိုင်းလှသဖြင့် အထင်မကြီးဘဲ မနေနိုင်အောင်ပင် ဖြစ်ရသည်။

“ကျုပ်တို့ လက်ရှိ ရရှိထားတဲ့ သတင်းတွေအရ ချီလျဲ့က ဘာပညာရပ်တွေ တတ်ကျွမ်းလဲဆိုတာ မသိရသေးပေမဲ့ … သူက မြင်းစီးတတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရပ်မောင်း ကောင်းမွန်တဲ့ ခန္ဓာကိုယ်နဲ့ လူသတ်ချင်စိတ်တွေ ပြည့်နှက်နေတဲ့ ဟန်ပန်ကို ကြည့်ရတာ … ဒီနေ့မှာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်မှုကြီး တစ်ခု ဖြစ်လာမှာတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ကျုပ်တို့ အားလုံး စောင့်ကြည့်ကြတာပေါ့။”

ဖါးပါးက အသံလွှင့်ခန်းကို အံကြိတ်ကာ စူးစိုက်ကြည့်နေပြီး ယခုအခိုက်အတန့်တွင် အစီအစဉ်မှူးကို ဆွဲထုတ်ကာ အမှုန့်ကြိတ်ပစ်ချင်စိတ်များသာ ပြည့်နှက်နေသည်။

ခွေးကောင်။ ခွဲခြားဆက်ဆံတာ ဒီလောက်တောင် သိသာရလား။

ကျန်းပြောင် လှုပ်ရှားလာသည်ကို မြင်လိုက်ချိန်တွင် ချီလျဲ့က လှံကို ကန့်လန့်ဖြတ် ကိုင်လိုက်ရာ လှံထိပ်ဖျားနှင့် လူ၏ အကွာအဝေးမှာ နှစ်မီတာခန့်ပင် ရှိနေ၏။ ကွင်းထဲရှိ လူများအားလုံး ကြည့်ရင်း ရင်တုန်သွားကြ၏။

သို့ပေမည့် ကျန်းပြောင်က တည်ငြိမ်နေဆဲဖြစ်ပြီး ချီလျဲ့ဘက်သို့ လှည့်၍ ဖြူဖွေးနေသော သွားကြီးများကို ပေါ်အောင် ပြုံးပြလိုက်သည်။

ချီလျဲ့၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။ “မင်းက ငါ ပြောတာကို နားလည်တယ်ပေါ့။ ဒီနေ့ မင်းကို သက်တောင့်သက်သာလေး သေခွင့်ပေးလိုက်မယ်။”

ကျန်းပြောင်က အရိုက်ခံချင်စရာကောင်းသော အပြုံးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လက်နှစ်ဖက်ကို အသံချဲ့စက် ပုံစံလုပ်ကာ ပါးစပ်နားသို့တေ့၍ ကျွမ်းကျင်လှသော မြောက်ပိုင်း ရုန်တိုင်းပြည်၏ ဘာသာစကားဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်။ “ငါက မင်းရဲ့ အဖေကွ။ မင်းအမေက ဖာသည်မပဲ။”

စကားအဆုံးတွင် ဓားကိုပင် မယူတော့ဘဲ နောက်လှည့်မကြည့်ဘဲ အစွမ်းကုန် ပြေးတော့၏။ ချီလျဲ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးနောက် သွေးရောင်များက လည်ပင်းမှနေ၍ ခေါင်းထိပ်အထိ ချက်ချင်း တက်သွားသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။ ရင်ကွဲမတတ် အော်ဟစ်သံကြီးက သူ၏ ပါးစပ်မှ ထွက်ပေါ်လာ၏။

“ယုတ်မာတဲ့ ကောင်။ ငါ မင်းကို သတ်မယ်။”

စကားအဆုံးတွင် လှံကိုကိုင်ကာ ခြေလှမ်းကျယ်ကြီးများဖြင့် အတင်း ပြေးဝင်သွား၏။ သူတို့နှစ်ယောက်မှာ တစ်ယောက်က ပြေး၊ တစ်ယောက်က လိုက်ဖြင့် ဘောလုံးကွင်းကို ပတ်၍ ပြေးလွှားနေကြရာ ကျန်းပြောင်၏ မျက်နှာ အမူအရာမှာ ယခင်ကအတိုင်းပင် ဖြစ်နေပြီး တစ်ခါတရံမှ ချီလျဲ့ကို နောက်လှည့်ကြည့်သည်။ ကျောဘက်မှ လှံဖြင့် ထိုးလိုက်မည်ကို စိုးရိမ်နေပုံရသည်။

