← Chapters

အခန်း ၃၃၅

Vol. 19 Ch. 335

အခန်း ၃၃၅

Vol. 19 Ch. 335

အပိုင်း (၃၃၅) မကျေနပ်ဘူးလား ….. လက်ဗလာနဲ့ ထပ်တိုက်မယ်။

ချီလျဲ့မှာ ဒေါသတကြီး မျက်လုံးပြူးကာ မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း ပါးစပ်မှ အဆက်မပြတ် ဆဲဆိုနေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ကျန်းပြောင်က လူများကို ဆဲဆိုတတ်ရန် ကျက်မှတ်ထားခြင်းမှလွဲ၍ မြောက်ပိုင်း ရုန်တိုင်းပြည်၏ စကားအနည်းငယ်ကိုသာ နားလည်သောကြောင့် သူ ဘာပြောနေသည်ကို နားမလည်ချေ။ သို့ပေမည့် မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် အဓိပ္ပာယ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်၏။

ကျန်းပြောင်က မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။ “မင်းက ငါ့ကို ယုတ်မာတယ်လို့ ပြောနေတာ သေချာတယ်။ မင်းက အရမ်း အားနည်းတယ်။ မင်းက ငါ့ကို အရမ်း စိတ်ပျက်စေတယ်။ ငါတို့ တစ်ယောက်ချင်းစီတိုင်းမှာ ပြင်ဆင်ဖို့ ငါးရက် အချိန်ရတယ်။ ဒါပေမဲ့ မင်းက သံကွင်းစွပ် ဘောင်းဘီ တစ်ထည် ဝတ်လာတာကလွဲရင် ဘာမှ ပြင်ဆင်မလာဘူး။ ဒါက ပြိုင်ဘက်ကို အထင်သေးတာပဲ။

ငါက မင်းကို ရိုးရိုးလေး နှစ်ခွန်းလောက် ဆဲလိုက်တာနဲ့ မင်းက အစကနေ အဆုံးထိ ငါ့နောက်ကို လိုက်နေတော့တာပဲ။ ခွန်အားတွေ အလကား ကုန်တာပေါ့။ ငါက မင်းရဲ့ လက်နက်ကို သိမ်းလိုက်ပြီး အသုံးမပြုဘဲ လွှင့်ပစ်လိုက်တာတောင် မင်းက သံသယ မဝင်ဘူး။ ဒါက ဦးနှောက် မရှိတာပဲ။

မင်းရဲ့ လှံရှည်က ဆယ်ပေကျော်လောက် ရှည်တယ်မလား။ ဒါပေမဲ့ မင်းက လှံကိုပဲ အတင်း ဆုပ်ကိုင်ထားတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက လက်နက်တွေချည်းပဲ။ မင်းမှာ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ် ရှိတာကိုတောင် အသုံးမချတတ်ဘူး။

မင်းက လှံကိုပဲ သုံးတတ်တယ် ဆိုရင်တော့ အဲဒါ အသုံးမကျလို့ပဲ။ ငါ အခုလို ပြောတာ … မင်း … မကျေနပ်ဘူး မလား။”

ချီလျဲ့မှာ ဒေါသတကြီး အော်ဟစ်နေပြီး ပါးစပ်မှ အဆက်မပြတ် အော်နေသော်ငြား လည်ပင်းပေါ်တွင် ဓားထောက်ခံထားရဆဲ ဖြစ်သဖြင့် မလှုပ်ရဲချေ။

ကျန်းပြောင်က မြင်လိုက်ချိန်တွင် ထန်ဓားကို ပြောင်းပြန် ကိုင်လိုက်ပြီး ဓားရိုးကို သူ၏ ခေါင်းဘက်သို့ ချိန်ရွယ်ကာ အပေါ်ရှိ ခလုတ်ကို နှိပ်လိုက်၏။

