← Chapters

အခန်း ၃၃၄

Vol. 19 Ch. 334

အခန်း ၃၃၄

Vol. 19 Ch. 334

အပိုင်း (၃၃၄) မင်းက သေပြီးသားပဲ။

လက်သည်းများကို ကျန်းပြောင် ကွင်းထဲမဝင်ခင်လေးတွင် သေချာစွာ ပြင်ဆင်ထားခြင်း ဖြစ်သည်။ လက်ချောင်း ဆယ်ချောင်းလုံးကို သေးငယ်စိပ်ကျဲသော လွှသွားပုံသဏ္ဌာန်အဖြစ် ပြုလုပ်ထား၏။

ဤလုပ်ဆောင်ချက်က ကျင်းတိုင်းပြည်၏ လက်သည်းအလှဆင်ခြင်း ပထမဆုံးလူအဖြစ် သတ်မှတ်နိုင်သည်။ အားနည်းချက်ကို ပြောရမည်ဆိုပါက မည်သို့ပင်ဖြစ်စေ လက်သည်းများကို ခိုင်မာအောင် လေ့ကျင့်၍ မရနိုင်ခြင်းပင် ဖြစ်ပြီး အလွယ်တကူ ကျိုးပဲ့သွားနိုင်သည်။

သို့ပေမည့် တစ်ပွဲတည်း တိုက်ခိုက်ခြင်းအတွက်တော့ ပြဿနာ မရှိနိုင်ချေ။ ထိခိုက်မှု အားနည်းသော်ငြား ရွံရှာဖွယ်ရာ အကျိုးသက်ရောက်မှုကတော့ အလွန် ကောင်းမွန်၏။

စောစောက ချီလျဲ့သာ လက်မောင်းဖြင့် မျက်လုံးကို ကာကွယ်မထားပါက ဤလက်သည်းချက်က မျက်နှာ တည့်တည့်သို့ ရောက်ရှိသွားမည်မှာ သေချာသည်။

ချီလျဲ့မှာ ယခုအချိန်ရောက်မှသာ သဘောပေါက်သွားတော့၏။

မျက်စိရှေ့မှ ခွန်အားကြီးမားသည့်ပုံ ပေါက်နေသော ကောင်က တကယ်တော့ လုပ်ကြံသူ တစ်ယောက် ဖြစ်နေမယ်လို့ သူ မထင်ထားခဲ့ချေ။ ဒါပေမဲ့ မတရားတဲ့ လမ်းစဉ်တွေကို ကျွမ်းကျင်တဲ့ ကောင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ခွန်အားကြီးနေရတာလဲ။ စောစောက သူက ငါ့ရဲ့ ပေါင်ကြားကို အချက်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာမို့ … အခုထိ အောက်ပိုင်းက ထုံကျဉ်နေတုန်းပဲ။

ချီလျဲ့ လှုပ်ရှားရန် မပြင်မီမှာပင် ကျန်းပြောင်က မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် တစ်ပြိုင်နက် လှုပ်ရှား လာခဲ့သည်။ မြေပြင်ပေါ်သို့ လှဲချကာ ကန်လိုက်သော ခြေကန်ချက် တစ်ချက်က သဲမုန်တိုင်းများကို ထပ်မံ ဖြစ်ပေါ်စေခဲ့သည်။

သဲမုန်တိုင်းထဲမှနေ၍ သဲများကို ချီလျဲ့ထံ အဆက်မပြတ် ပက်လိုက်ကာ အခွင့်အရေးရလျှင် ရှေ့တိုး၍ လက်သည်းဖြင့် အကြိမ်အနည်းငယ် ကုတ်ခြစ်လိုက်သေး၏။