မူလက ပြိုင်စံရှား တိုက်ပွဲကြီးကို မျှော်လင့်နေကြသော ပရိသတ်များ၏ စိတ်အားထက်သန်မှုမှာ ချက်ချင်း လျော့ကျသွားခဲ့၏။ ကွင်းထဲတွင် တစ်ယောက်က ပြေး၊ တစ်ယောက်က လိုက်နေသည်ကို သံသယများ ပြည့်နှက်နေသော မျက်နှာများဖြင့် ကြည့်နေကြ၏။

တောက်ယွမ်ခရိုင်မှ အားပေးသူများသာ မမောမပန်းနိုင်ဘဲ အော်ဟစ်နေကြဆဲ ဖြစ်သည်။

အစီအစဉ်မှူးက သူတို့နှစ်ယောက် ပြေးလွှားနေကြသည်ကို မြင်လိုက်ချိန်တွင် လုံးဝ စိတ်ဓာတ်ကျသွားပြီး အကူအညီမဲ့စွာဖြင့် ဖန်ကျန်းရီကို လှမ်းကြည့်လိုက်မိ၏။

ဖန်ကျန်းရီနှင့် အခြားသူများမှာ ယခုအခါ မှန်ပြောင်းကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး နှုတ်ခမ်းများ ရွဲ့ကာ အောက်ဘက်ရှိ အခြေအနေကို ကြည့်ရှုနေကြပြီး လုဖာက တတွတ်တွတ်ဖြင့် ဘာသာပြန်ပေးနေ၏။

ရေတွက်၍ မရနိုင်သော လမ်းဘေးစကားများက ပါးစပ်မှ ထွက်ပေါ်နေပြီး အစီအစဉ်မှူးမှလွဲ၍ အခန်းထဲရှိ လူအားလုံးမှာ ပိုးစိုးပက်စက် ရယ်မော ဆဲဆိုနေကြသည်။ ဒီလူတွေက သောက်ကျိုးနည်း ဘယ်လို လူတွေလဲ။

“သခင်လေး … အမတ်ဖန်။” အစီအစဉ်မှူးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။

“မြန်မြန် ရှင်းပြလေ။ အပျင်းမထူနဲ့။ ဆုကြေးငွေ မလိုချင်တော့ဘူးလား။”

ဖန်ကျန်းရီက ခေါင်းလှည့်ကြည့်လိုက်ပြီး အစီအစဉ်မှူးမှာ အလုပ်မလုပ်သည်ကို မြင်လိုက်ချိန်တွင် ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။

“ဒါ … ဒါကို ကျုပ် ဘယ်လို ရှင်းပြရမှာလဲ။ တစ်ယောက်က ပြေး၊ တစ်ယောက်က လိုက် လုပ်နေတာကို။” အစီအစဉ်မှူးက ငိုချင်လျက် မျက်ရည်မထွက် ဖြစ်နေပေသည်။

“ဟူး … နည်းလမ်း ရှာကြည့်လိုက်လေ။ ခင်ဗျား အကျွမ်းကျင်ဆုံးပဲဟာ။” ဖန်ကျန်းရီက ခပ်ပေါ့ပေါ့သာ လက်ယမ်းပြလိုက်ပြီးနောက် မှန်ပြောင်းကို ယူ၍ ဆက်လက် ကြည့်ရှုနေ၏။

အစီအစဉ်မှူးက တံတွေးတစ်ချက် မြိုချလိုက်ပြီး ကြေးခေါင်းလောင်း ရှေ့သို့ ပြန်လျှောက်သွားကာ မျက်နှာကို အားရပါးရ ပွတ်သပ်လိုက်ပြီး ငိုသံပါကြီးဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ကြည့်ပါ။ သွေးဆာနေတဲ့ ကျန်းပြောင်က သွေးပူလေ့ကျင့်ခန်း စလုပ်နေပါပြီ။ သူက သိုင်းမပြိုင်ခင်မှာ အပြေးပြိုင်ပွဲနဲ့ အရင်ဆုံး ဉာဏ်ရည်ပြိုင်ပွဲကို စတင်ချင်နေတာ သိသာပါတယ်။