ရွှစ် ရွှစ် ဆိုသည့် ငွေရောင် အလင်းတန်း နှစ်ခုက ချီလျဲ့၏ နားရွက်ဘေးသို့ စိုက်ဝင်သွားသည်။ ချီလျဲ့၏ ရင်ထဲတွင် အေးစက်သွားပြီး မြေပြင်ပေါ်ရှိ အစိမ်းရောင် သံအပ်များကို ကြည့်ရင်း မျက်လုံးများမှာ ကြက်သေ သေသွားကာ ဘာတွေ စဉ်းစားနေမိမှန်း မသိတော့ချေ။

ကျန်းပြောင်က မြင်လိုက်ချိန်တွင် မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ “ငါ အားမစိုက်ရသေးဘူး … မင်း လဲကျသွားပြီပဲ။ အခု မင်းရဲ့ စိတ်တွေ ရှုပ်ထွေးနေပြီ။ ထပ်တိုက်ရင်လည်း မင်းက ငါ့ပြိုင်ဘက် မဟုတ်ပါဘူး။

မကျေနပ်ဘူးလား။ ထပ်တိုက်လို့ ရတယ်။ ငါ မင်းနဲ့ လက်ဗလာနဲ့ တိုက်မယ်။ ဒီတစ်ခေါက် … ဘာလှည့်ကွက်မှ မသုံးတော့ဘူး။”

စကားအဆုံးတွင် မတ်တပ်ထရပ်ကာ ချီလျဲ့၏ ကိုယ်ပေါ်မှနေ၍ ဘေးဘက်သို့ ခုန်ဆင်းလိုက်၏။ ဓားပြားကြီးနှင့် ထန်ဓားတို့ကို အဝေးသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် ကွင်းထဲတွင် ဖြည်းညင်းစွာ လမ်းလျှောက်နေရင်း အကြောလျှော့ လေ့ကျင့်ခန်းများကို အဆက်မပြတ် ပြုလုပ်နေ၏။

ကွင်းထဲရှိ လူများအားလုံးမှာ မူလနေရာမှာပင် ကြောက်ရုပ်များအဖြစ် အသွင်ပြောင်းသွားကြပြီ ဖြစ်သည်။

နိုင်သွားပြီ … ချီလျဲ့က တိုက်ကွက် အနည်းငယ်တောင် မထုတ်လိုက်ရဘဲ ကျန်းပြောင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။

“သွေးဆာနေတဲ့ ကျန်းပြောင် … ကြမ်းတယ်ဟေ့။”

“နိုင်ပြီ … သွေးဆာနေတဲ့ ကျန်းပြောင် နိုင်ပြီ။”

“ကျင်းတိုင်းပြည် သက်တော်ရာကျော် ရှည်ပါစေ။”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပရိသတ်များကြားမှ တောင်ပြိုမတတ် အော်ဟစ်သံကြီးများ ချက်ချင်း ထွက်ပေါ်လာ၏။ ရေတွက်၍ မရနိုင်သော အော်ဟစ်သံများ၊ အားပေးသံများက ကွင်းတစ်ခုလုံးကို လွှမ်းခြုံ သွားသည်။

ဖုန်းဟော့ဂိုဏ်းနှင့် မြောက်ပိုင်း ရုန်တိုင်းပြည် သံတမန်အဖွဲ့မှလွဲ၍ အကုန်အော်ဟစ်နေ၏။

ဂျီအာ့ယဲ့၏ ပခုံးတွင် လှံတစ်ချက် စိုက်ဝင်နေခဲ့ပြီး ဒဏ်ရာ ကြီးကြီးမားမား မရသော်ငြား ဝိညာဉ်ပါ လွင့်ထွက်မတတ် လန့်သွားခဲ့ပြီ ဖြစ်၏။ ဂိုဏ်းသား တစ်သိုက်က ငိုယိုကာ အပြင်သို့ သယ်ထုတ်သွားကြသည်။ သူတို့၏ ခေါင်းဆောင် ပရိသတ်များကြားထဲမှာ သေသွားမည်ကို စိုးရိမ်နေကြသည်။