ကွင်းထဲတွင် သဲများ အလွန် ပေါများပြီး ကျန်းပြောင်၏ အမြန်နှုန်းကလည်း မြန်ဆန်ကာ ခွန်အားကလည်း ကြီးမားသည်။ ထို့အပြင် နေရာ အဆက်မပြတ် ပြောင်းလဲလှုပ်ရှားနေသဖြင့် ချီလျဲ့မှာ တစ်ခဏမျှပင် မည်သို့ ကာကွယ်ရမှန်း မသိဖြစ်သွားခဲ့သည်။ သူက မျက်လုံးများ ဖွင့်မရနိုင်လောက်အောင် ဖြစ်သွားသဖြင့် စိတ်ကို တည်ငြိမ်အောင်ထားကာ အသံကို နားထောင်၍ နေရာကို မှန်းဆနေရသည်။

လက်သည်းပေါ်ရှိ လှည့်ကွက်လေးများက သူ့အား အပေါ်ယံ ဒဏ်ရာ အနည်းငယ်သာ ရရှိစေပြီး သိပ်ပြီး သက်ရောက်မှု မရှိနိုင်ချေ။ အဓိကအားဖြင့် ဤအရှက်မရှိသောကောင် သူ၏ မျက်လုံးများကို ခိုးတိုက်မည်ကိုသာ ကာကွယ်ရမည်။

သူ့ကို ဖမ်းမိတာနဲ့ တစ်ပြိုင်နက် နောက်တစ်စက္ကန့်မှာတင် အသက်ထွက်အောင် လုပ်ပစ်မယ်။

ကျန်းပြောင်က ဟိုဟိုဒီဒီ ရှောင်တိမ်းနေစဉ်မှာပဲ ချီလျဲ့၏ ဆက်တိုက် ခြေကန်ချက် အနည်းငယ်က ကျန်းပြောင်ကို ထိမှန် သွားခဲ့သည်။ သူ၏ ရင်ထဲတွင် ဝမ်းသာသွားပြီး မျက်လုံးများ ဖွင့်ကာ လက်မောင်းများကို ဖြန့်၍ ဆက်လက် လိုက်လံ တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့ပေမည့် ကျန်းပြောင်က လက်မြှောက်ကာ ကာကွယ်လိုက်ပြီး သူ၏အင်အားကို အသုံးချ၍ မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လိမ့်ကာရှောင်ထွက်သွားသည်။ ထို့နောက် သဲ နှစ်ဆုပ်ကို ဆုပ်ကိုင်ကာ မျက်နှာကို ထပ်မံ ပက်လိုက်ပြန်သည်။

ခွေးကောင်။ … ယုတ်မာတဲ့ ကောင်။

ချီလျဲ့မှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။ ကြီးပြင်းလာသည်အထိ ဤမျှလောက် အောက်တန်းကျသော တိုက်ပွဲမျိုး တစ်ခါမှ မကြုံဖူးခဲ့ရာ ယခုအချိန်အထိ မျက်လုံးပင် ဖွင့်၍ မရနိုင်သေးချေ။

သူ၏ ရင်ထဲရှိ ဒေါသများက ပိုမို ပြင်းထန်လာပြီး ချက်ချင်းပင် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သည်။

“ယုတ်မာတဲ့ကောင် … မြန်မြန်ထွက်ခဲ့ပြီး ငါနဲ့ မျက်နှာချင်းဆိုင် တိုက်စမ်း။”

ရွှစ် …

ကျန်းပြောင်က သူ၏ နောက်ကျောသို့ ရောက်ရှိသွားပြီး လက်ချောင်းငါးချောင်းကို ချီလျဲ့၏ တင်ပါးဆီသို့ အားရပါးရ ထိုးစိုက်လိုက်၏။

ချီလျဲ့မှာ 'အား' ခနဲ အော်ဟစ်လိုက်ရင်း မြေပြင်ပေါ်တွင် ကပျာကယာ လိမ့်ရှောင်လိုက်သည်။ ဤအရှက်မရှိသောကောင်က သူ့နောက်ကျောကို ခိုးတိုက်မည်ကို သူ အလွန်စိုးရိမ်နေမိ၏။