ကျန်းပြောင် စထွက်သွားပါပြီ။ အမြန်နှုန်း တင်လိုက်ပြီ။ အပြေးသန်လိုက်တာ။ ဟေးရှန်း ချီလျဲ့က ကျန်းပြောင်ကို အမီလိုက်နိုင်တော့မယ်။ နှမြောစရာ ကောင်းလိုက်တာ … ကျန်းပြောင်က နောက်တစ်ကြိမ် အရှိန်ထပ် တင်လိုက်ပြန်ပြီ။ သူကတော့ အစွမ်းကုန် ကြိုးစားနေပါပြီ။

ဒီအပြေးပြိုင်ပွဲရဲ့ ပန်းတိုင်က ဘယ်နေရာလဲဆိုတာ ကျုပ်တို့ မသိရသေးပါဘူး။ ဒါပေမဲ့ ချီလျဲ့က လှံကို ကိုင်ပြီး ပြေးနေတာကို ကြည့်ရင် ဒါက ဉာဏ်ပညာ မရှိတဲ့ ရွေးချယ်မှုဆိုတာ သိသာပါတယ်။ လှံရှည်က သူ့ရဲ့ အမြန်နှုန်းကို ဆိုးဆိုးရွားရွား နှေးကွေးသွားစေပါတယ်။”

အစီအစဉ်မှူးက နှုတ်မှ စိတ်လှုပ်ရှားစွာ တင်ဆက်နေသော်ငြား အောက်ဘက်ရှိ လက်များကတော့ မိမိ၏ ပေါင်ကို အားရပါးရ ဆိတ်ဆွဲထားပေသည်။ မျက်ရည်ကြည် တစ်ပေါက်က မျက်ထောင့်မှနေ၍ မနေနိုင်ဘဲ စီးကျလာခဲ့၏။ သောက်ကျိုးနည်း … ငါ ဘာတွေ ပြောနေတာလဲ။

အတင်းအဓမ္မ ရှင်းပြနေရသော်ငြား သူ၏ နက်ရှိုင်းလှသော အစီအစဉ် တင်ဆက်မှု စွမ်းရည်က ကွင်းထဲရှိ ပရိသတ်များကို သိသာစွာ လွှမ်းမိုးသွားစေခဲ့သည်။ သိုင်းပြိုင်ကွင်းထဲတွင် တစ်ခါမှ မမြင်ဖူးသော ပြေးခုန်ပစ် ပြိုင်ပွဲကြီး စတင်နေပြီ ဖြစ်သည်။

ပရိသတ်များ၏ စိတ်ခံစားချက်ကို အပြည့်အဝ လှုံ့ဆော်ပေးလိုက်နိုင်ပြီး အားလုံးက ကျန်းပြောင်အတွက် အော်ဟစ် အားပေးနေကြ၏။

ကွင်းထဲတွင် စိတ်လှုပ်ရှားနေကြသော်ငြား အောက်ဘက်တွင်တော့ အလွန်အမင်း ရိုင်းစိုင်းနေပြီ ဖြစ်သည်။ ကျန်းပြောင်က ပြေးရင်း ဆဲဆိုနေပြီး ချီလျဲ့၏မိခင်အရင်းကို ဗဟိုပြုကာ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက် တိုင်အောင် မထပ်သော လမ်းဘေးစကားများဖြင့် ဆဲဆိုနေသည်။ ရက်အနည်းငယ်ကြာ လေ့လာထားသော မြောက်ပိုင်း ရုန်တိုင်းပြည်၏ ဘာသာစကား ရလဒ်များက ဤနေရာတွင် အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။