ဖါးပါး၏ မျက်နှာမှာ ဖြူရော်နေပြီး ရှေ့တန်းရှိ ထိုင်ခုံ နောက်ကျောကို အားပြုလျက် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်ကာ ကွင်းထဲတွင် လဲလျောင်းနေသော ချီလျဲ့ကို တွေဝေစွာ စူးစိုက်ကြည့်နေသည်။ ဤရလဒ်ကို လက်ခံနိုင်ရန် သူ၏ရင်ထဲတွင် အချိန်တစ်ခု ယူရဦးမည်။

ဖန်ကျန်းရီက အလွန် ဝမ်းသာသွားပြီး အစီအစဉ်မှူးကို ပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာခိုင်းရန် ချက်ချင်း ပြင်လိုက်သည်။ သို့ပေမည့် သူ လှည့်ထွက်သွားလိုက်ချိန်မှာပင် ကျိုးထျဲ့က ဆွဲထားလိုက်သည်။

ကျိုးထျဲ့က တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။ “သခင်လေး … သခင်လေး သဘောမပေါက်သေးဘူးလား။ ကျန်းပြောင်ရဲ့ ပထမပွဲက သခင်လေး အတွက် တိုက်ပေးတာ။ သခင်လေးက အနိုင်ပွဲ တစ်ပွဲ လိုအပ်နေလို့ပါ။ ဒုတိယပွဲကမှ သူ ကိုယ်တိုင် တိုက်ချင်တာ။ သူက ချီလျဲ့နဲ့ လက်ဗလာနဲ့ တိုက်ချင်နေတာ။”

ဖန်ကျန်းရီက တိတ်ဆိတ်သွားပြီး တစ်ခဏမျှ မည်သို့ လုပ်ရမှန်း မသိဖြစ်သွားခဲ့သည်။ မှန်ပေ၏။ ကျန်းပြောင်၏ သဘောထားအရဆိုလျှင် လှည့်ကွက်များ အသုံးပြုနေစရာ မလိုဘဲ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ခြင်းက ပို၍ သင့်လျော်ပေလိမ့်မည်။ ကျန်းပြောင်က ဤမျှလောက် စိတ်ကူးများနေလိမ့်မည် မဟုတ်ချေ။

ခဏ စဉ်းစားလိုက်ပြီးနောက် ဖန်ကျန်းရီက မတတ်သာစွာဖြင့် ပြောလိုက်သည်။ “ဒါဆိုလည်း တိုက်ပါစေတော့။ ခင်ဗျား စီစဉ်လိုက် … လေမှုတ်မြား သမားတွေကို အသင့်အနေအထားမှာပဲ ဆက်ရှိနေပါစေ။”

ကျိုးထျဲ့က ခေါင်းညိတ်ပြပြီး ချက်ချင်း ပြေးထွက်သွားခဲ့၏။

……

ကွင်းထဲတွင်တော့ ချီလျဲ့က ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။ ပထမဆုံး ကျန်းပြောင်ကို မကြည့်ဘဲ ပရိသတ်များကိုသာ နေရာအနှံ့ လှည့်လည် ကြည့်ရှုလိုက်၏။ ရုတ်တရက် ခေါင်းမူးလာသလို ခံစားလိုက်ရသည်။ မိမိအနေဖြင့် စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သော်ငြား တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ရာ ယနေ့တွင် လူအောက်တန်းစား တစ်ယောက် လက်ထဲ၌ ရှုံးနိမ့်သွားခဲ့သည်။ ထို့အပြင် လူနှစ်သောင်းရှေ့မှာတောင် ဖြစ်သည်။

ယနေ့တွင် မည်သို့ပင်ဖြစ်စေ အရှက်ရမှုကို ပြန်လည် ဆေးကြောရမည်။ ကျန်းပြောင်က အဆက်မပြတ် အကြောလျှော့ လေ့ကျင့်ခန်း လုပ်နေဆဲဖြစ်သည်။ ကျန်းပြောင်၏ ကျောပြင်ကို ကြည့်ရင်း အမုန်းတရားများက ချီလျဲ့၏ မျက်လုံးထဲသို့ တဖြည်းဖြည်း စီးဝင်လာ၏။

“ကျန်းပြောင် … မင်း ကိုယ်တိုင် သေလမ်းကို ရှာနေမှတော့ ငါ့ကို အားနာတယ် မပြောနဲ့တော့။”

