အခန်း ၃၃၇
Vol. 19 Ch. 337
အပိုင်း (၃၃၇) သန့်ရှင်းရေးအဖွဲ့ရဲ့ ပြဿနာလား။
ပြိုင်ပွဲ ပြီးဆုံးသွားချိန်တွင် ကျင်းဘုရင်က ကွင်းထဲရှိ လူအများ၏ အော်ဟစ်သံများကြားမှ အရင်ဆုံး ထွက်ခွာ သွားခဲ့သည်။
ဖါးပါး ကတော့ သံတမန်အဖွဲ့ကို ထားခဲ့ပြီး တစ်ယောက်တည်း ဖန်ကျန်းရီကို လာရှာသည်။
ယခုအချိန်တွင် လီယွမ်ကျောက်၊ ဖန်ကျန်းရီနှင့် ကျန်းပြောင်တို့ အားလုံးက ဘောလုံးကွင်း အတွင်းရှိ ပြင်ဆင်ရေးအခန်းထဲတွင် ရှိနေကြ၏။
ချီလျဲ့ကို ခုံရှည်ပေါ်တွင် ထားရှိထားပြီး သမားတော် နှစ်ယောက်က အလွန်အမင်း အလုပ်ရှုပ်နေကြ၏။ တစ်ယောက်က သွေးခုန်နှုန်း စမ်းသပ်ပေးနေပြီး တစ်ယောက်က ဆေးထည့်ပေးနေသည်။
ကျန်းပြောင် ကိုက်ဖြတ်ထားသော နားရွက်ကို ဘေးတွင် ချထားပြီး ပြန်ဆက်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ရာ သူ့အား အိမ်ယူသွားပြီး အမှတ်တရအဖြစ် သိမ်းထားရန်သာ ပေးရတော့မည်။
ဖါးပါးက ချီလျဲ့၏ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် သနားစရာ ကောင်းနေသော ပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ မျက်နှာလွှဲ လိုက်မိသည်။
ဖန်ကျန်းရီကို ကြည့်ကာ တစ်စုံတစ်ရာ ပြောချင်သော်ငြား ဘာပြောရမှန်း မသိဖြစ်နေ၏။
ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှေ့သို့ လျှောက်သွားကာ သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"ဆရာတော် ... အရှုံးအနိုင် ဆိုတာ စစ်ရေးမှာ သာမန်ကိစ္စပါပဲ။ ကံကောင်းလို့ ချီလျဲ့မှာ အရမ်း ပြင်းထန်တဲ့ ဒဏ်ရာ မရှိပါဘူး။ နှစ်ရက်လောက် နားလိုက်ရင် သက်သာသွားမှာပါ။"
"ဒါပေမဲ့ နားရွက်ကတော့..."
မနက်ပိုင်း လာတုန်းက မိမိအနေဖြင့် ယုံကြည်မှု အပြည့် ရှိနေခဲ့သော်ငြား ယခု ဤမျှလောက် အချိန်တိုအတွင်း မျက်နှာဖြတ်ရိုက် ခံလိုက်ရသည်။
ဖါးပါးက ခေါင်းခါပြီး နာကျင်စွာ ပြုံးလိုက်၏။ "သိုင်းပြိုင်ပွဲမှာ မျက်စိမပါဘူးလေ။ ချီလျဲ့ကို ကုသပေးဖို့ ညီအစ်ကို ဖန်ကိုပဲ သမားတော် များများ ရှာပေးဖို့ အကူအညီ တောင်းရတော့မှာပါပဲ။"
ဖန်ကျန်းရီမှာ ယခုအချိန်တွင် အလွန် စိတ်ကောင်း ဝင်နေသည်။ ကျန်းပြောင် အနိုင်ရသွားသလို အပေါ်ယံ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည် မဟုတ်ပါလား။
"ဆရာတော်က အားနာနေပြန်ပါပြီ။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ။ ဆရာတော် ဟုန်လွီ ဧည့်ရိပ်သာကို အရင် ပြန်သွားလိုက်ပါလား။ သူ့ဒဏ်ရာတွေ ဆေးထည့်ပြီးရင် ကျုပ် လူလွှတ်ပြီး ပြန်ပို့ပေးလိုက်ပါ့မယ်။"
ဖါးပါးက ချီလျဲ့ အဆင်ပြေသည်ကို မြင်လိုက်ရသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားခဲ့၏။ မထွက်ခွာမီ ကျန်းပြောင်ကို တစ်ချက် လှမ်းကြည့်သွားသေးသည်။