အမှန်တကယ်လည်း ကျန်းပြောင်က ထိုသို့လုပ်ရန် ရည်ရွယ်ထားခဲ့သည်။ သို့ပေမည့် ချီလျဲ့၏ တင်ပါးကြီးများက အလွန်အမင်း ထွားကြိုင်းလွန်းနေသဖြင့် အကယ်၍ နောက်မှ ဝင်တိုက်လိုက်ပါက လက်နက် အညှပ်ခံရနိုင်သည်ဟု တွေးကာ သူ၏ အကျွမ်းကျင်ဆုံးဖြစ်သည့် ခိုးတိုက်သည့်ပညာရပ်ကို မသုံးရဲဘဲ လက်လျှော့လိုက်ရသည်။

ထိုသို့ လွဲချော်စွာ ထိုးစိုက်မိပြီးသည်နှင့် ကျန်းပြောင်သည် ဖုန်လုံးများ အလိပ်လိုက် ထနေသော သဲမုန်တိုင်းထဲမှ အမြန်ခုန်ထွက်လိုက်သည်။ ထိုနေရာတွင် ဖုန်မှုန့်များ ထူထပ်လွန်းသဖြင့် သူ့အနေဖြင့်လည်း ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သို့ဖြစ်ရာ ဖုန်တောထဲမှ အမြန်ရုန်းထွက်လာခဲ့ပြီး မြေပေါ်တွင် ရှိနေသော ဓားပြားကြီးအနီးသို့ ပြေးသွားလိုက်သည်။ ထို့နောက် ဓားပြားကြီးကို အားပြုထောက်ကာ အမောဖြေရင်း ဖုန်တောထဲမှ ထွက်လာမည့် ချီလျဲ့ကိုသာ အသင့် စောင့်ဆိုင်းနေလိုက်၏။

မီးခိုးငွေ့များ တဖြည်းဖြည်း လွင့်စင်သွားချိန်တွင် ချီလျဲ့၏ ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

အစီအစဉ်မှူးက ချက်ချင်းပင် အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ “ဟေးရှန်း ချီလျဲ့ ထွက်ပေါ်လာပါပြီ။ သူ့ရဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပြည့်နှက်နေပြီး … အထဲမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့ မသိရပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ပုံစံကို ကြည့်ရတာ သိပ်ပြီး ထိခိုက်မှု ကြီးကြီးမားမား မရှိဘူးလို့ ထင်ရပါတယ်။”

ချီလျဲ့က ခါးကိုင်းထားရာမှ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ မတ်လိုက်ပြီး သူ၏ လက်ထဲတွင် ဘယ်အချိန်တည်းကမှန်း မသိ ကျန်းပြောင် စွန့်ပစ်ထားသော လှံတစ်ပိုင်းကို ပြန်လည် ကိုင်ဆောင်ထားကြောင်း မြင်တွေ့လိုက်ရ၏။ သို့ပေမည့် သူ၏ ပုံစံက အလွန် သနားစရာ ကောင်းနေသည်။ တစ်ကိုယ်လုံး သွေးစီးကြောင်းများ အပြည့်ဖြစ်နေပြီး … လူတစ်စုက သားရေပွတ်ကြိုး အသေးလေးများဖြင့် အလှည့်ကျ ရိုက်နှက်ထားသကဲ့သို့ပင်။

ပရိသတ်များထဲမှ ကျင်းတိုင်းပြည်၏ ပြည်သူများမှာ နောက်တစ်ကြိမ် စိတ်ဓာတ်များ တက်ကြွလာကြသည်။ အထူးသဖြင့် ဖုန်းဟော့ဂိုဏ်းမှ ဂျီအာ့ယဲ့မှာ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သောက်ကလေး … မင်း တကယ့် လူဆိုးဂိုဏ်းတွေကို မမြင်ဖူးလို့ ဖြစ်မယ်။ ငါ့အစ်ကို ကျန်းပြောင်ကိုတောင် မင်းက ရန်စရဲတယ်ပေါ့။ ဒီနေ့ မင်းကို လုပ်ကြံတဲ့ လက်မည်းကြီး ဆိုတာ ဘာလဲဆိုတာ ပြပေးမယ်။”