ကျန်းပြောင်က နောက်လှည့်ကာ ပြုံးလိုက်ပြီး လက်ညှိုးကို ကွေး၍ ထပ်မံ ခေါ်လိုက်ပြန်၏။ “အချိန် မဖြုန်းနဲ့တော့။ ငါ ဗိုက်ဆာနေပြီ။”

ချီလျဲ့မှာ တုံ့ဆိုင်းခြင်း မရှိတော့ဘဲ လက်သီးကို ဝှေ့ယမ်းကာ ခြေလှမ်းကျယ်ကြီးများဖြင့် ကျန်းပြောင်ထံသို့ ပြေးဝင်သွားသည်။ ကျန်းပြောင်ကလည်း လက်သီးဖြင့် ပြန်လည် ရင်ဆိုင်လိုက်သည်။

သူတို့နှစ်ဦးမှာ ချက်ချင်းပင် တစ်သားတည်း ဖြစ်သွားကြသည်။ တစ်ဖက်လူနှင့် အရပ်အမောင်း ကွာခြားချက်က ကြီးမားလွန်းသဖြင့် ကျန်းပြောင်က ချီလျဲ့၏ ဝမ်းဗိုက်ကိုသာ လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေရ၏။

ချီလျဲ့က အမြင့်မှနေ၍ နှိမ့်ချကာ ကျန်းပြောင်၏ ခေါင်းနှင့် လည်ပင်း နေရာများသို့ လက်သီး တစ်ချက်ချင်းစီ ထိုးနှက်နေ၏။ သို့ပေမည့် အခြေခံအားဖြင့် တစ်ချက်မှ မထိချေ။

ကျန်းပြောင်၏ ထူးဆန်းလှသော လက်သီးပညာက လူတိုင်း၏ အာရုံကို ထပ်မံ ဆွဲဆောင်သွားခဲ့ပြန်သည်။ ခြေနှစ်ဖက်ကို ကားထားပြီး ချီလျဲ့၏ ပတ်ပတ်လည်တွင် ခုန်ပေါက်နေကာ လက်သီး နှစ်ချက်ခန့် ထိုးနှက်လိုက်သေး၏။ ကြည့်ရသည်မှာ လက်ဝှေ့ထိုးသည့် ဟန်ပန် အတိအကျပင် ဖြစ်သည်။

ဤအရာကို သဘာဝကျစွာပင် ဖန်ကျန်းရီ သင်ပေးထားခြင်း ဖြစ်၏။ သူက လက်ဝှေ့၊ ဝူရှူးစသည့် ခေတ်သစ် ကိုယ်ခံပညာများကို မသင်ယူဖူးသော်ငြား … ဝက်သား မစားဖူးလျှင်တောင် ဝက်ပြေးသည်လောက်တော့ မြင်ဖူးသည် မဟုတ်ပါလား။

ကျိုးထျဲ့၊ ကျန်းပြောင်တို့အတွက် အကြံဉာဏ် အချို့တော့ အနည်းနှင့်အများ ပေးနိုင်ခဲ့သည်။ အစွမ်းထက် သိုင်းပညာရှင်များ ဆိုသည်မှာ အရာတစ်ခုကို မြင်ရုံဖြင့် ကျန်အရာများကိုပါ သိမြင်နားလည်နိုင်သူများ ဖြစ်ကြ၏။ အကြံဉာဏ်များမှတစ်ဆင့် အားသာချက်များကို လျင်မြန်စွာ ရယူပြီး သင်ယူနိုင်စွမ်း ရှိကြသည်။ ပြီးပြည့်စုံသော လက်ဝှေ့၊ ဝူရှူးများနှင့် လုံးဝ မတူညီသော်ငြား ငါးဆယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းခန့်တော့ ဆင်တူ၏။

အစီအစဉ်မှူးမှာ ယခုအခါ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များပင် ကျလာခဲ့သည်။