သူ ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ဖန်ကျန်းရီက ခေါင်းလှည့်ကာ ကျန်းပြောင်ကို ပြုံး၍ ပြောလိုက်၏။ "ပြင်ဆင်ထားလိုက်တော့။ မျက်နှာပေါ်က ဒဏ်ရာတွေကို နည်းနည်း ဖုံးထားလိုက်အုံး။ အပြင်မှာ သတင်းထောက်တွေ အများကြီး မင်းကို စောင့်နေလောက်ပြီ။ ဒီနေ့ မင်းကို နာမည်ကြီးအောင် လုပ်ပေးမယ်။"
"ဗျာ။ သခင်လေး အရင်တုန်းက ဒီကိစ္စကို မပြောခဲ့ပါဘူး ... အဲဒီအချိန်ကျရင် ကျုပ်က ဘာပြောရမှာလဲ။" ကျန်းပြောင်က သံသယဝင်စွာဖြင့် မေးလိုက်သည်။
"ကျွတ် ... ဒါက နိုင်သွားလို့ပေါ့။ ငါ့ဆီမှာ စာမူ တစ်စောင် ရှိတယ်။ မင်း ဒါကို အရင် ကျက်ထားလိုက်။"
ဖန်ကျန်းရီက ဇွတ်အတင်းပင် စက္ကူတစ်ရွက်ကို ကျန်းပြောင်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
ထို့နောက် ကျန်းပြောင်မှာ ဘေးဘက်သို့ ဆွဲခေါ်ခံရပြီး မိတ်ကပ် စတင် လိမ်းကျံခံရတော့သည်။
လီယွမ်ကျောက်က ဘေးဘက်တွင် ရပ်ကာ ကျန်းပြောင်၏ ထန်ဓားကို ကိုင်ဆောင်ထားသည်။ ကျန်းပြောင် ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ဖန်ကျန်းရီ အနားသို့ ကပ်ကာ တိုးညင်းစွာ ပြောလိုက်၏။ "ဖန်ကြီး ... ဒီဓား ကျုပ်ကို ပေးလို့ ရမလား။"
"အိမ်ရှေ့စံ သဘောကျရင် ယူသွားလိုက်လေ။"
ဖန်ကျန်းရီက ထန်ဓားကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဒါပေမဲ့ ... ကျုပ် အိမ်ရှေ့စံကို ပြောစရာ ရှိသေးတယ်။ အိမ်ရှေ့စံ အခု နန်းတော်ကို မပြန်သေးဘူး မလား။"
လီယွမ်ကျောက်က လက်ထဲရှိ ထန်ဓားကို အဆက်မပြတ် ဟိုဒီ လှန်လှော ကြည့်ရှုနေပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "အင်းအင်း ... ညကျမှ ပြန်မယ် ... အယ် ... ဒီဓားက တကယ် မဆိုးဘူး။ အရမ်း ထက်သလို ပစ္စည်းကလည်း အရမ်း ကောင်းတယ်။ ဒီလို ဓားမျိုးကို ကျုပ် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။"
"ဒါပေမဲ့ ... ဒီလောက် ပါးနေတာဆိုတော့ အလွယ်တကူ ဓားသွား လိပ်သွားနိုင်တယ်။ အယ် ... ဖန်ကြီး ... ခင်ဗျား ဘာပြောစရာ ရှိလို့လဲ။" လီယွမ်ကျောက်မှာ ယခုအချိန်ရောက်မှသာ ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။
"အိမ်ရှေ့စံရဲ့ သန့်ရှင်းရေးအဖွဲ့ ရပ်ကွက်ထဲမှာ ရမ်းကားနေတဲ့ ကိစ္စပါ။" ဖန်ကျန်းရီက ပြောလိုက်သည်။
"ရမ်းကားတယ်။"
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ချက်ချင်းပင် သံသယများ ပေါ်လာခဲ့၏။ "ဖန်ကြီး ... ဘယ်လိုလုပ်ပြီး ရမ်းကားတယ်လို့ ခေါ်ရမှာလဲ။ ကျုပ် သူတို့ကို သန့်ရှင်းရေးလုပ်ဖို့ ခိုင်းထားတာလေ။ ညစ်ပတ်တဲ့ အရာတွေကို စားမိရင် ဖျားနာတတ်တယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ။