အနားရှိ ဂိုဏ်းသားများက ဂျီအာ့ယဲ့ကို ထိုင်ခုံပေါ်သို့ အလျင်အမြန် ပြန်လည် ဆွဲချလိုက်ကြသည်။ တစ်ယောက်ပြီး တစ်ယောက် ဝိုင်း၍ ဖျောင်းဖျလိုက်ကြ၏။ “အစ်ကိုကြီး … ဟိုဘက်မှာ ဘုရင်မင်းမြတ် ရှိနေတယ်နော် … အမတ်ဖန်ရဲ့ လူတွေလည်း ရှိတယ် … အေးအေးဆေးဆေး နေပါ။”

ဂျီအာ့ယဲ့က ချက်ချင်း ထိုင်လိုက်သော်လည်း ရင်ထဲတွင်တော့ ဖုံးကွယ်၍ မရနိုင်သော ဝမ်းသာအားရမှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။

ချီလျဲ့က မတ်မတ်ရပ်လိုက်ပြီး ယခုအခါ အလွန်အမင်း ဒေါသထွက်ကာ ရယ်မောနေပြီ ဖြစ်၏။ ကျိုးနေသော လှံရှည်ကို ကိုင်ဆောင်ကာ ရူးသွပ်စွာ ရယ်မောလိုက်၏။ “ကျန်းပြောင် … စောစောက မင်းသာ လှံကိုသုံးပြီး ခိုးတိုက်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အနိုင်ရဖို့ အခွင့်အရေး နည်းနည်း ရှိနိုင်သေးတယ်။ နှမြောစရာပဲ။ မင်းက ဦးနှောက် မရှိဘူး။ ဟင်းဟင်း … မင်းရဲ့ အဲဒီဓားစုတ်ကလည်း အေးသွားလောက်ပြီပေါ့။ အဲဒီ လှည့်ကွက်လေး တွေက ဒီမှာတင် အဆုံးသတ်သွားပြီ။”

စကားအဆုံးတွင် ချီလျဲ့က လှံကိုကိုင်ကာ ရှေ့သို့ ပြေးဝင်သွား၏။ တစ်ပိုင်းတစ်စ လှံရှည် ဖြစ်သော်ငြား ကျန်ရှိနေသော အရှည်က သာမန် သံလှံများထက် ရှည်လျားနေဆဲ ဖြစ်သည်။

ကျန်းပြောင်က အလျင်စလို မရှိဘဲ ဓားပြားကြီးကို ထောက်ထားသော ညာလက်ဖြင့် ဓားရိုးနှင့် ဓားသွား ဆက်သွယ်ထားသော နေရာရှိ ခလုတ်လေးကို ညင်သာစွာ နှိပ်လိုက်၏။ ထို့နောက် ဓားပြားကြီး၏ အတွင်းမှ အနီရောင် တောက်ပနေဆဲဖြစ်သော ထန်ဓားတစ်လက်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။

ထိုအရာကို မြင်လိုက်ချိန်တွင် ချီလျဲ့သည် ချက်ချင်းပင် ခေါင်းထဲ၌ မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားခဲ့၏။ သူက နေရာမှာပင် လှံဖြင့် မြေကြီးကို ထောက်ကာ ချက်ချင်း ရပ်တန့်လိုက်ပြီး ကျန်းပြောင် လက်ထဲရှိ ဓားကို သံသယများ ပြည့်နှက်နေသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။

အသံလွှင့်ခန်းထဲတွင်တော့ ဖန်ကျန်းရီနှင့် အခြားသူများမှာ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။ ဓားထုတ်လိုက်ပြီ။ နောက်ဆုံးတော့ ဓားထုတ်လိုက်ပြီပဲ။

ကျန်းပြောင်၏ အစွမ်းထက်ဆုံး ပညာရပ်မှာ တကယ်တော့ ဓားပညာပင် ဖြစ်သည်။ ဓားပညာမှာ သဘာဝကျစွာပင် ကျိုးထျဲ့ထံမှ သင်ယူထားခြင်း ဖြစ်၏။ ဤဓားပြားကြီးကိုလည်း ကျန်းပြောင်အတွက် အထူး သွန်းလုပ်ပေးထားခြင်း ဖြစ်ပြီး … တိကျသေချာသော ဒီဇိုင်းများစွာ ပါဝင်သည်။