နောက်ဆုံးတော့ သေသေချာချာ တိုက်ခိုက်ကြပြီပဲ။ ထပ်ပြီး လုပ်ကြံဖန်တီးပြီး ပြောနေရင် ငါ ကိုယ်တိုင် ဝတ္ထုတစ်အုပ်တောင် ရေးလို့ ရနေလောက်ပြီ။

“အားလုံးပဲ ကြည့်ပါ။ နှစ်ဖက်စလုံးက ဒုတိယအချီ တိုက်ပွဲကို စတင်နေကြပါပြီ။ ဒီတစ်ကြိမ်ကတော့ ပထမအချီနဲ့ မတူတော့ဘဲ နှစ်ဖက်စလုံးက လက်သီးနဲ့ ခြေထောက်တွေကို အပြန်အလှန် အသုံးပြုပြီး အတော်လေးကို ကြမ်းတမ်းနေပါတယ်။

ချီလျဲ့ရဲ့ လက်သီးတွေက လှံလိုပဲ ပြင်းထန်ပြီး လက်သီး တစ်ချက်ချင်းစီတိုင်းမှာ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတာကို မြင်တွေ့ရပါတယ်။ သွေးဆာနေတဲ့ ကျန်းပြောင်ကတော့ အလောတကြီး မရှိဘဲ လက်ဖဝါးနှစ်ဖက်ကို အဝိုင်းပုံစံဒိုင်းအဖြစ် ဖန်တီးပြီး စကြဝဠာ ပြောင်းပြန်လှန်ခြင်း ပညာရပ်ကို အသုံးပြုလိုက်ပါတယ်။”

ဖန်ကျန်းရီမှာ ကြားရင်း သွားများပင် ကျင်လာခဲ့၏။ အစီအစဉ်မှူး ပြောတာက ကောင်းလွန်းသည်။ သို့ပေမည့် အောက်မှနှစ်ယောက်တိုက်ခိုက်နေသည်က အလှအပ ဟူ၍ လုံးဝမရှိပေ။ ခွန်အား နှင့် ရက်စက်မှု ဒွန်တွဲကာ အပြန်အလှန် တိုက်ခိုက်နေရုံ သတ်သတ်ပင်။

ကျန်းပြောင်သည် ကျင်းတိုင်းပြည်၏ ရိုးရာသိုင်းပညာရပ်များကို သိပ်၍ မကျွမ်းကျင်လှပေ။ သူ၏လက်များမှာ ညစ်ပတ်နေသောကြောင့် မည်သူကမှ သူ့အား သင်ကြားမပေးလိုကြချေ။ ထို့အပြင် ဖန်ကျန်းရီ ရှာဖွေပေးလာသော သိုင်းဆရာအများစုမှာလည်း ရေသာခိုလိုသူများသာ ဖြစ်ကြပြီး တကယ့်ပညာရှင် အစစ်အမှန်ဆိုသည်မှာ အလွန် ရှားပါး၏။ အစပိုင်းတွင်မူ သူကိုယ်တိုင်လည်း နားမလည်ခဲ့သဖြင့် လူအများ၏ လှည့်စားမှုကို ခံခဲ့ရသည်။

ဖန်ကျန်းရီသည် တစ်ပါးသူများ လက်သီးထိုးသည့် ဟန်ပန် လှပနေသည်ကို မြင်လိုက်ရုံဖြင့် ခရိုင်အတွင်းသို့ ခေါ်ဆောင်လာကာ ကျန်းပြောင်အတွက် ဆရာအဖြစ် ခန့်အပ်ခဲ့သည်။

ရလဒ်အနေဖြင့် လက်တွေ့ တိုက်ခိုက်ရသည့် အချိန်သို့ ရောက်လာသောအခါ အားလုံးမှာ အသုံးမဝင်ဘဲ အလကားချည်းသာ ဖြစ်နေတော့၏။ အားလုံးမှာ ဟန်ရေးပြ သက်သက်မျှသာ ဖြစ်သည်။ မျက်နှာတစ်ခုလုံး သွေးများ ရွှဲနစ်သွားသည်အထိ အရိုက်ခံရ၏။