ချီလျဲ့မှာ ဆက်တိုက် အော်ဟစ်နေပြီး မျက်လုံးများပင် ပြူးကျယ်လာကာ လှံကို မြှောက်၍ ပစ်ပေါက်ရန် အကြိမ်ကြိမ် ကြိုးစားနေခဲ့သည်။ သို့ပေမည့် ကျန်းပြောင်၏ ကိုယ်ဟန် ရွေ့လျားမှုက အလွန် ဆွဲဆောင်မှု ရှိလွန်းနေပြီး တစ်ခါတစ်ရံတွင် S ပုံသဏ္ဌာန် ပြေးလိုက်၊ တစ်ခါတစ်ရံတွင် အခြား ပုံစံများ ပြေးလိုက်ဖြင့် ရှိနေရာ ဤကဲ့သို့ မြန်နှုန်းမြင့် ရွေ့လျားနေသော အခြေအနေအောက်တွင် ချီလျဲ့မှာ တိကျစွာ ပစ်ပေါက်နိုင်ရန် ယုံကြည်မှု မရှိသဖြင့် အံကြိတ်၍ အတင်း လိုက်နေရုံသာ တတ်နိုင်တော့၏။

ဖန်ကျန်းရီက ချီလျဲ့ကို ကြည့်ရင်း ရင်ထဲတွင် အတော်လေး စိုးရိမ်လာခဲ့သည်။ လက်ရှိ အခြေအနေအရ ကျန်းပြောင် က အရှေ့မှ ဦးဆောင်နေဆဲ ဖြစ်သော်ငြား အနောက်ဘက်မှ ချီလျဲ့၏ ခြေလှမ်းများက အလွန် ကြီးမားလှပြီး သူ၏ခြေသုံးလှမ်းက ကျန်းပြောင်၏ ခြေငါးလှမ်းနှင့် ညီမျှနေသည်။

ကျန်းပြောင်မှာ ခြေနှစ်ဖက်ကို အစွမ်းကုန် လှုပ်ရှားနေရမှသာ အကွာအဝေးကို ထိန်းထားနိုင်ပြီး ဤကဲ့သို့ မြန်နှုန်းမြင့် ခြေလှမ်းများက ခန္ဓာကိုယ် ခွန်အားအတွက် သိသာစွာ စမ်းသပ်မှု တစ်ခု ဖြစ်နေ၏။

“ကျိုးထျဲ့ … ကျန်းပြောင် နိုင်နိုင်ခြေ ရှိတယ်လို့ ထင်လား။” ဖန်ကျန်းရီက မေးလိုက်သည်။

“ရှိတယ်။ ဒီအတိုင်း ဆက်ပြေးနေရင် နောက်ထပ် လက်ဖက်ရည် တစ်ခွက်စာ အချိန်လောက် ဆွဲထားလိုက်တာနဲ့ ချီလျဲ့ရဲ့ ခွန်အားက အရင် ကုန်သွားမှာ သေချာတယ်။” ကျိုးထျဲ့က မှန်ပြောင်းကို ကိုင်ကာ သေချာ အကဲခတ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“အေးလေ။ ကျန်းပြောင်က အရင် တောင့်မခံနိုင်မှာကိုပဲ ကျုပ် စိုးရိမ်နေတာ။” ဖန်ကျန်းရီက ရေရွတ်လိုက်သည်။

“တောင့်ခံနိုင်ပါတယ်။ မထွက်လာခင်လေးတင် ကျန်းပြောင်က ထောင့်တစ်နေရာမှာ ပုန်းပြီး ပျားရည် တစ်ခွက် ခိုးသောက်လိုက်တာ ကျုပ် မြင်လိုက်တယ်။” ကျိုးထျဲ့က ပြန်ပြောလိုက်၏။

ဖန်ကျန်းရီမှာ ချက်ချင်း သဘောပေါက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးများ ချက်ချင်း ပေါ်လာခဲ့သည်။

ကောင်းလိုက်တဲ့ကောင်။ မင်းက တကယ်ကို မျှမျှတတ တိုက်ခိုက်ချင်တယ်လို့ ထင်နေတာ။ မာရသွန်ပြေးဖို့ကို ခွန်အားဖြစ်ဆေးတွေ ခိုးသောက်ထားမယ်လို့ မထင်ထားခဲ့ဘူး။

အရှက်မရှိတဲ့ကောင်။ ဒီတစ်ပွဲတော့ သေချာပေါက် နိုင်ပြီပဲ။

All Chapters