← Chapters

အခန်း ၃၃၆

Vol. 19 Ch. 336

အခန်း ၃၃၆

Vol. 19 Ch. 336

အပိုင်း (၃၃၆) ကြီးမားသော အောင်ပွဲ။

ကျန်းပြောင်က ဤမျှလောက် ရွံရှာဖွယ်ကောင်းသော နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု ချီလျဲ့ လုံးဝ မထင်ထားခဲ့ချေ။

ဤတံတွေးက တိကျ၊ မြန်ဆန်ပြီး အားပါလွန်းလှသော်ငြား လှုပ်ရှားမှု အတိုင်းအတာ သိပ်မကြီးမားသဖြင့် ကွင်းထဲရှိ သူတို့နှစ်ဦးသာ အသေးစိတ်ကို သိရှိနိုင်သည်။

ကျန်ပရိသတ်များ အနေဖြင့် ချီလျဲ့က လက်နှစ်ဖက်ဖြင့် ကျန်းပြောင်၏ နံရိုးနှစ်ဖက်ကို တင်းကျပ်စွာ ချုပ်နှောင်ထားသည်ကိုသာ မြင်တွေ့ရ၏။

တံတွေးထွေးခံလိုက်ရပြီးနောက် ချီလျဲ့မှာ အလွန် ရွံရှာသွားပြီး ခန္ဓာကိုယ်က အလိုအလျောက် အနောက်ဘက်သို့ ယိုင်သွားကာ လက်နှစ်ဖက်မှာလည်း ရုတ်တရက် လျော့ရဲသွားခဲ့သည်။

သူ၏ အားနည်းချက်ကို မြင်လိုက်ချိန်တွင် ကျန်းပြောင်က ထိုအခွင့်အရေးကို အသုံးချကာ လက်နှစ်ဖက်ဖြင့် ပြင်းထန်စွာ အားယူလိုက်ပြီး ချီလျဲ့၏ ချုပ်နှောင်မှုမှ တိုက်ရိုက် ရုန်းထွက်နိုင်ခဲ့သည်။ သို့ပေမည့် သူက ဤအခွင့်အရေးကို အသုံးချ၍ အကွာအဝေးကို ချဲ့လိုက်ခြင်း မရှိဘဲ ချီလျဲ့၏ လက်နှစ်ဖက်ကို ဆွဲယူကာ ခြေဖျားဖြင့်နင်း၍ အမြင့်သို့ ခုန်တက်လိုက်၏။

အပေါ်မှ အောက်သို့ ပြင်းထန်လှသော တံတောင်ရိုက်ချက် တစ်ချက်က ချီလျဲ့၏ မျက်နှာဆီသို့ ပြေးဝင် သွားတော့သည်။

အစီအစဉ်မှူးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "သွေးဆာနေတဲ့ ကျန်းပြောင် ရုန်းထွက်သွားပြီ။ သူ တန်ပြန် တိုက်ခိုက်လိုက်ပြီ။"

"ကြည့်ပါ။ သူက ချီလျဲ့ရဲ့ ... အင်း ... အပေါ်မေးရိုးကို ထိသွားပြီ။ ခေါင်းကို ဒီလောက် ပြင်းထန်တဲ့ ရိုက်နှက်မှု ခံရတာဆိုတော့ သူ မေ့လဲသွားမလား။"

ဝမ်းနည်းစရာ ကောင်းသည်မှာ ဤရိုက်ချက်က ပြင်းထန်သော်ငြား ချီလျဲ့ကလည်း အလကား မဟုတ်ချေ။ သူက အရှိန်အတိုင်း မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး အင်အား တစ်စိတ်တစ်ပိုင်းကို လျှော့ချပစ်လိုက်၏။ သို့ပေမည့် နှာခေါင်းပေါက်မှနေ၍ သွေးများ စတင် စီးကျလာခဲ့ပြီ ဖြစ်သည်။