ရပ်ကွက်ထဲက စားသောက်ဆိုင် အများအပြားက ပုပ်သိုးနေတဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး ဟင်းချက်နေကြတာ ... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်။ ကျုပ်ကတော့ ပြဿနာ မရှိဘူးလို့ ထင်တာပဲ။"
ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကောင်းပါပြီ ... အိမ်ရှေ့စံ ပြောတာ မှန်ပါတယ်။ ဒါဆိုရင် ဒီနေ့ ညနေကျရင် ကျုပ်တို့ ရပ်ကွက်ထဲ ပြန်သွားပြီး အခြေအနေကို အရင် သွားကြည့်တာပေါ့။"
ကျန်းပြောင်မှာလည်း ယခုအခါ မိတ်ကပ် လိမ်းကျံပြီးစီးသွားပြီဖြစ်ရာ မျက်နှာပေါ်ရှိ ဒဏ်ရာများကို ဖုံးကွယ် ထားနိုင်ခဲ့ပြီ ဖြစ်၏။
ခန္ဓာကိုယ် အထက်ပိုင်းမှာ အဝတ်ဗလာ အခြေအနေတွင် ရှိနေဆဲဖြစ်သော်ငြား အနီရောင် ဝတ်ရုံရှည် တစ်ထည်ကို ထပ်မံ ဝတ်ဆင်ထားသည်။ သူက ဖန်ကျန်းရီ အရှေ့သို့ လျှောက်လာကာ ပြောလိုက်သည်။ "သခင်လေး ... ကျုပ် အဆင်သင့် ဖြစ်ပါပြီ။"
"အဆင်သင့် ဖြစ်ရင် ထွက်သွားတော့လေ။ ပြီးရင် အိမ်စောစောပြန်ပြီး အနားယူလိုက်။"
ပန်းရှန်းရင်ပြင် အပြင်ဘက်တွင် လူအုပ်ကြီးက ကြိတ်ကြိတ်တိုးနေ၏။
ယခုအချိန်တွင် မူလက ကွင်းထဲ၌ ရှိနေသော ပရိသတ်များအပြင် ကွင်းထဲမှ တုန်ခါနေသော အော်ဟစ်သံများကြောင့် ကွင်းပြင်ပမှ ပရိသတ်အများအပြားကိုပါ ဆွဲဆောင်နိုင်ခဲ့ရာ စုစုပေါင်း လူနှစ်သောင်းကျော် ရှိနေပြီ ဖြစ်သည်။
ရှန်ရီနှင့် အခြားသော သတင်းထောက်များက ဦးဆောင်ကာ ထွက်ပေါက်တွင် စောင့်ဆိုင်းနေပြီး ကျန်းပြောင် ထွက်လာသည်ကို ပိတ်ဆို့ရန် ပြင်ဆင်နေကြ၏။
စိတ်အားထက်သန်နေသော စပ်စုသူများကို ကြည့်ရင်း ရှန်ရီက အနားရှိ လက်ထောက်ဖြစ်သူအား မှတ်တမ်းတင်ရန် မှာကြားလိုက်၏။ "ခဏနေ ကျုပ်ပြောတဲ့ စကားတွေ အကုန်လုံးကို သေချာ မှတ်ထားနော်။ ပြန်ရောက်ရင် သတင်းဆောင်းပါး အသစ် ပြန်ရေးရမယ်။
ဒီတစ်ခေါက် သေချာ လုပ်နိုင်ရင် စိန်ပွင့်ကြီးကြီး အနည်းငယ်လောက် ဆုရနိုင်တယ်။"
လက်ထောက်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။
ဒီတစ်ခေါက် သတင်းက သေချာပေါက် ပေါက်ကွဲမှာပဲ။ လူနှစ်သောင်း ဝိုင်းကြည့်တာ၊ ဘုရင်မင်းမြတ် ကိုယ်တိုင် လာရောက်တာ၊ မြက်ခင်းပြင်ရဲ့ နံပါတ်တစ် သူရဲကောင်းကို အနိုင်ယူတာ ... တစ်ခုခုကို ရွေးထုတ်လိုက်ရင်တောင် ဆုကြေးရဖို့ လုံလောက်နေပြီ။
ရှန်ရီက ခဏလော,က် အချိန်ယူပြီးနောက် စတင် ပြောဆိုလိုက်၏။ "အခု ကျုပ်တို့က ပန်းရှန်း ဘောလုံးကွင်းရဲ့ အပြင်ဘက်မှာ ရှိနေပါတယ်။ အခု မြို့တော်က ပြည်သူတွေနဲ့ ကျုပ်တို့ အားလုံး အတူတကွ သွေးဆာနေတဲ့ ကျန်းပြောင် ထွက်လာမယ့် အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။