ထို့ကြောင့် ဖန်ကျန်းရီလည်း လုံးဝ စိတ်ပျက်သွားပြီး ကျန်းပြောင်ကို ကိုယ်တိုင် လေ့လာခိုင်းခြင်း သို့မဟုတ် လမ်းဘေး လူမိုက်တွေ၊ စစ်သားဟောင်းတွေနှင့် တိုက်ခိုက် လေ့ကျင့်ခိုင်းဖို့သာ နည်းလမ်း ရှာရတော့သည်။

ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင် ကျိုးထျဲ့ကဲ့သို့သော အစစ်အမှန် သိုင်းပညာရှင်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။ သို့သော်ငြား ထိုဓားပညာရပ်မှာ ကြည့်ရှုရသည်က အလွန်ပင် အရုပ်ဆိုး အကျည်းတန်လွန်းလှ၏။ ဓားရေးပြခြင်း၊ လှည့်ပတ်ခုန်ပေါက်ကာ တိုက်ခိုက်ခြင်းကဲ့သို့သော လှပသည့် ကိုယ်ဟန်လှုပ်ရှားမှုမျိုး အခြေခံအားဖြင့် အလျဉ်းမရှိချေ။ ရိုးရှင်းပြတ်သားစွာ ခုတ်ပိုင်းခြင်းများသာရှိပြီး တစ်ခါတစ်ရံမှသာလျှင် မျှော်မှန်းမထားသော ထောင့်ချိုးများမှနေ၍ ဓားချက်အချို့ ရုတ်တရက် ထွက်ပေါ်လာတတ်သည်။

လက်သီး၊ လှံနှင့် ခြေကန်ပညာရပ် အစရှိသည်တို့မှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်တော့၏။

အောက်ဘက်တွင်တော့ ပြင်းထန်သော တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး သူတို့နှစ်ဦးက ဖုန်မှုန့်များကို ထပ်မံ၍ လွင့်စင်လာစေခဲ့ပြန်သည်။

အစီအစဉ်မှူးက ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “မကောင်းတော့ဘူး။ ကျန်းပြောင် အဖမ်းခံလိုက်ရပြီ။ အခု သူ ဘယ်လို ရုန်းထွက်မလဲ။”

ယခုအခါ ကျန်းပြောင်၏ ပြင်းထန်သော ခြေကန်ချက် အနည်းငယ်ကို အတင်းအဓမ္မ ခံယူပြီး ချီလျဲ့က အစွမ်းကုန် ကြိုးစား၍ ရှေ့တိုးကာ ကျန်းပြောင်ကို အားရပါးရ ဖက်ထားလိုက်ပြီ ဖြစ်သည်။ လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်၏။

ကျန်းပြောင်၏ မျက်နှာမှာ နီမြန်းနေပြီး လက်နှစ်ဖက်ဖြင့် အားယူသော်ငြား မည်သည့် သက်ရောက်မှုမှ မရှိခဲ့ချေ။ အောက်ပိုင်းက ချီလျဲ့ကို အဆက်မပြတ် ကန်ကျောက်နေသော်ငြား အားနည်းချက်နေရာတွင် သံကွင်းစွပ် ဘောင်းဘီကို ဝတ်ဆင်ထားပြန်ရာ သူက လုံးဝ အရေးနိမ့်သွားသည်။

ချီလျဲ့၏ မျက်လုံးများမှာ နီရဲနေပြီး မထီမဲ့မြင် ပြုံးရင်း ပြောလိုက်၏။ “မင်းက ငါ့ကို သတ်နိုင်ပေမဲ့ ကိုယ်တိုင် သေလမ်းကို ရှာတယ်ဆိုတော့ … ငါ့ကို အပြစ်မတင်နဲ့တော့။ ဟားဟားဟား…”

“ဖတ်။”

ကျန်းပြောင်က လုံးဝ ထိတ်လန့်ခြင်း မရှိချေ။

တံတွေး အပျစ်ကြီး တစ်ချက်က ချီလျဲ့၏ အာခေါင်းထဲသို့ တည့်တည့် လွင့်ပျံသွားတော့သည်။

“အဟွတ် … အဟွတ် … ဖတ် … ထွီ…”

All Chapters