သိသာစွာပင် အပေါ်မေးရိုးတင် မကဘဲ မျက်နှာတစ်ခုလုံး အတော်လေး ပြင်းထန်စွာ ဒဏ်ရာရသွားခြင်း ဖြစ်၏။

ချီလျဲ့၏ မျက်လုံးများမှ မီးဝင်းဝင်း တောက်နေပြီ ဖြစ်၏။ လုံးဝ ကာကွယ်ခြင်း မပြုတော့ဘဲ ကျန်းပြောင်၏ နံရိုးကြားသို့ လက်သီးဖြင့် ဆက်တိုက် ထိုးနှက်တော့သည်။

ကျန်းပြောင်၏ ရင်ထဲတွင်လည်း ရက်စက်သောစိတ်များ ဝင်ရောက်လာပြီး လက်ရော ပါးစပ်ပါ အသုံးပြု လာ၏။

ကျန်းပြောင်သည် ချီလျဲ့၏ မျက်နှာကို လက်သီးဖြင့် ဆက်တိုက် ထိုးနှက်နေပြီး ပါးစပ်မှလည်း တံတွေးများကို အဆက်မပြတ် ထွေးထုတ်နေသည်။

"ငါ မင်းကို သတ်မယ်။"

တံတွေးများ မျက်နှာအပြည့် အထွေးခံလိုက်ရသော ချီလျဲ့မှာ နောက်တစ်ကြိမ် စိတ်ဓာတ်ကျသွားပြန်ပြီး ဒူးဖြင့် ပင့်တိုက်ကာ ကျန်းပြောင်ကို အောက်သို့ လှဲချလိုက်၏။

ထို့နောက် တိုက်ရိုက် ပြန်လည် ထိုးဖောက် ဝင်ရောက်ကာ ကျန်းပြောင်ကို အားရပါးရ ဖက်ထားလိုက်ပြီး ကိုယ်ဟန် အနေအထားကို ချိန်ညှိ၍ ကျန်းပြောင်ကို ချုပ်နှောင်ရန် ပြင်လိုက်တော့သည်။

စောစောက အကြိမ်ကြိမ် လုံးထွေး သတ်ပုတ်မှုများကြောင့် ကျန်းပြောင်၏ ကိုယ်ပေါ်ရှိ ဝက်ဆီများမှာ သဲများဖြင့် အတော်လေး ပွတ်တိုက်မိသွားသဖြင့် အာနိသင် အတော်လေး လျော့ကျသွားခဲ့ပြီ ဖြစ်၏။

တစ်ကြိမ် ချုပ်နှောင်ခံလိုက်ရပါက ပြန်လည် ရုန်းထွက်ရန် အလွန် ခဲယဉ်းသွားမည်ကို ကျန်းပြောင် ရှင်းလင်းစွာ သိနေသည်။

သူတို့နှစ်ဦးမှာ မြေပြင်ပေါ်တွင် ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်ဖြင့် နပန်းလုံးနေကြတော့၏။

လှိမ့်ရင်း လှိမ့်ရင်းဖြင့် သူတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် ဖက်ထားသည့် အနေအထားသို့ ရောက်ရှိသွားကြသည်။

ကျန်းပြောင်က လုံးဝ တုံ့ဆိုင်းခြင်း မရှိဘဲ တံတွေး တစ်ချက် ထပ်မံ ထွေးလိုက်ပြန်၏။

ချီလျဲ့က ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားပြီး ကျန်းပြောင်ကို ခေါင်းဖြင့် စောင့်တိုက်လိုက်ရာ ကျန်းပြောင်က အရှိန်အတိုင်း သူ၏ ခေါင်းကို တိုက်ရိုက် ဖက်ထားလိုက်ပြီး အားရပါးရ ကိုက်ချလိုက်သည်။

"နားရွက်ကို ကိုက်လိုက်ပြီ။ သွေးဆာနေတဲ့ ကျန်းပြောင်က ချီလျဲ့ရဲ့ နားရွက်ကို ကိုက်ဖြတ်လိုက်ပြီ။"