ကျုပ်တို့ ကျင်းတိုင်းပြည် အနိုင်ရရှိသွားတာကို မြင်တွေ့ရတဲ့အတွက် အရမ်း ဝမ်းသာမိပါတယ်။ အခင်းဖြစ်ပွားရာ နေရာက ပရိသတ် နှစ်သောင်းကျော်ကလည်း သွေးဆာနေတဲ့ ကျန်းပြောင်နဲ့အတူ နောက်ဆုံးအချိန်ထိ အတူတကွ ရှိနေပေးခဲ့ပါတယ်။
အခု ... သွေးဆာနေတဲ့ ကျန်းပြောင်က ထွက်လာပါပြီ..."
"ပိုက်ဆံ ပြန်ပေး။ ချီးတဲ့မှ … ပိုက်ဆံ ပြန်ပေး။ ငါက သွေးဆာနေတဲ့ ကျန်းပြောင် ရှုံးမယ်လို့ လောင်းထားတာဟ။ သေချာပေါက် ပွဲလိမ်တာပဲ။ ဟေးရှန်း ချီလျဲ့က ဒီလောက် ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ လိမ်တာပဲ။ အရှက်မရှိဘူး။ ငါ့ရဲ့ လက်မှတ်ဖိုး ပြန်ပေး။"
"ဟေးရှန်း ချီလျဲ့ ... မင်းက ငါတို့အပေါ် အားနာစိတ် မရှိဘူးလား။ သောက်ရူး … ပိုက်ဆံလျော်ပေး။"
"ကျင်းတိုင်းပြည် သက်တော်ရာကျော် ရှည်ပါစေ။"
စပ်စုသူများက သတင်းထောက်တစ်ယောက် အခင်းဖြစ်ပွားရာ နေရာတွင် သတင်းယူနေသည်ကို မြင်လိုက်ချိန်တွင် ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး ဟိုလူတစ်ပေါက်၊ ဒီလူတစ်ပေါက် ဝင်ရောက် အော်ဟစ် လာကြ၏။
တစ်ခဏချင်းမှာပဲ အခြေအနေမှာ ရှုပ်ယှက်ခတ်သွားပြီး ပြောချင်ရာတွေ ပြောနေကြတော့သည်။
ရှန်ရီမှာ ခေါင်းကြီးသွားသလို ခံစားလိုက်ရ၏။
ဤမျှများပြားသော လူအုပ်ကြီးကို ... သူလည်း ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
ပြည်သူများက အချိန်အတော်ကြာအောင် မငြိမ်သက်သေးသည်ကို မြင်လိုက်ရသဖြင့် ရှန်ရီက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "အားလုံးပဲ တိတ်တိတ်နေကြ။ စစ်သည်တွေ ရှိသေးတယ်နော်။"
စပ်စုသူများမှာ ချက်ချင်း တည်ငြိမ်သွားကြပြီး စိုးရိမ်တကြီးဖြင့် ဟိုဒီ ကြည့်ရှုလိုက်ကြ၏၊
ကံကောင်းသည်မှာ ယခုအချိန်တွင် ကျန်းပြောင်ကလည်း အပြင်သို့ ထွက်လာခဲ့ပြီ ဖြစ်သည်။
အနီရောင် ဝတ်ရုံရှည်ကြီးက အလွန်ပင် ဆွဲဆောင်မှု ရှိလှပြီး လူအုပ်ကြီးမှာ နောက်တစ်ကြိမ် လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်၏။
ရှန်ရီက ရှေ့သို့ အလျင်အမြန် တိုးသွားပြီး ပြောလိုက်သည်။ "သွေးဆာနေတဲ့ ကျန်းပြောင် ... ဒီနေ့ ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့အတွက် ဘယ်လို ခံစားရလဲ ဆိုတာရယ်၊ ချီလျဲ့ရဲ့ စွမ်းရည်က တကယ်တမ်း ဘယ်လို ရှိလဲ ဆိုတာရယ်ကို မေးချင်ပါတယ်။"
ကျန်းပြောင်က ခေါင်းမော့ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။
"အင်း ... ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ နန်းတွင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့..."