ပထမအချက်မှာ ခွန်အားကို လေ့ကျင့်ရန် ဖြစ်ပြီး ဒုတိယအချက်မှာတော့ တစ်ဖက်လူကို လှည့်စားရန် ဖြစ်သည်။ မူလတည်းက သူက ခွန်အားကြီးပြီး မြန်ဆန်သူ ဖြစ်သည်။

ယခုအခါ ထန်ဓားသို့ ပြောင်းလဲလိုက်ချိန်တွင်တော့ … တိုက်ခိုက်မှု စွမ်းအားက အမြင့်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်၏။

ကျိုးထျဲ့မှာ ယခုအခါ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာဖြင့် ဖန်ကျန်းရီနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ “ကျန်းပြောင်ရဲ့ ဓားပညာက ကျုပ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် အဆင့်ရှိတယ်။”

စကားအဆုံးတွင် မည်သူကမှ သူ့အား ဂရုမစိုက်ကြဘဲ ကျန်းပြောင်ကိုသာ စိတ်ဝင်တစား ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် ကျိုးထျဲ့၏ မျက်နှာမှာ ရှက်သွေးဖြားသွားခဲ့သည်။ မတတ်သာစွာဖြင့် မှန်ပြောင်းကို ကောက်ကိုင်ကာ ဆက်လက် ကြည့်ရှုနေရ၏။

ချီလျဲ့က ခဏ တွန့်ဆုတ်နေပြီးနောက် ထပ်မံ ပြေးဝင်သွားပြန်သည်။ ဓားတစ်လက်လောက်က ဘာဖြစ်သနည်း။ မျက်နှာချင်းဆိုင် တိုက်ခိုက်ရာတွင် သူက မည်သူ့ကိုမှ မကြောက်ချေ။

ကျန်းပြောင်က ပြေးဝင်လာသော ချီလျဲ့ကို စူးစိုက်ကြည့်နေပြီး အနည်းငယ် ခါးကိုင်းထားလိုက်သည်။ ဓားပြားကြီး၏ အလယ်ပိုင်းကို နှစ်ကြိမ်ခန့် ခေါက်လိုက်ရာ သံပြားနှစ်ခု ပြုတ်ကျသွားပြီး အတွင်းမှ လက်ကိုင်ကို မြင်တွေ့လိုက်ရ၏။ ဓားရိုး မရှိတော့သော ဓားပြားကြီးမှာ ချက်ချင်းပင် ဒိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ဖက်က ဒိုင်းကိုကိုင်၊ တစ်ဖက်က ဓားကိုကိုင်ထားလိုက်၏။

ချီလျဲ့မှာ ကျန်းပြောင်၏ အနီးသို့ ရောက်လုနီးပါး အချိန်တွင် နောက်ထပ် လှည့်ကွက်များ ထုတ်ပြလာသည်ကို မြင်လိုက်ရသဖြင့် နောက်ထပ် တစ်ကြိမ် ချက်ချင်း ရပ်တန့်လိုက်ပြန်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ချီးပဲ … သောက်ကျိုးနည်း ပြီးအုံးမှာလား။”

ကျန်းပြောင်က မကြားချင်ယောင်ဆောင်ကာ ဒိုင်းနှင့် ဓားကို ကိုင်ဆောင်၍ ဘေးတစောင်း ပြေးဝင်သွား၏။ ကိုယ်ပေါ်ရှိ အရေးကြီးသော နေရာများ အားလုံးကို ဓားပြားကြီးဖြင့် ကာကွယ်ထား၏။