"ပညာရပ် မျိုးစုံကို စုစည်းထားတဲ့ သွေးဆာနေတဲ့ ကျန်းပြောင် ပီသပါပေတယ်။ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တိုင်းက ရန်သူကို အနိုင်ယူနိုင်တဲ့ မှော်လက်နက်တွေ ဖြစ်လာနိုင်ပါတယ်။"

အစီအစဉ်မှူး၏ အော်ဟစ်သံများကို ကြားရချိန်တွင် လူအတော်များများမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြ၏။

အားလုံးက တစ်ဖွဲ့တည်းဆိုပေမဲ့ ဒီလောက်တောင် အတင်းအဓမ္မ မြှောက်ပင့်ပေးနေတာက ... တကယ်ကို အရှက်မရှိရာ ကျလွန်းတယ်။ ဒါက လမ်းဘေး အောက်တန်းစားတွေ တိုက်ခိုက်တဲ့ ပုံစံမျိုး ဖြစ်နေပြီ။

ဖါးပါး၏ မျက်နှာမှာ ဖြူရော်နေပြီး ချီလျဲ့ နားရွက် ကိုက်ဖြတ်ခံရကာ မျက်နှာတစ်ခုလုံး သွေးများ ပြည့်နှက်နေသည်ကို ကြည့်ရင်း ရင်ထဲတွင် အမုန်းတရားများသာ ပြည့်နှက်နေတော့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ချီလျဲ့က လောကမှာ ပြိုင်ဘက်ကင်း ဖြစ်ပေမဲ့ နာမည်မသိတဲ့ ကောင်လေး တစ်ယောက် လက်ထဲမှာ ဒီလောက်တောင် အထိနာရတယ်ပေါ့။ စောစောက ဒီကောင် လှည့်ကွက်သုံးပြီး ကပ်သီးကပ်သပ် နိုင်သွားတယ် ဆိုရင်တောင် အခုက သေချာပေါက် လက်ဗလာနဲ့ တိုက်နေတာလေ။

မင်းရဲ့ မွေးရာပါ ခွန်အားကြီးကရော ဘယ်ရောက်သွားပြီလဲ။ ဒီကောင်ရဲ့ ခွန်အားက မင်းထက် ပိုကြီးနေသေးလို့လား။

ချီလျဲ့မှာလည်း ပြောပြ၍ မရနိုင်သော ဒုက္ခများကို ခံစားနေရပြီး နားရွက်မှ ပြင်းထန်သော နာကျင်မှုကို အတင်းအဓမ္မ သည်းခံရင်း ကျန်းပြောင်ကို ဘေးဘက်သို့ ကန်ထုတ်လိုက်၏။

ကျန်းပြောင်က ခန္ဓာကိုယ် သေးငယ်သော်ငြား ခွန်အားက သူနှင့် သိပ်မကွာခြားချေ။

ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ ဤအကောင်၏ ဆုပ်ကိုင်အားက အံ့မခန်း ဖြစ်နေခြင်းပင်။ သူတို့နှစ်ဦး လုံးထွေး သတ်ပုတ်နေချိန်တွင် အသားများကို အဆက်မပြတ် အားရပါးရ ဆိတ်ဆွဲနေခဲ့၏။

ထို့အပြင် လက်သည်းများနှင့်လည်း ကုတ်ခြစ်တတ်သေးသည်။

သူ၏ ကျောပြင်မှာ နာကျင်လွန်း၍ သည်းမခံနိုင်တော့ချေ ... ထို့အပြင် နားရွက်ပါ အကိုက်ခံလိုက်ရသဖြင့် ရင်ထဲရှိ ရူးသွပ်ဖွယ်ရာ မွန်းကျပ်မှုများကို ထုတ်ဖော်ပြသရန် နေရာပင် မရှိတော့ချေ။