……
ပန်းရှန်း သတင်းစာတိုက် အတွင်းတွင်မူ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။
ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် နောက်မှီလျက် ထိုင်နေ၏။
တစ်မနက်ခင်းလုံး သူ၏ စိတ်က ဘယ်သူ့ထက်မဆို ပို၍ တင်းကျပ်နေခဲ့ပြီး ကျန်းပြောင် ကွင်းထဲတွင် အသတ်ခံရမည်ကို အလွန် စိုးရိမ်နေခဲ့မိသည်။
ကံကောင်းစွာဖြင့် အန္တရာယ်ကင်းစွာ ပြီးဆုံးသွားခဲ့၏ ... ဤကိစ္စက ဘေးကင်းစွာ ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ စိတ်များ လျော့ကျသွားသည်နှင့် တစ်ပြိုင်နက် လူက ချက်ချင်း ပင်ပန်းလာတော့သည်။
သို့သော်ငြား လီယွမ်ကျောက် ကတော့ အပြည့်အဝ တက်ကြွနေဆဲဖြစ်ပြီး လက်ထဲရှိ ထန်ဓားကို အဆက်မပြတ် ဆော့ကစားနေကာ တစ်ခါတစ်ရံတွင် နှစ်ချက်ခန့် ဝှေ့ယမ်းလိုက်သေး၏။
ဖန်ကျန်းရီက စကားပြောမည့် အရိပ်အယောင် မရှိသည်ကို မြင်လိုက်ရသဖြင့် ...
လီယွမ်ကျောက်က ကိုယ်တိုင် စတင် ပြောဆိုလိုက်သည်။ "ဖန်ကြီး ... ပြောလေ။ သန့်ရှင်းရေးအဖွဲ့က ဘာပြဿနာ ဖြစ်နေလို့လဲ။"
ဖန်ကျန်းရီက ထိုစကားကို ကြားချိန်တွင် လက်ဘေးရှိ အံဆွဲထဲမှ စက္ကူတစ်ထပ်ကို ထုတ်ယူကာ လီယွမ်ကျောက် ထံ ကမ်းပေးရင်း ပြောလိုက်၏။ "အိမ်ရှေ့စံ ... ကြည့်လိုက်ပါ။"
"ဒါတွေ အကုန်လုံးက သန့်ရှင်းရေးအဖွဲ့ လုပ်ထားတဲ့ ကောင်းမှုတွေပဲ။
သူတို့က အိမ်ရှေ့စံ ကွယ်ရာမှာ ပြည်သူတွေကို စားသောက်ဆိုင်တွေ ပြန်ပြင်ဆောက်ဖို့ အတင်းအကျပ် ခိုင်းစေတယ်။ ငွေတွေ ခြိမ်းခြောက် တောင်းခံတယ်။ အခွင့်ကောင်းယူပြီး ပြဿနာ ရှာနေကြတယ်။
လမ်းဘေး ဈေးသည်တွေလည်း သူတို့ရဲ့ နှိပ်စက်မှုကြောင့် ဒုက္ခရောက်နေကြရတယ်။
အဆိုးဆုံးကတော့ ... ဒီကိစ္စကို ဘုရင်မင်းမြတ် သိသွားပြီ။ ဒီအတိုင်း ဆက်သွားနေရင် အိမ်ရှေ့စံ နန်းတော် ပြန်ရမယ့် အချိန်က သိပ်မဝေးတော့ဘူး။"
လီယွမ်ကျောက်က မျက်မှောင်ကြုတ်ကာ လက်ထဲရှိ အချက်အလက်များကို လှန်လှော ကြည့်ရှုလိုက်၏။ ထို့နောက် ခေါင်းမော့ကာ သံသယဝင်စွာဖြင့် မေးလိုက်သည်။ "ဒါ ... ကျုပ် အကုန် သိပြီးသားပဲလေ။"