အစီအစဉ်မှူးမှာ ယခုအခါ ကြည့်ရင်း ဆွံ့အသွားခဲ့ပြီဖြစ်ပြီး စကားတစ်ခွန်းမှပင် ထွက်မလာတော့ချေ။ အကြောင်းပြချက်မရှိဘဲ ဓားပြားကြီးထဲမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး … မူလ ဓားပြားကြီးက ဒိုင်းအဖြစ် ပြောင်းလဲသွားသည်။ ခဏနေ၍ ဓားရိုးထဲမှ လျှို့ဝက်လက်နက်နှစ်ခုထွက်လာလျှင် အံ့အားသင့်စရာ မဟုတ်တော့ချေ။

ချီလျဲ့က ကျန်းပြောင် ကိုယ်တိုင် ပြေးဝင်လာသည်ကို မြင်လိုက်ချိန်တွင် ရူးသွပ်စွာ အော်ဟစ်လိုက်၏။ “ယုတ်မာတဲ့ကောင်။ သေစမ်း။”

ညာဘက်လက်ဖြင့် လှံကို ဆုပ်ကိုင်ကာ တစ်ကိုယ်လုံးရှိ အင်အားကို အသုံးချ၍ ကျန်းပြောင်၏ အောက်ပိုင်းသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သူ၏ အကွာအဝေး တွက်ချက်မှုက အလွန် တိကျလှပြီး လှံထိပ်ဖျားက ကျန်းပြောင်၏ ခြေနှစ်ဖက်ဆီသို့ ဦးတည်နေသည်။ ဤလှံချက်က ခွန်အား အပြည့် ပါဝင်နေပြီး တစ်ဖက်လူကို သုံးပိုင်း ပိုင်းပစ်ရန် သန္နိဋ္ဌာန် ချထားပုံရ၏။

လှံချက်၏ ပြင်းထန်မှုကြောင့် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသော လေဖိအားက ကျန်းပြောင်၏ နားထဲတွင် လေချွန်သံများပင် ထွက်ပေါ်လာစေသည်။

လေထဲမှနေ၍ ရိုက်ချတော့မည့် အချိန်လေးမှာပင် လှံရိုးမှ ဂျွတ်ခနဲ အသံထွက်လာပြီး … အလယ်မှနေ၍ အကြောင်းပြချက်မရှိဘဲ နှစ်ပိုင်း ကျိုးသွားခဲ့တော့၏။

လှံထိပ်ဖျားကလည်း ရွှစ်ခနဲ အသံနှင့်အတူ … ပရိသတ်များဘက်သို့ လွင့်ပျံသွားခဲ့သည်။ ပရိသတ်များထဲမှ နာကျင်စွာ အော်ဟစ်သံ ခပ်ရေးရေးကို ကြားလိုက်ရ၏။

ချီလျဲ့မှာ အံ့အားသင့်စွာဖြင့် လက်ထဲရှိ စင်တီမီတာ သုံးဆယ်ခန့်သာ ရှိတော့သော လှံရိုးပိုင်းကို ကြည့်နေပြီး တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ ကျန်းပြောင်၏ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော တိုက်ခိုက်မှုက ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး လူတစ်ကိုယ်လုံး အရှေ့သို့ ပြေးဝင်သွားကာ အလွန် ကြီးမားလှသော ခွန်အားဖြင့် ချီလျဲ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက် တိုက်ချလိုက်သည်။

နောက်တစ်စက္ကန့်တွင် … ဓားက လည်ပင်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

“မင်း သေသွားပြီ။”

ကျန်းပြောင်က ဒူးတစ်ဖက်ကို ချီလျဲ့၏ ကိုယ်ပေါ်တွင် ထောက်ထားပြီး ဒိုင်းကြီးဖြင့် သူ၏ ရင်ဘတ်ကို ဖိထားကာ ဓားပေါ်မှ အပူရှိန်များက သူ့အား ပူလောင်မှု အနည်းငယ်ကို ခံစားနေရသည်။

“ယုတ်မာတဲ့ကောင် … အရှက်မရှိတဲ့ကောင် .. ယုတ်မာတဲ့ကောင် .. မင်းက ငါ့လှံကို အကွက်ဆင်ရဲတယ်ပေါ့။”

All Chapters