ကျန်းပြောင်က ဘေးဘက်သို့ လိမ့်သွားပြီး ချီလျဲ့နှင့် ခြေငါးလှမ်း၊ ခြောက်လှမ်းခန့် အကွာအဝေးတွင် ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။

ချီလျဲ့ဘက်သို့ လှည့်ကာ ပါးစပ်ကို ဟလိုက်ရာ သွေးများ ရွှဲနစ်နေသော နားရွက်တစ်ဖက်က သိသာထင်ရှားစွာ ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ကျန်းပြောင်က လက်နှစ်ချောင်းဖြင့် ညှပ်ကာ နားရွက်ကို ထုတ်ယူလိုက်ပြီး ချီလျဲ့ကို ယမ်းပြလိုက်ကာ ပေါ့ပေါ့ပါးပါး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ညာလက်ဖြင့် ပါးစပ်ကို ပွတ်သုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "မင်း အရှုံးပေးလိုက်တော့။"

ချီလျဲ့ မည်သို့ နားဝင်နိုင်မည်နည်း။ ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး လက်မောင်းနှစ်ဖက်ကို ကားကာ ပြေးဝင် သွားတော့သည်။

ဒီတစ်ခေါက် ... သူ့ခေါင်းကို လိမ်ချိုးပစ်မယ်။

ထပ်မံ ပြေးဝင်လာသည်ကို မြင်လိုက်ချိန်တွင် ကျန်းပြောင်က ညာဘက်လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။

စေးကပ်နေသော သွေးရည် တစ်ဆုပ်က ချီလျဲ့၏ မျက်လုံးပေါ်သို့ တည့်တည့် ထိမှန်သွားသည်။

ချီလျဲ့က ဘေးတစောင်း ရှောင်တိမ်းရန် ကြိုးစားသော်ငြား ကျန်းပြောင်က သူ့အား မည်သည့် အခွင့်အရေးမှ မပေးတော့ချေ။ ကန့်လန့်ဖြတ် ခြေကန်ချက်တစ်ချက်က သူ၏ ခြေကျင်းဝတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။

ခွပ်ခနဲ အသံနှင့်အတူ ချီလျဲ့မှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ထိုအခွင့်အရေးကို အသုံးချ၍ ကျန်းပြောင်က သူ၏ နောက်ကျောသို့ ရုတ်တရက် ရောက်ရှိသွားပြီး လက်နှစ်ဖက်ဖြင့် သူ၏လည်ပင်းကို အခွင့်ကောင်းယူ၍ ချုပ်နှောင်လိုက်၏။

"ကောင်းလိုက်တဲ့ သွေးနဲ့ မျက်လုံးကို ဖုံးကွယ်တဲ့ အကွက်။ သွေးဆာနေတဲ့ ကျန်းပြောင်က ဟေးရှန်း ချီလျဲ့ကို ချုပ်နှောင်လိုက်ပြီ။" အစီအစဉ်မှူးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ပွဲကြည့်နေသူ အားလုံးကလည်း တိတ်တဆိတ် အားပေးနေကြ၏။

သတ်လိုက်။ သတ်လိုက်။

ရှေ့တန်းရှိ လေမှုတ်မြား သမားများမှာ ယခုအခါ လုံးဝ စိတ်ချသွားကြပြီဖြစ်သောကြောင့် လေမှုတ်မြားများကို တိတ်တဆိတ် ပြန်သိမ်းလိုက်ကြသည်။

ရလဒ်က သေချာသွားပြီ ဖြစ်၏။

မြို့ရွာလုံခြုံရေးမှူးကျန်း၏ စွမ်းဆောင်ရည်ကို အားလုံးက သိကြသည်။ ယခုအချိန်ရောက်မှတော့ ချီလျဲ့အနေဖြင့် ရှုံးနိမ့်မှုကို ပြောင်းလဲရန် အခြေခံအားဖြင့် အခွင့်အရေး မရှိတော့သလို ကျန်းပြောင်ကလည်း သူ့အား မည်သည့် အခွင့်အရေးမှ ပေးတော့မည် မဟုတ်ချေ။

ချီလျဲ့မှာ ယခုအခါ အချုပ်ခံထားရသဖြင့် မျက်လုံးများပင် ပြူးကျယ်နေပြီး ပါးစပ်မှ အွတ်အွတ်အွတ် နှင့် အဓိပ္ပာယ်မရှိသော အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ကျန်းပြောင်က အစွမ်းကုန် အားမထုတ်သေးဘဲ ရုန်းကန်နေဆဲဖြစ်သော ချီလျဲ့ကို မျက်လွှာချ၍ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "မင်းရဲ့ ခွန်အားက ငါ့ထက် သာတယ်။ ငါ့ကို ဒီလောက် နည်းပညာတွေ အများကြီး သုံးရအောင် လုပ်နိုင်တဲ့ သူဆိုလို့ မင်းက ပထမဆုံးပဲ။ ဒါပေမဲ့ ... ညံ့လွန်းတယ်..."

စကားအဆုံးတွင် လက်မောင်းနှစ်ဖက်ကို အားရပါးရ ညှစ်လိုက်၏။ ချီလျဲ့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ရုန်းကန်မှုများ ရပ်တန့်သွားတော့သည်။

သောက်ကျိုးနည်း မင်းက ဒါကို နည်းပညာလို့ ခေါ်တာလား။

မေ့မလဲသွားခင် အချိန်လေးမှာ ချီလျဲ့၏ မျက်လုံးထဲတွင် မကျေနပ်မှုများ ပါဝင်နေဆဲ ဖြစ်၏။

ယုတ်မာလိုက်တာ ... ရွံစရာကောင်းလိုက်တာ ...

ကျန်းပြောင်လည်း တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး မြေပြင်ပေါ်သို့ လှဲချကာ ပြင်းထန်စွာ ချောင်းဆိုးနေတော့၏။ ချောင်းဆိုးပြီးနောက် ပါးစပ်ကြီးဟကာ အသက်ပြင်းပြင်း ရှုနေတော့သည်။

သူ၏ ကိုယ်ပေါ်တွင်လည်း ဒဏ်ရာ အနည်းအကျဉ်း မဟုတ်ချေ။

ချီလျဲ့၏ လက်သီးများက အားပါလွန်းလှပြီး ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့် လက်သီး တစ်ချက်ချင်းစီတိုင်းက ညိုမည်းဖူးရောင်မှုများကို ဖြစ်ပေါ်စေခဲ့၏။

အသက်အန္တရာယ် ရှိသော နေရာများကို ထိမှန်ပါက အခြေခံအားဖြင့် တစ်ချက်တည်းနှင့်ပင် အသက်ပျောက်သွား နိုင်သည်။

ကံကောင်းသည်မှာ ချီလျဲ့၏ တုံ့ပြန်မှုနှင့် အမြန်နှုန်းက သူ့ထက် တစ်ဆင့် နိမ့်ကျနေခြင်း ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေး ဟန်ပန်များကို ကြည့်ရသည်မှာ ခွန်အားဖြင့်သာ ဖိနှိပ်လေ့ရှိပြီး ဤကဲ့သို့သော တိုက်ခိုက်ရေး ပုံစံမျိုးကို မှီခိုနေလေ့ ရှိပုံရ၏။

နည်းပညာ အရမ်း ညံ့လွန်းတယ်။ မဟုတ်ရင် ဘယ်သူနိုင်မလဲ ဆိုတာ တကယ်ကို ပြောရခက်တယ်။

ပရိသတ်များမှာ ယခုအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ အားလုံးက ချီလျဲ့ မေ့လဲသွားသည်ကို မြင်တွေ့လိုက်ရသော်ငြား ကျန်းပြောင်ကလည်း မြေပြင်ပေါ်တွင် လှဲလျောင်းကာ သေတော့မလိုပုံ ပေါက်နေသည်။

ဘယ်သူ နိုင်သွားတာလဲ။ ဒါမှမဟုတ် နှစ်ယောက်စလုံး ဒဏ်ရာရသွားတာလား။

သို့ပေမည့် မကြာမီမှာပဲ ကျန်းပြောင်က မြေပြင်ပေါ်မှ ဖြည်းညင်းစွာ တွားသွား၍ ထလာသည်ကို မြင်တွေ့လိုက်ရ၏။

ဟိုဒီ ကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် တောက်ယွမ်ခရိုင်မှ လာသော အားပေးသူများဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ကို မြှောက်၍ အကြိမ်အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။

နိုင်ပြီလား။

သွေးဆာနေတဲ့ ကျန်းပြောင် နိုင်သွားပြီ။

ရုတ်တရက် ပရိသတ်များကြားတွင် တောင်ပြိုမတတ် အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ရေတွက်၍ မရနိုင်သော ဝမ်းသာအားရ အော်ဟစ်သံများ၊ ချီးကျူးသံများက ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ် သွားစေခဲ့သည်။

ဖန်ကျန်းရီမှာ ပျော်ရွှင်လွန်း၍ ပါးစပ်ကြီး ဖြဲနေပြီး ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူကာ အစီအစဉ်မှူး၏ ရင်ဘတ်ထဲသို့ ထိုးထည့်ပေးလိုက်၏။

ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "လုဖာ ... မြန်မြန် ... မြန်မြန် သွားပြီး သမားတော် ရှာလိုက်။ ထမ်းစင် ယူပြီး အဲဒီနှစ်ယောက်ကို ပြန်သယ်လာခဲ့။"

လုဖာက ထိုစကားကို ကြားချိန်တွင် အလျင်စလို ပြေးထွက်သွား၏။

ပရိသတ်များကြားတွင် ကျင်းဘုရင်က ကျန်းပြောင်၏ တုတ်ခိုင်လှသော ကျောပြင်ကို စူးစိုက်ကြည့်နေပြီး မျက်လုံးထဲတွင် အလိုအလျောက် ချီးကျူးမှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

ဒီကောင်က ညစ်ပတ်တဲ့ အကွက်တွေပဲ သုံးတတ်တယ်လို့ ထင်နေတာ ... ခန္ဓာကိုယ်ကလည်း ဒီလောက်တောင် သန်မာနေတာကိုး။

ထို့နောက် သိပ်မဝေးသော နေရာရှိ စိတ်ဓာတ်ကျနေသော ဖါးပါးကို ခေါင်းမော့ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးခပ်ရေးရေး ပေါ်လာခဲ့၏။

"သွားကြစို့။ အရှုံးအနိုင် ပေါ်သွားပြီပဲ။ နန်းတော်ကို ပြန်မယ်။"

လီယွမ်ကျောက်မှာ ကွင်းထဲသို့ စိတ်ပါဝင်စားစွာ ကြည့်နေဆဲဖြစ်ပြီး အလောတကြီး ပြောလိုက်သည်။ "ခမည်းတော် ... ဒီအတိုင်း ပြန်တော့မလို့လား။ ကျန်းပြောင်ကို သွားမတွေ့တော့ဘူးလား။"

"မတွေ့တော့ပါဘူး။ သူက ချီလျဲ့ကို ဒီလိုဖြစ်အောင် ရိုက်ထားတာ ... ကိုယ်တော်က သူ့ကို ဘာလို့ သွားတွေ့ရတော့မှာလဲ ... နန်းတော် ပြန်ရောက်မှ သီးသန့် ဆုချီးမြှင့်လိုက်ပါတော့မယ်။"

"မင်း သွားကြည့်ချင်ရင်လည်း သွားကြည့်လိုက်လေ။"

လီယွမ်ကျောက်၏ မျက်နှာမှာ ချက်ချင်း ဝမ်းသာသွားခဲ့၏။

"ကျေးဇူးတင်ပါတယ် ခမည်းတော်။"

All Chapters